🌿အခန်း ၃၇ မှ အခန်း ၄၀ 🌿

                                                                 


 အခန်း၃၇

          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


မိုးဥတုကုန်လွန်၍ ဆောင်းဟေမာန်ပင် အစပျိုးလို့ လာချေ‌ပြီ။
အချိန်က မနက်ဝေလီဝေလင်း နှင်းမြူမစဲချိန်ဖြစ်နေသည်ကြောင့် ပတ်၀န်းကျင်ကလည်း အဖြူရောင် မြူငွေ့တို့နှင့်သာ ပြည့်နှက်နေလေသည်။
သူ့ခြေဖဝါးအောက်တွင်ရှိသော မြက်ပင်က‌လေးတွေတောင်မှ တစ်ညလုံးနှင်းရေတို့ကို သောက်သုံးထားလို့ ထင်ပါရဲ့ အေးမြစိုစွတ်မှု အပြည့်ဖြစ်နေသည်။

လက်ဖဝါးနဲ့ သူ့မျက်နှာတွေ ၊မေးစေ့တွေကိုစမ်းကြည့်လိုက်မိတော့ နှစ်ပတ်ဆိုသည့်အချိန်ကာလအတွင်းမှာ မရိတ်မသင်မိလို့ မှုတ်ဆိတ်လေးတွေတောင် ခပ်ကျဲကျဲပေါက်နေသည်။

တိမ်ပင်လယ်ကြီးကို ငေးကြည့်ရင်းနှင့် အေးချမ်းမှုနဲ့ လွတ်လပ်မှုကို တစ်ချိန်ထဲမှာ ခံစားလိုက်ရသည်။

သုန္နကတောင်တန်းတွေရဲ့ အရှေ့ဘက်သည် မိုးခေါင်ရေရှားသော အရပ်ဖြစ်တာကြောင့် အပေါ်စီးမှ ကြည့်လျှင့် သစ်ပင်၊ပန်းမန်တို့ကအစ ဝါကျင့်ကျင့်အရောင်သို့ ထင်ဟပ်နေလေသည်။
တောင်တန်းကြီးရဲ့ အနောက်ဘက်အပိုင်းမှာတော့  မြစ်လက်တက်ကလေးက ဖြတ်စီးနေလေတော့  အမြဲစိမ်းလန်းနေသည်။

ထိုမြစ်လေးသာ လူနေအရပ်နဲ့နီးရင်ဖြင့် ငယ်ငယ်တုန်းက သုံးရက်နေမှရေတစ်ခါချိုးရသည့်အဖြစ်ကနေ ကင်းလွတ်ခွင့် ရမှာသေချာသည်။
အခုတော့ လူတွေသုံးယူလို့ မရတဲ့အဝေးတစ်နေရာမှာ အထီးကျန်နေရပြီပေါ့။

ဒါ့အပြင် ကျွန်းသစ်ပါ ပေါပေါများများပေါက်ရောက်နေတာကြောင့် ဦးအဂ္ဂတို့လို‌လူတွေအတွက် မျက်စိကျစရာဖြစ်နေမှာသေချာသည်။
ဒီလူတွေ လုပ်တဲ့အလုပ်ကတရား၀င်တာထက် တရားမ၀င်တဲ့သစ်တင်ပို့မှုတွေကပိုများနေမယ်ဆိုတာ သေချာပါတယ်။
ဒါပေမဲ့ တောထဲမှာ လျှို့ဝှက်ပြီး‌
နေနေကြတာကြောင့် သက်သေနဲ့တကွ လက်ထောက်ချဖို့ရာ မတတ်နိုင်ဘူးဖြစ်နေသည်။

"ဆရာ...ဘာတွေတွေးနေတာလဲ..."

ဦးလူထိန်၏ အသံကြောင့် တိမ်ပင်လယ်တွေကို တမေ့တမော ငေးကြည့်နေရင်းမှ လှည့်ကြည့်လိုက်မိသည်။။                   
                                          
ဦးလူထိန်ဟာ လက်ထဲတွင်Krug Grande Cuvée Brut Champagne တံဆိပ်နှင့် ရှန်ပိန်ကို ကိုင်လာပြီး သူ့အရှေ့တွင်ရှိသော သစ်တုံးအပိုင်းကြီးပေါ်သို့ တင်လိုက်သည်။
အသင့်ယူလာသည့် ဖန်ခွက်ကလေးထဲသို့  ရှန်ပိန်ကိုငှဲ့လိုက်ပြီး သူ့ဆီသို့ကမ်းပေးလာသည်။

"ဒီရှန်ပိန်က ဝိုင်အမျိုးပေါင်းနှစ်ရာနဲ့ ဖော်ထားတာ...ဒေါ်လာနှစ်ရာကျော်တယ်နော်...ခင်ဗျားဖွက်ပြီး ယူလာရဲတယ်ပေါ့...."

"အဟင်း...ဆရာ့အတွက်...ကျွန်တော့်ရဲ့စေတနာပါ...ရာသီဥတုက အေးတယ်လေ...ရှန်ပိန်လေးနဲ့မှကွက်တိ..."

ဦးလူထိန်က ဖန်ခွက်နောက်တစ်ခုထဲကို ငှဲ့ထည့်နေတာကြောင့် သူပြုံးလိုက်မိရင်း ဖန်ခွက်ကို ယူလိုက်သည်။တိမ်ပင်လယ်ဘက်သို့ မျက်နှာပြန်မူကာ ပြေပြေလေးသွားလာနေသည့် တိမ်လိပ်လေးတွေကို ငေးရင်းနှင့် ရှန်ပိန်အရသာကို မြည်းကြည့်‌လိုက်သည်။

"ဆရာ...ဒီနေရာလေးကို ရှာတွေ့တာတကယ်ကို ကောင်းတယ်ဗျာ...ဘန်ဂလိုတွေနဲ့ ရီဇော့ထ်တွေသာ  ဆောက်ပြီးရင် ခရီးသွားတွေ အတော်လေးစည်လာမဲ့နေရာပဲ..."

"အဟင်း...ဒီနေရာကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အရင်ခေါ်လာခဲ့တာ...ဟိုအရင်က လွတ်လပ်တဲ့ လူငယ်ဘ၀လေးကို ခံစားခဲ့ရစဉ်မှာပေါ့...အဲ့အချိန်တည်းက ကျွန်တော့်မှာစိတ်ကူးလေးတစ်ခု ရှိခဲ့ဖူးတယ်...တစ်ချိန်ချိန်မှာ မိသားစုလိုက်လေး ဒီနေရာကို ပျော်ပျော်ပါးပါးပြန်လာခဲ့မယ်ဆိုပြီး...အခုတော့ တစ်ခြားမိသားစုတွေအတွက် နွေးထွေးတဲ့ ရပ်၀န်းလေးတစ်ခု တည်ဆောက်ပေးနိုင်တော့မှာပေါ့..."

"မိသားစုအကြောင်း ခဏခဏပြောနေပုံထောက်ရင်..ကြည့်ရတာ...တို့စရာ...မိန်းမယူချင်နေပြီနဲ့တူတယ်...ဘယ်လိုလည်း ဒေါက်တာမလေးကို လက်ထပ်ခွင့်တောင်းတော့မှာလားဗျ..."

ဒေ၀အဖို့ အပြုံးတစ်ခုကို တမင်ဖန်တီးပစ်လိုက်သည်။
မျက်၀န်းတွေကလည်း တိမ်ပင်လယ်ကြားထဲမှ ထွက်ပြူလာစ နေမင်းကြီးကို ကြည့်နေရင်းနှင့်ပေါ့။

"တကယ်လို့...တစ်ချိန်ချိန်မှာ...အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ရင်တောင်...ဦးအဂ္ဂရဲ့သမီးတွေတော့ မဖြစ်စေရဘူး..."

"ဒါဆိုရင်...ဘာကြောင့်များ...ဒေါက်တာမလေးနဲ့ လူသိရှင်ကြားတွဲနေရသလဲ ဆရာရယ်..အဲ့လိုလုပ်တာတော့ မကောင်းဘူးထင်ပါတယ်..."

"အဟင်း...ခင်ဗျားကို...လူတစ်ယောက်က ကျွန်ကောင်လို့ပြောရင်...အဲ့ဒီ့လူကို ခင်ဗျားဘာပြန်လုပ်မလဲ..."

"ဟ...ပြောရဲပြောကြည့်ပါလား...ဆွဲ ထိုးမှာပေါ့...
ဆရာရယ်...လူလူချင်း လာပြောစရာလား..."

"အေး...ဒီလိုလေးကြားလိုက်တဲ့ ခင်ဗျားတောင် သည်းမခံနိုင်ဖြစ်နေရင်...အခေါက်ရေမထိအောင် ကျွန်ဆိုတဲ့ အသုံးအနှုန်းနဲ့ ပစ်အပေါက်ခံရတဲ့ ကျွန်တော်..ဘာလုပ်သင့်သလဲ..."

တဖြည်းဖြည်း တက်လာသည့် နေအလင်းရောင်ဟာ ‌ဒေ၀၏ မျက်၀န်းတွေကို စူးရဲစွာ ရောင်ပြန်ဟပ်နေလေသည်။ဒေ၀ကလည်း မျက်တောင် မခက်စတမ်း အလင်းတန်းတွေကို တုယှဉ်ပြိုင်ပြီး ကြည့်‌နေလိုက်သည်။
သူ့မျက်၀န်းထဲမှ နားကျဉ်းချက် အပိုင်းအစတွေဟာလည်း မီးတောက်ကဲ့သို့ဖြစ်လာသည်။

"ဟေ့...ကိုလူထိန်...."

အသံအကျယ်ကြီးနဲ့ လှမ်းခေါ်လိုက်သော လူကိုကြည့်လိုက်မိတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာ ကိုမျိုးဆွေဖြစ်နေသည်။

"ရှန်ပိန်သောက်တာ ကျွန်တော့်တောင် မခေါ်ဘူးဗျာ...စိမ်းကားချက်..."

"ခင်ဗျားတို့အဖွဲ့က အခုမှနိုးကြတာကိုးဗျ..."

ဆောက်လုပ်ရေးက ခုနှစ်နှာရီခွဲမှ လုပ်ငန်းစတာဆိုတော့ အလုပ်သမားတွေက ခြောက်နာရီခွဲလောက်မှ ထကြလေသည်။
ထမင်းချက်သမားတွေက အစောကြီးထချက်ကြတာကြောင့် အလုပ်သမားတွေအတွက် အစားအသောက်ကပူစရာမလိုပဲ မျက်နှာသစ်၊မနက်စာ အဆင်သင့်စားကာ အလုပ်တန်းလုပ်ကြဖို့သာ ရှိလေသည်။

"ဒါနဲ့...ဆရာဒေ၀ရော...အိမ်ကိုမပြန်ချင်ဘူးလား
..နှစ်ပတ်တောင်ရှိပြီကို...ဆောက်တာကကြာအုံးမှာနော်...နောက်နေရာမပြောင်းခင်...အိမ်သူသက်ထားဆီအမြန်ပြေးပြီး...အနမ်းတွေနဲ့
...အလွမ်းသယ်အုံးလေဗျာ..."

"ဟ...ကျုပ်တို့ဆရာက လူပျိုကြီးဗျ...စကားကိုဆင်ခြင်..."

"ဟား...ဟုတ်လား...ဆောရီးဗျာ...ဒီအရွယ်ဆို
..တစ်ချို့များကလေးတောင် ဘယ်တစ်ယောက်၊ညာတစ်ယောက်ဖြစ်နေကြပြီမို့လို့ပါဗျာ...
နောက်မကျန်ခဲ့စေနဲ့..ကိုယ့်ဆရာ...လက်စွမ်းတွေကျကုန်မယ်..."

"ဟာ..ဒီလူတော့...ပြောလေကဲလေ...မန်းလေပြဲလေပါလားဟေ့..."

"ဟဲ...ဟဲ...မနက်စာဝါးတီးသွားဆွဲလိုက်အုံးမယ်...သွားပြီဗျို့..."

ရှန်ပိန်ခွက်ကို ‌အကုန်မော့ချပြီး ပြေးထွက်သွားသော ကိုမျိုးဆွေကြောင့် ဒေ၀တောင်ရယ်မိလေသည်။ဘာကြောင့်ရယ်မသိပါဘူး။
အသက်ကလေး သုံးဆယ်နားကပ်လာတည်းက လူတွေကဘယ်တော့ စားရမလဲလို့သာ ခဏခဏမေးလာကြသည်။သူမိန်းမယူမဲ့ ကိစ္စကို တော်တော်စိတ်၀င်စားနေကြတယ်။လူတွေများ။

ဒယ်ဒီ့ကိုတောင် ဖုန်းမဆက်ဖြစ်တာ ကြာနေပါပြီ။ဖုန်းဆက်တိုင်း ဘလိုင်းဒိတ်လုပ်ပေးမယ်။
မိန်းမပေးစားမယ်ဆိုတာချည်းပဲ ကြာတော့ ဗီဒီယိုကောလ်ခေါ်ရင် ဒယ်ဒီ့မျက်နှာကြီးကို တွေ့ရမှာကြောက်လာသလို ဖုန်းပြောရင်လည်း မြေးချီချင်ပြီဆိုသည့် စကားပဲပြောတတ်လွန်းလို့ အသံပါ
မကြားချင်ဖြစ်နေသည်။

"ဆရာ..ဘာတွေတွေးနေတာလဲ...မိန်းမယူဖို့အကြောင်းလား..."

"ဟာ...ခင်ဗျားတို့က ဒါပဲလာပြောနေကြတယ်..."

"ဆရာက အားလုံးပြည့်စုံနေတာကို..ဒါပဲပြောစရာရှိတာပေါ့..."

"နေစမ်းပါဗျာ..."

"ဟာ...‌ဆရာ...ဘယ်သွားမလို့လဲ..."

"အိမ်ကိုနှစ်ရက်လောက် ပြန်အုံးမယ်..ခင်ဗျားတို့နဲ့နေရတာ...စိတ်ဆင်းရဲလို့..."

ဆရာလူပျိုကြီး ဒေါ်သအချဉ်ပေါက်သွားပြီထင်ပါရဲ့ ချက်ချင်းကို ပြန်ဖို့ဖြစ်သွားလေသည်။
ဆရာက တကယ့်ကိုစိတ်မြန်၊လက်မြန်လူပါ။
ဒေါသကလည်း အင်မတန်ကြီးသည်။
ဆရာ့လို လူကို ယူမဲ့မိန်းမဟာ သေချာပေါက်
ဆရာ့ကိုနိုင်မှဖြစ်ပေလိမ့်မည်။မဟုတ်ရင်တော့
ဆရာ့ဒေါသနဲ့တင် ပိပြားနေမှာသေချာပါတယ်။
ရုပ်ချောသလောက် စိတ်ကလေးကလည်း အဆင်ချောနေခဲ့ရင်များ တို့ဆရာကံပွင့်ချက် လန်ထွက်နေမှာ သေချာတယ်။အခုများတော့ ဘေးနားနေရတဲ့ သူတောင်ခပ်လန့်လန့်ရယ်ပါ။

🍁🍁🍁🍁🍁🍁🍁

"ကျေးဇူးပဲဟာ...ငါ့သူငယ်ချင်းလေး ဘုန်းကြီးလို့အသက်ရှည်ပါစေ..."

"အမယ်လေး...နေ့တိုင်း‌တင်ခေါ်နေကြကိုများ..
ကြွ မြန်မြန်ကြွ..."

"အေးပါ..မိဖြူရယ်..."

"ဟာ...ဒီအေးပုကတော့..."

အေးပုမက ဖြူလုံးကို မျက်နှာပြောင်ပြပြီး တစ်ဖက်ခြံထဲသို့ ပြေး၀င်သွားလေသည်။
ကျောင်းဆင်းတိုင်း အေးပုကိုစက်ဘီးနဲ့ တင်ခေါ်လာတာ နှစ်ပတ်ရှိနေလေပြီ။ကိုကြီး ခရီးထွက်သွားတာလည်း နှစ်ပတ်တောင်ပြည့်နေပါပြီ။ဆောင်း၀င်ပြီး အချမ်းပိုလာတာကြောင့် အနွေးထည်ထပ်ပြီး၀တ်ထားပေမဲ့ စက်ဘီးနင်းလာရတော့ နားရွက်တွေကအစအေးနေလေပြီ။
စက်ဘီးကို  ဂိုထောင်ထဲသို့ ထည့်လိုက်ချိန်မှာ ကားအနက်ရောင်ကို သတိထားလိုက်မိသည်။

"ကိုကြီး...ကိုကြီးပြန်လာပြီထင်တယ်..."

ပျော်လွန်းလို့ စံအိမ်ဆီသို့ ကဆုန်ပေါက်ပြီး ပြေးသွားနေမိသည်။
ကိုကြီးဘယ်တုန်းက ပြန်ရောက်နေတာလဲမသိဘူး။ဖြူလုံးမှာဖြင့် သတိရလွန်းလို့ သေတော့မယ်။သူကတော့ နေနိုင်လိုက်တာ။

"ဟဲ့..ဟဲ့...ဖြူလုံး...ဘာဖြစ်လာတာတုန်းအေ..."

"အန်တီနှင်းမြတ်...ကိုကြီးရောက်နေတာလား..."

"ညည်းကဘယ်လိုသိတုန်း..."

"ဟာ...ဖြေမှာသာဖြေစမ်းပါ..."

"ရောက်နေတယ်လေ...အပေါ်ထပ်ကသူ့အိပ်ခန်းထဲမှာ..."

"ဟာ..ပျော်လိုက်တာ..."

"ဟဲ့...ဟဲ့..အော်...ချော်လဲနေမှဖြင့်..."

ဖြူလုံးထခုန်မိမတတ်‌ အပျော်ကြီးပျော်သွားလေသည်။လှေကားတွေကိုတောင် အဆင့်ကျော်တတ်မိတဲ့ အထိဖြစ်ကုန်သည်။
ကိုကြီး ခရီးထွက်တဲ့နေ့တုန်းကလည်း နှုတ်မဆက်လိုက်ရသလို ခရီးမထွက်ခင်ညကလည်း ကိုကြီးကို စိတ်ဆိုးပြီး ကိုက်လိုက်သေးသည်။
ထိုညက ဖြူလုံးမှာ ကိုကြီးတော်တော်နာသွားမှာပဲ ဆိုပြီး အိပ်လို့မပျော်ခဲ့ဘူး ။ဖြူလုံးကလည်း အားရှိသလောက် ဖြစ်ညှစ်ပြီး ကိုက်ထည့်လိုက်မိတာကြောင့်လည်း ပိုစိတ်ပူမိသည်။

"တံခါးခေါက်လိုက်ရမလား..."

ကိုကြီးရဲ့ အခန်းရှေ့ကိုရောက်ပြန်တော့ စိတ်ကမဝံ့မရဲဖြစ်နေပြန်သည်။
တံခါးကြီးကို တွန်းကြည့်လိုက်မိတော့
လော့ခ်မချထားဘူး။ဘာဖြစ်လို့ပါလိမ့်။
တံခါးကို အသာလေးဟပြီး အခန်းထဲသို့ တိတ်တိတ်လေး ၀င်ကြည့်လိုက်မိတော့ ကုတင်ကြီးအပေါ်မှာ ခြေကားယား၊လက်ကားယားနဲ့ ဆန့်ဆန့်ကြီး အိပ်နေပါသော ကိုတော်ကြီး။

ကလေးဆိုးကြီးလိုပါပဲ။ရာသီဥတုက အေးနေတဲ့ဥစ္စာ ပြူတင်းပေါက်ကြီးက ပွင့်လျှက်သားကြီး ဖြစ်နေတော့ ဖြူလုံးမှာ ပြေးပိတ်လိုက်ရသည်။
အခန်းထဲကပြန်မထွက်ခင် ခြေရင်းဘက်မှ သူ့ခြေထောက်အောက်မှာပိနေတဲ့ ဂွမ်းစောင်ကြီးကို
အသာ ဆွဲထုတ်ပြီး ရင်စို့နားအထိ ဆွဲခြုံပေးလိုက်သည်။

"ဟင်း...နှုတ်ခမ်းမွှေးစစနဲ့...မရိတ်ဘူးလားမသိဘူး..အဟိ..ဒါပေမဲ့ ပိုပြီးကြည့်လို့ကောင်းတယ်..
ကိုကြီးနိုးလာရင် ဖြူလုံးစာမေးပွဲမှာအဆင့်တစ်ရတဲ့အကြောင်းကို ကြွားမှာနော်...အဟင်း...ဟင်း.."

ကိုယ့်ဘာသာ တိတ်တိတ်လေးပြောပြီး ကိုယ့်ဘာသဘောတွေကျနေမိသည်။
နှုတ်ခမ်းမွှေး စူးစူးလေးတွေကို သူမသိတုန်းကိုင်ကြည့်မလို့ လုပ်ပြီးကာမှ ကြယ်သီးပြုတ်နေသော အိင်္ကျီအဟကြားမှ ပခုံးသားဖွေးဖွေးကို တွေ့လိုက်ရသည်။ပြီးတော့ ဖြူလုံးကိုက်ထားသည့် ဒဏ်ရာကြီး။

"အခုထိ...ဒဏ်ရာကမပျောက်သေးပါလား...အရာကျန်နေသေးတုန်းပဲ...သနားပါတယ်...ငါကလည်း
ဘာလို့ ခွေးကျင့်ခွေးကြံ လုပ်လိုက်ရသလဲ မသိပါဘူး..."

"တူ!!!!!" "အမယ်လေး..."

"ဟာ...ဘာ...ဘာဖြစ်တာလည်း...."

ဒေ၀လည်း အိပ်ချင်မူးထူးနဲ့ အော်သံကြားလို့
ထကြည့်လိုက်မိရာ ဖြူလုံးရဲ့အသံဖြစ်နေသည်။
အိပ်ချင်မူးထူးနဲ့ဆိုတော့ မျက်လုံးထဲမှာ ဖြူလုံးကို နှစ်ကိုယ်ခွဲပြီး မြင်နေလေသည်။

"တူ..တူ..."

"အော်...ဗီဒီယိုကော်လ်... ခေါ်နေတာပဲ..."

အိပ်မှုန်စုန်မွှားနှင့် ဖုန်းဖွင့်ကာ ကြည့်လိုက်မိပြီးကာမှ နောင်တတွေအကြီးကြီးရတော့သည်။
ခေါ်နေတဲ့ လူမှာအခြားသူမဟုတ်ပဲ  မွေးသဖခင် ဖြစ်နေသောကြောင့်ပင်။

"ဟိုင်း......ဒယ်ဒီ...."

"သောမက်စ်...မင်းဒီနိုင်ငံကို...ပြန်လာဖို့များ စိတ်ကူးရှိသေးရဲ့လား..."

"ရှိပါတယ်..."

"ရှိရင်...ဘာလို့ပြန်မလာသေးလဲ .."

"ဒီမှာ လုပ်စရာတွေမပြတ်သေးဘူး..."

"အဲ့ဒီ့ ကလဲ့စားခြေတဲ့ကိစ္စကို ရပ်တန်းကရပ်လိုက်ပါတော့ကွာ...မိန်းမယူပြီး နွေးထွေးတဲ့မိသားစုလေးကို ပုံဖော်ပါလား သောမက်စ်ရယ်..
အရွယ်လည်းမငယ်တော့ဘူး.."

"အသက်လေးဆယ်လောက်မှ အိမ်ထောင်ပြုမှာလေ...ကျွန်တော့်ကို လက်ခံချင်တဲ့လူတွေမှ အများကြီးပါပဲ...စိတ်ညစ်ခံမနေပါနဲ့..."

"မင်းအသက်လေးဆယ်ဆိုရင်...ငါကအုတ်ဂူထဲရောက်နေပြီလေ...အခုယူတော့ဘာဖြစ်လို့လဲ
..ငါမြေးချီချင်တယ်ကွ...သူများတွေမြေးချီနေရပြီ..."

"ဟာ...တကယ်စိတ်ညစ်တယ်ဗျာ..."

ဒေ၀မှာ ခေါင်းတွေကိုသာ ဖိကုပ်နေလိုက်မိသည်။
တွေ့လိုက်တိုင်း ဒါကြီးပဲပြောနေတာ။အဖိုးကြီးတွေများ လုပ်စရာမရှိတော့ မြေးချီရင်းအလုပ်ရှုပ်ချင်နေပုံရတယ်။
တကယ်ပါပဲ။
စိတ်ညစ်ညစ်နဲ့ ဖုန်းစခရင်မှ မျက်နှာလွှဲလိုက်မိတော့  သူ့ကိုပြူးကြောင်ကြောင်လေး ရပ်ကြည့်နေသော ဖြူလုံးကို သွားတွေ့လေသည်။

"ကိုကြီး...ဘာ...ဘာသာစကားတွေနဲ့ပြောနေတာလဲ..."

"ပြင်သစ်လိုလေ...ကိုယ့်ဒယ်ဒီနဲ့စကားပြောနေတာ.."

"အော်..."
ဖြူလုံးမှာ အော်တစ်လုံးသာ ပြောနိုင်ပါသည်။ကိုကြီးက အဲ့လိုထူးဆန်းတဲ့ ပြင်သစ်စကားကိုပါ ပြောတတ်နေတာပေါ့။

"A qui parles-tu?"
(ဘယ်သူနဲ့ စကားပြောနေတာလဲ?)

"ဒယ်ဒီက...ဘယ်သူနဲ့စကားပြောနေတာလဲလို့ မေးနေတယ်...ဖြူလုံးလာနှုတ်ဆက်လိုက်ပါလား..."

"ဟို...ဖြူလုံးမှပြင်သစ်လို မပြောတတ်ပဲ..."

"ရတယ်...နှုတ်ဆက်ရုံလေးပဲ...လာ..."

ကိုကြီးက အတင်းလက်ကို လာဆွဲပြီးကုတင်စွန်းမှာ ထိုင်ခိုင်းတာကြောင့် ဖြူလုံးလဲထိုင်လိုက်ရလေသည်။ဖုန်းစခရင်အပေါ်မှာ ပေါ်နေတဲ့ဦးလေးကြီးက ကိုကြီးဒေ၀နဲ့ တစ်ပုံစံတည်းလိုပဲ။ဆံပင်အ‌ ရောင်ကလွဲပြီး တော်တော်လေးကို ရုပ်တူတာ။

"Qui est-il?"
(သူကဘယ်သူလဲ?")

ဟော ဦးလေးကြီးကပြင်သစ်လို ထပ်ပြောပြန်ပြီ။ကိုကြီးကတော့ စိတ်ပျက်လက်ပြတ်နဲ့
"ဟိုင်းလို့ပြောလိုက်ဖြူလုံးဆိုလို့...ဖြူလုံးလည်း "ဟိုင်း..အန်ကယ်လ်ဆိုပြီ.."ပြုံးပြလိုက်မိသည်။

"Thomas, Est-elle ta petite amie?..."
(သောမက်စ်..သူကမင်းရဲ့ချစ်သူလား?"

ဖြူလုံးနှုတ်ဆက်လိုက်တာ ဘာအမှားပါသွားသလဲမသိပါဘူး။ကိုကြီးရဲ့ အဖေကမျက်လုံးပြူးပြီး အသံအကျယ်ကြီးနဲ့ စကားပြောလာသည်။

"Oui père.  Maintenant tu le sais, n'est-ce pas ?  J'ai une très belle et très jeune petite amie....."
(ဟုတ်​တယ်တယ်အဖေ အခု​တော့သိရပြီမဟုတ်​လား..ကျွန်တော့်မှာ အရမ်းလှပြီး ငယ်ရွယ်​တဲ့ ချစ်သူလေးရှိတယ်​....."

ကိုကြီးကလည်း သူ့အဖေကိုခပ်ပြုံးပြုံးပဲ ပြင်သစ်လိုလှမ်းပြောလိုက်ပြီး ဖြူလုံးရဲ့ ပခုံးကိုဆွဲပြီး ဖက်လိုက်သည်။
ဖြူလုံးမှာ ငုတ်တုတ်ကြီး မေ့သွားချင်လောက်အောင် ဖြစ်သွားသည်။လက်ဖျား‌၊ခြေဖျားတွေဆိုတာ ချက်ချင်းအေးတက်လာသည်။
ကိုကြီး ဖြူလုံးကို ဘာလို့ဖက်တာလဲ။

"တူ.."

ကိုကြီးက ဖုန်းကိုချလိုက်သည်နှင့် ဖြူလုံးလည်း ချက်ချင်းထရပ်ပစ်လိုက်သည်။
ကိုကြီးရဲ့မျက်နှာကိုကြည့်လိုက်တော့ ဘာမှဖြစ်မနေသလိုပဲ။

"ခုဏက ကိုကြီးဘာပြောလိုက်လို့...ဖြူလုံးကို လာဖက်ရတာလဲ..."

"ဟို...ဖြူလုံးကို ကိုယ့်ညီမလေးလိုပဲလို့ အဖေ့ကို ပြောလိုက်တာပါ..."

"ဟုတ်လို့လား...ကိုကြီးရဲ့အဖေထအော်တာကရော..."

"ဘာမှမဟုတ်ပါဘူးကွာ...ကိုကြီးပြန်အိပ်ချင်နေလို့ ဖြူလုံးအပြင်ထွက်ပေးနိုင်မလား...အရမ်းပင်ပန်းနေပြီ..."

"ဟုတ်ကဲ့..."

မျက်နှာလေး မသာမယာနဲ့  ကလေးမအခန်းထဲကနေ ထွက်သွားတော့မှပဲ သူ့နဖူးကို သူပြန်ရိုက်လိုက်မိတော့သည်။
ဒယ်ဒီက ဖြူလုံးကို "မင်းရဲ့ချစ်သူလား"လို့ မေးတော့ "ဟုတ်တယ်...အခုသိပြီမလား ကျွန်တော့်ချစ်သူက ငယ်ငယ်၊လှလှလေး"လို့ပြန်ပြောလိုက်မိတယ်။
တော်သေးတာပေါ့။ဖြူလုံးက ပြင်သစ်စကားမတတ်လို့ မဟုတ်ရင် ပါးကွဲမှာ သေချာတယ်။
ပြီးတော့ ဖြူလုံးကို အသားပါယူလိုက်မိသေးတယ်။

"ဟူး...ငါဘာတွေလုပ်လိုက်မိတာပါလိမ့်...
နားအေးရင်ပြီးရောဆိုပြီး...ပြောလိုက်မိတာ...
 ကလေးအပေါ် အခွင့်အရေးယူသလိုဖြစ်သွားပြီ..."

အခန်း၃၈...ဆက်ရန်

🍁🍁🍁🍁🍁🍁🍁🍁🍁

ဒေ၀တို့ ကလေးကိုနှပ်ချတယ်နော်

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၃၈
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


အချိန်အားဖြင့်  ခြောက်နာရီထိုးနေပြီဖြစ်တာကြောင့် နေ့တာတိုသည့်ဆောင်းရာသီတွင် ပတ်၀န်းကျင်တစ်ခုလုံး မှောင်ရီဝိုးတဝါးဖြစ်လာလေသည်။
နှစ်ပတ်လောက် ပင်ပန်းလာသမျှကို တစ်နေကုန်အိပ်ချပစ်လိုက်ပြီး အာသာဖြေလိုက်သည်မို့ စိတ်တွေကတော့ နှင်းရေလေးပတ်ဖြန်းခံလိုက်ရသလို လန်းဆန်းနေသည်။
စီးကရက်တစ်ခုကို မီးညှိုလိုက်ပြီးနောက် ခေါင်းစွပ်အနက်ရောင်ကို ဆောင်းကာ ၀ရံတာသို့ထွက်လိုက်သည်။

"ဒီနေ့နှင်းကျတာပဲ..."

အမှောင်ထုထဲမှာ ဖြူလွှတဲ့ နှင်းမှုန်ဖြူဖြူလေးတွေ ပြန့်ကျဲချထားသလို ဖြစ်နေတာကြောင့် မြင်ရသူအဖို့ အေးချမ်းခြင်းအတိဖြစ်စေသည်။
ခေါင်းစွပ်ဆောင်းထားသည်မှ နှင်းပွင့်တွေ သူ့ကိုယ်ပေါ်သို့ ခပ်ကြဲကြဲကျနေလည်းပဲ စီးကရက်ကိုသာ တစ်ချက်ချင်း ဖွာရှိုက်နေလိုက်သည်။

သုန္နကဒေသသည် ပူရင်လည်းအရမ်းပူသလို အေးရင်လည်း အရိုးကွဲအောင်အေးသည်။
တောင်တန်းကြီး‌တွေကြောင့်လည်း ‌ပို၍အအေးပိုနေရသည်ဟု ထင်သည်။
ဟိုအရင်အပိုင်သုံးမှာ နေခဲ့တုန်းကဆိုရင် ထရံကာ၊ပျဉ်ခင်းထားတဲ့အိမ်ကလေးထဲမှာ ဆောင်းရာသီရောက်လာတိုင်း
သားအဖနှစ်‌ယောက် ချမ်းလွန်းလို့ ခိုက်ခိုက်ကိုတုန်နေတာပါပဲ။

အအေးဓာတ်ကို လုံး၀အံမတုနိုင်တဲ့ ညတွေဆိုရင်
သန်းခေါင်လောက်ကြီးလည်း ခြံထဲမှာ မီးဖိုပြီး
အနွေးဓာတ်ရအောင် မီးလှုံခဲ့ရတယ်။
ကိုယ်တွေပဲလားဆိုတော့ အပိုင်သုံးကအခြားအိမ်တွေမှာလည်း ဒီလိုတွေချည်းပါပဲ။ဒါကြောင့် ဆောင်းတွင်းဘက်ဆိုရင် အလွန်ဆင်းရဲလှတဲ့ အပိုင်သုံးက လူတွေရဲ့ ခြံဝိုင်းတွေဟာ အတူပူးကပ်ပြီးမီး လှုံနေကြတဲ့ မိသားစုတွေကြောင့် အရမ်းကို အသက်၀င်လွန်းသည်။

"အင်း...မနက်ဖြန်ရောက်ရင်...အပိုင်သုံးကလူတွေကို ဂွမ်းစောင်တွေ၊လက်အိတ်တွေနဲ့ ဆောင်းတွင်းအတွက် လိုအပ်တာလေးတွေလှူပေးအုံးမှပဲ..."

‌အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ချက်ချင်းထလုပ်တတ်သူဖြစ်တာကြောင့် စီးကရက်ကို မီးငြိမ်းလိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

"ဒေါ်နှင်းမြတ်...ဒေါ်နှင်းမြတ်..."

"ရှင်...လာပါပြီ....."

ဒေါ်နှင်းမြတ်လည်း ညစာအတွက်စီမံနေရင်းမှာ အော်သံအကျယ်ကြီးပေးပြီး ပြေးထွက်လာသည်။

"ဆရာ...ကျွန်မရောက်ပါပြီ..."

"ဒေါ်နှင်းမြတ်...မနက်ဖြန်ရောက်ရင် ဈေးကိုသွား...ပြီးရင်ဂွမ်းစောင်တွေရယ်၊မိသားစုအိပ်မွှေ့ယာတွေ၊အ‌‌ နွေးထည်‌တွေကို...သွား၀ယ်ပါ....
ဆီနဲ့ဆန်ရယ် တစ်ခြားငါးခြောက်တို့၊မြေပဲတို့ ကြာရှည်ခံတဲ့အစားအစာတွေကိုပါ ဒိုင်ကြီးအထိသွားပြီး ၀ယ်ခဲ့...ပြီးရင် အပိုင်သုံးမှာရှိတဲ့
အိမ်ခြေတိုင်းအတွက် တစ်အိမ်ကို ဆန်နှစ်အိတ်၊ ဆီဆယ်ပိဿာဆီရယ်...အနွေးထည်‌ တွေနဲ့ အခြားကုန်ခြောက်တွေကိုတော့ သင့်သလို မျှပေးလိုက်ပါ..ပေါပေါပဲပဲတွေတော့၀ယ်မလာနဲ့နော်..အလှူလုပ်မှာဖြစ်လို့...အကုန် လုံးကို ‌အကောင်းစားတွေပဲ ၀ယ်ခဲ့ပါ..ခဏနေရင်
ကျွန်တော့်ဆီမှာ ချက်ခ်လတ်မှတ်လာယူ...
မနက်ဖြန်ဘဏ်မှာ ပိုက်ဆံသွားထုတ်ပြီးတာနဲ့ သွား၀ယ်လိုက်...အိမ်ကအလုပ်သမားတွေကိုပါ ခေါ်သွားပြီး..ကူခိုင်း..."

စကားတွေအများကြီးပြောသွားသော ဆရာ့ကြောင့် ဒေါ်နှင်းမြတ်မှာ ပါးစပ်အဟောင်းသားဖြစ်နေမိသည်။ဆရာက ဒီမြို့ခံလည်း မဟုတ်ပါပဲနဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်ကိုဘယ်လိုများ သိနေရပါလိမ့်။နောက်ပြီး ဒီဒေသမှာ သူ့လိုလဲဘယ်သူမှ မလှူကြပါဘူး။

ဆန်ကိုတောင် တစ်အိမ်ကိုနှစ်အိတ်တောင် လှူမဲ့အပြင် အကောင်းစားတွေကို၀ယ်ပါတဲ့...ဆီ
ဆယ်ပိဿာဆိုတာ  သာမာန်ဆင်းရဲသားတွေအတွက် ဆောင်းတွင်းကာလတစ်ခုလုံး ဖူလှုံနိုင်သည်။‌

ဆရာဟာ အပြင်ပန်းကသာ ဘီလူးတစ်ကောင်အသွင်ဆောင်ထားပေမဲ့ အတွင်းစိတ်လေးက နူးညံ့လိုက်တာ။တကယ့်ကို စိတ်နှလုံးကောင်းတဲ့ နတ်သားလေးပါပဲ။အပိုင်သုံးက လူတွေအတွက်တော့ နတ်မတဲ့အဖြစ်ပါပဲ။

"ဒေါ်နှင်းမြတ် ဘာတွေကြောင်ကြည့်နေတာလဲ...ခင်ဗျားကအပိုင်သုံးမှာနေခဲ့တာမလား အိမ်ခြေဘယ်လောက်ရှိသလဲ ဆန်ဘယ်နှအိတ် ဆီဘယ်လောက်သား မှာရမလဲ သွားတွက်တော့လေဗျာ..."

"အော်...ဟုတ်...ဟုတ်ကဲ့ပါ..."

ချီးကျူးတာလေးတောင်မဆုံးသေးဘူး အော်ခြင်း၊ငေါက်ခြင်းက စပြီ။အပြင်ကနေသာ ဟုတ်ကဲ့လိုက်ရပေမဲ့ စိတ်ထဲမှာတော့

"တကယ့်လူပါပဲ အခုဆိုရင် အခုချက်ချင်းမှ..
.."

"ဖြူလုံးရော ဒေါ်နှင်းမြတ်....."

ပြန်လှည့်ထွက်မလို့ ခြေလှမ်းပြီးကာမှ ဆရာ့ဘက်သို့ ပြန်လှည့်ကြည့်ရပြန်သည်။
ဆရာဟာလေ ဖြူလုံးကိုမှမမေးရရင် တစ်နေ့၊တစ်နေ့ စားမ၀င်၊အိပ်မပျော်ဘူးထင်ပါရဲ.။
ဖြူလုံးဘယ်မှာလဲ၊ဘာလုပ်နေလဲ၊ထမင်းစားပြီးပြီလား၊စာလုပ်ရဲ့လား စသဖြင့် မေးကိုမေးနိုင်လွန်းသည်။သူ့သမီးသာဆိုရင် ကလေးခမျာလှုပ်တောင် လှုပ်ရဲပါ့မလားမသိဘူး။

"ဆရာ...ဖြူလုံးကို ဆရာ၀န်မလေး လာခေါ်သွားပါတယ်..."

"ဘာ!!!သူကဘာလုပ်ဖို့ လာခေါ်သွားရတာလဲ..."

"ဟို...ဆရာမလေးရဲ့ ညီမရွှေပန်းချီရဲ့ မွေးနေ့ပါတီလုပ်လို့တဲ့ဆရာ...အဲ့ဒါဆရာကအိပ်နေတော့ မနှိုးတော့ဘူးဆိုပြီး...ဖြူလုံးကိုခေါ်သွားတာပဲ...

"ဟာ...ခင်ဗျားဗျာ...ဘာလို့ထည့်လိုက်ရတာလဲ..."

"ဆရာရယ်...ဆရာ၀န်မလေးက ဆရာ့ချစ်သူဖြစ်တဲ့အပြင် သူတို့နှစ်ယောက်ကလည်း ညီအစ်မ၀မ်းကွဲတော်တာပဲဆိုပြီး လိုက်ခိုင်းမိတာပါဆရာရယ်..."

"ဒီမှာ...ဒေါ်နှင်းမြတ်...ခင်ဗျားကို ကျုပ်မမှာထားဘူးလား...ဖြူလုံးနဲ့ပတ်သတ်ရင် အသေးအမွှားလေးကအစ ကျုပ်ကိုပြန်ပြောလို့ အကြိမ်ကြိမ်ပြောထားတယ်...ဒါကိုနားမလည်တာလား...မှတ်ထားနောက်တစ်ခါ ကျွန်တော့်ချစ်သူမကလို့...ကျွန်တော့်အဖေလာခေါ်တောင် ကျုပ်ဆီက ခွင့်ပြုချက်အရင်လာတောင်း..!!!!"

အမလေး ဆရာ့ပုံစံကြီးက ဘီလူးစီးသလိုပါပဲလား။မျက်ထောက်နီကြီးနဲ့ကြည့်ပြီး အသံကုန်အော်သွားလိုက်တာများ စစ်တိုက်ဖို့အမိန့်ပေးနေသလိုပဲ။
အခြားသူဆိုရင် ဘယ်ထည့်လိုက်မှာလဲ။
အခုက သူမရဲ့အစ်မ၀မ်းကွဲကိုယ်တိုင် တာ၀န်ခံပြီးလာခေါ်လို့ ထည့်လိုက်မိတဲ့ဟာကို ။ဒီလိုသာ ကမ္ဘာပျက်ကိန်းနဲ့ကြုံမယ်မှန်း သိရင် ဖြူလုံးကိုသေတောင်မထည့်လိုက်ဘူး။

🍁🍁🍁🍁🍁🍁🍁🍁🍁

ဒီနေ့က ညဂျူတီမရှိသလို  အရေးပေါ်ခွဲစိပ်မှုလည်း မရှိတာကြောင့် ငွေကတော့ ကိုယ့်အခန်းထဲမှာ ကိုယ်အေးဆေး စာထိုင်ဖတ်နေလိုက်သည်။

ပြူတင်းပေါက်ကို အသာဖွင့်ကြည့်လိုက်တော့ ခြံအနောက်ဘက်က ရေကူးကန်ဘေးနားမှာ မီးရောင်တဖြတ်ဖြတ်ဖြစ်နေပြီး က၊ခုန်နေကြတဲ့ လူတွေ စိတ်ပျက်ဖို့ကောင်းလိုက်တာ။

ရေကူးကန်ထဲမှာလည်း ယောက်ျားတွေရော မိန်းမတွေရော ပလူးပလဲနဲ့ အရှက်မရှိရေကူးနေလိုက်ကြတာများ ဘယ်လိုဟာတွေလည်းမသိပါဘူး။

ညီမဖြစ်သူ ရွှေ‌ပန်းချီဟာ အင်ဂျင်နီယာမကြီးသာပြောတယ် သူ့အပေါင်းအသင်းတွေက တကယ့်ကိုစရိုက်တွေပါလေ။‌

မွေးနေ့ပါတီလုပ်တာများ ဒယ်ဒီ့ကိုပြောလိုက်ပြီးရောပေါ့။ဒယ်ဒီသာ စီစဉ်ပေးရင် တကယ်ချမ်းသာပြီး အဆင့်အတန်းရှိတဲ့ လူတွေပဲလာမှာ အခုတော့ ဘယ်ကတေလေကြမ်းပိုးတွေလည်း မသိပါဘူး။

"တီ.…တီ...တီ...တီ..."

ဆရာဦးအုန်းဖေရဲ့ စံလွဲစိတ်ပညာဆိုတဲ့ စာအုပ်လေးကို ဖတ်နေစဉ်မှာ ဖုန်းမည်သံကြားလို့ ကြည့်လိုက်မိတော့ ကိုကို့ဆီမှ ဖုန်းဖြစ်နေသည်။
ကိုကိုဟာ သူ့ဘက်ကနေစပြီး ဘယ်သောအခါမှ ဖုန်းမခေါ်ဖူးပါဘူး။ကြည့်ရတာ ငွေ့ကိုလွှမ်လို့များလား။
ကျေနပ်မှု အပြည့်နဲ့ပြုံးလိုက်မိပြီးနောက် ဖုန်းကိုစပီကာပါဖွင့်လိုက်သည်။

"ဟယ်လို...အမိန့်ရှိပါရှင်..."

"‌ပန်းချီ...မင်းဖြူလုံးကို ခေါ်သွားတယ်ဆို..."

ကိုယ့်ချစ်သူဆီဖုန်းဆက်လာပြီးတော့ အရင်ဆုံးမေးလိုက်တာက ဖြူလုံးတဲ့လား။‌ငွေ့ကိုများ"မင်း"တဲ့ ။ဘယ်ယောက်ျားမှ ငွေ့ကို"မင်း"ဆိုပြီး မပြောရဲဘူး။ဒါပေမဲ့ ကိုကိုကတော့။

"ပန်းချီ...ကိုယ်မေးနေတယ်လေ...ဘာလို့မဖြေတာလဲ.."

"ကိုကိုကရော...ဘာလို့အသားလွတ်ကြီး လေသံလာမာနေရတာလဲ..."

"ဟ...မင်းကဖြူလုံးကို ကိုယ့်ဆီကခွင့်ပြုချက်မယူပဲ ခေါ်သွားတာကို.."

"ကိုကိုပြောနေတဲ့ စကားကဘယ်အဓိပ္ပာယ်သက်ရောက်နေပြီလည်းဆိုတာရော သိရဲ့လား...
မသိရင်.."

"အဲ့ဒါတွေ...ကိုယ်နားမလည်ဘူး...ဖြူလုံးကိုအခုချက်ချင်းအိမ်ပြန်ပို့ပေးပါ..."

"ကိုကို့!!!!အဲ့ဒါကဘယ်လိုဖြစ်နေတာလဲ...
ခွင့်ပြုချက်ဆိုတာ...မိဘအုပ်ထိန်းသူနဲ့ ဆွေမျိုးသားချင်းတွေဆီကမှ တောင်းလို့ရတာပါ
...ပြောရရင် ငွေနဲ့ဖြူလုံးကမှ အမျိုးတော်ပါသေးတယ်...ကိုယ့်ညီမ ကိုယ်ခေါ်သွားတာ ဘာဖြစ်သလဲ...အခုကိုကို့ဟာက...ဘောင်တွေကျော်နေပြီနော်...ဖြူလုံးနဲ့ ကိုကိုကဘာတွေမို့လို့လဲ...
အဲ့ဒီ့ကိစ္စအခုရှင်း မဟုတ်ရင်...ငွေတို့ရဲ့ ဇာတ်လမ်းက ရှေ့ဆက်ဖို့မသေချာဘူးနော်.."

"ငါစကားတွေ အရှည်ကြီးမပြောချင်ဘူး...ဖြူလုံးကို အခုချက်ချင်း ငါ့စံအိမ်ကို‌ပြန်ခေါ်လာခဲ့ပါ....
မဟုတ်ရင်တော့ ငါကိုယ်တိုင်လာခေါ်ရလိမ့်မယ်.."

"ဟုတ်ပါပြီ...ခေါ်လာခဲ့မယ်!!!!"

ငွေ့ဘက်ကဒေါသထွက်ပြီး ပိတ်အော်ပစ်လိုက်ပေမဲ့ ကိုကိုကအရင်ဖုန်းချသွားသည်။
ဒါဘာသဘောလဲ။ငွေ့ကို စိန်ခေါ်နေတာလား။‌
ငွေ့ရဲ့ အနေအထားကိုမှမထောက်ပဲ သူ့အခိုင်းအစေတစ်ယောက်လို အော်ငေါက်သွားလိုက်တာများ အခြားသူတွေသာအနားမှာသာရှိရင် ငွေ့ကိုအထင်သေးနိုင်တယ်။

ကိုကို ရည်းစားစကားစပြောတဲ့နေ့က  ငွေ့တို့နှစ်ယောက်ကို လုပ်ဖော်ကိုင်ဖက် ဆရာ၀န်တစ်ယောက်က တွေ့လိုက်တာကြောင့် "တွဲနေပြီလား"ဆိုပြီး မေးလာခဲ့တယ်။အဲ့ဒီ့အချိန်က ကိုကို့ကို စွဲလန်းနေမိခဲ့တဲ့ ငွေ့  အမှန်အတိုင်းပဲ၀န်ခံခဲ့လိုက်တယ်။အခုတော့ ငွေ့ပတ်၀န်းကျင်က ခင်မင်ရင်းနီးတဲ့လူမှန်သမျှ ငွေတို့ရဲ့အကြောင်းကို သိကုန်ပြီ။
တွဲတာ မကြာသေးဘူးဆိုပေမဲ ငွေ့အသိုင်းအ၀န်းက ကြီးတယ်။မကြာခင် ဖေဖေ့နားကို ဒီသတင်းရောက်သွားမှာပဲ။

အခုကိုကိုက ငွေ့ကို ဘာမှတန်ဖိုးမရှိတဲ့ ဖြူလုံးလောက်တောင် အရေးစိုက်မနေဘူး။ငွေကမလှလို့လား။ဥစ္စာဆင်းရဲနေသလား။ဂုဏ်ဒြပ်အနေနဲ့လည်း ဖြူလုံးထက်အစစအရာရာ သာနေတာပဲ။
ဖြူလုံးအပေါ်မှာထားတဲ့ ကိုကို့ရဲ့သဘောထားက
ဆင်းရဲတဲ့ကောင်မလေးကို ထောက်ပံ့ပေးတယ်ဆိုတဲ့ အဆင့်ထက်ကျော်နေတာများလား။

"ဟင်း...စိတ်တွေညစ်ပါတယ်...ဟိုကောင်မလေးကို သွားခေါ်ရအုံးမယ်..."

အမှန်တော့ ဖြူလုံးကိုသွားခေါ်လာတာက ညီမလေးရဲ့ မွေ့နေ့မှာ ငွေမပါ၀င်ချင်လို့ပါပဲ။
သူ့မိတ်ဆွေတွေက ဆေးသုံးတဲ့လူတွေတောင်ရှိနေတော့ ငွေမပတ်သတ်ချင်ဘူး။ဒါကြောင့် ဖြူလုံးကိုသွားခေါ်ပြီး မီးဖိုခန်းထဲမှာ ဦးစီးခိုင်းထားလိုက်သည်။
အခုတော့ ပြန်ပို့ဖို့ သွားခေါ်ရတော့မှာပေါ့။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"မချောရေ..အေးလှက အသီးဗန်းသွားထားတာ...စပျစ်သီးတွေရော ပါသွားရဲ့လား..."

"ဟယ်...မေ့နေတာတော့...ဟိုမှာရေတောင် မဆေးရသေးဘူး...ဖြူလုံးရေ..."

"ဟာ...မမရွှေက သူ့သူငယ်ချင်းတွေအတွက်
အမြန်လာပို့လို့ မှာထားတာလေ...သမီးပဲပန်းကန်နဲ့ထည့်ပြီး သွားပေးလိုက်တော့မယ်..."

"ဖြစ်ပါ့မလား...ဖြူလုံးရယ်...အေးလှကရုပ်ဆိုးတယ်..သူလာမှထပ်ပို့ခိုင်းလိုက်ဟယ်...ညည်းကငယ်ငယ်ချောချောလေး ဟိုမှာရေကူးနေတဲ့အကောင်တွေက ဘယ်လိုဟာတွေမှန်းမသိဘူး.."

"ဒါဆို...မချောသွားပို့လိုက်လေ..."

"မဖြစ်ပါဘူးဟယ်...မျက်စိနောက်မခံနိုင်ဘူး..."

"ဒါဆိုလည်း သမီးပဲအမြန်သွားလိုက်တော့မယ်..."

ဖြူလုံးလည်း လေရှည်မနေချင်တော့တာကြောင့် စပျစ်ခိုင်ကို ရေဆေးလိုက်ပြီး ပန်းကန်ထဲသို့ထည့်ကာ ပါတီပွဲကျင်းပနေတဲ့ ရေကူးကန်ဘက်သို့ ကူးလာခဲ့လိုက်သည်။

‌တဖြည်းဖြည်းနီးကပ်လာသည့် ပါတီပွဲကြီးဟာ ရောင်စုံမီးတွေတဖြတ်ဖြတ်လင်းလက်နေပြီး အော်ဟေ့ဆူညံသံတွေကလည်း စုံလို့ပင်။
မိန်းကလေးတွေကလည်း အပေါ်၊အောက် မလုံမလဲတွေ၀တ်ထားကြပြီး ယောက်ျားအချို့ကတော့ ရေကူးဘောင်းဘီလေးသာ ၀တ်ထားကြသည်။
ဒီလောက် ရာသီဥတုက အေးနေတာတောင် ရေကူးနိုင်ကြတာ အံ့ဩဖို့တောင် ကောင်းသေးတယ်။

"ဟား...ဟား..ဟေး..."

ဖန်ခွက်တိုက်သံတွေကလည်း ညံထွက်နေပြီး ဘီယာ၊ ရှန်ပိန် နဲ့ ဝိုင်မျိုးစုံရဲ့ဗူးအခွံတွေကလည်း အမှိုက်ပုံးတောင် မဆန့်တော့ပြီ။
မိန်းကလေးတွေကအစ အရက်သောက်နေကြလေသည်။ခောတ်ကြီးကပဲ ပျက်နေတာလား။
လူတွေကပဲ ဖြတ်နေတာလားတော့ မပြောတတ်ပေ။

"ဟေ့...စပြစ်သီးယူလာတဲ့ကောင်မလေး..."

စပျစ်သီးယူလာတဲ့ကောင်မလေးဆိုပြီး ခေါ်လိုက်သံကြား၍ လှည့်ကြည့်လိုက်မိတော့ ရေကူးကန်ထဲမှ လူတစ်ယောက်ခေါ်နေခြင်းပင်။

"ဟေ့..ငါခေါ်နေတယ်လေ...မာနကြီးတာလား..
စပြစ်သီးလေးစားချင်လို့ပါကွာ .."

ထိုလူရဲ့အသံက ယောက်ျားကြီးဖြစ်ပြီး ခပ်ချွဲချွဲနဲ့ရယ်ပါ။မမငွေက တာ၀န်ပေးထားလို့သာ ကူလုပ်ပေးနေရတာ စိတ်ထဲမှာတော့ အိမ်ကိုပဲပြန်ချင်နေသည်။

"ဟိတ်...ဘာဆွေငေးနေတာလည်း...မြန်မြန်လာကွာ..."

ဖြူလုံးလည်း သက်ပြင်းအရှည်ကြီးကို ချလိုက်သည်။အပေါ်ပိုင်းအ၀တ်မပါတဲ့ ထိုလူကို မကြည့်ချင်တာကြောင့် မျက်နှာကို တစ်ဖက်သို့လွှဲပြီး ရေကူးကန်ရဲ့ ဘောင်အနားသို့ ကပ်သွားလိုက်သည်။

"ရော့...ဒီမှာ...အို...ရှင်ဘာလုပ်တာလဲ..."

စပျစ်သီးပန်းကန်ကို ပုတ်ထုတ်လိုက်ပြီး ဖြူလုံးရဲ့လက်ကို လာဆွဲတာကြောင့် ထိုလူ့မျက်နှာကို အထိတ်တလန့်ပြန်ကြည့်လိုက်မိသည်။
ထိုလူကလည်း ဖြူလုံးကို သွားကြီးဖြီးကာ ပြန်ကြည့်လာသည်။
လက်ကို ဆောင့်ရုန်းလိုက်တော့ သူကပြန်ဆွဲထားတာကြောင့် ရေကန်ထဲကိုပြုတ်မကျအောင်
ကြွေပြားအခင်းကို လက်ထောက်ထားလိုက်ရသည်။

"ကိုယ်...စားချင်တာက စပျစ်သီးကိုမဟုတ်ဘူး..
မင်းလေးကို ဘေဘီရဲ့...."ဟု ဆိုကာ လူယုတ်မာအပြုံးပြုံးရင်း ဖြူလုံးရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။

"အား!!!!!!" "ဗွမ်း...."

"ကယ်...ကယ်ကြ...အား!!!!!"

ရေကန်ရဲ့ကြမ်းပြင်ဟာ ဖြူလုံးရဲ့ခြေထောက်နဲ့ အလှမ်းဝေးနေသည်။ရေပြင်ပေါ်ကို ပြန်ပေါ်လာတဲ့အခါ အားကုန်သုံးပြီးအော်မိပေမဲ့ အရှိန်မထိန်းနိုင်ပဲ ရေအောက်သို့ ပြန်ရောက်သွားပြန်သည်။
ခြေတွေ၊‌လက်တွေကို အတတ်နိုင်ဆုံးရုန်းနေမိ ပေမဲ့ ဘာမှထူးမလာဘူး။နားတွေနဲ့ နှာခေါင်းတွေထဲကို ရေတွေ၀င်လာရုံမျှမကပဲ ရေသီးလုံးကြီးတွေကိုပါ လည်ချောင်းတစ်လျှောက်မျိုချနေမိသည်။

ရေထဲကို ပြန်မြုပ်သွားတိုင်း ရေအောက်မှမြင်နေရသည့် များစွာသော ရေကူးသူတွေရဲ့ခြေထောက်တွေ။လူတွေအများကြီး ရှိနေကြပါလျှက်နဲ့ ဖြူလုံးကို လာမကယ်ကြဘူး။
ရက်စက်လိုက်ကြတာ။
ကိုကြီး။ကိုကြီးကဝိရေ။နောက်ဆုံးမှာ တစ်ယောက်သောသူကို တမ်းတမိရင်း မျက်လုံးတွေကို အဆုံးသတ်မှိတ်ချဖို့ တွေးလိုက်စဉ်မှာ ခါးပေါ်ကို ရောက်လာသည့် လက်တစ်စုံကြောင့်.....

"အား!!!!!!!"

"ကိုယ်မင်းကို အသေတော့မ သတ်ပါဘူးကွာ..."

ဖြူလုံးရဲ့ ခါးကိုကိုင်ပြီး ရေပေါ်မှာပေါ်နေစေသည့် လူကိုခေါင်းစောင်းပြီး ပြန်လှည့်ကြည့်လိုက်မိတော့ ဟိုလူပဲ။ဖြူလုံးကို ရေထဲတွန်းချခဲ့တဲ့လူ။
သူက ဖြူလုံးကို အနောက်ကနေ ထိန်းပေးထားသလိုနဲ့ ချုပ်ထားတာကြောင့် ဖြူလုံး ကြောက်လွန်းလို့ မျက်ရည်တွေပါ ကျလာမိသည်။
ပါတီမှာ သီချင်းသံတွေကလည်း ဆူလွန်းနေသည်မို့ ဖြူလုံးတို့ကို အခြားလူတွေက သိပ်သတိမထားမိတော့ ပိုလို့ ကြောက်စိတ်၀င်မိသည်။

"ရှင်...ကျွန်မကိုအခုလွှတ်နော် ..."

"သေချာလား...ကိုယ်လွှတ်လိုက်ရင် ဒီတစ်ခါသေချာပေါက် အသက်ပျောက်သွားမှာနော်...
လိမ္မာစမ်းပါဘေဘီရယ်..."

သူ့ရဲ့ လျှာဖျားနဲ့ ပြောလိုက်သော ညှုတုတုစကားသံနဲ့အတူ ထိုလူရဲ့လက်တွေဟာလည်း ဖြူလုံးရဲ့ခါးနေရာကို ထိမ်းထားရင်းမှ ရွေ့လျှားလာသလို ခံစားလိုက်ရသည်။

"အား...လူယုတ်မာ...ရှင်ကျွန်မကို အခုလွှတ်...
အဟင့်...လွှတ်လို့ပြောနေတယ်လေ...ကယ်ကြပါအုံး....ကယ်ကြပါအုံး..."

"ဟာ...ဒီကောင်မတော့...."

ရေထဲမှာတင် ရုန်းကန်ရင်း ထိုလူရဲ့ဗိုက်ကို တံတောင်နဲ့ ပိတ်ထိုးလိုက်တော့ ဖြူလုံးရဲ့ ပခုံးကို သူ့လက်ကြီးနဲ့ အနောက်မှ အုပ်ကိုင်ပြီး ဖိချလိုက်သည်။

ဒီတစ်ခါတော့ ဖြူလုံးရဲ့ဘ၀ကြီး အဆုံးသတ်ရပြီဆိုတာကို သိလိုက်ပါပြီ။ပခုံးကို ဖိထားပြီး ရေနှစ်သ တ်နေသည့် ထိုလူသ တ်သမားကြီးရဲ့ လက်ကိုတွန်းကန်နေမိပေမဲ့ ဖြူလုံးက ရေမွန်းနေတဲ့လူ။ရေမကူးတတ်တဲ့ ဖြူလုံးအဖို့ ရင်ခေါင်းထဲမှာ မွန်းကြပ်လာသည့်‌ ဝေဒနာကိုသာ အပြင်းအထန် ခံစားနေရသည်။

လက်တွေ၊‌ ခြေထောက်တွေကလည်း ရုန်းကန်ဖို့အားမရှိတော့ပါဘူး။ဖြူလုံးရဲ့ အဆုံးသတ်ဟာ ဒီရေကန်ကြီးရဲ့ အောက်ခြေမှာ ဖြစ်တည်သွားရမည်ထင်ပါတယ်။
တဖြည်းဖြည်းနဲ့ ဖြူလုံးရဲ့ခန္ဓာကိုယ်ဟာ ရေရဲ့ပင့်တင်အားကို တွန်းကန်ရင်း ရေအောက်ကြမ်းပြင်ဆီသို့ ‌ပေါ့ပါးသောငှက်မွှေးလေးတစ်ခုလို လွင့်စင်သွားရပါပြီ။

"ဖြူလုံး..ဖြူလုံး....ဖြူလုံး..."

ကမ္ဘာလောကကြီးနှင့် ခေတ္တမျှအဆက်အသွယ်ပျက်သွားသော ဖြူလုံးအဖို့ နောက်ဆုံးကြားလိုက်ရသော အသံလေးတစ်ခု။အိပ်မက်ကလေးထဲမှာပေါ့။

မနက်ဖြန် အခန်း၃၉နော်....

🍁🍁🍁🍁🍁🍁🍁

========================================================================

အခန်း၃၉
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


"အဲ့ဒါနင့်အပြစ်ပဲ နင်ဘာလို့ဒီကောင်မလေးကို ခေါ်လာရတာလဲ ...."

"ဘာကို ငါ့အပြစ်လဲ နင့်ရဲ့ဗရုတ်သုတ်ခ အပေါင်းအသင်း‌ကောင်ကြောင့်သာ မဟုတ်ရင်
ဒီလို ဖြစ်စရာလား...နင်အပေါင်းအသင်းပေါင်းတာ မဟုတ်သေးဘူးနော်...အရက်သမား၊ဆေးသမားတွေချည်းပဲ...."

"အစ်မ...နင်အကြီးဖြစ်ပြီး မဟုတ်တမ်းတရားတွေနဲ့ ဆုံမစကားလာမခြွေနဲ့နော်..
ဒီကိစ္စက ငါ့မွေးနေ့အတွက် နင်ကိုယ်တိုင်တာ၀န်မယူပဲ ကလေးအရွယ်ကို လုပ်ခိုင်းလို့ဖြစ်ရတာ..."

"ဘာတွေ လာပြောနေတာလဲ...ငါနဲ့ဘာမှမဆိုင်ဘူး...နင့်လူသာ တဏှာမကြီးရင် အခုလိုဖြစ်စရာလား...နင်ကိုယ်တိုင်လည်း တွေ့လျှက်နဲ့ တမင်မျက်နှာလွှဲ ခဲပစ်လုပ်ထားတာမဟုတ်လား..."

"ဟဲ့ ဒါကပျော်ပွဲရွှင်ပွဲလေ အဝေးကနေလှမ်းကြည့်တော့ သုတက တမင်စနောက်နေတယ် ထင်လို့ပေါ့...အခုလည်း ဖြူလုံးသတိရလာရင် တောင်းပန်ဖို့စောင့်ပေးနေပြီမဟုတ်လား...."

 ငွေပန်းချီလည်း အခန်းထောင့်တွင် ထိုင်နေသော သုတဆိုသူကို တစ်ချက်လှမ်းကြည့်လိုက်သည်။
 မျက်နှာက ပြုံးချင်သလို၊ငိုချင်သလိုရုပ်နဲ့  နောင်တရနေတဲ့ ပုံလည်းမပေါက်ဘူး။ထိုးကြိတ်ခံထားရလို့ မျက်နှာကယောင်နေပေမဲ့ ကြည့်လိုက်တာနဲ့ နှာဘူးရုပ်မှန်းသိသာလိုက်တာ။

"အခုဘယ်လို လုပ်ကြမလဲ ကိုကိုကလည်း ဖြူလုံးကို ပြန်ပို့ဖို့ပြောနေပြီ ဒီမှာကရေမွန်းပြီး သတိမေ့နေတယ်...."

"အဲ့ဒါတော့ အစ်မကဆရာ၀န်ပဲ ခေါ်လာတာလည်း အစ်မပဲလေ ...ရွှေကတော့ ကိုယ့်လူအတွက်ပဲ တာ၀န်ယူနိုင်မယ်..."

"ရွှေပန်းချီ...နင်!!!..."

"တော်ကြပါတော့ဗျာ...ခင်ဗျားတို့က ပြီးကိုမပြီးနိုင်ကြတော့ဘူး...ကောင်မလေးကို ဆေးရုံပို့မှာလား...ပို့မယ်ဆို ချက်ချင်းလုပ်ကြ..."

ငရဲလည်း မနေနိုင်တော့သည့်အဆုံးထအော်ပစ်လိုက်သည်။ရိုးမထဲကနေ ထွက်လာပြီး ညနေပိုင်းလောက်မှ ဒီကိုရောက်တယ်။

ဒီရောက်တော့ ဦးအဂ္ဂက သူကိုယ်တိုင်ခေါ်တုန်းကခေါ်ထားပြီး ခရီးထွက်နေတယ်ဆိုလို့ ဦးအဂ္ဂရဲ့လက်ထောက်စီစဉ်ပေးသော ဒုတိယထပ်မှ အခန်းထဲမှာ နားနေခဲ့မိတယ်။

ဖြစ်ချင်တော့ ပြူတင်းပေါက်ကနေ ကလေးမလေးကို ရေနှစ်သ တ် နေသည့် ဖြစ်စဉ်ကို လှမ်းတွေ့လိုက်ရသည်။အစကတော့ ဒီအတိုင်းအချင်းချင်း စနောက်နေတာလို့ ထင်ခဲ့မိတာပါ။
စိတ်ထဲမှာ မသန့်လို့ သေချာလေး ပြန်ကြည့်လိုက်မိတော့မှ ကလေးမကို တမင်ရေထဲကို နှစ်ချနေမှန်း တွေ့လိုက်ရသည်။

ချက်ချင်းပဲ အောက်ထပ်ကို  ပြေးဆင်းလိုက်ပြီး ရေကူးကန်ဘက်သို့ လာခဲ့လိုက်သည်။ရေကန်ထဲသို့ ဒိုင်ပင်ထိုးချပြီး သီးချင်းသံတွေကို ကာဗာယူရင်း ကလေးမကို နှိက်စပ်နေသည့်သကောင့်သားဆီသို့ ကူးသွားလိုက်ကာ မျက်ခွက်ကို သုံး၊လေးချက်လောက် ဆင့်ထိုးပစ်လိုက်သည်။
ဟိုကောင်ကလည်း ပြန်ထိုးပေမဲ့ သူ့လိုလူကို ပြန်အံမတုနိုင်ခဲ့ပါဘူး။

ရေကန် ကြမ်းပြင်ကို ရောက်နေပြီဖြစ်တဲ့ ကလေးမရဲ့ခန္ဓာကိုယ်ကို ဆယ်ယူနေတဲ့ အချိန်မှာပဲ
ဦးအဂ္ဂရဲ့သမီးအကြီးက ရောက်လာခဲ့ပြီး သူ့ညီမနဲ့ရန်တွေဖြစ်နေတာ အခုထိပဲ။
တစ်‌ယောက်ကိုတစ်‌ယောက် အပြစ်ပုံချနေတာ
ပြီးကိုမပြီးနိုင်ကြ‌တော့ဘူး။
ဘယ်လို ဟာတွေလည်းမသိပါဘူး။
ဆွဲဆက် စောင့်ပစ်လိုက်ရရင်တော့ သေတော့မှာပဲ။

"ကိုကြီးကဝိ...သမီးကိုကယ်ပါ......အဟွတ်...
အဟွတ်...သမီးကြောက်တယ်...ကိုကြီးကဝိ..."

"ဟယ်...ဖြူလုံး...သတိရလာပြီ...."

"ဖြူလုံး...ဖြူလုံး...ဖြူလုံး..."

ကြောက်ရွံ့တုန်လှုပ်မှုတွေ များစွာနှင့် ဖြူလုံးရဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်မိသည်။ဖြူလုံး ဘယ်နေရာကို ရောက်နေတာလဲ။

ခန္ဓာကိုယ်တစ်ခု လုံးလည်း အရမ်းမောဟိုက်နေသည်။အသက်ရှူရခက်သည့် ဝေဒနာကြီးကပျောက်မသွားသေးပဲ ရင်ထဲကနေ အန်ချင်သလို ပျို့တက်လာသည်။

"ဝေါ့....‌"

"ဟယ်...ရေတွေအန်ချနေတယ်...မချောရေ..
ခွက်ပေးစမ်းပါ..."

မမငွေပန်းချီက ဖြူလုံးရဲ့ ဘေးမှာ လာထိုင်ပြီး ကျောကို လာပွတ်ပေးသည်။‌နှာခေါင်းထဲကနေရော၊ပါးစပ်ထဲကနေပါ ရေတွေအံထွက်လာတာကြောင့် အသကရှူလို့ပင် မရတော့ပြီ။
ရေစိုနေတဲ့အိင်္ကျီပေါ်မှာ ထပ်ခြုံပေးထားတဲ့
သပါတ်ကို ဆုပ်ကိုင်လိုက်မိရင်း အခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်မိသည်။

ဒါက ရေကူးကန်ဘေးက အပန်းဖြေအဆောင်ပဲ။
အိမ်အကူမချောက ဖြူလုံးကို သနားသလိုကြည့်နေသည်။မမရွှေကတော့ မျက်နှာထားတင်းနေပြီး မမရွှေရဲ့အနားမှာလည်း လူစိမ်းတစ်ယောက်က ရပ်နေလေသည်။ပြီးတော့ ထိုလူကဖြူလုံးကိုစူးဆိုက်ပြီး လာကြည့်နေသည်။။

ရုတ်တရက်  အခန်းထောင့်မှာ ထိုင်နေသော လူကို လှမ်းကြည့်လိုက်မိတဲ့အခိုက်မှာ ဖြူလုံးရဲ့အသက်ရှူနှုန်းတွေ တစ်အားမြန်လာတယ်။

ဖြူလုံးသိပ်ကြောက်တယ်။ဖြူလုံးကို ရေနစ်အောင် လုပ်ခဲ့တဲ့လူကြီး ။
သူ ဖြူလုံးကို သတ်တော့မှာ။သူ့အကြည့်တွေက ဖြူလုံးရဲ့ရင်ဘတ်နေရာကို လှမ်းကြည့်နေတာကြောင့်  လက်နဲ့ရင်ဘတ်ကိုအတင်းကာလိုက်မိသည်။

ဒီလူကြီးရဲ့ မျက်နှာကိုမြင်နေရတာနဲ့ကို အသက်ရှူတွေ ကြပ်လာပြီး ရင်ဘတ်ထဲကနေ အောင့်တက်လာသည်။မျက်၀န်းအိမ်မှ မျက်ရည်တို့ကလည်း. ကြောက်စိတ်နဲ့အတူ ရောယှက်ပြီး တစ်ပေါက်ပေါက်ကြလာသည်။

"အား!!!!!!!ထွက်သွား!!!!ထွက်သွား!!!!လူယုတ်မာ
...ထွက်သွား!!!!"

"ဒုန်း...."

ဖြူလုံးဟာ ကြောက်လန့်တခြား အသံနက်ကြီးနဲ့ထအော်ရင်း သုတထိုင်နေသည့် နေရာသို့ ‌ရေခွက်ကိုဆွဲကာ ပစ်ပေါက်ချလိုက်သည်။

သူမရဲ့ခန္ဓာကိုယ်လေးက တဆက်ဆက်တုန်ယင်လာပြီး ရှိုက်ကြီးတငင်ငိုကြွေးနေတာကြောင့် ငွေပန်းချီတို့ ညီအစ်မတောင် လန့်သွားကြသည်။
အခုချိန်မှာ ဖြူလုံးရဲ့စိတ်ဆန္ဒက တစ်ခုတည်းရယ်ပါ။အဲ့ဒါကတော့ အိမ်ကိုပြန်ချင်နေသော ဆန္ဒလေးပါပဲ။

"အား!!!!အိမ်ပြန်ချင်တယ်...အိမ်ပြန်လိုက်ပို့ပေးပါ...အဟင့်....အိမ်ပြန်မယ်...ဖြူလုံးကို အိမ်ပြန်လိုက်ပို့ပေးပါ...သူ့ကိုဖြူလုံးကြောက်တယ်...
ယုတ်မာတဲ့ လူကြီး...သမီးကိုသူသတ်လိမ့်မယ်...
သမီးကြောက်တယ်...အဟင့်...အိမ်ကိုပြန်ပို့ပေးပါတော့...."

"ရှင်တို့...ရှင်တို့နှစ်ယောက် အခန်းထဲကနေ ထွက်သွားပေးပါ...ကျွန်မတို့ ဖြူလုံးနဲ့အေးဆေးစကားပြောချင်တယ်...ထွက်သွားပေးပါ..."

ငွေပန်းချီဟာ ငရဲနှင့် သုတကို မောင်းထုတ်လိုက်ပြီးနောက် အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။
အကြောက်မပြေသေးတဲ့ ဖြူလုံးရဲ့ ပခုံးလေးကို အုပ်ကိုင်လိုက်ပြီး  မျက်လုံးချင်းဆုံစေလိုက်သည်။

"ဖြူလုံး...မမငွေကို ဖြူလုံးရေထဲ ဘယ်လိုပြုတ်ကျသွားတယ်...ဟိုလူကဘာတွေလုပ်လိုက်သလဲဆိုတာ အမှန်အတိုင်းပြောပြစမ်း...မမဖြေရှင်းပေးမယ်..."

"ဟင့်အင်း...ဟင့်အင်း...သမီးကို အိမ်ပြန်ခွင့်ပြုပါ...သမီးအိမ်ပြန်ချင်တယ်...."

"မေးမနေပါနဲ့ဟာ...ဟဲ့ဖြူလုံး...သူကနင့်ကိုဘာပဲလုပ်လုပ် နင်အနေအထိုင်မတတ်လို့ ခံရတာပဲ...အေးဒီအကြောင်းကို လျှောက်ဖွရဲဖွကြည့်...
နင်နဲ့ငါတွေ့မယ်...."

မမရွှေပန်းချီက ဖြူလုံးရဲ့လက်မောင်းကို လာဖိညှစ်ပြီး ခြိမ်းခြောက်သလို ပြောလာတော့ ဖြူလုံးရဲ့ညာဘက်မျက်၀န်းမှ မျက်ရည်တစ်စက် ကျလာမိပြန်သည်။

ရေကန်ထဲမှာ ရေမွန်းနေတုန်းကလည်း ဘယ်သူကမှ လာမကယ်ပေးကြသလို အခုလည်း အနိုင်ကျင့်ခံရပြန်ပြီ။
လူတွေက နှိမ့်ကျပြီးသားအရာကို ပိုနှိမ်ချရတာ အကျင့်ဖြစ်နေတာများလား။

ဖြူလုံး၀မ်းအနည်းရဆုံးက သူစိမ်းယောက်ျားတစ်ယောက်ရဲ့ ထိကိုင်ခြင်းကို ခံခဲ့ရသည့်အဖြစ်ကို ကိုယ်တိုင်ရဲရဲဝံ့ဝံ့ ဖွင့်ပြောပြီး အပစ်မပေးနိုင်ခြင်းပဲ။ဖြူလုံး သတ္တိနည်းလိုက်တာ။

"ဟဲ့...ရွှေ..နင်ဘယ်လိုဖြစ်နေတာလဲ...ငါဒီမှာမေးနေတယ်လေ...."

"ဟာ...ဘာမှမေးမနေနဲ့...မေးလည်း နဲနဲကို များများလုပ်ပြောမှာပဲ...သူ့အဆင့်ကဘာမို့လို့လဲ...
သုတဆိုတာ သူဌေးသား...သူ့ထက်အများကြီးသာတယ်...ဒီမှာဖြူလုံး..နင့်အသားကို သူထိရင်တောင် အရမ်းကို ကံကောင်းတယ်လို့ပဲမှတ်လိုက်..မမ..နင်လည်း ဘာမှမေးမနေနဲ့တော့...လူလည်း သေသွားတာမှမဟုတ်ပဲ...နင့်အ၀တ်အစားတွေ လဲပေးပြီး ပြန်ပို့လိုက်တော့...သောက်ကောင်မလေးလုပ်တာနဲ့ ငါ့မွေးနေ့လည်း ပျက်ရတယ်...စိတ်တိုစရာကောင်းလိုက်တာ..."

ရွှေပန်းချီဟာ ဒေါသတကြီးနဲ့ပြောဆိုခဲ့ပြီး အခန်းထဲမှ ထွက်သွားလေသည်။
ငွေပန်းချီကတော့ သက်ပြင်းတွေသာ ဖိချမိရင်း ဖြူလုံးရဲ့ လက်ဖဝါးလေးတွေကို ဆုပ်ကိုင်လိုက်သည်။

"ဖြူလုံး...မမရဲ့အ၀တ်အစားတွေကို လဲပြီးရင် ခေါင်းကို ခြောက်အောင်လေမှုတ်စက်နဲ့မှုတ်ပေးမယ်...ဟိုလေ...အခုဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ကို‌ကို...အဲ...ကိုဒေ၀ကို ပြန်မပြောပါနဲ့နော်...သူ့စိတ်ကိုလည်း ဖြူလုံးသိတယ်မလား...အားလုံးပြဿနာတွေ ရှုပ်ကုန်လိမ့်မယ်..."

တကယ်က ဖြူလုံးအကြောင်းကို သိသွားခဲ့ရင် ကိုကို ငွေ့ကို လုံး၀ခွင့်မလွှတ်နိုင်မှာ စိုးရိမ်နေလို့ပါလေ။မတရားဘူးဆိုတာ သိပေမဲ့ ကိုကိုနဲ့ ငွေရဲ့ကြားထဲကို ဘယ်အရာမျိုးကမှ သွေးခွဲဖို့ဖြစ်မလာစေရဘူး။

"ညီမလေး...မမငွေပြောတာ နားလည်တယ်မဟုတ်လား... ဒီကြောင်းတွေအားလုံး ကိုဒေ၀ကိုလုပ်၀မပြောရဘူးနော်..."

မမရွှေပန်းချီက ရက်စက်တယ်ထင်ခဲ့မိတာ။
မမငွေပန်းချီက ပိုလို့တောင်ရက်စက်ပါသေးတယ်။ဆရာ၀န်တစ်ယောက်ဟာ အခြားသာမန်လူတွေထက် ဆင်ခြင်တုံတရား ပိုမြင့်မားမယ်ထင်ခဲ့မိတာ မှားသွားပါရောလား။ဒါပေမဲ့ ဖြူလုံး ခေါင်းညိမ့်ပြလိုက်မိပါသည်။မျက်ရည်စလေးလည်း လွှင့်စင်သွားလျှက်ပေါ့။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"အား!!!!!"

အိပ်မက်ဆိုးကနေ လန့်နိုးလာတာကြောင့် တစ်ကိုယ်လုံးလည်း ချွေးတွေစိုရွှဲနေသည်။
ကုတင်ဘေးမှ မီးအိမ်တင်ထားသော ခုံပေါ်တွင် အသင့်ရှိနေသော ရေကရားထဲမှ ရေတစ်ခွက်ကိုငှဲ့ပြီးသောက်လိုက်လည်း အမောမပြေသေးဘူး ဖြစ်နေသည်။

အိပ်မက်က အရင်လို ကျားတစ်ကောင်နဲ့လုံးထွေးသတ်ပုတ်နေတာမျိုးပဲ ထပ်မက်ပြန်သည်။
ငယ်ငယ်တုန်းကလို အိပ်မက်တိုင်းက မှန်ကန်နေမယ်ဆိုရင် ဒီအရာကလည်း သူတကယ်ရင်ဆိုင်ရမဲ့ ကိစ္စဖြစ်လာနိုင်တယ်။

"ဟူး...ငါ့ရဲ့ကံကြမ္မာဆိုးတွေက မပြီးနိုင်တော့ဘူးလားကွာ..."

စိတ်ညစ်ညစ်နဲ့ပဲ ကုဒ်အိင်္ကျီကို ကောက်၀တ်လိုက်ကာ စီးကရက်သောက်ဖို့ လသာဆောင်ဆီကို ထွက်လာခဲ့လိုက်သည်။လက်က နာရီကိုကြည့်လိုက်မိတော့ ဆယ့်နှစ်နာရီ ထိုးနေလေပြီ။
နှင်းတွေကျတာ ရပ်သွားပေမဲ့ ရသီဥတုကတော့ တအားအေးနေတုန်းပါပဲ။လသာဆောင်ဆိုတော့ လေပိုတိုက်တာကြောင့်  နားရွက်တွေကအစ အေးလာသည်။

"ဟိုဟာက...ဘယ်သူလဲ..."

ရွှေရောင် မျက်မှန်ကိုင်းကို ပင့်တင်ပြီး သေချာကြည့်လိုက်မိသည်။
ခြံထဲက နှင်းဆီပန်းခင်းလေး‌ဘေးမှာ လူရိပ်လိုလိုတွေ့‌ နေရလေသည်။တစ်ခြံလုံးမှာ မီးတွေထိန်နေအောင် ထွန်းပေးထားပေမဲ့ အဲ့ဒီ့ပန်းခင်းနေရာလေးက ကွက်ပြီးမှောင်ရိပ်ကြနေလေသည်။

ဒီလောက်ချမ်းနေတဲ့ ကာလကြီးမှာအိမ်ထဲကလူတွေကတော့ ခြံထဲကို ဘယ်နည်းနဲ့မှဆင်းကြမှာမဟုတ်ဘူး။အချိန်ကလည်း ညဉ့်နက်နေပြီ။
ဒါဆို သူခိုးများလား။သူခိုးဆိုရင်ရော ပန်းခင်းဘေးမှာ ဘာဖြစ်လို့ရပ်နေရတာလဲ။

"ဟာ...ရှုပ်တယ်ကွာ...သွားကြည့်လိုက်မယ်...."

ဖုန်းကို ယူလိုက်ပြီး ဗီဒိုထဲမှာ သိမ်းထားတဲ့ ကျင်စက်လေးကို ယူလိုက်ကာ အောက်ထပ်သို့‌
ဆင်းလာလိုက်သည်။

အိမ်ရှေ့တံခါးကို ဂျက်ဖွင့်လိုက်ပြီး ပန်းခင်းဘေးနားသို့ အလျှင်အမြန်ပြေးသွားလိုက်သည်။
ဖုန်မီးကိုလည်း ဖွင့်ချလိုက်ပြီးနောက် ပန်းခင်းဘေးမှာ မတ်တပ်ရပ်နေသော လူရိပ်ကိုမီးထိုးကြည့်လိုက်သည်။

"ဖြူလုံး....."

"ကို...ကိုကြီး..."

သူ့အဖို့ အံ့ဩရလွန်းလို့  လက်ထဲမှကျင်စက်လေးတောင် ပြုတ်ကျသွားသည်။အဘယ်ကြောင့်ဆိုသော သူ့ဘက်သို့ မျက်နှာလေးစောင်းပြီး လှည့်ကြည့်လာသော သူမရဲ့မျက်၀န်းနဲ့ ပါးပြင်လေးပေါ်တွင် မျက်ရည်စလေးတွေ ခိုတွဲစိုစွတ်နေသောကြောင့်ပင်။

ချက်ချင်းပဲ သူမအနားသို့ ပြေးသွားလိုက်ပြီး သူမရဲ့ မျက်ရည်ရွှဲနေသော ပါးလေးကို လက်နဲ့အုပ်ကာ မော့ပင့်စေလိုက်သည်။ဘာကြောင့်ငိုနေသလဲဆိုသည့် အဖြေကို သူမရဲ့မျက်၀န်းတွေမှတစ်ဆင့် အဖြေရှာနေမိပေမဲ။သူမရဲ့မျက်၀န်းလေးတွေမှာ အားငယ်၊၀မ်းနည်းမှုတွေကိုသာ ‌တွေ့လိုက်ရသည်။

"အဟင့်...ဟင့်...ကိုကြီး..."

ဖြူလုံးလည်း တစ်ညလုံးပိုက်ထွေးထားရသည်များကို ကိုကြီးရဲ့ရင်ခွင်ထဲမှာပဲ ငိုကြွေးရင်းလွှတ်ချလိုက်မိတော့သည်။
ကိုကြီးရဲ့ ရင်ခွင်အကျယ်ကြီးကသာ ဆောင်းဥတုမှာ အနွေးဆုံး မီးပြင်းဖိုကြီးလို စိတ်ကိုသက်သာရာ ရစေသည်။

ဖြူလုံးခံစားလိုက်မိတာက  ကျောပြင်ကိုခပ်ဖွဖွလေး ပုတ်ပေးလာသည့် ကိုကြီးရဲ့နွေး‌ ထွေးမှုလေး။ဖြူလုံးအပေါ်မှာ ကိုကြီးရဲ့ဖြူစင်တဲ့ မေတ္တာရေစင်ကသာ အချမ်းမြေ့ဆုံးပဲလို့ ဒီအခိုက်အတန့်လေးမှာ ပိုခံစားလိုက်မိပါသည်။

"ဘာဖြစ်လို့လဲ ဖြူလုံး...ဘာလို့ငိုနေတာလဲ...
မွေးနေ့အိမ်ကနေပြန်ရောက်တည်းက သတိထားမိနေတာ..ဟိုအိမ်မှာ ဘာဖြစ်လာသလဲ..."

"သမီးကို...ဘာမှမမေးပါနဲ့ သမီးမဖြေချင်ဘူး...
သမီးကို ခဏလောက်လေးပဲ နှစ်သိမ့်ပေးပါနော်
...သမီး...သမီး...အဟင့်..."

"ဟုတ်ပြီ...ကိုကြီးဘာမှမမေးတော့ဘူး...ဒီလိုလေးပဲ ဖက်ထားပေးမယ်...ဟုတ်ပြီလား..."

"အင်း.."

"အင်း"ဆိုသည့် အသံလေးကို ရှိုက်သံလေးနဲ့ ရောထွေးပစ်လိုက်တာကြောင့် ဒေ၀ရဲ့ရင်ဘတ်ထဲမှာလည်း ထပ်တူနာကျင်လာရသည်။

သူမက အနွေးထည်ပါးပါးလေးကိုသာ ၀တ်ထားသည်မို့ သူ့ရင်ခွင်ထဲသို့ နစ်၀င်နေသည့် ကလေးပေါက်စလေးကို သူ့ရဲ့ကုဒ်အိင်္ကျီ ဘေးအနားစတွေကို ဆွဲပြီး အုပ်ပေးထားလိုက်သည်။
အခုဆိုရင် သူမလေးဟာ မိခင်သားဗိုက်ကောင်၏
၀မ်းဗိုက်ထဲတွင် ခေါင်းလေးဝှက်ပြီး အနားယူ နေသလို ပုံစံလေးဖြစ်နေသည်။

ငွေပန်းချီ ..ငွေပန်းချီ..ပြောတော့ ဖြူလုံးနဲ့မွေးနေ့ပါတီမှာ ပျော်ခဲ့တယ်တဲ့။
အဟင်း..ငါ့ကိုသက်သက်လိမ်ခဲ့တာပဲ။ငါမကြိုက်ဆုံးကလည်း အဲ့ဒီ အလိမ်စကားတွေကိုပဲ။
တွေ့မယ်။ဖြူလုံးကို ငိုအောင်လုပ်ခဲ့သူမှန်သမျှကို
နှစ်ဆငိုအောင် ပြန်လုပ်ပြမယ်။

အခန်း၄၀>>>>>ဆက်ရန်....

🍁🍁🍁🍁🍁🍁🍁🍁

=‌========================================================================

အခန်း၄၀
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


"သမီး‌လေး...သမီးလေး.."

ဖေကြီးရဲ့ ခေါ်သံကြောင့် မျက်လုံးတွေကို အားတင်းပြီး ဖွင့်လိုက်သည်။ဘာကြောင့်မှန်း
 မသိပေမဲ့ ဖြူလုံးရဲ့မျက်နှာတစ်ခုလုံးက ပူလောင်နေသလိုခံစားရပြီး ရင်ထဲမှာလည်းတလှပ်လှပ်နှင့် မောဟိုက်နေသည်။

"သမီးလေး...ထတော့လေ...နေ့လည်ကျရင်
ဂိုက်ဆရာမလာမှာမဟုတ်လား...စာမေးပွဲကြီးက နီးနေပြီလေ...ဂရုစိုက်မှပေါ့...."

"ဖေကြီး...သမီးဒီနေ့ နားလို့မရဘူးလားဟင်..."

ခြင်ထောင်ထဲမှနေပြီး လေသံတိုးတိုးလေးနဲ့ ပြောလိုက်နဲ့ သမီးလေးကြောင့် ဦးဂန္တ၀င် မျက်ခုံးတစ်ဖက် တွန့်တက်သွားသည်။
သမီးလေးရဲ့ မျက်နှာကလည်း အသားဖြူသူမို့ နီရဲနေတာ သိသာနေသည်။စိတ်ထဲမှာ မသင်္ကာဖြစ်လာတာကြောင့် သမီးရဲ့ နဖူးလေးကို လက်ဖမိုးနဲ့ စမ်းကြည့်လိုက်တော့ ကိုတွေပူခြစ်တောက်နေသည်။

"သမီးလေး...ဖျားနေတာပဲ...ကိုယ်တွေလည်း တစ်အားပူနေတယ်...မဖြစ်ဘူး...ဆေးခန်းသွားပြရမယ်...."

"ရပါတယ် ဖေကြီးရယ်...သက်သာသွားမှာပါ..."

"ဘယ်ဖြစ်မလဲ...ဖျားတာကသာမာန်လေးမှမဟုတ်တာ အခုကအသားတွေ တအားပူနေတာလေ...နေအုံး...ဖေကြီး မောင်ဒေ၀ဆီကနေ ကားခဏသွားငှားလိုက်အုံးမယ်..."

"ဖေကြီး!!!!"

စောင်ထဲမှာ ကွေးနေရင်းမှ ဖေကြီးရဲ့လက်ကို လှမ်းဆွဲလိုက်သည်။ဖေကြီးကတော့ ဖြူလုံးကို အရမ်းစိုးရိမ်နေသည့် ပုံပေါ်နေသည်။ဒါပေမဲ့ ဖြူလုံးဖျားတာကို ကိုကြီးသိလို့မရဘူး။

"ဖေကြီး..သူများကို သွားအပူ‌မပေးပါနဲ့လား....ဒီအတိုင်း အပူကျဆေးသောက်လိုက်ရင် ပျောက်သွားမှာပါ..."

"သမီးကလည်းကွာ...ဆေးခန်းကတော့ သွားမှဖြစ်မယ်လေ...တကယ်လို့ မောင်ဒေ၀က ကားမငှားဘူးဆိုရင်...ဖေကြီးဆိုက်ကားရအောင် ငှားပြီး ဆေးခန်းကို လိုက်ပို့မှာပဲ..."

ဦးဂန္တ၀င်သည် သမီးကို ခေါင်းလေးအသာပွတ်သပ်ခဲ့ပြီးနောက် အခန်းအပြင်သို့ထွက်လာလိုက်သည်။သူ့အတွက် အရာအားလုံးဆုံးရှုံးလိုက်ရပြီးနောက်မှ ဘ၀ကြီးထဲမှာ ကျန်ရှိနေတော့တာဆိုလို့ သမီးလေးပဲရှိတော့တာပါ။

မရွှေရတုကလည်း ဆင်းရဲသွားတဲ့သူနဲ့အတူ မနေချင်တော့ဘူးဆိုကာ သူ့အမျိုးတွေရှိတဲ့ နေရာကိုအပြီးပြောင်းသွားခဲ့လေပြီ။အရာအားလုံးက သူ့ဆီကနေ တစ်စဆီထွက်ခွာပျောက်ကွယ် သွားကြပေမဲ့။သမီးလေ ဖြူလုံးကတော့ သူ့ကိုခွဲမသွားခဲ့တဲ့အပြင် အရင်က သမီးကလေးအပေါ်မှာ တာ၀န်မကျေပေးခဲ့တဲ့ ဖခင်၀တ်တရားတွေကိုလည်း သမီးဖြူလုံးက ဘယ်လိုမှနာကျဉ်းမှုမရှိပဲ ဖခင်ဖြစ်တဲ့ သူ့ကို သယောဇဉ် ကြီးရှာသည်။

သမီးလေးဟာ သူ့အတွက်တော့ ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ။
အရာအားလုံး ချွတ်ခြုံကျပြီး ဇနီးမယားကတောင် စွန့်ခွာခြင်းခံရတာဟာ ပုံမှန်ဆိုရင် ကိုယ့်ကိုကိုယ် အဆုံး စီရင်လိုက်ဖို့ သေချာသလောက်ပါပဲ။
ဒါပေမဲ့ သမီးလေးကြောင့် သူအခုထိရပ်တည်နေနိုင်တာပါလေ။

"အားလုံးပဲ...အလှူလုပ်မှာမို့လို သေချာလေးဂရုစိုက်ရမယ်နော်...စည်းစနစ်ကျအောင်လို့ သေချာလေးဂရုစိုက်ကြပါ...."

အိမ်ရှေ့ဘက်မှာ အလုပ်သမားတွေကို စကားပြောနေသော မနှင်းမြတ်ကိုတွေ့လိုက်ရတာကြောင့် ဦးဂန္တ၀င်လည်း ထိုနေရာသို့ သွားလိုက်သည်။

ပုံမှန်ဆိုရင် ကိုယ့်ရဲ့နိမ့်ကျသွားတဲ့ အခြေအနေကို သိမ်ငယ်ရှက်ရွံ့နေမိတာမို့ ဘယ်သူနဲ့မှစကားမပြောဖြစ်အောင် သတိထား‌နေပေမဲ့ ဒီနေ့တော့ သမီးလေးအတွက် ဘယ်သူ့ကိုပဲ အောက်ကျနောက်ကျခံပြီး ဆက်ဆံရပါစေ သူလုပ်ဖို့ဆုံးဖြတ်ထားပါတယ်။

"မနှင်းမြတ်...မနှင်းမြတ်..."

"အော်...ကိုဂန္တ၀င် ဘာကိစ္စရှိလို့လည်း..."

"ဟို...ကျွန်တော့်သမီးလေး အဖျားတွေအရမ်းတက်နေလို့ ဆေးခန်းသွားချင်လို့...‌မောင်ဒေ၀ကို
မော်ဒယ်လ်နိမ့်တဲ့ ကားလေးခဏငှားဖို့ ခင်ဗျားပြောပေးနိုင်မလားဗျာ..."

"ဒေါ်နှင်းမြတ်!!!...အားလုံးပြင်ဆင်ပြီးပြီလား..."

အနောက်ဘက်မှ ဖြတ်၀င်လာသော အသံခပ်ဟိန်းဟိန်းကြောင့် ဦးဂန္တ၀င်နှင် ဒေါ်နှင်းမြတ်တို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။
ဒေ၀ကတော့ လည်ကတုံးအိင်္ကျီ၏ ရင်ဘတ်အိတ်ကပ်မှာ ချိတ်ထားသော မျက်မှန်ကို ယူပြီး ဟန်ပါပါနှင့် တပ်လိုက်သည်။
ဒါ့အပြင်စီးကရက်တစ်ခုကို  ဘူးထဲမှထုတ်လိုက်သည်။

"ဒေါ်နှင်းမြတ်...အားလုံးပြင်ပြီးရင် ကျုပ်ကားနောက်ဖုံးထဲကို အိမ်တစ်အိမ်စာအတွက် လှူမှာတွေ ထည့်လိုက်ဗျာ...ကျွန်တော်ကိုယ်တိုင်သွားလှူချင်တဲ့ အိမ်ရှိတယ်...."

"ဟုတ်ကဲ့ဆရာ...."

ဆေးလိပ်ကို မီးညှိုဖို့ ဟန်ပြင်နေချိန်မှာပဲ
ဦးဂန္တ၀င်ကို သတိထားမိသွားသည်။ဦးဂန္တ၀င်ဟာ လွန်ခဲ့သော ဆယ့်နှနှစ်ကထက်စာရင် ပိုပိန်သွားသည်။အသားအရည်တွေလည်း မဲညစ်နေပြီး အရင်ကလို လူချမ်းသာရုပ်မပေါက်တော့ပေ။
ကြည့်ရတာ သူနေရတဲ့ နေရာအလိုက် လူတွေရဲ့အပေါ်ယံအလွှာကလည်း ပြောင်းလဲသွားတာလား။

"ဦးဂန္တ၀င်က ဘာကိစ္စဒီကို ရောက်နေရတာလဲ...
ကိုးနာရီထိုးနေပြီလေ...အလုပ်မသွားဘူးလား.."

ဦးဂန္တ၀င်လည်း ရုပ်တည်ကြီးနှင့်မျက်မှောင်ကြုံ့ကာမေးနေသော မောင်ဒေ၀ကို နဲနဲလန့်နေမိပေမဲ့ သမီးလေးအတွက် သူအားတင်းလိုက်မိသည်။ဆေးခန်းကဝေးတော့ ဆိုင်ကားခနဲ့တင် ဆေးစရိတ်ကုန်သွားမှာစိုးလို့သာ ကားငှားရမှ ဖြစ်ပေမည်။

"ဆရာ...ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော့်ကို ကူညီပါဗျာ..."

ဒေ၀နှုတ်ခမ်းတစ်ဖက်ကို တမင်မဲ့ပစ်လိုက်သည်။ဦးဂန္တ၀င်ဆိုရင်တော့ သေတာတောင်မကူညီဘူးလို့ ဆုံးဖြတ်လိုက်သည်။

"ဆောရီးပဲဗျာ...ကျုပ်သွားစရာလေးရှိသေးလို့..."ဆိုသည့် စကားသာပြောခဲ့ကာ သူကျောခိုင်းပစ်လိုက်သည်။

"ကျွန်တော် ရှိခိုးပြီးတောင်းပန်ဆိုရင် တောင်းပန်ပါ့မယ်ဆရာရယ်...ကျွန်တော့်သမီးလေး အဖျားတွေအရမ်းတက်နေလို့ ဆေးခန်းသွားပြရမှ ဖြစ်မှာမို့လို့ပါဗျာ...ကျွန်တော်အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ...."

"နေအုံး...ခင်ဗျားပြောတာ ဘယ်သူ..ဘာဖြစ်တယ်..."

ခပ်လှမ်းလှမ်းကို ရောက်ပြီးသွားမှ သမီးဆိုသည့်စကားကြောင့် ဒေ၀မှာ ဦးဂန္တ၀င်ဆီသို့ အမြန်ပြန်လျှောက်လာမိသည်။

"ကျွန်တော့်သမီး...လုံးလုံးလေးနေမကောင်းဖြစ်နေလို့ပါဆရာ...အဖျား‌တွေအရမ်းတက်...
ဟာ..ဆရာ...ဆရာ့..."

သူ့စကားတောင်မဆုံးသေးပဲ စီးကရက်‌တောင့်ကို လွှင့်ပစ်ခဲ့ကာ ပြေးသွားသော ဒေ၀ကြောင့်
ဦးဂန္တ၀င်တောင် ကြောင်အသွားလေသည်။
စိတ်မကောင်းလည်း ဖြစ်သွားမိသည် ။

"မနှင်းမြတ်ရယ်...ဆရာကကျွန်တော့်ကို မကူညီချင်ဘူးထင်ပါတယ်...ပြေးထွက်သွားတယ်..."

ဦးဂန္တ၀င်က ငိုတော့မလိုမျက်နှာနှင့် ပြောလိုက်သည်မို့ ဒေါ်နှင်းမြတ်မှာ ခေါင်းကို အသာခါလိုက်မိသည်။

"ကိုဂန္တ၀င်ရယ် တော်ကလည်း အရိပ်ပြလို့မှ အကောင်မမြင်ပါလားတော်...အဲ့ဒါတော်တို့အိပ်ခန်းဆီ ပြေးသွားတာတော်ရေ့...လိုက်သာသွားတော့"

"ဗျာ....ကျွန်တော်တို့အိပ်ခန်း...."

ဦးဂန္တ၀င်လည်း သမီးပျိုလေးရှိတဲ့အခန်းထဲကို ဒေ၀က အတင်းဇွတ်၀င်သွားသည်ကြောင့် အနောက်မှ ပြေးလိုက်ရလေသည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဖေကြီး...ဖေကြီး...."

ဖြူလုံး ဖေကြီးကိုခေါ်နေမိပေမဲ့ ဖေကြီးရဲ့အရိပ်ကိုတောင် မမြင်ရဖြစ်နေသည်။ရင်ထဲမှာလည်း တစ်စက်မှနေလို့ ထိုင်လို့မကောင်းဘူး။တစ်ကိုယ်လုံးလည်း ပူရှိန်းပြီး အားမရှိတော့သလိုပဲ။
ဘေးနားမှာ တစ်ယောက်မှရှိမနေတော့ အားငယ်ပြီး ငိုချင်စိတ်ပါဖြစ်လာသည်။ဖေကြီး ဘာလို့ပြန်မလာသေးတာလဲ။??

"ဒုန်း!!!!...."

"ဟင်...."

တံခါးကို အကြမ်းပတမ်းဖွင့်လိုက်သံကြား၍ တုံးလုံးလှဲနေရင်းမှ မော့ကြည့်လိုက်မိတော့...

"ဖြူလုံး...."

ကိုကြီးက ဖြူလုံးရဲ့နာမည်ကို အကျယ်ကြီးအော်ခေါ်လိုက်ပြီး ခြင်ထောင်ထဲကို အတင်း၀င်လာသည်။ဖြူလုံးရဲ့ နဖူးနဲ့ ပါးတွေကို သူ့လက် အေးကြီး နဲ့စမ်းကြည့်ပြီးတော့ ခြင်ထောင်အပြင်ကို ပြန်ထွက်ပြီး ခြင်ထောင်ကြိုးတွေကို ထဖြုတ်တော့သည်။ကိုကြီး ဘာ‌တွေလျှောက်လုပ်နေသလဲဆိုပြီး နားမလည်နိုင်စွာ လိုက်ငေးကြည့်နေတဲ့အချိန်မှာပဲ ဖြူလုံးကို စောင်နဲ့ လုံးပြီးအထွေးလိုက် လာပွေ့လေသည်။

"ဟာ...ကိုကြီး...ဘာလုပ်မလို့လဲ...အောက်ကို ပြန်ချပေးပါ...သူများတွေမြင်ရင်...."

"ရှူး...စကားမပြောနဲ့...အခုချိန်မှာ ကိုယ်ပြောတာပဲနာခံ...ကိုယ်လုပ်ပေးတာကိုပဲ ထိုင်ကြည့်နေ...
လူကြီးက မဟုတ်တာဘာမှမလုပ်ဘူး...."

"ဟာ...မောင်...မောင်ဒေ၀...ဦးသမီးကို ဘာလုပ်မလို့လဲ ..."

ဖေကြီးကလည်း အခန်းထဲသို့ ‌အမောတကြီးပြေးလာပြီး ကိုကြီးကို ရန်ထတွေ့တော့မလို လေသံမျိုးနဲ့ ပြောလိုက်လေသည်။
ဟုတ်လည်း ဟုတ်တာပဲ။ကိုကြီးက ဘာဆိုဘာမှ မပြောပဲ သူလုပ်ချင်တာတွေပဲ လုပ် နေတယ်။
ဘယ့်သူ့မှလည်း စကားတစ်ခွန်းတောင် မပြောဘူး။

"ဒီမှာ...ဦးဂန္တ၀င်...ခင်ဗျားသမီးကို ကျုပ်ကိုယ်တိုင်ဆေးခန်း လိုက်ပို့ပေးလိုက်မှာမို့...ခင်ဗျားနေခဲ့လိုက်တော့...."

"ဗျာ...မဟုတ်သေးဘူးလေ..မောင်ဒေ၀ရယ်...
အများအမြင်မှာ မသင့်တော်ပါဘူး...သမီးလေးကို ဂိုက်ဆရာတွေ ခေါ်ပေးထားတာပဲ လွန်လှပါပြီဗျာ...ဆေးခန်းပို့ပေးတဲ့အထိတော့ မလုပ်ပေးပါနဲ့..."

"တော်တော့ဗျာ...."

စကားတွေပေရှည်နေတဲ့ ဦးဂန္တ၀င်ကို စိတ်ကမကြည်တော့ပေ။ဘယ်သူပဲဆေးခန်းပို့ပို့ အတူတူပဲဥစ္စာကို ဘာတွေလာဖြစ်နေသလဲမသိဘူး။
ကလေးက အရမ်းဖျားနေတာကို တော်တော်အရစ်ရှည်တဲ့လူ။

"ဒီမှာ...ကျုပ်လုပ်ပေးချင်လို့လုပ်ပေးတာ..
ဦးလေးနေခဲ့လိုက်တော့...."

အဖေဖြစ်သူကို ခပ်မာမာနဲ့ပြောခဲ့လိုက်ကာ သမီးဖြစ်သူကိုတော့ ကြင်နာစွာ ပွေ့ချီသွားလေသည်။

ဖြူလုံးမှာတော့ အအော်ခံလိုက်ရလို့ စိတ်မကောင်းဖြစ်သွားတဲ့ ဖေကြီးမျက်နှာလေးကို ကြည့်ပြီး စိတ်မကောင်းလို့မဆုံးဖြစ်နေမိသည်။
ဖေကြီးက ဖြူလုံးအပေါ်ကို အရမ်းကြင်နာပြီး ကောင်းလာပါပြီ။ဒါကြောင့်  ဖြူလုံးလည်း  ဖေကြီးကိုအော်တာတော့ လုံး၀မကြိုက်ဘူး။

"ကိုကြီး ဖြူလုံးလမ်းလျှောက်နိုင်ပါတယ်...."

"ရတယ်...ဒီအတိုင်းလေးပဲ ငြိမ်ငြိမ်နေ ...."

ခေါင်းတွေ မူးနေပေမဲ့လို့ လမ်းက‌တော့ထိန်းပြီးလျှောက်နိုင်ပါတယ်။ဒါပေမဲ့ ကိုကြီးကတော့ ဘယ်လိုပြောပြော နားမ၀င်ပဲ ပေါ်တီ‌ကိုအောက်မှာ ရပ်ထားတဲ့ သူ့ကားဆီသို့သာ ရောက်အောင် ခေါ်သွားတော့သည်။

"ဒေါ်နှင်းမြတ် ကားတံခါးဖွင့်ပေး..."

"ဟုတ်ကဲ့ပါ...ဆရာ..."

ဒေါ်နှင်းမြတ်က ကားတံခါးကို အမြန်ဖွင့်ပေးလိုက်နဲ့အခါ ဒေ၀ကဖြူလုံးငို ကားရှေ့ထိုင်ခုံမှာပဲ ချပေးလိုက်တာ စောင်ကိုယူလိုက်ပြီး ထိုင်ခုံခါးပတ် ပတ်ပေးလိုက်သည်။ဦးဂန္တ၀င်ကတော့ သူ့သမီးလေးကို စိုးရိမ်ပြီး ကားဘေးနားလေးမှ မတ်တပ်ရပ်နေရှာသည်။

"ဒေါ်နှင်းမြတ်...လှူဖို့ပစ္စည်းတွေရော ကားထဲမှာထည့်ပြီးပြီလား..."

"ပြီးပါပြီ...ဆရာ...."

"ကောင်းပြီ...ရော့ဒီစောင်ယူထား...."

ဒေါ်နှင်းမြတ်ကို ဖြူလုံးခြုံတဲ့စောင်အား ပေးခဲ့ကာ ကားပေါ်သို့တက်လိုက်ပြီး ခြံထဲမှ မောင်းထွက်သွားလေသည်။ကားလေးထွက်သွားသည်ကို ကြည့်နေမိကြတဲ့ လူတွေကတော့ ဦးဂန္တ၀င်နဲ့ ဒေါ်နှင်းမြတ်တို့ အလုပ်သမား အုပ်စုပေါ့။

"မောင်းဒေ၀ကိုကြည့်ရတာ သမီးလေးအပေါ်မှာ ဆက်ဆံတာ တစ်မျိုးပဲ..."

"ကိုဂန္တ၀င်ရယ်...တော်ကလည်း အဖေဖြစ်ပြီးတော့ အခုမှရိပ်မိရသလား...ရိုးရိုးလား ဆန်းဆန်းလားဆိုတာတော့ ဆရာ့စိတ်ကိုကျွန်မတို့လည်း
မခန့်မှန်းတတ်ဘူး...ဒါပေမဲ့ လုံးလုံးအပေါ်မှာ
ဆရာ့ရဲ့ ဆက်ဆံပုံက ထူးခြားနေတာတော့သေချာတယ်..."

ဒေါ်နှင်းမြတ် ပြောလိုက်သည့်စကားကြောင့်
ဦးဂန္တ၀င်ရဲ့ စိတ်ထဲတွင် စိုးရိမ်မှုတစ်ခုဖြစ်တည်လာသည်။
ဒေ၀ဆိုတာ အခုအချိန်မှာ သူတို့နဲ့အခြေအနေချင်း အရမ်းကွာတဲ့လူ။ဒါ့အပြင် သမီးလေးနဲ့ကလည်း အသက်အရွယ်တော်တော်ကွာတယ်။အရင်တုန်းကတော့ သမီးလေးကိုပညာရေးနဲ့ပတ်သတ်ပြီး ကူညီပေးနေပေမဲ့ သဘောရိုးပဲထင်ပြီး လွှတ်ထားခဲ့မိတာ။

အခုတော့ သမီးလေးအပေါ် ပြုမူဆက်ဆံပုံတွေက တွေးစရာဖြစ်နေပြီ။ကိုယ်ကသူ့အရိပ်ကို ခိုနေရတာ။တစ်ခုခု အမှားဖြစ်သွားခဲ့ရင် နစ်နာရမှာက ကိုယ်တွေပဲ။ သမီးလေးကလည်း အပျိုအရွယ်လေးဖြစ်တဲ့အပြင် ရုပ်ရည်လေးကလည်း ချောမောနေတော့ ‌မောင်ဒေ၀အနေနဲ့ တကယ်ချစ်ခင်နှစ်သက်ရင်တော့ ကောင်းတာပေါ့။ဒါပေမဲ့  ကျားဆိုတဲ့သဘာ၀က အသားကိုတော့စားမှာပဲ။
မဖြစ်ဘူး။မရွှေလည်း မရှိတော့ဘူးဆိုတော့ စုမိဆောင်းမိတာလေးနဲ့ သမီးလေးကိုခေါ်ပြီး
 ရန်ကုန်က မိတ်ဆွေတွေဆီမှာ အလုပ်သွားရှာရမယ်။

🍁🍁🍁🍁🍁🍁🍁

"သွေးပေါင်တွေ အရမ်းကျနေတယ်...အဖျားကလည်း ၁၀၀.၄ကျော်နေပြီ...ဘယ်လိုဖြစ်တာလဲ...အဆုတ်လည်းအား‌နည်းနေတယ်
ရေအချိုးမှားတာတို့...အအေးပတ်တာမျိုးဖြစ်ခဲ့တာလား..."

"ဖြေလိုက်လေ...ဒေါက်တာ့ကို..."

ကိုကြီးက ဖြူလုံးရဲ့ကျောကို လှမ်းပုတ်ပြီးပြောလိုက်သည်မို့ ဖြူလုံးလည်း အမှန်အတိုင်းဖြေဖို့ သာဆုံးဖြတ်လိုက်ပါတယ်။

"မနေ့ညတုန်းက...ရေကူးကန်ထဲကို ခြေချော်ကျမိလို့ပါ....."

"ဟုတ်လား...ရေးကူးတတ်လို့လား..."

"မကူးတတ်ဘူးဆရာမ...သမီးရေနစ်ပြီး သတိမေ့သွားခဲ့သေးတယ်.."

"နောက်ဆို ဂရုစိုက်ပါ...ဒါမျိုးက အသက်အန္တရာယ်ပါ ထိခိုက်သွားနိုင်တယ်...ဒါကြောင့်အဆုတ်ပွသလို ဖြစ်နေတာပါ...အသက်ရှူလမ်းကြောင်းထဲကို ရေ၀င်သွားတာဖြစ်လိမ့်မယ်..ဆေးထိုး‌ ပေးလိုက်မယ်နော်...
သောက်ဆေးကိုလည်း သုံးရက်စာပေးလိုက်မယ်...သုံးရက်ပြည့်လို့မှ မသက်သာရင် ပြန်လာပြပါ..ရေနစ်ထား တော့ ဆေးရုံမှာ ဓာတ်မှန်သွားရိုက်စေချင်တယ်..."

"ဟုတ်ကဲ့..."

ဆရာ၀န်မလေးကို ပြန်ဖြေပြီးနောက် ကိုကြီးရဲ့မျက်နှာကို ကြည့်လိုက်မိတော့ ကိုကြီးကဖြူလူံးကိုလည်း ကြည့်မနေသလို ဆရာ၀န်မလေးကိုလည်း ကြည့်မနေပေ။ကိုကြီးရဲ့ မျက်၀န်းတွေက သူ့ပေါင်ပေါ်က လက်သီးဆုပ်ကိုသာ ကြည့်နေပြီး တစ်ခုခုကို အပြင်းအထန်တွေးနေပုံပေါ်နေသည်။

"ကုတင်ပေါ်ကို တက်ပါ...."

ဆရာ၀န်မလေးက ဆေးတစ်လုံးထိုးပေးလိုက်ပြီးနောက် သောက်ဆေးတွေပေးလိုက်လေသည်။
အပြန်မှာတော့ ကိုကြီးကပွေ့ချီပြီး မခေါ်တော့တဲ့အပြင် ဖြူလုံးကိုတောင်မစောင့်ပဲ ဆေးယူပြီးတာနဲ့ သူ့ကားဆီသို့သာ ချက်ချင်းတန်းသွားတယ်။
ဖြူလုံး စိတ်ထဲမှာတော့ နေမကောင်းတာသိလျှက်နဲ့  တွဲပေးရမှန်း မသိတဲ့ကိုကြီးကို စိတ်အလွန်ဆိုးနေမိသည်။
ဒါကြောင့် ကားအရှေ့ခန်းမှာ မထိုင်ပဲ အနောက်ခန်းတံခါးကိုသာ ဖွင့်ပြီးထိုင်ဖို့ လုပ်လိုက်သည်။

"အရှေ့မှာ လာထိုင်လေ...ဘာစတန့်တွေထွင်နေတာလဲ..."

"ဘာစတန့်မှ မထွင်ပါဘူး..."

"မထွင်ရင် အရှေ့မှာလာထိုင်...ပြောစရာရှိတယ်.."

နေမကောင်းတဲ့လူကို ပြောတဲ့လေသံကိုက သံမဏိထက်တောင် မာလွန်းနေတာကြောင့် မျက်နှာကြီးကို ဆူပုပ်ပစ်လိုက်ပြီး ကားအရှေ့ခန်းမှာ ၀င်ထိုင်လိုက်သည်။

"ကားမောင်းတော့လေ..."

"အောင်မယ်..ငါကမင်းရဲ့အစေခံမို့လို့လား...လာအော်နေရအောင်..."

ဖြူလုံးနဲ့ နောက်စေ့ကို ဖက်ကနဲပိတ်ရိုက်လိုက်ပြီး
ပြောလိုက်သည်မို့ မျက်လုံးတွေပါ ပြူးကုန်ပြီး ကိုကြီးရဲ့ မျက်နှာကို ကြည့်လိုက်မိသည်။

"သမီးခေါင်းကို ဘာလို့လာထုတာလဲ...
နေမကောင်းဖြစ်နေတာနော်..."

"အေး...အဲ့လိုနေမကောင်းဖြစ်တော့မှပဲ မနေ့ကမင်းဘာတွေဖြစ်လာခဲ့သလဲဆိုတာ သိလိုက်ရတော့တယ်...ဘယ်အချိန်ထိ မပြောပဲထားမလို့လဲ..ဟမ်..."

"ဖြူလုံး မပြောချင်ဘူး..."

"မပြောချင်လို့ဖြစ်မလား...မင်းရဲ့အရွယ်က တစ်ခုခုအခက်အခဲဖြစ်လာရင် လူကြီးတွေကို ပြန်ပြောရမဲ့အရွယ်လေ...မင်းမှာကိုယ်ပိုင် ဆုံးဖြတ်ချက်မချနိုင်သေးသ၍...ကိုယ့်အားနဲ့ဘာမှ မလုပ်နိုင်သေးသ၍...မင်းရဲ့မိဘကိုပဲဖြစ်ဖြစ်...ကိုယ့်ကိုပဲ ဖြစ်ဖြစ်....ပြန်ပြောပြပြီး အကူအညီတောင်းရမယ်လေ...ဘာလို့ရေငုံနှုတ်ပိတ်နေနေတာလဲ...."

ဒေ၀အဖို့ ဒေါသထွက်ရလွန်းလို့ ကလေးမကိုကိုင်ဆောင့်ပစ်လိုက်ချင်သည်။ကိုယ့်မှာတော့ အလုပ်တွေမအားတဲ့ကြားကနေ သူမကိုတွေ့ချင်လို့ တောင်ပေါ်ကနေတောင် နှစ်ရက်လောက် အိမ်ပြန်လာခဲ့ရတယ်။
သူမကတော့  ဘယ်အရာကိုမှသူ့အပေါ်မပွင့်လင်းဘူး။ဘယ်လိုကလေးမှန်း မသိတော့ပါဘူး။

"အဟင့်...သမီးမပြောချင်ဘူး...မပြောလို့မရဘူးလားဟင်...."

ငိုသံနှောပြီး ပြောလာသောသူမကြောင့် သူ့ဒေါသတွေက အထွတ်အထိပ်သို့ ရောက်လာသည်။
ညတုန်းကတော့ ဒီလောက်အထိ ဖြစ်ခဲ့မယ်မထင်လို့ သူမငိုနေတာကို နှစ်သိမ့်ပေးခဲ့မိတယ်။
အခုတော့ အဲ့ဒီမျက်ရည်တွေက သူရဲဘောကြောင်ခြင်းလို့ပဲ မှတ်ယူနေမိသည်။

"ငို ..ငို...အဲ့လိုငိုဖို့ပဲ မင်းတတ်တယ်...မေးတော့လည်း ဟုတ်တိပတ်တိမဖြေဘူး...မင်းကို ကိုယ်တိုင်ပြန်တုန့်ပြန်ခိုင်းနေတာမဟုတ်ဘူး...
ပြန်ပြောပြခိုင်းနေတာလေးကိုတောင်...
မပြောနိုင်ဘူး...ဒီသတ္တိမျိုးနဲ့ ရှေ့လျှောက်ဘာလုပ်စားမှာလဲ...ပြော...ရေကန်ထဲကို ဘယ်လိုဖြစ်ပြီးပြုတ်ကျရတာလဲ...ပေါက်ကရလေးဆယ်တွေ နဲ့ လိမ်ပြီးပြောမယ်တော့ မကြံနဲ့နော်...‌ကားပေါ်ကနေလွှင့်ထွက်သွားအောင် ကိုင်ပေါက်ပစ်လိုက်မယ်...ပြော...မြန်မြန်..."

 ဒေ၀ရဲ့ ခြိမ်းခြောက်လိုက်သော စကားတွေကြောင့် ဖြူလုံးရဲ့ခန္တာကိုယ်လေး‌လည်း ကြုံ့၀င်သွားလေသည်။နေမ‌ကောင်းတဲ့အချိန်မှာ အားငယ်စိတ်ကလေးကလည်း ၀င်နေပြီးသားမို့
 မငိုပါနဲ့လို့ ခြိမ်းခြောက်ပေမဲ့ မျက်ရည်ကအော်တို ကျလာလေသည်။
 
 ကိုကြီးကိုင်ပေါက်မှာလည်း စိုးရိမ်တာကြောင့် မျက်ရည်ကို ချက်ချင်းပြန်သုတ်ပြစ်လိုက်သည်။ကိုကြီးပြောတာလည်း မှန်တာပါပဲ။သူများအနိုင်ကျင့်တာကို အသားလွတ်သည်းခံလာရမဲ့အစား လူကြီးတစ်ယောက်ကို ရင်ဖွင့်ပြီး အကူအညီတောင်းတာက အကောင်းဆုံးပါပဲ လေ။
 စိတ်ကို အဆုံးစွန်အထိ အားတင်းပြီး အသက်ကို၀၀ရှူလိုက်သည်။

"‌ငါ...စောင့်နေရတာ...တော်တော်ကြာနေပြီ...
ကားမောင်းရင်းနဲ့ နားထောင်နေမယ်...."

ကိုကြီးက ကားစက်နှိုးပြီး ဆေးခန်းအရှေ့ကား
ပါကင်မှ မောင်းထွက်လိုက်လေသည်။
ဖြူလုံးလည်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ကိုကြီးကိုကြည့်လိုက်တော့ မျက်နှာကြီးက မာထန်နေပြီး မျက်ခုံးနှစ်ဖက်က အစွမ်းကုန်တွန့်ကောက်နေသည်မှာ ဒေါသအလွန်ထွက်နေမှန်း သိသာပါတယ်။

"မနေ့ညက...မမရွှေရဲ့မွေးနေ့ပွဲမှာ ဧည့်သည်‌
တွေစားဖို့ စပျစ်သီးပန်းကန်ယူသွားပေးတဲ့အချိန် မမရွှေရဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်က စပျစ်သီးစားချင်တယ်ဆိုပြီး သမီးကို လှမ်းခေါ်တယ်..သမီးလည်း စပျစ်သီးပန်းကန်ယူသွားပေးလိုက်တော့...စပျစ်သီးကို စားချင်တာမဟုတ်ဘူး....သမီးကိုစားချင်တာလို့ပြောပြီး...ရေကန်ထဲကို အတင်းဆွဲချတယ်...
သမီးရေနစ်နေတဲ့အချိန်မှာ သမီးကိုကယ်သလိုနဲ့...သမီးရင်ဘတ်ကိုလာပြီး...အဟင့်...ဟင့်...
...သမီးကသူ့ကို တံတောင်နဲ့ထိုးလိုက်တော့...
သမီးကို ရေနစ်အောင် တမင်ပခုံးကနေဖိချတယ်...နောက်တော့....သမီးလည်း ရေမွန်းပြီး
ဘာမှမသိတော့ဘူး...မမငွေတို့ရဲ့ အိမ်မှာလာတည်းတဲ့ ဧည့်သည်ကလာကယ်လို့သာ သမီးအသက်ရှင်ခွင့်ရခဲ့တာပါ..."

"ကျွီ...."

ကလေးရဲ့ စကားဆုံးသွားသည်နှင့် ကားကိုဘရိတ်အုပ်လိုက်ကာ မျက်ရည်တွေရွှဲနေသော မျက်နှာနုနုလေးကို သူငေးကြည့်လိုက်မိသည်။သူ့ရင်ထဲမှာလည်း မခံမရပ်နိုင်မှုတွေ တနင့်တပိုးဖြစ်လာသည်။အခုမှ အသက်၁၇နှနှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ကိုမှ ဘာလို့လဲကွာ။

အသက်ငယ်ပေမဲ့ အပျိုအရွယ်လေးမို့ ဒီကိစ္စကို အရှက်ကြီးပြီး သူမရင်ထဲမှာသာ ကွယ်ဝှက်ထားခဲ့တယ်။သူမဘယ်လောက်တောင် ရင်နာနေလိုက်မလဲ။ဒါကြောင့် မနေ့ညက ညလည်ခေါင်ကြီး ခြံအပြင်အထိထွက်ပြီးငိုနေခဲ့တာပေါ့။
သူကိုယ်တိုင်လည်း အံကိုကြိတ်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
လုပ်စရာ ကိစ္စက ရှိသေးသည်မို့ မနဲစိတ်ကိုဖြေလျှော့နေရသည်။

"ကိုကြီးတို့ အပိုင်သုံးကို သွားရအောင်...ပြီးရင်
ဖြူလုံးကို စံအိမ်ပြန်လိုက်ပို့ပေးမယ်..."

ကိုကြီးက ဖြူလုံးကို ထိုစကားတစ်ခွန်းသာ ပြောပြီး ကားကိုသာဟန်မပျက်ဆက်မောင်းနေလေသည်။
အပိုင်သုံးကို ရောက်တော့ ရပ်ကွက်လမ်းချိုးအတိုင်း၀င်သွားလိုက်‌ပြီး ဓနိမိုး ၊ထရံကာထားသော ခြံဝိုင်းတစ်ခုအရှေ့ကို ရောက်တော့ ကားကိုရပ်ပြီး ဆင်းသွားလေသည်။

ဒေ၀လည်း အပိုင်သုံးမှ ငယ်သူငယ်ချင်းဖိုးထူးတို့ ခြံလေးရဲ့အရှေ့မှာ ကားကိုရပ်လိုက်ပြီးနောက် ခြံဝိုင်းထဲသို့ လှမ်း၀င်လိုက်သည်။
ဖိုးထူးတို့ရဲ့ အိမ်ကလေးဟာ အရင်အတိုင်းမပြောင်းလဲပဲ ရှိနေလေသည်။ဖိုးထူးတို့ မိသားစုလည်း လူစုံတတ်စုံရှိနေသေးသလားဆိုတာတော့ သူမသိပေ။

"ဒီမှာဗျ...ဒီအိမ်ကဖိုးထူးတို့အိမ်လား..."

"ခင်ဗျားကဘယ်သူလဲ..."

ဖိုးထူးတို့ ခြံဝိုင်းထဲကနေ ထွက်လာသည့်
သူနဲ့ရွယ်တူ လူတစ်ယောက်ကို မေးလိုက်မိတာမှာ လေသံမာကြီးနဲ့ စကားပြန်ပြောတာကြောင့် စိတ်ထဲမှာတော့ အလိုမကျဖြစ်သွားသည်။

"ကျွန်တော်က ဖိုးထူးရဲ့မိတ်ဆွေဟောင်းပါ..."

မိတ်ဆွေဟောင်းလို့ ဆိုလိုက်သည့် ဒေ၀ရဲ့မျက်နှာကို စေ့စေ့ကြည့်နေရာမှ ငရဲ၏ အာရုံထဲတွင် မှတ်ဉာဏ်တစ်ချိုက ချက်ချင်းပေါ်လာသည်။
ပြောင်းလဲသွားပေမဲ့ ဆယ်စုနှစ်ကြာလောက် ပေါင်းခဲ့ရတဲ့ သူငယ်ချင်းကို သူသိပ်မှတ်မိတာပေါ့။ငယ်ငယ်တုန်းက ဖိုးထူးဆိုတဲ့ သူက လူကောင်ထွားပြီး ဗလတောင့်တယ်။
ကဝိကတော့ အရပ်ရှည်ပြီး ပိန်သွယ်တဲ့အပြင် မိန်းမမျက်နှာပေါက်နဲ့ကောင်။
အခုတော့ ကြည့်စမ်း ကိုယ့်ထက်တောင် လူကောင်ထွားနေသေးပါလား။

စိတ်ထဲမှာ ပျော်နေမိပေမဲ့ လူမြင်ကွင်းနေရာကြီးမှာမို့ သူ့မျက်နှာကိုပြန်တည်လိုက်ရင်း  ဒေ၀၏အနားသို့ တိုးကပ်သွားလိုက်သည်။

"ကဝိ...မင်းအခုချက်ချင်း...ဒီနေရာကနေထွက်သွားတော့..."

သူ့နားအနားသို့ ကပ်ပြီး သူ့ရဲ့ငယ်နာမည်ကိုခေါ်လိုက်တာကြောင့် ထိူလူနဲ့အကြည့်ချင်းစုံအောင် ကြည့်လိုက်မိလေသည်။

"မင်း!!...ဖိုးထူးလား..."

ဖြူလုံး ကားပေါ်မှ လှမ်းကြည့်နေတာ ကိုကြီးနဲ့ မနေ့က ဖြူလုံးကိုကယ်ခဲ့တဲ့လူဟာ ဘာတွေပြောနေကြတာလဲ မသိဘူး။သူတို့က သိနေကြတာလား။ပုံစံကြည့်ရတာတော့ တစ်မျိုးပဲ။ရုတ်တရက် ကိုကြီးက ဟိုလူရဲ့ပခုံးကို ပုတ်လိုက်ပြီးနောက် ကားရှိရာဆီကို ပြန်လျှောက်လာသည်။
ကားထဲကို ၀င်ပြီးနောက် ကားစက်ကိုနှိုးပြီး လာလမ်းအတိုင်းပြန်မောင်းထွက်လိုက်‌လေသည်။

"ကိုကြီး...ဆန်အိတ်တွေလှူမထားခဲ့ဘူးလား..."

"အင်း...."

"ခုဏက ကိုကြီးနဲ့တွေ့တဲ့လူကလေ...ဖြူလုံးကို ညက ရေကန်ထဲကနေ ကယ်လိုက်တဲ့လူပဲ..."

ထိုစကားကို ပြောလိုက်တော့မှ ဖြူလုံးဘက်ကို တစ်ချက်လှည့်ကြည့်ပြီး စက္ကန်းပိုင်းမျှလောက်သာ နှုတ်ခမ်းတွန့်တက်ရုံလေး ပြုံးလိုက်ရင်း အရှေ့သို့သာ ပြန်လှည့်သွားသည်။
ဖြူလုံးကို စကားတစ်ခွန်းတောင် မပြောချင်ဘူးပေါ့လေ။ကြည့်ရတာ ကိုကြီးများ ဖြူလုံးကို အထင်သေးသွားပြီလား။မျက်ရည်ဝဲလာပေမဲ့ ကိုကြီးမမြင်အောင် မျက်နှာကို ကားပြူတင်းဘက်သို့သာ လွှဲလိုက်ပါသည်။

အခန်း၄၁...ဆက်ရန်

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...