🌿အခန်း ၁ မှ အခန်း ၄ 🌿

  



🌿အခန်း ၁ မှ အခန်း ၄ 🌿


#ဘီလူးနမ်းသောအရိုင်းပန်း
                                 အခန်း၁

"ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.."

သုန္နကမြို့လည်ခေါင်မှ နာရီစင်ကြီးသည် လေးနာရီထိုးပြီဟေ့လို့ အချက်ပေးသံမြည်လာလေသည်။နာရီစင်ကြီးမှ တဒေါင်ဒေါင်မြည်သံကြောင့် တိတ်ဆိတ်နေတဲ့မြို့ကြီးဟာ တဒင်္ဂလောက်တုန်လှုပ်သွားသည်။သုန္နကမြို့ရဲ့ လူသွားလမ်းမကျယ်ကြီးထက်မှာလည်း သစ်ရွက်ဝါတွေကဖွေးဖွေးလှုပ်လို့ ..ဝါကျင့်ကျင့်လမ်းမီးတိုင်မှ အလင်းရောင်တွေကလည်း ထိုလမ်းမကြီးပေါ်သို့ဖြာကျနေသည်။ ထိုမြင်ကွင်းဟာ ရွှေဝါရောင်သန်းလွန်းလှတဲ့ နံနွင်းမှုန့်တုံးကြီးနှင့်ပင်တူနေသည်။လူချမ်းသာတွေသာ နေနိုင်သော ဘုံဗိမ္မာန်တစ်ခုလိုဖြစ်နေတာကြောင့် အဆောက်အဦးတိုင်းကလည်း ဟီးထွက်နေသည်။ခြံ၀န်းတိုင်းမှာ လျှပ်စစ်မီးရောင်တွေ ထိန်နေအောင်ထွန်းထားကြတာကြောင့် တိုက်တာကြီးတွေရဲ့
ပုံသဏ္ဍန်က အမှောင်ထုကိုတောင်ခွင်းပြီး ထင်းလင်းနေသည်။

"အား...ဗိုက်ကလည်း..ရစ်လာပြန်ပြီ..."

လုံးလုံးတစ်ယောက် လေးနာရီထိုးမှ ဗိုက်တွေကအရမ်းနာလာသည်။သေချာပေါက်အိမ်သာကို သွားရမှဖြစ်ပေမည်။အခန်းထဲမှာနေရင်းနဲ့ ပြင်ပမှ ညပုရစ်တွေနဲ့ ပိုးမွှားသံတွေကိုလည်း ကြားနေရသည်။သူမတို့နေတဲ့အလုပ်သမားတန်းလျားနားက နို့စားနွားမကြီးကလည်းတစ်ချက်တစ်ချက် ထထအော်သည်။သူမရဲ့အခန်းနဲ့ကပ်လျက်မှာ ဆောက်ထားတဲ့တင်းကုတ်မှ မြင်းကြီးငညိုကလည်း အိပ်နေရင်းနှာတွေထထမှုတ်လေသည်။

"ကျွီ...."လုံးလုံးခမျာ ခပ်ကြောက်ကြောက်နဲ့ပဲအခန်းတံခါးကို ဖွင့်လိုက်သည်။

"အင်း...ကိစ္စကထိပ်၀‌ကိုရောက်နေတော့လည်း..
ကြောက်နေလို့မဖြစ်ပါဘူး..အား..ဗိုက်ကလည်း နာလိုက်တာ..တကတည်းဒီအချိန်ကြီးကျမှကွက်တိ..." သူမကိုယ့်ဗိုက်ကိုယ် ပြန်ကျိန်ဆဲနေမိသည်။

ဗိုက်ကလည်း အတော်နာနေပြီမို့ လက်နဲ့ဖင်ကိုအတင်းပိတ်ကာအိမ်သာဆီသို့ ပြေးရသည် ။အိမ်သာရှေ့ကို ရောက်တဲ့အခါမှာတော့ လုံးလုံးရဲ့ခြေလှမ်းတွေက ရှေ့ဆက်တိုးလို့မရတော့ပြီ။
အုတ်တံတိုင်းကာထားပေမဲ့ အထင်းသားမြင်နေရတဲ့ ဟိုဘက်ခြံကသရက်ပင်ကြီးကြောင့်ပါပဲ။
အိမ်သာကခြံ၀န်းကြီးရဲ့ အနောက်ဖက်ချောင်အကျဆုံးမှာဆောက်ထားပြီး ခြံနှစ်ခြံကိုခြားထားတဲ့ အုတ်တံတိုင်းနဲ့ကပ်လျှက်လိုဖြစ်နေသည်။ဒီဘက်ခြံထဲမှာလည်း သရက်ပင်တွေမှ အများကြီးပါပဲ။ဒါပေမဲ့အိမ်သာခေါင်မိုးပေါ်ကို အကိုင်းအခက်တွေဝေကျနေတဲ့ ဟိုဘက်ခြံကသရက်ပင်ကြီးကိုမှ ထူးကဲစွာကြောက်နေမိသည်။

"လုံးလုံးရေ..နင်ဟိုသရက်ပင်ကြီးမှာ သရဲရှိတာသိလား..."

"ဟမ်..ဘယ်သရက်ပင်ကြီးတုံးဟ.."

"ဟာ...နင်တို့အလုပ်သမားတွေတက်တဲ့ အိမ်သာနောက်က အုတ်တံတိုင်းနဲ့ကပ်လျှက်ကသရက်ပင်ကြီးကိုပြောတာလေဟာ..."

"နင်တို့ခြံဘက်ကသရက်ပင်မလား...သိတယ်လေ
အိမ်သာတက်ပြီး ပြန်ထွက်ရင်လုံးလုံးတို့ခြံဘက်ကို သရက်သီးတွေကြွေကျနေလို့တောင် ကောက်ပြီး
ငန်ပြာရည်နဲ့သုတ်စားတာမနည်းရှိ‌ပြီကို..."

"ဟာ...နင်မို့လို့ဟယ်...အဲ့သလောက်တောင်ငတ်ရ
သလား..အဲ့အပင်ကသရက်သီးကိုမှစားရဲရတယ်လို့...အဲ့အပင်ကသရဲရှိတယ်ဟ..."

"ဟုတ်လို့လား အေးပုရယ်..တစ်ခါမှလည်းခြောက်သံမကြားရပဲနဲ့ နင့်ဘယ်သူပြောလဲ..."

"ငါတို့ဘက်ကခြံစောင့် ဦးလှထွေးပြောတာဟဲ့..ညကြီးအချိန်မတော်မှ သေးပေါက်ချင်လို့ဆိုပြီး..အဲ့အပင်ခြေရင်းမှာသွားပေါက်မိတာ..တချွတ်ချွတ်နဲ့အသံကြားလို့အပင်ပေါ်လည်း မော့ကြည့်လိုက်ရော..ဆံပင်ဖားလျားကြီးနဲ့ သရဲမကြီးက ငုတ်တုတ်ထိုင်ကြည့်နေတာတဲ့တော်.."

"ဟာ....သရဲမကလည်းနှာဘူးထလိုက်တာဟယ်
...မမြင်ဖူးလို့ကြည့်တာနေမယ်.....ခိ..ခိ..."

"မလှောင်စမ်းနဲ့လုံးလုံးရယ်..."

"သူကမူးနေတာဆိုတော့ တကယ်ရောယုံရပါ့မလားဟယ်..."

"အမူးသမားလည်းလူပါပဲဟာ..သူ့မှာမျက်လုံးနှစ်လုံးတောင်ပါတဲ့ဥစ္စာ..ငါတော့ယုံတယ်..."

ညနေကအေးပုရဲ့စကားသံတွေကိုပဲ ခဏ၊ခဏကြားယောင်လာမိတော့ အိမ်သာထဲကို၀င်မဲ့ခြေထောက်တွေက ဘယ်လိုမှလှုပ်မရတော့ပေ။
နားထင်ကျောတစ်လျှောက်မှ ချွေးတွေလည်း
တပေါက်ပေါက်ကျလာသည်။ဟိုဘက်ခြံမှဒီဘက်ခြံသို့ အကိုင်းအခက်တွေနယ်ကျွံနေသည့် သရက်ပင်ကြီးဆီသို့သာ တကြည့်ကြည့်လုပ်နေမိသည်။
အိမ်သာတက်နေရင်းနဲ့ အိမ်သာကျွင်းထဲကနေ သရဲမကြီးက လက်မဲကြီးနဲ့လှမ်းဆွဲလိုက်ရင် ဘယ်လို
လုပ်ပါ့မလဲ။သူမဟာ အခုမှအသက်ဆယ့်ခြောက်နှစ်သာရှိသေးတာမို့ သစ်ရွက်လှုပ်တာလေးကိုတောင် ရယ်ချင်ရယ်နေတတ်သလို ဘာမှမဟုတ်လည်း တွေးပြီးကြောက်နေတတ်သည်။

"ဟင်..နေပါအုံး...ဒီအိမ်သာကိုတက်လာတာ..
ငါ့အသက်ပဲ ဆယ့်ခြောက်နှစ်ရှိနေပြီ..ဘယ်နှစ်ခါသရဲအဆွဲခံခဲ့ရဖူးလို့လဲ..ဟူး..လုံးလုံးရယ်တော်တော်ကြောင်တာပဲ..."

ကိုယ့်ထိပ်ကိုယ်သာပိတ်ခေါက်ပစ်လိုက်ကာ အိမ်သာပေါ်မှာအကျအနတက်ထိုင်လိုက်လေသည်။

"ဖြောင်း!!!!"

"ဟင်..သစ်ကိုင်းကျိုးကျတာပဲနေမယ်..."

စိတ်ကပဲကြောက်နေ၍လားတော့မသိ အိမ်သာတက်ရင်းနဲ့ကျောချမ်းလာသည်။အရဲစွန့်ပြီးနောက်ကိုလှည့်ကြည့်လိုက်မိတော့လည်း အိမ်သာနံရံကြီးကိုသာတွေ့ရသည်။

"ဟင်...မီးလုံးကဘယ်လိုဖြစ်တာလဲ..."

အရေးထဲမှအိမ်သာမီးလုံးက မှိတ်တုတ်၊မှိတ်တုတ်ဖြစ်လာသည်။

"တောက်တဲ့!..တောက်တဲ့!..."

ကြောက်ပါတယ်ဆိုနေမှ တောက်တဲ့ကဘယ်ချောင်ကနေ လာအော်နေသလဲမသိဘူး။
ကြွက်တွေကလည်း တပွီပွီနဲ့ လုံးလုံးအိမ်သာတက်တဲ့အချိန်ကိုမှရွေးအော်နေကြပုံရတယ်။တစ်ချိန်တည်းမှာ အိမ်သာခေါင်မိုးပေါ်က အိမ်မြှောင်ကစုတ်ထိုးပြန်သည်။ဒီအိမ်သာထဲကနေ မြန်မြန်ပြေးထွက်ချင်စိတ်တွေက ကြီးစိုးလာတာကြောင့်
လက်သီးကိုဆုပ်၊ ခြေချောင်းတွေကိုကုတ်ပြီး အားကုန်ညှစ်ချလိုက်တဲ့အချိန်မှာတော့...

"ဘုန်း!!.."    "အောင်မလေးတော့!!!!!"

"သ..သရဲ..အီဟီး..."

ဘောင်းဘီကို တအားဆွဲတင်မိလိုက်တာကြောင့် ပေါင်ကိုတောင်လက်သဲနဲ့ခြစ်မိသွားသည်။
အိမ်သာတံခါးကိုအမြန်တွန်းဖွင့်ပြီး  နောက်သို့ပြန်လှည့်မကြည့်စတမ်း တစ်ချိုးထဲပြေးမိတော့သည်။ထင်းရှူးပင်ကြီးတစ်ပင်အောက်အရောက်မှာတော့ တစ်ခုခုကိုအတွေး၀င်သွားသည်။

"နေဦး..ခုဏကကြားရတဲ့အသံက ..ဘာအသံလည်း ကဝိကြီးငါ့ကိုပြောခဲ့ဖူးတယ်..ဘယ်အရာကိုမှကိုယ်တိုင်မမြင်ရရင် မယုံနဲ့ဆိုတာ..အခုလည်းသရဲလို့တပ်အပ်ပြောနိုင်တာမှမဟုတ်တာ..သရဲဆိုရင်တောင် အနည်းဆုံးတော့ အိမ်သာနောက်ကသစ်ပင်မှာမှ ဘာလို့ကပ်သပ်ပြီးနေနေရသလဲလို့ မေးကြည့်ရင်ကောင်းမယ်..."

သူမဟာအသက်အရွယ်အရ ကြောက်တာကသပ်သပ်၊စူးစမ်းချင်တာက သပ်သပ်ဖြစ်နေသည်။သရဲဆိုတာ ဘယ်လိုပုံစံလည်း လုံးလုံးသိပ်သိချင်တယ်။ကြီးကြီးမေပြောသလို နားရွက်ကြီးတွေက သပါတ်ကြီးလိုအရှည်ကြီးနဲ့လား၊ဒါမှမဟုတ်အစွယ်ကြီးနဲ့များလားဆိုတာ ဟိုငယ်ငယ်ကတည်းက သိချင်ခဲ့တာ။အခုတော့ အခွင့်အရေးရပြီလို့ပြောရမယ်။တစ်ခါတစ်လေမှာ နာနာဘာ၀တွေဟာ ကိုယ့်ဆီကနေအကူအညီလိုချင်လို့လည်း ဖြစ်နိုင်တာပဲ။
တမင်ကြောက်လန့်အောင် ခြောက်လှန့်ချင်တာဆိုရင်ရော ဘယ်လိုလုပ်ပါ့မလဲ။တော်ကြာ သရဲမကြီးက မျက်လုံးကြီးပြူးပြီး ဂုတ်လာချိုးပြီသတ်နေမှဒုက္ခ။အတွေးပေါင်းစုံနဲ့ ကြောက်စိတ်က၀င်လာပေမဲ့ နောက်ပြန်လှည့်လို့လည်းမရတော့ပါ။
လူကအိမ်သာရှေ့ကို ရောက်နေလေပြီ။

"ဟင်..ဟိုဟာ..သရဲများလား..."

အိမ်သာခေါင်မိုးပေါ်မှာ လက်ချောင်းကြီးတွေလို ကွေးကွေးကြီး ပြီးတော့ထောင်ထောင်ကြီးဖြစ်နေသည်။ဓာတ်မီးနဲ့လှမ်းထိုးလိုက်ရင်လည်း ပြန်ကြည့်လာမှဒုက္ခ။လုံးလုံးမှာစိတ်နှစ်ခွဖြစ်နေသည်။ကြည့်လည်းကြည့်ချင်တယ်။ကြည့်လည်းမကြည့်ရဲဘူး။

"ဟဲ့..သရဲ..ငါ..ငါ့နာမည်လုံးလုံး..နင်..နင့်နာမည်ဘယ်လိုခေါ်သလဲ.."

"ချွပ်!..ချွပ်!.."

လေတစ်ချက်အဝေ့မှာထွက်လာတဲ့အသံက
" ချွပ်..ချွပ်.."တဲ့။ဒါဆိုရင်သရဲမနာမည်က
 "ချွပ်ချွပ်"ပေါ့။လုံးလုံးရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ဘာပဲဖြစ်ဖြစ်ဒီသရဲမကိုတော့ သူငယ်ချင်းဖွဲ့ထားရမယ်။မဟုတ်ရင် အိမ်သာတက်တိုင်းလာလာခြောက်နေမှာ သေချာတယ်။

"ဟို..နင်ကဒီအပင်မှာနေတာကြာပြီလား.."

"ချွပ်..ချွပ်..."

"ဟင်..ဒီသရဲကလည်း ပါးစပ်ပေါက်မပါဘူးလား..မသိဘူး..မေးလိုက်တိုင်း တချွပ်ချွပ်နဲ့.."

"ဒါဆိုလည်းဟာ....နင်နဲ့ငါတစ်ခါမှလည်းမတွေ့ဖူးပဲနဲ့....ဘာရန်ငြှိုးရှိလို့လာခြောက်ရတာလဲ..အဲ့ဒါလေးတစ်ခုတော့ ဖြေပါဟာနော်.."

"ချွပ်..ချွပ်.."

"ဟင်..ဟုတ်တော့ မဟုတ်သေးဘူးနော်..."

စိတ်မရှည်တော့တဲ့အဆုံး ဓာတ်မီးနဲ့အိမ်သာခေါင်မိုးကိုလှမ်းထိုးလိုက်တော့..

"ဟင်..သစ်ကိုင်းကြီး..သရဲမလည်းမဟုတ်ပါလား..ဒါဆို..ခုဏကငါမေးသမျှကိုပြန်ဖြေတာက သရဲမဟုတ်ပဲ..လေတိုက်လို့သစ်ရွက်လှုပ်တဲ့အသံပေါ့..."

သရဲမကိုတွေ့ရတော့မယ်အထင်နဲ့စိတ်လှုပ်ရှားနေခဲ့တာ သရဲမနေရာမှာ သရက်ကိုင်းကြီးဖြစ်နေတော့ စိတ်ပျက်စွာပဲကိုယ့်အိပ်ခန်းသို့ ပြန်လာခဲ့ရသည်။

"ဒုန်း! ဒုန်း! ဒုန်း! ဒုန်း!...လုံးလုံး..ဟဲ့ဖြူလုံးထစမ်း.."

တံခါးကိုဂျက်ချပြီး အိပ်ခန်းထဲမှာအိပ်ယာသိမ်းနေတုန်း တံခါးကိုအတင်းလာထုလေသည်။
သေချာတာကတော့ အိမ်ကြီးပေါ်ကနေအရေးတကြီးလာခေါ်ခိုင်းလိုက်လို့ပဲနေမယ်။လုံးလုံးသက်ပြင်းကို ချမိသည်။မနက်စောစောစီးစီး ဘယ်တော့မှအကောင်းမနေရဘူး။

ဖြူလုံးတံခါးကိုဖွင့်လိုက်တော့ ဒေါ်ရွှေရတုရဲ့လက်ပါးစေ ဒေါ်မြကြည်က မကြည်တဲ့အကြည့်နဲ့ ကြည့်လာသည်။ ဒီမိန်းမကြီးက ဘယ်တုန်းကမှလည်း ဖြူလုံးကိုအကောင်းမြင်ပြီးမကြည့်ပါဘူး။
‌ဖြူလုံးလည်း လက်ကိုပိုက်ပြီး မေးငေါ့ပြလိုက်သည်။

"ပြော..ဘာလဲ.."

"သခင်မကြီးနင့်ကိုခေါ်ခိုင်းလိုက်တယ်..အခုချက်ချင်းငါနဲ့လိုက်ခဲ့..."

"ကောင်းပြီ..ရှေ့ကနေကြွ..."

သူကြင်မှကိုယ်ကြင်မယ်ဆိုတဲ့အတိုင်း လုံးလုံးကလည်း အကြွေးတောင်းတဲ့လေသံနဲ့ပြန်ပြောလိုက်သည်။ထူးဆန်းတာက ဒီတစ်ခါတော့ဒေါ်မြကြည် ပြန်ရန်မတွေ့ဘူး။ပုံမှန်ဆိုရင် သူနဲ့ဖြူလုံးက တစ်စက်မှကိုမတည့်တာပါ။
"အန်တီမြကြည်ရေ..ဒီပန်းအိုးကိုဘယ်နားမှာရွေ့ထားရမလဲ.."ဆိုပြီးမေးလိုက်ရင်
 
"နင့်မှာ..မျက်စိနဲ့ဦးနှောက်မပါဘူးလား
..သင့်တော်မဲ့နေရာကို ရွေ့ပေါ့.."

"သင့်တော်တဲ့နေရာဆိုရင်..ကျွန်မက..အန်တီ့ခေါင်းပေါ်မှာပဲ တင်ထားလိုက်ချင်တယ်.."ဆိုပြီး
လုံးလုံးကလည်း ပြန်ရွဲ့တတ်သည်။

အဲ့လိုပြန်ပြောတိုင်း ဒေါ်ရွှေရတုနဲ့ သွားသွားတိုင်ပြောတတ်သည်။အကြိမ်တိုင်းလည်း ဖြူလုံးဘက်ကအရိုက်ခံရတာပါပဲ။စံအိမ်ကြီးရဲ့ဖိနပ်ချွတ်မှာ လက်သုံးချောင်းစာ ပျဉ်ပြားတစ်ခုထောင်ထားလေသည်။ဒေါ်မြကြည်က ဈေးထဲကနေလုံးလုံးအတွက်ရည်စူးပြီး ၀ယ်လာသည်တဲ့ ။အရည်စူးကောင်းပါပဲ။

"အဲ့ဒီ့မှာထိုင်.."

ဒေါ်မြကြည်က ရတုမဟာစံအိမ်ကြီးထဲကိုခေါ်လာပြီး ဧည့်ခန်းထဲက ဆိုဖာဆက်တီကြီးပေါ်မှာထိုင်ခိုင်းလေသည်။လုံးလုံးရဲ့ဘ၀မှာ ဒါဟာအထူးခြားဆုံးကိစ္စရပ်ပဲ။ဒီအိမ်ကြီးပေါ်ကိုရောက်လာတိုင်း ဘယ်တုန်းကများဆိုဖာပေါ်မှာ ထိုင်ခဲ့ရဖူးလို့လဲ။တစ်ခုခုဖြစ်တော့မယ်ဆိုတာကိုတော့ လုံးလုံးသိနေပါပြီ။

"ဟဲ့ထိုင်လေ..ဘာကြောင်ကြည့်နေတာလဲ..."

လုံးလုံးရဲ့မျက်နှာချင်းဆိုင်တွင် ဒေါ်ရွှေရတုဟာ အနီရဲရဲဇင်းမယ်လုံခြည်ကို၀တ်ဆင်ထားပြီး လက်ညှိုးနဲ့ လက်ခလယ်ကြားမှာ ညှပ်ထားတဲ့ စီးကရက်ကို ပြာခွက်ထဲသို့ထည့်လိုက်သည်။လက်ကိုလည်း ဟန်ကျကျပိုက်လိုက်သည်။ဆိုဖာဆက်တီနောက်မှီကို ကျောကပ်လိုက်ပြီး အကြည့်စူးစူးများနှင့် လုံးလုံးကိုကြည့်လာသည်။

"ငါက..ထိုင်ဆို..ထိုင်မှကြိုက်တယ်နော်ဖြူလုံး.."

"ဟင့်အင်း..ဖြူလုံးမထိုင်ဘူး..ဒီလိုတန်ဖိုးကြီးတဲ့‌ခုံပေါ်မှာထိုင်မိရင်..တူညီတဲ့အရာတစ်ခုကို ပြန်ပြီးပေးဆပ်ရမယ်ဆိုတာ..ဖြူလုံးသိတယ်..."

"မိဖြူလုံး..နင်ကပျဉ်ပြားကိုပဲကြောက်တယ်..ဟုတ်လား..."

"သမီး..ဖေဖေပြောစရာရှိလို့..ထိုင်စမ်းပါ..."

"သမီး.."တဲ့ ဖေဖေ့အနေနဲ့ဒီလိုခေါ်တာကို လုံးလုံးရဲ့အသက်ဆယ့်ခြောက်နှစ်အတွင်းမှာ ပထမဆုံးကြားဖူးခြင်းပဲ။ဘာမှန်းညာမှန်းမသိပေမဲ့ အဖေ့မျက်နှာတစ်ခုတည်းကြောင့် နာခံလိုက်မိသည်။

"နင့်နာမည်..ဒီနေ့ကစပြီးဖြူလုံးမဟုတ်တော့ဘူး..ရွှေစင်ရုပ်လွှာ ဖြစ်သွားပြီ..."

"ဘယ်လို.."

"ဟုတ်တယ်..နင့်အဖေရဲ့လုပ်ငန်းတွေ အရှုံးပေါ်နေတယ်..ဒေဝါလီမခံရခင်..ဦးထွန်းတင့်ရဲ့သားနဲ့ လက်ထပ်ရမယ်..."

"ဟာ..ဘာတွေလာပြောနေတာလဲ...လုံးလုံးကအခုမှဆယ့်ခြောက်နှစ်ပဲရှိသေးတာကို..ပေးစားချင်ရင်..မမရွှေစင်နဲ့ပေးစားပေါ့..."

"ငါ့သမီးကို ဒီညလေယာဉ်နဲ့ပဲ ပြင်သစ်ကိုပို့လိုက်ပြီ...အဲ့တော့ဒီနေ့ကစပြီး..နင်ကရွှေစင်ရုပ်လွှာပဲ..
ရွှေစင်ရုပ်လွှနေရာမှယ ရှိနေတဲ့ နင်က မောင်ဂျော်နီနဲ့လက်ထပ်ရမယ်..."

"သမီးရယ်..လက်ခံလိုက်ပါကွာ..သမီးအစ်မအတွက်...ဖေဖေ့အတွက်အနစ်နာမခံပေးနိုင်ဘူးလား..ကွာ..."

ဖေဖေ့အသံကြီးကြောင့် လုံးလုံးနှာခေါင်းကိုရှုံ့ပစ်လိုက်သည်။
ကျဆင်းလာတဲ့ မျက်ရည်တွေကိုလည်း လက်ခုံနဲ့သုတ်ပစ်လိုက်သည်။လုံးလုံးရဲ့အမေအရင်းနာမည်က ဒေါ်နွယ်နီမေတဲ့။ကံဆိုးရှာတဲ့မေမေခမျာ ဖေဖေ့ရဲ့ အငယ်မယားဖြစ်ခဲ့ရရှာတယ်။လုံးလုံးတို့အမွှာညီအစ်မကို မွှေးပြီးပြီးချင်းမှာပဲ မေမေဆုံးသွားခဲ့တယ်။မယားကြီးဖြစ်တဲ့ဒေါ်ရွှေရတုက သားသမီးမထွန်းကားလေတော့ မေမေ့ကိုအသုဘချပြီးတာနဲ့ လုံးလုံးတို့အမွှာညီအစ်မကို လာခေါ်ခဲ့တယ်။
ထိုအကြောင်းကို ကြီးကြီးမေပြောပြတာကြောင့် လုံးလုံးသိခဲ့ရခြင်းပါ။

"သခင်မကြီး..ဒီမှာ..ကလေးတွေကိုခေါ်လာပါတယ်..."အိပ်ခန်းထဲမှာ ဆေးလိပ်ကလေးတစ်ဖွာဖွာလုပ်နေတဲ့ ဒေါရွှေရတုသည် ဒေါ်ခင်မေ
၏လက်ထဲမှ ကလေးနှစ်ယောက်ကို သေချာကြည့်လိုက်သည်။

"ကျွန်မ ဒီကလေးကိုခေါ်ထားမယ်..သူ့ကိုရွှေစင်ရုပ်လွှာလို့ နာမည်ပေးလိုက်မယ်..."

"သခင်မကြီး..ဒီကလေးကိုရော..နာမည်ဘယ်လိုမှည့်မလဲ..."ဒေါ်ခင်မေ၏ အမေးကို စိတ်ရှုပ်သလို ညီးတွားလိုက်သည်။ပြီးနောက် ကတ္တီပါကော်ဇောပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ ခွေးကလေးဖြူလုံးဆီသို့ အကြည့်ရောက်သွားသည်။

"ဖြူလုံး..သူ့နာမည်ကိုဖြူလုံးလို့ပေးလိုက်
...သွား..သွား..အဲ့ကလေးကိုအလုပ်သမားတန်းလျားကိုသာ ခေါ်သွားလိုက်..."

ထိုနေမှစ၍လုံးလုံးဟာ စံအိမ်မှာမွေးထားတဲ့
ခွေးမလေးဖြူလုံးနဲ့ နာမည်တူညီအစ်မတွေ ဖြစ်သွားပါတော့တယ်။

"ဆရာရေ!! ဒုက္ခတော့ရောက်ပြီ."
စံအိမ်ကြီးထဲသို့ ဦးစိုးလင်းဆိုသူကအမောတကော ပြေး၀င်လာသည်။

"ဟ..ကိုထွန်းလင်း..ဘာဖြစ်တာလဲဗျ..ဘာကိုဒုက္ခရောက်တာလဲ..."

"ဦးထွန်းတင့်က ဆရာစီးပွားပျက်ပြီး အကြွေးတွေတင်နေတာကို သိသွားပြီဗျ အဲ့ဒါ သူ့သားနဲ့စေ့စပ်ကြောင်းလမ်းတာကိုဖြတ်ပါတယ်တဲ့...ဆရာ့ကိုတိုက်ရိုက်မပြောချင်လို့..ကျွန်တော်ကနေတစ်ဆင့်ပြောခိုင်းလိုက်တာ..."

"တောက်!!!ဒီလူကွာ..ကတိပေးထားပြီး..."ပြောရင်းဆိုရင်း ဖေဖေဟာကျွန်းလှေကားကြီးမှတစ်ဆင့် အပေါ်ထပ်သို့ပြေးတက်သွားသည်။
ပြန်ဆင်းလာတဲ့အခါ လက်ထဲမှာဖိုင်လ်တွဲတွေအများကြီးပါလာသည်။

"ကိုဂန္တ၀င်..ဒါဘယ်လည်း..."

ဧည့်ခန်းထဲမှ ဒေါရွှေရတုက အော်မေးလိုက်တာကြောင့် ဖေ့ဖေ့ခြေလှမ်းတွေက ချက်ချင်းရပ်သွားသည်။
ဖေဖေ့မျက်နှာဟာ ပြိုကျတော့မဲ့ တောင်ကြီးလိုဖြစ်နေသည်။

"ငါ..ဦးလူထိန်ဆီကို သွားရမယ်...သူတစ်ယောက်ထဲကသာ ငါ့ကိုကယ်တင်နိုင်မှာ..."

"သူကဒီမြို့ကို ပြောင်းလာတာသိပ်မှမကြာသေးပဲ ရှင်ယုံလို့ရပါ့မလား...ရှင့်အစ်ကိုကြီးကို သွားတောင်းပန်ကြည့်ပါလား...သူဆိုရင်..."

"ငါသူ့ကိုဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူး
..ငါ့နောက်ကျောကို ဓားနဲ့ထိုးရမယ်ဆိုရင် သူကပထမဆုံးလုပ်မဲ့သူပဲ..."

"ဒါပေမဲ့..."

"ငါထောင်မကျချင်ဘူး...ဒီတစ်လမ်းပဲရှိတော့တယ်ရွှေ...."

လေးလံသော ခြေလှမ်းတွေနဲ့ထွက်သွားသူရဲ့ ကျောပြင်ကိုကြည့်နေမိတဲ့ ဒေါ်ရွှေရတုလည်း သက်ပြင်းမောတွေကိုသာ ချနေမိသည်။
လုံးလုံးမှာတော့ လက်ထပ်စရာမလိုတော့ဘူးဆိုတဲ့အသိကြောင့် စိတ်သက်သာရာရနေမိသည်။
ဒါပေမဲ့ ဖေဖေပြောတဲ့ ဦးလူထိန်ဆိုတာဘယ်သူလဲ။ဖေဖေက ဘာလို့ထောင်ကျရမှာလဲ။ကိစ္စတွေက ဒီလောက်ထိတော့မရိုးရှင်းဘူးထင်တယ်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ပြင်သစ်နိုင်ငံ

Sky Blueလို့အမည်ရတဲ့ အဆင့်မြင့်ဟိုတယ်ကြီးတစ်ခုရဲ့ အခန်းတွေသည် ရှုမျှော်ခင်းတွေကို ခံစားရင်းအပန်းဖြေနိုင်ရန်အလို့ငှာ အလွန်ကြီးမားသောမှန်ချက်များဖြင့် ကာရံထားသည်။‌ထို‌‌ ဟော်တယ်ကြီးရဲ့ပိုင်ရှင်လည်းဖြစ်၊ ဘဏ်လုပ်ငန်းများစွာ၏ ပဲ့ကိုင်ရှင်လည်းဖြစ်သောလူတစ်ယောက်သည် ထိုဟော်တယ်ကြီးရဲ့ အကောင်း ဆုံးနှင့်အခမ်းနားဆုံး အခန်းမှနေ၍ ပါရီမြို့၏ ညရှုခင်းအလှကိုငေးမောနေသည်။သူ့ပုံသဏ္ဍန်ကထူးခြားသည်။
အရပ်က  ခြောက်ပေကျော်ပြီး အမြဲတမ်းခါးကိုမက်ထားတတ်ကာ ခပ်ဖြောင့်ဖြောင့်၊ခပ်တည်တည်နေတတ်တဲ့ သူ့ပုံစံက လူအများကြားမှာတောင် ထင်းလင်းနေနိုင်သည်။

မျက်ခုံးတန်း‌တွေက ကျားနက်တစ်ကောင်ရဲ့အရောင်အလားထင်မှတ်ရအောင်နက်မှောင်နေသည်။ကော့ညွှတ်ပြီးရှည်လျားနက်မှောင်တဲ့မျက်တောင်တွေ ၀န်းရံထားတဲ့သူ့မျက်၀န်း‌တွေက ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရှသည်။အမှောင်ထဲမှာတောင် အရောင်တောက်နေသယောင် ထင်မိစေသည်။နှာတံဟာခပ်ဖြောင့်ဖြောင့်ဖြစ်ပြီး ‌မျက်နှာကျခပ်သွယ်သွယ်နဲ့ဖြစ်တာကြောင့် သူ့ရဲ့ရုပ်ရည်ပုံစံဟာ နူးညံ့တဲ့လူ‌တစ်ယောက်၊နွေးထွေးကြင်နာတတ်တဲ့လူတစ်ယောက်လို့ အထင်မှားမိပါလိမ့်မယ်။သူ့ရဲ့ခပ်ပါးပါးနှုတ်ခမ်းတွေဟာ ပြုံးရယ်လေ့မရှိသည့်နည်းတူ သူ့မျက်၀န်းတွေနဲ့ရင်ဆိုင်မိရင် ဘယ်သူကမှယှဉ်ပြိုင်ပြီး ကြည့်ဖို့ဝံ့ရဲလိမ့်မည်မထင်ဘူး။ပို၍ညွှန်းဖွဲ့ရလျှင် ဂရိနတ်ဘုရားတစ်ပါးအလားထင်မှတ်‌ရ‌ လောက်တဲ့အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။

မှန်ချပ်ရဲ့အပြင်ဘက်မှာ မြင်နေရတဲ့ ပါရီရဲ့ညရှုခင်းကအတော်လေးလှပါတယ်။ ဒါပေမဲ့သူလွှမ်းနေမိတာက မြင်မြင်သမျှ ထူးဆန်းမှုတွေနဲ့သာပြည့်နှက်နေတဲ့ သုန္နကတောင်တန်းတွေဆီသို့သာ။

မျက်မှန်ကို လက်ခလယ်နဲ့ပင့်တင်လိုက်ပြီး
အီဖယ်လ်မျှော်စင်ကြီးကိုသာ ငေးကြည့်နေလိုက်သည်။ ဒီနိုင်ငံကိုရောက်ခါစက သူ့အသက်ဆယ့်ခြောက်နှစ်ပေါ့။ ဒီမျှော်စင်ကြီးရဲ့ ထိပ်ဆုံးအထိရောက်အောင် ခဏ၊ခဏခြေလျှင်တက်ခဲ့ဖူးတယ်။ အချို့လူတွေက ဓာတ်လှေကားကိုသုံးကြပေမဲ့  
သုန္နကတောင်တန်းကြီးအနီးမှာ ကြီးပြင်းလာခဲ့တဲ့သူ့အတွက်ကတော့ ဒီလောက်ခြေညောင်းတာဟာ ပုရွက်ဆိတ်ကိုက်သလောက်တောင် မဖြုံဘူး။
မျှော်စင်ထိပ်ကို ရောက်တဲ့အနေနဲ့ သူများတွေကတော့ မျှော်စင်ထိပ်ကဆိုင်မှာ အမှတ်တရဝိုင်တွေ ၀ယ်သောက်လေ့ရှိကြတယ်။

သူ့အတွက်တော့ အလုပ်တစ်ခုကိုလုပ်တယ်။ပြီးရင်လုပ်ပြီးတဲ့အရာအတွက်လည်းကျေနပ်တယ်။ဘာအမှတ်တရမှမလိုအပ်သလို ဘာနောင်တမှလည်းကျန်ရစ်မနေစေရဘူး။

ပါရီဆိုတာ အချစ်မြို့တော်တဲ့ လှပတဲ့အရာတွေရဲ့နောက်ကွယ်မှာလည်း အတွင်းကိုလှိုက်စားနေတတ်တဲ့အရာတွေရှိတာပါပဲ။ ပါရီဟာနေရာတိုင်းမှာ လှပတဲ့အဆောက်အဦးတွေ မိုနာလီဇာ၊နပိုလီယံနဲ့ ဗီးနစ်ရုပ်ထုတွေရှိတဲ့ ပြတိုက်တွေကပါရီရဲ့
ပြယုဒ်တစ်ခုဖြစ်သလို အနုပညာလိုက်စားတဲ့လူတွေအတွက်လည်း ပန်းချီကားကောင်းတစ်ချပ်ဆိုလည်းမမှားဘူး။

 သို့ပေမဲ့ပဲရစ်ရဲ့ ဘူတာတွေကတော့ စိတ်ပျက်ဖို့ကောင်းတယ်။
ရောက်ခါစက ရထားစီးဖို့လုပ်ရာမှာ သူအရမ်းအံ့ဩခဲ့ရတယ်။ဘူတာမှာ လူဖြူအချို့ဟာ အိမ်ခြေရာမဲ့အဖြစ် တဲထိုးပြီးတောင် နေကြရသလိုခါးပိုက်နှိုက်တွေကလည်း အတော်ပေါတယ်။ ဒယ်ဒီ၀ယ်ပေးခဲ့တဲ့ဖုန်းလေးတောင် ခါးပိုက်အနှိုက်ခံလိုက်ရပါသေးတယ်။
အဲ့တုန်းက သူကလည်းမနူးမနပ်ကောင်လေးဖြစ်နေခဲ့တာကိုး။

ဒါပေမဲ့ သူ့မွေးရပ်ဇာတိက ဒီ့ထပ်တောင်ဆိုးပါသေးတယ်။လူတန်းစားခွဲခြားမှုတွေ။အကျင့်ပျက်ချစားမှုတွေ ၊ လူလူချင်းဖိနှိပ်တတ်တဲ့စရိုက်တွေနဲ့ ကိုယ့်တစ်ဘို့တည်းအတွက်ပဲ ကြည့်တတ်တဲ့ လူ့ငနွားတို့ရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်တွေသာ ပြည့်နှက်နေတာပါ။ ပြန်တွေးလိုက်တိုင်း သူ့အသဲထဲကကို နာတယ်။ ဒဏ်ရာဟောင်းတွေကို ပြန်တူးဖော်မိသည့်အလျှောက် သူ့ရဲ့အမုန်းမီးတောက်တွေကလည်း ပိုပိုပြီးငြိမ်းမရဖြစ်လာလေပဲ။

"ဒေါက်...ဒေါက်..."

"၀င်ခဲ့..."

လက်ကြားထဲမှာညှပ်ပြီးကိုင်ထားတဲ့ ဝိုင်ခွက်ကို ဖန်ခုံပေါ်သို့တင်လိုက်ပြီး ညာဘက်လက်ကိုဘောင်းဘီအိပ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။
မစ္စတာဂျက်ခ်ဘက်ကိုလှည့်ကြည့်လိုက်စဉ် မျက်နှာပေါ်သို့ဝေ့ရမ်းကျလာတဲ့ ဆံစအချို့ကို ဘက်လက်နဲ့သပ်တင်ပစ်လိုက်သည်။

"ပြော...ဂျက်ခ်..ဘာကိစ္စလည်း..."

သူအနားယူနေတဲ့အချိန်မှာ တွေ့ခွင့်တောင်းရဲတဲ့လူဆိုတာခပ်ရှားရှားရယ်ပါ။ သူ့ရဲ့ကိုယ်ပိုင်လက်ထောက်ဂျက်ခ်ဆိုတဲ့လူတောင် အရေးကြီးကိစ္စရှိမှ တွေ့ခွင့်တောင်းရဲလေသည်။

"ဆာ...ဦးလူထိန်ဆီကနေ အဆက်အသွယ်ရပါတယ်...ဦးဂန္တ၀င်တို့အိမ်ကြီး သူ့လက်ထဲကိုရောက်လာပြီမို့...."

"ငါနားလည်ပြီ...မင်းသွားတော့..."

သူ့စကားဆို ဘယ်သူမှမေးခွန်းပြန်မထုတ်ရဲတာကြောင့် ဂျက်ခ်လည်း အတွန့်တက်မနေပဲ အခန်းအပြင်သို့ပြန်ထွက်သွားသည်။
မှန်ချပ်ကြီးတွေကာရံထားတဲ့နေရာမှ အီဖယ်လ်မျှော်စင်ကြီးဘက်သို့ ပြန်ကြည့်လိုက်ပြီး ဆိုဖာပေါ်မှာ ခြေချိပ်ထိုင်လိုက်သည်။သူ့ရဲ့ဝဲဘက် ရင်အုံအခြမ်းမှ အတွင်းအိတ်ကပ်ကို လက်နဲ့နှိုက်လိုက်တော့ ကလေးသေးသေးလေးရဲ့ လက်မအရွယ်အစားလောက် ပစ်တိုင်းထောင်အရုပ်လေးကပါလာသည်။ဆယ့်နှနှစ်ဆိုတဲ့ အချိန်ကာလတစ်လျှောက်လုံးမှာ သူ့ရဲ့နှလုံးသားအနီးမှာ ထားထားတဲ့ဒီအရုပ်ကလေး အရောင်တွေတောင် လွှင့်ကုန်ပြီ။ စိတ်ညစ်တိုင်းလည်း ထုတ်ကြည့်မိတယ်။
အားငယ်တိုင်း၊၀မ်းနည်းတိုင်း ၊စိတ်အမောဖြေချင်တိုင်းပါပဲ။သူ့အတွက် ကံကောင်းခြင်းလက်ဆောင်လေးပေါ့။

"ဒေါက်!!!!"

အရုပ်ကလေးကို ကြမ်းပြင်ပေါ်ကိုပစ်ချလိုက်သည်။ ပစ်တိုင်းထောင်ဆိုတာက ဘယ်နေရာကိုပဲပစ်ချလိုက်ပါစေ ပြိုလဲသွားတယ်ဆိုတာမရှိဘူး။
သူဟာအမြဲတမ်းထောင်မတ်နေမှာပဲ။

"ကဝိကြီး...ဒီအရုပ်ကလေးကလေ..လုံးလုံးမှာရှိတဲ့တစ်ခုတည်းသော အရုပ်ကလေးပဲ..အခု
ကဝိကြီးကိုပေးလိုက်ပြီ...အမြဲတမ်းသိမ်းထားနော်.."ဆိုတဲ့ လေးနှစ်အရွယ်ကလေးမလေးရဲ့ စကားတွေကိုသာပြန်ကြားယောင်နေမိတယ်။
အမြဲတမ်းတင်းမာနေတတ်တဲ့ သူ့နှုတ်ခမ်းမှ မဲ့ပြုံးတစ်ခုကို ဖန်တီးလိုက်မိသည်။

"လုံးလုံးရေ...မင်းကတော့..ပူလောင်လွန်းတဲ့ဒီမြို့လေးကို ပြန်မလာခဲ့နဲ့လို့ဆိုပေမယ့်...ကိုကြီးကတော့..ပြန်လာရမှကို ဖြစ်မယ်...ဒီတစ်ခါပြန်လာမှာက က၀ိဆိုတဲ့ အားနည်းတဲ့ကောင်ငယ်လေးအ‌နေနဲ့မဟုတ်ဘူး...ဒေ၀ဆိုတဲ့ယက္ခဘီလူးအသွင်နဲ့ပြန်လာမှာ...စိတ်တော့မကောင်းပေမဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်က ...သုန္နကမြို့ကြီးရဲ့ လူချမ်းသာတစ်သိုက်ကို ပြာချပစ်ဖို့ဆိုတာတော့ သေချာတယ်..."

သူ့ရဲ့ကြွေးကြော်သံကို သူတစ်ယောက်တည်းသာကြားနိုင်ပေမဲ့ မကြာခင်မှာ သုန္နကမြို့ကြီးကလည်း သိလာပါလိမ့်မယ်။

သုန္နကမြို့ဆိုတာနဲ့ သူ့မျက်လုံးထဲမှာ ပြေးမြင်မိတာက သစ်ရွက်ဝါတွေကျဲခင်းထားသလို ဝါရွှေရောင်လမ်းမကြီးတွေ၊အမြဲစိမ်းလန်းနေတဲ့ သုန္နကတောင်တန်း ပြီး‌တော့စားကျက်မှာလွှတ်ထားတဲ့
နွားလားအုပ်ကြီး ၊ပက်ကြားအက်‌တွေပြည့်နှက်နေတဲ့ လယ်ယာမြေတွေ၊တိတ်ဆိတ်ငြိမ်းအေးလှတဲ့ သူတို့ရဲ့အိမ်ကလေး...နေမင်းကြီးကအနောက်အရက်သို့ ၀င်တဲ့နွားရိုင်းသွင်းချိန်တိုင်းမှာ..တောင်ခြေက ပျဉ်းမငုတ်တိုအပေါ်ထိုင်ရင်း ပုလွေလေးမှုတ်နေတတ်တဲ့ ဘကြီးဗြောရဲ့ ပုလွေသံလေး..
တစ်ဆက်တည်းမှာပဲ ခွဲခြားလွန်းတဲ့လူနေမှုစနစ်၊
အဆဲအဆိုခံပြီး သစ်ရွက်တွေလှဲနေရတဲ့ဆင်းရဲသားအလွှာက လူတွေ၊လူချမ်းသာတွေရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ လူလတ်တန်းစားအလွှာက ရက်စက်တတ်တဲ့အကျင့်ပြက်ခြစားမှုတွေ..လောကကြီးကိုစိတ်ကုန်လောက်အောင်အထိ သူ့ကိုညှင်းပန်းခဲ့တဲ့ လူတစ်စု ၊ပြီးတော့အာဏာရူးတဲ့ မြို့မျက်နှာဖုံးဦးအဂ္ဂ ...အရာရာတိုင်းက တစ်ချက်ချင်းဆီပေါ်လာသည်။

ဒယ်ဒီသူ့ကိုပြောလေ့ရှိတဲ့စကားလေးတစ်ခွန်းရှိတယ်။"ပစ္စုပ္ပန်မှာပဲ နေပါ‌သားရယ်..အတိတ်ရဲ့လမ်းကြောင်းကို ပြန်မလျှောက်ချင်ပါနဲ့.."ဆိုပြီးပေါ့။

ဒါပေမဲ့ ဒယ်ဒီ့ကိုသူမပြောဖြစ်ခဲ့တာက အတိတ်ကိုပြန်သွားပြီး သူ့ရဲ့အနာဟောင်းကို ဆေးပြန်ထည့်မှကို ရမယ်ဆိုတာပဲ။ဒီလိုမှမဟုတ်ရင် ပစ္စုပ္ပန်မှာရော၊အနာဂတ်တစ်ခုလုံးမှာပါ သူ့ရင်ထဲမှာတနုပ်နုပ်နဲ့ ဖြေမဆည်နိုင်ဖြစ်နေလိမ့်မယ်။
ဒီတိုက်ပွဲဟာ သွေးဆူနေတုန်းတိုက်ရတဲ့ လက်နက်သံတညံညံနဲ့ တိုက်ပွဲမဟုတ်ဘူး။
သွေးအေးအေးနဲ့ တဖြေးဖြေးချင်းတိုက်သွားရမဲ့
တိုက်ပွဲပဲ။

ကြမ်းပြင်ပေါ်မှာပဲရှိနေသေးတဲ့ ပစ်တိုင်းထောင်အရုပ်ကလေးကို ကောက်လိုက်သည်။အရုပ်ကလေးကို ညာဘက်လက်ဖဝါးပေါ်သို့တင်လိုက်ပြီးနောက် သေချာဆူးဆိုက်ကြည့်လိုက်သည်။
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတွေမှ ပြောလိုက်မိတဲ့စကားကတော့...

"လုံးလုံး...ကိုကြီးရဲ့ကတိကိုတော့ မတည်နိုင်တော့ဘူး...ကိုယ့်လုပ်ရက်ကြောင့် မင်းဘ၀လေးပါ ထိခိုက်သွားနိုင်တာမို့...ကိုယ်ကြိုတောင်းပန်ထားမယ်..."

အရုပ်ကလေးကို ကုဒ်အင်္ကျီရဲ့ ဘယ်ဘက်အတွင်းအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဝိုင်ခွက်ကိုပြန်ကိုင်လိုက်သည်။ ခဏတာလောက်မွှေ့လိုက်ပြီးနောက် တစ်ကျိုက်ထပ်သောက်ကာ အရသာခံနေလိုက်သည်။သူ့ရဲ့စွန့်စားခန်းက ဘယ်အချိန်မှဆုံးမလဲ ၊သူကိုယ်တိုင်ရဲ့ဘ၀ကလည်း ဘယ်လိုအဆုံးသတ်မျိုးဖြစ်မလဲ မသိသေးတာကြောင့် ပဲရစ်မြို့ကြီးကိုလည်း စိတ်ထဲက‌နေ အပြီးတိုင်နှုတ်ဆက်နေမိသည်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🌸🌸🌸🌸🌸🌸

=========================================================================


🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
                              🍁အခန်း၂🍁

ညနေခင်း၏လေညှင်းသည် ရွက်ဝါတွေကိုတိုးတိုက်ပြီး ဖြတ်သန်းသွားသည်။မိုးသားတိမ်လိပ်တို့သည် ပုစွန်ဆီရောင်သို့ပြောင်းလဲနေသည်။တိမ်စိုင်တို့၏ပုံသဏ္ဍန်သည် သုန္နကတောင်ခြေက ပက်ကြားအက်နေသော လယ်ယာမြေတွေကဲ့သို့ ဖြစ်နေပြီး ထိုပက်ကြားအက်များအကြားမီးများတောက်လောင်နေသည့် အသွင်မျိုးဆောင်နေသည်။‌သုန္နကမြို့ကြီးကို အပေါ်စီးမှကြည့်မည်ဆိုပါက ပုစွန်ဆီရောင်သန်းနေသော ပန်းစည်းက‌လေးနှင့်ပင်တူနေသည်။

ထိုစဉ်သစ်ရွက်ဝါတွေ ကြွေကျနေသော မြေသားလမ်းမကြီးပေါ်သို့ ဖြတ်နင်းသွားကြသည်ကခပ်ညစ်ညစ်ခြေညှပ်ဖိနပ်လေးများ၊ ဆီသုတ်ထား‌သလို ပြောင်ရွှဲနေသော တန်ဖိုးကြီးရှူးဖိနပ်များ စသဖြင့် စုံလင်လှစွာသောလူတန်းစားမျိုးစုံဟာ တစ်နေရာတည်းဆီသို့ဦးတည်သွားနေကြသည်။ထိုနေရာကတော့ သုန္နမြို့၏ တစ်ခုတည်းသော ဘုန်းကြီးကျောင်း၀န်းထဲမှ ဓမ္မာရုံကြီးဆီသို့ပင်။

"ကဲ..ကဲ...အားလုံးတိတ်တိတ်လေး နေပေးကြပါ.."
ပြောလိုက်တဲ့သူမှာ မြို့မျက်နှာဖုံးဦးအဂ္ဂရဲ့ လူယုံ
ဦးထွန်းရှိန်ဖြစ်သည်။နှာတံပြားပြား နှုတ်ခမ်းမွှေးကားကားနဲ့ အတော်ဂွကျသည့်သူဟု လူအများက
လက်ခံထားကြ‌‌လေသည်။
လူလတ်တန်းစားအလွှာက ဖြစ်ပြီး ဦးအဂ္ဂထက်ပင် နေရာတကာ၀င်ပါတတ်သေးသည်။
တိတိကျကျပြောရလျှင်တော့ အထက်ဖား၊အောက်ဖိဆိုသည့်လူမျိုး။လူချမ်းသာတွေကိုဆို နွားပွဲစားကဲ့သို့ သွားတဖြဲဖြဲနဲ့ဖားနေတတ်ပြီး ဆင်းရဲသားတွေကိုဆို အင်မတန်ဖိနှိပ်တတ်သည့်လူ။

"သုန္နကမြို့ကို ပြာကျစေဖို့
အာဃလူသား ပြန်လာပြီဟေ့
လူမဟုတ် နတ်မဟုတ်
ဘီလူးတစ်ကောင် ပြန်လာမည်...အဲ့ဒီစာသားတွေကို ဘယ်သူလာရေးသွားတာလည်း..ဟမ်!!!"

အသံဩဇာအပြည့်နဲ့ လူတစ်ယောက်ကထအော်လိုက်သည်။မိုးကြိုးပစ်သံလို ဟိန်းထွက်လွန်းတာကြောင့် ဓမ္မာရုံကြီးတောင် တုန်လှုပ်လောက်သည်။
လူအားလုံးလည်း စကားတွတ်ထိုးနေရာမှ ရုတ်ချည်းတိတ်သွားကြသည်။အပ်ကြသံပင်ကြားနိုင်သည့် တိတ်ဆိတ်မှုမျိုးအသွင်သို့ ပြောင်းလဲသွားတော့သည်။

"ဘယ်သူကမှမဖြေဘူးပေါ့...ဒါဆို..အဲဒီ့စာသားကို ဘယ်သူအရင်တွေ့ခဲ့တာလဲ..."

ဓမ္မာရုံကြီးတောင် ဖိတ်လျှံကျလောက်သည်အထိ များပြားလှသော လူတို့သည် အာစေးမိနေသလိုဖြစ်နေကြသည်။ဘုန်းကြီးကျောင်း၀န်းထဲမှာဖြစ်တာကြောင့် ဘုန်းကြီးများ၊ကိုရင်များကလည်း မတ်တက်ရပ်၍ နားစွင့်နေကြသည်။လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ သာသနာ့ဘောင်ထဲ၀င်ထားသော ဖိုးသူတော်လေးကပါ ရှေ့ဆုံးမှနေ၍ မေးထောက်ကာ မှောက်လျှက်ကလေး နားထောင်နေသည်။ သူ့စိတ်ထဲတွင်တော့ ဇာတ်ပွဲကြည့်နေသည့်အလား။

"ဒုန်း..!!!!!"

ဓမ္မာရုံ၏ထိပ်ဆုံးမှ ကနုတ်ပန်းဆွဲတွေပါသော ကျွန်းကုလားထိုင်ကြီးကို ထုချလိုက်သည့်အသံကြောင့် လူအားလုံးထိတ်လန့်သွားကြသည် ။
ရှေ့ဆုံးမှဖိုးသူတော်လေးခမျာ ငိုမဲ့မဲ့လေးနဲ့သင်္ကန်းကိုမပြီး ထပြေးလေသည်။
လူအုပ်ရဲ့ အနောက်ဆုံးမှာရပ်နေသော ဘုန်းကြီးတစ်ပါးကို ခပ်ကြောက်ကြောက်နဲ့ ပြေးဖက်တော့
"မင်းဟာ..အတော်ရှုပ်တာပဲ" ဆိုကာ ဖိုးသူတော်လေးရဲ့ ကတုံးပြောင်ပြောင်လေးကို ခပ်ဖွဖွထုလိုက်သည်။

"ငါမေးနေတယ်လေ..ဘယ်သူအရင်တွေ့ခဲ့တာလဲ..."

တတိယအကြိမ်မြောက်မေးခွန်းကိုလည်း ဖြေသူမရှိခဲ့ပါ။နောက်ဆုံးတန်းမှာ လာစပ်စုရင်းထိုင်နေကြတဲ့ ဆင်းရဲသားအလွှာမှလူတွေက ပိုလို့ပင်ကြောက်ရွံ့နေသည်။တစ်ခုခုမကောင်းတာဖြစ်ရင် သူတို့ကိုသာ ပိုပြီးအပြစ်ဖို့ချင်ကြတာမလား။

"...ဒကာအဂ္ဂ!!!..ဒကာအဂ္ဂ!!!!..."ဦးဇင်းတစ်ပါးမှာ ဓမ္မာရုံထဲသို့ ၀င်လာသည်။
ထိုဦးဇင်းဟာ သုန္နကရိပ်မြုံကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီး၏ အနီးကပ်ပြုစုသူဖြစ်သည်။

"ဒကာအဂ္ဂ..ဆရာတော်ကြီးခေါ်နေတယ်
..နောက်ပြီး...အကုန်လုံးကိုပြန်လွှတ်လိုက်ပါတဲ့..."

ထိုဦးဇင်းလေးက ဒါပဲပြောပြီး အိန္ဒြေသိက္ခာပုဒ်ကိုဆောင်ကာ ပြန်ထွက်သွားသည်။
ဆရာတော်ကြီးခေါ်ရင်တော့ ဦးအဂ္ဂမှာ မသွားလို့မဖြစ်ပေ။သူဟာဘယ်သူ့ကိုမှ မကြောက်တတ်ပေမဲ့ ဆရာတော်ကြီးကိုတော့ကြောက်ရသည်။
အကုန်လုံးအပေါ်သို့ အာဏာသက်ရောက်ပေမဲ့။ဆရာတော်ကြီးက ချို့ယွင်းချက်ပေါ့။အဘယ်ကြောင့်ဆိုသော် ဘွဲ့တော်‌တေဇနိယ၊
လူအမည်ဦးတေဇအဖြစ်လည်းကောင်း ကျောင်းထိုင်ဆရာတော်ကြီးသည် ဦးအဂ္ဂ၏ ဖခင်အရင်းပင်ဖြစ်သည်။

"နောက်တစ်ခါ..ဒီလိုလာရေးသံကြားရင် ရေးတဲ့လူကိုမြေလှန်ပြီးတော့ရှာမယ်...ပြီးရင်
ကျားဖြူတောင်ကို သွားပစ်ထားလိုက်မယ်...
..အားလုံးမှတ်ထားကြ!!!"

အဂ္ဂဆိုသည်မှာ ဒီလိုလူမျိုး။အသက်က ငါးဆယ်၊အရပ်ကရှည်ရှည်၊ အသက်ကြီးလာ၍ ဗိုက်ကတော့ ပူနေသည်။ဆံပင်အရှည်ကြီးတွေကို ထိပ်မှာအမြဲစုထုံးထားတတ်သည်။
လည်ကတုံးလက်ရှည်အဖြူပေါ်မှာ တိုက်ပုံအနက်ရောင်ကို ၀တ်ထားတဲ့ မြန်မာမှုကိုနှစ်သက်သည့်လူ။ ပုဆိုးကို အလုပ်ရှုပ်သက်သာအောင်ခါးပတ်နဲ့ ၀တ်ထားတတ်တဲ့လူဟာ လုံချည်နဲ့ မလိုက်ဖက်စွာ Leather လည်သာဘွတ်ဖိနပ်နဲ့ တွဲ၀တ်တတ်သေးသည်။ သူ့ပုံစံက အင်္ဂလိပ်တို့လက်ထပ်ကို ပြန်ရောက်နေသလို ကို့ရိုကားယားနှင့် အင်မတန်ကြည့်ရဆိုးသည်။
ဦးအဂ္ဂသွားသော လမ်းတစ်လျှောက်တွင် လူတိုင်းသည် ဘေးကိုအသင့်ဖယ်ကြပြီး လမ်းကြောင်းလုပ်ပေးကြသည်။

ဓမ္မာရုံအပြင်သို့ ထွက်လိုက်တာနှင့် အဂ္ဂသက်ပြင်းချမိသည်။သူ့ကိုယ်သူ မကောင်းတာလဲ သူသိသည်။ မဟုတ်တာ၊မတရားတဲ့အရာကိုမှ အရသာခံပြီး လုပ်တတ်တာလည်း သူ့ကိုယ်သူအသိဆုံး။ဒါပေမဲ့ ဘယ်သူ့ကိုမှ သူဂရုမစိုက်တတ်။ဒါကြောင့် အဂ္ဂဆိုတာဖြစ်လာခဲ့သည်မဟုတ်လား။အဂ္ဂဆိုတာနဲ့ လူတိုင်းက ‌သေးထွက်အောင်ကြောက်ပြီးသား။သူ့ရုပ်ကိုမြင်ရင် လမ်းဖယ်ပေးရတယ်၊၊သူ့အသံကြားရင် ရောက်ရာအရပ်မှ ပြန်ထူးပေးရမည်။
ဒါဟာအဂ္ဂရဲ့ ဒဿန။
 အခုဆရာတော်ကြီးခေါ်တာဟာ နားပူဖို့က ကိုးဆယ်ရာခိုင်နှုန်းဖြစ်နိုင်တာကြောင့် ‌စိတ်လေးစွာပဲ ကျောင်းပေါ်သို့တက်သွားလိုက်သည်။ဆရာတော်ဟာ သူ့ရဲ့လိမ္မာမပေးနိုင်တဲ့ ဒီသားတော်ကို ဘာလို့များ ပါးစပ်အညောင်းခံပြီး ပြောနေသလဲမသိတော့ပေ။
🌸
🌸
ညနေခင်းရဲ့ ဆည်းဆာရောင်ခြည်အောက်၀ယ် အဖြူ၊အစိမ်းနဲ့တူညီယူနီ‌‌ဖောင်းလေးတွေ ၀တ်ဆင်ထားသော ကျောင်းသားလေးများသည် လွယ်အိတ်ကလေးတွေ ကိုယ်စီလွယ်ပြီး ကျောင်းဆင်းလာကြသည်။တစ်ချို့ကလည်း စက်ဘီးလေးတွေနှင့်ဖြစ်ပြီး၊အချို့ကလည်း ရွက်ဝါကြွေသော လမ်းလေးထက်မှာခြေလျှင်လျှောက်ကြသည်။

လူချမ်းသာအလွှာမှ ကျောင်းသားများကတော့ ကားအကောင်းစားကြီးများနှင့် အသီးသီးပြန်ခွင့်ရကြ‌လေသည်။
ထိုအချိန်တွင်ဘုန်းကြီးကျောင်း၀န်းထဲမှလည်း လူများစွာ ထွက်လာသောကြောင့် သုန္နကရိပ်‌မြုံကျောင်းတိုက်အရှေ့မှ လမ်းလေးသည် ပွဲဈေးတန်းကြီးကဲ့သို့ ဖြစ်သွားသည်။
ထိုလူအုပ်ကြီးထဲမှ ကျောင်းစိမ်း၀တ်စုံနဲ့ ကောင်မလေးတစ်ယောက်သည် အရှေ့မှလမ်းလျှောက်နေသော ကိုရင်လေးရဲ့ ကျောကုန်းကို ထီးထိပ်ကလေးနဲ့ လှမ်းတို့လိုက်သည်။

"ကိုရင်မျောက်ရှုံး..ကိုရင်မျှောက်ရှုံး..ဟဲ့..."

သူ့နာမည်ကိုမျောက်ရှုံးဆိုပြီး အခေါ်ခံရလို့တမင်လှည့်မကြည့်ပေမဲ့။ ခေါ်ပါများတော့ နားညီးလာ၍လှည့်ကြည့်လိုက်သည်။ထင်တဲ့အတိုင်း
မိလုံးလုံးနဲ့ အေးပု။

"ကိုရင်မျောက်ရှုံး ဘယ်သွားမလို့လဲ.."

"ငါ့ဘာသာ ဘယ်သွားသွားပေါ့ဟာ..."

"ဟာ..ဒီကိုရင်ကလည်း စကားပြောတာ ယဉ်ကျေးလှချည်လား..."

ကိုရင်မှာ စိတ်မရှည်တော့၍ လမ်းကိုအလျှင်စလိုလျှောက်လေသည်။လုံးလုံးနှင့် အေးပုကလည်း လက်ချင်းချိတ်ပြီး ကိုရင့်ကိုအမှီလိုက်ကြသည်။

"ကိုရင်.. ဘယ်သွားမလို့လဲ...ဒီမှာမေးစရာရှိလို့ဟာကို..."

"နာရီစင်ဘေးကဆိုင်မှာ မုန့်သွား၀ယ်စားမလို့ဟာ.." စိတ်ညစ်သလိုနဲ့ သူ့ရဲ့ဂတုံးပြောင်ပြောင်ကို ပွတ်လေသည်။

"ကဲ...ဘာမေးမှာလည်းမေး.."

"နေပါအုံးကိုရင်ရဲ့...အခုပဲညနေရောက်နေပြီလေ..ကိုရင်တို့ဆွမ်းဘုန်းပေးလို့ မရတော့ဘူး
မလား...ကျောင်းကိုမုန့်ယူလာတာ ဆရာတော်ကြီးက သိရင်ဆူတယ်ဆို...ကိုရင်ရဲ့.."

"ဟာ..လုံးလုံး..ငချွန်မှ..နင်တိတ်တိတ်နေစမ်းပါဟာ..သူများတွေကြားကုန်မယ်..."

"‌ဟယ်..ကိုရင်က မဟုတ်တာလည်း လုပ်သေးတယ်..လူသိမှာလည်းကြောက်သေးတယ်."ဟု မျက်လုံး၊မျက်စံပြူးနေတဲ့ ကိုရင်မျောက်ရှုံးပုံစံကိုကြည့်ပြီး အေးပုကလည်း တခစ်ခစ်ရယ်ပြီးပြောလိုက်သည်။

"ဒီမှာ...နင်တို့က ဘာသိလို့လဲ..ငါကညတရား
မထိုင်ခင်စားတာ..တစ်ချို့ကိုရင်တွေဆို ညကြီးအချိန်မတော် ဗိုက်ဆာလို့..အုပ်စုဖွဲ့ပြီးတော့ကို ဆွမ်းစားဆောင်မှာ ထမင်းခိုးစားကြတာ
..ဖိုးသူတော် ပိစိလေးတွေတောင် ပါသေး...
..တို့ ကိုရင်၀တ်စတုန်းကဆို ညသန်းခေါင်လောက်ကြီး တစ်ဂျွတ်ဂျွတ်နဲ့အသံကြားလို့ထလည်းကြည့်လိုက်‌‌ရော..ကိုရင်ပဏ္ဍိတကြီးဗျာ..စောင်ကိုခေါင်းမှာခြုံပြီးငါးမုန့်တွေ ခိုးစားနေတာ...အဲ့ဒါကြဘယ့်နှယ့်လုပ်မလဲ.."

"ဟယ်.. ကိုရင်က သူများအတင်းလည်းတုပ်တယ်တော့..."

"ဟာ..မိအေးပု..နင်တို့က ပြောပြတော့လည်းတစ်မျိုး..မပြောပြန်ရင်လည်းတစ်မျိုး..တကယ့်ဂွကျတဲ့ဟာတွေ...တို့ကအခုမှကိုရင်စ၀တ်ဖူးတာလေ
..သောတပန်ဖြစ်သေးတာမှမဟုတ်ပဲ..နင်တို့လိုပဲ..က်ိုရင်လည်းဗိုက်ဆာတတ်တာပေါ့.."ကိုရင်မှာ စိတ်ညစ်ညစ်နဲ့ပြောင်နေတဲ့ဂတုံးကိုပါ ယောင်ပြီးကုတ်မိလေသည်။ကိုရင်က ငိုမဲ့မဲ့ကြီးဖြစ်နေလေတော့ အေးပုနဲ့လုံးလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ခစ်ခစ်ရယ်မိကြ‌သည်။

"အဲ့ဒါ..ထားလိုက်ပါ..အခုကျောင်းမှဘာကိစ္စဖြစ်လို့ လူတွေအုံနေကြတာလဲ..အဲ့တာလေးသိချင်လို့.."

"အော်..အဲ့ဒါကဒီလိုဟာ...နဂါးသိုက်ရှိတဲ့ နတ်ကွန်းကိုညည်းတို့သိတယ်မလား..."

"အင်းသိတယ်လေ..."

"အေး..အဲ့ဒီ့နတ်ကွန်းကိုစောင့်ဖို့ထုထားတဲ့ ဘီလူးရုပ်ကြီးရဲ့ခန္ဓာကိုယ်မှာ အနီရောင်ဆိုးဆေးတွေနဲ့ဟာ ဘယ်သူကလာရေးသွားသလဲမသိဘူး..
"သုန္နကမြို့ကို ပြာကျစေဖို့
အာဃလူသား ပြန်လာပြီဟေ့
လူမဟုတ် နတ်မဟုတ်
ဘီလူးတစ်ကောင် ပြန်လာမည်တဲ့...အဲ့ဒီစာသားတွေကို တွေ့တာပဲ...ဘယ်သူမှတော့ပြန်မပြောနဲ့နော်..အဲဒီစာကိုအရင်တွေ့ခဲ့တာက ဟိုကပ္ပိယလေး မုန်တိုင်းပဲ..သူကနေတစ်ဆင့် ကိုရင်လေးတွေကို လျှောက်ပြောတော့ အဲ့ဘီလူးရုပ်ကြီးကစာကို သွားသွားကြည့်ကြပြီး အရပ်ထဲကို ပြန့်သွားတာပဲ..အခုဒကာအဂ္ဂကသိပြီး..တရားခံကိုဖမ်းမိရင် ကျားဖြူ‌တောင်မှာ သွားပစ်မှာတဲ့..."

"ဟယ်..ကြောက်စရာကြီးပါလား.."
အေးပုက လုံးလုံးရဲ့လက်မောင်းကို အတင်းဖက်လာပြီး ပြောလေသည်။လုံးလုံးလည်း အရမ်းသိချင်နေမိတယ်။ဘယ်လိုလူက ဒီဘီလူးရုပ်ကြီးမှာ လာပြီးလက်ဆော့သွားတာလဲ။
ကိုရင်မျောက်ရှုံးကလည်း ရှင်းပြပြီးတာနဲ့ထွက်သွားလေသည်။ပတ်၀န်းကျင်မှာ လူသွားလူလာလည်း သိပ်မရှိတော့တာကြောင့် အေးပုကိုလက်တို့ပြီး အိမ်ပြန်ကြမယ်ဟုပြောလိုက်သည်။

"ဝူး!!!!!!"

"ဟာ..ကားကိုဘယ်လိုမောင်းသွားတာလဲ..."

အနက်‌ရောင်ကားတစ်စီးက သစ်ရွက်တွေထူထဲနေတဲ့နေရာကို ဖြတ်ပြီးမောင်းသွားတာကြောင့်  သစ်ရွက်တွေဟာ ဖွားကနဲလေထဲသို့ပျံ့လွှင့်သလိုဖြစ်သွားသည်။ပိုဆိုးတာက လုံးလုံးတို့ကိုယ်ပေါ်မှာ သစ်ရွက်တွေချည်းပဲ။သစ်ရွက်တွေကပါးစပ်ထဲတောင်၀င်တယ်။

"တောက်!!!!ဘယ်လိုစည်းမရှိ..ကမ်းမရှိကများ
..တက်မောင်းသွားသလဲမသိဘူး...အဲ့ကားကိုထပ်တွေ့လို့ကတော့..."

"ဟင်လုံးလုံး..ထပ်တွေ့ရင် နင်ကဘာပြန်လုပ်မလို့လဲ..."

"မျက်စောင်းထိုးပစ်မလို့..."

"ဟမ်..."

"ခုဏက အရှိန်အရမ်းမြန်တော့ မျက်စောင်းမထိုးလိုက်ရဘူးလေ...လာဟာ..သွားကြမယ်.."

ဟုတ်တယ်လေ။ဒီလိုဈေးကြီးတဲ့ကားမျိုးကိုတော့ ဘာသွားလုပ်ရဲမှာလဲ။ကိုယ်လည်း ပြန်လျှော်ပေးနိုင်တာမှမဟုတ်တာ။သေချာတာကတော့ လူချမ်းသာအလွှာက  စည်းကမ်းမသိတတ်တဲ့လူပဲနေမယ်။သုန္နကမြို့မှာ ကားကိုဒီလိုမမောင်းရဘူးဆိုတာ ဒီလူမသိဘူးလား။

🌸
🌸

သုန္နကတောင်ခြေတွင်ရှိသော ဆင်းရဲသားရပ်ကွက်လေးသည်။အလွန်ကိုမှ အေးချမ်းလှသည်။သုန္နကမြို့ပေါ်မှာ သစ်ပင်ပန်းမံတွေ ပေါသည်ဆိုပါက တောင်ခြေကဒီရပ်ကွက်ကလေးကိုတော့ မမှီပေ။ရပ်ကွက်ဆိုပေမဲ့ ရွာအကြီးစားကြီးကဲ့သို့ တည်ရှိနေပြီး ချိုးကွေ့၀င်ရသော လမ်းသွယ်များလည်းရှိလေသည်။ ခြံ၀န်းတွေမှာလည်း တစ်ခြံနဲ့တစ်ခြံအလှမ်းဝေး၍ စကားပြောချင်ရင် လှမ်းအော်ပြောကြသည်ကများသည်။

ထိုစဉ် ရွာဖျားမှနေ၍ လမ်းသွယ်လေးတစ်ခုထဲသို့ အနက်ကောင်ကားတစ်စီးက ၀င်ရောက်လာလေသည်။အလုပ်မှ အဖွဲ့လိုက်ပြန်လာကြ‌‌သော
လူတွေဟာ ထိုကားကြီးကို ကြောင်ကြည့်နေကြလေသည်။သူတို့အတွက် ထူးဆန်းမှုကြီးတစ်ရပ်ပေါ့။သို့ပေမဲ့ ဒီလိုကားအကောင်းစားကြီးက သူတို့နဲ့မအပ်စပ်သလိုဖြစ်‌နေတာကြောင့် ကိုယ့်လိုရာအရပ်သို့သာ ပြန်ကြလေသည်။

ကားသည် တောင်ခြေမှာရှိသော မြေပုံလေးတစ်ခုဘေးမှာ ရပ်တန့်သွားသည်။ကားတံခါးဖွင့်လိုက်သည်နှင့် ကားပေါ်မှလူတစ်ယောက်ဆင်းလာသည်။သူ့လက်ထဲမှာလည်း ပန်းစည်းလေးတစ်စည်းကို ကိုင်ထားပြီး မြေပုံလေးပေါ်သို့တင်လိုက်သည်။
သူဟာ ၀တ်ထားတဲ့အနက်ရောင်အနောက်တိုင်း၀တ်စုံကို ဖုန်ပေလည်းပဲ ဂရုမစိုက်စွာ မြေပုံလေးအနီး၌ ဒူးထောက်ထိုင်ချလိုက်သည်။

ထို့နောက် လက်အုပ်ချီပြီး ထိုမြေပုံလေးပေါ်ကို နဖူးပြင်ထိကပ်သွားသည်အထိ ကန်တော့နေလေသည်။
 မြေပုံလေးထဲမှာ အရိုးပင်ဆွေးနေနိုင်လောက်တဲ့ လူသားအတွက် ၀မ်းနည်းခြင်း မျက်ရည်တို့က ပြည့်နှက်လာသည်။သူ့နှုတ်ခမ်းတွေဟာ တစ်ဆက်ဆက်တုန်နေပြီး၊သူ့မျက်၀န်းဟာလည်း နာကျည်းမှုတွေနဲ့သာပြည့်နေသည်။လက်သီးတွေကို တင်းတင်းဆုပ်ထားတဲ့ သူ့ပုံစံသည် ဝံပုလွေတစ်ကောင်ကဲ့သို့ အသွင်ပြောင်းချင်နေပုံပေါ်သည်။ရှင်းလင်းစွာပုံဖော်ရလျှင် သူအရမ်းဒေါ်သထွက်နေတယ်။

"အဖေ...အဖေ့အတွက် ကျွန်တော်လက်စားပြန်ချေပေးမယ်...အဖေ့အတွက် တရားမျှတမှုကို ကျွန်တော်ပြန်ယူပေးမယ်..."

ဒေ၀၏မျက်၀န်းမှကျလာသော မျက်ရည်များသည် မြေ‌ပုံလေးပေါ်သို့ တစ်ပေါက်ပြီးတစ်ပေါက် စိမ့်၀င်သွားသည်။
မြေပုံလေးပေါ်မှာ သစ်သားပြားလေးတစ်ခုထောင်ထားပြီး အပေါ်မှာရေးသားထားတာကတော့ ဦးမောင်ကြီး အသက်(၃၈)နှစ်ဆိုပြီး မှိုင်းဖျဖျလေး ပေါ်နေသေးသည်။

ထိုနေရာလေးမှာပဲ မလှုပ်မယှက်ပဲ မိနစ်နှစ်ဆယ်လောက်ရပ်နေမိပြီးနောက် သူ့ကားဆီသို့ပြန်သွားလိုက်သည်။ထိုစဉ်ခပ်လှမ်းလှမ်းမှ နတ်စင်ကြီးတစ်ခုကို ထိုင်ကန်တော့နေသော အဖိုးအိုတစ်ယောက်ကို သူတွေ့လိုက်သည်။ထိုနေရာဆီသို့ သွားလိုက်တော့ အဖိုးအိုရဲ့ဆုတောင်းသံတွေကိုလည်း သူကြားနေရသည်။

"အရှင်..နတ်မင်းကြီး...ကျွန်တော့်မှာ နေမကောင်းတဲ့ရက်တွေကများနေတော့ အလုပ်မသွားနိုင်တာနဲ့
...ရေ၀ယ်မချိုးနိုင်တာ သုံးရက်လောက်ရှိပါပြီ
...ဒီကွမ်းလေးကို ဆက်သပါတယ်..မိုးလေးတစ်ဖြတ်လောက်ရွာအောင်..ဆောင်မကြည့်ရှုတော်မူပါ..."

အဖိုးအိုရဲ့ ဆုတောင်းကြောင့် ဒေ၀ရဲ့နှုတ်ခမ်းတစ်ဖက်‌ကွေးညွှတ်တတ်သွားသည်။တကယ်တော့ ဒီနတ်စင်ရဲ့ ရာဇ၀င်ကို သူတစ်ယောက်သာ သိတဲ့သူရှိတယ်။အတိတ်တစ်ချိန်တုန်းကပေါ့..

"ဘကြီးဗြော..ဒီအပင်မှာ ဘာလို့နတ်စင်ကြီးဆောက်ထားတာလည်း.."

"ဟ..ကဝိရ..တို့မြန်မာလူမျိုးတွေက နတ်ဆိုရင် တယ်ကြောက်သကိုးကွ..ယုံလိုက်ကြတာလည်း မပြောနဲ့ကွာ..နတ်ကိုင်ခံရမယ်ဆိုလို့ကတော့ ကျွင်းတူးပြီးတောင်၀င်ပုန်းကြမဲ့အမျိုးဟ..ဟော့ဒီ့မန်ကျည်းပင်လေးက ငါငယ်ငယ်တည်းကရှိနေတာ..အဲ့ဒါတစ်ခြားလူခုတ်မှာဆိုးလို့ နတ်စင်နဲ့ပူးချည်လိုက်တာကွာ..နတ်ဆိုတာနဲ့ဒီသစ်ပင်ကို ဘယ်သူမှလာခုတ်ရဲမှာ မဟုတ်ဘူး..ကြည့်နေ..."

လွန်ခဲ့တဲ့ ဆယ့်နှနှစ်တုန်းက ဘကြီးဗြောရဲ့စကား‌လေးက သိပ်ကိုမှန်လွန်းနေပါလား။ဘကြီး‌ဗြောကတော့ မရှိတော့ပေမဲ့ သူကာကွယ်ပေးခဲ့တဲ့သစ်ပင်ကလေးကတော့ တည်ရှိနေပါသေးတယ်။

"အဘ..."သူ့ခေါ်သံကြောင့် မျက်လုံးမှိတ်ပြီး ဘာတွေရွတ်နေမှန်းမသိရာကနေ သူ့ဆီသို့အကြည့်ရောက်လာသည်။

"ဘာပြောမလို့လဲ..လူလေးရဲ့..."

"မနက်ဖြန်ညနေပိုင်းမှာ မိုးရွာလိမ့်မယ်...အိမ်မှာရေခံဖို့သာပြင်ထားလိုက်..."

"ဟမ်..မောင်ရင်ကဘယ်လိုသိသလဲ..."

ဒေ၀မှာ အဖြေရကြပ်စွာ နားထင်ကို လက်ညှိုးနဲ့ခြစ်လိုက်သည်။ထို့နောက် မုသားလေးနည်းနည်းရောမွှေကာ ပြောလိုက်သည်က..

"ကျွန်တော်က အကြားအမြင်ဆရာလေ..ရှေ့ဖြစ်မှာတွေကို ကြိုမြင်နိုင်တယ်..ကျွန်တော့်ကိုယုံပါ..."

"ကျွန်တော့်ကို ယုံပါ"ဆိုပြီးပြောခဲ့ကာ ထွက်သွားတဲ့လူငယ်အား အဖိုးအိုမှာ မယုံနိုင်ဖြစ်နေသည်။အမှန်တော့သူလုံး၀မယုံပါ။ဒီအရပ်ဒေသမှာ မိုးမရွာတာ နှစ်နဲ့ချီနေပြီဆိုတာ ဒီကောင်လေးမသိလေရော့သလား။ဆောင်းရာသီနှင့် နွေရာသီသာတစ်လှည့်ဆီကူးပြောင်းနေခဲ့တဲ့ ဒီဌာနေမှာ မိုးရွာမယ်လို့ ကြိုပြောနိုင်ခဲ့တဲ့ လူမှာတစ်ယောက်သာရှိပါသည်။ထိုကောင်လေးနာမည်က ကဝိတဲ့။
အခုတော့ ဘယ်သောင်မှာ ‌ ရောက်နေပြီလဲ၊အသက်ရှင်‌နေသေးရဲ့လားဆိုတာကို အဖိုးအိုလည်းမသိတော့ပြီ။
အဖိုးအိုမှာ နတ်စင်လေးဘက်သို့သာ ပြန်လှည့်ပြီး
ဆုပြန်တောင်းနေလိုက်သည်။တကယ်လို့ ရွာရင်လည်း နတ်မတာပဲနေမှာပေါ့။

🌸🌸🌸🌸🌸


========================================================================

🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
                              🍁အခန်း၃🍁

"ဟင်..ဒါဘာလုပ်နေကြတာလဲ..."

ရတုမဟာစံအိမ်ကြီးထဲသို့ ၀င်လိုက်သည်နှင့်
ကမ္ဘာ့အထူးခြားဆုံးမြင်ကွင်းကို မြင်လိုက်ရ
သလိုဖြစ်နေသည်။စံအိမ်ကြီးထဲမှာ အလှဆင်ထားတဲ့ ပန်းချီကားချပ်တွေ၊ပန်းပုရုပ်ထုတွေနဲ့ ကုလားထိုင်‌တွေပါမကျန် အကုန်လုံးစံအိမ်အပြင်သို့ရောက်နေ‌‌လေသည်။

"ပွန်!!!!!.ပွန်!!!!!!.."

ထိုစဉ် ကုန်တင်ကားကြီးလိုမျိုး ကားတစ်စီးကခြံထဲ၀င်လာတာကြောင့် ဟွန်းသံကြားပြီး လုံးလုံးလည်းနောက်ဆုတ်ပေးလိုက်တယ်။
ဘာတွေဖြစ်နေသလဲ?ဆိုတာ တွေးလို့ကိုလုံး၀မရတော့ပါဘူး။ဘာကြောင့် ဒီအိမ်ကြီးထဲက ဇိမ်ခံပစ္စည်းတွေအားလုံးကို ပစ်စလက်ခက် လွှင့်ပစ်ထားသလိုမျိုး ပုံထားရတာလဲ?

"ကဲ..ဒါတွေ..သယ်ကြ..."

လုံးလုံးခမျာ မျက်လုံးကိုပြူးသွားတာပဲ။ကားပေါ်မှဆင်းလာတဲ့ ဦး‌လေးကြီးတွေက ဒေါ်ရွှေရတုအင်မတန်မှတန်ဖိုးထားပါတယ်ဆိုတဲ့ ပစ္စည်းတွေအားလုံးကို သယ်နေကြလေသည်။

"ဦးလေး.."

"ဟေ..ဘာလဲ..ကလေး..."

ပစ္စည်းတွေကို ကားပေါ်တင်နေတဲ့ ဦးလေးကြီးကို လှမ်းခေါ်လိုက်တော့ ဦးလေးကြီးကလည်း ပြုံးကြည့်လာသည်။

"ဒီ..ဒီပစ္စည်းတွေကို ဘာလို့သယ်နေကြတာလဲဟင်..."

"အော်..ဒီအိမ်ပိုင်ရှင်က ရောင်းလိုက်လို့ လာသယ်ခိုင်းတာပါ..."

"ရှင်!!!!"

"ဘာဖြစ်လို့လည်း တူမကြီး..."

"ဘာမှမဖြစ်ပါဘူး..."

လုံးလုံးလည်း ခေါင်းခါပြလိုက်ပြီး ပြန်လှည့်ကြည့်မိတာက စံအိမ်ကြီးထဲသို့။ဒီအိမ်က သူများကိုရောင်းလိုက်လို့များလား။ဒါမှမဟုတ် ဖေဖေတို့က ပစ္စည်းအသစ်တွေလဲချင်လို့များလား။
စိတ်ထဲမှာအရမ်းသိချင်လာတာကြောင့် မရဲတရဲနဲ့ အိမ်ကြီးထဲသို့ လှမ်း၀င်လိုက်သည်။

"ဝိုး!!!...."

ပထမဦးဆုံးမြင်လိုက်ရတာက ဖိနပ်တွေထားတဲ့ဘီဒိုကြီး မှန်ချပ်တွေနဲ့ကာထားပြီး အထဲမှာလည်း ယောက်ျားစီးရှုးတွေ၊ဘွတ်ဖိနပ်တွေဆိုတာ ဘယ်လိုများတိုက်ထားသလဲမသိဘူး။ပြောင်၀င်းပြီး ကိုယ့်ရုပ်ကိုယ်တောင်ပြန်ကြည့်လို့ရလောက်တယ်။

"တစ်..နှစ်..သုံး..လေး.."

ဖိနပ်တွေကိုရေကြည့်လိုက်တော့ အရံသုံးဆယ်လောက်ရှိတယ်။အမယ်လေး!ဘယ်လိုလူမျိုးက ဒီလောက်ဖိနပ်အများကြီးကို ၀ယ်ထားရတာလဲ?သေချာတာကတော့ စံအိမ်ကိုအရမ်းချမ်းသာတဲ့ လူတစ်ယောက် ပြောင်းလာပြီဆိုတာပဲ။
ဘယ်လိုလူမျိူးများလဲ?သိချင်လိုက်တာ။

စံအိမ်ထဲကိုလူမသိအောင် ခိုး၀င်လာရတာဆိုတော့ သူများမကြားအောင်ခြေသံကို ဖွဖွပဲနင်းလိုက်သည်။‌ပုံမှန်ဆိုရင် ဒီအိမ်ကြီး‌ပေါ်ကို မနက်စောစောတစ်ခေါက်ရယ်၊ ခိုင်းစရာရှိလို့  ခေါ်ခိုင်းတာတို့ရယ်မှ လာလေ့ရှိတယ်။
မမရွှေစင်ရှိတုန်းကဆိုရင် မမရဲ့ဝေယျာဝေစ္စတွေလုပ်ပေးဖို့အတွက်‌ စံအိမ်ထဲကိုမကြာခဏလာရတာပေါ့။

"အိုး!!မီးဆိုင်းကြီးကလည်း..ရှယ်ပဲဟေ့..."

စံအိမ်အတွင်းပိုင်း၏ အမြင့်ဆုံးမျက်နှာကျက်မှာချိတ်ဆွဲထားတဲ့ မီးဆိုင်းကြီးကလည်း သေနိုင်လောက်အောင်လှသည်။မမရွှေစင်တီဗွီကြည့်နေတုန်းက ချောင်းကြည့်ခဲ့ရတဲ့ ဇာတ်ကားထဲကလို ရဲတိုက်ကြီးထဲမှာ အလှဆင်ထားတဲ့မီးဆိုင်းမျိုးပဲ။လုံးလုံးက မနက်ကိုးနာရီဆိုရင် ကျောင်းတက်ရပြီး ညနေလေးနာရီမှ ကျောင်းကပြန်လာရတာ။လုံးလုံးကျောင်းတက်နေစဉ်အတွင်းမှာ ဒါတွေအားလုံးကို ပြီးအောင်လုပ်ဖို့ဆိုရင် လူအင်အားတော်တော်ဆိုက်ထုတ်ထားရမှာပဲ။

"မိုက်လှချည်လား..."

ဧည့်ခန်းထဲမှာ အသစ်ထည့်ထားတဲ့ထိုင်ခုံကြီးတွေဟာ ဆိုဖာတွေနဲ့အုပ်ထားတာမဟုတ်ပဲ
Leather လည်သာတွေနဲ့ ဖြစ်နေပါလား။အရင်ကမမရွှေစင်လွယ်ဖို့ လည်သာနဲ့လုပ်ထားတဲ့ပိုက်ဆံအိတ်လေးကိုထုတ်ပေးရင်းနဲ့ သေချာကိုင်ကြည့်ခဲ့ဖူးတယ်။
မဟုတ်မှလွဲရော ဒါလည်သာအစစ်တွေများလား။ထိုင်ခုံလေးကို ခပ်ဖွဖွလေးပွတ်ကြည့်လိုက်တော့ နူးညံ့နေတာပဲ ထိုင်ကြည့်လိုက်ရင်ရော ဘယ်လိုနေမလဲသိချင်လိုက်တာ။

"ဟေ့ကောင်မလေး!!!!"

"အမယ်လေး..ပလုတ်တုတ်!!!..."

နောက်ကျောဘက်မှ အသံနက်ကြီးနဲ့အော်သံဟာ လုံးလုံးကိုလည်ပင်းလေးပု၀င်သွားသည်အထိ အကြောက်ကြီးသွားစေသည်။ဒုက္ခပဲ သူခိုးလူမိတော့ဖြစ်ကုန်ပါပြီ။
ခပ်ကြောက်‌‌ကြောက်နဲ့ပဲ တဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ လုံးလုံးနဲ့မရင်းနှီးတဲ့ မျက်နှာပါလား။အသက်ကတော့ ၄၀ကျော်လောက်ရှိလိမ့်မည်။ရုပ်ရည်ကြည့်ရသလောက်တော့ စိတ်ကောင်းရှိမဲ့ပုံပါပဲ။ပုဆိုးနဲ့ လည်ကတုံးအင်္ကျီကိုတွဲဖက်၀တ်ဆင်ထားတဲ့ ဦးလေးကြီးက လုံးလုံးကို သူခိုးလို့ထင်နေပုံရတယ်။

"ခွင့်ပြုချက်မရှိပဲ...ဘာလို့စံအိမ်ပေါ်ကိုတက်လာတာလဲ?..."

"ဟို...ဒါ..သမီးရဲ့အဖေအိမ်ပါ..."

"အဖေ?...ညည်းအဖေကဘယ်သူလဲ?"

"ဦးဂန္တ၀င်ပါ...."

"အော်..ကိုဂန္တ၀င်ရဲ့သမီးကို..."

အဖေ့နာမည်ကိုပြောလိုက်တာနဲ့ ထိုလူကြီးက ကျောင်းစိမ်း၀တ်ထားတဲ့လုံးလုံးရဲ့ခန္ဓာကိုယ်ကို
စုန်ချည်၊ဆန်ချည်ကြည့်လာလေသည်။စိတ်ထဲမှာ နည်းနည်းတော့ တင်းသွားတယ်။ဘေးလွယ်အိတ်ကလေးကို ရင်ဘတ်မှာတင်းနေအောင်ပိုက်ပစ်လိုက်သည်။

"ဖေဖေ‌တို့ကရော..ဘယ်ရောက်ကုန်ကြတာလဲ..ဦးလေးတို့ကရော ဘာလို့သူများအိမ်ပေါ်မှာ ပိုင်စိုးပိုင်နင်းလာလုပ်နေတာလဲ.."

"ပိုင်စိုးပိုင်နင်း..ဟား..ဟား.."

ဘာမှလည်း ရယ်စရာမပါပဲနဲ့ ထရယ်တဲ့ဦးလေးကြီးကို လုံးလုံးတော့ ပိုပိုပြီးကြည့်မရဖြစ်လာသည်။
ရူးများနေသလားမသိဘူး။
ပြီးနောက် ထိုလူကြီးကရှေ့သို့တစ်လှမ်းတိုးလာလေသည်။ရုပ်ကြီးကလည်း တည်သွားလိုက်တာ ခုဏကရယ်တာ သူမဟုတ်တော့တဲ့အတိုင်းပဲ။

"ဒီမှာ ကလေးမ...မင်းအဖေနဲ့အမေကို တွေ့ချင်ရင်တော့ အလုပ်သမားတန်းလျားကိုသာလိုက်သွား..ဒီနေ့ကစပြီး ဒီစံအိမ်ကြီးကိုဒေ၀ဆိုတဲ့
ငါ့သဌေး ပိုင်သွားပြီ..."

"ဒေ၀..သူကဘယ်သူလဲ?..."

"မင်းသိစရာမလိုဘူး...သွားတော့!!!!"

ဒါလေးမေးတာကို ဖြေလိုက်တော့ ကျားကိုက်မှာမို့လို့လားမသိဘူး။ကလေးဆိုပြီး လူတိုင်းကလာလာဟောက်နေကြတာပဲ။လုံးလုံးက ကလေးမဟုတ်တော့ပါဘူးနော်။ကိုယ့်ဘာသာအသိဆုံး။ထိုလူကြီးကို မျက်စောင်းထိုးပစ်ခဲ့ပြီး အလုပ်သမားတန်းလျားဘက်သို့ ပြေးလာလိုက်သည်။စိတ်ထဲမှာလည်း မေးခွန်းပေါင်းများစွာနဲ့ပေါ့။ #ဒေ၀ဆိုတာ ဘယ်သူလဲ?။ဖေဖေကရော ဘာလို့ အခြားသူတစ်ယောက်ကို ဘာလို့ဒီလောက်ခမ်းနားတဲ့စံအိမ်ကြီးကျ ပေးပစ်ပြီး ကိုယ်တိုင်ကတော့ အလုပ်သမားတန်းလျားမှာသွားနေရတာလဲ။

🌸

🌸

🌸

အလုပ်သမားတန်းလျားဆိုတာ ရတုမဟာခြံ၀န်းကြီးရဲ့ ဟိုးအနောက်ဘက်ချောင်အကျဆုံးမှာဆောက်ထားတဲ့ ခပ်ကျဥ်းကျဥ်းအခန်းဆောင်လေးတွေဖြစ်သည်။တန်းလျားဆီကိုရောက်ဖို့ဆိုရင် သရက်ပင်တန်းကြီးနဲ့ လက်ပံပင်တွေကို ဖြတ်သွားရလေသည်။နွေရာသီဆိုရင် လက်ပံပွင့်နီနီရဲရဲတွေကြွေကျပြီး မြေပေါ်မှာလဲမှို့တွေဆိုတာ ဖြူဖွေးပြီးဝေနေတာပဲ။

လုံးလုံးနဲ့ ကြီးကြီးမေက လဲမှို့တွေကို လိုက်ကောက်ပြီးခေါင်းအုံးစွပ်တွေ၊‌ခေါင်းအုံးတွေချုပ်၊‌
ပြီးရင် လဲမှို့တွေကို ခေါင်းအုံးထဲကို သိပ်ထည့်ပြီးဈေးထဲက အသိဆိုင်မှာ သွားတင်ထားလေ့ရှိတယ်။ရလာတဲ့ပိုက်ဆံလေးတွေကိုတော့ လုံးလုံးကိုမှုန့်ဖိုးပေးတာပေါ့။
ဖေဖေကလည်း လစဉ်ထောက်ပံ့စရိတ်ပေးပေမဲ့ ကြီးကြီးမေ‌ ပေးတဲ့ပိုက်ဆံ‌လေးတွေကို ပိုပြီးတန်ဖိုးထားတယ်။ဒါကြောင့် အဲ့ပိုက်ဆံလေးတွေကို ရွံ့နဲ့လုပ်ထားတဲ့ပစ်တိုင်းထောင်အရုပ်စုဘူးကလေးထဲမှာ စုထားတာနှစ်‌သောင်းကြီးများတောင် ဖြစ်နေပြီပေါ့။

အလုပ်သမားတန်းလျားကိုရောက်တော့ အရင်လိုအခြားလူတွေကိုမတွေ့ရပဲ တိတ်ဆိတ်နေသည်။အခန်းတစ်ခုထဲကနေတော့ စကားပြောသံတွေ ကြားနေရတယ်။ထိုအခန်းရဲ့ တံခါးနားကို ကပ်ပြီး နားထောင်ကြည့်လိုက်တော့....

"ကိုဂန္တ၀င်..အခုကျွန်မတို့ဘယ်လိုလုပ်ကြမလဲ..ဒီအတိုင်းတော့ နေလို့မဖြစ်ဘူးနော်..."

"ဒီအတိုင်းမနေလို့ မင်းကဘယ်လိုနေချင်သေးတာလဲ..ဦးလူထိန်တို့ကဒီတန်းလျားမှာဆက်နေခွင့် ပေးထားတာပဲတော်လှပြီး မဟုတ်ရင်ငါတို့ ဆင်းရဲသားရပ်ကွက်နဲ့ လူလတ်တန်းစားရပ်ကွက်မှာ တစ်နေရာမဟုတ်၊တစ်နေရာ သွားနေနေရမှာ..
အကုန်လုံးက ဝိုင်းပြီးရှုံ့ချကြလိမ့်မယ်သိရဲ့လား..."

"အဲ့ဒါဆိုရင်လည်း..ရှင့်အစ်ကိုကြီးကိုအကူအညီတောင်းလိုက်ပေါ့ရှင်..."

"ရွှေ...မင်းဘာမှမသိဘူးနော်..အခုငါ့ကုမ္ပဏီအရှုံးတွေပေါ်တာလည်း နောက်ကွယ်မှာသူပဲ ခလောက်ဆန်နေတာသိရဲ့လား...ရေသန့်စက်ကြီးထဲကို ဆေးခပ်ခိုင်းတာ သူ့ပရောဂလည်းမကင်းဘူးဆိုတာ..ငါအသိဆုံး...ငါ့မှာသက်သေပြချင်တာတောင်..
ဒီကောင်က အစဖော်လို့မရအောင်အကုန်ရှင်းထားတာ..ဦးလူထိန်သာ သူ့ငွေနဲ့မရှင်းပေးခဲ့ရင်..အခုလောက်ဆို ထောင်ထဲမှာ ငါရှိနေလောက်ပြီ..."

"ဒါဆိုလဲ...ရှင့်အဖေကိုသွားတိုင်လိုက်ပေါ့..."

"ဟာ..အဖေကသူ့ဘာသာဘုန်းကြီး၀တ်နေတာပါဟာ...စည်းစိမ်တွေ၊အာဏာတွေလည်း ရှိတော့တာမဟုတ်ဘူး..သူတတ်နိုင်တာဆိုလို့...ဆူပေးဖို့ပဲတတ်နိုင်တယ်...အဖေ့ကိုငါသွားတိုင်မှန်းသာသိရင် ညီအစ်ကိုချင်းလည်း အရှင်ထားမှာမဟုတ်ဘူးကွ..."

"ဒါဆို..ကျွန်မတို့ကဘယ်လိုလုပ်ရတော့မှာလဲ..ကျန်နေသေးတဲ့ လက်၀တ်လက်စားကလည်း
သမီးရွှေစင်ဟိုမှာကျောင်းတတ်ဖို့အတွက် ထောက်ပံ့ရအောင် သိမ်းထားမှဖြစ်မယ်
...အလုပ်သမားတွေလည်းအကုန်အလုပ်ထုတ်ပစ်လိုက်တာ တစ်ယောက်မှမရှိတော့ဘူး...ကျန်တာဆိုလို့ ကားလေးတစ်စီးပဲရှိတော့တယ်..."

"မင်းကထိုင်ငြီးနေသိလား..အဲ့ကားလည်းရောင်းလိုက်တော့ ဦးလူထိန်ကိုပြန်ဆပ်ရမဲ့အကျွေးက အခု
စံအိမ်ကိုပေးလိုက်တာနဲ့တင်မကြေသေးဘူး...
ဒီတစ်သတ်တောင် ဆပ်လို့ကြေပါ့မလားမသိဘူး..."

"ဒါဆိုလည်း..ဦးလူထိန်‌ဆီမှာ အလုပ်ကလေးတောင်းကြည့်ပေါ့...ဒါမှကျွန်မတို့တွေပြန်ပြီးရှေ့ဆက်လို့ရမှာ..."

"အေးပါကွာ..ငါစဉ်းစားပါအုံးမယ်..."

"နောက်ပြီး လုံးလုံးကိုလည်း ရွှေစင်ရုပ်လွှာအဖြစ်ပဲနေခိုင်းနော်..တကယ်လို့အကြွေးမဆပ်နိုင်ပဲ ကျွန်မတို့ထွက်ပြေးတာတို့၊ဘာတို့လုပ်ရင် သမီးရွှေစင်ကို အမှုသွားပတ်နေမယ်..."

"မင်းကွာ..စိတ်ညစ်ရတဲ့အထဲ..."

တရားကျဖို့‌ကောင်းလိုက်တာ မမရွှေစင်ကိုတော့အပစ်လွတ်‌အောင်ထားပြီး လုံးလုံးကိုကျတော့ ကျီးထိုးထိုး၊လင်းတစားစားပေါ့‌လေ။
လူ့ဘ၀ကြီးကလည်း မတည်မြဲမှုတွေနဲ့ပဲ ပြည့်နှက်နေတာပါလား။မနက်ကတင် စံအိမ်ကြီးထဲကဇိမ်ခံကုလားထိုင်ကြီးမှာ ထိုင်နေတဲ့အဖေက ညနေကျတော့ ပိုးဟပ်တွေ၊ကြွက်တွေပေါတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲကို ပြောင်းလာခဲ့ရပြီ။

"ကျွီ...."

ကိုယ့်အခန်းကျဉ်းလေးထဲကို ၀င်လိုက်တော့ ကြီးကြီးမေရဲ့ အ၀တ်ထုတ်တွေ ၊အိင်္ကျီတွေကိုမတွေ့ရတော့ဘူး။ကြည့်ရတာ ဖေဖေတို့အိမ်ပြန်ခိုင်းလိုက်ပြီ ထင်ပါတယ်။ဒါဆိုရင် ဒီအခန်းထဲမှာ လုံးလုံးတစ်ယောက်ထဲသာနေရတော့မှာပေါ့။
အရင်တုန်းကလို "လုံးလုံးလေးပြန်လာပြီးလားဆိုပြီး..." လွယ်အိတ်ကလေးကို တိုင်မှာသွားချိတ်ပေးတာတို့ ၊ စာကျက်ရတာပင်ပန်းမှာပဲဆိုပြီး နွားနို့လေး လာတိုက်လိုက် ၊ခေါင်းလေးပုတ်လိုက် လုပ်ပေးမဲ့ လူလည်းမရှိတော့ဘူးပေါ့။

လွယ်အိတ်လေးကို တိုင်မှာချိတ်လိုက်ပြီး အိပ်ယာခင်း‌တွေခေါက်ထားတဲ့ဘေးနားမှ ပစ်တိုင်း‌ ထောင်စုဘူးလေးကို လှမ်းယူလိုက်သည်။
ပြီးနောက် လုံးလုံးရဲ့ခြေလှမ်းတွေကတော့ တန်းလျားနဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ နွားတင်းကုပ်ဆီသို့ ဦးတည်မိသည်။

တင်းကုပ်အပြင်ဘက်ကနေ နွားမကြီးကိုကြည့်ပြီး မျက်ရည်တွေလည်းကျမိပါတယ်။ဒီအတိုင်းဆိုရင် ဒီနွားမကြီးကိုလည်း ရောင်းပစ်လောက်တယ်။
ဒီနွားမကြီးက လုံးလုံးကိုနှနှစ်တိတိ နို့ရည်နဲ့အသက်ဆက်ပေးခဲ့တဲ့ နွားမလေးမိဖြူရဲ့ နောက်ဆုံးမျိုးဆက်ပေါ့။
ရင်ခွင်ထဲမှာ စုဘူးလေးကိုပိုက်ပြီး တရှိုက်မက်မက်ငိုမိပါသည်။

🌸
🌸
🌸

ရတုမဟာစံအိမ်ကြီးထဲသို့ အနက်ရောင်ကားလေးတစ်စီး ၀င်လာလေသည်။ထိုကားလေးက
ပေါ်တီကိုအောက်၌ စက်ရပ်သွားပြီး အနက်‌ရောင်အနောက်တိုင်း၀တ်စုံအပြည့်နဲ့ လူတစ်ယောက်ဆင်းလာသည်။ထိုလူကိုတွေ့တာနဲ့ ဦးလူထိန်အပါအ၀င် အလုပ်သမားတွေအားလုံးပြေးထွက်လာကြပြီး
ညီနေအောင် တန်းစီလိုက်ကြသည်။

"ဆရာ...အထဲကို၀င်စစ်ကြည့်ပါလား..အဆင်ပြေလားလို့ပါ..."

"နေပါ...ခြံထဲကိုလှည့်ပတ်ကြည့်လိုက်အုံးမယ်.. "

စီးကရက်ကို ရွှေရောင်မီးခြစ်နဲ့ မီးညှိုလိုက်ရင်း လက်ညှိုးတစ်ချောင်းကို လေထဲမှာဝေ့ပြလိုက်တော့ ဦးလူထိန်က ခေါင်းငြိမ့်ပြသည်။

ဒေ၀ရဲ့မျက်၀န်းတွေဟာ ခြံ၀န်းတစ်ခုလုံးကို စူးစမ်းသလို ကြည့်လိုက်ရင်း ဆွေးမြေ့စွာ တစ်လှမ်းခြင်းခြေလှမ်းနေမိသည်။ဒီခြံ၀န်းထဲမှာပဲ သူ့ရဲ့ဘ၀ကံကြမ္မာဆိုးတွေ စတင်ခဲ့သလို၊ ချစ်စဖွယ် အတိတ်ရဲ့သဏ္ဍန်လေးတွေကလည်း ဒီခြံ၀န်းထဲမှာပဲ အရိပ်ထင်နေတယ်။လွန်ခဲ့တဲ့ဆယ့်နှနှစ်ကထက်
စံအိမ်ကြီးကပိုပြီး တောက်ပလာပေမဲ့ သူ့ရဲ့ခံစားချက်တွေကတော့ အရင်အတိုင်း တည်မြဲလျှက်ပဲ။

"အဟင်း..လက်ပံပင်တွေ ရှိနေသေးတာပဲ..."

နှုတ်ခမ်းပါးမှ ရေရွတ်လိုက်ရင်း အနီရဲရဲလက်ပံပွင့်လေးတစ်ပွင့်ကို ကောက်လိုက်သည်။ကောင်းကင်ကိုမော့ကြည့်လိုက်တော့ လေပြေနဲ့အတူ အနည်းငယ်လွင့်လာတဲ့ လဲမှို့လေးတွေ။

မှတ်မိပါသေးတယ် လေပြင်းတိုက်တဲ့နေ့က ‌လုံးလုံးဆိုတဲ့ ကလေးမလေးနဲ့ လွှင့်ပျံနေတဲ့ လဲမှို့တွေကြား ပျော်မြူးခဲ့တာလေးကိုပေါ့။ကလေးလေးက လဲမှို့တွေကို လိုက်ဖမ်းရင်း..
"ကဝိကြီး လုံးလုံးဖမ်းလို့မိဘူး.."ဆိုပြီး မပီကလာလေးနဲ့ပြောတော့ ချီပြီး သူ့ဂုတ်ပေါ်ကိုထမ်းတင်ခဲ့တာ။ သူ့ဂုတ်ပေါ်ကနေ လက်သေးသေးလေးနဲ့ မှို့‌အမှုန်အမွှားလေးတွေကို ဖမ်းနေတဲ့ ကလေးမလေး။သူ့အတွက် အချိုမြိန်ဆုံးသကြားလုံးလေးပေါ့။

"အဟင်း..လုံးလုံးရေ..ကိုကြီးပြန်ရောက်လာပြီ..
မင်းကရော..."

အာရုံထဲကို ၀င်လာတဲ့ကလေးမလေးရဲ့ ပုံရိပ်လေးကပင် သူ့အားစစ်မှန်သောအပြုံးတစ်ခုကို ပေါ်ပေါက်လာစေသည်။
လက်ပန်ပွင့်လေးကို ချလိုက်ပြီး သစ်ရွက်ခြောက်တွေနဲ့ သစ်ကိုင်းခြောက်တွေအပေါ်မှ ဖြတ်နင်းကာ ခြံ၀န်းအနှံ့ကိုလျှောက်ကြည့်နေမိသည်။

"..နင့်ကိုငါမခွဲချင်ဘူး...ဟင့်..နင်တို့ထွက်သွားကြရင် ငါကဘယ်လိုလုပ်ရပါ့မလဲ..."

ဒေ၀၏ နားထဲမှာငိုသံလိုလို ၊စကားပြောသံလိုလိုကြည့်နေရသည်။လိုက်ရှာကြည့်မိတော့ အပင်တစ်ခုနဲ့ ကွယ်နေသောခန္တာကိုယ်လေးတစ်ခု။ပြီးတော့ ကျောင်းစိမ်း၀တ်စုံလေးနဲ့။

အနောက်မှကြည့်ရသလောက် ဆံပင်ဂုတ်၀ဲလေးနဲ့ မိန်းကလေးဖြစ်နေသည်။နောက်ပြီး သူမစကားပြောနေတာက လူနဲ့မဟုတ်ပဲ နွားနဲ့ပြောနေတာပါလား။အတော်ထူးဆန်းတဲ့မိန်းကလေးပဲ။
သူမရဲ့အနောက်မှ သရက်ပင်ကြီးကို မှီရင်း ဖွာရှိုက်နေတဲ့ ဆေးလိပ်ကို မြေပေါ်သို့ပစ်ချလိုက်သည် ။
မီးမကူးစေရန် ပြောင်လက်နေသော ရှူးဖိနပ်ရဲ့ ဖနောင့်နဲ့ နင်းခြေပစ်လိုက်သည်။

"နင်..ငါတို့နဲ့တစ်သတ်လုံးနေရင် ကောင်းမှာပဲဟာ..အခုတော့..ဟင့်..."

"နွားက မင်းရဲ့စကားကို နားလည်လို့လား..."

"ဟင်..."

တိုးတိုးလေးပေမဲ့ ကြည်လင်းပြီးဩဇာရှိတဲ့ အသံကြောင့် လုံးလုံးနောက်သို့လှည့်ကြည့်လိုက်မိသည်။

ဘုရားရေ..ချောလိုက်တာ။ဒီလူကဘယ်သူပါလိမ့်။ အရပ်ကြီးကလည်း အရှည်ကြီးပဲ ။ယောက်ျားကြီးတန်မဲ့မျက်တောင်‌တွေက ထူပိန်းပြီးကော့ညွှတ်နေတဲ့အပြင် မျက်၀န်းအိမ်ကနေအရောင်တွေတောက်နေသလိုပဲ။ရုပ်လေးနဲ့မှမလိုက် အကြည့်တွေကတော့ ကြမ်းကြုတ်နေလိုက်တာများ။

သူ့ကို သေချာစူးဆိုက်ကြည့်နေတဲ့ ကောင်မလေးကို ဒေ၀မျက်ခုံးကြီး ကြုံ့ပြီးပြန်ကြည့်လိုက်သည်။သူမကိုကြည့်ရတာ တော်တော်လေးငိုထားပုံရတယ်။မျက်သားတွေက နီနေသည်။သူ့နဲ့ အကြာကြီးအကြည့်ချင်းဆုံးဖို့ ဘယ်သူကမှ မတတ်နိုင်ဘူး။သူမကတော့...

"ဟင်..."

သူမရဲ့လက်ထဲမှာ ပိုက်ထားတဲ့ပစ်တိုင်းထောင်အရုပ်ကလေးကြောင့် သူ့အတွေးထဲကို လူတစ်ယောက်၏ အမည်နာမက၀င်ရောက်လာသည်။

"လုံးလုံး...မင်းက လုံးလုံးမလား..."

"အာ့..ဘာလုပ်တာလဲ..."

အခုမှစတွေတဲ့ လူကြီးက အတင်းပြေးလာပြီး လုံးလုံးရဲ့အမည်ကို ခေါ်ပြီး ညာဘက်လက်မောင်းကို ကိုင်လှုပ်လိုက်တော့ စိတ်ထဲမှာထိတ်လန့်သွားတယ်။

"ဦးလေးက ဘယ်သူလဲ...ကျွန်မကိုလွှတ်ပါ..."

သူမက အတင်းရုန်းပေမဲ့ တင်းကုပ်ရဲ့သစ်လုံးတိုင်လေးကို ကပ်သွားလောက်အောင်အထိ သူမရဲ့ လက်မောင်းကို အားပါပါနဲ့ဖိကပ်လိုက်မိသည်။
သူ့ရဲ့အကြည့်စူးစူးတွေကိုလည်း သူမဆီသို့ပို့လွှတ်လိုက်သည်။

"မင်း..လုံးလုံးမဟုတ်‌ဘူးလား..ပြောစမ်း...လုံးလုံးဘယ်မှာလဲ..."

"ဘာ!!အဟား..ဘာတွေလာမေးနေတာလဲ..ဖယ်စမ်းပါ..."

"မင်းကိုငါနောက်နေတာမဟုတ်ဘူး..လုံးလုံးဘယ်မှာလဲလို့..မဖြေရင်မင်းအသေပဲ..."

ထိုလူရဲ့ ခြိမ်းခြောက်လိုက်တဲ့ ဟိန်းသံကြီးက နုငယ်တဲ့လုံးလုံးရဲ့ အသဲနှလုံးကိုတောင် လာရိုက်ခက်လေသည်။‌ကြောက်လွန်းလို့ ဒူးတွေပါတုန်လာပြီး၊သေးပါထွက်ချင်လာတယ်။သူဖိညှစ်နေတဲ့ လက်မောင်းတစ်ဖက်ကလည်း နာလာသလိုပဲ ။
ခုဏက ချောတယ်လို့ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုယ်တောင် ဖြတ်ရိုက်ပစ်ချင်လာတယ်။ကြည့်နေတဲ့ အကြည့်ကိုက ဘီလူးကြီးလိုပဲ ကြောက်စရာသိပ်ကောင်းတယ်။လုံးလုံးကို ဘာဖြစ်လို့ရှာနေတာလဲ?။လုံးလုံးက ရှင့်အရှေ့မှာလေလို့ ပြောချင်ပေမဲ့။ကြောက်စရာကောင်းတဲ့ သူ့ပုံစံကြီးကြောင့် ပါးစပ်ကပြောမထွက်ဘူး ဖြစ်နေသည်။

"ငါမေးနေတယ်.. ဖြေ!!!!"

"အာ့..သူထွက်သွားပြီ..."

"ဘာ!!!"

"ဟုတ်တယ်..သူအခြားမြို့ကိုထွက်ပြေးသွားပြီ...ကျွန်မကသူ့ရဲ့အမွှာအမ..ရွှေစင်ရုပ်လွှာပဲ..
ကဲဦးလေး သိချင်တာသိရပြီးမလား...ကျွန်မကို..."

"ကျွန်မကိုလွှတ်"လို့ ပြောမလို့ကြံခါရှိသေးတယ်။ချက်ချင်းလွှတ်လိုက်ပြီး တွေဝေသွားတဲ့သူ့ပုံစံကြောင့် ထိုနေရာမှအမြန်ပြေးထွက်လာလိုက်သည်။

ထွက်ပြေးသွားတဲ့ ကောင်မလေးရဲ့ကျောပြင်ကိုကြည့်ပြီး ဒေ၀‌ရဲ့မျက်နှာဟာ ၀မ်းနည်းမှုတွေ ပြည့်သိပ်လာသည်။လုံးလုံးမရှိတော့ဘူးတဲ့။ကလေးမလေး ဘယ်လောက်တောင် ခံစားရရှာလို့ ထွက်ပြေးသွားရတာပါလိမ့်။
အမွှာအမ ရွှေစင်ရုပ်လွှာတဲ့ ဒါဆိုရင် လုံးလုံးရဲ့မျက်နှာလေးကလည်း ဒီမိန်းကလေးလိုပဲ ဖြစ်နေမှာပေါ့။
ကိုကြီးပြန်လာတဲ့အချိန်မှာ မင်းကမရှိတော့ဘူးတဲ့လားကွာ။

စံအိမ်ကြီးဆီသို့ လေးလံစွာ ခြေလှမ်းလာတဲ့လမ်းတစ်လျှောက်မှာ အတိတ်ရဲ့အရိပ်တွေကလည်းထပ်ကြပ်မခွာလိုက်လာခဲ့တယ်ထင်ပါရဲ့။သူ့ရဲ့အတွေးထဲမှာ လုံးလုံးဆိုတဲ့ကောင်မလေးရယ်၊ဖေဖေရယ် ၊ပြီးတော့ သုန္နကမြို့ကြီးရယ်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

#ဤဇာတ်လမ်းတွင်ပါရှိသောအကြောင်းအရာများနှင့်သုန္နကမြို့ဟူသည်မှာစာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါသည်

🌸🌸🌸🌸🌸🌸🌸

========================================================================

🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
                              🍁အခန်း၄🍁

                              
လွန်ခဲ့သော ဆယ့်နှနှစ်တာကာလ🍁

"ဟေး..မိုးရွာပြီဟေ့..."

နှစ်ပေါင်းများစွာ မိုးခေါင်မှုနဲ့သာကြုံနေရတဲ့
သုန္နကမြို့ရဲ့ဖုန်အလိမ်းလိမ်းကပ်နေတဲ့ မြေပြင်ပေါ်သို့ မိုးသီး၊မိုးပေါက်တွေက အရှိန်ပြင်းစွာကြွေကျလာသည်။
ကလေး၊လူကြီး တစ်ယောက်မကျန်အောင်
လမ်းမပေါ်သို့ ထွက်လာကြပြီး ကခုန်နေကြ
လေရဲ့။သူတို့အတွက်တော့ သကြားမင်းကြီးက သတိတရပေးလိုက်တဲ့ အခွင့်အရေးပဲပေါ့။

"ဝေါ!!..ဝေါ!!ဂျိန်း..."

"အား!!!!"

"သား..သားဘာဖြစ်တာလဲ..."

အိပ်မက်ကနေလန့်နိုးလာတဲ့ ကျွန်တော့်ကိုအဖေက စိုးရိမ်တကြီး ကြည့်လာသည်။ပတ်၀န်းကျင်ကို ကြည့်လိုက်တော့ ညဘက်မှောင်နေသေးတုန်းပဲ။

"သား..ရေသောက်မလား..."

ရေနံဆီမီးခွက်ကို မီးထွန်းလိုက်ပြီး အဖေမေးလာတော့ ကျွန်တော်လက်ကာပြလိုက်တယ်။ရေအိုးထဲမှာ ရေကသိပ်မရှိတာကျွန်တော်သိတာပေါ့။ဘာမဟုတ်တာလေးနဲ့ ရေကိုအလဟသမဖြုန်းချင်ဘူး။

"အဖေ့..."

"ဟေ..သားဘာပြောမှာလဲ..ပြောလေ..."

ကျွန်တော့်ကိုစိုးရိမ်တကြီးကြည့်နေတဲ့ အဖေ့မျက်နှာက အဆီတွေပြန်နေသည်။နဂိုကမှအသားညိုတဲ့အဖေ့သွင်ပြင်က အလုပ်ကြမ်းတွေပဲလုပ်နေရတော့ အမှောင်ထဲမှာ မြင်ရဖို့တောင်ခဲယဉ်းနေတယ်။ကျွန်တော်အဖေ့ကို တည့်တည့်ဆိုက်ကြည့်လိုက်တယ်။

"ကျွန်တော်တို့ ရေကန်တူးရအောင်..."

"ဘာ!!!

ကျွန်တော် သထွေးကိုမျိုချလိုက်ပြီး ပိုပြီးလေးနက်တဲ့အသံမျိုးဖမ်းလိုက်တယ်။

"ကျွန်တော်တို့ ရေကန်အကြီးကြီးတူးကြရအောင်အဖေ..အခုပဲ..အခုချက်ချင်း..."

"နေ..နေပါအုံးသားရယ်...ဒီအရပ်မှာမိုးမရွာတာကြာပြီ..ရေကန်တူးလဲ..အလကားလူပဲပင်ပန်းမှာပေါ့..."

ကျွန်တော် အဖေ့ရဲ့လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။အဖေ့ကိုကြည့်နေတဲ့ ကျွန်တော့်ရဲ့မျက်၀န်းတွေထဲမှာ တိကျမှုတွေရှိနေတယ်။ဒါကိုအဖေလည်း သိလောက်မှာပါ။

"မနက်ဖြန် ညနေမှာ မိုးရွာလိမ့်မယ်..."

"သေချာလို့လား.."

"လုံး၀သေချာတယ်...ကျွန်တော်သေချာပေါက်ကို မြင်လိုက်တာ..."

အဖေကတစ်ချက်တွေဝေသွားသည်။အဖေဘာတွေးနေလည်း ကျွန်တော်သိတာပေါ့။ဒါပေမဲ့ အဖေကျွန်တော့်ကို မယုံလို့မရဘူး။အဓိကအားဖြင့်  အနာဂတ်ကို ကြိုမြင်နိုင်တဲ့ကျွန်တော့်ရဲ့အိပ်မက်တွေကိုပေါ့။

"ကောင်းပြီ...အဖေတို့ ဒီတစ်ညလုံးတူးကြတာပေါ့..ဒါနဲ့အခြားသူတွေကိုပါပြောလိုက်ရင်
မကောင်းဘူးလား..."

"မပြောနဲ့အဖေ လူတိုင်းကစေတနာနဲ့မထိုက်တန်ဘူး...သူတို့ကိုသွားနှိုးရင်..ကျွန်တော်တို့ကို အော်ငေါက်လိုက်တာပဲ အဖက်တင်လိမ့်မယ်..."

"အေးပါကွာ...ဒါဆိုလုပ်ငန်းစကြတာပေါ့..."

ထိုညမှာ အဖေနဲ့ကျွန်တော်နှစ်ယောက်ထဲ
အမှောင်ရိပ်ကိုခိုရင်း အိမ်ထဲမှထွက်လာလိုက်တယ်။ကျွန်တော်တို့သားအဖရဲ့ လက်ထဲမှာလည်း ဂေါ်ပြားတွေ ၊ပေါက်တူးတွေ၊ပေါက်ပြားတွေနဲ့ပေါ့။

ခြံရဲ့အ‌နောက်ဖက် မြေကွက်လပ်ကြီးထဲမှာအလျားဆယ်ပေ၊အနံဆယ်ပေကို အရင်ပေတိုင်းလိုက်ပြီး ကျွန်တော်တို့ မြေကြီးတွေကို စတူးကြတယ်။ညဆယ်နာရီကနေစပြီး အားသွန်ခွန်ဆိုက်တူးလိုက်တာ မနက်လေးနာရီခွဲမှာ ရပ်တန့်လိုက်ကြတယ်။ မြေကြီးကို အဆက်မပြတ်တူးဆွခဲ့တာကြောင့် ကျွန်တော့်လက်တွေ ပေါက်ပြဲကုန်လည်း ကျွန်တော်တစ်ချက်တောင် မငြီးမိအောင်နေတယ်။အခုအချိန်ခဏလေး ပင်ပမ်းသွားတာက ဘာများဖြစ်သွားမှာမို့လို့လဲ။

"အင်း..."

‌မြေကြီးပေါ်မှာပဲ သားအဖနှစ်ယောက် ခြေပစ်လက်ပစ်လှဲချလိုက်ကြတယ်။ကျွန်တော့်ဘေးမှာ အသက်ရှူသံတွေပြင်းပြီး မောပမ်းနေတဲ့အဖေက ကျွန်တော့်မျက်နှာကို လက်နဲ့လာစမ်းပြီး..

"သားပင်ပန်းသွားပြီလား..."

"အဟင်း..သားကအခုမှအသက်ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်...အဖေကပိုပင်ပမ်းနေမှာပေါ့..."

"ဟား..ဟား..အဖေကအမာကြီးပါကွ..."

ကြွားလုံးထုတ်နေတဲ့ အဖေ့အသံက မောသံလေးဆွတ်နေသည်။ကောင်းကင်ပေါ်မှာခပ်ပြပြ‌မြင်နေရတဲ့ လမင်းကြီးကိုကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ တစ်ခုခုကတိုး၀င်လာသလိုပဲ...

"အဖေ...အမေ့ကို သတိမရဘူးလား..."

"သတိရတာပေါ့ကွာ...အဖေ့ရင်ထဲမှာ မင်းအမေရဲ့ပုံသဏ္ဍန်က ဘယ်အချိန်..ဘယ်နေမှာမှ ဖျောက်ပစ်လို့မရအောင်ပါပဲ..."

အသံတိမ်၀င်သွားတဲ့ အဖေ့ကို ဘေးတစောင်းလေး ကြည့်လိုက်တော့ အဖေ့မျက်စွံလေးမှာ မျက်ရည်စလေးဝေ့နေတာကို တွေ့လိုက်ရတယ်။
ကျွန်တော်လည်း အမေ့ကို သိပ်သတိရတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲတမ်းတနေပါစေ အမေကပြန်မလာနိုင်တော့ပါဘူးလေ။

🍁🍁🍁🍁🍁🍁🍁🍁🍁

မနက်ခင်းရဲ့အလင်းရောင်နှင့်အတူ ကျွန်တော်အိပ်ယာနိုးလာခဲ့တယ်။ကျွန်တော့်နားထဲမှာ ကြားနေရတာက ကျေးငှက်တွေရဲ့တွန်ကျူးသံနဲ့ လမ်းမထက်မှာ သွားလာလှုပ်ရှားနေကြလူသံတွေပဲ။ဘေးကိုကြည့်လိုက်တော့ အဖေမရှိတော့ဘူး။

"အဖေ..အလုပ်သွားပြီထင်တယ်..."

အိပ်ယာအမြန်က စောင်တွေ၊ခြင်ထောင်တွေကိုအမြန်သိမ်းပြီးတဲ့နောက် ထမင်းအိုးတည်ပြီးဆန်ဆေးလိုက်တယ်။
အားလုံးချက်ပြုတ်ပြီးစီးသွားတဲ့နောက်မှာ နှစ်စုံသာရှိတဲ့ ကျွန်တော့်ရဲ့ကျောင်းစိမ်း၀တ်စုံလေးကို ၀တ် ပြီးလွယ်အိတ်ကိုလွယ်ကာ အိမ်ကနေထွက်လာလိုက်တယ်။ကျွန်တော့်လက်ထဲမှာလည်း ထမင်းချိုင့်နှစ်ခုနဲ့ပေါ့။တစ်ခုက အဖေ့အတွက် တစ်ခုက ကျွန်တော်ကျောင်းမှာစားဖို့အတွက်‌။

ကျွန်တော်တို့ဆင်းရဲသားတွေနေတဲ့ ရပ်ကွက်ကနေ၊ဖေဖေအလုပ်လုပ်နေတဲ့ သူကြွယ်ရပ်ကွက်ဆီကို တစ်နာရီလောက်ကျွန်တော်လမ်းလျှောက်လိုက်ရတယ်။ကျွန်တော့်မှာ စက်ဘီးလေးတစ်စီးတောင်မရှိတာကြောင့် ခြေထောက်ကရှယ်ကိုအညောင်းခံနေရတာပေါ့။

သုန္နကမြို့ဆိုတာ မြန်မာနိုင်ငံအထက်ပိုင်းမှာ တည်ရှိတဲ့ မြို့လေးတစ်မြို့။သစ်ရွက်ကြွေမြို့လို့လည်း သမုတ်ကြတယ်။အကြောင်းကတော့ ထိုမြို့လေးရဲ့ နေရာတိုင်းမှာ ရွက်ဝါတွေသာအစဉ်အမြဲကြွေနေ၊ဝေနေတတ်တဲ့ အပင်ကြီးတွေပေါက်ရောက်နေကြလို့ပါပဲ။
မိုး‌ခေါင်လွန်းတဲ့ဒေသမို့ သစ်ရွက်ဝါတွေပဲကြွေနေတာမဆန်းတော့ပါဘူး။ထိုအပင်တွေကို မခုတ်ရဆိုတဲ့ စည်းကမ်းဟာ ဘိုးဘေးဘီဘင်တည်းကသတ်မှတ်ခဲ့တာကြောင့် ဘယ်သူကမှလက်ဖျားနဲ့တောင် မထိရဲကြဘူး။

သုန္နကမြို့ကို အပိုင်းသုံးပိုင်းခွဲခြားထားတယ်။
အပိုင်(၁)‌သူဌေးသူကြွယ်တွေနေသော အပိုင်း၊အပိုင်(၂)လူလတ်တန်းစားတွေနေသောအပိုင်း၊
အပိုင်(၃)သူဆင်းရဲတွေနေသောအပိုင်း ဆိုပြီး ပေါ့။ဒါဟာ အစဦးကတည်းကရှိခဲ့တာမျိုးမဟုတ်ပဲ သူကြွယ်တွေက လူလတ်တန်းစားတွေကိုဖိနှိပ်၊လူလတ်တန်းစားတွေက သူတို့ထက်ဆင်းရဲသူတွေကိုဖိနှိပ်နဲ့ ကြာလာတော့အကျင့်ဖြစ်လာရော။ဒီလိုကနေ ဓလေ့ဖြစ်လာခဲ့တယ်ဆိုပါစို့။နောက်ဆုံးမှာတော့ ကျွန်တော်တို့၊အဖေတို့ဟာ နင်းပြားဘ၀တွေကို ရောက်မှန်းမသိရောက်သွားရတော့တာပါပဲ။

"ဦးလေး..ဦးလေး.."

ဖေဖေတို့ပြုပြင်မွန်းမံနေတဲ့ ပန်းခြံကြီးရဲ့ဂိတ်၀ကိုရောက်တော့ သံဗန်းတံခါးအနီးက တာ၀န်ရှိသူတစ်ယောက်ကို ကျွန်တော်ခေါ်လိုက်မိတယ်။

"ဘာလဲကွ...မင်းကဘယ်သူလဲ..."

"ကျွန်တော့်နာမည် ကဝိပါ..အဖေ့ကိုထမင်းချိုင့်လာပို့ပေးတာပါ..."

"မင်းအဖေနာမည်က ဘယ်သူလဲ..."

"ဦးမောင်ကြီးပါ..."

"အော်..အင်း..ထမင်းချိုင့်ငါ့ကိုပေးခဲ့..."

တံခါးသံတိုင်တွေကြားမှ ထိုလူကြီးက လက်ထုတ်ပြီးထမင်းချိုင့်ကိုတောင်းနေပေမဲ့ ကျွန်တော်စိတ်မချဘူးဖြစ်နေတယ်။

"ဟို..တံခါးလေးဖွင့်ပေးလို့မရဘူးလား..အဖေ့ကို ကိုယ်တိုင်ပေးချင်လို့..."

"ဒီမှာကောင်လေး..သိပ်အရစ်မရှည်နဲ့...ငါလုပ်စရာတွေရှိသေးတယ်..မင်းအဖေလည်းအလုပ်ရှုပ်နေတယ်..ငါ့ကိုသာပေးခဲ့..."

ထိုလူကြီးကို ကြောက်လို့တော့မဟုတ်ပေမဲ့
ကျွန်တော့်ကျောင်းချိန် နောက်ကျမှာဆိုးတာကြောင့် ထမင်းချိုင့်ကိုပေးခဲ့လိုက်တယ်။မြင်ရတဲ့နေရာလေးကနေ အဖေ့ကိုချောင်းကြည့်တော့ အရိပ်ကလေးကိုတောင်မတွေ့ရဘူး။

ကဝိဟာ ထိုခြံကြီးကိုကျော်ခိုင်းလိုက်တဲ့နောက်မှာတော့ ထမင်းချိုင့်ကိုကိုင်ထားတဲ့ လူကြီးကကောက်ကျစ်သောအပြုံးတစ်ခုကိုဖန်တီးလိုက်သည်။

"အဟက်...စိတ်တော့မကောင်းဘူးကောင်လေးရယ်...မင်းရဲ့ထမင်းချိုင့်က ငါ့ခွေးလေးနဲ့မှပိုလိုက်ဖက်မှာ...ဟား..ဟား..."

ကဝိမသိလိုက်တာကတော့ ထိုနေ့မှာသူ့အ‌ဖေ
ဦးမောင်ကြီးခမျာ နေ့လည်စာမစားရပဲ အိမ်ပြန်လာခဲ့ရတယ်ဆိုတာကိုပေါ့။

🍁🍁🍁🍁🍁🍁🍁

"ဒေါက်!"

"ဟဲ့...ကဝိ...ထစမ်း..."

ကျောင်းစာသင်ခန်းထဲမှာ စာသင်တဲ့အချိန်ကြီးခုံတန်းပေါ်ကို‌ ကျွန်တော်ခေါင်းမှောက်အိပ်နေမိခဲ့တယ်။တစ်ညလုံး ရေကန်တူးထားရတော့ ကျွန်တော်သိပ်ကိုပင်ပမ်းသွားလို့ပါ။

"ကဝိ..မင်းကတော်တော်ဟုတ်နေတယ်ပေါ့
...အိပ်ရေးမှ၀ရဲ့လား..ဟမ်..."

"ဟား..ဟား..."

ဆရာမကဒေါသထွက်နေတဲ့မျက်နှာနဲ့ အော်ငေါက်နေသလို အခြားသူတွေကလည်း ကျွန်တော့ကိုဝိုင်းလှောင်ကြတယ်။ဒါပေမဲ့ ကျွန်တော့်အတွက်က ထူးဆန်းတဲ့ကိစ္စမှာမဟုတ်ပဲ။ခပ်တည်တည်နဲ့ပဲ အိပ်ရေး၀ကြောင်းခေါင်းငြိမ့်ပြလိုက်တယ်။

"အော်..ကောင်းပါပြီ..ဒါဆိုရင်..ကဝိဆိုတဲ့
..ပညာရှိကြီး..အတန်းအရှေ့ကိုထွက်ခဲ့ပါအုံး..."

ဆရာမကခေါ်တော့လည်း ကျွန်တော်ထွက်လိုက်တာပါပဲ။ကဝိဆိုတဲ့ ကျွန်တော့်ရဲ့နာမည်က"ပညာရှိ"လို့အဓိပ္ပာယ်ရတယ်။ဒီနာမည်ကိုကြားလိုက်တိုင်း လှောင်ကြပေမဲ့ ကျွန်တော်ကတော့ ကြိုက်တယ်။

"ကဲ..ဒီသင်္ချာပုဒ်စာကို တွက်ပါအုံး..."

အတန်းအရှေ့ကိုရောက်တာနဲ့ ဆရာမကမြေဖြူကို ပေးပြီး သင်္ချာ၀မ်းမေးခွန်းကို တွက်ပြခိုင်းတယ်။ကျွန်တော်ခဏလောက်စဉ်းစားနေတဲ့အချိန်မှာ..

"ဆရာမရယ်..သူကအိပ်ဖို့လောက်ပဲသိတာ..တွက်ခိုင်းမနေပါနဲ့..."

"ဟုတ်တယ်ဗျို့ တော်ကြားဦးနှောက်တွေချောင်ကျနေပါအုံးမယ်ဗျို့..."

"ဆရာမရယ်..ဆင်းရဲသားကောင်ကို ငမွဲနေရာမှာပဲထားပါ..သင်္ချာပါရဂူတွေထမင်းငတ်ကုန်ပါအုံးမယ်..."

"ဟား..ဟား..."

"ဖွတ်ကဖွတ်ပါပဲဗျာ..."

"နင်တို့တိတ်ကြစမ်း!!!"

ဟားတိုက်သံတွေနဲ့အတူ ဆရာမရဲ့ဆူနေတဲ့အသံတွေအဆုံးမှာတော့ မြေဖြူကိုင်ထားတဲ့ကျွန်တော့်လက်တွေ စတင်လှုပ်ရှားလာတယ်။ခုဏကကျွန်တော်တွေဝေနေတာက မေးခွန်းကိုဖတ်ကြည့်နေတာပါ။ခုဏကအိပ်ပျော်နေခဲ့တာကြောင့် ဘယ်အခန်းကသင်္ချာပုဒ်စာလည်းဆိုတာ ကျွန်တော်တွေးနေခဲ့တာပါ။

ဒါဟာGeometric_Progressionပဲ ဆိုတာ တန်းသိလိုက်ပါတယ်။သင်္ချာ၀မ်းရဲ့နောက်ဆုံးခန်းပဲ။ကျွန်တော်လျှင်မြန်စွာပဲ တစ်ချက်ချင်းဆီတွက်ပြလိုက်တယ်။ပုစ္ဆာအရှည်ကြီးပေမဲ့ လက်ရေးမြန်တဲ့ကျွန်တော့်အတွက် သုံးမိနစ်ပဲအချိန်လိုပါတယ်။

"ဆရာမ..ကျွန်တော်ပြီးပါပြီ..."

ဆရာမလက်ထဲကိုမြေဖြူပေးလိုက်တော့ စာကိုမှန်မမှန်စစ်ရင်း ဆရာမပြုံးပြလာတယ်။

"သိပ်တော်တယ်ကဝိ...ခုဏကသားအိပ်နေတာ
မဟုတ်လား...ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန်တွက်နိုင်တာလဲ..."

ဆရာမရဲ့အမေးကို ကျွန်တော်ဖြေဖို့အတွက် မျက်နှာတွေရှုံ့တွနေကြတဲ့ အတန်းဖော်တွေဘက်ကို လှည့်ကြည့်ပြီး ကျွန်တော့်ရဲ့နားထင်ကို ညာဘက်လက်နဲ့ ထောက်ပြလိုက်သည်။

"ကျွန်တော့်မှာ..ဒါရှိတယ်လေ...ကျွန်တော်ကအပြောမကြီးဘူး..လက်တွေ့သမား.."

နားထင်ကို လက်ညှိုးနဲ့ထောက်ပြီး "ဦးနှောက်ရှိကြောင်းကို.."ခပ်ပြုံးပြုံးနဲ့ကျွန်တော်ပြောပစ်လိုက်တော့ ခုဏကလှောင်ရယ်နေကြသူတွေရဲ့ နှုတ်ခမ်းတွေမဲ့ကုန်ကြရော။ဒါပေမဲ့ ကျွန်တော်က‌တော့ ဂရုကိုမစိုက်တာပါ။
သင်္ချာအချိန်ပြီးလို့ ဆရာမထွက်သွားတာနဲ့ ခုံပေါ်မှာမှောက်ပြီးပြန်အိပ်နေလိုက်တယ်။

ကျွန်တော့်ရဲ့အိပ်မက်ထဲမှာတော့ မီးတွေဟုန်းဟုန်းတောက်နေတဲ့ မြင်ကွင်းကြီးက ကြီးစိုး လာတယ်။ဆရာ၊ဆရာမတွေ  ကျောင်းသားတွေကလည်း အော်ဟစ်နေကြပြီး အတင်းမီးငြိမ်းသတ်နေကြတယ်။လောင်တဲ့နေရာကတော့ ကျောင်းအုပ်ဆရာကြီးရုံးခန်း??????

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း  

🌸🌸🌸🌸🌸🌸🌸

🌿အခန်း ၅ မှ အခန်း ၈ 🌿

  



🌿အခန်း ၅ မှ အခန်း ၈ 🌿


🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
                              🍁အခန်း၅🍁

လွန်ခဲ့သော ၁၂နှစ်တာကာလ🍁🍁🍁

"ကလင်...ကလင်...ကလင်..."

"မင်္ဂလာပါဆရာမ...နှုတ်ဆက်ပါတယ်ဆရာမ..."

မုန့်စားဆင်းခေါင်းလောင်ထိုးသံကြောင့် ကျောင်းသားတွေအားလုံး ဗလောင်ဆူသွားကြသည်။ကျွန်တော်ကလွဲလို့ ကျန်တဲ့ကျောင်းသားတိုင်းက လူချမ်းသာတွေရဲ့သားသမီးတွေဆိုတော့
မုန့်ဈေးတန်းဆီကိုပဲ အကုန်လုံးစုပြုံပြီး သွားကြတော့တာပေါ့။အတန်းထဲမှာ ကျန်ခဲ့တာဆိုလို့ ကျွန်တော်ရယ်၊စာသင်ခုံတွေရယ်သာ ကျန်ရှိခဲ့ပါတယ်။

ပိုက်ဆံတစ်ပြားမှမပါတဲ့ကျွန်တော်ကတော့ အိမ်မှာကိုယ်တိုင်ချက်လာတဲ့ မန်ကျဉ်းရွက်သုပ်ကလေးနဲ့ ပဲကြော်လေးကိုပဲ ထမင်းနဲ့တွဲပြီးမြိန်အောင်စားနေလိုက်တယ်။
ကျွန်တော်က ဘာလုပ်လုပ်ခပ်မြန်မြန်ပဲမို့ ထမင်းကိုလည်း ခပ်မြန်မြန်ပဲစားမိတယ်။

ထိုအချိန် အခန်း၀မှာပေါ်လာတဲ့လူရိပ်တွေကြောင့် ကျွန်တော်ထမင်းစားတာကိုအမြန်လက်စသတ်လိုက်ပြီး ထမင်းချိုင့်ကို သိမ်းဖို့လုပ်လိုက်တယ်။သို့ပေမဲ့ ထမင်းချိုင့်တွေ သိမ်းမပြီးခင်မှာပဲ ထိုလူရိပ်တွေက ကျွန်တော့်ဘေးနားကိုရောက်လာကြတယ်။

"ဟား...ဟား...ဆင်းရဲသားလေးက မန်ကျဉ်းရွက်သုပ်နဲ့စားနေတယ်တဲ့ကွာ..."

"ဒုန်း!!!"

ကျွန်တော့်ဟင်းခွက်ကို ကိုင်ပြီး စာသင်ခုံပေါ်ကိုကိုင်စောင့်ချလိုက်တဲ့ ကောင်ကိုမော့ကြည့်လိုက်တော့.. ထက်အာကာဆိုတဲ့ကောင်။သုန္နကမြို့ကိုအုပ်ချုပ်တဲ့ မြို့တော်၀န် ဦးတေဇရဲ့မြေး ၊အချမ်းသာဆုံးမြို့မျက်နှာဖုံး ဦးအဂ္ဂရဲ့သား။
ကျွန်တော်သူ့ကိုကြောက်လို့တော့မဟုတ်ဘူး။
"သည်းခံပါသားရယ်...ပညာတတ်မှသားရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲနိုင်မှာမို့...ခဏတာပဲ..
သည်းခံပါ.."ဆိုတဲ့အဖေ့ရဲ့ ဆုံးမစကားကြောင့် သာ အဲ့ဒီ့ကောင်ကို ကျွန်တော်မှင်သေသေပဲ ပြန်ကြည့်လိုက်ပြီး သူ့လက်ထဲက ကျွန်တော့်ဟင်းခွက်ကို ပြန်လုလိုက်တယ်။ဒါပေမဲ့ ဒီကောင့်လက်က လေထဲကိုမြောက်တတ်သွားပြီး..။

"ဟိုး..ဟိုး...ဒီလိုလွယ်လွယ်ရမလားကွ...မင်းကွာ ငါတို့အိမ်ကခွေးတောင်..ဒီလိုဟင်းမျိုးမစားဘူးကွ..ရွံလို့..ဟုတ်တယ်မလား..ငါ့ကောင်တို့.."

"မှန်လိုက်တာအာကာရာ.."

"ခွေးထက်နိမ့်တဲ့ကောင်တွေပဲ..ဒီလိုမျိုးစားတာပါကွာ..."

အာကာ့ရဲ့နောက်လိုက်သူတောင်းစားတွေက
လေယူရာယိမ်းပြီး ၀င်အာချောင်နေတော့ ခုံကိုထောက်ထားတဲ့ကျွန်တော့်လက်ဖဝါးက လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားတယ်။
အံကိုအတင်းကြိတ်ထားလိုက်တာကြောင့်
ကျွန်တော့်နားထင်ကြောတွေပါထောင်တက်လာတယ်။
ကဝိဆိုတဲ့ ကျွန်တော်က အဖေ့ကြောင့်သာမဟုတ်ရင် လူသတ်ဖို့လည်း၀န်လေးနေမဲ့ကောင်မဟုတ်တာ ဒီကောင်တွေမသိဘူးထင်ပါတယ်။

"အာကာ..ငါပြဿနာမဖြစ်ချင်ဘူး..ငါ့ဟင်းခွက်ကိုပြန်ပေး..."

"ပြန်မပေးဘူးဆိုရင်ရော..."

ကျွန်တော့်မျက်၀န်းတွေထဲမှာ မီးတောက်လာသလို ပူလောင်လာသည်။ဖြစ်နိုင်ရင် ဒီကောင့်မျက်နှာကို အချက်ပေါင်းများစွာထိုးနှက်ပစ်လိုက်ချင်တယ်။ဒီကောင်ပြန်မထနိုင်တော့အထိ။သတိမေ့သွားလောက်အောင်အထိပဲ။

ပြီးရင်ဒီကောင့်ရင်ဘတ်ပေါ်ကို ကျွန်တော့်ရဲ့ခြေထောက်နဲ့စောင့်နင်းပြီး "မပေးရင်..ငါကဒီလိုလုပ်မှာလို့.." ကြွေးကြော်ပစ်လိုက်ချင်ပေမဲ့ "သားရယ်..ခဏလေးပဲသည်းခံပါ..." ဆိုတဲ့အဖေ့ရဲ့စကားသံတွေ"အား!!!!ဘာလို့လဲ..ကျွန်‌တော်တို့ကဆင်းရဲတာနဲ့ပဲ အရာရာကိုခေါင်းငုံ့ခံနေရမှာလား။
နောက်ဆုံးမှာတော့ စိတ်ကိုမနည်းဖြေလျော့လိုက်ပြီး ကျွန်တော့်ရင်ထဲက မီးတောက်တွေကို ငြိမ်းဖို့ မျက်စိမှိတ်ချပစ်လိုက်မိတယ်။

မှိတ်ထားတဲ့ကျွန်တော့်မျက်လုံးတွေကို ပြန်ဖွင့်အပြီးမှာတော့ အာကာဆိုတဲ့ကောင်ကို တည့်တည့်ကြည့်လိုက်ပြီး အနားကိုတိုးကပ်သွားလိုက်တယ်။
ကျွန်တော်က သူ့ထက်အရပ်မြင့်တာကြောင့် သူကိုင်ထားတဲ့ ချိုင့်ခွက်ကို လုလိုက်စဉ်မှာ...

"ဂလွမ်း!!!!.."

"မင်း!!!!"

ကျွန်တော့်ထမင်းချိုင့်လေး ကြမ်းပြင်ပေါ်ကိုပစ်အချခံလိုက်ရတာနဲ့တစ်ပြိုင်နက် ကျွန်တော့်လက်က အာကာ့လည်ပင်းအင်္ကျီစကို ဆောင့်ဆွဲမိပြီးသားဖြစ်သွားတယ်။

"လူပါး၀လို့...အောက်တန်းစား..ကျွန်ကောင်ကများ...မင်းကဘာကောင်မို့လည်း..
ဖယ်စမ်း..အာ့!!!အဟွတ်..အဟွတ်.. "

အာကာဟာ သူ့အင်္ကျီလည်စကို ‌ဆွဲထားတဲ့ ကဝိရဲ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့အားကုန်ပိတ်တွန်းလိုက်ပေမဲ့ ကဝိရဲ့ခန္ဓာကိုယ်က တစ်ချက်တောင်လှုပ်မသွားဘူး။သူ့ရဲ့လည်ချောင်းကသာ
ပိုပြီးတင်းကြပ်လာတဲ့ ခံစားမှုနဲ့အတူ လည်ပင်းတွေအဆမတန်အစ်လာတယ်။အသက်ရှူဖို့တောင် ခက်ခဲနေတဲ့အထိပဲ။

"သူတောင်းစား..ကျွန်ကောင်..အဟွတ်...မင်းအခုချက်ချင်းလွှတ်စမ်း..."

ကျွန်တော့် အင်္ကျီလည်ပင်းစကို ပြန်ဆွဲလာတာကြောင့် သူ့အင်္ကျီစကို ဆွဲဆုပ်ထားတဲ့ကျွန်တော့်ရဲ့လက်တွေကို အားထည့်ကာပိုတင်းကြပ်ထားလိုက်ပြီး ကျွန်တော့်ဘက်ကိုဆောင့်ဆွဲပစ်လိုက်တယ်။

ပိုမိုနီးကပ်သွားတဲ့အနေအထားမှာ ကဝိရဲ့အကြည့်တွေက အာကာ့အတွက် အလွန်ကိုထိတ်လန့်သွားစေလောက်အောင် စူးရှလွန်းနေတယ်။
ဝံပုလွေတစ်ကောင်ရဲ့အကြည့်မျိုး။ခြင်္သေ့တစ်ကောင်ရဲ့ ခက်ထန်မှုမျိုးတွေဟာ ကဝိရဲ့မျက်နှာပေါ်မှာအထင်းသားဖြစ်ပေါ်နေတယ်။

"မင်းရဲ့ သောက်မျိုးရိုးကို ငါစိတ်မ၀င်စားဘူး..
ငါ့ကိုကျွန်လို့နောက်တစ်ခါထပ်ခေါ်ရင်..မင်းနောင်တရနေစေရမယ်..ငါ့နာမည်ကဝိ..."

ကျွန်တော် သူ့အိင်္ကျီလည်ပင်းစကို လွှတ်ပေးလိုက်ပြီး ကျွန်တော့်စတီးလ်ခွက်လေးကိုသာ ကြမ်းပြင်ပေါ်ကနေ ကောက်ယူလိုက်တယ်။

"တွေ့မယ်...သူ‌တောင်းစား..ကျွန်...."

"ကျွန်မျိုးရိုး"လို့ပြောမဲ့အာကာ့ရဲ့ပါးစပ်ပေါက်ဟာ မော့ကြည့်လာတဲ့ ကဝိရဲ့မီးတောက်မျက်၀န်းတွေအောက်မှာ ရှေ့ကိုဆက်ပြောဖို့ မဝံ့ရဲတော့ပေ။ကဝိဆိုတဲ့ ကောင်ဟာလူကသာ အောက်တန်းစားကျွန်မျိုးရိုး သူ့မျက်၀န်းတွေကတော့ နှစ်ယောက်မရှိအောင်ကို အရောင်တောက်လွန်းနေတယ်။

အာကာဟာ ဩဇာရှိတဲ့မိသားစုမှ မွှေးဖွားလာသူဖြစ်သော်လည်း မိဘဂုဏ်နဲ့မိုက်ရိုင်းရမ်းကားနိုင်တာကလွဲပြီး သူ့မှာဘာထူးခြားချက်မှရှိမနေဘူး။တေ၊ပေနိုင်တာကလွှဲလို့ စာမှာဆိုလည်း ဖွတ်ကျားလိုကောင်။

ကဝိကတော့ ဆယ်တန်းအတန်းသားတွေအားလုံးမှာ အတော်ဆုံးထူးချွန်ကျောင်းသား။
ဒါကြောင့်လည်း  ဆင်းရဲသားရပ်ကွက်မှ ကျောင်းတတ်နိုင်သော တစ်ဦးတည်းသောကောင်လေး ကဝိကို ဆရာတော်တော်များများက သဘောကျနှစ်သက်ကျတယ်။
ထိုအချက်‌ကြောင့်ပဲသူကြွယ်မျိုးရိုးမှ ဆယ်တန်းကျောင်းသားတွေဟာ ကဝိကို အင်မတန်မျက်မုန်းကျိုးကြတာ‌ပေါ့။

"မင်းတို့ကောင်တွေကလည်း သောက်ပေါတွေ
..ဘာမှကိုအားမကိုးရဘူး...လာသွားမယ်.."

အာကာဟာခုဏက လည်ပင်းအညှစ်ခံရသလိုဖြစ်နေတာတောင် ဝိုင်းမဆွဲကြတဲ့ကောင်တွေကို အပြစ်တင်ရင်းနဲ့ အခန်းထဲမှထွက်သွားလေသည်။
ကဝိလည်း သူ့ချိုင့်တွေကို သေချာပြန်ထပ်လိုက်ပြီး လွယ်အိတ်ထဲမှ စာအုပ်ကိုထုတ်ကာ စာပဲလုပ်နေလိုက်တယ်။သူ့အတွက်တော့ထွက်ပေါက်က ပညာရေးပဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"မီးဗျို့!!!...မီး!...မီးလောင်နေတယ်ဗျို့!!!
...ကျောင်းသားတွေအားလုံး စာသင်ခန်းအပြင်ကိုထွက်ကြပါ..."

"ကျောင်းသားတွေ..အားလုံး..စာသင်ခန်းအပြင်ကိုထွက်ကြပါ..."

"ဟာ..မီးလောင်နေတယ်တဲ့..."

ဆရာတစ်ယောက်က မီးသတိပေးသံဟစ်ပြီး စာသင်ခန်းတစ်ခုဆီတိုင်းကို အသံကုန်ဟစ်ကာ သတိလိုက်ပေးနေလေသည်။ ကျောင်းသားတွေလည်း ခြောက်ခြားသံတွေနှောလာပြီး စာရေးကိရိယာတွေကို အမြန်သိမ်းကြလေသည်။ကျောင်းတော်ကြီးတစ်ခုလုံးဟာ ဝေါခနဲဆိုသလို အသံတွေဆူညံသွားကြပြီး ဆရာမတွေကစည်းစနစ်တကျ အတန်းထဲမှထွက်ရန်ပြောနေပေမဲ့ မလိုက်နာတဲ့လူကများနေလေတော့ အကုန်တိုးတိုက်မိကုန်ကြသည်။ပစ်လဲသွားတာနဲ့ အဲ့ဒီ့ကျောင်းသားဟာ မညှာမတာတက်အနင်းခံရမှာသေချာတယ်။ဒါပေမဲ့လည်း လူဆိုတာ ကိုယ့်အသက်ကိုသာညှာတာတတ်ကြတဲ့အမျိုးမလား။
ဒါကြောင့် ဘယ်သူ့ကိုပဲချနင်းရပါစေ သူတို့လိုရာခရီးကိုတော့ သွားကြမှာပဲ။
အထူးသဖြင့် အနစ်နာမခံတတ်ကြတဲ့ သူကြွယ်မျိုးရိုးက လူတွေပေါ့။

ဘယ်သူမှ အခန်းထဲမှာမရှိချိန်ကြမှာသာ ထမင်းချိုင့်နဲ့ လွယ်အိတ်ကိုလွယ်ပြီး ကျွန်တော်ထွက်လာခဲ့လိုက်တယ်။ကျွန်တော် အတတ်သိနေတာက မီးလောင်တဲ့နေရာဟာ ကျောင်းအုပ်ကြီးရုံးခန်းဖြစ်နေတာကိုပေါ့။ ကျောင်းအုပ်ကြီးရုံးခန်းက ကျွန်တော်တို့အခန်းနဲ့ အဝေးကြီးရယ်။ဒါကြောင့် မီးကူးရင်လည်း အချိန်ကြာအုံးမှာပါ။

"ဟယ်...ဟိုမှာ မီးတောက်ကြီး..."

"အေးဟယ့်..ကြောက်စရာကြီးတော့..."

"ဘာကြောင့် လောင်တာလဲမသိဘူးနော်..."

"ပေါ့ဆမီးနေမှာပေါ့ဟယ်..."

"အေးလေ..ကျောင်းအုပ်ကြီးရုံးခန်းဖြစ်ပြီး
...မီးလောင်ရတယ်လို့..."

မီးလောင်တဲ့အဆောင်အထိသွားကြည့်သူများလည်းရှိကြသလို အဝေးကနေဝေဖန်၊လေကန်နေကြတဲ့ လူတွေကလည်း ပွက်ပွက်ကိုညံနေတာပါပဲ။
ကျွန်တော်ကတော့ ကျောင်းလွှတ်ချိန်လည်း နီးနေပြီ၊ဒီမီးလောင်မှုကြောင့် သေချာပေါက်အိမ်ကိုပဲပြန်ရမယ်ဆိုတာသိနေတော့ ကျောင်းဂိတ်ပေါက်၀ဆီသို့သာ ခြေလှမ်းနေမိတယ်။

"ကိုကြီး...."

ကျောင်းသားအုပ်ကြီးအကြားမှ တိုးတိုက်ရင်းနဲ့
လှမ်းလျှောက်နေတဲ့ ကျွန်တော်ခြေလှမ်းတွေ ရုတ်ချည်းရပ်တန့်သွားသည်။ခေါ်သံသေးသေးလေးကြောင့် နောက်ကိုကြည့်လိုက်တော့ ကလေးမလေးတစ်ယောက်၊အသက်က လေး၊ငါးနှစ်လောက်တော့ရှိလိမ့်မည်၊ပါးဖောင်းဖောင်းလေးနဲ့ ဆံပင်အတိုလေးကို ထိပ်မှာစုစည်းထားပြီး
ကျွန်တော့်ကို သနားဂရုဏာသက်စရာပုံစံလေးနဲ့ ကြည့်နေလေသည်။ပြီးတော့ ကလေးက
ကျွန်တော့် လွယ်အိတ်မှာထွက်နေတဲ့ ကြိုးစလေးကိုလည်း လှမ်းဆွဲထားသေးတယ်။
ကျွန်တော် ငုတ်တုတ်ထိုင်ချလိုက်ပြီး
ကလေးမလေးကို ကြင်နာစွာခေါင်းလေးကိုပုတ်လိုက်မိတယ်။

"ကလေး..ကိုကြီးကိုခေါ်လိုက်သေးလား..."

ကြက်တောင်စီးလေးနဲ့  သနပ်ခါးဝိုင်းဝိုင်းကြီးတွေကို ပါးမှာကွက်ထားတဲ့ကလေးလေးက ကျွန်တော့်ကိုခေါင်းညိတ်ပြလေသည်။ကျွန်တော် တစ်ချက်ပြုံးလိုက်ပြီး...

"ကိုကြီး ဘာလုပ်ပေးရမလဲ..."

"လုံးလုံးကြောက်လို့ ကျောင်းအပြင်ကိုခေါ်သွားပေးပါလား.."

"ဆရာမဆီကို သွားလေ..ကလေးရဲ့..ကိုကြီးလိုက်ပို့ပေးရမလား..."

"ဟင့်အင်း...ဆရာမဆီကိုလည်းသွားချင်ဘူး
..ဆရာမက လုပ်ရှုပ်နေတာ..."

နှုတ်ခမ်းလေးဆူပြီး မပီကလာလေးပြောလာတဲ့ကလေးကို ဘာကြောင့်မှန်းမသိ ကျွန်တော်ခင်နေမိတယ်။အရင်ထဲက တစ်ကောင်ကြွက်ဖြစ်တဲ့ကျွန်တော့်အတွက် ညီမလေး သို့မဟုတ် ညီလေးတစ်ယောက်လောက်ရှိရင်သိပ်ကောင်းမှာပဲလို့ တွေးမိခဲ့ဖူးတယ်။

"ကိုကြီး..ကိုကြီးရေ.."

"ဟေ..."

"သမီးကို ကျောင်းအပြင်ခေါ်သွားပေးပါနော်..
ဒီမှာဆူညံနေတာပဲ...သမီးကြောက်တယ်..."

"ကဲ...ဟုတ်ပါပြီဗျာ..ကိုကြီးခေါ်သွားပေးမယ်...
လာကိုကြီး ကျောပေါ်ကိုတက်.."

"ရပါတယ်..သမီးဘာသာလမ်းလျှောက်ပါ့မယ်..."

"ဒီမှာ...လူတွေတိုးကြိတ်နေကြတာ..လာပါကိုကြီးချီမယ်..."

လက်တစ်ဖက်က ထမင်းချိုင့်ကိုကိုင်ပြီး ကျန်လက်တစ်ဖက်က ကလေးမလေးကိုပွေ့ချီကာ ကျောင်းသားအုပ်ကြီးကြားထဲမှ ကျွန်တော်ရအောင်ထွက်လာလိုက်တယ်။ကျောင်းရှေ့ကိုရောက်တော့ ပိတောက်ပင်အိုကြီးအောက်မှာ ကလေးမလေးကို ချီထားရာမှချပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်..ကိုကြီး...သွားတော့မယ်နော်..."

အသံသေးသေးလေးနဲ့ပြောသွားတာ ချစ်ဖို့ကောင်းလိုက်တာ။ကျွန်တော့်ညီမလေးသာဆိုရင် အသံယားလို့ချစ်မ၀ဖြစ်နေရမှာ သေချာတယ်။
ကလေးမလေးက လွယ်အိတ်ကလေးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီး လမ်းဘေးခရေပင်တန်းတွေအောက်ကနေ တစ်လှမ်းချင်းသွားနေတော့ ကျွန်တော်ဖြင့် စိတ်ပူသွားတာပဲ။ကလေးက လာကြိုမဲ့လူကြီးတွေကို မစောင့်ဘူးလားမသိဘူး။

"ဟေ့..ကလေး..ဟိတ်..."

ကျွန်တော်အကျယ်ကြီးအော်ခေါ်လိုက်တော့ ကလေးက အပစ်ကင်းစင်တဲ့ မျက်လုံးလေးတွေနဲ့ ပြန်ကြည့်လာသည်။ကလေးမလေး ရပ်နေတဲ့နေရာဆီကို ကျွန်တော်ပြေးသွားလိုက်တယ်။

"ညီမလေး..တစ်ယောက်ထဲအိမ်ကို ပြန်မလို့လား.."

"ဟုတ်ကဲ့.."

"ဟင်..အိမ်ပြန်မဲ့လမ်းကိုရော..မှတ်မိလို့လား.."

"သမီးမှတ်မိပါတယ်...ကြီးကြီးမေကလမ်းမမှားအောင် ပြောပြထားတယ်လေ..."

"ကြီးကြီးမေ..ဒါဆိုအဲ့ဒီ့ကြီးကြီးမေလာခေါ်တဲ့ အထိစောင့်လိုက်ပါလား..."

"ဟင့်အင်း...သမီးအိမ်ပြန်ချင်လို့..."

"လမ်းမှာ ချော်လဲရင်ဘယ့်နှယ့်လုပ်မလဲ..ဘယ်သူကမှ လာထူမှာမဟုတ်ဘူး..."

"သမီးချော်မလဲတော့ပါဘူး..သမီးကကြီးလာပြီလေ.."

ကြီးလာပြီတဲ့ တကယ့်အတတ်ကလေးပါလား။ကျွန်တော့်ရဲ့နှုတ်ခမ်းတွေ ကွေးညွှတ်သွားသည်အထိ ပြုံးမိပြန်ပါပြီ။

"ဒါပေမဲ့..လမ်းမှာလူဆိုးတွေနဲ့ တွေ့ရင်ဘယ်လိုလုပ်မလဲ...ကလေးကိုကယ်မဲ့လူမရှိတော့ပဲနေမှာပေါ့..."

ကျွန်တော့်ရဲ့ ခြောက်လိုက်တဲ့စကားကြောင့် ကလေးမလေးနဲနဲတော့တွေဝေသွားပုံပေါ်တယ် ။
မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့စဉ်းစားခန်းဖွင့်နေပါလေရော။
ကလေးတစ်ယောက်ကို ခြောက်တဲ့နေရာမှာ ကျွန်တော်တယ်တော်ပါလားလို့ ကိုယ့်ကိုကိုယ်လည်း ပြန်ချီးကျူးလိုက်မိတယ်။
ခဏအကြာမှာ ကလေးမလေးက သူ့လွယ်အိတ်ကလေးထဲမှ ကော်ဓားလေးတစ်ချောင်းကို ထုတ်ပြီး ကျွန်တော့်ကိုပြလာတယ်။

"သမီးမှာဓားရှိတယ်လေ...လူဆိုးတွေကိုခုတ်ပစ်
လိုက်မှာပေါ့..."

"ဟား..ဟား.."

နောက်ဆုံးတော့လည်း ကျွန်တော့်ထက်ခေါင်းမာတဲ့သူနဲ့တွေ့တော့ ကျွန်တော်အရှုံးပေးလိုက်ရပါပြီ။ကလေးတွေက အတော်ဖြောင်းဖျရခက်တာပဲ။

"ကဲ..ကိုကြီးပဲလိုက်ပို့မယ်..ဟုတ်ပြီလား..."

"ဟင်..တကယ်နော်..."

"တကယ်..."

"ရေး....ဒါဆိုသမီးကိုကုန်းပိုး..."

"ဟင်...ဘာမှလည်းမဆိုင်ဘူး..."

"ကြီးကြီးမေဆိုရင် သမီးကိုအမြဲကုန်းပိုးတယ်
..သမီးကပေါ့တယ်လို့လည်းပြောတယ်..ကိုကိုကကုန်းပိုးချင်ဘူးလား..."

သူမထက်အရပ်များစွာ‌ရှည်တဲ့ကျွန်တော့်ကို ဇာတ်ကလေးမကျိုးရုံတမယ် ခေါင်းလေးမော့ပြီး အသံဆာဆာလေးနဲ့ ပြောလာလေတော့ ကျွန်တော်အလိုလိုထိုင်မိလျှက်သားဖြစ်သွားတယ်။

"ကဲ...ကျောပေါ်ကိုတက်ပါဗျာ...ကလေးရဲ့အိမ်ကဘယ်မှာလည်းပြော..ကိုကြီးလိုက်ပို့ပေးမယ်..."

"ဒီဘက်ကိုသွား..."

ခရေပွင့်ချက်ကလေးတွေကြွေကျနေတဲ့ ခရေပင်တန်းလေးအောက်မှာ ကလေးမလေးကိုကျောပိုးရင်း ကျွန်တော်သူမညွှန်ပြရာလမ်းအတိုင်း လျှောက်လာခဲ့ပါတော့တယ်။ကလေးရဲ့အကြောင်းလည်း ကျွန်တော်မသိသလို ကျွန်တော့်အကြောင်းကိုလည်း ကလေးလေးကမမေးဘူး။

ဒီအသက်အရွယ်နဲ့ ကလေးလေးက လူကြီးတွေအကြောင်းကို ဘယ်လိုလုပ်ပြီးစပ်စုတတ်မှာလဲ။
တစ်ခုသေချာသိလိုက်ရတာက သူမနာမည်ကဖြူလုံးတဲ့။တစ်လမ်းလုံးမှာ မနားတမ်းပြောလာတဲ့သူမရဲ့စကားတွေကတော့ ဘာမုန့်စားချင်တယ်၊ဘယ်လိုကစားရတာကြိုက်တယ်၊သူ့ကို
ကြီးကြီးမေကစိတ်ဆိုးရင် ဘယ်လိုရိုက်တယ်နဲ့ သူ့မလေးရဲ့အိမ်မှာမွှေးထားတဲ့ နွားလေးအကြောင်းကိုပဲ ထပ်ခါတစ်လဲလဲ ပြောပြနေတော့တာပါ။နားတွေကို ညီးနေရောပဲ။

ဒါပေမဲ့ ကျွန်တော်ပျော်နေသလိုပဲ။ဒီကလေးလေးစစ်စစ်‌ပေါက်ပေါက်မေးသမျှတွေကို ဒိုင်ခံပြီးပြန်ဖြေပေးနေရတာကိုပဲ ကျွန်တော်ပျော်နေမိတယ်။ပုံမှန်ဆိုရင် ကျွန်တော်ကစကားနဲတဲ့လူပါ။
ဒါပေမဲ့ ဒီကလေးလေးနဲ့ အရည်မရ၊အဖက်မရတွေပြောနေတာကပဲ အရသာရှိတဲ့ဟင်းတစ်ခွက်ကို စားနေရသလိုပဲ သိပ်မြိန်တယ်။

"ကိုကြီး..ရောက်ပြီ...သမီးအိမ်ကဒီအိမ်လေ..."

လုံးလုံးကို ကျောပေါ်ကနေချပေးလိုက်ပြီး သူမလက်ညှိုးညွှန်ရာဆီကို ကြည့်လိုက်တော့ အရမ်းကိုခမ်းနားတဲ့အိမ်ကြီးပဲ။ခြံအပြင်ဘက် အုတ်နံရံပေါ်မှာတော့ "ရတုမဟာစံအိမ်"ဆိုပြီးလည်း
စာထွင်းထားသေးတယ်။

"လုံးလုံးက..ဒီအိမ်မှာနေတာ...သေချာလို့လား...အိမ်မှာနေတာများလား..."

"ဟင့်အင်း...သမီးကဒီခြံကြီးရဲ့ဟိုးအနောက်ဘက်မှာနေတာလေ..."

ကျွန်တော်စဉ်းစားရကြပ်သွားစဉ်မှာပဲ ခြံ၀န်းထဲမှ သံဗန်းတံခါးကို ဆွဲဖွင့်သံကြားလိုက်ရလေသည်။
ခြံထဲမှထွက်လာသူက အသက်လေးဆယ်အရွယ် ခပ်၀၀အမျိုးသမီးတစ်ယောက်။

"ဟယ်...လုံးလုံး...ကြည့်စမ်း..ကြီးကြီးမေကိုမစောင့်ပဲနဲ့ တစ်ယောက်ထဲပြန်လာတယ်ပေါ့လေ..."

"သမီး...တစ်ယောက်ထဲဟုတ်ပါဘူး..ဒီကိုကြီးလိုက်ပို့တာပါ.."

လုံးလုံးကကျွန်တော့်ကို လက်ညှိုးထိုးပြလိုက်တော့ ထိုအမျိုးသမီးက ကျွန်တော့်ကိုအားနာစွာကြည့်လာလေသည်။

"ဟို...အားနာလိုက်တာမောင်ရင်ရယ်..ကလေးကအဲ့လိုပဲ မထင်ရင်မထင်သလို ပေါက်ကရတွေလျှောက်လုပ်တော့တာပဲ...ဟို..ဘယ်လိုမှသဘောမထားပါနဲ့..ဒီပိုက်ဆံလေး..."

ပိုက်ဆံအိတ်အနွမ်းလေးထဲကနေ ထုတ်ပေးလာတဲ့ ပိုက်ဆံငါးရာတန်နှစ်ရွက်က ကျွန်တော့်ရဲ့အပျော်တွေကို ရိုက်ချိုးလိုက်သလိုပဲ။ကျွန်တော်အံကို တင်းတင်းကြိတ်လိုက်မိတယ်။

"အန်တီ...ကျွန်တော်က ပိုက်ဆံလိုချင်လို့ဆိုပြီး ကလေးကိုဗန်းပြမဲ့ လူစားမဟုတ်ဘူး...အန်တီလုပ်လို့ ကျွန်တော့်စေတနာက တစ်ပြားမှမတန်သလိုဖြစ်သွားပြီ..."

ကျွန်တော်ဒီစကားတစ်ခွန်းထဲပဲပြောခဲ့ပြီး လှည့်ထွက်လာခဲ့လိုက်တယ်။"ကိုကြီး..တာ့တာ.."ဆိုတဲ့ လုံးလုံးလေးရဲ့ ချစ်စဖွယ်အသံလေးကို ကြားပေမဲ့ ကျွန်တော်လှည့်မကြည့်မိအောင်နေတယ်။

"ဝေါ..."

"ဂျိန်း!!!...ဂျလိန်း!!!"

ထိုစဉ်မှာ ပြင်းထန်စွာရွာလာတဲ့ မိုးစက်တွေက ကျွန်တော့်ရင်ထဲက ဒေါသအပူတွေကိုဆေးပစ်လိုက်သလို အေးချမ်းမှုအတိဖုံးလွှမ်းသွားသလိုပါပဲ။လူချမ်းသာရပ်ကွက်ထဲမှာ ရေထိလို့ အစိုဓာတ်ဖုံးလွှမ်းသွားတဲ့ လမ်းမပေါ်က ကြွေကျသစ်ရွက်တွေကို ဖြတ်နင်းရင်း ကျွန်တော်ပျော်ရွှင်စွာပြေးလွှားနေမိတယ်။ကျွန်တော့်ရဲ့ ဦးတည်ရာကတော့ အဖေ့အိမ်ဆီသို့။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================


🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
                              🍁အခန်း၆🍁


🎵ပြာရီမှိုင်းကာမို့မို့ ညို့ညို့ ညိုလွင်🎵

🎵ညှင်းလေပြေ သွေးလို့သာ ဖေးမကူချင်🎵

🎵တိမ်လွှာလေးတွေ ပြေးကာ တရွေ့ရွေ့ယူငင်

🎵ပြုံးလှောင်ကာ ငြိုးပြည့်မှုံ မိုးပဇ္စုန်ရှင်🎵

🎵သဲသဲမဲမဲ ရွာလိုက်မယ်ပဲ ဟန်တွေဆင်🎵

🎵အဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်🎵

နွားကျောင်းသားလေးဖိုးထူးရဲ့ သီချင်းဆိုသံက ဖတ်နေတဲ့ စာအုပ်ဆီကနေတောင် အာရုံလွတ်သွားလောက်အောင်အထိ ကျွန်တော့်ကိုညှို့ငင်ယူနေလေသည်။
ကျောင်းပိတ်ရက်ဖြစ်တာကြောင့် နွားကျောင်းထွက်နေကျ ဖိုးထူးနဲ့ ကျွန်တော်အဖော်လိုက်လာခဲ့ခြင်းပင်။ ကျွန်တော်ဟာ ကုက္ကိုလ်ပင်ကြီးကို ကျောမှီရင်း စာဖတ်နေပေမဲ့ သုန္နကတောင်ခြေက
စားကျက်မြေပေါ်မှာ  ကျူတံတစ်ချောင်းနဲ့   
 နွားများကို ကျောင်းနေတဲ့ ဖိုးထူးဆီသို့သာ အာရုံရောက်နေမိတယ်။
 
မိုးများရွာသွန်းထားတာကြောင့် ‌မြေပြင်လွှာကြီးမှာ ဖုန်ထခြင်းမရှိပဲ အညိုရောင်လေးသန်းနေ
သယောင်ဖြစ်နေသည်။ယခင်ကမူ မိုးစက်တို့ကို ငတ်မွတ်နေတဲ့ပက်ကြားအက်နေသော လယ်ယာမြေများမှ မြေဆီလွှာလေးတွေကလည်း နူးညံ့စပြုလာသည်။
ကျွန်တော်လှမ်းမြင်နေရတဲ့ သုန္နကတောင်ခြေမှ နွားတို့မှီတင်းနေကြသော စားကျက်မြေလေးပေါ်မှာလည်း မြက်နုနုကလေးတွေဟာ ဘယ်အချိန်ကတည်းကထွက်ပြူဖို့ ဟန်ရေးပြင်နေကြသလဲ မခန့်မှန်းတတ်အောင်ကို နေ့ချင်း၊ညချင်းရွက်နုစိမ်းစိမ်းလေးတွေ ထွက်လာလိုက်တာများ နှစ်သက်ချင်စရာအလွန်ကောင်းလှပါတယ်။

"ဟေ့..ကဝိ....."

ကျွန်တော်ကြည့်နေမှန်း ရိပ်မိသွားတဲ့ဖိုးထူးက  ကျူတံကိုလေထဲမှာလွှဲကာ ကျွန်တော့်ကို
လက်ပြနှုတ်ဆက်လာတယ်။
ဖိုးထူးဆိုတာ ကျွန်တော်နဲ့သက်တူ၊ရွယ်တူ ငယ်ပေါင်းကြီးဖော်တွေပေါ့။သူဟာ သိပ်သနားဖို့ကောင်းတယ်။ကျောင်းလည်း တက်ခွင့်မရတဲ့အပြင် ၊လူ‌ကောင်ထွားကျိုင်းလွန်းတဲ့ဖိုးထူးဟာအသက် ဆယ့်သုံးနှစ်တည်းက အလုပ်ကြမ်းတွေချည်းဖိလုပ်ခဲ့ရတဲ့ကောင်လေးပါ။

တကယ်တမ်းတော့ ဆင်းရဲသားအလွှာမှာ မွေးဖွားလာကြတဲ့ ကလေးတိုင်းက ကျောင်းစာကိုသင်ဖို့မတတ်နိုင်ကြဘူး။‌မိုးခေါင်ပြီး၊‌ ရေတွင်းတူးရင်တောင် ရေကြည်တစ်ပေါက်ရဖို့ ခက်ခဲလွန်းတဲ့အရပ်ဒေသမှာ လယ်ယာတွေကလည်း စိုက်ပျိုးဖို့ခက်လာလေတော့ ရှင်သန်နေထိုင်ဖို့အရမ်းကြပ်တည်းလာကြတယ်။‌ သောက်ရေအတွက်ကို တောနက်ထဲက ရေတံခွန်ဆီမှာ
ခက်ခက်ခဲခဲသွားပြီး သယ်ကြရတယ်။တစ်ချို့ဆို အကောင်းပကတိပြန်မလာနိုင်တာတွေတောင် ရှိကြပါတယ်။
နဂိုကမှဆင်းရဲတဲ့လူတန်းစားဖြစ်နေရတဲ့အထဲ ရာသီဥတုကပါ မျက်နှာသာမပေးလာတော့ ကလေးတစ်ယောက်ကို ပညာတတ်အောင်ထားဖို့ ဘယ်လိုများတတ်နိုင်ကြပါတော့မလဲ။

ဒါပေမဲ့ ထိုသို့သော မိဘတွေထဲမှာ ကျွန်တော့်အဖေမပါဘူး။
အဖေဟာ တိုးတက်တဲ့လူတန်းစားတစ်ရပ်အတွက် အသိပညာဖွံ့ဖြိုးမှုကအဓိကလိုအပ်တယ်ဆိုတာကို နားလည်တယ်။အသိပညာဖွံ့ဖြိုးဖို့အတွက် အတန်းပညာကလည်း  ထောက်တိုင်တစ်ခုပဲဆိုတာကို သိတဲ့အဖေဟာ ကျွန်တော့်ကို ခက်ခဲတဲ့ကြားကနေ မရရအောင် ကျောင်းထားပေးခဲ့တယ်။

တစ်ခါ၊တစ်ခါမှာ ‌နဖူးကချွေး၊ခြေမ‌ကျအောင် အလုပ်လုပ်နေရတဲ့ အဖေ့ကိုကျွန်တော် အားနာလာတယ်။အ‌ဖေက နေပူထဲမှာပင်ပင်ပမ်းပမ်း အလုပ်လုပ်နေရတဲ့အချိန်မှာ ကျွန်တော်ကတော့ အရိပ်ရတဲ့ စာသင်ခန်းအမိုးအောက်မှာ အေးဆေးထိုင်နေရတယ်။ အဲ့ဒီ့လိုအခါမျိုးမှာ ကျောင်းပညာရေးဟာ ကျွန်တော့်ဘ၀ကို တကယ်ပဲပြောင်းလဲပေးနိုင်ရဲ့လားဆိုတဲ့ အ‌တွေးတွေပေါ်လာတတ်တယ်။တစ်ခုသိသာတာကတော့ အတန်းပညာမတတ်တဲ့ ကျွန်တော်နဲ့ရွယ်တူတွေထဲမှာ ကျွန်တော့်ရဲ့တွေးခေါ်ဆင်ခြင်နိုင်စွမ်းက ပိုမြင့်မားနေတယ်ဆိုတာပါပဲ။သို့ပေမဲ့ ပညာတတ်ပြီးဆိုးသွမ်းနေတဲ့လူတွေလည်း တစ်ပုံကြီးပါပဲလေ။

တစ်ခါတစ်လေမှာ "အဖေရယ်..သား‌ကျောင်းထွက်ပြီး အဖေ့ကိုလုပ်ကြွေးပါရစေလို့.."ပြောမိရင်လည်း အဖေကစိတ်ဆိုးတတ်တယ်။
"သားသမီးမွေးထားတာ ခိုင်းစားဖို့မဟုတ်ဘူးတဲ့လေ.."ဒါအဖေပြောနေကျစကားပဲ။ဒီစကားကိုကြားတိုင်း အဖေ့ကိုကျွန်တော်သိပ်ကျေးဇူးတင်တာပဲ။
ဒါကြောင့် ဒီလိုရခဲလှတဲ့ အခွင့်အရေးကို ကျွန်တော့်ဘက်ကလည်း တတ်နိုင်သလောက် အားဆိုက်တာပါပဲ။

သူကြွယ်မျိုးရိုးတွေအားလုံးကို ကျော်တက်ပြီး
ဆယ်တန်းမှာ နံပါတ်တစ်ဆိုတဲ့ ဂုဏ်ကိုကျွန်တော်ပိုင်ဆိုင်ထားတယ်။နေမှု၊စားမှုဆင်းရဲတာကြောင့် အလှောင်ခံရပေမဲ့ ပဲပြုတ်နဲ့ ထမင်းကိုလူးစားရတာက ရှက်စရာလို့ကျွန်တော်မခံယူထားဘူး။
ဘာအရည်အချင်းမှမရှိပဲ သူများလုပ်သမျှကိုသာ ထိုင်ပြီးလှောင်ပြောင် အပြစ်ပြောနေကြခြင်းကိုသာ ရှက်စရာလို့ကျွန်တော်မြင်တယ်။
အရာတစ်ခုခုကို လိုချင်ပြီဆိုရင် ကျွန်တော်ဘယ်တော့မှခိုးမယူဘူး။တည့်ပဲတိုက်ယူမှာ။
အားနည်းနေတဲ့အချိန်မှာမရရင် အားကြီးတဲ့အချိန်ကိုစောင့်ပြီး ကျွန်တော်အရယူပြမယ်။
ကျွန်တော်ဟာ ဘယ်တော့မှအရှုံးမပေးတတ်ဘူး။

"ဟေ့..ကဝိ..ဟေ့..."

"ဟင်..ဖိုးထူး..မင်းဘယ်တုန်းက ငါ့ဘေးနားကိုရောက်နေတာလဲ..."

"ဟာ..ကဝိရာ..ငါမင်းကိုခေါ်နေတာ ကြာလှပြီ
..မင်းကသာ စာအုပ်ကြီးကိုကြည့်ပြီး ဘာတွေတွေးနေမှန်းလည်း မသိဘူး..."

"အဟင်း..ဒီအတိုင်းပါပဲ..ဒါနဲ့ထမင်းစားနားမလို့လား..."

"အေးကွ..ဟိုမှာလေ..နွားတွေငြိမ်နေတုန်း ထမင်းလေးအမြန်သွတ်မှကွ..."

ကျွန်တော်တို့နဲ့ အနည်းငယ်ဝေးတဲ့ တောင်ခြေကိုလက်ညှိုးညွှန်ပြရင်း သူ့ထမင်းထုပ်ကလေးကို ‌ကြိုးဖြည်ပြီး စားနေလေသည်။

"ဒါနဲ့..ကဝိရ...မင်းတို့သားအဖ အခုတစ်လောတယ်ထောနေတယ်ဆို..."

"မင်းကိုဘယ်သူပြောလည်း..."

"မလျှိုစမ်းပါနဲ့ ငါ့ကောင်ရာ..မိုးတွေသည်းကြီးမည်းကြီးရွှာထားတုန်းက မင်းတို့ခြံ‌ အနောက်ဘက်မှာကန်အကြီးကြီးတူးထားတာဆို...အခုလူလတ်တန်းစားအလွှာကနေတောင် မင်းတို့ဆီကို ရေလာ၀ယ်ကြတယ်ဆိုပဲ..အဲ့တော့ မင်းတို့ထောနေတာ ငါရိပ်မိပါတယ်ကွာ..."

"ဒီလိုပါပဲကွာ...မင်းတို့ရေလိုချင်ရင်လည်း အလကားလာယူပါကွာ..ငါ့အိပ်မက်ထဲမှာ မိုးရာသီကိုအိပ်မက်မက်လို့ အဖေနဲ့တိုင်ပင်ပြီး အရူးထမိတာပါ...မိုးတကယ်ရွာမယ်လို့ အတိအကျသိတာတော့မဟုတ်ပါဘူး...ဒီအတိုင်းတိုက်ဆိုင်သွားတာပါ..."

"ဟုတ်လို့လား..ကဝိရာ..ဒီလောက်အထိတိုက်ဆိုင်လွန်းတာတော့..."

"ဒိုင်း!!!ဒိုင်း!!"

"ဟင်...ဘာအသံကြီးလည်း..."

"ဟိုမှာကွ...စားကျက်ဘက်က သေနတ်သံကြားရတာ..."

ကျွန်တော်နဲ့ဖိုးထူး နွားတွေရှိသောစားကျက်မြေဘက်အခြမ်းကို ကြည့်လိုက်မိတဲ့ အချိန်မှာ မြင်းစီးလာတဲ့ လူတစ်သိုက်က ကျွန်တော်‌တို့ ရပ်နေရာဆီသို့ ဒုန်းဆိုင်းလာနေကြသလိုပဲ။

"ကျ!!...ကျ.!!..ကျ!!!...."

လူငါးယောက်ဟာ မြင်းတွေကို အားမာန်အပြည့်နဲ့စီးလာတာကြောင့် မြေကြီးတွေဟာ သိမ့်သိမ့်တုန်သွားပြီး လှုပ်ခတ်နေတယ်လို့တောင် ထင်နေရတယ်။ကျွန်တော်တို့ ဘေးနားကနေ ဖြတ်စီးသွားကြစဉ် မြင်းပေါ်ကလူတွေကို မော့ကြည့်လိုက်တော့ ကျွန်တော့်ရန်သူထက်အာကာနဲ့သူ့အဖွဲ့ ၊
ထက်အာကာရဲ့ လက်ထဲမှာလည်း တူမီးသေနတ်ကိုကိုင်ထားတယ်။ ဧကန်နဒီကောင်တွေ နွားတစ်ကောင်ကောင်ကိုသတ်လိုက်တာများလား။

"ဖိုးထူး...မင်းနွားတွေကို သွားကြည့်ရအောင် တစ်ခုခုဖြစ်ရင် ပိုင်ရှင်တွေနဲ့ မင်းပဲပြဿနာတတ်လိမ့်မယ်..."

"အေး..အခုပဲသွားကြမယ်..."

ဖိုးထူးခမျာလည်း လက်ထဲကထမင်းထုပ်ကလေးကို ပစ်ချခဲ့ရသည်အထိ ပူပန်နေလေသည်။
ကျွန်တော်တို့နှစ်ယောက် နွားစားကျက်ကို အပြေးရောက်သွားတဲ့အခါမှာတော့...

"ဟာ...ဖိုးထူး..မင်းရဲ့နွား..."

"တောက်...သူတောင်စားတွေ..ခွေးမသားတွေ..
မိုက်ရိုင်းလိုက်တာ..သူတစ်ပါးအသက်ကို မညှာ
မတာကွာ..."

ဖိုးထူးမှာ ၀မ်းနည်းမှုနဲ့အတူ သေနတ်ဒဏ်ရာကြောင့် အသက်ပျောက်နေပြီဖြစ်သော နွားအလောင်းကိုသာ ပွတ်သပ်နေလေသည်။

"ကဝိ..ငါဘယ်လိုလုပ်ရမလဲကွာ..ငါ့မှာပိုင်ရှင်ကို ပြန်လျှော်ဖို့ ပိုက်ဆံမရှိဘူးကွ...ကံဆိုးမှသွားရာ မိုးလိုက်လို့လာသလိုပဲ..တောက်!!! "

"စိတ်ပူမနေနဲ့ဖိုးထူး..ဒီကိစ္စကိုလုပ်ခဲ့တဲ့လူကိုယ်တိုင် ပြန်ပြီး တာ၀န်ယူရမယ်...ဒီကောင့်ကို
နှောင်ကျင်အောင် ငါတို့လုပ်ရလိမ့်မယ်..."

"မင်းက ဘယ်လိုစဉ်းစားထားလို့လဲ...ဘာလဲ..
သူ့ကိုဒီလို ဆိုးပေနိုင်အောင် ထောက်ပံ့ပေးထားတဲ့ သူ့အဖေ ဦးအဂ္ဂကို သွားတိုင်မလို့လား...ငါတို့ကိုပါ နွားတစ်ကောင်လိုမဆက်ဆံလိုက်ရင် ကံကောင်း..."

ဖိုးထူးရဲ့ ကြေကွဲနေတဲ့ပဲ့တင်သံအဆုံးမှာ  အကောက်ကျစ်ဆုံးမဲ့ပြုံးလေးတစ်ခုကို ကျွန်တော်ပန်ဆင်လိုက်သည်။

"သူ့အဖေဦးအဂ္ဂကိုယ်တိုင်က သူ့သားကိုမနိုင်မှတော့...သူ့အဖိုးဖြစ်တဲ့ မြို့တော်၀န်ဦးတေဇဆီကိုပဲ ဦးတည်ရတော့မှာပေါ့...
အခုကိစ္စက..သာမန်အနိုင်ကျင့်မှုလေးတစ်ခုပဲမဟုတ်ဘူး...တိရိစ္ဆာန်တစ်ကောင်ကို တရားမ၀င်သတ်ဖြတ်သွားတာ..
ပိုင်ရှင်ဆီကလည်း ခွင်းပြုချက်မတောင်းခဲ့သလို..
နိုင့်ထက်စီးနင်းပြုမူသွားတာ...အကြီးကြီး‌ ချဲ့ပြောရရင်တော့ ပြည်သူတစ်‌ယောက်ရဲ့အကျိုးစီးပွားကို မြို့တော်၀န်ရဲ့မြေးဖြစ်ပြီး အသားလွတ်အနိုင်ကျင့်သွားတာ...ဒီလိုကိစ္စမျိုးအတွက် သုန္နကမြို့ရဲ့ အကြီးအကဲဆီကိုမှ မသွားရင် ဘယ်သူ့ဆီကို သွားရမှာလဲ..."

"မင်းပြောတာလည်း ဟုတ်နေတာပဲ...ချကွာ..
မင်းလုပ်ခိုင်းတဲ့အတိုင်း ငါလုပ်ဖို့အဆင်သင့်ပဲ..."

"ဖိုးထူး...ဒီကိစ္စမှာ မင်းတစ်ယောက်ထဲပါ၀င်လို့မရဘူး..."

"ဘယ်လို..."

မျက်လုံးပြူးပြီး ကြောင်တောင်တောင်ဖြစ်သွားတဲ့ ဖိုးထူးရဲ့ပခုံးပေါ်သို့ ကဝိရဲ့သန်မာသော လက်တစ်စုံက အားပြင်းစွာ ကျရောက်လာသည်။

"ဒီကိစ္စမှာ ငါတို့ဆင်းရဲသားအလွှာကလူတွေအကုန်လုံးပါ၀င်ရမှာကွ...အထူးသဖြင့် သက်ကြီးပိုင်း‌တွေပေါ့...မှတ်ထားရပ်ရွာလူတောင့်ရင် ဘယ်သူခိုးမှမကပ်ရဲဘူး..."

ဖိုးထူးက လုံး၀နားမလည်နိုင်စွာ ပါးစပ်ကလေး
ဟပြီး အံ့ဩနေလေသည်။ကဝိဟာ အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ဒါပေမဲ့ သူ့ဦးနှောက်ကတော့ သူ့အသက်ထက်ပိုရင့်ကျက်နေတယ်။

ကဝိအနေနဲ့ကတော့ အာကာတစ်ယောက်
သူ့အကွက်ထဲ၀င်လာပြီဖြစ်တာကြောင့် ကြိတ်ပြုံးနေမိတယ်။

"အာကာ...အာကာ...မင်းကိုနောင်တရစေရမယ်လို့...ငါမပြောခဲ့ဘူးလား...အခု..ငါ့အလှည့်ပဲ..."

ဆက်ရန်....

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

🌸🦋🦋🦋🦋🦋🌸

=========================================================================

🍁အခန်း၇🍁
             🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸


"ကုလား...ငါနာရီ၀က်လောက်အနားယူမယ်
...ဘယ်လောက်အရေးကြီးတဲ့ ကိစ္စဖြစ်ဖြစ် ငါ့ကိုလာမနှိုးနဲ့ ကြားလား..."

"ဟုတ်ကဲ့ပါဆရာ..."

အပိုင်(၂)မှ ဦးတေဇရဲ့လက်ထောက် ကုလားဆိုသူထွက်သွားတဲ့နောက်မှာတော့ ဓာတ်ပြားစက်နှင့်
သူအိပ်နေရင်ဇိမ်နဲ့  နားထောင်ဖို့ရာနန်းတော်ရှေ့ဆရာတင်၏ သီချင်းလေးကို ဖွင့်ထားလိုက်ပြီးပက်လက်ကုလားထိုင်ပေါ်သို့၀င်လှဲလိုက်သည်။
မျက်လုံးတွေမှေးစဥ်းလာသည့်နည်းတူ ဓာတ်ပြားသီချင်းလေးကလည်း အေးအေးငြိမ့်ငြိမ့်လေးသွားနေသည်။

🎵အစကတော့ ဖြူဖြူ

🎵ညိုသွားပြီ အခုတော့ညိုသွားပြီ

🎵ပျိုမှားပါပြီရှင် ခေါ်လာမိတယ်...

🎵အင်းလျားရေ တစ်စည်လောက်တော့
လိုချင်ပါတယ်..၀ယ်ချင်ရှာသူ

🎵ရွှေမန်းသူတွေ ရေခေါ်ချိုး‌မယ်
တစ်မျိုးနော်လှအောင် မိုးပေါ်ကျသူ

🎵အင်းလျားရေကိုယူ...
    အင်းလျားရေကိုယူ..

"ဒုန်း!!!..."

ရုတ်တရက် ကုလားဟာရုံးခန်းတံခါးကို အားနဲ့တွန်းဖွင့်ပြီး အပြေး၀င်လာလေတော့ ဦးတေဇလည်း လန့်ပြီးမျက်လုံးတွေပြူးကျယ်ကုန်သည်။
ဘယ်တုန်းကမှ ကုလားဆိုတဲ့ကောင် သူအိပ်နေတုန်း၀င်မလာရဲဘူး။အခုကခေါင်းပြုတ်ချိန်တန်လို့နေမယ်။

"ဟေ့ကောင်...မင်းဘာဖြစ်နေတာလဲ..."

"ဆရာ့!!...ဆရာ့!!...ဟိုဟာ.."

"ဟာ...ငါဆောင့်ကန်လိုက်ရ..."

ပါးစပ်ထက် ခြေထောက်ကအရင်ရောက်သွား
လေရာ ကုလားမှာ ကြမ်းပြင်ပေါ်သို့ပက်လက်လန်ကျသွားသည်။ဦးတေဇဆိုသည်မှာ သုန္နကမြို့ကို အုပ်ချုပ်နေသော အကြီးအကဲ။မျိုးရိုးစဉ်ဆက်က သူကြွယ်မျိုးရိုးဆိုတော့ လူအများကလည်း သူ့အရှိန်အဝါကိုကြောက်ကြသည်။
သူ့မှာ အဂ္ဂနဲ့ ဂန္တ၀င်ဆိုပြီး သားနှစ်ယောက်ရှိသည့်နည်းတူ သုန္နကမြို့ရဲ့ စီးပွားရေးသုံးပုံ နှစ်ပုံနီးပါးလောက်ကို သူ့သားတွေသာလျှင် ပိုင်စိုးထားစေသည်။

မတရားမှုတွေကို လက်သင့်ခံတဲ့လူမဟုတ်ပေမဲ့ တစ်ခါတစ်လေမှာလည်း သိလျှက်နဲ့မျက်ကွယ်ပြုတတ်သည်။ဥပမာ သူ့ဆွေမျိူးတွေကျူးလွန်တဲ့
မတရားသော အမှုတွေကိုပေါ့။သူ့လက်ထက်မှာ ဘာကိုမှ မပျက်စီးစေပေမဲ့ တိုးတက်လာမှုလည်း ဘာမျှရှိမနေပါဘူး။ဒါကြောင့် ဆင်းရဲသားအလွှာဖြစ်တဲ့ အပိုင်(၃)နဲ့၊လူလတ်တန်းစားအလွှာဖြစ်သော အပိုင်(၂)မှလူတွေကတော့ ဦးတေဇကို
မချစ်ပေမဲ့ အောင့်ကာနမ်းဆိုသလို့ မကျေနပ်မှုတွေရှိကြပေမဲ့ ရင်ထဲမှာသာမုန်းကြရပါတယ်။

"‌ဆရာ့ကိုတမင်နှိုးတာမဟုတ်ရပါဘူး.."

"ဒါဆိုဘာလို့နှိုးတာလဲ..."

"ဟို..အပြင်မှာလူတွေရောက်လာလို့ပါ..."

"‌ခွေးမသား...လူရောက်လာတာများ အထူးအဆန်းလုပ်လို့..."

ဆစ်ခ်ဘာသာ၀င်ဖြစ်တဲ့ ကုလားမှာ ခေါင်းပေါင်းတောင်ရွဲ့သွားသည်အထိ ထပ်ပြီးအကန်ခံလိုက်ရကာ ရင်ဘတ်တွေပါအောင့်တက်သွားလေသည်။

"မဟုတ်ဘူးဆရာ..ဒီတစ်ခါလာတာက အပိုင်သုံးကလူတွေ..."

"ဘာ!!!"

"ဟုတ်တယ်..ဆရာ...လူငယ်နှစ်ယောက်ရယ်..
အသက်လေးဆယ်၊ငါးဆယ်အရွယ် လူကြီးငါးယောက်ရယ်ဗျ..."

"သူတို့က..ဘာလာလုပ်ကြတာလဲ..."

"နွားသတ်မှုတဲ့ဆရာ...ဆရာအိပ်နေတယ်
...နောက်မှပြန်လာကြဆိုလည်း...မပြန်ဘူးတဲ့
...ဆရာ့ကိုရအောင်နှိုးပေးဖို့ပဲပြောတယ်...သူတို့ပုံစံတွေက ဆရာ့ကိုမှမတွေ့ရရင်..ကျွန်တော့်ကိုရိုက်သတ်မလားပဲ...အဲ့ဒါကြောင့်ပါ..."

ဒရင်းဘတ်ပေါ်မှာ ထောင်ထားတဲ့ဒူးပေါ်ကို တံတောင်နဲ့ထောက်ထားရင်း ဦးတေဇအတွေး
တို့နယ်ချဲ့နေလေသည်။
ဘာအရေးကြီးကိစ္စဖြစ်လို့ပါလိမ့်။နွားအသတ်ခံရတာလေးလောက်နဲ့ ငါ့ကိုလာပြီးဇယားရှုပ်နေတာ ရူးများနေကြသလား။

"ကုလား..အပြင်ကိုထွက်ပြီး ပြောလိုက်..ငါနဲ့‌ တွေ့ဖို့ကို တစ်ယောက်ပဲလက်ခံမယ်လို့...မကျေနပ်ရင်ပြန်ကြလို့သာပြောလိုက်ကွာ..."

"ဟုတ်ကဲ့ပါ...ဆရာ...."

ကုလားထွက်သွားပြီးနောက် ဦးတေဇ ဆေးလိပ်ကိုမီးညှိရင်း ကုလားထိုင်ပေါ်မှာ အကျအနထိုင်လိုက်သည်။အခန်းအတွင်းမှာလည်း ဆေးလိပ်ခိုးတွေ ဝေနေလေသည်။
ဆေးလိပ်ကိုတစ်ဖြည်းဖြည်းရှိုက်ဖွာနေစဉ်မှာပဲ သူ့ရုံးခန်းတခါးက ပွင့်လာသည်။

"ကျွီ...."

သံရှည်ဆွဲပြီး ပွင့်သွားတဲ့တံခါးအ၀မှာ ရပ်နေသူအားကြည့်လိုက်တော့ ပုဆိုးခပ်နွမ်းနွမ်းနဲ့ ရင်ဘတ်မှာ အပေါက်ကြီး၊အပေါက်ငယ်တွေ‌ပါသော စွတ်ကျယ်ချိုင်းပြတ်ကို၀တ်ထားတဲ့လူငယ်တစ်ယောက်။မိန်းမဆန်တဲ့ မျက်နှာကျပုံစံနဲ့ ထိုကောင်လေးဟာ သူ့ရဲ့အပေါ်ယံအ၀တ်တန်ဆာနဲ့ မလိုက်ဖက်သော အရှိန်အဝါတွေရှိနေသည်။
ဦးတေဇမျက်ခုံးတွေ တွန့်ကြုံ့ကုန်သည်အထိ ‌ဒေါသထွက်သွားသည်။

"ဒုန်း!!!!"

"မင်းတို့ငါ့ကို လာကစားနေကြတာလား...ပြောတော့အသက် လေး၊ငါးဆယ်အရွယ်တွေဆို
...အခု..ဘယ်လိုဖြစ်ပြီး နို့နံ့တောင်မစင်သေးတဲ့အရွယ်ကို...တောက်!!!ကုလား...
ဟေ့ကောင်.ကုလား..."

"ဗျာ...လာပါပြီ...ဆရာ..."

ကုလားမှာ ထိုင်မလို့ကြံခါရှိသေးတယ် ရုံးခန်းထဲသို့အပြေး၀င်လာရပြန်ပါပြီ။

"ဒုန်း!!!!"

"အောင်မလေးဗျ!!..."

၀င်လာလာချင်း...တံဆိပ်တုံးနဲ့ ပစ်အပေါက်ခံလိုက်ရပြန်ပါပြီ။ဒီနေ့က ကုလားတို့ထီပေါက်တဲ့နေ့ ထင်ပါရဲ့။

"‌ဆရာ့...ကျွန်တော်...ဘာလုပ်မိလို့လဲဗျာ..."

"ဘာလုပ်လို့လဲဟုတ်လား...မင်းခေါ်သွင်းလာတဲ့
လူကိုပြန်ကြည့်စမ်း..."

ပြန်ကြည့်ဆိုတာ‌ကြောင့် ကဝိရဲ့မျက်နှာကို သေချာပြန်ကြည့်လိုက်လေသည်။

"တော်တော်ချောတဲ့ ကောင်လေးပဲနော်ဆရာ..."

"ဟာ...ဒီကောင်တော့ကွာ...နွားသတ်မှုကို ရှင်းဖို့အသက်ကြီးတဲ့ကောင်တွေ တစ်ယောက်မှမရှိတော့ဘူးလား..."

"ကျွန်တော်...အဲ့ဒီ့ကိစ္စအတွက်လာတာပါ
...ကျွန်တော်ကမျက်မြင်သက်သေ တစ်ယောက်ပါ..."

ဩရှတဲ့ အသံပါဝါပြင်းပြင်းနဲ့ ပြောလိုက်တဲ့ထိုကောင်လေးကြောင့် ဦးတေဇအနည်းငယ်ငြိမ်ကျသွားသည်။ထိုကောင်လေးကိုလည်း ခေါင်းအစ‌၊ခြေအဆုံးပြန်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ရာ ကုလားလည်း အခန်းအပြင်သို့ပြန်ထွက်သွားသည်။

"ကောင်းပြီ...ထိုင်..."

"ကျွန်တော်..ဒီကိုထိုင်ဖို့လာတာမဟုတ်ပါဘူး..."

ဒီတစ်ခါတော့ ဦးတေဇ၏အကြည့်တွေက ထိုကောင်လေးရဲ့ စူးရှရှမျက်၀န်းတွေနဲ့ အကြည့်ချင်းဆုံလိုက်မိသည်။အတော်လာတဲ့ ကောင်ပဲ။

"ဟုတ်ပြီ...ဒါဆိုရင် ဦးဘက်ကလည်း မင်းကိုအချိန်မိနစ်နှစ်ဆယ်ပဲပေးမယ်..ဘာကြောင့်ဒီကိုရောက်လာတာလဲ...ဘာလိုချင်လို့လဲ..."

မေးစေချင်တဲ့ မေးခွန်းအားတန်းမေးလိုက်သော ဦးတေဇကို ကဝိ ရင်ထဲမှပဲကျေးဇူးတင်လိုက်သည်။

"ဒီကိုဘာကြောင့်ရောက်လာရသလဲဆိုတော့
..ကျွန်တော့်သူငယ်ချင်းဖိုးထူးရဲ့ နွားအသတ်ခံလိုက်ရလို့ပါပဲ...အဲ့ဒီ့နွားပိုင်ရှင်ကဖိုးထူးကို အခကြေးငွေပေးပြီး နွားကျောင်းခိုင်းခဲ့တာပါ
...အခုနွားကတူမီးနဲ့ နှစ်ချက်အပစ်ခံရပြီး သေသွားပါတယ်..."

"ဟ...မင်းပြောပုံအရဆိုရင်..နွားကိုသတ်သွားတဲ့တရားခံဆီကို သွားရမှာပေါ့...ဘာလို့ငါ့ဆီကိုလာတာလဲ...ငါ့ကိုနွားကိစ္စလေးကအစ...အခမဲ့ရှေ့နေလိုက်ပေးနေတယ်များ မှတ်နေ‌သလား..."

"မြို့တော်၀န်ပြောသလို...ကျွန်တော်တို့ကတရားခံဆီကိုသွားသင့်တာ မှန်ပါတယ်...ဒါပေမဲ့..အဲ့ဒီ့လူက အပိုင်(၁)ဖြစ်တဲ့ သူကြွယ်မျိုးရိုးထဲကဖြစ်တဲ့အပြင်..ကျွန်တော်တို့ကို ဘယ်လိုမှငဲ့ညှာပေးမဲ့လူမဟုတ်ဘူး..မြို့တော်၀န်ဦးတေဇဆိုတာ...ဒီလိုမတရားတဲ့ အရာတွေကို လက်ပိုက်ကြည့်မနေတတ်တဲ့လူ...အင်မတန် တရားမျှတတဲ့လူဆိုလို့
...ကျွန်တော်တို့အပိုင်(၃)ကလူတွေစုဝေးပြီး ရောက်လာရတာပါ..."

ဒီကောင်လေးပြောနေတာ သူ့အကြောင်းမှဟုတ်ရဲ့လားလို့ သံသယ၀င်မိပေမဲ့ နဲနဲတော့
ကျေနပ်သွားမိတာ အမှန်ပဲ။

"ကောင်းပြီ..ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းပေးမယ်..မင်းတို့ရဲ့နွားကို သတ်ခဲ့တာဘယ်သူလဲ..."

"ဘယ်သူလဲဆိုတာ အရင်မပြောခင်..အပြစ်ကျူးလွန်ခဲ့တဲ့လူက..မြို့တော်၀န်နဲ့အရမ်းခင်မင်‌တဲ့မိတ်ဆွေထဲကဆိုရင်ရော..ဘယ်လိုစီရင်ချက်ချမှာလည်း..."

"ဖြေရှင်းပေးမယ်.."ဆိုတဲ့ စကားအခံကရှိနေလေတော့။နွားသတ်မှု‌ လေးပဲဥစ္စာ ဘာမှသိပ်ခက်ခဲလိမ့်မယ်မထင်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် အရင်ကအမြင်မကြည်ကြတဲ့ အပိုင်(၃)ကလူတွေအကြားမှာ နာမည်ကောင်းလေးတော့ ကျန်သွားမှာကြိမ်းသေတယ်။တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ပေါ့။

"ဒီ‌မှာကောင်လေး...ငါ့နာမည်တေဇ..
ငါ့လက်ထက်မှာ..တရားမျှတမှုကိုပဲ လက်ကိုင်ထားမှာဖြစ်တဲ့အတွက်
..ဘယ်လောက်ချမ်းသာတဲ့လူမျိုးဖြစ်ပါစေ...ငါနဲ့ဘယ်လောက်အတိုင်းအတာအထိခင်နေပါစေ
..ရှင်းရှင်းပြောရရင်ကွာ...မင်းရဲ့နွားကိုသတ်ခဲ့တာက ငါ့ဆွေမျိုးထဲကဆိုရင်တောင်..‌မြို့တော်၀န်
ဦးတေဇရဲ့ တရားဥပဒေအထက်မှာ...ဘယ်သူမှမရှိရဘူး...
ဒီလောက်ဆိုရင်...တရားခံကို မင်းပြောပြဖို့သင့်ပြီမလား..."

ဦးတေဇရဲ့ စကားအဆုံးမှာတော့ က၀ိဟာ ဦးတေဇနဲ့မျက်နှာချင်းဆိုင် ခုံပေါ်မှာ၀င်ထိုင်လိုက်သည်။
ပြီးနောက် ဦးတေဇရဲ့မျက်နှာကို တည့်တည့်ကြည့်ပြီး တစ်လုံးချင်းစီပြောလိုက်သည်က...

"ပိုင်ရှင်ရှိတဲ့နွားကို တရားမ၀င်သတ်ဖြတ်ခဲ့တဲ့လူဟာ..မြို့တော်၀န်ရဲ့ မြေးဖြစ်နေမယ်ဆိုရင်ရော..
မြို့တော်၀န်ဦးတေဇရဲ့ ဥပဒေအထက်မှာ...ဘယ်သူမှမရှိရဘူးလို့ပဲ...ဆက်ပြောနေအုံးမှာပဲလားခင်ဗျာ..."

"ဘာ!!!...မင်းဘာပြောလိုက်တယ်.. "

"နွားကို တူမီးနဲ့တမင်ပစ်သတ်ခဲ့တဲ့လူက..တစ်ခြားသူမဟုတ်ဘူး...မြို့တော်၀န်ရဲ့မြေး..
ထက်အာကာကိုယ်တိုင်ပဲ..."

ဦးတေဇ ကြက်သေသေသွားလောက်အောင် ငိုင်ကျသွားသည်။လက်ထဲမှဆေးလိပ်ကလည်း ကိုင်မိလျက်သားဖြစ်တာကြောင့် အငွေ့တလူလူဖြစ်နေသည်။

"ကောင်လေး...မင်းတော်တော်သတ္တိရှိတာပဲ..
ငါ့သား‌တွေထက် ငါ့မြေးကိုငါပိုချစ်တယ်..
အခုမင်းက ငါ့မြေးကျူးလွန်ခဲ့တဲ့အပြစ်အတွက်..
အဖိုးဆီမှာလာတိုင်နေတာလား..."

ကဝိ မဲ့ပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ခန္တာကိုယ်ကို မတ်မတ်နေလိုက်သည်။ပြီးနောက်မတ်တက်ထရပ်လိုက်သည်။

"မြို့တော်၀န်အထင်လွှဲနေပြီထင်တယ်
...ကျွန်တော်ဒီကိုလာခဲ့တာက..မြေးမှားခဲ့တဲ့အမှားကို..အဖိုးဆီမှာလာတိုင်တာမဟုတ်ပါဘူး...
ပြည်သူတစ်ယောက်အနေနဲ့...နစ်နာခဲ့ရတဲ့အရာတစ်ခုအတွက်..အပြစ်ကျူးလွန်သူကို ဒဏ်ခတ်ပေးဖို့ပဲအုပ်ချုပ်သူထံမှာ လာတိုင်ကြားတာပါ
...ကျွန်တော်ဒီအခန်းထဲကို ၀င်လာတည်းက မြို့တော်၀န်လို့ပဲ သုံးနှုန်းခဲ့တာဟာ...ဒီကိုရောက်လာရတဲ့...ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကို ပြသလိုက်တာပါပဲ..."

"အဟင်း...ကောင်လေး..မင်းကစကားကိုကွေ့ပတ်ပြီးတော့..ပြောတတ်သားပဲနော့..."

ဦးတေဇက ဟန်လုပ်ပြီးရယ်ကျဲကျဲလုပ်လိုက်တော့ ကဝိရဲ့မျက်နှာဟာ သာမန်ထက်ပိုတည်သွားသည်။သူ့စကားကို ဟာသလုပ်ပစ်လိုက်လို့လည်း ဒေါသထွက်သွားသည်။

"မြို့တော်၀န်သာ..နစ်နာသွားတဲ့ပြည်သူရဲ့နေရာမှာ
နေကြည့်ပေးနိုင်ရင်..ကျွန်တော့်စကားတွေက ရယ်စရာဖြစ်နေမှာမဟုတ်ပါဘူး...
နောက်ပြီး..ပိုင်ရှင်ရှိတဲ့ တိရိစ္ဆာန်ကို သတ်သွားတာဟာ...တရားဥပဒေကို မျက်ကွယ်ပြုလိုက်တာပဲ...
မြို့တော်၀န်ကရော..အဘိုးတစ်ယောက်အနေနဲ့ဆိုရင်..ကိုယ့်မြေးရဲ့လုပ်ရပ်အတွက် ဘယ်လိုသဘောရပါသလဲ..."

ကဝိရဲ့ထိုးနှက်ချက်က အရှိုက်ကိုထိသွားလေတော့ ရယ်နေတဲ့ဦးတေဇရဲ့ပါးစပ်ဟာ ချက်ချင်းပြန်စိသွားသည်။

"ကောင်းပြီ..ဒါဆိုရင် ပြည်သူတစ်ယောက်အနေနဲ့မင်းက ဘာဖြစ်စေချင်လဲ..."

"သာမန်အရပ်သားပြည်သူတစ်ယောက်အနေနဲ့
...အုပ်ချုပ်သူကိုယ်စား ကျွန်တော်ဆုံးဖြတ်ပေးဖို့
အတင့်မရဲပါဘူး...မြို့တော်၀န်ဘက်ကသာ
...အုပ်ချုပ်သူတစ်ယောက်‌အနေနဲ့..
မြေးတော်ဆက်တဲ့ အပြစ်ကျူးလွန်ခဲ့တဲ့ပြည်သူတစ်ယောက်ကို ဘယ်လိုမျိုးအပြစ်ဒဏ်ပေးမလဲဆိုတာပဲ သိခွင့်ရချင်ပါတယ်..."

"မင်း!!!!!"

ငယ်ရွယ်မှုနဲ့မှမလိုက် အားလုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ သူ့လိုမြို့တော်၀န်ကို တန်ပြန်ဆိုက်ကြည့်နေတဲ့ ဒီကောင်လေး။
တကယ်ကို မခေဘူးပဲ။စကားလမ်းကြောင်းမျိုးစုံနဲ့ စီကာပတ်ပျိုးပြီး နောက်ဆုံးမှာ တေဇလိုလူကို ချည်ပြီး၊တုပ်ပြီး လုပ်ချလိုက်တာ ဒီလိုကလေးမျိုးသာ တေဇရဲ့မြေးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ရုံးခန်းထဲတွင် တိတ်ဆိတ်သွားသည့်နည်းတူ ပိတ်ထားသော တံခါးအပြင်ဘက်တွင် နားဆိုက်ထောင်နေကြသော ဖိုးထူးနှင့် လူကြီးများအဖွဲ့ကလည်း ရင်ခုန်၊စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖြစ်နေကြ လေသည်။

"ဖိုးထူး...ဘကြီးတို့၀င်သွားလိုက်ရင်ကောင်းမလား..."

"နေပါဦးဘကြီးဗြောရယ်...ကဝိကအသိသတ်သေအဖြစ် လိုအပ်မှခေါ်မယ်လို့ မှာခဲ့တယ်လေ
..စောင့်ကြည့်လိုက်ပါအုံးဗျာ..."

"မင်းဘာသိလို့လဲ ဖိုးထူးရဲ့...အဲ့ဒီ့ကောင်တေဇက အကျင့်ကောင်းတာမဟုတ်ဘူး...သူငယ်နှပ်စားလေးဆိုပြီး...နှပ်ချလိုက်မှ.."

"မထင်နဲ့ဗျို့...ဒီကအဘတို့လို လူငါးယောက်၀င်သွားတာထက်...ကဝိလိုလူတစ်ယောက်၀င်သွားတာက...ပိုထိရောက်မှာဗျာ...မယုံရင်စောင့်ကြည့်နေ..."

"လေကလည်း...ကြီးပါ့ကွာ..."

"ကဲပါ...ကို‌ဗြောရယ်..စောင့်သာကြည့်နေလိုက်စမ်းပါ..."

"ကျွီ!!!"

ဘကြီးဗြောကို ဦးမိုးထိန်ဖြောင်းဖျနေစဉ်မှာပဲ ရုံးခန်းတံခါးကြီးက ပွင့်လာသည်။ကဝိဟာခြေလှမ်းသွက်သွက်နဲ့ ထွက်လာလေရာ ဖိုးထူးနဲ့တကွကျန်လူများအားလုံးလည်း ကဝိရဲ့ဘေးနားမှာဝိုင်းအုံနေကြလေသည်။

"ကဝိ..အခြေအနေဘယ်လိုလဲ..."

အားလုံး စိတ်၀င်တစားဖြစ်နေကြတဲ့ အချိန်မှာ ကဝိက သူ့ရဲ့ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး လက်မထောင်ပြလိုက်သည်။

"ဟား...ဒါဆို...အဆင်ပြေတယ်ပေါ့.."

"ဟော့ဒီက အိတ်ထဲမှာ မင်းရဲ့နွားအတွက်
လျှော်ကြေးလည်း ပါလာခဲ့သလို...မကြာခင်မှာထက်အာကာကိုယ်တိုင်မင်းဆီကို တောင်းပန်ဖို့လာလိမ့်မယ်တဲ့...ပြီးတော့ သူ့မြေးကိုနောက်မလုပ်ရဲတော့အောင် မှတ်လောက်သားလောက်တဲ့အထိ ဆုံးမပေးမယ်တဲ့...ကဲ.."

"ဒါကထွင်လုံးတွေပါကွာ...သက်သက်လူကြားကောင်းအောင် ပြောလိုက်တာ.."

"မှန်၊မမှန်တော့...စောင့်ကြည့်ရမှာပဲ...ဒါပေမဲ့မင်းရဲ့နွားလျှော်ကြေးတော့ ပြန်ရလာပြီ..."

"ကျေးဇူးပဲ...သားကြီးရာ..."

"ကိုမောင်ကြီးရဲ့ သားကတကယ့်ကိုအာဃပဲဟေ့.."

"ဟုတ်ပါ့ကွာ...တို့အပိုင်(၃)ကလူတွေထဲမှာ ဒီလိုအောင်နိုင်မှုမျိုးကို ကြား..မကြားဖူးပေါင်..."

"အခုတော့...ကြားဖူးပြီမလား..ကိုဗြောရေ..."

"ကြားဖူးပြီ..ကြားဖူးပြီ..."

ကဝိတို့အုပ်စုပြန်သွားပြီးနောက်မှာတော့ ဦးတေဇတစ်ယောက် သားအကြီးဖြစ်သူအဂ္ဂ၏ အိမ်သို့ဖုန်းခေါ်နေလေသည်။

📞"ဟယ်လို...အဖေ..."

📞"အဖေတွေ..ဘာတွေလုပ်မနေနဲ့...အာကာအိမ်မှာရှိလား..."

📞"ရှိတယ်အဖေ...ဘာဖြစ်လို့လည်း..."

📞"အေး..အဲ့ဒီ့ကောင်ကို ဘယ်မှမသွားစေနဲ့..
     သေချာကြည့်ထား...ခြံအပြင်ကိုခြေတစ်လှမ်း
     ထွက်တာနဲ့..ကြူးတဲ့ခြေထောက်ကို ရိုက်ချိုး
     ပစ်...ငါအခုပဲ..မင်းရဲ့အိမ်ကို လာခဲ့မယ်.."

📞"ဘာလုပ်ဖို့လာမှာလဲ..အဖေရဲ့..."

📞"မင်းရဲ့သားကို  ခြေထောက်‌တွေလာရိုက်ချိုး
    ပေးမလို့..."

ဖုန်းကိုအသံမြည်အောင် ချလိုက်ပြီးနောက်မှာတော့ ဦးတေဇမှာ တိုက်ပုံကိုတောင် ပြန်၀တ်မနေတော့ပဲ ရုံးခန်းထဲမှ ခြေနင်းသံပြင်းပြင်းနဲ့ထွက်သွားလေသည်။

သိပ်မကြာခင်မှာပဲ အထူးဆန်းဆုံးပုံပြင်လေး‌တစ်ပုဒ်က သုန္နကမြို့ကြီးထဲမှာ တရစ်ဝဲဝဲလွင့်ပြန်ကုန်လေသည်။"ဆင်းရဲသားအလွှာဖြစ်တဲ့ အပိုင်(၃)မှ လူငယ်လေးတစ်ယောက်ဟာ ဦးတေဇလို ပုဂ္ဂိုလ်ကြီးအား သူ့မြေးကို သူကိုယ်တိုင် ကျာပွတ်နဲ့ရိုက်နှက်အပစ်ပေးလောက်အောင်အထိ  တောင်းဆိုနိုင်ခဲ့လေသတည်း"ဆိုသော သတင်း‌တွေဟာ လူအများပါးစပ်ဖျားမှာ မပြောရမနေနိုင်လောက်အောင်အထိ ဟိုးလေးတ‌ကျော်ကျော်ဖြစ်သွားရလေသည်။
ထိုအာဃလူငယ်လေး၏နာမည်ကို
မသိကြသည့်တိုင် အင်မတန်မှသတ္တိရှိသူရယ်လို့ ထောပနာပြုကြလေတော့သည်။

အခန်း၈..ဆက်ရန်......

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁


=========================================================================

အခန်း၈
            🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸

ညဉ့်ရဲ့တိတ်ဆိတ်မှုဟာ ကျွန်တော့်အာရုံထဲက အိပ်မက်တွေကို ပိုနက်နဲလာစေတယ်။ ကျွန်တော့်ရဲ့
နှလုံးခုန်နှုန်းတွေဟာ အရမ်း‌မြန်နေပြီး စိတ်လှုပ်ရှားမှုတွေကလည်းပြင်း‌ထန်နေတယ်။
ကျွန်တော့်အမြင်အာရုံထဲမှာ လူလေးယောက်က ကျွန်တော်တို့နေတဲ့ အိမ်လေးကိုဖြတ်စီးနေကြတယ်။

သူတို့ကို မလုပ်ဖို့တားဆီးနေတဲ့ ကျွန်တော့်ကိုလည်း သွေးထွက်သံယိုဖြစ်အောင် ထိုးနှက်နေကြတယ်။ဘာကြောင့်လဲ?။ သူတို့ဘာလို့ ဒီလိုလုပ်နေကြတာလဲ?။ ကျွန်တော် သူတို့အ‌ပေါ်ကိုဘယ်လိုအမှားများ ကျူးလွန်ထားမိလို့လဲ။? ဒီလူတွေကို ကျွန်တော်သိတောင် မသိဘူး။?
ဗိုက်ကို ဆောင့်အကန်ခံလိုက်ရတာကြောင့် ကျွန်တော် မြေကြီးပေါ်သို့ ပစ်လဲကျသွားတဲ့အချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ပြေးလာတဲ့ လူတစ်ယောက်က သံတုတ်ကိုလွဲလိုက်ပြီး ကျွန်တော့်ခေါင်းကို ရိုက်ချလိုက်တဲ့အချိန်...

"အား!...မလုပ်နဲ့!!!..."

"သား...သားဘာဖြစ်တာလဲ...သား!!"

ကျွန်တော့်ကို လှုပ်နှိုးနေတဲ့လက်တစ်စုံကြောင့် လန့်နိုးသွားတဲ့အချိန်မှာ ကျွန်တော့်ကိုအုပ်မိုးကြည့်နေတဲ့အဖေ့ကိုမြင်လိုက်ရတယ်။

"အဖေ...ကျွန်တော်အိပ်မက်မက်နေခဲ့တာပေါ့..."

ကယ်သူပေါ်လာပြီဆိုတဲ့အတွေးနဲ့ ကျွန်တော်
အဖေ့ကို ဖက်တွယ်ထားလိုက်သည့်နည်းတူ မျက်ရည်တွေကလည်း ဘယ်လိုမှထိန်းလို့မရအောင် ကျလာသည်။

"ဘာဖြစ်လို့လဲသား..ဘယ်လိုအိပ်မက်ဆိုးတွေများ မက်လို့လဲ...အဖေ့ကိုပြောပြစမ်းပါ..."

ကျွန်တော်မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီး ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ အဖေ့ကို သေချာကြည့်လိုက်တယ်။

"အဖေ...အိပ်မက်ထဲမှာ...ကျွန်တော်တို့အိမ်လေးကို လူတွေဝိုင်းဖြိုနေကြတယ်...အဲ့ဒီလူတွေကို ကျွန်တော်အော်ဟစ်ပြီးတားပေမဲ့...ကျွန်တော့်ကိုဝိုင်းပြီးထိုးကြိတ်ကြတယ်..."

"ဘာမှမဖြစ်ပါဘူး...သားရယ်...ဒါကအိပ်မက်ဆိုးတစ်ခုသက်သက်ပါပဲကွာ..."

"မဟုတ်ဘူးအဖေ...ဒါကသာမန်အိပ်မက်မဖြစ်နိုင်ဘူး...ဒါနမိတ်ပြတာပဲနေမှာ...တကယ်ဖြစ်လာရင် ရောဘယ်လိုလုပ်ကြမလဲ...ကျွန်တော်တို့သားအဖနှစ်‌ယောက်လုံး လမ်းဘေးရောက်ကုန်မှာပေါ့အဖေရဲ့..."

"စိတ်မပူပါနဲ့သားရယ်..ဘာမှကြီးကြီးမားမားမဖြစ်နိုင်ပါဘူး...အခုလည်းအဖေတို့သားအဖအဆင်ပြေနေတာပဲ မဟုတ်လား...အိပ်ပါတော့သားရယ် မနက်ကျရင်စာမေးပွဲရှိတယ်မဟုတ်လား...ဆယ်တန်းစာမေးပွဲကို ထူးချွန်စွာအောင်နိုင်ဖို့ကိုပဲတွေးပါ သားရယ်...ကဲ...အိပ်တော့‌..အိပ်တော့...ငါ့သားအရှေ့မှာအဖေတစ်ယောက်လုံးရှိပါတယ်ကွာ...ဘယ်ကောင်ကတို့အိမ်ကို လာဖြိုလို့ရမှာလဲ...."

ဦးမောင်ကြီးလည်း သားဖြစ်သူကို ချော့မော့ပြီး အိပ်ခိုင်းလိုက်ရပေမဲ့ သူကိုယ်တိုင်ကတော့ ခြင်ထောင်ထဲမှာပဲ ငုတ်တုတ်ကြီး ထိုင်နေမိသည်။
သားရဲ့အိပ်မက်မှန်သမျှက အပြင်မှာတကယ်ဖြစ်လာတတ်တာကြောင့် သူ့ရင်ထဲမှာလည်း
ရတက်မအေးဘူးဖြစ်နေတယ်။

သားအသက်ရှစ်နှစ်လောက်တုန်းကလည်း ဒီလိုတစ်ခါဖြစ်ခဲ့ဖူးပါတယ်။

တစ်နေ့မှာ ရှစ်နှစ်အရွယ် သားလေးက အိမ်ရှေ့က မန်ကျည်းပင်ကြီးကို ကြည့်ပြီးတရှုံ့ရှုံ့ရှိုက်ငိုနေခဲ့တယ်။အလုပ်ကနေ ပြန်လာလာခြင်း ရှိုက်ကြီးတငင်ငိုနေတဲ့ သားလေးကိုတွေ့လိုက်ရတော့ ဦးမောင်ကြီး အင်မတန်စိတ်ပူသွားခဲ့တယ်။

"သားလေး...ဘာဖြစ်လို့ငိုနေတာလဲ...ဖေကြီးကိုပြောစမ်း.."

"ဖေကြီး...သားတို့အိမ်ရှေ့က သစ်ပင်ကြီးကို လူတွေလာခုတ်ကြတော့မယ်...အဟင့်..."

"မဟုတ်တာ သားရယ်..ဘယ်သူကလာခုတ်မှာလဲ...မဖြစ်နိုင်ပါဘူးကွာ..."

"ဟုတ်တယ်ဖေကြီးရဲ့...သစ်ပင်ကြီးသေသွားတာကို သားသေချာကိုမြင်လိုက်ရတာ..ဟင့်..."

အိမ်ရှေ့က သစ်ပင်ကြီးကို လက်ညှိုး‌လေးထိုးပြီး မျက်ရည်တွေ ပါးပြင်မှာစိုရွှဲလာတဲ့ သားလေးကို သူထွေးပွေ့လိုက်သည်။

"ဒီမှာသား...အဲ့အပင်ကြီးက ဖေကြီးတို့ပိုင်တာလေကွာ..ဖေကြီးရဲ့ခွင့်ပြုချက်မရပဲနဲ့...ဘယ်သူကလာပြီးတော့ ခုတ်ရဲမှာလဲ..သားရယ်..
စိတ်ချ...ဒီအပင်ကြီးကို ဘယ်သူမှလာမခုတ်စေရဘူး..."

"တကယ်ပြောတာနော်..ဖေကြီး..."

"တကယ်ပါကွာ...လူကြီးကတိ.."

ထိုမနက်ခင်းမှာ သားလေးကိုရင်ခွင်ထဲမှာ‌ပွေ့ချီထားရင်း အငိုတိတ်အောင် နှစ်သိမ့်နိုင်ခဲ့ပေမဲ့ နေ့လည်ခင်းအချိန် သားလေးအိပ်မောကျနေစဉ်မှာပဲ..

"ဗျို့...ကိုမောင်ကြီး..."

အော်ခေါ်သံတွေကြားလို့ အိမ်အပြင်ဘက်ကိုထွက်ကြည့်လိုက်တော့ လွှတွေ၊ပုဆိန်တွေနဲ့
တူရွင်းတွေကို ထမ်းလာကြတဲ့ လူသုံးယောက်
ကအိမ်ရှေ့မှာ ရပ်နေလေသည်။

"ဘာဖြစ်လို့လဲဗျာ..."

"ဒီလိုဗျာ...မနေ့ညနေကပဲ မတင်ဦးခင်ဗျားတို့အိမ်ရှေ့က ဖြတ်သွားတာလေ အဲ့ဒါမြွေကိုက်ခံရလို့ဗျ အခုဆေးရုံကိုရောက်နေတယ်.. အဲ့တာ ခင်ဗျားတို့အိမ်ရှေ့က မန်ကျည်းပင်ကြီးက သက်တမ်းကလည်း ကြာနေပြီ..အခေါင်းပေါက်ကြီးနဲ့ဆိုတော့..အထဲမှာမြွေတွေရှိနိုင်တယ်ဗျ...
မတင်ဦးပြောတာတော့ အဲ့အပင်ဘေးကဖြတ်လျှောက်ရင်းနဲ့ အကိုက်ခံရတာတဲ့...
ဒါကြောင့်...ဒီအပင်ကြီးကို ကျုပ်တို့ခုတ်လှဲပစ်မှရမယ်...ရပ်ရွာအတွက်အန္တရယ်ရှိတယ်ဗျ...ခင်ဗျားဆီကနေ ခွင့်ပြုချက်လာတောင်းတာဗျာ...ခွင့်ပြုမယ်မလား...."

ဦးမောင်ကြီးလည်း သက်ပြင်းမောတွေချမိရင်းသာ ခွင့်ပြုလိုက်ရပါတော့တယ်။

ငယ်ငယ်ကဆိုရင် သားလေးဟာ အနာဂတ်အကြောင်းအရာတစ်ချို့ကို အိပ်မက်တွေကနေချည်းပဲ ကြိုမြင်နိုင်တာမဟုတ်ပဲ ဒီအတိုင်းနေရင်းနဲ့ကို အလိုလိုမြင်နေခဲ့တာပါ။အခုအသက်ကြီးလာမှသာ အကြိမ်ရေကျဲလာခဲ့တာ။

"ဖေကြီး...ဘကြီးဗြောရဲ့ နွားမကြီးကသေတော့မှာသိလား..."

"ဖေကြီး...ဒေါ်မတုတ်တို့ အိမ်ကြီးမီးလောင်တော့မယ်..ဖေကြီးသွားပြီးသတိပေးလိုက်ပါလား..."

"ဖေကြီး..ဦးမောင်လွင်ခိုင်ကို...ဒီနေ့အပြင်မထွက်ဖို့ သွားပြောပေးပါလား...သူ့ညာဘက်ခြေထောက်ကျိုးပြီး ပြန်လာရလိမ့်မယ်..."

ထိုသို့တစ်နေ့တစ်မျိုး မရိုးရအောင် ပြောပြနေတဲ့သားကြောင့် အခြားသူတွေအတွက် စိတ်ပူပေးရတာကလည်း ဦးမောင်ကြီးရဲ့ အလုပ်တစ်ခုလိုဖြစ်လာခဲ့တယ်။
တစ်ခုရှိတာက သားလေးဟာ သူမြင်နေရတဲ့
အရာတွေအကြောင်းကို အဖေဖြစ်သူကလွှဲပြီး ဘယ်သူ့ကိုမှမပြောပြတတ်ဘူး။
တကယ်လို့ပြောပြခဲ့ရင်လည်း လူတွေက
ကဝိလေးကို စုန်း၊ကဝေဆိုပြီး အထင်လွှဲကြမှာသေချာတယ်။

ရှေးဘ၀က သူ့ရဲ့ကျင့်ကြံအားထုတ်မှုတွေရှိခဲ့လို့သာ ဒီဘ၀မှာ သူများတွေနဲ့မတူတဲ့ အာရုံခံစားမှုတွေရနေတယ်လို့သာ တွေးထင်မိပါတယ်။ဘယ်လိုပဲ အနာဂတ်ကိုကြိုမြင်နိုင်ပါစေ၊ဖြစ်လာမဲ့အရာကတော့ ဖြစ်လာမှာပါပဲ။

ဒါ‌‌ကြောင့်သားက "ဘယ်သူတော့ဒုက္ခရောက်နေပါပြီ..သွားတားပေးပါဦးဆိုပြီး.."အကြိမ်ပေါင်းများစွာ ပြောခဲ့ပေမဲ့ ဦးမောင်ကြီးကတော့
ဘယ်သောအခါမှ မတား‌ပေးခဲ့ပါဘူး။
မြတ်စွာဘုရားလို ပါရမီဆယ်ပါးနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ထူးတောင်မှ သေခြင်းတရားနဲ့ရင်ဆိုင်ခဲ့ရသေးတာပဲ‌လေ။
သာမန်ပုထုဇဉ်တွေက ကံတရားကိုဘယ်လိုများ ဟန့်တားနိုင်ပါ့မလဲ။

"သားလေးရယ်...တကယ်လို့များတို့သားအဖရဲ့ အိမ်လေးကို ဖြတ်စီးလာခဲ့သူတွေရှိခဲ့ရင်လည်း...
အဖေ့အပြစ်တွေလို့သာ မှတ်ယူလိုက်ပါ...အဖေအသုံးမကျလို့ပါကွာ..ဒါပေမဲ့ငါ့သားကို ဒီလိုဆင်းရဲတွင်းထဲမှာ အဖေအကြာကြီးမထားပါဘူးကွာ
...တစ်နေ့နေ့တော့သားနဲ့ သက်ဆိုင်တဲ့နေရာတစ်ခုကို အဖေ‌ မရောက်ရောက်အောင်ပို့ပေးပါ့မယ်...
ငါ့သားက တောင်ခြေမှာရှိတဲ့ အနှိမ်ခံတို့ရဲ့မြေမှာ ခြေနင်းရမဲ့လူမဟုတ်ပါဘူးကွာ..."

ခေါင်းအုံးအနွမ်းလေးပေါ်သို့ လှဲချလိုက်ပြီးနောက် မျက်၀န်းတွေကို ပိတ်ချလိုက်ရာ မျက်‌လုံးထောင့်စွန်း တစ်ဖက်တစ်ချက်ဆီမှ မျက်ရည်တို့စီးကျလာလေသည်။

နှစ်ပေါင်းများစွာ ရင်ထဲမှာမျိုသိပ်ထားတဲ့လျှို့ဝှက်ချက်ကြီးက သူ့စိတ်ကိုတကယ်ပဲ လေးလံစေပါတယ်။ဒါပေမဲ့ သားလေးကိုမခွဲနိုင်တဲ့စိတ်က ဖွင့်ဟမပြောဖို့ တားဆီးနေခဲ့တာ ဆယ့်ခြောက်နှစ်တာ ကာလအထိရှိခဲ့ပါပြီ။
အမိမဲ့သားလေးကို သူ့ရင်မှာပိုက်ပြီး
အမေလိုတစ်မျိုး၊အဖေလိုတစ်မျိုး သူထွေးပွေ့ချော့မြူခဲ့ရတာ ဘယ်လိုအသဲနှလုံးနဲ့များ အဝေးကိုတွန်းပို့ ရပါ့မလဲ။

"အောက်အီးအီးအွတ်!!!"

လင်းကြက်တွန်သံနဲ့အတူ နှိုးထလာတဲ့ ကဝိရဲ့ ရုပ်ရော၊ခန္ဓာရောဟာ အင်မတန်ကိုလန်းဆန်းတက်ကြွနေသည်။
အဖေမရှိတော့ပုံထောက်ရင်တော့ အလုပ်သွားတာပဲနေမယ်။မိုးခေါင်မှုကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကြောင့် အိမ်နောက်ဖေးမှာတူးထားတဲ့ ရေကန်မှာလည်း ရေတွေခမ်းခြောက်ကုန်လေပြီ။ဒါကြောင့် ရေရောင်းရတဲ့ ပိုက်ဆံကအရင်ရက်တည်းက ကုန်သွားခဲ့တာပါ။၀မ်းရေးအတွက် လိုအပ်လာတော့ အဖေအလုပ်ပြန်ထွက်လုပ်ရပြီပေါ့။

ဆယ်တန်းစာမေးပွဲဖြေတဲ့နေ့‌တွေမှာ အဖေသာအနားမှာရှိနေပေးနိုင်ရင်သိပ်ကောင်းမှာပဲ။
အဖေ့အားပေးစကားသံတွေကိုလည်း ကြားချင်နေမိတယ်။သို့ပေမဲ့ စာမေးပွဲနောက်ဆုံးနေ့သာ ရောက်လာခဲ့ပေမဲ့ ကျွန်တော့်ဆုတောင်းကတော့ မပြည့်ခဲ့ပါဘူးလေ။
 
"အဖေရေ...ဒီနေ့ပြီးရင် အဖေ့ကိုသားတစ်လှည့်ပြန်လုပ်ကြွေးပါရစေ..."

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားပြီး ‌ခြင်ထောင်အမြန်သိမ်း၊မျက်နှာ အမြန်သစ်ပြီး ထမင်း၊ဟင်းချက်ဖို့ မီးဖိုထဲသို့ ၀င်သွားလိုက်တယ်။

"ဟာ...အဖေက..ထမင်းတွေရော..ဟင်းတွေရောချက်သွားတာပဲ.."

အဖေချက်ထားခဲ့တဲ့ ပဲငါးပြာရည်ချက်နဲ့ ကန်စွန်းရွက် ချဥ်ရေဟင်းလေးကို စားလိုက်ရတာကြောင့်စာမေးပွဲဖြေဖို့ အားမာန်တွေအလိုလိုပြည့်ဖြိုးသွားသလိုပဲ။
ထမင်းစား၊‌သောက်ပြီးတဲ့နောက် ကျောင်းစိမ်း၀တ်စုံလေးကိုလဲ၀တ်လိုက်ပြီး စာမေးပွဲခန်းထဲမ၀င်ခင် ပြန်နွေးဖို့ ဘိုင်အိုစာအုပ်လေးကို လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။အပြင်ကို ထွက်လိုက်တယ်ဆိုရင် ကျောင်းတော်ကြီးဆီသို့ လှမ်းနေတဲ့ခြေလှမ်းတွေက အရင်ရက်တွေကထက် ပိုတက်ကြွသွက်လက်နေသလိုပါပဲ။

"ကလင်...ကလင်...ကလင်..."

"ဟေး...လွတ်ပြီ...ကျွတ်ပြီကွ..."

စာမေးပွဲကြီးပြီးသည်နဲ့ ကျောင်းသားတွေအားလုံးလည်း တဝေါဝေါနဲ့အပျော်တွေလွန်နေကြလေသည်။

"ဟေ့ကောင်...သင်္ကြန်ရက်ကျရင် မင်းတို့ဘာလုပ်ကြမှာလဲ..."

"ရန်ကုန်ကို အလည်သွားမှာကွာ...အဲ့မှာကပျော်စရာသိပ်ကောင်းတာပဲ..ဒီမှာလို ရေမရှားဘူး"

"ဟ...တို့မြို့ကလည်း တောင်တန်းတွေကို နောက်ခံထားပြီး သိပ်လှပါတယ်ကွာ..မင်းသာသွားရဲရင်...ကျားဖြူတောင်ကိုတောင် အလည်သွားလို့ရသေးတယ်..."

"မသွားရဲပါဘူးကွာ...တို့ကကျားကြောက်တယ်ကွ.."

"ဟား..ဟား..."

"မင်းကရော...ပိတ်ရက်မှာဘာလုပ်မှာလဲ..."

"အိမ်မှာ‌ပဲ နေမှာပေါ့ကွာ စာမေးပွဲရလဒ်ကိုစောင့်ရင်းနဲ့ သုန္နကတောင်တန်းတွေပေါ်မှာခြေဆန့်ရင်း
တောထဲမှာ အမဲလိုက်မယ်ကွာ...ငါ့ဦးလေးလုပ်ပေးထားတဲ့ တူမီးကသိပ်မိုက်တာကွ..."

ဆယ်တန်းပြီးတဲ့နောက်မှာ အပျော်ရှာဖို့ကိုသာ ဆွေးနွေးနေကြတဲ့ ကျောင်းသားနှစ်ယောက်ဟာ ကျွန်တော့်ကို ကျော်တက်သွားပြီး ခပ်မြန်မြန်လျှောက်နေကြလေသည်။ကျွန်တော့်အဖို့တော့ ဘယ်လိုအနားယူရမယ်ဆိုတာထက် ပိုက်ဆံရအောင် ဘာလုပ်ရမလဲဆိုတာတွေကပဲ ခေါင်းထဲမှာပတ်ချာလည် ရိုက်နေသည်။

ကျောင်း၀န်းအပြင်ဘက်ကို ‌ခြေချမိတဲ့အချိန်မှာ လွတ်လပ်သွားတဲ့ ခံစားမှုနဲ့အတူ ရင်ထဲမှာပေါ့ပါးသွားသလိုမျိုးပဲ။
ညဘက်တိုင်း စာကိုအသေအလဲကျက်ရတဲ့ ဘ၀ကနေကျွတ်ပြီ..အတန်းထဲမှာသူများပြောဆိုတိုင်း အောင့်အီးသည်းခံလာခဲ့ရတဲ့ဘ၀ကနေ လွတ်ပြီ။

"ကောင်လေး..မင်းနာမည်..ကဝိလား..."

ကျွန်တော့်နောက်ပါးမှ ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်လိုက်မိတော့ အရပ်ထောင်ထောင်မောင်း
မောင်းနဲ့ လူကြီးနှစ်ယောက်။

"ဟုတ်ပါတယ်..ကျွန်တော့်နာမည်..ကဝိပါ..."

"ဒါဆိုရင်...မင်း..ဦးတို့နဲ့ခဏလိုက်ခဲ့ပေးပါ..."

ခပ်ဝေးဝေးမှာရပ်ထားတဲ့ ကားဆီသို့ မေးငေါ့ပြီး
မိုက်ကြေးခွဲသလို ဟန်ပန်မျိုးနဲ့ပြောနေကြတာကြောင့် ကျွန်တော်နဲနဲတော့ ဘ၀င်မကျဖြစ်သွားမိတယ်။

"မလိုက်ဘူး ဆိုရင်ရော..."

"ခေါ်ခိုင်းတဲ့လူက မင်းကိုရအောင်ခေါ်လာခဲ့ဖို့ ပြောလိုက်တာကြောင့် အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ခေါ်ရမှာပဲ...ကဲ..ကောင်လေး မင်းဘယ်လမ်းကိုရွေးချင်လဲ..."

ပုံစံတွေက တကယ့်ဖိုက်တာကြီးတွေလိုမျိုး လက်သီးတွေဆုပ်ပြပြီး ဇာတ်ပိုးတွေကိုပါ တကျွတ်ကျွတ်မြည်အောင် ချိုးပြနေကျလေတော့
ကျွန်တော် နဲနဲတော့ ကြောက်စိတ်၀င်လာတယ်။

"ကျွန်တော့်ကို တွေ့ချင်တဲ့လူက ဘယ်သူလဲဆိုတာ ပြောပြမယ်ဆိုရင် ကျွန်တော်လိုက်ခဲ့မယ်...ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်ကလည်း အကြမ်းနည်းနဲ့အော်ဟစ်အကူအညီတောင်းရလိမ့်မယ်..."

ပတ်၀န်းကျင်မှာ သွားလာနေကြတဲ့ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေ ရှိနေကြတာကြောင့် ထိုလူနှစ်ယောက်ကလည်း အနည်းငယ်စိုးရိမ်သွားပုံပေါ်ကာ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြသည်။

"မင်းကို ခေါ်ခိုင်းလိုက်တဲ့လူက...မြို့မျက်နှာဖုံး
ဦးအဂ္ဂပဲ..."

"ဘာ..."

အခန်း ၉..ဆက်ရန်.....
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...