အခန်း၂၅
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"ကလင်...ကလင်...ကလင်..."
ကျောင်းဆင်းဘဲလ်မြည်သံနှင့်အတူ ကျောင်းသားတွေအားလုံးဟာလည်း အသံလေးတွေတဆာဆာနှင့် စကားတွေဖောင်ဖွဲ့ကာရယ် ကျောင်းဆောင်အသီးသီးမှထွက်လာကြလေသည်။ပုံမှန်ဆိုရင် ဖြူလုံးကအေးပုနဲ့ပြန်နေကြပေမဲ့ ကိုဖိုးအေးနဲ့က ရည်စားဖြစ်သွားပြီမို့ မိအေးပု မရိပ်မိခင် အတန်းထဲမှအမြန်လစ်ထွက်လာလိုက်သည်။
အေးပုဟာ ဖြူလုံးနဲ့ ကိုဖိုးအေးရည်းစားဖြစ်သွားတာသာ သိရင် နားကျိန်းအောင်ကိုဆူမှာသေချာသည်။
ဘယ်သူတွေက ဘယ်လောက်ပင်ပြောပါစေ ဖြူလုံးကတော့ ကိုဖိုးအေးကိုလုံး၀အဆက်ဖြတ်မည်မဟုတ်ဟု ကိုယ့်ဘာသာကျိန်ဆိုထားပြီးဖြစ်သည်။
ကိုဖိုးအေးကို ချစ်လွန်းလှချည်ရဲ့မဟုတ်ပေမဲ့လို့ ဖြူလုံးဟာ မျက်နှာများတဲ့လူ၊ သူတစ်ပါးရဲ့မေတ္တာတရားကို ကစားတတ်တဲ့လူဟု အထင်မခံလိုခြင်းပင်။
"ဖြူလေး...."
ဖြူလုံး ကျောင်းဂိတ်ပေါက်၀ကိုရောက်သည်နှင့် ကိုဖိုးအေးက အသင့်စောင့်နေဟန်ပေါ်သည်။ အခြားခရီးသည်တွေကို လုံး၀မတင်ပဲ ဝါးဦးထုပ်လေးကိုဆောင်းကာ ကျောင်းသားတွေ
ဟိုဒီလူးလား သွားနေကြသည့်ကြားမှ ဆိုက်ကားကလေးကို ဖြေးဖြေးလေးနင်းရင်း ဖြူလုံးရဲ့ဘေးနားလေးမှာ ဆိုက်ကားကိုလာရပ်လေသည်။
ကိုဖိုးအေးဟာ ဆင်းရဲသားလေးပီပီ စွတ်ကျယ်ချိုင်းပြတ်လေးမှာတောင် အပေါက်အပြဲလေးတွေများလှပါသည်။
ဖိနပ်ကလေးဆိုလည်း ဖနောင့်နေရာလေးက ပါးလွှာနေလေသည်။ပုဆိုး၀တ်တာမဟုတ်ပဲ အရောင်ခပ်နွမ်းနွမ်းဖြစ်နေသောဘောလုံးဘောင်းဘီအဟောင်းကလေးကို ၀တ်ထားလေသည်။
အသားအရေမှာ ခပ်ညစ်ညစ်ဖြစ်နေပေမဲ့
အရမ်းမဲနေတာမျိုးလည်း မဟုတ်ပေ။ရုပ်ရည်ကလေးကလည်း အသင့်အတင့်ကြည့်ကောင်းပါသည်။
လိုအပ်ချက်တွေအများကြီးရှိနေပေမဲ့ ဖြူလုံးသဘောကျတာဟာ ကိုဖိုးအေးရဲ့အသွင်အပြင်ကိုမဟုတ်ပဲ စိတ်ထားလေးကိုဖြစ်သည်။
"ဖြူလေး...အစ်ကို့ဆိုက်ကားပေါ်ကိုတက်လေ..
အစ်ကိုအိမ်ပြန်လိုက်ပို့ပေးမယ်..."
"ဟာ...မလုပ်ပါနဲ့ကိုဖိုးအေးရယ်...သမီးစီးလိုက်ရင် ..ကိုဖိုးအေးကဘယ်ပိုက်ဆံရပါတော့မလည်း
..ဒီအချိန်လေးပဲ ဆိုက်ကားဆွဲလို့ကောင်းတာမလား..."
လက်တကာကာနဲ့ အတင်းငြင်းနေသောကောင်မလေးကို ကြည့်ကာဖိုးအေးရယ်မိသည်။
ဒီလောက် စိတ်ထားလှတဲ့ကောင်မလေးကို ဘယ်မှာရှာတွေ့နိုင်ပါတော့မည်လဲလို့ ဖိုးအေးတွေးမိပြန်သည်။
"ရပါတယ်...ဖြူလေးရယ်...ကိုယ့်ချစ်သူလောက် ဘာကအရေးကြီးအုံးမှာလဲ...မနက်ကဈေးဘက်မှာ အစ်ကိုခရီးသည်တွေအများကြီးရလိုက်ပါတယ်...လမ်းမှာဦးငွေမှုန်တို့ရေခဲမုန့်ဆိုင်ကို ၀င်ပြီးတောင် ရေခဲမုန့်၀ယ်ကျွေးမယ်...စိတ်ကူးထားတာလာ...တက်ပါကွာ..."
ကိုဖိုးအေးက ဆိုက်ကားပေါ်မှဆင်းလာပြီးတောင် ဖြူလုံးရဲ့လက်ကလေးကို လာကိုင်ဆွဲကာ ဆိုက်ကားပေါ်သို့တက်ခိုင်းလေသည်။
"တီ...တီ...."
ကားဟွန်းတီးတဲ့အသံကနားထဲမှာဆူးသွားတာကြောင့် ဖြူလုံးမှာ နားတွေအူတက်သွားပြီး ရင်တောင်တုန်သွားသည်။
ကိုဖိုးအေးကတော့ ဖြူလုံးရဲ့လက်ကို ကိုင်ထားလျှက်နှင့်ပင် ဟွန်းမြည်သံကြားသော ကားဆီသို့လှန်းကြည့်သည်။
ဖြူလုံးတို့နှင့် မနီးမဝေးရှိ ခရေပင်တန်းကြီးရဲ့အောက်မှာ ကားကိုရပ်ထားပြီး ဦးဒေ၀ဟာကားပေါ်မှ ဆင်းလာသည်။ဖြူလုံးတို့ဆီသို့ ခြေလှမ်းကျဲကြီးတွေနှင့် လာနေသော သူ့မျက်နှာကြီးဟာ ဒေါသအလွန်ထွက်နေပုံပေါ်သည်။ဘီလူးခေါင်းဆောင်းထားသော မင်းသားနှင့်ပင်တူသေးသည်။
"ဖြူလုံး...လာခဲ့..."
"ဟင်...ဘာလုပ်တာလဲ....သမီးကိုလွှတ်..."
"ဟေ့လူ...ခင်ဗျားဘာလုပ်တာလဲ...ဖြူလေးကိုလွှတ်လိုက်ပါ...ခင်ဗျားရှင်းချင်ရင် ကျုပ်နဲ့ရှင်း..."
ဒေါသကြီးလာတဲ့အချိန်တိုင်းမှာ ဒေ၀၏ မျက်လုံးတွေဟာ စူးရဲသောအသွင် ပြောင်းသွားကာ
မှေးကျဉ်းသွားတတ်ပြီး ဝံပုလွေတစ်ကောင်ကဲ့သို့ အရောင်တောက်လာတတ်သည် ။
ဖိုးအေးဟာ သာမာန်ဆင်းရဲသားရပ်ကွက်မှကောင်လေးတစ်ယောက်ဖြစ်တာကြောင့် စူးရှလွန်းသည့် ဒေ၀၏ ခရမ်းရောင်မျက်၀န်းတွေကို ကြာကြာ ဆိုက်မကြည့်ရဲပေ။
ဒေ၀ဟာ ဖိုးအေးရဲ့ ဆိုက်ကားကယ်ရီယာခုံးကို ထုချလိုက်ပြီး ဖိုးအေးကိုလည်း အနီးကပ်ဆိုက်ကြည့်လိုက်သည်။
"ငါရှင်းချင်ရင်...မင်းနောက်နေ့မှာဆိုက်ကားရော...လူရော အစပျောက်သွားလိမ့်မယ်...
သတိထားနေ..."
"လာ...."
"အာ့...ဦးလေးဘယ်လိုဖြစ်နေတာလည်း...."
ဦးဒေ၀ဟာ ဖြူလုံးရဲ့လက်ကောက်၀တ်နေရာကို အတင်းဖိညှစ်နေသောကြောင့် လက်ကအတော်နာနေလေပြီ။
ဖြူလုံးကို ဒေါသတကြီးနဲ့ ကားထဲသို့တွန်းတင်လိုက်တာကြောင့် ဖြူလုံးနဲနဲတော့ လန့်နေမိသည်။
ဒီလူကြီး ဘာတွေများဒုက္ခပေးအုံးမလည်းဟုသာ
တွေးကြောက်နေမိသည်။
တကယ့်တကယ်မှာတော့ ဦးဒေ၀ဟာဖြူလုံးရဲ့ လက်ကိုလှမ်းဆွဲပြီး ဖြူလုံးရဲ့တစ်ကိုယ်လုံးကိုလှည့်ပတ်ကြည့်သည်။မနေတတ်မထိုင်တတ်ဖြစ်လာတာကြောင့် လက်ကိုပြန်ဆောင့်ရုန်းမိတော့ ကားတံခါးနဲ့ လက်ဖျံနဲ့ ရိုက်မိပြီး နည်းနည်းတောင်နာသွားသေးသည်။
"ခုဏကကောင်...ကလေးကိုဘာလုပ်လိုက်သေးလည်း..."
"ဘာလဲ...ဘာကိုလည်း...."
"ခုဏကလေ...ကလေးရဲ့လက်ကိုကိုင်ပြီး...ဒီကောင်တစ်ခုခုပြောနေတာ...အဲ့ကောင်ဘာပြောတာလည်း...ကိုကြီးကိုပြောပြစမ်း..."
အမှန်တော့ သမီးရည်းစားကြားမှာ အိမ်ပြန်လိုက်ပို့မယ်၊မုန့်၀ယ်ကျွေးတယ်ဆိုတာ ပုံမှန်ကိစ္စပဲလို့ ဖြူလုံးထင်မိပါသည်။ဒါပေမဲ့ ဒီလူကြီးကိုတော့ ဘာမှမပြောချင်တာမို့ ပါးစပ်ကိုသာစိပြီး မှင်သေသေနဲ့ ပြန်ကြည့်ပစ်လိုက်သည်။
"နေဦး...ဒီကောင်...ကလေးကိုတစ်ခုခုခြိမ်းခြောက်လိုက်တာမလား..."
"ဟမ်..."
တောက်!!!ငါ့ကလေးကိုများ ဒီကောင်တွေ့မယ်..."
"ဟား...နေပါအုံး..ဘယ်လိုဖြစ်နေတာလဲ..."
ကားတံခါးကိုဖွင့်ပြီး ဒေါကြီး၊မာန်ကြီးနဲ့ ဖြစ်နေတော့ ဖြူလုံးလည်း အတင်းဆွဲရသည်။
သူက အာဏာတွေ၊ငွေကြေးတွေနဲ့ အရာအားလုံးကိုထင်သလို လုပ်နိုင်ပေမဲ့ ကိုဖိုးအေးကတော့ မတူဘူး။
သူ့ခမျာ မရှိရှိတာလေးနဲ့ မိဘကိုလုပ်ကျွေးနေရရှာတာပါ။
"ကလေး...ကိုယ့်ကိုမတားနဲ့...ဒီကောင့်ကို သင်ခန်းစာပေးပြီးမှ ကျေနပ်မယ်..."
"ကျွန်မရည်းစားကို ရှင်လုပ်ရဲလုပ်ကြည့်နော်..."
သူမရဲ့ပါးစပ်မှ ထွက်ကျလာသော စကားတွေဟာ
သူ့အနားမှာ ခေါင်းလောင်းအကြီးကြီးကို ပိတ်တီးလိုက်သလို အူတက်သွားလေသည်။
ကားတံခါးကို ဖွင့်နေသော သူ့ရဲ့လက်တွေတောင် ယောင်ပြီးလွှတ်လိုက်မိသည် အထိပင်။
"ဖြူလုံး...မင်းဘာပြောလိုက်တယ်..."
"ကိုဖိုးအေးက ကျွန်မရဲ့ရည်းစားပဲ ဦးလေးသူ့ကိုထိရဲရင် ထိကြည့် ကျွန်မအသက်ချင်းလဲပစ်လိုက်မယ် သိလား..."
"မသိဘူး...သိစရာလည်း...မလိုဘူး...မင်းကိုပဲငါမေးချင်တယ်...မင်းအသက်အခုဘယ်နှနှစ်ရှိပြီလဲ.."
"ဘယ်နှနှစ်ရှိရှိ...ဦးလေးကိုဘာလို့ပြောရမှာလဲ..."
"အဟင်း..ကိုယ့်အသက်တောင် ကိုယ်မပြောရဲတော့ဘူးမလား..."
"ဘာလို့မပြောရဲရမှာလဲ...ကျွန်မအသက်ဆယ့်ခြောက်နှစ်ကျော်ပြီ..."
"ဘာကျော်တာလဲ...ငါ့အသက်ဆယ့်ခြောက်နှစ်အရွယ်တုန်းကဆိုရင်...သမီးရည်းစားထားဖို့ဆိုတာ ဘာမှန်းတောင်မသိသလို...ခေါင်းထဲကိုလည်း မထည့်ဘူး..ပညာသင်ရမယ့်အရွယ်မှာ..
မင်းလုပ်နေတာတွေကဘာတွေလည်း...ဆိုက်ကားသမားကိုရည်းစားတော်ပြီး...ဘ၀အပြတ်ခံမလို့လား..ဟုတ်လား..."
"ဦးလေး...ကျွန်မကိုမဝေဖန်ပါနဲ့...ကိုဖိုးအေးက ဆိုက်ကားနင်းနေရပေမဲ့...စိတ်ဓာတ်အဆင့်အတန်းတော့ မြင့်မားတယ်သိရဲ့လား...
ဦးလေးလို အထက်ဖား၊အောက်ဖိမလုပ်ဘူး...
ဆင်းရဲတော့ဘာဖြစ်လဲ...ဆိုက်ကားသမားဖြစ်တော့ရောဘာဖြစ်လဲ...ကျွန်မကိုစိတ်ချမ်းသာအောင် ထားနိုင်ရင် ပြီးတာပဲလေ..
အနည်းဆုံးတော့ သူဟာသူ့မိသားစုကို
သမာအာဇီ၀ကျကျနဲ့ ၀မ်းစာပြည့်အောင်ရှာကျွေးနေတာပဲလေ...သူ့ရဲ့နေ့စဉ်ဘ၀က
ဘာအာဃာတ...ဘာနှောင်တရမှုမှမရှိသလို...
အေးချမ်းတယ်...ဦးလေးတို့လို လောဘ၊ဒေါသတွေနဲ့ပြည့်နှက်မနေဘူး...."
"အေး...အဲ့ဒီ့တစ်နေ့လုပ်မှ နဲနဲပဲရတဲ့ အဲ့ဒီ့၀မ်းစာလေးကို မင်းကကပ်စားဖို့စိတ်ကူးယဉ်နေတာလား...ဖြူလုံး...မင်းကငါထင်ထားတာနဲ့တစ်ခြားဆီပဲ...မင်းဘ၀ကို မင်းကိုယ်တိုင်ဖြတ်စီးနေတာလား.....
ကိုယ့်ဘ၀..ကိုယ့်အခြေအနေကိုသိလျှက်နဲ့..
ပညာရေးကိုလည်း မကြိုးစားပဲ...လပတ်စာမေးပွဲလေးကိုတောင် နှစ်ဘာသာကျအောင်ဖြေတယ်...
ဒါတင်မကသေးပဲ...စာမေးပွဲကျတာကို...နောက်မဖြစ်ရအောင်...ကြိုးစားမယ်မရှိဘူး...ရည်းစားကထားလိုက်သေးတယ်...ဟား...မင်းဘယ်လိုမိန်းကလေးလဲ....ငါတွေ့ဖူးသမျှမိန်းကလေးတွေထဲမှာ မင်းအညံ့ဆုံးပဲ..."
ဖြူလုံးကိုနှိမ့်ချလွန်းတဲ့ စကားလုံးတွေကြောင့် ပေါင်ပေါ်မှာတင်ထားသောလက်က လက်သီးဆုပ်အဖြစ်သို့ ပြောင်းလဲသွားကာ ကျောင်းစိမ်းထမီလေးကိုလည်း ရော၍လုံးချေနေမိသည်။
ဖြူလုံးရဲ့ မျက်၀န်းတွေကပါနီမြန်းလာပြီး သူစိမ်းရှေ့မှာ မျက်ရည်မကျအောင် မနည်းထိန်းထားနေရသည်။
သူက ဖြူလုံးရဲ့ဘ၀ကို ဘာတွေများ သိလို့လာဝေဖန်နေရတာလဲ။
ဟုတ်ပါတယ်။လပတ်စာမေးပွဲမှာ နှစ်ဘာသာကျအောင်ဖြေမိခဲ့တယ်။အဲ့ဒီ့အတွက်လည်း အရှုံးသမားတစ်ယောက်လို ကိုယ့်ကိုကိုယ် ခံယူမိတဲ့အထိ ဖြစ်ခဲ့ရတာကို မသိပဲနဲ့လာဝေဖန်နေတာ ဘာကြောင့်လဲ။ခံစားခဲ့ရတာက ဖြူလုံးပါ။
ဝေဒနာတစ်ခုရဲ့ အတိမ်အနက်ကို ကိုယ်သာအသိဆုံးမို့ မဟုတ်တမ်းတရားတွေ ဝေဖန်ရင်သိပ်မုန်းတာပဲ။
စိတ်ထွက်ပေါက်အနေနဲ့ အားငယ်ချိန်တိုင်း အတူခံစားမျှဝေပေးမဲ့ လူကိုရှာမိတာအပြစ်တဲ့လား။
အသက်ငယ်တဲ့လူတွေမှာလည်း ခံစားချက်မျိုးစုံရှိနေတာကို သူ့လိုလူကြီးတစ်ယောက်ကဘာလို့နားမလည်ရတာလဲ။
"ဒါက ဘာလုပ်တာလဲ..."
"ကားပေါ်ကဆင်းမလို့..."
ဒီလူနဲ့ စကားဆက်ပြောနေလည်း ဘာမျှအကျိုးထူးမည် မဟုတ်တာကြောင့် ကားတံခါးကိုဖွင့်လိုက်မိတော့ အနောက်ကနေ လက်ကိုလှမ်းဆွဲပြန်သည်။
ဒီလူကြီးက ဘာသဘောလည်း ရိုးမှရိုးသားရဲ့လား။
"မသွားနဲ့...မင်းနဲ့ငါ ပြောစရာရှိသေးတယ်..."
"ကျွန်မကတော့...ဦးလေးနဲ့ဘာဆို ဘာမှ ပြောစရာအကြောင်းလဲမရှိသလို..ပြောချင်စိတ်လည်းမရှိဘူး...."
"မင်း...အဲ့ဒီ့..ကျွန်မ...ကျွန်မဆိုတာကိုပြင်စမ်း...ငါမင်းထက်အသက်အများကြီး ကြီးတယ်နော်..."
"အသက်ကြီးတိုင်း လေးစားရမှာလား..လေးစားထိုက်မှလေးစားမှာပေါ့..."
"မင်း..ဘာစကားပြောတယ်..."
ဒေါသကြီးသူဖြစ်တာကြောင့် ဒီကောင်မလေးရဲ့စကားတွေက ဒေ၀ရဲ့စိတ်ကိုနှိုးဆော်လိုက်သလိုဖြစ်နေလေသည်။
အဖြူရောင်ရင်ဖုံးအိင်္ကျီလေး၀တ်ထားသော သူမရဲ့ညာဘက်ပုခုံးကို သူ့ရဲ့ဘယ်ဘက်လက်နဲ့
ခပ်ကြမ်းကြမ်း ညှစ်လိုက်ပြီး သူ့ဘက်ကိုဆောင့်ဆွဲလိုက်တာကြောင့် အင်္ကျီကတင်းသွားသလိုဖြစ်ပြီး တက္ကသိုလ်ရင်ဖုံး၏ လည်ပင်းအနားမှ
ကော်ကြယ်သီးလေးတောင် ပြုတ်ထွက်သွားသည်။
"ဦးလေး...ဘာလုပ်တာလဲ...ကျွန်မကြောက်လာပြီ..."
ဖြူလုံးတစ်အားကြောက်သွားတာကြောင့် လက်သီးလေးကို နဂိုထက်ပိုတင်းအောင်ဆုပ်မိကာ လက်တစ်ဖက်က ကြယ်သီးပြုတ်သွားသော အင်္ကျီအစလေးကို ဆွဲထားမိရင်း ကျန်လက်တစ်ဖက်ကတော့ ဘေးလွယ်အိတ်ကလေးကို ဆုပ်ကိုင်ထားမိသည်။
"ငါက..ပစားပေးတိုင်း...ရောင့်တက်မလာနဲ့...မင်းရဲ့အပြောအဆိုတွေကို ယဉ်ကျေးတတ်အောင်ကျင့်ထား...မင်းမို့လို့ ငါအတတ်နိုင်ဆုံးနူးညံ့ပေးနေတာ...မင်းကဘာမို့...ငါ့ကိုလာခံပြောနေတာလဲ..."
သူ့ကားထဲမှာရောက်နေတာက တစ်ကြောင်း၊
အကြည့်စူးစူးတွေနဲ့ ဒီလူကြီးက အင်မတန်ကြောက်စရာကောင်းလွန်းနေသည်က တစ်ကြောင်းမို့ ပါးစပ်ကနေစကားတစ်လုံးတောင် မထွက်ဖြစ်နေသည်။
"သမီး...နောက်...နောက်တစ်ခါဆင်ခြင်ပါ့မယ်...
နောက်ဆို ယဉ်ယဉ်ကျေးကျေးပဲ ပြောပါတော့မယ်..."
ဖြူလုံးရဲ့ကတိစကားတစ်ခွန်းကြောင့် ဦးဒေ၀၏
မျက်တောင်ထူထူတွေကာရံထားသော မျက်၀န်းတွေဟာ လခြမ်းပုံသဏ္ဍန်ကွေးကွေးလေးဖြစ်သွားပြီး မှုတ်ဆိတ်မွှေးစိမ်းစိမ်းလေးတွေ ရစ်သန်းနေသော သူ့နှုတ်ခမ်းတွေဟာလည်း ယောင်ယောင်လေးပြုံးလာသည်။
ခုဏကလို ဒေါသထွက်ခြင်းအလျဥ်းမရှိတော့ပဲ ဖြူလုံးရဲ့ ဦးခေါင်းလေးထက်သို့ လက်ဖဝါးနဲ့အုပ်ကာပြောလိုက်သည်က.....
"ဒီလိုမှပေါ့...သိပ်ကိုလိမ္မာတယ်...."
ထိုသို့ထူးဆန်းသည့်အမူအရာတွေ လုပ်ပြီးနောက် ကားစတီယာရင်ဘက်သို့ မျက်နှာပြန်မူလိုက်တာ ကြောင့် ဖြူလုံးလည်း စိတ်သက်သာရာ ရသွားသည်။
"ဂျောက်!!!"
"ဟင်...မင်းဘာလုပ်တာလည်း..."
သူ့အလစ်မှာ ကားတံခါးကိုဖွင့်ပြီး ဆင်းလိုက်သော သူမကြောင့် သူ့တောင်ကြောင်သွားသည်။
ကားအပြင်ဘက်ကို ရောက်သွားတာနှင့် ခါးထောက်ပြီး သူ့ကိုမှင်သေသေပြန်ကြည့်လာတာကြောင့် သူ့စိတ်တွေ ကသိကအောင့်ဖြစ်လာရသည်။
"ဒီမှာ...ဦးလေး...ကျွန်မမိဘတွေရဲ့စကားကလွဲပြီး
ဘယ်သူ့စကားကိုမှ ကျွန်မနာခံမှာမဟုတ်ဘူး...
မှတ်ထား ဦးလေးကိုကျွန်မသေတာတောင်မကြောက်ဘူး...ကျွန်မကိုလည်း ဆရာကြီးလာမလုပ်နဲ့...ကိုယ့်အကြောင်းကိုယ်သိပြီးသား...
နောက်တစ်ခါ လပတ်စာမေးပွဲမှာ ကျွန်မကျရင်..
ဦးလေးစီးတဲ့ ဖိနပ်နဲ့ကျွန်မပါးကိုရိုက်...
ဖြူလုံးဆိုတာ...တစ်ခါပဲကျရှုံးတယ်...အတန်းထဲမှာအဆင့်၀မ်းတူတန်းအမြဲ၀င်တဲ့လူရှင့်...
တစ်ခါလေးကျတာနဲ့ အပြစ်လာမပြောနဲ့...
ရည်းစားထားပြီး...အဆင့်တစ်ရအောင်လုပ်ပြမယ် ကြည့်နေ...."
သူ့ကိုရွဲ့ပြောခဲ့ကာ ဆိုက်ကားဂိတ်မှ သူမရဲ့ရည်းစားဖိုးအေးဆိုသူထံသို့ ဆောင့်ကြွား၊ဆောင့်ကြွားနဲ့လျှောက်သွားနေလိုက်တာများ တော်တော်လေးဂုဏ်ယူ၀င့်ကြွားနေပုံရသည်။
လူကြည့်တော့ ပိစိကွေး မာနကမိုးထိုးနေသည်။
ဆိုက်ကားပေါ်မှာ ခေါင်းမော့ကာထိုင်စီးသွားရင်းနှင့်ပင် ကားထဲမှာထိုင်နေသော သူ့အားမျက်စောင်းထိုးသွားသေးသည်။
"ဟား...ဟား..."
သူ့နှုတ်ခမ်းတွေကွေးညွှတ်တက်သွားပြီး ခုဏကထက်အားရအောင်ရယ်မိတော့သည်။
မိန်းကလေးပေမဲ့ အာဃလေးပါလားလို့လည်း ချီးကျူးမိသည်။
သူ့လို လူကိုဒီလိုပြောရဲဆိုရဲတာဟာ ဒီကောင်မလေးတစ်ယောက်သာရှိလိမ့်မည်ထင်သည်။
သူကလည်း ဖြူလုံးလေးမို့လို့သာ အလျှော့ပေးနေခဲ့တာပါ။
အခြားမိန်းကလေးဆိုရင် ပါးစပ်အညောင်းခံ ၊အချိန်အပုပ်ခံပြီး ပြောနေမည်မဟုတ်ပေ။
သူ့ရဲ့လက်စားချေမှုလမ်းကြောင်းထဲမှာ သူမရဲ့အဖေ ဦးဂန္တ၀င်လည်းပါ၀င်မှဖြစ်မည်မို့ သူဟာကဝိပါလို့ သူမကိုဘယ်လိုမှပြောမထွက်ပေ။
ပြောပြရင်တောင် အသက်လေးနှစ်အရွယ်မှာ တွေ့ခဲ့ရတဲ့ ကဝိဆိုတဲ့သူ့ကိုလည်း သူမလေး
မမှတ်မိဖို့က များလိမ့်မည်။
ဒါကြောင့် ကိုယ့်ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးမည်ဟု စဉ်းစားပြီးကာမှ
အရင်ကလည်း သူ့ဘက်ကစပြီး တင်းမာခဲ့မိတော့ အပေါက်အလမ်းကသိပ်မတည့်ချင်ဖြစ်နေသည်။
သူမဟာ ငယ်ငယ်ကနဲ့မတူပဲ တကယ့်ကိုအကြောမာလေး ဖြစ်နေတော့ ပိုခက်တာပေါ့။
သူ့ကိုတောင် ပန်းနဲ့ပေါက်ခဲ့သေးသည်မဟုတ်လား။
တကယ်ပါ သူမမိထွေးကိုတော့ ကြောက်တတ်လိုက်တာ။
သူ့ကျတော့ ဒီလောက်ရုပ်တည်ပြနေတာတောင် ဘာလို့မကြောက်ရတာပါလိမ့်။
🍁🍁🍁🍁🍁🍁🍁🍁🍁
ဖြူလုံးကို ကြိုချင်လွန်းလို့ အလုပ်မအားတဲ့ကြားကနေ ညနေလေးနာရီဒေါင်ဆိုသည်နှင့် ကားကိုအပြင်းနှင်လာခဲ့ခြင်းဖြစ်သည်။
အခုတော့ သူမကိုလည်း ပါအောင်မခေါ်လိုက်နိုင်တာမို့ အလုပ်ထဲသို့သာသွားဖို့ဆုံးဖြတ်လိုက်သည်။
"တီ...တီ...တီ...တီ...
ဖုန်းမြည်သံကြောင့် ကားမောင်းနေရာမှ အစိမ်းရောင်အကွက်ကလေးကိုလှမ်းနှိပ်လိုက်ပြီး
စပီကာကိုဖွင့်လိုက်သည်။
"ဟယ်လို...."
"ဆရာ...ကျွန်တော်ပါ..လူထိန်..."
"ဦးလူထိန်...ဘာကိစ္စရှိလို့လဲ..."
"ဆရာ..ရေသန့်စက်ရုံက..ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်သမားတစ်ယောက် အပေါ်ကပြုတ်ကျလို့ဆရာ..."
"ဟာ...အဲ့ဒါဆေးရုံတင်လိုက်လေ..."
"ဟုတ်ကဲ့ဆရာ...ဒီအနီးအနားကပုဂ္ဂိလိကဆေးရုံးကိုပဲ လောလောဆယ် ပို့ထားလိုက်တယ်..."
"ဘယ်ဆေးရုံကိုပဲပို့ပို့...အဆင်ပြေဖို့ကအရေးကြီးတယ်...မက်ဆေ့နဲ့လိပ်စာပို့ထားလိုက်
ကျုပ်အခုချင်ချင်း လိုက်လာခဲ့မယ်..."
"ဟုတ်ကဲ့ဆရာ..."
ဖုန်းချလိုက်သည်နှင့် ကားကိုနှစ်ဆလောက်မြန်အောက်မောင်းနေလိုက်သည်။
ဆေးရုံ၀န်းထဲသို့ သူ့ကားကိုမောင်း၀င်လိုက်ကာ
ကားပါကင်ထိုးလိုက်သည်။
ဆေးရုံထဲသို့ရောက်တော့ ဦးလူထိန်ကိုဖုန်းဆက်လိုက်သည်။
"ဆရာ..ဦးဒီမှာ..."
ဒေ၀ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီးနောက် ဦးလူထိန်၏ အနောက်မှလိုက်လာခဲ့မိသည်။
ဦးလူထိန်ဟာ အရိုးအကြောကုသဆောင်ဆီသို့
သူ့အားခေါ်သွားနေခြင်းဖြစ်ပြီး ဓာတ်မှန်ခန်းအရှေ့မှာ ရပ်လိုက်လေသည်။
အခြား ဆောက်လုပ်ရေးအလုပ်သမားနှစ်ယောက်ကိုလည်း တွေ့နေရပြီး ဒေ၀ကိုမြင်သည်နှင့် ပြုံးပြကာရိုသေသမှု ဟန်ပန်မျိုး ပြုကြလေသည်။
"အခြေအနေဘယ်လိုရှိလည်း..."
"လေလေဆယ်တော့ ဓာတ်မှန်ရိုက်နေတယ်ဆရာ
...တစ်ထပ်တိုက်ပေါ်ကပြုတ်ကျတယ်ဆိုပေမဲ့ အောက်မှာက ကျောက်သားတွေရှိတော့ တော်တော်ထိသွားမှာ သေချာတယ်...အထွေထွေဌာနက စမ်းသပ်ကြည့်တာတော့...ခြေသလုံအရိုးကျိုးသွားတာဖြစ်နိုင်တယ်တဲ့...ဝီးချဲနဲ့တင်လာရတယ်...အရိုးအကျောဆရာ၀န်နဲ့ပြရမယ်ပြောတယ်....ဓာတ်မှန်ရိုက်ပြီးရင် ဆရာ၀န်နဲ့သွားပြရမယ်ဆရာ... "
"ဟုတ်ပြီ...ပြတဲ့အချိန်ကျရင် ကျွန်တော်နဲ့ဦးလူထိန် အတူတူ၀င်ကြတာပေါ့...သူ့မိသားစုကိုရော
လှမ်းဆက်သွယ်ပြီးပြီလား..."
"မဆက်ရသေးဘူးဆရာ..."
"ဟ...ဘယ်လိုဖြစ်တာလည်း...အခုချက်ချင်းဆက်လိုက်ပါ..."
"မဖြစ်ဘူးဆရာ...လူနာရှင်ကိုယ်တိုင်ကမဆက်ခိုင်းတာ...သူ့အစ်ကိုကြီးကဆိုက်ကားနင်းနေတာတဲ့...သူ့အမေကလည်း နေသိပ်မကောင်းတော့...
အသိမပေးပါနဲ့အုံးလို့ပြောတယ်ဆရာ..."
"ကောင်းပြီလေ...လူနာရဲ့အခြေအနေငြိမ်သွားတော့မှအကြောင်းကြားကြတာပေါ့...."
"ဟုတ်ကဲ့...ဆရာ..."
ဒေ၀၏စိတ်ထဲတွင် မတင်မကျတစ်ခုဖြစ်နေသည်။ ဆောက်လုပ်ရေးမှာ အသက်အာမခံဖြစ်ပြီး လုံခြုံစိတ်ချရအောင် လုံခြုံရေးခါးပတ်ရယ် အသက်ကယ်ကြိုးနဲ့ချိတ်တွေတွဲထားပေးသည်။
အကယ်၍ တိုက်အပြင်ဘက်ကနေ လုပ်ရမည့်အလုပ်တွေဆိုလျှင် သံငြမ်းတွေဆင်ထားသည်မို့ အသက်ကယ်ကြိုးချိတ်ထားရင် တော်ရုံပြုတ်ကျဖို့ မလွယ်ပါဘူး။ဒါကို ဒီကောင်လေးကပြုတ်ကျတယ်ဆိုတော့ အင်မတန်ပေါ့လျော့ခဲ့လို့ပဲဟု ထင်မိသည်။
နှစ်လွှာ၊သုံးလွှာမှာမဟုတ်ပဲ အောက်ဆုံးအထပ်လေးပဲ ဆိုကာ ကြိုးမသုံးပဲ ပေါ့လျှော့ခဲ့လို့သာ ဖြစ်လိမ့်မည်။ဒါပေမဲ့ သူအပြစ်တင်ဖို့ မကြိုးစားတော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ လူဆိုတာ တစ်ခါတစ်လေတော့လည်း ချို့ယွင်းချက်ဆိုတာ ရှိတတ်တာပါပဲ။
"ကိုမိုးအေးရဲ့...လူနာရှင်တွေ..."
"ဒီမှာပါ...ဆရာမ..."
"ဓာတ်မှန်က နေ့လည်လောက်မှရမယ်...အခုလောလောဆယ်တော့...ကုတင်နေရာချထားပေးပါ့မယ်..."
ဓာတ်မှန်ခန်းအကူမိန်းကလေးက အနားမှဖြတ်သွားသောလူငယ်လေးတစ်ယောက်ကို လှမ်းခေါ်ပြီး လူနာကို နေရမည့်ကုတင်နေရာလိုက်ပြပေးဖို့ ညွှန်ကြားနေလေသည်။
ဒေ၀ဟာ သီးသန့်အခန်းလိုချင်သည်ဟုပြောလိုက်တော့ "ဆရာ၀န်နဲ့ပြပြီးမှ အဆင်ပြေအောင်ပြောကြည့်ပါ.."ဟုဆိုသည်။
ဒီလိုနဲ့ ညခြောက်နာရီခွဲလောက်မှာ ဓာတ်မှန်သွားရွေးလို့ရခဲ့လေသည်။ ခြေထောက်ထိသွားသည့်လူနာဟာလည်း တအားအား အော်နေလေရာ ဘေးနားမှာထိုင်စောင့်နေသူတွေလည်း စိတ်မချမ်းသာဖြစ်နေရသည်။
ဆရာ၀န်နဲ့ပြပြီး ဆေးထိုး၊ဆေးသောက်ပြီးမှအေးမည်ဟု တွက်လိုက်သည်။
"ကဲ...ထိုင်ပါ...."
"ဆရာမ...ကျွန်တော်အရမ်းနာနေလို့ ကယ်ပါအုံးဗျာ..."
"ဟုတ်ပါပြီ...လူနာကိုကုတင်ပေါ်တင်လိုက်ပါ..."
ဆရာ၀န်ဟာ ဓာတ်မှန်ကိုအရင်ထောင်၍ကြည့်ပြီးနောက် အရိုးကျိုးသွားခြင်းဖြစ်ကြောင်းပြောပြသည်။
နဲနဲပြင်းထန်တာကြောင့် ကျောက်ပတ်တီးစည်းရမည်ဟုလည်း အကြံပေးလေသည်။
ခွဲစိတ်ရ လောက်အောင်အထိ မလိုဘူးဟုပြောတာကြောင့် အကုန်လုံးစိတ်အေးသွားရသည် ။ဆေးရုံမှာ ရပ်အနည်းငယ်နေရမည်ဟုလည်း ညွှန်ကြားလာလေသည်။
" ဒေါက်တာ...လူနာကအရိုးကျိုးတာဆိုတော့ ဘယ်လိုနေထိုင်ပြုမူရမလဲ....."
"ကျောက်ပတ်တီး စည်းပြီးရင် ကိုယ့်သဘောနဲ့ကိုယ် ပြုမူနေထိုင်တာတွေ ရှောင်ပေးပါ...
စိတ်ချရတဲ့အဆင့်အထိ ကောင်းမွန်မလာသေးသရွေ့ ခြေထောက်ကို ဝန်မပိအောင် ဂရုစိုက်
ပေးစေချင်ပါတယ်..ပထမရက်အနည်းငယ်အတွင်းမှာ လှဲအိပ်ရင် ခြေထောက်ကို ခေါင်းအုံးတို့၊စောင်တို့ခုပြီးမှ အိပ်ပေးရင် ရောင်ရမ်းတာလျှော့စေပါတယ်...
အခုကဖြစ်ခါစမို့ အားဆိုက်ပြီး အလောတကြီးလှုပ်ရှားတာ...ခပ်ကြမ်းကြမ်းလှုပ်ရှားတာတွေကို ရှောင်ပေးပါ...ခြေထောက်၀န်မပိစေဖို့ ချိုင်းထောက်တို့ ဘီးတပ်ကုလားထိုင်တို့ရဲ့ အကူအညီမပါပဲနဲ့ မရပ်ပါနဲ့အုံး...ခြေထောက်က အရမ်းနာကျင်ကိုက်ခဲလာတာတို့၊အေးစက်ပြီး ဖြူဖျော့လာတာတို့၊ ထုံကျဉ်လာပြီး ကျောက်ပတ်တီးက အရမ်းတင်းကျပ်လာရင်
သွေးခဲပိတ်တဲ့လက္ခဏာဖြစ်လာနိုင်ပါတယ်..
အဲ့လိုဖြစ်လာရင် ဆရာ၀န်နဲ့အမြန်ဆုံးပြန်ပြပေးဖို့ တိုက်တွန်းချင်ပါတယ်...."
ဒေါက်တာက ညွှန်ကြားမှုအမျိုးမျိုးပေးပြီးတဲ့နောက်မှာတော့ ဆေးအညွှန်းတွေလည်း ရေးပေးလိုက်လေသည်။
ဦးလူထိန်က လူနာကို အပြင်ခေါ်သွားစဉ်တွင်
ဒေ၀ကတော့ မထွက်သေးပဲ နေမိလေသည်။
"ဒေါက်တာ...လူနာအတွက် သီးသန့်အခန်းလေးရနိုင်မလား.."
"အင်း...အခန်းတစ်ခန်းတော့လွတ်နေသေးတယ်...ခဏနေကြရင် လူတစ်ယောက်လွှတ်ပြီး
အဆင်ပြေ၊မပြေ လှမ်းအကြောင့်ကြားပေးပါ့မယ်..."
"ကျေးဇူးတင်ပါတယ် ဒေါက်တာ..."
"အော်...ဒါနဲ့ရှင်ကျွန်မကိုမှတ်မိသေးလား...ကျွန်မကတော့ ရှင့်ကိုမှတ်မိတယ်..."
"ဗျာ..."
အခန်းထဲမှ ထွက်မလို့ ခြေလှမ်းပြီးခါမှ ဆရာ၀န်မလေးဘက်သို့သေချာပြန်ကြည့်မိသည်။ခုဏက သူ့အာရုံထဲမှာလူနာကိစ္စပဲရှိသည်မို့ ဆရာ၀န်မလေး၏ ပုံသဏ္ဍန်ကိုလျစ်လျှူရှုခဲ့မိသည်။အခုသေချာကြည့်တော့မှ သူနှင့်ရွယ်တူလောက်ရှိလိမ့်မည်ထင်သည်။
"ဆောရီး..ဒေါက်တာ..ကျွန်တော်မမှတ်မိဘူး...
ကျွန်တော့်ကို ဘာများထပ်ပြောချင်သေးလို့လဲမသိဘူး..."
"အဟင်း...ဘာမှမဟုတ်တော့ပါဘူး...ရှင်လုပ်စရာရှိတာ ဆက်လုပ်ပါ..."
"ဟုတ်ကဲ့...."
"ဘာမှမဟုတ်တော့ပါဘူး.."လို့ပြောလိုက်တာနှင့် ချက်ချင်းအခန်းအပြင်သို့ လှည့်မကြည့်စတမ်းထွက်သွားသောသူကို ငွေ့စိတ်ထဲ၌သိပ်တော့
မကျေနပ်ပေ။
ဘယ်ပုရိသမဆို သူမကိုလျစ်လျှူရှုသွားလေ့မရှိပေ။အခုတော့ သူမလိုဆရာ၀န်တစ်ယောက်က စကားလမ်းကြောင်းစလိုက်တာတောင် ကျွန်တော်မမှတ်မိဘူး တစ်လုံးနဲ့သာပြီးသွားသည်။
အနည်းဆုံးတော့ လူကျင့်၀တ်အရ "ဘယ်နေရာမှာလဲ..ဘယ်လိုဆုံခဲ့တာလဲ.."ဆိုတာလေးလောက်တော့ မေးသင့်သည်မဟုတ်လား။
ဘာကြောင့်မှန်းမသိပေမဲ့ ဒီလူ့ကိုစတွေ့တည်းက
စိတ်ထဲဆွဲနေမိပြီး အခုပြန်တွေ့တော့ သိပ်ကို၀မ်းသာမိသွားသည်။
သူမဘာကြောင့် ဒီလိုဖြစ်နေရတာပါလိမ့်။
"ဆရာ...."
အခန်းအပြင်သို့ရောက်တာနှင့် ဦးလူထိန်က ဒေ၀၏ အနားသို့ကပ်လာလေသည်။
"ဘာပြောချင်လို့လဲ..."
"ခုဏက မိုးအေးကိုကြည့်ပေးတဲ့ဆရာ၀န်မကို ဆရာသိသလား..."
"မသိပါဘူး...အဲ့ဒါဘာအရေးကြီးနေလို့လဲ..."
"အရေးကြီးတာပေါ့ဆရာရဲ့...အဲ့ဒါဦးအဂ္ဂရဲ့ သမီးကြီး ငွေပန်းချီတဲ့...သူကဒီဆေးရုံမှာ ဒုပါမောက္ခ.
အသက်ငယ်ငယ်လေးနဲ့ အရမ်းတော်တယ်ဆရာ.."
အကြောင်းမဲ့ချီးမွမ်းခန်းတွေလာဖွင့်ပြနေသော
ဦးလူထိန်အား မျက်မှောင်ကုတ်၍ သူတစ်ချက်ကြည့်လိုက်သည်။
"အဲ့ဒါတွေကျုပ်စိတ်မ၀င်စားဘူး...နေ့လည်ကမတော်တဆမှုအကြောင်းကိုပဲ သေချာသိအောင်လုပ်ပေး.."
"ဆရာ...မိုးအေးကသူ့နောက်ကနေ တစ်ယောက်ယောက်တွန်းလိုက်သလို ခံစားရတယ်လို့လည်း ပြောတယ်...ကျွန်တော့်အထင်တော့ မရိုးသားသလိုပဲ..."
"ကျွန်တော်လည်း အဲ့ဒီလိုပဲထင်တယ်...ပုံမှန်ဆိုရင်မိုးအေးက အလုပ်လုပ်ရင်လက်လွှတ်စပယ်နိုင်တတ်သလား..."
"ဟား...ဆရာရယ်...မိုးအေးက အရမ်းတိကျသေချာပြီး...အသေးစိတ်ဂရုစိုက်တတ်တဲ့ကောင်လေးပါ...."
ဒေ၀အတွေးတွေနယ်ချဲ့လိုက်ပြီးနောက် နောက်ကွယ်မှာ ဦးအဂ္ဂမွှေနေမည်ကို တွေးလိုက်မိသည်။သူ့ရဲ့လုပ်ငန်းတွေကို နှောင့်နှေးအောင် တမင်လုပ်ချင်တာပဲ နေမယ်။
မိုးအေးကို သီးသန့်ခန်းသို့ရွှေ့ပေးပြီးနောက်
ဖုန်းကိုထုတ်ကာ စံအိမ်ဆီသို့ဆက်ကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်း ဒေါ်နှင်းမြတ်ကလာကိုင်လေသည်။
"ဟယ်လို...ဆရာလား..."
"ဟုတ်တယ်...ဒေါ်နှင်းမြတ်...ဖြူလုံးအိမ်ပြန်ရောက်တယ်မလား..."
"ရောက်ပါတယ်ဆရာရဲ့..ဘာဖြစ်လို့လဲ..."
"အိမ်ပြန်ရောက်တော့ သူ့မျက်နှာဘယ်လိုဖြစ်နေသေးလဲ..."
"နည်းနည်းတော့ စူပုပ်နေတယ်ဆရာ..ကျွန်မကဘာဖြစ်လာတာလဲလို့ မေးလိုက်တော့...လမ်းမှာအရူးကြီးတစ်ယောက်နဲ့တွေ့ခဲ့လိုတဲ့....အရူးကြီးကလိုက်ဖြဲခြောက်နေတာတဲ့ဆရာ..."
"ဟာ..ဒီကောင်မလေး..."
"ဟင်...ဘာဖြစ်လို့လဲဆရာ..."
"ဘာမှမဖြစ်ပါဘူး..အခုသူဘာလုပ်နေလဲ..."
"ပြန်လာတည်းက ရေမိုးချိုးပြီး...ကျွန်မကိုဘာကူလုပ်ပေးရမလည်းမေးတယ်...ကျွန်မလည်း ဘာမှမခိုင်းတော့ စာပဲထိုင်ကျက်နေတယ်ဆရာ...
ထမင်းလည်း မစားသေးဘူး...."
"ဟာ...ထမင်းမစားလို့ဘယ်ဖြစ်မလဲ...သူ့ကိုထမင်းကျွေးကြည့်မစားရင်...ကြက်ဥပူတင်းဗူးကြီးနှစ်ဗူးနဲ့ ကိုလာတစ်ဗူးကျွေးလိုက်...အဲ့ဒါမှမစားရင် သူ့အဖေနဲ့တိုင်ပြောမယ်လို့ ပြောလိုက်...
ကြားလား..."
"ဟုတ်ကဲ့ပါဆရာ..."
"စာကျက်တာလည်း...ညဉ့်မနက်စေနဲ့ ဒေါ်နှင်းမြတ်စောင့်ပေးလိုက်ပါဗျာ...ဆယ့်တစ်နာရီထိုးရင် နားခိုင်းလိုက်တော့...မအိပ်ရင် စံအိမ်ထဲကမီးတွေအကုန်ပိတ်ပစ်...ကြားလား..."
"ကြား...ကြားပါတယ်ဆရာ...ဒါနဲ့ဖယောင်းတိုင်ထွန်းပြီး စာကျက်ရင်ရောဆရာ..."
"ဖယောင်းတိုင်တွေကို ဝှက်ထားဗျာ...ကျွန်တော်ဒီညပြန်မလာဖြစ်လောက်ဘူး..."
"ဟုတ်ကဲ့ပါဆရာ..."
ဖုန်းချပြီးသည်နှင့် ဒေ၀မှာသက်ပြင်းအကြီးကြီးချမိနေသည်။
သံယောဇဉ်က ကြီးခဲ့လေတော့ ဒီငဂျစ်ကလေးကို မျက်နှာလွှဲ ခဲပစ်လည်း မလုပ်နိုင်ပေ။
ဘာကြောင့်မှန်းမသိပေမဲ့ သူမကိုသူအရမ်းစောင့်ရှောက်ပေးချင်မိသည်။
သူရှင်သန်ဖြတ်သမ်းခဲ့ရတဲ့ ဘ၀ခရီးတစ်လျှောက်လုံးမှာလည်း ဒီကလေးမလေးရဲ့ပုံရိပ်လေးတွေက တစ်ချိန်လုံးအဖော်ပြုပေးခဲ့သည်မဟုတ်ပါလား။
သုန္နကမြို့မှ နောက်ဆုံးထွက်ခွာခဲ့စဉ်မှာတောင် သူနှုတ်ဆက်ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသောသူက ဖြူလုံးပါပဲ။
တစ်နေ့နေ့မှာ ကလေးကိုပြန်လာကာကွယ်ပေးပါ့မယ်လို့လည်း သူအမြဲတွေးခဲ့မိသည်။
ဒါပေမဲ့ ကလေးကထိန်းရတာ နည်းနည်းခက်နေတာကတော့ သူ့ကံတရားပဲပေါ့။
အခန်း၂၆>>>>>ဆက်ရန်
🍁🍁🍁🍁🍁🍁🍁🍁
========================================================================
အခန်း၂၆
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
စံအိမ်ကြီး၏ ဟောခန်းအကျယ်ကြီးထဲတွင် စန္ဒရားတီးသံလေးကပြန့်လွှင့်နေလေသည်။
စန္ဒရားသံစဉ်ဟာ အရမ်းမတည်ငြိမ်သေးပဲ သီဆိုသူ၏ အသံနှုန်းတွေဟာလည်း တစ်ချက်တစ်ချက် တုန်ယင်သွားတာကြောင့် သံစဉ်တွေနှင့် ရင်းနှီးနေသူ မဟုတ်မှန်းသိသာစေသည်။
သို့ပေမဲ့ အေးချမ်းတဲ့အသံပုံစံလေးနဲ့အတူ မိန်းကလေးရဲ့ကြိုးစားပြီး တီးခတ်နေမှုကြောင့်
ကြားရသူအဖို့ နား၀င်ပီယံရှိလှပေသည်။
The snow glows white on the mountain tonight
Not a footprint to be seen
A Kingdom of isolation
And looks like I'm the queen
The wind is howling like this swirling Storm inside
Couldn't keep it in, heaven knows l tried
Don't let them in
Don't let them see
Be the good girl you always have to be
Canceal , don't feel
Don't let them know
Well, now they know
Let it go
Let it go
Can't hold it back anymore
သီချင်းလေးကို တီးခတ်နေစဉ်အတွင်းမှာ ဖြူလုံးရဲ့ခံစားချက်တွေဟာလည်း သံစဉ်နဲ့အတူလိုက်ပါစီးမျောနေမိသည်။
သီချင်းလေးထဲက မိန်းကလေးဟာလူ့ဘောင်အဖွဲ့အစည်းထဲမှာ လူတွေရဲ့အကြိုက်ကိုဆောင်ပြီး ဟန်ဆောင်နေခဲ့ရတယ်။ကြာတော့သူမဟာ သိပ်မွန်းကျပ်လာခဲ့တယ်။ခက်ခဲတဲ့ရှင်သန်မှုထဲမှာပိတ်မိနေပေမဲ့ လူတွေမရိပ်မိအောင်ဟန်ဆောင်နေရတယ်။
တစ်ဖက်မှာလည်း သူမဟာ တိုင်းပြည်ကိုအုပ်စိုးနေရတဲ့ ဘုရင်မတစ်ပါးဖြစ်တာကြောင့် သူမရဲ့ခံစားချက်တွေကို ဘယ်သူ့ကိုမှ ပေးသိလို့မရ
သလို၊ဘယ်သူ့ကိုမှရင်ဖွင့်မှုမရှိပဲ မြိုသိပ်ထားနေရတာဟာ သိပ်ကိုသနားဖို့ကောင်းတာပဲ။
သူမသည်းမခံနိုင်တော့တဲ့အဆုံးမှာ လူသူကင်းမဲ့တဲ့နှင်းတောင်တန်းဆီကို တစ်ယောက်ထဲထွက်ပြေးလာခဲ့တယ်။နှင်းတွေထူပိန်းနေတဲ့ တောင်တန်းကြီးအပေါ်မှာ သူမနင်းခဲ့လို့ နှင်းရင်ပြင်ကြီးမှာ သူမရဲ့ခြေရာကလေးတွေထင်သွားပေမဲ့ အားမာန်တပြင်းကျဆင်းနေတဲ့ နှင်းမှုန်လေးတွေက ထိုခြေရာတွေကို ပျောက်ကွယ်သွား အောင် ဖုံးအုပ်ပေးလိုက်တယ်။
ဒါကြောင့် သူမကိုဘယ်သူကမှ ခြေရာမခံနိုင်တော့ဘူးပေါ့။
နှင်းတောင်တန်းကြီးပေါ်ကနေလှမ်းကြည့်လိုက်ရင် အရာအားလုံးက သေးငယ်သွားပြီး သူမကိုမ နှောက်ယှက်နိုင်တော့ပဲ စိတ်လွတ်လပ်ပေါ့ပါးလာစေခဲ့တယ်။
ဒါကြောင့် ဒီနေရာလေးမှာဆိုရင် ဘယ်သူတွေကဘာတွေပဲပြောဆိုအပြစ်တင်နေပါစေ သူမဂရုစိုက်စရာမလိုတော့တဲ့အပြင် သူမရဲ့ပုံစံအမှန်အတိုင်းပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။
အရင်က သူမကိုထိန်းချုပ်ထားတဲ့ အကြောက်
တရားတွေကိုလည်း သူမအံတုနိုင်သွားခဲ့တယ်။
အရင်ကဆိုရင် ပြည်သူတွေအတွက်ပဲ ကြည့်ပေးခဲ့ရတဲ့ သူမက အခုတော့ သူမကိုယ်သူမသာ
ဘာလုပ်ချင်သလဲ၊ဘာလုပ်နိုင်သလဲဆိုတာကို ပိုအရေးစိုက်လာတယ်။
စည်းမျဉ်းတွေကို ချိုးဖောက်ပစ်ပြီး သူမအတွက် မှားတာ၊မှန်တာ ၊စည်းမျဉ်းဥပဒေဆိုတာတွေကို ဘေးချလိုက်ကာ သူမလုပ်ချင်တာတွေကို စမ်းသပ်ကြည့်မယ်လို့ တိုင်တည်လိုက်တယ်။
ဘာကြောင့်လဲဆိုတော့ သူမဟာလွတ်လပ်သွားပြီဖြစ်တာကြောင့်ပါ။
ဒီတောင်တန်းပေါ်မှာ နှင်းစက်တွေနှင့် လေနုအေးသာတည်ရှိတာကြောင့် သူမငိုတာကိုဘယ်သူမှမြင်ခွင့်မရစေရပါဘူးတဲ့လေ။
သူမဟာ ငိုစရာမလိုအောင် ပျော်ရွှင်မှုတွေနဲ့ပဲ နေထိုင်တော့မှာဖြစ်လို့ပါပဲ။
ဖြူလုံးလည်း ထိုဘုရင်မလေးလို သတ္တိရှိချင်သည်။ပျော်ရွှင်လွတ်လပ်စွာ နေထိုင်ချင်သည်။
အဖေက သမီးလေးရေဆိုပြီး ရင်ခွင်ထဲမှာဖက်ပေးပြီး ယုယုယယလေးဆက်ဆံတာခံချင်သည်။
ဖြူလုံးဟာ ငယ်ငယ်တည်းက ကိုယ့်ဘာသာတစ်ယောက်တည်းရပ်တည်နိုင်အောင် လေ့ကျင့်ယူခဲ့ရသည်။
မိခင်မရှိတာကြောင့် နွားမကြီးမိဖြူရဲ့ နို့ချိုနဲ့ပဲအသက်ဆက်ခဲ့ရသည်။အသက်လေးနှစ်အရွယ်လောက်တည်းက ကိုယ့်ရဲ့တစ်ကိုယ်ရည်ကိစ္စ တွေကို လုပ်တတ်ဖို့ ကိုယ့်ဘာသာပဲသင်ယူခဲ့ရသည်။
ကျောင်းသင်ခန်းစာဆိုရင်လည်း ကျောင်းကဆရာမတွေကလွှဲလို့ သင်ပြပေးမဲ့လူမရှိပဲ အိမ်မှာကိုယ့်ဘာသာ လေ့လာကျက်မှတ်ခဲ့ရသည်။
ခြောက်တန်းနှစ်လောက်တုန်းက အခန်းကျဉ်းလေးထဲမှာ သင်္ချာအိမ်စာကို နားမလည်ဖြစ်ပြီး
ရှင်းပြပေးမဲ့ လူကလည်းမရှိတာကြောင့်ကိုယ့်ဘာသာတစ်ယောက်ထဲ ထိုင်ငိုရင်း စိတ်ညစ်ခဲ့ရသည်။
လူငယ်အများစုဟာ ဖြူလုံးလို စိတ်ဖိစီးမှုများရှိ
မလားမသိပေမဲ့ အဖေ့ရဲ့ဥပက္ခာကို ခံရတိုင်း၊မိထွေးတင်မက အစ်မအရင်းကပါ နှိက်စက်ညှင်းပန်းလာတိုင်းမှာ ကိုယ့်ကိုကိုယ်သ တ်သေဖို့လည်း အကြိမ်ကြိမ်တွေးခဲ့ဖူးသည်။
အိမ်ကနေ ထွက်ပြေးဖို့ကိုလည်း ခဏခဏစိတ်ကူးယဉ်ဖူးသည်။ဖြူလုံးအတွက် ပျော်ရွှင်မှုကိုမပေးတဲ့နေရာမှာ မနေချင်တာတော့အမှန်ပင်။
သို့ပေမဲ့ ဖြူလုံးဒီအရိပ်ကနေ ထွက်သွားခဲ့ရင် ဘယ်လိုနေထိုင် ရှင်သန်ရမလဲဆိုတာကို ဖြူလုံးမသိဘူး ဖြစ်နေသည်။
"ဟဲ့...မိဖြူလုံး...စန္ဒရားဆက်မတီးတော့ဘူးလား..."
"နောက်အပိုင်းတွေ ငါမေ့သွားပြီဟ..."
ကိုယ့်ဘ၀အကြောင်း ကိုယ်ပြန်တွေးရင်းနှင့် စိတ်ပင်ပန်းလာတာကြောင့် ဆက်မတီးချင်ဖြစ်လာပေမဲ့ မြတ်ချယ်ကိုတော့ လိမ်ပြောလိုက်မိသည်။
"ဖြူလုံးမရယ်...နင့်ကိုသင်ပေးထားတာမှ
ဒီသီချင်းလေးတစ်ပုဒ်ထဲရယ်ပါ ...ဒါကိုတောင် မေ့ရတယ်လို့..."
"အေးဟ...ငါ့ဦးနှောက်က သိပ်မကောင်းတော့ဘူးထင်တယ်..."
"ငါလည်း စန္ဒရားတီးတာလောက်ပဲ တော်တာပါဟယ်...သိပ်မထူးခြားနားပါဘူး..."
"ဟား...ဟား...အချင်းချင်းကို ကပ်ကြွားနေပြန်ပြီ..."
"ဟဲ့...ကြွားစရာရှိမှ ကြွားလို့ရတာလေဟယ်.."
"ဟုတ်ပါတယ်ဟာ...ငါ့မှာက ဘာမှကြွားစရာမှ
မရှိတော့ ကြွားလို့ကမရဘူးရယ်..."
ဖြူလုံးက ခပ်ပြုံးပြုံးလေးပြောလိုက်ပေမဲ့ မြတ်ချယ်က စိတ်မကောင်းဖြစ်သွားပုံရလေသည်။
ဖြူလုံးရဲ့ လက်ကလေးကို လာကိုင်ပြီးနှစ်သိမ့်ရှာသည်။
ဒီနေ့က စနေနေ့ဖြစ်ပြီး သူငယ်ချင်းမြတ်ချယ်ဟာ သူမတို့အိမ်ကိုလာလည်ပါဟု ဖိတ်ထားသောကြောင့် ဖြူလုံးရောက်လာရခြင်းပင်။
မြတ်ချယ်တို့မိသားစုဟာ အင်မတန်ချမ်းသာကြပေမဲ့ ဂုဏ်မောက်ခြင်းမရှိပေ။
ဒီနေ့ ဖြူလုံး၀တ်လာတာက အရောင်ဖျော့နေပြီဖြစ်သော စပန့်သားဘောင်းဘီဒူးကျလေးနဲ့ ရင်စေ့အိင်္ကျီ လက်တိုလေးဖြစ်သည်။
ပြောရရင် ဖြူလုံးဟာမြတ်ချယ်တို့ရဲ့စံအိမ်မှာ အလုပ်လုပ်တဲ့ ထွေးမြတို့လောက်အဆင့်သာရှိသည်။
သို့ပေမဲ့ မြတ်ချယ်တို့မောင်နှမတင်မကပဲ မြတ်ချယ်ရဲ့ မိဘတွေကပါ သူ့တို့အိမ်ကို၀င်ချင်တိုင်း၀င်၊ထွက်ချင်တိုင်းထွက်ဖို့ ကြိုဆိုကြသည်။
အခုဆိုရင် အရင်ကလားလားမျှ
မသက်ဆိုင်ဘူးဟု ထင်ခဲ့သော စန္ဒရားကြီးနဲ့ မြတ်ချယ်က သီချင်းတစ်ပုဒ် တီးတတ်အောင် သင်ပေးထားလေသည်။
တကယ်ပါ ဖြူလုံးအတွက်တော့ မြတ်ချယ်ဟာ ဘုရားကပေးတဲ့ သူငယ်ချင်းပါပဲ။
"ဖြူလုံး...ခြံထဲကို ဆင်းကြရအောင် ဟိုကောင်ဘာလုပ်နေသလဲ မသိဘူး သွားနှောက်ယှက်ရအောင်..."
"အေး...ကောင်းသားပဲ..."
သူငယ်ချင်းနှစ်ယောက် လက်ချင်းတွဲပြီး အပေါ်ထပ်လှေကားမှ ဆင်းလာလိုက်သည်။
"သမီး...မြတ်ချယ်.."
ဧည့်ခန်းထဲတွင် ဧည့်သည်တွေနှင့် စကားပြောနေရင်းမှ ဦးထက်မြတ်ကလှမ်း ခေါ်လေသည်။
ဖြူလုံးလည်း ဘာရယ်မဟုတ်ပဲ ဧည့်ခန်းထဲသို့ကြည့်လိုက်မိတော့ ဧည့်သည်တွေတော်တော်များလေသည်။
ထိုအထဲတွင် ဖြူလုံးကိုမျှ ကွက်၍ စူးဆိုက်ကြည့်နေသော လူတစ်ယောက်ရှိနေလေသည်။ထိုလူမှာ ကျက်သရေအတိတုံးရပါသော ဦးဒေ၀ကြီးပင်။
မျက်တောင်ထူထူတွေကာရံထားတဲ့ စူးရှလွန်းသော သူ့အကြည့်တွေနဲ့ ရင်မဆိုင်ချင်တာကြောင့် ဖြူလုံးလည်း ဟို့ကြည့်ဒီကြည့်နဲ့ အကြည့်လွှဲလိုက်ရသည်။
ကြည့်ရတာ သောကြာနေ့ညနေက ကိစ္စအတွက် အခဲမကြေသေးပုံပဲ။
"မောင်ဒေ၀..အဲ့ဒါ ဦးရဲ့သမီးလေးလေ...
မြတ်ချယ်လို့ခေါ်တယ်...အရမ်းလိမ္မာတာ...
သားဖြစ်သူနဲ့တော့ တစ်ခြားဆီပဲ..."
"ဖေဖေ...သမီးတို့ခြံထဲခဏဆင်းလိုက်အုံးမယ်နော်..."
"အေး...အေး..."
မြတ်ချယ်လည်း ဧည့်သည်နဲ့မိတ်ဆက်ပေးရင် လေကြောရှည်တတ်သည့် အဖေ့အား စကားဖြတ်၍ ခြံထဲသို့ ဖြူလုံးအားခေါ်လာခဲ့လိုက်သည်။
"ဖြူလုံး...ခုဏက နင့်ကိုကိုကြီးလည်းရှိတယ် တွေ့ခဲ့လား..."
"ဟာ...ဘာကိုငါ့ကိုကိုကြီးလည်း...မြတ်ချယ်နော်"
"ဟား...ဟား...ငါကစရုံလေးစတာတောင် ဒီလောက်ဒေါသထွက်ရသလားဟ...
သိလားဖြူလုံး...နင်ပြောလို့သာ ဦးဒေ၀က နင့်ကိုနှိပ်စက်တဲ့ကိစ္စကို ယုံလိုက်ရတာ...ဟိုတစ်နေ့ကကျောင်းလာတော့ နင့်အပေါ်မှာဆက်ဆံပုံက
တကယ့်ညီမလေးလိုပဲ...အဲ့ဒါဘယ်လိုဖြစ်ရတာလဲ...ရှင်းအုံး..."
"ငါလည်း မသိဘူး...အရင်တုန်းကတော့ သူ့ပုံစံကငါ့ကိုအရမ်းမုန်းနေသလိုပုံပါ...ဘုရားစူး..တကယ်
မနေ့ကမှ ရုတ်တရက်ကြီးပြောင်းလဲသွားတာဟာ..ငါ့ကိုလည်း စာမေးပွဲကျတာရယ်..
ရည်းစားထားလို့ရယ်ဆိုပြီး ဆူလိုက်တာမှ..
ပျစ်ပျစ်နှစ်နှစ်ပဲ...တကယ်ပါဟာ...သိပ်မုန်းဖို့ကောင်းတာပဲ..."
ဖြူလုံးဟာ စကားပြောရင်းနှင့် မြက်ခင်းပြင်အပေါ်မှာ လမ်းလျှောက်နေရင်းမှ အနောက်သို့ပြန်လှည့်ကြည့်လိုက်တော့ မြတ်ချယ်ကငူငူကြီးရပ်ကျန်နေခဲ့သည်။
"မြတ်ချယ်...ဘာဖြစ်သွားတာလဲ..."
မြတ်ချယ်ရဲ့ လက်ကိုကိုင်လှုပ်လိုက်တော့ ဖြူလုံးကိုငိုမဲ့မဲ့ရုပ်ကြီးနဲ့ ကြည့်လာသည်။
"ဖြူလုံး...သေနာမ...နင်ရည်းစားထားတာ..
ငါ့ကိုဘာလို့မပြောတာလဲ..."
"အယ်..."
ဖြူလုံးလည်း ယောင်ပြီးထွက်သွားတာကြောင့် ကိုယ့်ပါးစပ်ကိုပြန်အုပ်လိုက်မိသည်။
"ပြောစမ်း...အဲ့အကောင်ကဘယ်ကကောင်လဲ...
ဘယ်အတန်းကလဲ...သူ့မိဘတွေကဘယ်သူတွေလည်း...စာတော်လား...ရုပ်ချောလား..
သေသေချာချာ..တစ်လုံးမကျန်ပြောပြနော်...
ဒါမှမဟုတ်ရင် သေခန်းပြတ်ပဲ.."
"ဟဲ့..ဟဲ့...နားနားနေနေမေးပါဟယ်...ငါပြောပြပါ့မယ်...သူ့နာမည်က ကိုဖိုးအေးတဲ့..."
"ဟဲ့..ဘယ်ကဖိုးအေးလဲ...နာမည်ကြီးကလည်း တုံးလိုက်တာဟယ်.."
"မြတ်ချယ်ရယ်...နင်ကအဲ့လိုကန့်လန့်ကြီးပြောနေတော့ ငါကဘယ်လိုဆက်ပြောရမှာလည်း..."
နှစ်ယောက်သား ခြံထဲမှတရုတ်စကားပန်းပင်အရိပ် အောက်သို့သွားကာ အပင်လေးကိုကျောမှီရပ်လိုက်ကြသည်။
မြတ်ချယ်လည်း စိတ်ကိုအနည်းငယ်လျှော့ကာ သက်ပြင်းချလိုက်ပြီးနောက် ဖြူလုံးအား ဆက်ပြောရန် တိုက်တွန်းလိုက်ပါသည်။
"သူကငါတို့ကျောင်းရှေ့က ဆိုက်ကားဂိတ်မှာ ဆိုက်ကားဆွဲတဲ့သူဟ..."
"ဟယ်...အဲ့ဒါဆိုရင်...ငါတို့ကျောင်းထဲက ကျောင်းသားမဟုတ်ဘူးပေါ့..."
"မဟုတ်ဘူးဟ...သူ့အသက်ကနှစ်ဆယ့်ခြောက်နှစ်ရှိပြီ...."
"နင့်ဟာကလည်း နင်နဲ့ဆယ်နှစ်ကြီးများတောင်ကွာတာဟယ်...နောက်ပြီးဆိုက်ကားသမားတဲ့..
အဲ့ဒါမှန်းသိရင် ငါ့မောင်နဲ့ပဲအောင်သွယ်ပေးလိုက်ပါတယ်ဟာ...ငါ့မောင်လေးကအကျင့်မကောင်းပေမဲ့...ဆိုက်ကားတော့နင်းစားမှာမဟုတ်ဘူးဟ"
မြတ်ချယ်ရဲ့ စကားကြောင့် ဖြူလုံးရယ်မိလေသည်။နှောင်ဇွဲဟာ သူဌေးသားပဲဟာ ဘာကြောင့်ဆိုက်ကားနင်းစားရမှာလဲ။
"ဒါနဲ့...အေးပုရော...ဒီကိစ္စကို သိပြီးပြီလား..."
"သူသိရင်...ကိုဖိုးအေးကြီး အသက်ပျောက်သွားမှာစိုးလို့ဟေ့...မပြောရသေးဘူး...."
"အေး...ငါလည်း အဲ့ဖိုးအေးကို...အမှုန့်ကြိတ်ပစ်ချင်တာဟေ့...ဘယ့်နှယ်ငါ့သူငယ်ချင်းက ဖြူ၊ဥ၊နု ၊လှနေတာကိုများ ရာရာစစ...ဆိုက်ကားသမားကများ မှန်းရဲရတယ်လို့..."
"နင်ကလည်းဟယ်...ဆိုက်ကားသမားဆိုပေမဲ့...
စိတ်သဘောတော့ ကောင်းရှာပါတယ်ဟာ..."
"အေးအဲ့ဒီ့မှာ နင်အဖြစ်သည်းနေလိုက်သိလား...
ဟိုက ဘာအကြံနဲ့နင့်ဆီကိုကပ်သလဲမသိဘူး..."
"သဘောရိုးနဲ့ပါ မြတ်ချယ်ရယ်...သူ့ကြည့်ရတာ
ငါ့ကို တကယ်ချစ်တဲ့ပုံပါပဲ..."
"...ချစ်တာတွေ...မေတ္တာတွေကို ငါ့လာမပြောနဲ့..နင်သူ့အကြောင်းဘယ်လောက် သိလို့လဲ..
သူ့မိသားစုအကြောင်း...ဘယ်မှာနေတယ်...မျိုးရိုးကဘာလဲ...နင်သိသလား...ငါကတော့လုံး၀သဘောမတူဘူးနော်..."
သူငယ်ချင်းတွေ အကုန်လုံးက လုံး၀ကိုမီးနီပြနေကြတာကြောင့် ဖြူလုံးစိတ်ရှုပ်သွားမိသည်။
ဖြူလုံး တကယ်ပဲမှားသွားပြီလား။
လူတစ်ယောက်ကို အနီးကပ်သေချာပေါင်း
မကြည့်ပဲ လက်ခံလိုက်မိတာဟာ ခံစားချက်ကိုပေါ့ပြတ်ပြတ်သဘောထားလိုက်မိသလို ဖြစ်သွားတယ်ထင်ပါရဲ့။
ဦးဒေ၀ ပြောသလိုပဲ ကိုယ့်အခြေအနေက ရည်းစားထားသင့်တဲ့အခြေအနေမဟုတ်ပါပဲ ဖြူလုံးသတိလက်လွှတ်ပြုမူလိုက်မိပြီ။ဒါပေမဲ့ ဘယ်လိုပြန်ငြင်းရပါ့မလဲ။ကိုဖိုးအေးရဲ့ မေတ္တာကို ဖြူလုံးကလက်ခံလိုက်မိပြီလေ။
"ဟိတ်....ဘာတွေပြောနေကြတာလဲ..."
အနားကိုသတိမပေး၊ဘာမပေးနဲ့ ရောက်ချလာသော နှောင်ဇွဲထက်အား မြတ်ချယ်လည်း မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်သည်။
"နင့်..အသုဘအကြောင်း ဆွေးနွေးနေတာဟေ့..."
"ဟာ...နင်မိုက်ရိုင်းလှချည်လား...ငါနဲ့အမွှာသာပြောတယ်...ယဉ်ကျေးမှုကို တစ်စက်မှမရှိဘူး..."
"အမယ်...သူကတော်တော်ယဉ်ကျေးတယ်ဆိုတော့...ညဘက်ထရမှာပျင်းလို့ ရေသန့်ဘူးထဲကိုသေးပေါက်ထည့်ထားတဲ့ ကောင်ကများ..."
"ဟာ...သေနာမ..နင့်အပေါက်ကိုပိတ်ထားစမ်း..."
ကိုကြိုက်နေတဲ့ ကောင်မလေးအရှေ့မှာ ဒီလိုကိစ္စကြီးကို ဖောက်သည်အချခံလိုက်ရတော့ နှောင်ဇွဲထဆဲတော့သည်။
"မြတ်ချယ်မ...ငါ့ကိုမကောင်းမပြောနဲ့နော်..နင်ကျတော့...အိပ်နေရင် မျက်နှာမှာအဆီတစ်၀င်း၀င်းနဲ့
ထွီ...ရွံစရာကောင်းလိုက်တာ..."
"အမယ်...အိပ်နေရင်းနဲ့မျက်နှာအဆီပြန်တာပဲ...
ဘာဖြစ်သလဲ...နင်သာ...နင့်အခန်းထဲကကြွက်သိုက်ကို ရှင်းစမ်းပါ...သိလား..ဖြူလုံး...
ဒီကောင့်အခန်းထဲမှာ အ၀တ်တွေဆိုတာ ပွထနေတာပဲ...တကယ့်ညစ်တီးညစ်ပတ်ဟယ်...ဖေဖေဆိုခဏခဏဆူရတယ်...ညစ်ပတ်ပါတယ်ဆိုတဲ့
အန်တီလေးတောင် သူ့ကိုဆလံပြန်သနေရတယ်..."
ဖြူလုံးကို လက်ကုတ်ပြီး သူ့မောင်ညစ်ပတ်တာတွေကို ဂုဏ်ဖော်ပြနေတာကြောင့် နှောင်ဇွဲမှာ မျက်နှာကြီးနီလာပြီး မြတ်ချယ်ကိုထအော်သည်။
"မြတ်ချယ်မ...နင်သာ ကိုယ့်နှပ်ချေးဖက်ကိုယ် ပြန်ကလော်စားတာ..."
"ဟဲ့အကောင်...ငယ်ငယ်တုန်းကကိစ္စကို လာမပြောနဲ့..."
"ငယ်ငယ်ကပဲဖြစ်ဖြစ်...ကြီးမှပဲဖြစ်ဖြစ်..အဲ့ဒါနင်လုပ်ခဲ့တာပဲလေ..."
"အောင်မယ်...ကောင်စုတ်..နင်ကသာ..."
"တော်ကြပါတော့ဟယ်...ဟိုဘက်နှစ်လမ်းကျော်ကနေ နင်တို့ရဲ့ရန်ပွဲကို လာအားပေးနေရသလိုပဲ..
အခုမှပဲ...နင်တို့ရဲ့လျှို့ဝှက်ချက်တွေကို ငါသိရတော့တယ်..."
"ဟား...ဟား...."
ဒီတော့မှ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး ရယ်မိကြလေသည်။
ဒီမောင်နှမနှစ်ယောက်နဲ့တွေ့ရင် အမှန်တကယ်ကိုခွီနေရတာပါ။
တကယ်တော့ နှောင်ဇွဲဟာ ညစ်ပတ်ပေမဲ့လို့
အီကိုအေအခန်းမှ စာအတော်ဆုံးထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်လေသည်။
ရုပ်လေးက ဖြူသန့်တာကြောင့်လည်း အီကိုကျောင်းသူလေးတွေကြားမှာ စာတော်၊ရုပ်ဖြောင့်သူကြီးအဖြစ် အရမ်းကိုနာမည်ကြီးသည်။
ဖြူလုံးတို့နဲ့ တွေ့ရင်တော့ ဘာလို့မှန်းမသိပေမဲ့ သူသိပ်ကိုမျက်နှာပြောင်သည်။
"နှောင်ဇွဲ...အီကိုအေအခန်းမှာ နင်ကစာအတော်ဆုံးဆိုတော့...နင်ဆယ်တန်းအောင်ရင် ဘာလုပ်မှာလဲ.."
"ငါလား...နိုင်ငံခြားမှာ ကျောင်းသွားတတ်ချင်တယ်...စီးပွာရေးနဲ့ပတ်သတ်တဲ့ စီမန်ခန့်ခွဲမှုတွေအကြောင်းကို ပိုနားလည်ချင်တယ်...အဖေနဲ့ဧည့်ခန်းမှာ စကားပြောနေတဲ့ ဦးဒေ၀ကိုသိတယ်
မလား...
ငါကသူ့လို အရမ်းတော်တဲ့ စီးပွားရေးသမားကြီး
တစ်ယောက်ဖြစ်ချင်တာ..."
"အပြောကတော့ ရွှေမန်းပဲဟေ့...လူကြည့်တော့
ရေသန့်ဗူးထဲမှာ သေးပေါက်ထည့်ရအောင်အထိ
အပျင်းကြီးတဲ့လူကများ...ကြည့်ရတာ နိုင်ငံခြားအထိ သေးသွားပေါက်မလို့ထင်ပါရဲ့.."
"ဟဲ့...မြတ်ချယ်...နင်ဒါပဲခဏခဏပြောမနေနဲ့...
အဲ့ဒီ့ကိစ္စက အိပ်ရင်းနဲ့ယောင်ပြီး..."
ရှက်လွန်းလို့ ထင်ပါရဲ့နှောင်ဇွဲရဲ့မျက်နှာကြီးဟာ နီရဲတွတ်လာပြီး ဖြူလုံးကိုမျက်လုံးလေးစောင်းပြီးကြည့်လာသည်။ဖြူလုံးလည်း ရယ်ချင်စိတ်ကိုမနည်းထိန်းကာ နှုတ်ခမ်းကိုအတင်းစေ့ထားရသည်။
"ဖြူလုံး...နင်ကရော...ဆယ်တန်းအောင်ရင်...ဘာလုပ်မှာလဲ..."
"ငါလား...ဆယ်တန်းတောင်အောင်ပါ့မလားမသိပါဘူး...ဆယ်တန်းအောင်ရင်လည်း တက္ကသိုလ်ဆက်တတ်ရမှာကို မဟုတ်ဘူး....."
ဖြူလုံးကအားငယ်တဲ့လေသံလေးနဲ့ ပြောလိုက်တော့မောင်နှမနှစ်ယောက်သား စိတ်မကောင်းဖြစ်သွားကြပုံပေါ်သည်။
သူငယ်ချင်းတွေကို ၀မ်းမနည်းစေချင်တာကြောင့်
အားငယ်နေပုံပေါ်သည့် ကိုယ့်မျက်နှာထားကို ပြန်ပြင်လိုက်ရသည်။
"ဟား...နင်တို့ကလည်း ငါကဆယ်တန်းအောင်ရင်
ရန်ကုန်ကိုတက်ပြီး အဆိုတော်လုပ်မှာ သိရဲ့လား.."
တရုတ်စကားပန်းပင်ဘေးမှာ ရှိသော ကျောက်တုံးပေါ်သို့ တက်လိုက်ပြီး သီချင်းဆိုသည့်ပုံစံလုပ်ပြလိုက်တော့ သူငယ်ချင်နှစ်ယောက်ကထရယ်သည်။
"ဖြူလုံးရယ်...ခုဏကနင်စန္ဒရားတီးရင်းနဲ့သီချင်းဆိုနေတာကို ငါမို့လို့ထိုင်နားထောင်ပေးနေတာနော်...အခြားသူသာဆိုရင်...ခဲနဲ့ပေါက်နေလောက်ပြီ..."
"ငါ..သီချင်းဆိုတာ အဲ့လောက်တောင်ပဲ...နား၀င်ဆိုးလို့လားဟယ်..."
"သိပ်မဆိုးပါဘူးဟယ်...ကျီးကန်းမကြီး အော်နေသလိုပဲ...."
"ဟား...မြတ်ချယ်မ...နင်သေဖို့သာပြင်..."
"ဟ...ဟ...မှီအောင်လိုက်ဟေ့..မှီအောင်လိုက်..."
"တွေ့မယ်....မြတ်ချယ်မ...."
ခြံထဲမှာ လှည့်ပတ်ပြေးနေသော မြတ်ချယ် နောက်သို့ဖြူလုံးကလည်း မရမက ပြေးလိုက်သည်။
ခြံထဲမှာ ရပ်ထားသော ကားတွေရဲ့ကြားထဲကို ၀င်ပြီး ပတ်ပြေးနေတာကြောင့် ဖြူလုံးလည်း ကားကြားထဲသို့ ၀င်လိုက်သည်။
"အာ့!!!..." "အမယ်လေး!!!"
ခြေထောက်ခေါက်ပြီး အရှိန်နဲ့အရှေ့ကိုဟပ်ထိုးလဲသွားတဲ့အချိန်မှာ ကံဆိုးချင်တော့ ကားမှန်နဲ့ နဖူးကထပ်ဆောင့်မိပြန်သည်။
ခြေထောက်ရော နဖူးရောနာသွားတာကြောင့်
နေရာမှာတင် ထိုင်ချလိုက်ပြီး ဟီးကနဲငိုချမိတော့သည်။
"အဟင့်...မြတ်...မြတ်ချယ်ရေ...အာ့...
မြတ်ချယ်ရေ...ငါ့ကိုလာကယ်ပါအုံး..."
"ဘယ်သူလဲ...ငိုနေတာ..."
"ဟယ်...ဖြူလုံး...ဘယ်လိုဖြစ်ရတာလဲ..."
မြတ်ချယ်ရဲ့ အသံထက် အနားသို့ လေလိုအဟုန်နဲ့ရောက်လာသူမှာ ဦးဒေ၀ကြီးဖြစ်နေသည်။
ဖြူလုံးမှာတော့ ခြေထောက်ခေါက်ပြီး နာတဲ့နေရာနှင့် တမံသလင်းနဲ့ ယှက်တိုက်ပြီး ပွန်းသွားတဲ့ သွေးစို့နေသော ဒူးခေါင်းဒဏ်ရာကိုသာ ကြည့်ပြီး နာလွန်းလို့ငိုပဲငိုနေမိသည်။
"နဖူးလည်း ထိသွားတာလား...ပြစမ်း..."
မေးစေ့ကနေ လာကိုင်ပြီး မျက်နှာကိုဆွဲမော့လိုက်ကာ ဖြူလုံးရဲ့နဖူးမှ အညိုကွက်ကြီးကို ကြည့်နေသော ဦးဒေ၀၏ မျက်နှာဟာ ဖြူလုံးရဲ့မျက်၀န်းတွေနဲ့ အလွန်ကိုနီးကပ်နေသည်။
အောက်မေးရိုးမှ ကြည့်ခွင့်ရနေတာကြောင့်
သူ့မျက်တောင်တွေရဲ့ ကော့ညွှတ်လွန်းနေမှုက ပိုသိသာထင်ရှားနေသည်။
ထိုမျက်တောင်လေးတွေကို တစ်မွှေးချင်းစီ ဆွဲနှုတ်ပစ်ချင်လိုက်တာ။
အို...ဘာတွေတွေးမိနေတာပါလိမ့်။
"အမလေး!!!....ဟင်...ဘာလုပ်တာလဲ..."
ရုတ်တရက်ဆွဲအပွေ့ခံလိုက်ရတာကြောင့် ဖြူလုံးလန့်သွားမိသည်။ဒူးနေရာနဲ့ နဖူးမှာနာကျင်နေတာကြောင့် ထပ်ပြုတ်ကျမှာစိုးရိမ်ပေမဲ့ ဦးဒေ၀၏ လည်ပင်းကိုလည်း သိုင်းမဖက်ရဲပေ။
ဖြူလုံးရဲ့ ခန္ဓာကိုယ်ဟာ ဦးဒေ၀၏ ရင်ခွင်ထဲမှာ အတောင့်လိုက်ကြီးဖြစ်နေသည်။
"အားလုံးပဲ ကလေးမကိုဆေးခန်းပြဖို့ ခေါ်သွားပေးရမှာမို့ ဆောက်လုပ်ရေးဆိုက်ထဲကိုသွားနှင့်ကြပါနော်...ကျွန်တော်နောက်ကျမယ်ဆိုရင်
ကျွန်တော့် လက်ထောက်ကို လွှတ်လိုက်ပါ့မယ်..."
"ရပါတယ်...မောင်ဒေ၀ရယ်...*
အခုမှပဲ ဖြူလုံးသတိထားမိတယ်။
ဒီနေရာမှာ ဦးဒေ၀နဲ့မြတ်ချယ်နှစ်ယောက်ထဲ ရှိနေသည်မဟုတ်ပဲ ခုဏကဧည့်ခန်းထဲမှာ ထိုင်နေသော လူကြီးတွေအားလုံးလိုလို ရပ်ကြည့်နေကြခြင်းဖြစ်သည်။
ဖြူလုံးမှာ စိတ်ကသိကအောင့်ဖြစ်စရာ အနေအထားကြီးကြောင့် မျက်နှာကို ဝှက်ထားလိုက်မိသည်။ မျက်နှာဝှက်ထားမိတော့မှ ပိုဆိုးပါတော့တယ်။
အကြောင်းကတော့ မျက်နှာလှည့်လိုက်မိတာဟာ ဦးဒေ၀၏ ရင်အုံဘက်အခြမ်းကိုဖြစ်ပြီး
မရည်ရွယ်ပဲ ရင်အုံနေရာကို နှာခေါင်းကယှက်တိုက်မိသွားသည်။
ဒီလူကြီးကတော့ ဘယ်လိုနေသလဲ မသိပေမဲ့ ဖြူလုံးမှာတော့ မနေတတ်မထိုင်တတ်ဖြစ်နေရသည်။
"ဦးလေး....သမီးကိုအောက်ပြန်ချပေးပါ...."
"ကျွန်တော့်ကို ခွင့်ပြုကြပါအုံး..."
သူများတွေကြားမှာဆိုးလို့ အောက်ချပေးဖို့အသံတိုးတိုးလေးနဲ့ ပြောလိုက်ခါမှ ကားရှေ့ဦးခေါင်းအခန်းထဲသို့ ဖြူလုံးကို တင်လိုက်သည်။
ခါးပတ်ကိုလည်း သူကိုယ်တိုင်ပဲ တပ်ပေးပြီး ကားတံခါးကိုပိတ်ပစ်လိုက်သည်။
"သူငယ်ချင်းလေးရေ...တာ့တာနော်..."
ပြုံးစိစိနဲ့ လက်မထောင်ပြီး တာ့တာပြနေသော မြတ်ချယ်ကို ဖြူလုံးထုထောင်းပစ်ချင်နေမိသည်။သူ့ကြောင့်သာ ဖြူလုံးဒီလိုတွေ ဖြစ်ကုန်တာမို့ သူကအဓိကတရားခံပဲ။
ဘာလို့များ တိုက်တိုက်ဆိုင်ဆိုင် ဒီလူကြီးနဲ့မှလာတိုးရသလဲဆိုတာကို မခန့်မှန်းတတ်တော့ပါဘူး။
တစ်လမ်းလုံးလည်း ဘာစကားတစ်ခွန်းမှ မပြောဖြစ်ကြပဲ မြို့လည်ခေါင်က နာရီစင်ကြီးအနီးမှာ ဖွင့်ထားသော ဆေးခန်းသို့ ရောက်လာခဲ့ကြသည်။
ဆရာ၀န်က အပေါ်ရံဖြစ်လေ့ ဖြစ်ထရှိသည့်ဒဏ်ရာလေးတွေသာ ဖြစ်ကြောင်းပြောလိုက်ပြီး ဒူးဒဏ်ရာကို ဆေးထည့်ပေးကာ သောက်ဆေးနဲ့ လိမ်းဆေးပေးလိုက်လေသည်။
အနာက မစိုးရိမ်ရပေမဲ့ ဂရုမစိုက်ရင် ပိုး၀င်ပြီး ပြည်တွယ်နိုင်ကြောင်းနှင့် အထူးဂရုစိုက်ပေးဖို့မှာသည်။
အပြန်မှာတော့ ဦးဒေ၀ကပွေ့ချီပေးဖို့လုပ်ပေမဲ့ အခြားသူစိမ်းနဲ့ အသားချင်းမထိချင်တာကြောင့်
ကိုယ့်ဘာသာပဲ ခြေတစ်ပေါင်ကျိုးနဲ့ ကားဆီသို့ သွားလိုက်သည်။
တစ်လမ်းလုံး ကောင်းနေပြီးခါမှ ဘာစိတ်ဖောက်
သလဲ မသိပေ။အိမ်နားရောက်ခါးနီးမှာ ထဆူလေသည်။
"ကလေးလည်း မဟုတ်ပဲနဲ့ ဘာလို့ချော်လဲရတာလည်း...ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်အုံး အပျိုကြီးဖားဖားဖြစ်နေပြီ...ဘာတွေပေါက်ကရလျှောက်လုပ်နေတာလဲ...ပြောတော့အဆင့်တစ်ရအောင် လုပ်မယ်တဲ့...မနေ့ကလေးတင်မှပြောသွားတာ...ဒီနေ့စာမကျက်ပဲ သူများအိမ်မှာ အချိန်လာဖြုန်းနေတယ်...ကြိုးစားချင်စိတ်ကိုမရှိဘူး..."
"ဟုတ်တယ်...မရှိဘူး...ဘာဖြစ်လဲ..."
"ကျွီ!!!..."
ရုတ်တရက် ကားကိုလမ်းဘေးမှာထိုးရပ်လိုက်ပြီး
မနေ့ကလို အကြည့်မျိူးတွေနှင့် ကြည့်လာပြန်သည်။
ဘယ်လိုလူပါလိမ့်။အဖေတောင် သူ့လောက်နားပူနားဆာမနိုင်ဘူး။
"မင်းဘယ်လိုဖြစ်နေတာလဲ...ပြန်ပြီးရန်တွေ့ဖို့လောက်ပဲသိတယ်...ငါပြောနေတာတွေကမှားနေလို့လား..."
"မှားတယ်...သိပ်မှားတာပေါ့..."
"ဘာ...ပြောစမ်းပါအုံး...ငါကဘာတွေမှားနေသလဲ..."
မျက်ခုံးတွေကို အစွမ်းကုန်တွန့်ကြုံ့ပြီး မေးလာတာကြောင့် ဖြူလုံးလည်း သူ့နည်းတူပင် မျက်မှောင်ကုတ်လိုက်ပြီး တည့်တည့်ဆိုက်ကြည့်ပေးလိုက်သည်။
"မှားနေတာက အစကတည်းကပဲ...အရင်တုန်းကတော့ ကျွန်မကိုမုန်းတယ်ဆို...ဟော..ချက်ချင်းကြီးပဲ ကောင်းပြလာရော...ဒါတင်မကသေးဘူး..
သူ့သားသမီးလည်းမဟုတ်ပဲနဲ့ ဆူတာတွေရော..
ငေါက်တာတွေရော...ခြိမ်းခြောက်တာတွေရော..
စုံနေတာပဲ...မေးပါရစေအုံး...ကျွန်မကိုဘာလို့
..ဒီလိုဆယ့်နှစ်မျိုးဟင်းချိုလာတိုက်နေရတာလဲ..."
"ကိုယ်....."
ဒေ၀မှာ ပြောရမည့်စကားတွေအကုန်လုံးဟာ လည်ချောင်းနားမှာ တစ်နေပြီး ပြောမထွက်ဘူးဖြစ်နေသည်။
အကယ်၍ တစ်ချိန်ချိန်မှာ ဖြူလုံးလေး သူ့ကိုမုန်းသွားခဲ့မယ်ဆိုရင်တောင် ဒေ၀ဆိုသည့်လူကိုပဲ မုန်းစေချင်သည် ။
ကဝိကိုတော့ မမုန်းတီးစေချင်ပေ။ကဝိအနေနဲ့ သူဟာ ဖြူလုံးအပေါ်မှာ တကယ်ကိုသံယောဇဉ် ကြီးမားခဲ့ပါသည်ဟု ကျိန်ဆိုပြဖို့တောင် ၀န်မလေးပါဘူး။
စိတ်ကူးထဲမှာသာ ပြောနေမိပေမဲ့ တကယ့်လက်တွေ့မှာတော့...
"ဒီမှာ...မင်းကိုငါကသိပ်ကူညီချင်လွန်းလို့မဟုတ်ဘူး မျက်လုံးအရှေ့မှာ အမြင်မတော်လွန်းလို့ ကူညီနေတာ...မင်းရဲ့အဖေကလည်း ငါ့၀န်ထမ်းပဲမို့...ငါ့၀န်ထမ်းရဲ့ သမီးကိုစောင့်ရှောက်ပေးနေတာလောက်ပဲ...ကျန်တာဘာအကန့်မှမရှိဘူး..."
"အဟင်း...ဦးလေးက အပြောတစ်မျိုး အလုပ်တစ်မျိုးပဲ..."
သူမဒီတစ်ခွန်းသာ ပြောပြီး နောက်မှီခုံကို မှီချလိုက်ကာ ကားပြူတင်းပေါက်ဘက်သို့ မျက်နှာလှည့်ပစ်လိုက်သည်။
ဒီလူကြီးကို ဖြူလုံးအင်မတန်ဒေါသထွက်နေမိသည်။ပါးစပ်ကတော့ အကြောတည့်အောင် တစ်ဆက်မှမပြောပဲ လက်တွေ့မှာတော့ လူကိုတစ်မျိုးတစ်မည် အထင်လွှဲအောင် ပြုမူဆက်ဆံနေသည်။
ဒီလူကြီးရဲ့အကြောင်းကို ဆက်တွေးရင်ရူးသွားနိုင်တာကြောင့် မျက်လုံးတွေကိုသာ စုံမှိတ်ပစ်လိုက်တော့သည်။
ဒေ၀လည်း စကားတွေများရင် သူ့အကြောင်းတွေဘူးပေါ်သလို ပေါ်ကုန်မှာကို စိုးရိမ်တာကြောင့်
စံအိမ်ဆီသို့သာ တန်းမောင်းသွားလိုက်သည်။
"ကျွီ!!!"
ကားကိုစံအိမ်ကြီး၏ ပေါ်တီကိုအောက်တွင်ရပ်လိုက်ပြီးနောက် သူမဘက်သို့လှည့်ကြည့်လိုက်မိတော့ သူမကအိပ်နေလိုက်တာများ သိုးလို့ပင်။
သူတစ်ချက်ပြုံးလိုက်ပြီးနောက် အသံမကြားအောင် သူ့ဘက်ကတံခါးကိုဖွင့်လိုက်သည်။
ကလေးရဲ့ ဘက်အခြမ်းမှ တံခါးကိုဖွင့်လိုက်ပြီးနောက် သူမကိုပွေ့ချီလိုက်သည်။
ပြီးနောက် စံအိမ်ထဲသို့ ၀င်လိုက်ကာ လှေကားထစ်ပေါင်းများစွာကို တက်လာပြီးနောက် သူမအတွက် ရည်စူးပြီး ဒေါ်နှင်းမြတ်အား ပြင်ဆင်ခိုင်းထားသော ပန်းရောင်အိပ်ခန်းလေးထဲသို့ ၀င်လိုက်သည်။
ပြီးနောက် သူမလေးကို မွှေ့ယာကြီးအပေါ်မှာ ချပေးခဲ့ကာ ဒဏ်ရာရတဲ့ ခြေထောက်ကိုပဲဖော်ပြီး စောင်ခြုံပေးလိုက်သည်။
သူမရဲ့ ဦးခေါင်းထက်မှ ဆံစလေးတွေကိုလည်း
နှစ်ချက်မျှ ချစ်စနိုးနှင့် ပွတ်သပ်လိုက်ပြီးနောက် အခန်းတံခါးကို အသံမကြားအောင် ပြန်ပိတ်ပေးထားခဲ့လိုက်သည်။
အခန်း၂၇ ဆက်ရန်>>>>>
🍁🍁🍁🍁🍁🍁
ဒေ၀က boyfriend material ကြီးနော်
သနားဖို့ကောင်းတာက သူဟာစိတ်အတွင်းနူးညံ့ပေမဲ့ အပြင်မှာထုတ်ပြလို့မရဘူးကွယ်...
ဒေ၀နဲ့ ဖြူလုံးရဲ့ စိတ်နေစိတ်ထားလေးကို အားရင် ခွဲခြမ်းစိတ်ဖြာပြပါ့မယ်
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း
========================================================================
အခန်း၂၇
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"အား!!!ကျွန်တော်တို့ကို ဘာမှမလုပ်ပါနဲ့ဗျာ...
တောင်းပန်ပါတယ်..."
"မင်းရဲ့တောင်းပန်စကားက ဘာအသုံး၀င်လို့လဲ..
ငါတို့လိုချင်တာက ပိုက်ဆံ..."
ကာရာအိုကေအခန်းဖြစ်တာကြောင့် အခန်းကြီးတစ်ခုလုံးမှာ အလင်းရောင်မှိန်ဖျဖျသာ ဖြစ်နေလေသည်။
အသံလုံ အခန်းဖြစ်တာကြောင့် အခန်းထဲမှ အော်ဟေ့အကူအညီတောင်းသံတွေကိုလည်း အခြားသူတွေကြားရဖို့ ရာခိုင်နှုန်းအင်မတန်နည်းသည်။
"မင်းတို့ လောင်းကစားရှုံးတိုင်း ဆွဲထားတဲ့ပိုက်ဆံတွေကို ဒီနေ့ညတွင်းချင်းလိုချင်တယ်..."
"ခင်ဗျားရူးနေလား...ခင်ဗျားကဘာကောင်လဲ...
ကျုပ်တို့ ဘယ်လိုလူတွေလဲဆိုတာ မသိဘူးထင်တယ်...."
လက်တွေအချုပ်ခံထားပြီး ကြမ်းပြင်မှာ ဒူးထောက်နေရသည့်ဘ၀ရောက်နေတာတောင် လေကျယ်နိုင်သေးသော ဇော်မင်းနှင့် ဟိန်းဇေရဲ့ မျက်နှာကို ခပ်မဲ့မဲ့နဲ့ဆိုက်ကြည့်နေရင်းမှ ဦးလူထိန်ဟာ အချက်ပြသည့်သဘောအနေနဲ့ လက်တွေကိုလေထဲမှာ ဝေ့ရမ်းပြလိုက်သည်။
အချက်ပြလိုက်သည်နှင့် သံတုတ်ကိုင်ထားသော လူဟာ သူ့ရဲ့သံတုတ်ကြီးကို အားပြင်းပြင်းနဲ့ ဝေ့ရမ်းပစ်လိုက်ပြီးဇော်မင်းနဲ့ ဟိန်းဇေ၏ လက်မောင်းတွေကို ရိုက် ချလိုက်သည်။
"အား!!!!!"
"အား!!!သေပါပြီ...အာ့..."
ငယ်သံပါအောင် အော်ဟစ်ညီးတွားနေကြသော
ဇော်မင်းနှင့် ဟိန်းဇေဟာ လက်တွေ ကျိုးပဲ့သွားလောက်အောင်အထိ နာကျင်သွားတာကြောင့် ကြမ်းပြင်အပေါ်သို့မှောက်လျှက်လဲကျသွားကြသည်။
"ဟေ့...အဲ့နှစ်ယောက်လုံးကို ပြန်ထူစမ်း....
...ရေခဲရေပုံးသွားယူပြီးလောင်းကွာ...."
ဦးလူထိန်၏ ခိုင်းစေချက်ကြောင့်
အခန်းထဲမှဗလ တောင့်တောင့်နှင့် လူနှစ်ယောက်
ဟာ အပြင်သို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လက်ထဲမှာ ရေခဲရေတွေအပြည့်ထည့်ထားသော ပုံးတွေပါလာလေသည်။
"အား!!!!!!" "အား!!"
မျက်နှာနှင့်ခန္ဓာကိုယ်မှာ ထိုးကြိတ်ထားခံရ၍ နာကျင်မှုလွန်ကဲနေရသည့်အချိန် အေးစက်လွန်းသော ရေခဲရေတွေနှင့်ပါ အဖြန်းခံလိုက်ရတာကြောင့် ငယ်သံပါအောင်ထအော်ကြလေသည်။
"တောင်း...တောင်းပန်ပါတယ်..."
"ပိုက်ဆံ...ပိုက်ဆံကိုမရရအောင်ပြန်ဆက်ပါ့မယ်.."
"အချိန်ခဏတော့ စောင့်ပေးပါဗျာ....ကျွန်တော်တို့ကို မနှိပ်စက်ပါနဲ့တော့...တောင်းပန်ပါတယ်..."
"တောင်းပန်ရုံနဲ့ ငါ့ပိုက်ဆံ သိန်းခြောက်ရာက ပြန်ရမှာလား...."
"ဟင်..."
အလင်းရောင်မှိန်ဖျဖျသာ ရရှိနေသော အခန်းထဲသို့ ခပ်ဩဩအသံတစ်ခုက ဦးစွာ၀င်ရောက်လာသည်။ပြီးနောက် ရူးဖိနပ်သံတစ်ဂွက်ဂွက်မည်အောင် လျှောက်လာနေသော ခြေထောက်တစ်စုံဟာ အကြောက်လွန်ပြီးခေါင်းငုံ့ထားသော
ဇော်မင်းနှင့် ဟိန်းဇေတို့၏ မြင်ကွင်းထဲသို့ရောက်လာသည်။အပြစ်သားနှစ်ယောက်ဟာ အနက်ရောင်ရှူးဖိနပ်ပိုင်ရှင်ကို ကြည့်ဖို့ ဦးခေါင်းတွေကို ဖြည်းဖြည်းမော့လိုက်မိစဉ်မှာတော့...
"ဟေ့ကောင်တွေ...မင်းတို့ကိုဘယ်သူကမော့ကြည့်ခိုင်းနေလို့လဲ...."
"အား!!!တောင်း...တောင်းပန်ပါတယ်...
မကြည့်ရဲတော့ပါဘူး...."
အပြစ်သားနှစ်ကောင်ရဲ့ လက်တွေကို ကျောရိုးနဲ့ကပ်ပြီး လှန်ချိုးလိုက်တာကြောင့် ငယ်သာပါအောင် အော်ရင်းနှင့် ခေါင်းတွေကို ပြန်ငုံ့လိုက်ကြသည်။
သူတို့မြင်နေရသည်က သူတို့အရှေ့မှ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လိုက်သော ခြေထောက်တွေကိုပင်ဖြစ်သည်။
ခြေချိတ်ထိုင်လိုက်စဉ်မှာ စတိုင်ပင်အောက်
အနားစ နဲနဲဟသွားကာ ရှူးဖိနပ်ရဲ့အထပ်နားမှ ဖြူသော အသားအရေပေါ်လာတာကြောင့် အသားဖြူသူဆိုသည်မှလွှဲ၍ ရုပ်ရည်ကိုခန့်မှန်း
မရကြပေ။
"ပြောစမ်းပါအုံး...ငါ့ပိုက်ဆံတွေကို မင်းတို့ကဘယ်လိုပြန်ဆပ်မှာလည်း ...."
"ဟို...ကျွန်တော်တို့ကို တစ်လပဲအချိန်ပေးပါဗျာ...
ပြန်ဆပ်နိုင်အောင် ကြိုးစားပါ့မယ်..."
"ဘာတဲ့...တစ်လ...ဟား...မင်းတို့ရဲ့ဟာသက
မရယ်ရဘူးကွာ...ဘယ်လိုလုပ်မလဲ...လောင်းစကားဝိုင်းမှာ မင်းတို့ဖြုန်းခဲ့တာက သုံးရက်တည်းနဲ့ သိန်းခြောက်ရာနော်...လောင်းကစားဝိုင်းက တရားမ၀င်ကိစ္စဆိုရင်တောင်...ငါချေးခဲ့တာက ငွေမဲတွေမဟုတ်ဘူး....မင်းတို့ကို စာချုပ်မှာလတ်မှတ်ထိုးခိုင်းပြီးတော့မှ ချေးပေးခဲ့တာ....
အထောက်အထားတွေ အားလုံးငါ့ဆီမှာရှိတယ်..."
လောင်းကစားရုံထဲမှာ ကာစီနိုနဲ့ ဂျင်၀ိုင်းတွေကို စိတ်ကြိုက်ပတ်ဆော့ရင်းနဲ့မှ နိုင်တဲ့ရက်တွေကများလာလေတော့ ထပ်ဆော့ထပ်ဆော့ရင်းကနေ အရှုံးပေါ်လာတဲ့အချိန်မှာ တစ်ချိန်တော့အချီကြီးပြန်နိုင်မှာပဲဆိုပြီး သိန်းရာနဲ့ချီအောင် အောခဲ့မိသည်။
ရှုံးတဲ့အချိန်တိုင်းမှာ ရုံကနေပဲ ငွေချေးပြီးပြန်ကစားခဲ့မိသည်။သာမန်ရိုးရိုး ချေးခွင့်ရှိတာမဟုတ်ပဲ ငွေချေးထားကြောင်းစာချုပ်မှာ လတ်မှတ်ထိုးပေးရသည်။
အခုတော့ ငွေတွေကိုမဆပ်နိုင်ပဲ ထွက်ပြေးဖို့ ကြံစည်ကြချိန်မှာ ဖမ်းမိသွားခြင်းဖြစ်သည်။
ကြည့်ရတာ ဒီလူတွေဟာ သူတို့ကို အမြဲစောင့်ကြည့်နေပုံရသည်။
"ခင်ဗျားအစကတည်းက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမလား..."
"ဟုတ်တယ်....ခင်ဗျား ကျွန်တော်တို့ကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာ မလား...ခင်ဗျားရဲ့ရည်ရွယ်ချက်က ဘာလဲ..."
ဇော်မင်းနဲ့ ဟိန်းဇေ၏ ကြောက်သံနှောနေသော တုန်တုန်ရီရီအသံတွေကြောင့် ဒေ၀တစ်ချက်မဲ့လိုက်သည်။
မတ်တပ်ထရပ်လိုက်ကာ ကုဒ်အင်္ကျီကို ဆွဲချလိုက်သည်။အသွား ထက်လွန်းသော ဓား မြှောင်တစ်ချောင်းကို ဓား အိမ်ထဲမှထုတ်လိုက်ကာ ခြေလှမ်းတွေကို တစ်လှမ်းချင်းဆီ ရွေ့လျားလိုက်သည်။
"အား!!!ခင်ဗျားဘာလုပ်တာလဲ..."
လည်စလုတ်အနားသို့ ထိတွေ့လာတဲ့ ဓား သွားကြောင့် ဇော်မင်းထအော်မိသည်။
သထွေးတောင်မမျိုချရဲလောက်အောင် ဓားသွားကိုင်ထားသော လက်သည် တည်ငြိမ်လွန်းသည်။
သူ့လည်ပင်းသာ တစ်ချက်လှုပ်လိုက်မိသည်နှင့် သွေး ထွက်သွားနိုင်သည်။
" လောင်းကစားလုပ်တုန်းက...မင်းကစားတာလား...ငါကစားခိုင်းခဲ့တာလား......."
"အဲ့သောက်ပါးစပ်က ဖြေလေ!!!!"
"အာ့!!!ကျွန်...ကျွန်တော့်စိတ်နဲ့ ကျွန်တော့်ဘာသာ..
က...ကစားခဲ့တာပါ..."
"ပိုက်ဆံကရော...မင်းဘာသာချေးတာလား...
ငါအတင်းချေးခိုင်းတာလား..."
မေးခွန်းရဲ့အဆုံးသတ်မှာ စပ်ဖျင်းဖျင်းဖြစ်လာမှုနဲ့အတူ ဇော်မင်း၏ လည်စလုတ်နေရာမှာ
သွေးစလေးပေါ်ပေါက်လာသည်။
"အရာအားလုံးကို ကိုယ့်သဘောနဲ့ကိုယ်လုပ်ခဲ့တာပါ...ကျွန်တော့်ကိုမသတ်ပါနဲ့ ကျွန်တော် တောင်းပန်ပါတယ်....ခင်ဗျားဘာပဲခိုင်းခိုင်း...
ကျွန်တော်လုပ်...လုပ်ပါ့မယ်..."
"ကျွန်တော်လည်း....လုပ်ပေးပါ့မယ်...အသက်တော့ချမ်းသာပေးပါဗျာ...ကျွန်တော်တို့မှာ မိသားစုတွေ ရှိလို့ပါ...အသက်ကိုချမ်းသာပေးပါ..."
"မင်းတို့အလှည့်တုန်းက အဲ့သလိုစဉ်းစားပေးခဲ့ဖူးသလား...ဟမ်!!!!"
"ဗျာ..."
ဒေ၀၏ မျက်လုံးတွေဟာ နာကျဉ်းမုန်းတီးမှု အသွင်သို့ပြောင်းသွားပြီးနောက် အော်ထုတ်ပစ်လိုက်တဲ့ အသံကလည်း ဟိန်းထွက်သွားသည်။
"ဆရာ့..."
ဦးလူထိန်က ဒေ၀အား ခေါ်လိုက်ပြီး ဒေါသကိုလျှော့ကာ အမှားမလုပ်မိဖို့ မျက်နှာရိပ်၊မျက်နှာကဲပြလိုက်သည်။
ကော့ညွှတ်နေသော သူ၏မျက်တောင်တွေကို ခဏမျှ မှေးစင်းလိုက်ကာ စိတ်ကိုဖြေလျှော့လိုက်ရသည်။မဟုတ်ရင် သူလူ သ တ်မိလိမ့်မယ်။
"မင်းတို့ပေးထားတဲ့ ကတိကိုမင်းတို့တည်ပါစေ..
ငါခိုင်းတဲ့အချိန်မှာ မလုပ်နိုင်ဘူးဆိုရင်တော့...
မင်းတို့ရဲ့ဘ၀တွေ...တစ်စဆီဖြစ်သွားပြီသာမှတ်.."
"ဒုန်း!!!"
အခန်းတံခါးကို ဆောင့်ပိတ်သွားသံနှင့်အတူ ရှူးဖိနပ်သံဟာလည်း အဝေးသို့တစ်ဖြည်းဖြည်းပျံ့လွှင့်သွားသည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"ဝေါ...ဝေါ...ဂျိန်း!!!!"
ကားမောင်းနေရင်းနှင့် မိုးတွေက သဲကြီးမဲကြီးရွာချလာသည်မို့ လမ်းကိုကောင်းကောင်းမမြင်ရဖြစ်နေသည်။
သို့ပေမဲ့ ဒေ၀၏ စိတ်ထဲတွင်တော့ ရန်သူတော်ဟောင်းနှစ်ယောက်ကို ပညာပြလိုက်ရသည်မို့ ကျေနပ်နေမိသည်။
စိုးသူ၊ထွန်းလင်း၊ဇော်မင်း၊ဟိန်းဇေနဲ့ ထက်အာကာ မင်းတို့ငါးယောက်လုံးကို ငါ့လက်နဲ့
သ တ်ပြီး သွေး အစွန်းမခံဘူး။ကိုယ့်လ တ်နတ်နဲ့
ကိုယ့်ဘာသာ ပြန်သတ်မိအောင် လုပ်ပြမယ်။
မင်းတို့ရဲ့ ဘ၀တွေထဲကို ငါ၀င်မွှေပေးမယ်။
"အဟင်း..."
သူကျေနပ်စွာ နှုတ်ခမ်းကိုမဲ့ချလိုက်သည်။
ရုတ်တရက် သူ့မြင်ကွင်းထဲသို့ လမ်းဘေးမှ မီးရောင်ဝါကျင့်ကျင့်လေး လင်းနေသော အဆောက်အဦးလေးက ရောက်ရှိလာသည်။
"ကျွီ..."
ကားကိုရပ်လိုက်ပြီး တံခါးမှန်ကို နဲနဲဟပြီးကြည့်လိုက်မိသည်။
သူမြင်နေရတာက ကိတ်မုန့်ဆိုင်ကလေးတစ်ခုဖြစ်ပြီး ဆိုင်လေးရဲ့နာမည်က
ချောကလက်ဘေဘီတဲ့။
"ဘေဘီ...."
ဘေဘီဆိုတဲ့ စာသားလေးက ကလေးပေါက်စတစ်ယောက်ကို သွားသတိရစေသည်။
သူတစ်ချက်ပြုံးလိုက်ပြီးနောက် ကားမှန်ကိုဆွဲဖွင့်လိုက်ကာ ထီးအမိုးမပါပဲ မိုးရေထဲမှပင် ဆိုင်လေးဆီသို့ အပြေးသွားမိသည်။
"ဘာအလိုရှိပါသလဲရှင်..."
ဆိုင်၀န်ထမ်းလေးက ချိုမြသည့်ကြိုဆိုမှုကို ပေးလာလေသည်။သူလည်း မှန်ဘောင်အတွင်းမှ ချောကလက်တွေနှင့် ပြုလုပ်ထားသော
ကိတ်မုန့်ကလေးတွေကို လိုက်ကြည့်မိသည်။
ခွေးအရုပ်ပုံစံလေး လုပ်ထားသော ကိတ်မုန့်ကလေးကို ရွေးလိုက်ပြီးနောက် ဆိုင်ရှင်ကောင်မလေးကို ၀ယ်ချင်ကြောင်းပြောလိုက်သည်။
"ခဏလေးစောင့်ပေးပါရှင်..."
"ရပါတယ်..."
သူလည်း ဖုန်းကိုခဏထုတ်လိုက်ပြီး အီးမေးလ်ပို့ရင်းနှင့်ပင် ထိုင်ခုံတစ်ခုမှ ခဏထိုင်စောင့်နေလိုက်သည်။
"မရဘူးရှင့်...ငွေချေပြီးမှပဲ ယူလို့ရမှာ..."
"ဟာ...ညီမကလည်း ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့ပါကွာ...ဆေးရုံကိုခဏသွားပြီး ပြန်လာရင် ၀င်ပေးပါ့မယ်..."
"မရဘူးအစ်မရဲ့..."
"တစ်မြို့ထဲသားချင်းတွေပဲဟာ ...လုပ်ပါညီမရယ်
...လက်ဆောင်ပေးချင်လို့ပါကွာ...တကယ်ကိုပြန်လာဆပ်ပါ့မယ်..."
"တကယ်ကို...မရလို့ပါအစ်မရယ်..."
"မင်းတို့ကလည်း သိပ်လက်ပေါက်ကပ်တာပဲ...
တို့ရုပ်က ပြန်မပေးမဲ့ရုပ်လားကွာ..."
"အစ်မကို မယုံလို့မဟုတ်ပါဘူးရှင်...ကျွန်မတို့ဆိုင်ရဲ့ စည်းမျဉ်းကိုက ...အကြွေးလုံး၀မရောင်းရလို့ စည်းကမ်းထုတ်ထားလို့ပါ..."
ကောင်တာမှ ကောင်မလေးကလည်း ငိုတော့မလိုရုပ်ကလေး ဖြစ်လာသလို ရွှေပန်းချီမှာလည်း အစ်မဖြစ်သူငွေပန်းချီ ညဂျူတီဆင်းနေတုန်းမှာ
စပရိုက်လုပ်ချင်တာကြောင့် ကိတ်မုန့်ကလေးကို
မှားထားမိတာမှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တာကြောင့် အခက်တွေ့နေရသည်။
"ဒါဆိုလည်းကွာ...မယူတော့ဘူး..."
"ဟာ...အစ်မရယ်...အဲ့လိုမလုပ်ပါနဲ့...ဒီကိတ်မုန့်က
အစ်မလိုချင်တဲ့အတိုင်း သီးသန့်လုပ်ပေးထားရတာလေ...အစ်မရယ်...မယူဘူးဆိုရင်...ကျွန်မတို့ဘက်က နစ်နာတာပေါ့...သူဌေးဆူလိမ့်မယ်ရှင့်..."
"ဟား...မင်းတို့ကလည်း...ယူမယ်ဆိုတော့လည်း..
ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့...နောက်တစ်ခါလာပေးမယ်ဆိုတာကို မရဘူး...မယူတော့ဘူးဆိုတော့လည်း တစ်မျိုး..."
"ဟို...အစ်မက..ကားနဲ့လာတာပဲရှင်...အိမ်ကိုပြန်ယူလိုက်ပါလား..."
"ဟ...မိနစ်နှစ်ဆယ်လောက် ပြန်ကြာမှာကွ...
တို့အစ်မက ဗိုက်ဆာနေမှာပေါ့..."
"ညီမလေး...အစ်ကိုရှင်းပေးလိုက်မယ်..."
"ဟင်.."
ရွှေပန်းချီတစ်ယောက် အသံလာရာဆီသို့ ကြည့်လိုက်ရာ ရုပ်ရည်ချောမောပြီး အရပ်ဒေါင်ကောင်းကောင်းနှင့် အနောက်တိုင်း၀တ်စုံ၀တ်ထားသည်မှာ အလွန်းကြည့်ကောင်းသော လူတစ်ယောက်ဖြစ်နေသည်။
"ခန့်လိုက်တာ..."ဟုလည်း စိတ်ထဲမှ ကြိတ်၍ အမှတ်တွေပေးနေမိသည်။
"သူ့ကိတ်မုန့်က ဘယ်လောက်လည်း ညီမ..."
"သုံးသောင်းပါရှင့်...."
ကုဒ်အင်္ကျီ၏ အတွင်းဘက်ကနေပိုက်ဆံအိတ်ကို နှိုက်လိုက်ပြီး ပိုက်ဆံထုတ်ပေးနေတာကိုက
ခပ်တည်တည်နှင့်သိပ်ကိုကြည့်ကောင်းလွန်းသည်။
"အစ်ကို...ကိတ်ရပါပြီ..."
အခြား၀န်ထမ်းမလေး တစ်ယောက်၏ အော်ခေါ်သံကိုကြားသည်နှင့် ပါဆယ်ထုပ်ကိုသွားယူပြီး
ကိုလူချောကြီးဟာ ဆိုင်အပြင်ဖို့ထွက်ဖို့လုပ်နေလေသည်။ရွှေပန်းချီလည်း အမြန်ပြေးသွားလိုက်သည်။
"ဒီကအစ်ကို...ခုဏက ကိတ်မုန့်ဖို့ရှင်းပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်..."
ဆိုင်တံခါးကို ဖွင့်တော့မလို့လုပ်နေရာမှ အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုခေါ်သော မိန်းကလေးမှာ ဆံပင်အလိမ်အကောက်တွေကို အဝါရဲရဲဆိုးထားပြီး ချက်ပေါ်အိင်္ကျီနှင့်
ဂျင်းဘောင်းဘီအရှည်၀တ်ထားလေသည်။
သူနှာခေါင်း တစ်ချက်ရှုံ့လိုက်သည်။
" ငွေရှင်းပေးခဲ့တာက...မင်းကြောင့်မဟုတ်ဘူး..
ကောင်တာက ကလေးမကိုသနားလို့..."
"ဘာ..."
"မင်းလက်ထဲက ဖုန်းကြီးက ဘာလုပ်ဖို့လည်း..
တစ်ယောက်ယောက်ကို လှမ်းခေါ်ပြီး...ပိုက်ဆံ
လာပို့ခိုင်းလိုက်လို့ ရရဲ့သားနဲ့...သူများကိုအလကားထိုင်ရစ်နေတယ်...ပစ္စည်း၀ယ်ရင် ပိုက်ဆံဆောင်လာရမှာ မသိတာလား...
သူများက အလုပ်သမားကွ...သူဌေးမျက်နှာကိုကြည့်နေရတာ..မင်းလိုလူ့ဘော်ကြော့မဟုတ်ဘူး.."
ပြောချင်တာပြောသွားပြီး ထွက်သွားသောလူကို
ရွှေ အင်မတန်ဒေါသထွက်နေမိသည်။
သူမဟာ နာမည်ကြီးဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး တော်လွန်း၊
လှလွန်းပါသည်ဟု အမျိုးသားတွေကြားမှာ ရေပန်းစားသူပင်။
အခုတော့ လူကိုများ လူ့ဘော်ကြော့တဲ့။ပြောသွားလိုက်တာများ ရစရာမရှိအောင်ပဲ။
တော်တော်လူပါး၀တဲ့လူ။
အစကတော့ နာမည်မေး၊ဖုန်းနံပါတ်တောင်းပြီး
ပိုက်ဆံလည်း ပြန်ဆပ်ရင်းခင်မင်ခွင့်ရအောင် လုပ်မလို့ဟာကို အခုတော့သိပ်ကိုအမြင်ကပ်သွားမိသည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"အမေ့!!!!"
အိပ်မက်ထဲမှာ အမေကဖြူလုံးဆီကနေ ထွက်ပြေးသွားတာကြောင့် လှမ်းခေါ်လိုက်မိရင်းမှ ချွေးသံတစ်ရွှဲရွှဲနှင့် လန့်နိုးသွားသည်။
"ဒါ...ဘယ်သူ့အိပ်ခန်းလဲ..."
အခန်းကြီးထဲကို လှည့်ပတ်ကြည့်လိုက်မိတော့ မျက်လုံးတောင် ပြူးသွားသည်။
အခန်းတစ်ခုလုံးမှာ နံရံကပ်စက္ကူတွေကအစပန်းရောင်ဖြစ်နေသည်။
ဖြူလုံးထိုင်နေသည့် မွှေ့ယာအကြီးကြီး အပေါ်မှာလည်း အမွှေးပွ၀က်ဝံရုပ်တွေရော ဒိုရေမွန်ရုပ်တွေ၊ပိုကီမွန်ရုပ်တွေနှင့် စုံနေတာပါပဲ။
အရုပ်ဆိုင်ကြီးတောင် ဖွင့်လို့ရလောက်သည်။
ခပ်ဝေးဝေမှာ မြင်နေရသည့်မီးထွန်းထားသော
မှန်ဗီဒိုထဲတွင်လည်း မိန်းမစီးဖိနပ်တွေဟာ တစ်ပြောင်ပြောင်တစ်၀င်း၀င်းဖြစ်နေသည်။
"ငါ...ဘယ်လို ဖြစ်ပြီး ဒီအခန်းထဲကို ရောက်နေတာပါလိမ့်...တော်ကြာ သူခိုးစွပ်စွဲနေမှ ဒုက္ခ..."
ကုတင်ပေါ်ကနေ မြန်မြန်ဆင်းလိုက်ပြီး အခန်းတံခါးဖွင့်ကာ အပြင်ကိုကြည့်လိုက်သည်။
အချိန်က ညရှစ်နာရီလောက်ဖြစ်နေပြီမို့ ဒီအချိန်အလုပ်သမားတွေလည်း အကုန်အိပ်နေလောက်ပေမည်။
ခြေသံတိုးတိုးလေး နင်းပြီးအောက်ထပ်သို့ ဆင်းဖို့လုပ်ရသည်။
စံအိမ်မှာက ဒုတိယအထပ်မှာတင်
အိပ်ခန်းဆယ်ခန်းလောက်ရှိသည်မို့ တိတ်ဆိတ်နေတဲ့ ညကြီးမှာ ဒုတိယထပ်၌ ဖြူလုံးတစ်ယောက်သာရှိလေသည်။
နဂိုထဲက သရဲကြောက်တတ်သည့်လူဖြစ်တာကြောင့် ခြေသံလည်းမကြားရအောင်ခြေဖျားထောက်ပြီး အမြန်ပြေးမိသည်။
"တော်သေးတယ်...တံခါးဂျက်မချထားလို့..."
အဖေတို့ရဲ့ အခန်းအရှေ့ကိုရောက်တော့ အခန်းတံခါးဂျက်မချထားတာကြောင့် အပျော်ကြီးပျော်သွားမိသည်။
အခန်းထဲကို ၀င်လိုက်တော့ ကုတင်ပေါ်မှာ အဖေတစ်ယောက်သာရှိလေသည်။
ကြည့်ရတာ အန်တီရွှေပြန်မလာဘူး ထင်သည်။
ဖြူလုံးလည်း အိပ်ခန်းရဲ့ခြေရင်းမှာ ထောင်ထားတဲ့ ဖျာအသေးလေးကို ကြမ်းပြင်အပေါ်မှာ ခင်းလိုက်ပြီး သစ်သားခုံလေးတစ်ခုကို မ၍ရွေ့ကာ စာကျက်ဖို့ လုပ်လိုက်သည်။
"ဟင်း..ဟင်း..."
"ဟင်း...ဟင်း..."
နားထဲမှာ ညည်းသံကြီးလိုလို ကြားလိုက်ရ၍
အခန်းထဲသို့ လှည့်ပတ်ကြည့်မိတော့ ကုတင်ပေါ်မှာအိပ်နေသော အဖေ့ဆီမှ ဖြစ်နေလေသည်။
အနားသို့တိုးပြီး အနီးကပ်ကြည့်လိုက်မိတော့
အဖေ့နှုတ်ခမ်းတွေဟာ ပြာနေပြီး မျက်နှာကြီးကလည်း ဖြူဖတ်ဖြူရော်ဖြစ်နေသည်။
အဖေ့ကို စောင်ခြုံပေးမလို့ ခြေရင်းဘက်မှဆောင်ကို ဆွဲလိုက်မိတော့ အဖေ့ခြေဖဝါးမှာ
တွေ့လိုက်ရတာက အက်ကွဲကြောင်းကြီးတစ်ခုပင်။
တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန်ထိခိုက်ထားတာ သေချာသည်။
သေချာကြည့်လေ ဒဏ်ရာကပိုနက်လေပင်။
"ဟင်း...ဟင်း..."
"အဖေ...အဖေ့...အဖေ့...သမီးခေါ်နေတာကြားလား..."
အဖေ့ရဲ့ ညည်းသံက ရုတ်တရက်ကြီးတိတ်ကျသွားတာကြောင့် ဖြူလုံးစိုးရိမ်သွားပြီး အဖေ့ပုခုံးကို လှုပ်နိုးလိုက်သည်။
"အဖေ...အဖေ့...အဖေ့..သမီးခေါ်နေတယ်လေ..
အဖေ့...အဖေ့...အဟင့်..."
ဖြူလုံးအရမ်းလန့်သွားတာကြောင့် မျက်ရည်တွေပါ ကျလာသည်။အခန်းအပြင်သို့ ပြေးထွက်လိုက်ပြီး အန်တီနှင်းမြတ်တို့ အိပ်ခန်းဆီသို့ ပြေးသွားမိသည်။
"ဒုန်း!!!ဒုန်း!!ဒုန်း!!!"
"အန်တီနှင်းမြတ်ရေ...အန်တီနှင်းမြတ်..."
"ဟဲ့...ကောင်မလေး...ဘာဖြစ်တာတုန်း..."
"အန်တီ...အဖေဘာဖြစ်သလဲမသိဘူး...
ခေါ်လို့လည်းမရတော့ဘူး...အဖေ့ကိုကယ်ပေးပါနော်...အဖေ့ကိုခေါ်လို့မရတော့ဘူး...အဟင့်..."
"ဟယ် ...ဘယ်လိုဖြစ်ရတာတုန်း...လာလာ.."
ဖြူလုံးမှာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်နဲ့ ကျလာပြီး လက်အုပ်ကလေးချီကာတောင်းပန်မိတော့ အန်တီနှင်းမြတ်နှင့် အိပ်ယာနိုးသွားသော အိမ်အကူ အမျိုးသမီးတွေအားလုံး ဖြူလုံးတို့၏ အခန်းထဲသို့ လိုက်လာကြသည်။
"ဖြူလုံးရေ...ညည်းအဖေကအဖျားအရှိန်နဲ့ သတိလစ်သွားတာပဲ...ဆေးရုံတင်မှဖြစ်မယ်..
ဒဏ်ရာကလည်း ဘယ်တည်းကလဲမသိဘူးဟယ်
..မေးခိုင်ပိုး၀င်ရင် ဒုက္ခရောက်လိမ့်မယ်..."
"အန်တီ..ဦးလူထိန်ကို ခေါ်လို့မရဘူးလားဟင်..."
"ကိုလူထိန်တို့ ဒီညပြန်လာမှာမဟုတ်ဘူး...
ကားဒါရိုက်ဘာလည်း သူတို့ခေါ်သွားတယ်..."
"အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ...အဖေတစ်ခုခုဖြစ်သွားလိမ့်မယ်...ဟို...ဖုန်းဆက်ကြည့်ပါလား..
အန်တီရယ်..."
"ဟုတ်သားပဲ...မေ့နေတာ..."
အန်တီနှင်းမြတ်ဟာ ဧည့်ခန်းထဲမှ ကြိုးဖုန်းထားသော နေရာဆီသို့ ခပ်သွက်သွက်ပြေးသွားပြီးနောက် ဖုန်းနံပါတ်တွေကို လိုက်နှိပ်ကြည့်သည်။
ဖြူလုံးလည်း ဘေးနားမှ ငုတ်တုတ်ကလေးထိုင်ပြီး မျှော်လင့်တကြီးစောင့်နေမိသည်။
"ဖြူလုံးရေ..ဖုန်းကခေါ်လို့မရဘူး...မိုးရွာလို့ထင်တယ်...ဖုန်းလိုင်းတွေကျနေတယ်..."
"ဟို..ဦးဒေ၀ကိုရော ခေါ်ကြည့်ပြီးပြီလား..."
"ခေါ်ကြည့်ပြီးပြီသမီးရဲ့..စက်ပိတ်ထားတယ်တဲ့.."
ဖြူလုံးအဖို့ ခြေထောက်တွေခွေယိုင်ချင်သွားလောက်အောင် စိတ်ဓာတ်တွေကျကုန်သည်။
ဖြူလုံးမှာ သွေးသားအရင်းဆိုလို့ အဖေရယ်၊အစ်မရယ်ပဲရှိတော့တာလေ။ဖြူလုံး ဘယ်သူ့ကိုမှ အဆုံးရှုံးမခံနိုင်ဘူး။
"အန်တီနှင်းမြတ်...ဖေဖေ့ကို ဂရုစိုက်ထားပေးပါနော်...သမီးဆရာ၀န်သွားခေါ်လိုက်အုံးမယ်..."
"ဟဲ့...ဟဲ့...ကလေးမ..."
အန်တီနှင်းမြတ်ရဲ့ တားဆီးသံတွေကိုလည်း ဖြူလုံးဂရုမစိုက်နိုင်တော့ပဲ ထီးတစ်လက်နှင့်အတူဖိနပ်အပါးလေးကို စီးကာ ခြံ၀န်းထဲမှ ထွက်လာလိုက်သည်။
ဖြူလုံးစထွက်တုန်းက မိုးဖွဲလေးတွေပဲ ကျနေတာဖြစ်ပြီး တဖြည်းဖြည်းနဲ့ မိုးကအရမ်းသည်းလာသည်။
"ဂျိန်း!!!" "အား!!!!"
မိုးတစ်ချက်ခြိမ်းလိုက်တိုင်းမှာ လျှပ်စီးလင်းတန်းကြီးဟာ ဖြာကနဲဖြစ်သွားပြီး အမှောင်ရိပ်လွှမ်းနေသော သစ်ပင်ကြီးတွေရဲ့ အကိုင်းအခက်တွေဟာ လည်း သရဲကြီးတွေလို့ ထင်မိတဲ့အထိ ဖြူလုံးကြောက်နေမိသည်။မိုးအရမ်းသည်းလာတာကြောင့် တစ်ချက်တစ်ချက် ချောပြီးချော်လဲတာလည်း ရှိသည်။
စပန့်ဒူးကျလေး ၀တ်ထားသည်ကြောင့် ချော်လဲတိုင်းမှာ ချေသလုံးတွေ ပွန်းကုန်ပြီး ညိုမဲဆွဲလာသည်။
နေ့လည်က ခြေခေါက်လဲထားသည့် ဒဏ်ရာကလည်း ပြန်နာလာတာပြောင့် လမ်းလျှောက်ရတာထော့နဲ့၊ထော့နဲ့ဖြစ်နေသည်။
မိုးပက်၍ တစ်ကိုယ်လုံးလည်း စိုရွှဲနေပြီး အ၀တ်အစားတွေကလည်း မြင်မတော်အောင် ခန္ဓာကိုယ်ပေါ်မှာ ကပ်နေလေသည်။
ဖြူလုံး၏ ပုံသဏ္ဍန်ဟာ မိုးရေထဲမှာ လမ်းလျှောက်နေသည့် ကြွက်ကလေးနဲ့ပင် တူနေပါလိမ့်မည်။
"ဟာ...ထီးကဘယ်လို...အမယ်လေး..."
မိုးနဲ့အတူ လေကပါအားကြီးကြီးတိုက်ခတ်လိုက်တာကြောင့် ထီးကလည်းလေတိုက်ရာဘက်သို့ ပါသွားသည်။
ဖြူလုံးလည်း ထီးကိုင်းကို လွှတ်မထွက်သွားအောင် လိုက်ဆွဲနေမိရင်းမှ လမ်းမ၏အလည်သို့
ရောက်သွားသည်။
"တီ...!!!!!!"
"ဟင်!!!!!!!"
ကားတစ်စီးဟာ ဟွန်းကို သံရှည်ဆွဲကား တီးရင်းနှင့် ဖြူလုံးရပ်နေသော နေရာတည့်တည့်သို့ မောင်းလာနေလေသည်။
ထင်းလင်းနေလွန်းသော ကားမီးရောင်ဟာ ဖြူလုံးရဲ့မျက်လုံးတည့်တည့်သို့ ကျရောက်လာတာကြောင့် ကားတိုက်ခံရတော့မည်ဆိုသည့် အသိနှင့်
လမ်းမအပေါ်သို့ ဖင်ထိုင်လျှက် လဲကျသွားသည်။
စိတ်ထဲမှာ ပြောနေမိသည့် စကားတွေကတော့..
"အဖေရေ...သမီးတာ၀န်မကျေနိုင်တော့တာကြောင့် ခွင့်လွှတ်ပေးပါ...."
အခန်း၂၈>>>>ဆက်ရန်
🍁🍁🍁🍁🍁🍁🍁
ဖြူလုံးဘယ်လို ဆက်ဖြစ်မှာပါလိမ့်......
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း
=========================================================================
အခန်း၂၈
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"တီ!!!!!!!!!!!!!"
"ဟာ...ဒီလူတွေဘာလုပ်နေတာလဲ...."
ဟွန်းဒီလောက်တီးနေတာတောင် ခြံတံခါးလာမဖွင့်ပေးတာကြောင့် စိတ်ထဲမှာအလိုမကျဖြစ်သွားသည်။
မိုးကလည်း အရမ်းသည်းလာသည့်နည်းတူ ရေစိုထားတဲ့ဒဏ်နှင့်အတူ ခန္ဓာကိုယ်ကလည်း ချမ်းစိမ့်စိမ့်ဖြစ်လာသည်။
"တီ!!!!!!!"
ဒုတိယတစ်ခါ ဟွန်းကိုအကျယ်ကြီးတီးချလိုက်ချိန်မှာ မိန်းကလေးတစ်ယောက်ကထီးကိုဆောင်းရင်း ပြေးလာသည်။ခြံတံခါးကို အမြန်လာဖွင့်ပေးပြီးနောက် လမ်းဘေးသို့ကပ်ပေးလာသည်။
သူလည်း ကားကို ခြံထဲသို့ကွေ့၀င်လိုက်ပြီးမှ တံခါးလာဖွင့်ပေးသော မိန်းကလေးဘေးမှာ ရပ်လိုက်ပြီး ကားမှန်ကိုချလိုက်သည်။
"ခြံစောင့် ဘယ်ရောက်နေလို့လဲ...."
"ဟို...ဆေးရုံကိုလိုက်သွားလို့ပါဆရာ..."
"ဘာ...ဘယ်သူဘာဖြစ်လို့လည်း...."
"ဟို...အလုပ်သမားတစ်ယောက်...သတိမေ့သွားလို့ပါ...အဲ့ဒါဆေးရုံကိုညတွင်းချင်းပို့လိုက်ရပါတယ်...ခြံစောင့်ကြီးလည်း...လူနာကိုမဖို့၊ပြုဖို့...
လိုက်သွားပါတယ်...."
"ကောင်းပြီ...ခြံတံခါးတွေကို သေချာပိတ်ထားလိုက်ပါ..."
"ဟုတ်ကဲ့ပါဆရာ..."
မိုးသံကတဝေါဝေါနှင့်ဖြစ်နေတာကြောင့် သူ့စကား၊ကိုယ့်စကားလည်း သိပ်မကြားရဖြစ်နေလေသည်။မိန်းကလေးမှာလည်း မိုးရေထဲမှာရပ်ပြီးပြန်ဖြေနေရတာမို့ အားနာလာပြီး စံအိမ်ဆီသို့သာ မောင်းသွားလိုက်သည်။
"ဒေါ်နှင်းမြတ်....ဒေါ်နှင်းမြတ်..."
"ရှင်....လာပါပြီ..."
အခြေအနေအရပ်ရပ်ကို သိချင်တာကြောင့် ဒေါ်နှင်းမြတ်ကို လှမ်းခေါ်လိုက်ရာ အထုပ်တွေရော၊ခြင်းတွေရောစုံပလုံနေအောင်ဆွဲပြီး သူခေါ်နေသော နေရာသို့ရောက်လာလေသည်။
"ဒေါ်နှင်းမြတ်...ဒါတွေကဘာတွေလည်း...ခင်ဗျား
ဘယ်ကိုသွားမလို့လဲ..."
မေးလိုက်ခါမှ ဒေါ်နှင်းမြတ်ဟာ သူ့အရှေ့မှာတင် ထမိန်ကိုခပ်တိုတိုပြင်၀တ်လိုက်ပြီး ခြင်းတစ်ခုကိုဆွဲမလိုက်သည်။
"ဆရာရေ...ဖြူလုံးရဲ့အဖေ အဖျားကြီးပြီးသတိ
မလည်ဖြစ်သွားတယ်....ဆရာတို့...ကိုလူထိန်တို့ကလည်း ဘယ်လိုမှဆက်သွယ်လို့မရဖြစ်နေတော့..ဖြူလုံးခမျာ ဆရာ၀န်သွားခေါ်မယ်ဆိုပြီးမိုးကြီးလေးကြီးထဲကို ထီးဆောင်းထွက်သွားတယ်ရှင်...လမ်းမှာ ကားတိုက်မိမလိုဖြစ်ပြီး..."
"ဘာ!!!ကားတိုက်မိတယ်..."
ဆရာကတစ်အားအော်ထည့်လိုက်တာကြောင့် ဒေါ်နှင်းမြတ်မှာ ၀တ်ထားသည့်ထမိန်ပင် ပြန်ကျွတ်ကျချင်သွားအောင် တုန်တက်သွားသည်။
"တိုက်မိမလိုတော့ဖြစ်သွားတယ်...
တကယ်မတိုက်မိပါဘူးဆရာရယ်...အခုအဲ့ဒီ့ကားပိုင်ရှင်ကပဲ...ကူညီတဲ့သဘောနဲ့ သူ့အဖေကိုစံအိမ်အထိ လာခေါ်ပေးပြီး...ဆေးရုံကိုလိုက်ပို့လေရဲ့
...ကျွန်မလည်း အထုပ်တွေပြင်ထားတာပါ လိုအပ်ရင်...အဆင်သင့်ဖြစ်အောင်လို့..."
"ဘာ...အဆင်သင့်မှ လုပ်မနေနဲ့...အဲ့အထုပ်တွေကိုယူပြီး အခုချက်ချင်း..ဆေးရုံကိုသွားမယ်..."
"ဟမ်...."
ဒေါ်နှင်းမြတ်မှာ ပါးစပ်အဟောင်းသားလေးနှင့် ဖြစ်ကျန်ခဲ့ပေမဲ့ သူဌေးလုပ်သည့်လူက အရှေ့မှခပ်သွက်သွက် သွားနှင့်နေပြီမို့ အနောက်မှ အမြန် ပြေးလိုက်ရသည်။
ဒီလိုနှင့် မိုးထဲ၊လေထဲတွင်တောင် ဆရာဟာ
ကားကိုတရကြမ်းမောင်းနှင်နေပြီး ဆေးရုံသို့သွား နေလေသည်။
ဒေါ်နှင်းမြတ်မှာလည်း တစ်လမ်းလုံး ရသမျှဘုရားစာတွေအကုန်ရွတ်နေရလေသည်။
မဟုတ်ရင် ကားတိုက်လို့မသာပေါ်သွားခါမှ ပြိတ္တာဘုံသို့ ရောက်နေမည်စိုးလွန်း၍ ဖြစ်သည်။
ဆေးရုံထဲသို့ရောက်တော့လည်း ဖြူလုံးတို့သားအဖတွေကို အထွေထွေကုသဆောင်မှာ
အရင်ရှာယူရလေသည်။ဆေးရုံတတ်သည့်လူတွေတော့မသိဘူး။ဆရာက လမ်းလျှောက်တာမြန်သလားမပြောနဲ့ ခြေထောက်မှာမော်တာတပ်ထားသလား မှတ်ရသည်။လူငယ်လို့မပြောရဘူး မြန်လိုက်လေခြင်း။
သူမမှာတော့ အသက်ကလေးဆယ်ကျော်နေပြီမို့ ဟောဟဲ ဟောဟဲဖြစ်နေလေသည်။
"ဟော...ဟိုမှာ...ဆရာရေ...ဖြူလုံးတို့ကိုတွေ့ပြီ...
သူ့ဘေးနားမှာ ထိုင်နေတဲ့တစ်ယောက်က..စံအိမ်ကို ကားနဲ့လာခေါ်တဲ့လူပဲ..."
"ခင်ဗျားကို ဘယ်သူကမေးနေလို့လဲ..."
"အမ်..."
သူများသိချင်မလားလို့ ပြောပြမိခါမှ မျက်နှာမရ၊
ခြေထောင်ရဖြစ်နေပါပေါ့လားဟု တွေးရင်းနှင့်သက်ပြင်းချလိုက်မိသည်။
"လိပ်ပြာဖြူ!!!...."
ဖြူလုံးရဲ့နာမည်ကို ခေါ်လိုက်သံကြား၍ လှည့်ကြည့်လိုက်မိတော့ ဦးဒေ၀ကြီးဖြစ်နေသည်။
အနောက်တိုင်း ၀တ်စုံအပြည့်၀တ်လာပြီး ဆေးရုံကိုဘာလာလုပ်တာပါလိမ့်ဟု သူမတွေးနေမိစဉ်မှာပဲ ဦးဒေ၀က ဖြူလုံး၏ အနီးသို့ရောက်ချလာသည်။
"မင်း...ဘာလို့မိုးထဲလေထဲကို တစ်ယောက်ထဲ လျှောက်သွားရတာလဲ...ဟမ်!!!...တစ်ခုခုဖြစ်သွားရင်...ဘယ့်နှယ့်လုပ်မလဲ...ဒီလောက်လေးတောင်မတွေးတောတတ်ဘူးလား...တော်တော်လူကြီးလုပ်ချင်နေတယ်ပေါ့...ဟုတ်လား!!!"
"လာပြန်ပြီ...တစ်ခါလာလည်း ဆူဖို့ပဲသိတယ်..."
"ဘာ...မင်းငါ့ကိုပြန်ခံပြောနေတာလား..."
ဆေးရုံထဲမှာတောင် မျက်မှောင်ကြီးတွန့်ကြုံ့ထားပြီး လာဆူနေတာကြောင့် ဖြစ်လုံးလည်း အကန်ကြီးပဲ ပြန်ပြောချင်နေသည်။
"အနည်းဆုံးတော့...ငါလာတဲ့အထိမင်းစောင့်ရမယ်လေ..အပြင်ထွက်မယ်ဆိုရင်လည်း..အဖော်တစ်ယောက်ယောက်ခေါ်သွားရမှာပေါ့..."
"ဒီမှာ..ကိုယ့်အဖေတစ်ယောက်လုံး အသည်းအသန်ဖြစ်နေတာကို..နဖူးပေါ်လက်တင်ပြီး...ကျွန်မကပြုံးပြုံးကြီးနဲ့ဦးလေးအလာကို ထိုင်စောင့်နေရမယ်ဟုတ်လား...ဦးလေးဆိုရင်ရော...စောင့်နေမှာလား...နောက်ပြီး ဦးလေးကဘယ်အချိန်ပြန်လာမယ်မှန်းမှ မသိတဲ့ဥစ္စာကို...
ကျွန်မက ဘာလို့ထိုင်စောင့်နေရမှာလဲ...တကယ်ပါပဲ...."
ဖြူလုံးလည်း လက်ပေါက်ကပ်လွန်းလှပါသော လူကြီးကို စကားထပ်မပြောချင်တော့တာကြောင့် လူနာကုတင်ဘေးမှ ထိုင်ခုံတွင်ပဲ ပြန်ထိုင်ချလိုက်သည်။
"ဒီက ဦးလေးလည်း စိတ်လျှော့လိုက်ပါဗျာ...
ဖြူလုံးကလည်း သူ့အဖေကိုအစိုးရိမ်
လွန်သွားလို့နေမှာပါ..."
အသံလာရာဆီသို့ကြည့်လိုက်တော့ သူနှင့် အသက်အရွယ်တင်မကပဲ အရပ်အမောင်းပါမတိမ်းမယိမ်းတူနိုင်သော လူတစ်ယောက်က သူ့အား လာခေါ်သည်က ဦးလေးတဲ့။
"ဒီမှာ...ခင်ဗျားကဘယ်သူ့ကို ဦးလေးလို့လာခေါ်နေတာလည်း..."
"ဟို...ဖြူလုံးက ဦးလေးလို့ခေါ်လိုက်လို့ပါဗျာ..."
"ဟ...သူကအခုမှပိစိကွေးလေ ခင်ဗျားကသေခါနီးနေပြီ...ခေါ်စရာလား..."
"...ခင်ဗျားဟာက ဒါလေးခေါ်တာကို ရင့်လှချည်လား..."
"ရင့်တော့ ခင်ဗျားကဘာလုပ်ချင်လည်း..."
"ဟာ ...တော်ကြပါတော့..ဆေးရုံမှာရောက်
နေတဲ့ဥစ္စာ...ရန်မဖြစ်ကြပါနဲ့..."
"ဟုတ်ပါတယ်ဆရာရယ်..."
ဦးဒေ၀ဟာ ဖြူလုံးကိုမနိုင်တာနဲ့ သူများကိုသွားမဲနေတာကို သိတာကြောင့် ဖြူလုံးကပဲ ကြားထဲမှ၀င်တားရသည်။
တကယ်ပါ ဘယ်လိုလူကြီးလည်း မသိဘူး။
မဲမဲမြင်ရာလိုက်ခွေ့နေတာပဲ။
"ဦးဝေလည်း ပြန်လိုက်ပါတော့နော်...သမီးကိုအခုလိုက်ကူညီပေးလို့ကျေးဇူးအများကြီးတင်ပါတယ်...နောက်မှသမီးလာလည်ပြီး...သေချာကျေးဇူးတင်စကားပြောပါ့မယ်..."
ထက်ရှိုင်းဝေလည်း ဖြူလုံး၏ ခေါင်းလေးကိုတစ်ချက်မျှပုတ်လိုက်ကာ ပြုံးပြလိုက်သည်။
"ရပါတယ်...နောက်တစ်ခါအကူအညီလိုရင်လဲ
..ပြောပေါ့...ဦးပြန်လိုက်တော့မယ်နော်...တစ်ခုခုလိုအပ်တာနဲ့...ဖုန်းဆက်လိုက်သိလား..."
"ဟုတ်ကဲ့..."
ဦးဝေက နှုတ်ဆက်ပြီးပြန်သွားသည်နှင့် ဦးဒေ၀ဘက်သို့ လှည့်ကြည့်လိုက်မိတော့ ခါးကိုဟန်ပါပါနဲ့ထောက်ပြီး ဖြူလုံးကိုမကြည်သလိုကြည့်နေသည်။
"သူနဲ့..မင်းကသိတာကြာပြီလား..."
"အဲ့ဒါကျွန်မသူငယ်ချင်းရဲ့ ဦးလေး..ဦးထက်ရှိုင်းဝေတဲ့..."
"ငါမင်းကို နာမည်မမေးဘူး..."
"အော်...ဟုတ်ကဲ့ပါရှင်..."
ခုဏက လူကိုတော့ သမီး၊သမီးနဲ့ ယဉ်ကျေးနေလိုက်တာများ သူအလှည့်ကျတော့ ချက်ချင်းကိုကျွန်မဖြစ်သွားတယ်။
ဒီကောင်မလေးကို ဘယ်လိုအပိုးကျိုးအောင်လုပ်ရပါ့မလဲ။
🍁🍁🍁🍁🍁🍁🍁🍁
"အာ့!!!!"
"ဒုန်း!!!!"
"အား....ပူကုန်ပြီ...နင်ဘယ်လိုလုပ်လိုက်တာလဲ...ဟမ်....လူတစ်ယောက်လုံးလာနေတာမမြင်ဘူးလား..."
ဖြူလုံး ဓာတ်ဗူးလေးကို ယူပြီး ဆေးရုံ၀န်းထဲကဆိုင်မှာ ရေနွေးသွား၀ယ်ခဲ့ကာ လမ်းကိုကြည့်လျှောက်နေခဲ့လျှက်နဲ့ ထောင့်ချိုးတစ်ခုကနေ လူတစ်ယောက်က အမှတ်မထင်လာတိုက်လိုက်ခြင်းသည်။
ဖြူလုံးက ၀င်တိုက်တာမဟုတ်ပဲ လာစွပ်စွဲနေတာကြောင့် ပြန်ပြောဆိုပစ်ဖို့ရန် ဓာတ်ဗူးကို ပြန်ကောက်ပြီး အပေါ်သို့ မော့ကြည့်လိုက်မိတော့...
"မမရွှေပန်းချီ..."
မမရွှေပန်းချီက ဖြူလုံးရဲ့မျက်နှာကိုတွေ့သည်နှင့် နဂိုကထက်နှစ်ဆလောက် မျက်နှာကိုမဲ့ပစ်လိုက်သည်။ဒီလိုပါပဲ မမရွှေပန်းချီတို့ ညီအစ်မတွေက ဖြူလုံးကိုဆို ဘယ်တုန်းကမှအမြင်မကြည်ခဲ့ပေ။
"အော်...ဘယ်သူများလည်းလို့...ဉီးလေးရဲ့ မယားပါသမီးလေးပဲ...နင်ငါ့ကိုမကျေနပ်လို့ တမင်၀င်တိုက်တာ မဟုတ်လား..ဟမ်!!!.."
"အို...ဖြူလုံးကဘာလို့ တမင်၀င်တိုက်တယ်ဖြစ်ရမှာလဲ...မမကသာဖုန်းပြောရင်းနဲ့ သမီးကို ၀င်တိုက်တာလေ...သမီး၀ယ်လာတဲ့ ရေနွေးတွေလည်း...မှောက်ကုန်ပြီ...နှမျောပါတယ်..."
"ဟဲ့...နင်ဘာစကားပြောတာလဲ..."
"ဒုန်း!!!..."
"အာ့!!..."
မမရွှေပန်းချီက ပါးစပ်နဲ့တင်အော်ငေါက်တာမဟုတ်ပဲ ဖြူလုံးရဲ့ရင်ဘတ်ကိုလက်နဲ့ဆောင့်တွန်းလိုက်တာမို့ ဖြူလုံးဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျှက် လဲကျသွားသည်။
ဓာတ်ဗူးလေးလည်း ကြွေပြားအပေါ်သို့ ပြန်လှိမ့်ကျသွားသလိုကြွေပြားပေါ်မှာ အစောတည်းကမှောက်ကျနေသော ရေနွေးတွေပေါ်သို့လည်း လက်ထောက်မိသွားလေသည်။
"အား!!!အဟင့်...အဟင့်...ပူ...ပူတယ်...အား..."
လက်ဖဝါးက အရမ်းပူလာတာကြောင့် ဖြူလုံးလက်တွေကို အတင်းခါထုတ်လိုက်မိပြီး ငိုရင်းနှင့်ပင် ပူနေတဲ့နေရာတွေကို လေနဲ့မှုတ်နေမိသည်။
"ဟဲ့...ရွှေ...ဘာဖြစ်နေတာလဲ......"
ငွေပန်းချီဟာ ညီမဖြစ်သူက တစ်ယောက်ယောက်ကို ဆောင့်တွန်းလိုက်သည်ကို မြင်သည်နှင့် အတင်းပြေးလာပြီး ကြည့်လိုက်ရာ ရွှေပန်းချီတွန်းလိုက်သည်မှာ သူတို့၏ ညီမ၀မ်းကွဲဖြစ်နေလေသည်။
"ရွှေရယ်...နင်ဘယ်လိုဖြစ်နေတာလဲ...ဒါဆေးရုံနော်...စိတ်ထင်တိုင်းသောင်းကျန်းမနေနဲ့....ငါ့မျက်နှာကိုလည်း ထောက်ပါအုံး...နင်ကငါ့ညီမဆိုတာ...လူတိုင်းနီးပါးသိတယ်နော်..."
ဖြူလုံးကို တစ်ချက်တောင်ဆွဲမထူပေးပဲ သူ့ဂုဏ်သိက္ခာတစ်ခုအတွက်သာ ညီမလုပ်သူကို ဖိဆူနေလေသည်။
"ဖြူလုံး!!!!!"
ဟိန်းကနဲထွက်သွားသော အသံကြီးနဲ့အတူ ရှူးဖိနပ်သံခပ်ပြင်းပြင်းနင်းရင်း ဖြူလုံးအားပြေးလာထူပေးသောလူကို ရွှေပန်းချီတို့ညီအစ်မတွေတင်မကပဲ ထိုဘေးနားပတ်၀န်းကျင်မှ လူတွေကပါ လှည့်ကြည့်လာကြသည်။
"ကိုဒေ၀..."
"ကိတ်မုန့်ဆိုင်ကလူ..."
ငွေပန်းချီမှာ ထိုပုဂ္ဂိုလ်ကိုမြင်သည်နှင့် သူမ၏ဆရာ၀န်ဂုဏ်ပုဒ်ကိုပင်မေ့လျှော့ကာ သတိလက်လွှတ်အော်ခေါ်လိုက်မိသလို၊ ရွှေပန်းချီဟာလည်း သူမပြန်တွေ့ချင်နေသည့်လူကို တွေ့လိုက်ရတာကြောင့် အံ့ဩတကြီးဖြစ်သွားလေသည်။
ဒေ၀ကတော့ ထိုညီအစ်မနှစ်ယောက်လုံးကို ဒေါသထွက်နေသော ပုံသဏ္ဍန်နှင့်ပင်မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။
"မင်းတို့..ဘယ်လိုလူတွေလည်း...လူတစ်ယောက်လုံးလဲကျတာတောင် မထူနိုင်လောက်အောင်..အသိတရားခေါင်းပါးလှချည်လား..."
"ဟို...ငွေတို့ထူပေးမလို့ပါပဲ...ဒီမှာညီမလေးကိုဆူနေတာနဲ့...ဖြူလုံးကိုမေ့သွားတာပါ..."
"မမ!!!"
ရွှေပန်းချီဟာ သူစိမ်းတစ်ယောက်ရဲ့အရှေ့မှာ အစ်မဖြစ်သူက အပြစ်လာပုံချနေတာကြောင့် ဒေါသထွက်ပြီး ထအော်မိသည်။
မမငွေဟာ ဆရာ၀န်တစ်ယောက်ဖြစ်တာကြောင့် ဘယ်တော့မဆို လူတိုင်းက မမငွေကိုသာ အရာအားလုံးဘက်လိုက် ပြောဆိုပေးတတ်ကြသလို၊မမငွေပြောတာသာ အမှန်ဟုထင်တတ်ကြလေသည်။အခုလည်းသူစိမ်းတစ်ယောက်အရှေ့ကြီးမှာ ဒီလိုလာပြောနေသည်မို့ ရွှေမကျေနပ်ပေ။
"ဖြူလုံးကလည်း...ကျွန်မတို့ညီမလေးပါပဲရှင်..
မကောင်းတဲ့ စိတ်မျိုးကျွန်မတို့မှာ မရှိပါဘူး..."
ဒေ၀တစ်ချက်မဲ့လိုက်မိသည်။စကားကိုဗလောင်းဗလယ်ပြောတတ်တာဟာ ဒီညီအစ်မတွေအတွက်အကျွမ်းကျင်ဆုံး ကိစ္စဆိုတာကို သူသိပ်သိတာပေါ့။
သူ့ကို ကျွန်ကောင်လို့ ရက်ရက်စက်စက်ပြောထွက်ခဲ့တဲ့ ဒီမိန်းမတွေကိုလည်း သူသိပ်မုန်းတယ်။
"ဆရာ၀န်တစ်ယောက်ရဲ့ အဓိကဦးစားပေးက လူနာဖြစ်ရမှာ မဟုတ်ဘူးလား..အခုလူတစ်ယောက်လုံး လက်အပူလောင်သွားတာကိုတောင်..
ခင်ဗျားလှည့်မကြည့်ခဲ့ဘူး...ခင်ဗျားက ကိုယ့်တစ်ဘို့ထဲအတွက်ပဲ ကြည့်တတ်တဲ့ဆရာ၀န်လို့ ကျုပ်သတ်မှတ်လိုက်ပြီ...ခင်ဗျားတို့ညီအစ်မနှစ်ယောက်စလုံးကိုလည်း ကျုပ်မှတ်ထားလိုက်မယ်...ဆေးရုံအုပ်ကြီးနဲ့လည်း ခင်ဗျားကို တိုင်ပေးမယ်စိတ်ချ...လာဖြူလုံး...."
အပူလောင်ထားသည်ကြောင့် ကလေးမရဲ့လက်ကို ရေအေးလေးနဲ့စိမ်ပေးဖို့ရန် ဆေးရုံသီးသန့်အခန်းထဲသို့ ပြန်ခေါ်လာလိုက်သည်။
အခုကြတော့လေး ငဂျစ်ကလေးခမျာ ငိုနေလိုက်တာများ နှပ်တွေကိုထွက်လို့ပင်။
ထိုအဖြစ်အပျက်တွေကို အဝေးမှလှမ်းကြည့်နေသည့်လူကတော့ ပုဆိုးအနွမ်းလေးကို ခပ်တိုတို၀တ်ထားသော ဖိုးအေးဖြစ်လေသည်။
ညီလေး မိုးအေးအတွက် လူနာဆောင့်လုပ်ပေးနေရာမှ ဆန်ပြုတ်ကလေးထွက်၀ယ်ခြင်းဖြစ်သည်။
ဖြူလုံးအတွန်းခံလိုက်ရတာကို မြင်ပေမဲ့ အရိုးအထူးကု ဆရာ၀န်မလေးပါ ထိုနေရာတွင် ရှိနေတာကြောင့် သူ၀င်မပါရဲဖြစ်နေခဲ့သည်။
သူ၀င်ပါရင် ဖြူလုံးလေးပိုလို့ အနှိမ်ခံရမည်စိုး၍ပါလေ။
ချစ်ရသူ ဒုက္ခရောက်နေသည်ကို မကူညီပေးလိုက်နိုင်တာကြောင့် သူ့ကိုယ်သူပဲ အပြစ်တွေတင်နေမိ လေသည်။
ဒေ၀မှာတော့ ဦးဂန္တ၀င်အတွက် ငှားပေးထားသော VIPအခန်းထဲသို့ ရောက်သည်နှင့် ဖြူလုံးကိုသန့်စင်ခန်းထဲသို့ အတင်းဆွဲခေါ်လေတော့သည်။
"ဟဲ့...ဘယ်လိုဖြစ်ကြတာတုန်း...မျက်ရည်တွေနဲ့ပါလား..."
"အပူလောင်လို့ဗျာ..."
"ဒုန်း!!!!"
သန့်စင်ခန်းတံခါးကြီးကို အသံမြည်အောင်ပိတ်ချလိုက်သည်မို့ ဖြူလုံးလည်း မျက်ရည်ရွှဲနေရာမှ လန့်သွားမိသလို ဒေါ်နှင်းမြတ်ကလည်း သန့်စင်ခန်းအပြင်ဘက်မှာ ကြောင်တောင်တောင်ကြီးဖြစ်ကျန်ခဲ့သည်။
"အပူလေးလောင်တာကို...ဘာဖြစ်လို့တံခါးပိတ်သလဲမသိဘူး...အိမ်သာထဲမှာ အရေးကြီးအစည်းအဝေး ခေါ်မှကျနေတာပဲ...."
ဒေါ်နှင်းမြတ်ကတော့ သန့်စင်ခန်းအပြင်ဘက်မှာ ပွစိပွစိနှင့် ပြောနေသလို သန့်စင်ခန်းအတွင်းထဲတွင်တော့ ဒေ၀ဟာ ပိုက်နဲ့တွဲထားသော ရေဘားရဲ့ ခလုတ်ကိုဖွင့်လိုက်ကာ ဖြူလုံး၏ လက်ဖဝါးပေါ်သို့ ရေတွေဖြန်းပေးနေတော့သည်။
"စပ်...စပ်တယ်...ဒီဟာကြီးက ရေအားပြင်းနေတယ်...အား..."
"နေစမ်းပါ...မထိနဲ့...အပူလောင်ပြီးရင်..ရေနဲ့စိမ်ပေးရတယ်...မဟုတ်ရင်..အဖုကြီးတွေပေါက်လာလိမ့်မယ်...စာတောင်မရေးနိုင်ပဲဖြစ်သွားမယ်...
ဘာမှတ်နေလဲ..ငြိမ်ငြိမ်နေ...မနက်ဖြန်ကျောင်းတက်ရမယ်မဟုတ်လား...."
ဦးဒေ၀ရဲ့ အသံလုံးဟာကြီးတာကြောင့် ဆူနေငေါက်နေသည့် အသံပေါက်ပေမဲ့ ဖြူလုံးရဲ့လက်ဒဏ်ရာကို စေတနာအပြည့်နဲ့ ရေဖြန်းပေးနေမှန်းတော့ သိသာပါသည်။
ဒီလူကြီးဟာ အပြောလေးယဉ်ကျေးပြီး အမူအရာလေးသိမ်မွေ့ရင် သိပ်ကောင်းမှာပဲဟု တွေးမိသည်။
အခုတော့ တည့်တိုးသမားကြီးဖြစ်နေတာကြောင့် သိပ်ကိုအမြင်ကပ်နေရသည်။
ဒဲ့တိုးပြောတတ်လွန်းလို့လည်း သူ့ကိုကြည့်မရတာဖြစ်နိုင်သည်။
"သမီးအပေါ်ကို...အမြဲတမ်းဒီလိုကောင်းပေးရင်
သိပ်ပျော်မိမှာပဲ...."
တိတ်ဆိတ်နေရာမှ တိုးတိုးလေးထွက်ပေါ်လာသော သူမရဲ့အသံကြောင့် ရေဖြန်းပေးနေသော လက်တွေကို ရပ်တန့်ပစ်လိုက်မိသည်။
ခေါင်းကို အသာမော့ကြည့်လိုက်မိတော့ ငိုထား၍ မို့အစ်နေသော ဖြူစင်သည့် မျက်၀န်းလေးတွေက
သူ့အား စူးစမ်းသလိုလေး ကြည့်နေသည်။
"ဦးက စိတ်ထားကောင်းရဲ့သားနဲ့...ဘာလို့အပြောဆိုးရသလဲဟင်...သမီးအပေါ်မှာ မကျေနပ်တာတစ်ခုခုများ ရှိနေတာလား..."
သူ့အားညို့ငင်နေသော ဖြူစင်သည့်မျက်၀န်းလေးတွေဆီမှ အကြည့်ရှောင်လိုက်ပြီး ကုဒ်အင်္ကျီကို ချွတ်လိုက်ကာ အင်္ကျီလက်ရှည်ကို တံတောင်ဆစ်အထိခေါက်ချလိုက်ပြီး သူမရဲ့နီရဲ နေသော လက်ဖဝါးလေးတွေကိုပွတ်သပ်ကာ ရေဆက်ဖြန်းနေလိုက်သည်။
"သမီးမေးတာကို ဖြေအုံးလေ...သမီးကိုမကျေနပ်တာ တစ်ခုခုများရှိသလားလို့...."
"ကိုယ်...မကျေမနပ်ဖြစ်နေတာက ကံကြမ္မာကို..."
"ဘယ်လို..."
သူ့စကားကြီးက ထူးဆန်းလွန်းနေတာကြောင့် ဖြူလုံးမှာ အာမေဋိတ်သံလေး ထွက်သွားမိသလို ၊
ဦးဒေ၀ကလည်း သူ၏ခရမ်းရောင်သန်းနေသော မျက်၀န်းတွေနဲ့ ဖြူလုံးကိုဆိုက်ကြည့်လာသည်။
"ဒီမှာ...ကလေးမ...ကိုယ်လေ ကလေးအပေါ်မှာ ဘာမကျေနပ်တာမှ မရှိဘူး...ကိုယ်ကလေးကိုဆူတယ်ဆိုတာကလည်း...ကိုယ့်ညီမလေးတစ်ယောက်လို သဘောထားမိလို့ မဖြစ်သင့်တာဖြစ်သွားမှာစိုးရိမ်လို့ဆူတာ...အခုပဲကြည့်လေ
...ရေနွေးကို ကိုယ်သွားမ၀ယ်ခိုင်းတဲ့ဥစ္စာကို...ဇွတ်သွား၀ယ်မိတော့ အနိုင်ကျင့်ခံရပြီမဟုတ်လား...."
"အဲ့ဒါက ၀င်အတိုက်ခံလိုက်ရလို့...ဖြစ်သွားတာပါ..."
"ဘာပဲဖြစ်ဖြစ်ပါ...နောက်ထပ်တစ်ခုထပ်မှာစရာရှိသေးတယ်..."
"ဘာကိုလဲ..."
"နောက်တစ်ခါ...ညီအစ်မ၀မ်းကွဲမကလို့...အမွှာတွေပဲဖြစ်နေပါစေ...ကိုယ့်အပေါ်မကောင်းရင်..
အနိုင်ကျင့်လာရင်...ဘယ်တော့မှ ပြန်မနူးညံ့ပေးနဲ့..ကြားလား..."
"ကြားလားလို့...မေးနေတယ်လေ..."
"ကြားပါတယ်..."
"ပြီးရော....အပြင်ထွက်တော့..ရပြီ...ဆေးရုံမှာခဏပဲနေပြီး အိမ်ပြန်လိုက်ခဲ့...မနက်ဖြန်ကျောင်းတက်ရမယ်.."
"ဟင်...လူနာစောင့်ပေးရအုံးမယ်လေ..."
"ဒေါ်နှင်းမြတ်နဲ့ အခြားတစ်ယောက်ကို အတူစောင့်ခိုင်းလိုက်မယ်ကွာ...မင်းငါနဲ့ပြန်လိုက်ခဲ့ရမယ်..."
"မရဘူး...ဖြူလုံးရဲ့ဖေဖေကို...ဖြူလုံးကိုယ်တိုင်ပြုစုပေးမှာ...."
"ဟော...."
ဒီကောင်မလေးက သူပြောတဲ့စကားဆိုရင် အမြဲငြင်းပယ်တတ် လေသည်။အခုလည်း ပြန်လိုက်ခဲ့ပါဆိုတာကို နှုတ်ခမ်းကြီးစူထော်ပြီး သန့်စင်ခန်းတံခါးကို တွန်းဖွင့်ကာ အပြင်ထွက်သွားသည်။
ကမ္ဘာအရပ်ရပ်မှာ ၀န်ထမ်းပေါင်းများစွာကို အုပ်ချုပ်လာသည့် လူပေမဲ့ ဒီကလေးဆိုးကိုတော့ ဘယ်လိုထိန်းကျောင်းရမလဲ မသိဖြစ်နေရပါသည်။
🍁🍁🍁🍁🍁🍁🍁🍁🍁
အဖေ့ကို လူနာစောင့်လုပ်ပေးဖို့အတွက် ကျောင်းကိုတစ်ရက်လောက်ခွင့်ယူလိုက်ရလေသည်။
ဒီနေ့ ကျောင်းပြန်တက်မည့်နေ့ဖြစ်တာကြောင့် အဖြူအစိမ်း၀တ်စုံလေးကို သပ်သပ်ရက်ရက်၀တ်ကာ လွက်အိတ်ကလေးကိုလွယ်ရင်းနှင့် ခြံအပြင်သို့ထွက်လာလိုက်သည်။
"ဖြူလုံးရေ...."
အေးပု၏ခေါ်သံကိုကြားလိုက်တာကြောင့် နှုတ်ခမ်းတွေကို ညွှတ်တတ်နေအောင် ပြုံးလိုက်မိပြီး သူငယ်ချင်းလေးကိုပြေးဖက်မိလေသည်။
တကယ်တော့ အေးပုမရဲ့နာမည်အရင်းက အေးအေးပိုဖြစ်ပြီး အရပ်ပုတာကြောင့် အတန်းဖော်တွေက အေးအေးပုလို့ စနှောက်ရင်းကနေ အေးပုဖြစ်သွားလေတော့သည်။
ဖြူလုံးရဲ့ အချစ်ဆုံးလေးပေါ့။
"အံမယ်...ဘာအခုမှလာအသဲပိုနေရတာလဲ...လူကိုပစ်ထားတုန်းကပစ်ထားပြီး...."
"မဟုတ်ပါဘူး...အေးပုရယ်...ဖေဖေဆေးရုံတက်နေရလို့ပါ..."
"ဟယ်...ဟုတ်လား...အခုရော...နင့်အဖေဘယ်လိုနေသေးလဲ...."
"သက်သာနေပါပြီ...ဒါပေမဲ့....ဒီတစ်နေ့တော့ ဆေးရုံတက်ရအုံးမယ်တဲ့...ညနေကျောင်းကပြန်ရင်...အဖေ့ဆီကို သွားရအုံးမယ်.."
"အေးဟယ်...ကိုယ့်ကိုမကြင်ပေမဲ့လို့...အဖေဆိုတော့...မေတ္တာတော့မပျက်ပါနဲ့ဟယ်..."
"မပျက်ပါဘူး...အေးပုရယ်...ငါအဖေ့ကိုချစ်ပါတယ်...ဘယ်လိုပဲဖြစ်ဖြစ်...အရင်လိုမချမ်းသာတော့တာတောင်...အဖေက ငါ့ကိုကျောင်းမထုတ်ပဲ...ဆက်တတ်ခွင့်ပေးထားတယ်လေ..
အဲ့ဒါနဲ့တင်...အဖေ့ကျေးဇူးက ကြီးနေပါပြီ..."
"လိမ္မာလိုက်တဲ့ ငါ့သူငယ်ချင်းလေး.."
အေးပုက ဖြူလုံးကိုခေါင်းလေး ပုတ်ပေးတာကြောင့် ဖြူလုံးလည်း အေးပု၏ပုခုံးကိုဖက်လိုက်သည်။
သူငယ်ချင်းနှစ်ယောက်သား သစ်ရွက်ဝါတွေ ကြွေကျနေသော လမ်းမ၏ဘေးလေးမှာ ခြေလှမ်းသွက်သွက်ကလေးနှင့် ကျောင်းတော်ကြီးဆီသို့ ပျော်ပျော်ကြီး ချီတက်မိကြလေသည်။
"တူ ဝေ ဝေ.....ဆွမ်းတော်ဗျို့...."
ဖြူလုံးနဲ့ အေးပုတို့နှစ်ယောက်သား သုန္နကကျောင်းတိုက်အရှေ့သို့ ဖြတ်အလျှောက်မှာတော့
ဘုန်းကြီးကျောင်း၀န်းထဲမှ ဘုန်းကြီးကျောင်းသားတို့က ရှေ့မှကြေးစည်တီး၍ ဦးဆောင်ကာသင်္ကန်းတို့ဆင်မြန်းထားသော ဘုန်းကြီးများ၊ဦးဇင်းများနှင့် ကိုရင်ငယ်လေးများတို့သည် အေးချမ်းမှုအတိဆောင်ကျဉ်းကာ ဆွမ်းခံကြွထွက်လာကြလေသည်။
သံဃာတော်များအား ရိုသေသမှုပြုသည့် သဘောနှင့် ဖြူလုံးတို့နှစ်ယောက်လည်း လမ်းဘေးသို့ကပ်ကာ လက်အုပ်ချီ၍ ငြိမ်ငြိမ်လေးရပ်နေမိကြသည်။
ကိုရင်မျောက်ရှုံးတစ်ယောက်ကတော့ တော်တယ်ဆိုပြီး မသိမသာလက်မထောင်ပြသွားလေသည်။
ဒါဟာ ဖြူလုံးတို့ သုန္နက မြို့လေး၏ ကျက်သရေအရှိဆုံး မနက်ခင်းမင်္ဂလာတရားလေးပင် ဖြစ်ပါသည်။မြို့ကြီးကို အပေါ်စီးမှကြည့်လိုက်မည်ဆိုပါက သစ်ရွက်ဝါတွေဖြန့်ခင်းထားသော လမ်းမကြီးတစ်လျှောက်မှာ သစ်ခေါက်ရောင်၊
၀ါရွှေရောင်သင်္ကန်းများအား ဆင်မြန်းပြီး ကြွမြန်းနေသည့် သံဃာတော် တန်းကြီးဟာ
အလွန်တစ်ရာမှ ကျက်သရေရှိလှပါသည်။
ကျောင်းသို့လာသောလမ်းတစ်လျှောက်လုံး စိတ်ချမ်းသာနေရာမှ ကျောင်းခန်းထဲသို့ ၀င်လိုက်မိသည့်အချိန်ရောက်မှ စိတ်အလွန်ဆင်းရဲရတော့သည်။
ဘာကြောင့်ရယ်မသိပဲ ကျောင်းသူတွေဟာ ဖြူလုံးထိုင်နေသော နေရာဆီသို့ ကွက်ကြည့်၊ကွက်ကြည့်နှင့် လုပ်လာကြသည်။
"ဖြူလုံးရေ...နင့်အကြောင်းကတော့ တစ်တန်းလုံးပွထနေပြီဟေ့..."
ဖြူလုံးကမေးမလို့လုပ်စဉ်မှာပဲ မြတ်ချယ်ကအနားသို့ကပ်ပြီးအရင်ပြောလာသည်။
"ဘာအကြောင်းလဲ...."
"နင်နဲ့ကိုဖိုးအေးအကြောင်းလေ...ဟိုကောင်မချောပိုပေါ့...သောကြာနေ့က
ကျောင်းဆင်းတော့ နင်နဲ့ကိုဖိုးအေးကို အတူတွဲတွေ့လိုက်တဲ့ကိစ္စကို...အတန်းထဲမှာ လိုက်ဖွတာသိလား...ငါဒေါသထွက်လိုက်တာဆိုတာ...
အတန်းပိုင်ဆရာမသိသွားရင်တော့...သေပြီဆရာပဲဖြူလုံးရေ..."
ဖြူလုံးရဲ့ စိတ်ထဲမှာအပူလှိုင်းကြီးဖြတ်သွားသလို ခံစားလိုက်ရသည်။အတန်းပိုင်က အရမ်းအရိုက်ကြမ်းတာကြောင့်လည်း ကြိုတွေးမိပြီးကြောက်နေမိသည်။
တစ်ခါ အတန်းထဲမှာ ညိုချောနဲ့ ဇော်ဦးတို့ တွဲနေတဲ့ ကိစ္စကို မိတုန်းကလည်း မိဘတွေကိုခေါ်ခိုင်းတဲ့အထိ ဖြစ်ခဲ့သည်။
စိတ်ထဲမှာ လေးလံလာလွန်းလို့ ငိုချင်တာပဲသိသည်။
"ငါ...ဘာလုပ်သင့်လည်းမြတ်ချယ်ရယ်..."
"အကောင်းဆုံးကတော့...နင့်ရည်းစားနဲ့အဆက်ဖြတ်လိုက်ဖို့ပဲ...ငါသိပါတယ်...
အဲ့ဒီ့ကိုဖိုးအေးကို...နင်သိပ်မစွဲလမ်းဘူးဆိုတာ...
သံယောဇဉ်သိပ်မတွယ်မိတုန်း....ဖြတ်လိုက်ပါဟယ်..."
"ဒါပေမဲ့...မကောင်းဘူးထင်တယ်နော်...ငါကတိဖြတ်သလို ဖြစ်သွားမှာပေါ့..."
"ဟဲ့...ဖြူလုံးရယ်...ဘာမှစိတ်ပူမနေနဲ့...နင်ကကျောင်းသားပဲရှိသေးတဲ့ဥစ္စာ ငယ်သေးလို့၊မိဘတွေက စာပဲအာရုံစိုက်ခိုင်းလို့ ဘာညာနဲ့ငြင်းလိုက်ပေါ့ဟာ...နင်တို့တွဲတာလည်း မကြာသေးတဲ့ဥစ္စာကို..."
မြတ်ချယ်ကလည်း ဆိုက်ကားသမားမဲမဲသဲသဲကြီးနှင့် ကိုသူငယ်ချင်းအလှလေးကို သဘောမတူတာကြောင့် အတင်းတိုက်တွန်းနေခြင်းဖြစ်သည်။
"မြတ်ချယ်...နင်ကအကြံပေးတဲ့နေရာမှာတော့ ဆရာမကြီးပဲဟ..."
"တော်စမ်းပါ...အေးအေးပုရယ်...."
"နင်နော်...."
အေးပုနဲ့ မြတ်ချယ်ကဖြူလုံးကို အလည်မှာထားပြီး စနောက်နေနိုင်ကြပေမဲ့ ဖြူလုံးကတော့ ရယ်ဖို့တောင်အားမရှိဖြစ်နေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုတော့ ချမှဖြစ်တော့မည်။
အခန်း၂၉>>≥>>>ဆက်ရန်
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
မှန်းချက်နဲ့နှမ်းထွက်ကိုက်ရဲ့လား
ကိုဖိုးအေးတော့ သနားပါတယ်
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း
.

No comments:
Post a Comment