🌿အခန်း ၅ မှ အခန်း ၈ 🌿

  



🌿အခန်း ၅ မှ အခန်း ၈ 🌿


🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
                              🍁အခန်း၅🍁

လွန်ခဲ့သော ၁၂နှစ်တာကာလ🍁🍁🍁

"ကလင်...ကလင်...ကလင်..."

"မင်္ဂလာပါဆရာမ...နှုတ်ဆက်ပါတယ်ဆရာမ..."

မုန့်စားဆင်းခေါင်းလောင်ထိုးသံကြောင့် ကျောင်းသားတွေအားလုံး ဗလောင်ဆူသွားကြသည်။ကျွန်တော်ကလွဲလို့ ကျန်တဲ့ကျောင်းသားတိုင်းက လူချမ်းသာတွေရဲ့သားသမီးတွေဆိုတော့
မုန့်ဈေးတန်းဆီကိုပဲ အကုန်လုံးစုပြုံပြီး သွားကြတော့တာပေါ့။အတန်းထဲမှာ ကျန်ခဲ့တာဆိုလို့ ကျွန်တော်ရယ်၊စာသင်ခုံတွေရယ်သာ ကျန်ရှိခဲ့ပါတယ်။

ပိုက်ဆံတစ်ပြားမှမပါတဲ့ကျွန်တော်ကတော့ အိမ်မှာကိုယ်တိုင်ချက်လာတဲ့ မန်ကျဉ်းရွက်သုပ်ကလေးနဲ့ ပဲကြော်လေးကိုပဲ ထမင်းနဲ့တွဲပြီးမြိန်အောင်စားနေလိုက်တယ်။
ကျွန်တော်က ဘာလုပ်လုပ်ခပ်မြန်မြန်ပဲမို့ ထမင်းကိုလည်း ခပ်မြန်မြန်ပဲစားမိတယ်။

ထိုအချိန် အခန်း၀မှာပေါ်လာတဲ့လူရိပ်တွေကြောင့် ကျွန်တော်ထမင်းစားတာကိုအမြန်လက်စသတ်လိုက်ပြီး ထမင်းချိုင့်ကို သိမ်းဖို့လုပ်လိုက်တယ်။သို့ပေမဲ့ ထမင်းချိုင့်တွေ သိမ်းမပြီးခင်မှာပဲ ထိုလူရိပ်တွေက ကျွန်တော့်ဘေးနားကိုရောက်လာကြတယ်။

"ဟား...ဟား...ဆင်းရဲသားလေးက မန်ကျဉ်းရွက်သုပ်နဲ့စားနေတယ်တဲ့ကွာ..."

"ဒုန်း!!!"

ကျွန်တော့်ဟင်းခွက်ကို ကိုင်ပြီး စာသင်ခုံပေါ်ကိုကိုင်စောင့်ချလိုက်တဲ့ ကောင်ကိုမော့ကြည့်လိုက်တော့.. ထက်အာကာဆိုတဲ့ကောင်။သုန္နကမြို့ကိုအုပ်ချုပ်တဲ့ မြို့တော်၀န် ဦးတေဇရဲ့မြေး ၊အချမ်းသာဆုံးမြို့မျက်နှာဖုံး ဦးအဂ္ဂရဲ့သား။
ကျွန်တော်သူ့ကိုကြောက်လို့တော့မဟုတ်ဘူး။
"သည်းခံပါသားရယ်...ပညာတတ်မှသားရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲနိုင်မှာမို့...ခဏတာပဲ..
သည်းခံပါ.."ဆိုတဲ့အဖေ့ရဲ့ ဆုံးမစကားကြောင့် သာ အဲ့ဒီ့ကောင်ကို ကျွန်တော်မှင်သေသေပဲ ပြန်ကြည့်လိုက်ပြီး သူ့လက်ထဲက ကျွန်တော့်ဟင်းခွက်ကို ပြန်လုလိုက်တယ်။ဒါပေမဲ့ ဒီကောင့်လက်က လေထဲကိုမြောက်တတ်သွားပြီး..။

"ဟိုး..ဟိုး...ဒီလိုလွယ်လွယ်ရမလားကွ...မင်းကွာ ငါတို့အိမ်ကခွေးတောင်..ဒီလိုဟင်းမျိုးမစားဘူးကွ..ရွံလို့..ဟုတ်တယ်မလား..ငါ့ကောင်တို့.."

"မှန်လိုက်တာအာကာရာ.."

"ခွေးထက်နိမ့်တဲ့ကောင်တွေပဲ..ဒီလိုမျိုးစားတာပါကွာ..."

အာကာ့ရဲ့နောက်လိုက်သူတောင်းစားတွေက
လေယူရာယိမ်းပြီး ၀င်အာချောင်နေတော့ ခုံကိုထောက်ထားတဲ့ကျွန်တော့်လက်ဖဝါးက လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားတယ်။
အံကိုအတင်းကြိတ်ထားလိုက်တာကြောင့်
ကျွန်တော့်နားထင်ကြောတွေပါထောင်တက်လာတယ်။
ကဝိဆိုတဲ့ ကျွန်တော်က အဖေ့ကြောင့်သာမဟုတ်ရင် လူသတ်ဖို့လည်း၀န်လေးနေမဲ့ကောင်မဟုတ်တာ ဒီကောင်တွေမသိဘူးထင်ပါတယ်။

"အာကာ..ငါပြဿနာမဖြစ်ချင်ဘူး..ငါ့ဟင်းခွက်ကိုပြန်ပေး..."

"ပြန်မပေးဘူးဆိုရင်ရော..."

ကျွန်တော့်မျက်၀န်းတွေထဲမှာ မီးတောက်လာသလို ပူလောင်လာသည်။ဖြစ်နိုင်ရင် ဒီကောင့်မျက်နှာကို အချက်ပေါင်းများစွာထိုးနှက်ပစ်လိုက်ချင်တယ်။ဒီကောင်ပြန်မထနိုင်တော့အထိ။သတိမေ့သွားလောက်အောင်အထိပဲ။

ပြီးရင်ဒီကောင့်ရင်ဘတ်ပေါ်ကို ကျွန်တော့်ရဲ့ခြေထောက်နဲ့စောင့်နင်းပြီး "မပေးရင်..ငါကဒီလိုလုပ်မှာလို့.." ကြွေးကြော်ပစ်လိုက်ချင်ပေမဲ့ "သားရယ်..ခဏလေးပဲသည်းခံပါ..." ဆိုတဲ့အဖေ့ရဲ့စကားသံတွေ"အား!!!!ဘာလို့လဲ..ကျွန်‌တော်တို့ကဆင်းရဲတာနဲ့ပဲ အရာရာကိုခေါင်းငုံ့ခံနေရမှာလား။
နောက်ဆုံးမှာတော့ စိတ်ကိုမနည်းဖြေလျော့လိုက်ပြီး ကျွန်တော့်ရင်ထဲက မီးတောက်တွေကို ငြိမ်းဖို့ မျက်စိမှိတ်ချပစ်လိုက်မိတယ်။

မှိတ်ထားတဲ့ကျွန်တော့်မျက်လုံးတွေကို ပြန်ဖွင့်အပြီးမှာတော့ အာကာဆိုတဲ့ကောင်ကို တည့်တည့်ကြည့်လိုက်ပြီး အနားကိုတိုးကပ်သွားလိုက်တယ်။
ကျွန်တော်က သူ့ထက်အရပ်မြင့်တာကြောင့် သူကိုင်ထားတဲ့ ချိုင့်ခွက်ကို လုလိုက်စဉ်မှာ...

"ဂလွမ်း!!!!.."

"မင်း!!!!"

ကျွန်တော့်ထမင်းချိုင့်လေး ကြမ်းပြင်ပေါ်ကိုပစ်အချခံလိုက်ရတာနဲ့တစ်ပြိုင်နက် ကျွန်တော့်လက်က အာကာ့လည်ပင်းအင်္ကျီစကို ဆောင့်ဆွဲမိပြီးသားဖြစ်သွားတယ်။

"လူပါး၀လို့...အောက်တန်းစား..ကျွန်ကောင်ကများ...မင်းကဘာကောင်မို့လည်း..
ဖယ်စမ်း..အာ့!!!အဟွတ်..အဟွတ်.. "

အာကာဟာ သူ့အင်္ကျီလည်စကို ‌ဆွဲထားတဲ့ ကဝိရဲ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့အားကုန်ပိတ်တွန်းလိုက်ပေမဲ့ ကဝိရဲ့ခန္ဓာကိုယ်က တစ်ချက်တောင်လှုပ်မသွားဘူး။သူ့ရဲ့လည်ချောင်းကသာ
ပိုပြီးတင်းကြပ်လာတဲ့ ခံစားမှုနဲ့အတူ လည်ပင်းတွေအဆမတန်အစ်လာတယ်။အသက်ရှူဖို့တောင် ခက်ခဲနေတဲ့အထိပဲ။

"သူတောင်းစား..ကျွန်ကောင်..အဟွတ်...မင်းအခုချက်ချင်းလွှတ်စမ်း..."

ကျွန်တော့် အင်္ကျီလည်ပင်းစကို ပြန်ဆွဲလာတာကြောင့် သူ့အင်္ကျီစကို ဆွဲဆုပ်ထားတဲ့ကျွန်တော့်ရဲ့လက်တွေကို အားထည့်ကာပိုတင်းကြပ်ထားလိုက်ပြီး ကျွန်တော့်ဘက်ကိုဆောင့်ဆွဲပစ်လိုက်တယ်။

ပိုမိုနီးကပ်သွားတဲ့အနေအထားမှာ ကဝိရဲ့အကြည့်တွေက အာကာ့အတွက် အလွန်ကိုထိတ်လန့်သွားစေလောက်အောင် စူးရှလွန်းနေတယ်။
ဝံပုလွေတစ်ကောင်ရဲ့အကြည့်မျိုး။ခြင်္သေ့တစ်ကောင်ရဲ့ ခက်ထန်မှုမျိုးတွေဟာ ကဝိရဲ့မျက်နှာပေါ်မှာအထင်းသားဖြစ်ပေါ်နေတယ်။

"မင်းရဲ့ သောက်မျိုးရိုးကို ငါစိတ်မ၀င်စားဘူး..
ငါ့ကိုကျွန်လို့နောက်တစ်ခါထပ်ခေါ်ရင်..မင်းနောင်တရနေစေရမယ်..ငါ့နာမည်ကဝိ..."

ကျွန်တော် သူ့အိင်္ကျီလည်ပင်းစကို လွှတ်ပေးလိုက်ပြီး ကျွန်တော့်စတီးလ်ခွက်လေးကိုသာ ကြမ်းပြင်ပေါ်ကနေ ကောက်ယူလိုက်တယ်။

"တွေ့မယ်...သူ‌တောင်းစား..ကျွန်...."

"ကျွန်မျိုးရိုး"လို့ပြောမဲ့အာကာ့ရဲ့ပါးစပ်ပေါက်ဟာ မော့ကြည့်လာတဲ့ ကဝိရဲ့မီးတောက်မျက်၀န်းတွေအောက်မှာ ရှေ့ကိုဆက်ပြောဖို့ မဝံ့ရဲတော့ပေ။ကဝိဆိုတဲ့ ကောင်ဟာလူကသာ အောက်တန်းစားကျွန်မျိုးရိုး သူ့မျက်၀န်းတွေကတော့ နှစ်ယောက်မရှိအောင်ကို အရောင်တောက်လွန်းနေတယ်။

အာကာဟာ ဩဇာရှိတဲ့မိသားစုမှ မွှေးဖွားလာသူဖြစ်သော်လည်း မိဘဂုဏ်နဲ့မိုက်ရိုင်းရမ်းကားနိုင်တာကလွဲပြီး သူ့မှာဘာထူးခြားချက်မှရှိမနေဘူး။တေ၊ပေနိုင်တာကလွှဲလို့ စာမှာဆိုလည်း ဖွတ်ကျားလိုကောင်။

ကဝိကတော့ ဆယ်တန်းအတန်းသားတွေအားလုံးမှာ အတော်ဆုံးထူးချွန်ကျောင်းသား။
ဒါကြောင့်လည်း  ဆင်းရဲသားရပ်ကွက်မှ ကျောင်းတတ်နိုင်သော တစ်ဦးတည်းသောကောင်လေး ကဝိကို ဆရာတော်တော်များများက သဘောကျနှစ်သက်ကျတယ်။
ထိုအချက်‌ကြောင့်ပဲသူကြွယ်မျိုးရိုးမှ ဆယ်တန်းကျောင်းသားတွေဟာ ကဝိကို အင်မတန်မျက်မုန်းကျိုးကြတာ‌ပေါ့။

"မင်းတို့ကောင်တွေကလည်း သောက်ပေါတွေ
..ဘာမှကိုအားမကိုးရဘူး...လာသွားမယ်.."

အာကာဟာခုဏက လည်ပင်းအညှစ်ခံရသလိုဖြစ်နေတာတောင် ဝိုင်းမဆွဲကြတဲ့ကောင်တွေကို အပြစ်တင်ရင်းနဲ့ အခန်းထဲမှထွက်သွားလေသည်။
ကဝိလည်း သူ့ချိုင့်တွေကို သေချာပြန်ထပ်လိုက်ပြီး လွယ်အိတ်ထဲမှ စာအုပ်ကိုထုတ်ကာ စာပဲလုပ်နေလိုက်တယ်။သူ့အတွက်တော့ထွက်ပေါက်က ပညာရေးပဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"မီးဗျို့!!!...မီး!...မီးလောင်နေတယ်ဗျို့!!!
...ကျောင်းသားတွေအားလုံး စာသင်ခန်းအပြင်ကိုထွက်ကြပါ..."

"ကျောင်းသားတွေ..အားလုံး..စာသင်ခန်းအပြင်ကိုထွက်ကြပါ..."

"ဟာ..မီးလောင်နေတယ်တဲ့..."

ဆရာတစ်ယောက်က မီးသတိပေးသံဟစ်ပြီး စာသင်ခန်းတစ်ခုဆီတိုင်းကို အသံကုန်ဟစ်ကာ သတိလိုက်ပေးနေလေသည်။ ကျောင်းသားတွေလည်း ခြောက်ခြားသံတွေနှောလာပြီး စာရေးကိရိယာတွေကို အမြန်သိမ်းကြလေသည်။ကျောင်းတော်ကြီးတစ်ခုလုံးဟာ ဝေါခနဲဆိုသလို အသံတွေဆူညံသွားကြပြီး ဆရာမတွေကစည်းစနစ်တကျ အတန်းထဲမှထွက်ရန်ပြောနေပေမဲ့ မလိုက်နာတဲ့လူကများနေလေတော့ အကုန်တိုးတိုက်မိကုန်ကြသည်။ပစ်လဲသွားတာနဲ့ အဲ့ဒီ့ကျောင်းသားဟာ မညှာမတာတက်အနင်းခံရမှာသေချာတယ်။ဒါပေမဲ့လည်း လူဆိုတာ ကိုယ့်အသက်ကိုသာညှာတာတတ်ကြတဲ့အမျိုးမလား။
ဒါကြောင့် ဘယ်သူ့ကိုပဲချနင်းရပါစေ သူတို့လိုရာခရီးကိုတော့ သွားကြမှာပဲ။
အထူးသဖြင့် အနစ်နာမခံတတ်ကြတဲ့ သူကြွယ်မျိုးရိုးက လူတွေပေါ့။

ဘယ်သူမှ အခန်းထဲမှာမရှိချိန်ကြမှာသာ ထမင်းချိုင့်နဲ့ လွယ်အိတ်ကိုလွယ်ပြီး ကျွန်တော်ထွက်လာခဲ့လိုက်တယ်။ကျွန်တော် အတတ်သိနေတာက မီးလောင်တဲ့နေရာဟာ ကျောင်းအုပ်ကြီးရုံးခန်းဖြစ်နေတာကိုပေါ့။ ကျောင်းအုပ်ကြီးရုံးခန်းက ကျွန်တော်တို့အခန်းနဲ့ အဝေးကြီးရယ်။ဒါကြောင့် မီးကူးရင်လည်း အချိန်ကြာအုံးမှာပါ။

"ဟယ်...ဟိုမှာ မီးတောက်ကြီး..."

"အေးဟယ့်..ကြောက်စရာကြီးတော့..."

"ဘာကြောင့် လောင်တာလဲမသိဘူးနော်..."

"ပေါ့ဆမီးနေမှာပေါ့ဟယ်..."

"အေးလေ..ကျောင်းအုပ်ကြီးရုံးခန်းဖြစ်ပြီး
...မီးလောင်ရတယ်လို့..."

မီးလောင်တဲ့အဆောင်အထိသွားကြည့်သူများလည်းရှိကြသလို အဝေးကနေဝေဖန်၊လေကန်နေကြတဲ့ လူတွေကလည်း ပွက်ပွက်ကိုညံနေတာပါပဲ။
ကျွန်တော်ကတော့ ကျောင်းလွှတ်ချိန်လည်း နီးနေပြီ၊ဒီမီးလောင်မှုကြောင့် သေချာပေါက်အိမ်ကိုပဲပြန်ရမယ်ဆိုတာသိနေတော့ ကျောင်းဂိတ်ပေါက်၀ဆီသို့သာ ခြေလှမ်းနေမိတယ်။

"ကိုကြီး...."

ကျောင်းသားအုပ်ကြီးအကြားမှ တိုးတိုက်ရင်းနဲ့
လှမ်းလျှောက်နေတဲ့ ကျွန်တော်ခြေလှမ်းတွေ ရုတ်ချည်းရပ်တန့်သွားသည်။ခေါ်သံသေးသေးလေးကြောင့် နောက်ကိုကြည့်လိုက်တော့ ကလေးမလေးတစ်ယောက်၊အသက်က လေး၊ငါးနှစ်လောက်တော့ရှိလိမ့်မည်၊ပါးဖောင်းဖောင်းလေးနဲ့ ဆံပင်အတိုလေးကို ထိပ်မှာစုစည်းထားပြီး
ကျွန်တော့်ကို သနားဂရုဏာသက်စရာပုံစံလေးနဲ့ ကြည့်နေလေသည်။ပြီးတော့ ကလေးက
ကျွန်တော့် လွယ်အိတ်မှာထွက်နေတဲ့ ကြိုးစလေးကိုလည်း လှမ်းဆွဲထားသေးတယ်။
ကျွန်တော် ငုတ်တုတ်ထိုင်ချလိုက်ပြီး
ကလေးမလေးကို ကြင်နာစွာခေါင်းလေးကိုပုတ်လိုက်မိတယ်။

"ကလေး..ကိုကြီးကိုခေါ်လိုက်သေးလား..."

ကြက်တောင်စီးလေးနဲ့  သနပ်ခါးဝိုင်းဝိုင်းကြီးတွေကို ပါးမှာကွက်ထားတဲ့ကလေးလေးက ကျွန်တော့်ကိုခေါင်းညိတ်ပြလေသည်။ကျွန်တော် တစ်ချက်ပြုံးလိုက်ပြီး...

"ကိုကြီး ဘာလုပ်ပေးရမလဲ..."

"လုံးလုံးကြောက်လို့ ကျောင်းအပြင်ကိုခေါ်သွားပေးပါလား.."

"ဆရာမဆီကို သွားလေ..ကလေးရဲ့..ကိုကြီးလိုက်ပို့ပေးရမလား..."

"ဟင့်အင်း...ဆရာမဆီကိုလည်းသွားချင်ဘူး
..ဆရာမက လုပ်ရှုပ်နေတာ..."

နှုတ်ခမ်းလေးဆူပြီး မပီကလာလေးပြောလာတဲ့ကလေးကို ဘာကြောင့်မှန်းမသိ ကျွန်တော်ခင်နေမိတယ်။အရင်ထဲက တစ်ကောင်ကြွက်ဖြစ်တဲ့ကျွန်တော့်အတွက် ညီမလေး သို့မဟုတ် ညီလေးတစ်ယောက်လောက်ရှိရင်သိပ်ကောင်းမှာပဲလို့ တွေးမိခဲ့ဖူးတယ်။

"ကိုကြီး..ကိုကြီးရေ.."

"ဟေ..."

"သမီးကို ကျောင်းအပြင်ခေါ်သွားပေးပါနော်..
ဒီမှာဆူညံနေတာပဲ...သမီးကြောက်တယ်..."

"ကဲ...ဟုတ်ပါပြီဗျာ..ကိုကြီးခေါ်သွားပေးမယ်...
လာကိုကြီး ကျောပေါ်ကိုတက်.."

"ရပါတယ်..သမီးဘာသာလမ်းလျှောက်ပါ့မယ်..."

"ဒီမှာ...လူတွေတိုးကြိတ်နေကြတာ..လာပါကိုကြီးချီမယ်..."

လက်တစ်ဖက်က ထမင်းချိုင့်ကိုကိုင်ပြီး ကျန်လက်တစ်ဖက်က ကလေးမလေးကိုပွေ့ချီကာ ကျောင်းသားအုပ်ကြီးကြားထဲမှ ကျွန်တော်ရအောင်ထွက်လာလိုက်တယ်။ကျောင်းရှေ့ကိုရောက်တော့ ပိတောက်ပင်အိုကြီးအောက်မှာ ကလေးမလေးကို ချီထားရာမှချပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်..ကိုကြီး...သွားတော့မယ်နော်..."

အသံသေးသေးလေးနဲ့ပြောသွားတာ ချစ်ဖို့ကောင်းလိုက်တာ။ကျွန်တော့်ညီမလေးသာဆိုရင် အသံယားလို့ချစ်မ၀ဖြစ်နေရမှာ သေချာတယ်။
ကလေးမလေးက လွယ်အိတ်ကလေးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီး လမ်းဘေးခရေပင်တန်းတွေအောက်ကနေ တစ်လှမ်းချင်းသွားနေတော့ ကျွန်တော်ဖြင့် စိတ်ပူသွားတာပဲ။ကလေးက လာကြိုမဲ့လူကြီးတွေကို မစောင့်ဘူးလားမသိဘူး။

"ဟေ့..ကလေး..ဟိတ်..."

ကျွန်တော်အကျယ်ကြီးအော်ခေါ်လိုက်တော့ ကလေးက အပစ်ကင်းစင်တဲ့ မျက်လုံးလေးတွေနဲ့ ပြန်ကြည့်လာသည်။ကလေးမလေး ရပ်နေတဲ့နေရာဆီကို ကျွန်တော်ပြေးသွားလိုက်တယ်။

"ညီမလေး..တစ်ယောက်ထဲအိမ်ကို ပြန်မလို့လား.."

"ဟုတ်ကဲ့.."

"ဟင်..အိမ်ပြန်မဲ့လမ်းကိုရော..မှတ်မိလို့လား.."

"သမီးမှတ်မိပါတယ်...ကြီးကြီးမေကလမ်းမမှားအောင် ပြောပြထားတယ်လေ..."

"ကြီးကြီးမေ..ဒါဆိုအဲ့ဒီ့ကြီးကြီးမေလာခေါ်တဲ့ အထိစောင့်လိုက်ပါလား..."

"ဟင့်အင်း...သမီးအိမ်ပြန်ချင်လို့..."

"လမ်းမှာ ချော်လဲရင်ဘယ့်နှယ့်လုပ်မလဲ..ဘယ်သူကမှ လာထူမှာမဟုတ်ဘူး..."

"သမီးချော်မလဲတော့ပါဘူး..သမီးကကြီးလာပြီလေ.."

ကြီးလာပြီတဲ့ တကယ့်အတတ်ကလေးပါလား။ကျွန်တော့်ရဲ့နှုတ်ခမ်းတွေ ကွေးညွှတ်သွားသည်အထိ ပြုံးမိပြန်ပါပြီ။

"ဒါပေမဲ့..လမ်းမှာလူဆိုးတွေနဲ့ တွေ့ရင်ဘယ်လိုလုပ်မလဲ...ကလေးကိုကယ်မဲ့လူမရှိတော့ပဲနေမှာပေါ့..."

ကျွန်တော့်ရဲ့ ခြောက်လိုက်တဲ့စကားကြောင့် ကလေးမလေးနဲနဲတော့တွေဝေသွားပုံပေါ်တယ် ။
မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့စဉ်းစားခန်းဖွင့်နေပါလေရော။
ကလေးတစ်ယောက်ကို ခြောက်တဲ့နေရာမှာ ကျွန်တော်တယ်တော်ပါလားလို့ ကိုယ့်ကိုကိုယ်လည်း ပြန်ချီးကျူးလိုက်မိတယ်။
ခဏအကြာမှာ ကလေးမလေးက သူ့လွယ်အိတ်ကလေးထဲမှ ကော်ဓားလေးတစ်ချောင်းကို ထုတ်ပြီး ကျွန်တော့်ကိုပြလာတယ်။

"သမီးမှာဓားရှိတယ်လေ...လူဆိုးတွေကိုခုတ်ပစ်
လိုက်မှာပေါ့..."

"ဟား..ဟား.."

နောက်ဆုံးတော့လည်း ကျွန်တော့်ထက်ခေါင်းမာတဲ့သူနဲ့တွေ့တော့ ကျွန်တော်အရှုံးပေးလိုက်ရပါပြီ။ကလေးတွေက အတော်ဖြောင်းဖျရခက်တာပဲ။

"ကဲ..ကိုကြီးပဲလိုက်ပို့မယ်..ဟုတ်ပြီလား..."

"ဟင်..တကယ်နော်..."

"တကယ်..."

"ရေး....ဒါဆိုသမီးကိုကုန်းပိုး..."

"ဟင်...ဘာမှလည်းမဆိုင်ဘူး..."

"ကြီးကြီးမေဆိုရင် သမီးကိုအမြဲကုန်းပိုးတယ်
..သမီးကပေါ့တယ်လို့လည်းပြောတယ်..ကိုကိုကကုန်းပိုးချင်ဘူးလား..."

သူမထက်အရပ်များစွာ‌ရှည်တဲ့ကျွန်တော့်ကို ဇာတ်ကလေးမကျိုးရုံတမယ် ခေါင်းလေးမော့ပြီး အသံဆာဆာလေးနဲ့ ပြောလာလေတော့ ကျွန်တော်အလိုလိုထိုင်မိလျှက်သားဖြစ်သွားတယ်။

"ကဲ...ကျောပေါ်ကိုတက်ပါဗျာ...ကလေးရဲ့အိမ်ကဘယ်မှာလည်းပြော..ကိုကြီးလိုက်ပို့ပေးမယ်..."

"ဒီဘက်ကိုသွား..."

ခရေပွင့်ချက်ကလေးတွေကြွေကျနေတဲ့ ခရေပင်တန်းလေးအောက်မှာ ကလေးမလေးကိုကျောပိုးရင်း ကျွန်တော်သူမညွှန်ပြရာလမ်းအတိုင်း လျှောက်လာခဲ့ပါတော့တယ်။ကလေးရဲ့အကြောင်းလည်း ကျွန်တော်မသိသလို ကျွန်တော့်အကြောင်းကိုလည်း ကလေးလေးကမမေးဘူး။

ဒီအသက်အရွယ်နဲ့ ကလေးလေးက လူကြီးတွေအကြောင်းကို ဘယ်လိုလုပ်ပြီးစပ်စုတတ်မှာလဲ။
တစ်ခုသေချာသိလိုက်ရတာက သူမနာမည်ကဖြူလုံးတဲ့။တစ်လမ်းလုံးမှာ မနားတမ်းပြောလာတဲ့သူမရဲ့စကားတွေကတော့ ဘာမုန့်စားချင်တယ်၊ဘယ်လိုကစားရတာကြိုက်တယ်၊သူ့ကို
ကြီးကြီးမေကစိတ်ဆိုးရင် ဘယ်လိုရိုက်တယ်နဲ့ သူ့မလေးရဲ့အိမ်မှာမွှေးထားတဲ့ နွားလေးအကြောင်းကိုပဲ ထပ်ခါတစ်လဲလဲ ပြောပြနေတော့တာပါ။နားတွေကို ညီးနေရောပဲ။

ဒါပေမဲ့ ကျွန်တော်ပျော်နေသလိုပဲ။ဒီကလေးလေးစစ်စစ်‌ပေါက်ပေါက်မေးသမျှတွေကို ဒိုင်ခံပြီးပြန်ဖြေပေးနေရတာကိုပဲ ကျွန်တော်ပျော်နေမိတယ်။ပုံမှန်ဆိုရင် ကျွန်တော်ကစကားနဲတဲ့လူပါ။
ဒါပေမဲ့ ဒီကလေးလေးနဲ့ အရည်မရ၊အဖက်မရတွေပြောနေတာကပဲ အရသာရှိတဲ့ဟင်းတစ်ခွက်ကို စားနေရသလိုပဲ သိပ်မြိန်တယ်။

"ကိုကြီး..ရောက်ပြီ...သမီးအိမ်ကဒီအိမ်လေ..."

လုံးလုံးကို ကျောပေါ်ကနေချပေးလိုက်ပြီး သူမလက်ညှိုးညွှန်ရာဆီကို ကြည့်လိုက်တော့ အရမ်းကိုခမ်းနားတဲ့အိမ်ကြီးပဲ။ခြံအပြင်ဘက် အုတ်နံရံပေါ်မှာတော့ "ရတုမဟာစံအိမ်"ဆိုပြီးလည်း
စာထွင်းထားသေးတယ်။

"လုံးလုံးက..ဒီအိမ်မှာနေတာ...သေချာလို့လား...အိမ်မှာနေတာများလား..."

"ဟင့်အင်း...သမီးကဒီခြံကြီးရဲ့ဟိုးအနောက်ဘက်မှာနေတာလေ..."

ကျွန်တော်စဉ်းစားရကြပ်သွားစဉ်မှာပဲ ခြံ၀န်းထဲမှ သံဗန်းတံခါးကို ဆွဲဖွင့်သံကြားလိုက်ရလေသည်။
ခြံထဲမှထွက်လာသူက အသက်လေးဆယ်အရွယ် ခပ်၀၀အမျိုးသမီးတစ်ယောက်။

"ဟယ်...လုံးလုံး...ကြည့်စမ်း..ကြီးကြီးမေကိုမစောင့်ပဲနဲ့ တစ်ယောက်ထဲပြန်လာတယ်ပေါ့လေ..."

"သမီး...တစ်ယောက်ထဲဟုတ်ပါဘူး..ဒီကိုကြီးလိုက်ပို့တာပါ.."

လုံးလုံးကကျွန်တော့်ကို လက်ညှိုးထိုးပြလိုက်တော့ ထိုအမျိုးသမီးက ကျွန်တော့်ကိုအားနာစွာကြည့်လာလေသည်။

"ဟို...အားနာလိုက်တာမောင်ရင်ရယ်..ကလေးကအဲ့လိုပဲ မထင်ရင်မထင်သလို ပေါက်ကရတွေလျှောက်လုပ်တော့တာပဲ...ဟို..ဘယ်လိုမှသဘောမထားပါနဲ့..ဒီပိုက်ဆံလေး..."

ပိုက်ဆံအိတ်အနွမ်းလေးထဲကနေ ထုတ်ပေးလာတဲ့ ပိုက်ဆံငါးရာတန်နှစ်ရွက်က ကျွန်တော့်ရဲ့အပျော်တွေကို ရိုက်ချိုးလိုက်သလိုပဲ။ကျွန်တော်အံကို တင်းတင်းကြိတ်လိုက်မိတယ်။

"အန်တီ...ကျွန်တော်က ပိုက်ဆံလိုချင်လို့ဆိုပြီး ကလေးကိုဗန်းပြမဲ့ လူစားမဟုတ်ဘူး...အန်တီလုပ်လို့ ကျွန်တော့်စေတနာက တစ်ပြားမှမတန်သလိုဖြစ်သွားပြီ..."

ကျွန်တော်ဒီစကားတစ်ခွန်းထဲပဲပြောခဲ့ပြီး လှည့်ထွက်လာခဲ့လိုက်တယ်။"ကိုကြီး..တာ့တာ.."ဆိုတဲ့ လုံးလုံးလေးရဲ့ ချစ်စဖွယ်အသံလေးကို ကြားပေမဲ့ ကျွန်တော်လှည့်မကြည့်မိအောင်နေတယ်။

"ဝေါ..."

"ဂျိန်း!!!...ဂျလိန်း!!!"

ထိုစဉ်မှာ ပြင်းထန်စွာရွာလာတဲ့ မိုးစက်တွေက ကျွန်တော့်ရင်ထဲက ဒေါသအပူတွေကိုဆေးပစ်လိုက်သလို အေးချမ်းမှုအတိဖုံးလွှမ်းသွားသလိုပါပဲ။လူချမ်းသာရပ်ကွက်ထဲမှာ ရေထိလို့ အစိုဓာတ်ဖုံးလွှမ်းသွားတဲ့ လမ်းမပေါ်က ကြွေကျသစ်ရွက်တွေကို ဖြတ်နင်းရင်း ကျွန်တော်ပျော်ရွှင်စွာပြေးလွှားနေမိတယ်။ကျွန်တော့်ရဲ့ ဦးတည်ရာကတော့ အဖေ့အိမ်ဆီသို့။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================


🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
                              🍁အခန်း၆🍁


🎵ပြာရီမှိုင်းကာမို့မို့ ညို့ညို့ ညိုလွင်🎵

🎵ညှင်းလေပြေ သွေးလို့သာ ဖေးမကူချင်🎵

🎵တိမ်လွှာလေးတွေ ပြေးကာ တရွေ့ရွေ့ယူငင်

🎵ပြုံးလှောင်ကာ ငြိုးပြည့်မှုံ မိုးပဇ္စုန်ရှင်🎵

🎵သဲသဲမဲမဲ ရွာလိုက်မယ်ပဲ ဟန်တွေဆင်🎵

🎵အဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်🎵

နွားကျောင်းသားလေးဖိုးထူးရဲ့ သီချင်းဆိုသံက ဖတ်နေတဲ့ စာအုပ်ဆီကနေတောင် အာရုံလွတ်သွားလောက်အောင်အထိ ကျွန်တော့်ကိုညှို့ငင်ယူနေလေသည်။
ကျောင်းပိတ်ရက်ဖြစ်တာကြောင့် နွားကျောင်းထွက်နေကျ ဖိုးထူးနဲ့ ကျွန်တော်အဖော်လိုက်လာခဲ့ခြင်းပင်။ ကျွန်တော်ဟာ ကုက္ကိုလ်ပင်ကြီးကို ကျောမှီရင်း စာဖတ်နေပေမဲ့ သုန္နကတောင်ခြေက
စားကျက်မြေပေါ်မှာ  ကျူတံတစ်ချောင်းနဲ့   
 နွားများကို ကျောင်းနေတဲ့ ဖိုးထူးဆီသို့သာ အာရုံရောက်နေမိတယ်။
 
မိုးများရွာသွန်းထားတာကြောင့် ‌မြေပြင်လွှာကြီးမှာ ဖုန်ထခြင်းမရှိပဲ အညိုရောင်လေးသန်းနေ
သယောင်ဖြစ်နေသည်။ယခင်ကမူ မိုးစက်တို့ကို ငတ်မွတ်နေတဲ့ပက်ကြားအက်နေသော လယ်ယာမြေများမှ မြေဆီလွှာလေးတွေကလည်း နူးညံ့စပြုလာသည်။
ကျွန်တော်လှမ်းမြင်နေရတဲ့ သုန္နကတောင်ခြေမှ နွားတို့မှီတင်းနေကြသော စားကျက်မြေလေးပေါ်မှာလည်း မြက်နုနုကလေးတွေဟာ ဘယ်အချိန်ကတည်းကထွက်ပြူဖို့ ဟန်ရေးပြင်နေကြသလဲ မခန့်မှန်းတတ်အောင်ကို နေ့ချင်း၊ညချင်းရွက်နုစိမ်းစိမ်းလေးတွေ ထွက်လာလိုက်တာများ နှစ်သက်ချင်စရာအလွန်ကောင်းလှပါတယ်။

"ဟေ့..ကဝိ....."

ကျွန်တော်ကြည့်နေမှန်း ရိပ်မိသွားတဲ့ဖိုးထူးက  ကျူတံကိုလေထဲမှာလွှဲကာ ကျွန်တော့်ကို
လက်ပြနှုတ်ဆက်လာတယ်။
ဖိုးထူးဆိုတာ ကျွန်တော်နဲ့သက်တူ၊ရွယ်တူ ငယ်ပေါင်းကြီးဖော်တွေပေါ့။သူဟာ သိပ်သနားဖို့ကောင်းတယ်။ကျောင်းလည်း တက်ခွင့်မရတဲ့အပြင် ၊လူ‌ကောင်ထွားကျိုင်းလွန်းတဲ့ဖိုးထူးဟာအသက် ဆယ့်သုံးနှစ်တည်းက အလုပ်ကြမ်းတွေချည်းဖိလုပ်ခဲ့ရတဲ့ကောင်လေးပါ။

တကယ်တမ်းတော့ ဆင်းရဲသားအလွှာမှာ မွေးဖွားလာကြတဲ့ ကလေးတိုင်းက ကျောင်းစာကိုသင်ဖို့မတတ်နိုင်ကြဘူး။‌မိုးခေါင်ပြီး၊‌ ရေတွင်းတူးရင်တောင် ရေကြည်တစ်ပေါက်ရဖို့ ခက်ခဲလွန်းတဲ့အရပ်ဒေသမှာ လယ်ယာတွေကလည်း စိုက်ပျိုးဖို့ခက်လာလေတော့ ရှင်သန်နေထိုင်ဖို့အရမ်းကြပ်တည်းလာကြတယ်။‌ သောက်ရေအတွက်ကို တောနက်ထဲက ရေတံခွန်ဆီမှာ
ခက်ခက်ခဲခဲသွားပြီး သယ်ကြရတယ်။တစ်ချို့ဆို အကောင်းပကတိပြန်မလာနိုင်တာတွေတောင် ရှိကြပါတယ်။
နဂိုကမှဆင်းရဲတဲ့လူတန်းစားဖြစ်နေရတဲ့အထဲ ရာသီဥတုကပါ မျက်နှာသာမပေးလာတော့ ကလေးတစ်ယောက်ကို ပညာတတ်အောင်ထားဖို့ ဘယ်လိုများတတ်နိုင်ကြပါတော့မလဲ။

ဒါပေမဲ့ ထိုသို့သော မိဘတွေထဲမှာ ကျွန်တော့်အဖေမပါဘူး။
အဖေဟာ တိုးတက်တဲ့လူတန်းစားတစ်ရပ်အတွက် အသိပညာဖွံ့ဖြိုးမှုကအဓိကလိုအပ်တယ်ဆိုတာကို နားလည်တယ်။အသိပညာဖွံ့ဖြိုးဖို့အတွက် အတန်းပညာကလည်း  ထောက်တိုင်တစ်ခုပဲဆိုတာကို သိတဲ့အဖေဟာ ကျွန်တော့်ကို ခက်ခဲတဲ့ကြားကနေ မရရအောင် ကျောင်းထားပေးခဲ့တယ်။

တစ်ခါ၊တစ်ခါမှာ ‌နဖူးကချွေး၊ခြေမ‌ကျအောင် အလုပ်လုပ်နေရတဲ့ အဖေ့ကိုကျွန်တော် အားနာလာတယ်။အ‌ဖေက နေပူထဲမှာပင်ပင်ပမ်းပမ်း အလုပ်လုပ်နေရတဲ့အချိန်မှာ ကျွန်တော်ကတော့ အရိပ်ရတဲ့ စာသင်ခန်းအမိုးအောက်မှာ အေးဆေးထိုင်နေရတယ်။ အဲ့ဒီ့လိုအခါမျိုးမှာ ကျောင်းပညာရေးဟာ ကျွန်တော့်ဘ၀ကို တကယ်ပဲပြောင်းလဲပေးနိုင်ရဲ့လားဆိုတဲ့ အ‌တွေးတွေပေါ်လာတတ်တယ်။တစ်ခုသိသာတာကတော့ အတန်းပညာမတတ်တဲ့ ကျွန်တော်နဲ့ရွယ်တူတွေထဲမှာ ကျွန်တော့်ရဲ့တွေးခေါ်ဆင်ခြင်နိုင်စွမ်းက ပိုမြင့်မားနေတယ်ဆိုတာပါပဲ။သို့ပေမဲ့ ပညာတတ်ပြီးဆိုးသွမ်းနေတဲ့လူတွေလည်း တစ်ပုံကြီးပါပဲလေ။

တစ်ခါတစ်လေမှာ "အဖေရယ်..သား‌ကျောင်းထွက်ပြီး အဖေ့ကိုလုပ်ကြွေးပါရစေလို့.."ပြောမိရင်လည်း အဖေကစိတ်ဆိုးတတ်တယ်။
"သားသမီးမွေးထားတာ ခိုင်းစားဖို့မဟုတ်ဘူးတဲ့လေ.."ဒါအဖေပြောနေကျစကားပဲ။ဒီစကားကိုကြားတိုင်း အဖေ့ကိုကျွန်တော်သိပ်ကျေးဇူးတင်တာပဲ။
ဒါကြောင့် ဒီလိုရခဲလှတဲ့ အခွင့်အရေးကို ကျွန်တော့်ဘက်ကလည်း တတ်နိုင်သလောက် အားဆိုက်တာပါပဲ။

သူကြွယ်မျိုးရိုးတွေအားလုံးကို ကျော်တက်ပြီး
ဆယ်တန်းမှာ နံပါတ်တစ်ဆိုတဲ့ ဂုဏ်ကိုကျွန်တော်ပိုင်ဆိုင်ထားတယ်။နေမှု၊စားမှုဆင်းရဲတာကြောင့် အလှောင်ခံရပေမဲ့ ပဲပြုတ်နဲ့ ထမင်းကိုလူးစားရတာက ရှက်စရာလို့ကျွန်တော်မခံယူထားဘူး။
ဘာအရည်အချင်းမှမရှိပဲ သူများလုပ်သမျှကိုသာ ထိုင်ပြီးလှောင်ပြောင် အပြစ်ပြောနေကြခြင်းကိုသာ ရှက်စရာလို့ကျွန်တော်မြင်တယ်။
အရာတစ်ခုခုကို လိုချင်ပြီဆိုရင် ကျွန်တော်ဘယ်တော့မှခိုးမယူဘူး။တည့်ပဲတိုက်ယူမှာ။
အားနည်းနေတဲ့အချိန်မှာမရရင် အားကြီးတဲ့အချိန်ကိုစောင့်ပြီး ကျွန်တော်အရယူပြမယ်။
ကျွန်တော်ဟာ ဘယ်တော့မှအရှုံးမပေးတတ်ဘူး။

"ဟေ့..ကဝိ..ဟေ့..."

"ဟင်..ဖိုးထူး..မင်းဘယ်တုန်းက ငါ့ဘေးနားကိုရောက်နေတာလဲ..."

"ဟာ..ကဝိရာ..ငါမင်းကိုခေါ်နေတာ ကြာလှပြီ
..မင်းကသာ စာအုပ်ကြီးကိုကြည့်ပြီး ဘာတွေတွေးနေမှန်းလည်း မသိဘူး..."

"အဟင်း..ဒီအတိုင်းပါပဲ..ဒါနဲ့ထမင်းစားနားမလို့လား..."

"အေးကွ..ဟိုမှာလေ..နွားတွေငြိမ်နေတုန်း ထမင်းလေးအမြန်သွတ်မှကွ..."

ကျွန်တော်တို့နဲ့ အနည်းငယ်ဝေးတဲ့ တောင်ခြေကိုလက်ညှိုးညွှန်ပြရင်း သူ့ထမင်းထုပ်ကလေးကို ‌ကြိုးဖြည်ပြီး စားနေလေသည်။

"ဒါနဲ့..ကဝိရ...မင်းတို့သားအဖ အခုတစ်လောတယ်ထောနေတယ်ဆို..."

"မင်းကိုဘယ်သူပြောလည်း..."

"မလျှိုစမ်းပါနဲ့ ငါ့ကောင်ရာ..မိုးတွေသည်းကြီးမည်းကြီးရွှာထားတုန်းက မင်းတို့ခြံ‌ အနောက်ဘက်မှာကန်အကြီးကြီးတူးထားတာဆို...အခုလူလတ်တန်းစားအလွှာကနေတောင် မင်းတို့ဆီကို ရေလာ၀ယ်ကြတယ်ဆိုပဲ..အဲ့တော့ မင်းတို့ထောနေတာ ငါရိပ်မိပါတယ်ကွာ..."

"ဒီလိုပါပဲကွာ...မင်းတို့ရေလိုချင်ရင်လည်း အလကားလာယူပါကွာ..ငါ့အိပ်မက်ထဲမှာ မိုးရာသီကိုအိပ်မက်မက်လို့ အဖေနဲ့တိုင်ပင်ပြီး အရူးထမိတာပါ...မိုးတကယ်ရွာမယ်လို့ အတိအကျသိတာတော့မဟုတ်ပါဘူး...ဒီအတိုင်းတိုက်ဆိုင်သွားတာပါ..."

"ဟုတ်လို့လား..ကဝိရာ..ဒီလောက်အထိတိုက်ဆိုင်လွန်းတာတော့..."

"ဒိုင်း!!!ဒိုင်း!!"

"ဟင်...ဘာအသံကြီးလည်း..."

"ဟိုမှာကွ...စားကျက်ဘက်က သေနတ်သံကြားရတာ..."

ကျွန်တော်နဲ့ဖိုးထူး နွားတွေရှိသောစားကျက်မြေဘက်အခြမ်းကို ကြည့်လိုက်မိတဲ့ အချိန်မှာ မြင်းစီးလာတဲ့ လူတစ်သိုက်က ကျွန်တော်‌တို့ ရပ်နေရာဆီသို့ ဒုန်းဆိုင်းလာနေကြသလိုပဲ။

"ကျ!!...ကျ.!!..ကျ!!!...."

လူငါးယောက်ဟာ မြင်းတွေကို အားမာန်အပြည့်နဲ့စီးလာတာကြောင့် မြေကြီးတွေဟာ သိမ့်သိမ့်တုန်သွားပြီး လှုပ်ခတ်နေတယ်လို့တောင် ထင်နေရတယ်။ကျွန်တော်တို့ ဘေးနားကနေ ဖြတ်စီးသွားကြစဉ် မြင်းပေါ်ကလူတွေကို မော့ကြည့်လိုက်တော့ ကျွန်တော့်ရန်သူထက်အာကာနဲ့သူ့အဖွဲ့ ၊
ထက်အာကာရဲ့ လက်ထဲမှာလည်း တူမီးသေနတ်ကိုကိုင်ထားတယ်။ ဧကန်နဒီကောင်တွေ နွားတစ်ကောင်ကောင်ကိုသတ်လိုက်တာများလား။

"ဖိုးထူး...မင်းနွားတွေကို သွားကြည့်ရအောင် တစ်ခုခုဖြစ်ရင် ပိုင်ရှင်တွေနဲ့ မင်းပဲပြဿနာတတ်လိမ့်မယ်..."

"အေး..အခုပဲသွားကြမယ်..."

ဖိုးထူးခမျာလည်း လက်ထဲကထမင်းထုပ်ကလေးကို ပစ်ချခဲ့ရသည်အထိ ပူပန်နေလေသည်။
ကျွန်တော်တို့နှစ်ယောက် နွားစားကျက်ကို အပြေးရောက်သွားတဲ့အခါမှာတော့...

"ဟာ...ဖိုးထူး..မင်းရဲ့နွား..."

"တောက်...သူတောင်စားတွေ..ခွေးမသားတွေ..
မိုက်ရိုင်းလိုက်တာ..သူတစ်ပါးအသက်ကို မညှာ
မတာကွာ..."

ဖိုးထူးမှာ ၀မ်းနည်းမှုနဲ့အတူ သေနတ်ဒဏ်ရာကြောင့် အသက်ပျောက်နေပြီဖြစ်သော နွားအလောင်းကိုသာ ပွတ်သပ်နေလေသည်။

"ကဝိ..ငါဘယ်လိုလုပ်ရမလဲကွာ..ငါ့မှာပိုင်ရှင်ကို ပြန်လျှော်ဖို့ ပိုက်ဆံမရှိဘူးကွ...ကံဆိုးမှသွားရာ မိုးလိုက်လို့လာသလိုပဲ..တောက်!!! "

"စိတ်ပူမနေနဲ့ဖိုးထူး..ဒီကိစ္စကိုလုပ်ခဲ့တဲ့လူကိုယ်တိုင် ပြန်ပြီး တာ၀န်ယူရမယ်...ဒီကောင့်ကို
နှောင်ကျင်အောင် ငါတို့လုပ်ရလိမ့်မယ်..."

"မင်းက ဘယ်လိုစဉ်းစားထားလို့လဲ...ဘာလဲ..
သူ့ကိုဒီလို ဆိုးပေနိုင်အောင် ထောက်ပံ့ပေးထားတဲ့ သူ့အဖေ ဦးအဂ္ဂကို သွားတိုင်မလို့လား...ငါတို့ကိုပါ နွားတစ်ကောင်လိုမဆက်ဆံလိုက်ရင် ကံကောင်း..."

ဖိုးထူးရဲ့ ကြေကွဲနေတဲ့ပဲ့တင်သံအဆုံးမှာ  အကောက်ကျစ်ဆုံးမဲ့ပြုံးလေးတစ်ခုကို ကျွန်တော်ပန်ဆင်လိုက်သည်။

"သူ့အဖေဦးအဂ္ဂကိုယ်တိုင်က သူ့သားကိုမနိုင်မှတော့...သူ့အဖိုးဖြစ်တဲ့ မြို့တော်၀န်ဦးတေဇဆီကိုပဲ ဦးတည်ရတော့မှာပေါ့...
အခုကိစ္စက..သာမန်အနိုင်ကျင့်မှုလေးတစ်ခုပဲမဟုတ်ဘူး...တိရိစ္ဆာန်တစ်ကောင်ကို တရားမ၀င်သတ်ဖြတ်သွားတာ..
ပိုင်ရှင်ဆီကလည်း ခွင်းပြုချက်မတောင်းခဲ့သလို..
နိုင့်ထက်စီးနင်းပြုမူသွားတာ...အကြီးကြီး‌ ချဲ့ပြောရရင်တော့ ပြည်သူတစ်‌ယောက်ရဲ့အကျိုးစီးပွားကို မြို့တော်၀န်ရဲ့မြေးဖြစ်ပြီး အသားလွတ်အနိုင်ကျင့်သွားတာ...ဒီလိုကိစ္စမျိုးအတွက် သုန္နကမြို့ရဲ့ အကြီးအကဲဆီကိုမှ မသွားရင် ဘယ်သူ့ဆီကို သွားရမှာလဲ..."

"မင်းပြောတာလည်း ဟုတ်နေတာပဲ...ချကွာ..
မင်းလုပ်ခိုင်းတဲ့အတိုင်း ငါလုပ်ဖို့အဆင်သင့်ပဲ..."

"ဖိုးထူး...ဒီကိစ္စမှာ မင်းတစ်ယောက်ထဲပါ၀င်လို့မရဘူး..."

"ဘယ်လို..."

မျက်လုံးပြူးပြီး ကြောင်တောင်တောင်ဖြစ်သွားတဲ့ ဖိုးထူးရဲ့ပခုံးပေါ်သို့ ကဝိရဲ့သန်မာသော လက်တစ်စုံက အားပြင်းစွာ ကျရောက်လာသည်။

"ဒီကိစ္စမှာ ငါတို့ဆင်းရဲသားအလွှာကလူတွေအကုန်လုံးပါ၀င်ရမှာကွ...အထူးသဖြင့် သက်ကြီးပိုင်း‌တွေပေါ့...မှတ်ထားရပ်ရွာလူတောင့်ရင် ဘယ်သူခိုးမှမကပ်ရဲဘူး..."

ဖိုးထူးက လုံး၀နားမလည်နိုင်စွာ ပါးစပ်ကလေး
ဟပြီး အံ့ဩနေလေသည်။ကဝိဟာ အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ဒါပေမဲ့ သူ့ဦးနှောက်ကတော့ သူ့အသက်ထက်ပိုရင့်ကျက်နေတယ်။

ကဝိအနေနဲ့ကတော့ အာကာတစ်ယောက်
သူ့အကွက်ထဲ၀င်လာပြီဖြစ်တာကြောင့် ကြိတ်ပြုံးနေမိတယ်။

"အာကာ...အာကာ...မင်းကိုနောင်တရစေရမယ်လို့...ငါမပြောခဲ့ဘူးလား...အခု..ငါ့အလှည့်ပဲ..."

ဆက်ရန်....

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

🌸🦋🦋🦋🦋🦋🌸

=========================================================================

🍁အခန်း၇🍁
             🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸


"ကုလား...ငါနာရီ၀က်လောက်အနားယူမယ်
...ဘယ်လောက်အရေးကြီးတဲ့ ကိစ္စဖြစ်ဖြစ် ငါ့ကိုလာမနှိုးနဲ့ ကြားလား..."

"ဟုတ်ကဲ့ပါဆရာ..."

အပိုင်(၂)မှ ဦးတေဇရဲ့လက်ထောက် ကုလားဆိုသူထွက်သွားတဲ့နောက်မှာတော့ ဓာတ်ပြားစက်နှင့်
သူအိပ်နေရင်ဇိမ်နဲ့  နားထောင်ဖို့ရာနန်းတော်ရှေ့ဆရာတင်၏ သီချင်းလေးကို ဖွင့်ထားလိုက်ပြီးပက်လက်ကုလားထိုင်ပေါ်သို့၀င်လှဲလိုက်သည်။
မျက်လုံးတွေမှေးစဥ်းလာသည့်နည်းတူ ဓာတ်ပြားသီချင်းလေးကလည်း အေးအေးငြိမ့်ငြိမ့်လေးသွားနေသည်။

🎵အစကတော့ ဖြူဖြူ

🎵ညိုသွားပြီ အခုတော့ညိုသွားပြီ

🎵ပျိုမှားပါပြီရှင် ခေါ်လာမိတယ်...

🎵အင်းလျားရေ တစ်စည်လောက်တော့
လိုချင်ပါတယ်..၀ယ်ချင်ရှာသူ

🎵ရွှေမန်းသူတွေ ရေခေါ်ချိုး‌မယ်
တစ်မျိုးနော်လှအောင် မိုးပေါ်ကျသူ

🎵အင်းလျားရေကိုယူ...
    အင်းလျားရေကိုယူ..

"ဒုန်း!!!..."

ရုတ်တရက် ကုလားဟာရုံးခန်းတံခါးကို အားနဲ့တွန်းဖွင့်ပြီး အပြေး၀င်လာလေတော့ ဦးတေဇလည်း လန့်ပြီးမျက်လုံးတွေပြူးကျယ်ကုန်သည်။
ဘယ်တုန်းကမှ ကုလားဆိုတဲ့ကောင် သူအိပ်နေတုန်း၀င်မလာရဲဘူး။အခုကခေါင်းပြုတ်ချိန်တန်လို့နေမယ်။

"ဟေ့ကောင်...မင်းဘာဖြစ်နေတာလဲ..."

"ဆရာ့!!...ဆရာ့!!...ဟိုဟာ.."

"ဟာ...ငါဆောင့်ကန်လိုက်ရ..."

ပါးစပ်ထက် ခြေထောက်ကအရင်ရောက်သွား
လေရာ ကုလားမှာ ကြမ်းပြင်ပေါ်သို့ပက်လက်လန်ကျသွားသည်။ဦးတေဇဆိုသည်မှာ သုန္နကမြို့ကို အုပ်ချုပ်နေသော အကြီးအကဲ။မျိုးရိုးစဉ်ဆက်က သူကြွယ်မျိုးရိုးဆိုတော့ လူအများကလည်း သူ့အရှိန်အဝါကိုကြောက်ကြသည်။
သူ့မှာ အဂ္ဂနဲ့ ဂန္တ၀င်ဆိုပြီး သားနှစ်ယောက်ရှိသည့်နည်းတူ သုန္နကမြို့ရဲ့ စီးပွားရေးသုံးပုံ နှစ်ပုံနီးပါးလောက်ကို သူ့သားတွေသာလျှင် ပိုင်စိုးထားစေသည်။

မတရားမှုတွေကို လက်သင့်ခံတဲ့လူမဟုတ်ပေမဲ့ တစ်ခါတစ်လေမှာလည်း သိလျှက်နဲ့မျက်ကွယ်ပြုတတ်သည်။ဥပမာ သူ့ဆွေမျိူးတွေကျူးလွန်တဲ့
မတရားသော အမှုတွေကိုပေါ့။သူ့လက်ထက်မှာ ဘာကိုမှ မပျက်စီးစေပေမဲ့ တိုးတက်လာမှုလည်း ဘာမျှရှိမနေပါဘူး။ဒါကြောင့် ဆင်းရဲသားအလွှာဖြစ်တဲ့ အပိုင်(၃)နဲ့၊လူလတ်တန်းစားအလွှာဖြစ်သော အပိုင်(၂)မှလူတွေကတော့ ဦးတေဇကို
မချစ်ပေမဲ့ အောင့်ကာနမ်းဆိုသလို့ မကျေနပ်မှုတွေရှိကြပေမဲ့ ရင်ထဲမှာသာမုန်းကြရပါတယ်။

"‌ဆရာ့ကိုတမင်နှိုးတာမဟုတ်ရပါဘူး.."

"ဒါဆိုဘာလို့နှိုးတာလဲ..."

"ဟို..အပြင်မှာလူတွေရောက်လာလို့ပါ..."

"‌ခွေးမသား...လူရောက်လာတာများ အထူးအဆန်းလုပ်လို့..."

ဆစ်ခ်ဘာသာ၀င်ဖြစ်တဲ့ ကုလားမှာ ခေါင်းပေါင်းတောင်ရွဲ့သွားသည်အထိ ထပ်ပြီးအကန်ခံလိုက်ရကာ ရင်ဘတ်တွေပါအောင့်တက်သွားလေသည်။

"မဟုတ်ဘူးဆရာ..ဒီတစ်ခါလာတာက အပိုင်သုံးကလူတွေ..."

"ဘာ!!!"

"ဟုတ်တယ်..ဆရာ...လူငယ်နှစ်ယောက်ရယ်..
အသက်လေးဆယ်၊ငါးဆယ်အရွယ် လူကြီးငါးယောက်ရယ်ဗျ..."

"သူတို့က..ဘာလာလုပ်ကြတာလဲ..."

"နွားသတ်မှုတဲ့ဆရာ...ဆရာအိပ်နေတယ်
...နောက်မှပြန်လာကြဆိုလည်း...မပြန်ဘူးတဲ့
...ဆရာ့ကိုရအောင်နှိုးပေးဖို့ပဲပြောတယ်...သူတို့ပုံစံတွေက ဆရာ့ကိုမှမတွေ့ရရင်..ကျွန်တော့်ကိုရိုက်သတ်မလားပဲ...အဲ့ဒါကြောင့်ပါ..."

ဒရင်းဘတ်ပေါ်မှာ ထောင်ထားတဲ့ဒူးပေါ်ကို တံတောင်နဲ့ထောက်ထားရင်း ဦးတေဇအတွေး
တို့နယ်ချဲ့နေလေသည်။
ဘာအရေးကြီးကိစ္စဖြစ်လို့ပါလိမ့်။နွားအသတ်ခံရတာလေးလောက်နဲ့ ငါ့ကိုလာပြီးဇယားရှုပ်နေတာ ရူးများနေကြသလား။

"ကုလား..အပြင်ကိုထွက်ပြီး ပြောလိုက်..ငါနဲ့‌ တွေ့ဖို့ကို တစ်ယောက်ပဲလက်ခံမယ်လို့...မကျေနပ်ရင်ပြန်ကြလို့သာပြောလိုက်ကွာ..."

"ဟုတ်ကဲ့ပါ...ဆရာ...."

ကုလားထွက်သွားပြီးနောက် ဦးတေဇ ဆေးလိပ်ကိုမီးညှိရင်း ကုလားထိုင်ပေါ်မှာ အကျအနထိုင်လိုက်သည်။အခန်းအတွင်းမှာလည်း ဆေးလိပ်ခိုးတွေ ဝေနေလေသည်။
ဆေးလိပ်ကိုတစ်ဖြည်းဖြည်းရှိုက်ဖွာနေစဉ်မှာပဲ သူ့ရုံးခန်းတခါးက ပွင့်လာသည်။

"ကျွီ...."

သံရှည်ဆွဲပြီး ပွင့်သွားတဲ့တံခါးအ၀မှာ ရပ်နေသူအားကြည့်လိုက်တော့ ပုဆိုးခပ်နွမ်းနွမ်းနဲ့ ရင်ဘတ်မှာ အပေါက်ကြီး၊အပေါက်ငယ်တွေ‌ပါသော စွတ်ကျယ်ချိုင်းပြတ်ကို၀တ်ထားတဲ့လူငယ်တစ်ယောက်။မိန်းမဆန်တဲ့ မျက်နှာကျပုံစံနဲ့ ထိုကောင်လေးဟာ သူ့ရဲ့အပေါ်ယံအ၀တ်တန်ဆာနဲ့ မလိုက်ဖက်သော အရှိန်အဝါတွေရှိနေသည်။
ဦးတေဇမျက်ခုံးတွေ တွန့်ကြုံ့ကုန်သည်အထိ ‌ဒေါသထွက်သွားသည်။

"ဒုန်း!!!!"

"မင်းတို့ငါ့ကို လာကစားနေကြတာလား...ပြောတော့အသက် လေး၊ငါးဆယ်အရွယ်တွေဆို
...အခု..ဘယ်လိုဖြစ်ပြီး နို့နံ့တောင်မစင်သေးတဲ့အရွယ်ကို...တောက်!!!ကုလား...
ဟေ့ကောင်.ကုလား..."

"ဗျာ...လာပါပြီ...ဆရာ..."

ကုလားမှာ ထိုင်မလို့ကြံခါရှိသေးတယ် ရုံးခန်းထဲသို့အပြေး၀င်လာရပြန်ပါပြီ။

"ဒုန်း!!!!"

"အောင်မလေးဗျ!!..."

၀င်လာလာချင်း...တံဆိပ်တုံးနဲ့ ပစ်အပေါက်ခံလိုက်ရပြန်ပါပြီ။ဒီနေ့က ကုလားတို့ထီပေါက်တဲ့နေ့ ထင်ပါရဲ့။

"‌ဆရာ့...ကျွန်တော်...ဘာလုပ်မိလို့လဲဗျာ..."

"ဘာလုပ်လို့လဲဟုတ်လား...မင်းခေါ်သွင်းလာတဲ့
လူကိုပြန်ကြည့်စမ်း..."

ပြန်ကြည့်ဆိုတာ‌ကြောင့် ကဝိရဲ့မျက်နှာကို သေချာပြန်ကြည့်လိုက်လေသည်။

"တော်တော်ချောတဲ့ ကောင်လေးပဲနော်ဆရာ..."

"ဟာ...ဒီကောင်တော့ကွာ...နွားသတ်မှုကို ရှင်းဖို့အသက်ကြီးတဲ့ကောင်တွေ တစ်ယောက်မှမရှိတော့ဘူးလား..."

"ကျွန်တော်...အဲ့ဒီ့ကိစ္စအတွက်လာတာပါ
...ကျွန်တော်ကမျက်မြင်သက်သေ တစ်ယောက်ပါ..."

ဩရှတဲ့ အသံပါဝါပြင်းပြင်းနဲ့ ပြောလိုက်တဲ့ထိုကောင်လေးကြောင့် ဦးတေဇအနည်းငယ်ငြိမ်ကျသွားသည်။ထိုကောင်လေးကိုလည်း ခေါင်းအစ‌၊ခြေအဆုံးပြန်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ရာ ကုလားလည်း အခန်းအပြင်သို့ပြန်ထွက်သွားသည်။

"ကောင်းပြီ...ထိုင်..."

"ကျွန်တော်..ဒီကိုထိုင်ဖို့လာတာမဟုတ်ပါဘူး..."

ဒီတစ်ခါတော့ ဦးတေဇ၏အကြည့်တွေက ထိုကောင်လေးရဲ့ စူးရှရှမျက်၀န်းတွေနဲ့ အကြည့်ချင်းဆုံလိုက်မိသည်။အတော်လာတဲ့ ကောင်ပဲ။

"ဟုတ်ပြီ...ဒါဆိုရင် ဦးဘက်ကလည်း မင်းကိုအချိန်မိနစ်နှစ်ဆယ်ပဲပေးမယ်..ဘာကြောင့်ဒီကိုရောက်လာတာလဲ...ဘာလိုချင်လို့လဲ..."

မေးစေချင်တဲ့ မေးခွန်းအားတန်းမေးလိုက်သော ဦးတေဇကို ကဝိ ရင်ထဲမှပဲကျေးဇူးတင်လိုက်သည်။

"ဒီကိုဘာကြောင့်ရောက်လာရသလဲဆိုတော့
..ကျွန်တော့်သူငယ်ချင်းဖိုးထူးရဲ့ နွားအသတ်ခံလိုက်ရလို့ပါပဲ...အဲ့ဒီ့နွားပိုင်ရှင်ကဖိုးထူးကို အခကြေးငွေပေးပြီး နွားကျောင်းခိုင်းခဲ့တာပါ
...အခုနွားကတူမီးနဲ့ နှစ်ချက်အပစ်ခံရပြီး သေသွားပါတယ်..."

"ဟ...မင်းပြောပုံအရဆိုရင်..နွားကိုသတ်သွားတဲ့တရားခံဆီကို သွားရမှာပေါ့...ဘာလို့ငါ့ဆီကိုလာတာလဲ...ငါ့ကိုနွားကိစ္စလေးကအစ...အခမဲ့ရှေ့နေလိုက်ပေးနေတယ်များ မှတ်နေ‌သလား..."

"မြို့တော်၀န်ပြောသလို...ကျွန်တော်တို့ကတရားခံဆီကိုသွားသင့်တာ မှန်ပါတယ်...ဒါပေမဲ့..အဲ့ဒီ့လူက အပိုင်(၁)ဖြစ်တဲ့ သူကြွယ်မျိုးရိုးထဲကဖြစ်တဲ့အပြင်..ကျွန်တော်တို့ကို ဘယ်လိုမှငဲ့ညှာပေးမဲ့လူမဟုတ်ဘူး..မြို့တော်၀န်ဦးတေဇဆိုတာ...ဒီလိုမတရားတဲ့ အရာတွေကို လက်ပိုက်ကြည့်မနေတတ်တဲ့လူ...အင်မတန် တရားမျှတတဲ့လူဆိုလို့
...ကျွန်တော်တို့အပိုင်(၃)ကလူတွေစုဝေးပြီး ရောက်လာရတာပါ..."

ဒီကောင်လေးပြောနေတာ သူ့အကြောင်းမှဟုတ်ရဲ့လားလို့ သံသယ၀င်မိပေမဲ့ နဲနဲတော့
ကျေနပ်သွားမိတာ အမှန်ပဲ။

"ကောင်းပြီ..ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းပေးမယ်..မင်းတို့ရဲ့နွားကို သတ်ခဲ့တာဘယ်သူလဲ..."

"ဘယ်သူလဲဆိုတာ အရင်မပြောခင်..အပြစ်ကျူးလွန်ခဲ့တဲ့လူက..မြို့တော်၀န်နဲ့အရမ်းခင်မင်‌တဲ့မိတ်ဆွေထဲကဆိုရင်ရော..ဘယ်လိုစီရင်ချက်ချမှာလည်း..."

"ဖြေရှင်းပေးမယ်.."ဆိုတဲ့ စကားအခံကရှိနေလေတော့။နွားသတ်မှု‌ လေးပဲဥစ္စာ ဘာမှသိပ်ခက်ခဲလိမ့်မယ်မထင်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် အရင်ကအမြင်မကြည်ကြတဲ့ အပိုင်(၃)ကလူတွေအကြားမှာ နာမည်ကောင်းလေးတော့ ကျန်သွားမှာကြိမ်းသေတယ်။တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ပေါ့။

"ဒီ‌မှာကောင်လေး...ငါ့နာမည်တေဇ..
ငါ့လက်ထက်မှာ..တရားမျှတမှုကိုပဲ လက်ကိုင်ထားမှာဖြစ်တဲ့အတွက်
..ဘယ်လောက်ချမ်းသာတဲ့လူမျိုးဖြစ်ပါစေ...ငါနဲ့ဘယ်လောက်အတိုင်းအတာအထိခင်နေပါစေ
..ရှင်းရှင်းပြောရရင်ကွာ...မင်းရဲ့နွားကိုသတ်ခဲ့တာက ငါ့ဆွေမျိုးထဲကဆိုရင်တောင်..‌မြို့တော်၀န်
ဦးတေဇရဲ့ တရားဥပဒေအထက်မှာ...ဘယ်သူမှမရှိရဘူး...
ဒီလောက်ဆိုရင်...တရားခံကို မင်းပြောပြဖို့သင့်ပြီမလား..."

ဦးတေဇရဲ့ စကားအဆုံးမှာတော့ က၀ိဟာ ဦးတေဇနဲ့မျက်နှာချင်းဆိုင် ခုံပေါ်မှာ၀င်ထိုင်လိုက်သည်။
ပြီးနောက် ဦးတေဇရဲ့မျက်နှာကို တည့်တည့်ကြည့်ပြီး တစ်လုံးချင်းစီပြောလိုက်သည်က...

"ပိုင်ရှင်ရှိတဲ့နွားကို တရားမ၀င်သတ်ဖြတ်ခဲ့တဲ့လူဟာ..မြို့တော်၀န်ရဲ့ မြေးဖြစ်နေမယ်ဆိုရင်ရော..
မြို့တော်၀န်ဦးတေဇရဲ့ ဥပဒေအထက်မှာ...ဘယ်သူမှမရှိရဘူးလို့ပဲ...ဆက်ပြောနေအုံးမှာပဲလားခင်ဗျာ..."

"ဘာ!!!...မင်းဘာပြောလိုက်တယ်.. "

"နွားကို တူမီးနဲ့တမင်ပစ်သတ်ခဲ့တဲ့လူက..တစ်ခြားသူမဟုတ်ဘူး...မြို့တော်၀န်ရဲ့မြေး..
ထက်အာကာကိုယ်တိုင်ပဲ..."

ဦးတေဇ ကြက်သေသေသွားလောက်အောင် ငိုင်ကျသွားသည်။လက်ထဲမှဆေးလိပ်ကလည်း ကိုင်မိလျက်သားဖြစ်တာကြောင့် အငွေ့တလူလူဖြစ်နေသည်။

"ကောင်လေး...မင်းတော်တော်သတ္တိရှိတာပဲ..
ငါ့သား‌တွေထက် ငါ့မြေးကိုငါပိုချစ်တယ်..
အခုမင်းက ငါ့မြေးကျူးလွန်ခဲ့တဲ့အပြစ်အတွက်..
အဖိုးဆီမှာလာတိုင်နေတာလား..."

ကဝိ မဲ့ပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ခန္တာကိုယ်ကို မတ်မတ်နေလိုက်သည်။ပြီးနောက်မတ်တက်ထရပ်လိုက်သည်။

"မြို့တော်၀န်အထင်လွှဲနေပြီထင်တယ်
...ကျွန်တော်ဒီကိုလာခဲ့တာက..မြေးမှားခဲ့တဲ့အမှားကို..အဖိုးဆီမှာလာတိုင်တာမဟုတ်ပါဘူး...
ပြည်သူတစ်ယောက်အနေနဲ့...နစ်နာခဲ့ရတဲ့အရာတစ်ခုအတွက်..အပြစ်ကျူးလွန်သူကို ဒဏ်ခတ်ပေးဖို့ပဲအုပ်ချုပ်သူထံမှာ လာတိုင်ကြားတာပါ
...ကျွန်တော်ဒီအခန်းထဲကို ၀င်လာတည်းက မြို့တော်၀န်လို့ပဲ သုံးနှုန်းခဲ့တာဟာ...ဒီကိုရောက်လာရတဲ့...ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကို ပြသလိုက်တာပါပဲ..."

"အဟင်း...ကောင်လေး..မင်းကစကားကိုကွေ့ပတ်ပြီးတော့..ပြောတတ်သားပဲနော့..."

ဦးတေဇက ဟန်လုပ်ပြီးရယ်ကျဲကျဲလုပ်လိုက်တော့ ကဝိရဲ့မျက်နှာဟာ သာမန်ထက်ပိုတည်သွားသည်။သူ့စကားကို ဟာသလုပ်ပစ်လိုက်လို့လည်း ဒေါသထွက်သွားသည်။

"မြို့တော်၀န်သာ..နစ်နာသွားတဲ့ပြည်သူရဲ့နေရာမှာ
နေကြည့်ပေးနိုင်ရင်..ကျွန်တော့်စကားတွေက ရယ်စရာဖြစ်နေမှာမဟုတ်ပါဘူး...
နောက်ပြီး..ပိုင်ရှင်ရှိတဲ့ တိရိစ္ဆာန်ကို သတ်သွားတာဟာ...တရားဥပဒေကို မျက်ကွယ်ပြုလိုက်တာပဲ...
မြို့တော်၀န်ကရော..အဘိုးတစ်ယောက်အနေနဲ့ဆိုရင်..ကိုယ့်မြေးရဲ့လုပ်ရပ်အတွက် ဘယ်လိုသဘောရပါသလဲ..."

ကဝိရဲ့ထိုးနှက်ချက်က အရှိုက်ကိုထိသွားလေတော့ ရယ်နေတဲ့ဦးတေဇရဲ့ပါးစပ်ဟာ ချက်ချင်းပြန်စိသွားသည်။

"ကောင်းပြီ..ဒါဆိုရင် ပြည်သူတစ်ယောက်အနေနဲ့မင်းက ဘာဖြစ်စေချင်လဲ..."

"သာမန်အရပ်သားပြည်သူတစ်ယောက်အနေနဲ့
...အုပ်ချုပ်သူကိုယ်စား ကျွန်တော်ဆုံးဖြတ်ပေးဖို့
အတင့်မရဲပါဘူး...မြို့တော်၀န်ဘက်ကသာ
...အုပ်ချုပ်သူတစ်ယောက်‌အနေနဲ့..
မြေးတော်ဆက်တဲ့ အပြစ်ကျူးလွန်ခဲ့တဲ့ပြည်သူတစ်ယောက်ကို ဘယ်လိုမျိုးအပြစ်ဒဏ်ပေးမလဲဆိုတာပဲ သိခွင့်ရချင်ပါတယ်..."

"မင်း!!!!!"

ငယ်ရွယ်မှုနဲ့မှမလိုက် အားလုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ သူ့လိုမြို့တော်၀န်ကို တန်ပြန်ဆိုက်ကြည့်နေတဲ့ ဒီကောင်လေး။
တကယ်ကို မခေဘူးပဲ။စကားလမ်းကြောင်းမျိုးစုံနဲ့ စီကာပတ်ပျိုးပြီး နောက်ဆုံးမှာ တေဇလိုလူကို ချည်ပြီး၊တုပ်ပြီး လုပ်ချလိုက်တာ ဒီလိုကလေးမျိုးသာ တေဇရဲ့မြေးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ရုံးခန်းထဲတွင် တိတ်ဆိတ်သွားသည့်နည်းတူ ပိတ်ထားသော တံခါးအပြင်ဘက်တွင် နားဆိုက်ထောင်နေကြသော ဖိုးထူးနှင့် လူကြီးများအဖွဲ့ကလည်း ရင်ခုန်၊စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖြစ်နေကြ လေသည်။

"ဖိုးထူး...ဘကြီးတို့၀င်သွားလိုက်ရင်ကောင်းမလား..."

"နေပါဦးဘကြီးဗြောရယ်...ကဝိကအသိသတ်သေအဖြစ် လိုအပ်မှခေါ်မယ်လို့ မှာခဲ့တယ်လေ
..စောင့်ကြည့်လိုက်ပါအုံးဗျာ..."

"မင်းဘာသိလို့လဲ ဖိုးထူးရဲ့...အဲ့ဒီ့ကောင်တေဇက အကျင့်ကောင်းတာမဟုတ်ဘူး...သူငယ်နှပ်စားလေးဆိုပြီး...နှပ်ချလိုက်မှ.."

"မထင်နဲ့ဗျို့...ဒီကအဘတို့လို လူငါးယောက်၀င်သွားတာထက်...ကဝိလိုလူတစ်ယောက်၀င်သွားတာက...ပိုထိရောက်မှာဗျာ...မယုံရင်စောင့်ကြည့်နေ..."

"လေကလည်း...ကြီးပါ့ကွာ..."

"ကဲပါ...ကို‌ဗြောရယ်..စောင့်သာကြည့်နေလိုက်စမ်းပါ..."

"ကျွီ!!!"

ဘကြီးဗြောကို ဦးမိုးထိန်ဖြောင်းဖျနေစဉ်မှာပဲ ရုံးခန်းတံခါးကြီးက ပွင့်လာသည်။ကဝိဟာခြေလှမ်းသွက်သွက်နဲ့ ထွက်လာလေရာ ဖိုးထူးနဲ့တကွကျန်လူများအားလုံးလည်း ကဝိရဲ့ဘေးနားမှာဝိုင်းအုံနေကြလေသည်။

"ကဝိ..အခြေအနေဘယ်လိုလဲ..."

အားလုံး စိတ်၀င်တစားဖြစ်နေကြတဲ့ အချိန်မှာ ကဝိက သူ့ရဲ့ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး လက်မထောင်ပြလိုက်သည်။

"ဟား...ဒါဆို...အဆင်ပြေတယ်ပေါ့.."

"ဟော့ဒီက အိတ်ထဲမှာ မင်းရဲ့နွားအတွက်
လျှော်ကြေးလည်း ပါလာခဲ့သလို...မကြာခင်မှာထက်အာကာကိုယ်တိုင်မင်းဆီကို တောင်းပန်ဖို့လာလိမ့်မယ်တဲ့...ပြီးတော့ သူ့မြေးကိုနောက်မလုပ်ရဲတော့အောင် မှတ်လောက်သားလောက်တဲ့အထိ ဆုံးမပေးမယ်တဲ့...ကဲ.."

"ဒါကထွင်လုံးတွေပါကွာ...သက်သက်လူကြားကောင်းအောင် ပြောလိုက်တာ.."

"မှန်၊မမှန်တော့...စောင့်ကြည့်ရမှာပဲ...ဒါပေမဲ့မင်းရဲ့နွားလျှော်ကြေးတော့ ပြန်ရလာပြီ..."

"ကျေးဇူးပဲ...သားကြီးရာ..."

"ကိုမောင်ကြီးရဲ့ သားကတကယ့်ကိုအာဃပဲဟေ့.."

"ဟုတ်ပါ့ကွာ...တို့အပိုင်(၃)ကလူတွေထဲမှာ ဒီလိုအောင်နိုင်မှုမျိုးကို ကြား..မကြားဖူးပေါင်..."

"အခုတော့...ကြားဖူးပြီမလား..ကိုဗြောရေ..."

"ကြားဖူးပြီ..ကြားဖူးပြီ..."

ကဝိတို့အုပ်စုပြန်သွားပြီးနောက်မှာတော့ ဦးတေဇတစ်ယောက် သားအကြီးဖြစ်သူအဂ္ဂ၏ အိမ်သို့ဖုန်းခေါ်နေလေသည်။

📞"ဟယ်လို...အဖေ..."

📞"အဖေတွေ..ဘာတွေလုပ်မနေနဲ့...အာကာအိမ်မှာရှိလား..."

📞"ရှိတယ်အဖေ...ဘာဖြစ်လို့လည်း..."

📞"အေး..အဲ့ဒီ့ကောင်ကို ဘယ်မှမသွားစေနဲ့..
     သေချာကြည့်ထား...ခြံအပြင်ကိုခြေတစ်လှမ်း
     ထွက်တာနဲ့..ကြူးတဲ့ခြေထောက်ကို ရိုက်ချိုး
     ပစ်...ငါအခုပဲ..မင်းရဲ့အိမ်ကို လာခဲ့မယ်.."

📞"ဘာလုပ်ဖို့လာမှာလဲ..အဖေရဲ့..."

📞"မင်းရဲ့သားကို  ခြေထောက်‌တွေလာရိုက်ချိုး
    ပေးမလို့..."

ဖုန်းကိုအသံမြည်အောင် ချလိုက်ပြီးနောက်မှာတော့ ဦးတေဇမှာ တိုက်ပုံကိုတောင် ပြန်၀တ်မနေတော့ပဲ ရုံးခန်းထဲမှ ခြေနင်းသံပြင်းပြင်းနဲ့ထွက်သွားလေသည်။

သိပ်မကြာခင်မှာပဲ အထူးဆန်းဆုံးပုံပြင်လေး‌တစ်ပုဒ်က သုန္နကမြို့ကြီးထဲမှာ တရစ်ဝဲဝဲလွင့်ပြန်ကုန်လေသည်။"ဆင်းရဲသားအလွှာဖြစ်တဲ့ အပိုင်(၃)မှ လူငယ်လေးတစ်ယောက်ဟာ ဦးတေဇလို ပုဂ္ဂိုလ်ကြီးအား သူ့မြေးကို သူကိုယ်တိုင် ကျာပွတ်နဲ့ရိုက်နှက်အပစ်ပေးလောက်အောင်အထိ  တောင်းဆိုနိုင်ခဲ့လေသတည်း"ဆိုသော သတင်း‌တွေဟာ လူအများပါးစပ်ဖျားမှာ မပြောရမနေနိုင်လောက်အောင်အထိ ဟိုးလေးတ‌ကျော်ကျော်ဖြစ်သွားရလေသည်။
ထိုအာဃလူငယ်လေး၏နာမည်ကို
မသိကြသည့်တိုင် အင်မတန်မှသတ္တိရှိသူရယ်လို့ ထောပနာပြုကြလေတော့သည်။

အခန်း၈..ဆက်ရန်......

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁


=========================================================================

အခန်း၈
            🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸

ညဉ့်ရဲ့တိတ်ဆိတ်မှုဟာ ကျွန်တော့်အာရုံထဲက အိပ်မက်တွေကို ပိုနက်နဲလာစေတယ်။ ကျွန်တော့်ရဲ့
နှလုံးခုန်နှုန်းတွေဟာ အရမ်း‌မြန်နေပြီး စိတ်လှုပ်ရှားမှုတွေကလည်းပြင်း‌ထန်နေတယ်။
ကျွန်တော့်အမြင်အာရုံထဲမှာ လူလေးယောက်က ကျွန်တော်တို့နေတဲ့ အိမ်လေးကိုဖြတ်စီးနေကြတယ်။

သူတို့ကို မလုပ်ဖို့တားဆီးနေတဲ့ ကျွန်တော့်ကိုလည်း သွေးထွက်သံယိုဖြစ်အောင် ထိုးနှက်နေကြတယ်။ဘာကြောင့်လဲ?။ သူတို့ဘာလို့ ဒီလိုလုပ်နေကြတာလဲ?။ ကျွန်တော် သူတို့အ‌ပေါ်ကိုဘယ်လိုအမှားများ ကျူးလွန်ထားမိလို့လဲ။? ဒီလူတွေကို ကျွန်တော်သိတောင် မသိဘူး။?
ဗိုက်ကို ဆောင့်အကန်ခံလိုက်ရတာကြောင့် ကျွန်တော် မြေကြီးပေါ်သို့ ပစ်လဲကျသွားတဲ့အချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ပြေးလာတဲ့ လူတစ်ယောက်က သံတုတ်ကိုလွဲလိုက်ပြီး ကျွန်တော့်ခေါင်းကို ရိုက်ချလိုက်တဲ့အချိန်...

"အား!...မလုပ်နဲ့!!!..."

"သား...သားဘာဖြစ်တာလဲ...သား!!"

ကျွန်တော့်ကို လှုပ်နှိုးနေတဲ့လက်တစ်စုံကြောင့် လန့်နိုးသွားတဲ့အချိန်မှာ ကျွန်တော့်ကိုအုပ်မိုးကြည့်နေတဲ့အဖေ့ကိုမြင်လိုက်ရတယ်။

"အဖေ...ကျွန်တော်အိပ်မက်မက်နေခဲ့တာပေါ့..."

ကယ်သူပေါ်လာပြီဆိုတဲ့အတွေးနဲ့ ကျွန်တော်
အဖေ့ကို ဖက်တွယ်ထားလိုက်သည့်နည်းတူ မျက်ရည်တွေကလည်း ဘယ်လိုမှထိန်းလို့မရအောင် ကျလာသည်။

"ဘာဖြစ်လို့လဲသား..ဘယ်လိုအိပ်မက်ဆိုးတွေများ မက်လို့လဲ...အဖေ့ကိုပြောပြစမ်းပါ..."

ကျွန်တော်မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီး ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ အဖေ့ကို သေချာကြည့်လိုက်တယ်။

"အဖေ...အိပ်မက်ထဲမှာ...ကျွန်တော်တို့အိမ်လေးကို လူတွေဝိုင်းဖြိုနေကြတယ်...အဲ့ဒီလူတွေကို ကျွန်တော်အော်ဟစ်ပြီးတားပေမဲ့...ကျွန်တော့်ကိုဝိုင်းပြီးထိုးကြိတ်ကြတယ်..."

"ဘာမှမဖြစ်ပါဘူး...သားရယ်...ဒါကအိပ်မက်ဆိုးတစ်ခုသက်သက်ပါပဲကွာ..."

"မဟုတ်ဘူးအဖေ...ဒါကသာမန်အိပ်မက်မဖြစ်နိုင်ဘူး...ဒါနမိတ်ပြတာပဲနေမှာ...တကယ်ဖြစ်လာရင် ရောဘယ်လိုလုပ်ကြမလဲ...ကျွန်တော်တို့သားအဖနှစ်‌ယောက်လုံး လမ်းဘေးရောက်ကုန်မှာပေါ့အဖေရဲ့..."

"စိတ်မပူပါနဲ့သားရယ်..ဘာမှကြီးကြီးမားမားမဖြစ်နိုင်ပါဘူး...အခုလည်းအဖေတို့သားအဖအဆင်ပြေနေတာပဲ မဟုတ်လား...အိပ်ပါတော့သားရယ် မနက်ကျရင်စာမေးပွဲရှိတယ်မဟုတ်လား...ဆယ်တန်းစာမေးပွဲကို ထူးချွန်စွာအောင်နိုင်ဖို့ကိုပဲတွေးပါ သားရယ်...ကဲ...အိပ်တော့‌..အိပ်တော့...ငါ့သားအရှေ့မှာအဖေတစ်ယောက်လုံးရှိပါတယ်ကွာ...ဘယ်ကောင်ကတို့အိမ်ကို လာဖြိုလို့ရမှာလဲ...."

ဦးမောင်ကြီးလည်း သားဖြစ်သူကို ချော့မော့ပြီး အိပ်ခိုင်းလိုက်ရပေမဲ့ သူကိုယ်တိုင်ကတော့ ခြင်ထောင်ထဲမှာပဲ ငုတ်တုတ်ကြီး ထိုင်နေမိသည်။
သားရဲ့အိပ်မက်မှန်သမျှက အပြင်မှာတကယ်ဖြစ်လာတတ်တာကြောင့် သူ့ရင်ထဲမှာလည်း
ရတက်မအေးဘူးဖြစ်နေတယ်။

သားအသက်ရှစ်နှစ်လောက်တုန်းကလည်း ဒီလိုတစ်ခါဖြစ်ခဲ့ဖူးပါတယ်။

တစ်နေ့မှာ ရှစ်နှစ်အရွယ် သားလေးက အိမ်ရှေ့က မန်ကျည်းပင်ကြီးကို ကြည့်ပြီးတရှုံ့ရှုံ့ရှိုက်ငိုနေခဲ့တယ်။အလုပ်ကနေ ပြန်လာလာခြင်း ရှိုက်ကြီးတငင်ငိုနေတဲ့ သားလေးကိုတွေ့လိုက်ရတော့ ဦးမောင်ကြီး အင်မတန်စိတ်ပူသွားခဲ့တယ်။

"သားလေး...ဘာဖြစ်လို့ငိုနေတာလဲ...ဖေကြီးကိုပြောစမ်း.."

"ဖေကြီး...သားတို့အိမ်ရှေ့က သစ်ပင်ကြီးကို လူတွေလာခုတ်ကြတော့မယ်...အဟင့်..."

"မဟုတ်တာ သားရယ်..ဘယ်သူကလာခုတ်မှာလဲ...မဖြစ်နိုင်ပါဘူးကွာ..."

"ဟုတ်တယ်ဖေကြီးရဲ့...သစ်ပင်ကြီးသေသွားတာကို သားသေချာကိုမြင်လိုက်ရတာ..ဟင့်..."

အိမ်ရှေ့က သစ်ပင်ကြီးကို လက်ညှိုး‌လေးထိုးပြီး မျက်ရည်တွေ ပါးပြင်မှာစိုရွှဲလာတဲ့ သားလေးကို သူထွေးပွေ့လိုက်သည်။

"ဒီမှာသား...အဲ့အပင်ကြီးက ဖေကြီးတို့ပိုင်တာလေကွာ..ဖေကြီးရဲ့ခွင့်ပြုချက်မရပဲနဲ့...ဘယ်သူကလာပြီးတော့ ခုတ်ရဲမှာလဲ..သားရယ်..
စိတ်ချ...ဒီအပင်ကြီးကို ဘယ်သူမှလာမခုတ်စေရဘူး..."

"တကယ်ပြောတာနော်..ဖေကြီး..."

"တကယ်ပါကွာ...လူကြီးကတိ.."

ထိုမနက်ခင်းမှာ သားလေးကိုရင်ခွင်ထဲမှာ‌ပွေ့ချီထားရင်း အငိုတိတ်အောင် နှစ်သိမ့်နိုင်ခဲ့ပေမဲ့ နေ့လည်ခင်းအချိန် သားလေးအိပ်မောကျနေစဉ်မှာပဲ..

"ဗျို့...ကိုမောင်ကြီး..."

အော်ခေါ်သံတွေကြားလို့ အိမ်အပြင်ဘက်ကိုထွက်ကြည့်လိုက်တော့ လွှတွေ၊ပုဆိန်တွေနဲ့
တူရွင်းတွေကို ထမ်းလာကြတဲ့ လူသုံးယောက်
ကအိမ်ရှေ့မှာ ရပ်နေလေသည်။

"ဘာဖြစ်လို့လဲဗျာ..."

"ဒီလိုဗျာ...မနေ့ညနေကပဲ မတင်ဦးခင်ဗျားတို့အိမ်ရှေ့က ဖြတ်သွားတာလေ အဲ့ဒါမြွေကိုက်ခံရလို့ဗျ အခုဆေးရုံကိုရောက်နေတယ်.. အဲ့တာ ခင်ဗျားတို့အိမ်ရှေ့က မန်ကျည်းပင်ကြီးက သက်တမ်းကလည်း ကြာနေပြီ..အခေါင်းပေါက်ကြီးနဲ့ဆိုတော့..အထဲမှာမြွေတွေရှိနိုင်တယ်ဗျ...
မတင်ဦးပြောတာတော့ အဲ့အပင်ဘေးကဖြတ်လျှောက်ရင်းနဲ့ အကိုက်ခံရတာတဲ့...
ဒါကြောင့်...ဒီအပင်ကြီးကို ကျုပ်တို့ခုတ်လှဲပစ်မှရမယ်...ရပ်ရွာအတွက်အန္တရယ်ရှိတယ်ဗျ...ခင်ဗျားဆီကနေ ခွင့်ပြုချက်လာတောင်းတာဗျာ...ခွင့်ပြုမယ်မလား...."

ဦးမောင်ကြီးလည်း သက်ပြင်းမောတွေချမိရင်းသာ ခွင့်ပြုလိုက်ရပါတော့တယ်။

ငယ်ငယ်ကဆိုရင် သားလေးဟာ အနာဂတ်အကြောင်းအရာတစ်ချို့ကို အိပ်မက်တွေကနေချည်းပဲ ကြိုမြင်နိုင်တာမဟုတ်ပဲ ဒီအတိုင်းနေရင်းနဲ့ကို အလိုလိုမြင်နေခဲ့တာပါ။အခုအသက်ကြီးလာမှသာ အကြိမ်ရေကျဲလာခဲ့တာ။

"ဖေကြီး...ဘကြီးဗြောရဲ့ နွားမကြီးကသေတော့မှာသိလား..."

"ဖေကြီး...ဒေါ်မတုတ်တို့ အိမ်ကြီးမီးလောင်တော့မယ်..ဖေကြီးသွားပြီးသတိပေးလိုက်ပါလား..."

"ဖေကြီး..ဦးမောင်လွင်ခိုင်ကို...ဒီနေ့အပြင်မထွက်ဖို့ သွားပြောပေးပါလား...သူ့ညာဘက်ခြေထောက်ကျိုးပြီး ပြန်လာရလိမ့်မယ်..."

ထိုသို့တစ်နေ့တစ်မျိုး မရိုးရအောင် ပြောပြနေတဲ့သားကြောင့် အခြားသူတွေအတွက် စိတ်ပူပေးရတာကလည်း ဦးမောင်ကြီးရဲ့ အလုပ်တစ်ခုလိုဖြစ်လာခဲ့တယ်။
တစ်ခုရှိတာက သားလေးဟာ သူမြင်နေရတဲ့
အရာတွေအကြောင်းကို အဖေဖြစ်သူကလွှဲပြီး ဘယ်သူ့ကိုမှမပြောပြတတ်ဘူး။
တကယ်လို့ပြောပြခဲ့ရင်လည်း လူတွေက
ကဝိလေးကို စုန်း၊ကဝေဆိုပြီး အထင်လွှဲကြမှာသေချာတယ်။

ရှေးဘ၀က သူ့ရဲ့ကျင့်ကြံအားထုတ်မှုတွေရှိခဲ့လို့သာ ဒီဘ၀မှာ သူများတွေနဲ့မတူတဲ့ အာရုံခံစားမှုတွေရနေတယ်လို့သာ တွေးထင်မိပါတယ်။ဘယ်လိုပဲ အနာဂတ်ကိုကြိုမြင်နိုင်ပါစေ၊ဖြစ်လာမဲ့အရာကတော့ ဖြစ်လာမှာပါပဲ။

ဒါ‌‌ကြောင့်သားက "ဘယ်သူတော့ဒုက္ခရောက်နေပါပြီ..သွားတားပေးပါဦးဆိုပြီး.."အကြိမ်ပေါင်းများစွာ ပြောခဲ့ပေမဲ့ ဦးမောင်ကြီးကတော့
ဘယ်သောအခါမှ မတား‌ပေးခဲ့ပါဘူး။
မြတ်စွာဘုရားလို ပါရမီဆယ်ပါးနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ထူးတောင်မှ သေခြင်းတရားနဲ့ရင်ဆိုင်ခဲ့ရသေးတာပဲ‌လေ။
သာမန်ပုထုဇဉ်တွေက ကံတရားကိုဘယ်လိုများ ဟန့်တားနိုင်ပါ့မလဲ။

"သားလေးရယ်...တကယ်လို့များတို့သားအဖရဲ့ အိမ်လေးကို ဖြတ်စီးလာခဲ့သူတွေရှိခဲ့ရင်လည်း...
အဖေ့အပြစ်တွေလို့သာ မှတ်ယူလိုက်ပါ...အဖေအသုံးမကျလို့ပါကွာ..ဒါပေမဲ့ငါ့သားကို ဒီလိုဆင်းရဲတွင်းထဲမှာ အဖေအကြာကြီးမထားပါဘူးကွာ
...တစ်နေ့နေ့တော့သားနဲ့ သက်ဆိုင်တဲ့နေရာတစ်ခုကို အဖေ‌ မရောက်ရောက်အောင်ပို့ပေးပါ့မယ်...
ငါ့သားက တောင်ခြေမှာရှိတဲ့ အနှိမ်ခံတို့ရဲ့မြေမှာ ခြေနင်းရမဲ့လူမဟုတ်ပါဘူးကွာ..."

ခေါင်းအုံးအနွမ်းလေးပေါ်သို့ လှဲချလိုက်ပြီးနောက် မျက်၀န်းတွေကို ပိတ်ချလိုက်ရာ မျက်‌လုံးထောင့်စွန်း တစ်ဖက်တစ်ချက်ဆီမှ မျက်ရည်တို့စီးကျလာလေသည်။

နှစ်ပေါင်းများစွာ ရင်ထဲမှာမျိုသိပ်ထားတဲ့လျှို့ဝှက်ချက်ကြီးက သူ့စိတ်ကိုတကယ်ပဲ လေးလံစေပါတယ်။ဒါပေမဲ့ သားလေးကိုမခွဲနိုင်တဲ့စိတ်က ဖွင့်ဟမပြောဖို့ တားဆီးနေခဲ့တာ ဆယ့်ခြောက်နှစ်တာ ကာလအထိရှိခဲ့ပါပြီ။
အမိမဲ့သားလေးကို သူ့ရင်မှာပိုက်ပြီး
အမေလိုတစ်မျိုး၊အဖေလိုတစ်မျိုး သူထွေးပွေ့ချော့မြူခဲ့ရတာ ဘယ်လိုအသဲနှလုံးနဲ့များ အဝေးကိုတွန်းပို့ ရပါ့မလဲ။

"အောက်အီးအီးအွတ်!!!"

လင်းကြက်တွန်သံနဲ့အတူ နှိုးထလာတဲ့ ကဝိရဲ့ ရုပ်ရော၊ခန္ဓာရောဟာ အင်မတန်ကိုလန်းဆန်းတက်ကြွနေသည်။
အဖေမရှိတော့ပုံထောက်ရင်တော့ အလုပ်သွားတာပဲနေမယ်။မိုးခေါင်မှုကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကြောင့် အိမ်နောက်ဖေးမှာတူးထားတဲ့ ရေကန်မှာလည်း ရေတွေခမ်းခြောက်ကုန်လေပြီ။ဒါကြောင့် ရေရောင်းရတဲ့ ပိုက်ဆံကအရင်ရက်တည်းက ကုန်သွားခဲ့တာပါ။၀မ်းရေးအတွက် လိုအပ်လာတော့ အဖေအလုပ်ပြန်ထွက်လုပ်ရပြီပေါ့။

ဆယ်တန်းစာမေးပွဲဖြေတဲ့နေ့‌တွေမှာ အဖေသာအနားမှာရှိနေပေးနိုင်ရင်သိပ်ကောင်းမှာပဲ။
အဖေ့အားပေးစကားသံတွေကိုလည်း ကြားချင်နေမိတယ်။သို့ပေမဲ့ စာမေးပွဲနောက်ဆုံးနေ့သာ ရောက်လာခဲ့ပေမဲ့ ကျွန်တော့်ဆုတောင်းကတော့ မပြည့်ခဲ့ပါဘူးလေ။
 
"အဖေရေ...ဒီနေ့ပြီးရင် အဖေ့ကိုသားတစ်လှည့်ပြန်လုပ်ကြွေးပါရစေ..."

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားပြီး ‌ခြင်ထောင်အမြန်သိမ်း၊မျက်နှာ အမြန်သစ်ပြီး ထမင်း၊ဟင်းချက်ဖို့ မီးဖိုထဲသို့ ၀င်သွားလိုက်တယ်။

"ဟာ...အဖေက..ထမင်းတွေရော..ဟင်းတွေရောချက်သွားတာပဲ.."

အဖေချက်ထားခဲ့တဲ့ ပဲငါးပြာရည်ချက်နဲ့ ကန်စွန်းရွက် ချဥ်ရေဟင်းလေးကို စားလိုက်ရတာကြောင့်စာမေးပွဲဖြေဖို့ အားမာန်တွေအလိုလိုပြည့်ဖြိုးသွားသလိုပဲ။
ထမင်းစား၊‌သောက်ပြီးတဲ့နောက် ကျောင်းစိမ်း၀တ်စုံလေးကိုလဲ၀တ်လိုက်ပြီး စာမေးပွဲခန်းထဲမ၀င်ခင် ပြန်နွေးဖို့ ဘိုင်အိုစာအုပ်လေးကို လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။အပြင်ကို ထွက်လိုက်တယ်ဆိုရင် ကျောင်းတော်ကြီးဆီသို့ လှမ်းနေတဲ့ခြေလှမ်းတွေက အရင်ရက်တွေကထက် ပိုတက်ကြွသွက်လက်နေသလိုပါပဲ။

"ကလင်...ကလင်...ကလင်..."

"ဟေး...လွတ်ပြီ...ကျွတ်ပြီကွ..."

စာမေးပွဲကြီးပြီးသည်နဲ့ ကျောင်းသားတွေအားလုံးလည်း တဝေါဝေါနဲ့အပျော်တွေလွန်နေကြလေသည်။

"ဟေ့ကောင်...သင်္ကြန်ရက်ကျရင် မင်းတို့ဘာလုပ်ကြမှာလဲ..."

"ရန်ကုန်ကို အလည်သွားမှာကွာ...အဲ့မှာကပျော်စရာသိပ်ကောင်းတာပဲ..ဒီမှာလို ရေမရှားဘူး"

"ဟ...တို့မြို့ကလည်း တောင်တန်းတွေကို နောက်ခံထားပြီး သိပ်လှပါတယ်ကွာ..မင်းသာသွားရဲရင်...ကျားဖြူတောင်ကိုတောင် အလည်သွားလို့ရသေးတယ်..."

"မသွားရဲပါဘူးကွာ...တို့ကကျားကြောက်တယ်ကွ.."

"ဟား..ဟား..."

"မင်းကရော...ပိတ်ရက်မှာဘာလုပ်မှာလဲ..."

"အိမ်မှာ‌ပဲ နေမှာပေါ့ကွာ စာမေးပွဲရလဒ်ကိုစောင့်ရင်းနဲ့ သုန္နကတောင်တန်းတွေပေါ်မှာခြေဆန့်ရင်း
တောထဲမှာ အမဲလိုက်မယ်ကွာ...ငါ့ဦးလေးလုပ်ပေးထားတဲ့ တူမီးကသိပ်မိုက်တာကွ..."

ဆယ်တန်းပြီးတဲ့နောက်မှာ အပျော်ရှာဖို့ကိုသာ ဆွေးနွေးနေကြတဲ့ ကျောင်းသားနှစ်ယောက်ဟာ ကျွန်တော့်ကို ကျော်တက်သွားပြီး ခပ်မြန်မြန်လျှောက်နေကြလေသည်။ကျွန်တော့်အဖို့တော့ ဘယ်လိုအနားယူရမယ်ဆိုတာထက် ပိုက်ဆံရအောင် ဘာလုပ်ရမလဲဆိုတာတွေကပဲ ခေါင်းထဲမှာပတ်ချာလည် ရိုက်နေသည်။

ကျောင်း၀န်းအပြင်ဘက်ကို ‌ခြေချမိတဲ့အချိန်မှာ လွတ်လပ်သွားတဲ့ ခံစားမှုနဲ့အတူ ရင်ထဲမှာပေါ့ပါးသွားသလိုမျိုးပဲ။
ညဘက်တိုင်း စာကိုအသေအလဲကျက်ရတဲ့ ဘ၀ကနေကျွတ်ပြီ..အတန်းထဲမှာသူများပြောဆိုတိုင်း အောင့်အီးသည်းခံလာခဲ့ရတဲ့ဘ၀ကနေ လွတ်ပြီ။

"ကောင်လေး..မင်းနာမည်..ကဝိလား..."

ကျွန်တော့်နောက်ပါးမှ ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်လိုက်မိတော့ အရပ်ထောင်ထောင်မောင်း
မောင်းနဲ့ လူကြီးနှစ်ယောက်။

"ဟုတ်ပါတယ်..ကျွန်တော့်နာမည်..ကဝိပါ..."

"ဒါဆိုရင်...မင်း..ဦးတို့နဲ့ခဏလိုက်ခဲ့ပေးပါ..."

ခပ်ဝေးဝေးမှာရပ်ထားတဲ့ ကားဆီသို့ မေးငေါ့ပြီး
မိုက်ကြေးခွဲသလို ဟန်ပန်မျိုးနဲ့ပြောနေကြတာကြောင့် ကျွန်တော်နဲနဲတော့ ဘ၀င်မကျဖြစ်သွားမိတယ်။

"မလိုက်ဘူး ဆိုရင်ရော..."

"ခေါ်ခိုင်းတဲ့လူက မင်းကိုရအောင်ခေါ်လာခဲ့ဖို့ ပြောလိုက်တာကြောင့် အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ခေါ်ရမှာပဲ...ကဲ..ကောင်လေး မင်းဘယ်လမ်းကိုရွေးချင်လဲ..."

ပုံစံတွေက တကယ့်ဖိုက်တာကြီးတွေလိုမျိုး လက်သီးတွေဆုပ်ပြပြီး ဇာတ်ပိုးတွေကိုပါ တကျွတ်ကျွတ်မြည်အောင် ချိုးပြနေကျလေတော့
ကျွန်တော် နဲနဲတော့ ကြောက်စိတ်၀င်လာတယ်။

"ကျွန်တော့်ကို တွေ့ချင်တဲ့လူက ဘယ်သူလဲဆိုတာ ပြောပြမယ်ဆိုရင် ကျွန်တော်လိုက်ခဲ့မယ်...ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်ကလည်း အကြမ်းနည်းနဲ့အော်ဟစ်အကူအညီတောင်းရလိမ့်မယ်..."

ပတ်၀န်းကျင်မှာ သွားလာနေကြတဲ့ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေ ရှိနေကြတာကြောင့် ထိုလူနှစ်ယောက်ကလည်း အနည်းငယ်စိုးရိမ်သွားပုံပေါ်ကာ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြသည်။

"မင်းကို ခေါ်ခိုင်းလိုက်တဲ့လူက...မြို့မျက်နှာဖုံး
ဦးအဂ္ဂပဲ..."

"ဘာ..."

အခန်း ၉..ဆက်ရန်.....
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...