အခန်း(၆၂)ဇာတ်သိမ်းခန်း
🍁ဘီလူးနမ်းသော အရိုင်းပန်း🍁
ဦးဒေ၀ကိုယ်တိုင်လှည်းတန်းကတိုက်ခန်းကို လိုက်ပို့ပေးတဲ့နေ့ဟာ ဖြူလုံးတို့နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ နေ့ပါပဲ။ဦးဒေ၀ဟာ သူ့ကတိအတိုင်း ဖြူလုံးကို ထပ်လာမတွေ့ခဲ့ဘူး။တစ်နှစ်ပြည့်လို့မှ တစ်ခါတောင်လာမတွေ့ခဲ့တာပါ။
ဒါပေမဲ့ သူပေးထားတဲ့ဖုန်းကိုတော့ တစ်ပတ်မှာတစ်ခါလောက် ဆက်ပြီး ဖြူလုံးနဲ့စကားပြောဖို့ သူကြိုးစားတယ်။ဖြူလုံးလည်း ဘာကြောင့်မှန်းမသိပဲ Twitter ဖွင့်လိုက်မိတယ်။သူဖုန်းဆက်လာတဲ့ အချိန်မှာ Twitter အကောင့်ကို ပြောလိုက်တော့ ချက်ချင်းလာအပ်တော့တာပဲ။နေ့တိုင်းလိုလို သူပို့လာတွေစာတွေက
"နေကောင်းလား...."
"ထမင်းစားပြီးပြီလား..."
"ဒီနေ့ဘယ်သွားလဲ...."
"အိပ်ပြီလား...."
"Good Night 🌃" စသဖြင့် အမြဲပုံမှန်မေးတတ်တယ်။သူစာပို့လာတိုင်း ဖြူလုံးကလည်း "အင်း"တစ်လုံးသာ အများဆုံးစာပြန်လေ့ရှိတယ်။တကယ်တော့ ဖြူလုံးပြောချင်တဲ့စကားတွေက အများကြီးပါပဲ။ဒါပေမဲ့ ပြောဖို့ကိုမဝံ့မရဲ ဖြစ်နေခဲ့တာပါ ။
သူကတစ်လပြည့်တိုင်း ဖြူလုံးဆီကို ပိုက်ဆံ
ငါးသိန်းနဲ့ ပန်းခြင်းတွေလက်ဆောင်ပို့ပေးတတ်တယ်။ပိုက်ဆံတွေ မယူချင်ဘူး မပို့ပါနဲ့လို့ သူ့ဆီကို စာပို့လိုက်တော့ သူ့ဆီပြန်လာတဲ့စာက...
"ငြင်းမယ်ဆိုရင် နောက်တစ်ခါသိန်းငါးရာလောက် ပို့ပစ်လိုက်မယ်....ဖြူလုံး အလုပ်မဆင်းပါနဲ့တော့ အဝေးသင်တက်နေတာမဟုတ်လား...
အားနေတဲ့အချိန်တွေမှာ ဘာသာစကားတွေအများကြီး လျှောက်သင်...ဝါသနာပါတဲ့သင်တန်းတွေ လျှောက်တက်... meeting ရှိလို့ ဒါပဲနော်....💪"
နောက်ဆုံးမှာ ကြိုးစားဖို့ အီမိုဂျီလေး ချန်ခဲ့တာကို ကြည့်ပြီး ဖြူလုံးရယ်လိုက်မိပါတယ်။တကယ်တော့ ကိုကြီးကဖြူလုံးရဲ့ဘ၀ကို တိုးတက်စေချင်တဲ့
တစ်ဦးတည်းသော လူပါပဲ။သူနဲ့လိုက်ဖက်ဖို့ ဆိုရင် ဖြူလုံးဟာ တကယ်ကိုကြိုးစားမှရပါလိမ့်မယ်။
ဒါပေမဲ့ သူ့ပိုက်ဆံတွေကို အကုန်မသုံးချင်တာကြောင့် တော်တော်များများကိုတော့ သူနဲ့ပြန်တွေ့ရင် ပြန်ပေးဖို့ ဆုထားလိုက်မိတယ်။
Online shopping တစ်ဖက်တစ်လမ်းက လုပ်ဖို့တိုင်ပင်ပြန်တော့...
"မလုပ်နဲ့ ...အဲ့အလုပ်တွေက အာရုံနောက်တယ်.."
ဆိုတာကြီးပဲ စာပြန်ပို့လာတယ်။
ဖြူလုံးတို့ကြားမှာ တစ်ခုထူးခြားလာတာကတော့ စာပို့ရင် အရင်လို "နေကောင်းလား...."
"ထမင်းစားပြီးပြီလား..."လောက်ကို ပြောရုံတင်မဟုတ် တော့ပဲ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ
ပြောလာမိကြတယ်။
သူက ဒီနေ့ဘယ်ကိုသွားရမယ် ။ဘာမီတင်ရှိတယ်
စသဖြင့် ပြောပြလာခဲ့သလို ဖြူလုံးကလည်း ဘုရားသွားပြီး ကုသိုလ်ယူဖြစ်တာလေးတွေပါ ပြောဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဖြူလုံးတို့နှစ်ယောက်လုံးဟာ ခံစားချက်ပါ၀င်တဲ့ စကားလုံးတွေကိုတော့ ထည့်မပြောဖြစ်ကြပါဘူး။
"ဒီအတန်းထဲမှာ ဖြူလုံးရှိပါသလား...."
"ရှိပါတယ်...ဒီမှာပါ...."
ဖြူလုံးက အသံပြုလိုက်တော့ deliသမားလို ဦးထုတ်ဆောင်းထားတဲ့ ကိုကြီးတစ်ယောက်က အခန်းထဲသို့ ၀င်လာလေသည်။သူ့လက်ထဲမှာလည်း အလှပန်းစည်းတစ်ခုကိုင်လာတယ်။
ဖြူလုံးက နားမလာနိုင်စွာ ကြည့်နေမိတဲ့အချိန်မှာပဲ
ဖြူလုံးရဲ့ သူငယ်ချင်းတွေက ထအော်ကြတယ်။
"ဝိုး.....ချောကလက်ပန်းစည်းကြီးဟ....."
"ဖြူလုံး ..နင့်ကောင်လေး ပို့လိုက်တာလား...."
"ချောကလက်တွေက နာမည်ကြီးတံဆိပ်တွေကြီးပဲနော်....ဟဲ့...ဒီမှာကဒ်ကလေးပါတယ်...."
Deliသမား ပေးသွားတဲ့ ချောကလက်ပန်းစည်းလေးကို ယူလိုက်ပြီး အထဲမှာရှိနေတဲ့ကဒ်ကလေးကို ဖတ်ကြည့်လိုက်တော့....
"Happy Birthday Phyu 🎂
Miss you♥️..."
ဟက်ပီးဗက်ဒေးဆိုတဲ့ စာလေးကဘာမှမဆန်းပေမဲ့ နောက်ဆုံးမှာရေးထားတဲ့ Miss you(မင်းကိုသတိရတယ်)ဆိုတဲ့ စာသားလေးကတော့ ဖြူလုံးရဲ့နှလုံးသားထဲကို နက်ရှိုင်းစွာ ၀င်ရောက်လာခဲ့ပါတယ်။ဖြူလုံးကိုယ်တိုင်တောင် ကိုယ့်မွေးနေ့ကိုယ်မေ့နေခဲ့တာပါ သူကတော့သတိတရရှိနေခဲ့တယ်။
ချစ်သူများနေ့တုန်းကလည်း ပန်းစီးအကြီးကြီးနဲ့ မျှားနတ်မောင်ပုံ လော်ကတ်သီး လေးပါတဲ့ ဆွဲကြိုးတစ်ကုံး ဖြူလုံးဆီကို ရောက်လာခဲ့တယ်။
သူက ဖြူလုံးပြောခဲ့တဲ့ ဘွဲ့ရပြီးမှဆိုတဲ့ စကားကိုနားထောင်ပေမဲ့ သူ့အပေါ်ကို ခံစားချက်လျှော့သွားမှာ စိတ်၀င်စားမှုလျော့သွားမှာကို စိုးရိမ်နေပုံပါပဲ။သေချာတာကတော့ သူပေးတဲ့လက်ဆောင်လေးတွေက ဖြူလုံးကိုစိတ်အနှောက်အယှက်မဖြစ်စေပါဘူး။
"ဖြူလုံး....နင့်ကောင်လေးက ဘယ်သူလဲ....
ဒီတစ်ခါတော့ နင်ငါတို့ကိုပြောပြရမယ်နော်..."
"ဟုတ်တယ်...ဟုတ်တယ်ဖြူလုံး...နင့်ဆီကိုလက်ဆောင်တွေရောက်လာတိုင်း မေးတာတစ်ခါမှမဖြေဘူး....ပြောစမ်း....နင့်ကောင်လေးကဘယ်သူလဲ..."
ကိုယ့်ထိုင်ခုံက သူငယ်ချင်းတွေတင်မကပဲ
ရှေ့အတန်းကသူငယ်ချင်းတွေရော နောက်အတန်းက စပ်စုစိန်တွေကပါ ဝိုင်းလာကြတာကြောင့် ဖြူလုံးမှာ အနေရကြပ်နေလေသည်။
"ငါ အပြင်ခဏထွက်လိုက်အုံးမယ်...."
"ဟာ....ဖြူလုံး...ဟဲ့..."
အနောက်မှာ အော်ကျန်နေခဲ့ကြပေမဲ့ ဖြူလုံးကတော့ ဆရာမ မလာခင်လေး အတန်းအပြင်ကိုခဏထွက်လိုက်ပြီး Twitterထဲကို ၀င်လိုက်သည်။
ဖြူလုံးသူ့ဆီကို စာပို့ချင်ပေမဲ့ တစ်ခါမှစာအများကြီး မပြန်ဖြစ်တာကြောင့် စာကြောင်းအရှည်ကြီး ရိုက်ရမှာတစ်မျိုးဖြစ်နေလေသည်။
"မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်....."
ဒီ့ထက်ပိုပြီး စာရိုက်ချင်ပေမဲ့ ဖြူလုံးဒီလောက်ပဲပြောလိုက်မိတယ်။သူ့ဆီကနေ ချက်ချင်းစာပြန်
မလာတာကြောင့် အတန်းထဲကိုပဲ ပြန်၀င်လာလိုက်သည်။ ဖြူလုံးရဲ့ အာရုံကတော့ ဖုန်းစခရင်မ်ပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေလေသည်။
အတန်းချိန်နှစ်ချိန်လောက် တက်ပြီးသွားတာတောင် သူ့ဘက်ကစာမပြန်လာခဲ့ဘူး။
ပုံမှန်ဆိုရင် စာပြန်တာသိပ်မကြာတတ်ပါဘူး။
သူတစ်ခုခုများ ဖြစ်နေလို့များလား။အစည်းအဝေးလုပ်နေလို့လား။ ဒါမှမဟုတ် တမင်စာမပြန်ချင်လို့လား။
"ဖြူလုံးရေ....ကန်တင်းကိုသွားကြမယ်....လိုက်မှာလား...."
"အင်း....ငါဗိုက်နဲနဲဆာနေသလိုပဲ...."
သင်္ချာအဆောင်ဘက်မှာ ဆိုင်ခန်းတွေအသစ်ဆောက်ထားပေမဲ့ မိန်းဆောင်ဟိုဘက်သိပ္ပံဆောင်ဘက်မှ ကန်တင်းဟာ ပိုစည်တာကြောင့် ဖြူလုံးတို့ သူငယ်ချင်း အုပ်စု သိပ္ပံဆောင်ဘက်က ကန်တင်းကို ချီတက်ကြလေသည်။
ဝိဇ္ဇာ ဆောင်ဘက်အခြမ်းမှာက သစ်ပင် တွေအလွန်နည်းပြီး အဆောင်အသစ် တွေဖြစ်တော့ နေရတာသစ်လွင်ပေမဲ့ ဖြူလုံးကတော့ သိပ္ပံဆောင်တွေကို ပိုသဘောကျမိတယ်။ဓာတုဗေဒသမားတွေရဲ့အ အဆောင်တွေဘက်မှာများ ခရေပင်တန်းကြီးနဲ့ အုံ့မှိုင်းနေတာပဲ။ဒါပေမဲ့ အားသာချက်တစ်ခုကတော့ ဖြူလုံးတို့ ဘက်အခြမ်းက စာကြည့်တိုက်နဲ့နီးတာကြောင့် အားတာနဲ့စာကြည့်တိုက်ကို သွားလို့ရတဲ့အချက်ပါပဲ။စာကြည့်တိုက်မှာ ကွန်ပျူတာလည်း သုံးလို့ရတာကြောင့် ဒီတစ်ချက်တော့အဆင်ပြေတယ်။
"စာကြည့်တိုက်ကလဲဟယ်...ငါလိုချင်တဲ့ စာအုပ်တွေကြတော့ အလွယ်ဖတ်လို့မရဘူး..
အိမ်ကိုလည်း ငှားခွင့်မပေးတော့ ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလည်း...."
"မိုးသဲရယ်...ဒါများပိတ်ရက်ကျရင် ရန်ကုန်တက္ကသိုလ်ကြီးကို သွားလိုက်လေ...ငါတောင်
မန်ဘာကဒ်လုပ်ထားတာ နှစ်ထောင်ပဲကျတယ်....
အဲ့မှာက စာအုပ်ရွေးရတာလည်း ကောင်းသလို...
ဖတ်ချင်တဲ့စာအုပ်တွေပြောလိုက်ရင်လည်း တော်တော်များများရှိတယ်...."
"ဖြူလုံး....နင်ကလည်းစိတ်ဓာတ်နော် ရန်ကုန်တက္ကသိုလ်ကိုသွားတာ ငါတို့ကိုတော့မခေါ်ဘူး...အပြင်မှာစာအုပ်တွေက ကိုယ်ဖတ်ချင်တာဆို သိပ်ဈေးကြီးတာဟာ....ငါက ဆရာမြသန်းတင့်ရဲ့ တောင်သမန် ရွှေအင်းကလေညင်းဆော်တော့ရယ်,ရွှေပြည်တော် မျှော်တိုင်းဝေးရယ်ဖတ်ချင်တာဟ...အဲ့စာအုပ်တွေကအပြင်မှာ၀ယ်ရင် ဈေးကြီးတယ်..."
"ရွှေပြည်တော်မျှော်တိုင်းဝေးကတော့ ငါအတွဲတစ်ဖတ်ပြီးသွားပြီ...သုခမြို့တော်လည်း ဖတ်လို့ကောင်းတယ်နော်....ဒီလိုလုပ်...နင်တို့အားတဲ့တစ်ရက်လောက် ငါ့ကိုအကြောင်းကြားလိုက်ပေါ့...ငါသင်တန်းဖြတ်ပေးမယ်...."
"အေး...ကောင်းသားပဲ...."
ကန်တင်းကိုရောက်တော့ ဖြူလုံးရဲ့သူငယ်ချင်းတွေက အစားအသောက်တွေမှာကြပေမဲ့ ဖြူလုံးကတော့ ဖုန်းကိုသာ မျက်တောင်မခပ်တန်းကြည့်နေမိတယ်။သူဘာလို့ မက်ဆေ့ခ်ျမပို့သေးတာလဲ။
"ဖြူလုံး...နင်ရောဘာမှာမလဲ..."
"ကြက်ကလီစာနဲ့ ထမင်းဖြူပဲ မှာလိုက်ပါ...."
"တောင်!"
ရုတ်တရက် ခုံပေါ်မှတင်ထားတဲ့ ဖုန်းဆီမှာ မြည်သံကြားလို့ကြည့်လိုက်တော့ မက်ဆေ့ခ်ျတစ်ဆောင်
က ဖုန်းရဲ့မျက်နှာပြင်မှာပေါ်နေလေသည်။
"နေမကောင်းဘူး🤒...."
ထိုစာလုံး သုံးလုံးကဘာကြောင့်မှန်းမသိပဲ ဖြူလုံးကိုစိတ်မပျော်မရွှင်ဖြစ်သွားစေတယ်။အခုလိုအချိန်မျိုးမှာ သူ့ဘေးနားမှာဖြူလုံး နေပေးချင်မိတယ်။
ဖျားနေတဲ့ လူတွေကစိတ်အားငယ်တတ်တ
ကြတယ်တဲ့။သူဘယ်လိုနေမလဲ မသိဘူး။
"တောင်!!!!!"
မက်ဆေ့ခ်ျသံထပ်မြည်လာတာကြောင့် ဖုန်းကိုဖွင့်ကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့စာသားလေးက
💌"လွမ်းနေမိတယ်...ကိုယ့်ကိုစကားတစ်ခွန်းလောက်ပြောပေးနိုင်မလား...."
"ငါသန့်စင်ခန်း ခဏသွားလိုက်အုံးမယ်..."
"ဟဲ့...ငါအဖော်လိုက်ပေးရမလား...."
ဖူးဝေရဲ့ အမေးကိုဖြူလုံးခေါင်းခါပြလိုက်ပြီး သန့်စင်ခန်းတွေရှိတဲ့ ရူပဗေဒအဆောင်ဘက်ကို တန်းသွားလိုက်မိတယ်။သန့်စင်ခန်းထဲကို မ၀င်မိပဲ လျှောက်လမ်းအတိုင်း ဖုန်းကိုကိုင်ရင်း လမ်းလျှောက်နေမိတာ ဘယ်လောက်ကြာသွားသလဲဆိုရင် ဓာတုဗေဒဆောင် အပြင်ဘက် ငုဝါပင်ကြီးအောက်ကို ရောက်လို့ရောက်မှန်း မသိလိုက်တဲ့အထိပါပဲ။
"ကျန်းမာရေးကို ဂရုစိုက်ပါနော်....
အလုပ်တွေကြီးပဲ ဖိမလုပ်ပါနဲ့ ကြာရင်စိတ်ရော၊လူရောထိခိုက်လာလိမ့်မယ်...."
စာနဲ့ရိုက်ပို့တာမဟုတ်ပဲ အသံမက်ဆေ့နဲ့ပါ ပို့လိုက်မိသည်။မက်ဆေ့ခ်ျပို့ပြီးတာနဲ့ သက်ပြင်းချလိုက်မိပြီး ကောင်းကင်ကိုမော့ကြည့်မိတော့ မြင်လိုက်ရတဲ့မြင်ကွင်းက ဖြူလုံးကို ပြုံးသွားစေမိတယ်။
ဝါရွှေရောင် ငုဝါပန်းလေးတွေဟာ ဝေဝေဆာနေပြီး လေတိုက်လိုက်တိုင်း ယိမ်းနွဲ့သွားလိုက်ပုံများ သိပ်ကိုကဗျာဆန်တာပဲ။ရုတ်တရက်အပင်မှ ကြွေကျလာတဲ့ ပွင့်ဖက်လေးတွေကို ဖြူလုံးဖမ်းလိုက်မိတယ်။
အချစ်နဲ့ထိတွေ့မိရင် လောကကြီးဟာ ပန်းတွေပွင့်သလို လှပနေတတ်တာလား။သေချာတာကတော့ နှစ်တွေဘယ်လောက်ကြာကြာ ဖြူလုံးသူ့ကို မေ့နိုင်တော့မယ်မထင်ပါဘူး။တကယ့်တကယ်မှာ ဖြူလုံးသူ့ကို ငြင်းနေမိပေမဲ့ သူ့လောက်ဖြူလုံးအပေါ် သစ္စာရှိနိုင်မဲ့ ယောက်ျားမျိုးလည်း ရှိနိုင်မယ်မထင်ဘူး။ဒါဆို ဖြူလုံးဘာလို့ တွန့်ဆုတ်နေမိရတာလဲ။အတွေးတွေကို ခဏတာဖျောက်လိုက်ပြီး သူငယ်ချင်းတွေစောင့်နေတဲ့ နေရာဆီကို ပြန်လာခဲ့လိုက်သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁
သုံးနှစ်ကြာပြီးနောက်🍁
သုံးနှစ်ဆိုတဲ့ အချိန်ကာလကို နောက်ပြန်လှည့်ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ တကယ်အကျိုးရှိစွာ အသုံးချနိုင်တဲ့လူတွေအတွက်ကတော့ ဘ၀ကိုအများကြီးပြုပြင်ပြောင်းလဲနိုင်တဲ့ ကာလအပိုင်းအခြားတစ်ခုပါပဲ။
ထိုအချိန်ကာလလေးတစ်ခုအတွင်းမှာ လောကကြီးထဲကနေ ထွက်ခွာသွားကြရသူတွေ များလွန်းလှသလို မွေးဖွားရှင်သန်လာသူတွေကလည်း အများသားမဟုတ်လား။ ကျောင်းပိတ်ရက်မှာ သုန္နကမြို့ကို အလည်ပြန်မိတော့ ဖြူလုံးရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ မြတ်ချယ်ဟာ တက္ကသိုလ်နှစ်၀က်မှာတင် အိမ်ထောင်ကျသွားခဲ့သလို နှောင်ဇွဲကတော့ နိုင်ငံခြားမှာပဲ သူ့အဖေရဲ့ကုမ္ပဏီကို ဦးစီးနေပါတယ်တဲ့။
ဖြူလုံးကတော့ အင်္ဂလိပ်စာကို အပြင်သင်တန်းမှာ သင်ပြီး သင်တန်းကဆရာကြီးရဲ့ ကျေးဇူးနဲ့အားတဲ့အချိန်တွေမှာ အပြင်ဝိုင်းတွေကို လိုက်သင်တဲ့အလုပ်နဲ့အံ၀င်ခွင်ကြဖြစ်နေပါပြီ။
တစ်ဖြည်းဖြည်းနဲ့ ဖြူလုံးသိလာရတာကတော့ ဖြူလုံးဟာ စာသင်ရတဲ့အလုပ်ကိုနှစ်သက်နေမိတယ်ဆိုတာပါပဲ။ဒါကြောင့်လည်း ဖြူလုံးတို့ရဲ့သင်တန်းကို နယ်ဘက်မှအင်္ဂလိပ်စာ ပရဟိတအနေနဲ့ လာသင်ပေးဖို့ကမ်းလှမ်းကြတာကြောင့် ဆရာကြီးရဲ့စေလွှတ်မှုနဲ့ အဖွဲ့လိုက် နယ်ဆင်းပြီး
ပညာဒါန ပြုခဲ့တာဟာ နှနှစ်လောက်ရှိနေပါပြီလေ။
ဘာလိုလိုနဲ့ အချိန်ဆိုတာ ကုန်မြန်လွန်းလိုက်တာလို့လည်း တစ်ခါတစ်လေတွေးမိတယ်။
"ဖြူလုံးရေ.....ဘွဲ့နှင်းသဘင်ကိုနောက်ခံထားပြီး အုပ်စုဖွဲ့ဓာတ်ပုံရိုက်ကြမလို့ လာလေဟာ..."
မိုးသဲနဲ့ဖူးဝေက အတင်းလာဆွဲခေါ်ကြတာကြောင့် ဖြူလုံးလည်း ဘွဲနှင်းသဘင်အရှေ့မှာ စီတန်းရပ်နေကြသည့် မြန်မာမေဂျာက သူငယ်ချင်းတွေနဲ့အတူ တန်းစီလိုက်လေသည်။ဒီနေ့က ဘွဲ့ယူတဲ့နေဆိုတော့ ဖြူလုံးအကြိုက်ဆုံး အဖြူရောင် ပိုးသားချိတ်ထမီလေးနဲ့ အိင်္ကျီ တက္ကသိုလ်ရင်ဖုံးလက်ရှည်လေးကို ၀တ်ဆင်ထားလိုက်ပြီး ဆံထုံးလှလှလေး ထုံးထားလိုက်သည်။ခြုံပုဝါလေးနဲ့ဆိုတော့ ကိုယ့်ကိုယ်ကိုတောင် ကျက်သရေရှိတဲ့အမျိုးသမီးတစ်ယောက်အဖြစ် ခံစားနေရသည်။
"အားလုံးပဲ....ဒီကိုကြည့်မယ်....."
ကင်မရာမန်းဦးလေးကြီးရဲ့ခိုင်းစေချက်အတိုင်း ဖြူလုံးတို့အားလုံး ကင်မရာရှိရာကိုကြည့်လိုက်ကြသည်။ပုံမှန်နေ့တွေနဲ့ မတူတာကတော့ အားလုံးရဲ့နှုတ်ခမ်းထက်မှာ အပြုံးကိုယ်စီနဲ့ဖြစ်နေတာပါပဲ။
တက္ကသိုလ်ကျောင်းသားဘ၀ကြီးကို ဖြူလုံးတို့ဖြတ်သန်းခဲ့ဖူးပြီးပြီ။လေးနှစ်တာဆိုတဲ့ ကာလအတွင်းမှာ မိသားစုလိုဖြစ်နေတဲ့ အတန်းဖော်တွေ၊ ခိုင်မြဲလာတဲ့ သူငယ်ချင်း သံယောဇဉ်ကြိုးတွေ။ကိုယ်၀မ်းနည်းရင် ကိုယ့်ကိုပျော်ရွှင်အောင်
စနောက်တက်ကြပြီး သူတို့၀မ်းနည်းရင်လည်း ကိုယ်က နွေးထွေးစွာ နှစ်သိမ့်ပေးခဲ့တယ်။
သူတို့နဲ့အတူရှိနေခဲ့ရတဲ့အချိန်တွေဟာလည်း ဖြူလုံးအတွက်တော့ လဲလှယ်၀ယ်ယူလို့မရတဲ့ အဖိုးတန်တဲ့အရာတွေပါပဲ။
ဒါပေမဲ့ ဒီတစ်နေ့တာပြီးဆုံးသွားခဲ့ရင် နောင်တစ်ချိန်မှာ ကိုယ့်ဒေသဆီပြန်သွားကြမဲ့လူနဲ့၊ လုပ်ငန်းခွင်အသီးသီးကို ၀င်ကြမှာနဲ့ တစ်ချို့ဆိုရင် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ကြမဲ့သူတွေတောင် ရှိပါသေးတယ်။
"ဟဲ့ နောက်တစ်ပုံကို ထူးထူးဆန်းဆန်း လေးရိုက်ကြမယ်...."
"ဟမ်...ဘယ်လိုရိုက်မှာမို့လို့လဲ...."
"ဟာ...ဦးထုပ်တွေကို လေထဲကိုမြှောက်ပြီး ရိုက်ကျမယ်လေ...."
"ဟဲ့...ဒီဘွဲ့ဦးထုပ်တွေက ပြန်အပ်ရမှာလေ...တော်ကြာပျက်စီးသွားမှ ဒုက္ခ..."
"အေး...အဲ့ဒါလဲဟုတ်တယ်...ဒါဆိုဒီလိုလုပ်
စနောက်သလိုပုံတွေ လုပ်ပြီးရိုက်ကျမယ်..."
ဖြူလုံးတို့ မေဂျာကအိဖြူဆိုတဲ့တစ်ယောက်ဟာ
အမြဲတစေဓာတ်ပုံတွေရိုက် TikTok တွေဆော့နေတတ်တော့ ဓာတ်ပုံရိုက်တဲ့နေရာမှာတော့ သူကဆရာကြီးပဲ။ဖြူလုံးတို့မှာ သူလုပ်ခိုင်းတဲ့အတိုင်း ပုံစံအမျိုးမျိုးလုပ်ပြီး ဓာတ်ပုံတွေရိုက်လိုက်ကြတာ ပြီးတာနဲ့ကိုယ့်ဟာကိုယ်ပြန်ကြည့်ပြီး ခွီနေကြရရော။
သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ပြီးသွားကြတော့ အားလုံးဟာ သူတို့မိသားစု၀င်တွေနဲ့အတူတူ
ဓာတ်ပုံရိုက်ကြလေသည်။ဖြူလုံးမှာသာ အဆောင်အတူနေတဲ့ အစ်မတွေကလည်း အလုပ်မအားလို့
မလိုက်လာပေးနိုင်တာကြောင့် တစ်ယောက်ထဲဖြစ်နေရတယ် ။
အုတ်ခုံလေးတစ်ခုအပေါ်မှာ ထိုင်လိုက်ရင်း ဖြူလုံးကြည့်နေမိတာကတော့ ကိုကြီးနဲ့ပို့ထားတဲ့
မက်ဆေ့ခ်ျတွေကိုပါပဲ။
နေတွေကလဲ ပူနေတာကြောင့် ဖြူလုံးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပူစပ်စပ်ဖြစ်နေပေမဲ့ အားငယ်၀မ်းနည်းစိတ်ကပိုနေမိတယ်။
အခြားလူတွေက မိသားစုတွေနဲ့အတူတူရှိနေပြီး ဖြူလုံးကတော့ တစ်ယောက်ထဲရယ်ပါ။
မသိစိတ်ရဲ့တွန်းအားကြောင့် လက်ချောင်းတွေဟာ စာလုံးအနည်းငယ်ကို ရိုက်နှိပ်လိုက်မိတယ်။
"အရမ်း၀မ်းနည်းတာပဲ အခုအချိန်မှာကိုကြီးကို အနားမှာရှိစေချင်တယ်...."
ဒါပေမဲ့ ကိုကြီးကနိုင်ငံရပ်ခြားမှာရှိနေတာကြောင့် မလာနိုင်ဘူးဆိုတဲ့အသိက ဖြူလုံးကိုမျက်ရည်ဝဲစေတယ်။ဖုန်းကိုပိတ်လိုက်ပြီး ခေါင်းငိုက်ဆိုက်ချကာခဏလောက်ငိုင်နေမိတယ်။
"ဖြူလုံး...."
နားထဲမှာ ကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးတွေပြူးကျယ်သွားမိလေသည်။ဖြူလုံးရဲ့အနောက်ဘက်မှာ လူတစ်ယောက်ယောက်ရပ်နေတာကြောင့် နေကာပေးထားသလိုဖြစ်နေပြီး ဖြူလုံးရဲ့ခန္ဓာကိုယ်အပေါ်ကို အရိပ်ကြနေလေသည်။
ချက်ချင်းမတ်တပ်ထရပ်ပြီး နောက်ကိုလှည့်ကြည့်လိုက်မိတော့ ...
"ကိုကြီး!!!!!!"
အဖြူရောင် လည်ကတုံးလက်ရှည်နဲ့ တိုက်ပုံအနက်ရောင်ကို ၀တ်ဆင်ထားပြီး သူ့ရဲ့မျက်မှန် နောက်ကွယ်က ခရမ်းရောင်မျက်၀န်းတွေကို လခြမ်းပုံသဏ္ဍန်ကွေးညွှတ်နေလောက်အောင် ပြုံးပြနေတဲ့လူကြီး။
ဖြူလုံးကအနားမှာ ရှိပေးနေစေချင်တယ်ဆိုတာနဲ့ သူချက်ချင်းရောက်လာခဲ့တယ်။
ဖြူလုံးရဲ့ မျက်၀န်းတွေဟာ မျက်ရည်တို့ကို
သိုဝှက်မထားနိုင်တော့ပဲ ပါးပြင်ပေါ်သို့ စီးကျခိုင်းလိုက်မိလေပြီ။နီးကပ်နေတဲ့ အနေအထားမှာ ဖြူလုံး ကိုကြီးရဲ့ရင်ခွင်ထဲကို တိုးဝေ့ပြီးဖက်ထားလိုက်မိတယ်။
"မငိုနဲ့လေ...အလှတွေပြင်ထားတာ ပျက်သွားမှာပေါ့...."
"ပျက်ပါစေ...ဖြူအခု အရမ်း၀မ်းနည်းနေတာ
ကိုကြီးကိုလည်း သတိရနေမိတဲ့အချိန် ရောက်လာတာ အရမ်းပျော်တာပဲ...."
"အရူးမလေး...သူလိုမှသတိရတာကိုများ...."
ကိုကြီးက ဖြူလုံးရဲ့နဖူးကို လက်ညှိုးလေးနဲ့ခပ်ဖွဖွတောက်ပြီး ပြောလိုက်တာကြောင့် ဖြူလူံးနှုတ်ခမ်းကြီးကို စူပစ်လိုက်သည်။
"ဒါနဲ့ ဘယ်လိုဖြစ်ပြီး ချက်ချင်းရောက်လာရတာလဲ...."
"လွန်ခဲ့တဲ့တစ်ပတ်က ဘွဲ့ယူမဲ့ကိစ္စကိုယ့်ကို စာပို့ထားပြီးတည်းက ပြန်လာဖို့ပြင်ဆင်ခဲ့တာ မနေ့ကမှရန်ကုန်ကို ရောက်တာ...မနက်အစောကြီးတည်းက ကိုယ်ဖြူလုံးရဲ့ တိုက်ခန်းအရှေ့မှာ ကားနဲ့လာစောင့်နေခဲ့တာ ဖြူလုံးငှားထားတဲ့ကားနဲ့ မိတ်ကပ်ဆိုင်မှာ သွားပြင်တော့ ကိုယ်ဖြူလုံးရဲ့မမြင်ကွယ်ရာကနေ စောင့်ကြည့်နေခဲ့တာလေ..."
"ဒါဆိုရင် ဒီနေ့တစ်မနက်လုံး ကိုကြီးကဖြူလုံးအနောက်ကို လိုက်နေခဲ့တာပေါ့...."
"အင်း...ဖြူလုံးကလာတွေ့ပါလို့မပြောမချင်း ကိုယ့်စိတ်ကိုထိန်းထားခဲ့ရတာ....ဒါကြောင့်
မက်ဆေ့ခ်ျပို့လိုက်တာနဲ့ ချက်ချင်းရောက်လာခဲ့တာပဲ..."
ကိုကြီးကို ဖက်ထားရင်းနဲ့ သူ့ရဲ့ပြုံးနေတဲ့မျက်နှာကြီးကို မော့ကြည့်လိုက်မိသည်။
သူ့အသက်က သုံးဆယ့်လေးနှစ် ဖြူလုံးရဲ့အသက်က နှစ်ဆယ့်နှစ်ဖြစ်လို့ အသက်
ဆယ့်နှနှစ်လောက်ကွာပေမဲ့ သူ့ပုံစံက အသက်သုံးဆယ်မပြည့်သေးတဲ့ လူငယ်တစ်ယောက်လိုပါပဲ။
အရာအားလုံးပြည့်စုံနေတဲ့ လူတစ်ယောက်က နှစ်တွေအများကြီး ဖြူလုံးအပေါ်ကိုသစ္စာရှိပေးခဲ့တဲ့အပြင် ဖြူလုံးကလာမတွေ့နဲ့ဆိုလို့ တသွေမတိမ်းနာခံခဲ့ပြီး အနားမှာရှိစေချင်တယ်လို့ ပြောလိုက်တာနဲ့ ချက်ချင်းကို ရောက်ချလာတာပဲ။
"ဖြူ့ကို အဲ့လောက်တောင်သဘောကျတာလားဟင်...."
ဒေ၀လည်း မျက်မှန်ကို လက်ခလယ်နဲ့အသာပင့်တင်လိုက်ပြီး ခလေးမရဲ့ ခါးလေးကို ဖက်ထားတဲ့လက်တွေအား အပေါ်သို့ရွေ့လိုက်ရင်း အနည်းငယ်စောင်းနေသော သူမရဲ့ဘွဲ့ဦးထုပ်လေးကို တည့်ပေးလိုက်သည်။ပြီးနောက် အနူးညံ့ဆုံးအပြုံးတစ်ခုကို ပန်ဆင်လိုက်ပြန်ပါသည်။
"အဲ့လောက်လေးမဟုတ်ဘူး...ဖြူလုံးထင်ထားတာထက်ကို အဆပေါင်းများစွာ သဘောကျတာ...
ဘယ်အချိန်ထဲကလည်းဆိုရင် ရတုမဟာစံအိမ်ကို
စရောက်တဲ့နေ့မှာ ကိုယ့်ကိုကိတ်မုန့်လေးလာပေးတဲ့အချိန်တည်းကပဲ.. ကိုယ့်ကိုကမ်းပေးလာတဲ့ ဒီလက်ကလေးကို တန်ဖိုးထားခဲ့ရာကနေ ဖြူစင်တဲ့မေတ္တာကနေ အရောင်ပြောင်းလာခဲ့တာ..ဘာကြောင့်လဲလို့မေးရင် ...ဖြူလုံးဖြစ်နေတာကြောင့်ပဲ....ဒါကြောင့် အခြားသူတွေကို ရွေးချယ်ပါလို့မပြောပါနဲ့....ကိုယ့်ရဲ့ရွေးချယ်မှုက အမြဲတမ်း..မင်းတစ်ယောက်ထဲပဲ...."
ဒီတစ်ခါဖြူလုံး ပြုံးမိတဲ့အပြုံးကတော့ ကျေနပ်ခြင်းပါပဲ။ဖြူလုံးချစ်ရသူဟာ စစ်မှန်ရဲ့လားဆိုတာကို သုံးနှစ်တာလောက်စမ်းသပ်ပြီးနောက်မှာ ရလဒ်ကပြောမပြတတ်အောင်ပါပဲ။နေရာဒေသတွေ ဘယ်လောက်ဝေးကွာနေပါစေ ၊ အချိန်တွေ ဘယ်လောက်ကြာသွားခဲ့ပါစေ
အချစ်စစ်၊ မေတ္တာအစစ်ဆိုတာ တကယ်ရှိကြောင်း သိခွင့်ရလိုက်ပါပြီ။
"ဖြူလုံး....နင့်ချစ်သူကချောတယ်နော်....ငါ့သူငယ်ချင်းကြီး ကံကောင်းတယ်ဟေ့....
"ဖြူလုံး....ငါတို့ကို လျှိုထားတယ်နော်..
ဒါနင့်ချစ်သူလား...."
ဖြူလုံးတို့နဲ့ အတန်းတူတဲ့ သူငယ်ချင်းတွေက တစ်ယောက်ပြီးတစ်ယောက်လာမေးကြတာကြောင့် ဖြူလုံးလည်း ခပ်ရှက်ရှက်နဲ့ ကိုကြီးကိုမော့ကြည့်လိုက်မိတော့ ဖြူလုံးကို ဘယ်လိုပြန်ဖြေမှာလဲဆိုတဲ့ပုံနဲ့ မျက်ခုံးတွန့်ပြလာတယ်။
ဖြူလုံးလည်း သွားတွေပေါ်အောင်အထိ ရယ်ပြလိုက်ပြီး ကိုယ်ကြီးရဲ့ ပခုံးကိုခေါင်းမှီလိုက်မိသည်။
"ဟုတ်တယ်...ဒါငါ့ချစ်သူလေ....ငါတို့တွဲနေတာကြာပြီ...."
"ကျွန်တော်တို့မကြာခင်မှာ လက်ထက်ကြတော့မှာ...."
"ဟင်...."
လုံး၀ကို မထင်မှတ်ထားတဲ့ စကားကြီးကြောင့်
ကိုကြီးကို အံ့ဩစွာကြည့်လိုက်မိတော့ သူကတိုက်ပုံရဲ့ အိတ်ကပ်ထဲမှ အသဲပုံကတ္တီပါ ဘူးလေးတစ်ခုကို ထုတ်လိုက်လေသည်။
ဘူးလေးကို ဖွင့်လိုက်တဲ့အချိန်မှာ နေရောင်ထိုးနေတာကြောင့် လက်စွပ်လေးအပေါ်မှ စိန်ပွင့်လေးဟာ အရောင်တဖြတ်ဖြတ်ဖြစ်သွားလေသည်။
"ကိုယ့်မင်းကို အရမ်းချစ်တယ်....မင်းက ကိုယ်ဒေါသထွက်တာကို ကြောက်တယ်ဆိုရင် ဖြူလုံးရဲ့အရှေ့မှာ ဒေါသမထွက်မိအောင်နေမယ်...အတ္တကြီးတာကို မကြိုက်ဘူးဆိုရင်....ဖြူလုံးလိုချင်တဲ့ ပုံစံအတိုင်း...ကိုယ့်ကိုပုံသွင်းပါ...
ကိုယ်နာခံပါ့မယ်....အချစ်ဆိုတာ နူးညံ့တဲ့အရာဖြစ်လို့ ကိုယ်အမြတ်တနိုးသိမ်းထားချင်တယ်...
ကိုယ့်ကို ခွင့်ပြုပေးနိုင်မလား..အစ်ကိုကြီးတစ်ယောက်လို...ဖခင်တစ်ယောက်လိုပါ ကိုယ်ဂရုစိုက်ပေးပါ့မယ်လို့ ဂတိပေးပါတယ်...
ကိုယ့်ကိုယ့် လက်ထပ်ပါနော်...."
"ဒီလူကို...ဟိုတစ်ခါသတင်းထဲမှာ တွေ့ဖူးတယ်...သူကနာမည်ကြီးစီးပွားရေး သမားဟ..
သောမက်စ်ဆိုတာလေ..."
"ဟုတ်သားပဲ...ခန့်ကျော်ရ...မင်းပြောမှပဲ ဒီလူ့ကိုငါ မြင်ဖူးနေပါတယ် ထင်နေတာ....မြန်မာ၀တ်စုံ၀တ်ထားလို့ မဟုတ်ဘူးထင်နေတာ..."
"သူကမြန်မာပဲလေ..."
"ငါသိပါတယ်ကွာ...."
"ဖြူလုံးရေ...လက်ခံလိုက်တော့လေ...ဒီလိုအမျိုးကောင်းသားကို လက်မလွှတ်နဲ့နော်..."
"အေးလေ...ဖြူလုံးရေ...နင်မယူရင် အဲ့လက်စွပ်ကို ငါလုလိုက်ရမလား..."
"အော် အလစ်သုတ်မက တစ်မျိုး...."
"ဟား...ဟား.....ဖြူလုံးရေ...ငါတို့ကျောင်းသူတွေက နင့်ချစ်သူဘက်မှာနော်...."
"ဟုတ်တယ်ဟေ့....လက်ခံလိုက်တော့...ပညာလည်းရ...၀မ်းလည်း၀...အဲ..မဟုတ်ပါဘူး..
ပညာလည်းရ...ကြင်ယာလည်းရဆိုသလို..."
"ပညာလည်းစုံ ကြင်ယာလည်းဆုံပါဟယ်...."
"ဟဲ့ ကြင်ယာစုံရအောင် ဖြူလုံးက ဘယ်နှစ်ယောက်ယူမှာမို့လဲ..."
"ငါပြောတာက ဆလိမ်နဲ့ဆုံတာကို ပြောတာဟဲ့ မြန်မာစာနဲ့ ဘွဲ့သာရသွားတယ် ဖွတ်ကျား..."
မေဂျာတူ သူငယ်ချင်းတွေလည်း ဖြူလုံးတို့နှစ်ယောက်အနားမှာ လာစုပြုံနေကြပြီး ပြုံးဖြီးကာ
စနောက်နေကြလေသည်။လက်ထပ်ဖို့ကို အဆင်သင့်မဖြစ်သေးပေမဲ့ ဖြူလုံးအပေါ်ကိုထားတဲ့ သူ့ရဲ့သစ္စာတရားတစ်ခုနဲ့တင် ရောင့်ရဲနေပါပြီလေ။ဒါကြောင့်ပဲ ဖြူလုံးရဲ့ ဘယ်ဘက်လက်လေးကို သူ့ရဲ့လက်စွပ်ဘူးနားကို ကမ်းပေးလိုက်တယ်။
"ဟေး!!!!!....ငါတို့သူငယ်ချင်းကြီး ကျွတ်တော့မယ်ကွ...."
"ဟဲ့ ဘာကိုကျွတ်မှာလဲ...."
"ထမီ....ဟား...ဟား..."
ဒေ၀လည်း သူမရဲ့လက်သန်းကြွယ်လေးမှာ လက်စွပ်ကလေးကို အမြတ်တနိုး၀တ်ဆင်ပေးလိုက်ပြီးနောက် ထိုလက်ကလေးကို မလွတ်တမ်းကိုင်ထားလိုက်မိလေသည်။
နောက်ဆုံးမှာတော့ သူမက်ခဲ့ရတဲ့ အိပ်မက်လေးပြည့်၀သွားပြီဆိုတဲ့အတွေး၊ ချစ်ရသူကို အနားမှာခေါ်ထားခွင့် ရပြီဆိုတဲ့အတွေးက ရင်ထဲမှာ လိပ်ပြာအကောင်တစ်ရာလောက်ပျံတက်သွားသလို နှလုံးသားတွေပါ တဖြတ်ဖြတ်နဲ့လှုပ်ခတ်ကုန်လေပြီ။
"ဖြူလုံးရဲ့ မေဂျာကသူငယ်ချင်းတွေအားလုံးပဲ...ဒီနေ့ဘွဲ့ယူတဲ့အထိန်းအမှတ်နဲ့ရော ကျွန်တော့်အတွက် ကံကောင်းခြင်းအချိန်အခါဖြစ်တဲ့အတွက်ပါ အကုန်လုံးကို ဟော်တယ်မှာ နေ့လည်စာ လိုက်ကျွေးချင်ပါတယ်...."
"ဟေး.....အခုလို ကျွေးမွေးမဲ့အတွက်...
ဒီလင်၊ဒီမယား အိုအောင် မင်းအောင်ပေါင်းကြရပါစေ...."
မိုးသဲ၏ စနောက်လိုက်တဲ့ စကားကဒေ၀အား
အကျေနပ်ကြီး ကျေနပ်သွားစေလေသည်။
ကောင်းကင်မှာ တိမ်ကင်းနေပြီး နေမင်းကထိန်ထိန်သာနေပေမဲ့ လူနှစ်ယောက်ရဲ့ ရင်ထဲတွင်တော့ အေးမြမှုက အလေးသာနေပြီး အပြုံးတွေဟာလည်း ပျားသကာရည်လို ချိုမြနေကြလေသည်။
ပြီးပါပြီ..
🍁🍁🍁🍁🍁🍁🍁🍁
သူများက အသက် ၃၄နှစ်မှာ စွံသွားပြီမို့😀
စာဖတ်သူတွေထဲမှာ နှစ်တစ်ထောင် faများရှိလျှင်လည်း
ငှက်ပျောတုံးဖက်ရသော ဘ၀မှကျွတ်လွတ်ကြပါစေလို့...ဆောင်းငွေ့ဝေမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်.....
