🌿အခန်း ၂၉ မှ အခန်း ၃၂ 🌿

                                                              


အခန်း၂၉

          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

"ကလင်...ကလင်...ကလင်...."

ကျောင်းဆင်းဘဲလ်မြည်သံ၏အဆုံးတွင် ကျောင်းဆောင်အသီးသီးမှ ကျောင်းသားလေးများဟာ ပျော်ရွှင်မြူးထူးစွာနှင့် လွယ်အိတ်ကလေးတွေကို ကိုယ်စီလွယ်၍ထွက်လာကြလေသည်။

တစ်ချို့ကလည်း ခြေကျင်လမ်းလျှောက်ပြီး အိမ်သို့ပြန်ကျသလို တစ်ချို့ကလည်း အိမ်မှလာကြိုကြသော ကိုယ်ပိုင်ကားတွေအပေါ်သို့ စီးနှင်းလိုက်ပါရင်း ပြန်ကြလေသည်။
တစ်ချို့ကလေးများကတော့ စက်ဘီးလေးတွေကို စီးရင်း ကလင်လေးတွေကိုခေါက်ကာ တဝေးဝေးအော်၍ အပြေးနှင်ကြလေသည်။

တစ်ချို့ကျောင်းသားလေးတွေကတော့ အိမ်ပြန်မည့်ဆရာမဘေးနားမှာ ပတ်လည်ဝိုင်းကာ လက်ကလေးတွေကို ပိုက်ထားလျက် လမ်းလျှောက်ကြလေသည်။

ထိုကျောင်းသားအုပ်ကြီးထဲတွင် မပျော်နိုင်၊မရွှင်နိုင်ဖြစ်နေကြသူမှာ သုံးယောက်သာရှိပါသည်။
သူတို့ဟာ အခြားသူများမဟုတ်ကြပဲ ဖြူလုံး၊မြတ်ချယ်နှင့် အေးပုတို့သူငယ်ချင်း သုံးယောက်သာဖြစ်လေသည်။

"ဟဲ့...သွားလေ..."

ကျောင်းအရှေ့မှ ဆိုက်ကားဂိတ်သို့ သွားဖို့ရန် အေးပုနှင့်မြတ်ချယ်က အတင်းတွန်းလွှတ်နေကြလေသည်။ကိုဖိုးအေးကြီးကလည်း ဖြူလုံးတို့ဘက်သို့ လှည့်ကြည့်လှည့်ကြည့်လုပ်နေတာကို
အဝေးမှလှမ်းမြင်နေရပေမဲ့ စိတ်ကသွားဖို့မဝံ့မရဲဖြစ်နေသည်။

"ငါ...မသွားရဲဘူးဟ..."

"ဆရာမရိုက်တာ ခံချင်လို့လား..."

"စိတ်ညစ်ပါတယ်ဟယ်...."

"အယ်...ဘယ်ကိုသွားမလို့လဲ...."

ဖြူလုံးကလှည့်ပြေးဖို့ကြံတော့ အေးပုနှင့်
မြတ်ချယ်က‌အနောက်မှ အတင်းဆွဲထားကြလေသည်။

ရည်စားဖြစ်တာမှ နှစ်ရက်နဲ့တစ်ပိုင်းပဲ ရှိသေးတဲ့ဥစ္စာ သူ့ခမျာအကြာကြီးစောင့်ပေးခဲ့ပြီးမှ ဒီအဖြေလေးကို ကြားခွင့်ရခဲ့သည်မဟုတ်လား။
ချက်ချင်းကြီး ပြန်အဆက်ဖြတ်လိုက်ရင် ၀မ်းနည်းသွားမလားဟု စိုးရိမ်စိတ်လည်း ၀င်မိသည်။

"ဟဲ့...ဖြူလုံး...နင်သွားမလား...မသွားဘူးလား...
နင်မသွားရင်...ငါသွားမယ်..."

"ဟဲ့...ဟဲ့...."

လူပုစိတ်တိုအေးပုမက သွားမယ်တကဲကဲလုပ်နေ၍ ဆွဲရပြန်ပါသည်။
တကယ်ပါပဲ သူငယ်ချင်း စင်ဂယ်လ်ဖြစ်ဖို့အရေး
တစ်အားကို အားတက်သရောဖြစ်နေကြသည်။

"သနားပါတယ်ဟယ်..."

"ဖြူလုံးနော်...နင်ကဘာကိုသနားနေတာလဲ...
နင်နဲ့ပြတ်ရင်...နောက်တစ်ယောက်နဲ့ညားမှာပဲဥစ္စာကို ဘာတွေတွေးပူနေတာလဲ...."

"အေးလေ...ဖြူလုံးရယ်....မိန်းမကြိုက်တော့မျှော်လိုက်တာ...ယောက်ျားကြိုက်တော့ဆိုက်ဆိုက်လာဆိုတဲ့ စကားပုံကို ...မကြားဖူးဘူးလားဟယ်..
နင်နဲ့ပြတ်ရင်...သူ့ဘာသာဆိုက်ချင်တဲ့‌ နေရာ ဆိုက်လိမ့်မယ်ဟယ်...ဒီမှာ...ယောက်ျားဆိုတာ
...သူကြိုက်ရင်ဘယ်မိန်းကလေးကိုမဆို ဖွင့်ပြောလို့ရတယ်...အဲ့အထဲကမှ သူ့ကိုပြန်ကြိုက်မဲ့လူနဲ့ထပ်တွေ့မှာပဲလေ...နင်ကဘာတွေစိတ်ပူပေးနေရတာလဲ...ကိုယ်လည်းတကယ်ကြိုက်တာမဟုတ်ပဲနဲ့..."

 ဖြူလုံးမှာသက်ပြင်းတွေကြီး ဖိချမိလေသည်။
 မြတ်ချယ်ပြောတာ ဟုတ်တော့လည်းဟုတ်ပါတယ်လေ။စိတ်ကို အားပြန်တင်းရင်း ရည်းစားကိစ္စကို အပြတ်ဖြတ်ပြီး စာကိုပဲစိတ်နှစ်မည်ဟု တွေးလိုက်သည်။

"ဖြူလေး...."

"ဟဲ့...ဟိုမှာလာပြီ...."

"ဟင်...ဖြည်းဖြည်းလုပ်ကြပါဟာ...."

ကိုဖိုးအေးက ဖြူလုံးတို့အနားသို့ရောက်လာသည်နှင့် အနောက်ကနေတွန်းထုတ်လိုက်ကြတာများ ၀မ်းလျားမှောက်ပြီး မလဲတာကံကောင်းသည်။

"ကို...ကိုဖိုးအေး....ဒီ...ဒီနေ့ဆိုက်ကားနင်းလို့မှ
အဆင်ပြေရဲ့လား...."

"ဖြူလုံး!!!"

ဖြူလုံးမက အထစ်၊အထစ်နဲ့ လိုရင်းကိုမပြောလေတော့ အနောက်မှနှစ်ယောက်ကလည်း အသားကုန်ပိတ်အော်ကြလေသည်။
ပိတ်အော်လိုက်တဲ့ ကျီးကန်းမနှစ်ကောင်ကြောင့် ကိုဖိုးအေးတောင်လန့်သွားပုံပေါ်လေသည်။

ကိုဖိုးအေး၏ ပုံစံမှာ ဒီနေ့မှမျက်နှာလေး
ပိုညှိုးငယ်နေပုံပေါ်ပြီး သနားစရာပိုကောင်းနေ
သယောင်ဖြစ်နေသည်။
သူ့မှာ အ၀တ်အစားအလွန်ပဲရှားသည်ထင်ပါတယ်။
သောကြာနေ့က ‌နောက်ဆုံးတွေ့ခဲ့တဲ့ ဘောလုံးဘောင်းဘီ အဟောင်းလေးပဲ ၀တ်ထားပြန်ပါပြီ။

ဒီလိုမှန်းသာသိရင် ရှိတာလေးကိုစုပြီး ပုဆိုး‌အသစ်လေးတစ်ထည်လောက် ၀ယ်လက်ဆောင်ပေးပြီးခါမှ လမ်းခွဲမိပါရဲ့။
အခုတော့ အသားလွတ်ကြီးလမ်းခွဲ
ပြတ်ဆဲစကား ပြောရမှာ အားနာမိ‌သည်။

"ဖြူလေး...နေမကောင်းဘူးလား..."

"ဟင်...ကောင်း...ကောင်းပါတယ်.."

"ဒါဆို...ဘာဖြစ်နေတာလဲကွာ...ဒီနေ့သူငယ်ချင်းတွေနဲ့ အိမ်ပြန်မလို့လား...အစ်ကိုလိုက်ပို့မပေးရဘူးလား..."

ဖြူလုံးမှာလက်သီးတွေကို ကျစ်နေအောင်ဆုပ်ထားလိုက်မိသည်။
နားထင်ကြောတစ်လျှောက်မှလည်း
ချွေးစေးတွေပြန်လာတာကြောင့် ညာလက်နဲ့သုပ်ပစ်လိုက်ကာ ကိုဖိုးအေးကိုတောင်းပန်သလို မျက်၀န်းတွေနှင့် ကြည့်လိုက်သည်။

"သမီးတို့...ရည်းစားအဖြစ်က‌နေပြတ်စဲကြရအောင်..."

ပြတ်စဲဖို့စကားကို ဆိုလိုက်တော့ ကိုဖိုးအေး၏ မျက်နှာကြီးသည် နဂိုမဲနေရာမှ ပို၍နက်သွား
သယောင်ဖြစ်သွားလေသည်။

"...ဘာဖြစ်လို့လဲ...ဖြူလုံးအစ်ကို့ကိုနောက်နေတာမဟုတ်လား...."

ဖိုးအေးလည်း သူမ‌လေးဟာတစ်ချိန်ချိန်မှာ ဒီလို
ပြောလာမယ်မှန်းသိပေမဲ့ ဟာသတစ်ခုလိုသာ ဖြစ်ပါစေဟု စိတ်ထဲမှာ ဆုတောင်းနေမိသည်။
သူမရဲ့ မျက်နှာလေးညှိုးကျသွားပြီး ခဏမျှတိတ်ဆိတ်နေသည်ကို ကြည့်ခြင်းအားဖြင့်
သူ့ကို ပြတ်ပြတ်သားသားပြောဖို့ အားနာနေပုံရလေသည်။

အေးလေ သူ့လိုဆိုက်ကားသမား၊ငမွဲတစ်ယောက်ကို သူမလိုပညာတတ်ကြီးဖြစ်လာမဲ့ မိန်းကလေးတစ်ယောက်က အဆုံးထိဘယ်လက်တွဲချင်ပါ့မလဲလေ။

"ဖြူလေးဖြစ်ချင်တာမှန်သမျှကို...အစ်ကိုလိုက်လျှောပေးပါ့မယ်...."

ခေါင်းကိုငုံ့ထားမိနေရာမှ ကိုဖိုးအေးအား မော့ကြည့်လိုက်မိတော့ ပြုံးပြုံးလေးနေ၍ ပြောနေခြင်းဖြစ်သည်။

"ဖြူလုံးကို စိတ်မဆိုးဘူးလားဟင်...."

"အဟင်း...လူတိုင်းမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိကြတာပဲ ဖြူလေးရယ်...အစ်ကိုဖြူလေးကို
ချစ်ခဲ့တယ်...ချစ်ခွင့်ပန်ခဲ့တယ်...ဖြူလေးကသဘောတူလက်ခံပေးခဲ့တဲ့အချိန်မှာလည်း..
ကိုယ်တကယ်ကို ပျော်ခဲ့တာပါ...အခုဖြူလေးကလွမ်းခွဲဖို့ပြောတော့လည်း...ကိုယ်လက်ခံပေးရမှာပဲလေ....ကိုယ်ပျော်မနေပေမဲ့...ကိုယ်ဟာဖြူလေးကို...ချုပ်ကိုင်မထားချင်ဘူး..ဖြူလေးရဲ့စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာနေစေချင်တယ်...ဖြူလေးစိတ်ချမ်းသာဖို့ကိုပဲ...အစ်ကိုဦးစားပေးမှာပါ..."

ကိုဖိုးအေးရဲ့ စကားလုံးတွေဟာ ဖြူလုံးကို မျက်ရည်ဝဲစေသည်။ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဖြူလုံးကိုဒီလိုမပြောဖူးကြပါဘူး။
ဘယ်သူကမှ ဖြူလုံးကိုလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်မပေးခဲ့တာ သေချာပါသည်။

ငယ်စဉ်ကတည်းက ကန့်သတ်ခံထားရသည့် ဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ နေခဲ့ရသည်။
ဒါတင်မကသေးပဲ ဖြူလုံးရဲ့ဦးနှောက်ထဲမှာ
သိပ်ငယ်စိတ်တွေသာ တစ်ချိန်လုံး၀င်နေအောင်
သွပ်သွင်းပေးခဲ့ကြ‌တယ်။

"ကိုဖိုးအေးရယ်...ဖြူလုံးလေ...ဖိုးအေးကို အစ်ကိုတစ်ယောက်လိုချစ်ပါတယ်...ဖြူလုံးထက်အများကြီးသာတဲ့ လူနဲ့ ကိုဖိုးအေးတစ်နေ့တော့ တွေ့မှာပါလေ...ဖြူလုံးသွားတော့မယ်နော်....."

‌ကိုဖိုးအေးကို မျက်နှာလွှဲခဲ့တာ ထိုနေရာလေးမှ လှည့်ထွက်လာခဲ့လိုက်ပါသည်။
သူငယ်ချင်းမတွေကတော့ ၀မ်းသာကုန်ကြပေမဲ့ ဖြူလုံးကတော့ စိတ်လေးလံစွာပဲ အိမ်ကိုပြန်လာခဲ့ရပါသည်။

အချစ်ဆိုတာ ကိုယ်ကပေးတိုင်း ပြန်ရတာမှမဟုတ်တာလေ။ကိုဖိုးအေးရဲ့ အချစ်နဲ့ဖြူလုံးက မထိုက်တန်ပါဘူး ကိုဖိုးအေးရယ်။
သူတစ်ပါးရဲ့ မေတ္တာကို လှည့်ဖျားခဲ့မိတဲ့ ဖြူလုံးလည်း ပြန်ပြီး၀ဋ်လည်မှာ သေချာပါတယ်လေ။

ကိုဖိုးအေးနဲ့ ပတ်သတ်ပြီး ၀မ်းနည်းခဲ့ရပေမဲ့
ဖြူလုံးအား ဆီးကြိုနေသော ၀မ်းသာစရာ သတင်းကလည်း ရှိနေပြန်ပါသည်။

ထိုအကြောင်းအရာကတော့ ဖေဖေဆေးရုံမှ ဆင်းရသည့်ကိစ္စကြောင့်ပါပဲ။
ထူဆန်းသည်က ဖေဖေဟာ ဖြူလုံးကိုမြင်သည်နှင့် ၀မ်းသာ၊၀မ်းနည်း မျက်၀န်းတွေနှင့်ကြည့်လာ လေသည်။

"ဖေဖေ...ဘာလို့မျက်ရည်ဝဲနေရတာလဲဟင်..."

ဖြူလုံးက မေးလိုက်တော့ ဖေဖေကဖြူလုံးရဲ့လက်ကလေးကို ညင်ညင်သာသာလေး ဆုပ်ကိုင်ပြီး နှုတ်ခမ်းကလည်း ပြုံးရောင်သန်းလာလေသည်။

ဖေဖေဖြူလုံးကို ပြုံးပြတယ်။
သမီးပျော်လိုက်တာ ဖေဖေရယ်ဟု ရင်ထဲမှာအပျော်ကြီး ပျော်နေမိလေသည်။

"ဖေဖေ...အရင်ကသမီးလေးကို ဥပက္ခာပြုခဲ့မိတယ်...ဖေဖေသိပ်မှားခဲ့တာပဲသမီးရယ်..တကယ့်တကယ် ဖေဖေလည်းနာမကျန်းဖြစ်ရော...ဟောဒီ့ကဖေဖေ့သမီးလေးဟာ ဖေ့ဖေ့အတွက်ပူပန်ပေးရှာတယ်...ဒုက္ခခံပြီးပြုစုပေးရှာတယ်...ဖေဖေလေ..သမီးလေးကို သိပ်ကျေးဇူးတင်တာပဲကွယ်..."

ဖေဖေက ငိုသံလေးနှောပြီး ပြောလာလေတော့ ဖြူလုံးသိပ်၀မ်းနည်းတာပဲ။ဖေဖေ့ကိုလည်း ဖက်၍ငိုမိပါသည်။ဖေဖေ့ခန္ဓာကိုယ်ဟာ အရင်ကနဲ့ လုံး၀ကိုကွဲပြားသွားသည်။
ဟိုအရင်က ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကြည့်ကောင်းလွန်းတဲ့  ဖေဖေဟာ အသားအရည်တွေလျော့ရဲလာပြီး စိတ်ညစ်ငြူးမှုတွေနှင့်အတူ ပိန်ချုံးကျသွားလေသည်။ဖြူပါသည်ဆိုသော ဖေဖေ့အသားအရည်ဟာလည်း ညိုတတလေးဖြစ်နေလေသည်။

"ဖေဖေရယ်...သမီး...သမီးကသာ ဖေဖေ့အပေါ်မှာ...စိတ်နဲ့ပစ်မှားမိခဲ့တာတွေရှိတာပါ...
သမီးကို ခွင့်လွှတ်ပေးပါနော်...."

"မဟုတ်တာသမီးရယ်...ဖေဖေသမီးကိုဘယ်တုန်းကမှအပြစ်မတင်ခဲ့ပါဘူး...ဖေဖေဟာ
ကိုယ့်တစ်ကိုယ်ထဲ အတွက်ပဲအမြဲကြည့်ခဲ့လို့သာ
ငါ့သမီးလေးကို လျစ်လျှူရှုခဲ့မိတာပါ ..ဖေ့ဖေ့ကိုလည်း...မှားခဲ့တာတွေအတွက် ခွင့်လွှတ်ပေးနော်..."

ဖေဖေက ဖြူလုံးရဲ့ခေါင်းလေးကို အသာပုတ်ရင်း
ပြုံးပြုံးကြီး ပြောလာတာကြောင့် ဖြူလုံးကလည်း ဖေဖေ့ခြေထောက်တွေကို နှိပ်ပေးရင်းနှင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ဖေဖေသာ...သမီးကိုခွဲမသွားရင်ရပြီ...သမီးကအန်တီရွှေ့ကိုရော...ဖေဖေ့ကိုရော တစ်သတ်လုံးပြုစုပေးမှာ..."

"အမယ်လေး...အပိုစောင်းစကားတွေများ..
တို့ကမယုံပါတော်..တစ်သတ်လုံးမှ မပြောခဲ့ဖူးတဲ့စကားတွေ...နားခါးလိုက်တာ..."

ဖဲချပ်တွေကို ကြမ်းပြင်ပေါ်မှာချပြီး ကစားနေသည့်မရွှေရတုဟာ သမီးကလေးရဲ့ စေတနာစကားကို တမင်အရွှဲ့တိုက်လိုက်သည်မို့
ဦးဂန္တ၀င် အင်မတန်ဒေါသထွက်သွားသည်။

"ရွှေ...မင်းပါးစပ်ကိုပိတ်ထားစမ်း...သူတစ်ပါးရဲ့
မေတ္တာကို အသိအမှတ်မပြုရင်တောင်
မစော်ကားနဲ့ကွ...အထူးသဖြင့်..ငါ့သမီးအငယ်လေးကို မင်းဘာမှ ပြောစရာအကြောင်းမရှိဘူး...ငါ့သမီးအကြီးလည်း...မင်းလုပ်လိုက်လို့...သူများနိုင်ငံမှာ ဘယ်လိုတွေဒုက္ခရောက်နေပြီလည်း မသိဘူး...ငါမပြောချင်လို့နော် သည်းခံတိုင်းရောင့်တက်မလာနဲ့......"

"အမယ်လေး...အမယ်လေး...ယောက်ျားတွေများ...သူတို့ရှာကျွေးရတယ်ဆိုတိုင်း...အာဏာတွေကလည်း...သိပ်ပြပါ့တော်...အိမ်မှာနေရင် စိတ်ဆင်းရဲတယ်...ကိုယ့်ဘာသာ...ဖဲသွားရိုက်တာပဲ...ကောင်းပါတယ်အေ..."

"သွား...သွား...ပြန်မလာခဲ့နဲ့...."

"ဒုန်း!!!"

တံခါးကို ဆောင့်ပိတ်ခဲ့ကာ ‌အော်ကြီးဟစ်ကျယ်နဲ့ စကားတွေပြောဆိုရင်း အပြင်ထွင်သွားသည့်
 အန်တီရွှေကြောင့် ဖြူလုံး၀မ်းနည်းသွားမိသည်။
ဖေဖေကတော့ "စိတ်ထဲမထားနဲ့...သမီးလေး.."ဆိုပြီး အားပေးနှစ်သိမ့်ရှာပါသည်။

ဖြူလုံးဖြင့် ဖေဖေနဲ့အခုလို အဆင်ပြေပြေလေး ဖြစ်သွားတာ သိပ်ကို၀မ်းသာရတာပဲ။
ဖြူလုံး အရမ်းကိုတမ်းတမိခဲ့တဲ့ ဖခင်မေတ္တာလေးကို ဖြူလုံးခံစားခွင့် ရတာဟာ အိပ်မက်ကလေး တစ်ခုလိုပါပဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အချိန်အားဖြင့် ညခုနှစ်နာရီ‌လောက်ရှိနေလေပြီ။
ဒီနေ့တစ်နေ့လုံး  သုန္နကရိုးမထဲကနေ အပိုင်သုံးအထိ ရေသွယ်နိုင်ရေးအတွက် စီမံကိန်းရေးဆွဲနေရတာ တစ်နေကုန်ကိုမနားရဖြစ်နေသည်။
သက်ဆိုင်ရာ တာ၀န်ရှိသူတွေနဲ့ လိုက်လံတွေ့ဆုံရတာကြောင့်လည်း ‌တစ်ကိုယ်လုံးကိုက်ခဲနေပြီး ကိုယ့်ကိုကိုယ်တောင် မသယ်ချင်ဖြစ်နေရသည်။
ထို့ကြောင့်ပဲ ဒါရိုက်ဘာကို ကားမောင်းခိုင်းပြီး အနောက်ခုံကနေ မှီထိုင်၍အနားယူရင်းနဲ့သာ
စံအိမ်သို့ ပြန်ရလေသည်။

"ကျွီ!!!!"

ရုတ်တရက်ကားကို ဘရိတ်ဆောင့်၍အုပ်လိုက်သည်ကြောင့် ခါးပတ်ပတ်မထားသော ဒေ၀ဟာ
ယဉ်မောင်းထိုင်ခုံနဲ့ ခေါင်းဆောင့်မိသွားလေသည်။

"ဟ...ဘာဖြစ်တာလဲ..."

"ဆရာ...အရှေ့မှာ လူတစ်‌ယောက်လဲနေတယ်...
တစ်ခုခု ထိခိုက်မိထားလို့လားမသိဘူးဆရာ..."

သူကျစ်တစ်ချက် မြည်အောင် စုတ်သပ်လိုက်မိသည်။
အမူးသမားဆိုရင်တော့ အာရုံလာစားအုံးမယ်။

"အောက်ဆင်းပြီး...သွားကြည့်လိုက်စမ်းကွာ..."

"ဟာ...ကျွန်တော် မဆင်းရဲဘူးဆရာ...အတူတူသွားကြည့်ကြမလား..."

"...မင်းက ငကြောက်ပဲကွာ...ဘာမှအားမကိုးရဘူး..."

သူပဲ အရှေ့မှဦးဆောင်ပြီး ကားအောက်သို့ဆင်းသွားလိုက်သည်။
ဒါရိုက်ဘာကတော့ ခပ်ကုပ်ကုပ်‌နှင့်ပဲ အနောက်မှလိုက်လာလေသည်။
လမ်းမကြီးမှာ လဲနေသည့်လူကို သေချာမြင်ရအောင် ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းမီးကိုဖွင့်ကာ
ကြည့်လိုက်တော့ ထိုလူမှာ မျက်နှာကို လက်နဲ့အုပ်ပြီး လုံး၀မလှုပ်ပေ။

"ဟေ့လူ..."

ထိုလူရဲ့ ပခုံးကိုခပ်သာသာလေး လှုပ်ပြီးနှိုးလိုက်ပေမဲ့ လုံး၀မနိုးလာပေ။ဒေါသ ထွက်လာတာကြောင့် အားနဲ့စောင့်နှိုးဖို့ ဆုံးဖြတ်လိုက်သည်။

"ဒုတ်!!!!ဒုတ်!!?"

"အာ့!!!အား!!!!...."

အော်သံတစ်ခုကို ကြားလိုက်တာကြောင့် အနောက်သို့ ပြန်လှည့်ကြည့်လိုက်မိတော့
 ကားဒါရိုက်ဘာဟာ ဦးခေါင်းမှ
သွေး ထွက်ဒဏ်ရာနှင့်အတူ လမ်းပေါ်မှာပုံလျှက်လဲကျနေလေသည်။

ထိုအချိန်မှာ သံဒု တ်တွေကို ကိုင်ဆွဲထားသော
လူခုနှစ်ယောက်လောက်ဟာ မျက်နှာမှာလည်း
အနက်ရောက် ‌ ခေါင်းစွပ်တွေကို လည်ပင်းအထိအုပ်ထားကြပြီး သူ့အား ဝိုင်းပတ်လာသည်။

"အား....လှဲနေရတာ...ညောင်းလိုက်တာကွာ..."

လမ်းပေါ်မှာ သတိမေ့နေသည်ဟု သူထင်ခဲ့သော လူဟာလည်း ချက်ချင်းထလာသည်။
ဒီကောင်တွေဟာ သူ့ကိုအသေသ တ်ဖို့ ခိုင်းစေခံရတာ သေချာသည်။

"မင်းတို့ကိုယ့်လမ်းကို သွားကြရင်ကောင်းမယ်နော်..."

"ဟား...ဟား..ခင်ဗျားက...သေရတော့မှာတောင်
လေသံက မာနေနိုင်သေးတယ်နော်...စိတ်ချ အကြောတွေကို ပျော့ပြဲသွားအောင် လျော့ပေးမယ်..ဟေ့ကောင်တွေချကွာ...."

ဒေ၀ကို ဝိုင်းပတ်နေသော လူတွေထဲမှ အရပ်အရှည်ဆုံးတစ်ယောက်က အမိန့်ပေးလိုက်သည်နှင့် သူ့အားလက်သီးလက်မောင်းတန်းပြီး လာတိုက်ခိုက်ကြလေသည်။

ဒေ၀ကလည်း  ကိုယ်ခံပညာကို အနည်းငယ်
တီးခေါက်မိပြီးသားသူမို့ သံဒုတ်ကိုလေထဲမှာဝေ့ရမ်းပြီး သူ့ခေါင်းကိုရိုက်ချသည့်လူ၏ လက်ကောက်၀တ်နေရာကို သူ့ခြေထားအား
လေးဆယ့်ငါးဒီဂရီလောက်မြှောက်ပြီး ကန်ချလိုက်သည်။

"အား!!!!!ဟေ့ကောင်တွေ ဒီကောင့်ကိုချုပ်နိုင်အောင်လုပ်...."

ဒေ၀၏ ကားဟာလည်း ရှေ့မီးထွန်းထားသည်ကြောင့် ကားလမ်းမအထက်မှ သ တ်၊ပုတ်နေကြသော ရန် ပွဲသည်လည်း သိပ်ကိုထင်းလင်းလွန်းနေသည်။

ဒေ၀ဘက်ကနေ ရင်၀ကိုပိတ်ကန်ထည့်လိုက်စဉ်လဲကျသွားသော လူတစ်ယောက်ဟာ ဒေ၀နဲ့အခြားတစ်ယောက် တိုက်ခိုက်နေတုန်းမှာ လက်သီးနဲ့အလစ်၀င်ထိုးတာကြောင့်
တစ်ယောက်ကို လက်နောက်ပြန် လိမ်ချိုးထားရင်းနှင့်  ‌ဖင်ညှောင့်ရိုးကနေ ဆောင့်ကန်ထည့်လိုက်သည်။
သူ့မျက်လုံး တည့်တည့်ကို ၀င်ရောက်လာသည့် လက် သီးကိုလည်း ရှောင်လိုက်ကာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ထိုလူ၏ လက်ဖျံနေရာကို တစ်တောင်နှင့် ထုချလိုက်သည်။

ခန္ဓာကိုယ်ကိုင်းသွားသော ထိုလူ့ရဲ့ လက်ကိုချုပ်လိုက်ပြီး ခေါင်းစွပ်အနက်ကို ချွတ်ပစ်လိုက်စဉ်မှာတော့....

"မင်း....ဟိန်းထက်ပဲ...."

သူချုပ်ထားသော လူမှာ အခြားသူမဟုတ်ပဲ ရေသန့်စက်ရုံ ဆောက်လုပ်ရေးမှ အလုပ်သမားတစ်ယောက်ဖြစ်နေသည်။

"သေစမ်းကွာ!!!!...."

"အာ့!!!!"

အနောက်မှ အော်လိုက်တဲ့အသံကြောင့် သူလှည့်ကြည့်မလို့ ပြင်လိုက်စဉ်မှာ အောင့်တက်သွားသော ဝေဒနာကို သူခံစားလိုက်ရသည်။

"အား!!!!!"

နာကျင်မှုဝေဒနာကြောင့် သူ့ကျောကုန်းနေရာသို့ စမ်းကြည့်လိုက်မိတော့ သူ့ကုဒ်အိင်္ကျီမှတစ်ဆင့် အသား ထဲသို့ ဆို က်၀င်နေပြီဖြစ်သော ဓားတိုတစ်ချောင်း....

"ဒုတ်!!!!"

ကျောဘက်ကို စမ်းမိသောလက်ဖဝါးမှ သွေးတွေကို မြင်လိုက်ရစဉ်မှာပဲ သူ့ဦးခေါင်းအား ရို က်ချလိုက်သော ပြင်းအားတစ်ခုကြောင့် လမ်းပေါ်ကိုဒူးထောက်ကျသွားပြီး ကတ္တရာလမ်းပေါ်သို့ သူ့မျက်နှာမှောက်ကျသွားသည်။

သူ့အသားတွေဟာ တစ်ဆက်ဆက်တုန် ရီနေပြီး ကျောကုန်း ဒဏ်ရာဆီမှတင်မဟုတ်ပဲ ပါးစပ်နဲ့၊နှာခေါင်းတွေထဲကနေပါ သွေး တို့အန်ချမိလာသည်။

"ဟေ့ကောင်...အ သေ လုပ်လိုက်ရမလား..."

"လုပ်လိုက်ကွာ...ဒီလူငါ့မျက်နှာကို မြင်ပြီးသွားပြီ..သူ့ကိုအရှင်ထားလို့မရတော့ဘူး..."

"တီ!!!!!!!!!!!"

သွေး အိုင်ထဲတွင် လဲကျနေသောဒေ၀၏ဦးခေါင်းအား ထပ်ပြီးရို က်ချပြစ်ဖို့ရန် သံ တုတ်ကို လေထဲမှာဝေ့ရမ်းလိုက်စဉ်မှာ ကားနှစ်စီးဟာ ဟွန်းကိုအကျယ်ကြီးတီးလာပြီး လာနေတာကို လှမ်းကြည့်လိုက်ကြသည်။

"‌ဟာ...ဟေ့ကောင်တွေ..ဟိုမှာကားနှစ်စီးလာနေတယ်ဟ...."

"ဟာ....လစ်ကြမယ်...လစ်ကြမယ်..."

"ဒီလူကိုရော..."

"ထားခဲ့လိုက်တော့ကွာ...အသက်ရှင်မှာလည်း မဟုတ်လောက်ဘူး...."

ဓားဒဏ်ရာနှင့် ဦးခေါင်းဒဏ်ရာကြောင့် ‌ဒေ၀ဟာ
အသံကိုမထွက်မိအောင်နေပြီး ဝေဒနာကို ကြိတ်မှိတ်ခံနေရလေသည်။
သူ့အတွက် နောက်ဆုံးအချိန်တစ်ခုဖြစ်နိုင်တာကြောင့် သူမျက်ရည်ကျမိသည်။

ဖြူလုံးကိုလည်း စောင့်ရှောက်မပေးနိုင်တော့သလို အဖေ့အတွက်လည်း သူလက်စားချေမပေးနိုင်တော့ပါဘူး။
ပြင်သစ်ကို ပြန်လာခဲ့ပါမည်ဆိုတဲ့ ဒယ်ဒီ့ကိုပေးခဲ့သည့် ကတိကိုလည်း မတည်နိုင်တော့ဘူးဒယ်ဒီရယ်။သားကို ခွင့်လွှတ်ပါ။

"ကျွီ....."

"အမယ်လေး!!!!!"

မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားစဉ်မှာပဲ ကားနှစ်စီးဟာ သူ့ရှေ့တည့်တည့်မှာ ထိုးရပ်လာပြီး
ဒေါက်ဖိနပ်အဖြူစီးထားသော အမျိုးသမီးတစ်ယောက်ဟာ ထအော်လေသည်။

ဒေ၀ရဲ့ မျက်၀န်းထဲမှာတော့ ဒေါက်ဖိနပ်အဖြူရောင်ကို စီးရင်းသူ့ဆီသို့ လှမ်းလာနေသော ခြေထောက်တစ်စုံကိုပဲ သူမြင်နေရလေသည်။
နောက်ဆုံး အင်အားတစ်ရပ်နှင့် သွေး ပေနေသော သူ့လက်တွေအား ဆန့်တန်းထုတ်လိုက်ပြီး ပြောလိုက်မိသော စကားလေးကတော့...

"ကျွန်တော့်ကိုကယ်ပါ...."

အခန်း..၃၀ဆက်ရန်>>>>>>>

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၃၀
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

ည၏ တိတ်ဆိတ်မှုသည် ဘာကြောင့်ရယ်မသိ ခြောက်ခြားစရာကောင်းလွန်းနေသည်။
စာကျက်နေရင်းနှင့် ပြူတင်းပေါက်မှ‌နေ၍
လပြည့်၀န်းကြီးကို ကြည့်လိုက်မိတော့ တိမ်မဲတိမ်လိပ်တွေဖုံးလွှမ်းနေလေသည်။

ဖြူလုံးရဲ့ စိတ်ထဲမှာ ‌တစ်ခုခုကို စိုးရွံ့နေပြီး
လေးလံလာသလို ခံစားနေရသည်။
ဒီခံစားချက်ကြီးက ဘာကြောင့်ဖြစ်ပေါ်လာသလဲမသိပေမဲ့ စိတ်ထဲမှာတစ်ခုခုမကောင်းတော့ဘူးလို့တော့ ခံစားနေမိသည်။

"သမီး...ဘယ်သွားမလို့လဲ..."

အချိန်က ညရှစ်နာရီထိုးနေပြီမို့ ခြင်ထောင်ထဲမှနေပြီး အဖေကလှမ်းမေးလာလေသည်။

"သမီး...အပြင်မှာ ရေထွက်သောက်ချင်လို့ပါ
ဖေဖေ..."

"အေး...အေး...ပြီးရင်လည်း အရမ်းညဉ့်နက်အောင် စာမကျက်နဲ့နော်..."

"စိတ်ချပါဖေဖေရဲ့...သမီးကအိပ်ပုပ်ပါ...
မအိပ်မှာတော့မပူနဲ့....ဟဲ...ဟဲ..."

ခြင်ထောင်ထဲမှာ ငုတ်တုတ်ထိုင်နေသော ဖေဖေ့ကိုလှမ်းနောက်လိုက်တော့ ဖေဖေကလည်း ပြုံးစိစိဖြစ်သွားပြီး ပြန်၍လှဲအိပ်နေလေသည်။

ဖေဖေဟာ ဟိုတစ်ခါဆေးရုံကနေ ပြန်ဆင်းလာပြီးကတည်းက ဖြူလုံးနဲ့ပတ်သတ်တဲ့ အသေးအမွှားကိစ္စလေးတွေကအစ ဂရုစိုက်ပေးတတ်လာသည်။

သမီးလေး ဘာလိုချင်လဲ၊ဘာစားချင်လဲဆိုသည့်မေးခွန်းကိုလည်း ခဏခဏမေးတတ်လာသလို
ဖြူလုံးက ဖေဖေ့ကိုအလုပ်ကပြန်လာတိုင်း နှိပ်နယ်ပေးရင်လည်း ခေါင်းလေးကိုပုတ်ပြီး
ဆုတွေတစ်သီကြီးပေးရင်း ချီးကျူးစကားဆိုလာတာလည်း စုံလို့ပင်။

ဖခင်ကိုယ်တိုင်က ဖြူလုံးကိုအရေးပေးလာတာကြောင့် အန်တီရွှေဟာလည်း အရင်ကလောက်
ဖြူလုံးအပေါ်ကို အပြောမကြမ်းတော့တာ သိသာလာသည်။
ဒါဟာ ဖြူလုံးကို ကံကြမ္မာက ပေးစွမ်းလိုက်တဲ့ ကိုယ်ချင်းစာတရားတွေပဲ ထင်ပါရဲ့။

အလုပ်သမားတွေအတွက် သီးသန့်ထားပေးထားသော ရေခဲသေတ္တာထဲမှ ရေခဲရေတစ်ဗူးကို ယူသောက်လိုက်ပြီးနောက် စိတ်ကနဲနဲတော့ လန်းဆန်းသွားသည်။

"လုံးလုံးရေ...ဒီညအိပ်၀တ်စုံတွေကို ဆရာ့အခန်းထဲမှာ သွားထားပေးစမ်းပါကွယ်...အန်တီမြတ်လည်း တစ်နေကုန်ပင်ပန်းထားတော့ ခြေထောက်တွေတောင့်နေပြီ...အပေါ်မတက်နိုင်တော့ဘူးကွယ်...."

မီးပူတိုက်သည့်နေရာမှ ဖြတ်လျှောက်မိတော့
အန်တီနှင်းမြတ်က ဦးဒေ၀ရဲ့ ပိုးသားညအိပ်
၀တ်စုံတွေကို အပေါ်ထပ်သို့ပို့ပေးရန် အကူအညီတောင်းလာလေသည်။

"ရပါတယ်...သမီးသွားထားပေးမယ်...ပေးပေး..."

"ကျေးဇူးပါတော်...ကျေးဇူးပါ..."

ပိုးသားညအိပ်၀တ်စုံလေးကို ကိုင်ရင်းနှင့် ဒုတိယအထပ်သို့ ဖြူလုံးတက်လာခဲ့လိုက်သည်။
ဦးဒေ၀၏ အခန်းထဲကို နှစ်ခါတိတိရောက်ဖူးခဲ့သည်မို့  ဖြူလုံးအတွက်က အထူးတလည် ရှာနေစရာမလိုပေ။

ဒုတိယအထပ်၏ အကျယ်ဆုံးနှင့် အခန်းနားဆုံးအခန်းသည် သေချာပေါက် ဦးဒေ၀၏အိပ်ခန်းကြီးပင်ဖြစ်ပါသည်။

"အမယ်လေး..ကြီးကျယ်ချက်ကလည်း လန်ထွက်နေတာပဲ...."

ဦး‌ဒေ၀ဟာ သူ့ရဲ့အိပ်ခန်းထဲမှာ နေ့စဉ်၀တ်နေကြအ၀တ်တွေကို မထားပဲ ညအိပ်၀တ်စုံတွေကိုသာ ဗီဒိုတစ်ခုနဲ့သပ်သပ်ချိတ်ဆွဲထားလေသည်။
အကုန်လုံးကလည်း ဈေးကြီးသောပိုးသား၊ဖဲသား
တွေဆိုတာကို ကိုင်ကြည့်လိုက်တာနှင့်သိသာပါသည်။

အ၀တ်ဗီဒိုရဲ့ ဘေးနားလေးမှာတော့ အတွင်းမီးထွန်းထားသော မှန်ကာဗီဒိုတစ်လုံးထားရှိလေသည်။အထဲမှာတော့ နာရီတွေကို စီထားတာများ ပေါင်းစုံလို့ပင်။တစ်ချို့နာရီတွေဆိုရင် စိန်စီထားသည်ကြောင့် အရောင်တစ်ဖြတ်ဖြတ်လတ်လွန်းနေ၍ မျက်စိကိုကြိမ်းနေတာပါပဲ။

"ချမ်းသာတော့လည်း...အသုံးမလိုလဲ ၀ယ်နေတော့တာပဲ...အော်...သူကြတော့ ပေါလိုက်တဲ့ပိုက်ဆံတွေဆိုတာ....ငါ့ကိုလည်းနည်းနည်းလောက် ခွဲပေးရင်ကောင်းမှာပဲ....ဟိ..ဟိ.."

သူများပစ္စည်းတွေကို ပိုင်ရှင်မရှိတုန်းလျှောက်ကြည့်ပြီး တစ်ယောက်ထဲလောဘတွေ တတ်နေမိပြန်ပါသည်။ဖြူလုံးလည်း လူသားပဲမို့ ဒါမျိုးလေးတွေကို ကိုင်ဖူးကြည့်ချင်မိတာ မဆန်းဘူးထင်ပါတယ်။

"ဒါကဘာလဲ...."

နာရီထားတဲ့စင်ရဲ့ အောက်ဘက်မှ အန်ဆွဲလေးတွေကို လိုက်ဖွင့်ကြည့်လိုက်မိတော့ စာအုပ်ကလေး တစ်အုပ်ကို သွားတွေ့သည်။
စပ်စုချင်စိတ်ကလေးကလည်း ဖြစ်လာလေတော့ စာအုပ်ကလေးကို အသာလှန်ပြီး ဖတ်ကြည့်လိုက်မိသည်။

"ဒီနေ့ ကျွန်တော်တို့စံအိမ်ကို ဧည့်သည်တစ်ယောက် ရောက်လာတယ်။သူ့နာမည်က လီယို..
ဒီလူကအင်မတန်ခင်ဖို့ကောင်းတယ်...သူက
ပြင်သစ်ကနေ အလည်လာတာဖြစ်ပြီး အဖေက လီယိုကိုမြို့တစ်ပတ်လိုက်ပြခိုင်းတယ်...
ကျွန်တော့်ညီတွေဖြစ်ကြတဲ့ အဂ္ဂနဲ့ ဂန္တ၀င်ကတော့ လီယိုနဲ့သိပ်မပတ်သတ်ကြဘူး..."

ဖေဖေ့နာမည်နဲ့ ဦးလေးအဂ္ဂရဲ့နာမည်ပါလာတာကြောင့် ဖြူလုံးအံ့ဩသွားသည်။ဦးဒေ၀နဲ့ဖေဖေတို့ကဘယ်လိုများပတ်သတ်နေလို့ သူ့ဒိုင်ယာရီစာအုပ်ထဲမှာ ဖေဖေ့နာမည်ကပါနေရတာလဲ။

အတွေးတွေက ရှုပ်ယှက်ခက်လာတာကြောင့် စာကိုသာ ဆုံးခန်းတိုင်‌အောင်ဆက်ဖတ်လိုက်သည်။

"ဒီနေ့ ယုဝါကသားလေးမွေးတယ်...လီယိုရေမင်းကတော့ မင်းရဲ့အမိမြေကို ပြန်သွားပေမဲ့...ယုဝါကတော့ မင်းနဲ့ရတဲ့ ကလေးလေးကိုမွှေးနေရပြီကွာ....မင်းပြောတော့ ယုဝါကိုလက်ထပ်ဖို့ပြန်လာခေါ်မယ်ဆို...အခုမင်းရဲ့သားလေးတောင်
လူ့လောကထဲကို ရောက်နေပြီလေကွာ...သူ့နာမည်ကို ကဝိလို့ပေးလိုက်တယ်..."

ကဝိဆိုသည့်နေရာမှာ ဖြူလုံးရဲ့မျက်၀န်းတွေပြူးကျယ်သွားမိပါသည်။
ဒီနာမည်ကို ဖြူလုံးသိပ်သိတာပေါ့။

ဖြူလုံးရဲ့ အသက်လေးနှစ်လောက်တုန်းက
လူတစ်ယောက်ကို နေ့တိုင်းမျှော်နေမိရင်းကနေ အသက်ကြီးလာရင် အဲ့ဒီ့လူကိုမေ့သွားမှာပဲလို့ ကြီးကြီးမေရဲ့ပြောစကားကြောင့် စာအုပ်ကလေးတစ်အုပ်ထဲမှာ ကိုကြီးကဝိနဲ့ပတ်သတ်တဲ့ အမှတ်တရလေးတွေ အကုန်လုံးကို ဖြူလုံးကပါးစပ်ကနေငိုရင်းနဲ့ ပြောပြခဲ့ပြီး ကြီးကြီးမေကရေးပေးခဲ့ရသည်။

ဖြူလုံးမှာ အဲ့ဒီ့ဒိုင်ယာရီစာအုပ်ကလေး အခုထိရှိ နေတုန်းပင်။
၀မ်းနည်းတဲ့အချိန်တိုင်းမှာ တစ်ချိန်ကကြင်နာပေးခဲ့တဲ့ ကိုကြီးကဝိနဲ့အကြောင်းလေး‌တွေကို
အမြဲပြန်ဖတ်ပြီး စိတ်ပျော်အောင်လုပ်နေကြဖြစ် လေသည်။

"ဦးဒေ၀က...ကိုကြီးကဝိများလား..."

ဒိုင်ယာရီစာအုပ်ကလေးကို မျှော်လင့်တကြီးထပ်လှန်ကြည့်လိုက်မိတော့ တကယ်ပဲအနောက်မှာ စာတွေထပ်ရေးထားလေသည်။

"ဒီနေ့ကျွန်တော် သုန္နကမြို့ကို ပထမဦးဆုံးခြေချမိတဲ့နေ့ပဲ‌အဖေ...ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့ ဦးအဂ္ဂတို့မိသားစုဆီကနေ အ သက်ကြွေးပြန်ယူမလို့ပဲ...အဖေရှိနေရင်ကျွန်တော့်ကို
ဒီလိုလက်တုံ့ပြန်ဖို့ တားမှာသေချာပါတယ်...
ဒါပေမဲ့ အဖေရယ်...ကျွန်တော်ကြိုးစားခဲ့သမျှက ဒီနေ့ကိုရောက်လာဖို့အတွက်ပဲ...အဖေနဲ့ဖြူလုံးက
 ကျွန်တော့်ဘေးမှာ ရှိနေမပေးနိုင်ကြတော့...
 ကျွန်တော့်ရင်ထဲမှာ ကြမ်းတမ်းမှုတွေပဲ အားသာနေတယ်အဖေ...ကျွန်တော့်ရဲ့ဆန္ဒအောင်မြင်ပြီးမှ
 ငရဲကို ကျွန်တော်သွားမယ်...."

ဒါဆို ဦးဒေ၀ ဒီမြို့ကိုရောက်လာတာဟာ
ဂလဲ့စားခြေဖို့ တစ်ခုတည်းအတွက်ပေါ့။
သူဘယ်လိုတွေ ကြုံတွေ့ခဲ့ရလို့လဲဆိုတာ ဖြူလုံးအရမ်းသိချင်မိသလို သူဟာတကယ်ပဲ ကိုကြီးကဝိလားဆိုတာကိုလည် သိပ်သိချင်နေမိသည်။
စာရွက်ကလေး နောက်တစ်ရွက်ကို ထပ်ဖတ်ကြည့်လိုက်သည်။

"ဒီနေ့ ဖြူလုံးနဲ့ ပြန်ဆုံတွေ့ခွင့်ပေးတဲ့ ကံကြမ္မာကိုသိပ်ကျေးဇူးတင်တာပဲဗျာ...ဖြူလုံးဟာတကယ်ကို အရွယ်ရောက်လာခဲ့ပါပြီ...
အစက ရွှေစင်ရုပ်လွှာလို့ထင်ပြီး သူမအပေါ်ကိုနှိပ်စက်ခဲ့မိတာတွေအတွက် ကျွန်တော်
ကိုယ့်ဘာသာ အပြစ်တင်နေမိတယ်...
ဖြူလုံးကျွန်တော့်ကို မုန်းသွားမှာသိပ်ဆိုးတာပဲ
...ဖေဖေပြီးရင် ဖြူလုံးဟာ လောကကြီးမှာ ကျွန်တော်ချစ်ခင်ရတဲ့ တစ်ဦးတည်းသော လူသားလေးပါပဲ...
ကျွန်တော်ဟာ သူမရဲ့ကဝိကြီးဆိုတာကိုလည်း ပြောပြချင်ခဲ့မိပေမဲ့...မပြောရက်ဘူးဖြစ်နေတယ်...ကျွန်တော်သိပ်ပြီး သတ္တိနည်းလွန်းပါတယ်...."

ဒိုင်ယာရီလေးရဲ့အဆုံးမှာ ဖြူလုံးရဲ့နှလုံးခုန်နှုန်းတွေဟာ ရထားတစ်စီးခုတ်မောင်းသွားသကဲ့သို့ တဂျုန်းဂျုန်းမြည်ဟီးလို့ တုန်ခါကုန်ပါပြီ။

ဗီဒိုလေးထဲမှ ယွန်းဗူးလေးတစ်ခုကိုလည်းတွေ့လိုက်တာမို့ ဖွင့်ကြည့်လိုက်မိတော့ ပစ်တိုင်းထောင်အရုပ်သေးသေးလေး ဖြစ်နေသည်။

ကဝိကြီးက ဖြူလုံးပေးခဲ့တဲ့ဒီအရုပ်ကလေးကိုတောင် ဆယ့်နှနှစ်တာလုံးအမြတ်တနိုးသိမ်းထားခဲ့တာပါလား။
ဖြူလုံး၏ သိစိတ်ကတားဖို့ကြိုးစားလိုက်မိပေမဲ့ မျက်ရည်စက်ကလေးတွေဟာ လက်ထဲမှပစ်တိုင်းထောင် အရုပ်သေးသေးလေးအပေါ်သို့ ကျရောက်သွားပါသည်။

ကဝိဆိုတဲ့လူကြီးက ဖြူလုံးရဲ့အရင်းနှီးဆုံးယောက်ျားတစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။
ဖြူလုံးက ကြက်ဥခေါက်မုန့်စားချင်တယ်ဆိုလို့ သူ့မှာမရှိတဲ့ကြားကနေ ကြက်ဥခေါက်မုန့်ကလေးကို စေတနာအပြည့်နဲ့ ၀ယ်ကျွေးခဲ့ဖူးသည်။

ရွှေယုန်နဲ့ ရွှေကျားပုံပြင်လေးကို ပြောပြပြီး သူများအနိုင်ကျင့်တိုင်း အလွယ်တကူမခံဖို့ ဆုံးမခဲ့ဖူးတဲ့ တစ်ဦးတည်းသောလူ။

ဖြူလုံးကျွေးတဲ့ကိတ်မုန့်လေးတွေကို ပြုံးပြုံးကြီးစားပေးခဲ့တဲ့ လူကြီး...ဖြူလုံးနဲ့အတူ လဲမှို့လေးတွေကို ဖမ်းတိုင်းကစားပေးခဲ့တဲ့လူ...ဘယ်သူကမှဖြူလုံးကို သတိမရကြတဲ့ချိန်မှာ...ကိုကြီးကဖြူလုံးကိုနွေးနွေးထွေးထွေးလည်း ချီပိုးပေးခဲ့တယ်။

အမြဲတမ်းနူးညံ့တဲ့ အပြုံးလေးတွေကို ပေးအပ်ခဲ့တယ်......ဖြူလုံးရဲ့မှတ်ဉာဏ်တွေထဲမှာ
ကဝိကြီးနဲ့ပတ်သတ်ပြီး...မေ့ဖျောက်လို့မရတဲ့ အမှတ်တရတွေဟာ အများကြီးပါပဲ။

"ကိုကြီး...ကိုကြီးအခုဘယ်မှာလည်း...ဖြူလုံး
ကိုကြီးကို သွားတွေ့ရမယ်..."

ဒိုင်ယာရီစာအုပ်ကလေးရယ် ပစ်တိုင်းထောင်အရုပ်ကလေးရယ်ကို လက်မှာပိုက်ထားရင်း လှေကားထပ်တွေမှတစ်ဆင့် အပြေးလေးအောက်သို့ဆင်းလာမိသည်။

ဖြူလုံးရဲ့တစ်ခုတည်းသော ဆန္ဒလေးကတော့
ကိုကြီးနဲ့ တွေ့ဆုံပြီး ငယ်ငယ်ကဂရုစိုက်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်စကားတွေ တစ်၀ကြီးပြောချင်တာ တစ်ခုတည်းပဲရှိပါသည်။

"အမယ်လေ....ကိုလူထိန်ရေ!!!!...ကိုလူထိန်..
ဒီကို အမြန်လာပါအုံး....ကိုယ်ကျိုးတော့နည်းပါပြီတော်...အီဟီး..."

"ဟာ...မနှင်းမြတ်...ငိုကြီးချက်မနဲ့ဘာထဖြစ်နေတာလဲ...."

ဒေါ်နှင်းမြတ်ရဲ့ ငိုယိုသံနှင့်အတူ ဦးလူထိန်ရဲ့ အော်ငေါက်လိုက်တဲ့အသံကိုပါ ကြားလိုက်ရတာမို့ ထိုနေရာသို့ဖြူလုံး ပြေးသွားလိုက်မိသည်။

"ဘာလဲဟာ...ဘာလဲ..."

"ဆရာ...ဆရာဒေ၀...ဓား ထိုး ခံရလို့တဲ့...သုန္နကဆေးရုံမှာ တင်ထားရတယ်တဲ့..."

"ဒေါက်!!!!!"

ကြွေပြားအပေါ်သို့ ဖြူလုံးရဲ့လက်ထဲမှပစ်တိုင်းထောင်အရုပ်ကလေး ပြုတ်ကျသွားသည့်နည်းတူ ဖြူလုံးရဲ့နှလုံးသားလေးလည်း ဆူးအောင့်သွားရသည်။
ဒီနေ့ညစိတ်တွေလေးလံနေတယ်လို့ ထင်နေခဲ့တာ
အခုကိုကြီးကဝိဟာဓားထိုးခံရတယ်တဲ့

"ဟဲ့...နင့်ကိုဘယ်သူပြောလည်း...."

"ဆေးရုံကနေ ဒေါက်တာငွေပန်းချီကလူလွှတ်ပြီး
လာပြောပေးတာ စံအိမ်အပြင်ဘက်မှာ လာပြောတဲ့ကောင်လေးစောင့်နေတယ်....တော်...မြန်မြန်လိုက်သွားစမ်းပါ...ဆရာ့ကို....ကျွန်မသိပ်စိုးရိမ်တာပဲ...နေအုံး...လိုအပ်တာတွေ...သွားယူအုံးမယ်..."

"အလုပ်သမားတွေ...ဟဲ့...အားလုံးအပြင်ထွက်လာကြစမ်း...."

ဒေါ်နှင်းမြတ်တစ်ယောက်ထဲ ဆူညံပွက်လောရြိက်ရင်း အော်ခေါ်နေတာကြောင့် အလုပ်သမားဆယ်ယောက်လောက် အခန်းတွေထဲမှ ပြေးထွက်လာကြသည်။

"နင်တို့ထဲမှာ ဘယ်သူအိုသွေးရှိလည်း...ဆရာကအရေးတကြီးသွေးလိုအပ်ရင်...လိုအပ်မှာတဲ့
...ဆရာမလေးကတစ်ခါတည်းမှာလိုက်တယ်...
အိုသွေးသမားတွေ...ငါနဲ့လိုက်ခဲ့..."

"ကျွန်မတို့ကတစ်ခါမှ သွေးမဖောက်ဖူးတော့...ဘာသွေးမှန်းမသိဘူးတော့်...."

"ဟုတ်တယ်...ကျွန်မတို့ရော..."

"ဟာ...အရေးကြီးပါတယ်ဆို...နင်တို့ဟာကလည်း..ငါကဘီသွေးမို့လှူလို့မရလို့သာ..ဒါမှမဟုတ်ရင်...နင်တို့ကိုတောင် ပြောမနေဘူး..."

"အန်တီ....သမီးလိုက်ခဲ့ပါရစေ..."

ဖြူလုံးကလက်ညှိုးလေးထောင်ပြီး ပြောလိုက်တော့ စိတ်ရှုပ်နေသောပုံစံနှင့် အန်တီနှင်းမြတ်ကကြည့်လာသည်။

"ဖြူလုံးရယ်...ညည်းမနက်ဖြန်ကျောင်းတက်ရအုံးမယ်မဟုတ်လား...လူကြီးတွေရှိတယ် ..ညည်းမလိုက်နဲ့တော့..ကြားလား..."

"သမီးက...အိုသွေးပါ...."

"ဟေ...."

ဖြူလုံးရဲ့စကားကြောင့် အန်တီနှင့်မြတ်အံ့ဩကြီးစွာ ၀မ်းသာသွားလေသည်။
ဆယ်တန်းမှာ အသက်ဆယ့်ခြောက်နှစ်အောက်ကျောင်းသားတွေအားလုံး ဘီပိုး၊စီပိုးကွာကွယ်ဆေးထိုးရင်းနှင့် ဆေးစစ်ခဲ့ဖူးပါသည်။
မထင်မှတ်ထားတာက ဖြူလုံးရဲ့သွေးဟာ ကိုကြီးနဲ့အမျိုးအစားတူနေလိမ့်မယ်လို့ပေါ့။
ဒီလိုနဲ့ အန်တီနှင်းမြတ်၊ ဦးလူထိန်အပါအ၀င်
ကျန်အလုပ်သမားသုံးယောက်ကိုပါ အတူခေါ်ပြီး သုန္နကမြို့၏ ပုဂ္ဂလိကဆေးရုံသို့ လိုက်ပါခွင့်ရခဲ့ပါတော့တယ်။

🍁🍁🍁🍁🍁🍁🍁

ဆေးရုံကြီး၏ ခွဲစိတ်ခန်းအရှေ့တွင်တော့ ဖြူလုံးအပါအ၀င် လူခြောက်ယောက်ဟာ အပူသောကတွေ မျက်နှာမှာဖုံးလွှမ်းလျှက်ဖြစ်နေသည်။

ဖြူလုံးမှာလည်း မျက်ရည်မကျအောင် လက်သီးဆုပ်၍စိတ်ကို တင်းခံထားရလေသည်။
မျက်ရည်ကျတယ်ဆိုတာ တစ်ယောက်ယောက်သေဆုံးသွားမှလေ။အခုကိုကြီး ကဝိကပြန်ရှင်သန်လာမှာ...ဖြူလုံးတစ်ထစ်ချယုံကြည်တယ်။‌ဒါကြောင့်ဖြူလုံး မငိုဘူး။လုံး၀မငိုဘူး။

"အိုသွေး...အို‌သွေးအလှူရှင်ရှိပါသလားရှင်.."
လူနာက...အရေးပေါ်သွေးသွင်းဖို့လိုအပ်ပါတယ်..."

"သမီး...သမီးရှိပါတယ်...ဆရာမ..."

ဖြူလုံးချက်ချင်းပဲ ထရပ်လိုက်ပြီး သူနာပြုဆရာမလေးဆီသို့ အပြေးသွားလိုက်မိသည်။
ဆရာမလေးက ဖြူလုံးရဲ့ပုံသဏ္ဍန်ကို ကြည့်လိုက်ပြီးနောက် ဘာကိုအလိုမကျဖြစ်သလဲတော့မသိပေ မျက်မှောင်ကြုံ့သွားသည်။

"အသက်...ဘယ်လောက်ရှိပြီလဲ ..."

"နောက်လဆိုရင်...ဆယ့်ခုနှနှစ်ပြည့်တော့မှာပါဆရာမ..."

"အသက်မပြည့်ရင်..သွေးလှူလို့မရပါဘူး
...အသက်ဆယ့်ရှစ်နှစ်ပြည့်မှ လှူလို့ရမှာပါ...
အခြားတစ်ယောက်ကိုသာ ရှာပေးပါ...."

"မလုပ်ပါနဲ့ဆရာမရယ်...အကြာကြီးစောင့်လိုက်ရင် လူနာဒုက္ခရောက်သွားလိမ့်မယ်...သမီးဆီက သွေးကိုသာ ယူပေးပါနော်...သမီးတောင်းပန်ပါ‌တယ်....
ရှိခိုးပြီးတော့...တောင်းပန်ပါတယ်
..ဆရာမရယ်...အဟင့်...သမီးကိုသွေးလှူခွင့်ပေးပါနော်...သမီးရှိကြီးခိုးပါရဲ့ဆရာမရယ်..."

သွေးလှူလို့မရဘူးဆို၍ မျက်ရည်တွေကလည်း
ထိန်းထားသည့်ကြားက ပါးပြင်ပေါ်သို့စီးကျလာပြီး
သူနာပြုဆရာမလေးကို ဒူးထောက်ကာ လက်အုပ်ချီ၍ တောင်းပန်မိလေသည်။

"ဟယ်...ဟဲ့....ဘယ်လိုလုပ်နေတာလည်း...ထစမ်းပါဟယ်...လူမြင်လို့မကောင်းဘူး...အိမ်သားတွေ..
ကိုယ့်ကလေးကိုယ်ခေါ်လေ...အော်...ဘာကိုကြောင်နေကြမှန်းမသိဘူး...သွေးအလှူရှင်ကိုအမြန်ရှာလာကြပါ...ဆေးရုံကအို‌သွေးတစ်အိတ်ပဲ ကျန်တော့တယ်....လူနာကသွေးတွေအရမ်း ဆုံးရှုံးထားတော့
...အရမ်းအလျှင်လို‌နေပြီ...မြန်မြန်လုပ်ပေးကြပါ...."

ဒေါ်နှင်းမြတ်တို့မှာလည်း တငိုငိုနှင့် ပုံလျှက်ကလေးထိုင်ကျနေသော ဖြူလုံးကိုတစ်လှည့် အော်ငေါက်နေသော သူနာပြုမဘက်သို့ တစ်လှည့်ကြည့်ပြီး
ရူးတောင် ရူးသွားချင်ကြလေသည်။

"ကျွန်မသွေးလှူပေးပါ့မယ်..."

"ဟင်...ဆရာမ‌ငွေပန်းချီ...."

ဖြူလုံးလည်း ထိုင်လျှက်‌နဲ့အနောက်သို့ လှည့်ကြည့်လိုက်တော့ သွေးလှူမယ်လို့ပြောနေသည့်လူမှာ မမငွေပန်းချီဖြစ်နေလေသည်။

"ဒေါက်တာရယ်...ဖြစ်ပါ့မလား...သွေးလှူတာ အရမ်းပင်ပန်းတာနော်...."

"ကျွန်မလည်း...ခွင့်ယူချင်တာနဲ့အတော်ပဲပေါ့...
ခွဲခန်းတွေဆက်နေရတာနဲ့...နားရတယ်မရှိသေးဘူး..."

"အဲ့ဒါဆိုလည်း...သွေးထုတ်ကြတာပေါ့
...ဒေါက်တာဒီဘက်ကို ကြွပါ...."

မမငွေဟာ ခပ်ပြုံးပြုံးလေးနှင့်ပင် သူနာပြုမလေးရဲ့ အနောက်သို့လိုက်မယ်လုပ်တော့ အန်တီနှင်း
က မမငွေရဲ့လက်ကို ဖမ်းဆွဲလိုက်လေသည်။
ဖြူလုံးလည်း ကျေးဇူးတင်လွန်းလို့ မမငွေအနားသို့ပြေးသွားမိသည်။

"ကျေးဇူးတင်လိုက်တာ ဒေါက်တာမလေးရယ်...
အန်တီဖြင့် ထိုင်တောင်ကန်တော့ချင်တယ်..."

"အို...ကျွန်မငရဲတွေ ကြီးနေပါအုံးမယ်ရှင်...ဖြူလုံးလည်း သွေးမလှူရလို့ မငိုနဲ့တော့နော်...မမသွားပြီ..."

မမငွေက ဖြူလုံးကိုပါ ခေါင်းလေးပုတ်ပြီး ပြုံးပြသွားသေးသည်။
ဖြူလုံးဖြင့် ညီအစ်မ၀မ်းကွဲဖြစ်‌တဲ့မမဝေရဲ့ အပြုံးကို ဒီနေ့အလှဆုံးလို့မြင်မိလေသည်။

"လူနာရှင်တွေ....လူနာကို အခန်းထဲမှာ နေရာချပေးဖို့လုပ်ပါ..."

"ဟင်...ဟုတ်....ဟုတ်ကဲ့..."

ခွဲခန်းအရှေ့မှာ စောင့်နေရတာ အချိန်အရမ်းကြာနေသလား၊မကြားသလားဆိုရင် အန်တီနှင်းမြတ်နှင့် ဦးလူထိန်မှာအိပ်တောင်ပျော်နေကြလေသည်။

ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။သူတို့က တစ်နေကုန်ပင်ပန်းထားကြတော့ အနားယူချင်ကြမှာပေါ့။ဖြူလုံးကသာ ဘာအလုပ်မှ ပင်ပင်ပန်းပန်းမလုပ်ရတော့  ကိုယ်ခံအားကောင်းလွန်းနေသည်ထင်ပါရဲ့။

"ဘေးကို...လမ်းဖယ်ပေးကြပါရှင်..."

လူနာတင်ထားသော ဘီးတပ်ကုတင်ကို သီးသန့်အခန်းထဲသို့ တွန်းလာပြီးနောက် အခန်းထဲမှလူနာကုတင်ပေါ်သို့ ဝိုင်းမပြီး တင်ကြရလေသည်။

လူနာစောင့်ဖို့အတွက် အန်တီနှင်းမြတ်နှင့် အိမ်အကူနောက်ထပ်တစ်ယောက်ကို အတူခေါ်ထားကာ သူနာပြုတစ်ယောက်ကိုလည်း ငှားထားလေသည်။

လူနာတစ်ခုခုထူးခြားတာရှိရင် ဖြူလုံးတို့က ဘာမှလုပ်တတ်ကိုင်တတ်မရှိတာကြောင့်ဖြစ်သည်။

ဦးလူထိန်ကိုတော့ ကိုကြီးရဲ့အလုပ်တွေမလစ်ဟင်းရအောင် မနက်ဖြန်အလုပ်တက်ရမည်မို့ ပြန်လွှတ်လိုက်လေသည်။
ဖြူလုံးကိုလည်း ဦးလူထိန်နဲ့အတူ ပြန်လိုက်သွားဖို့ပြောပေမဲ့ ဖြူလုံးကဘူးခံငြင်းကာ လူနာစောင့်ဖို့ ကုပ်ကပ်ပြီး ကျန်နေခဲ့သည်။

ညဆယ့်နှစ်နာရီလောက်အရောက်မှာတော့ လူနာ
ကုတင်ခြေရင်း၌ ဖျာခင်းပြီးအန်တီနှင်းမြတ်နှင့်အိမ်အကူအစ်မတစ်ယောက်က အတူအိပ်နေလေသည်။ဖြူလုံးရဲ့ မျက်နှာချင်းဆိုင်က ခုံလေးပေါ်မှာလည်း သူနာပြုအစ်မက ငုတ်တုတ်ကြီးအိပ်ငိုက်နေလေသည်။

မအိပ်နိုင်တာဆိုလို့ ဖြူလုံးတစ်ယောက်ထဲရယ်ပါလေ။

တော်ကြာ အချိနမတော်ကြီး သတိရလာလို့ တစ်ယောက်တည်း ဒုက္ခရောက်နေမှဆိုသည့် အတွေးတွေ ပတ်ချာလည်ဝိုင်းနေသည်မို့ ဖြူလုံးမှာ မျက်လုံးတွေကျိန်းစပ်နေလည်းပဲ ကိုယ့်ကိုကိုယ်မအိပ်မိအောင် အားတင်ထားနေမိသည်။

ကိုကြီးခမျာ ကျောကုန်းနေရာမှာလည်း ပတ်တီးစည်းထားရပြီး ခေါင်းမှာလည်း ပတ်တီးစည်းထားရလေသည်။

ခေါင်းကို လေးချက်လောက်ချုပ်လိုက်ရပြီး ဓားဒဏ်ရာကတော့ နံရိုးကိုပဲထိသွားပြီး သေစေနိုင်သောအဆုတ်တို့ဘာတို့ကိုမထိလို့ အသက်ရှင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ဘယ်သူတွေကများ ကိုကြီးကိုလုပ်ကြံရတာပါလိမ့်။
ဖြူလုံးဖြင့် တွေးရင်းနှင့်တနုံ့နုံ့ဖြစ်နေမိသည်။

ကိုကြီးရဲ့ ဘယ်လက်ကလေးကို ကိုင်လိုက်ပြီး ကိုကြီးရဲ့မျက်နှာကို အားရစွာကြည့်မိသည်။

"ကိုကြီးရယ်...ဖြူလုံးအတွက် အမြန်ဆုံးနိုးထလာပေးပါနော်....ဖြူလုံးနောက်ဆိုရင် ယဉ်ယဉ်ကျေးကျေးလေး စကားပြောမယ်လေနော်...ကျွန်မဆိုပြီးတော့လည်း မရိုင်းတော့ပါဘူး...ဖြူလုံးလိမ္မာပါတော့မယ်...စာလည်းအများကြီးကြိုးစားပါတော့မယ်...ကိုကြီးရယ်...ဖြူလုံးအတွက်...နိုးထလာပေးပါနော် ..."

ဖြူလုံးကသာ စကားတွေပြောနေတာ ကိုကြီးကတော့ ကြားနိုင်လိမ့်မယ်မထင်ပါဘူးလေ။
ကိုကြီးကဝိရဲ့ လက်ကလေးအပေါ်ကို မျက်နှာလေး မှေးတင်ပြီး ဖြူလုံးမျက်ရည်ကျမိလေသည်။
နိုးလာပေးပါတော့ ကဝိကြီးရယ် သမီးတို့တွေ
အချိန်အကြာကြီး ခွဲခွာခဲ့ရပြီးပြီပဲ လုံလောက်သင့်ပါပြီလေ။

အခန်း..၃၁..ဆက်ရန်>>>>>

ဖတ်ရတာ ကြိုက်နှစ်သက်ကြရဲ့လား

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၃၁
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

ဖြူလုံးရဲ့ မျက်တောင်တွေကို လှုပ်ခတ်လိုက်မိတော့ မျက်လုံးထဲသို့ တည့်တည့်၀င်ရောက်လာသည့် အလင်းတန်းတစ်ခုကြောင့် မျက်လုံးကိုခဏ ပြန်မှိတ်ထားလိုက်မိသည်။

"ဟဲ့...သေချာလုပ်စမ်းပါ...ရေတွေမှောက်မကျစေနဲ့..."

ဖြူလုံးရဲ့နားထဲမှာ အန်တီနှင်းမြတ်ရဲ့ အသံတွေကိုသာကြားနေရသည်။မျက်လုံးကိုအသာ ဖွင့်ကြည့်လိုက်မိတော့ ဖြူလုံးဟာထိုင်လျှက်အနေအထားနှင့်ပင် လူနာကုတင်ကို မှီရင်းအိပ်မောကျသွားခဲ့ခြင်းဖြစ်လေသည်။

ခေါင်းကိုထောင်ပြီး ကုတင်ပေါ်ကိုကြည့်လိုက်မိတော့ စိတ်ဓာတ်တွေကအလိုလိုပြန်ကျသွားမိသည်။
ကိုကြီးကဝိဟာ ညတုန်းကအတိုင်းလေးပဲ မလှုပ်မယှက် သတိမေ့နေတုန်းပါပဲ။
တစ်ညတာတောင် ကုန်ဆုံးသွားပါလျှက်နဲ့ ဘာကြောင့်များ သတိမရသေးတာလဲ ကိုကြီးရယ်။

"ဖြူလုံးရေ...နိုးပြီလား..."

အန်တီနှင်းမြတ်က အိပ်ချင်မူးထူးပုံပေါက်နေသော ဖြူလုံးကို လှမ်းကြည့်ပြီး ရေစိုပိတ်စကို ရေညှစ်နေရင်းနှင့်မှ မေးလာလေသည်။
ဖြူလုံးလည်း မျက်နှာညှိုးငယ်စွာပဲ ခေါင်းပြန်ညိတ်ပြလိုက်ပါသည်။

"နိုးရင်လည်း...အဲ့နေရာကထစမ်းပါဟယ်...ဆရာ့ကိုရေပတ်တိုက်ပေးရအုံးမယ်...ဖယ် ဖယ်...ဟဲ့...
ဘာကြည့်နေတာလည်း...အိင်္ကျီကြယ်သီးတွေဖြုတ်လေ...."

ဒေါ်နှင်းမြတ် အော်ငေါက်လိုက်တဲ့တစ်ယောက်ဟာ မျက်နှာကြီးရှုံ့မဲ့သွားပြီး ရှေ့မတိုးလာတာကြောင့် ဒေါ်နှင်းမြတ်လည်း အင်မတန်စိတ်ဆိုးလာလေသည်။

"ဟဲ့...နင့်ကိုငါခိုင်းနေတယ်လေ..."

"ဟို....အောက်...အောက်ပိုင်းကရော...ကျွန်မ..
မကြည့်ရဲဘူးနော်..."

"ဒေါက်!!!!"။  "အာ့..."

ခေါင်းကုတ်၊ဖင်ကုတ်ရင်း ရှုံ့မဲ့ကာပြောနေသော တစ်ယောက်ရဲ့အနားသို့ အန်တီနှင်းမြတ်ကြီးဟာ
လေလိုအလျှင်နဲ့ရောက်ချသွားပြီး ခေါင်းကိုပိတ်ခေါက်ထည့်လိုက်လေသည်။
လက်သံပြောင်ချက်ကတော့ ခေါင်းခေါက်သံကိုတောင် ဖြူလုံးအကျယ်ကြီးကြားလိုက်ရသည်။

"နင့်ကိုငါခိုင်းတာက...အပေါ်အိင်္ကျီကို ကြယ်သီးဖြုတ်ပေးဖို့ပဲ..နှာဘူးမရဲ့...နင်ကဘယ်အောက်ကို
သွားကြည့်နေတာလည်း...ငါပြောလိုက်ရ
မကောင်းရှိတော့မယ် ..."

"အော်...ဟုတ်...ဟုတ်ကဲ့ပါ..."

ဒီတော့မှ အကူအစ်မကလည်း ကိုကြီးရဲ့သင်္ဘောသား ဂျာစီအိင်္ကျီမှ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်လေသည်။
ဒေါ်နှင်းမြတ်လည်း ကြယ်သီးဖြုတ်ပြီးသည်နှင့် လည်‌ပင်းနေရာတွေကို ရေပတ်တိုက်ပေးလေသည်။ပြီးနောက် အိင်္ကျီကို ပင့်၍လှန်ထားလိုက်ပြီး ပတ်တီးကိုရှောင်၍ ရေပက်တိုက်ပြန်ပါသည်။

"အော်...ဖြူလုံး...ခဏနေ...ကိုလူထိန်ရောက်လာလိမ့်မယ် ...ပြန်လိုက်သွားလိုက်...ကျောင်းတက်ရဦးမယ်မလား...ဆယ်တန်းကပေါ့လို့မရဘူး...
ဆရာ့အတွက်ဘာမှမပူနဲ့...ဒေါ်ကြီးတို့ရှိတာပဲဥစ္စာ..ဆရာ့ဒဏ်ရာကလည်း အသက်အန္တရယ်...
စိုးရိမ်ရတော့တာမှ မဟုတ်ပဲ...."

"ဒါပေမဲ့..."

"ဘာမှ...ဒါပေမဲ့မနေနဲ့...ကလေးက...ကလေးလိုပဲနေစမ်းပါအေ...အရာရာလိုက်စိတ်ပူမနေနဲ့...
ဟုတ်ပြီလား..."

ဒါပေမဲ့ ကိုကြီးသတိရလာရင် ဖြူလုံးအနားမှာ ရှိနေပေးချင်သည်။ဖြူလုံး ကိုကြီးနဲ့စကားတွေ အများကြီး ပြောချင်သည်။

သို့ပေမဲ့ အန်တီနှင်းမြတ်ကိုလည်း အတိုက်အခံမလုပ်ချင်တာကြောင့် ဦးလူထိန်လာခေါ်သည်နှင့် စံအိမ်သို့ပြန်လိုက်ခဲ့ရပါသည်။
ထိုနေ့တစ်နေ့လုံးမှာလည်း စာထဲသို့စိတ်ကိုမထည့်နိုင်ဖြစ်နေခဲ့ပါသည်။
ဖြူလုံးရဲ့ စိတ်တွေက ဆေးရုံရဲ့ လူနာကုတင်လေးအပေါ်မှာ သတိမေ့နေရှာတဲ့ ကိုကြီးဆီသို့သာ ရောက်နေလေသည်။

"ဟဲ့...ဖြူလုံး...ဟဲ့..."

"ဟင်...ဘာ...ဘာဖြစ်လို့လဲ..."

အတွေးတွေက အလွန်များနေတာကြောင့် မုန့်စားဆင်းချိန်မှာ သူငယ်ချင်းတွေနဲ့ ထမင်းစားနေသည်ကိုတောင် ငုတ်တုတ်မေ့နေလေသည်။

"နင်...ဘာဖြစ်နေတာလဲ...ထမင်းစားစရာရှိတာ
မစားဘူး...ခဏနေရင် ကျောင်းပြန်တက်ရတော့မယ်....နင်ဒီနေ့တစ်နေ့လုံး စိတ်နဲ့လူနဲ့မကပ်သလိုပဲ စာလိုက်ကူးတော့လည်း ခဏ၊ခဏမှားတယ်...
ဆရာမ..စာသင်တုန်းကလည်း နင်သေချာလိုက်နားမထောင်ဘူး...နင်ဘာဖြစ်နေတာလည်း...
စိတ်ညစ်စရာရှိရင်...ငါတို့ကိုပြောပြလေဟာ..."

ဖြူလုံးရဲ့ ပုံစံကအရမ်းကိုသိသာလွန်းနေတယ် ထင်ပါရဲ့ အေးပုကတောင် မေးခွန်းထုတ်လာသည်။သူငယ်ချင်း တွေကိုလည်း အပူမပေးချင်တာကြောင့် ဖြူလုံးသက်ပြင်းမောလေးသာ
ချလိုက်မိပါသည်။

"ဘာမှမဖြစ်ပါဘူးဟာ...ဒီအတိုင်း..စာလုပ်ရတာ ဒီနေ့စိတ်မပါသလိုဖြစ်နေလို့ပါ...အော်...ဒါနဲ့
နှောင်ဇွဲရော...ဒီနေ့တစ်နေ့လုံး မတွေ့မိဘူးနော်..."

ဖြူလုံး တမင်တကာ စကားလမ်းကြောင်းလွှဲလိုက်ခြင်း ဖြစ်ပါသည်။
မြတ်ချယ်ကတော့ ဖြူလုံးရဲ့အမေးကြောင့် မျက်နှာကြီးက ဒူးရင်းသီး သီးလာသကဲ့သို့
စူထော်ထွက်သွားလေသည်။

"အဲ့ကောင်အကြောင်းကို မပြောချင်ပါဘူးဟယ်...အလကားအကျင့်ပုပ်ကောင်..."

"ဘာဖြစ်လို့လဲဟ..."

"ဘာဖြစ်ရမှာလဲ...အဲ့ကောင်အကျင့်ကိုတစ်စက်မှမကောင်းတာပါဟာ...ဒီနေ့အိမ်က ကားတွေမအားလို့ ကျောင်းပြန်ရင်လမ်းလျှောက်ပြန်ရမှာလေ...အဖေကဟိုတစ်လောကတင် သူ့ကိုဂျပန်ဘီး‌၀ယ်ပေးထားတာကို...လမ်းမလျှောက်ချင်ဘူးဆိုပြီး...ထုတ်စီးလာတယ်ဟာ...ငါက...
မောင်လေးရယ်..မမလည်း လမ်းမလျှောက်ချင်လို့ တင်ခေါ်သွားပါလားဆိုတာ...မရဘူးတဲ့...
သူ့စက်ဘီးကယ်ရီယာခုံက သူ့ကောင်မလေးအတွက်တဲ့လေ...စိတ်တိုလိုက်တာဟယ်...
တကယ်ပါပဲ...."

မြတ်ချယ်က ပါးစပ်ကလည်းပြော၊ လက်ကလည်း ချိုင့်ထဲမှ ထမင်းနှင့်ဟင်းကို တစ်လုတ်ပြီး တစ်လုတ် ခပ်စားနေလေသည်။
နှောင်ဇွဲဆီမှာ စက်ဘီးပါလာတယ်ဆိုတာကို ကြားကတည်းက ဖြူလုံးရဲ့စိတ်ထဲမှာ အကြံတစ်ခုက လင်းလက်သွားလေသည်။

 ညနေကျောင်းဆင်းတာနဲ့  ဆေးရုံသို့သွားချင်သည်။ဒါပေမဲ့ ဦးလူထိန်ကလည်း စံအိမ်ကို ညရောက်မှပြန်ရောက်မှာဆိုတော့ သွားရဖို့ကိုဘယ်လိုမှ ကြံရာမရဖြစ်နေသည်။
 ခြေကျင်သွားရအောင်လည်း ဆေးရုံက ‌အဝေးကြီးရယ်။
စိတ်ကူးထဲမှာတော့ နှောင်ဇွဲဆီကနေ စက်ဘီးငှားပြီး ဆေးရုံကိုသွားရမယ်။
စိတ်ကူးလေးနဲ့ အတူ ပျော်မြူးသွားပြီး ဖြူလုံးထရပ်လိုက်သည်။

"ဟဲ့...ဖြူလုံး..ဘယ်ကိုသွားမလို့လဲ..."

"ဟို...နှောင်ဇွဲ...နှောင်ဇွဲအခုဘယ်မှာလဲ...."

"ဟမ်....ဘာလုပ်မလို့မေးတာလဲ...."

"ပြောမှာသာ ပြောပြစမ်းပါဟယ်...အရေးကြီးလို့ပါ...."

မြတ်ချယ်ရဲ့ ပခုံးလေးကို ကိုင်လှုပ်ပြီး မေးလိုက်မိသည်ကြောင့် မြတ်ချယ်လည်း မျက်လုံးလေးပြူးပြီး အံ့ဩသွားလေသည်။

"ဟို...ရှစ်တန်းဆောင်ရှေ့မှာ ဘောလုံးသွားကန်နေတယ်..."

ဖြူလုံးကြားချင်သည့်အဖြေကို ကြားရပြီးတာနဲ့ နေရာမှချက်ချင်းပြေးသွားဖို့ လုပ်လိုက်သည်။

"ငါ့ချိုင့်တွေကို နင်တို့ပဲသိမ်းပေးပါအုံးဟာ..."

"အေး...အေး..."

မြေကြီးမှာ ဖုန်ထလောက်အောင်အထိ အလောတကြီး ပြေးသွားနေသော ဖြူလုံးကြောင့် အေးပုလည်း နားမလည်နိုင်ဖြစ်နေရသည်။
သိချင်စိတ်များနေသည်ကြောင့် မြတ်ချယ်ကိုလက်ကုပ်လိုက်သည်။

"ဟဲ့...မြတ်ချယ်...နှောင်ဇွဲနဲ့ ဖြူလုံးက ဘာတွေလဲ
သူတို့ကြားထဲမှာ တစ်ခုခုတော့ ထူးခြားနေပြီနော်..."

"မသိပါဘူးဟာ...ဘာတွေဖြစ်နေသလဲဆိုတာ..."

မြတ်ချယ်လည်း ခေါင်းကိုသာဖိကုပ်ရင်း နားမလည်နိုင်စွာ ပြန်ဖြေလိုက်သည်။အားမလျှော့သေးသော စုံထောက်မကြီးအေးပုကတော့ မြတ်ချယ်၍ ပခုံးကို လှမ်းတိုက်လိုက်ပြီးနောက်
မချိုမချဉ် မျက်နှာထားနှင့်ပြောလိုက်သည်က...

"‌နင်နဲ့...ငါနဲ့ပိုက်ဆံကြေးလောင်းကြမလား..."

"ဘာကိုလဲ...."

"ဒီလိုဟယ်....ညနေကျောင်းဆင်းတဲ့အချိန်ကြရင်..နှောင်ဇွဲက ဖြူလုံးကိုသူ့စက်ဘီးနဲ့ တင်ခေါ်၊
မခေါ်လောင်းကြမလား...ငါးရာကြေးဟာ...ဘယ်လိုလည်း....ငါကတော့...နှောင်ဇွဲသေချာပေါက်ကို တင်ခေါ်လိမ့်မယ်ဟာ...."

မြတ်ချယ် တစ်ချက်ပြုံးလိုက်မိသည်။
နှောင်ဇွဲကတော့ ဖြူလုံးကိုသူ့စက်ဘီးနဲ့လိုက်စေချင်တာများ တစ်ပိုင်းကိုသေနေတာပါ။
ဒါပေမဲ့ ဒီကောင်စုတ်၍ စက်ဘီးကို ဖြူလုံးကစီးအုံးမှလေ။

"စိန်လိုက်လေ....ဖြူလုံး...နှောင်ဇွဲရဲ့စက်ဘီးကို လုံး၀စီးမှာမဟုတ်ဘူး....ဟား...ဟား..."

ခရေပင်အရိပ်၌ မြတ်ချယ်နှင့် အေးပုကအလောင်းအစားလုပ်နေကြချိန်တွင် ဖြူလုံးကတော့ ရှစ်တန်းဆောင်အရှေ့မှ ဘောလုံးကန်နေကြသော အုပ်စုဆီသို့ အပြေးသွားနေလေသည်။

"ဟေ့ကောင်...ဒီဘက်ကိုကန်...ဒီဘက်...."

"စိုးဝေ...ဟေ့ကောင်...နှောင်ဇွဲကိုပေး...နှောင်ဇွဲကိုပေးလိုက်...."

‌စိုး‌ဝေ၏ခြေထဲမှ ဘောလုံးဟာ နှောင်ဇွဲဆီကိုရောက်လာချိန်မှာတော့  ညာတောင်ပံကနေတစ်ဆင့် ဘောလုံးကို အလျှင်အမြန် ဆွဲပြေးလာပြီးနောက် အမြင့်ကန်ဘောနဲ့ ကန်ထည့်လိုက်သည်။ဂိုးသမားကလည်း ‌ခုန်ဖမ်းလိုက်ပေမဲ့ ဘောလုံးဟာ ဘားတိုင်နှင့် ကပ်သီးလေး‌လွတ်သွားပြီး .....

"ဂိုး!!!!ဟ...ဟ....ဂိုးပြီကွ...တော်လိုက်တဲ့ငါ့ကောင်ကြီး...ဟား...ဟား...ဖေ့သားကြီးရယ်...
ကန်ချက်ကရှယ်ပဲ...."

"ရွှီ...ရွှီ....."

နှောင်ဇွဲတို့အသင်းမှ လူတွေဟာ ‌သူတို့ကောင်ကြီးနှောင်ဇွဲအား ‌ပြေးဖက်ကြပြီး ချီးကျူးကုန်ကြ လေသည်။ဖင်ခေါင်းကျယ်ပြီး လေချွန်လိုက်သူတောင် ရှိကြသေးသည်။

ထိုအထဲမှ ရောနယ်လ်ဒို၏ဖန်ဖြစ်သော စိုးဝေဟာ
ရော်နယ်လ်ဒို အောင်ပွဲခံနည်းအတိုင်း လေပေါ်သို့ ခုန်လိုက်ကာ  စူး...ဆိုပြီး ထအော်လေသည်။
တစ်ဖက်အသင်းကကောင်တွေကတော့ တစ်ဂိုးလေးရတာ‌ကို ကျယ်လို့မပြီးနိုင်၊မစီးနိုင်ဖြစ်နေကြသည့် မောင်လေကျယ်တို့အဖွဲ့အား ခေါင်းတစ်ခါခါနှင့် မ‌ကျေကြည့် ကြည့်နေကြလေသည်။

"နှောင်ဇွဲရေ...နှောင်ဇွဲ...."

"ဟေ့ကောင်...ဟိုမှာမင်းကို ကောင်မလေးတစ်ယောက်လှမ်းခေါ်နေတယ်..."

စိုးဝေက နှောင်ဇွဲ၏ ပုခုံးကို ပုတ်ပြီးပြောလိုက်တာကြောင့် နှောင်ဇွဲလည်း အနောက်သို့လှည့်ကြည့်လိုက်မိသည်။
ဖြူလုံးဟာ နေပူနေတာကို လသာနေတယ်ထင်ပုံရသည်။ဘောလုံးစည်းအပေါ်လေးမှာ ရပ်ပြီး သူ့အားလက်လှမ်းပြပြီးခေါ်နေလေသည်။

"ဟေ့ကောင်ကြီး...အဲ့ဒါဘယ်သူလေးလည်း...
မင်းနဲ့ဆိုင်လား...မဆိုင်ရင် ငါတို့နဲ့မိတ်ဆက်ပေးလေကွာ..."

"နေစမ်းပါကွာ..."

ဖြူလုံးနှင့် ပတ်သတ်ရင် ဆက်ဆက်ထိမခံနိုင်သည့်စိတ်က စည်းမရှိစွာ စကားပြောလိုက်သော သူငယ်ချင်းကို အလိုလိုတွန်းမိသွားသည်။
ဖြူလုံးဆီသို့ မျက်မှောင်ကြီးကြုံ့ရင်း သူ့အပြေးသွားမိတော့ အနောက်မှာကျန်ခဲ့တဲ့ကောင်တွေက
"အူတိုတယ်ဟေ့..."ဆိုပြီးလှမ်းစလေသည်။

"ဖြူလုံး...နင်ငါနဲ့လိုက်ခဲ့..."

ဖြူလုံးရဲ့အနားသို့ ရောက်သည်နဲ့ စိတ်ဆိုး၊မာန်ဆိုးဖြစ်ကာ သူမရဲ့လက်ကောက်၀တ်ကိုဆွဲလိုက်ပြီး အရိပ်ရသည့် ရှစ်တန်းအဆောင်အနားသို့
အလျှင်စလိုဆွဲခေါ်လာလိုက်မိသည်။

ဖြူလုံးမှာလည်း နှောင်ဇွဲ၏ ထူးဆန်းသောအပြုအမူတွေကြောင့် ကြောင်တောင်တောင်လေးဖြစ်နေမိသည်။
ကြည့်ရတာ သူဘောလုံးကန်နေတာကို နှောက်ယှက်လိုက်လို့ စိတ်ဆိုးသွားတာထင်ပါရဲ့။

"နင်‌ ဘောလုံးကန်တာကို နှောက်ယှက်မိလို့ စိတ်ဆိုးသွားတာလား..."

ကောင်မလေးက မျက်နှာငယ်လေးနဲ့ ပြောလာတော့လည်း ဒီကောင်ကြီးရဲ့အသဲမှာ ဘာသားနဲ့ထုထားတာမှတ်လို့ ချက်ချင်းကို ကိတ်မုန့်တုံးလေးကဲ့သို့ အိစက်ပျော့ပြောင်းသွားပါတော့တယ်။
သူစိတ်ဆိုးတာဟာ ဖြူလုံးကိုမဟုတ်ပါဘူး။
ဖြူလုံးကို အထင်သေးသလိုဝိုင်းကြည့်ပြီး လက်လွတ်စပယ်စကားပြောနေကြတဲ့ ဟိုကောင်တွေကိုပါလေ။

"ဖြူလုံး...နောက်တစ်ခါ...ငါဘောလုံးကန်တဲ့ဆီကို ဘယ်တော့မှ လိုက်မလာနဲ့ဟာ...ငါမကြိုက်ဘူး..."

"ဘာဖြစ်လို့လည်းဟယ်...ငါကနင့်ဆီကနေ အကူအညီတောင်းစရာရှိလို့ ဒီအထိလိုက်လာတာပါ...နင်မကြိုက်ဘူးဆိုရင်လည်း...ငါတောင်းပန်ပါတယ်...ငါသွားတော့မယ်..."

"ဟာ...ဖြူလုံး..."

သူ့စကားကြောင့် ဖြူလုံးစိတ်ဆိုးသွားသည်ထင်ပါရဲ့ ချက်ချင်းလှည့်ထွက်ဖို့လုပ်လေသည်။
သူမစိတ်ဆိုးတာဆိုရင် လုံး၀မခံနိုင်တာကြောင့် အနောက်ကနေပြေးလိုက်ကာ သူမရဲ့အရှေ့မှပိတ်ရပ်ပစ်လိုက်သည်။

"ငါ...တောင်းပန်ပါတယ်ဟာ....နင်ငါ့ဆီကိုလာတာ
ဘာအကူအညီတောင်းချင်လို့လဲ...."

"ငါ...ညနေကျောင်းဆင်းရင် ဆေးရုံကိုခဏသွားချင်လို့ နင့်စက်ဘီးကိုခဏလောက်ငှားချင်တယ်...
ပြန်လာရင် နင်တို့အိမ်ကို ငါလာပေးပါ့မယ်ဟာ..
ကူညီပါနော်..."

ဖြူလုံးလည်း ငှားချင်အောင်လို့ မျက်နှာကို အတတ်နိုင်ဆုံး သနားစရာပုံစံလေးလုပ်ပြလိုက်သည်။ဘာကြောင့်ရယ်မသိ ဖြူလုံးကိုသေချာစူးဆိုက်ကြည့်ပြီးနောက် နှောင်ဇွဲဟာ ပြုံးစိစိဖြစ်သွားလေသည်။

"ဟဲ့...နင်ကဘာကိုပြုံးနေတာလဲ...ငှားမှာလား...
မငှားဘူးလား..."

"ငှားတာတော့...မငှားနိုင်ဘူး...ဒါပေမဲ့ငါကိုယ်တိုင်နင့်ကို လိုက်ပို့ပေးမယ်...ဘယ်လိုလဲ..."

ဖြူလုံး တစ်ချက်စဉ်းစားကြည့်လိုက်မိသည်။
တစ်ယောက်တည်းဆိုရင် ပိုခရီးတွင်မှာပေမဲ့ ကြည့်ရတာ သူ့စက်ဘီးတစ်ခုခုဖြစ်သွားမှာ စိုးလို့ထင်သည်။သူပိုင်တဲ့စက်ဘီးဆိုတော့ သိပ်လည်းအထွန့်မတက်ရဲပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံကိုသွားရဖို့က အဓိကပါပဲလေ။

"ကောင်းပြီ...ညနေကြရင်...ကျောင်းဂိတ်ပေါက်မှာ...နင်စောင့်နေပေးနော်..."

"စိတ်ချ...."

ဘယ်လိုကောင်လည်းမသိပါဘူး ။
သူ့ကိုယ်သူ ဗိုလ်ကြီးလိုလို၊ဘာလိုလိုနဲ့ အလေးပြုသည့်ပုံစံလာလုပ်ပြနေလေသည်။
ဒီနေ့မှာ နှောင်ဇွဲရဲ့ အမူအရာတွေ အရမ်းကိုထူးဆန်းနေသလိုပဲ။
ဘာပဲဖြစ်ဖြစ် ‌သူငယ်ချင်းလေးက ကူညီပေးဖော်တော့ ရပါတယ်လေ။

"ကလင်...ကလင်...ကလင်..."

"ကျောင်းတက်‌ဘဲလ်မြည်နေပြီ...ငါအတန်းပြန်တတ်‌တော့မယ်နော်...."

သူ့အား ‌နှုတ်ဆက်ပြီး ကျောင်းစိမ်းလုံချည်လေးကို မကာပြေးသွားသော ဖြူလုံး၏ နောက်ကျာလေးကို မျက်တောင်မခတ်စတမ်းကြည့်နေမိသည်။

ဖြူလုံးဆိုတဲ့ နာမည်လေးအတိုင်း သူမကသိပ်ကိုဖြူစင်လွန်းသည်။
ဆံပင်ဂုတ်ဝဲလေးနဲ့ မျက်လုံးဝိုင်းလေးတွေက တကယ်ကို ချစ်မြတ်နိုးချင်စရာလေးပါပဲ။
အသားလေးက ဖွေးဥနေတာကြောင့် ‌လုံချည်လေးကို မလိုက်တိုင်း အကြောစိမ်းစိမ်းလေးတွေနှင့် ဖြူသော ခြေသလုံးသားလေးတွေကပေါ်ပေါက်လာလေသည်။

သူ့စိတ်ထဲမှာတော့ ဖြူလုံးကိုမြင်ရင် အလိုလိုပျော်နေမိသည်၊၊ဖြူလုံး၀မ်းနည်းရင် သူလည်းလိုက်၀မ်းနည်းမိမှာ သေချာပါတယ်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ညနေကျောင်းဆင်းချိန်တွင် နှောင်ဇွဲဟာ ကတိအတိုင်း ကျောင်းဂိတ်ပေါက်မှာ စက်ဘီးနှင့်လာစောင့်ပေးလေသည်။
ဖြူလုံးလည်း ကျောင်းဂိတ်ပေါက်သို့ ရောက်သည်နှင့် နှောင်ဇွဲအား ကျေးဇူးတင်စကားထပ်မံပြောလိုက်ပြီး သူ့စက်ဘီးနောက်ခုံလေးမှ ထိုင်စီး၍ လိုက်လာခဲ့လေသည်။

နှောင်ဇွဲရဲ့ စက်ဘီးကယ်ရီယာခုံပေါ်မှာ ထိုင်စီးနေရင်းနှင့် ‌လူအုပ်ကြီးထဲမှ မြတ်ချယ်နဲ့အေးပုကို တွေ့လိုက်၍ လက်ပြလိုက်မိသေးသည်။
ဘာကြောင့်ရယ်မသိ ဖြူလုံးတို့ကို မြင်သည်နှင့် အေးပုက လက်ညှိုးတစ်ထိုးထိုးလုပ်ရင်း ထခုန်လိုက်တာကို မြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။

မြတ်ချယ်ကတော့ မျက်နှာကြီးစူပုပ်နေပုံထောက်ရင် သူမကိုစက်ဘီးနဲ့တင်မခေါ်ပဲ ဖြူလုံးကိုစက်ဘီးနဲ့ တင်ခေါ်လာတာကြောင့် စိတ်ဆိုးနေသည်ဟု ထင်လိုက်မိသည်။
အားတော့ နာပေမဲ့ ဖြူလုံးလည်း ကိုယ့်အရေးနဲ့ကိုယ်မို့ပါလေ။

 ကားနဲ့ဆိုရင် မိနှစ်နှစ်ဆယ်ပဲ ကြာသည့်ခရီးက စက်ဘီးနဲ့ကျတော့ တစ်နာရီလောက်
နင်းရလေသည်။ဆေးရုံ၀န်းထဲသို့ ရောက်သည်နှင့် နှောင်ဇွဲက ဆေးရုံအရှေ့လေးမှာ စက်ဘီးကိုရပ်လိုက်လေသည်။

"နှောင်ဇွဲ...နင်ပြန်လိုက်တော့နော်....လိုက်ပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဟာ...နောက်မှမုန့်လိုက်ကျွေးမယ်နော်..."

"ဟင်...နင်ကပြန်မလိုက်ဘူးလား..."

"မလိုက်တော့ပါဘူးဟာ...သွားပြီနော်..."

နှောင်ဇွဲအားလက်ပြနှုတ်ဆက်ခဲ့ပြီးနောက်
ဆေးရုံကြီးထဲသို့ အမြန်၀င်ကာ ကိုကြီးရှိရာ သီးသန့်အခန်းဆီသို့ အပြေးလေးသွားနေမိသည်။စိတ်ထဲမှာလည်း ကိုကြီးကိုတွေ့ရတော့မှာမို့ အရမ်းပျော်နေမိသည်။
ကိုကြီး သတိပြန်ရနေပြီဆိုရင် ဘယ်လိုလုပ်ပါ့မလဲ။

ဖြူလုံးကို တွေ့လိုက်ရင် ဘယ်လိုမျက်နှာပုံစံမျိုး ဖြစ်သွားမလဲ။
ဖြူလုံးကလည်း ကိုကြီးကိုလွှမ်းနေခဲ့တာပါလို့ ပြောလိုက်ရင်ရော ဘယ်လိုပြန်ပြောလာမှာပါလိမ့်။
ကိုကြီးရှိနေတဲ့ ဆေးရုံအခန်းနဲ့နီးလာလေ ဖြူလုံးမှာ ရင်ခုန်နှုန်းမြန်လာလေဖြစ်နေသည်။

"ဒေါက်တာ...ကျွန်တော့်ကိုအချိန်မှီဆေးရုံတင်ပေးတာရော...ကျွန်တော့်ကို သွေးလှူပေးတာအတွက်ရော...သိပ်ကျေးဇူးတင်ပါတယ်ဗျာ...
ကျွန်တော့်အသက်ကို ဒေါက်တာကယ်ပေးလိုက်တာပါ..."

"ဟုတ်တယ်...ဆရာရေ့...ဒေါက်တာငွေပန်းချီက အရမ်းကို‌သဘောကောင်းတာပါ...ဆရာ့ရဲ့အသက်သခင်ကျေးဇူးရှင်နော်ဆရာ...အိမ်မှာထမင်းဖိတ်ကျွေးသင့်တယ်..."

"အို...အဲ့လောက်လည်းမဟုတ်ပါဘူးရှင်....ကျွန်မကလည်း လမ်းကြုံလို့ ကူညီခွင့်ရသွားတာပါရှင်...
အရမ်းကြီး မချီးကျူးကြပါနဲ့..."

"ကြည့်ပါလား...ဒေါက်တာမလေးက
ကိုယ့်ကိုကိုယ်အရမ်း နှိမ့်ချနေတာပဲ...ကျွန်မတို့ကတကယ်တော်လို့ တော်တယ်ပြောတာပါရှင်...
ကယ်ဖို့အကြောင်းဖန်လာတယ်ဆိုတည်းက
...ရေစက်ရှိလို့ပေါ့...အဟင်း...ဟင်း..."

"ဟုတ်ပါတယ်...ဒေါက်တာ့အနေနဲ့...အပန်းမကြီးရင်...ကျွန်တော်ဆေးရုံဆင်းတော့မှ...တစ်နေ့လောက် ထမင်းဖိတ်ကျွေးချင်ပါတယ်....အရင်က ကျွန်တော် ပြောမှားခဲ့တာကိုလည်း တောင်းပန်ရင်းနဲ့ပေါ့...."

"နည်းသလားလို့ တစ်ခါပဲဖိတ်ကျွေးမှာလားဟင်...."

"ဟား...ဟား...ခဏ...ခဏလာစားပါဗျာ...ဖိတ်ပါတယ်..."

အခန်း၀လေးမှာရပ်ရင်း နံရံနားတွင်ကပ်ပြီး အခန်းအတွင်းထဲမှ အသံများကို ဖြူလုံးနားထောင်နေမိသည်။
တဆက်ထဲမှာ ၀မ်းနည်းသလိုလည်း ဖြစ်လာပြီး
မနာလိုမှု လှိုင်းလေးလည်း ထလာလေသည်။
ဖြူလုံးဟာလည်း အိုသွေးဖြစ်ပါလျှက်နဲ့ အသက်မပြည့်သေးဘူးဆိုသည့် ကန့်သတ်ချက်နှင့် သွေးလှူခွင့်မရခဲ့တာဟာ သိပ်ကိုဆိုးရွားပါသည် ။
အခုတော့ ကိုကြီးကိုသွေးလှူပေးပြီး ကယ်တင်ခွင့်ရခဲ့သော မမငွေပန်းချီကို သိပ်မနာလိုတာပဲ။

အခုနေများ အခန်းထဲကို၀င်သွားရင် ဖြူလုံးမှာ အကြောင်းအရင်းမရှိပဲ လာတွေ့သလိုဖြစ်နေမှာသေချာသည်။
မမငွေပန်းချီလိုမျိုး အနစ်နာခံပေးမှု၊ပေးဆပ်မှု တစ်စုံတစ်ရာမှ မရှိ‌ပဲနဲ့ အသားလွတ် အသိအမှတ်ပြုဖို့ မတောင်းခံချင်တော့ပါဘူးလေ။

ခြေလှမ်းတို့ဟာ လေးလံစွာပဲ ဖြူလုံးကို ဆေးရုံကြီးထဲမှ ထွက်လာခဲ့ဖို့ ခွင့်ပြုခဲ့ပါတော့တယ်။

"ဖြူလုံး...."

"ဟင်...နှောင်ဇွဲ...."

နှောင်ဇွဲဟာ ဖြူလုံးရဲ့အနားသို့ စက်ဘီးလေးကို တွန်းလာလေသည် ။ပြီးနောက် ဖြူလုံးအား
 ပြုံးပြလာလေသည်။
 
"တက်....အိမ်ပြန်လိုက်ပို့ပေးမယ်..."

"ငါ..."

"...တက်စမ်းပါဟာ..."

နှောင်ဇွဲက ဖြူလုံးရဲ့လွယ်အိတ်ကလေးကို လှမ်းဆွဲလိုက်ပြီး စက်ဘီးအနောက်ဘက်သို့ တွန်းလိုက်တာကြောင့် ဖြူလုံးလည်း စက်ဘီး‌ နောက်ထိုင်ခုံလေးအပေါ်သို့ တက်ထိုင်လိုက်သည်။

ကားလမ်းမကြီး၏ လမ်းဘေးလေးကနေ စက်ဘီးလေးတစ်စီးဟာ ပုံမှန်အရှိန်နှုန်းလေးအတိုင်း ရွေးလျှားသွားနေလေသည်။
ကျောင်းစိမ်း၀တ်စုံလေးကို ၀တ်ထားသော ကျောင်းသားလေးဟာ စက်ဘီးလေးကို နင်းနေပြီး ကောင်မလေးကတော့ စက်ဘီးအနောက် ခုံလေးအပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်လိုက်လာလေသည်။

စက်‌ဘီးနင်းနေရင်းနဲ့ သူ့ခါးကိုခပ်တင်းတင်းဖက်လိုက်သော ဖြူလုံးကြောင့်နှောင်ဇွဲ၏ ခန္ဓာကိုယ်ကြီးဟာ တောင့်တောင့်ကြီးဖြစ်သွားသည်။
စက်ဘီးဂိုက်ကို လဲမသွားအောင်မနဲထိန်းထားနေရသည့်သူ့ရင်ထဲမှာ နှလုံးခုန်နှုန်းတွေဟာ ငလျှင်လှုပ်နေသကဲ့သို့ တဒုန်းဒုန်းဖြစ်နေလေသည်။

သိပ်မကြာခင်မှာပဲ သူ့ကျောပေါ်သို့ သူမရဲ့မျက်နှာလေး လာမှီတာကိုခံစားလိုက်ရသည်။
တဆက်တည်းမှာပဲ သူ့ကျောပြင်ပေါ်တွင် စိုစွတ်လာတာကို ခံစားလိုက်ရသည်ကြောင့် သူမငိုနေမှန်းသူရိပ်မိလိုက်သည်။
သူမ ဘာကြောင့်ငိုနေတာလဲ??။

မကြာပါဘူး သူမဆီမှရှိုက်သံလေးတွေပါ ထွက်လာလေသည်။
သူစက်ဘီးကို ရပ်လိုက်ချင်ပေမဲ့  သူမအတွက် ဒီလိုလေးကသာ သက်သောင့်သက်သာဖြစ်နေလိမ့်မည်ထင်တာကြောင့် စက်ဘီးကိုသာ အာရုံစိုက်ပြီး နင်းနေလိုက်သည်။

"အဟင့်...အဟင့်...ဟမ်း...မတရားဘူး...
လုံး၀မတရားဘူး...အလကားနေ...‌ မြှောက်ဆောင့်လုပ်ပြီး လိုက်ချီးကျူးထောပနာပြုနေတဲ့...အန်တီနှင်းမြတ်ကိုလည်းမုန်းတယ်...မမငွေပန်းချီကိုလည်းမုန်းတယ်...ကဝိကြီးကိုလည်း မုန်းတယ်...အားလုံးကိုမုန်းတယ်..."

အကုန်လုံးကိုပတ်ရမ်းလိုက်မိပြီးနောက် နှောင်ဇွဲ၏ကျောပြင်ပေါ်မှာ မျက်နှာကိုဝှက်လိုက်ကာ
အားရပါးရငိုမိပါတော့သည်။
ဖြူလုံး သိပ်ကိုသတ္တိနည်းလွန်းပါတယ်လေ။
မျက်ရည်တွေကို လက်ခုံနဲ့ သုတ်လိုက်ပြီးနောက် အနောက်အရပ်မှာ ၀င်လုစဲစဲဖြစ်နေသည့် နေလုံးနီနီကြီးကို လွှမ်းမောစွာကြည့်မိရင်း ရင်တွင်းခံစားချက်‌တွေကိုသာ စာစီနေမိပါတော့တယ်။

"နှောင်ဇွဲရယ်...လူတစ်ယောက်ကိုစိတ်ထဲမှာထားလိုက်မိပြီဆိုရင်...သိပ်ကိုပင်ပန်းတာပဲနော်...
အထူးသဖြင့်...သူ့ကိုမြင်နေရပါလျှက်နဲ့....
ခေါ်ဖို့အားမမွေးနိုင်တဲ့အခါမျိုးမှာ...ပိုပင်ပန်းရတယ်....သူ့စိတ်ထဲမှာရော...ဘာတွေရှိနေမှာလဲ...
ငါ့ကို တကယ်ပဲအသိအမှတ်ပြုပေးမှာလား...
ဒါပေမဲ့..သူဟာငါ့ထက်အများကြီး မြင့်မားနေတယ်...ငါ့ဘာသာသိမ်ငယ်စိတ်၀င်နေမိတယ်..
သူက ငါ့ကိုလိုလိုလားလားလက်ခံဖြစ်ရင်လည်း ...ဖြစ်မှာပေါ့.......အခုတော့..ဘ၀နှစ်ခုက အလှမ်းကွာလွန်းနေတော့...ငါ့ကိုယ်ငါ...ပြန်ဖိနှိပ်နေမိတယ်......ငါဘယ်လိုစကားစပြောရမလဲဟာ...ငါ့ရင်ထဲက စကားလေးတွေကို သူအလိုလိုသိနေရင်...ကောင်းမှာပဲ"

နှောင်ဇွဲမှာ သူမရဲ့ရင်ဖွင့်စကားတွေကြောင့် မျက်နှာကြီး ညှိုးကျသွားရသည်။
သူမပြောနေတဲ့ လူဟာဘယ်သူလဲဆိုတာ သူအရမ်းသိချင်နေမိသည်။
ခုဏက ဆေးရုံကြီးထဲကိုသူမ၀င်တော့ သူလည်း အနောက်မှလိုက်ကြည့်မိသည်။သူမက သီးသန့်ခန်းတစ်ခုရဲ့အရှေ့မှာ မတ်တပ်ရပ်နေရင်းနဲ့ ခဏလေးပဲနေပြီး  ပြန်လှည့်ထွက်လာတာကြောင့် အဝေးကနေစောင့်ကြည့်နေတဲ့ သူလည်း ဆေးရုံ၀န်းထဲမှ ထွက်လာခဲ့ကာ သူမရှိတဲ့နေရာသို့ စက်ဘီးကိုတွန်းလာခဲ့လိုက်လေသည်။

ဖြူလုံးရယ် နင့်ရင်ထဲကစကားတွေကို ကြားခွင့်ရတဲ့လူက ဘာလို့ငါဖြစ်ရတာလဲဟာ။
ငါကံကောင်းတာလား ကံဆိုးတာလားဆိုတာ
မဝေခွဲတတ်အောင် နင်လုပ်လိုက်ပြီ။
နင့်ရင်ထဲမှာ တစ်ယောက်ယောက်ရှိနေမှတော့
ငါ့ခံစားချက်တွေကို လွှင့်ပစ်လိုက်ရမှာလားလို့
ငါနင့်ကိုမေးချင်ပါရဲ့။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဒီနေ့ ရာသီဥတုသာယာနေတယ်။မိုးစက်၊မိုးပေါက်တို့ကလည်း ၀င်နှောက်ယှက်ခြင်း မရှိသလို ကောင်းကင်ကြီးကလည်း နေ၀င်ချိန်လေးကို ခေါ်ဆောင်လာသော ပုစွန်ဆီရောင်လေး သန်းနေလေသည်။

ဟိုအရင် ဆယ့်နှနှစ်တာ ကာလတုန်းကဆိုရင် ဒီလိုအချိန်လေးမှာ အဖေပြန်လာနေကြပင်။
အဖေပြန်လာရင် စာကျက်နေတာကို ခဏရပ်လိုက်ပြီး အဖေ့လက်ထဲမှ ထမင်းချိုင့်လေးကို ပြေးယူ၊ချိုင့်ကို ရေဆေးပေးပြီး တတ်သလောက် ၊မှတ်သလောက်လေးနဲ့ ချက်ထားသော ဟင်းလေးတွေကို အဖေအသင့်စားလို့ရအောင် စာပွဲပေါ်မှာ တင်ပေးထားပြီး အုပ်ဆောင်းလေး အုပ်ထားခဲ့လိုက်သည်။

ထမင်းစားချိန်ရောက်ပြီဆိုတာနဲ့ "ဟာ...ငါ့သားလက်ရာက တယ်ကောင်းကွာ...စားလို့မြိန်လိုက်တာကွာ..."စသဖြင့် အဖေ့ချီးကျူးစကားကို ကြားရပြီဆိုရင် ပြုံးပျော်ပြီး ကိုယ်ပါစာကျက်လို့ကောင်းနေလေသည်။
တကယ်တော့ ‌သားအဖနှစ်ယောက်စားဖြစ်တဲ့ နေ့စဉ်ဟင်းလျှာက အလကားရတဲ့
မန်ကျည်းရွက်ကို ခူးပြီး သုပ်လိုက်၊ဟင်းချိုချက်လိုက် စသဖြင့်လည်နေတာပါလေ။ပဲကုလားဟင်းလေးတော့ တသ်ခါတစ်လေချက်ဖြစ်ပါတယ်။
ဒါကိုပဲ အဖေကနေ့တိုင်းချီးမွှမ်းဖြစ်အောင် ချီးမွှမ်းသည်။

ဆယ်တန်းအရွယ် ထိုအချိန်လေးတွေမှာ ဆင်းရဲနွမ်းပါးခဲ့ရပေမဲ့ အရမ်းပျော်ခဲ့ရပါတယ်။
စိတ်အချမ်းသာဆုံး ဖြစ်ခဲ့တဲ့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဒါပေမဲ့ အဖေရယ် ကျွန်တော်နေ့စဉ်အစားစားချိန်တိုင်း စား‌ပွဲပေါ်မှာ ဟင်းအမျိုးပေါင်းစုံလင်နေတဲ့ အချိန်ကိုရောက်လာတော့ အဖေကလက်စုံမစားပေးနိုင်တော့ ဘူးတဲ့လား။
ဒီ၀က်သားဟင်းလေးက ဘယ်လိုအရသာ၊ဒီကြက်သားဟင်းလေးက ဘယ်လိုအရသာ
စသဖြင့် တစ်ဇွန်းချင်းဆီ အဖေ့ပန်းကန်ထဲကို ခပ်ထည့်ပေးချင်ပေမဲ့ ဟင်းလေးတွေကို အရသာခံမြည်းပေးမဲ့ အဖေကမရှိတော့ဘူး။

ကျွန်တော် ဘာလုပ်ရမလဲအဖေ။
အခု ကျွန်တော့်ဘ၀မှာ လိုချင်တာမှန်သမျှ အကုန်လုံးရနေနိုင်ပေမဲ့ ကျွန်တော်ပျော်မနေဘူး။
ကျွန်တော့်ဘ၀ကြီးက လစ်ဟာနေသလိုပဲ ။

"ဆရာ...."

အနောက်မှ ခေါ်သံကြားလိုက်တာကြောင့် ကုတင်ပေါ်တွင်ထိုင်နေရင်းနှင့် ‌ပြူတင်းပေါက်အပြင်ဘက်သို့ ငေးနေမိရာမှ သူလှည့်ကြည့်လိုက်သည်။

"အော်...ဦးလူထိန်..."

"ဆရာ...နေကောင်းနေလို့ ကျွန်တော်၀မ်းသာပါတယ်...မဟုတ်ရင်..ကိုထက်မြတ်တို့က ရိပ်မိသွားနိုင်တယ်..."

ဦးလူထိန်၏စကားတွေဟာ သူ့နားထဲသို့ ၀င်မနေပဲ အခန်း၀ကိုသာ တကြည့်ကြည့်လုပ်နေမိသည်။
သူတွေ့ချင်သည့်က‌လေးဟာ တကယ်ပဲသူ့ဆီကို
မလာဘူးပေါ့။

ဒေါ်နှင်းမြတ်ရဲ့ အပြောအရ သူမလေးက သူ့ကိုသွေးလှူပေးဖို့ ကြိုးစားခဲ့တဲ့အပြင် တစ်ညလုံးစောင့်အိပ်ပေးနေသည်ဟု  ကြားခဲ့ရတော့ သူသိပ်ကို ၀မ်းသာသွားမိခဲ့တာပါ။ဒါပေမဲ့ သူသတိရလာတဲ့အချိန်မှာတော့ သူ့မကိုမတွေ့ရသေးဘူး။ဘာကြောင့် သူမရောက်မလာရတာလဲ။

"ဆရာ...ဘာကိုကြည့်နေတာလည်း..."

"ဘာမှမဟုတ်ပါဘူး...ဒါနဲ့နေ့လည်က ကျွန်တော်ဖုန်းဆက်ပြီး ခိုင်းထားတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ..."

"သူကတော့ ရှောင်နေတယ်ဆရာ..ဒါပေမဲ့...သူ့မိသားစုကိုတော့ ကျွန်တော်တို့စောင့်ကြည့်ထားတယ်...တစ်ခုခုလှုပ်ရှားမှုတွေ့တာနဲ့...ဆရာ့ကိုပြန်ပြောပါ့မယ်..."

ဒေ၀၏ မျက်၀န်းတွေဟာ ဝံပုလွေတစ်ကောင်ကဲ့သို့ အရောင်ပြောင်းသွားလေသည်။
သူ့မျက်၀န်းထဲမှာ ရက်စက်တတ်သော အသွင်
သဏ္ဍန်မျိုးတွေ ပေါ်ပေါက်လာသည်။
သူ့တစ်ချက်မဲ့လိုက်ပြီး သူ့ရဲ့ဦးခေါင်းဒဏ်ရာကို မထိတထိလေး စမ်းသပ်လိုက်သည်။

"အဲ့ဒီ့ကောင်ကို ဖမ်းမိရင် နောက်တွဲတွေကို ဆွဲထုတ်ဖို့ လွယ်သွားပြီ...ကျွန်တော်ခဏလေး အလွှတ်ပေးထားတာနဲ့ ဦးဂ္ဂဘက်က လှုပ်ရှားလာတယ်...ဒီတော့သူ့ရဲ့အတွင်းထဲကို လှိုက်စားပြစ်မဲ့ နည်းလမ်းကိုပဲ သုံးရတော့မှာပေါ့...မကြာခင်မှာ
သူ့တို့သားအဖရဲ့ ဘ၀ကြီး...မြောင်းထဲကိုရောက်သွားစေရမယ်...‌"

"ကိုဂန္တ၀င်ကရော..ဆရာ...ကျွန်တော့်အထင်...သူ့ကိုတော့လွှတ်ပေးသင့်တယ်ထင်ပါတယ်...သူကအခုဆိုရင် အရာရာပြုပြင်နေပြီပဲ..."

ဦးလူထိန်ကို သူစူးရဲစွာဆိုက်ကြည့်လိုက်သည်။
သူဒီမြို့ကို ပြန်လာတာဟာ ခွင့်လွှတ်ပေးဖို့မဟုတ်ဘူး။အားလုံးကို ဒဏ်ခတ်ပေးဖို့ပဲ။ဘယ်လိုပဲ ကောင်းလာပါစေ ကိုယ်လုပ်တာကိုယ်ပြန်ခံရမှာပဲ။

"ဦးဂန္တ၀င်က...ကျွန်တော့်အဖေနေရာကို ၀င်ရမဲ့လူပဲ...သူသာအဖေ့ကို မခိုင်းခဲ့ရင် အဖေ့ဘ၀က ဒီလောက်ဆိုးရွားခဲ့မှာမဟုတ်ဘူး...အဓိကတရားခံက သူပဲ..."

"ဒါဆိုဖြူလုံးကရော ဆရာ...ဆရာခံစားခဲ့ရတဲ့အတိုင်း...ကောင်မလေးကိုခံစားစေချင်လို့လား...
ဆရာဦးအဂ္ဂတို့ကို နာကျည်းနေသလို...သူဆရာ့ကို နာကျည်းသွားနိုင်တာကိုရော...ထည့်မတွက်တော့ဘူးလား..."

"ခင်ဗျား...ကျုပ်ကိုဘာမှလာမပြောနဲ့...ကျုပ်ကဆုံးဖြတ်ချက်ချပြီးရင် ပြန်မပြင်တတ်ဘူး...
ခင်ဗျားရဲ့အလုပ်က ကျုပ်ခိုင်းတာကိုလုပ်ပေးဖို့ပဲ...ခင်ဗျားပြန်တော့...."

ဦးလူထိန်ဆီမှ အကြည့်လွှဲလိုက်ပြီးနောက် မှောင်စပြိုးလာသည့် ပြူတင်းပေါက်အပြင်ဘက်သို့ အာရုံ‌ပြန်ပြောင်းလိုက်သည်။
သူ့စိတ်ထဲမှာ ဖြူလုံးကအမြဲရှိနေပေမဲ့ သူ့ရဲ့လက်စားချေမှုအစီအစဉ်ကိုတော့ ပြောင်းမပစ်နိုင်ဘူး။
သူ့ရပ်လုပ်ရပ်တွေကို သူမ မမြင်နိုင်စေဖို့ သူဘာလုပ်ရမလဲ။
သူမသူ့ကို မုန်းတီးသွားတာမျိုး ဖြစ်လို့မရဘူး။
သူ့ဘာလုပ်သင့်လဲ။???

အခန်း၃၂>>>>>ဆက်ရန်....

🍁🍁🍁🍁🍁🍁

ဒေ၀ဘာလုပ်မယ်ထင်လဲ....

ဒီနေ့တူလေးမွေးနေ့မို့ မအားတာနဲ့အခုမှတင်ဖြစ်တာပါ....🙏အာနာပါတယ်နော်

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၃၂
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

စက်ဘီးကယ်ရီယာခုံလေးအပေါ်မှာ ထိုင်စီးရင်းနှင့် လေအဝေ့မှာ အပင်ပေါ်ကနေ ကြွေကျသက်ဆင်းလာသည့် သစ်ရွက်၀ါကလေးတစ်ရွက်ကို လက်နဲ့ဖမ်းဆုပ်လိုက်မိသည်။

ဒီနေ့နဲ့ဆိုရင် ကိုကြီးဆေးရုံတက်နေရတာ လေးရက်တိတိရှိသွားလေပြီ။
တစ်နှစ်ဆိုတဲ့ အချိန်ကာလကိုတောင် တစ်ခါတစ်လေမှာ ရွေ့လျားသွားလိုက်တာ မြန်လွန်းသည်ဟု ထင်မိသည်။
ဒါပေမဲ့ ဖြူလုံးအတွက်ကတော့ ဒီလေးရက်တာဟာ အရမ်းကိုကြာရှည်လွန်းသည်ဟု ထင်မိသည်။

ဒီရက်လေးအတွင်းမှာ ပြောင်းလဲမှုလေးတစ်‌ခုတော့ ရှိလေသည်။
အဲ့တာကတော့ ဖြူလုံးဟာအင်္ဂလိပ်စာမှာ အားနည်းသူမို့ မြတ်ချယ်တို့မောင်နှမနှစ်ယောက်ခေါ်သင်သော အင်္ဂလိပ်စာ ဂိုက်‌ဆရာမနဲ့ စနေ ၊
တနင်္ဂ‌‌နွေမှာ အလကားသင်ခွင့်ရခဲ့လေသည်။ပညာကို လိုချင်တော့လည်း သူများဆီမှာ ပိုက်ဆံလည်းမပေးပဲ အရှက်မရှိသင်ရတာပေါ့လေ။

"ကလင်....ကလင်..."

စက်ဘီးကလင်ခေါက်သံလေးဟာ လေထဲမှာပျံ့လွှင့်သွားချိန်တွင် သင်္ကန်းကို လက်နဲ့ မြှောက်ထားရင်း လမ်းမကြီးဘေး စင်္ကြန်၌ ကိုရင်မျောက်ရှုံးဟာ သူ့အပေါင်းအပါကိုရင်ငယ်လေးတွေနဲ့အတူ
လမ်းလျှောက်နေရင်းမှ နောက်လှည့်ကြည့်လေသည်။

"ကိုရင်...မျောက်ရှုံးဘယ်သွားမလို့လဲဘုရား...."

"နာရီစင်နားကို...."

နာရီစင်နားကိုလို့ ပြောလိုက်ရင် ဒီကိုရင်တစ်သိုက် မုန့်ထွက်၀ယ်မလို့ဆိုတာ သေချာပါတယ်။
ဖြူလုံးလည်း ကိုရင်မျောက်ရှုံးကို စချင်တာနဲ့ လှမ်းအော်ပြောလိုက်သည်။

"ကိုရင်မျောက်‌ရှုံးနော်...ကိုရင်ငယ်လေးတွေကိုပါ
ဖြတ်စီးဖို့ကြံနေရင်...ဘုန်းဘုန်းနဲ့ တိုင်ပြောမှာနော်..."

"ဟာ...ဒီငနာမလေးကတော့..."

စက်ဘီးလေးက ခပ်မြန်မြန်နဲ့ရွှေ့လျားသွားလေတော့ ဖြူလုံးကိုလှမ်းကျိန်နေပါသောကိုရင်တို့တစ်သိုက်လည်း အဝေးမှာကျန်ခဲ့လေသည်။
သံဃာသက်မရင့်သေးတာရော ၊နဂိုကမှအဆော့သန်သူကြီးကို မိဘတွေက ကိုရင်၀တ်ပေးလိုက်လေတော့ မျောက်စိတ်ကမကုန်သေးဘူးထင်ပါရဲ့  ကိုရင်ဟာ ရဘက်မုန့်ခိုးစားဖို့အတွက် အုပ်စုလိုက်ကြီးပါ အဖော်ခေါ်ပြီး မုန့်၀ယ်စားတတ်နေလေပါပေါ့လား။

"ဟဲ့...နှောင်ဇွဲ...အပေါ်ကိုကြည့်လိုက်စမ်း...သစ်ရွက်တွေဝေကျနေတာ...ဘယ်လောက်ကဗျာဆန်သလဲနော်...."

"နင်ပဲကဗျာဆန်ပါဟာ...ငါအပေါ်ကိုကြည့်ရင်အောက်မှာ တိုက်မိကုန်လိမ့်မယ်ဟ...."

နှောင်ဇွဲလည်း စက်ဘီးနင်းနေရင်းနှင့် ရယ်သံလေးနှော၍ ပြောလေသည်။
အမှန်တော့ နှောင်ဇွဲတို့ နေတဲ့လမ်းနဲ့ ဖြူလုံးတို့နေတဲ့လမ်းက အရမ်းကြီးဝေးတာမဟုတ်ပေ။
မနေ့ကလည်း လမ်းလျှောက်ပြန်နေတာပေမဲ့ ဒီနေ့တော့ အပြင်မှာမုန့်ထွက်စားချင်လို့ လမ်းကြုံအိမ်ကိုလိုက်ပို့ပေးပါရစေလို့  ပြောတာနဲ့ ဖြူလုံးလည်း ခြေထောက်ညောင်းသက်သာရင်ပြီးရောဆိုပြီး လိုက်လာခဲ့မိပါသည်။

"ကျွီ!!!!!!"

"ကဲ...ရောက်ပြီ...အစ်မတော်ရေ..."

"လိုက်ပို့ပေးတဲ့အတွက်...ကျေးဇူးပါပဲသူငယ်ချင်းရယ်...."

"ရပါတယ်ဟာ...ငါသွားပြီနော်...တာ့တာ..."

"အေး....တာ့တာ...လမ်းမှာဂရုစိုက်သွားအုံးနော်..."

သူငယ်ချင်းဖြစ်သူ နှောင်ဇွဲအားနှုတ်ဆက်ပြီးနောက် လူတစ်ယောက်၀င်စာတံခါးပေါက်မှတစ်ဆင့် ခြံထဲသို့၀င်လိုက်ပြီး တံခါးကိုပြန်စေ့ထားလိုက်သည်။
ခြံထဲသို့ ခြေလှမ်းလိုက်မိတာနှင့် သက်ပြင်းကအလိုလိုချမိပြန်ပါသည်။

"ဟင်း...လေးရက်ရှိပြီ...ကိုကြီးကိုလည်း ဆေးရုံမှာ လူနာတစ်ခါမှသွားမမေးဖူးဘူး...ဖြူလုံးရယ်...နင်ဘာဖြစ်နေတာလည်း...မမငွေပန်းချီနဲ့ က ဒီအတိုင်းစကားပြောနေတဲ့ ဥစ္စာကို ဘာတွေ
မနာလို၀န်တိုနေမိတာလဲ...တော်တော်ကြောင်တာပဲ..."

ကိုယ့်ခေါင်းကိုယ် လက်သီးဆုပ်နဲ့ ပြန်ထုရိုက်နေရင်းနှင့် စံအိမ်ကြီးရဲ့ ဒုတိယထပ်ဆီသို့ မော့ကြည့်လိုက်မိတော့ မျက်လုံးတွေတောင် ပြူးကျယ်သွားမိလေသည်။
ကိုယ့်မျက်လုံးကိုယ်တောင် မယုံချင်သလိုဖြစ်သွားတာကြောင့် လက်နဲ့မျက်လုံးတွေဖိပွတ်လိုက်ရင်းသာ ဒုတိယထပ်ကို ကြည့်လိုက်မိပြန်သည်။

"ဟာ...ကို...ကိုကြီးပြန်ရောက်နေတယ်..."

ခြံတံခါးနဲ့ စံအိမ်ရဲ့အကွာအဝေးဟာ နဲနဲလှမ်းပေမဲ့   
ဒုတိယထပ်ရဲ့ ၀ရံတာကနေ ဖြူလုံးကိုစူးဆိုက်ကြည့်နေသည့် ကိုကြီးကိုတော့ ဖြူလုံးသေချာမြင်နေရပါသည်။
စိတ်ထဲမှာ ကိုကြီးဆေးရုံတက်နေစဉ် ကာလတစ်
လျှောက်လုံး သွားမတွေ့မိတာကို အပြစ်ကြီးတစ်ခုလို ခံစားနေမိတာကြောင့် အခုလောလောဆယ် ကိုကြီးနဲ့ မျက်နှာချင်းမဆိုင်ချင်ပေ။

ဒီတော့ ဖြူလုံးလုပ်ရမှာ တစ်ခုက ကိုယ့်အခန်းထဲကိုအမြန်ပြေးသွားပြီးပုန်းဖို့ပဲ။
အတွေးနဲ့အတူ လွယ်အိတ်ကို ပိုက်ပြီး ကတ္တရာခင်းထားသော လမ်းကနေတစ်ဆင့် စံအိမ်ကြီးထဲသို့ ရောက်အောင်ခြေကုန်သုတ်မိတော့သည်။
စံအိမ်ထဲသို့ ခြေချလိုက်မိသည်နှင့် အထဲမှာ လူရှိသလားဟု အရိပ်အခြေလေးကြည့်လိုက်ကာ ခိုးကြောင်ခိုးဝှက်ကလေးနဲ့  ကိုယ့်အခန်းသို့ ပြေးဖို့ချောင်းရသည်။

"ဖြူလုံး!!!"

"အမယ်လေး...ဗုဒ္ဓေါ!!!!"

ကိုကြီးဟာ ဘယ်ချောင်ကနေ ရောက်ချလာသလဲမသိပေ။
ဖြူလုံးကို မျက်ထောက်နီကြီးနဲ့ ကြည့်နေပြီး မျက်နှာမှာလည်း ဖြူလုံးလို ချွေးတွေပြန်နေလေသည်။
ခါးကို ထောက်ပြီး ဟောဟဲ၊ဟောဟဲဖြစ်နေပုံက မသိရင်ဖြူလုံးလိုပဲ ပြေးလာခဲ့သလား ထင်ရတယ်။

"ဦးလေးမှာ...အစွမ်းတွေဘာတွေများ ရှိသလားဟင်..."

ဖြူလုံးမှာ မနေနိုင်တော့မေးမိလေသည်။

"ဘာရယ်....ဘာဖြစ်လို့မေးတာလဲ..."

"ဟို...သမီးခြံထဲကိုစ၀င်တုန်းက...အပေါ်ထက်က လသာဆောင်မှာပါ...ဦးလေးရပ်ကြည့်နေတာကို
...တွေ့ခဲ့တယ်...အခုဘယ်လိုလုပ်ပြီးအောက်ထပ်ကို ချက်ချင်းရောက်ချလာတာလဲ..."

"ပြေးလာတာလေ..."

"ဘယ်လို..."

ယောင်ပြီးအမှန်တွေထွက်သွားတဲ့ ကိုယ့်ပါးစပ်ကိုပဲ ဖြတ်ရိုက်လိုက်ချင်ပါတော့တယ်။
အမှန်ကတော့ သူမကိုဒီရက်တွေအတွင်းမှာ မတွေ့ရတာကြာလာလေတော့ အရမ်းကိုတွေ့ချင်နေခဲ့တာပါ။
ဆေးရုံက ဆင်းလာပြီး အိမ်ကိုရောက်လာပြန်တော့လည်း သူမကိုမတွေ့ရတာကြောင့် လသာဆောင်မှာ ထွက်စောင့်နေမိခြင်းပင်။
ဖြစ်ချင်တော့ ကောင်လေးတစ်ယောက်ရဲ့ စက်ဘီးနဲ့ သူမကအိမ်ပြန်လာတာကို တွေ့လိုက်ရသည်။

မယ်မင်းကြီးမလေးကတော့ သူ့ကိုတွေ့တွေ့ချင်းပဲ အိမ်ထဲသို့ ၀င်ပြေးဖို့လုပ်တာကြောင့် သူလည်းသူခိုးမလေးကို ဖမ်းမိဖို့ရာ ဒဏ်ရာတွေကိုလည်း မထောက်ပဲ အောက်ထပ်သို့ ဒုန်းဆိုင်းပြေးဆင်းလာခဲ့ရလေသည်။

"ဦးလေး...ဘာတွေစဉ်းစားနေတာလဲ..."

မျက်လုံးကလေးပြူးပြီး စပ်စုချင်တဲ့ပုံစံလေးနဲ့ မေးလာတာကြောင့် သူပြုံးလိုက်မိသည်။
ပြီးနောက် သူမရပ်နေသော နေရာဆီသို့ တိုးကပ်သွားလိုက်တော့ အရပ်ရှည်သော သူ့ကို ကလေးမလေးခမျာ ဇာတ်ကလေးလှန်ပြီး မော့ကြည့်နေရလေသည်။
စိတ်ထဲမှာ ကလေးကိုမကျေနပ်တာလေးတွေရော၊စချင်စိတ်လေးတွေပါ ရောနှောနေတာကြောင့် သူမရဲ့ လက်ဂုတ်နေရာကို သူ့လက်ဖဝါးကြီးနှင့် အုပ်ကိုင်လိုက်သည်။

"‌အို...ဘာလုပ်တာလည်း..."

သူမကရုန်းရင်းနှင့် အနောက်သို့ အတင်းဆုတ်နေပေမဲ့ သူကတော့ လေးနှစ်အရွယ်ကလေးမလေးကို ခြိမ်းခြောက်နေသည်ဟုပဲ သဘောထားကာ
သူမရဲ့ လက်ကုတ်လေးကို မလျှော့မတင်းလေး ဆုပ်ကိုင်ထားလိုက်သည်။ခန္တာကိုယ်ကို ကိုင်းချလိုက်မိတော့ ကလေးရဲ့ကြောက်သွားတဲ့ မျက်နှာလေးကို ထင်ထင်ရှားရှားမြင်ခွင့်ရသွားလေသည်။

"ကလေးဘက်ကနေ...ဘာမေးခွန်းမှမမေးနဲ့...ကိုကြီးမေးတာပဲဖြေ...အဆင်ပြေလား..."

ပိုင်စိုး၊ပိုင်းနင်းနဲ့ လည်တိုင်ကိုလည်း ညှစ်ထားသလိုလုပ်ထားပြီး မျက်နှာကိုလည်း အနီးကပ်ကြည့်နေကာ အမိန့်တွေလာထုတ်နေသည်မို့  
ကိုကြီးကိုဖြူလုံး မျက်မှောင်ကြုံ့၍ မကြည်သလိုပြန်ကြည့်နေလိုက်သည်။

"ဘာမေးမလို့လဲ..."

"ခုဏက...စက်ဘီးနဲ့လိုက်ပို့တာ ဘယ်သူလည်း...
သူကဘာလို့ လိုက်ပို့ရတာလည်း...ကလေးကရော..သူနဲ့မှဘာလို့ပြန်လာရတာလဲ..."

"ဟာ...မေးခွန်းတွေကများလိုက်တာ...သူကသမီးရဲ့သူငယ်ချင်း...သူ့အစ်မနဲ့လည်း သမီးကသူငယ်ချင်းပဲ...အင်္ဂလိပ်စာမှာ အားနည်းလို့ သူတို့မောင်နှမနှစ်ယောက်က  သူတို့ရဲ့အင်္ဂလိပ် ဂိုက်ဆရာမနဲ့...အခမဲ့ကျူရှင်လာတက်ခိုင်းလို့...
စာသင်ပြီးပြန်လာတာ...နှောင်ဇွဲကလည်း လမ်းကြုံလို့ လိုက်ပို့ရုံပါပဲ..."

"ဒါဆို...သူက...ကလေးနဲ့သူငယ်ချင်းအဆင့်ပဲပေါ့...သေချာတယ်နော်..."

"သေချာပါတယ်...ကိုဖိုးအေးနဲ့တောင် လမ်းခွဲလိုက်တာ တစ်ပတ်ကျော်ပါပြီ..."

ဖြူလုံးရဲ့ မျက်နှာအနားသို့ ပိုတိုးကပ်လာပြီး စူးစမ်းသလို ကြည့်လာတာကြောင့် စိတ်ထဲမှာ ရှက်ရွံ့သလို ဖြစ်သွားပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
ကိုကြီးရဲ့ စူးရှပြီး အရောင်လဲ့နေသော ခရမ်းရောင်သန်းသည့် မျက်၀န်းလေးတွေကို
ပြန်ဆိုက်ကြည့်လိုက်မိသည့် အခိုက်မှာ ဖြူလုံးရဲ့နှလုံးသားလေးဟာ တစ်ချက်မျှ စောင့်ခုန်တက်သွားသည်။

ဘာဖြစ်တာပါလိမ့်။စိတ်ထဲမှာ အရမ်းရှက်နေသည့်ခံစားချက်ကြီး ဖြတ်ပြေးသွားတာ ဘာကြောင့်လဲ။?????

"ဒီနေ့ကစပြီး...သူများအိမ်မှာစာသွားမသင်နဲ့တော့..ဒီစံအိမ်မှာပဲ ခြောက်ဘာသာလုံးအတွက် ဂိုက်ဆရာမခေါ်ထားပေးမယ်..."

"ရှင်...."

"နောက်ပြီး..ကလေးကျောင်းသွားဖို့အတွက်လည်း...စက်ဘီးတစ်စီးချက်ချင်းမှာထားပေးမယ်..နောက်တစ်ခါဘယ်သူ့စက်ဘီးနောက်ကမှ လိုက်မစီးရဘူး...ကြားလား..."

ကိုကြီးပြောနေသော စကားတစ်လုံးချင်းဆီတိုင်းဟာ ဖြူလုံးအတွက်တော့ အထူးအဆန်းတွေချည်းပဲမို့ ပါးစပ်ကလေးဟပြီးတော့သာ အံ့ဩနေမိပါသည်။

"ဟိတ်...ဘာဖြစ်နေတာလဲ...
ကြောင်တောင်တောင်လေးနဲ့...."

"ဟင်...ဘာ...ဘာမှမဖြစ်ပါဘူး..."

"ကိုကြီး...ပြောတာတွေအားလုံးကို လက်ခံရမယ်နော်...အထွန့်တက်တာကိုမကြိုက်ဘူး...ရည်းစားလည်းထပ်ထားဖို့မစဉ်းစားနဲ့...ဒီတစ်ခါရည်းစားထားတယ်လို့...ထပ်ကြားရင်ရိုက်မှာနော်..."

"အမ်....သမီးက ကလေးမှမဟုတ်ပဲနဲ့..."

"အေး...အဲ့ဒီ့ကလေးစိတ်တစ်၀က်...လူကြီးစိတ်တစ်၀က်တွေက ပိုကြောက်ရတယ်...နောက်ပြီးဦးလေးလို့ ထပ်ခေါ်ရင်လည်း ရိုက်မှာနော်...
သွား...အခန်းထဲမှာအနားသွားယူတော့ .."

တစ်ယောက်တည်း ပြောချင်တာတွေပြောခဲ့ပြီး အပေါ်ထပ်သို့ တက်သွားသော ကိုကြီးရဲ့ ကျောပြင်ကျယ်ကြီးကို ကြည့်ရင်းနှင့် ဖြူလုံးမှာ ငိုမိတော့မတတ်ဖြစ်နေရလေသည်။
ကိုကြီးက ဖြူလုံးကိုတကယ်ဂရုစိုက်တာပါလားလို့လည်း ပီတိတွေဖြာနေမိပါသည်။
ဒါပေမဲ့ ဘာကြောင့်ဖြူလုံးကို သူဟာကဝိဘာလို့ ၀န်မခံခဲ့ရတာလဲ။

ဖြူလုံးကို စိတ်ပူပေးတယ်၊ဂရုစိုက်ပေးတယ်၊ အသေးစိတ်ကအစပူပန်ပေးနေပါလျှက်နဲ့ သူ့ဘက်က "ကိုကြီးဟာ ကဝိပါ"ဆိုတာကိုတော့ ၀န်မခံသွားခဲ့ဘူး။
ဖြူလုံးလည်း ကိုကြီး၀န်မခံလာမချင်း ဒီအတိုင်းလေးပဲ မသိယောင်ဆောင်ပေးသွားရင် ပိုကောင်းမယ်ထင်ပါတယ်လေ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဒုန်း!!!!"

"မင်းက...ဘာတွေများ ဒီလောက်တော်နေလို့...လုပ်ငန်းခွဲပေးဖို့ လာပြောနေရတာလဲ
...ဟမ်..."

ထက်အာကာမှာ ဖခင်ဖြစ်သူ၏ ဒေါသကိုသိတာကြောင့် စိတ်ထဲမှာမကျေနပ်ပေမဲ့ အံကြိတ်ကာသည်းခံနေရလေသည်။
 ကိုယ့်ဘာသာ သီးသန့်လုပ်ငန်းတစ်ခုခွဲထွက်ချင်ပါတယ်ဟု ထုတ်ပြောလိုက်မိတဲ့အချိန်တိုင်း
 အဖေ့ဒေါသက ပုံမှန်အတိုင်း ပေါက်ကွဲလွယ်သွားပြန်ပါသည်။
 
အဖေဟာ သူ့ကိုဘယ်အချိန်‌ရောက်မှ ယုံကြည်စိတ်ချလာမှာလဲ။ယောက်ျားတစ်ယောက်အနေနဲ့ အဖေ့အငွေ့အသက်မပါပဲ ကိုယ့်ဒူးကိုယ်ချွန်ကြည့်ချင်မိတာ အမှားလား။
အဖေက သူ့ကိုဆိုဘယ်တုန်းကမှ အထင်မကြီးပါဘူးလေ။

"အာကာ...မင်းမှတ်ထား...မင်းကဘာမှအသုံးမကျသေးတဲ့ ငပေါသာသာအဆင့်ပဲရှိသေးတယ်..
မင်းသာငတုံးမဟုတ်ဘူးဆိုရင်...ငါအစောတည်းကနားနေရပြီကွ...သိရဲ့လား...ဟိုတစ်လောက
...အာဏာပိုင်တွေလက်ထဲကို သစ်တွေရောက်ပြီးတည်းက ငါမင်းကိုမယုံတော့တာကွ...
သောက်ပေါကောင်...မင်းငါ့အရှေ့ကထွက်သွားစမ်းကွာ...မင်းရဲ့သောက်ခွက်ကို...ငါမကြည့်ချင်ဘူး....သွား!!!!"

အဖေ့ကိုဘာတစ်ခွန်းမှ ပြန်မပြောချင်တော့တာကြောင့် အာကာလည်း စာကြည့်ခန်းထဲမှ ထွက်လာလိုက်သည်။လက်သီးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။

"တီ...တီ...တီ..."

ဖုန်းမြည်သံကြား၍ ဖုန်းကိုထုတ်ကြည့်လိုက်တော့ ဇော်မင်းရဲ့ ဖုန်းနံပါတ်ဖြစ်နေလေသည်။

"ဟယ်လို..."

"အာကာ...မင်းအားလား...အားရင်...အတူထွက်သောက်ရအောင်ကွာ..."

သူလည်း စိတ်ညစ်နေတာဆိုတော့ ‌ဇော်မင်းတို့၏ အကြံကိုသဘောတူလိုက်ပြီးနောက် ကားကိုအမြန်မောင်းနှင်ကာ ဇော်မင်းတို့ချိန်းသော
Night House ဆိုသည့် ဘားသို့သွားလိုက်သည်။

"ချီးယား....ချကွာ...ဒီညအမူးသောက်ကြမယ်..."

"အာကာ...ဟေ့ကောင်မင်းဘာဖြစ်လာတာလဲ...
အခုနဲ့ဆိုရင်...ငါးခွက်တောင်ရှိနေပြီနော်...မင်းမှောက်တော့မယ်...."

ဟုတ်ပါရဲ့ စိတ်ညစ်မှုတွေကို အရက်နဲ့ဆေးကြောပစ်နေမိတာ ငါးခွက်မြှောက်တောင် ဖြစ်နေလေပြီ။

"အေ့...ငါ...စိတ်ညစ်လို့ပါကွာ...ငါ့အဖေက
တကယ့်အတ္တသမားပါကွာ...လုပ်ငန်းခွဲပြီး လုပ်ချင်ပါတယ်ဆိုတာကို ခွင့်မပြုဘူးတဲ့ကွာ...
တကယ်ကိုစိတ်ကုန်တယ်..."

"ဒါဆိုလည်းကွာ...တစ်ခြားကနေ အရင်းအနှီးဆွဲပြီး...လုပ်ကြည့်လိုက်ပေါ့..."

"ဘယ်သူက...ငါ့လိုကောင်ကို...ဒီလောက်အများကြီးချေးမှာလဲကွာ...မဖြစ်နိုင်တာ..."

"ဘာလို့ မဖြစ်နိုင်ရမှာလဲကွာ...ငါတို့ရဲ့အသိတစ်ယောက်ဆိုရင် ချေးပေးလောက်တယ်...မင်းကြိုးစားကြည့်ပါလား..."

"ဟာ...တ...တကယ်လား..."

"‌တကယ်ပေါ့ကွာ..."

ဇော်မင်း၏ စကားကြောင့် အာကာမှာ အမူးတောင်ပြေချင်သလိုဖြစ်သွားပြီး အရမ်းပျော်သွားလေသည်။
တကယ်သာ ‌အရင်းအနှီးထုတ်ချေးပေးမယ်ဆိုရင် သူ့လုပ်ငန်းကိုစတင်လို့ရမှာ သေချာပါတယ်။
အဖေ့ကို သက်သေပြချင်တယ်။
သားလည်း အောင်မြင်အောင်လုပ်ကိုင်နိုင်တယ်ဆိုတာကိုပေါ့။

အခန်း၃၃...ဆက်ရန်>>>>>>

🍁🍁🍁🍁🍁🍁

ဒေ၀ဟာ တစ်ဖက်မှာလည်း ဖြူလုံးကိုအပျော့ဆွဲ
ဆွဲနေသလို တစ်ဖက်မှာလည်း သူ့ရဲ့ကလဲ့စားချေမှုတွေကို စတင်နေပါပြီ...မကြာခင်မှာဇာတ်လမ်းရဲ့ အရှိန်အမြင့်ဆုံးနေရာတစ်ခုကို ရောက်လာတော့မှာပါ....

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...