🌿အခန်း ၁၇ မှ အခန်း ၂၀ 🌿

  



🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

      အခန်း၁၇
 
  "ဝေါ....ဝေါ..ဂျိန်း..."
 
  မိုးခေါင်လွန်းသော သုန္နကမြို့လေးကို နတ်မင်း
  ကြီးတွေက သနားညှာတာပေးလိုက်ပြီထင်ပါရဲ့။
  တိမ်မဲတိမ်လိပ်တွေ ညှို့တက်လာပြီး မိုးတွေဝေါကနဲရွာချလာသည်။သစ်ရွက်တွေလည်း ရေအငတ်ပြေကုန်ကြသလို လူလတ်တန်းစားအလွှာနှင့် ဆင်းရဲသားအလွှာမှလူတွေဟာလည်း
  တဟေးဟေးနဲ့ထအော်ကုန်ကြသည်။
 
သုန္နကမြို့သူမြို့သားတွေကလည်း မထင်မှတ်ထားသည့်ကိစ္စဖြစ်တာကြောင့် အံ့ဩ၀မ်းသာဖြစ်ကုန်ကြ လေသည်။

"ဟေ့ကောင်...ဟိန်းမင်း...ကားဂိုဒေါင်တံခါးကိုပိတ်ထားသေးလား...မပိတ်ရသေးရင် သွားပိတ်လိုက်ကွာ...."

"ဟုတ်ကဲ့..."

ဦးလူထိန်လည်း သူ့ဆရာဒေ၀၏ အကြိုက်ဆုံးကားတွေကို စိတ်ပူမိတာကြောင့် ခြံစောင့်
ဟိန်းမင်းကို ‌ဂိုဒေါင်တံခါးပြေးပိတ်ခိုင်းရသည်။

"မိုးကလည်း...အချိန်အခါမဟုတ်..ရွာနေလိုက်တာ....ဘာအလုပ်မှလုပ်လို့မရတော့ဘူး..."

ဦးလူထိန်ဟာ ပါးစပ်ကလည်း တောင်စဉ်ရေမရပြောကာ စံအိမ်ထဲသို့ပြန်၀င်သွားလေသည်။

တစ်ဖက်တွင်တော့ ကျောင်းကနေပြန်လာသော ဖြူလုံးနဲ့အေးပုဟာ လွယ်အိတ်ကလေးတွေကို အတင်းပိုက်ကာ ပြေးလာကြလေသည်။
တစ်ကိုယ်လုံးလည်း စိုရွှဲလာကြတာကြောင့် ကြွက်စုတ်ကလေးတွေနှင့်ပင် တူနေကြသည်။

"ဖြူလုံးရေ...ငါအိမ်ထဲ၀င်တော့မယ်..."

"အေးအေး...ဖျားနေဦးမယ်...ဆေးသောက်လိုက်အုံး...မနက်ဖြန်ဆရာမစာမေးမှာနော်.. စာကျက်ထားလိုက်အုံး..."

"မယ်မင်းကြီးမရယ်...ကိုယ့်ဘာသာပဲအရင်ခြံထဲကို၀င်ပါ..."

"အမယ်လေး..အေးပုရယ် နင်ကခဏခဏအရိုက်ခံနေရလို့ စိတ်ပူလို့သတိပေးတဲ့ဟာကို..."

"အေးပါ...လုံးလုံးရယ်..."

သူငယ်ချင်းမလေး အေးပုကိုစိတ်ပူပေးနေသော ဖြူလုံးအား အေးပုကလည်း တစ်ဖန်ပြန်၍စိတ်ပူပေးနေလေသည်။အေးပုက ဟိုဘက်ခြံက အလုပ်သမားရဲ့သမီးလေးဖြစ်တာကြောင့်  ဖြူလုံးနဲ့ကျောင်းမှာတွေ့ရင်း ခင်သွားရာကနေ သွားအတူ၊လာအတူ သူငယ်ချင်းတွေဖြစ်လာခဲ့လေသည်။

ဟိုအရင်ကတော့ သူကြွယ်မျိုးရိုးတွေသာ ကျောင်းအတက်များကြပေမဲ့ ခောတ်မှီဖွံ့ဖြိုးလာတာနဲ့အညီ ပညာရဲ့အရေးပါပုံကို နားလည်လာကြတာကြောင့်
မရှိဆင်းရဲသားအချို့လည်း သူတို့၏သားသမီးများကို  ကျောင်းထားပေးလာကြလေသည်။

"ဝေါ...ဝေါ...ဂျိန်း!!!"

မိုးတွေက အရမ်းသည်းလာတာကြောင့် ခြံထဲသို့ အတင်းပြေး၀င်လိုက်သည်။ထိုစဉ် ခြံထဲသို့ လျှောက်လမ်းအတိုင်း ပြိုင်ကားအပြာရောင်တစ်စီးက ၀င်လာလေသည်။

"တီ..တီ...တီ...တီ...."

ခြံ၀ကနေစံအိမ်ကြီးဆီသို့ ကတ္တရာလမ်းခင်းထားပြီး လမ်းတစ်ဖက်တစ်ချက်ဆီတွင် မင်းကွတ်သီးပင်များနဲ့ စံပယ်ပန်းရုံတွေ အင်မတန်များလေသည်။

"တီ...တီ...."

"အော်...ဒီလောက်လမ်းဖယ်ပေးနေတာကို ဘာလို့မသွားသေးလဲ မသိဘူး...."

မိုးတွေ တအားရွာနေပါတယ်ဆိုမှ ကားသွားဖို့ကို လမ်းဘေးမှာ ကပ်ပြီးရပ်ပေးရသေးသည်။
ဒါလည်း ကားကဆက်မသွားပဲ ဖြူလုံးနဲ့ကပ်
လျှက်မှာ လာရပ်လေသည်။‌ဖြူလုံးလည်း ကြောင်ပြီး တောင့်တောင့်ကြီးရပ်နေမိသည်။

ကားတံခါးမှန်ဟာ တစ်ဖြည်းဖြည်းကျသွားပြီးနောက် စူးရှတောက်ပလွန်းသည့် အကြည့်တစ်စုံနဲ့ ဟိုလူကြီးကို တွေ့လိုက်ရသည်။
ဆံပင်တွေက ဂုတ်ထောက်နေပြီး မျက်လုံးတွေကအင်မတန်လှသည်။
ဒီလူကြီးရဲ့ ထူပိန်းနေတဲ့ မျက်တောင်တွေကို ဖြူလုံးသိပ်သဘောကျတာပဲ။
သူက ရွှေရောင်ကိုင်းနဲ့ သူ့မျက်မှန်ကို တပ်ကာ ဖြူလုံးကို သေချာလေးကြည့်နေသည်။

"ဦးလေး...ကျွန်မကိုဘာပြောချင်လို့လဲ..."

"မိုးရွာနေတာ...မင်းသိတယ်မလား..."

အော် ကျွန်မကကန်းနေတာမှမဟုတ်ပဲ။သိ‌တာပေါ့။ဘာတွေ လာမေးမှန်းလည်းမသိဘူး။ဒီမှာ လူက အအေးပတ်ပြီး သေတော့မယ်။ဘယ်လိုလူလဲမသိဘူး။ သူက ကားထဲမှာအခန့်သားထိုင်နေရတိုင်း မညှာမတာ..."လို့စိတ်ထဲမှာသာ အပစ်ပြောနေမိပေမဲ့ အပြင်မှာတော့...

"ဟုတ်ကဲ့...ဦးလေး....ဘာပြောချင်လို့လည်း..."

"စံပယ်ရုံတွေမှာ စံပယ်ပန်းတွေ ပွင့်နေတာတွေ့လား..."

"ဟုတ်ကဲ့တွေ့ပါတယ်..."

"အေး...အဲ့ဒီ့စံပယ်ပန်းတွေကို တစ်ပွင့်မကျန်ခူးပြီး ငါ့လက်ထောက်ကိုပေးလိုက်...ကြားလား..."

"ဟင် ...ဒီစံပယ်ပန်းတွေကို တစ်ခုမကျန်ခူးရရင် သမီးက ဘယ်အချိန်မှနားရမှာလဲ...အခုပဲ...လေးနာရီထိုးနေပြီလေ..."

"မိုးတိတ်ရင် မင်းနားလို့ရပြီ...အခုချက်ချင်းခူး...
ရေသာခိုရင်...မင်းရဲ့မိဘတွေကို အိမ်ပေါ်ကနေ နှင်ချပစ်မယ်...."

"ဟာ..."

ပြောချင်တာပြောခဲ့ပြီး ကားမှန်ကိုပြန်တင်ကာ
စံအိမ်ဘက်ဆီသို့ မောင်းသွားလေသည်။
ပေါ်တီကို အောက်တွင်ကားကိုရပ်လိုက်ကာ အရပ်အရှည်ကြီးနဲ့ ထိုလူက ကားပေါ်မှာဆင်းလာသည်။ ဖြူလုံးဘက်ကို ကျောပေးပြီး မင်းသား
စတိုင်လ်နဲ့ စံအိမ်ထဲကို ၀င်သွားတာများ ငရဲ့ကြီးချင်ကြီးပါစေ အခါတစ်ရာလောက် ပြေးကန်ပစ်ချင်လိုက်တယ်..စိတ်ကူးထဲမှာပြောမိပါတယ်။

ကျောင်းလွယ်အိတ်လေးကို မိုးလုံတဲ့နေရာမှာ သွားထားလိုက်ပြီး စံပယ်ရုံတွေအပေါ်မှ စံပယ်ပန်းတစ်ပွင့်ချင်းစီကို လိုက်ခူးရလေသည်။
အပူပိုင်းဒေသမှာ အခုမှစံပယ်တွေကလည်း ပေါက်ချက်သားကောင်းချက်ပင်။အရင်က ဒီစံပယ်ပင်ဟာ ဘယ်သူမှရေသိပ်မလောင်းလို့ ညှိုးနေခဲ့တာပါ။ဖြူလုံးကသာ မနေနိုင်မထိုင်နိုင် လောင်းမိတာ။အခုတော့ မှတ်ပလား ကိုယ်ပျိုးတဲ့အပင်က ကိုယ့်ကိုပြန်ဒုက္ခပေးနေပြီ။

မိုးရေတွေ စိုရွှဲပြီးတစ်ကိုယ်လုံးခိုက်ခိုက်တုန်နေလည်းပဲ စံပယ်ပွင့်တစ်ပွင့်ဆီကို မနားတမ်းခူးနေရသည်။ တစ်ကိုယ်လုံး ထုံကျင်အေးစက်ပြီး လူကပစ်တောင် လဲချင်လာသည်။

ငိုချင်စိတ်ကို မနည်းထိန်းကာ စံအိမ်ဘက်ဆီသို့ကြည့်လိုက်တော့ အပေါ်ဆုံးအထပ်ရဲ့မှန်ချပ်တွေ ကာရံထားသောနေရာမှာ လူတစ်ယောက်ရပ်နေလေသည်။ပြီးတော့ ဖြူလုံးကိုစူးဆိုက်ကြည့်နေပုံပေါ်ပေမဲ့ မိုးအရမ်းသည်းနေတော့ သိပ်မသေချာဘူး။ဖြူလုံးစိတ်ထဲမှာ တစ်ခုပဲ တွေးမိတယ်။
သူဘာလို့ ဖြူလုံးကိုနှိပ်စက်နေရတာလဲ....?

🍁🍁🍁🍁🍁🍁🍁🍁🍁

"ဆရာ...မိုးတိတ်သွားပါပြီ...ကားလည်းရေဆေးပြီးသွားပါပြီ...ဆရာNight House ကိုသွားချင်ရင် သွားလို့ရပါပြီ...."

ဒေ၀ နာရီကို တစ်ချက်ကြည့်လိုက်သည်။
ခြောက်နာရီတောင်ထိုးနေလေပြီ။‌ဆောက်လုပ်ရေး ဆိုက်တစ်ခုမှာရောက်နေရင်းနဲ့ မိုးတွေအရမ်းသည်းလာလို့  စံအိမ်ကိုပဲပြန်လာမိခဲ့တာ။
အရေးအကြီးဆုံး ကိစ္စရပ်တစ်ခုဖြစ်တာနေကြောင့် သူသွားကိုသွားရမည်။ သူ့ရဲ့ရန်သူတော် ဟောင်းကြီးတွေနဲ့ ပြန်တွေ့ရမည်မဟုတ်လား။

"ဆရာ့...ဆရာ့..."

"ဒေါ်နှင်းမြတ်...ဘာဖြစ်လာတာလဲ..."

အိမ်မှုကိစ္စ ကြီးကြပ်သူအဖြစ်ခန့်ထားသော ဒေါ်နှင်းမြတ်က ‌ဒေ၀ရဲ့အိပ်ခန်းတံခါးအ၀မှာရပ်ပြီး အရိုအသေပေးဟန်ပြုလေသည်။

"ဆရာ...အောက်ထပ်မှာ လူတစ်ယောက်ရောက်နေပါတယ်..ကိုလူထိန်ကိုတွေ့ချင်လို့ပါတဲ့..."

"ဘယ်သူလည်း ဒေါ်နှင်းမြတ်...."

"ဟို...အနောက်ဘက်တန်းလျားက လူပါ...အရေးကြီးလို့ ခေါ်ပေးပါဆိုပြီး အတင်းပြောလို့ပါ...."

"ကောင်းပြီ...ကျွန်တော်ဆင်းလာခဲ့မယ်လို့ ပြန်ပြောလိုက်ပါ...."

ဒေါ်နှင်းမြတ် ပြန်ဆင်းသွားပြီးနောက် ဦးလူထိန်က ဒေ၀ ဘက်သို့တစ်ချက်ကြည့်လိုက်သည်။
‌အနောက်တန်းလျားကဆိုတည်းက ဦးဂန္တ၀င်သာဖြစ်နိုင်သောကြောင့်ပင်။

ဒေ၀၏ မျက်နှာဟာ တစ်ခုခုကိုမာန်ဖီချင်နေပုံပေါ်လာသည်။သူ့မျက်လုံးတွေဟာ မှေးကျင်းသည့်ပုံသဏ္ဍာန်သို့ပြောင်းသွားပြီး သေသပ်သော
ခပ်ပါးပါးသူ့နှုတ်ခမ်းမှလည်း မဲ့ပြုံးတစ်ခုပေါ်လာ လေသည်။

"ဦးလူထိန်...သွားကြမယ်...ကျွန်တော့်ရဲ့ရန်သူက ဘယ်‌ လောက်တောင်စိတ်ဓာတ်ကျနေပြီလဲဆိုတာ...သေချာလေး ကြည့်ရမှာပေါ့...."

"ဆရာအပင်ပန်းမခံပါနဲ့...ဒီကိစ္စကို ကျွန်တော်ပဲကိုင်တွယ်လိုက်ပါ့မယ်...."

ဦးလူထိန်က အပြုသဘောဆောင်ပြီး သာမန်ပြောလိုက်ပေမဲ့ ထိချက်ပြင်းထားတဲ့ ဒေ၀ကတော့ ‌ဦးလူထိန်ကိုပါ ဒေါသမျက်လုံးနဲ့ကြည့်လိုက်သည်။

"ကျုပ်ခိုင်းရင်...ခိုင်းတဲ့အတိုင်းလုပ်ပါ....အထွန့်
မတက်ပါနဲ့..."

"ဟုတ်...ဟုတ်ကဲ့ပါဆရာ..."

ဆရာဟာ ဉီးလူထိန်ထက်အသက်အများကြီးငယ်သည်။လက်အောက်ငယ်သားတွေအပေါ်မှာ အရမ်းရင်းရင်းနှီးနှီးမနေပေမဲ့ ဆုပေး၊ဒဏ်ပေးစနစ်တော့ကြီးသည်။တော်တဲ့လူကို တော်သလိုချီးကျူးပေးဖို့၊ဆုချဖို့လည်း ရက်ရောသလို အပြစ်ရှိသူကိုလည်း အပစ်ပေးတဲ့နေရာအင်မတန်ကြောက်ဖို့ကောင်းသည်။

🍁🍁🍁🍁🍁🍁🍁🍁

"ကိုဂန္တ၀င်...ဘာကိစ္စရှိလို့လည်းဗျ...."

ဦးလူထိန်ရဲ့အသံကိုကြားတာနဲ့ ဧည့်ခန်းမှာထိုင်စောင့်နေသော ဦးဂန္တ၀င်ရဲ့မျက်နှာသည် ချက်ချင်းပြုံးတက်လာသည်။
ဦးလူထိန်၏ အနားသို့သွားကာ ဟိုအရင်ကတစ်ခါမျှမလုပ်ဖူးသော မျက်နှာချိုသွေးခြင်းကို စ၍အကောင်အထည်ဖော်လေသည်။

"ကိုလူထိန်... ကျွန်တော့်အကြောင်းလည်း ခင်ဗျားသိပါတယ်ဗျာ...စံအိမ်ကြီးနဲ့လုပ်ငန်းလည်း ပြုတ်ပြုတ်ပြုန်းသွားတာ...ကျုပ်မှာအခုဆို ဘာအလုပ်အကိုင်မှကို မရှိဖြစ်နေတယ်...ခင်ဗျားက ခြံထဲမှာ နေခွင့်ပေးထားလို့သာ ကျွန်တော့်မှာ နေစရာလေးရှိနေတာပါ...."

"အဲ့ဒီ့တော့ ကျုပ်ကိုဘာလုပ်ပေးစေချင်တာလဲ...
ရှင်းရှင်းလင်း‌လင်းပြောစမ်းပါ..."

ဦးလူထိန်က လက်ကိုပိုက် ခေါင်းကိုမော့ကာစိတ်မရှည်ဟန်ပြတော့ ဦးဂန္တ၀င်လည်း စိတ်ကသိကအောင့်ဖြစ်သွားသည်။

"အဲ့ဒါ...ခင်ဗျားကျွန်တော့်ကို အလုပ်လေးတစ်ခုလောက်ပေးလို့ ရမလားဗျာ...ကျွန်တော်ကလုပ်ငန်းတစ်ခုလုံးကိုတောင် ဦးစီးခဲ့တဲ့လူဆိုတော့ ခင်ဗျားအတွက် အထောက်အကူဖြစ်စေရပါမယ်..."

"ခင်ဗျား...ဦးစီးတဲ့လုပ်ငန်းက အခုပိတ်သိမ်းလိုက်ရပြီမဟုတ်လား...အဲ့တော့ခင်ဗျားကိုကျုပ်တို့က ဘယ်လိုယုံကြည်ရမှာလဲ...."

"ဟင်.."

အသံဩဇာခပ်ပြင်းပြင်းက ဧည့်ခန်းထဲမှာ ပဲ့တင်ထွက်သွားလေသည်။ဦးလူထိန်ကို ကျော်ပြီးပြောရဲသောသူဟာ ဘယ်သူလည်းဆိုတာ သိချင်ဇောပြင်းပြလာတာကြောင့် အနောက်ဘက်သို့ကြည့်လိုက်တော့ ဧည့်ခန်းတံခါးအ၀မှာ ပေါ်လာသည့်လူအရိပ်တစ်ခု။လူငယ်တစ်ယောက်ဖြစ်ပြီး ‌တော်တော်လေးကို ပြည့်စုံတဲ့သွင်ပြင်လက္ခဏာ‌ တွေရှိနေလေသည်။။

သူကဘယ်သူလဲ။?သူ့ကို ငါတွေ့ဖူးသလိုပဲ။စဉ်းစားကြည့်ပေမဲ့ လုံး၀ကိုပုံဖော်လို့မရဖြစ်နေသည်။

"ဆရာ...ဦးဂန္တ၀င်က အလုပ်‌လာတောင်း..."

"ကျုပ်ကြားပြီးပြီ...."

စကားစတောင် မဆုံးသေးသောဦးလူထိန်ကိုဆက်မပြောရန် လက်ကာပြလိုက်တော့ ဦးလူထိန်လည်း ပါးစပ်တောင်မဟရဲတော့ချေ။

ဦးဂန္တ၀င်လည်း အခြေအနေကိုအကဲခတ်ကာသုံးသပ်ကြည့်လိုက်တော့ ဦးလူထိန်ဟာလည်း ဒီလူငယ်ရဲ့ အလုပ်သမားပဲဖြစ်ရမည်ဟု တွက်ချက်လိုက်သည်။
နောက်ဆုံးမှာတော့ သူ့ရဲ့မျက်နှာချိုသွေးမှုက
Leather(လည်သာ)ဆက်တီအပေါ်တွင် အမိန့်သားထိုင်နေသော ဒေ၀ ဘက်သို့ လှည့်သွားသည်။

"ဟဲ...ဟဲ...ဟုတ်ပါတယ်ဆရာ...ကျွန်တော်အရင်က တုံးအခဲ့လို့ အသုံးမကျလို့ခံလိုက်ရတာပါ...
နောက်ထပ် အဲ့လိုတူညီတဲ့အမှားမျိုး ထပ်မဖြစ်စေရတော့ပါဘူး...စိတ်ချပါ..."

ပြောရင်းဆိုရင်း ထိုင်ခုံမှာ၀င်ထိုင်ဖို့ပြင်တော့...

"ဟေ့လူ...ခင်ဗျားကဘာကောင်မို့လို့ ဆက်တီပေါ်မှာထိုင်ဖို့လုပ်နေတာလဲ...အဲ့ဒါလည်သာအစစ်နော်..ခင်ဗျားလိုလူက ထိကိုင်ရဲတာလား...ကျုပ်တောင် ဒီမှာမတ်တပ်ရပ်နေတာမတွေ့ဘူးလား..."

ဦးဂန္တ၀င်ဆိုတာ ဟိုအရင်က ဒီစံအိမ်ကြီးထဲမှာ ထိုင်ချင်တဲ့နေရာ ထိုင်၍ရသောအဆင့်ကနေ အခုဦးလူထိန်က ပိတ်ဟောက်လိုက်တာကြောင့်
ထိုင်မည့်စဲစဲ ဖင်လေးပြန်ကြွပြီး ရယ်ဟန်ဆောင်နေလိုက်သည်။

"ကဲ...ဦးလူထိန်..ဒီလူ့ကို သင့်တော်မဲ့နေမှာသာ နေရာချထားလိုက်ပါ...နောက်မှကျုပ်ထပ်ပြီး ညွှန်ကြားမယ်..."

"ဟုတ်ကဲ့ဆရာ...."

ဦးလူထိန်ရဲ့ပခုံးကို ပုတ်ကာ ဦးဂန္တ၀င်ကို ခပ်စိမ်းစိမ်းတစ်ချက်ဆိုက်ကြည့်ပြီးနောက် ကားသော့ကိုယူ၍ မြို့ရဲ့ အချက်အချာအကျဆုံး ဈေးကြီးဘေးနားတွင်ဖွင့်ထားသော Night House ဘားသို့ထွက်လာခဲ့လိုက်သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁

"ဟာ...ကိုဇော်မင်းနဲ့ ကိုဟိန်းဇေတို့က လက်ရည်တွေ သိပ်တက်နေပါ့လားဗျာ..."

"ဟား..ဟား..မမြှောက်ပါနဲ့ဗျာ...ဒီလိုပဲကံဇာတာကောင်းနေလို့ထင်ပါတယ်...ကဲနောက်တစ်ပွဲထပ်ချမယ်..."

"ဒီတစ်ခါဘယ်လောက်လဲ..."

"သိန်းလေးဆယ်ဗျာ..."

"ဟား..ဒီလိုဆိုကြိုက်ပြီးသားပဲ ချဗျာ...."

လောဘဇောတိုက်နေသည့် မျက်နှာတွေနှင့်
ကာစီနိုဆော့နေကြသော ‌ဇော်မင်းနှင့် ဟိန်းဇေတို့၏ဝိုင်းသို့ ရွှေရောင်မျက်မှန်ကိုင်းအတွင်းကနေ ကြည့်နေသော မျက်၀န်းအစုံ။
မုန်းတီးမှုနှင့်နာကျည်းမှုတွေပါ ရောယှက်နေသည်။

"ကိုဒေ၀...ခင်ဗျားလာမယ်လို့ မထင်ထားဘူး..."

အောက်ထပ်မှကာစီနိုဝိုင်းသို့သာ အာရုံရောက်နေမိတာကြောင့် Night Houseပိုင်ရှင် ရောက်လာမှန်းတောင် သတိမထားလိုက်မိချေ။
ဘားပိုင်ရှင် သူရိယက ဝိုင်တစ်ခွက်ကို ငှဲ့ပေးကာ ဒေ၀ဆီသို့ ကမ်းပေးလိုက်သည်။
ဒေ၀လည်း မျက်မှန်ကိုခဏချွတ်ကာ ဝိုင်ကိုတစ်ချက်မွှေ့ရင်းနဲ့ အရသာကိုမြည်းကြည့်လိုက်သည်။

"မဆိုးဘူး...ခင်ဗျားဝိုင်က ပြည်တွင်းထုတ်ဆိုပေမဲ့
...အရည်အသွေးနဲ့ အရသာက အဆင့်မှီသားပဲ..."

"အင်း...ပြင်ဦးလွင်ဘက်က ကျွန်တော့်မိတ်ဆွေဆီကနေ စမ်းမှာလိုက်တာလေ...ဒါခင်ဗျားကို အရင်မြည်းစမ်းခိုင်းတာ...ဒီဘားမှာတောင် မရောင်းရသေးဘူး...."

"အဟင်း...အားလုံးကြိုက်ကြမှာပါ...."

အမြဲတမ်းစကားကို ရှည်ရှည်ဝေးဝေးပြောလေ့
မရှိသော ဒေ၀အား သူရိယသေချာကြည့်မိသည်။
ကိုဒေ၀က သူ့ရဲ့ပြူမူနေထိုင်ပုံနဲ့ သူ့ရုပ်ရည်ပုံစံကတော်တော်လေးကို ကွဲထွက်နေ‌တယ်။
ပြောရရင် သူ့ပုံစံအစစ်အမှန်အတိုင်း နေထိုင်သလိုမခံစားရဘူး။

မျက်လုံး၊မျက်ခုံးနဲ့ ခပ်သွယ်သွယ် မျက်နှာကျတွေက မိန်းမဆန်ချင်တယ်။‌ပိုနှုင်းဖွဲ့ရရင် လူချစ်လူခင်များမဲ့ရုပ်ရည်၊အတိအကျဆိုရင် သဘော
မနှောကောင်းပြီး နွေးထွေးကြင်နာတတ်တယ်လို့ ထင်ရသည့်မျက်နှာထားမျိုးဖြစ်သည်။
အမြဲတမ်း သပ်ရပ်ခန့်ညှားစွာ ၀တ်စားတတ်တဲ့ သူ့ပုံစံကြောင့် မိန်းကလေးတော်တော်များများ ကြွေကျခဲ့မယ်ဆိုတာ သိသာသည်။

သို့ပေမဲ့ သူ့အပြူအမူနဲ့ သူပြောတဲ့စကားလုံးတိုင်းက လေးနက်ပြီး ပြတ်သားလွန်းသည်။ စိတ်ရိုင်း၀င်လာချိန်ဆိုရင် ဘီလူးတစ်ကောင်လိုလည်း မာန်ဆွယ်တတ်မည့်ပုံပင်။

ဒီNight Houseဆိုတဲ့ ဘားနဲ့လောင်းကစားရုံကိုလည်း သူပဲရှယ်ရာအများဆုံး၀င်ပေးပြီး ထူထောင်ပေးခဲ့တာ။ဒါပေမဲ့ ဒီလူက Barတစ်ခုလုံးကို သူ့ကိုသာပေးပစ်တယ်။ ဘာသဘောလည်း ဆိုတာမသိပေမဲ့ အကြံတစ်ခုရှိတာတော့ သူရိယသိသည်။

ဥပမာအားဖြင့် ဒီဘားကိုရောက်လာတိုင်း အောက်ထက်က ကာစီနိုဝိုင်းသို့သာ ကြည့်နေတတ်သည်။အဲ့ဒီ့ဝိုင်းက လူနှစ်ယောက်ကိုလည်း ၀န်ထမ်းတွေနဲ့ ညှိုပြီးနိုင်အောင် တမင်လုပ်ပေးခိုင်းသည်။
ဒီလူ့မှာ အကြံအစည်ကြီးကြီးတစ်ခုတော့ ရှိကိုရှိရမယ်။
အဲ့ဒါကလည်း ကောင်းတဲ့အရာမဖြစ်နိုင်ဘူး။

"သူရိယ...ကိုယ်ပြန်အုံးမယ်...ခွင့်ပြုအုံး..."

"ဟာ...ဝိုင်လေးတော့ ‌စုံအောင်မြည်းသွားပါအုံးလားဗျာ...ကျွန်တော်က ကိုဒေ၀အတွက် ဂိုဒေါင်ထဲကနေ သီးသန့်ထုတ်ပေးထားတာ...."

သူရိယကတောင်းပန်သလို လေသံနဲ့ပြောတာကြောင့် ခုံပေါ်မှ ဝိုင်တစ်ခွက်လုံးကို မော့သောက်ပြလိုက်သည်။

"ကျေးဇူးပဲ...ကိုယ်ပြန်ပြီ...."

အောက်ထပ်သို့ ဆင်းသွားတဲ့ဒေ၀ရဲ့ကျော‌ပြင်ကိုကြည့်ပြီး သူရိယမှတ်ချက်ချလိုက်သည်။

"ကိုဒေ၀က..ဘားကို ဝါသနာကြောင့်လာထိုင်တာ မဟုတ်ဘူးပဲ..."

🍁🍁🍁🍁🍁🍁🍁🍁🍁

ညနေက မိုးတိတ်သွားတာကြောင့် စံပယ်ပန်းခူးခြင်းကို ရပ်လိုက်ရပေမဲ့ မင်းမိဘတွေကို နှင်ထုတ်ပစ်မယ်ဆိုတဲ့စကားကြောင့် ကျန်နေသေးသည့်စံပယ်ပန်းလေးတွေကို ထပ်ခူးဖို့  ခြံအရှေ့ဘက်သို့ ထပ်လာမိသည်။
အချိန်က ခြောက်နာရီ ခွဲနေပြီး လူကလည်းနည်းနည်းဖျားချင်နေသည်။

ကိုယ်အတွင်းကအဖျားထက် ဟိုလူကြီးကို ပိုကြောက်မိနေတာ ဘာကြောင့်များပါလိမ့်။
အကြည့်စူးစူးတွေက အင်မတန်ကြောက်ဖို့ကောင်းပြီး လေသံကလည်းအတော်မာသည်။
စတွေ့ကတည်းက ဖြူလုံးကိုအော်လိုက် ငေါက်လိုက်တာများ တော်တော်လေးမုန်းတီးနေတဲ့ ပုံစံမျိုးပေါက်နေသည်။

"တီ...တီ...တီ...တီ...."

စံပယ်ရုံတွေကြားမှာ ကုန်းပြီး စံပယ်ပန်းခူးနေတုန်းမှာ ဟိုလူကြီးရဲ့ကားက ခြံရှေ့မှာဟွန်းတီးနေလေသည်။
ခြံစောင့်က တံခါးဖွင့်ပေးလိုက်တာနဲ့ ဝေါကနဲခြံထဲသို့‌ မောင်း၀င်လာလေသည်။
ဖြူလုံးက ပန်းရုံလေးတွေကြားမှာ ထိုင်လျှက်လေးနေနေတော့ ပန်းခူးနေမှန်း သူသိလောက်မှာမဟုတ်ဘူး။

ပန်းတွေကလည်း တော်တော်ရနေပြီမို့ ကိုယ့်ဟာကိုယ်ကျေနပ်သွားသည်။ဒီလောက်ဆိုရင် အပြောခံလွတ်လောက်ပါပြီ။
စံအိမ်ဘက်ကိုကြည့်လိုက်တော့ ကားပေါ်မှာဆင်းပြီး စံအိမ်ထဲသို့၀င်တော့မည့်သူ့ဆီသို့ အပြေးသွားမိသည်။

"ဦးလေး...ဦးလေး...ဟိုဦးလေး...."

ဒေ၀လှည့်ကြည့်လိုက်တော့ ဆံပင်ကုတ်ဝဲလေးနဲ့ ပြေးလာသည်က ရွှေစင်ရုပ်လွှာဆိုသည့်မိန်းကလေးဖြစ်နေသည်။
သူ့အနားကိုရောက်တော့ မောနေဟန်ဖြင့် ခါးထောက်၍ အသက်လုရှူနေလေသည်။

ကောင်မလေးက ငယ်ငယ်တုန်းက ချစ်စရာကောင်းတဲ့ ‌ရုပ်ရည်ရှိပေမဲ့ အကျင့်ကတစ်စက်မှမကောင်းတော့ သူအရမ်းအမြင်ကပ်ခဲ့ရသည်။
အခုလည်း ဒီကောင်မလေးအပေါ်မှာ အခဲမကျေသေးပါဘူး။ဒီကောင်မလေးရဲ့ မျက်နှာကိုတွေ့တာနဲ့တင် ငယ်ငယ်ကသူ့ကိုခဲနဲ့ ပေါက်ခဲ့တာတွေ အပစ်ပေးခံရအောင် လိမ်လည်လှည့်ဖျားခဲ့တာတွေကို တစိမ့်စိမ့်နဲ့တွေးပြီး နာကျည်းနေတုန်းပဲ။

"ဦးလေး...ဒီမှာသမီးစံပယ်ပန်းတွေအများကြီးခူးပြီးပြီ...ဒီလောက်ဆိုရပြီမလား...."

ဖြူလုံးကသဘောရိုးနဲ့မေးလိုက်ပေမဲ့ သူကတော့ ဒေါသအခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ကြည့်လာလေသည်။

"မင်းငါ့ကို..ဘယ်လိုခေါ်လိုက်တယ်..."

"ဟမျ...ဘာကိုလဲ..."

"လူတစ်ယောက်ကိုတွေ့ရင် ဘယ်လိုပြုမူဆက်ဆံရမလဲဆိုတာမင်းမသိဘူးလား...ဘယ်အချိန်၊ဘယ်အခြေအနေမှာဘယ်သူ့ကိုတော့...ဘယ်လိုလေးပြောဆိုဆက်ဆံရမလဲဆိုတဲ့ အခြေခံအကျဆုံး အချက်ကိုတော့..မင်းသိထားသင့်တယ်
...အသက်အရွယ်လည်း ငယ်တော့တာမဟုတ်ဘူး....ဒါလေးတောင်နားမလည်ဘူးလား..."

ဖြူလုံးခမျာ မျက်လုံးလေးတွေ ထောင့်ကပ်သွားသည်အထိ စဉ်းစားယူနေရသည်။
ဘာကိုပြောနေတာလဲ။? ငါပဲဉာဏ်ရည်မမှီတာလား။ဘာမှကို နားမလည်ဘူး ။

"ဦးလေး...ဘာကိုပြောတာလဲ...သမီးတစ်ခုခုအမှားလုပ်မိလို့လား...."

"မင်းအခုငါ့ကို ဦးလေးလို့ခေါ်လိုက်တယ်လေ
...အဲ့ဒါအမှားပဲ..."

"ဟမ်..."

"မင်းအသက်...ဘယ်နှနှစ်ရှိနေပြီလဲ...."

"ဆယ့်ခြောက်နှစ်ပါ..."

"ငါ့အသက်နှစ်ဆယ့်ရှစ်နှစ်...မင်းနဲ့ဆယ့်နှနှစ်လေးပဲကွာတာ...."

"ဆယ့်နှနှစ်တောင် ကွာနေတဲ့ဥစ္စာကို..."

"ဘာ...မင်းဘာပြောလိုက်တယ်...."

တိုးတိုးလေး ပြောလိုက်တာကို နားကလည်းလျှင်လိုက်တာ ချက်ချင်းကို ပြန်ရန်တွေ့တယ်။

"ဟို...ဘာမှမဟုတ်ပါဘူး..ဦးလေးလို့ခေါ်တာမကြိုက်ရင်...လုံးလုံး..အဲ...ကျွန်မကဘယ်လိုခေါ်ရမှာလဲ..."

"ကိုယ့်ဦးနှောက်နဲ့ ကိုယ်စဉ်းစားပေါ့...အာရုံကိုနှောက်တယ်..."

စိတ်ဆိုး၊မာန်ဆိုးနဲ့ စံအိမ်ထဲကို့ လှမ်း၀င်တော့ စံပယ်ပန်းတွေ ပေးရမှာကို သတိရပြီး သူ့အရှေ့မှာ ပိတ်ရပ်လိုက်မိသည်။

"ဟ...ဘာလုပ်တာလဲ....‌ေသချင်နေပြီလား..."

ဖြူလုံး ခေါင်းလေးကိုငုံ့လိုက်ပြီး စံပယ်ပန်းတွေထည့်ထားသော လင်ဗန်းလေးကိုသာ သူ့ရင်ဘတ်နားကို တိုးပေးလိုက်သည်။အံ့ဩစရာကောင်းတာက ဖြူလုံးပေးတဲ့လင်ဗန်းလေးကို ချက်ချင်းယူလိုက်တာပဲ။

"ဒါ..မင်းခူးတားတဲ့ စံပယ်ပန်းတွေလား...."

"ဟုတ်ပါတယ်...ဒီလောက်ဆိုရပြီမလား...."

"မင်းမှတ်ထား...ငါ့ရင်ထဲမှာ မင်းကိုမုန်းနေတဲ့အမုန်းတွေက ရပြီဆိုတာရှိလာမှာမဟုတ်သလိုအတောသတ်တယ်ဆိုတာလည်းမရှိဘူး..."

သူ့စကားကြီးကထူးဆန်းလွန်းလို့ ဖြူလုံးမော့ကြည့်လိုက်တော့ အရမ်းနီးကပ်လွန်းနေတဲ့ သူ့မျက်၀န်းတောက်တောက်တွေက ဖြူလုံးကိုတကယ်ပဲ မုန်းတီးနေသယောင်ထင်မိစေသည်။
သူ့နှုတ်ခမ်းပါးမှလည်း မဲ့ပြုံးတစ်ခုက ဖြတ်ပေးသွားပြီးနောက်မှာတော့...

"ဂလွမ်း!!!!!"

"ဟင်..."

ဗန်းလေးကို ပစ်ချလိုက်တာကြောင့် ကြမ်းပြင်ပေါ်မှာ စံပယ်ပန်းတွေ လွင့်ထွက်ကုန်သည်။
ဖြူလုံးရဲ့ ခြေထောက်အပေါ်မှာလည်း စံပယ်ပွင့်တွေက အထွေးလိုက်ဖြစ်နေသည်။
ဖြူလုံးမျက်ရည်ကျမိသည်။နေမကောင်းဖြစ်ချင်နေတဲ့ကြားကနေ တစ်ပွင့်ချင်းဆီသေချာခူးခဲ့ရတာ။သူများ အပင်ပန်းခံထားရတာကို ဘာလို့ဒီလို
လွယ်လွယ်လုပ်ရပ်ရတာလဲ။ဖြူလုံးတို့ကြားမှာ ဘယ်လိုအာဃာတတွေများ ရှိနေလို့လဲ။

သူကတော့ ဗန်းကိုလွှင့်ပစ်ပြီး အပြစ်မရှိသလို ကျော်ခိုင်းသွားတာကြောင့် ဖြူလုံးဒေါသထွက်သွားသည်။
အံကိုဖိကြိတ်လိုက်ပြီး ခြေဖမိုးပေါ်မှာ အပုံလိုက်ဖြစ်နေတဲ့ စံပယ်ပွင့်တွေကို လက်အပြည့်ယူလိုက်သည်။
‌လက်ကို လေထဲမှာအရှိန်နဲ့ လွှဲပစ်လိုက်ပြီး
သူ့ကျောကုန်းကို စံပယ်ပန်းတွေ ထိမှန်အောင်လို့ ပစ်ပေါက်လိုက်သည်။

"ဟေ့!!!မင်း..ဘာလုပ်တာလဲ...."

သူကဒေါသတကြီး ပြန်လှည့်ကြည့်လာတာနဲ့ စိတ်ထားမှာ ရှိသည့် အမှန်တရားတွေအားလုံးကို
အံထုတ်လိုက်မိသည်။

"အကျင့်မကောင်းတဲ့လူ...လူယုတ်မာကြီး...
ကိုယ့်ကိုကိုယ်ပဲ လူထင်နေတဲ့...ရှင့်လိုအတ္တသမားတွေကို ကျွန်မသိပ်ရွံတယ်...."

"တောက်!!!မင်းဘာစကားပြောတာလဲ......"

နောက်မှာဘယ်လိုပဲ ဖြစ်ကျန်နေခဲ့ပါစေ ဖြူလုံးစိတ်မ၀င်စားတော့ပဲ အလုပ်သမားတန်းလျားသို့သာ အပြေးနှင်မိသည်။
နောက်ကို လှည့်ကြည့်တော့ သူကဖြူလုံးနောက်ကို လိုက်မလာပေ။ကြည့်ရတာ ဖြူလုံးပြောခဲ့တဲ့ စကားက သူ့အရှိုက်ကို ထိသွားပြီထင်ပါရဲ့။


#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================


🌸ဘီလူးနမ်းသော အရိုင်းပန်း
           🍁အခန်း၁၈

 
   "နင်ပြောတဲ့ အတိုင်းဆိုရင် အဲ့ဒီ့လူကြီးက
  တော်တော်လေးကိုမောက်မာတာပဲနော်..."
 
  "တော်တော်လေးမဟုတ်ဘူးဟေ့...အများကြီးကို
  မောက်မာတာ အရမ်းအမြင်ကပ်ဖို့ကောင်းတာ
  ပဲ.."
 
  "ဒါနဲ့သူ့နာမည်ကရော ဘယ်သူလည်း..."
 
  "ဖေဖေတို့ပြောနေကြတာတော့ ဒေ၀ဆိုလားပဲ.."
 
  "ဟယ်...နာမည်ကြီးကလည်း...ဘယ်လိုဟာကြီး
  လည်းမသိဘူး..."
 
  "ဟုတ်ပ နာမည်ကြားတာနဲ့ ဖနောင့်နဲ့ပေါက်ချင်
  စရာ...‌ငါတော့လေ..အဲ့ဒီလူရဲ့မျက်နှာကို မြင်ကို
  မမြင်ချင်တာ...."
 
  "ဟား...ဟား..."

  ကျောင်းမုန့်စားဆင်းချိန်လေး၌ သူငယ်ချင်း
  တွေစုပြီး မုန့်ဈေးတန်းအနီးက ခရေပင်ကြီးရဲ့
  အရိပ်အောက်မှာ အုပ်စုဖွဲ့၍ထမင်းစားရင်း
  အတင်းတုပ်နေကြခြင်းဖြစ်သည်။
  ခရေပင်ကြီးရဲ့ ပတ်ပတ်လည်ကို ကျောက်လောင်းထားသောကြောင့် ထိုကျောက်ပြားကြီးပေါ်မှာ ဖြူလုံးတို့သူငယ်ချင်းအဖွဲ့လေးဟာ ထမင်းချိုင့် ကိုယ်စီဆွဲရင်း အမြဲနေရာလာဦးနေကြဖြစ်လေသည်။

   "ဖြူလုံး....နင်ချက်လာနေကြ ပဲဟင်းပါလား"
   
   "ပါတယ် ငါကိုယ်တိုင်ဆီမထည့်ပဲ‌နဲ့ကြော်လာ
   တာ"
   
   "ဟယ်...နင်ကလဲ...ငါစားချင်လို့ပါဆို...အိမ်မှာ
   က တစ်နေ့လာလည်း ကြက်သား..၀က်သား..
   နဲ့ ဆီပြန်ဟင်းတွေကြီးပဲ....နင့်ဟင်းလေးကို..
   စားချင်လို့ မျှော်နေပါတယ်ဆို..."
   
   "အလာကားစတာပါ..မြတ်ချယ်ရယ် ဆီထည့်
   ပြီးကြော်လာတာပါ.. ကျွတ်ရွနေတာပဲ..."
   
   "ဟဲ...ဟဲ...ဒီလိုမှပေါ့..."

ဆုမြတ်ချယ်က သူ့ပန်းကန်ထဲမှ ပုစွန်ထုပ်ဆီပြန်တွေနဲ့ ၀က်ချဉ်စပ်ကို ဖြူလုံးနဲ့ အေးပုရဲ့ချိုင့်ထဲသို့ ထည့်ပေးပြီး ဖြူလုံးရဲ့ချိုင့်ထဲမှ ကုလားပဲ
ကြော်လေးကိုတော့ သူ့ချိုင့်ထဲသို့ ခပ်ထည့်လိုက်သည်။

ဆုမြတ်ချယ်နဲ့ နောင်ဇွဲထက်ဆိုတဲ့ အမွှာမောင်နှမနှစ်ယောက်က သူများလူချမ်းသာအိမ်က ကလေးတွေလို့ ဟိတ်ကြီးဟန်ကြီးတွေလည်း ရှိမနေပဲ အင်မတန်မှရိုးရှင်းကြသည်။
ဘယ်သူတွေက ဘယ်လိုပဲသွေးထိုးကြပါစေ
ဖြူလုံးတို့ကိုတော့ ဒီမောင်နှမနှစ်ယောက်လုံးက ဘယ်တော့မှအခင်အမင်မပျက်ကြဘူး။

အစကတော့ မြတ်ချယ်တို့နဲ့သိပ်မခင်ပေမဲ့
ဘိုင်အိုအစမ်းစာမေးပွဲဖြေတော့ ‌မြတ်ချယ်နဲ့ဖြူလုံးက တစ်ခန်းထဲကျသည်။
အဲ့ဒီ့နေ့မှာ မြတ်ချယ်က ခဲတံမေ့ကျန်နေခဲ့ရာက‌ နေ ဖြူလုံးလည်း သတိထားမိသွားပြီး ခဲတံကို ငှားပြီးအတူမျှသုံးခဲ့ကြတယ်။

ထိုနေ့ကနေစပြီး မြတ်ချယ်နဲ့ ခင်ရုံတင်မကသေးပဲ သူမနဲ့အမွှာဖြစ်တဲ့ နှောင်ဇွဲထက်နဲ့ပါ ခင်မင်ခွင့်ရခဲ့လေသည်။

"ဒါနဲ့ နေပါအုံး...နင်ပြောတဲ့ အဲ့ဒီဦးဒေ၀က ဘယ်လိုရုပ်မျိုးလဲ...."

"အေးဟဲ့...လုံးလုံး...ငါလည်းသိချင်တယ်...."

မြတ်ချယ်တင်မကပဲ အေးပုကပါ မျက်လုံးလေးပြူးပြီးစိတ်၀င်စားဟန်ပြနေတာကြောင့် ဟိုလူကြီးရဲ့ မျက်နှာပုံစံကို ပြန်စဉ်းစားကြည့်နေမိသည်။

"အင်း...မျက်နှာကသွယ်တယ်...မျက်တောင်တွေကတော့ အရှည်ကြီးနဲ့အထူကြီးပဲဟ..တော်တော်လှတယ်...မျက်လုံးအရောင်ကခရမ်းရောင်လိုလို...မရမ်းရောင်လိုလိုနဲ့ဟာ...အရောင်တော်တော်တောက်တယ်...နှာတံကခပ်စင်းစင်းနဲ့...အရပ်ကအရှည်ကြီးပဲ..ဆံပင်က အလယ်ခွဲလိုလိုဘာလိုလိုနဲ့...ဂုတ်နဲနဲထိချင်တယ်...အဲ့ဒါပါပဲ.."

ဖြူလုံးရဲ့အပြောမှာ တော်တော်လေးမျောသွားကြပုံရသည်။မယ်မင်းကြီးမနှစ်ယောက် အသံတောင်မထွက်ကြတော့ဘူး။

"ဟဲ့...နင်တို့ဘာဖြစ်နေကြတာလဲ..."

"ငါစဉ်းစားနေတာ...‌နင်ကအမြင်ကပ်တယ်လည်း ပြောသေးတယ်...ပြောသွားလိုက်တာများ ငါတောင်မျက်လုံးထဲမှာ မြင်ယောင်လာမိတဲ့အထိပဲ..."

"...နင်ပြောပုံအရဆိုရင်...ငါတောင်မြင်ဖူးချင်လာပြီ...အိမ်အပေါ်ထပ်မှာ သန့်ရှင်းရေးလုပ်ရင် နင်တို့ခြံဘက်ကို လှမ်းကြည့်အုံးမယ်..."

အရေးထဲအေးပုမက နှာဘူးထနေသေးတယ်။
ဟုတ်တော့လည်း ဟုတ်နေတာပဲ အဲ့လူကြီးကိုကြည့်မရဘူးဆိုပြီး ဘာလို့အသေးစိတ်ကအစမြင်နေရတာပါလိမ့်။ကိုယ်ဘာသာကိုယ်တောင် မစဉ်းစားတတ်တော့ဘူး။

"ဟဲ့..နောင်ဇွဲ...ဟဲ့...."

ဘောလုံးတစ်လုံးနဲ့ အလုပ်ရှုပ်ရင်း ဘေးနားမှဖြတ်လျှောက်သွားသော နောင်ဇွဲထက်ကို မြတ်ချယ်ကလှမ်းခေါ်လိုက်လေသည်။
ကိုယ်တော်က မျက်နှာကြီးရှုံ့မဲ့ပြီး ဘာတွေအလိုမကျဖြစ်လာသလဲမသိပေ။
စိတ်ညစ်နေတဲ့ပုံစံနဲ့ ဖြူလုံးရဲ့ အနောက်မှာ လာကပ်ထိုင်လေသည်။

"ဟဲ့...နောင်ဇွဲ..ထမင်းစားချိန်မှာ ထမင်းမစားပဲ ဘယ်တွေကို သဝေထိုးနေတာလဲ...ဒါနဲ့ နင့်ရုပ်ကဘာဖြစ်လာတာလဲ....ပြောစမ်း..."

နောင်ဇွဲက ထောင်နေတဲ့ဆံပင်တွေကို ဖိလှဲပြီး ဘောလုံးကိုမြေကြီးပေါ်သို့ ပစ်ချလိုက်သည်။

"ပြောမနေပါနဲ့ဟာ...."

"‌ဟဲ့ပြောစမ်းပါ...နားထောင်ချင်လို့ ‌..."

"ပြောမှာပေါ့ဟာ...နင်တို့ကလည်း...တကယ်ပဲ
စပ်စုရမယ်ဆိုရင် သိပ်ဝါသနာပါတဲ့ဟာတွေ..."

နောင်ဇွဲထက်က ဖြူလုံးရဲ့ချိုင့်ထဲမှ ပဲတစ်ဇွန်းကိုခပ်စားလိုက်ပြီးနောက် ပြောမဲ့အရေးဟန်လုပ်နေသေးသည်။စိတ်မရှည်တော့တဲ့ ဖြူလုံးတို့သုံးယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အချိန်ဆွဲနေတဲ့ နှောင်ဇွဲထက်ကို ပိတ်ထုချင်လာသည်။

"အဖြစ်က ဒီလိုဟ...မနေ့ကညနေပိုင်းတုန်းက အတန်းCကကောင်တွေနဲ့ ဘောလုံးချိန်းကန်ကြတာဟာ အဲ့ဒါငါတို့အဖွဲ့ ရှုံးသွားလို့.... "

"ဘာများလဲလို့ သေနာကောင်...."

"အာ့...."

နှောင်ဇွဲထက်ရဲ့ စကားအဆုံးမှာ သုံးယောက်လုံးရဲ့ ခေါင်းခေါက်ခြင်းကို ခံလိုက်ရလေသည်။
မျက်နှာကြီး ရှုံ့မဲ့သွားတဲ့နှောင်ဇွဲကတော့ ခေါင်းကိုဖိပွတ်ရင်း....

"ငါ့ကို ဘာလို့ခေါက်ကြတာတုန်းဟ..."

"ဘောလုံးပွဲရှုံးတာလေးကို ကမ္ဘာကြီးပျက်သွားသလို ပြောနေတာကို..."

"ဟ...ဒါကမ္ဘာပျက်တာပဲလေ...ငါတို့ကပိုက်ဆံကြေးကန်ကြတာဟ...ရှုံးတဲ့သူကနိုင်တဲ့လူကိုပေးရမှာ ..."

"နေပါအုံး...နက်တို့က ဘယ်လောက်နဲ့လောင်းထားလို့လဲ..."

"တစ်သိန်း..."

တစ်သိန်းဆိုတဲ့အသံကြားတာနဲ့ မြတ်ချယ်ဟာ
ဖြူလုံးရဲ့အနောက်မှာထိုင်နေတဲ့ နှောင်ဇွဲရဲ့နားရွက်ကို ကုန်းပြီးလှမ်းဆွဲလေသည်။

"အာ့...နာတယ်ဟ..."

"သေ သွားလည်း အေးတာပဲ ဘယ်က‌ သောက်ဆံ‌တွေ ၀င်နေလို့ အဲ့တစ်သိန်းကို လောင်းကြေးထပ်လိုက်ရတာလဲ...ဟမ်...."

"ဟ...ငါတို့နိုင်ရင်လည်း...အဲ့တစ်သိန်းကို ငါတို့ရမှာပဲလေ ..."

"အပြောကတော့ မိုးထိုးနေတာပဲ...အစတည်းက ကိုယ့်အရည်အချင်းကိုယ်သိရင် မဆော့နဲ့လေ...
အဲ့ပိုက်ဆံတစ်သိန်းကို ရချင်ရင် အစောတည်းကနိုင်အောင်ဆော့ခဲ့ပေါ့...."

"ဟ...အားကစားသမားဆိုတာ ပိုက်ဆံကိုတွေးနေလို့မရဘူးဟ...အားကစားစိတ်ဓာတ်အပြည့်နဲ့ဆော့ရမှာပေါ့...."

"နှောင်ဇွဲထက်ရယ်...နင့်ကိုငါလုပ်ချင်လိုက်တာ တအားပဲ...."

ပိုက်ဆံတစ်သိန်းလုံး ရှုံးသွားတာတောင်
လေကျယ်နေသေးသော နှောင်ဇွဲကို ထုရိုက်ပစ်ချင်၍ မြတ်ချယ်မှာလက်တွေကို ယားနေလေသည်။
အပေါက်အလမ်းမတည့်သော နှောင်ဇွဲထက်ကို ဖြူလုံးကလည်း တံတောင်နဲ့ပိတ်တို့လိုက်သည်။

"အခု အဲ့ပိုက်ဆံကိစ္စက ဘယ်လိုလုပ်မှာလဲ..."

"အဲ့ဒါကိုပဲ စိတ်ညစ်နေတာ...ညနေကျရင် အိမ်ကိုဧည့်သည်လာမှာ...တစ်အိမ်သားလုံးအလုပ်ရှုပ်နေကြမှာလေ...အဲ့ဒါအဖေ့ဆီကနေ မုန့်ဖိုးသွားတောင်းရင်...အော်ထုတ်ခံရမှာဟ...."

"ဧည့်သည်..ဘယ်က ဧည့်သည်လဲ...ငါတောင်မသိလိုက်တဲ့ဟာကို..."

"မနက်က ငါအိပ်ယာနိုးတော့ ကြားလိုက်တာ ဒေ၀ဆိုလား ဘာလားဟာ...အိမ်ကိုထမင်းဖိတ်ကျွေးမလို့တဲ့ အမေ့ကိုပြောနေတာ..."

ဒေ၀ဆိုတဲ့ အသံကိုကြားတာနဲ့ မြတ်ချယ်က ဖြူလုံးကို ကြည့်လာလေသည်။

"ဖြူလုံး...ဒေ၀တဲ့...."

"အေး...ငါလည်းကြားတယ်...."

မြတ်ချယ်၊ဖြူလုံးနဲ့ အေးပုက အကြည့်ချင်းဆုံပြီး အံ့ဩနေဟန်ဖြစ်နေကြတော့ နှောင်ဇွဲကပါ ဘာများဖြစ်သလဲဆိုကာ ကြောင်တောင်တောင်ဖြစ်နေလေသည်။

ပြီးနောက် မြတ်ချယ်က ဖြူလုံးကို လက်ယက်ပြီး အနားသို့ ကပ်ခိုင်းလေသည်။
နား အနားသို့ကပ်ပြီး မြတ်ချယ်ပေးလိုက်တဲ့အကြံကြောင့် ဖြူလုံးရဲ့မျက်လုံးတွေ အရောင်လက်သွားရသည်။
ဖြူလုံးလည်း မြတ်ချယ်ကို လက်မထောင်ပြပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"အော်...ဘာတွေမှန်းလည်း မသိဘူး..စိတ်မှမှန်ကြသေးရဲ့လား...."

ခေါင်းချင်းဆိုင်ပြီး လျှို့ဝှက်သင်္ကေတတွေလုပ်ပြနေသောနှစ်ယောက်ကို စနောက်ချင်တာကြောင့်
ခေါင်းနှစ်ခုအား လက်နဲ့အုပ်ပြီး တိုက်ပေးလိုက်သောအခါ....

"အာ့...သေနာကောင်...သေ ချင်း ဆိုး...နင်တွေ့မယ်...."

"ဟာ...ဟ..ငါ့ကိုပဲ...အရင်မိအောင်လိုက်ပါအုံး..."

နှောက်ဇွဲက ချက်ချင်း အနောက်သို့ဆုတ်သွားကာ စိန်ခေါ်လိုက်တော့ မြတ်ချယ်လည်း နီးရာကျောက်တုံးနဲ့ ကောက်ပေါက်လိုက်သည်။

"ငနာမလေး...ငါ့ကိုထိရင် အမေနဲ့တိုင်ပြောမှာနော်..."

"အေး...အမေနဲ့မတိုင်ခင် နင့်ကိုအရင် အရေ ခွံခွာပစ်မယ်....လာခဲ့...."

"အား...အမေရေ...ခဲလုံးနဲ့ပေါက်တယ်ဗျို့...."

"ဟ..ဟ..."

မြတ်ချယ်က အနောက်ကနေခဲနဲ့လိုက်ထု၊နှောင်ဇွဲက အရှေ့ကပြေးနဲ့ ဖြူလုံးနဲ့အေးပုကတော့ ထမင်းစားရင်း ဒိုင်ခံရယ်နေရလေသည်။
သူတို့က အမွှာတွေသာ ပြောတယ် တည့်တယ်လို့လည်း သိပ်မရှိပါဘူး။အမြဲတစ်ခုခုကြောင့် နှောင်ချိန်ချနေစမြဲပင်။

ဒီသူငယ်ချင်းလေးတွေကြောင့်ပဲ ဖြူလုံးလည်း ကျောင်းမှာရှိနေချိန်လေးတွေမှာသာ ပြုံးနိုင်တာပါလေ။အိမ်မှာဆိုရင် ဒေါ်ရွှေရတာတို့ တန်းလျားကိုပြောင်းလာတည်းက စာတောင်သေချာကျက်ချိန်မရဘူးဖြစ်နေသည်။
ခိုင်းလိုက်တဲ့အလုပ်ဆိုတာ ထွက်တောင်ပြေးချင်တယ်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အချိန်အားဖြင့် သုံးနာရီခွဲနေလေပြီ။နေကတော့ အရှိန်ပြင်းပြင်းနဲ့ ပူနေဆဲဖြစ်ပေမဲ့ ဒေ၀ကတော့
ဦးဂန္တ၀င်ဆီမှ အကျွေးတွေကိုကူဆပ်ပေးခအဖြစ် ပြန်ရထားသော ရေသန့်စက်ရုံကို လှည့်ပတ်ကြည့်နေလေသည်။

ပြန်လည်တိုးချဲ့နေသည်မို့ ဆောက်လုပ်ရေးဆောင်ရွက်နေသူများ‌လည်း ရှိလေသည်။
ဒေ၀၏ပုံစံမှာ ရိုးရိုး တီရှပ်အဖြူကို စတိုင်ပန်လ်နဲ့တွဲ၀တ်ထားပြီး လုပ်ငန်းရှင်တွေသုံးသော ဆောက်လုပ်ရေးဦးထုပ်မီးခိုးရောင်ကိုဆောင်းထားလေသည်။

အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ဖြစ်နေကာခါးပတ်ပတ်လည်မှာလည်း စကားပြောစက်သုံးလုံးလောက်ကို ချိတ်ထားလေသည်။

"ဆရာ့...ညနေကျရင် ဦးထက်မြတ်တို့အိမ်က
ထမင်းစားဖိတ်ထားတဲ့ကိစ္စ...သွားမှာလား..."

ဒေ၀ခေတ္တမျှစဉ်းစားလိုက်သည်။ ဦးထက်မြတ်ဆိုတာ ဦးအဂ္ဂလောက် ဩဇာမညောင်းပေမဲ့ ဒီမြို့မှာတော်တော်လေး နေရာယူထားနိုင်တယ်။

အခုနောက်ပိုင်း သုန္နကမြို့ရဲ့ ဟော်တယ်နဲ့ ခရီးသွားလာရေး စီမံကိန်းတွေကိုလည်း ဒီလူကပဲစပြီး အကောင်အထည်ဖော်ခဲ့တာ။
ပြောရရင် စီးပွားရေး အကွက်မြင်သလို သမာသမတ်လည်း ကျတဲ့လူ။

အဓိကကတော့ ဦးအဂ္ဂနဲ့မတည့်တာပဲ။
ထမင်းစားဖိတ်တယ်ဆိုတည်းက သူ့ရဲ့ နောက်ကြောင်းကို အနည်းနဲ့အများတော့ တီးခေါက်မိမှာပဲ။
ဒါကြောင့် ထမင်းစားဖိတ်တာဟာ ရိုးရိုးမဟုတ်ပဲ သူ့ဘက်ပါအောင် စည်းရုံးရေးဆင်းမှာက
ခုနှစ်ဆယ်ရာခိုင်နှုန်းသေချာသည်။
ဦးထက်မြတ်ဆီကို သွားရင် ဦးအဂ္ဂဘက်ကလည်း လှုပ်ရှားလာနိုင်တယ်။

"ကျွန်တော်သွားဖြစ်အောင် သွားမယ်....အချိန်ရောက်ရင်...သတိပေးပါ..."

"ဟုတ်ကဲ့ဆရာ..."

"ဒါနဲ့ဆရာ...ကိုဂန္တ၀င်ကိုရော ဘယ်လိုဆက်လုပ်မှာလည်း..."

"ခင်ဗျား...သူ့ကို ဘယ်နေရာမှာခိုင်းထားလည်း..."

"ပစ္စည်းအ၀င်အထွက် စာရင်းစစ်နေရာလောက်ပါပဲ..."

"သူ့ကို ပိုပြီးတာ၀န်ကြီးတဲ့အလုပ်တွေကို လုပ်ခိုင်းထားလိုက်...နောက်မှဘာဆက်လုပ်ရမလဲ...
ကျွန်တော်ပြောမယ်...."

"ဆရာ...ဒီလူကယုံရပါ့မလား..."

"ကျုပ်ပြောရင် ပြောတဲ့အတိုင်းပဲလုပ်..."

ဆရာဟာ ဒေါသထွက်လာရင် ကျွန်တော် ကနေ"ကျုပ်"ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းသုံးတတ်သည်မို့ ဦးလူထိန်လည်း နှုတ်ဆိတ်နေလိုက်ရသည်။ဆရာဘာတွေ ကြံစည်နေသလဲ မသိပေမဲ့။အကြောင်းမရှိရင် ဘာမှအပိုမလုပ်တတ်တာတော့ သေချာသည်။

ဦးလူထိန်လှည့်ထွက်‌ဖို့ ပြင်ဆင်‌ပြီးမှ သူတို့ရဲ့
ပန်းရံအလုပ်သမားတွေထဲကနေ တစ်ချက်တစ်ချက်အကဲ ခတ်လာသောလူတွေကို သတိထားမိသွားလေသည်။
‌ဆရာသမားအနားသို့ တိုးကပ်လိုက်ပြီး...

"ဆရာ...အခုတစ်လော ကျွန်တော်တို့ကိုစောင့်ကြည့်နေတဲ့ လူတွေကို နေရာတိုင်းလိုလိုမှာတွေ့နေရတယ်..."

ဒေ၀ မျက်ခုံးတစ်ဖက်ကိုတွန့်လိုက်ပြီး အလုပ်သမားတစ်ယောက်ကို မသိမသာပြန်ကြည့်လိုက်တော့ ထိုအလုပ်သမားက အခြားဘက်သို့ မျက်နှာပြန်လှည့်သွားသည်။

"ကျုပ်သိတယ်...ဦးဂန္တ၀င်ရဲ့ အကြွေးတွေကိုဆပ်ပေးလိုက်တည်းက ဒီမြို့ကလုပ်ငန်းရှင်တွေ ကျုပ်အကြောင်းကို စိတ်၀င်စားနေကြတာ မဆန်းပါဘူး...မသိသလိုပဲနေလိုက်ပါ...ဒါပေမဲ့ကိုယ့်လူတွေကိုတော့ အတွင်းသတင်းမပေါက်ကြားစေဖို့နဲ့သတိနဲ့နေဖို့ တိုးတိုးတိတ်တိတ် သတင်းဖြန့်ထား..
အဓိကအားဖြင့် ဦးအဂ္ဂ...အဲ့ဒီ့လူကစိတ်မချရဘူး....ညီအရင်းရဲ့စီးပွားရေးကိုတောင် သူကဖြတ်စီးထားတဲ့လူ...."

"ဟုတ်ကဲ့ဆရာ...ကျွန်တော်တို့သတိနဲ့နေပါ့မယ်..."

ဦးလူထိန်ထွက်သွားသည်နှင့် ဒေ၀လည်း ‌ဆောက်လုပ်ရေးဆိုက်ထဲသို့ ၀င်သွားလေသည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ထက်မြတ်စံအိမ်....

ခြံ၀န်းထဲသို့ BMWနောက်ဆုံးပေါ်ကားကြီး၀င်လာတာနှင့် ဦးထက်မြတ်နဲ့ဇနီးဒေါ်ဆုဝေတို့ကလည်းအသင့်ထွက်၍စောင့်ကြို နေကြလေသည်။

ကားကို ပေါ်တီကိုအောက်တွင် ရပ်လိုက်ပြီးနောက် ဒေ၀နှင့် ဦးလူထိန်ကဆင်းလာလေသည်။
ဒေ၀ရဲ့အကြောင်းကိုစုံစမ်းထားသော
ဦးထက်မြတ်ဟာ ချည်ချောပုဆိုးအညိုပုတ်ရောင်နှင့် ရှပ်ကော်လံလက်ရှည်အဖြူကို ၀တ်ထားသောလူငယ်အား လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မောင်ဒေ၀မလား...ဦးကထက်မြတ်ပါ..."

"ဟုတ်ကဲ့ ကျွန်တော်ဒေ၀ပါ...တွေ့ရတာ၀မ်းသာပါတယ်..ဦးထက်မြတ်..."

"အိမ်ထဲကို ၀င်ကွာ...."

ဦးလူထိန်နဲ့ အတူ အိမ်ထဲသို့၀င်သွားသော ဒေ၀ကို
အနောက်မှ လိုက်လာသော ဒေါ်ဆုဝေက သူ့ခင်ပွန်းအား လက်တို့ပြီးမေးခွန်းထုတ်လေသည်။

"ကိုထက်..ရှင်ပြောတဲ့လုပ်ငန်းရှင်တစ်ယောက်ကို ထမင်းစားဖိတ်မယ်ဆိုတာ ဒီကောင်လေးကို ပြောတာလား..."

"အေးလေ...ဘာဖြစ်လို့လဲ..."

"ဟယ်..ငယ်ငယ်လေးနော်...သူကနိုင်ငံခြားသားလား...ရုပ်ကမြန်မာနဲ့သိပ်မတူဘူးနော်..."

"လာစမ်းပါကွာ မင်းကလည်းသိပ်စပ်စုတာပဲ..."

"နေအုန်း...ကျွန်မဧည့်ခံဖို့ သွားပြင်ဆင်လိုက်အုံးမယ်...."

"အေး...အေး..."

ဒေါ်ဆုဝေက ထမင်းစားခန်းထဲသို့ ၀င်သွားသည်နှင့် ဉီးထက်မြတ်ကလည်း ဧည့်ခန်းသို့ သွားကာ စကားရောဖောရောလုပ်ရင်း စကားနှိုက်ခြင်းကို စတင်လေသည်။

"မောင်ဒေ၀က...သုန္နကမြို့ကိုမှ ဘာလို့ပြောင်းလာတာလဲ...ဦးသိခွင့်ရှိမလား..."

ဒေ၀ရဲ့ လျှို့ဝှက်ကိန်းကို တိုက်ရိုက်မေးချလိုက်သော ဦးထက်မြတ်အား အနည်းငယ်စိတ်ခုသွားပေမဲ့ အပြုံးကိုတော့ မပြတ်အောင်နေလိုက်သည်။

"အခု သုန္နမြို့ရဲ့ မြို့တော်၀န်း ဦးထွန်းတောက်ဆိုတာ ကျွန်တော်နဲ့ဆယ်ကျော်သက်အရွယ်လောက်တည်းက ခင်မင်ခဲ့တာပါ...သူကခဏခဏ ဒီမြို့အကြောင်းကို ပြောပါများလို့ ဒီ‌မြို့ကို ပြောင်းလာခဲ့တာ..."

မောင်ဒ၀က မြို့တော်၀န်ဦးထွန်းတောက်နဲ့တောင် ဒီလောက်ခင်နေတယ်ဆိုတော့ သွားနောက်လို့တော့မရဘူးပဲ။ငါတို့ကိုတောင် ပစားမပေးတဲ့ မြို့တော်၀န်က ဒီကောင်လေးရဲ့အနောက်မှာ ရှိနေတယ်ဆိုတော့ ဒီကောင်လေးကို ၀န်းရံထားတဲ့ ဒိုင်းကအတော် မာတာပဲ။

"မောင်ဒေ၀ ဦးတစ်ခုတော့မေးချင်တယ် စိတ်တော့မရှိပါနဲ့..."

"ရပါတယ်မေးပါ...."

"ကော်ဖီသုံးဆောင်လို့ရပါပြီရှင်...."

အသံအရင်ပေးပြီး ဆုမြတ်ချယ်နှင့် အိမ်ဖော်တွေက ကော်ဖီနဲ့ မုန့်မျိုးစုံလာချပေးကြလေသည်။

ဒေ၀ ကော်ဖီဖန်ခွက်ကို ယူလိုက်ပြီး အနံ့ကိုမွှေးကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။

"ကိုအဂ္ဂကို ဘယ်လိုမြင်လဲ..."

တိုက်ရိုက်မေးချလိုက်တဲ့ ဦးထက်မြတ်ရဲ့စကားကြောင့် နှုတ်ခမ်းပေါ်မှာ တည်ထားတဲ့ကော်ဖီခွက်ကို လေထဲမှာခဏမျှ ရပ်တန့်လိုက်မိသည်။
မျှော်လင့်စောင့်စားမှု‌တွေနဲ့ ပြည့်နေသော
ဦးထက်မြတ်ရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်ကာ...

"ဦးအဂ္ဂ...အဲ့လူအကြောင်းထက် ကျွန်တော်က ဦးထက်မြတ်ရဲ့အကြောင်းကိုပဲ ပိုစိတ်၀င်စားတယ်..."

"ဟား...ဟား..."

ဦးထက်မြတ်သဘောတွေကျပြီးထရယ်သည်။
ဒေ၀ရဲ့ ဆိုလိုရင်းကို သူသိသွားခဲ့ပါပြီ။
ဒေ၀ဟာ အဂ္ဂနဲ့မဟုတ်ပဲ သူနဲ့ပဲပူးပေါင်းလိုကြောင်းကို  သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်ခြင်းပင်။

ဦးထက်မြတ်နည်းတူ ဒေ၀လည်းခပ်ပြုံးပြုံးနှင့်ပင် ကော်ဖီကိုမော့ချလိုက်ရာ...

"အဟွတ်...အဟွတ်...အဟွတ်...အား..."

"ဟာ...မောင်ဒေ၀...ဘာဖြစ်လို့လဲ..."

"ကော်...ကော်ဖီကငန်တယ်..."

"ဟာ...ဘယ်လိုဖြစ်ရတာလဲ...ဆုဝေ...ဆုဝေရေ"

ဒေ၀၏ ဖြစ်ပျက်သွားပုံကို အကွယ်မှ ချောင်းကြည့်နေကြသော ‌ဖြူလုံးနဲ့မြတ်ချယ်ဟာ
လက်ဝါးချင်းရိုက်ပြီး တစ်ခစ်ခစ်လှောင်ရယ်ကြလေသည်။

"ထပ်ရိုက်လိုက်ပါအုံး..."

"ဟ..ဟ..."

"မြတ်ချယ်...နင့်အကြံပိုင်တယ်ဟာ..."

"ကော်ဖီငန်ငန်လေး သောက်ပြီးရှုံ့မဲ့သွားတာများ
ကြည့်ကောင်းချက်...."

"ဟဲ့...မြတ်ချယ်မ...‌ရှုံ့မဲ့သွားတာကို ဘယ်လိုဖြစ်ပြီး ကြည့်ကောင်းတယ်ပြောနေတာလဲ...."

"အော်...ချောတာကိုဟဲ့...နင်မမြင်ဘူးလား...အဲ့ဦးက ရှုံ့မဲ့နေတာတောင် ချောလိုက်တာ...."

"ဟင်း...ဒီနှာဘူးမကတစ်မျိုး...."

ရန်သူကို နှာဘူးပြန်ထနေသော မြတ်ချယ်အား ဖြူလုံးပိတ်ခေါက်ပစ်လိုက်သည်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ချည်ချောပုဆိုးနဲ့ အဖြူ‌ရောင်ရှပ်ကော်လံကို ၀တ်ထားတဲ့
ဦးဒေ၀က ရွှေရောင်ကိုင်းနဲ့ မျက်မှန်လေးကိုပါ တတ်ထားလေတော့ မမငွေပန်းချီပြောပြဖူး‌တဲ့ တက္ကသိုလ်က အသက်ငယ်ငယ်ပါမောက္ခကြီးလိုပဲ သိပ်ခန့်လွန်းနေသည်။
အကျင့်မကောင်းတာလေးကို ပြင်လိုက်ရင်တော့
ပိုပြည့်စုံနိုင်‌ ကောင်းပါရဲ့။
အခုတော့ သူ့ရဲ့မောက်မာတတ်တဲ့ စိတ်ကဖြူလုံးကို အမုန်းပွားစေသည်။

အခန်း၁၉...ဆက်ရန်...

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဘယ်သူ့အပေါ်မှာပဲ ဩဇာညောင်းညောင်း
ဖြူလုံးတို့အဖွဲ့နဲ့တွေ့ရင်တော့ ကော်ဖီကငန်သွားစေရမယ်...☺️

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၁၉
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

ထွန်းတောက်စံအိမ်ထဲသို့ ကားတစ်စီးမောင်း၀င်လာပြီးနောက် ပေါ်တီကိုအောက်တွင်ကားကိုရပ်လိုက်လေသည်။ကားပေါ်မှဆင်းလာသူမှာ မြို့တော်၀န် ဦးထွန်းတောက်ကိုယ်တိုင်ဖြစ်လေသည်။
စံအိမ်ထဲမှ မိန်းမကြီးတစ်ယောက်ကလည်း ပြေး‌ထွက်လာပြီး ဦးထွန်းတောက်ရဲ့ လက်ဆွဲအိတ်တွေကို လက်လွှဲယူလိုက်လေသည်။

"ဆရာ...ဧည့်သည်တစ်ယောက်ရောက်နေတယ်.."

"ဘယ်သူလည်း...."

"ဒေ၀တဲ့ ဆရာ...ဧည့်ခန်းထဲမှာထိုင်စောင့်နေတယ်..."

ဒေ၀ဆိုတဲ့ ‌နာမည်ကိုကြားတာနဲ့ ဦးထွန်းတောက်လည်း လျှင်လျှင်မြန်မြန်နဲ့ ဧည့်ခန်းထဲသို့ သွားနေမိသည်။
ဒီကောင်စုတ်လေး သုန္နကမြို့ကို ရောက်တာနှစ်ပတ်လောက်ရှိနေပေမဲ့ သူ့ဆီကိုတော့ အခုမှလာတွေ့တယ်။

ဦးထွန်းတောက် ဧည့်ခန်းထဲကိုရောက်တော့ ဒေ၀ဟာ ပုဂံခောတ်က စီးချင်းတိုက်ပွဲကို ဆွဲထားသော နံရံကပ်ပန်းချီကားချပ်အား လက်နောက်ပစ်၍ ကြည့်နေလေသည်။
အနောက်ကနေ မြင်နေရသည့် ဒေ၀ရဲ့ကျောပြင်ဟာ သုန္နကမြို့ကနေထွက်ခွားသွားသော ပိန်ပိန်ပါးပါးကောင်လေးမဟုတ်တော့ပဲ အသက်သုံးဆယ်နားနီး နေပြီဖြစ်သော လူကြီးတစ်ယောက်အသွင်ဆောင်နေလေသည်။

"အဲ့ဒီ့ပန်းချီကားက ဘာတွေစိတ်၀င်စားစရာကောင်းနေလို့လဲကွ...."

ဒေ၀ရဲ့ဘေးမှာ ယှဉ်ရပ်လိုက်ပြီး ပြောလိုက်တာကြောင့် ပန်းချီကားချပ်ဆီမှာအာရုံတွေဟာ
ဦးထွန်းတောက်ဆီသို့ရောက်သွားလေသည်။
ရွှေရောင်မျက်မှန်ကိုင်းကို လက်ညှိုးနဲ့တစ်ချက်မျှ ပင့်တင်လိုက်သည်။နှုတ်ခမ်းမှလည်း ခပ်ရေးရေးပြုံးကာ...

"အရင်ခောတ်က ဘုရင်တွေက စီးချင်းထိုးကြတာဟာ တကယ်ပဲ ကိုယ့်တိုင်းပြည်...ကိုယ့်လူမျိုးကောင်းစားဖို့အတွက်လားဆိုတာကို စဉ်းစားကြည့်နေမိတာပါ...."

"အရာရာအတွက်ပဲပေါ့ကွာ......ရှေးခောတ်ဘုရင်တွေက တန်ခိုးဩဇာလွှမ်းမိုးနိုင်မှုကိုလည်း အင်မတန်မက်မောကြတယ်...စီးချင်းထိုးလို့နိုင်ခဲ့ရင် သူ့တို့ရဲ့ဂုဏ်သတင်းလည်းကြီးမားကျော်ဇောမယ်...
သူတို့ တိုင်းပြည်ရဲ့ စစ်ရေးဖွဲ့ဖြိုးစည်ပင်မှုကိုပြချင်တာလည်းပါတာပေါ့...ငါတို့မှာ ဒီလိုစွမ်းရည်တွေရှိတယ်...မင်းတို့လာကြူးကျော်ဖို့ မစဉ်းစားနဲ့လို့ ကြေငြာလိုက်သလိုပဲပေါ့..."

"ကျွန်တော်လည်း လူတစ်ယောက်ကို စီးချင်းထိုးဖို့ စိန်ခေါ်ချင်တယ်...."

ဆိုဖာခုံမှာ ပြန်ထိုင်၍ လေးနက်မှုအပြည့်နဲ့ပြောနေသော ကဝိကို ဦးထွန်းတောက်နားမလည်နိုင်ဖြစ်သွားသည်။

"ဘာကြောင့် စိန်ခေါ်ချင်တာလဲ..."

ဒေ၀ဟာ လက်ထဲမှာပစ်တိုင်းထောင်အရုပ်သေးသေးလေးကို ကစားသလိုလုပ်နေရင်းနဲ့ နှုတ်ခမ်းတွေက ပို၍တည်သွားလေသည်။

"မတရား သေဆုံးသွားရတဲ့ အဖေ့အတွက်ပဲ...
ဦးလေးလည်း သိမှာပါ ကျွန်တော်ဘာကြောင့် ဒီမြို့ကိုပြန်လာရသလဲဆိုတာ..."

"အဲ့ဒီ့ကိစ္စက အခုထိရင်ထဲကနေ ဖယ်မထုတ်နိုင်သေးဘူးလား...ကိုယ့်ဘ၀နဲ့သာကိုယ်နေပါတော့ ကဝိရယ်...မင်းလည်းငယ်တော့တာမှမဟုတ်ပဲ...
အိမ်ထောင်ရက်သားပြု...ကိုယ့်မိသားစု..
ကိုယ့်သား၊သမီးတွေနဲ့ပဲ...ဘ၀ကိုပျော်ပျော်ကြီးဖြတ်သန်းကြည့်စမ်းပါကွာ....မင်းရဲ့စိတ်တွေကို
အတိတ်နွံထဲမှာပဲ နှစ်မထားပါနဲ့ မင်းပဲပိုပင်ပန်းရလိမ့်မယ်..."

ခေါင့်ကိုငိုက်ဆိုက်ချပြီး ပစ်တိုင်းထောင်အရုပ်လေးကို သာကြည့်နေသော ကဝိရဲ့မျက်၀န်းတွေဟာ မျက်ရည်စတွေဝေ့ချင်လာပေမဲ့ သူ့ရဲ့တင်းခံထားမှုကြောင့် မျက်ရည်မိုးတွေရွာသွန်းဖြိုး၍
မလာခဲ့ပေ။

"ရတုမဟာစံအိမ်ကနေ နောက်ဆုံးထွက်လာပြီးတဲ့နေ့တည်းက ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပြီးသား
....ကျွန်တော်ကတော့ နာကျင်မှုတွေအားလုံးကို ရင်နဲ့အမျှ ခံစားခဲ့ရပြီး..အပစ်ကျူးလွန်ခဲ့တဲ့လူတွေက ပျော်ရွှင်သာယာနေတာကို ကျွန်တော်ကြည့်မနေနိုင်ဘူး....ဦးလေးနဲ့သာမတွေ့ခဲ့ရင်...
ကျွန်တော့်ဘ၀ကြီးက လမ်းဘေးခွေးတစ်ကောင်လို ရှင်သန်နေရမှာဗျ....ကျွန်တော့်အသားကို ထိရင်တောင် ကျွန်တော်ခံနိုင်သေးတယ်...
ဒါပေမဲ့ အဖေ့ကိုထိရင်တော့ ကျွန်တော်လုံး၀သည်းမခံနိုင်ဘူး...."

"ကဝိ..ငါမင်းကိုသတိပေးချင်တယ်...မင်းရင်ဆိုင်ရမဲ့လူကလည်း သာမန်လိပ်၊ကြမ်းပိုးလေးမဟုတ်ဘူးနော်...သူလည်းကျားရဲပဲ...ကျားတို့ရဲ့သဘာ၀က အသားကိုမှအစိမ်းလိုက်စားတာ
...အနည်းဆုံးတော့ သူပြန်ပြီးကုတ်ဖဲ့မဲ့ဒဏ်ကို မင်းခံရလိမ့်မယ်...."

"ကျွန်တော်မှ မကြောက်တတ်တာ..."

ခပ်မဲ့မဲ့ပြုံးလိုက်သော ကဝိကိုကြည့်ပြီး ဦး‌ထွန်းတောက် ခေါင်းခါမိသည်။

"ဒီနယ်မြေကို မင်းကအခုမှရောက်တာနော်...
သူက တောကျွမ်းတဲ့ကျားကွ...မင်းကိုပြန်ပြီးဖမ်းအုပ်သွားလိမ့်မယ်...."

"ဒီမှာ ဦးလေး...ကျွန်တော့်လုပ်ငန်းတွေက ဒီတစ်နယ်ထဲမှာပဲ ရှိနေတာမဟုတ်ဘူး...နိုင်ငံအနှံ့မှာခြေဆန့်နေတာ....ကျွန်တော်လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့...ကျွန်တော်ရှိတဲ့နေရာကို လေယာဉ်စီးလုံးငှားပြီး လိုက်လာကြမဲ့ မီဒီယာတွေမှ တစ်ပုံကြီးပဲ..."

"အေး...အဲ့ဒီ့မီဒီယာတွေလိုက်မလာခင်...အသံတိတ်နဲ့ မင်းအစဖျောက်ခံလိုက်ရမှာဆိုးလို့ကွ
...ကဝိရာ..မင်းရဲ့အဖေအရင်းတစ်ယောက်လုံးက မင်းဘေးနားမှာ အသက်ရှင်လျှက်ရှိနေတာပဲ မဟုတ်ဘူးလား...ဘာလို့သေသွားတဲ့လူကိုမှ...."

"ဦးလေး...အဲ့ဒီ့လိုမပြောနဲ့...."

ဒေ၀ရဲ့မျက်လုံးတွေ ရုတ်ချည်းနီမြန်းသွားပြီး
ဦးထွန်းတောက်ကိုလည်း ဒေါသတကြီးဆိုက်ကြည့် လေသည်။ဘ၀မှာ ဒီလိုစကားကို မကြိုက်ဆုံးပဲ။

"ဒယ်ဒီက ကျွန်တော့်အဖေအရင်းဟုတ်တယ်...
ကျွန်တော့်ကိုချစ်ပေးတယ်...ပြည့်စုံစွာထားပေးခဲ့တယ်...ဒယ်ဒီနဲ့ရှိနေစဉ်အချိန်တွေက ကျွန်တော့်ဘ၀မှာ ပြည့်စုံကြွယ်၀မှုတွေ ပြည့်နှက်နေခဲ့တဲ့အချိန်ပဲ...ဒါပေမဲ့ ကျွန်တော့်အဖေ ဦးမောင်ကြီးကတော့ မတူဘူး...

အမေနဲ့ကျွန်တော့်အတွက် ပြည့်စုံကြွယ်၀မှုတွေကို အားလုံးထားခဲ့ပြီး...
ဆင်းရဲနွမ်းပါးတဲ့ ဘ၀ဆီကို သူခြေလှမ်းခဲ့ရတာ...

ကျွန်တော့်ဘ၀အတွက်... သူများအဆဲအဆိုခံပြီး
ပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရတယ်...
ဘာမှသွေးမတော် သားမစပ်တဲ့ကျွန်တော့်ကို သူများသားသမီးပဲဆိုပြီး ရိုက်ဖို့မပြောနဲ့ လေသံတောင်တစ်ချက်မမာခဲ့ဖူးဘူး...

ပညာတတ်မှလူရာ၀င်နိုင်မှန်းသိလို့ မရှိတဲ့ကြားကနေကျောင်းထားပေးခဲ့တယ်...
ဆယ့်ခြောက်နှစ်လုံးလုံး သူများသားသမီးကို မေတ္တာအပြည့်နဲ့ပြုစုပျိုးထောင်ပေးခဲ့တယ်...

အဖေသာ အမေ့ကိုတာ၀န်မယူခဲ့ဘူးဆိုရင်...
လောကကြီးထဲကို ရောက်လာမဲ့ကျွန်တော်က အစောကြီးဆုံးသွားတဲ့အမေနဲ့အတူ...မိဘမဲ့တစ်ယောက်ဖြစ်နေခဲ့မှာပဲ..
လမ်းဘေးမှာ အလဲလဲပြိုနေတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေခဲ့မှာ...

အဖေကဆုံးသွားတာတောင် ကျွန်တော့်အပေါ်ကို တာ၀န်ကျေခဲ့တယ်...သူ့ရဲ့ဒိုင်ယာရီစာအုပ်လေးကနေ ကျွန်တော့်ရဲ့ဘ၀က တစ်ဆစ်ချိုးပြောင်းလဲခဲ့ရတာပါ...ဒါကြောင့် အဖေကကျွန်တော့်ကို ဒီလိုအခြေအနေမှာ ရပ်တည်နိုင်အောင် ပံ့ပိုးပေးခဲ့တဲ့ လူပဲ...
အဖေကကျွန်တော့်ရဲ့ဘ၀ပဲ..."

ပေါက်ကွဲသံ အပြည့်နဲ့ပြောနေသော ဒေ၀ကိုကြည့်ပြီး ဦးထွန်းတောက် စိတ်မကောင်းဖြစ်ရသည်။
သူ့စကားမှားသွားခဲ့ပါတယ်။တကယ်ဆိုရင် လူတစ်ယောက်ရဲ့နာကျင်မှာကို ဘေးလူတွေကနှစ်သိမ့်မှုပဲပေးနိုင်မှာပါ။ သူ့အစား၀င် ခံစားပေးနိုင်တာမှ မဟုတ်ပဲ။
ဒါကြောင့် ခံခဲ့ရသူရဲ့ ဒဏ်ရာအတိမ်အနက်ကို ကာယကံရှင်ကပဲ ပိုနားလည်နိုင်မှာပါလေ။

"ကဝိ...ဦးဘာကူညီပေးရမလဲ...."

ဒီမေးခွန်းကို မေးရခြင်းက ကဝိအပေါ်မှာထားတဲ့ သူ့ရဲ့သဘောထားကိုဖော်ပြလိုက်တာပါ။
ဒီကောင်လေးရဲ့ နေရာမှာ၀င်မခံစားပေးနိုင်ခဲ့ပေမဲ့ တစ်ခုခုတော့ ကူညီပေးချင်တယ်။သူ့ရဲ့ရည်ရွယ်ချက်တွေ မြန်မြန်အောင်မြင်မှ သူငယ်ချင်း လီယိုအတွက်လည်း စိတ်ပူပန်မှုတစ်ခုလျော့စေနိုင်မှာပါ။

"အဖေက ကျွန်တော့်အပေါ်မှာ အများကြီးပေးစပ်ခဲ့ပေမဲ့ အဖေ့အပေါ်မှာတော့ ကျွန်တော်လုံး၀ တာ၀န်မကျေခဲ့ဘူး...အဖေ့ကိုသ တ်ခဲ့တဲ့တရားခံကို သိနေလျှက်နဲ့တောင် ကျွန်တော့်မှာ သက်သေမရှိတော့ မဖော်ထုတ်နိုင်ခဲ့ဘူး...ဦးလေးလုပ်ပေးရမှာက ကျွန်တော့်အတွက် ခံတပ်အဖြစ်ရှိနေပေးဖို့ပါပဲ...
ကျွန်တော်လိုအပ်တဲ့အချိန်မျိုးဆိုရင် ကျွန်တော့်ဘက်မှာနေပေးစေချင်ပါတယ်...ကျန်တာကိုတော့ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ပဲ ဆက်လုပ်သွားမှာပါ...."

"ကောင်းပြီ....မင်းပြောသလို ဦးလုပ်ပေးပါ့မယ်...
ဒါပေမဲ့ ကိုယ့်စည်းကိုယ်လုံအောင်တော့ ဂရုစိုက်ပါ...ကဝိ....မင်းဆီကနေ မင်းရဲ့ရန်သူက ဘယ်လိုအားနည်းချက်မျိုးကိုမှ ရှာမတွေ့ပါစေနဲ့..."

ဦးထွန်းတောက်အား သူအကောင်းမွန်ဆုံးပြုံးပြလိုက်သည်။ဒါဟာ စစ်မှန်သောအပြုံးတစ်ခုပါပဲ။
ဘယ်သူကမှ သူ့ရဲ့ဒီအပြုံးကို ရနိုင်လိမ့်မယ်မထင်ပါဘူး။

"နောက်ပြီး...ကျွန်တော့်ကို ဒေ၀လို့ပဲ ခေါ်ပေးစေချင်ပါတယ်...စိတ်သစ်လူသစ်နဲ့ပဲ အရာအားလုံးကို ပြောင်းလဲပစ်ချင်တယ်..."

"ကောင်းပါပြီ..."

ဦးထွန်းတောက် ခေါင်းငြိမ့်ပြလိုက်သည်နှင့် ဒေ၀ဟာ စံအိမ်ထဲမှတစ်လှမ်းချင်း ထွက်ခွာသွားလေသည်။

ကဝိရယ် စိတ်သစ်၊လူသစ်နဲ့အရာအား‌လုံးကို ပြောင်းလဲပစ်ချင်နေတဲ့ မင်းက ဘာကြောင့်များ ခံစားချက်‌တွေကိုတော့ အသစ်အဖြစ်ပြောင်းလဲ မပစ်ရတာလဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

စံပယ်ရနံ့လေးတွေ သင်းထုံနေသော လျှောက်လမ်းလေးမှပန်းရနံ့လေးတွေကို ရှူရှိုက်ရင်းနဲ့ ခြံ၀န်းထဲမှာ လမ်းလျှောက်နေမိသည်။
ဒီနေ့ရာသီဥတု သာယာနေပေမဲ့ တန်းလျားကိုရောက်ရင် ဘယ်လိုတွေဖြစ်အုံးမလဲ မတွေးတတ်ပေ။

တစ်ချို့လူတွေက ကျောင်းတက်ရမှာကို ပျင်းကြပြီး ကျောင်းဆင်းချိန်မှာ အင်မတန်ပျော်ရွှင်တတ်ကြသည်။
ဖြူလုံးအနေနဲ့ကတော့ အခုလိုကျောင်းဆင်းချိန်ကို ပိုပြီးကြောက်နေမိသည်။
ကျောင်းကနေ ပြန်ရောက်တာနဲ့ လွယ်အိတ်ကိုချက်ချင်းချပြီး ကျောင်းစိမ်းတောင်မလဲရပဲ ထမင်း၊ဟင်းချက်ရသည်။

အဲ့ဒါတွေပြီးပြန်တော့လည်း အဖေနဲ့ဒေါ်ရွှေရတုရဲ့ ပုံထားတဲ့တစ်နေ့တာအ၀တ်တွေကို လျှော်ရပါသေးတယ်။
အားလုံးပြီးသွားတော့မှ ရေချိုး၊အ၀တ်အစားလဲပြီး စာကျက်ဖို့လုပ်ရသည်။ ဖြူလုံးစာကျက်ရတဲ့အချိန်က ညခုနှစ်နှာရီလောက်မှဖြစ်ပြီး
ဒေါ်ရွှေရတု ဖဲသွားရိုက်တဲ့နေ့မှသာ စာကိုကောင်းကောင်းကျက်ရလေ့ရှိသည်။

အဲ့မိန်းမကြီး အိမ်မှာရှိနေရင် ဟိုဟာခိုင်း၊ဒီဟာခိုင်းနဲ့ တစ်စက်မှကို မနားရဘူး။လူမနားရတာက ကိစ္စမရှိပါဘူး ပါးစပ်ကလည်း တစ်ခုမှကိုအလို
မကျပဲ ဗြစ်တောက်၊ဗြစ်တောက်နဲ့ သိပ်ကိုစိတ်ပျက်ဖို့ကောင်းလေသည်။

ဖဲရိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးလည်း အဖေနဲ့ညတိုင်းရန်ဖြစ်ကြတာကြောင့် ညတိုင်းကိုစိတ်ညစ်နေရတာလည်း အလုပ်တစ်ခုဖြစ်နေသည်။
 တန်းလျားမှာက အခန်းသုံးခန်းရှိနေလို့သာ တော်သေးသည်။ တစ်ခါတစ်ခါ အဖေနဲ့ရန်ဖြစ်ပြီး ဖြူလုံးရဲ့အခန်းထဲမှာ လာအိပ်တတ်တဲ့နေ့ဆိုရင် အခန်းကိုလင်းနေတာမကြိုက်၍ဆိုကာ မီးအစောကြီးပိတ်ခိုင်းတတ်လေသည်။
 
ထိုနေ့မျိုးဆိုရင် မီးထွန်းထားတဲ့ နွားတင်းကုပ်ထဲကို သွားပြီး စားကျက်ရလေသည်။
 မြင်းဇောင်းမှာမကျက်ခြင်းက ဖြူလုံးရဲ့အခန်းနဲ့ကပ်လျှက်ဖြစ်နေတော့ ဒေါ်ရွှေရတု ထဆူမည်ဆိုးတာလည်း ပါသည်။

တစ်ခါတစ်လေမှာ စဉ်းစားမိတာက ဒေါ်ရွှေရတုသာ ဖြူလုံးရဲ့အမေအရင်းဆိုရင် ဒီလောက်အထိ
ဖြစ်မှာ မဟုတ်ဘူးလို့ပေါ့။
အရက်စက်ဆုံးမိခင်ဆိုရင်တောင် တစ်နေကုန်အလုပ်လုပ်ပေးပြီးတဲ့သားသမီးက ညဘက်မှာစာကျက်ချင်တာကိုတော့ တားမယ်မထင်ဘူး။
အနည်းဆုံးတော့ ငြိမ်ငြိမ်လေးစာကျက်နေရင်တောင် ခွင့်ပြုပေးထားမှာ သေချာသည်။

အဖေကလည်း ကိုယ့်သမီးလေးရယ်လို့ စာနာပေးမှုမရှိဘူး။မိထွေးက ဘယ်လိုပဲဆိုးရွားနေပါစေ
အဖေကိုယ်တိုင်ကိုက ဖြူလုံးရဲ့ဖြစ်တည်မှုကို
လစ်လျှူရှု‌ထားလေတော့ အားငယ်စိတ်တွေကပဲ တစ်ရစ်ပြီးတစ်ရစ်တိုးလာနေသည်။

ဆယ်တန်းအောင်ခဲ့ရင်တောင် တက္ကသိုလ်ဆက်တက်ဖို့ကို ထောက်ပံ့ပေးမယ်လို့ အဖေ့ပါးစပ်ကနေထွက်မယ့်ပုံမရပေ။
အားငယ်ချိန်တိုင်း ဖြူလုံးဘ၀ကို အလင်းပြပေးမဲ့လူတစ်ယောက်လောက်ပေါ်လာရင် သိပ်ကောင်းမှာပဲဆိုသည့် အခြားသူကိုမှီခိုချင်သည့်အတွေးလေးတွေတော့ တစ်ခါတစ်လေမှာပေါ်လာတတ်သည်။

ဖြူလုံးတို့ကျောင်း‌အပြင်ဘက်မှာ ဆိုက်ကားဂိတ်တစ်ခုရှိသည်။ထိုဆိုက်ကားဂိတ်မှ ကိုဖိုးအေးဆိုသော ဆိုက်ကားဆရာလေးက ဖြူလုံးကိုစိတ်ဝင်စားနေကြောင်း တစ်ခါရည်းစားစာလိုက်ပေးဖူးလေသည်။ အေးပုမက ငြင်းလိုက်လို့ပြောပေမဲ့ ဖြူလုံးကတော့ ဆယ်တန်းမှာစာကိုသာဂရုစိုက်ချင်သည်ဟု ပြောခဲ့လေသည်။
ကိုဖိုးအေးကလည်း ဆယ်တန်းပြီးသည်အထိစောင့်မည်ဟု ပြောပေမဲ့ ဖြူလုံးဆယ်တန်းပြီးဖို့က အဝေးကြီးလိုသေးသည်မို့ သူ့စကားကိုအမှု
မထားပဲနေလိုက်သည်။

လွန်ခဲ့တဲ့ တစ်ပတ်တုန်းကတော့ ကိုဖိုးအေးက ဖြူလုံးကို အခုလာခိုးဖို့ပြောပြော၊သုံးနှစ်သုံးမိုး စောင့်ပါလို့ဆိုဆို သူကတော့ဖြူလုံးအပေါ်မှာသာ မေတ္တာရှိတယ်လို့ ဆိုလာသည်။

တကယ်တန်းတော့ ကိုဖိုးအေးနဲ့လုံး၀ကို မပတ်သတ်ချင်ပါဘူး။ဒါပေမဲ့ အိမ်မှာစိတ်ညစ်စရာတွေနဲ့သာ အမြဲကြုံနေရတဲ့ဖြူလုံးအဖို့ ကိုဖိုးအေးရဲ့စကားတွေက အထူးအဆန်းတွေဖြစ်နေလေသည်။အနည်းဆုံးတော့ သူဟာဖြူလုံးကို စိတ်ချမ်းသာစေချင်သူဟု သတ်မှတ်မိသည်။
ဒါကြောင့်လည်း ဖြူလုံးအပေါ်မှာကောင်းပေးတဲ့လူတစ်ယောက်ကို လွယ်လွယ်နဲ့ နာကျင်အောင်ငြင်းမလွှတ်ရပ်ပေ။

ဒေါ်ရွှေရတုရဲ့ အဆူအငေါက်တွေခံရတိုင်းမှာလည်း စိတ်ထွက်ပေါက်အဖြစ် ကိုဖိုးအေးကိုလာခိုးယူဖို့ ပြောရင်ကောင်းမလားလို့လည်း တွေးမိလေသည်။မိထွေးနဲ့နေရတာ၊အဖေအရင်းရဲ့
ဂရုစိုက်မှုကို မခံရတာထက် ခိုးရာလိုက်တာက ပိုကောင်းဦးမည်လို့ တွေးကြည့်ခဲ့ဖူးသည်။ ထိုသို့တွေးမိတိုင်းမှာလည်း မဟုတ်တာတွေ တွေးရကောင်းမလားလို့ ဆုံးမပေးမဲ့မိခင်ရှိရင် ကောင်းမည်ဟု တွေးမိသည်။

"ဟင်...ဦးလေးတို့ ဘာလုပ်နေကြတာလဲ..."

ဖြူလုံးတို့နေသည့်အလုပ်သမားတန်းလျားလေးကို ဖြတ်နေကြသော လူတွေကြောင့်ဖြူလုံးတုန်လှုပ်သွားသည်။ဒေါ်ရွှေရတုနဲ့ ဖေ့ဖေ့ကိုပါ မမြင်ရတာကြောင့် ပိုလို့တောင် ရင်တုန်နေမိသည်။

"တူမကြီး..ဒီတန်းလျားကဟောင်းနေပြီမို့ ဖြတ်နေကြတာပါ..."

အလုပ်သမားတွေထဲမှ ဦးလေးကြီးတစ်ယောက်က ပြန်ဖြေတာကြောင့်ထိုဦးလေး၏ အနားသို့သာသွားလိုက်သည်။

"ဒါဆို သမီးတို့ကဘယ်မှာ သွားနေရမှာလဲ..."

"အခုလောလောဆယ်တော့ စံအိမ်ထဲမှာ နေရမယ်တဲ့ ဒီအခန်းကအမျိုးသမီးတောင် ပစ္စည်းတွေရွေ့ပြီးသွားပြီ....တူမကြီးရဲ့ပစ္စည်းတွေလားတော့မသိဘူး ဟိုလက်ပံပင်အောက်မှာ ချထားလိုက်တယ်..."

ဦးလေးက လက်ပံပင်အောက်တွင်ရှိနေသော သံသေတ္တာလေးကို မေ့ငေါ့ပြတော့ ဖြူလုံးလည်းစိတ်ချသွားရလေသည်။

"ဒါနဲ့...ဒီအဆောင်ကအပြီးဖြတ်မှာလား...ပြန်ဆောက်ဦးမှာလား..."

"နှစ်ထပ်ဆောင် ပြန်ဆောက်မှာတူမကြီးရဲ့..အလုပ်သမားတွေထပ်ခေါ်မလို့တဲ့လေ..."

ဦးလေးရဲ့ စကားကို ခေါင်းလေးသာငြိမ့်ပြလိုက်ပြီး လက်ပံပင်အောက်မှာရှိသော သံသေတ္တာလေးနှင့် ပစ်တိုင်းထောင်စုဘူးလေးကို သွားသယ်လိုက်သည်။အ၀တ်အစားက ဆယ်စုံလောက်ပဲရှိပေမဲ့ အထဲမှာစာအုပ်တွေနဲ့ လေးနေတာကြောင့်
ကွတ၊ကွတနဲ့ လမ်းလျှောက်နေရလေသည်။

စံအိမ်ထဲမှာ တစ်ခါမှမနေဖူးတော့ စိတ်လည်း အနည်းငယ်လှုပ်ရှားနေလေသည်။
စံအိမ်အပေါက်၀မှာရှိသော အလုပ်သမားဦးလေးကြီးကိုတွေ့တော့ မေးမြန်းဖို့ရာအားတက်သွားရသည်။

"ဦးလေး...သမီးတို့နေရမဲ့အခန်းကဘယ်မှာလဲ..."

"ဟဲ့...ကလေးမ မနိုင်မနင်းနဲ့ ...လာ..လာ ဦး‌လေးကူသယ်ပြီး လိုက်ပို့ပေးမယ်..."

ဖြူလုံးကို နေရမည့်အခန်းအထိ လိုက်ပို့ပေးသော ဦးလေးသည် ကားဒါရိုက်ဘာဦးဟိန်းမင်းဖြစ်ကြောင်းကို စကားစပ်မိရင်းသိလိုက်ရလေသည်။
ဖြူလုံးနေရမည့်အခန်းက အောက်ထပ်ရဲ့အနောက်ဘက် ချောင်အကျဆုံးအခန်းတွေမှာဖြစ်ပြီး ကြည့်ရတာ အခြားအလုပ်သမားတွေလည်း နေကြပုံရသည်။ဖြူလုံးကတော့ အဖော်တွေရပြီဟု တွေးမိပြီးအပျော်ကြီးပျော်နေမိသည်။
ဖြူလုံးနေရမဲ့ အခန်းထဲကိုရောက်တော့ အန်တီရွှေက ကုတင်ပေါ်မှာပိုက်ဆံ‌တွေတွက်နေလေသည်။

"ဒုန်း!!!!"

"ဟဲ့...ပစ္စည်းလေးချတာကို ဒီလောက်တောင်အသံမြည်စရာလိုလို့လား..."

"သမီးတောင်းပန်ပါတယ်....သမီးပစ္စည်းတွေကို ဘယ်နားလေးမှာ ထားရမလဲဟင်...."

တစ်ခန်းလုံးလည်း သူတို့ပစ္စည်းတွေနှင့်သာပြည့်နေတာကြောင့် ဖြူလုံးလည်း မျက်နှာငယ်လေးနဲ့မေးမိလေသည်။
ဖြူလုံးရဲ့အမေးက ဘာစိတ်ဆိုးစရာပါ သွားလဲတော့ မသိပေ အန်တီရွှေက ဖြူလုံးဆီကိုလျှောက်လာပြီး လက်ထဲမှာပိုက်ထားသော ပစ်တိုင်းထောင်အရုပ်ကလေးကို လာလုလေသည်။

"ခွမ်း!!!!."

"အန်တီရွှေ...ဘာလုပ်တာလဲ...."

"ငါအသုံးလိုနေတယ်...အဲ့တော့ဒီပိုက်ဆံတွေကို ငါခဏယူသုံးထားလိုက်မယ်...."

"အန်တီရွှေရယ်...ပိုက်ဆံလိုချင်ရင်လည်း ဖြူလုံးကိုပြောပေါ့..ဘာလို့စုဘူးကိုခွဲလိုက်ရတာလဲ...
အဟင့်..."

"ဟဲ့...ပိုက်ဆံလေးငါးထောင်ယူတာများ...အဲ့လောက်တောင် မျက်ရည်လည်ရွှဲနဲ့လာလုပ်ပြ
မနေစမ်းနဲ့...ရုပ်ကိုကကျက်သရေကိုမရှိဘူး
...သွားအဲ့အမှိုက်တွေကို အမှိုက်ပုံးထဲ သွားလွှတ်ပစ်လိုက်..."

အန်တီရွှေကို ငယ်ငယ်တည်းကကြောက်ခဲ့ရသည်မို့ ဖြူလုံးပြန်မပြောရဲပါ။ မျက်ရည်တွေကိုသာ သုတ်ရင်း ကြမ်းပြင်ပေါ်မှာ တစ်စဆီဖြစ်သွားသော စုဘူးအကြွင်းအကျန်လေးတွေကိုသာ လိုက်ကောက်နေမိသည်။

လှေကားတစ်ခုရဲ့ခြေရင်းမှာရှိသော အမှိုက်ပုံးလေးတစ်ခုကိုတွေ့တော့ ကွဲသွားတဲ့ပစ်တိုင်းထောင်စုဘူး အပိုင်းအစလေးတွေကို ပုံးထဲကို မထည့်ရက်ဘူးဖြစ်နေသည်။

မျက်ရည်တွေက အလိုလိုကျလာတာကြောင့် နံရံကိုကျောကပ်ပြီး မျက်လုံးကိုလက်ဖဝါးနဲ့အုပ်ကာ အသံမထွက်အောင်ငိုမိသည်။ဒီစုဘူးလေးက
ကြီးကြီးမေ ရှိစဉ်က ၀ယ်သွားပေးခဲ့တာလေးမို့
ပျက်စီးသွားတော့ အရမ်းနှမျောနေသည်။နောက်ထပ်လည်း ၀ယ်ဖို့တတ်နိုင်တော့မည်မထင်ဘူး။ဘာလို့များ ဖြူလုံးပိုင်ဆိုင်သမျှဟာ ခဏလေးနဲ့ ပျောက်ကွယ်သွားကြရသလဲ မသိတော့ပေ။

"ဘာဖြစ်နေတာလဲ...."

နားထဲမှာ ကြားလိုက်ရသည့်အသံက ဒေါသထွက်သံလည်း မဟုတ်သလို၊ နူးညံ့ညင်သာမှုလည်း မရှိချေ။မျက်ရည်တွေ ပြည့်နှက်နေသောကြောင့် ထိုလူရဲ့ပုံကို ကြည့်ရတာ မှုန်နေလေသည်။
လက်ခုံနဲ့ မျက်ရည်တွေကို ဖိသုတ်လိုက်ချိန်မှာတော့ စွတ်ကျယ်ချိုင်းပြတ်အဖြူနဲ့ ရှမ်းဘောင်းဘီအနက်ရောင် အပွကြီးကို ၀တ်ထားသော ဗလတောင့်တောင့်နဲ့ လူက ဖြူလုံးရဲ့မျက်လုံးတွေကို သေချာစူးဆိုက်ကြည့်နေလေသည်။

"ဦးဒေ၀..."

ဖြူလုံးကြောက်ကြောက် လန့်လန့်နဲ့ပဲ စုဘူးအပိုင်းအစတွေကို အမှိုက်ပုံးလေးထဲသို့ ပစ်ထည့်လိုက်ပြီး ကိုယ့်အခန်းသို့သာ ပြန်လှည့်ပြေးလာလိုက်သည်။ဘာကြောင့်မှန်းမသိ ဒီလူကြီးနဲ့မျက်နှာချင်းဆိုင် အရပ်မှာတောင်မနေချင်ပါ။
ဒါပေမဲ့ သူအုပ်စိုးတဲ့ စံအိမ်ပေါ်ကိုတော့ ရောက်လာခဲ့ရလေပြီ။

ငိုထား၍ နီအစ်နေသော မျက်၀န်းတွေနဲ့
သူ့ကိုကြည့်လာတဲ့ကောင်မလေးဟာ ချက်ချင်းအမှိုက်ပုံးထဲသို့ တစ်ခုခုပစ်ထည့်ပြီးထွက်ပြေးသွားတာကြောင့် ဒေ၀လည်း လှေကားခြေရင်းမှာ ကြောင်တောင်နဲ့ကျန်ခဲ့လေသည်။

အမှိုက်ပုံးထဲက အနီစလေးတစ်ခုကိုကောက်ကိုင်ကြည့်လိုက်တော့ ပစ်တိုင်းထောင်ရဲ့မျက်လုံးလေးဖြစ်နေသည်။
ဒီကောင်မလေးက အရုပ်ကလေးတစ်ခုကွဲသွားတာကို ဘာလို့ဒီလောက်တောင်ငိုနေရတာလဲ။
သူခေါင်းတစ်ချက်ခါလိုက်မိပြီး မှတ်ချက်ပေးလိုက်မိသည်က....

"တော်တော် အသဲနုတာပဲ...."


🍁🍁🍁🍁🍁🍁🍁🍁

ဒီအခန်းမှာ ရင်တော့နည်းနည်းနာမယ်

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၂၀
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

"အန်ကယ်လ်....ရိုစီလေ...ဆွဲကြိုးလေးတစ်ကုံးကို အရမ်းသဘောကျနေမိတယ် သိလား...."

"ဟုတ်လား...."

"အင်း...."

မစ္စတာအင်ဒရူးသည် ရိုစီဆိုသောမိန်းကလေးအား ကလေးတစ်ယောက်လို ပွေ့ချီလိုက်ရင်းပေါင်ပေါ်သို့ တင်ထားလေသည်။
ရိုစီကလည်း  အင်ဒရူး၏ လည်ပင်းကို သိုင်းဖက်လိုက်ရင်း  ရင်ခွင်ထဲသို့ တိုး၀င်‌ချွဲနွဲ့နေလေသည်။

"အန်ကယ်လ့်ကို ပြပါအုံး ဘေဘီက
ဘယ်ဆွဲကြိုးလေးကို လိုချင်တာလဲ...."

ခုံပေါ်တွင်တင်ထားသော ဖုန်းကိုကောက်ယူလိုက်ပြီးနောက် အန်ကယ်လ့်ရင်ခွင်ထဲတွင်ပင် ခေါင်းလေးမှီကာ ဖုန်းကိုဖွင့်လိုက်သည်။
websiteတစ်ခုထဲသို့ ၀င်လိုက်ပြီးနောက် စိန်ဆွဲကြိုးလေးတစ်ကုံးကို လက်ထောက်ပြီး
အင်ဒရူး၏ မျက်နှာရှေ့သို့ ထောင်ပြလိုက်သည်။

အင်ဒရူးသည်လည်း ထိုစိန်ဆွဲကြိုးပုံလေးအောက်မှ ဈေးနှုန်းကိုကြည့်လိုက်ပြီးနောက် တစ်ချက်မျှသာပြုံးပြီး ၀ယ်သည်ဆိုသော အကွက်ကလေးကို နှိပ်လိုက်သည်။ ဘဏ်အကောင့်နာမည်တွေပါထည့်ရေးလိုက်ပြီးနောက် စတင်ငွေလွှဲလိုက်သည်။

ထိုအချင်းအရာကို ကြည့်နေသော ရိုစီမှာအင်မတန်အံ့ဩနေပြီး မျက်ရည်တောင်ဝဲချင်လာသည်။
အင်ဒရူးဟာ ငွေလွှဲပြီးစီးကြောင်း ဖုန်းကိုရိုစီ့အရှေ့မှာ ထောင်ပြပြီး ရယ်ပြလေတော့  ရိုစီကအင်ဒရူး၏ နှုတ်ခမ်းအား အနမ်းတစ်ပွင့်ခြွေပစ်လိုက်သည်။

"US ဒေါ်လာ  ခြောက်သောင်းတောင်နော်...
အန်ကယ်လ်မနှမျှောဘူးလားဟင်...ရိုစီက
ဒီအတိုင်း ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်တာပါ..."

"ဘေဘီ့အတွက်ဆိုရင် အန်ကယ်လ်ဘာကိုမှ
မနှမျှောတတ်ဘူး....ဘေဘီ့ရဲ့အရာအားလုံးကို
အန်ကယ်လ်ကပိုင်ဆိုင်နေပြီပဲ မဟုတ်ဘူးလား......"

‌"ပိုင်ဆိုင်နေပြီ..."ဆိုသောစကားကို အန်ကယ်လ်ကလျှာဖျားလေးနဲ့ ပြောလိုက်ပြီးနောက် ရိုစီ့ကိုယ်လုံးလေးကို ဆိုဖာအပေါ်သို့လှဲစေကာ ရင်ခွင်ကျယ်ကြီးနဲ့အုပ်မိုးလာလေသည်။

ပြီးနောက် အန်ကယ်လ်၏ အသက်ရှူသံခပ်ပြင်းပြင်းလေးက ရိုစီရဲ့နှုတ်ခမ်းထက်သို့ရောက်ရှိလာပြီးနောက် ပြင်းထန်သောအနမ်းပွင့်တွေခြွေချလာလေသည်။ စိန်ဆွဲကြိုးလေး တစ်ကုံးနဲ့ထက်တူကျသော တန်ဖိုးကိုပြန်ပေးရမည်ဆိုတာကို ရိုစီအလို
အလျှောက်သိသည်။
ထို့ကြောင့်လည်း အန်ကယ်လ်ပြုသမျှ မငြင်းဆန်မိချေ။

"တီ....တီ...တီ....တီ...."

"အန်ကယ်လ်...ဖုန်းလာနေတယ်လေ...."

"အိုး!!!!..ဒီဖုန်းကတစ်မျိုး...."

အန်ကယ်လ်ဟာ စိတ်အလိုမကျဟန်ဖြင့် ဖုန်းကိုကိုင်လိုက်ပြီး ဧည့်ခန်းထဲမှ ထွက်သွားလေသည်။
ရိုစီလည်း အိင်္ကျီကြယ်သီးတွေကို ပြန်တပ်ရင်း ဆိုဖာပေါ်တွင်ကြုံ့ကြုံ့လေးထိုင်နေမိသည်။
ရိုစီကြည့်နေမိသည်က မကြာခင်မှာရိုစီ့ရဲ့ လည်တိုင်ဆီသို့ ရောက်လာတော့မည် ဖုန်းစခရင်မှာပေါ်နေသော စိန်လည်ဆွဲလေးဆီသို့ပင်။

"ဘေဘီ...အန်ကယ်လ်သွားမှဖြစ်တော့မယ်..."

အန်ကယ်လ်က ရိုစီ့နဖူးကို  နမ်းပြီးနောက်
ကုတ်အိင်္ကျီကို ကောက်၀တ်လိုက်သည်။

"ဘယ်ကိုသွားမလို့လဲ...အန်ကယ်လ်..."

အဲ့ဒီလိုမေးလိုက်တိုင်း တင်းမာသွားသည့်
အန်ကယ်လ့်မျက်နှာထားသည် ထပ်မံပေါ်ပေါက်လာပြန်သည်။

"အန်ကယ့်လ်ကို...အဲ့လိုမမေးရဘူးလို့ပြောထားတယ်လေ...."

"ဒါပေမဲ့ ရိုစီသိချင်တယ်လေ....
ရိုစီနဲ့အန်ကယ်လ်က..."

ရိုစီမှာ စကားစတွေကိုရှေ့မဆက်နိုင်ဖြစ်နေသည်။သူမတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုပုံစံမျိုးလဲဆိုတာကို သူမပင်တက်အပ်မပြောနိုင်ပေ။

"ရိုစီ...မင်းတစ်ခုသိထားဖို့က...မင်းနဲ့ငါက
ပါတနာအဆင့်ပဲရှိတယ်...ငါအိပ်ခဲ့ဖူးတဲ့အခြားသူတွေထက် နည်းနည်းလေးထူးကဲနေလို့သာ ...
ဆက်ပြီးတွဲနေသေးတာ...မြှောက်စားပေးတိုင်း
ဘ၀င်မြင့် မလာနဲ့..."

"ဒုန်း!!!!!!"

အခန်းတံခါးကို  ဆောင့်ပိတ်သွားသံရဲ့အဆုံးမှာတော့ အရှေ့မှာမြင်နေရသည့် ဖုန်းကိုကိုင်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်သည်။

"အား!!!"

အလုံပိတ်ကွန်ဒိုမို့ ရို့စီအားရအောင်အော်မိသည်။
ဆိုဖာပေါ်တွင် ကြုံ့ကြုံ့လေးထိုင်ကာ အံကိုကြိတ်ရင်းမျက်ရည်မကျအောင်ထိန်းထားမိသည်။
စိတ်အစဉ်ကလည်း ပါရီကိုစရောက်ခါစကအချိန်တွေဆီသို့ ပြန်သွားရင်း နှောင်တတွေရနေမိသည်။

သုန္နက မြို့မှာရှိစဥ်က မွေးစားအမေ ဒေါ်ရွှေရတုဟာ ‌အဖေ့မှာအကျွေးတွေဝိုင်းနေတာကြောင့် ဂျော်နီဆိုတဲ့လူနဲ့ လက်ထပ်ဖို့တိုက်တွန်းလာသည်။

ရိုစီ အတင်းငြင်းတော့ ရိုစီနဲ့အမွှာညီမဖြစ်သည့် ဖြူလုံးကို ရိုစီ့နေရာကို ၀င်ခိုင်းပြီး ဂျော်နီနဲ့လက်ထပ်ဖြစ်အောင် တိုက်တွန်းမယ်ဟုပြောခဲ့သည်။
ရိုစီ့ကိုလည်း ပြင်သစ်ကို ကျောင်းတက်ဖို့ဆိုကာ ပို့ပေးခဲ့သည်။ စရောက်ခါစတုန်းကတော့ အဆောင်တစ်ခုမှာနေရင်းနဲ့ ကျောင်းတက်ရသည်မှာ အစစ၊အရာရာအဆင်ပြေခဲ့သည်။

နှစ်လလောက်အကြာမှာတော့ အသုံးစရိတ်ပြတ်သွားလို့ မေမေတို့ကိုဆက်သွယ်တော့  ဘယ်လိုမှအဆက်အသွယ်မ‌ရတော့တဲ့အပြင်၊ရိုစီ့ဆီသို့လည်း ပိုက်ဆံပို့ခြင်းရပ်တန့်သွားလေသည်။

အဆောင်ခတွေ ၊ကျောင်းစရိတ်တွေလည်း မတတ်နိုင်တော့တဲ့ရိုစီဟာ အသက်ဆယ့်ခြောက်နှစ်ဆိုတဲ့ အရွယ်မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ လမ်းပျောက်နေသည်။

အရင်ထဲက စာလုပ်ရမှာပြင်းတဲ့ ရိုစီက ကျောင်းက အပေါင်းအသင်း ဇိုးတွေနဲ့ပေါင်းမိပြီး အသက်မပြည့်သေးခင်ပင် ဆေးလိပ်နဲ့ အရက်ကိုသောက်တတ်လာသည်။

ကျောင်းထွက်လိုက်ပြီးနောက် မြေအောက်အရက်ဘားတစ်ခုမှာ စားပွဲထိုး၀င်လုပ်ပေးရင်း အသိတစ်ယောက်က ပိုက်ဆံများများလိုချင်ရင်
ခွင်တစ်ခုရှိသည်ဟု ပြောလာသည်။

အဲ့ဒါကတော့ အင်ဒရူးဆိုသည့် သူဌေးတစ်ယောက်နဲ့တစ်ညအချိန်ဖြုန်းပေးရမည်တဲ့ အဲ့သူဌေးက တစ်ညတာအတွက် ဒေါ်လာ၅သောင်းလောက်ပေးသည်ဟု ကမ်းလှမ်းလာသည်။

ဒေါ်လာ ငါးသောင်းဆိုတာ မြန်မာငွေ သိန်းတစ်ထောင်ကျော်လောက် ရှိလေသည်။ရိုစီဟာ ဆိုး၊ပေတတ်လာတယ်ဆိုပေမဲ့ ဒီလိုသူစိမ်းယောက်ျားတစ်ယောက်နဲ့ တစ်ညတာအိပ်ပေးဖို့ကို ဝါသနာမပါပေ။
ထို့ကြောင့် ငြင်းပစ်လိုက်သည်။

အမှန်မှာတော့ အသက်လေးဆယ်ပြည့်တော့မည့်
 အင်ဒရူးဟာ ရိုစီရဲ့ အင်စတာဂရမ်မှပုံတွေကိုတွေ့ပြီးနောက် တစ်ဖက်လက်နဲ့ရိုစီနဲ့အိပ်ဖို့ကမ်းလှမ်းလာတဲ့အကြောင်းကို နောက်မှသိလိုက်ရသည်။
ရိုစီ့ကို အဆောင်ပိုင်ရှင်ကမောင်းထုတ်အောင်ကြံစည်တဲ့အပြင် ရိုစီအလုပ်လုပ်တဲ့ ဘားပိုင်ရှင်ကပါ အကြောင်းမဲ့အလုပ်ဖြုတ်အောင်လုပ်ပစ်လိုက်တော့ နောက်ဆုံးမှာ မိုက်မဲစွာပဲ အန်ကယ့်လ်ဆီသို့ ချဉ်းကပ်ရတော့သည်။

ရိုစီရဲ့အပျိုဘ၀ဟာ အန်ကယ်လ့်ဆီမှာပဲ ကျဆုံးခဲ့ရသလို အန်ကယ်လ်နဲ့ပတ်သတ်ပြီးနောက်ပိုင်းမှာ ရိုစီ့ရဲ့ရွှေစင်ရုပ်လွှာဆိုသော ဘ၀ကြီးကိုပါ အပြီးအပိုင်မေ့ထားပစ်လိုက်သည်။
ရိုစီ့ကို ပစ်ထားခဲ့သည့် မိဘတွေကိုလည်း အင်မတန်မုန်းသည်။
ဒါကြောင့် ရိုစီမြန်မာနိုင်ငံကို လုံး၀မပြန်ချင်ဖြစ်နေသည်။

အန်ကယ်လ့်ကို ရိုစီပိုင်ဆိုင်ပြီဟူသော ခံစားချက်လေး၀င်လာမိတိုင်း ပိုပိုသိလာရတာက
အန်ကယ်လ်ဟာ ရိုစီ့ရဲ့ငယ်ရွယ်နူးညံ့သော အသွေးအသားနဲ့ လတ်ဆတ်တဲ့အလှကိုသာ မက်မောနေခြင်းပင်။

ရိုစီ့ရဲ့မာနကို နှစ်ခြိုက်သည်ဟုဆိုသည်။
ဒါ့အပြင် ရိုစီနေဖို့ဟုဆိုကာ အဆင့်မြင့်ကွန်ဒိုလည်း၀ယ်ပေးပြီး အစစ၊အရာရာဖြည့်စည်းပေးထားလေသည်။
တစ်ကိုယ်တော်ရပ်တည်ရတာဟာ သိပ်ကိုပင်ပန်းကြောင်း ကိုယ်တိုင်သိရှိပြီးတဲ့ရိုစီဟာ
အန်ကယ့်လ်ရဲ့ ရက်ရောမှုတွေကိုလည်း ငြင်းဆန်မှုမရှိပဲ လက်ခံပေးခဲ့သည်။
အခုလောလောဆယ်တော့ မင်းသမီးလေးလိုနေချင်သော ရိုစီ့ရဲ့ဆန္ဒတွေ ပြည့်၀နေလေသည်။

အန်ကယ်လ်ဟာ ရိုစီ့ကိုကစားလို့၀ရင် ပစ်ထားခဲ့မှာသိပေမဲ့ ရိုစီလောဘကြီးနေမိသည်။
ရိုစီ အရင်လိုနုံချာတဲ့အခြေအနေကို ပြန်မရောက်ချင်ဘူး။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဒီနေ့က စနေနေ့ဖြစ်တာကြောင့် ကျောင်းပိတ်လေသည်။မနက်ပိုင်းလေးနာရီလောက်တည်းကထပြီး ခြောက်နာရီအထိ စာကျက်လိုက်သည်။
ခြောက်နာရီခွဲအထိ ခဏလောက်နားပြီးနောက်မှာတော့  အိမ်တော်ထိန်းဖြစ်သော အန်တီနှင်းမြတ်ဆီသို့ သွား၍ ဘာကူလုပ်ပေးရမလဲဟုမေးရလေသည်။

"ဆရာ့အ၀တ်တွေထားတဲ့အခန်းမှာ ဖိနပ်ဘီဒိုကို ပြောင်းထည့်ထားတယ် အဲ့ဖိနပ်တွေကို သေချာလေးပြောင်အောင်တိုက်ပေး...ပြီးရင် ဧည့်သည်တွေနေဖို့အတွက် သီးသန့်ထားတဲ့ ဒုတိယထပ်မှာရှိတဲ့ တောင်ဘက်ကအခန်းနှစ်ခန်းကို သန့်ရှင်းရေးလုပ်ထားလိုက်...ဟဲ့...ဆင်‌ပေါက်...နင်ပါလိုက်သွား..."

"ဟုတ်ကဲ့..."

အန်တီနှင်းမြတ်က ဖြူလုံးတစ်ယောက်ထဲဆိုရင် တော်တော်နဲ့မပြီးနိုင်တာသိသောကြောင့်
ဆင်‌ပေါက်ဆိုသော အစ်မကိုပါ အတူလုပ်ဖို့လွှတ်လိုက်လေသည်။

"ဟယ်...အ၀တ်လဲခန်းကြီးကလည်း မိုက်လိုက်တာ...ဒီသူဌေးကတော်တော်အလှကြိုက်တာပဲနော်...."

"ရှူး...တိုးတိုးပြောပါ အစ်မရယ်...တော်ကြာ ကြားသွားလို့ အပြောခံနေရပါအုံးမယ်..."

ဖြူလုံးက လက်ညှိုးလေးထောင်ပြီးပြောပြလိုက်တော့ ထိုအစ်မက"အခုတော့ ဘယ်သူမှမကြားရတော့ဘူး..."ဆိုကာ အ၀တ်လဲခန်းတံခါးကိုသွားပိတ်လိုက်တော့ ဖြူလုံးလည်း ရယ်မိလေသည် ။

"ဒါနဲ့...နင့်နာမည်...ဘယ်လိုခေါ်လဲ...နာမည်သိမှပြောရ ဆိုရလွယ်မှာပေါ့..."

"ကျွန်မနာမည်က ဖြူလုံးပါ...လုံးလုံးလို့ခေါ်ရင် ရပါတယ်...အစ်မနာမည်ကရော ဆင်ပေါက်လို့ခေါ်တာကျတော့ ငရဲကြီးမှာဆိုးလို့..."

"ဟာ...ဘာမှမဖြစ်ဘူး..ငါကလူကောင်ကြီးတော့ လူတိုင်းကအဲ့လိုပဲ ခေါ်နေကြ ဆင်ပေါက်လို့မခေါ်ချင်ရင်...မမဆင်လို့ခေါ်ပေါ့..."

"ဟ..ဟ...ဘာထူးမှာလဲ...အတူတူပဲဟာကို..."

"ခေါ်ချင်သလိုသာ ခေါ်ပါဟယ်...ဒါနဲ့နင်က ‌ဟိုဒေါ်ရွှေရတုရဲ့ သမီးအရင်းလား..."

ဖိနပ်တွေကို တစ်ရှူးစနဲ့တိုက်နေသော ဖြူလုံးရဲ့လက်တွေဟာ ချက်ချင်းရပ်တန့်သွားရသည်။
ဖြူလုံးဘယ်လို ပြန်ဖြေရမလဲဆိုတာ မသိတော့အောင်ပါပဲ။

"ဖြူလုံးက မွေးစားသမီးပါ..."

"အော်...ငါကတော့အပိုင်(၃)ကနေ အလုပ်လာလုပ်တာလေ...ဒီစံအိမ်ရဲ့ပိုင်ရှင်က အပိုင်(၃)ကလူတွေဆိုရင် လစာပိုပေးတယ်ဟ...အရင်စံအိမ်မှာတုန်းက ခြောက်သောင်းပဲရတာ...
ဒီမှာက နှစ်သိန်းတောင်ပေးတာဟ...ငါ့အမေအတွက် ဆေးစရိတ်က တစ်အားကုန်တာနဲ့ ‌
ကွက်တိပဲပေါ့ဟာ...
သူဌေးက တကယ့်ကိုစိတ်သဘောထားပြည့်၀တဲ့ နတ်သားလေးပါဟယ်...."

မဆင်ပေါက်က ဖိနပ်တိုက်ရင်းနှင့် ပြုံးရွှင်ပြီး သူဌေးကို ချီးမွှမ်းခန်းဖွင့်နေလေသည်။
ဦးဒေ၀ဆိုတဲ့ လူကြီးက တကယ်ပဲ‌အဲ့လောက်တောင် ရက်ရောတာလား။
အလုပ်သမားခနှစ်သိန်းဆိုတာ ပညာတတ်တဲ့ကျောင်းဆရာတွေရဲ့ လစာနီးနီးလောက်ကို ဖြစ်နေတဲ့ဥစ္စာကို သူကတကယ်ကြီးပေးတာပေါ့။

"မဆင်ပေါက်ရယ်...သမီးလည်း အဲ့လောက်လစာရချင်လိုက်တာ...."

"နင်ကကျောင်းတက်နေတာလေ...စနေ၊တနင်္ဂနွေလောက်ပဲ ပိတ်တဲ့ဥစ္စာကို ဘယ်လိုလုပ်ပြီး
ရပါ့မလဲ...နင့်မွေးစားအမေကလည်း အားနေအပြင်ပဲထွက်နေတာမလား...အလုပ်လေးဘာလေးတော့ မလုပ်ဘူး...ဘယ်ကလစာရမှာလဲ..."

အဲ့တာတော့ ဟုတ်တယ်။အန်တီရွှေက ဦးဒေ၀ကိုပေးရမည့်အကြွေးတွေ ကျန်နေသေးတာကို
သိလျှက်နဲ့  အရင်ကစုဆောင်းလို့ကျန်နေသေးတာတွေကို မမ‌ရွှေစင်ရုပ်လွှာကိုလည်းမပို့ဖြစ်တော့ပဲ သူ့ရဲ့ဝါသနာဖြစ်သည့် ဖဲချပ်တွေပေါ်တွင်သာ ကုန်ဆုံးစေသည်။

မမလည်း ပြင်သစ်မှာဘာတွေဖြစ်နေပြီမှန်း မသိရတော့သလို အဖေ့မှာလည်း အလုပ်ကနေ
ပင်ပင်ပန်းပန်းနဲ့ပြန်လာတိုင်း အန်တီရွှေက အမောပြေရေတစ်ခွက်တောင် တိုက်ဖော်မရ‌ပေ။စည်းစိမ်တွေအားလုံး ပြုတ်ပြုတ်ပြုန်းရခြင်းအတွက် အဖေ့ကိုအပြစ်မြင်နေတာလည်း ပါလေသည်။
ဖြူလုံးလည်း တစ်ခုခုလုပ်ပေးနိုင်ရင်ကောင်းမှာပဲ
ဟု တွေးမိသည်။

"လုံးလုံးရေ...နေစောင်းသွားမယ်...မြန်မြန်လုပ်ဟ
...‌ဒုတိယထပ်ကိုလည်း သွားပြီး သန့်ရှင်းရေးလုပ်ပေးရအုံးမယ်...."

🍁🍁🍁🍁🍁🍁🍁🍁🍁

မဆင်ပေါက်နဲ့ ဖြူလုံးတို့နှစ်ယောက်သား အားကြိုးမာန်တက် သန့်ရှင်းရေးလုပ်လိုက်ကြတာ နေ့လည် ဆယ့်နှစ်နှာရီမှ နားရလေသည်။
မဆင်ပေါက်က ထမင်းအတူစားရအောင်လို့ခေါ်ပေမဲ့ ညစ်ပတ်ပေရေနေတာကြောင့် ရေချိုးပြီးမှစားမည်ဟုစိတ်ကူးလိုက်မိသည်။
ရေမိုးချိုး၊အ၀တ်အစားလဲပြီးနောက် သနပ်ခါးရေကျဲလေးလိမ်းကာ အလုပ်သမားထမင်းစားခန်းမှာရှိ‌သော ဖြူလုံးနဲ့အန်တီရွှေအတွက် ထမင်းနဲ့ဟင်းဝေစုကို သွားယူလိုက်လေသည်။

"ဟင်...ဘာမှလည်း မရှိတော့ဘူး...."

ဖြူလုံးတို့နေရသည့်အခန်းထဲကို သွားကြည့်လိုက်တော့ အန်တီရွှေက ဖျာခင်းပေါ်မှာအိပ်နေလေသည်။
ဖြူလုံးသိလိုက်ပါပြီ။ ဖဲရိုက်ကပြန်လာပြီး အန်တီရွှေပဲ ထမင်းတွေအကုန်လုံးကိုစားလိုက်ပြီဆိုတာကိုပေါ့။
စံအိမ်မှာက အလုပ်သမားတွေများတာကြောင့် တစ်ခန်းမှာ ဘယ်နှစ်ယောက်နေရင် ဘဲဥကဘယ်နှစ်လုံးပေးမယ်။ စသဖြင့်ခွဲဝေပေးတာဆိုတော့ သူ့များဝေစုကိုလဲ သွားမတောင်းရဲဘူးဖြစ်‌ နေသည်။

"ဂွီ...."

ဗိုက်ထဲကလည်း ဆာလောင်လွန်းလို့တဂွီဂွီနဲ့မြည်လာသည်။
သံစုံတီးဝိုင်းတွေ စုံညီနေ‌တဲ့ ဗိုက်ကို လက်နဲ့အသာအုပ်ရင်းနဲ့ ခြံထဲက သရက်ပင်တွေကို သွားသတိရမိသည်။

"ဟုတ်သားပဲ...သရက်သီးခူးပြီး ငန်ပြာရည်ရယ်..
ငရုတ်သီးရယ်နဲ့ တို့စားလို့ရတာပဲ....ဒီဦးနှောက်ကလည်း အခုမှအကြံထွက်လာရတယ်လို့..."

သရက်သီးခူးဖို့ရာ အိမ်ရှေ့အပေါက်ကို သွားရင်းနဲ့ ဧည့်ခန်းကိုဖြတ်လျှောက်မိတော့ ဒူးရင်းသီးရနံ့လေးက နှာခေါင်းထဲမှာ သင်းနေလေသည်။
ဧည့်ခန်းထဲကို ကြည့်လိုက်တော့လည်း ဘယ်သူမှရှိ‌မနေဘူး။
ဧည့်ခန်းရဲ့ ခုံပေါ်မှာ ဧည့်သည်တွေသောက်သွားပုံရသည့် ကော်ဖီအကြွင်းအကျန်တွေနှင့် ဒူးရင်းသီးစိပ်ကလေးနည်းနည်းရယ် ကွတ်ကီးလေးတွေရယ် ရှိနေလေသည်။

ဗိုက်ကလည်း အရမ်းဆာနေတာကြောင့် ကိုက်ထား၍ ပဲ့နေပြီဖြစ်သော ကွတ်ကီးလေးတစ်ခုကို ယူလိုက်မိသည်။
တစ်ကိုက် ကိုက်ကြည့်လိုက်တော့ အရမ်းစားလို့ကောင်းတာပဲ။

"ဟေ့!!!ဧည့်ခန်းထဲမှာ ဘာလုပ်နေတာလဲ...."

ခန္ဓာကိုယ်လေးတုန်တက်သွားပြီး လက်ထဲမှ
ကွတ်ကီးအပဲ့လေးကိုလည်း အနောက်မှာဖွက်ထားလိုက်မိသည်။
ဖြူလုံးကို စူးစမ်းသလို ကြည့်နေကြတဲ့လူက
နှစ်ယောက်တောင် ဦးလူထိန်နဲ့ ဦးဒေ၀။

"အနောက်မှာ ဘာဖွက်ထားတာလဲ..."

"ပြောလေ!!!!..."

"ဆရာရယ်...ကလေးမလေး လန့်သွားပါဦးမယ်..
ကျွန်တော် မေးပါ့မယ်..."

ဆရာက တစ်အားအော်ငေါက်လိုက်တော့ တကယ်ပဲကလေးမလေးမျက်ရည်ဝဲလာတာကြောင့် ဦးလူထိန်ကြား၀င်ရလေသည်။

"သမီး...အနောက်မှာ ဘာဖွက်ထားတာလဲ...
ပြလိုက်ပါကွယ်...ဆရာဒေါသထွက်လာမှ
သမီးအဖေတို့ပါရောပြီး အပြစ်ပေးခံရလိမ့်မယ်..."

သူ့အဖေနဲ့ ကိုင်ပြောလိုက်တော့ ငိုမဲ့မဲ့လေးဖြစ်သွားသော ကောင်မလေးရဲ့မျက်နှာကို ဒေ၀မျက်တောင်မခတ်စတမ်းကြည့်နေမိသည်။
နောက်မှာ ဝှက်ထားတဲ့ လက်သီးဆုပ်ကလေးကို
ရှေ့သို့ထုတ်လာပြီး လက်ဖဝါးဖြန့်ပြလိုက်စဉ်မှာတော့ ....

"ဟင်...ကွတ်ကီးလေးပဲ...."

ကွတ်ကီးကိုမြင်လိုက်တော့ ဒေ၀နှင့် ဦးလူထိန်မှာ အကြည့်ချင်းဆုံသွားရသည်။
သူတို့ထင်တာက ကြီးကြီးမားမားပစ္စည်းတစ်ခုခုကိုပါ။အခုတော့ ကွတ်ကီးအပဲ့လေးတစ်ခုတဲ့လား။

"တောက်!!!!ကွတ်ကီးကိုမှ ဖွက်ထားရတယ်လို့..."

"အဟင့်..သမီး..ဗိုက်ဆာလို့ပါဦးရယ်...
နောက်မခိုးတော့ပါဘူး...သမီးတောင်းပန်ပါတယ်..ဖေဖေတို့ကို ဘာမှမလုပ်ပါနဲ့နော်..."

ငိုကြီးချက်မနဲ့ ရှိခိုးမတက် လက်အုပ်လေးတစ်ချီချီ ဖြစ်နေသော ကလေးမကြောင့် ကဝိတောင် ကြောင်အသွားရသည်။
"..ကွတ်ကီးကိုမှ ဖွက်ထားရတယ်လို့..."လို့ပဲသူပြောလိုက်မိတာပါ။သူမကို ရိုက်နှက်နေတာလည်း မဟုတ်ပဲ ဘာကြောင့်ဒီလောက်ကြောက်နေရတာပါလိမ့်။

"ကဲ..ကဲ...မငိုပါနဲ့ကလေးမရယ်...ဒီမုန့်ဗန်းတွေကို မီးဖို‌ခန်းထဲကိုသာ သယ်သွားလိုက်တော့ ခုဏကဧည့်သည်တွေ စားသွားတာပါ...ကိစ္စမရှိပါဘူး..."

ဦးလူထိန်ကပဲ ဦးဆောင်ပြီး မျက်ရည်တွေကျကာ တောင့်တောင့်လေးရပ်နေသော ဖြူလုံးကို အမိန့်ပေးလိုက်သည်။ဖြူလုံး၏ နားအနားသို့လည်း ကပ်ပြီး တစ်ခွန်းပြောလိုက်သေးသည်။

"မီးဖိုခန်းထဲရောက်ရင် ဒီဟာတွေကို ကလေးမအကုန်စားလို့ရတယ် သိလား..."

ဦးလူထိန်‌ပြောလိုက်တာကို သူကြားပေမဲ့ မသိချင်ယောင်ဆောင်နေသည့်ကြားက မျက်၀န်း‌ဝိုင်းလေးတွေနှင့် ဒေ၀ကိုမော့ကြည့်လာသည်။

လင်ဗန်းတွေကို သယ်သွားရင်းနဲ့ သူ့ဘေးမှဖြတ်လျှောက်တော့လည်း ခန္ဓာကိုယ်လေးကြုံ့၀င်သွားသေးသည်။သူက အဲ့လောက်တောင်ပဲ ကြောက်စရာကောင်းနေသလား။ကြောက်တော့လဲ အေးတာပဲ ဒီကလေးမကို ငယ်ငယ်ထဲကကြည့်မရတာ။

ဒီကလေးမက တကယ်ပဲရွှေစင်ရုပ်လွှာလား။?
စိတ်ထဲမှာ ဘယ်လိုမှလက်မခံနိုင်ဖြစ်နေသည်။
ငယ်ငယ်တုန်းက ရွှေစင်ရုပ်လွှာရဲ့မျက်၀န်းတွေဟာ သူတစ်ပါးကိုနိုင့်ထက်စီးနင်း ပြုမူလိုခြင်းတွေသာ ဖုံးလွှမ်းနေတာ သေချာသည်။
အခု ဒီကောင်မလေးရဲ့ မျက်၀န်းတွေကတော့
ဘာအရောင်မှမပါပဲ ပကတိဖြူစင်နေ‌သည်။

အကျင့်ဟောင်း၊အကျင်းဆိုး‌တွေဆိုတာ ဖျောက်ဖြတ်ရခက်တယ်တဲ့။ဒီကောင်မလေးရဲ့ အကျင်းဟောင်းတွေက ဒီလိုပဲ လွယ်လွယ်ပျောက်သွားတာလား။

"ဦးလူထိန်...."

"ပြောပါ‌ဆရာ..."

"ဦးဂန္တ၀င်တင်မကဘူး..ဒီကောင်မလေးနဲ့ ဒေါ်ရွှေရတုကိုပါ စောင့်ကြည့်ထား...တစ်ခုခုထူးခြားတာရှိရင် ကျွန်တော့်ကိုချက်ချင်းပြော...."

"ဟုတ်ကဲ့ပါ...ဆရာ..."

မှာစရာရှိတာ မှာပြီးသွားသည်နှင့် ဆရာဟာ ကားနဲ့အပြင်ထွက်သွားလေသည်။
ဆရာ့ကို ကြည့်ရတာ တစ်နေ့တစ်နေ့ နားရသည့်အချိန်မရှိဟု သူတောင်ခံစားမိသည်။

နိုင်ငံခြားက လုပ်ငန်းတွေအတွက်လည်း
အွန်လိုင်းအစည်းအဝေး သောင်းခြောက်ထောင်ကို ထိုင်နားထောင်ရသည့်အပြင်ကို တစ်ချို့တာ၀န်ရှိသူတွေက ပြင်သစ်တို့၊အင်္ဂလန်တို့ကနေတောင် ဒီမြို့အထိလိုက်လာကြသည်အထိပင်။

ဦးထက်မြတ်နဲ့ပေါင်းပြီး ဟိုတယ်နဲ့ပြည်တွင်းခရီးသွား၀န်ဆောင်မှုတွေကို အကောင်အထည်ဖော်အုံးမည့်အပြင် ဦးန္တ၀င်ဆီမှ လက်လွှဲယူထားသည့် ရေသန့်စက်ရုံကိုလည်း ပြန်ဖွင့်ဖို့ ကြိုးစားနေပြန်သည်။

ဒါ့အပြင် ဆင်းရဲသားအလွှာမှ လူတွေအတွက် အဓိကဖော်ဆောင်မဲ့အစီအစဉ်တစ်ခုကိုလည်း လျှို့ဝှက်ကြံစည်နေသေးသည်။

"အော်...ငါ့ဆရာ...လက်စားမချေနိုင်ခင် အလုပ်ပိပြီး ဇီဝိန်ချုပ်မှာ မြင်ယောင်တယ်...."

အခန်း..၂၁...ဆက်ရန်>>>>

🍁🍁🍁🍁🍁🍁🍁🍁🍁🍁


#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...