🌿အခန်း ၃၃ မှ အခန်း ၃၆ 🌿

                                          


အခန်း၃၃

          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸



"‌အင်း...ဒေါ်နှင်းမြတ်ရဲ့လက်ရာက တော်တော်လေးကို စားလို့ကောင်းတာပဲနော်...."

"ဆရာမလေး...ကြိုက်လိုက်ရှိရင် ခဏခဏသာလာစားပါရှင်..."

"ဒေါ်နှင်းမြတ်ကသာ ဖိတ်နေတာပါရှင်...
ကိုဒေ၀က  ခွင့်ပြုအုံးမှလေ..."

"ကျွန်တော်ကလည်း ဖိတ်ပါတယ်ဗျာ...ဒီစံအိမ်ကို ကျွန်တော် မရှိလည်း၀င်နိုင်ထွက်နိုင်ပါတယ်...
ကြိုဆိုပြီးသားပါ..."

"အိုး...ဒီလိုဆိုရင်တော့ ကြိုက်ပြီလေ..."

"ဟား...ဟား...‌ဆရာမလေးက...သိပ်ပွင့်လင်းတာပဲရှင်..."

စာကျက်ရတာ ကြာတော့ခြေထောက်တွေထုံကျင်လာသည်မို့ အခန်းအပြင်ထွက်လာတဲ့အချိန်မှာ ထမင်းစားခန်းထဲ၌ ရယ်မောသံတွေကို ကြားလိုက်ရ၍ ချောင်းကြည့်လိုက်မိတော့ ဦးဒေ၀တို့အဖွဲ့ဖြစ်နေသည်။
မမငွေပန်းချီကလည်း သူများအိမ်ကို ဘာလုပ်ဖို့နေ့လည်စာ လာစားတာပါလိမ့်။
သူ့အိမ်မှာတော့ သူမစားဘူး။

ဒေ၀ဆိုတဲ့လူကြီးကလည်း ဖြူလုံးကိုဆိုရင် ပေးလိုက်တဲ့အမိန့်တွေဆိုတာ စုံလို့ပင်။
မမငွေပန်းချီကိုကြတော့ ရယ်ပြနေလိုက်တာများ
သွားသုံးဆယ့်နှစ်ချောင်းလုံး ခုန်ထွက်လာတော့မဲ့အတိုင်းပဲ။
ဒေါ်နှင်းမြတ်လည်း ဘာထူးလည်း နွားပွဲစားရုပ်ကြီးနဲ့ သွားကြီးကိုဖြီးလို့ သူနဲ့လည်းဘာမှမဆိုင်ပဲနဲ့ ထမင်းစားပွဲအနားကို ကပ်ပြီးတော့ အောင်သွယ်ပေးချင်နေတာများ မသိရင်ခက်မယ်။

"ဒါနဲ့...ကိုဒေ၀တို့...မြိုးတွင်းခရီးသွားစီမံကိန်းစတင်တော့မယ်ဆို..."

"မငွေပန်းချီက ဘယ်လိုသိတာလဲဗျ...ကျွန်တော်တို့တောင် တရား၀င်ချမပြရသေးဘူး..."

"အော်...ကျွန်မအိမ်မှာနားတဲ့နေ့က ဖေဖေတို့လူကြီးတွေ ပြောနေကြတာကြားခဲ့လို့ပါ..."

"အော်..."

ဒေ၀"အော်.."တစ်လုံးသာရေရွတ်လိုက်ပါသည်။
ဦးအဂ္ဂဟာ သူနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို မသိတာမရှိဘူးပဲ။ဒါကြောင့်လည်း သူ့ကိုလုပ်ကြံဖို့လုပ်တဲ့အထိ အတင့်ရဲလာခဲ့တာပေါ့။

"ဖြူလုံးရေ...အဲ့မှာဘာရပ်လုပ်နေတာလဲ..."

တံခါး၀လေးမှာ ချောင်းကြည့်နေပါတယ်ဆိုမှ ဒေါ်နှင်းမြတ်က မိဖြစ်အောင်မိလေသည်။
ဒီတော့လည်း မထူးဇာတ်ခင်းကာ လူလုံးထွက်ပြလိုက်ပြီး ထမင်းစားခန်းထဲသို့ ၀င်လိုက်လေသည်။

"ဟို....အန်တီနှင်းမြတ်ကို ဘာကူပေးရမလဲလို့ လာမေးတာပါ..."

"စာတွေက ရသွားပြီးမို့လို့...ကူဖို့လာမေးနေတာလား...ဖြူလုံး...ကိုယ့်စာသာကိုယ်ရအောင်ကျက်စမ်း..ငါမင်းကိုအလုပ်ကူလုပ်ရမယ်လို့ ပြောထားလို့လား..."

ခုဏကမမ‌ ငွေပန်းချီကိုတော့ ပြုံးဖြီး‌ပြနေပြီး
ဖြူလုံးကိုတော့ လာအော်ငေါက်နေသည်။
ဘာကြောင့် ဖြူလုံးကိုမှ ဒီလိုဆက်ဆံရတာလဲ။

"ဟေ့...စာသွားကျက်လို့ပြောနေတယ်လေး...အဲ့မှာဘာတွေငိုင်နေတာလဲ...ခဏနားချင်ရင်လည်း..
ခဏပဲနားပြီး စာပြန်သွားကျက်တော့.."

"လူကိုဘာလို့ စာကျက်ဖို့ကြီးပဲ တွန်းအားပေးနေရတာလဲ.."

"ဟ...တွန်းအားမပေးလို့ ရမလား...ဆယ်တန်းကအရေးကြီးတယ်လေ...မင်းအရွယ်က ဒါပဲလုပ်ရမဲ့အရွယ်လေ... ပြောတော့အဆင့်တစ်ရအောင်လုပ်မယ်ဆို...ပြီးခဲ့တဲ့လပတ်တုန်းကလည်း
နှစ်ဘာသာကျထားတယ်...ဒါတောင်စာကျက်ဖို့တိုက်တွန်းနေရတာလား..."

ဖြူလုံးမှာလည်း စာမေးပွဲကျသည့်ကိစ္စကို မမငွေပန်းချီအရှေ့မှာ ပြောချလိုက်သည်မို့ အရမ်းတင်းသွားသည်။
ဖြူလုံးရဲ့ ဝဲဘက်ရင်အုံမှ နှလုံးသားလေးဟာ နာကျင်လာရလွန်းလို့ အံကိုကြိတ်ထားမိနေပေမဲ့
မျက်ရည်ကတော့ ဝဲလာမိသည်။

"စာကျက်...စာကျက်...စာကျက်...ဦးလေးဆီမှာ
ဖြူလုံးအတွက်...အဲ့ဒီ့စကားလုံးနှစ်လုံးပဲ ပြောဖို့ရှိတာလား...ဟုတ်လား...အရင်လပတ်က ဖြူလုံးစာမေးပွဲကျတယ်...အဲ့ဒါကျွန်မတစ်ယောက်
တည်းရဲ့အမှားမဟုတ်ဘူး...ကျောင်းကနေအိမ်ကိုပြန်လာရင်...စာလုပ်ဖို့အချိန်မရှိခဲ့ဘူး...စာလုပ်ပြန်တော့လည်း အန်တီရွှေကအသံကျယ်တာမကြိုက်ဘူးဆိုလို့...နွားတင်ကုပ်မှာသွားလုပ်ရတယ်...ဒီကြားထဲမှာ ဦးလေးကစံပယ်ပန်းတွေကို မိုးရေထဲမှာ အားမနာတမ်းခူးခိုင်းခဲ့လို့...စာမေးပွဲဖြေတဲ့ရက်က...ဖျားလျှက်နဲ့...စာမေးပွဲဖြေခဲ့ရတာသိရဲ့လား...အရင်လတွေက...အဆင့်၀မ်းတူတန်းအမြဲ၀င်နေတုန်းကတော့...ကျွန်မရဲ့ရီပို့ကဒ်ကို ကြည့်ပြီး...ဘယ်သူကမှမချီးကျူးခဲ့ကြပဲ...
တစ်ခါလေး စာမေးပွဲကျတော့...ဘာဖြစ်လို့ခဏခဏ...အပြစ်တင်နေရတာလဲ...ကျွန်မလည်းလူပဲ...တစ်ခါပြောရင်နားလည်တယ်...သိရဲ့လား...
အခုလည်း စာကျက်ရင်းခြေထောက်တွေထုံလို့အပြင်ခဏထွက်လာတာပါ...နှောက်ယှက်သလိုဖြစ်သွားရင်တော့ တောင်းပန်တယ်..."

"ဖြူလုံး!!!!...."

ထမင်းစားခန်းထဲမှ သူမငိုပြီး ပြေးထွက်သွားသည်ကြောင့် သူလည်း စိတ်ထဲမှာမကောင်းဖြစ်သွားသည်။
ကလေးမရဲ့ နေရာကနေသူမကြည့်ပေးမိပဲ ဖြစ်စေချင်လွန်းသည့်စိတ်နဲ့ပြောလိုက်မိခြင်းပင်။
ကိုယ်တိုင် ခက်ခဲမှုတွေကြားကနေ နေ့မနား၊ညမနားအလုပ်လုပ်ခဲ့တာကြောင့် သူမကိုလည်း သူ့စိတ်နဲ့နှိုင်းပြီး ဆူမိသည်။
အရာရာတိုင်းမှာ သူ့ကန့်သန့်ချက်နဲ့ သူရှိနေတာကို မေ့သွားခဲ့သည်။

"ကိုဒေ၀က စေဒနာနဲ့ပြောတာကို...သူကဘာလို့စိတ်ဆိုးရတာလည်း...ဒီလိုအရွယ်ကလေးတွေကို သိပ်ပစားမပေးနဲ့သိလား...ကိုယ်ကသနားလို့ စောင့်ရှောက်ပေးထားပေမဲ့...သူတို့ကကျေးဇူး
မသိတတ်ရင်...ကိုယ်ပဲစိတ်ဆင်းရဲရမှာ..."

ဖြူလုံးကို တမင်ဖိနှိပ်သော စကားတွေပြောနေသော ငွေပန်းချီကို သူပြန်ဆိုက်ကြည့်လိုက်သည်။
ခင်ဗျားနဲ့ ဘာဆိုင်လို့လဲဆိုပြီး ပြောပြစ်လိုက်ချင်ပေမဲ့ သူ့စိတ်ကိုသူထိန်းနေရသည်။

"ဆရာ...အဒေါ်ဖြူလုံးကို သွားကြည့်လိုက်ရမလား..."

"ကျေးဇူးပဲဒေါ်နှင်းမြတ်...သူမအဆင်ပြေလား တစ်ချက်လောက် သွားကြည့်ပေးပါဗျာ.."

"ဟုတ်ကဲ့...."

ဒေါ်နှင်းမြတ်က အခန်းထဲမှထွက်သွားပေမဲ့ ကိုဒေ၀ရဲ့မျက်နှာမှ စိုးရိမ်ပူပန်သော အရိပ်အငွေ့တွေက မပျောက်သေးတာကြောင့် ငွေ့စိတ်ထဲမှာ တစ်ခုခုကို သိလိုက်ရသလို ခံစားနေရသည်။
ကိုဒေ၀ဟာ ဖြူလုံးရဲ့အပေါ်မှာ ရိုးရိုးသားသား ခံစားချက်ရှိနေတာမှ ဟုတ်ရဲ့လား။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

နေ့လည်က ကိစ္စကြောင့် ဖြူလုံးဟာ အခန်းထဲမှာပဲ တံခါးပိတ်နေပြီး စာသာကျက်နေလေသည်။
သူ့ကိုလည်းထွက်မတွေ့တော့တာကြောင့် အလုပ်ကိုရောက်တဲ့ အထိ စိတ်ထဲမှာ နေမထိထိုင်မသာ ဖြစ်နေရသည်။

ဖြူလုံးအပေါ်ကို အတတ်နိုင်ဆုံးအလိုလိုက်ဖို့ စဉ်းစားမိပေမဲ့ ပညာရေးကိစ္စနဲ့ပတ်သတ်ရင်တော့ ကိုယ်ဆယ်တန်းတုန်းကတောင် ကျူရင်
မတတ်ရ ဘာမတတ်ရပဲ ကိုယ့်ဘာသာ စည်းကမ်းတင်းကျပ်ပြီး ကြိုးစားခဲ့သည်။
သူမကိုလည်း အရမ်းကြိုးစားတဲ့လူတစ်ယောက် ဖြစ်စေချင်သည်။
သူမနဲ့ ပတ်သတ်ပြီးသူအများကြီးတွေးထားပြီးသာပင်။
သူမကို နိုင်ငံခြားမှာ ပညာရေးတင်မကပဲ အခြေတကျနေနိုင်ဖို့အထိပေါ့။

"ဒေါက်...ဒေါက်..."

"၀င်ခဲ့...."

အတွေးစတွေကို ခဏလောက်ဖြတ်လိုက်ပြီးနောက် ဦးလူထိန်၀င်အလာကိုသာ ထိုင်စောင့်နေလိုက်သည်။

"ဆရာ...ဟိန်းထက်ကို မိပြီဆရာ..."

ဒေ၀ချက်ချင်းဆိုသလို ထရပ်မိပြီးသားဖြစ်သွားသည်။
သူ့မျက်၀န်းတွေမှာ ဒေါသထွက်သည့်အရိပ်အယောင်တွေချက်ချင်းဆိုသလိုပေါ်ပေါက်လာသည်။
သူ့ကို သေလောက်သောဒဏ်ရာပေးခဲ့တဲ့ကောင်တွေ တစ်ယောက်မှမလွတ်စေရဘူး။

"ဒီကောင့်ဆီကို ကျုပ်ကိုယ်တိုင်သွားမယ်...."

"ဟုတ်ကဲ့..."

ရုံးခန်းထဲမှ ခြေလှမ်းကျဲကြီးတွေနှင့် ထွက်ခွာသွားသော ဒေ၀၏မျက်နှာတွင် ရက်စက်မှုများထင်ဟပ်နေလေသည်။
သူဟာ ချစ်ခင်ရသူတွေကိုသာ သိုးရည်ခြုံပြတတ်ပြီး သူ့အပေါ်ကောက်ကျစ်လာသည့်လူတွေကိုတော့ ဝံပုလွေတစ်ကောင်ကဲ့သို့ ပြန်၍မာန်ဖီပြတတ်သည့် လူမျိုးပင်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"အား!!!!" "မလုပ်ပါနဲ့...အား..."

ဆောက်လုပ်ပြီးတာမကြာသေးသော ရေသန့်စက်ရုံကြီး၏ အတွင်းဘက်ကျသော ခပ်မှောင်မှောင် အခန်းတစ်ခုထဲတွင် လေးပေမီးချောင်းလေးတစ်ခုကိုသာထွန်းထားလေသည်။
ထိုအခန်းထဲတွင် ခန္ဓာကိုယ်ခပ်တောင့်တောင့်နှင့် လူငါးယောက်ဟာ ဟိန်းထက်ဆိုသည့် ငနဲကို ပတ်ချာလည်ဝိုင်းထားကြလေသည်။

ဟိန်းထက်၏ ခန္ဓာကိုယ်အထက်ပိုင်းမှာ ဗလာကျင်းနေသည့်အပြင် ထိုးကြိတ်ခံထားရသော ဒဏ် ရာတွေဟာလည်း ဗလပွဖြစ်နေသည်။
ဒါ့အပြင်  သူ့ရဲ့လက်နှစ်ဖက်အား သံကြိုးတွေနဲ့ ချု ပ်နှောင်ထားပြီး အပေါ်မှဘားတန်းနဲ့တွဲချည်ထားသည်မို့ လူဟာ လေထဲတွင် တွဲလောင်းကြီးလို ဖြစ်နေသည်။
ကံကောင်းသည်က သူ့ခြေထောက်တွေဟာ မြေကြီးနှင့် ထိခတ်နေခြင်းပင်။

"ခင်ဗျားတို့...ယုတ်မာလှချည်လား...ကျွန်တော့်ကိုအခုလွှတ်ပေး...."

"မင်းတို့အလှည့်တုန်းကရော...ဒီလိုပဲယုတ်မာခဲ့တာ မဟုတ်ဘူးလား...ဟမ်..."

ဟိန်းထက်ဟာ အထိုးကြိတ်ခံထားရ၍
ယောင်ရမ်းနေသော မျက်၀န်းတွေနှင့် အသံလာရာဆီသို့ ကြည့်လိုက်မိရာ သူ့မျက်လုံးတွေချက်ချင်းပြူးကျယ်သွားသည်။

"ဦးဒေ၀...လက်စသ တ်တော့...ခင်ဗျားပဲ..."

"ဟုတ်တယ်...ငါပဲ...မင်းကိုငရဲပြည်ပို့ပေးဖို့လေ
...အဟင်း..."

ဒေ၀တစ်ချက်မဲ့ လိုက်ကာ ဟိန်းထက်ရဲ့အရှေ့မှာ သွားရပ်လိုက်သည်။သူ့မျက်၀န်းတွေဟာလည်း ဓားသွားတစ်လတ်ကဲ့သို့ အရောင်‌တောက်လွန်းနေပေမဲ့ ဟိန်းထက်ရဲ့မျက်၀န်းတွေကတော့ ကြောက်ရွံ့မှုတွေသာ ထင်ဟပ်နေသည်။

"ငါ့ကိုလုပ်ကြံတဲ့အဖွဲ့ထဲမှာ ကျန်တဲ့လူခြောက်ယောက်က ဘယ်သူတွေလည်း ..."

"အဟင်း...ခင်ဗျားကဘာကောင်မို့ ကျုပ်ကဖြေ
ရမှာလည်း...ကျုပ်ကိုဒီလိုလာလုပ်လို့ ရမယ်ထင်သလား..."

"ငါဘာကောင်လည်းဆိုတာ မင်းမကြာခင်မှာသိရတော့မှာပါ....ဟေ့ကောင်လုပ်လိုက်တော့...
ဒီကောင့်ရဲ့ ခံနိုင်ရည်စွမ်းအားကို ငါကြည့်မယ်.."

ဒေ၀ဟာ မျက်ခုံးတစ်ဖက်တွန့်ကာ အမိန့်ပေးပြီးသည်နှင့် ဟိန်းထက်ဘက်သို့ ကျောပေးလိုက်ပြီး ခုံတန်းတွေစီထားသောဘက်သို့ လမ်းလျှောက်သွားလိုက်သည်။
တစ်ဖက်မှာတော့ ဒေ၀အမိန့်ပေးလိုက်သောလူ
ဟာကျင်စက်တစ်ခုကို ယူလိုက်ပြီးနောက် ဗလာကျင်းနေသော ဟိန်းထက်၏ ကျောကုန်း ပေါ်သို့ ကျင်စက်နဲ့ တို့ချလိုက်သည်။

"အား.....အား....မလုပ်...အား!!!!....
တောင်းပန်ပါတယ်...အား...."

"ရပ်လိုက်!!!!"

ခုံတစ်ခုအပေါ်တွင် ခြေထောက်ချိတ်ကာထိုင်လိုက်ပြီးနောက် နာကျင်ပြီးတုန်ရီနေသော
ဟိန်းထက်၏ ခန္ဓာကိုယ်ကို တစိမ့်စိမ့်ကြည့်နေကာ ရပ်ဖို့ပြောလိုက်သည်။

"ဘယ်လိုလဲကွာ...အော်လိုက်တာလည်း
..နားတွေတောင် ကွဲထွက်တော့မယ်...အခုလောက်ဆိုရင်ငါဘာကောင်လဲဆိုတာ သိပြီလား...
ဒါတောင် ဗို့အားအပြင်းဆုံးမဟုတ်သေးဘူးနော်
...ခုဏကမေးခွန်းကိုပဲ ပြန်မေးမယ်...
ငါ့ကိုလုပ်ကြံတဲ့အဖွဲ့ထဲမှာ ကျန်တဲ့လူခြောက်ယောက်က ဘယ်သူတွေလဲ...
ဒီတစ်ခါမှ မဖြေရင်တော့ မင်းရော...မင်းရဲ့မိသားစုတွေပါ...ဘ၀တုံးသွားလိမ့်မယ်နော်..."

ဒေ၀ရဲ့ပါးစပ်မှထွက်လိုက်သော စကားထဲတွင်မိသားစုဆိုသည့်စကားကတော့ ဟိန်းထက်အတွက်အတုန်လှုပ်ဆုံး စကားလုံးတစ်ရပ်ပင်။

"ငါအချိန်အများကြီးမစောင့်နိုင်ဘူးနော်...
ဟေ့ကောင်တွေ...လုပ်လိုက်တော့ကွာ..."

"ခဏနေပါအုံး...ကျွန်...ကျွန်တော်ဖြေပါ့မယ်...
ဒါပေမဲ့ ခင်ဗျားအပေးအယူတစ်ခုတော့လုပ်ရလိမ့်မယ်...."

"ပြောကြည့်...."

"ခင်ဗျား...ကျွန်တော့်မိသားစုကို လက်ဖျားနဲ့တောင်မထိရဘူး..."

"အဟင်း....မင်းသာ၀န်ခံရင်...မင်းတို့ဦးအဂ္ဂဆီမှာပေါင်ထားတဲ့အိမ်ကိုပါ ငါပြန်ရွေးပေးပို့ရတယ်..."

"အဲ့ကိစ္စကို ခင်ဗျားဘယ်လိုသိတာလဲ..."

"အဟင်း...ဒီကိစ္စကို မင်းသိစရာမလိုဘူး...မင်းပြောရမဲ့ကိစ္စကိုသာ ပြောတော့ ငါစိတ်သိပ်မရှည်တတ်ဘူး.."

"ပြောပါ့မယ်...ကျွန်တော်နဲ့အတူ ပါတဲ့ကောင်တွေက...."

မိနှစ်နှစ်ဆယ်လောက်ပဲ ကြာသောအချိန်လေးအတွင်းမှာ ဒေ၀နှင့် ဦးလူထိန်ဟာ ရေသန့်စက်ရုံကြီးအထဲမှ ပြန်ထွက်လာခဲ့ကြလေသည်။
‌အပြင်ကိုရောက်သည်နှင့် ဒေ၀ဟာအိတ်ကပ်ထဲမှ အသံဖမ်းစက်ကို ဦးလူထိန်အားကမ်းပေးလိုက်သည်။

"ဒီအသံဖမ်းစက်ထဲက အသံကိုအခွေတစ်ခုထုတ်ပြီး ဦးအဂ္ဂနာမည်ပါတဲ့ မူရင်းအသံဖိုင်လ်ကို
ဦးအဂ္ဂဆီကို ပို့လိုက်...နောက်တစ်ခုမှာတော့
ဦးအဂ္ဂရဲ့နာမည်ကိုဖြတ်ချပြီး လုပ်ကြံတဲ့အထဲမှာပါတဲ့လူတွေအားလုံးရဲ့ နေရာအတိအကျနဲ့ စာရင်းကို...ရဲစခန်းကို ပို့လိုက်...မြို့တော်၀န်ကနေတစ်ဆင့်ပို့ခိုင်းတာလို့ပြော...ဒါမှရဲတွေ...ပေါ့ဆပြီး မတွေးရဲမှာ...."

"ဆရာ...ကျွန်တော် တစ်ခုလောက်မေးချင်တယ်..."

"ဘာကိုလဲ..."

"ကိုအဂ္ဂရဲ့နာမည်ပါတဲ့...မူရင်းဖိုင်လ်ကို ဘာလို့
ရဲလက်ထဲကို မအပ်ရတာလဲ..."

"ဒီလောက်ပြစ်မှုလေးကို ဦးအဂ္ဂက အသာလေးကျော်သွားနိုင်တယ်...ကျုပ်လိုချင်တာ
...ဒီလောက်လေးမဟုတ်ဘူး...
သူ့ဆီကအရာအားလုံးပဲ...ဒီလူ့ထောင်ကထွက်လာရင်တောင် ကုန်းကောက်စရာမရှိတဲ့အဖြစ်မျိုးကို လိုချင်တာ...ထက်အာကာကိစ္စကို လောလောဆယ်...ဦးလူထိန်ပဲ ကြည့်စီစဉ်ပေးလိုက်ပါ...ကျုပ်မှာအပေါဆုံးကငွေဖြစ်လို့...
လောလောဆယ်...ဒီကောင့်ကိုငွေနဲ့ဖို့ပေးထားလိုက်...ပြီးမှ... "

နောက်ဆုံးစကားလုံးအား လျှာဖျားလေးနဲ့ ပြောလိုက်ပြီးနောက် ကား‌တံခါးကို ဖွင့်လိုက်ပြီး နှုတ်ခမ်းတစ်ဖက်ကို တွန့်တက်ယုံလေးပြုံးလိုက်ကာ ကားပေါ်သို့တက်လိုက်သည်။
ဦးလူထိန်လည်း ဘာစကားတစ်ခွန်းမှထပ်မပြောတော့ပဲ ယာဉ်မောင်းနေရာတွင်ထိုင်လိုက်သည်။

"ဆရာ...အခုဘယ်ကိုမောင်းရမလဲ..."

"ညမိုးချုပ်တော့မယ်...စံအိမ်ကိုပဲမောင်းလိုက်တော့....ပြီးမှခင်ဗျားရဲစခန်းကိုသွား..."

"ဟုတ်ကဲ့...ဆရာ..."

ဦးလူထိန်ဟာ ‌ကားမောင်းနေရင်းနှင့် နောက်ကြည့်မှန်ကနေ ဆရာဖြစ်သူဒေ၀အား ကြည့်လိုက်မိတော့ ဒေ၀ဟာလက်ကိုပိုက်ထားပြီး
ခုံကိုကျော်မှီကာ မှတ်လုံးမှိတ်ထားရင်း
ခပ်ပြုံးပြုံးဖြစ်နေလေသည်။
ဆရာ့ကြည့်ရတာ ဒီနေ့ဖြစ်ရပ်အတွက် အရမ်းကျေနပ်နေသည့်ပုံပင်။

ညနေခြောက်နာရီပင်ထိုးနေပြီ ဖြစ်သောကြောင့် စံအိမ်ထဲတွင် ညမီးတိုင်များထွန်းထားပြီး စံအိမ်တစ်ခုလုံးသည်လည်း ရွှေရောင်၀င်းနေသကဲ့သို့ အလင်းတို့ဖြင့် ထိန်ထိန်ဖြာနေလေသည်။
ဦးလူထိန်လည်း ကားကိုစံအိမ်ထဲသို့ ကွေ့၀င်လိုက်ပြီးနောက် ပေါ်တီကိုအောက်တွင်ရပ်လိုက်သည်။

"ဟော...ဆရာတို့တောင်ပြန်လာကြပြီပဲ
....ထမင်းပွဲအဆင်သင့်ပြင်ထားတယ်...စားကြတော့မလား..."

"နေပါအုံး...မနှင်းမြတ်ရယ်...အနားယူပါရစေအုံး..."

"ဟုတ်ပါပြီတော်..."

ဦးလူထိန်က လေသံမာကာပြောလိုက်တော့
ဒေါ်နှင်းမြတ်လည်း  မျက်နှာကြီးရှုံ့မဲ့သွားကာ နောက်သို့ပြန်လှည့်ထွက်ဖို့ပြင်လေသည်။

"အော်...ဒါနဲ့...ဖြူလုံးရော...စားပြီးပြီလား..."

"ဖြူလုံးဆိုမှ...ဒီနေ့ကလပြည့်နေ့လေဆရာရဲ့
...တောင်ခြေမှာဇာတ်အဖွဲ့တွေ ဇာတ်ပွဲလာကလို့
...သူ့သူငယ်ချင်းတွေလာခေါ်တာနဲ့...ပွဲဈေးကို လိုက်သွားတယ်...ဇာတ်ကမိုးလင်းမှပြီးမှာဆိုတော့...မနက်ငါးနာရီလောက်မှပြန်ရောက်ကြလိမ့်မယ်..."

"ဘာ!!!!...ခင်ဗျားဗျာ...ဒီကိစ္စကို ဘာလို့ကျွန်တော့်ဆီကို လှမ်းပြီးအကြောင်းမကြားရတာလဲ..."

ဆရာ့မျက်နှာဟာ စိတ်ဆိုးတဲ့ပုံကြီးဖြစ်သွားတာကြောင့် ဒေါ်နှင်းမြတ်လည်း နည်းနည်းတော့ လန့်သွားလေသည်။

"ဟို...သူ့အဖေကိုယ်တိုင်က ခွင့်ပြုလို့လိုက်သွားတာပါဆရာရယ်...တကယ်ပါရှင်..မယုံရင်
ကိုဂန္တ၀င်ကို သွားခေါ်ပေးပါ့မယ်...သူတို့သူငယ်ချင်းတွေချည်းပဲလည်းမဟုတ်ပါဘူး...
ဟိုဘက်ခြံကအေးပုရဲ့ အမေနဲ့ သူ့သူငယ်ချင်း
အမွှာနှစ်ယောက်ရဲ့ အဒေါ်လည်းပါပါတယ်
...ဆရာရယ်..."

"ဘယ်သူပါပါဗျာ.....ခင်ဗျားတို့က တော်တော်ခက်တာပဲ...
မဖြစ်ဘူး...လိုက်သွားတာပဲအေးတယ်..."

ဆရာဟာ ကလေးမကိုတော်တော်စိတ်ပူနေပုံပေါ်လေသည်။အလုပ်ကပြန်လာတာတောင် ချက်ချင်း ကားပေါ်ပြန်တက်သွားပြီး ခြံအပြင်သို့မောင်းထွက်သွားပြန်သည်။
ဒေါနှင်းမြတ် စဉ်းစားနေမိတာကတော့ ဆရာဟာ ဒီ‌ကလေးမလေးအပေါ်ကို သဘောရိုးမှဟုတ်ရဲ့လား။?သူမရဲ့အဖေကတောင် စိတ်ချလို့လွှတ်လိုက်တဲ့ဟာကို ဘာမှသွေးမတော်တဲ့သူက အဖြစ်ကိုကဲလွန်းသည်။
အဲ့လောက်တောင်ဖြစ်နေရင်လည်း အာခံတွင်းထဲမှာသာ ငုံထားလိုက်တော့လို့ ပြောလိုက်ချင်ပါရဲ့။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ပွဲဈေးတန်းကြီးထဲမှာ လျှောက်လည်ရသည့်အရသာသည် အင်မတန်ပျော်စရာကောင်းလွန်းသည်။ဒီညမှာ ရန်ကုန်မှနယ်လှည့်ဇာတ်အဖွဲ့ဟာ စတိတ်ရှိုးတွေပါ ရောပြီး ကပြမည်ဆို၍ ပိုပြီးလူစည်နေသည်ထင်ပါရဲ့။

လူ‌တွေကလည်း တစ်ယောက်နဲ့တစ်ယောက် တိုက်မိလောက်အောင်အထိ များလွန်းပါသည်။
ဒါတောင် ခြောက်နာရီကျော်ရုံသာရှိပါသေးတယ်။

ဇာတ်ပွဲအတွက် ရုံမဆောက်ထားပဲ ဘုရားအ‌နေကဇာတင်မှာနှင့် ပေါင်းကာဘုန်းကြီးကျောင်းက တကာခံပြီး ကျင်းပပေးထားတာကြောင့် ဇာတ်ပွဲကြည့်ရဖို့ ပိုက်ဆံမကုန်ပေ။
ပိုက်ဆံမပေးရတော့ အလွှာအသီးသီးကလည်း လာခွင့်ရကြတာကြောင့် ‌ဇာတ်ကြည့်ရန်ရှေ့ဆုံးမှ နေရာရဖို့ အေးပုရဲ့အမေနဲ့ မြတ်ချယ်တို့ရဲ့ အန်တီလေးက နေရာသွားဦးပေထားကြလေသည်။

ထို့အပြင် ဇာတ်ရုံဘေးမှ အလှူခံသည့်နေရာတွင်လည်း ဦးဇင်းတစ်ယောက်က မိုက်နှင့်‌တစ်ကြော်ကြော် အော်ပြီး အလှူခံထည့်ရန် ဆော်ဩနေလေသည်။
 ဖြူလုံးတို့ သူငယ်ချင်းတစ်သိုက်ကတော့ လျှောက်ပတ်ကြည့်လို့ကိုမ‌၀သေးပေ။

ပွဲဈေးတန်းတစ်လျှောက်လုံးတွင် ထမနဲသည်တွေဟာလည်း မနည်းမနှောဖြစ်နေပြီး ကောက်ညှင်းကျည်တောက်တွေဟာလည်း အချောင်းလိုက်ကြီးတွေထောင်ထားကြလေသည်။

ပွဲဈေးဆိုသည်မှာ ကလေးတွေအကြိုက်မို့ အရုပ်သည်တွေအလွန်များလှသည်။‌ ယောက်ျားလေးတွေဟာ မိဘများကို ဗန္ဓုလဦးထုပ်တို့ ၊မျက်နှာဖုံး ၊သေနတ် ၊သစ်သားဓား စသဖြင့် ပူဆာကြပြီး ကလေးမလေးတွေကတော့ မီးလင်းသည့်ဘီးကုပ်လေးတွေ ဘိုလ်မရုပ်လေးတွေ စသဖြင့်၀ယ်‌‌
ပေးဖို့ ပူဆာကြလေသည်။ဖြူလုံးကတော့ တစ်ခါမှ မိဘကိုအဲ့လို မပူဆာဖူးသည့် အပြင် ပထမဆုံးအကြိမ်ရောက်ဖူးခြင်းမို့ အရမ်းကိုပျော်နေမိသည်။

"ဟဲ့...နေကြအုံးဟဲ့..."

"ဘာဖြစ်လို့လဲ...ဖြူလုံး..."

"ဟို...ငါခုဏက တွေ့ခဲ့တဲ့ဆိုင်လေးမှာ ပစ်တိုင်းထောင်အရုပ်ကလေး ပြန်သွား၀ယ်ချင်လို့..."

"ဟာ...နင်ကလည်း အဲ့ဒါအစောတည်းကမ၀ယ်လိုက်ပဲနဲ့ကို...ငါတို့ရဟက်စီးဖို့ ပြောထားတယ်လေဟာ...ပွဲကလည်း  စတိတ်ရှိုးစတော့မှာဟ..."

"အေးပါဟယ်...ခဏလေးပါ...နင်တို့ရဟက်စီးတဲ့နေရာမှာ လတ်မှတ်ကြို၀ယ်ထားပြီး ခဏစောင့်နေပေးပါဟာ...ငါအရုပ်၀ယ်ပြီးတာနဲ့ ပြန်လာခဲ့မယ်..."

"အေးဟယ်...ပြီးရော...မြန်မြန်လာခဲ့နော်..."

"အေးပါ..."

သူငယ်ချင်းတွေကို ပြုံးပြခဲ့ကာ အရုပ်‌ဆိုင်လေးသို့ လူတွေကြားထဲမှတိုးကြိတ်ပြီး အမြန်သွားလိုက်သည်။အရုပ် ဆိုင်လေးအရှေ့သို့ ရောက်သည်နှင့် ဖြူလုံးမှာ ပျော်လွန်းလို့ထခုန်မိမတက်ပင်။

လေးနှစ်အရွက်က ကြီးကြီးမေနှင့်အတူ ဈေးသို့လိုက်သွားရင်း အရုပ်သည်ကြီးဆီမှ လက်ညှိုးတစ်ချောင်း ပမာဏသာရှိသော ပစ်တိုင်းထောင်အရုပ်ကလေးကို ၀ယ်လာခဲ့မိသည်။
ထိုအရုပ်ကလေးကို ကဝိကြီးအားပေးလိုက်ပြီးနောက် အရုပ်သည်ကြီးကိုထပ်မတွေ့တော့၍ မ၀ယ်ခဲ့ရတဲ့ အရုပ်ကလေး အခုတော့ထပ်တွေ့ခွင့်ရပြီ။

"ဦးလေ...ဒီပစ်တိုင်းထောင်အရုပ်ကလေးကဘယ်လောက်လည်း..."

"ငါးရာပါ...တူမကြီး..."

ဖြူလုံးလည်း ဈေးစစ်မနေတော့ပဲ အရုပ်ကလေးကိုကိုင်လိုက်မိတော့ ဖြူလုံးထက်အရင်မြန်ဆန်စွာ လူတစ်ယောက်ရဲ့လက်က အရုပ်ကလေးအားကောက်ယူလိုက်သည်။ဖြူလုံးအရင်ဈေးမေးထားတဲ့ ဥစ္စာကို ဘာမမေး၊ညာမမေးပဲ ယူလိုက်တာကြောင့် စိတ်အရမ်းတိုပြီး ထိုလူကိုမော့ကြည့်လိုက်မိတော့။

"ကိုကြီး......."

အခန်း၃၄>>>>>ဆက်ရန်...

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကိုကြီးက ကြောက်ဖို့ကောင်းပေမဲ့
ဆူတော့လည်း သူ စိတ်ပူတော့လည်းသူပဲ

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၃၄
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


"ကိုကြီး.."

အစကဖြူလုံးနဲ့အပြိုင်လုလိုက်တဲ့ပစ်တိုင်းထောင်အရုပ်ကလေးကို ကြည့်နေရာမှ"ကိုကြီး"လို့ယောင်ပြီးခေါ်လိုက်မိတော့ သူ့ရဲ့မျက်တောင်ကော့ကော့ကြီးတွေ ၀န်းရံထားတဲ့မျက်၀န်းတွေဟာ ဖြူလုံးကိုစူးဆိုက်ပြီး ကြည့်လာသည်။

"အမယ်လေး!!!"

"ဟာ...သတိထားမှပေါ့..."

ပွဲဈေးတန်းဟာလူတွေပြည့်ကျပ်နေတာကြောင့် ဖြူလုံးရဲ့အနောက်ဘက်မှလူတစ်ယောက်က ပုခုံးကိုဖြတ်တိုက်သွားလေရာ ‌အရှေ့သို့ယိုင်ထိုးကျသွားသည်။

ကြောက်လန့်ကာမျက်လုံးတွေကိုမှိတ်ချလိုက်ပြီးခါမှ နှာခေါင်းထဲသို့တိုး၀င်လာတဲ့ခပ်သင်းသင်းရနံ့တစ်ခုကြောင့် မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိတော့ ပထမဆုံးမြင်လိုက်ရတာဟာ ဖြူလုံးရဲ့မျက်နှာနဲ့ နီးလွန်းနေသည့် ရင်အုံအကျယ်ကြီးကိုပဲ။ဘုရားရေ ဖြူလုံး‌ရှိနေတာက ကိုကြီးရဲ့ရင်ခွင်ထဲမှာပဲ။အပေါ်ကို အသာမော့ကြည့်လိုက်မိတော့ ကိုကြီးကလည်း စိုးရိမ်နေသော မျက်၀န်းတွေနှင့် မျက်မှောင်ကြုံ့ကာ ဖြူလုံးအားပြန်ငုံ့ကြည့်နေသည်။

ပြီးတော့ ဖြူလုံးရဲ့မျက်လုံး‌အပေါ်မှာအုပ်နေသည့် ဆံပင်တိုလေးတွေကိုလည်း သူ့ရဲ့ညာလက်နဲ့ လာသပ်တင်ပေးလေသည်။
ခပ်ရှက်ရှက်နဲ့ ခေါင်းကိုပြန်ငုံ့လိုက်မိတော့ ဖြူလုံးရဲ့မျက်၀န်းတွေ ပို၍ပြူးကျယ်သွားသည်။
ဖြူလုံးရဲ့ လက်နှစ်ဖက်ဟာ ကိုကြီးရဲ့ရင်အုံနှစ်ခုအပေါ်မှာ...

"အား!!!!!!!"

"အောင်မလေးဗျ!!!"

"ဟာ...ဟေ့လူ...အနောက်မှာလူတစ်ယောက်လုံးရပ်နေတာ...နဲနဲပါးပါးကြည့်အုံးမှပေါ့...ဘယ်လိုလည်းဗျာ..."

"ဆောရီးပါဗျာ...ကျွန်တော်မမြင်လိုက်လို့ပါ...
ဆေးရီးပါ..."

"အာရုံကိုနှောက်တယ်...."

တစ်ဖက်လူကို တောင်းပန်လိုက်ပြီးနောက် သူ့ကိုတွန်းလွှတ်လိုက်တဲ့ ဖြူလုံးဘက်သို့ ဒေါသအခိုးဝေစွာ ဆိုက်ကြည့်လိုက်မိသည်။
သူမကို လဲမှာစိုးလို့လည်း ဖမ်းထားပေးရသေးတယ် ။ကျေးဇူးမတင်တဲ့အပြင် ရင်ဘတ်ကိုပါ လာပြီးဆောင့်တွန်းပစ်သည်။ဘယ်လိုကလေးမပါလိမ့်။
တော်သေးတယ် ဟိုလူကဘာမှပြန်မလုပ်သွားလို့။မဟုတ်ရင် ပွဲဈေးတန်းမှာ ရန်ပွဲတွေဖြစ်ကုန်မှာသေချာတယ်။

"ဘာလို့ ကိုယ့်ကိုတွန်းလိုက်ရတာလဲ..."

ဘာ‌ကြောင့်လဲဆိုတာကို ပြန်ဖြေဖို့ စကားလုံး‌တွေထွက်ကျလာရမည့်အစား ဖြူလုံးရဲ့မျက်နှာတွေရော နားရွက်တွေရော ထူပူလာသည်။
ကိုကြီးဒေ၀ကိုလည်း မျက်လုံးချင်းဆုံပြီး မကြည့်ရဲတော့တာကြောင့် နောက်သို့သာပြန်လှည့်ပြီး လူအုပ်ကြားထဲတွင်သာ တိုးဝေ့လမ်းလျှောက်နေမိသည်။
ငါဘာဖြစ်သွားတာလဲ။?ဘာကြောင့် ကိုကြီးကိုတွန်းထုတ်လိုက်မိတာလဲ။?

"ဖြူလုံး...ဟေ့..."

လက်မောင်းကနေဆွဲလှည့်ခြင်းခံလိုက်ရသည်မို့ ဖြူလုံးရဲ့ခန္ဓာကိုယ်ဟာ တစ်ပတ်လည်ကျသွားလေသည်။

ဒေ၀လည်း သူ့ကိုလျစ်လျှူရှုသွားတဲ့သူမအား အလွန်ဒေါသထွက်သွားကာ အနောက်မှအတင်းလိုက်ပြီး သူမရဲ့လက်မောင်းကနေ သူ့ဘက်သို့ဆွဲလှည့်လိုက်မိသည်။
သူမ‌ရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့ဒေါသတွေဟာ စိုးရိမ်ခြင်းအဖြစ်သို့ပြောင်းလဲသွားသည်။

"ဖြူလုံး...နေမကောင်းဖြစ်နေတာလား..."

"ဟမ်...နေကောင်းပါတယ်...ဘာဖြစ်လို့လဲ..."

မေးလိုက်မိပြီးခါမှ ကိုကြီးဟာဖြူလုံးရဲ့မျက်နှာကို သေချာဆိုက်ကြည့်နေတာကြောင့် ဖြူလုံးမှာမျက်တောင်လေးပုတ်ခတ်၊ပုတ်ခတ်နှင့် မျက်နှာကို ဟိုလွှဲ ဒီလွှဲလုပ်နေရသည်။

"နေကောင်းတယ်ဆိုရင်...ဘာလို့မျက်နှာတွေရော..နားရွက်တွေရောနီနေရတာလဲ..."

"ဟင်..."

ဖြူလုံးကိုယ့်မျက်နှာကိုရော နားရွက်တွေကိုပါ လိုက်ကိုင်ကြည့်နေမိသည်။
တကယ်ပဲ မျက်နှာကြီးတစ်ခုလုံးနီနေတာများလား ။ဒါဆိုရင် သိပ်ရှက်ဖို့ကောင်းတာပဲ ။
သူစိမ်းယောက်ျားတစ်ယောက်နဲ့အသားချင်းထိမိယုံလေးနဲ့တင် ဒီလို့တစ်ခါမှမဖြစ်ဖူးပါဘူး။
ကိုဖိုးအေးတောင် ဖြူလုံးရဲ့လက်ကိုကိုင်ခဲ့ဖူးတာပဲဥစ္စာ အဲ့တုန်းကဘာလို့ ရင်တောင်မခုန်ပဲ ကိုကြီးနဲ့ကြမှဘာလို့လဲ။?
ဒါမှမဟုတ် ဖြူလုံးကိုကြီးကိုများ.....

"ဟေ့...နေမကောင်းဘူးလား...လာ...အိမ်ပြန်လိုက်ခဲ့တော့..."

ဖြူလုံးရဲ့လက်ကိုအတင်းလာဆွဲသော ကိုကြီးရဲ့လက်အားရုန်းခါပစ်လိုက်ပြီး အရှေ့သို့သာဆက်လျှောက်နေမိသည်။
ကိုကြီးလိုက်လာမယ်မှန်းသိနေပေမဲ့ နောက်သို့လှည့်မကြည့်စတမ်း ‌ခြေကုန်သုတ်နေမိလေသည်။

"ဖြူလုံး...မင်း ကိုယ့်ကို...ဘာလို့စကားပြန်မပြောရတာလဲ...နေ့လည်ကမင်းကိုဆူလိုက်လို့
...စိတ်ဆိုးနေတာလား..အခုကရောဘယ်ကိုလျှောက်သွားမလို့လဲ..."

"သမီးလျှောက်သွားမလို့မဟုတ်ဘူး...ဟိုမှာတွေ့လား..."

ကလေးမလက်ညှိုးထိုးလိုက်သော နေရာသို့သူကြည့်လိုက်မိတော့ အရှိန်နဲ့လည်ပတ်နေတဲ့
ချားရဟက်တွဲကြီးကိုတွေ့လိုက်ရသည်။
လူတွေကလည်း အော်လိုက်တာ အသံတွေကိုစုံလို့ပင်။နားမလည်နိုင်စွာ သူမကိုပြန်ကြည့်လိုက်မိတော့ သူမကသူ့အားမျက်လုံးလေးစောင်းပြီး ပြန်ကြည့်လာသည်။

"ရဟက်စီးဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ထားပြီးသား..သူတို့လတ်မှတ်၀ယ်ပြီးစောင့်နေကြတယ်...
အငြိမ့်ပွဲကလည်း စတော့မှာ ဒီညတော့ဖြူလုံး အိမ်ကိုလုံး၀ပြန်လိုက်မှာ မဟုတ်ဘူး..."

သူ့မှာပါးစပ်ကလေးဟမလို့ ကြံခါရှိသေးတယ်။ "အိမ်ကိုလုံး၀မပြန်ဘူးဆိုသည့် "စကားလုံးနဲ့တင် ကြိုအပိတ်ခံလိုက်ရသည်။
ပွဲဈေးဆိုတာ မြန်မာ့ဓလေ့တစ်ခုဖြစ်ပြီး ရပ်ရွာရဲ့သဘောတူညီမှုနဲ့ တည်ဆောက်ထားသည့် ပျော်ပွဲရွှင်ပွဲတစ်ခု ကယ်ဆယ်ရေးဆိုပြီး သီးသန့်အဖွဲ့တွေမရှိတာကြောင့် အသက်အန္တရယ်ကြီးကြီးမားမားနဲ့ကြုံလာခဲ့ရင် ဘယ်သူကတာ၀န်ယူမှာလဲ။

ကလေးတွေ၊ဘာတွေပျောက်ရင် အလှူခံရုံထဲကို၀င်ပြီး မိုက်နဲ့နာမည်အော်ရှာခိုင်းလို့ရပေမဲ့ ဒီလောက်ထူတဲ့လူအုပ်ကြီးထဲမှာ အနီးကပ်စောင့်ရှောက်နေခြင်းကသာ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ။

ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချလိုက်ပြီးနောက် သူကိုယ်တိုင်ဖြူလုံးရဲ့ လက်ကိုဆွဲကာ အရှေ့မှဦးဆောင်၍ သွားလိုက်သည်။
ရဟက်စီးဖို့ လူတွေစောင့်နေသော နေရာသို့ရောက်တော့ သူ့လက်ကိုဆွဲဖြုတ်လိုက်သည့် ကလေးမရဲ့မျက်နှာလေးဟာ ပြူးကြောင်ကြောင် စူပုပ်ပုပ်ကလေးဖြစ်နေပြန်သည်။

"အဲ့ဒီ့မျက်နှာက ဘယ်လိုပုံစံဖြစ်နေတာလဲ..."

"ဖြူလုံး ပြန်မလိုက်ဘူးလို့ ပြောပြီးသားနော်...
ဇွတ်အတင်း လာမခေါ်နဲ့..."

"ဟောဗျာ...ဘယ်သူကဇွတ်ခေါ်နေလို့လည်း...မင်းလိုပဲ ကိုယ်လည်းအငြိမ့်ပွဲကြည့်မလို့လေ..မရဘူးလား..."

"ဘယ်လို..."

"ဟဲ့...ဖြူလုံးမ...."

ကိုကြီးရဲ့ စကားကြောင့် ကြောင်တောင်တောင် ဖြစ်နေစဉ်မှာ အနောက်ကနေ မညှာမတာ ဖြူလုံးရဲ့ကျောကုန်းကို လာ၍ပိတ်တီးကြလေသည်။
ဟို မျောက်လွှဲကျော်မနှစ်ယောက်ပါပဲ။

"ဖြူလုံးရယ်..စောင့်ရတာကြာလိုက်တာဟယ်
...ဒီမှာလတ်မှတ်၀ယ်ထားတယ်..တစ်တွဲကိုလေးယောက်စီးရမှာဟဲ့..တကယ်ပါပဲ..."

မြတ်ချယ်က စကားတွေတတွတ်တွတ်ပြောနေရင်းနဲ့ ဖြူလုံးရဲ့ဘေးနားမှာ အသံတိတ်တရားကျင့်ကာ ရပ်နေတော်မူတဲ့ ကိုကြီးကို သတိထားမိသွားပြီး သွားသုံးဆယ့်နှစ်ချောင်းလုံး ပေါ်နေအောင် ဖြီးပြရင်နှုတ်ဆက်‌လေတော့သည်။

"ဒီက...အစ်ကိုကြီး တစ်ခုလောက်ကူညီပါလားဟင်...သမီးတို့ရဟက်စီးဖို့ တစ်တွဲကိုလေးယောက်ပြည့်အောင် ထိုင်ရမှာလေ...အဲ့ဒါတစ်ယောက်လိုနေလို့..ကိုကြီးကူညီပါလား...ကိုကြီးရယ်...တော်ကြာ တစ်ခြားယောက်ျားလေးတစ်ယောက်လာထိုင်မှာစိုးလို့ပါ...ကူညီပါနော်..."

တကိုကြီးတည်း ကိုကြီးနေသည့် မြတ်ချယ်ရဲ့အနားသို့ ဖြူလုံးတိုးကပ်သွားလိုက်ကာ ခါးကိုမသိမသာ ဆွဲဆိတ်လိုက်သည်။

"မြတ်ချယ်...နင့်ဟာက တရော်ကင်ပွန်းကို ဆီဖြန်းထားတဲ့အတိုင်းပဲ..ချွဲပြစ်နေတာ...ဘယ်လိုဖြစ်နေတာလဲဟယ်...ငါစိတ်ဆင်းရဲတယ်နော်..."

"နင်ဘာသိလဲ...အဲ့ဒါဂွင်ဆင်တာလို့ခေါ်တယ်...လျှင်သူစားကြေးပဲနော်...ဘာမှလာသ၀န်မကြောင်နဲ့...လိုချင်ရင်...ကိုယ့်ဘာသာလု...."

ဖြူလုံးအရှုံးပေးလိုက်ရပါပြီ။မြတ်ချယ်ကတော့ လက်လန်တာပါပဲ။သူငယ်ချင်းမလေးကို ရိုးရိုးအေးအေး‌လေးထင်ခဲ့မိတာ ကုတ်ကမြင်းလေးဖြစ်နေပါပေါ့လား။

"ညီမတို့အဖွဲ့...လာခဲ့ပေးပါ..."

ရဟက်ကိုတွန်းတင်တဲ့ အစ်ကိုကြီးက ခေါ် နေတာကြောင့် ဖြူလုံးတို့ လေးယောက်လည်း တွဲတစ်ခုထဲမှာပဲ အတူ၀င်ထိုင်လိုက်ကြသည်။
ဖြူလုံးနဲ့ အေးပုကအတူထိုင်ပြီး မြတ်ချယ်နဲ့
ကိုကြီးက အတူထိုင်လေသည်။

ကိုကြီးနဲ့မျက်နှာချင်းဆိုင်ထိုင်နေရတဲ့ ဖြူလုံးမှာ ဒုက္ခတွေကို ရောက်နေတာပါပဲ။
ကိုကြီးဟာ အရပ်ခြောက်ပေလောက်ရှိသည် ထင်ပါရဲ့ ခြေတံကြီးကလည်း ရှည်လွန်းသည်။ဖြူလုံးရဲ့ ခြေထောက်တွေကို သူ့ခြေထောက်တွေက
လာလာထိနေတာကြောင့် ရှက်စိတ်မွှန်ပြီး
အပေါ်ကနေ ခုန်ချလိုက်ချင်တာပဲသိသည်။

ရဟက်တွဲဟာ အမြင့်ဆုံးနေရာ ရောက်ပြီး အောက်သို့အရှိန်နဲ့ ပြန်ကျတော့ ခန္ဓာကိုယ်ကြီးဟာ လေထဲမှာမြောက်တက်သွားသလို ဖြစ်သွားလေသည်။ဖြူလုံးလည်း ရဟက်ရဲ့လှည့်ပတ်မှု အရှိန်မြန်လာသည်နှင့် အနည်းငယ်ထိတ်လန့်နေမိကာ လက်တစ်ဖက်က အေးပုကို ချိတ်ထားမိပြီးအခြားလက်က ဘေးလက်ကိုင်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။

အမြင့်ဆုံးနေရာကနေ အောက်သို့အရှိန်နဲ့ပြန်ကျတဲ့အချိန်တိုင်း ကိုကြီးရဲ့ခြေတံရှည်ကြီးနှစ်ဖက်ကလည်း ဖြူလုံးရဲ့ ဒူးနှစ်ခုကို ပူးကပ်နေသည်အထိ တင်းတင်းညှပ်ပေးထားသည်ဟု ခံစားနေရသည်။
မရည်ရွယ်ပဲ ညှပ်ထားမိတာလား၊ ပြုတ်ကျမှာစိုးလို့ တမင်လုပ်တာလားတော့ မသိပေမဲ့ လုံခြုံနေသလို ခံစားချက်တစ်ခုနှင့်အတူ ရှက်စိတ်တွေလည်း ပို၍ကဲလာရပြန်ပါသည်။

"အား...ပျော်ဖို့ကောင်းလိုက်တာ...ပွဲထဲကို သွားကြတာပေါ့...ဖြူလုံးနင်ရောဗိုက်ဆာနေ‌သလား..."

မေးလိုက်တာက အေးပုပေမဲ့ ဖြူလုံးကြည့်လိုက်မိတဲ့ လူကတော့ ကိုကြီးကိုပင်။ကိုကြီးကလည်း ဖြူလုံးကိုကြည့်နေတာကြောင့် ခေါင်းခါပြီးသာအကြည့်လွှဲလိုက်မိသည်။

ဘာလို့ ကိုကြီးဆီကိုပဲ မျက်လုံးကြီးကရောက်ရောက်သွားရသလဲ မသိပါဘူး။
မြတ်ချယ်တို့အိမ်မှာ အန်တီလေးဆီကနေယူဖတ်ခဲ့မိတဲ့ ၀တ္ထုထဲကလို လူတစ်ယောက်ကိုသဘောကျမိပြီဆိုရင် အဲ့ဒီ့လူရှိတဲ့အရပ်ကိုပဲ ကြည့်နေမိတာမျိုးလား။
အို...ရှုပ်လိုက်တာနော်...။

"မြင်းတစ်ခါစီး ကလေးငါးရာ၊လူကြီးတစ်ထောင်... မြင်းတစ်ခါစီးငါးရာ..."

ပွဲဈေးတန်းရဲ့ ဘေးဘက်အခြမ်းတွေမှာ သံဗူးတွေကို သားရည်ကွင်းနဲ့ပစ်ပြီး ဆော့တဲ့ဂိမ်းလေးတွေ၊သံဗူးတွေကို ခြင်းလုံးနဲ့ပစ်ပေါက်ပြီး အကုန်ထိရင် အရုပ်လက်ဆောင်ရတဲ့ ဂိမ်လေးတွေအပြင် သုန္နကရိုးမထဲသို့ အမဲလိုက်ထွက်လေ့ရှိ တဲ့ မြင်းပိုင်သော လူတွေကလည်း အပျော်အနေနဲ့ လမ်းဘေးမှာ မြင်းဝိုင်းခတ်ပြီး ကလေးတွေကို စီးဖို့မိတ်ခေါ်နေလေသည်။မြင်းမစီးဖူးသော လူကြီးတွေလည်း လာစီးကြပါတယ်။

"ဟဲ့...အေးပု...နင်မြင်းစီးတတ်သလား..."

"ငါတို့ခြံထဲမှာမြင်းမှမရှိတာကို ဘယ်လိုစီးတတ်မလဲ...ဖြူလုံးနင်ရော...နင်တို့ခြံထဲမှာ မြင်းကြီး
ငညိုရှိတော့ စီးတတ်မှာပေါ့..."

"ငါ...မြင်းစီးတတ်တယ်....အရမ်းအကျွမ်းကြီးတော့ မဟုတ်ပါဘူး..."

ဖြူလုံးဆယ့်လေးနှစ်အရွယ်က မမရွှေစင်ဟာ  မြင်းကြီးငညိုကို တမင်စီးခိုင်းပြီး ဟန်ရေးပြခိုင်းခဲ့သည်။အဲ့အချိန်ကတော့ လုံး၀မစီးတတ်ပဲ စီးလိုက်မိတာကြောင့်  မြင်းပေါ်ကနေပြုတ်ကျပြီး ဒဏ်ရာရခဲ့သည်။

ဒါကိုပဲ မမရွှေစင်က ဟားတိုက်ပြီး လှောင်ခဲ့လေသည်။ထိုနေမှစပြီး မြင်းကြီးငညိုနဲ့ရင်းနှီးအောင်လုပ်ကာ ခြံစောင့်ဦးလေးကြီးအား မြင်းစီးသင်ခိုင်းခဲ့ခြင်းဖြစ်သည်။
ဖြူလုံးသာ ယောက်ျားလေးတစ်ယောက်ဆိုရင် မြင်းတစီးနဲ့ ရိုးမထဲမှာ နေ့စဉ်လှည့်ပတ်နေမိမှာသေချာသည်။

"ထမနဲ တစ်ဗူးဘယ်လောက်လဲ..."

"တစ်ဗူးတစ်ထောင်ပါ..."

"‌နှစ်ဗူးပေးပါ...."

မြတ်ချယ်ကပဲဦးဆောင်ကာ ထမနဲနှစ်ဗူးရယ် နေကြာစေ့ထုပ်၊ရေသန့်ဗူး၊စီးထုပ် စသဖြင့် စုံနေအောင် ၀ယ်ကာ ပွဲခင်းဆီသို့ သွားဖို့လုပ်ကြလေသည်။

"ဟဲ့...ဖြူလုံး....ငါတို့ကဖျာအသေးတစ်ချပ်ပဲ နေရာယူထားတာလေ...အန်တီလေးကို ငါသွားမေးလိုက်အုံးမယ် နေရာမလောက်ရင် ဖျာရောင်းတဲ့လူတွေဆီကနေ စောစော၀ယ်ထားလို့ ရတာပေါ့..."

"အေး..."

မြတ်ချယ်ဟာ တကယ့်အသွက်ကလေးပါပဲ။ဘယ်နေရာမဆို သူမဟာ ချက်ကျ၊လက်ကျလုပ်တတ်၊ကိုင်တတ် ပြောတတ်၊ဆိုတတ်ပင်။
အေးလေ သူတို့ဟာသူဌေး သားသမီးတွေကို နေရာတကာအလိုလိုက်ခံထားရတော့လည်း
ဖြူလုံးတို့လို ‌တစ်ခုခုလုပ်ဖို့ကို အများကြီး တွေးကြောက်ပြီး တွေဝေမနေတတ်ကြဘူး ထင်ပါရဲ့။

"ဖြူလုံးရေ..."

လူတွေထိုင်နေသည့်ကြားထဲမှ တိုးထွက်နေရင်းနှင့်ပင် မြတ်ချယ်က လှမ်းအော်နေလေသည်။

"ဖြူလုံး...ဖျာက လူလေးယောက်ပဲဆန့်တယ်တဲ့ဟ...နှောင်ဇွဲမပါတာပဲ ‌ကံကောင်းချက်ဟယ်...
နင်ရယ်...ကိုကြီးရယ် ဖျာ၀ယ်မှဖြစ်မယ်...ငါနဲ့အေးပု...သွား၀ယ်လာခဲ့မယ်...ခဏစောင့်...
အေးပု..လာခဲ့..."

ဒီလိုနဲ့ ပွဲထဲမှာ မိုးမချုပ်ခင်ကတင် ဖျာခင်းထားပြီးနေရာလာဦးထားကာ နေရာပြန်ရောင်းသော လူတွေဆီကနေ ဖျာတစ်ချပ်စာ၀ယ်ပြီး ဖြူလုံးနဲ့ကိုကြီးမှာ အတူထိုင်လိုက်ရပါသည်။
ညဥ့်နက်လာသည်နှင့် ကွင်းပြင်ကျယ်မို့
လေတဟူးဟူးတိုက်ကာ အေးလာလေသည်။ကံကောင်းတာကတော့ အန်တီလေးက စောင်အပါးလေးတစ်ထည်ပေးလိုက်၍သာ တော်တော့သည်။

ဇာတ်စင်အပေါ်တွင်တော့ အရင်ဆုံးလူရွှင်တော်တွေ၊အငြိမ့်မင်းသား၊မင်းသမီးတွေဟာ စတိတ်ရှိုးဆိုကြလေသည်။လူတွေကလည်း လက်ခုပ်သံတစ်ဖြောင်းဖြောင်းနှင့် အားပေးကြလေသည်။
ကိုကြီးကတော့ စတိတ်ရှိုးကို နားထောင်ရတာ
မကြိုက်လို့ထင်ပါရဲ့ ပွဲထဲမှထွက်ကာ
အမှောင်ရိပ်ကျနေသော အပင်အောက်ကို သွားပြီးဆေးလိပ်သောက်နေလေသည်။

ပြဇာတ်ကသည့် အချိန်မှသာ ထမနဲတစ်ဗူး၊အအေးဗူး၊နေကြာစေ့နဲ့ သစ်သီးယိုစုံဗူးတွေထည့်ထားသည့် အထုပ်တွေကို လက်ထဲမှာဆွဲလာကာ ဖြူလုံးရဲ့ဘေးနားသို့ ပြန်လာလေသည်။
ဖြူလုံးလည်း ဇာတ်ပွဲလေးကြည့်လိုက်
မုန့်ကလေးစားလိုက်နှင့် ဟန်ကိုကျနေလေသည်။

"ကိုကြီး...စောင်လေးခြုံထားပါလား...အေးတယ်
..."

ဒီတစ်ခါတော့ သူလည်းချမ်းလို့ထင်ပါရဲ့ စောင်အစလေးကို အသာဆွဲပြီး ခြုံလိုက်လေသည်။
ဖြူလုံးတို့နှစ်ယောက်ဟာ စောင်တစ်ခုထဲကို အတူခြုံထားကြသည်မို့ ပုခုံးချင်း မထိအောင် အထူးဂရုစိုက် နေရလေသည်။
အငြိမ့်စကပြီဆိုသည်နှင့် နတ်ကန်တော့ခြင်းကိုစတင်ကပြလေသည်။ အဓိကဇာတ်မင်းသားက အသံသိပ်မကောင်းပေမဲ့ အကတော့ ကောင်း‌သည်။

နှစ်ပါးသွားတွေကလည်း ကြည့်ရတာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိပြီး လူရွှင်တော်တွေရဲ့ ပြတ်လုံးတွေကလည်း မရိုင်းပဲရယ်နေရလေသည်။
နှစ်နာရီထိုးခါနီးလောက်မှာတော့ နောက်ပိုင်းဇာတ်ထုပ်အနေနဲ့ မေဓါဝီဇာတ်ကိုကပြလေသည်။

မေဓါဝီသမင်မလေးဟာ မျှားမှန်ပြီး ဝေဒနာခံစားရချိန်မှာ ချစ်လင်သမင်ဖိုကြီးကို အော်‌ခေါ်ပေမဲ့
သမင်ဖိုဟာ မကြားတာကြောင့် သမင်မတွေနဲ့ပျော်မြူးနေသည်ဟု အထင်လွှဲပြီး ရှင်ပစ္စေကဗုဒ္ဓဆီတွင် သမင်ဖိုကြီးနဲ့" ဖြစ်လေရာဘ၀တိုင်းမှာ ရေမြေခြားလို့ ဘယ်ဘ၀မှ မတွေ့ပါရစေနဲ့ဘုရား..
"ဆိုပြီး ဆု‌တောင်းစကားဆိုလေသည်။
သေရတော့မည့်ဆဲဆဲတောင်မှ သမင်ဖိုကိုစိတ်နာ၍ မုန်းသည်ဟု ခမျာကျွေးကြော်သွားခဲ့လေသည်။

🎵"အို...ချစ်လင်သမင်ဖိုကြီးရယ်.. မြင်လှည့်ပါတော့ကွယ်... မျှားဒဏ်ရာဖြင့် အသဲမှာဆွဲကာ လဲကာနေပေါ့ကွယ် အဆိပ်တွေမွှန်လို့ လူးလွန့်တာပဲ ဘေးထိမိတယ်....ခေါ်သံကြားက အနားမှမလာတယ်..အဆိပ်တွေမွှန်လို့ လူးလွန့်တာပဲ ဘေးထိမိတယ်...တန်တော့...တန်တော့...တကယ်ရိပ်မိပြီကွယ်..နောက်သမင်မများနဲ့ ပျော်ပါးလို့သာ
ဒီကိုမလာတော့တယ်...."ဆိုကာ သမင်မ မေဓါဝီနေရာမှ ဇာတ်မင်းသမီးသည် အသံအတိမ်အနက်မှန်ကန်စွာဖြင့် သနားစရာကောင်းလောက်အောင် ငိုချင်းချနေလေသည်။

သမင်ဖိုကြီး ငိုချင်းချတဲ့ အခန်းဟာလည်း သိပ်သနားစရာကောင်းတာပဲ။ဖြူလုံးလည်း မျက်ရည်လေး ဝဲနေမိရာမှ ကိုကြီးဘက်ကို လှည့်ကြည့်လိုက်မိတော့.....

"ဟင်...အိပ်နေတာလား..."

ဖြူလုံးမှာတော့ ဇာတ်ထုပ်ကိုကြည့်ပြီး မင်းသား၊မင်းသမီးနဲ့အပြိုင်ငိုချင်းချနေမိပေမဲ့ ကိုကြီးကတော့ စောင်ထဲမှာငြိမ်ပြီး ငုတ်တုတ်ကြီးအိပ်နေလေသည်။

အေးပေါ့လေ သူ့ခမျာအလုပ်ပင်ပန်းတော့ အိပ်ချင်ရှာမှာပေါ့ ဖြူလုံးကိုစိတ်မချလို့သာ ဇာတ်ပွဲအတူ လိုက်ကြည့်ပေးတာထင်ပါရဲ့။
ဖြူလုံး ကျေနပ်စွာ ပြုံးလိုက်မိသည်။

"ဖြူလုံးကို အဲ့လောက်ပဲဂရုစိုက်တာလားဟင်..
ဒါဆို ဘာလိုအမြဲဆူနေရတာလဲ...ကိုကြီးကိုလည်း
ဖြူလုံး ချစ်ပါတယ်..."

ဒါပေမဲ့ ဖြူလုံးချစ်မိနေတာဟာ အစ်ကိုတစ်ယောက်လို မဟုတ်ဘူးဆိုတာတော့ ဒီနေ့ညမှဖြူလုံး သိလိုက်ရပါပြီ။ဒီခံစားချက်ကြီးကို ဖြူလုံးဘယ်လိုတားဆီးရပါ့မလဲ။

ပွဲခင်းထဲမှာက မှောင်တယ်ဆိုပေမဲ့ စောင်လေးကို ကာဗာယူပြီး ကိုကြီးရဲ့မျက်နှာအနားသို့ ဖြူလုံးတိုးလိုက်ကာ မှိတ်ချထားတာတောင် ထူကော့နေသည့် မျက်တောင်တွေကို လက်ဖျားလေးနဲ့ တို့ထိကြည့်မိသည်။
စတွေ့တဲ့နေ့တည်းက ဖြူလုံးသဘောကျနေမိတဲ့ ဒီမျက်တောင် ထူထူကြီးတွေ ပြီးတော့...

"အာ့!!!"

ကိုကြီးရဲ့ ပါးပြင်ကို ခက်ဖွဖွထိကပ်သွားသည့် အနမ်းတစ်ပွင့်ကို အမြန်ရုတ်သိမ်းကာ ဇာတ်စင်ဘက်သို့ အမြန်ပြန်လှည့်လိုက်ရလေသည်။
ခုဏက အဖြစ်အပျက်မှာ ဖြူလုံးရဲ့ဘေးနားက လူဟာအဓိကတရားခံပင်။သူသာ လက်ကို ဆန့်မထုတ်ရင် ဖြူလုံးရဲ့ကျောကို တံတောင်နဲ့တွတ်မိမှာမဟုတ်ဘူး။ဒါဆိုဖြူလုံးလည်း ကိုကြီးကို ...

"ဟူး......"

အတွေးတွေကို အမြန်ရပ်ပစ်ကာ တဒုန်းဒုန်းခုန်ပေါက်နေတဲ့ နှလုံးသားကိုတည်ငြိမ်စေဖို့ လေ၀င်လေထွက်ကို မှန်အောင်လုပ်နေရသည်။
ကိုကြီးကို ပြန်ကြည့်လိုက်တော့ အိပ်နေလို့သာ တော်တော့သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဖြူလုံး....ဖြူလုံး..."

"ဟင်..."

အိပ်ငိုက်နေမိရာမှ ကိုကြီးရဲ့အသံကိုကြား၍ ထူးလိုက်မိသည်။

"အငြိမ့်လည်း ပြီးတော့မယ်...မင်းလည်းအိပ်ချင်နေပြီမဟုတ်လား...ပြန်ကြမယ်လေ..."

"အင်း..."

အိပ်ချင်နေ၍ အာလေးလျှာလေးအသံနှင့်ပင် ပြန်၍ပြောလိုက်မိသည်။
ကိုကြီးက ပွဲထဲကနေ ဖြူလုံးရဲ့လက်ကိုဆွဲ၍  သူ့ကားဆီသို့ခေါ်လာလေသည်။
ဖြူလုံးလည်း ကားထဲမှာ၀င်ထိုင်တည်းက အိပ်ချလိုက်မိရာ အိမ်ကိုဘယ်လိုကနေ ဘယ်လိုရောက်လာသလည်း မသိပေ။

"ဖြူလုံး...အိပ်ရေး၀အောင် အိပ်လိုက်တော့နော်..."

"ဟုတ်ကဲ့..."

အိပ်ချင်နေတဲ့ ပုံစံလေးနဲ့မို့ သူမရဲ့အိပ်ခန်းထဲသို့ ၀င်သွားသည်အထိ ဒေ၀စောင့်ကြည့်နေကာ အပေါ်ထပ်မှ သူ့အခန်းဆီသို့ တက်လာလိုက်လေသည်။အခုမှပဲ အနောက်တိုင်း၀တ်စုံကို ချွတ်ရသည့်သူ့အဖြစ်ဟာ တကယ် နေရ၊ထိုင်ရတာပင်ပန်း နေပါပြီ။

ရေချိုးခန်းထဲသို့ ၀င်ကာ ရေပန်းခလုတ်ကိုဖွင့်ချလိုက်သည်။ အချိန်မရှိကြီးပေမဲ့ ခေါင်းတွေပါ လျှော်ပစ်လိုက်ပြီး မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ဖို့ မှန်ထဲသို့ကြည့်လိုက်မိတဲ့အချိန်မှာတော့ သူ့ညာဘက်ပါးကို သူပြန်စမ်းကြည့်နေမိသည်။

ဖြူလုံးလေး သူ့မျက်တောင်တွေကို လာထိတဲ့အချိန်တည်းက နှိုးသွားပေမဲ့ ကလေးလန့်သွားမှာစိုးလို့ မျက်လုံးကိုမှိတ်ပြီး ငြိမ်နေခဲ့မိသည်။
မထင်မှတ်ထားမိတာက သူမရဲ့နှုတ်ခမ်းနုနုလေးနဲ့ သူ့ပါးကိုနမ်းလိုက်သည့် အဖြစ်ပဲ။
မျက်လုံးမှိတ်ထားတာကြောင့် မတော်တဆလား၊သူမတမင်လုပ်တာလား မခန့်မှန်းတတ်ပေမဲ့  ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားသည်။

ဒီအရွယ်လေးနဲ့ တစ်ယောက်ပြီးတစ်ယောက် ချိန်ရွယ်နေတတ်ပြီလား ကလေးမရယ်။
ဆိုက်ကားသမား၊ ပြီးတော့ သူ့သူငယ်ချင်းဆိုတဲ့ ကောင်လေးကလည်း ဟိုတစ်‌လောကတင်အိမ်ကိုလိုက်ပို့တည်းက သိပ်ဟန်ပုံမပေါ်ဘူး ။
ဒါဆို သူကိုယ်တိုင်ကရော...

"ဟူး..ဖြူလုံးကို ညီမလေးတစ်ယောက်လို...
သမီးလေးတစ်ယောက်လို သဘောထားတာ...
ဟုတ်တယ်..ဒါပဲ...ဒါမှန်တယ်...ညီမလေး
တစ်ယောက်လို...သမီးလေးတစ်ယောက်လိုပဲ..."

ခေါင်းပေါ်ကို စီးကျလာတဲ့ ရေတွေနဲ့အတူ သူ့ဆံပင် တွေကို ခါချပစ်လိုက်မိသည်။

ထိုညမှာတော့ ဒေ၀တစ်ယောက် အိပ်လို့လုံး၀
မပျော်ဖြစ်နေတာကြောင့် အိပ်ဆေးတစ်လုံး သောက်လိုက်ရလေသည်။

🍁🍁🍁🍁🍁🍁🍁🍁

မနက်ခင်းရဲ့ အေးချမ်းမှုလေးနှင့်အတူ ဖြူလုံးလည်း လန်းဆန်းတက်ကြွစွာ အိပ်ရာမှနိုးထမိလေသည်။
ညတုန်းက အဖြစ်အပျက်လေးတွေကြောင့် စိတ်အစဉ်မှာ ပျော်ရွှင်မှုတွေပဲ ဖုံးလွှမ်းနေသည်။
ပြူတင်းပေါက်အနားက သရပ်ပင်တွင် အသိုက်ဆောက်၍ မနက်ခင်းမှာအိပ်တန်းမှထကြွလာကြသော ငှက်တို့၏ အသံလေးတွေကပင် တေးသီချင်းတစ်ပုဒ် ဆိုညီးပြနေသလို ခံစားနေရသည်။

မနက်ခင်းမှာပုံမှန်လုပ်နေကြအတိုင်း ဖြူလုံးရဲ့အိပ်ယာအပြင် အဖေတို့ရဲ့အိပ်ယာတွေကိုပါ သိမ်းလိုက်ပြီး ‌ရေ၊မိုးချိုးကာ ကျောင်းစိမ်း၀တ်
စုံလေးကို လဲ၀တ်လိုက်သည်။
သနပ်ခါးပါးကွက်ကြားလေးကို ပါးမှာတင်လိုက်ပြီးနောက် ဂုတ်ထောက်နေသည့်ဆံပင်ကို အုန်းဆီလေးလူးကာ ဖီးသင်လိုက်သည်။
လွယ်အိတ်ထဲသို့ စာအုပ်တွေသေချာစီထည့်လိုက်ပြီးနောက် ထမင်းချိုင့်ယူရန် မီးဖိုခန်းထဲသို့ ကူးရလေသည်။

"ဆရာမရယ်...အပင်ပန်းခံလို့ရှင်..."

"ရပါတယ်...အိမ်မှာအုန်းထမင်းချက်စားဖြစ်တာရော..ငွေလည်းအားနေတာနဲ့ လာပို့လိုက်တာပါ..."

"ကျေးဇူးတင်ပါတယ် ဒေါက်တာ...ကျွန်တော်လည်း အုန်းထမင်း မစားတာကြာတော့ အတော်ပဲဖြစ်သွားတာပေါ့..."

"ရပါတယ်ရှင်...ငွေပြန်လိုက်အုံးမယ်နော်..."

"ဟုတ်ကဲ့..."

ထမင်းချိုင့်ကို မီးဖိုထဲမှ ယူလာပြီး ကျောင်းသွားဖို့ထွက်အလာ ဧည့်ခန်းအနားက အန်တီနှင်းမြတ်ရယ်၊ကိုကြီးရယ်နဲ့ မမငွေပန်းချီတို့ အဖွဲ့ကျနေတာကို သွားတွေ့လေသည်။

ဟွန့်... အုန်းထမင်းလာပို့တဲ့လူကလည်း
ပန်းရောင်ချိတ်၀မ်းဆက်ကြီးနဲ့ ဟန်ရေးပြနေယုံတင်မဟုတ်ဘူး နှုတ်ခမ်းနီတွေရော ပါးနီတွေရော ဆိုးလာသေးတယ်။
ဒေါက်တာမကြီးဖြစ်ပြီး ရွယ်တူယောက်ျားပျိုရှိတဲ့ အိမ်ကိုလာနေလိုက်တာများ ချောင်းတင်မက ၊ပင်လယ်တောင် ဖြစ်တော့မယ်။

ကိုယ့်ဘာသာ တစ်ယောက်ထဲ မကျေမနပ်တွေဖြစ်ပြီး အိပ်ခန်းဘက်သို့ ခြေဦးပြန်လှည့်လိုက်မိသည်။
အခန်းထဲကို ရောက်သည်နှင့် ဖြူလုံးရဲ့ သေတ္တာလေးကို ဖွင့်ကာ ဟိုးအောက်ခြေမှာဖွက်ထားတဲ့ ကလစ်ပန်းရောင်လေးကို ထုတ်လိုက်ပြီး ခေါင်းမှာပန်လိုက်သည်။

"ဟီ...ဟိ..."

ကိုယ့်ဘာသာ သဘောတွေကျပြီး အ၀တ်အစားကိုလည်း ပြန့်ပြူးအောင် ဆွဲချလိုက်ကာ အခန်းအပြင်သို့ ပြန်ထွက်လာလိုက်သည်။

"ကိုကြီး ဒေ၀...ဖြူလုံးကျောင်းသွားတော့မယ်..."

ဧည့်ခန်းထဲမှာ သတင်းစာထိုင်ဖတ်နေသော ကိုကြီးကို အရင်ကကျောင်းသွားတိုင်း နှုတ်မဆက်မိပေမဲ့ ဒီနေ့တော့ ကလစ်‌လှလှလေးပန်ထားတာကြောင့် ကိုယ့်ဘာသာ ယုံကြည်မှုတွေဇွတ်တက်နေပြီး နှုတ်ဆက်လိုက်မိသည်။

"နေအုံး...."

ခြေလှမ်းမလို့ ကြံလိုက်ခါမှ ကိုကြီးရဲ့အမိန့်ကြောင့် ရပ်တန့်လိုက်မိသည်။ကြည့်ရတာ
တမူထူးခြားမှုကို ရှာတွေ့သွားပြီထင်ပါတယ်။
ကလစ်လေးနဲ့ လိုက်တယ်လို့များ ပြောမလားမသိဘူး။

"နောက်တစ်ခါ ကလစ်တွေဘာတွေ မပန်နဲ့...
ကျောင်းသားက ကျောင်းစာကိုပဲအာရုံစိုက်...
ကြားလား..."

ဖြူလုံးရဲ့ ခေါင်းမှကလစ်ပန်းရောင်လေးကို ဆွဲဖြုတ်လိုက်ပြီး သူ့ရဲ့နဂိုမူအတိုင်း မျက်မှောင်ကြီးကြှုံ့ကာ ဆူလိုက်တာကြောင့် စိတ်ကထောင်းကနဲဖြစ်သွားသည်။

"သိတယ်...သိတယ်...သေတာတောင်ကလစ် မပန်တော့ဘူး..."

ဆောင့်ကြီးအောင့်ကြီးနှင့် စက်ဘီးစီးကာ ခြံထဲမှထွက်သွားသော သူမအားသူနားမလည်နိုင်ဖြစ်နေရသည်။ဒါလေး ပြောလိုက်တာကို ဒီလောက်စိတ်ဆိုးသွားရသလား။

"ဆရာရယ်...မိန်းကလေးပဲဥစ္စာ ဘယ်အသက်အရွယ်မှာ ဖြစ်ဖြစ် လှချင်တာပဲလေ..
ကလစ်ကလေး ပန်တာလောက်တော့ ဘာမှမဖြစ်လောက်ပါဘူး...ဒီအရွယ်လေးတွေက ပိုချုပ်ခြယ်လေ...ပိုဂျစ်တတ်လေပဲ...ဒါနဲ့ အုန်းထမင်းစားချင်ရင် ပြင်ပြီးသွားပြီဆရာ..."

ဒေါ်နှင်းမြတ်ပြောသွားတာကို သူနားလည်ပေမဲ့
ထိုမိန်းကလေးတွေထဲမှာ ဖြူလုံးကခြွင်းချက်ဖြစ်နေရမည်။
ဒီကလေးမဟာ အသက်ကလေးကလည်း ငယ်ငယ် ၊အသားလေးကဖြူဥနေပြီး အလှကြွယ်သည့်အရွယ်ကလေးမို့ ကာလသားတွေကလည်းအချောင်းကြီးချောင်းနေကြမှာ ဧကန်မလွဲပင်။
 အလှမပြင်ရပဲနဲ့တောင် ကြိုက်ချင်တဲ့လူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဥစ္စာ "လုပ်ချင်တာလုပ်ဟေ့" ဆိုပြီးလွှတ်ပေးလိုက်လို့ကတော့ထိန်းလို့ကိုရမှာ မဟုတ်တော့ဘူး။
အနောက်ကနေ တုတ်တစ်ချောင်းနဲ့ လိုက်နေရမှာ သေချာတယ်။

အခန်း၃၅>>>>ဆက်ရန်

🍁🍁🍁🍁🍁🍁🍁

အချိုလေးတွေ ကျွေးတယ်နော်

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၃၅
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


ဦးအဂ္ဂနှင့်အတူ လုပ်ငန်းတူပါတနာတွေဟာ
လက်ပ်တော့နဲ့အခွေထိုး၍ နားထောင်နေကြရာမှ ကြားလိုက်ရသည့် အသံဖိုင်လ်ကြောင့် အားလုံးဒေါသထွက်နေသည့် ဟန်ပန်များ ဖြစ်သွားကြလေသည်။

"ဒုန်း!!!ဒီကောင်တော်တော်အတင့်ရဲတာပဲ..."

‌ဦးအဂ္ဂ စိတ်ဆိုးမာန်ဆိုးနှင့် ခုံကိုထုချပစ်လိုက်သည်။ကိုယ်ပစ်လိုက်တဲ့ မျှားဦးဟာ ကိုယ့်ဆီတည့်တည့်ပြန်လာတာကြောင့်လည်း မကျေမနပ်ဖြစ်နေမိလေသည်။

"သူကအတင့်ရဲတာမဟုတ်ဘူး...ခင်ဗျားကိုက...
အိပ်နေတဲ့ခြင်္သေ့ကို သွားနိုးလိုက်တာ...အခုတော့ဘယ့်နှယ့်လည်း အကုန်ထောင်ထဲရောက်ကုန်ပြီလေ..."

"ကျွန်တော်လည်း...ကိုဇော်ဌေးပြောတာလက်ခံတယ်...ကိုအဂ္ဂ...ဒီတစ်ခါတော့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်သိပ်မှားတယ်ဗျာ...ဒေ၀က ကျုပ်တို့နဲ့ မပူးပေါင်းဘူးဆိုပေမဲ့...ကျုပ်တို့ကိုလာရှုပ်နေတာမှ မဟုတ်ပဲ...ခင်ဗျားကအစိုးရိမ်လွန်ပြီး ဒီလိုတွေလျှောက်လုပ်လိုက်တော့....သူ့လုပ်ကွက်ထဲကို ၀င်သွားတာပေါ့...."

"ဘာ..ကျုပ်ကအစိုးရိမ်လွန်တယ်...ဟား...ခင်ဗျားတို့အားလုံးကို...ဒီလောက်တုံးမယ်မထင်ထားမိဘူး..."

ဦးအဂ္ဂဟာ မတ်တပ်ထရပ်လိုက်ပြီးနောက် အခန်းထဲတွင်ရှိသော လုပ်ငန်းရှင်တွေအားလုံးကို လက်ညှိုးငေါက်ငေါက်ထိုးကာ လှောင်ရယ်ပစ်လိုက်သည်။

"အခု...အဲ့ဒီ့ဒေ၀ဆိုတဲ့ကောင် ဘာတွေလုပ်နေသလဲ...ခင်ဗျားတို့သိကြသလား....အဲ့ကောင်က ထက်မြတ်နဲ့ပေါင်းပြီ...သုန္နကမှာ ခရီးသွားစီမံကိန်းအကြီးကြီးလုပ်နေတာ...အေး...အဲ့ဒီစီမံကိန်းအတွက်...ရိုးမထဲက ရေတံခွန်ကြီးကနေ ပိုက်တွေနဲ့ ရေသွယ်ဖို့လုပ်တော့မယ်...ဒါတင်မကသေးဘူး..‌‌ တောင်ပေါ်မှာပါ အပန်းဖြေဟိုတယ်တွေ ဆောက်မယ်လို့သတင်းရထားတယ်...
အဲ့ဒီ့ကိစ္စတွေအားလုံးသာ အောင်မြင်သွားရင်...နိုင်ငံခြားမှာတောင် အောင်မြင်နေတဲ့ဒီကောင်က...ပြည်တွင်း၊ပြည်ပ‌က ခရီးသွားတွေကို...ဒီမြို့ကြီးကို အရောက်ခေါ်လာတော့မှာ...
အဲ့ဒီ့အချိန်ကြရင်...ဒီမြို့ကို လာတဲ့ခရီးသွားတိုင်းရဲ့ အဓိကဦးစားပေးလည်ပတ်မဲ့နေရာက
သုန္နကရတောင်တန်းတွေနဲ့ သုန္နကရိုးမဖြစ်လာမှာပဲ...ကျုပ်တို့လုပ်နေတာကဘာလဲ...ဒီရိုးမကြီးကို အမှီပြုပြီး သစ်‌တွေထုတ်နေတာမဟုတ်ဘူးလား...
အဲ့ဒီ့ခရီးသွားစီမံကိန်းကြီးအောင်မြင်သွားရင်...
မီဒီယာတွေကို ဒီနေရာအထိခေါ်လာမှာပဲ...
ပြီးရင်...တီဗွီနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတိုင်းမှာ...ပါလာမယ်...အဲ့ဒါဆို...ကျုပ်တို့အတွက်ချောင်မယ်ထင်နေသေးတာလား...တစ်နည်းနည်းနဲ့ပေါက်ကြားကုန်မှာ...အားလုံးဂျေးအောင်းရမှာခင်ဗျားတို့...မတွေးမိကြဘူးလား...ဟမ်!!!"

ဦးအဂ္ဂ၏စကားသံအဆုံးမှာ အားလုံးအတွေးကိုယ်စီနှင့်  ဗျာများကုန်တော့သည်။
သူတို့ရဲ့ အဓိကငွေ၀င်သည့်လမ်းဟာ ဒီသစ်လုပ်ငန်းဖြစ်တာကြောင့်လည်းပါသည်။
အရင်အာဏာပိုင်တွေတုန်းက ငြှိုလို့ရခဲ့ကြပေမဲ့
အခု ဉီးထွန်းတောက်ရဲ့ လက်ထက်မှာတော့ သူတို့အတွက် သိပ်မချောင်တော့ပေ။

မြို့တော်၀န်ဦးထွန်းတောက်ဟာ သူတို့ရဲ့လမ်းကြောင်းတွေကို အမြဲထောက်လှမ်းနေပြီး အမြဲတမ်းအငိုက်ဖမ်းဖို့ကိုသာ ချောင်းနေလေသည်။
ထို့ကြောင့်ပဲ သူတို့လုပ်ငန်းကို အခုလတ်တလောမှာ ခဏငြိမ်ထားနေရသည်။
အလုပ်သမားတွေကိုလည်း တောထဲမှာသာ ပုန်းအောင်းနေခိုင်းပြီး အပြင်သို့မထွက်လာကျဖို့ အမိန့်ချထားလေသည်။
သူတို့ထဲက တစ်ကောင်ကောင်သာ အပြင်ထွက်လာလို့ မိသွားခဲ့ရင် အားလုံးမသာပေါ်ကုန်မှာသေချာတယ်။

"ဒါပေမဲ့ ခင်ဗျား...ဒေ၀ကိုတော့ အသက်အန္တရယ်ခြိမ်းခြောက်တဲ့အထိ သွားမစသင့်ဘူး...
နောက်ကွယ်ကနေပဲ ထိုးနှက်သင့်တာ...အခုတော့ဗျာ...မြို့တော်၀န်ကိုသာ ဒီကောင်သွားပြောလိုက်ရင်...ကျုပ်တို့ရဲ့ လမ်းကြောင်းတွေက ဒီ့ထပ်ပိုကြပ်သွားမှာဗျ..."

"ဒီ့အတွက်တော့ ခင်ဗျားတို့ စိတ်ချစမ်းပါ...ကျုပ်မှာ အကြံရှိပါတယ်...ပထမတစ်ခါမှာလွတ်သွားပေမဲ့ ဒုတိယတစ်ခေါက်မှာတော့ ဒီကောင်မလွတ်စေရဘူး...ကျုပ်ကိုသာ ယုံထားလိုက်စမ်းပါ...
ကျုပ်မှာ ဝှက်ဖဲရှိပါတယ်..."

"ဘာလဲ...ခင်ဗျားရဲ့ဝှက်ဖဲက "ငရဲ.."လား..."

"ဟား..ဟား...ကိုဇော်ဌေး..ခင်ဗျားက ကျွန်တော့်အကွက်တွေကို ကြိုသိနေတာပဲ...ဟုတ်တယ်...
ဒီကောင့်ကို ပညာပြနိုင်မဲ့လူက...ငရဲကလွဲပြီး အခြားသူမရှိနိုင်ဘူး...ငရဲနဲ့...တွေ့ရင်တော့...
ဘီးလူးတောင်အစွယ်ကျိုးသွားလိမ့်မယ်...
ဒီတစ်ခါတော့ ဒီကောင်ပြန်လမ်းမရှိတော့ပါဘူး...."

"အေးပါ...ခင်ဗျားစကားကိုမှတ်ထားလိုက်ပါ့မယ်...ဒါပေမဲ့တစ်ခုတော့ရှိတယ်...ကိုအဂ္ဂ...လူတစ်ယောက်ရဲ့ ဘုန်းကံဆိုတာ...အရမ်းမြင့်မားနေချိန်ရောက်ပြီဆိုရင်လည်း...ရိုက်ချိုးပစ်ဖို့ သိပ်ကိုခက်ခဲတတ်တယ်နော်...ဒေ၀ဆိုတဲ့ကောင်ရဲ့ကံကိုလည်း ခင်ဗျားလျှော့တွက်လို့မရဘူးနော်...
လူခုနှစ်ယောက်ရဲ့ လုပ်ကြံခြင်းကိုခံရတာတောင် ဒီကောင်အသက်ရှင်နိုင်ခဲ့သေးတာပဲ...ငရဲကဘယ်လောက် စွမ်းဆောင်နိုင်မှာမို့လို့လဲ.."

ဦးအဂ္ဂတစ်ချက်ပြုံးလိုက်မိလေသည်။
ငရဲဆိုတဲ့ ကောင်က ကျွဲရိုင်းတစ်ကောင်လိုနှလုံးသားနဲ့ ခြင်္သေ့တစ်ကောင်လို ခွန်အားရှိတဲ့ကောင်။

ရိုးမထဲတွင်ရှိတဲ့ အလုပ်သမားတိုင်းက ဒီကောင့်ကိုဆိုရင် ဖိန့်ဖိန့်တုန်နေအောင် ကြောက်ကြရတယ်။
ဘာကြောင့်လဲဆိုတော့ ဒီကောင်ကလက်ရဲ၊ဇက်ရဲသမား လူတစ်ယောက်ကို အသာလေးအစဖျောက်ပေးနိုင်သလို သိပ်ကိုလျှင်မြန်တိကျလွန်းတဲ့ လူတစ်ယောက်ပဲ။

သုန္နကရိုးမထဲမှာ အလုပ်လုပ်မဲ့အလုပ်သမားတစ်ယောက်ချင်းစီတိုင်းဟာ တစ်နှစ်မှတစ်ခါသာ အိမ်ကိုပြန်ခွင့်ရကြတယ်။ဒီကြားထဲမှာ ထွက်ပြေးတဲ့လူကတော့ ငရဲ ရဲ့လက်နဲ့ အစဖျောက်ခံရပြီသာ မှတ်လိုက်တော့။

ဒီကောင့်ကို ဒီလိုဖြစ်ဖို့ကိုလည်း သူကိုယ်တိုင်စမ်းသပ်မှုအမျိုးမျိုးလုပ်ထားခဲ့တာမဟုတ်လား။
ဒေ၀ဆိုတဲ့ကောင်ကို အစဖျောက်ပြစ်ဖို့ ပထမတည်းက ငရဲကိုခိုင်းချင်ပေမဲ့ ရိုးမထဲကနေထွက်လာရင် အချိန်တွေကြာနေမှာမို့ အပြင်ကကောင်တွေကိုပဲ ခေါ်ခိုင်းလိုက်မိတယ်။အခုတော့ အားလုံး အလွှဲလွှဲအချော်ချော်ဖြစ်ကုန်ပြီပေါ့။

🍁🍁🍁🍁🍁🍁🍁🍁

"ငရဲ!!!!!"

မုန်တိုင်းရဲ့ခေါ်သံကိုကြားပေမဲ့ ငရဲကတော့
တုပ်တုပ်မျှမလှုပ်ပဲ ကျောက်ဆောင်ကြီးအပေါ်တွင်သာ ဆက်လက်ထိုင်နေသည်။
 မျှားအတိုကို လေးညှို့နဲ့ ညှပ်ဆွဲပြီး ရှားသားနဲ့လုပ်ထားသော လေးဒူးအပေါ်တွင် အမြောင်းလိုက်ဖြစ်နေသော မျှားကပ်တစ်လျှာက်‌ သူကိုယ်တိုင်လျော်နဲ့ သေချာကျစ်ထားသော လေးညှို့ကိုဆွဲလိုက်ကာ အာကပ်ကြားမှာညှပ်ထားလိုက်သည်။
 
ဒီနေ့ တော၀က်ကို ရအောင်အမဲလိုက်မည်ဟု တွေးထားတာကြောင့် မျှားအရှည်ကိုမသုံးပဲ မျှားအတိုကိုပဲ ရွေးသုံးထားသည်။
မျှားရဲ့ ထိပ်မှာအဆိပ်တွေကိုလူးလိုက်ပြီးနောက်
သားကောင်ကို ဖမ်းဖို့ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော မုဆိုးတစ်ယောက်၏ အပြုံးမျိုးပြုံးလိုက်သည်။

"ငရဲ...မင်း...အဲ့ဒီ့မှာအေးဆေးထိုင်မနေနဲ့..."

"ဘာလဲကွာ!!!..."

စိတ်ကြည်နေတဲ့အချိန်လေးကို လာနှောက်ယှက်နေသော မုန်းတိုင်းဘက်သို့ ထိုင်ရာမှမထသေးပဲ ဒူးတစ်ဖက်ထောင်လျှက်ပင် မျက်မှောင်ကြုံ့ကာ လှည့်ကြည့်လိုက်သည်။
လက်ထဲမှာလည်း ဒူးလေးကိုကိုင်မိလျှက်သားကြီးဖြစ်တဲ့အပြင် ဒူးလေးရဲ့ဦးတည်ရာက မုန်တိုင်းဘက်သို့ ချိန်သလိုဖြစ်နေတော့ မုန်တိုင်းမှာကြောက်လန့်ပြီး လက်တွေပါမြှောက်ကုန်ပြီ။

"ငရဲ...မင်းခလုတ်ကိုမနှိပ်လိုက်နဲ့နော်..."

"အဟင်း...ငါ့ကိုနှောက်ယှက်တုန်းက နှောက်ယှက်ပြီး အခုမှလာကြောက်ပြနေတယ်ပေါ့...."

ငရဲဟာ နှုတ်ခမ်းထောင့်နားမှ အရေပြားတွန့်တက်သွားသည်အထိ ပြုံးလိုက်သည်။
ပါးစပ်မှဖွာရှိုက်ထား၍ ကုန်လုဆဲဆဲဆေးပြင်းလိပ်ကို ကျောက်တုံးကြားထဲသို့ မှုတ်ထုတ်ပစ်လိုက်‌ပြန်သည်။
နဂိုကမှ ပေါင်အထပ်သို့ ရောက်နေသည့် ပုဆိုး
အပြဲကို ညာလက်နှင့် ထပ်၍မတင်လိုက်ကာ ဘက်လက်ကတော့ မုန်တိုင်းဘက်သို့ ချိန်ရွယ်ထားသော ဆပ်ချိုနှင့်အထူးလုပ်ထားသည့်ဒူးလေးရဲ့ ခလုတ်အပေါ်သို့ လက်ကိုတင်လိုက်သည်။

"မ..မလုပ်ပါနဲ့ ငရဲရာ...ငါမင်းကိုတမင်လာ‌ နှောက်ယှက်တာမဟုတ်ပါဘူးကွာ...ပိုင်မင်းလာသောင်းကျန်းနေလို့ လာပြောတာပါကွာ..."

"ဘာ!!!မင်းတကယ်ပြောနေတာလား..."

"တကယ်ပါကွာ...မညာရပါဘူး..."

"အဟင်း...ဒီကောင်...ငါ့လက်နဲ့ သိပ်‌ကို
အသေခံချင်နေပြီထင်တယ်..."

"ဟာ...ဟေ့...ငရဲ...ဟာ..ဒီကောင်ကွာ..."

အပေါ်ပိုင်းမှာ အ၀တ်အစားတစ်စက်မရှိပဲ ပုဆိုးကိုခါးတောင်းကျိုက်ကာ ထွက်သွားသော ငရဲကို အသံကုန်အောင် လှမ်းခေါ်နေလည်းပဲ
ငရဲဆိုသည့်‌ကောင်ကတော့ ကျောက်တုံး၊ကျောက်ဆောင်တွေကြားမှ ‌လေလိုအလျှင်နှင့် တောတွင်းသားတစ်ယောက်အလား လျှင်မြန်စွာပျောက်ကွယ်သွားလေပြီ။

*
*
*
*
*
"ဟေ့ကောင်...မင်းမိန်းမက ဘာသောက်ချိုးချိုးတာလဲ...ဟမ်...ငါတို့အဖွဲ့အတွက်...နေ့လည်စာချက်ခိုင်းတာကို...အခုထိချက်မပေးထားရအောင်
...မင်းတို့က ဘာကောင်တွေမို့လို့လဲ ..."
ငါ့ကို ဒီလိုအချိုးမျိုး လာချိုးလို့မရဘူးကွ..."

"ကျွန်တော်တို့ တောင်းပန်ပါတယ် ကိုပိုင်မင်းရယ်...ကိုငရဲက ခင်ဗျားတို့အတွက် ထည့်မချက်ရဘူးလို့ အမိန့်ထုတ်ထားလို့ပါဗျာ...အာ့..."

"အမလေး...ကျွန်မယောက်ျားတော့ သေပါပြီ.."

ပိုင်မင်းဆိုသည့်လူဟာ  လက်အုပ်ချီတောင်းပန်နေသော အမျိုးသားရဲ့နှာနုရိုးကို တူမီးသေ နတ်ဒင်ဖြင့်ရိုက်ချလိုက်လေသည်။
နှာခေါင်းထဲမှ ‌သွေးတွေ စီးကျလာသောအခါ မိန်းမဖြစ်သူကလည်း ထအော်သည်။သူမယောက်ျားဆီသို့ အပြေးသွားလိုက်စဉ်မှာပဲ သူမရဲ့ရင်ဘတ်တည့်တည့်အား ခြေထောက်ဖြင့်အကန်ခံလိုက်ရသည်။

"ဟဲ့...ကောင်မ...နင်က လင်အားကိုးနဲ့ငါတို့ကို ဒီသောက်ချိုးမျိုးချိုးရဲတာပေါ့ဟုတ်လား...တွေ့မယ်...နင်တို့တဲစုတ်ကလူတွေအားလုံး ငါနဲ့တွေ့မယ်..."

"အား...ယောက်ျား...ကျွန်မကိုကယ်ပါ..."

ပိုင်မင်းဆိုသူဟာ မိန်းက‌လေးဖြစ်နေလည်းပဲညှာတာမှုကင်းမဲ့ကာ ဆံပင်ကိုဆောင့်ဆွဲပြီး မြေကြီးပေါ်တွင် ဒရွတ်တိုက်ဆွဲခေါ်သွားသည်။
ထိုသို့ ရက်စက်လွန်းသည့်အပြုအမူတွေကို ဘေးကပ်လျှက်တဲများမှ ယောက်ျားမိန်းမတိုင်းသည် မြင်နေရပေမဲ့ မကူညီရဲကျပေ။

ပိုင်မင်းဆိုတာ ငရဲကဲ့သို့ ဦးအဂ္ဂကိုယ်တိုင် ခန့်အပ်ထားသောလူဖြစ်တာကြောင့် သူတို့ပြန်မခုခံရဲပေ။
ဒီတောထဲမှာ အလုပ်သမားတွေကို အဓိကဦးစီးသည့် လူသုံးယောက်ရှိသည်။ငရဲ၊မြတ်ဦးနှင့် ပိုင်မင်းတို့သုံးယောက်ဖြစ်သည်။

သူတို့ သုံးယောက်ထဲတွင် မြတ်ဦးကအလုပ်ခွင်ထဲမှာသာ စည်းကမ်းတင်းကျပ်သူဖြစ်ပြီး ပြင်ပအချိန်တွေမှာဆိုရင် နွေးထွေးပြူဌာသည်။
ပိုင်မင်းကတော့ ဦးနှောက်မရှိပဲ အလကားနေဆိုးမိုက်နေသူဖြစ်သည်။
အမြဲတစေ အရက်ချိုးကပ်နေတတ်ပြီး ဘယ်နေရာ၊ဘယ်အချိန်မှာမဆို အလုပ်သမားတွေကို ရိုက်နှက်၊ရမ်းကားလေ့ရှိသည်။
ဒီကောင့်ကိုနိုင်တဲ့လူဆိုလို့ ငရဲတစ်ယောက်သာ ရှိလေသည်။

ငရဲကတော့ မြတ်ဦးနှင့်ပိုင်မင်းတို့ထက် ဩဇာပိုကြီးသည်။လူကြည့်တော့သာ ရုပ်ရည်ရင့်ထော်နေဟန်ပေါက်ပြီး အသားညိုညို၊ခန္ဓာကိုယ်ခပ်တောင့်တောင့်နှင့်ဖြစ်ပေမဲ့ အ‌ရပ်သေရည်စာနှင့် လောင်းကစားကင်းရှင်းသူဖြစ်သည်။

သူ့ဘ၀မှာ ရပ်နားနေသည်ဆိုတာမရှိပေ။
အလုပ်မရှိသည့်အချိန်မျိုးတွင် အမဲလိုက်သည်။အမဲလိုက်ကပြန်လာသည်နှင့် ဒူးလေးနှင့်  သေနပ်အပစ်လေ့ကျင့်သည်။သူ့တွင် လက်လုပ်တူမီးတွေလည်း အများအပြားရှိသည်။
ဘာမှလုပ်စရာမရှိရင်တောင် အမဲလိုက်ရင် သားကောင်တွေများများရဖို့အတွက် အဆိပ်ဖော်နေတတ်သည်။

ငရဲဟာ သူ့ဘာသာသီးသန့်နေတတ်ပြီး ဘယ်သူနှင့်မှအရောအနှောသိပ်မလုပ်တတ်တာကြောင့်
သူ့နဲ့ပတ်သတ်သည့် နှောက်ကြောင်းရာဇ၀င်ကို ဘယ်သူမှသိပ်မသိကြပေ။
အလုပ်သမားတွေဟာ သူ့အားအလိုလိုဖြုံကြသည့်အရာကတော့ ထွက်ပြေးသောလူမှန်သမျှကို အစဖျောက်ပစ်တတ်သည်ဆိုသော အချက်ကြောင့်ပင်။

"ဟေ့ကောင်...ပိုင်မင်း...နှင်းငွေကိုလွှတ်ပေးလိုက်စမ်းပါကွာ..."

နှင်းငွေဆိုသော မိန်းကလေးကိုဒရွတ်တိုက်ဆွဲသွားနေရင်းမှ ခက်ထန်ကြမ်းကြုတ်လွန်းသော မျက်၀န်းတွေနှင့် မြတ်ဦးထံသို့ စူးရဲစွာစိုက်ကြည့်လိုက်သည်။

"ဟေ့ကောင်...မင်းငါ့ကိုလာမရှုပ်နဲ့...ကိုယ့်အလုပ်ကိုယ်လုပ်တာကောင်းမယ်...ဒီကောင်မက..‌
သူ့လင်ငရဲကို အားကိုးပြီး...‌‌ သောက်ကြောတင်းနေတာလေ...အသေမသ တ်ခင် အရင်အမဲဖြတ်ပြမယ်...လူပါး၀တဲ့လူမှန်သမျှ...ဘယ်သူ့မှအရှင်မထားဘူး..."

"ဝှီး!!!!!ဒုတ်..."

ရုတ်တရက်ဆိုသလို ချုံကွယ်တစ်ခုမှလေလိုအလျှင်နှင့် မျှားတစ်ချောင်းဟာ ပိုင်မင်းဆီသို့တည့်တည့်တိုး၀င်လာသည်။ရှောင်ချိန်မရလိုက်ပဲ မျှား၏လားရာကိုသာ ကြောင်ပြီးကြည့်နေမိသော ပိုင်မင်းဟာမျက်လုံးကိုဆက်ကနဲ မှိတ်ချလိုက်မိသည်။
ကံကောင်းသည်က မျှားဦးဟာဟာ ပိုင်မင်းရဲ့ဦးခေါင်းတည့်တည့်ကို လာမှန်ခြင်းမဟုတ်ပဲ ခေါင်းပေါ်တွင်ဆောင်းထားသော ဦးထုပ်ကိုသာ ထိုးဖောက်သွားပြီး ငှက်ပျောပင်တစ်ပင်၏အကိုင်းမှာ သွားဆိုက်နေလေသည်။

"ငရဲ....မင်းမဟုတ်လား...သူတောင်းစား..
ခိုးကြောင်၊ခိုးဝှက်လုပ်မနေနဲ့...သတ္တရှိရင်ထွက်ခဲ့စမ်းပါ...."

ပိုင်မင်း၏ စိန်ခေါ်သံအဆုံးမှာ  ချုံအကွယ်တစ်ခုမှ စူးရဲသော အကြည့်တွေနှင့် ဒူးလေးကို ချိန်ရွယ်ထားရင်း ငရဲထွက်လာလေသည်။

"ခုဏက...မင်းရဲ့ဦးထုပ်ကိုပဲ တမင်ပစ်လိုက်တာ...ဒီတစ်ခါဆိုရင်...မျှားရဲ့ဦးတည်ရာက မင်းရဲ့
လည်မျိုထဲကို ဆိုက်သွားပြီသာမှတ်လိုက်..."

"သူတောင်းစား...မင်းဘာစကားပြောတာလဲ...
ခွေးမသား......"

"!!!!မင်းပါးစပ်ကိုပိတ်ထား....."

ငရဲဟာ အံကြိတ်သံကြီးနဲ့ ထအော်လိုက်ပြီးနောက် ပိုင်မင်းရဲ့ ၀မ်းဗိုက်တည့်တည့်ကို တစ်ဟုန်ထိုးပြေးကန်ပစ်လိုက်သည်။မြေကြီးအပေါ်သို့ လဲကျသွားသည့် ပိုင်မင်းရဲ့ လည်မျိုတည့်တည့်ကို ဖနောင့်နဲ့တက်နင်းလိုက်ပြီးနောက် ဒူးလေးနှင့် ပိုင်မင်းရဲ့မျက်လုံးကို အနီးကပ်ချိန်ရွယ်ပစ်လိုက်
သည်။

ငရဲ၏ မျက်နှာပြင်တစ်ခုလုံးဟာလည်း ဒေါသအရှိန်ကြောင့် နီရဲနေလေသည်။
ပိုင်မင်းသည်လည်း လည်ပင်းအစ်လာ၍ မျက်နှာတစ်ခုလုံး အသက်ရှူကျပ်လာမှုနှင့်အတူ နီရဲလာလေသည်။

"မင်းရဲ့...သောက်ပါးစပ်က...ငါ့မိဘတွေကိုစော်ကားတဲ့စကားထပ်ထွက်ရဲရင် ထွက်ကြည့်လိုက်စမ်း...ဟော့ဒီ့ မျှားဦးနဲ့ မင်းရဲ့မျက်လုံးကို ပေါ က်ထွက်သွားအောင် လုပ်ပေးလိုက်မယ်..
မျှားရဲ့ထိပ်မှာလူးထားတဲ့အ ဆိပ်က မျှောက်တစ်ကောင်ကိုတောင် ငါးမိနစ်အတွင်းသေ စေနိုင်တယ်...မင်းဆိုရင်တော့ နာရီ၀က်တောင်မခံနိုင်ဘူး...ခွေးကောင်...မင်းကိုငါဒီနေ့အပြတ်ရှင်းပစ်မယ်...."

"ငရဲ....လွှတ်ပေးလိုက်ပါတော့ကွာ..ဒီအတိုင်းဆိုရင် ဒီကောင်သေသွားနိုင်တယ်နော်...ဦးအဂ္ဂမင်းကို အပြစ်ပေးလိမ့်မယ်ကွ...လွှတ်ပေးလိုက်ပါကွာ..."

"အဟွတ်...အဟွတ်...ငါ...တောင်း...တောင်းပန်ပါတယ်...င..ငရဲ...တောင်းပန်...အဟွတ်...အ...."

ငရဲလည်း အံကိုတင်းတင်းကြိတ်ထားလိုက်ပြီးနောက် မျက်လုံးကိုစုံမှိတ်ချလိုက်ကာ နောက်ထပ်အမှားတစ်ခု ထပ်မကျုးလွန်မိအောင် စိတ်ကိုဖြေလျှော့ပစ်နေရသည်။
သူ့ရဲ့ ဦးလေးလိုလူတစ်ယောက်ကို သ တ်ခဲ့မိတဲ့ အမှားတစ်ခုဟာ သူ့ကိုဒီတောနက်ကြီးထဲအထိ ပုန်းအောင်းပျောက်ကွယ်အောင်လုပ်လိုက်ပြီးပြီမဟုတ်လား။ငရဲဆိုတဲ့ နာမည်ကိုလည်း သူခံယူခဲ့ရပြီးပြီ။နောက်ထပ်အမှားတစ်ခုထပ်ကြူးလွန်မိအုံးမှာလား။

ငရဲ မင်းဟာအပိုင်သုံးက ရိုးသားတဲ့ကောင်လေးအဖြစ်ကနေ အခင်ဆုံးလူတစ်ယောက်ကို မျက်နှာမပြရဲလို့ ဒီလိုတောနက်ထဲမှာ ဘ၀အဆုံးသတ်ဖို့ဖြစ်လာခဲ့ရပြီးပြီမဟုတ်လား။မင်းလူထပ် သ တ်ပြီး အပစ်ကျူးလွန်အုံးမလို့လား။

"ပိုင်မင်း...မင်းဒီ‌လိုနောက်တစ်ခါ ထပ်ရမ်းကားမယ်ဆိုရင်...ငါလုံး၀ခွင့်လွှတ်မှာမဟုတ်ဘူး...
မင်းသွားတော့..."

ပိုင်မင်းလည်း သူ့လည်ပင်းကို လက်နဲ့အုပ်ကာ ကြောက်လန့်တကြီး  နေရာမှ ထွက်ပြေးသွားလေသည်။

"ခင်ဗျားတို့အားလုံးကိုလည်း တစ်ခါတည်းမှာထားမယ်...ခင်ဗျားတို့ဟာထမင်းစားပြီး နေနေကြတဲ့ လူတွေဖြစ်ပြီး...ကိုယ်နဲ့တဲချင်းကပ်လျှက်က လူတွေဒုက္ခရောက်နေတာကို အလကားထိုင်ကြည့်နေရတာ...သိပ်အရသာရှိနေကြတယ်ပေါ့ဟုတ်လား..."

"မဟုတ်ပါဘူး...ငရဲရာ...သူ့လက်ထဲမှာတူမီးကိုင်ထားတော့ ငါတို့လည်း အရဲမစွန့်ရဲလို့ပါကွာ..."

"ဟား...ရူးနေကြလား...ဒီကောင့်ဆီကတူမီးက...ဟိုး...ဘိုးအေခောတ်ကဟာကြီး...မောင်းကိုဆွဲ ပြီး မီးခြစ်ဆံထားတဲ့ နေရာကို မီးတောက်လာအောင် ရိုက်ထည့်ပြီးမှပြစ်လို့ရတာ..
အဲ့ကောင်ဟန်ပြသက်သက်ကိုင်ထားတာကိုများ အဟုတ်ကြီးမှတ်နေကြတယ်...ဦးနှောက်တွေက ဉာဏ်ရည်မမှီတဲ့နေရာဆို...ဩချရလောက်တယ်.....သောက်အာရုံတော်တော်နောက်တဲ့ဟာတွေ...ဟဲ့နှင်းငွေ...နင့်ယောက်ျားကိုတဲထဲခေါ်သွားတော့...ပြီးရင်ငါ့ဆီမှာ ဆေးတွေလာယူ...."

"ဟုတ်ကဲ့ပါ...ကိုငရဲ..."

တဲထဲသို့ ၀င်သွားသော ငရဲကိုကြည့်ရင်းနှင့်
မြတ်ဦးမှာ ခေါင်းတွေသာ ရမ်းခါနေမိသည်။
ငရဲဆိုတဲ့ကောင်ဟာ အပေါ်ယံကြည့်မည်ဆိုပါက
ခက်ထန်မာကျောကာ အမြဲဟိန်းဟောက်နေတတ်၍ ကြောက်စရာသတ္တဝါလို့ ထင်ရပေမဲ့ အတွင်းစိတ်နှလုံး နူးညံ့သည်။

မတရားတာကို ကြည့်မနေတတ်သည့်တိုင် တရားသည့်အရာတွေကိုလည်း အမြဲတမ်းလုပ်နေတတ်သူမဟုတ်ပေ။
သူတောင် အခုထိ ငရဲ၏နောက်ကြောင်းကို မတူးဖော်နိုင်သေးပေ။
မေးခွန်းတစ်ခုမေးရင် အဲ့တစ်ခုထက်ပိုမဖြေတတ်ပေ။

ဒီကောင် အမြဲတမ်းသုံးတဲ့ လက်သုံးစကားတစ်ခုကတော့.."မေးတဲ့မေးခွန်းတိုင်းကိုဖြေတဲ့လူဟာ အတော် အ တဲ့လူပဲတဲ့..."ထိုစကားကို သူဆယ်ကျော်သက်အရွယ်က စာအရမ်းထူးချွန်တဲ့သူ့သူငယ်ချင်း ပြောခဲ့သည်တဲ့လေ။
ဒီကောင်ဟာ သူ့နောက်ကြောင်းနဲ့ပတ်သတ်လို့ အဲ့တစ်ခါပဲ ပြောပြခဲ့ဖူးတယ်။

🍁🍁🍁🍁🍁🍁🍁🍁🍁

ကျားတစ်ကောင်ဟာ ဒေ၀ရဲ့‌ ခြေထောက်တစ်ဖက်ကို ငုံခဲထားပြီး ကြမ်းတမ်းစွာ ဆွဲခေါ်နေလေသည်။
ကျားရဲ့ အစွယ်တွေဆိုက်၀င်နေသည့် ခြေသလုံးအသားထဲမှ သွေး စ က်တို့တစ်ပေါက်ပေါက်ကျလာပြီးနောက် လမ်းတစ်လျှောက်လုံး သွေး စီးကြောင်းကြီး ဖြစ်သွားလေသည်။

ဒရွတ်တိုက်ဆွဲခေါ်လာခြင်းခံနေရသည့် လမ်းတစ်လျှောက်မှာ တွေ့ရာသစ်ပင်ရဲ့ အခြေရင်းကို လက်နှစ်ဖက်နှင့် ဖမ်းဆုပ်ထားလိုက်ပြီးနောက် လွတ်နေတဲ့ ခြေထောက်တစ်ဖက်နဲ့ ကျားရဲ့မျက်လုံးတည့်တည့်ကို အချက်ပေါင်းများစွာ ဆော င့် ကန်ပစ်နေမိသည်။

ကျားရဲ့ခံတွင်း၀မှ သူ့ခြေထောက်လွတ်ထွက်သွားသည်နှင့် အမြန်တွားသွားပြီး ထွက်ပြေးဖို့ကြံမိသည်။သို့ပေမဲ့ ကျားဟိန်းလိုက်သံ ကြောင့်
သူမော့ကြည့်လိုက်မိရာ ကျားအဖြူကြီးဟာ သူ့အပေါ်သို့ ခုန်အုပ်လိုက်သည်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသည်။

"အား!!!!!!!"

မျက်လုံးတွေကို ဖွင့်လိုက်မိချိန်မှာတော့ သူရောက်နေသည့်နေရာဟာ ရုံးခန်းထဲက ဆိုဖာအပေါ်တွင်ဖြစ်နေလေသည်။
ပွဲဈေးကနေ မနက်သုံးနာရီခွဲလောက်မှ ပြန်လာခဲ့ရတာကြောင့် ရုံးခန်းထဲမှာ အနားယူရင်း အိပ်မိသွားလေသည်။

သူဟာ အနာဂတ်ကိုကြိုမြင်ရသည့် အိပ်မက်တွေကို အခုနောက်ပိုင်းမှာ သိပ်မမက်တော့ဘူးဖြစ်နေခဲ့တာပါ။ငယ်ငယ်ကတော့ လောဘ၊ဒေါသကင်းသည့်အရွယ်မို့ ထင်ပါရဲ့ အမြဲတမ်းလိုလို နောင်ဖြစ်လာမည့်အရာတွေကို ကြိုမြင်ခဲ့ရသည်။
အခုတစ်ခါအိပ်မက်က အရမ်းထူးဆန်းနေသည်။
ဖေကြီး မဆုံးခင်တုန်းက သူ့ဘ၀ပျက်လောက်တဲ့အထိ ဖြစ်ခဲ့သည့် အိပ်မက်နှင့်ပင် ဆင်တူနေ‌သည်။

စိတ်ငြိမ်အောင် မျက်လုံးကိုမှိတ်၍ ခဏအနားယူလိုက်ပြီးနောက် နာရီကို ကြည့်လိုက်ရာ လေးနာရီထိုးနေလေပြီ။
စံအိမ်သို့ ပြန်ဖို့ကိုပဲဆုံးဖြတ်လိုက်သည်။နောက်သုံးရက်လောက်နေရင် ရိုးမထဲကို စထွက်ခွာရတော့မည် ဖြစ်တာကြောင့် မနက်ဖြန်ကစပြီး အလုပ်များရတော့မည်။

ကားကို လမ်းကွေ့တစ်ခုထဲသို့ ချိုး၀င်လိုက်ချိန်မှာတော့ ပိတောက်ပင်အိုကြီး၏အောက်တွင် ဒေါက်တာငွေပန်းချီကို တွေ့လိုက်ရသည်။
ကြည့်ရတာ သူမရဲ့ကားတစ်ခုခုဖြစ်လို့ စိတ်ညစ်နေပုံရသည်။
သူ့ဦးနှောက်ထဲတွင် အကြံတစ်ခုလင်းလတ်သွားတာကြောင့် ကားကို ငွေပန်းချီ၏ဘေးနားမှာ ကပ်ရပ်လိုက်သည်။

"ဒေါက်တာ...ကျွန်တော်...ဘာကူညီပေးရမလဲ..."

"ဟာ...ကိုဒေ၀နဲ့တွေ့တာအတော်ပဲရှင်...အိမ်ပြန်မလို့...ကားကဘာဖြစ်သွားသလဲမသိပါဘူး...အခုမှခွဲခန်းက ထွက်လာတာ...လူကအရမ်းပင်ပန်းနေပြီ...ဖြစ်နိုင်ရင်...အိမ်ကိုလိုက်ပို့ပေးပါလားရှင်...."

"ရပါတယ်ဗျာ...ဒေါက်တာက ကျွန်တော့်အသက်ကိုတောင် ကယ်ပေးထားတဲ့ ကျေးဇူးရှင်ပဲဥစ္စာ..."

ငွေပန်းချီလည်း ခပ်ပြုံးပြုံးနှင့်ပင် နောက်ခန်းတံခါးကို ဖွင့်ဖို့လုပ်တော့...

"ကျေးဇူးပြုပြီး...ဒေါက်တာ...အရှေ့ခန်းမှာ လာထိုင်ပေးပါလား..."

"ရှင်...."

ငွေ့စိတ်ထဲမှာ အံ့ဩမှုနှင့်အတူ ၀မ်းသာကြည်နူးသွားမိသည်။အရှေ့ထိုင်ခုံဆိုတာ ချစ်ရသူတွေသာထိုင်ခွင့်ပေးသည့်နေရာမဟုတ်လား။
အခုငွေ့ကို လာထိုင်ခိုင်းတယ်ဆိုတော့ ကိုဒေ၀ဟာ ငွေ့ကိုဘယ်လိုသဘောထားတာပါလိမ့်။

ကားလေးမှာ အရှိန်နှုန်းမှန်ကန်စွာနှင့် သွားနေပေမဲ့ မမှန်ကန်ဖြစ်နေသည်က ငွေ့နှလုံးခုန်သံတွေဖြစ်နေသည်။
ကိုဒေ၀ဟာ ဘာကြောင့်ရယ်မသိပါဘူး။
ကားမောင်းနေရာမှ ငွေ့ကိုခဏခဏ ကြည့်နေတာကို သတိထားမိနေသည်။
ငွေ့ကိုယ်တိုင်ကိုက သူ့ကိုခဏခဏခိုးကြည့်နေမိတော့ သူ့အကြည့်တွေကို သတိထားမိနေတာ မဆန်းပါဘူးလေ။

"ကျွီ...."

"ဟင်...ကားဘာဖြစ်သွားလို့လဲ...."

ရုတ်တရက် ကားရပ်လိုက်တာကြောင့် ငွေလည်းလန့်သွားမိသည်။ကိုဒေ၀ဘက်သို့ လှည့်ကြည့်လိုက်မိတော့ သူ့ရဲ့စူးရှတဲ့မျက်၀န်းတွေနဲ့ ငွေ့ကိုရွှန်းရွှန်းစားစားကြည့်လာသည်။

"ဒေါက်တာ...ကျွန်တော်ဒေါက်တာ့ကို ရင်ဖွင့်စရာတစ်ခုရှိလို့...ဆိုင်တစ်ဆိုင်မှာ အတူလိုက်ထိုင်ပေးနိုင်မလား...တကယ်လို့အဆင်မပြေရင်လဲ..."

"ကျွန်မလက်ခံပါတယ်..."

"ဗျာ...."

ဆန္ဒတွေက အရမ်းစောနေမိတော့ ငွေ့စကားတွေကလည်း အထင်လွှဲစရာတွေဖြစ်ကုန်သည်ထင်ပါရဲ့ ကိုဒေ၀ရဲ့မျက်နှာကြီးက ပြုံးစိစိဖြစ်လာလေသည်။ငွေ့ကိုလှောင်နေသလားပဲ။

‌"ဟို....ကျွန်မပြောချင်တာက ဆိုင်တစ်ဆိုင်ကို
အ‌ဖော်လိုက်‌ပေးဖို့လက်ခံတာကိုပြောတာပါ..."

"အဟင်း...ဒီစကားကို ကြားလိုက်ရတာ ကျွန်တော့်အတွက် တစ်၀က်အောင်မြင်သွားသလိုပါပဲ..."

"ရှင်...."

ငွေ့မှာတော့ အံ့ဩပြီးမျက်လုံးလေး အဝိုင်းသားဖြစ်သွားပေမဲ့ ကိုဒေ၀ကတော့ အေးဆေးတည်ငြိမ်လွန်းစွာပဲ ကားကိုဆက်မောင်းနေလေသည်။ငွေ့က မျှော်လင့်စောင့်စားနေရသူမို့ နှလုံးရောဂါရတော့ မတတ်ပါပဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁

ညနေငါးနာရီထိုးနေပြီဖြစ်တာကြောင့် ငှက်ကလေးတွေလည်း အိပ်တန်းသို့တက်ရန် အလျှင်လိုနေကြပြီထင်ပါသည်။‌ဖြူလုံးကတော့ ရေမိုးချိုးပြီးလို့ ‌သနပ်ခါးပါးကွက်ကြားတောင် ပါးမှာတင်ပြီးလေပြီ။ကိုကြီးက ဘာသာစုံဂိုက်ခေါ်ပေးထားတာကြောင့် စာသင်ဖို့အတွက်ပြင်ဆင်ပေးထားတဲ့ အခန်းကြီးရဲ့လသာဆောင်သို့ ထွက်ကာ သင်္ချာဆရာမကို စောင့်ရင်းနှင့် အပန်းဖြေနေမိသည်။အဓိကကတော့ ကိုကြီးပြန်လာရင် အပေါ်ကနေစီးမိုးပြီး ကြည့်ချင်တာလည်းပါသည်။

"တီ...တီ...တီ..."

ကားဟွန်းမြည်သံကြောင့် ခြံတံခါး၀ကို ကြည့်လိုက်မိတော့ ကိုကြီး‌ရဲ့အနက်ရောင်ကားလေးက ခြံကြီးထဲသို့ ၀င်လာတာကိုတွေ့လိုက်ရသည်။
ကားကို ပေါ်တီကိုအောက်မှာမရပ်ပဲ ဂိုထောင်ဘက်အခြမ်းသွားမဲ့ လမ်းမှာသာရပ်လိုက်သည်။ကြည့်ရတာ ဂိုထောင်ထဲမှာ တစ်ခါတည်းသိမ်းမလို့ ထင်ပါရဲ့။

"ဟင်...မမငွေပန်းချီ...."

ကိုကြီးနဲ့ မမငွေပန်းချီက ကားပေါ်ကနေအတူလက်တွဲပြီး ဆင်းလာတာကြောင့် ဖြူလုံးအံ့ဩတုန်လှုပ်သွားရသည်။
နှလုံးသားလေးမှာလည်း အောင့်တက်လာသလို ခံစားချက်ကြီး ဖြစ်ပေါ်လာသည်။
ကိုကြီးနဲ့ မမငွေပန်းချီက ချစ်သူတွေဖြစ်သွားကြပြီများလား။
ကြေကွဲစရာအတွေးနဲ့အတူ ဖြူလုံးငုတ်တုတ်လေးထိုင်ကျသွားမိသည်။
မျက်ရည်တွေကလည်း ဘာကြောင့်ရယ်မသိ ကျလာပြန်ပါသည်။
ဘာလို့ ငိုနေမိတာပါလိမ့်။ကိုယ့်ဘက်ကသာ တစ်ဖက်သတ် ထင်ကြေးပေးနေမိတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ ဖြူလုံးငိုနေမိတယ်။

"ဖြူလုံး....ဘာဖြစ်နေတာလဲ...မျက်နှာလည်းမကောင်းပါလား..."

သင်္ချာဆရာမ ၀င်လာတာတောင် မသိလိုက်မိပဲ ငိုနေမိတာကြောင့် အလျှင်အမြန်ပဲမျက်ရည်တွေကို သုတ်ပစ်လိုက်မိသည်။

"ဖြူလုံး...ဘာဖြစ်လို့ငိုနေတာလဲ...ဆရာမကိုပြောစမ်းပါ..."

"ဘာ...ဘာမှမဖြစ်ပါဘူးဆရာမရယ်..."

"မဟုတ်ဘူးနော်...ဆရာမသိတယ်...ဖြူလုံးငိုနေတာပါ...တကယ်လို့ဆရာမကိုမပြောရင်..ကိုဒေ၀ကို လာမေးခိုင်းလိုက်မှာနော်..."

လသာဆောင်မှ ထွက်သွားတော့မည့် ဆရာမရဲ့လက်ကို ဖြူလုံးအမြန်လှမ်းတားလိုက်မိသည်။
မဟုတ်ရင် ကိုကြီးရဲ့အရှေ့မှာ ဖြူလုံးအရှက်ကွဲရမှာပေါ့။ဖြူလုံးမှာလည်း မာနနဲ့မို့ ကိုယ့်မျက်ရည်တွေကို သူများကိုမမြင်စေချင်ပါ။အထူးသဖြင့် ကိုကြီးပေါ့။

"ဆရာမ...ကိုချစ်နေရသူတစ်ယောက်က အခြားတစ်ယောက်ကိုရွေးချယ်သွားခဲ့မယ်ဆိုရင်...
ဆရာမဘယ်လိုလုပ်မလဲ..."

ထိုတော့မှ ဖြူလုံးရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ဆရာမရိပ်မိသွားလေသည်။
ဆယ်ကျော်သက် အရွယ်လေးတွေဟာ ခံစားချက်နှင့်ပတ်သတ်လာရင် နှလုံးသားနုငယ်သူလေးတွေဖြစ်တဲ့ အပြင် စိတ်ထိခိုက်လွယ်သည့် သဘောကိုလည်း သူမသဘောပေါက်သည်။
ထို့ကြောင့် ဖြူလုံးရဲ့ခေါင်းလေးကို အသာလေးပွတ်သပ်ပေးမိသည်။

"ဖြူလုံးလေးက...ငယ်ပါသေးတယ်...လောကမှာလေ အချစ်နဲ့ပတ်သတ်ရင် ကိုယ်ကချစ်နေမိတာကိုပဲ မတွေးပါနဲ့ကွယ်...ဒါဆိုရင်သမီးပဲပိုနာကျင်ရလိမ့်မယ်...ကိုယ်ချစ်တဲ့လူဟာ အခြားသူကိုရွေးချယ်သွားမယ်ဆိုရင်လည်း...သူ့ရဲ့ရွေးချယ်မှုကို အလေးထားရမယ်ကွဲ့...သူကကိုယ့်ကိုချစ်မပေးနိုင်ပေမဲ့...ကိုယ်မိဘတွေ၊သူငယ်ချင်းတွေက ကိုယ့်ကိုချစ်ခင်ပေးနေကြတာပဲလေကွယ်...ဘာလို့ လူတစ်ယောက်တည်းအပေါ်မှာပဲ စိတ်ကိုနှစ်ထားပြီး...စိတ်ဆင်းရဲခံနေရတာလဲ..
တကယ်တော့ ဖြူလုံးတို့အရွယ်လေးမှာပဲ ဒီလိုကိစ္စတွေက အရမ်းကိုနာကျင်နေရတာပါကွာ
...ဆရာမတို့အရွယ်ရောက်လာရင်လေ..အရာအားလုံးက ဘာမှမဟုတ်တော့ဘူး...ဒါကြောင့် အခုအချိန်မှာ ဖြူလုံးလုပ်ရမှာက စာကိုသာအကောင်းဆုံးကြိုးစား...ပြီးရင်..ရင့်ကျက်တဲ့မိန်းကလေးအဖြစ်နဲ့...အကောင်းမွန်ဆုံးကိုယ့်ဘ၀ကိုယ်လျှာက်လမ်း...အရည်အချင်းပြည့်မှီတဲ့ မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစား...ဒါဆိုရင် ဘယ်သူကမှ ဖြူလုံးကို အထင်သေးရဲတော့မှာမဟုတ်သလို...ကိုယ့်ဘာသာသိမ်ငယ်စိတ်ဖြစ်ပြီး ၀မ်းနည်းစရာလည်း လိုတော့မှာ မဟုတ်‌တော့ဘူး..."

ဆရာမပြောတာလည်း မှန်ပါတယ်လေ။ဖြူလုံးကသာ ၀မ်းနည်းပြီးငိုနေမိတာ။ကိုကြီးက သိတောင်သိမှာမဟုတ်ဘူး။ဖြူလုံးရဲ့ စိတ်ကိုမရိပ်မိလို့လဲ မမငွေပန်းချီကို အိမ်အထိခေါ်လာခဲ့တာပေါ့။
ဆရာမပြောသလိုပဲ ဖြူလုံးစိတ်ဓာတ်မကျပဲကြိုးစားမယ်။တစ်နေ့မှာ မမငွေပန်းချီလို အရမ်းတော်တဲ့ဆရာ၀န်မကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ဖြူလုံးလည်းလုပ်နိုင်‌ကြောင်းကို
ကိုကြီးကိုသက်သေပြရမယ်။
စိတ်ထဲမှာ ဆုံးဖြတ်ချက်တွေသာ ဖိချနေမိပေမဲ့ ငိုချင်စိတ်ကတော့ မပျောက်သေးဘူးဖြစ်နေလေသည်။

အခန်း၃၆>>>>ဆက်ရန်..

🍁🍁🍁🍁🍁🍁🍁

ရန်သူကသိပ်မများဘူးဆိုတော့ နောက်တစ်ယောက်ထည့်လိုက်ပြီ..."ငရဲ.."

ဇာတ်လမ်းတော့ဆုံးအောင်ဖတ်ပေးကြပါနော်
လှည့်ကွက်တွေ အနောက်မှာ အများကြီးကျန်သေးတယ်.....

=========================================================================

အခန်း၃၆
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


"အန်တီနှင်းတို့ လက်ဖက်သုပ်နေကြတာလား..."

"အေး...ဟုတ်တယ်သမီးလေး...တီဗွီကြည့်ရင်း စားကြမလို့လေ...သမီးလေးရော စာကျက်ရင်စားဖို့ယူအုံးမလား..."

ဖြူလုံးလည်း ခေါင်းလေးညိမ့်ပြလိုက်ပြီး မီးဖိုအခန်းထဲသို့ ၀င်လိုက်သည်။
ညခုနှစ်နာရီခွဲ‌နေပြီ ဖြစ်တာကြောင့် ဒီအချိန်ဟာ အိမ်အလုပ်သမားတွေရဲ့ နားချိန်ဖြစ်လေသည်။
နားချိန်တိုင်း အန်တီနှင်းမြတ်က သရေစာမုန့်တွေ ဦးဆောင်ပြီး လုပ်ကျွေးတတ်သည်။
ကျန်အလုပ်သမား အမျိုးသမီးအုပ်စုကတော့ ဝိုင်းလုပ်ဝိုင်းစားပေါ့။

"ဟဲ့...ဖြူလုံး...ညနေက ဆရာဒေ၀ရဲ့ ကောင်မလေးကို နင်မမြင်လိုက်ရဘူးမလား
...ဒေါက်တာမလေးဆိုတဲ့အတိုင်း ချောချက်တော်...."

"ဟဲ့...မမြင်ဖူးပဲနေမလား...ဆင်ပေါက်မရဲ့...အဲ့ဒါဖြူလုံးရဲ့ အစ်မ၀မ်းကွဲလေ..."ဆိုကာ အန်တီ
နှင်းမြတ်က မဆင်ပေါက်ကိုကျောကုန်းပိတ်တီးရင်း ပြောလိုက်လေသည်။

"ဟယ်...ဖြူလုံး...ညည်းကတကယ်ပဲ ဒေါက်တာ
မလေးနဲ့...အမျိုးတော်တာပေါ့နော်...."

အန်တီနှင်းမြတ်ကလွှဲပြီး အခန်းထဲမှ ရှိသမျှ‌လူတွေက ဖြူလုံးကို တထူးတဆန်းကြီး ကြည့်ပြီး မေးလာကြသည်။ဖြူလုံးမှာတော့ သက်ပြင်းမောလေးကိုသာ တိတ်တဆိတ်ရှိုက်လိုက်မိပါတယ်။လေးပင်စွာပဲ ခေါင်းညိတ်ပြလိုက်မိသည်။ညီအစ်မ၀မ်းကွဲဆိုသည့် စကားကတော့ မှန်ကန်ပါတယ်လေ။
မမှန်ကန်တာက မမငွေပန်းချီတို့ ညီအစ်မတတွေက ဖြူလုံးကို ညီအစ်မအဖြစ် ဘယ်တုန်းကမှ သဘောမထားခဲ့လို့ပါပဲ။

ဦးလေးအရင်းဖြစ်တဲ့ ဦးအဂ္ဂတောင်မှ ကို့ညီတစ်ယောက်လုံး ဒုက္ခရောက်နေချိန်မှာ နေစရာ
နေရာတစ်ခု ပေးသနားမယ်မရှိခဲ့ဘူး။
တော်တော် သွေးအေးတဲ့ ဦးလေးပါပဲ။
အနဲဆုံးတော့ ညီလေးဘယ်လို အခြေအနေရှိသလဲ တစ်ချက်လာကြည့်ဖို့ကောင်းတာပေါ့။
ဒါက သူ့တို့အကြောင်းပါလေ ။လူဆိုတာ ကိုယ်ဖြစ်ကိုယ်ခံပဲပေါ့။
ဘယ်သူ့ကိုမှ အားကိုးဖို့မတွေးတာ အကောင်းဆုံးပါပဲ။

"ဒါကြောင့်...ဖြူလုံးတို့မိသားစုတွေရဲ့ ရုပ်ရည်က တစ်သွေးတစ်မွေးတွေဖြစ်နေကြတာကို...
ကြည့်လိုက်တာနဲ့ သာမန်အဆင့်မဟုတ်ကြမှန်း သိသာတယ်..."

"ဟုတ်ပ...ဒါတော့လက်ခံတယ်...ဒေါက်တာ
မလေးဆိုလည်း အရမ်းအချောကြီးမဟုတ်ပေမဲ့ အ‌သားအရည်ကြည်လင်ပြီး...ကြည့်လိုက်တာနဲ့
ဂုဏ်သိက္ခာမြင့်၊ဥစ္စာရှိ မိန်းကလေးမှန်းသိသာတယ်...ဆရာနဲ့လည်း နေနဲ့လ ရွှေနဲ့မြလိုပါပဲတော်...သူတို့အတွဲလေးကို ကြည့်ရတာစိတ်ချမ်းသာလိုက်သည့်ဖြစ်ခြင်း..."

"ညနေက စံအိမ်ကို ခေါ်လာပြီး ဒေါက်တာနဲ့ညနေစာအတူစားနေကြတာများ ကြည့်လို့ကောင်းလိုက်တဲ့အတွဲလေးဆိုတာ ကျုပ်မျက်စိထဲကကို မထွက်ဘူး..."

"ဒါနဲ့ဖြူလုံး...ဒီစံအိမ်ကို...အရင်ကညည်းတို့မိသားစုပိုင်တာဆို...ဘာလို့အခုညည်းတို့က ဆင်းရဲသွားရတာလဲ...."ဆိုကာ ဒေါ်သီတာက လက်ဖက်သုပ်စားရင်းနှင့် မေးလာလေတော့
ဖြူလုံးမှာ အဖြေရကြပ်လှသည်။

"သမီးလည်း...ဖေဖေတို့ကိစ္စတွေကို..သိပ်မသိပါဘူး..."

"အလိုတော်...ကိုယ့်အိမ်ကိစ္စ...ကိုယ်မသိဘူးဆိုတော့ ညံ့ပါ့ဟယ်...."

အော်...‌‌ ပြောလည်းပြောတတ်ပါတယ်။ဖြူလုံးဟာ  ဟိုအရင်က အပယ်ခံသမီးတစ်ယောက်ဆိုတာကို သူတို့ကမသိကြပေတော့ ဝေဖန်အားရှိကြမှာ‌ပေါ့။

စားပွဲဝိုင်းမှာ မကောင်းတတ်လို့သာထိုင်နေရတယ် တစ်စက်မှကို စိတ်ချမ်းသာမနေရဘူး။
ကိုကြီးဒေ၀နဲ့ မမငွေတို့အကြောင်းတွေကလည်း မကြားချင်မှအဆုံးပဲ။အနည်ထိုင်နေတဲ့ ခံစားချက်တွေကိုလည်း လာလာနှိုးဆွနေကြတာကြောင့် ရင်ထဲမှ နာကျင်စူးနင့်လာသည်။

"ဖြူလုံး...."

"ဟော...ကိုလူထိန်..လက်ဖက်သုပ်လာစားပါ့လား..."

"မစားတော့ဘူး...ကျုပ်စာရင်းတွေချုပ်စရာရှိသေးလို့ မနက်ဖြန် ခရီးစထွက်ဖို့အတွက်လည်း ပြင်ဆင်ရအုံးမယ်...."

"ဟုတ်ပါပြီတော်...တော်တို့ရိုးမထဲက ပြန်လာရင်သာ တောပန်းလှလှခူးခဲ့ရှင်..."

"ဟာ...ပန်းခူးဖို့ သွားမှာမှ မဟုတ်ပဲ..."

"သဘောပြောတာပါရှင်..စိတ်ကြီးပဲ..."

"ကဲ...ခင်ဗျားတို့နဲ့လေရှည်နေတာနဲ့တင် လိုရင်းကို မရောက်တော့ဘူး...ဖြူလုံးရေ...ဆရာစာကြည့်ခန်းထဲမှာ အခုချက်ချင်းလာတွေ့ပါတဲ့...သွားလိုက်အုံး..."

"ဟုတ်ကဲ့...."

ဖြူလုံးလည်း လွတ်လမ်းရသည်နှင့် မီးဖိုခန်းထဲမှာ အမြန်ပြေးထွက်လာလိုက်သည်။
အဒေါ်ကြီးတွေများ သူများအကြောင်းကို စပ်စပ်စုစုသိပ်နိုင်ကြတာပဲဟု တွေးလိုက်မိသည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဒါက်...ဒေါက်...ဒေါက်..."

"၀င်ခဲ့...."

၀င်ခဲ့လို့ပြောသော လေသံကိုက တော်တော်မာနေလေတော့ ဖြူလုံးနှုတ်ခမ်းကို မဲ့ပြစ်လိုက်သည်။
တံခါးကို အသာတွန်းဖွင့်လိုက်ပြီး စာကြည့်ခန်းထဲသို့ ၀င်လိုက်မိတော့ သူက စာကြည့်ခုံမှာ ထိုင်နေလေသည်။

ရွှေရောင်ကိုင်းနှင့် မျက်မျက်ကိုတပ်ထားသည်ကြောင့် ပုံမှန်ထက်ပိုကြည့်ကောင်းနေပြန်သည်။
စပို့ရှပ် လက်တို၀တ်ထားသောကြောင့် လက်မောင်းမှ ကြွက်သားအဖုအထစ်တွေနှင့် လက်ဖျံတစ်လျှောက်မှ အကြောစိမ်းစိမ်းတွေကိုလည်း အထင်းသားမြင်နေရလေသည်။

ဖြူလုံးအခန်းထဲကို ၀င်လာတာတောင်
မော့မကြည့်သေးပဲ သူ့လက်ပ်တော့ထဲတွင် အာရုံရောက်နေလေသည်။
ခေါင်းကြီးကို ငုံ့ထားပေမဲ့ မျက်မှောင်ကြီးကြုံ့ထားပြီး ဖိုင်လ်တွဲတွေကို ဟိုလှန်၊ဒီလှန်‌လုပ်နေသည်ကို သတိထားမိသည်။

"အဟင်း...အဟင်း..."

ချောင်းဟန့်လိုက်တော့မှ "အော်...ဖြူ လုံး..."ဆိုပြီး ရွှေရောင်မျက်မှန်ကိုင်းကို ပင့်တင်လိုက်ရင်းမော့ကြည့်လာသည်။

ဒေ၀လည်း လက်ပ်တော့ကို ချက်ချင်းပိတ်ပစ်လိုက်ပြီး နေရာမှ ထရပ်လိုက်သည်။
ဖြူလုံးကို ခေါ်တွေ့ရတဲ့အကြောင်းကတော့ ညနေက သူမရဲ့သင်္ချာဆရာမက သူ့အားစကားတစ်ချို့ကို ခပ်တိုးတိုး ပြောသွားခဲ့လေသည်။

"ကိုဒေ၀...ဖြူလုံးနဲ့ပတ်သတ်ပြီး ကျွန်မတစ်ခုလောက်ပြောပါရစေ..."

"ပြောပါဗျာ...ဖြူလုံးကကျွန်တော့်ညီမလေးလိုပါပဲ...ကလေးမနဲ့ပတ်သတ်ရင်...ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်...."

"ဒါဆိုလည်း...ကျွန်မပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်...ဒီညနေတုန်းက ကျွန်မသူ့ကို လသာဆောင်မှာ ထိုင်ပြီးငိုနေတာတွေ့ခဲ့တယ်.."

"ဘယ်လို...ဖြူလုံးကငိုနေတယ်..."

"ဟုတ်တယ်...ကျွန်မမေးကြည့်လိုက်တော့ ...
သူချစ်နေတဲ့ကောင်လေးက သူမဟုတ်တဲ့
တစ်ခြားသူတစ်ယောက်ကို ရွေးချယ်လိုက်လို့တဲ့
...ကျွန်မလည်း ကလေးက်ိုအတတ်နိုင်ဆုံး လမ်းမှားမရောက်မိစေဖို့ ..ဆုံးမထားပါတယ်...
အဲ့ဒါ...ကိုဒေ၀အနေနဲ့လည်း...ကောင်မလေးနဲ့
..စကားပြောပေးပြီး...ဖြောင်းဖြပေးစေချင်ပါတယ်..."

ဆရာမရဲ့စကားကိုကြားခဲ့တုန်းကဆိုရင် ဖြူလုံးကို ပြန်မကြိုက်တဲ့ကောင်လေးကိုတောင် သူပြန်ပြီးကျေးဇူးတင်နေမိသည်။
မဟုတ်ရင် ဒီကောင်မလေး ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားနောက်လိုက်တာတွေ ဘာတွေဖြစ်လာနိုင်သည်။
ဘယ့်နှယ် အခုမှဆယ့်ခုနှနှစ်ပြည့်ဖို့ ကြံကာရှိသေးတယ် အသဲကွဲရတာနဲ့ ရည်စားနဲ့ပြတ်ရတာနဲ့ အကြောင်းကိုစုံနေတာပဲ။

"ကိုကြီး...ဖြူလုံးကို ဘာပြောစရာရှိလို့လဲ..."

"အင်း...ပြောစရာဆိုတာထက်...မေးစရာရှိတာပါ
...ထိုင်ပါအုံး...."

စာကြည့်ခန်းထဲမှာက ကျွန်းသားနှင့် အထူးပြုလုပ်ထားသော ကနုပ်ပန်းဆွဲလက်ကိုင်ပါသည့် ထိုင်ခုံတွေသာ ရှိတာကြောင့် ဖြူလုံးလည်း ထိုထိုင်ခုံမှာသာ ၀င်ထိုင်လိုက်သည်။

"ဖြူလုံးအနေနဲ့..ကိုကြီးကိုဘယ်လိုမြင်လဲ..."

"ဟမ်..."

"ဟို...ကိုကြီးစကားလောသွားလို့ပါ...အခုလက်ရှိမှာ ကိုကြီးလုပ်နေတဲ့ စီးပွားရေးကိစ္စတွေအကြောင်းကို ဖြူလုံးကိုနည်းနည်း ရှင်းပြချင်တယ်..."

ကိုကြီး ဘာကိုဆိုလိုချင်တာလဲ နားမလည်ပေမဲ့ ဖြူလုံးခေါင်းညိတ်ပြလိုက်ပါသည်။

"ကိုကြီးပိုင်ဆိုင်တဲ့ အဓိကလုပ်ငန်းတွေက ပြင်သစ်နဲ့ အင်္ဂလန်မှာ အများဆုံးရှိတယ်...ကိုကြီးက...ဘာလုပ်ငန်းတွေကိုအဓိကလုပ်သလဲဆိုရင်...ဟိုတယ်နဲ့...ဘဏ်လုပ်ငန်းတွေကို အဓိကဦးစီးပြီးလုပ်တယ်....အခြားလုပ်ငန်းတွေရှိပေမဲ့ ထားလိုက်ပါ...ကိုကြီးရဲ့လုံးငန်းအားလုံးကနေ ၈၀ဘီလီယံ ပိုင်ဆိုင်ထားတယ်...အခုဒါတွေကို ပြောနေတာက ဖြူလုံးကိုကြွားလုံးထုတ်နေတာမဟုတ်...ဒီလိုအကျိုးအမြတ်တွေ ရလာဖို့အတွက်...ရင်းခဲ့ရတဲ့အချိန်တွေ...ကြိုးစားခဲ့ရတဲ့ ကာလတွေဟာ မနည်းမနောပဲ...တစ်ပတ်လောက်ကို...မအိပ်မနေကြိုးစားခဲ့ရတဲ့ အချိန်တွေရှိခဲ့သလို...အလုပ်ထဲမှာပဲ အာရုံဆိုက်ထားမိခဲ့လို့...အိပ်ချိန်၊စားချိန်မမှန်ပဲ...ဆေးရုံရောက်ခဲ့ရတာတောင် ရှိခဲ့သေးတယ်...အဓိကပြောချင်တာက...ကိုယ့်ဘ၀ကို ကျရှုံးသည်ဖြစ်စေ..‌ အောင်မြင်သည်ဖြစ်စေ..ရပ်တန့်မပြစ်လိုက်ပဲ...မရပ်မနားကြိုးစား‌နေပြီး...တိုးတက်အောင် အမြဲလုပ်နေပါ
...အခြားသူတစ်ယောက်က ကိုယ့်ကိုမရွေးချယ်တာနဲ့ပဲ...စိတ်ဓာတ်တွေဂျုန်းဂျုန်းကျပြီး...စိတ်အားငယ်နေစရာမလိုဘူး...အချစ်အတွက်နဲ့ ဘ၀ကြီးကို အဆုံးရှုံးမခံပါနဲ့....ရှေ့ဆက်လျှောက်ရမဲ့ ဘ၀ကအရှည်ကြီးကျန်ပါသေးတယ်..."

"နေပါအုံး...ကိုကြီးပြောနေတဲ့ အဓိပ္ပာယ်က ဖြူလုံးက ...မကြိုးစားဘူး...အချစ်အတွက်နဲ့ ဘ၀ကြီးကို အဆုံးရှုံးခံနေတယ်လို့ ပြောချင်တာလား..."

ဖြူလုံး ထိုင်မနေနိုင်တော့ပဲ မတ်တပ်ထရပ်ပြီးတော့ပါ မေးလိုက်မိသည်။စကား‌တွေ
အများကြီးနဲ့ ဆုံးမနေရတဲ့ အဓိကအကြောင်းအရင်းက ဒါလား။
ကိုကြီး ဘာကြောင့် ဒီလိုပြောတာလဲဆိုတာကို ဖြူလုံးသိချင်တယ်။
မဟုတ်မှလွဲရော ဆရာမကများ ကိုကြီးကို...

"ညနေက...သင်္ချာဆရာမက...ကိုယ့်ကို ဖြူလုံးငိုနေတဲ့ အကြောင်း ပြောသွားခဲ့တယ်...ဖြူလုံးကို နှစ်သိမ့်ပေးဖို့...."

ထင်တဲ့အတိုင်း ဆရာမဟာတကယ်ကို ကတိမတည်တဲ့လူပဲ။

"အဲ့ဒီ့အကြောင်းဆိုရင်တော့...ဘာမှလာမပြောပါနဲ့တော့...သမီးသွားတော့မယ်..."

သူ့စကားကိုတောင် ဆုံးအောင်နားမထောင်ပဲ ချက်ချင်းထရပ်ပြီး တံခါးဆီဦးတည်သွားနေတဲ့ သူမကို သူအလွန်ဒေါသထွက်သွားသည်။
သူလည်း ချက်ချင်းထရပ်ပြီး ခြေလှမ်းအကျဲကြီးနှင့် လှမ်းလျှောက်ကာ သူမလက်မောင်းကို  သူ့ဘက်သို့ ဆွဲဆောင့်ယူလိုက်သည်။

"ဘာဖြစ်နေတာလဲ!!!!"

"ငါ့ကို...လာမအော်နဲ့...မင်းကသာ ဘာဖြစ်နေတာလဲ...ငါ့အချိန်တွေကို မင်းအတွက်သီးသန့်ပေးပြီး..ဖြောင်းဖြနေတာ...နားမလည်ဘူးလား..."

"နားမလည်ဘူး...ဘာမှလာမပြောနဲ့...အခုချက်ချင်းလက်ကိုလွှတ်..."

"မင်း...ငါ့ကိုအမိန့်လာမပေးနဲ့...ငါတစ်ခုပဲပြောလိုက်မယ်...အခုအသက်အရွယ်လေးနဲ့ရည်းစားထားဖို့အကြောင်းမစဉ်းစားနဲ့...ကိုယ့်ပညာရေးကိုပဲ အာရုံစိုက်..ကြားလား..."

"ကြားတယ်...မနက်ဖြန်ကြရင်ကျောင်းမတက်တော့ဘူး...ထွက်လိုက်တော့မယ်...ရည်းစားလည်းထားမနေတော့ဘူး...တစ်ခါတည်းလိုက်သွားတော့မယ်..."

"မင်း!!!ပြောလေကဲလေပါလား..."

လက်မောင်းကနေ ကိုင်ဆွဲပြီး သူ့အားကြီးနဲ့အနောက်သို့ ဆောင့်တွန်းလိုက်တာကြောင့် ချောပြီး ယိုင်ကျမသွားအောင် မနဲထိန်းလိုက်ရသည်။
ကိုကြီးက မမငွေပန်းချီကိုကြတော့ လက်လေးတွဲပြီး ကြင်နာနူးညံ့ပြတတ်လိုက်တာ ဖြူလုံးကိုတော့အမြဲဆူငေါက်နေတာကြီးပဲ။
ဖြူလုံး ၀မ်းအနည်းဆုံးက ကိုကြီးကြောင့်
အသဲကွဲနေတာကို တစ်ခြားသူတစ်ယောက်နဲ့ဆိုပြီး စွတ်စွဲနေခြင်းပဲ။

"အဟင့်...သမီးကိုတော့ပြောပြီး...ကိုကြီးကတော့ရော...မမငွေပန်းချီနဲ့ချစ်သူတွေဖြစ်နေပြီမဟုတ်ဘူးလား...သူကြတော့ ရည်းစားထားပြီ...
သူများကိုတော့ လိုက်ဆူနေတယ်..."

"ဟ...ငါ့အသက်ကနှစ်ဆယ့်ရှစ်နှစ်ရှိနေပြီလေ..
ဒီအရွယ်မှာ ...မင်းကိုငါမွေးရင်..ငါ့သမီးအရွယ်
လောက်ပဲရှိတယ်...နားလည်လား..."

"အပိုတွေ...ဘာသမီးအရွယ်လဲ...ကိုကြီးသမီးက ဖြူလုံးရဲ့အသက်အရွယ်ဆိုရင်...ကိုကြီးက .
အသက်ဆယ့်နှနှစ်ထဲက မိန်းမယူရမှာပေါ့..
 ...ငတုံးမဟုတ်ဘူးလာမပြောနဲ့..."

သူမစကားကြောင့် နှုတ်ခမ်းကြီးကိုစေ့ပြီး ရယ်ချင်စိတ်ကို ထိန်းနေရသည်။
အလိပ်လိုက်ထွက်လာတဲ့ ဒေါသတွေတောင် ဘယ်အပေါက်က‌နေ ပြန်၀င်သွားသလဲ မသိတော့ပေ။
ဒီကောင်မလေးက ပက်ကနဲ ပြန်ပြောတတ်သည့်နေရာမှာတော့ ဆရာမကြီးပါပဲ။

"အဲ့ဒါတွေအသာထား...ငါမင်းအသက်အရွယ်တုန်းကဆိုရင်..ရည်းစားကိစ္စဆိုတာဘာမှန်းကိုမသိတာ..ငါ့ဦးနှောက်ထဲမှာ စာလုပ်ဖို့ပဲသိတယ်...အခုမင်းကတော့...တစ်ချိန်လုံး..."

"ကိုကြီး!!!!ဖြူလုံးကိုအဲ့လိုလာမပြောနဲ့နော်...
ဘယ်မှာ...အဲ့လိုတစ်ချိန်လုံးတွေးနေလို့လဲ...
အီဟီး..အလကားနေ သူများကိုလိုက်ဆူနေတာပဲ..
စာညံ့တော့ဘာဖြစ်လဲ...အဟင့်..ဟင့်..သူ့ရည်းစားကဒေါက်တာမကြီးဆိုတိုင်း.. သူများကိုလာနှိမ်နေတယ်...သူတို့အိမ်မှာကပ်နေရတယ်ဆိုတိုင်း....
ဂိုက်ခေါ်ပေးထားတယ်ဆိုတိုင်း..အဟင့်...သူများကို ‌စွတ်စွဲချင်သလို...လာစွတ်စွဲနေတယ်..."

"ဟာ...မ...မငိုနဲ့လေ..."

မျက်ရည်တွေ ဘူးသီးလုံးလောက်ကျလာပြီး စာကြည့်ခုံလေး ဘေးမှာကြုံ့ကြုံ့လေး ထိုင်ငိုနေသည့် သူမကြောင့် သူလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်နေသည်။
နင့်ကနဲ ရှိုက်သံတွေပါ ပါလာတာကြောင့် ငိုရင်းနဲ့ အသက်ရှုကျပ်မှာတောင် စိုးရသည်။
နောက်ဆုံးမှာတော့ ကြံရာမရဖြစ်နေသည့် သူ့အဖို့ ကြမ်းပြင်ပေါ်မှာပဲ မုဆုံးဒူးထောက်ထိုင်ချလိုက်မိတော့သည်။

"ဖြူလုံး...ကိုကြီးကဖြူလုံးကို နှိမ်တာမဟုတ်ရပါဘူးကွာ...ဖြူလုံးကိုစိတ်ပူလို့စကားတွေမှားကုန်တာပါ....ဖြူလုံးမကျေနပ်ရင်...ကိုကြီးကို ပြန်ရိုက်မလား..ရိုက်ကွာ...ဖြူလုံးဘာလုပ်ချင်လဲ...
ရည်းစားထားတာကလွဲလို့ အကုန်လက်ခံပေးမယ်..."

သူပြောလိုက်တဲ့ စကားကြောင့် မျက်ရည်ရွှဲရွှဲလေးနဲ့ မော့ကြည့်လာတဲ့ မျက်၀န်းလေးတွေ ခဏချင်းမှာပဲ သနားသွားမိသည်။ကလေးကို သူငိုအောင် လုပ်လိုက်မိပါလား။သတိထားနေမိတဲ့ကြားက ‌သူ့ဒေါသကြောင့် ထပ်ဖြစ်ပြန်ပြီ။

"ဘာလုပ်ချင်လုပ်ချင်...တကယ်ရတယ်ပေါ့..."

"အင်း...."

"အင်း.."ဆိုသည့်အသံအဆုံးမှာ မကျေနပ်ချက်တွေ ပေါင်းစုံလာသော ဖြူလုံးရဲ့မျက်၀န်း‌တွေကကိုကြီးရဲ့ပုခုံးဆီသို့ စူးဆိုက်ပြီးကြည့်လိုက်မိသည်။
ဒူး‌ကိုချက်ချင်း ထောက်ချလိုက်ပြီးနောက် ကိုကြီးရဲ့ ပုခုံးကို လက်နှစ်ဖက်နဲ့ဆွဲယူလိုက်ကာ တစ်အားကုန်းကိုက်ပစ်လိုက်သည်

"အား...အား...ဖြူလုံး...ဟေ့..."

ပခုံးကိုပြေးကိုက်သည့် ခွေးမလေးကြောင့် သူ့မှာ မခံမရပ်နိုင်အောင် နာကျင်လာပြီး အသံကုန်အောင်အော်လိုက်မိသည်။သူမရဲ့ နဖူးကိုခြင်ရိုက်သလို ဖက်ကနဲ ပိတ်ရိုက်ပစ်လိုက်တော့ သူ့မျက်နှာကို မျက်၀န်းဝိုင်းတို့ကနီးကပ်လွန်းစွာ စူးဆိုက်ပြီးကြည့်လာသည်။နဖူးမှာ နီသွားတာကြောင့် စူထော်သွားသည့် သူမရဲ့နှုတ်ခမ်းဖူးဖူးလေးကို ကြည့်မိပြီးမှ အကြည့်တို့ကိုချက်ချင်း လွှဲဖယ်လိုက်မိသည်။

"ပြောတော့ လုပ်ချင်တာလုပ်ဆို...သူများကိုတော့ ပြောချင်သလို ပြောပြီး သူ့ကိုပြန်ကိုက်တော့ ရိုက်တယ်...ကတိလည်း မတည်ဘူး..ကိုကြီးကို မုန်းတယ်..."

"ဖြူလုံး...."

မတ်တပ်ထရပ်နေသည့် သူမရဲ့လက်ကို ပြန်ဆွဲ‌ချလိုက်မိသည်။
သူမက သူ့ကိုမျက်စောင်းထိုးပြီး အခြားဘက်သို့ မျက်နှာလွှဲလိုက်ချိန်တွင် သူ့ရင်ဘတ်ကြီးဟာ ဆစ်ကနဲနာကျင်သွားလေသည်။
ချက်ချင်း လက်ကိုဆန့်တန်းလိုက်ပြီး သူမရဲ့ပါးစပ်အနားသို့ ထိကပ်ပေးလိုက်သည်။

"ရော့...ကိုက်...ကြိုက်သလိုသာကိုက်...ပြီးတာနဲ့...
စာကြိုးစားပါ့မယ်လို့...ကတိပေးရမယ်..."

ကလေးမက သူ့မရဲ့ပါးစပ်အနားသို့ ‌တိုးကပ်ပေးထားတဲ့ သူ့လက်မောင်းကို လက်နှစ်ဖက်လုံးနဲ့ဆုပ်ကိုင်လိုက်ရင်း ပေစောင်းစောင်းလေး ကြည့်လာသည်။သူမရဲ့ လက်ဖျားလေးတွေက အေးစက်နေပြီး ‌လက်သေးသေးလေးတွေပေမဲ့ သူ့လက်မောင်းတွေကို ကျစ်နေအောင် ကိုင်ထားသည်မှာ သန်မာလွန်းလှသည်။ သူမရဲ့လက်သဲလေးတွေကြောင့် သူ့အသားတွေက
ဆူးလာသလိုဖြစ်နေပေမဲ့ သူမကျေနပ်ဖို့ရန် လက်ကိုပြန်မရုတ်ပဲထားလိုက်သည်။

"ဖြူလုံးသာ...ကျေနပ်မယ်ဆိုရင်..အား!!!!!"

ခွေးမလေးက တကယ်ကိုက်တယ်ဟ။
အခြားသူသာဆိုရင် ဆောင့်ကန်ပစ်လိုက်မှာသေချာတယ်။ဒါပေမဲ့ ဖြူလုံးဖြစ်နေလေတော့
ခံလိုက်ပေအုံးတော့ ဒေ၀ရေ။

🍁🍁🍁🍁🍁🍁🍁🍁🍁

ညတစ်နာရီကျော်တော့မှ အလုပ်ကိစ္စတွေက ပြီးပြတ်သွားလေသည်။တစ်ချိန်လုံး ဆက်တိုက်ထိုင်နေခဲ့မိတာ ကျောရိုးတွေဆိုတာ တောင့်ထွက်နေတာပဲ။ဒီကြားထဲ ခွေးအကိုက်ခံလိုက်ရလို့ ပုခုံးနေရာနဲ့ လက်မောင်းနေရာမှာ တအားနာနေသည်။
လက်ပ်တော့နဲ့ ဖိုင်လ်တွဲတွေကို သိမ်းလိုက်ပြီးနောက် စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

"ဒေါက်...ဒေါက်..."

ညရဲ့တိတ်ဆိတ် နေမှုကြောင့် ပစ္စည်းတစ်ခုလိမ့်သွားသံကို အကျယ်ကြီးကြားလိုက်ရသည်။
အောက်ကို ငုံ့ကြည့်လိုက်ပြီး ကောက်ယူကြည့်လိုက်တော့ အနာကျက်လိမ်းဆေးဗူးလေး။
သူ့ကျေနပ်စွာ ပြုံးလိုက်မိသည်။
ကြည့်ရတာ ကလေးမစိတ်ပြေသွားလို့ ဆေးဗူးလာထားသွားတာပဲ နေမယ်။

"အင်း...မနက်ဖြန်ကစပြီး...ကလေးနဲ့တွေ့ရတော့မှာ မဟုတ်တော့ဘူး...လွမ်းနေရတော့မှာပဲ..."

အိပ်ခန်းဆီသို့ အမြန်သွားကာ သူ့ရဲ့အိပ်ခါနီးမှာ ပြုလုပ်တတ်သည့်အကျင့်အတိုင်း ရေချိုးခန်းထဲသို့ ၀င်သွားလိုက်လေသည်။
ရေချိုးခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် စပို့ရှပ်လက်တိုကို ချွတ်လိုက်မိရာတွင် အကိုက်ခံထားရသည့်ဒဏ်ရာကြောင့် လက်မောင်းကနာလာသည်။
ကိုယ်လုံးပေါ်မှန်ထဲတွင် မြင်နေရသော ပုခုံးနှင့်
လက်မောင်းမှ အညိုမဲဆွဲနေသော သွားရာတွေကို လက်နဲ့ ကိုင်ကြည့်လိုက်မိသည်။

"အဟင်း...ဒေါ်ရွှေရတုက...သူ့ရဲ့ခွေးကလေးဖြူလုံးနဲ့...နာမည်အတူတူဘာကြောင့် ပေးခဲ့သလဲဆိုတာ...အခုမှပဲသဘောပေါက်တော့တယ်...ခွေးမလေး..ချစ်ချင်စရာတော်တော်ကောင်းတဲ့ဟာလေး...ကိုက်ထည့်လိုက်တာများ...တစ်စက်မှတွန့်မသွားဘူး...ငါကသူ့ကိုဆုံးမတာလား...သူကငါ့ကိုဆုံးမလွှတ်လိုက်တာလား...ဟ..ဟ..."

မှန်ထဲမှာမြင်နေရသော ကိုယ်ပေါ်မှသွားရာတွေကိုကြည့်ပြီး ဒေါသထွက်ရမည့်အစား ပြန်တွေးမိတိုင်း ရယ်ချင်နေမိတာ ဘာကြောင့်များပါလိမ့်။
ဖြူလုံးနဲ့ပတ်သတ်လာရင် အမြဲတမ်းအလျှော့ပေးလိုက်လျှောဖို့ကိုပဲ သူတွေးတတ်သည်။

>>>ဆက်ရန်

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဖြူလုံးတို့ပိုင်ချက်နော် ငါသာဆိုမကိုက်ဘူး...
🤭🤭

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...