🌿အခန်း ၄၉မှ အခန်း ၅၂ 🌿

                                          


အခန်း၄၉

          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


"နင်အခုချက်ချင်း ငါ့အိမ်ထဲကနေထွက်သွား...နင့်လို သမီးမျိုးကို ငါအလိုမရှိဘူး...."

"အဖေ့...သမီးကိုအဲ့လိုတော့မပြောပါနဲ့အဖေရယ်..."

ရွှေပန်းချီရဲ့မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီးနောက် ဦးအဂ္ဂဟာတောက်တစ်ချက် ခေါက်လိုက်မိသည်အထိဒေါသထွက်သွားလေသည်။

"နင်...ငါ့သမီးဆိုရင်...ဘာကြောင့်လူပုံအလည်မှာ ဒီလိုအရှက်မရှိဒူးထောက်ခဲ့ရတာလဲ...ဟမ်!!!!...
နင့်မှာမာနမရှိဘူးလား..ဟေ့...ငါ့သမီးဆိုရင် ဘယ်တော့မှလူပုံအလည်မှာ ဒူးမထောက်ဘူးကွ...
ခရီးကပြန်ရောက်တာတောင်မကြာသေးဘူး...ဦးအဂ္ဂရဲ့သမီး အရိုးအထူးကုဒေါက်တာငွေပန်းချီရဲ့ ညီမက သူများကို အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိလုပ်ခဲ့မိလို့ လူပုံအလယ်မှာ ဒူးထောက်ရပါတယ်တဲ့...ဟောဒီ့မှာ ငါ့မျက်နှာကြီးကိုလေ
 ဒီမြို့က လူတိုင်းမတွေ့ဖူးတဲ့လူ မသိတဲ့လူမရှိတာ...နင်နားမလည်ဘူးလား...ဟမ်!!!!!"

အဖေက သူပါးတစ်ဖက်ကို လက်ဖဝါးနဲ့ခပ်ပြင်းပြင်းပုတ်ပြီး အသံကုန်အော်ဟစ်လိုက်လေသည်။‌ ရွှေ့မှာလည်း ကိုယ်တိုင်အရှက်ကွဲခဲ့ရခြင်းရဲ့ နာကျင်မှုကို ခံစားလို့မှမဆုံးသေး ဖခင်ကပါ အပြစ်သားတစ်ယောက်လို ဆက်ဆံလာတာကြောင့် ပိုပြီး၀မ်းနည်းရသည်။

"သမီးကအဖေ့သမီးအရင်းရော ဟုတ်ရဲ့လား..."

"ဘာ...!!!!ရွှေပန်းချီ ...နင်ဘာစကားတွေလာပြောနေတာလဲ...."

"ဟုတ်တယ်လေ..ငယ်ငယ်လေးတည်းက အဖေ့မှာသမီးတို့မောင်နှမသုံးယောက်အတွက် သီးသန့်အချိန်ပေးခဲ့တယ်ဆိုတာ ရှိခဲ့လို့လား....
အလုပ်...အလုပ်...အဖေ့ရဲ့အလုပ်ကိုပဲအကြောင်းပြပြီး...ဖခင်မေတ္တာကို အဖေဘယ်တော့မှမပေးခဲ့ဘူး...အမှားတစ်ခုလေး
လုပ်မိရင်ရိုက်တယ်၊ဆူတယ်...
ဒါပေမဲ့ ကောင်းတာလေးလုပ်မိရင်တော့ အဖေဘယ်တုန်းကမှ မချီးကျူးပေးခဲ့ဘူး...
အဲ့တော့ သမီးကဘာလို့ ကောင်းတာတွေလုပ်နေရမှာလဲ...."

"ဖြန်း!!!!!!"

ဦးအဂ္ဂဟာရွှေပန်းချီရဲ့ ညာဘက်ပါးကို ခပ်ပြင်းပြင်းရိုက်ချလိုက်တာကြောင့် ရွှေပန်းချီခမျာ အနောက်သို့ ယိုင်ကျသွားရလေသည်။ရွှေပန်းချီကလည်း ဦးအဂ္ဂနည်းတူ ခေါင်းမာသည့် လူ၏သမီးဖြစ်တာကြောင့် ဖခင်ကိုခပ်စိမ်းစိမ်းသာ ပြန်ကြည့်လိုက်သည်။

"နင်အကြည့်တွေ နင့်အချိုးတွေကို ပြင်လိုက်စမ်း!!...ငါ့သားသမီး သုံးယောက်ထဲမှာ နင်တစ်ယောက်တည်း ငါ့ကိုပြန်ခံပြောနေတာ..
အင်ဂျင်နီယာဘွဲ့တစ်ခုရထားတာကလွဲပြီး နင်ဘာသောက်သုံးကျသလဲ..ပေါင်းတဲ့အပေါင်းအသင်းကအစ ဆေးသမားတွေ ဂျလေဘီတွေ..."

"အဖေ...သမီးရဲ့အပေါင်းအသင်းတွေကို အဲ့လိုမပြောနဲ့..."

"ပြောမှာပဲ...နင့်ကြောင့် ငါဘာများဂုဏ်တက်ခဲ့ရဖူးသလဲ....အခု ငါ့သမီးကသူများကို အန္တရာယ်ပြုလို့..ဆေးရုံထဲမှာ‌ဒူးထောက်တောင်းပန်ရတဲ့အကြောင်းကို..ငါ့မိတ်ဆွေတွေက ဟာသလုပ်ပြီး..ဖုန်းလာလာဆက်နေကြတယ်...နင့်အစ်မကို နင်ကြည့်လိုက်စမ်း..သုန္နကမြို့ရဲ့ နာမည်ကြီးဆေးရုံက အထူးကုဆရာ၀န်မကြီးတစ်ယောက်..
သူ့ကြောင့် ငါအမြဲတမ်းဂုဏ်တက်ရတယ်...
နင်ကရော...နင့်မှာသောက်သုံးကျတဲ့နေရာ ဘယ်နေရာရှိသလဲ..."

"ဟား...ဟား...ဟား...ဟား.."

အဖေ့စကားက ရွှေ့နားထဲမှာ သိပ်ခါးနေတော့
ရွှေဟားတိုက်ပြီး ရယ်ပစ်လိုက်သည်။အဖေ့စိတ်ထဲမှာ သားသမီးတစ်ယောက်ဟာ သူ့အတွက်အသုံးမတည့်ရင် အလကားလူ၊အသုံးမကျတဲ့လူတဲ့လား။

"တကယ်တော့ အဖေကကိုယ့်လောဘအတွက်..
သားသမီးတွေကို ဗန်းပြပြီး ဂုဏ်ဆာချင်နေတာပဲ..အဖေ့ရဲ့တရားမ၀င်တဲ့အလုပ်တွေကို လူတွေ
မမြင်နိုင်အောင် ဆရာ၀န်မကြီးဆိုတဲ့ မမရဲ့ဂုဏ်ပုဒ်တွေနဲ့ ကာထားစေချင်နေတာသမီးမသိဘူးထင်နေသလား...ဘယ်အလှူမဆိုအဖေဟာရှေ့ဆုံးကပဲ...ဘယ်အရေးမဆို...တက်ကြွစွာထိပ်ဆုံးကပါ၀င်ပေးတယ်...တကယ်တော့အဖေက အဖေ့နောက်ကွယ်ကမကောင်းမှုတွေကို မျက်နှာဖုံးတပ် ဒိုင်းကာလုပ်ထားသလို မမရဲ့ဂုဏ်ဒြပ်တွေကိုလည်း အဖေက လိုသုံးလုပ်နေတာ..."

"ရွှေပန်းချီ နင်ငါ့အရှေ့က အခုချက်ချင်းထွက်သွားလိုက်တော့နော်...မဟုတ်ရင်ငါနင့်ကိုကျိုးပဲ့တဲ့အထိ ဆုံးမမိလိမ့်မယ်..."

"လုပ်လိုက်လေ...သမီးရဲ့ဒီခန္ဓာကိုယ်၊ဒီအသွေးအသားတွေက အဖေကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တာပဲမဟုတ်ဘူးလား..အဟင်း..
မမလိုရာထူးဂုဏ်ဒြပ်တွေယူမပေးနိုင်တဲ့..
အဖေအသုံးမလိုတဲ့ကျွန်မကို သတ်ချင်သတ်ပြစ်လိုက်...အဖေ့စိတ်ထဲမှာ သားသမီးက..
ဒိုင်းကာတစ်ခုသာသာပဲလေ...."

"ရွှေပန်းချီ...နင်..."

"ဆရာ..."

ရွှေပန်းချီကို ထပ်ရိုက်ဖို့မြှောက်ချလိုက်တဲ့ ဦးအဂ္ဂရဲ့လက်တွေဟာ ဧည့်ခန်းအ၀မှ ငရဲ၏ခေါ်သံကြောင့် လေထဲမှာပဲရပ်တန့်သွားလေသည်။
သူ့လက်တွေကိုတော့ ပြန်ရုတ်သိမ်းလိုက်ပေမဲ့ သမီးမိုက်ကိုတော့ မျက်ထောက်နီကြီးနဲ့ ကြည့်ပစ်လိုက်သည်။

"နင်သတိထားနေ...နောက်တစ်ခါ ငါ့ဂုဏ်သိက္ခာကိုကျဆင်းစေမဲ့...လုပ်ရပ်မျိုးထပ်လုပ်တယ် ကြားလို့ကတော့...သမီးအဖြစ်ကနေ တစ်ခါတည်းစွန့်လွှတ်လိုက်မယ် .."

"အဲ့ဒါဆိုရင်လည်း အခုတစ်ခါတည်းပဲစွန့်လွတ်လိုက်ပါတော့...အခုပဲဒီအိမ်ကနေ ထွက်သွားပေးမယ်..."

"ရွှေပန်းချီ!!!!!"

နှုတ်ခမ်းကိုမဲ့ရွဲ့ပြပြီး သူ့ကိုတစ်ခွန်းမကျန်ပြန်ပြောကာထွက်သွားသော သမီးဖြစ်သူကို သူအသားကုန်အော်ပစ်လိုက်သည်။
စိတ်ညစ်စွာပဲ ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်မိသည်။
သူ့အတွက်တော့ သမီးနှစ်ယောက်ထဲမှာ
ငွေက‌ထီးဖြစ်ပြီး ဂုဏ်ယူစရာတွေနဲ့ပဲ အမြဲကာရံထားပေးတယ်။

ရွှေကတော့ မီးပဲ။ငယ်ငယ်တည်းက ကျောင်းမှာရန်ခဏခဏဖြစ်လို့ အတိုင်ခံရတာလည်း သူ့အပြင်မရှိဘူး။ငွေပေါလွန်းလို့သာ ကိစ္စတိုင်းကို ငွေနဲ့ပစ်ပေါက်ဖြေရှင်းပစ်ပြီး အဆင်ပြေအောင်လုပ်နိုင်ခဲ့တာ။ပြောလိုက်ရင်တော့ သူ့ကိုအမြဲတမ်းနှိမ်ပြီး ဆက်ဆံတယ်၊အစ်မကိုပဲ ပစားပေးတယ်တဲ့။သူကရော ဘယ်နှစ်ခါ လိမ္မာခဲ့ဖူးလို့လဲ။

"ဆရာ...မနေ့ထဲကပြန်ရောက်နေတာ ကျုပ်ကိုဘာလို့အကြောင်းမကြားရတာလဲ...ကျုပ်ဆရာ့ကိုစောင့်နေရတာ နှစ်ပတ်ကျော်ပြီဗျ ......"

"ထိုင်ပါအုံးကွာ..."

ဦးအဂ္ဂဟာ အရှေ့ခုံပေါ်တွင် တင်ထားသော စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်ကိုထုတ်လိုက်ကာ မီးညှိပြီးဖွာရှိုက်လိုက်သည်။
ငရဲကလည်း ပြောမဲ့အရေးအချိန်ဆွဲနေသော
ဦးအဂ္ဂကို စိတ်သိပ်မရှည်တော့တာကြောင့် မျက်နှာကြီးရှုံ့မဲ့ကာပဲ ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။

"ဆေးလိပ်သောက်အုံးမလား..."

"ဆရာ...ကျုပ်ကိုခိုင်းစရာရှိတယ်ဆိုပြီး လူကြုံပါးထားတဲ့ကိစ္စကဘာလဲ...အဲ့ဒါကိုပဲပြောပါ...ကျုပ်စောင့်ရတာ သိပ်ဝါသနာမပါလို့..."

"ဟား...ဟား...ငါကလဲ ဒါမျိုးကိုပဲ ကြိုက်တာပါကွာ..အစကတော့မင်းကိုပဲခိုင်းမလို့ စဉ်းစားထားခဲ့တာ ဒါပေမယ့် မင်းကရိုးမထဲကနေအလာနောက်ကျတာကိုကွာ နောက်ပြီးငါကလည်းခရီးထွက်ရမှာဆိုတော့ ငါ့ဘေးနားမှာ လောလောဆယ်ရှိတဲ့ကောင်တွေကိုပဲ ငါခိုင်းထားခဲ့လိုက်တယ်..."

"ဘာကိုဆိုလိုချင်တာလဲ ကျုပ်နားမလည်ဘူး "

"ဒီလိုကွာ ငါနဲ့စီးပွားပြိုင်ဖက်တယောက်ဖြစ်တဲ့
 ဒေ၀ဆိုတဲ့ကောင်က ငါ့စီးပွားရေးတွေကို တုတ်နဲ့ထိုးဖို့ကြံနေတဲ့ကိစ္စပဲ "

"ဒေ၀...."

ဒေဝဆိုသည့်နာမည်ကို ညည်းတွားလိုက်ပြီးနောက်ငရဲ၏မျက်ဝန်းတွေထဲမှာ လူတစ်ယောက်
၏ပုံရိပ်တွေက ချက်ချင်းတန်းပေါ်လာသည်။
ဟိုတစ်ခါအပိုင်(၃) မှာတွေ့ကြတော့ ကဝိပြောခဲ့တဲ့စကားတွေထဲမှာ သူ့နာမည်ကိုအခုကစပြီး
ဒေဝလို့ပဲ ခေါ်ဖို့ပြောခဲ့တယ်။

 ဦးအဂ္ဂရဲ့သစ်လုပ်ငန်းထဲမှာအလုပ်ဝင်လုပ်နေတဲ့
 အကြောင်း  ဒေဝကိုအမှန်အတိုင်းပြောပြလိုက်တော့  ဦးအဂ္ဂနဲ့ပတ်သက်တဲ့ တရားမဝင်သစ်လုပ်ငန်းတွေအကြောင်းကို အသေးစိတ်စုံစမ်းထားခိုင်းခဲ့ သေးတယ်။
တစ်ဖက်မှာလည်း ဦးအဂ္ဂက  ဒေဝကိုလုပ်ကြံဖို့အမျိုးမျိုးကြိုးစားနေခဲ့တာပဲ။
 
"ငရဲ...ဟေ့...မင်းဘာတွေစဉ်းစားနေတာလဲ...
ဦးပြောနေတယ်လေ မင်းပြန်လို့ရပြီ...."

"နေပါဦး...ကျုပ်တစ်ခုလောက်မေးလို့ရမလား..."

ဦးအဂ္ဂက စီးကရက်ကိုဖွာရှိုက်လိုက်ပြီး ခေါင်းတစ်ချက်ညိမ့်ပြလိုက်သည်နှင့် ငရဲလည်း မေးခွန်းမေးဖို့ရန်စတင်လိုက်သည်။

"အစကကျုပ်ကိုခိုင်းမယ်ဆိုပြီးဘာလို့အခုမှ အစီအစဉ်ပြောင်းလိုက်ရတာလဲ...ပြီးတော့ဆရာခိုင်းမယ့်ကိစ္စက ဘာလဲ..ကျုပ်သေချာသိခွင့်ရှိမလား..."

"မင်းကိုခေါ်လိုက်တဲ့အကြောင်းက ဒေဝဆိုတဲ့ကောင်ကိုနောက်ယောင်ခံလိုက်ပြီး အပြတ်ရှင်းခိုင်းမလို့ပဲ...မင်းကရိုးမထဲကနေအလာနောက်ကျနေတာရယ်...ဦးကခရီးထွက်ရမှာရယ်ကြောင့်
...အစီအစဉ်ကိုပြောင်းလိုက်ပြီ...."

"ဘယ်လိုပြောင်းလိုက်တာလဲ...."

"ဒီကောင်တွေ ဟိုတယ်ဆောက်နေတဲ့ တောင်ပေါ်က ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်သမားတွေလိုနေတယ်ဆိုပြီး ပြီးခဲ့တဲ့သုံး ရက်လောက်‌က သတင်းထွက်တယ်...ငါ့ခိုင်းထားတဲ့ကောင်တွေကလည်း ...အလုပ်သမားဟန်ဆောင်ပြီး ၀င်သွားပြီ
...ဒီနေ့အဲ့ဒီ့ကောင်....မြို့ကိုပြန်လာမယ်တဲ့...ငါ့လူတွေကဒီကောင်ပြန်လာမယ့်လမ်းမှာ...ကြိုစောင့်နေမှာပေါ့....အဟင်း...."

စကားကိုဆုံးအောင်မပြောဘဲ တဝက်မှရပ်ကာ ရယ်သံနှော၍ စီးကရက်ဖွာရှိုက်နေသော ဦးအဂ္ဂကိုကြည့်ပြီး ငရဲအဖို့တော့ လက်သီးတွေကို
ကျစ်နေအောင်ဆုပ်ထားလိုက်မိသည်အထိ ဒေါသလှိုင်းတွေပြင်းထန်လာသည်။

"ဆရာ့ရဲ့ လူတွေက လမ်းမှာကြိုစောင့်ပြီး ဘာလုပ်မှာလဲ..."

"ဟား...ဟား..ဘာမှမလုပ်ခိုင်းပါဘူးကွာ...
ကျားဖြူတောင်မှာ ဒေ၀ဆိုတဲ့လူသားကို ကျားစာ ကျွေးပစ်လိုက်ဖို့ပဲ အမိန့်ပေးလိုက်တာပါ။
အခုလောက်ဆိုရင် ဒီကောင်ကျားဖြူတောင်ကို သယ်သွားခံနေရလောက်ပြီ...ဟား...ဟား...အဂ္ဂကို
လာစမ်းချင်တဲ့ကောင် ကျားတွေရဲ့အစာ
ဖြစ်ပြီး...အစအနတောင် ရှာမရမှာမြင်ယောင်ပါတယ်ကွာ...."

"ဟုတ်တာပေါ့ဆရာရယ်...ဦးအဂ္ဂကို ဘယ်သူကများလွန်ဆန်နိုင်မှာ...."

ငရဲ၏စကားသံမှာ အံကြိတ်သည့်အသံကြီး ရောနှောပါဝင်နေပေမယ့် ဦးအဂ္ဂကတော့မရိပ်မိလိုက်ပေ။လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်တုန်းကအပိုင်တစ်က သူဌေးကြီးတစ်ဦးဟာ အိန္ဒိယနိုင်ငံ‌‌ မြောက်ပိုင်းကနေ ကျားအဖြူရောင် အထီးနဲ့အစ်မကို ၀ယ်ပြီးမွေးခဲ့တယ်။

နှစ်တွေကြာလာတော့ သူကလည်းအသက်ကြီးလာတဲ့အပြင် ပတ်၀န်းကျင်ရဲ့အပြောကြောင့်ပါ ကျားတွေကို ထုံးကျောက်တောင်ကြီးရှိတဲ့
ဘက်အခြမ်းကို သွားလွတ်ပေးလိုက်တယ်။
အဲ့အချိန်ကစပြီး ကျားဖြူတောင်အဖြစ် လူတွေကသမုတ်ခဲ့ကြတာဆို‌ တော့ တကယ်သာကျားဖြူရှိနေရင် ကဝိရဲ့အသက်အန္တရာယ်ကို စိုးရိမ်ရတယ်။
အတွေးနဲ့အတူ ငရဲဟာ ထိုင်နေရာမှချက်ချင်း ထရပ်လိုက်မိသည်အထိ စိတ်လှုပ်ရှားမှု ပြင်းထန်လွန်းနေလေသည်။

"ဒါဆိုရင် ဒီနေ့ပဲကျွန်တော်ရိုးမထဲကို ပြန်ဖို့လုပ်ပါတော့မယ်....ခွင့်ပြုပါအုံး...."

"ကောင်းပြီ....ငါလည်း ငါ့သမီးကိစ္စနဲ့ ခေါင်းကိုက်ထားလို့ သွားနားတော့မယ်..."

အဂ္ဂမဟာစံအိမ်ထဲမှ ထွက်လာပြီးသည်နှင့် အပိုင်(၃)သို့ စက်ဘီးကို မြန်မြန်နင်းနေမိလေသည်။အခုချိန်မှာ ဆိုင်ကယ်လ်လေးတစ်စီးလောက်သာ ရှိမယ်ဆိုရင်အချိန်တွေ ဒီလောက်နှောင့်နှေးနေမယ်မထင်ဘူး။
မြေလမ်းအတိုင်းစက်ဘီးကို ခပ်ကြမ်းကြမ်းနင်းသွားလိုက်ပြီးနောက် မြင်း‌‌မွေးထားသောဦးစောတို့ခြံဝိုင်းထဲသို့ ဦးတည်ပြီး ၀င်ချလိုက်သည်။

"ဦးစောရေ...ဦးစော...ခင်‌ဗျားမြင်းကို ကျုပ်ခဏလောက် ယူသုံးမယ်ဗျာ...."

မြင်းစောင်းထဲမှာ မြင်းကိုတွဲချည်ထားသည့်
ကြိုးကိုဖြုတ်ပြီး ဇောင်းတန်းပေါ်မှာတင်ထားသည့် မြင်းကုန်းနှီးကို မြင်းရဲ့ကျောမှာတပ်ပေးလိုက်သည်။
မြင်းကိုခေါ်ထုတ်သွားနေသော ငရဲကိုတွေ့သည်နှင့် ဦးစောလည်းအိမ်‌ရှေ့ကွပ်ပျစ်ပေါ်မှ အမြန်ထပြီး ငရဲဆီသို့ အပြေးလေးသွားမိသည်။

"ဟေ့ကောင်...ငါ့မြင်းက၀ယ်သူနဲ့ချိန်းထားတယ်ကွ...မကြာခင်...မြင်း၀ယ်မဲ့လူကရောက်လာတော့မှာ....မင်းယူသွားလို့မရဘူးနော်...."

ဦးစောက ဘယ်လိုပင်ပြောနေပါစေ စိတ်ကြမ်း၊လူကြမ်းငရဲကတော့ မြင်းပေါ်သို့ ခြေနင်းကွင်းကိုတောင် နင်းမနေပဲ လွှားခနဲခုန်တက်ကာ...မြင်းဇက်ကြိုးကို စကိုင်လိုက်လေသည်။

"နေပါအုံး...မင်းကဘယ်သွားမလို့လဲ...."

"ကျားဖြူတောင်....ကျာ့!!!!!"

မြင်းဇက်ကြိုးကို အနောက်သို့ဖိဆွဲလိုက်ကာ ဒုန်းစိုင်းစီးထွက်သွားသော ငရဲနောက်‌သို့ ဦးစောခမျာ အပြေးလိုက်သွားမိပေမဲ့ သေနာလေးက အဝေးကို ရောက်သွားလေပြီ။

"မအေဘေး....မင်းဘိုးအေမို့လို့ ငါ့မြင်းကို ကျားဖြူတောင်ခေါ်သွားရသလားကွ....တွေ့မယ်...
ဒီညနေ ငါ့မြင်းပြန်မရောက်လို့ကတော့ မင်းအမေဆီမှာ ‌အ‌လျှော်သွားတောင်းပြမယ်....ခွေးသား.!

ဦးစော အကျိန်ကြီးကျိန်နေသည့် ငရဲကတော့ သူ့အသက်အန္တရာယ်ကိုတောင် မမှုနိုင်တော့သည်အထိ မြင်းကိုဒုန်းစိုင်းစီးနေတော့သည်။ဒုန်းစိုင်းစီးနည်းက အခန့်မသင့်လို့လဲသွားမိခဲ့ရင် မြင်းရဲ့ဇက်ပါကျိုးသွားနိုင်သလို လူလည်းထိခိုက်မှု ပြင်းထန်နိုင်‌‌လေသည်။သို့ပေမဲ့ ငရဲ၏စိတ်ထဲတွင် တိုင်တည်နေမိသော စကားကတော့...

"ကဝိ....မင်းမသေရဘူး....မင်းအသက်ရှင်နေရမယ်...ငါမင်းဆီကိုအရောက်လာခဲ့မယ်...."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"အား!!!!"

ခေါင်းအနောက်ဘက်က တဆစ်ဆစ်နာကျင်လာမှုကြောင့် သူညည်းတွားလိုက်မိသည်။
အမြင်အာရုံတွေက ဝေဝါးနေပြီး ပတ်၀န်းကျင်ကို ကောင်းကောင်းမြင်မနေရဘူး။

တဆစ်ဆစ်နာကျင်လာသည့် ဦးခေါင်းနေရာကို စမ်းကြည့်ဖို့ လက်ကိုမြှောက်လိုက်ပေမဲ့ သူ့လက်တွေက နောက်ပြန်ကြိုးတုပ်ထားခံနေရတယ်။သူ့ခြေထောက်တွေရောပဲ တင်းကြပ်နေသည်အထိ ကြိုးနဲ့တုပ်ခြင်းခံထားရတာ။

"အား!!!!"

သူထပ်၍  ညည်းတွားလိုက်ပြီးနောက် မြေကြီးပေါ်မှာ ပက်လက်လှန်ချလိုက်မိသည်။လက်‌ကကျောအောက်မှာ ခုသွားတာကြောင့် မသက်မသာခံစားနေရပေမဲ့ သူ့ရဲ့မျက်၀န်းရှေ့မှာ ကြည်လင်ပြတ်သားစွာ မြင်လိုက်ရသော အုံ့ဆိုင်းနေသည့် သစ်ပင်ကြီးတွေကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်အထိ အံ့ဩနေမိသည်။

"ငါ....ဘယ်ရောက်နေတာလဲ...."

သေချာပြန်စဉ်းစားကြည့်လိုက်မိတော့ ဒီနေ့မြို့ထဲကို ပြန်တဲ့လမ်းမှာ တမင်ထောင်ချောက်ဆင်ထားတဲ့ သံဆူးခွေတွေကြောင့် ကားဘီးပေါက်သွားခဲ့ရတယ်။

အချိန်မှီသာ မထိန်းလိုက်နိုင်ခဲ့ရင် ကားကလမ်းဘေးသစ်ပင်နဲ့ ၀င်တိုက်မိမှာ သေချာတယ်။
 ကားပေါ်ကနေ ဆင်းလိုက်တဲ့အချိန်မှာ သံဆူးခွေတွေ ချထားခဲ့တဲ့လူတွေက ပုန်းနေရာမှအလျှိုအလျှိုထွက်လာကြပြီး ရန်ပြုဖို့ကြိုးစားခဲ့ကြတယ်။

ပြန်တိုက်ခိုက်ခဲ့ပေမဲ့လို့ လူအများနဲ့တစ်ယောက်ဆိုတော့ ဝိုင်းချုပ်တာကို ခံလိုက်ရတဲ့ အပြင် ခေါင်းကိုတုတ်နဲ့ရိုက်ချလိုက်တာကို ခံခဲ့ရတယ်။ခေါင်းကိုတုတ်နဲ့ ရိုက်ခံလိုက်ရပေမဲ့ သတိလစ်
မနေခဲ့ဘူး ။ဒါပေမဲ့ မေ့ဆေးနဲ့ထပ်ပြီး အုပ်ခံလိုက်ရတဲ့အချိန်မှာတော့ လုံး၀ကိုသတိလစ်မေ့မျော သွားခဲ့တယ်။

သေချာတာကတော့ ဒါဟာဦးအဂ္ဂရဲ့လက်ချက်ပဲ။
ဒါပေမဲ့ ဒီနေ့မြို့ကို ပြန်မယ်ဆိုတာ သူကဘယ်လိုသိသွားရတာလဲ။
ဒါမှမဟုတ် ဖြူ လုံးသတိလစ်နေတဲ့နေ့တုန်းက အသစ်ခေါ်လာတဲ့ အလုပ်သမားတွေထဲမှာများ သူလျှိုပါလာခဲ့တာလား။နောက်ပြီး ဘာကြောင့်အသေ မသ တ်ပစ်ပဲ ဒီနေရာမှာ လာပစ်ထားခဲ့ရတာလဲ။

"အား....ကျွတ်...ကျွတ်...."

ပက်လက်အနေအထားနဲ့ နေနေမိတာကြောင့် ဦးခေါင်းအနာကိုဖိမိပြီး ပိုပြီးနာလာသည်။
သူရုတ်တရက်သတိရလိုက်မိတာက ကုတ်အင်္ကျီရဲ့ အတွင်းအိတ်ကပ်ထဲမှာ အမြဲဆောင်ထားတတ်တဲ့ ဓားမြှောင်တစ်ချောင်းကိုပဲ။

လက်နောက်ပြန်ဖြစ်နေတာကို ပြန်ပြင်ဖို့ ဒူးခေါင်းကိုရင်ဘတ်နဲ့ထိအောင် ‌ကွေးလိုက်ကြီးနောက် ခြေဖဝါးအောက်ကနေ လက်ကို အားနဲ့အရှေ့ရောက်အောင် ဆွဲထုတ်ပစ်လိုက်သည်။

"အာ့!!!!!!အား!!!!"

လက်ကို လိမ်ချိုးလိုက်သလို ဖြစ်သွားတာကြောင့်
တအားနာသွားပြီး ချွေးစက်တွေတောင် မြေပေါ်သို့တစ်ပေါက်ပေါက်ကျနေလေပြီ။အံကိုဖိကြိတ်ထားလိုက်ပြီး ကြိုးချည်ခံထားရတဲ့ လက်ကိုမနည်းကွေးကာ အင်္ကျီအတွင်းအိတ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။

အရင်ဆုံး ဒူးကွေးလိုက်ပြီး လှဲလျှက်အနေအထားနဲ့ပဲ ခြေထောက်ကို ချည်ထားသည့်ကြိုးတွေကို ဖြတ်ပစ်လိုက်သည်။
ခြေထောက်က ကြိုးတွေကို တရစ်ချင်း ဖြတ်တောက်လို့အပြီးမှာတော့ ဓားမြှောင်ကို
ခြေဖနှောင့်နှစ်ခုကြားမှာ ညှပ်ထားလိုက်ပြီး လက်ကြိုးကိုဓားသွားအပေါ်မှာ ရွေ့လျှားပေးလိုက်သည်။

"ဖြောင်း!!!!!!"

နောက်ဆုံးကြိုးတစ်ချောင်းပြတ်လုပြတ်ဆဲအချိန်မှာ ရုတ်တရက်နားထဲမှာ သစ်ကိုင်းခြောက် ကျိုးသွားသော အသံကြောင့် ဘေးကိုစောင်းကြည့်လိုက်မိတော့....

"ဝေါင်း.!!!!!!"

ကျားအဖြူတစ်ကောင်ဟာ ဟိန်းဟောက်လိုက်သံနှင့်အတူ သူ့ဆီသို့ တစ်လှမ်းချင်းရွေ့လျှား၍ လာနေလေသည်။
ဒေ၀သိလိုက်ပါပြီ။သူအခုရောက်နေတာက
ကျားဖြူတောင်ဖြစ်နေတာကိုပေါ့။
လက်မှကြိုးကိုဖြတ်လိုက်ပြီးနောက် ဓားမြှောင်ကို သေချာဆုပ်ကိုင်ထားလိုက်သည်။ဦးခေါင်းဒဏ်ရာက အရမ်းနာနေပေမဲ့ အားယူပြီး မတ်တပ်ရပ်လိုက်ကာ အနောက်သို့ တဖြည်းဖြည်း ခြေလှမ်းဆုတ်သွားလိုက်သည်။

"ဝေါင်း!!!....ဝေါင်း!!!..."

ဒီတစ်ကြိမ်မှာ ဟိန်းဟောက်လိုက်သံက တစ်တောလုံး ပဲ့တင်ထပ်သွားလောက်အောင် ကျယ်လောင်သည်။

"အာ့...."

ကံဆိုးချင်တော့ အနောက်ကိုလှမ်းနေမိတဲ့ ခြေထောက်က ကျောက်တုံးကြီးတစ်ခုနဲ့ တိုက်မိသွားပြီး လူကပက်လက်အနေအထားနဲ့ပစ်လဲကျသွားသည်။

"ဝေါင်း!!!!"

"အား!!!!!!အား!!!!!"

အခွင့်ရေးကို စောင့်နေတဲ့ကျားဟာ ချက်ချင်းပြေးတက်လာပြီးဒေ၀ရဲ့‌ ခြေထောက်တစ်ဖက်ကို ငုံခဲထားကာ ကြမ်းတမ်းစွာ ဆွဲခေါ်နေလေသည်။
ကျားရဲ့ အစွယ်တွေဆိုက်၀င်နေသည့် ခြေသလုံးအသားထဲမှ သွေး စ က်တို့တစ်ပေါက်ပေါက်ကျလာပြီးနောက် လမ်းတစ်လျှောက်လုံး သွေး စီးကြောင်းကြီး ဖြစ်သွားလေသည်။

ဒရွတ်တိုက်ဆွဲခေါ်လာခြင်းခံနေရသည့် လမ်းတစ်လျှောက်မှာ တွေ့ရာသစ်ပင်ရဲ့ အခြေရင်းကို လက်နှစ်ဖက်နှင့် ဖမ်းဆုပ်ထားလိုက်ပြီးနောက် လွတ်နေတဲ့ ခြေထောက်တစ်ဖက်နဲ့ ကျားရဲ့မျက်လုံးတည့်တည့်ကို အချက်ပေါင်းများစွာ ဆော င့် ကန်ပစ်နေမိသည်။

ကျားရဲ့ခံတွင်း၀မှ သူ့ခြေထောက်လွတ်ထွက်သွားသည်နှင့် အမြန်တွားသွားပြီး ထွက်ပြေးဖို့ကြံမိသည်။တွားသွားနေမိရင်းမှ ကျားဟိန်းလိုက်သံကြောင့် အပေါ်ကို ပြန်မော့ကြည့်လိုက်မိရာ သူ့အပေါ်တည့်တည့်သို့ ခုန်အုပ်လိုက်သော ကျားကြီး။ဦးနှောက်ရဲ့ အလိုအလျှောက်တုန့်ပြန်မှုအတိုင်း ဓားမြှောင်ကိုင်ထားမိသည့်လက်ကို
လေထဲမှာ မြှောက်ချပစ်လိုက်သည်။

"ဝေါင်း!!!!"

"အား!!!!သေစမ်း...."

ကျားကအရှိန်နဲ့ ခုန်အုပ်လိုက်စဉ်မှာ ခန္ဓာကိုယ်ကိုအောက်သို့ လျှောချလိုက်ပြီး ဓားမြှောင်ကိုင်ထားသည့် လက်ကိုလည်း မြှောက်ကာ ဝေ့ရမ်းရွေ့လျှားပစ်လိုက်သည်။

သူ့မျက်နှာ‌ပေါ်ကို သွေး တွေပန်းထွက်လာသည့်နည်းတူ သူ့ကိုယ်ပေါ်မှာ အပုံလိုက်ကြီး ဖြစ်သွားသည့် ကျားကြီးရဲ့ ရုပ်အ လောင်း။
၀မ်းဗိုက် ဟက် တက် ကွဲနေတဲ့ ကျားကြီးအား ဘေးကိုတွန်းထုတ်လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်မိသည်။ဓားမြှောင်ကိုင်ထားသည့် သူ့လက်တွေကို ပြန်ကြည့်လိုက်မိတော့ ကျားသွေးတွေ ရဲရဲတောက်နေလေပြီ။ ပြီးတော့ မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ နေရာလပ်
မကျန်ပေရေနေတဲ့ အနီရဲရဲသွေး ကွက်တွေ...

"ထွီ.....ဝေါ့....ဝေါ့.....အား!!!"

ပါးစပ်ထဲအထိပါ ၀င်ရောက်နေသည့် သွေး ရေတွေကို ထွေးထုတ်လိုက်ပြီ။
နှလုံးသားတွေပါ ပေါက်ထွက်မတတ်ခုန်ပေါက်လာကာ ရင်ခေါင်းထဲမှ ပျို့တက်လာလေသည်။
ကျားအကိုက်ခံထားရသော ခြေထောက်တစ်ဖက်က ထောက်လို့မရလောက်အောင် နာနေပေမဲ့ သူရအောင် ထကြည့်တယ်။

"အား!!!!!!!!!"

မျက်ရည်တွေ ကျ‌လာသည်အထိ နာကျင်မှုကိုခံစားနေရပေမဲ့ သူဆက်လျှောက်နေမိတုန်းပဲ။
ငါအရှုံးပေးလို့မဖြစ်ဘူး ။ ငါ့ဘ၀ကို သေအောင်သ တ်တဲ့လူကို ပြန်အနိုင်ယူပြီးမှ ငါသေမယ်။
ငါဘယ်တော့မှ ဘ၀ကိုအရှုံးမပေးဘူး။ငါအသက်ရှင်ရမယ်။

"အာ့...."

ဘယ်လိုပဲအားတင်းထားနေမိပေမဲ့ ခြေထောက်က ကျားကိုက်သည့်ဒဏ်ရာနှင့် ဦးခေါင်းမှကိုက်ခဲလာသည့် ဒဏ်ရာကသူ့အားအလဲလဲပြိုသွားစေလေသည်။
ဒါပေမဲ့ မြေပြင်ပေါ်မှာ တဖြည်းဖြည်းလှမ်းလာ နေတဲ့ ခြေလှမ်းတွေကို ဝိုးတဝါးမြင်လိုက်ရစဉ်မှာတော့ သူသိပ်ကိုအားတတ်သွားမိတယ်။ထိုလူရိပ်ကို မော့ကြည့်လိုက်မိတော့။

"အဖေ....."

"အဖေ...သားဆီကိုလာတယ်....အဖေ့အတွက်...
သား ကလဲ့စားမချေပေးနိုင်တော့ဘူးထင်တယ်...
ကျွန်တော်က တာ၀န်မကျေတဲ့သားပါ...အဖေမွေးရကျိုးမနပ်တော့ဘူး....အဖေပေးဆပ်ရကျိုး မနပ်တော့ဘူး...သားတောင်းပန်ပါတယ်...."

အဖေဟာ သူ့စကားမဆုံးခင်မှာပဲ အဝေးကိုထွက်သွားတာကြောင့် အဖေ့နောက်ကိုပြေးလိုက်မိလေသည်။ထူးခြားတာက သူ့ရဲ့ခြေထောက်ဒဏ်ရာတွေဟာ လုံး၀ကိုမရှိတော့ဘူး။ ပြီးတော့ ဦးခေါင်းမှာရောပဲ။သူ့ခန္ဓာကိုယ် တစ်ခုလုံးက လေဟာနယ်ထဲမှာ မျောလွင့်နေရသလို အရမ်းကိုပေါ့ပါးနေတယ်။နာကျင်မှု၊မျက်ရည်၊၀မ်းနည်းမှု၊လောဘနဲ့ အမုန်းဃာတတွေ ဘာတစ်ခုမှမခံစားရတော့ဘူး။
သူ့စိတ်က လန်းဆန်းနေတယ်။
အဖေ့နောက်ကို လိုက်နေရင်းနဲ့ မှောင်မဲနေသော ၀င်္ကပါ ငယ်ထဲကို ရောက်ရှိသွားတာကြောင့် ဒေ၀ဟာအရမ်းကို ထိတ်လန့်သွားလေသည်။

"အဖေ...အဖေ့...အဖေဘယ်မှာလဲ....အဖေ
ကျွန်တော့်ကို ထွက်တွေ့စမ်းပါ...အဖေ...အဖေ့...."

ဘယ်လိုပဲ အော်ခေါ်နေပါစေ  အဖေဟာပျောက်ကွယ်သွားခဲ့ပါပြီ။အဖေ့ကို နောက်ဆုံးတစ်ခါလောက်သာ တွေ့ခွင့်ရရင် ကျွန်တော်သေပျော်ပါပြီဗျာ။
ဒေ၀ဟာ သူ့ကိုတဖြည်းဖြည်းဝါးမျိုသွားသော အမှောင်ထုကြီးထဲမှာ ဒူးထောက်လိုက်မိလေသည်။

"အဖေ!!!!!!!"

"ကဝိ....ကဝိ....မင်းသတိရလာပြီလား...ကဝိ...."

တစ်စုံတစ်ယောက်ရဲ့ လှုပ်နှိုးခြင်းကိုခံလိုက်ရတာကြောင့် သတိပြန်လည်လာသည့် ဒေ၀ဟာ ပတ်၀န်းကျင်ကို စူးစမ်းကြည့်နေမိသည်။

"ကဝိ...ကဝိ....မင်းနိုးလာပြီလား...."

သူ့ရဲ့လက်ကို အားပါပါနဲ့ဆုပ်ကိုင်ထားသူကို ကြည့်လိုက်မိတော့ ငယ်စဉ်ကသူ့အပေါ်ကို အရမ်းခင်တွယ်ခဲ့ပါသော သူ့အတွက်လည်း
တစ်ဦးတည်းသောသူငယ်ချင်းဖိုးထူးခေါ်ငရဲ။
ငရဲသည် လူကြမ်းကြီးပေမဲ့ ဒေ၀သတိရလာတာကို မြင်တော့ မျက်၀န်းထဲမှ မျက်ရည်တွေဝဲတက်လာလေသည်။

ဒေ၀ကတော့ ခြေရင်းဘက်မှာ ရှိသောအငွေ့
တလူလူထနေသည့် မြေအိုးလေးနှင့်
သူလဲလျောင်းနေရသော တဲအိမ်လေးကို လိုက်ကြည့်နေမိသည်။ထရဲကိုဖောက်ထားသော ပြူတင်းပေါက်လေးမှ မြင်နေရသည်ကတော့ ညအချိန်ကိုရောက်နေပြီဆိုတာပဲ။

"ငါဘယ်ရောက်နေတာလဲ...."

"မင်းကို အပိုင်သုံးကတိုင်းရင်းဆေးဆရာဆီခေါ်လာခဲ့တာ....ဒီဆရာကမင်းရဲ့ဒဏ်ရာတွေကို
မချုပ်ပေးနိုင်ပေမဲ့ သက်သာအောင်တော့
သူလုပ်ပေးထားတယ်....ငါမင်းကို...ဆေးရုံကိုခေါ်သွားပေးချင်ပေမဲ့ ငါ့မှာကားလည်းမရှိဘူး...
ဆိုင်ကယ်လ်လည်း မရှိဘူး...‌မြင်းကလည်း ဦးစောကို ပြန်ပေးလိုက်ရတယ်...ဒီအတိုင်းကြီးခေါ်သွားရင် ဦးအဂ္ဂက မင်းအသက်ရှင်နေမှန်းရိပ်မိသွားလိမ့်မယ်....ပြီးတော့ငါ့ကိုသံသယ၀င်ယုံတင်မဟုတ်ဘူး ငါ့မိသားစုကိုပါ..."

"ငါနားလည်တယ်...သူငယ်ချင်း...မင်းရဲ့အသက်အန္တရာယ်ကိုမမှုပဲ...ငါ့ကိုလာကယ်တည်းကိုက မင်းရဲ့ကျေးဇူးက အရမ်းကိုကြီးမားနေပါပြီ...ငါမင်းကိုသိပ်ကျေးဇူးတင်တယ်...မင်းရတုမဟာစံအိမ်ကို ရုပ်ဖြတ်ပြီး သွား...ပြီးရင် ငါ့ဒရိုင်ဘာနဲ့ ကားစီးပြီး ဒီနေရာကို ပြန်လာခဲ့..."

"အေး...ငါအခုပဲ...သွားလိုက်မယ်...ဆေးဆရာကြီးက နောက်ဖေးကို ခဏဆင်းသွားတယ်...မကြာခင်ပြန်တက်လာပါလိမ့်မယ်...မင်းအဆင်ပြေတယ် မဟုတ်လား..."

"အေး...ငါအဆင်ပြေပါသေးတယ်...မင်းသာ
ဦးအဂ္ဂမရိပ်မိအောင် သတိထားသွား...."

"အေး...."

ဖိုးထူး တဲပေါ်မှဆင်းသွားပြီးသည်နှင့် ဒေ၀လည်း ရှိသမျှလက်ကျန်ခွန်အားနှင့်ပဲ ထထိုင်လိုက်သည်။ တစ်ဖက်က အလုပ်တွေနဲ့မို့လို့ ဦးအဂ္ဂကို ခဏလေး လွှတ်ထားမိခဲ့တာ။
အခုတော့ သူ့လုပ်ငန်းတွေကို မြန်မြန်အဆုံးသတ်ဖို့ အချိန်တန်ပြီပေါ့။

"ဦးအဂ္ဂ...ခင်ဗျားကြီးနဲ့ ကျုပ်...ထိပ်တိုက်တွေ့ကြတာပေါ့...."

.

🍁🍁🍁🍁🍁🍁🍁🍁🍁

ကြမ်းဖို့အချိန်တန်ပြီ

ဓားမြှောင်က ဘယ်ကပေါ်လာတာလဲ တိုက်ဆိုင်လှချည်လားမထင်နဲ့နော် ဟိုးအရှေ့မှာ ဒေ၀ကဓားမြှောင်ဆောင်ထားတတ်တယ်လို့ ရေးထားခဲ့တယ်....သတိမထားမိခဲ့မှာဆိုးလို့ ပြန်ပြောပြတာပါ😊😊

=========================================================================

အခန်း၅၀
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


"ဟေ့ကောင်...လုပ်လိုက်လေကွာ...ဘာကြည့်နေတာလဲ...."

"ကျွန်တော်...ကျွန်တော်မလုပ်ပါရစေနဲ့ ကျွန်တော်တောင်းပန်ပါတယ်....ဦးမောင်ကြီးကကျွန်တော့်သူငယ်ချင်းရဲ့ အဖေပါဗျာ ..ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော်လူမသတ်ပါစေနဲ့...."

ညဟာနက်သည်ထက် နက်လာလေသည်။တိတ်ဆိတ်မှုဟာ ကြီးစိုးနေပေမဲ့ သုန္နကတောင်ခြေတွင်တော့ အော်ဟေ့ဆူညံသံတွေက တစ်စတစ်စထွက်ပေါ်လာ‌သည်။

သုံးရက်လမင်းကွေးလေးက အမှောင်ထုကိုခွင်းပြီးအလင်းကို ဆောင်ယူ၍မလာနိုင်ပေ။
သို့ပေမဲ့ ထိုအမှောင်ထုထဲတွင် ဓာတ်မီးတယမ်းယမ်းနှင့် သွား‌လာနေကြသူတွေကတော့ အများသားပင်။အချိန်အားဖြင့် ညနှစ်နာရီထိုးနေလေပြီ။

သုန္နကတောင်ခြေတွင်  တွဲကားနှင့် ဆယ့်နှစ်ဘီးကားဆယ်စီးကို ရပ်ထားပြီး အမှောင်ရိပ်ကိုခို၍ အလုပ်သမားများဟာ ပျားပန်းခက်အလုပ်ရှုပ်နေကြ‌လေသည်။ကားတစ်စီးတွင်  ကျွန်းသစ်တန်၂၀လောက်အထိထားရှိပြီး အပေါ်မှာအုပ်ကာထားကြလေသည်။

ထိုကားကြီးတွေဟာ မကြာခင်မှာ တရုတ်ပြည်နယ်စပ်သို့ ရောက်ရတော့မှာမလွှဲသာပေ။
ထိုကားကြီးများနှင့် ခပ်လှမ်းလှမ်းအမှောင်ထုထဲတွင်တော့ ဦးမောင်ကြီးဟာ ထိုးကြိတ်ခံထားရသည့် ဒဏ်ရာဗလပွနှင့် လူနှစ်ယောက်၏ ချုပ်ထားခြင်းကို ခံနေရလေသည်။
ကျန်လူသုံးယောက်ကတော့ ဖိုးထူးရဲ့အ‌နောက်မှရပ်၍ အမိန့်ပေးနေကြလေသည်။

"ဟေ့ကောင်...မင်းကိုငါလုပ်လိုက်တော့လို့ ပြောနေတာနားကန်းနေသလား....မင်းသူ့ကိုမသ တ်ရင် မင်းတို့နှစ်ယောက်စလုံးကို သတ်ပစ်မယ်....ပြီးရင်မင်းရဲ့မိသားစုကိုပါ..."

ထိုလူခြိမ်းခြောက်လိုက်တဲ့ စကားက ဖိုးထူးကို  မြေပြင်ပေါ်မှာဒူးထောက်‌ချလိုက်မိသည်အထိ  ထိတ်လန့်သွားစေသည်။သူ့မျက်၀န်းထဲမှာ ကြောက်ရွံ့မှုတွေယိမ်းထိုးနေပြီး လူသ တ်ဖို့ခိုင်းစေနေသော လူရဲ့ခြေထောက်တွေကို မာနကင်းမဲ့စွာ လှမ်းကိုင်လိုက်ပြီး ရှိခိုးမတတ်တောင်းပန်နေမိလေသည်။

"ဦးလေးရယ်...ကျွန်တော်လူမသ တ်ပါရစေနဲ့...
ကျွန်တော့်မိသားစုကိုလည်း ဒုက္ခမပေးပါနဲ့ဗျာ...
တစ်ခြားဘာခိုင်းခိုင်း ကျွန်တော့်အသက်သေသွားပါစေ မရရအောင် လုပ်ပေးပါ့မယ်....ရှိခိုးပြီး တောင်းပန်ပါတယ် ...."

"ဟေ့ကောင်....ကိုအဂ္ဂကိုမင်းပြောတုန်းက ဘာပဲခိုင်းခိုင်းလုပ်ပေးပါ့မယ်ဆို....အချိန်မရှိဘူးကွာ...
မင်းထစမ်း...ထ!!!!"

ခြေထောက်ကိုဖက်ပြီး တောင်းပန်နေမိသောလူဟာ ဖိုးထူးရဲ့ရင်ဘတ်အိင်္ကျီစကို ဆောင့်ဆွဲလိုက်ပြီး အမှောင်ထဲတွင်တောင် ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေတာကိုမြင်ရလေသည်။
သူ့ရဲ့ ဘောင်းဘီအိတ်ကပ်ထဲမှာ ထိုးထားသည့် ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်သည်။

"ရော့...ဒီဓားနဲ့ ဆရာအဂ္ဂကို ပြောခဲ့တဲ့ မင်းရဲ့
စကားကို သက်သေပြ....ဆရာအဂ္ဂကို ခုဏကဖုန်းလှမ်းဆက်လိုက်ပြီးပြီ...ဒီလူ့ကို အပြတ်ရှင်းလိုက်လို့ အမိန့်ပေးလာတယ်.....မင်းကိုလုပ်ခိုင်းလိုက်တဲ့ သူ့အပေါ်ကိုသစ္စာရှိနိုင်မလားဆိုတာ ဒီနည်းနဲ့သက်သေပြခိုင်းလိုက်တယ်...မင်းမလုပ်နိုင်ဖူးဆိုရင်တော့....ဆရာအဂ္ဂက မင်းရဲ့မိသားစုကို သက်ညှာပေးမှာမဟုတ်ဘူးနော်...."

နှုတ်ခမ်းမွှေးစစနဲ့ ထိုလူဟာ ကျွန်တော့်ကိုအမိန့်ပေးပြီးသည်နှင့် ကျွန်တော့်လက်ထဲသို့ ဓားကိုထည့်ပေးပြီး ဖမ်းအချုပ်ခံထားရသော ဦးမောင်ကြီးဘက်သို့ ဆွဲလှည့်လိုက်လေသည်။

ဓားရိုးကို ကိုင်ထားမိတဲ့ ကျွန်တော့်လက်တွေကိုမြှောက်ပြီး သေ‌ချာကြည့်လိုက်မိတယ်။
ဒီဓားနဲ့ လူတစ်ယောက်ကို ကျွန်တော်သ တ်ရမယ်တဲ့။

ပြီးတော့ အဲ့ဒီ့လူကကျွန်တော့်အချစ်ဆုံးသူငယ်ချင်းရဲ့အဖေ။အဖြစ်မှန်ကို ကဝိသာသိခဲ့ရင် ကျွန်တော့်ကိုအရမ်းမုန်းတီးနာကျည်းသွားမှာ သေချာတယ်။

ကျွန်တော်ဘာလုပ်ရမလဲ။မိသားစုအတွက် ကျွန်တော် ဒါကိုလုပ်သင့်သလား။
ဟင့်အင်း ကျွန်တော်ဘယ်တော့မှ သူတစ်ပါးရဲ့အသက်ကိုမသက်ဘူး။အဲ့ဒီ့အစားကိုယ့်ကိုကိုယ်ပဲ။

"ဟာ....မြန်မြန်သွားစမ်းကွာ...."

"အာ့!!!!!"

"မဟုတ်ဘူး!!!!"

‌ဦးမောင်ကြီးရဲ့ ၀မ်းဗိုက်တည့်တည့်မှာ ထိုးဆိုက်နေသည့် ဓားကို ကိုင်ထားနေမိရာမှကျွန်တော်လက်လွှတ်လိုက်မိသည်။

မဟုတ်ဘူး။ကျွန်တော် ဒီလိုလုပ်ဖို့ ကြံစည်ထားတာမဟုတ်ဘူး။ကျွန်တော် ဓားကိုမြှောက်လိုက်တယ်ဆိုတာ ကိုယ့်ဘာသာအဆုံးစီရင်ဖို့။ဒါပေမဲ့ အနောက်ကနေ ကျောကုန်းကိုဆောင့်ကန်လိုက်တဲ့အားက အရှေ့ကိုငိုက်သွားပြီး ကျွန်တော့်လက်နဲ့ ဦးမောင်ကြီးကို ကိုယ်တိုင်သတ်လိုက်မိပြီ။
မဟုတ်ဘူး။ကျွန်တော် တမင်သ တ်တာမဟုတ်ဘူး။

"မဟုတ်ဘူး!!!!!!"

မျက်လုံးတွေကို အားကုန်ရုန်းဖွင့်လိုက်ပြီး အိပ်နေရာမှထထိုင်လိုက်မိတော့ မှောင်မည်းနေပေမဲ့ ခမ်းနားလွန်းနေသည့်အခန်းအကျယ်ကြီး။
ဒါကဝိရဲ့ စံအိမ်ပွဲ။

"ဒါဆိုရင်....ငါအိပ်မက်မက်နေခဲ့တာပေါ့...."

ငရဲအဖို့ သက်ပြင်းအရှည်ကြီးကိုသာ မှုတ်ထုတ်လိုက်မိသည်။ပြူတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ နှင်းမှုန်ဖြူဖြူ‌တွေက အပြင်မှာ နှင်းကျနေတာကို သက်သေပြနေလေသည်။

လသာဆောင်ဘက်သို့ ထွက်သောတံခါးမကြီးကို ဖွင့်လိုက်တော့ လေတွေကတဟူးဟူးနဲ့ တိုက်ခက်လာပြီး နှင်းမှုန်တွေကတောင် အခန်းထဲသို့၀င်လာကြသည်။

မျက်နှာကို လာရိုက်ခတ်နေသည့် နှင်းမှုန်တွေကို သပ်ချလိုက်ပြီးနောက် နှင်းဖြူဖြူတွေ ဖုံးအုပ်နေသော ၀ရံတာလက်ရန်းကို ကိုင်လိုက်ပြီး
ကြယ်မထွက် လမသာပဲ နှင်းမိုးတွေသာ အလျှံညီးညီးရွှာသွန်းချနေသော ကောင်းကင်ကြီးကိုသာ မမှိတ်မသုန်ကြည့်နေမိသည်။

"မင်းလည်း...အိပ်လို့မရဘူးမလား..."

အသံကြားရာကိုလှည့်ကြည့်လိုက်တော့
ကပ်လျှက်အခန်းက လသာဆောင်တွင်နံရံကိုကျောမှီရင်း ကဝိက ‌ဆေးလိပ်သောက်နေလေသည်။
ရင်ထဲမှာ ကဝိအပေါ်အားနာမှုတွေများစွာကြီးစိုးနေပေမဲ့ အတတ်နိုင်ဆုံးပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။

"မင်းအဆင်ပြေရဲ့လား...."

"ဘာကိုလဲ..."

"ခေါင်းနဲ့ခြေထောက်လေ..."

ငရဲက လက်ဟန်အမူအရာလုပ်လိုက်တော့မှ ဒေ၀လည်း ညကဆေးရုံမှာသုံးချက်ချုပ်ပြီး ပတ်တီးသွားစည်းခဲ့တဲ့ ဦးခေါင်းမှပတ်တီးကို လက်နဲ့ထိလိုက်သည်။

"အစကတော့ သွေးပူနေတုန်းမို့လားမသိဘူး အရမ်းမခံစားရသလိုပဲ အခုတော့ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်နေတဲ့အပြင် ရာသီဥတုကလည်း အေးလွန်းနေတော့ တဆစ်ဆစ်နဲ့ ကိုက်လာတယ်...ဒါကြောင့်အိပ်လို့မရဘူးဖြစ်နေတာ...."

"မင်းရော...ဘာလို့အပြင်ထွက်လာတာလဲ...."

"ငါအိပ်မက်ဆိုးမက်လို့...."

"ဘာအိပ်မက်မို့လို့လဲ...."

"အဟင်း...တစ်နေ့နေ့တော့ ငါမင်းကိုပြောပြမှာပါ..အခုတော့ မပြောပြချင်သေးဘူး...."

ထိုစကားကို ငရဲအနေနဲ့သက်ပြင်းတစ်ချက်ချပြီးမှသာ ပြောထွက်မိသည်။ငါပြောချင်နေတဲ့ စကားကိုမင်းကြားတဲ့နေ့ ငါ့ကိုမင်းအရမ်းမုန်းသွားမှာသေချာတယ်။သ တ်ပစ်ချင်လောက်အောင်ပေါ့။
တကယ်တော့ ငါ့ရင်ထဲမှာလည်း မင်းကိုအမှန်တရားတွေချပြနိုင်မဲ့နေ့ကို ဆယ်နှစ်ကျော်အထိ စောင့်ဆိုင်းနေခဲ့တာပါ။

အဖေတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ငါမသိပေမဲ့။
အဲ့ဒီ့ဆုံးရှုံးရတဲ့ ဝေဒနာကို ငါကိုယ်တိုင်ပေးခဲ့မိတာမို့ ငါပိုရင်နာနေရတယ်။
မင်းဟာငါ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါကွာ။မင်းအတွက်တော့ ငါ့ကိုရန်သူတစ်ယောက်အဖြစ်မမြင်စေချင်ဘူး။အဲ့ဒီတော့
ငါ့ရင်ထဲကအမှန်တရားတွေကို အတိုင်းအတာတစ်ခုရောက်မှ ငါချပြပါရစေ။

အမှန်တရားတွေအားလုံးကို ကဝိမသိအောင်ရင်ထဲမှာပဲ ချပြနေမိပါတယ်။ကဝိကို လှမ်းကြည့်လိုက်တော့ တစ်ဖက်၀ရံတာမှာ ခေါင်းနဲ့ ခြေထောက်ကပတ်တီးစည်းထားတာတောင်
နာနေပုံမပေါ်ပဲ သူ့ရဲ့စီးကရက်ကိုသာ ဆက်သောက်နေ‌လေသည်။
အတော် အကြောမာတဲ့ကောင်ပဲ။

"ကဝိ...မင်းရှေ့ဆက်ပြီး ဘာ‌လုပ်ဖို့စဉ်းစားထားလဲ...."

"ငါ့ကိုဒေ၀လို့ပဲ ခေါ်ပါ...ကဝိဆိုတဲ့နာမည်ကအဖေပေးထားခဲ့တာမှန်တယ်...ငါကိုယ်တိုင်လည်းနှစ်သက်ပေမဲ့ အနာဟောင်းတွေရှိခဲ့တဲ့နာမည်မို့ မခေါ်စေချင်ဘူး..."

"ကောင်းပြီ....ဒေ၀ မင်းရှေ့ဆက်ပြီး ဘာတွေဆက်လုပ်မှာလဲ....မင်းအသက်ရှင်နေမှန်းသာ
သိရင် ဦးအဂ္ဂကလည်း ငြိမ်နေမှာမဟုတ်ဘူး....
ရှေ့ဆက်ပြီး ဒီ့ထက်ဆိုးတဲ့အခြေအနေတွေနဲ့ ကြုံရမှာသေချာတယ်...."

"အမှန်တော့...ငါလည်းဘယ်လိုရှေ့ဆက်ရမလဲဆိုတာ လမ်းစကိုမနဲရှာနေရတယ်...ဦးအဂ္ဂဆိုတာ
ငါ့အတွက်တော့ ဘယ်တော့မှမေ့လို့မရနိုင်မဲ့ ရန်သူတစ်ယောက်ပဲ....ငါတို့နေခဲ့တဲ့အိမ်လေးကို မီးရှို့ခဲ့တဲ့အပြင် အဖေ့ကိုပါသ တ်ခဲ့တယ်..  
အဲ့ဒီ့လူကိုငါလုံး၀ခွင့်မလွှတ်နိုင်ဘူး....ငါ့ရဲ့ကြိုးစားမှုတစ်ခုဆီတိုင်းက ဒီ‌ နေရာကို ပြန်လာပြီး...လက်တုန့်ပြန်နိုင်ဖို့အတွက်ပဲ...ဒီလူ့ကိုတရားဥပဒေကအကြီးအကျယ်အပြစ်ပေးတာကို ငါမြင်ချင်တယ်...ဒါကြောင့် မင်းကို သူ့ရဲ့တရားမ၀င်သစ်လုပ်ငန်းနဲ့ပတ်သတ်ပြီး စုံစမ်းခိုင်းခဲ့တာပေါ့...
ခက်တာက မင်းကလည်း သူ့လုပ်ငန်းထဲက
သာမာန်အလုပ်သမားတစ်ယောက်ဆိုတော့
ငါလိုချင်တာတွေကို မသိရတော့ဘူးပေါ့....
ငါစုံစမ်းထားခိုင်းတဲ့ လူတွေရှိပေမဲ့...ဒါကသူ့နယ် မြေလေ သူကဒီဒေသမှာကျင်လည်ခဲ့တာ နှစ်ပေါက်နေတော့..သတင်း‌ တွေကို လိုက်အုပ်နိုင်တယ်...အခုထိ တိကျတဲ့အချက်အလက်တွေကို
မရသေးဘူး..."

ဒေ၀က စိတ်ညစ်ညူးစွာ ရင်ဖွင့်လိုက်ပြီးနောက် တစ်၀က်ကျန်သေးသည့် စီးကရက်ကို နှင်းတွေအုပ်နေသော လက်ရန်းပေါ်မှာ ဖိချေကာမီးသတ်လိုက်သည်။
ဒေ၀ရဲ့ စိတ်ထဲမှာသူဟာ ဦးအဂ္ဂရဲ့လုပ်ငန်းထဲက
သာမာန်အလုပ်သမားတစ်ယောက်လို့ ထင်နေတာပါလား။တကယ်တော့ အလုပ်သမားသုံးပုံ နှစ်ပုံလောက်က သူ့လက်အောက်မှာ ရှိနေကြတာပါ။

အချို့သစ်အလုပ်သမားတွေထွက်ပြေးကြတဲ့အခါမှာ သူကဖမ်းပြီးအစဖျောက်ပစ်သလိုလိုနဲ့ တစ်ဖက်လက်နှင့်လွှတ်ပေးတတ်တယ်။
ဒါကို အများရဲ့အမြင်မှာ သူကအရမ်းရက်စက်တယ်။
ထွက်ပြေးတဲ့လူ ဘယ်သူမှငရဲ၏ လက်မှမလွှတ်နိုင်ဆိုပြီး ရိုသေကြောက်ကြောက်နေခဲ့ကြတာ‌ ပေါ့။

ဒါကို ဦးအဂ္ဂကိုယ်တိုင်က တစ်ဆင့်စကားကြားရင်း အဟုတ်မှတ်ပြီး သူ့ကိုအရမ်းယုံနေခဲ့တယ်။
ဒေ၀ကိုသာ ငရဲဆိုတဲ့ငါက ဦးအဂ္ဂရဲ့အယုံကြည်ဆုံး လူထဲကတစ်ယောက်လို့ ပြောလိုက်ရင်
ဒီကောင် အရမ်းကိုအထင်သေးသွားမှာ ။ဒါ့အပြင်ယုံကြည်မှု လုံး၀ရှိတော့မှာမဟုတ်ဘူး။

"ဒါဆိုရင် မင်းစုံစမ်းလို့ ရတာတွေကရော ဘာတွေလဲ...."

"သူတို့က ကုန်းလမ်းကနေတစ်နေ့ကို အနည်းဆုံးသစ်ကားဆယ်စီးလောက်အထိထွက်တယ်...
တကယ်လို့မိတယ်ဆိုရင်တောင် အာဏာပိုင်တွေက တန်တစ်ရာလောက်မိရင် နှစ်ဆယ်လောက်ပဲ အဖမ်းပြပြီးလွှတ်ပေးထားတာ...ဒါကြောင့်သူတို့ရဲ့ လမ်းကြောင်းတွေကို ငါအကုန်သိနေရင်တောင် လွယ်လွယ်နဲ့အငိုက်ဖမ်းလို့မရနိုင်ဘူး...အာဏာပိုင်တွေကိုတော့ သွားငြိလို့မရဘူး...
သူ့ကိုထောင်ထဲမထည့်နိုင်ပဲ...ငါဒီနိုင်ငံကနေ ထွက်သွားရမှာသေချာတယ်...."

"ဒါဆိုရင် မင်းလိုချင်တဲ့အခြေအနေကဘယ်လိုမျိုးလဲ...."

ငရဲ၏အမေးကြောင့် ဒေ၀ဟာလက်ရန်းပေါ်မှ ကောက်ထားမိတဲ့ နှင်းမှုန်တွေကို မြေကြီးပေါ်သို့ပစ်ချလိုက်ပြီး ငရဲနှင့် အကြည့်ချင်းဆုံအောင် လုပ်လိုက်သည်။
သူ့ရဲ့မျက်မှန်အနောက်မှ ခရမ်းရောင်မျက်၀န်းတွေဟာ အရောင်တောက်နေပေမဲ့ နှင်းကျနေတာကြောင့် မျက်မှန်ကိုအခိုး ငွေ့ရိုက်နေလေသည်။ထို့ကြောင့် မျက်မှန်ကိုချွတ်ပစ်လိုက်သည်။

"ငါလိုချင်တာက တိကျတဲ့သက်သေ...သူတို့ရဲ့ခြေလှမ်းတစ်ကွက်ချင်းဆီရဲ့ နောက်ကွယ်က
တိကျတဲ့ သက်သေပစ္စည်းတွေကို လိုချင်တာ..."

"ဟုတ်ပြီ...အဲ့ဒီ့တိကျတဲ့ သက်သေတွေကိုရပြီးရင်...မင်းဘာဆက်လုပ်မှာလဲ...."

"အဲ့ဒီ့သက်သေတွေသာ ငါ့လက်ထဲကိုရောက်လာရင် ဆိုရှယ်မီဒီယာကနေတစ်ဆင့်...တစ်ကမ္ဘာလုံးကို ချပြပစ်မယ်..."

"မင်းလုပ်နိုင်ပါ့မလား...."

"ဟား...ဟား...ငရဲရာ အဲ့ဒီ့ကိစ္စက ငါအကျွမ်းကျင်ဆုံးကိစ္စပါ...နိုင်ငံအရပ်ရပ်က မီဒီယာသမားတွေက ငါ့ဆီကနေအင်တာဗျူးတစ်ခုကို လိုချင်လို့တောင် ဘိုကင်ယူထားကြတဲ့ဥစ္စာ...ငါလက်ယက်ခေါ်လိုက်တာနဲ့....ချက်ချင်းရောက်လာမှာကွ...."

"မင်းက...အဲ့လောက်တောင် လုပ်နိုင်တာလား...ငါတကယ်မထင်ထားခဲ့မိဘူး..."

"ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ငါ့နာမည်ပါတယ်လေကွာ...ဒါကြောင့်မီဒီယာတွေက ငါ့အကြောင်းကို စိတ်၀င်စားကြတယ်...အင်တာဗျူးဖို့ ခဏခဏဆက်သွယ်ကြပေမဲ့...ငါပယ်ချခဲ့တာကများတယ်...ငါ့ငယ်ဘ၀အကြောင်းတွေကို ငါပြောထွက်မိမှာဆိုးလို့...ဒါပေမဲ့  ငါသာခေါ်မယ်ဆိုရင် သတင်းသမားတွေ လာဖို့အဆင်သင့်ပဲ...."

ဒေ၀ဟာ သူ့ရဲ့မျက်မှန်ကို အ၀တ်နဲ့ခပ်ဖွဖွပွတ်လိုက်ပြီးနောက်  ပြန်တပ်ကာ လက်ခလယ်နဲ့မျက်မှန်ကို ပင့်တင်လိုက်သည်။

"ဒေ၀....မင်းကိုငါကူညီမယ်...."

"ဘယ်လို မင်းကဘယ်လိုကူညီမှာလဲ...."

"မင်းလိုချင်တဲ့ တိကျတဲ့သက်သေရတဲ့အဆင့်အထိ....လောလောဆယ် ဦးအဂ္ဂမရိပ်မိအောင် ငါရိုးမထဲကိုခဏပြန်ရမယ်.…ငါ့ကိုအချိန်သုံးရက်ပေးပါ....မင်းအတွက်ထူးခြားတဲ့ကိစ္စတစ်ရပ်ကို ငါသယ်ဆောင်လာပေးမယ်..."

ဒေ၀ဟာမျက်ခုံး‌တွေကို တွန့်ကြုံ့လိုက်မိသည်။ငရဲက ဒီလို တိတိကျကျပြောနေနိုင်တယ်ဆိုတည်းက သူ့ဆီမှာလျှို့ဝှက်ချက်အကြီးကြီး ရှိနေရမယ်။နောက်ပြီး ကျားဖြူတောင်မှာလာကယ်တဲ့ကိစ္စကလည်း မရိုးရှင်းဘူး။ဒီကောင် ငါကျားဖြူတောင်မှာ ဒုက္ခရောက်နေတာ ဘယ်လိုသိသွားရတာလဲ။

"ငရဲ...မင်းတကယ်ပဲ ငါ့ဘက်ကရပ်တည်ဖို့ဆုံးဖြတ်ထားတာလား...အနားနီးမှနောက်ကျောကို ဓားနဲ့ထိုးတဲ့အဖြစ်မျိုးတော့ ငါမလိုချင်ဘူး..."

"ဒေ၀....မင်းသိထားရမှာက ငါကလည်းမင်းဘက်မှာပဲ....ငါလည်းဦးအဂ္ဂနဲ့သူ့သားကို မုန်းတီးနေတဲ့လူထဲမှာပါတယ်....မင်းရဲ့ကလဲ့စားချေမှုထဲမှာ
အဓိကနေရာကနေ ငါပါ၀င်ပေးမယ် စိတ်ချ....
ဒီနေ့လိုရက်မျိုးရောက်ဖို့ ငါကလည်းဓားသွေးရင်းစောင့်နေခဲ့တာ...ငါ့မိသားစုကြောင့်သာမဟုတ်ရင်....အဲ့ဒီ့ အဂ္ဂဆိုတဲ့မိစ္ဆာကြီးကို အမျှစ်ကနေမြေလှန်ပြစ်လိုက်တာ ကြာပြီ...."

"ကောင်းပြီ....မင်းရဲ့မိသားစုကို ဘေးကင်းတဲ့နေရာတစ်ခုကို ငါရွေ့ပေးထားမယ်....မင်းသာကတိတည်အောင်လုပ်ပါ...အပြောနဲ့အလုပ်ထပ်တူကြတာပဲ...လိုချင်တယ်...."

"စိတ်ချပါဒေ၀ရာ...အဆုံးစွံအထိ ငါကမင်းဘက်မှာပဲရှိနေမှာ..."

မင်းအပေါ်မှာ ငါအကြွေးတင်ထားတာရှိတယ်လို့ ပြောချင်ပေမဲ့ ငရဲပါးစပ်ကပြောမထွက်ပေ။သုံးရက်ပဲစောင့်ပေးပါ။မင်းလိုချင်တဲ့ တိကျတဲ့သက်သေတွေကို ငါယူဆောင်လာပေးပါ့မယ်။
ပြီးရင် ငါ့ကိုသ တ်ပေးဖို့ မင်းရှေ့မှာလည်စင်းပေးပါ့မယ်သူငယ်ချင်း။

🍁🍁🍁🍁🍁🍁🍁🍁

ရတုမဟာစံအိမ်ကြီးရဲ့ ခြံ၀န်းထဲသို့ ကားတစ်စီး၀င်လာလေသည်။ပေါ်တီကိုအောက်တွင်ကားကိုရပ်လိုက်သည်နှင့် ကားတံခါးကိုဖွင့်ပြီး အရင်ဦးဆုံးဆင်းလာသူမှာ ဖြူလုံးပင်။

ကားပေါ်မှဆင်းလိုက်သည်နှင့် အိမ်ကြီးထဲသို့
အမြန်ပြေး၀င်ကာ မီးဖိုခန်းထဲသို့ ပြေး၀င်လိုက်လေသည်။ဆံပင်ဂုတ်ထောက်နေတာလေးကို နှစ်ဖက်ခွဲစည်းထားတဲ့သူမဟာ စပန့်သားအဝါရောင် ၀မ်းဆက်လေးနဲ့ မျက်နှာတွင် ဘာမှလိမ်းခြယ်မထားပဲနဲ့တောင် အလွန်ချစ်စရာကောင်းလှသည်။

"အန်တီနှင်းမြတ်ရေ...အန်တီနှင်းမြတ်...."

မီးဖိုခန်းထဲသို့ ပြေး၀င်လိုက်ပြီး အလုပ်သမားတွေကို စီမံပေးနေသည့် အန်တီနှင်းမြတ်၏ လက်ကိုပြေးဆွဲလိုက်သည်။

"အန်တီနှင်းမြတ်...."

"အမယ်လေး...ဖြည်းဖြည်းအော်လည်း ရပါတယ်..ဆေးရုံကဆင်းလာလာချင်း အရမ်းတက်ကြွနေပြီဆိုတော့ အားလုံးအိုကေပြီပေါ့...."

"ခြေထောက်ကတော့ နည်းနည်းနာနေသေးတယ်...ဆရာ၀န်ကတော့ မကြာခင်ပျောက်မှာပါတဲ့...ဒါနဲ့ကိုကြီးရော....မနေ့ကပြန်လာမှာဆိုပြီး ဖြူလုံးကိုလည်းလာမတွေ့ဘူး....အခုသူ့အခန်းထဲမှာလား...."

မျက်လုံးလေးဝိုင်းပြီး ‌အဖြေကိုစောင့်စားနေသောကလေးမလေးကို ဒေါ်နှင်းမြတ်ပြန်ဖြေဖို့ရာ အကြပ်ရိုက်နေလေသည်။မ‌နေ့ ညကဆရာဒေ၀ဟာ အချိန်မရှိကြီးလူစိမ်းတစ်ယောက်နဲ့အတူ အိမ်ကိုပြန်လာခဲ့တယ်။
ခေါင်းနဲ့ ခြေထောက်တစ်ဖက်က ပတ်တီးတွေနဲ့ဖြစ်နေတော့ အရမ်းလန့်သွားမိခဲ့တယ်။ထိုအကြောင်းကို ညကတစ်ခန်းတည်းနေတဲ့ ဆင်ပေါက်နဲ့သူပဲသိတာပါလေ။

"ကျွန်တော် ပြန်ရောက်တဲ့ကိစ္စကို ဘယ်သူ့ကိုမှမပြောရဘူး... သိနေတဲ့လူတွေကိုလည်းနှုတ်ပိတ်ခိုင်းထားပါ...."ဆိုတဲ့ ဆရာ့ရဲ့စကားကို ဘယ်လိုလွန်ဆန်နိုင်ပါ့မလဲ။

ကလေးမလေးခမျာ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးတွေက ပြုံးပျော်နေတာကို "ဟင့်အင်း.."လိုပြောရမှာ နှင်းမြတ်အဖို့ သိပ်ခက်ခဲတာပဲ။ဒါပေမဲ့ ဆရာ့စကားကိုလဲ လွန်ဆန်လို့မှမရပဲ။

"ဆရာမနေ့ကပြန်မလာဘူးသမီးရဲ့....အန်တီ
စိတ်မကောင်းပါဘူးကွယ်..."

"ကိုကြီးကဘာလို့ ပြန်မလာရတာလဲ...ပြောတော့ ပြန်လာခဲ့မယ်ဆိုပြီး...ဖြူလုံးကိုညာတယ်...."

ဒေါ်နှင်းမြတ်လည်း စိတ်မကောင်းဖြစ်သွားပြီး မျက်နှာလေးညှိုးငယ်ကျသွားသည့်ကလေးမရဲ့ ခေါင်းလေးကို ‌ပုတ်ပြီး အားပေးမိပါသည်။

"ညာတာတော့ မဟုတ်လောက်ပါဘူးကွယ်...သူကလုပ်ငန်းတွေကို ဦးစီးနေရတဲ့လူလေ အမြဲတမ်းအလုပ်ရှုပ်နေတာ သမီးလေးအမြင်ပဲမဟုတ်ဘူးလား....ပြန်လာမှာပါကွယ်....ပြီးရင်ဖုန်းဆက်ကြည့်လိုက်ပေါ့...ဟုတ်လား...."

"ပြီးရင်မဟုတ်ဘူး....အခုပဲဖုန်းဆက်မှာ...."

ပန်းရောင်သန်းနေသော နှုတ်ခမ်းလေးကို စူထော်ပစ်ကာ ဧည့်ခန်းအနီးတွင်ရှိသော ဖုန်းတင်သည့်စင်အနားသို့ ဖြူလုံးလေးသွားတော့ ဒေါ်နှင်းမြတ်လည်း အနောက်မှတကောက်ကောက်လိုက်ရလေသည်။
ဖြူလုံးလည်း လေးပင်နေသည့် စိတ်ကိုအသာဖြေလျှော့ကာ ဖုန်းကိုကိုင်ပြီး အလွတ်ကျက်ထားမိသည့် ကိုကြီးရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။

"တူ................တူ............"

ဖုန်းကတူဆိုပြီး အသံရှည်ဆွဲကာ မကြာခင်မှာပဲ ကိုကြီးက ဖုန်းကိုင်လိုက်လေသည်။

"ဟယ်လို....."

"ဟယ်လို....ကိုကြီးလား...သမီး...."

"တူ...တူ...."

"ဟင်....ဖုန်းကျသွားပြီ...."

ဖုန်းကိုကိုင်ပြီး ဒေါ်နှင်းမြတ်ကိုကြည့်လိုက်တော့ စိတ်မကောင်းတဲ့ပုံစံနဲ့ကြည့်လာသည်။ဖြူလုံးရဲ့စကားကိုတောင် ဆုံးအောင်နားမထောင်ပဲ ကိုကြီးကဘာဖြစ်လို့ ဖုန်းချသွားရတာလဲ။ဖြူလုံးနဲ့စကားမပြောချင်လို့လား။ဒါမှမဟုတ် အလုပ်တွေတအားရှုပ်နေလို့လား။တကယ်လို့ကိုကြီးသာ ဖြူလုံးအပေါ်ကို သာမန်မဟုတ်တဲ့ချစ်ခြင်းမျိုးနဲ့ ချစ်နေခဲ့မယ်ဆိုရင် ကိုယ်ချစ်တဲ့လူရဲ့အသံကို မကြားချင်ပဲနေမှာမဟုတ်ဘူး။
ကိုကြီးက ဖြူလုံးကို  ညီမအရင်းတစ်ယောက်လိုပဲ သဘောထားလို့နေမယ်။ဖြူလုံးဘက်ကသာ တစ်ဖက်သတ်အတွေးများနေမိတာလား။

"လုံးလုံးရယ်....ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ကွယ်....ဆရာကအလုပ်အရမ်းရှုပ်နေလို့နေမှာပါ...အချိန်တန်ရင် ဖုန်းဆက်မှာပေါ့....အခုတော့ သွားနားလိုက်ပါအုံး...."

"ကိုကြီးကသမီးကို မေ့သွားပါပြီ...သမီးဖုန်းဆက်တာကိုတောင် အရေးတယူလုပ်ပြီးမပြောဘူးဆိုတည်းက...သမီးကသူ့အတွက်အရေးမပါလို့နေမှာပေါ့...."

ဖြူလုံးရဲ့စိတ်ထဲမှာ၀မ်းနည်းမှုတွေသာ ကြီးစိုးနေရင်းနှင့် ဖေဖေနေသောအခန်းထဲသို့သာ ၀င်သွားလိုက်ပြီး အားရအောင်ငိုပစ်လိုက်မိသည်။
ဖြူလုံးရဲ့အသံကိုလည်း သူကြားတယ်။
ဒါပေမဲ့ စကားဆုံးအောင်နားမထောင်သွားဘူး။
ဖြူလုံးဆီကို နောက်နှစ်ရက်နေရင်လာတွေ့မယ်လို့ပြောတယ် ။ဒါပေမဲ့ သူလာမတွေ့ဘူး။အခုဆို လေးရက်တောင်ရှိသွားပြီ ဥစ္စာ ။ဖြူလုံးကိုမေ့သွားတာများလား။

"အဟင့်...ဟင့်...သူများမှာတော့ သူ့ကိုတစ်ချိန်လုံး သတိရနေတဲ့ဥစ္စာ...မေ့ပေါ့...ဒီကလည်းမေ့ပစ်လိုက်မှာ...တစ်သတ်လုံး...တစ်ဘ၀လုံး...."

ထိုနေ့ခင်းလေးဟာ ဖြူလုံးအတွက်တော့ မျက်ရည်မိုးရွာသွန်းဖြိုးခဲ့ရတဲ့ နေ့လည်လေးဖြစ်ခဲ့ပါတော့တယ်။

"ဒေါက်...ဒေါက်...ဒေါက်..."

"ဖြူလုံးရေ...ဖြူလုံး..နေ့လည်စာထွက်စားအုံးလေ ...ဒေါ်နှင်းမြတ်က မရရအောင်ခေါ်ခဲ့ဖို့ ပြောလိုက်တယ်...."

"ဟုတ်ကဲ့...သမီးလာခဲ့ပါ့မယ်...."

ဖြူလုံးလည့် ကိုယ့်ကြောင့်သူများတွေကိုပါ ရောပြီးအပူမပေးချင်တာကြောင့် မျက်ရည်တွေကို သုတ်ပြီးအခန်းအပြင်သို့ထွက်လိုက်သည်။
မဆင်ပေါက်က အခန်းအပြင်မှာပဲဖြူလုံးကို စောင့်နေလေသည်။

"မဆင်ပေါက်...အရင်သွားနှင့်ပါ...သမီးလာခဲ့ပါ့မယ်...."

"အေး...အေး...ခြေထောက်ကလည်းသိပ်သက်သာသေးတာမဟုတ်ဘူး...ထမင်းစားပြီးတာနဲ့ ထိုင်ပြီးစာကျက်ရင်ကျက်...မဟုတ်ရင်လည်းအိပ်တော့...ညည်းကြည့်ရတာ အားကိုမရဘူး...
လူကောင်သေးသေးလေးနဲ့....အစားများများစားစမ်းပါအေ...."

"ဟုတ်ကဲ့ပါမဆင်ပေါက်ရဲ့..."

"အေး...ငါခြံထဲကို ဆင်းလိုက်အုန်းမယ်....ခြံစောင့်ကြီးကို ခိုင်းစရာရှိလို့..."

"ဟုတ်ကဲ့...."

မဆင်ပေါက်ကို စိတ်ချမ်းသာအောင် ပြုံးပြပေးလိုက်ပြီးနောက် အပေါ်ထပ်သို့ တက်မည့် လှေကားဆီသို့သာတန်းသွားလိုက်မိသည်။
ဖြူလုံးစိတ်ထဲမှာ ဒီလောက်လေးပင်နေတာ ဘယ်လိုလုပ်ပြီး ထမင်းကစားလို့ရမှာလဲ။
ခဏနေထမင်းစားပြီးရင် စာကျက်ရတော့မှာဆိုတော့ အလွမ်းပြေအနေနဲ့ ကိုကြီးရဲ့အခန်းသို့သာ သွားဖို့ဆုံးဖြတ်လိုက်တယ်။

"အခန်းထဲကို သူမရှိတုန်း၀င်လို့ကောင်းပါ့မလား...သူများတွေမြင်ရင် တစ်မျိုးထင်နေအုံးမယ်...."

ကိုယ့်ဘာသာအခန်း၀မှာ စကားတွေပြောနေမိရင်း ဘေးပတ်၀န်းကျင်ကိုလည်း တစ်ချက်ကြည့်အရိပ်အ‌ခြေကြည့်လိုက်မိသည်။
ဘယ်သူမှရှိမနေဘူးဆိုတော့ အခန်းထဲကိုခဏ၀င်တာ ဘာမှမဖြစ်လောက်ပါဘူး။
အတွေးထက် လက်ကအရင်တံခါးကို ဖွင့်လိုက်မိသည်။

အခန်းထဲကို ရောက်တော့ ပထမဦးဆုံးလုပ်မိသည်က ကိုကြီးရဲ့ဒိုင်ယာရီစာအုပ်လေးကို ပြန်ဖတ်ကြည့်လိုက်မိတာပဲ။
ပြီးတော့ လူသုံးလေးယောက်လောက် အသာလေးအိပ်လို့ရတဲ့ ကုတင်ပေါ်ကမွေ့ယာအိအိကြီးပေါ်မှာ ထိုင်ချလိုက်ပြီး ကုတင်ဘေးက ညမီးအိမ်ဘေးမှာထောင်ထားတဲ့ ဓာတ်ပုံလေးတွေကို ကိုင်ကြည့်လိုက်သည်။

ကိုကြီးရဲ့ ပြင်သစ်ကအဖေပုံရယ် ၊ဘွဲ့ရတဲ့ပုံလေးရယ် ပြီးတော့ဖြူလုံးငယ်ငယ်က ကလေးပုံလေးကို ဆွဲပြီးမှန်ဘောင်သွင်းထားတာလေးရယ်။
ကလေးတုန်းက ကြက်တောင်စည်းလေး စည်းထားတဲ့ပုံကို ပန်းချီဆွဲထားတာကို ကြည့်ပြီး ဖြူလုံးပြုံးလိုက်မိတယ်။

"အဟင်း...သူကငါငယ်ငယ်တုန်းကပုံကိုပဲဆွဲထားတယ်...ကြီးလာတဲ့ပုံကို သဘောမကျဘူးလား
မသိဘူး...ငါကအရမ်းရုပ်မဆိုးပါဘူး...အခုအရွယ်ကို ပန်းချီဆွဲပေးရင်သိပ်ကောင်းမှာပဲ..."

ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကူးတွေယဉ်ပြီး ကိုကြီးနိုင်ငံခြားမှာ ဘွဲ့ယူခဲ့တဲ့ပုံလေးကို ယူကာသေချာလေး ကြည့်နေမိသည်။

"မျက်နှာကြီးက တည်လိုက်တာ...အရပ်ကြီးကလည်းအရှည်ကြီးပဲ...တက္ကသိုလ်မှာကောင်မလေးတွေဝိုင်းဝိုင်းလည်နေမဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပဲနေမှာ....တက္ကသိုလ်မှာရည်းစားတွေထားခဲ့သေးသလားမသိဘူး...မဖြစ်နိုင်ပါဘူး...
ဓာတ်ပုံထဲမှာတောင် ဒီလောက်အကြောတင်းတဲ့မျက်နှာကြီးကို...ကြိုက်တဲ့လူရှိရင်တောင်...အနားကပ်ရဲမှာမဟုတ်ဘူး...
ဒီအတိုင်းဆက်ပြီးတော့နေသိလား...မိန်းမမရပဲ...
အိုဟိုင်းသွားလိမ့်မယ်...အဲ့ခါကြမှ...
နောင်တရမနေနဲ့...ဒါပေမဲ့စိတ်တော့မပူပါနဲ့....
ဖြူလုံးကကိုကြီးဘေးနားမှာ အမြဲရှိနေပေးသွားမှာ...သမီးကို ဘွဲ့ရတဲ့အထိပဲစောင့်ပေးနော်...
သမီးဘွဲ့ရရင် အသက်ကနှစ်ဆယ်...ကိုကြီးကသုံးဆယ်ကျော်နေပြီ....အင်း...မဆိုးပါဘူး...သုံးဆယ်ကျော်ဆိုတာ အရွယ်ကောင်းပဲ...အဟိ..."

စောစောပိုင်းကတော့ ၀မ်းနည်းနေပေမဲ့ အခုတော့အတွေးပေါင်းစုံတွေးရင်း ကိုယ့်ဘာသာသဘောတွေကျနေမိတာ ကိုကြီးရဲ့မွေ့ယာအပေါ်မှာ တုံးလုံးလှဲလိုက်မိသည်ကိုတောင် သတိမထားလိုက်မိဘူး။

အတွေးပေါင်းစုံနဲ့အတူ စကားတွေပြောကာ
မိနစ်ပိုင်းအတွင်းမှာ ကောင်မလေးတစ်ယောက် ဓာတ်ပုံလေးကို ရင်ဘတ်ပေါ်သို့တင်ပြီး အိပ်ပျော်သွားလေ‌တော့သည်။
ခဏအကြာမှာတော့ ထိုကုတင်ဘေးသို့ ပုဆိုးအညိုကွက်ကလေးနဲ့ တီရှပ်ဂျိုင်းပြတ်၀တ်ထားသော အမျိုးသားဟာ ရောက်ရှိလို့လာလေသည်။

သူ့ရဲ့ အကြောစိမ်းစိမ်းထနေသော လက်ကြီးနှင့် ကုတင်ခြေရင်းမှဂွမ်းစောင်ကို ဆွဲယူလိုက်ကာ ကောင်မလေး၏ ကိုယ်ပေါ်သို့ ရင်စို့နားအထိ လွှမ်းခြုံပေးလိုက်လေသည်။
ဒါတင်မကသေးပဲ ကုတင်စွန်းလေးမှာ ထိုင်ကာ ကောင်မလေးရဲ့ ခါးဘေးနားနေရာလေးတစ်ဖက်တစ်ချက်ဆီမှာ လက်ကိုထောက်ရင်း
နူးညံ့အိထွေးသည့် ပါးပြင်လေးနှင့် နှုတ်ခမ်းလေးကို အနမ်းတစ်ပွင့်ခိုး၍ ခြွေသွားလေသည်။

"ဆရာ....ပတ်တီးစည်းဖို့...."

"ရှူး!!!!!"

အခန်းထဲသို့ အသံပြုပြီး၀င်လာသည့် ဒေါ်နှင်းမြတ်ကို နှုတ်ခမ်းပေါ်သို့လက်ညှိုးတစ်ချောင်းတင်၍ အသံတိတ်ရန် ဟန်လုပ်ပြလိုက်သည်။
ပြီးနောက် အိပ်ခန်းနှင့် ကပ်လျှက် စာကြည့်ခန်းသို့ လက်ညှိုးထိုးပြလိုက်သည်။

စာကြည့်ခန်းနဲ့အိပ်ခန်းဟာ အခန်းချင်းကပ်လျှက်ဖြစ်နေပေမဲ့  အချိန်ကုန်သက်သာအောင် အခန်းနှစ်ခုကြားက နံရံမှာ တံခါးဖောက်ထားခြင်းဖြစ်လေသည်။ ခဏအကြာမှာတော့ ဒေ၀နှင့်
ဒေါ်နှင်းမြတ်ဟာ ထိုတံခါးမှတစ်ဆင့် စာကြည့်ခန်းထဲသို့ ၀င်သွားကြလေသည်။

🍁🍁🍁🍁🍁🍁🍁🍁🍁

"အင်း!!!!"

ဖြူလုံးလည်းအကြောအခြင်တွေဆန့်ပစ်လိုက်ပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်မိတော့ မျက်နှာကျက်အမြင့်ကြီးကိုတွေ့လိုက်ရလေသည်။
ဒီအခန်းထဲမှာ အိပ်ပျော်သွားမိတာပဲ။လသာဆောင်ဘက်က ပြူတင်းပေါက်ကြီးကို ကြည့်လိုက်မိတော့ ညနေတောင်စောင်းနေပြီ။

ပြီးတော့ နှင်းတွေလည်းနည်းနည်းကျနေတယ်။စိတ်ထဲမှာ ချမ်းသလိုဖြစ်လာတာကြောင့် အပျင်းထူပြီးမထသေးပဲ ဂွမ်းစောင်ကြီးကိုသာ ဆွဲခြုံမိလိုက်သည်။

"ဟင်...ဒီ...ဒီစောင်ကဘယ်လိုဖြစ်ပြီး ငါ့ကိုယ်ပေါ်ကိုရောက်လာရတာလဲ...."

ဖြူလုံးချက်ချင်းထထိုင်လိုက်မိပါသည်။
စအိပ်တုန်းက စောင်မခြုံလိုက်မိတာ သေချာပါတယ်။ဒါဆိုရင် ဘယ်သူကလာခြုံပေးခဲ့တာလဲ။

ဘေးနားက မီးအိမ်တင်သည့်စင်လေးကို ကြည့်လိုက်မိတော့ ကိုကြီးရဲ့ဘွဲ့ဓာတ်ပုံလေးက မူလအတိုင်းထောင်လျှက်လေးဖြစ်နေသည်။
ဒါတင်မဟုတ်သေးပဲ ဘေးနားမှာဖတ်ပြီး ချထားမိတဲ့ဒိုင်ယာရီစာအုပ်ပါပျောက်နေတယ်။
အိပ်ယာပေါ်ကနေချက်ချင်းထပြီး ဒိုင်ယာရီစာအုပ်လေးကို ကိုကြီးထည့်ထားတတ်တဲ့နေရာကို သွားကြည့်လိုက်တော့ ဒိုင်ယာရီစာအုပ်ကတကယ်ပဲ မူလနေရာကိုပြန်ရောက်နေတယ်။

"ဒါဆိုရင်...ဒီအခန်းထဲကို၀င်လာတဲ့လူက
ဒေါ်နှင်းမြတ်မဖြစ်နိုင်ဘူး...ကိုကြီး....ကိုကြီးပဲနေမယ်...."

"ကိုကြီး...ကိုကြီးပြန်ရောက်နေတာလား...."

လသာဆောင်ဘက်က တံခါးကိုဆွဲဖွင့်လိုက်တော့ နှင်းမှုန်လေးတွေက အခန်းထဲသို့ ပတ်ဖြန်းကျရောက်လာသည်။လသာဆောင်ကြီးကကျယ်တာကြောင့် ချောင်နေရာတွေပါမချန်ပဲ လိုက်ရှာမိသည်။ဒါပေမဲ့ မတွေ့ပါဘူး။သို့ပေမဲ့ ဖြူလုံးရဲ့စိတ်ထဲမှာ တစ်ခုခုကို သေချာယုံကြည်နေမိတယ်။

"ကိုကြီး...ဖြူလုံးကိုမပုန်းပါနဲ့ ထွက်လာခဲ့ပါတော့နော်....ကိုကြီး.....ကိုကြီး...အဟင့်...."

ပါးစပ်ကလည်းခေါ်သလို မျက်၀န်းမှလည်းမျက်ရည်တွေ ကျလာမိပါသည်။မျက်ရည်တွေကို ကလေးတစ်ယောက်ပမာ ဖိသုတ်လိုက်ရင်း ရေချိုးခန်းနဲ့ အိမ်သာတံခါးကို ဖွင့်ပြီး လိုက်ရှာနေမိပေမဲ့ အချည်းနည်းပါပဲ။

"ကိုကြီး....သမီးကိုမတွေ့ချင်ဘူးလားဟင်...
သမီးသတိရနေလို့....ခဏလေးပဲထွက်ခဲ့ပါလား....
ကိုကြီးကို သမီးအရမ်းတွေ့ချင်တာပဲ....
အဟင့်...ဟင့်...."

နောက်ဆုံးမှာတော့ ဘယ်လိုမှထိန်းမရပဲ မျက်ရည်တာကြီးကျိုးပါတော့သည်။ကိုကြီးရဲ့ကုတင်ဘေးမှာထိုင်ချလိုက်ပြီး ကုတင်အပေါ်မှာမျက်နှာအပ်ကာ တရှုံ့ရှုံ့ရှိုက်ရင်း ငိုမိပါတော့သည်။

"အဟင့်....အဟင့်....ကိုကြီးကိုတွေ့ချင်လိုက်တာ
....ဖုန်းဆက်တော့လည်းမကိုင်ဘူး....လာလည်းမတွေ့ဘူး....ကိုကြီးကဆိုးလိုက်တာ....."

မျက်ရည်တွေဟာ မွေ့ယာထဲသို့ တစိမ့်စိမ့်၀င်သွားကာ အိုင်နေရင်တောင် ဖြူလုံးကတော့အငိုရပ်၍ရမည်မဟုတ်တော့ပေ။
ဘာကြောင့်လဲဆိုတော့ ဖြူလုံးရဲ့ဘ၀မှာ အချစ်
ဆုံးလူက အဖေ၊အ‌မေနဲ့ကိုကြီးတို့ သုံးယောက်ပဲရှိတာကို အခုတစ်‌ယောက်ကဥပက္ခာပြုတော့ ဖြူလုံးသိပ်၀မ်းနည်းတာပဲ။

"ကိုကြီးက...တကယ်ပဲသိပ်ဆိုးသလား...ဟမ်!!!!"

မွေ့ယာကြီးအိကျသွားတာကို ခံစားလိုက်ရသည့်နည်းတူ နားထဲမှာကြားလိုက်ရသည့် ဩရှရှအသံ‌ကြီးကြောင့် အပေါ်ကိုမော့ကြည့်လိုက်မိတော့။

"ကိုကြီး!!!!!"

"အာ့!!!!!!"

ဖြူလုံးလည်း ဘာမှတွေးမနေတော့ပဲ ကိုကြီးရဲ့လည်ပင်းကိုသိုင်းဖက်ပစ်လိုက်ရာ နှစ်ယောက်စလုံး ကုတင်ပေါ်သို့ လဲကျသွားလေသည်။

"အား!!!!နာ...နာတယ်...."

"ဟင်...."

နာတယ်ဆိုပြီး အော်နေတဲ့ကိုကြီးကြောင့်  
ခေါင်းထောင်ကြည့်လိုက်တော့ အနီးကပ်မြင်နေရသည့် ရှုံ့တွနေသော မျက်နှာကြီး။
ဖြူလုံးရဲ့ခန္ဓာကိုယ်က ကိုကြီးရဲ့ ရင်ဘတ်အပေါ်ကနေ ဖိထားသလိုဖြစ်နေမိတာကြောင့် အနည်းငယ်ရှက်သွားမိပေမဲ့ ခေါင်းကပတ်တီးကို မြင်လိုက်ရတော့ လက်ကအလိုလိုပတ်တီးစည်းထားတဲ့နေရာကို ကိုင်လိုက်မိသည်။

"ခေါင်း....ခေါင်းကဘာလို့ပတ်တီးစည်းထားရတာလဲ...ကားတွေဘာတွေမှောက်ထားတာလား...."

"ဖြူလုံး....ကိုကြီးကိုအဲ့တာနောက်မှမေးပါလား...
ခြေထောက်ကလည်း နာနေလို့...ကိုယ့်အပေါ်ကဖယ်ပေးပါလား..."

"ဟမ်....အယ်...ဟုတ်သားပဲ...."

ပုံမှန်ဆိုရင် ချစ်စရာကောင်မလေးနဲ့ ဒီလိုအနေအထားမျိုးမှာ ရင်ခုန်ဖွယ်ကိစ္စပေမဲ့ သူ့အတွက်တော့ ဒဏ်ရာတွေရဲ့ဒုက္ခပေးမှုကြောင့်
နာတာကအလေးသာနေတာမှာ ရင်ခုန်ခန်းကို
မရောက်တော့ဘူး။
ကြောင်အနေသည့်သူမရဲ့ခါးသိမ်သိမ်လေးကို အသာတွန်းပေးလိုက်ရင်း လက်ကိုထောက်ပြီး ပြန်ထိုင်လိုက်ရသည်။
သူမကတော့ မတ်တပ်လေးရပ်ပြီး ရှက်နေသည့်ပုံလေး ဖြစ်နေသည်။

"ရှက်နေတာလား...."

"မရှက်ပါဘူး...."

"အဟင်း...ပါးတွေနီနေတယ်...."

"ဟင်....တကယ်လား..."

"အင်း....တကယ်...နီရဲနေတာပဲ"

တကယ်တော့ သူမရဲ့ပါးလေးတွေဟာ ပန်းရောင်လေးသန်းသွားရုံပါပဲ။ဒါပေမဲ့ သူ့စိတ်မှာ ကလေးမကိုအရမ်းစချင်တာကြောင့် တမင်လီဆယ်ပြီးပြောလိုက်မိသည်။

အခုမှ ပါးလေးတွေပိုရဲလာပြီး မျက်နှာအနှံ့လိုက်စမ်းနေတာကြောင့် သူ့စိတ်ထဲမှာ အမည်မသိလှုပ်ရှားမှုတွေ စတင်ဖြစ်ပေါ်လာသည်။
တစ်ဆက်တည်းမှာပဲ သူမရဲ့လက်ကောက်၀တ်ကို လှမ်းဆွဲဖို့ ဟန်ပြင်လိုက်မိသည်။

"အမယ်လေး...ကိုကြီး...."

ရုတ်တရက်လက်ကောက်၀တ်ကနေ အဆွဲခံလိုက်ရတဲ့အဖြစ်ကြောင့် ကိုကြီးနဲ့ကပ်လျက်ထိုင်ချမိသွားလေသည်။

ခါးနေရာကို ကြည့်လိုက်တော့ တစ်စတစ်စ တင်းကျပ်စွာဖက်ထားသည့် အထိအတွေ့နဲ့အတူ ရင်ဘတ်ချင်းထိကပ်လုနီးပါးဖြစ်နေတဲ့ အခြေအနေမှာ လက်တွေကိုကြား၀င်ခံပြီး ကိုကြီးရဲ့ရင်ဘတ်ကို တွန်းထားလိုက်မိသည်။

ကိုကြီးဆီကနေ ရုတ်တရက်ရလိုက်တဲ့တုန့်ပြန်မှုကြောင့် အံ့ဩတုန်လှုပ်နေသောမျက်၀န်းတွေနဲ့
ကိုကြီးကို မော့ကြည့်လိုက်မိတော့ ဖြူလုံးရဲ့ပါးပေါ်ကို ကျရောက်လာသည့် လက်ကြီးက ပါးပြင်နုနုကို ယှက်တိုက်သွားပြီး မေးစေ့မှတစ်ဆင့် ဆွဲမော့လိုက်လေသည်။

ကိုကြီးရဲ့ ခရမ်းရောင်မျက်၀န်းတွေက ပိုတောက်ပနေသလိုပဲ။ပြီးတော့ သားကောင်ကိုခါးပိုက်ထောင်ထဲထည့်ပြီးခါမှ စားတော့မည်ဟု ကြုံးဝါးနေသလို အကြည့်မျိုး။

မျက်နှာနှစ်ခုဟာ တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ရင်ဘတ်ကိုတွန်းထားမိတဲ့လက်တွေကလည်း တုန်ယင်လာသည်။မျက်နှာပေါ်သို့ ပူနွေးပြီး ပြင်းရှသော  အသက်ရှူသံတွေလည်းနီးကပ်လာသည်။

"ဟင့်အင်း....."

ဖြူလုံးရဲ့ နှုတ်ခမ်းနေရာဆီသို့ ခရမ်းရောင်မျက်၀န်းတွေက စူးရှစွာကြည့်လိုက်ပြီးနောက် အရှေ့ကိုတိုးဖို့ဟန်ပြင်လိုက်စဉ်မှာ ရုတ်ရက်
လန့်ပြီးမျက်နှာကိုဘေးသို့ စောင်းပစ်လိုက်သည်။

ရှောင်တိမ်းလိုက်စဉ် လည်ပင်းနားကို ထိကပ်သွားသည့် အနမ်းစိမ်းစိမ်းကြောင့် နှလုံးသားတွေဟာ
ငလျှင်ကြီးပြေးဆောင့် လှုပ်ခါပစ်လိုက်သလို အလားသဏ္ဍန်မျိုးဖြစ်လာတာကြောင့် ကိုကြီးရဲ့ရင်ဘတ်ကို စောင့်တွန်းလိုက်မိသည်။

"အား....ခြေထောက်....နာ....နာတယ်...."

"ဟာ....ကန်တော့..ကန်တော့....သမီး...သမီးမမြင်လိုက်လို့ပါ....ကိုကြီးကအနိုင်ကျင့်တော့ ရုတ်တရက်..."

"ကိုယ်ကအနိုင်ကျင့်တယ်...."

လက်အုပ်ချီပြီးတောင်းပန်နေမိရာကနေ ပါးစပ်
ကနေလွတ်ကနဲ ဘာတွေထွက်သွားမှန်းမသိပါဘူး။
ကိုကြီးက မျက်ခုံးတစ်ဖက်ကို တွန့်ချိုးလိုက်ပြီး မေးလာလေသည်။

သိပ်ရှက်ဖို့ကောင်းတာပဲ။ရှက်စိတ်က မိုးမွှန်နေသည်မို့ ဒီအခန်းထဲကနေ ထွက်ပြေးဖို့ပဲ ဆုံးဖြတ်လိုက်မိသည်။

"ဟေ့....နေအုံး....."

သူ့အရှေ့ကနေ ထွက်ပြေးဖို့လုပ်‌မိတဲ့ဖြူလုံးရဲ့ လက်ကောက်၀တ်ကို ထိုင်လျှက်ကနေ ထပ်ပြီးဖမ်းဆွဲပြန်ပြီ။ဒီတစ်ခါဆိုရင်‌တော့ ငြင်းမိပါ့မလား။
အတွေးတွေ အမျိုးစုံကြိုးခုန်နေပေမဲ့ ကိုကြီးပြောလိုက်တဲ့စကားကတော့....

"ဒီနေ့...ကလေးကိုအနိုင်ကျင့်လိုက်မိတာကို
ဘယ်သူ့မှပြန်မပြောရဘူးနော်....ကိုကြီးစံအိမ်ကိုရောက်နေတာကိုလည်း ဘယ်သူ့ကိုမှမပြောပါနဲ့....
နောက်ပြီးစာကိုပဲ အာရုံစိုက်နော်...စာမေးပွဲက‌နီးလာပြီ...အဓိကအချက်က ဒီအပေါ်ထပ်ကို နောက်တစ်ခါမတက်လာနဲ့တော့နော်....အနိုင်ကျင့်မိမှာစိုးလို့...အဟက်...."

"အာ....ဘာတွေလာပြောနေတာလဲမသိဘူး...မလာတော့ဘူးစိတ်ချ....."

ကိုကြီးရဲ့ မျက်နှာကြီးကိုတောင် လှည့်မကြည့်မိတော့ပဲ အခန်းထဲမှချက်ချင်းပြေးထွက်လာမိလေသည်။စာကိုပဲ အာရုံစိုက်ရမယ်တဲ့။ဒီလောက် လူကို အသက်ရှူကြပ်ပြီး သေအောင်ပြုစားလိုက်တာဒီနေ့အဖို့ ဘယ်လိုစာကို အာရုံစိုက်နိုင်ပါတော့မလဲ။

သမီးရည်းစားစကားလည်း မပြောပဲနဲ့အဆင့်တွေကျော်ပြီး ဘာတွေလာလုပ်မှန်းမသိဘူး။
သတိရကြောင်းတွေလည်း မပြောလိုက်ရသလို ဒဏ်ရာတွေဘယ်လိုရလာခဲ့လဲ ဆိုတာကိုလည်း
မမေးလိုက်ရဘူး။အခုနေအခန်းထဲပြန်၀င်ပြီးလည်း မမေးရဲတော့ဘူး။

"ဟူး....အစကဂန်ဒူးကြီးလို့ထင်မိတာ...လန့်တောင်လန့်တယ်..."

စိတ်လှုပ်ရှားနေတဲ့ ရင်ဘတ်ကိုပြန်ဖိပြီး သက်ပြင်းတွေသာ အခါခါချနေမိပါတော့တယ်။
တစ်ဖက်တွင်တော့ ဒေ၀ဟာ ကုတင်ပေါ်တွင်ပက်လက်လှန်ရင်းနှင့် တစ်ယောက်ထဲ အရှူးတစ်ယောက်လို ပြုံးနေမိလေသည်။

အခန်း၅၁...ဆက်ရန်.....

🍁🍁🍁🍁🍁🍁🍁

ရင်ခုန်သွားတယ်မဟုတ်လား မှန်မှန်ပြော


#ဘီးလူးနမ်းသောအရိုင်းပန်းမှ
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

=========================================================================

အခန်း၅၁
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


"ငါပြီးပြီ....."

"ဟယ်....တကယ်ပြီးသွားတာလား...."

"အင်း....."

"ပြစမ်း...ပြစမ်း...."

ဖြူလုံးရဲ့အဖြေစာရွက်ကို လာလု‌ကြည့်နေသော မြတ်ချက်မရဲ့ လက်ကို တမင်ပုတ်ထုတ်ပစ်လိုက်သည်။မေးခွန်းဟောင်းလေ့ကျင့်နေပါတယ်ဆိုနေမှ ကိုယ့်အဖြေလွှာကို ပြီးအောင်မဖြေပဲ သူများစာရွက်ကို ကြည့်မယ်တကဲကဲလုပ်နေလေရဲ့။

"အစ်မကြီးရယ်....နင့်ဟာကိုပဲပြီးအောင်ဖြေပါအုံး....ငါရေသောက်ချင်လို့...ရေဗူးသွားယူလိုက်အုံးမယ်...."

"အေးပါဟယ်...ရေဗူးလိုချင်ရင် ထမင်းစားခန်းထဲမှာ ရေခဲသေတ္တာရှိတယ်....ဒေါ်အေးကိုသာပြောလိုက်...."

"အေးပါ...ငါသွားနေတုန်း နင်ခိုးကြည့်မနေနဲ့နော်..."

"အမယ်လေးစိတ်ချပါရှင်...တို့ကတရားနည်းလမ်းကျကျပဲဖြေမှာ...."

"ဟုတ်ပါပြီ...."

ဖြူလုံးလည်း ထိုင်ရာမှထလာလိုက်ပြီး မြတ်ချယ်ရဲ့အခန်းထဲမှ ထွက်လာလိုက်သည်။မြတ်ချယ်တို့အိမ်က တော်တော်ကျယ်တယ်။အခန်းထဲကနေ ထွက်လိုက်တယ်ဆိုရင် အခန်းအရှေ့မှာ လူသွားလမ်းအကျယ်ကြီးရှိပြီး တစ်ဖက်ခြမ်းမှာ အခန်းတွေမရှိပါပဲ ခြံအပြင်ဘက်ကို အတိုင်းသားမြင်နေရလေသည်။

 မသိရင် ဟော်တယ်အကြီးစားကြီးလိုပါပဲ။‌
 မြတ်ချယ်ရဲ့ အခန်းကဒုတိယထပ်မှာ ရှိနေတာဖြစ်လို့ အခန်းအပြင်ထွက်လိုက်တာနဲ့ ‌ခြံထဲက အဝါရဲရဲနှင်းဆီခင်းကြီးကို အ၀ရှုစားခွင့်ရတာ သိပ်မိုက်တာပဲ ။မြတ်ချယ်ရဲ့ တီလေးက အဝါရောင်ကြိုက်သူဆိုတော့ သူ့နှင်းဆီခင်းကိုလဲ အဝါရောင်ပဲစိုက်ထားတာထင်ပါတယ်။

ဖြူလုံးလည်း မြင်နေရတဲ့ပန်းခင်းကြီးကို ပြုံးပြီးကြည့်လိုက်ရင်းနှင့် လက်ရန်းကိုကိုင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
မြတ်ချယ်တို့အိမ်မှာက ကိုကြီးရဲ့စံအိမ်လောက် အလုပ်သမားမများဘူး။

ဒါပေမဲ့ ခြံ၀န်းကလည်းကျယ်ပြီး အဆောင်တွေကများတော့ တစ်ပတ်တစ်ခါလောက် အပိုင်း(၃)ကအလုပ်သမားတွေကိုငှားပြီး သန့်ရှင်းရေးလာလုပ်ခိုင်းတတ်တယ်တဲ့ ။
မီးဖိုချောင်ကိစ္စကို တော့မြတ်ချယ်ရဲ့အမေအန်တီဆုဝေကပဲ စီမံတယ်လို့မြတ်ချယ်တစ်ခါကပြောဖူးတယ်။ဖြူလုံးရဲ့မေမေသာ အသက်ရှင်လျှက် ရှိနေသေးရင် ဒီလိုပဲနေမှာသေချာပါတယ်။

"ဖြူလုံး....ဘာလိုချင်လို့လဲ...."

ထမင်းစားခန်းထဲကို ရောင်ရောက်ခြင်း  ဒေါ်အေးနှင့်အတူ ထမင်း၊ဟင်းချက်ပြုတ်နေသော အန်တီဆုဝေက ဖြူလုံးကိုပြုံးပြပြီး မေးလာလေသည်။

"သမီး....ရေသန့်ဗူးလိုချင်လို့ပါ...အန်တီ...."

"အော်...အေးသမီး...ဟိုကရေခဲသေတ္တာထဲမှာ သွားယူလိုက်ပါကွယ်...ခဏနေကြရင်...သမီးတို့စားဖို့...အန်တီဆုမုန့်တွေလာပို့ပေးမယ်သိလား....
နေ့လည်စာလည်း ဒီမှာပဲစားသွားနော်..."

"ဟုတ်ကဲ့ပါ...အန်တီဆုရဲ့....တော်ကြာဖြူလုံးစားလိုက်လို့ ဟင်းတွေ၊ထမင်းတွေအများကြီးကုန်ရင်သာ စိတ်မဆိုးကြေးနော်...."

"အမယ်လေးစိတ်မဆိုးပါဘူးအေ...ညည်းလေးတို့ကို အန်တီကအစားတွေအများကြီးစားစေချင်တာမှ တစ်ဖက်ကမ်းကိုလွန်လို့...ပိန်ပိန်သေးသေးလေးတွေနဲ့ ဘယ့်နယ့်ဟာတွေလဲမသိဘူး...သူတို့ကိုယ်သူတို့ မော်ဒယ်လုပ်ဖို့များ စဉ်းစားထားကြသလားမှတ်တယ်....အစားစာရင်လည်းနဲနဲလေး...
ပုရွက်ဆိတ်တောင် ညည်းတို့ထက်စားတယ်...."

"ဟာ...အန်တီကလဲ...နှံကောင်လောက်တော့လုပ်ပါ..."

"ဟား ...ဟား...ဟုတ်တယ်...ဟုတ်တယ်နှံကောင်
..."

အန်တီဆုကအဲ့လိုပါပဲ ကလေးတွေကိုသူနဲ့ရွယ်တူတွေလို့ပဲ သဘောထားပြီးအမြဲစနောက်နေတာ။ဒါကြောင့်လည်း နှောင်ဇွဲက သူ့အမေကိုလုံး၀မကြောက်တာပေါ့။အမြဲတမ်းလည်း ပြုံးနေတာပဲ ဖြူလုံးရဲ့မိထွေးတော်ကြီးနဲ့တော့ ဆီနဲ့ရေလိုပါပဲ။
အခုတော့ အဖေကဆင်းရဲသွားတာနဲ့ အတူမနေနိုင်ဘူးဆိုပြီး သူ့အမျိုးတွေဆီကို ပြန်သွားလေရဲ့။

"ညည်းတို့ စာမေးပွဲနီးပြီနော်....စာတွေပိုင်ပြီလား...."

ရေခဲသေတ္တာကိုဖွင့်ပြီးရေသန့်ဗူးယူနေတုန်းမှာ အနောက်ကနေခေါင်းကိုပုတ်လိုက်တာကြောင့် လှည့်ကြည့်လိုက်မိတော့ ဦးထက်ရှိုင်းဝေကြီးက နှုတ်ခမ်းတွေကွေးညွှတ်တတ်နေအောင် ပြုံးပြီးကြည့်နေလေသည်။

"ဟာ...ဦးထက်ရှိုင်း...ရန်ကုန်ကိုပြန်သွားပြီထင်နေတာ..."

"ဘာလဲ...ညည်းကငါ့ကိုရန်ကုန်မြန်မြန်ပြန်စေချင်နေတာလား...."

"အဲ့လိုလဲမဟုတ်ပါဘူး...."

အရပ်ရှည်တဲ့ ဦးထက်ရှိုင်းကခန္တာကိုယ်ကို ကိုင်းလိုက်ပြီး သူ့မျက်နှာကြီးကဖြူလုံးရဲ့မျက်နှာအနားသို့ ကပ်လာတာကြောင့် အန်တီဆုဝေတို့ဘက်သို့ ဖြူလုံးတစ်ချက်လှည့်ကြည့်လိုက်ပြီး အနောက်ကို ခြေလှမ်းနှစ်လှမ်းလောက် ဆုတ်လိုက်သည်။

"အမယ်လေး!!!...."

"ဟား...ဘယ်လိုဖြစ်တာတုန်းဟ ရေခဲသတ္တာထဲလည်း ကျွံ၀င်သွားပါအုံးမယ်..."

"ဟဲ့....နင်ကကလေးကို လျှောက်စနေတာကို
ဟိုမှာရုပ်လေးကိုကြည့်လိုက်အုံး လန့်သွားပြီ...."

"လာ...လာ..."

"ရပါတယ်...."

"လာပါဆိုကွာ....."

ရေခဲသေတ္တောထဲသို့ လက်ထောက်မိပြီး
ကုန်းကုန်းကွကွကြီးဖြစ်နေတာကြောင့်
ဦးထက်ရှိုင်းက ဖြူလုံးရဲ့လက်ကောက်၀တ်က‌နေဆွဲပြီး ထူလိုက်လေသည်။မတ်တပ်ရပ်လျှက်အနေအထားဖြစ်သွားတာနဲ့ လက်ကိုမလွတ်သေးပဲ တင်းကြပ်စွာ ကိုင်ထားဆဲဖြစ်တာ‌ကြောင့်
ဦးထက်ရှိုင်း၏လက်မှ ရုန်းလိုက်လေသည်။

"ထက်ရှိုင်း...နင်ရန်ကုန်ကိုမြန်မြန်ပြန်ပါတော့ဟယ်...ငါမျက်စိရှုပ်လို့...."

"....သူတို့အိမ်လေးကို ခဏလာလည်ပါတယ်
....နှင်ထုတ်လိုက်တာလည်း အခါတစ်ရာလောက်ရှိတော့မယ်...နောက်သုံးရက်နေရင် ပြန်မှာပါဗျာ...စိတ်ချ....ဟိုမှာအလုပ်တွေကလည်း ပုံနေပါပြီ....ကျွန်တော့်စိတ်ကိုဆွဲထားတဲ့ အရာတစ်ခုကြောင့်သာ ပြန်ဖို့တုံ့နှေးနေမိတာပါ...."

နောက်ဆုံးစကားလုံးကို ပြောအပြီးမှာ
ဦးထက်ရှိုင်းက ဖြူလုံးဘက်သို့ တစ်ခုခုကို အသိပေးချင်သော မျက်၀န်းတွေနဲ့ ကြည့်လာလေသည်။ဖြူလုံးလည်း စိတ်ထဲမှာတစ်မျိုးဖြစ်သွားတာကြောင့် မျက်လုံးအကြည့်တွေကို လွှဲလိုက်မိသည်။

"အန်တီဆု....သမီးအပေါ်ထပ်ကိုတက်တော့မယ်နော်..."

"အေး...အေး...သမီးရေ..အန်တီခဏနေကြရင် မုန့်တွေလာပို့ပေးပါ့မယ်..."

"ဟုတ်ကဲ့...."

ဖြူလုံးလည်း ထမင်းစားခန်းထဲကနေ အမြန်ထွက်လာလိုက်ပြီး အပေါ်ထပ်ကိုတက်သည့် လှေကားဆီသို့ ပြေးသွားလိုက်မိ‌လေသည်။
စိတ်ထဲမှာ ဒီတစ်ခါဦးထက်ရှိုင်းရဲ့အကြည့်တွေက ပုံမှန်မဟုတ်ဘူးလို့ခံစားနေရတယ်။

"ငါစိတ်ထင်တာနေမှာပါ...."

"ဘာကိုစိတ်ထင်တာလဲကွ...."

"ဟင်...ဦးထက်ရှိုင်း...."

လှေကားတစ်၀က်ကို ရောက်စဉ်မှာ အနောက်ကိုလှည့်ကြည့်လိုက်တော့ ဦးထက်ရှိုင်းကြီးက မျက်နှာမှာ ချွေးတွေစို့နေပြီး မောနေပုံပေါ်လေသည်။မသိရင် အနောက်ကနေပြေးလိုက်လာသလိုပဲ။ဖြူလုံးကလည်း ကိုယ့်အတွေးနဲ့ကိုယ်မို့ လှေကားကနေ တက်လာသံကို သိပ်မကြားလိုက်မိဘူးဖြစ်သွားသည်။

"ဖြူလုံးရဲ့အနောက်ကို ပြေးလိုက်လာရတာ
မောလိုက်တာကွာ...လူကောင်လေးကသေးပြီး လမ်းလျှောက်တာမြန်လိုက်တာ..."

"သမီးရဲ့အနောက်ကို ပြေးလိုက်လာတယ်...
ဘာဖြစ်လို့ပြေးလိုက်လာရတာလဲ...ပြောစရာရှိလို့လား...."

"ဟုတ်တယ်....‌ဖြူလုံးကို‌ ဦးကသေချာလေးနှုတ်ဆက်ချင်လို့ပါ....ဒီတစ်ခါရန်ကုန်ကိုပြန်ရင်
တော်တော်ကြာမှဒီကိုပြန်လာဖြစ်မှာ...."

"အော်...ဦးထက်ရှိုင်းကလည်း...ဒီအိမ်ကဦးထက်ရှိုင်းရဲ့အစ်မအိမ်ပဲဟာ...ဘယ်အချိန်ပြန်လာလာ သူတို့ကအပြစ်မြင်မှာမဟုတ်ပါဘူး...စိတ်ပူမနေပါနဲ့...."

"ဦးစိတ်ပူတာက အဲ့ဒီ့ကိစ္စမဟုတ်ဘူးကောင်မလေးရဲ့....ဦးစိတိပူတာက...နောက်တစ်ခါပြန်လာတဲ့အချိန်ဆိုရင် ဦးသဘောကျတဲ့ကောင်မလေးက အခြားသူနောက်ပါသွားမှာကိုဆိုးတာကွ....."

"ဟမ်!!!!!"

သူ့စကားကြောင့် "ဟမ်..."ဆိုပြီး ပါးစပ်လေးဟကာ မျက်ခုံးလေးတွန့်ကြုံ့သွားသည့်ကောင်မလေးကို သူသဘောအကျကြီးကျနေမိသည်။ကလေးဆိုတော့ သူပြောချင်တာကို ချက်ချင်းသဘောမပေါက်ဘူးထင်ပါရဲ့။

"အဟင်း...အဲ့ဒါကြောင့်....ဦးဘယ်လိုလုပ်ရမလဲအကြံပေးပါအုံး..."

"ဦးထက်ရှိုင်းရယ်....သမီးကဘယ်လိုလုပ်ပြီးအကြံပေးတတ်မှာလဲ...သဘောကျရင်ဖွင့်ပြောလိုက်ပေါ့...ဒါပဲရှိတဲ့ဥစ္စာကို...."

"ဖွင့်ပြောလိုက်လို့ စိတ်ဆိုးသွားရင်ဘယ်လိုလုပ်ပါ့မလဲ...ဦးကိုသူကသဘောကျပါ့မလား...."

ဦးထက်ရှိုင်းရဲ့အမေးကြောင့် ဖြူလုံးလည်း သူ့ကိုသေချာလေးကြည့်လိုက်မိသည်။အရပ်ကလည်းရှည်တယ်။အသားကလည်း ဖြူစွတ်နေတာမဟုတ်ပဲ အဝါဘက်သန်းပြီး အသားကြည်တယ်။
မျက်နှာကလည်း မျက်ခုံးကောင်းကောင်း နှာတံဖြောင့်ပြီး မေးရိုးကားတယ်။အကုန်ခြုံကြည့်လိုက်တော့ တော်တော်လေးကြည့်ကောင်းပါတယ်။ဥစ္စာလည်းရှိတယ်။မျိုးရိုးကလည်းကောင်းတယ်။သေချာလေး အကဲခတ်ပြီးနောက်
ဦးထက်ရှိုင်းကို ဖြူလုံးတစ်ချက်ပြုံးပြလိုက်သည်။

"စိတ်ချပါဦးထက်ရှိုင်းရယ်....ဘယ်မိန်းကလေးကမှ တို့ဦးထက်ရှိုင်းလို ဥစ္စာပေါ...ရုပ်ချောကြီးကို ငြင်းနိုင်မှာမဟုတ်ပါဘူး...ဖွင့်သာပြောပစ်လိုက်...
တစ်ခါတည်းတောင် အဖြေရချင်ရအုံးမှာ...."

"ဟား...တကယ်လား...."

"သမီးကလိမ်စရာလား...တို့ဦးထက်ရှိုင်းက‌ သေချာပေါက်စွံမှာပါ...သမီးစာသွားလုပ်တော့မယ်နော်...."

ဖြူလုံးလည်း ဦးထက်ရှိုင်းရဲ့ပုခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးခဲ့ကာ အပေါ်ထပ်သို့ ဆက်တက်ဖို့ခြေလှမ်းလိုက်လေသည်။

"ဟာ...နေအုံးလေ...."

"ဟင်....ဘာ...ဘာဖြစ်ပြန်ပြီလဲ...."

ဦးထက်ရှိုင်းကလက်ကို အတင်းလှမ်းဆွဲတာကြောင့် ယိုင်မကျသွားအောင် လှေကားလမ်းရန်းကိုထိန်းကိုင်လိုက်ရလေသည်။ဒီနေ့မှ ဦးထက်ရှိုင်းကြီးဘာဖြစ်နေသလဲမသိပါဘူး။

"ဖြူလုံးပဲ ဦးကဖွင့်ပြောရင် ငြင်းမှာမဟုတ်ဘူးဆို...ဒါကြောင့်ဖွင့်ပြောမလို့လေ..."

"ဟမ်..ဒါဆိုခုဏက ဖွင့်ပြောချင်တဲ့လူဆိုတာက သမီးကိုပြောတာလား...."

"ဟုတ်တယ်....ဖြူလုံးကို...."

ဦးထက်ရှိုင်းကဖြူလုံးကို လက်ညှိုးထိုးပြီးပြောလိုက်တာကြောင့် စိတ်ထဲမှာ "ဟမ်...ငါလားဆိုပြီး.."လန့်ဖြန့်သွားလေသည်။သူနဲ့က ‌ဒီအိမ်ကိုလာတိုင်း ခဏခဏတွေ့ဖူးနေကြပေမဲ့ တစ်ခါမှစကားသေချာ ‌မပြောခဲ့ဖူးပါဘူး။ဒါနဲ့တောင် ဘယ်လိုဖြစ်ပြီး ဖြူလုံးကို ဖွင့်ပြောနေရတာလဲ။

"ဖြူလုံးကို ဦးမြတ်နိုးစွာချစ်မိနေပြီ...ဖြစ်နိုင်ရင် ဖြူလုံးတို့သားအဖနှစ်ယောက်လုံးကို ဦးရန်ကုန်ကိုခေါ်သွားချင်တယ်....တစ်သက်လုံးစောင့်ရှောက်ချင်တယ်...ဦးအနေနဲ့ အသက်ကသုံးဆယ်ကျော်လာပြီမို့...ကလေးဆန်ပြီးရင်ခုန်စရာစကားလုံးတွေနဲ့ ရင်မဖွင့်ချင်တော့ဘူး...
အစကတော့...ကိုယ့်ကိုကိုယ်ထိန်းပါသေးတယ်...
ဖြူလုံးကဦးနဲ့ အသက်အရမ်းကွာနေတော့ အတတ်နိုင်ဆုံးစိတ်ကိုထိန်းချုပ်ထားခဲ့တာပါ...
ဒါပေမဲ့ မိုးသည်းတဲ့နေ့ကတည်းက သဘောကျသွားမိခဲ့တဲ့စိတ်ကို ဘယ်လိုမှထိန်းချုပ်လို့ ရမနေခဲ့ဘူး....ဖြူလုံးအနေနဲ့ ဦးကိုလက်ခံပေးရင်တော့ ဦးဟာအပျော်ဆုံးလူတစ်ယောက်ဖြစ်နေမိမှာပဲ...."

ဖြူလုံးတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်ခြင်းကရုတ်ချည်းဖုံးလွှမ်းသွားလေသည်။ရုတ်တရက်ဆိုတော့ ဖြူလုံးလည်းကြောင်သွားသလို လှေကားလက်ရန်းကိုကုတ်လိုက်မိသည်။ဦးထက်ရှိုင်းက ဖြူလုံးရဲ့အပြုအမူတစ်ခုချင်းဆီကို လိုက်ကြည့်နေပြီး ဖြူလုံးရဲ့မျက်၀န်းတွေထဲကို စူးစမ်းကာကြည့်လာတယ်။

ဖြူလုံးနဲ့ဦးထက်ရှိုင်းရဲ့ ကြားမှာလှေကားနှစ်ထစ်ရှိနေပေမဲ့ ဦးထက်ရှိုင်းက လှေကားထစ်တစ်ခုကို ထပ်တက်လာတယ်။
နောက်ထပ်တစ်ဆင့်‌အနေနဲ့  လှေကားလက်ရန်းပေါ်မှာ တင်ထားတဲ့ဖြူလုံးရဲ့လက်ဖျားလေးကို အုပ်ကိုင်လိုက်တယ်။အာရုံကြောကို စောင့်တက်လာသည့်အသိတစ်ခုနဲ့အတူ ဦးထက်ရှိုင်းရဲ့ လက်ဖဝါးအောက်မှ လက်ဖျားလေးကို ဆွဲထုတ်ပစ်လိုက်သည်။
ပြီးတော့ လေးပင်စွာပဲသက်ပြင်းချလိုက်မိတယ်။

"သမီးတောင်းပန်ပါတယ်...သမီးကိုချစ်မြတ်နိုးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...ဒါပေမဲ့..သမီးချစ်တဲ့လူကဦးထက်ရှိုင်းမဟုတ်ဘူး....သမီးကိုသွားခွင့်ပြုပါအုံး...."

ဖြူလုံးလည်း ပြတ်သားစွာ ငြင်းဆိုခဲ့လိုက်ပြီးနောက် အပေါ်ထပ်သို့ပြေးတက်လာခဲ့လိုက်သည်။အားလည်းနာ‌ပေမဲ့ ခံစားချက်နဲ့ပတ်သတ်ရင်တော့ ချစ်ရတဲ့လူကိုဘယ်လောက်စောင့်ရပါစေ စောင့်နေနိုင်ပေမဲ့ မချစ်တဲ့လူနဲ့တော့ လက်မတွဲနိုင်ဘူး။မြတ်ချယ်ရဲ့ အခန်းထဲကို၀င်လိုက်တော့ မြတ်ချယ်မက လက်ဖက်သုတ်စားနေရင်းနှင့် အေးဆေးဒူးနှံ့နေလေသည်။

"တယ်ဟုတ်ပါလား....ပြီးသွားပြီလား..."

"ပြီးပြီ....နင်ကကြာလိုက်တာဟယ်..."

"အေးဟေ့...နင့်ဦးလေးနဲ့စကားပြောနေလို့လေ...သူကမကြာခင်ပြန်တော့မှာမို့လို့...
နှုတ်ဆက်နေတာ....နင်အဖြေတွေစစ်ပြီးသွားပြီလား...."

ဖြူလုံးလည်း မြတ်ချယ်ရဲ့ဘေးနားက ခုံမှာ၀င်ထိုင်လိုက်ပြီး လက်ဖက်သုတ်တစ်ဇွန်းကိုခပ်စားလိုက်သည်။
သူငယ်ချင်းနှစ်ယောက် ဓာတုဗေဒအဖြေလွှာကို အထူးထုတ်နဲ့ တိုက်ကြည့်လိုက်တော့ ဖြူလုံးက ဂုဏ်ထူးမှတ်တောင်ကျော်နေလေသည်။
မြတ်ချယ်က ခုနှစ်ဆယ်ကျော်ကျော်ပဲရ‌တာကြောင့် မျက်နှာကြီးရှုံ့သွားလေသည်။

"ဒီအတိုင်းဆိုရင်...ငါဓာတုဗေဒ...ဂုဏ်ထူးထွက်မှာ မဟုတ်လောက်ဘူး...."

"နင်ကလည်းဟာ...တစ်နှစ်နဲ့တစ်နှစ်က မေးခွန်းတူမှာမှ မဟုတ်တာပဲ...နင်ပိုင်တာနဲ့တိုးရင်လည်း ဂုဏ်ထူးထွက်နိုင်တာပဲ...အခုလည်းခုနှစ်ဆယ့်လေးမှတ်ဆိုတာ ဂုဏ်ထူးမှတ်နားနီနေပါပြီဟာ..."

"မဟုတ်ဘူးဟ...ငါကအော်ဂဲနစ်အခန်းကို မရဘူးဖြစ်နေတာ...ငါတို့နှစ်ကအော်ဂဲနစ်အခန်းပါမှာသေချာတယ်...."

"အဲ့ဒါ...သိရဲ့သားနဲ့ အစတည်းကဘာလို့မကျက်ထားလဲ ..."

ဖြူလုံးက မြတ်ချက်ရဲ့နားထင်ကို လက်ညှိုးနဲ့ထောက်ပြီး တွန်းလိုက်တော့ သွားဖြဲပြီးရယ်ပြလာသည်။တကယ့်ပြောင်စပ်စပ်နဲ့ပါ။

"ဖြူလုံး...ငါဗေဒင်ဟောလိုက်မယ်...နင်အနည်းဆုံးလေးဘာသာတော့ ဂုဏ်ထူးထွက်မှာပဲ
...ငါတော့ သင်္ချာနဲ့ဘိုင်အိုကိုမှန်းထားတယ်...ဘာပဲဖြစ်ဖြစ်နှစ်ဘာသာလဲမဆိုးပါဘူး...."

"အင်း...နှစ်ဘာသာပဲထွက်လည်း...ကျန်တဲ့လေးဘာသာက ဂုဏ်ထူးနားကပ်နေရင် အဆင်ပြေမှာပါဟာ စိတ်ဓာတ်မကျပါနဲ့....ဒါနဲ့နှောင်ဇွဲကော
...သူ့ကိုဒီနေ့မတွေ့မိဘူး...သူရော...စာတွေတော်တော်ပိုင်ပြီလား..."

"ပိုင်မပိုင်တော့မသိဘူး...ဒီကောင်က ဆယ်တန်းဖြေပြီးရင်....အမေ့အစ်ကိုကြီးရှိတဲ့ အမေရိကန်ကိုအလည်သွားရင်းနဲ့ အဲ့မှာကျောင်းဆက်တက်မလို့တဲ့...ဒီနေ့ပတ်စပို့တွေ ဗီဇာတွေသွားလုပ်တာ လိုက်သွားတယ်..."

"ဟား..တယ်ဟုတ်ပါလား....ဒီ‌လိုဆိုတော့လည်း နှောင်ဇွဲကရည်မှန်းချက်ကြီးသားပဲ...."

"‌အမယ်လေး...လေကတော့ တော်တော်ကျယ်တယ်ဟ...သူကဟားဗက်တက္ကသိုလ်မှာတက်ပြီး စကောလားရှစ်တွေ တစ်သီကြီးယူပြမယ်ဆိုပဲ...
အဟား...ဟားဗက်တက္ကသိုလ်မှာ ကျောင်းပဲတက်ရမလား....အိမ်သာပဲသွားဆေးရမလား စောင့်ကြည့်လိုက်မယ်...."

"ဟယ်...နင်ကလည်း ကိုယ့်မောင်ကို...."

"ဘာဖြစ်လည်းဟယ်...သူတောင်လေကျယ်နိုင်သေးတာပဲ...ငါလည်းဝေဖန်တာပေါ့...ဘာလည်းနင်ကသူ့ကိုကြိုက်နေတာလား...သူ့ဘက်ကနေလိုက်နာနေတယ်နော်....ကြိုက်ရင်လည်းပြော
အမေရိကန်ကို တစ်ခါတည်းထည့်ပေးလိုက်မယ်...အိမ်သာတူတူဆေးရအောင်လို့...
ဟား...ဟား"

"ဟယ်...ကောင်မအကျင့်ကိုမကောင်းဘူး...နဲနဲလေးစကားမမှားလိုက်နဲ့ ....သူ့မောင်နဲ့အတင်းပေးစားတော့တာပဲ...."

"မဟုတ်ပါဘူးဟယ်....ဒီကောင့်ကိုနင်ပဲနိုင်မှာဟုတ်လို့ပါ...."

"ဟာ...မြတ်ချယ်...နင်ပြောလေကဲလေပါလား....
တော်ပြီ....ငါ့ဟာငါ အိမ်ပြန်ပြီးပဲစာလုပ်တော့မယ်..."

"အမယ်လေး....မင်းသမီးလေးရယ်...အမြတ်တော်မရှပါနဲ့...ကျွန်တော်မျိုးမ..ထားကညှာ..
အမှားပါရင်...ခွင့်လွှတ်တော်မူပါရှင်...."

မြတ်ချယ်မရဲ့ ခေါင်းကိုခပ်ဖွဖွလေးပိတ်ထုလိုက်တော့  ဖြူလုံးကိုပြန်ဖက်လာပြီး အသံအာဗြဲကြီးနဲ့ အော်ရယ်လေသည်။
ဒီလိုနဲ့ ‌ထိုနေ့လေးမှာ သူငယ်ချင်းနှစ်ယောက်မုန့်စားလိုက် စာလုပ်လိုက်နှင့်ပဲ အချိန်တွေကကုန်မှန်းမသိ ကုန်နေလေတော့သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁

"တီ...တီ....တီ...တီ..."

ဖုန်းမြည်သံကြောင့် လက်ပ်တော့သုံးနေရင်းမှ ဖုန်းကိုကိုင်လိုက်သည်။ဖုန်းနံပါတ်ကို သေချာကြည့်လိုက်တော့ ဖုန်းစိမ်းဖြစ်နေလေသည်။

"ဟယ်လို...."

"ဒေ၀လား...ငါပါငရဲ...."

ငရဲဆိုတာနှင့် ပေါင်ပေါ်မှာတင်ထားသည့်
လက်ပ်တော့ကိုချထားလိုက်ပြီး မွေ့ယာပေါ်မှ
ထထိုင်လိုက်သည်။

"ပြော ငရဲ....မင်းအဆင်ပြေရဲ့လား...."

"ပြေတယ်....မင်းကလူသက်သေလည်း လိုချင်တယ်ဆိုလို့ မင်းဆီကနေငှားသွားတဲ့ကင်မရာနဲ့ အလုပ်သမားတွေကို ဗီဒီယိုရိုက်ထားတာတွေ.
..တစ်ယောက်ချင်းဆီ...ခေါ်မေးထားတာတွေရှိတယ်....ဒါပေမဲ့မင်းငါ့ကိုကတိတစ်ခုပေးနိုင်မှ
ရမယ်...မဟုတ်ရင်တော့ ငါမင်းကိုဘာမှမကူညီနိုင်ဘူး...."

"နေပါအုံး...ဘာကတိမို့လို့လည်း...."

"ခေါ်မေးထားတဲ့လူတွေရဲ့ ဗီဒီယိုဖိုင်လ်တွေမှာပါတဲ့ အလုပ်သမားတွေရဲ့မျက်နှာတွေကို ဝါးထားပေးရမယ်...သူတို့ကလည်းဒီအလုပ်ကိုလာလုပ်ကြတယ်ဆိုတာ
...စား၀တ်နေရေးကြောင့်ပါကွာ...ငါသူတို့ကိုဒုက္ခမပေးချင်ဘူး...."

"ကောင်းပြီ....ငါကတိပေးတယ်...ငါကလည်းအပြစ်မရှိတဲ့လူတွေကို အလကားသက်သက်ဒုက္ခလိုက်ပေးနေတာ မဟုတ်ပါဘူးကွာ...."

"အေးပါသူငယ်ချင်းရာ...ဒါဆိုငါဖုန်းချပြီနော်.
..ဒီမှာဖုန်းကလူလစ်တုန်းရုံးနေရာကနေလာပြောနေရတာ ငါမနက်ဖြန်ပြန်လာခဲ့မယ်...."

"အေး...မင်းဘေးကင်းပါစေ...."

"တူ!!!!!တူ!!!!!!တူ!!!!!!!"

ဖုန်းချလိုက်သည်နှင့် သူကျေနပ်စွာပြုံးလိုက်မိသည်။မကြာခင်မှာ သူလိုချင်တဲ့ အခြေအနေတစ်ရပ်ကိုရောက်လာခဲ့တော့မှာပေါ့။
ဦးအဂ္ဂပြီးရင် နောက်တစ်ယောက်က
ထက်အာကာပဲ။
 ဦးအဂ္ဂ ခင်ဗျားထမင်း၀အောင်သာစားထားလိုက်ပေတော့ မကြာခင်ခင်ဗျားရဲ့ဘ၀ကြီးက တိုင်းသိပြည်သိကို ပျက်စီးရတော့မယ်။

"ဟား....ဟား..."

သူအားရအောင် ရယ်လိုက်ပြီးနောက် ကုတင်အောက်ကို ခြေထောက်ချလိုက်ပြီး အိမ်နေရင်း၀တ်စုံကို ချွတ်ပစ်လိုက်သည်။
လေ့ကျင်ခန်းမလုပ်တာကြာပြီဖြစ်လို့ ဗိုက်မှ ကြွက်သားအမြှောင်းမြှောင်းတွေဟာ နဲနဲတောင်ပြည့်ချင်လာသည်။

သို့ပေမဲ့ ကျစ်လစ်မှုကတော့အပြည့်ပါပဲ။
ခြေထောက်ကို အသာထိမ်းလျှောက်ရင်း ရေချိုးခန်းထဲသို့ ၀င်သွားလိုက်သည်။

ရေပန်းခလုတ်ကို ဖွင့်လိုက်ပြီးနောက် အေးစက်တဲ့ရေတွေဟာ ပခုံးပေါ်သို့ အရှိန်ပြင်းပြင်းကျဆင်းလာရာ လက်နှစ်ဖက်နဲ့သပ်ချလိုက်သည်။
ငရဲ၏ သတင်းစကားကြောင့်သူ့စိတ်တွေအရမ်းလန်းဆန်းနေတယ်။

ရေချိုးပြီးနောက် သပါတ်အဖြူကိုခါးမှာ ပတ်လိုက်ပြီး ခန္ဓာကိုယ်မှရေများကိုသုတ်ပစ်လိုက်ကာ အ၀တ်အစားကိုတော့ တီရှပ်လက်တိုနဲ့ပုဆိုးအကွက်စိပ်လေး ၀တ်ဖို့ပဲဆုံးဖြတ်လိုက်သည်။

မျက်နှာမှာ ခရင်မ်လိမ်းတတ်တဲ့အကျင့်မရှိတာကြောင့် ဘာမှမလိမ်းနေပဲ ဂုတ်ထောက်နေသောဆံပင်တွေကိုသာ ဂျယ်လ်နဲ့အနောက်သို့ လှန်ပြီးဖီးသင်လိုက်သည်။မျက်မှန်ကို သေချာသန့်
ပြီး တပ်လိုက်လေသည်။

စိတ်ကြည်နေတာကြောင့်  ပြင်သစ်ရေမွှေးကို လည်ပင်းမှာစွတ်လိုက်ပြီး ကားသော့ကို ယူကာအခန်းထဲမှ ခြေထောက်ခပ်ထော့ထော့နဲ့ပဲ ထွက်လာခဲ့လိုက်သည်။သူ့ရဲ့ဦးတည်ရာကတော့ မြို့တော်၀န်ဦးထွန်းတောက်ရဲ့ စံအိမ်ဆီသို့ပင်။
သူ့အတွက် တပ်ကူတွေကို အခုတည်းကစုစည်းထားရမည်မဟုတ်လား။

လှေကားကနေတစ်ဆင့် အောက်ထပ်သို့ဆင်းလိုက်ပြီး ဘယ်သူ့ကိုမှအသိမပေးနေ‌ပဲ
ကားဂိုထောင်သို့ သွားကာ သူစီးနေကြ ပြိုင်ကားကိုထုတ်လိုက်သည်။ခြေထောက်နာနေတာကြောင့် ကားကိုထိန်းပြီးမောင်းလာလိုက်ရသည်။

ဦးထွန်းတောက်ရဲ့ စံအိမ်ကိုရောက်တော့ ဦးထွန်းတောက်က ပြန်မရောက်သေးဘူးဆိုတာကြောင့် ဧည့်ခန်းမှာပဲ ဂျာနယ်လ်ဖတ်ရင်းနှင့် ထိုင်စောင့်နေလိုက်သည်။

"ဧည့်ခန်းမှာ ခဏစောင့်ပေးပါရှင်...
ဦးထွန်းတောက်က ခဏနေပြန်ရောက်တော့မှာပါ...."

ဒေ၀လည်း ဧည့်ခန်းအပြင်မှ အသံကြားလိုက်ရ၍ ဂျာနယ်လ်ကိုခဏပိတ်ပြီး မော့ကြည့်လိုက်စဉ်မှာတော့။

"မင်း....ဒေ၀......."

ဒေ၀ရဲ့မျက်နှာကို ကြောက်လန့်တကြီးလက်ညှိုးထိုးပြီး ထိတ်လန့်သွားသည့်လူမှာ
တစ်ခြားသူမဟုတ်ပဲ ဦးအဂ္ဂဖြစ်နေလေသည်။
ဒီကောင်ဘယ်လို အသက်ရှင်နေရတာလဲ။
ကျားဖြူတောင်ကနေ ဘယ်လိုဖြစ်ပြီးအက်ရှင်လျှက်ထွက်လာနိုင်ရတာလဲ။
ဦးအဂ္ဂ အံကိုကြိတ်လိုက်ပြီး လက်သီးကိုဆုပ်ပစ်
လိုက်သည်။တော်တော် အသက်ပြင်းတဲ့ကောင်ပဲ။

"ကျုပ်အသက်ရှင်နေသေးလို့ သိပ်၀မ်းနည်းသွားသလား..."

ဒေ၀က ဦးအဂ္ဂဆီသို့ တစ်လှမ်းချင်းအားပြုကာသွားလိုက်ပြီး မျက်နှာချင်းဆိုင်ရပ်ကာ ရွဲ့ပြီးမေးလိုက်တော့ ဦးအဂ္ဂရဲ့မျက်နှာကြီးက ချက်ချင်းကြမ်းကြုတ်မှု အပြည့်ဖြစ်သွားလေသည်။

"မင်းဘာတွေ လာပြောနေတာလဲ....မင်းအသက်ရှင်ခြင်းမရှင်ခြင်းက ငါနဲ့ဘာမှမဆိုင်ဘူး...."

"ဟား...ဟား...ဒီနေရာမှာခင်ဗျားနဲ့ကျုပ်
နှစ်ယောက်ပဲရှိတာပါဗျာ...သိပ်ပြီးဟန်ဆောင်ကောင်းမနေပါနဲ့....ကျုပ်ကခင်ဗျားရဲ့ အကျည်းတန်တဲ့ စိတ်ယုတ်မာတွေကို အစ၊အဆုံးသိပြီးသားပါ...ဖြူစင်ချင်ယောင်ဟန်ဆောင်မနေနဲ့ဗျာ...ခင်ဗျားနဲ့မလိုက်ဖက်ဘူး..."

ဒေ၀ရဲ့စကားလုံးကြောင့် အဂ္ဂဟာဟန်ဆောင်မျက်နှာဖုံးတွေကို ခဏအတွင်းခွာချလိုက်ပြီး မီးတောက်တော့မည့် မျက်၀န်းတွေနဲ့ကြည့်လိုက်လေသည်။ဒေ၀ရဲ့ ခရမ်းရောင်မျက်၀န်းတောက်တောက်တွေနဲ့ အကြည့်ချင်းဆုံလိုက်မိတဲ့အခိုက်မှာတော့ ကြားလူ၀င်လာရင် ပြာကျသွားလောက်လေသည်။

"အဟင်း...မင်းဒီနေ့မှာအသက်ရှင်နေနိုင်ပေမဲ့ မနက်ဖြန်မှာတော့ မသေချာဘူးနော် အဲ့တော့အိမ်ကိုပြန်ပြီး အခန်းထဲမှာပဲကုပ်နေလိုက်တော့...
မဟုတ်ရင် ကျားကိုက်တာထက် ဆိုးတဲ့အဖြစ်တွေကြုံနေရမယ်လို့...ငါဗေဒင်ဟောလိုက်မယ်...
ကောင်လေးအစွယ်တွေ သိပ်ထုတ်ပြမနေနဲ့ ငါကရိုက်ချိုးဖို့စောင့်နေတာ...ဘ၀အညွှန့်မတုံးခင်
....အနေအထိုင်ဆင်ခြင်ရတယ်ကွ....ခြင်္သေ့ကိုလာမဟိန်းပြနဲ့...."

 "အိုးဟိုး....ကြောက်လိုက်တာဗျာ....ဒီမှာဟေ့လူ...
 ကျုပ်ကပဲအခန်းထဲမှာ ကုပ်နေရမလား ခင်ဗျားပဲ အိမ်ပေါ်ကနေ ခွေးပြေးပြေးရမလားဆိုတာ
 မကြာခင်သိရတော့မှာပါ....ခင်ဗျားလက်ထဲမှာ အခုလက်ရှိဆုပ်ကိုင်ထားတဲ့ အရာတွေမကြာခင်မှာ ဟပ်ချလောင်းဆိုပြီး ပျောက်သွားရတော့မှာဆိုတော့ စိတ်တော့မကောင်းဘူးဗျ....အဲ့ကျရင်ကျုပ်ခြေထောက်ကို ဖက်ပြီးလာတောင်းပန်ပေါ့...ဟုတ်လား...."

"မင်းဘာစကားပြောတာလဲ....မင်းပြောချင်တဲ့အဓိပ္ပာယ်က ဘာကိုဆိုလိုတာလည်း...."

ဒေ၀ရဲ့ တီရှပ်အိင်္ကျီကော်လံကို ဆွဲဆောင့်လိုက်တာကြောင့် လည်ပင်းနားက ‌ကြယ်သီးတစ်လုံးတောင် ပြုတ်ထွက်သွားလေသည်။ဒေ၀ဆိုသည်မှာလည်း ကြောက်သွေးတစ်စက်တောင်မပါလေတော့ လက်နှစ်ဖက်ကို လေထဲမှာဖြန့်ပြလိုက်ပြီး နှုတ်ခမ်းကိုမဲ့ပစ်ကာ ပခုံးတွေကိုတွန့်ပြလိုက်သည်။

"ကြောက်သွားတာလား....မထင်ထားဘူးဗျာ...
ခွေးနဲ့နှိုင်းရင်ရှက်တတ်လိမ့်မယ်လို့...စိတ်ချလိုက်စမ်းပါ...ခင်ဗျားကိုဒီမြို့ကနေ လေးဘက်ရပ်ပြီး ထွက်သွားရအောင် လုပ်ပေးတော့မှာမို့ အိမ်မှာကြိုတင်ပြီး ငိုထားလိုက်တော့နော်....ကျုပ်ကခင်ဗျားဆီကရှိသမျှကို အကုန်လုံးပြာချပစ်တော့မှမို့လို့...."

"မင်း!!!!!!‌"

"အဂ္ဂ.....မင်းဘာလို့လက်ပါရတာလဲ....ဒါငါ့အိမ်နော်...."

အနောက်မှ အော်လိုက်သောဦးထွန်းတောက်ကြောင့် ဦးအဂ္ဂလည်း ဒေ၀ကိုထိုးဖို့ ရွယ်ထားသည့် လက်သီးကိုပြန်ချထားလိုက်ရလေသည်။

"မင်းတို့ဘာကိစ္စရှိလို့ ငါ့အိမ်ကိုရောက်လာကြတာလဲ...."

ဦးထွန်းတောက်က လက်ကိုအနောက်သို့ ပစ်ကာ ဧည့်ခန်းဆိုဖာအပေါ်မှာ ခြေချိတ်၍ထိုင်လိုက်လေသည်။

"ဦးလေး..ကျွန်တော့်ကိစ္စကို ည‌နေရောက်တော့မှပဲ ဖုန်းဆက်ပြီးပြောတော့မယ် ဒီနေရာမှာက ခိုးနားထောင်မဲ့လူတွေရှိနေလို့...ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး...."

"ဟာ...ဟေ့ကောင်...."

ဦးထွန်းတောက်က လှမ်းခေါ်နေလည်းပဲ ဒေ၀ကတော့ ဧည့်ခန်းထဲမှထွက်သွားနှင့်လေပြီ။ထို့ကြောင့် မျက်နှာကြီးတင်းမာနေသည့် အဂ္ဂဘက်သို့ ကြည့်လိုက်သည်။

"အဂ္ဂ..မင်းကရောဘာကိစ္စရှိလို့ ငါ့ဆီကိုရောက်လာရတာလဲ....လာထိုင်ပြီးပြော..."

"ငါမထိုင်တော့ဘူး...စိတ်မကြည်တော့လို့ ဘာမှလည်းမပြောချင်တော့ဘူး...နောက်မှထပ်လာခဲ့မယ်..."

"ဟာ...လုပ်ပြန်ပြီ...နောက်တစ်ယောက်...
ငါ့အိမ်ကိုလာတာ...ငါ့ကိုအလွမ်းပြေသပ်သပ်လာကြည့်ကြသလိုပဲ...တကယ့်ကောင်တွေ..."

ဦးထွန်းတောက်လည်း ခေါင်းတစ်ခါခါနှင့် ရေနွေးကြမ်းကိုသာ ငှဲ့ပြီးသောက်နေလိုက်လေသည်။

တစ်ဖက်တွင်တော့ ဦးအဂ္ဂဟာ အဂ္ဂမဟာခြံ၀န်းကြီးရဲ့ ပေါ်တီကိုအောက်တွင် သူ့ကားဒါရိုက်ဘာက ကားကိုရပ်လိုက်သည်နှင့် ဒေါသတကြီးနှင့် ကားတံခါးကိုထုပစ်လိုက်ပြီး ခပ်မြန်မြန်ပဲကားပေါ်မှ ဆင်းသွားလိုက်သည်။

"ဆရာ...ဧည့်ခန်းမှာ ဆရာ့ညီကိုဂန္တ၀င်ရောက်နေပါတယ်..."

ပစ္စည်းတွေ လာကူသယ်ပေးသော အိမ်တော်ထိန်းရဲ့စကားကြောင့် စိတ်တွေကပိုညစ်ညူးသွားလေသည်။စိတ်ရှုပ်နေပါတယ်ဆိုနေမှ ဒီကောင်ကဘာကိစ္စ အိမ်ကိုရောက်လာရတာလဲ။

သေချာတာကတော့ အကူအညီတောင်းဖို့ပဲနေမယ်။
ဧည့်ခန်းထဲကို ၀င်သွားလိုက်တော့ ဂန္တ၀င်က ထိုင်ရာကနေ ထပြီးသူ့ကိုပြုံးပြလာသည်။သူကတော့ မျက်နှာကိုသာ မဲ့ချလိုက်ပြီး ထိုင်ခုံမှာ၀င်ထိုင်လိုက်သည်။

"ဘာကိစ္စလည်း....မြန်မြန်ပြော...."

"ဒီလိုပါအစ်ကိုရာ...ကျွန်တော်နဲ့သမီးလေးဖြူလုံး ရန်ကုန်ကိုပြောင်းချင်လို့ အစ်ကိုကျွန်တော့်ကိုပိုက်ဆံနည်းနည်းလောက် ကူညီပေးပါလားဗျာ
...ဒါမှမဟုတ်လည်း ရန်ကုန်ကအစ်ကို့အသိတွေနဲ့ ချိတ်ဆက်ပြီးအလုပ်ကလေးတစ်ခုလောက် ရှာပေးပါ့လားဗျာ....အခုနေတဲ့ဒေ၀ရဲ့စံအိမ်ကနေ ကျွန်တော်အမြန်ဆုံးထွက်သွားချင်လို့ပါ...."

"ဒေ၀..."

ဟုတ်သားပဲ။ဂန္တ၀င်က ဒေ၀ရဲ့စံအိမ်မှာနေနေတာပဲ။ဒါဆိုရင် ဒေ၀ရဲ့နောက်ရွှေ့မဲ့ ကစားကွက်ကိုစုံစမ်းခိုင်းရမယ်။တစ်အိမ်ထဲနေတာဆိုတော့ သတင်းအစအနတစ်ခုခုတော့ ရမှာသေချာတယ်။
ညီအစ်ချင်းဆိုပေမဲ့ အစကမကူညီဘူးစဉ်းစားထားခဲ့တာပါ။အခုတော့ ဟန်ဆောင်အပြုံးလေး ယှက်ပြုံးလိုက်ပြီး တစ်ဖက်လက်နဲ့ အသုံးချဖို့ဆုံးဖြတ်လိုက်သည်။

"မင်းငါခိုင်းတာကို လုပ်မယ်ဆိုရင်...မင်းတို့သားအဖ ရန်ကုန်မှာ ကောင်းကောင်မွန်မွန်အခြေချနိုင်အောင်ပါ ငါကူညီပေးမယ်...ဘယ်လိုလဲ...."

"ဟာ...တကယ်လားဗျာ...ဒီလိုဆိုရင်တော့ သိပ်ကိုကျေးဇူးတင်တာပဲ အစ်ကိုကြီးရာ...အစ်ကိုကြီးဘာခိုင်းခိုင်း...ကျွန်တော်အကုန်လုပ်ပေးမယ်...."

"ငါကလည်း ဒါမျိုးမှကြိုက်တာကွ ငါခိုင်းမဲ့ကိစ္စကတော့ ဒေ၀နဲ့သက်ဆိုင်တဲ့ကိစ္စပဲ..."

"ဘယ်လို...."

ဦးဂန္တ၀င်ဟာ အံ့ဩသွားပေမဲ့ ဦးအဂ္ဂကတော့ ကောက်ကျစ်သောအပြုံးတစ်ခုကိုပြုံးလိုက်လေသည်။သူ့စိတ်ထဲမှာ ညီအစ်ကိုဆိုတာဟာလည်း အသုံးချခံပစ္စည်းသပ်သပ်သာ ဖြစ်လေသည်။

အခန်း၅၂...ဆက်ရန်....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဦးဂန္တ၀င်လည်း ပါလာပြီဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ??????

#ဘီလူးနမ်းသောအရိုင်းပန်း
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

========================================================================

အခန်း၅၂
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


ဦးဂန္တ၀င်ဟာ စံအိမ်ထဲသို့ ၀င်လိုက်သည်နှင့် အလုပ်သမားတွေရဲ့ အရိပ်အခြေကို စပြီးအကဲခတ်နေမိလေသည်။အရင်က ဒီစံအိမ်ထဲမှာ အမြဲလိုလိုသွားလာနေရပေမဲ့ စိတ်ကသန့်ရှင်းတယ်။

အခုက အစ်ကိုကြီးအဂ္ဂရဲ့ခိုင်းစေချက်အတိုင်း
 လုပ်ပေးရမှာမို့ ခိုးသားတစ်ယောက်ကဲ့သို့ ကိုယ့်ကိုကိုယ်စိတ်မလုံဖြစ်နေရသည်။သမီးလေးနဲ့အတူနေတဲ့ အခန်းနားကိုကပ်ကြည့်လိုက်တော့ သမီးလေးဖြူလုံးရဲ့အသံကိုကြားရပုံထောက်ရင် အခန်းထဲမှာ စာကျက်နေပုံရသည်။

ထို့ကြောင့် ဘေးပတ်၀န်းကျင်ကို သေချာအကဲခတ်လိုက်ပြီး အပေါ်ထပ်ကိုတက်ရသော လှေကားအနားသို့ တိုးတိုးတိတ်တိတ်သွားလိုက်သည်။
အပေါ်ထပ်သို့ ခြေသံဖွဖွနဲ့တက်လာခဲ့လိုက်ပြီးနောက် ဒေ၀၏အခန်းရှိရာဆီသို့ ခပ်မြန်မြန်လေးပြေးနေမိသည်။တံခါးကို တွန်းဖွင့်ကြည့်လိုက်တော့ တံခါးကပိတ်ထားပေမဲ့ ဂျက်မချထားဘူး။

"ကျွီ!!!!!"

တံခါးကို အသာတွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ချောင်းကြည့်လိုက်မိသည်။ပုံမှန်ဆိုရင် တံခါးဖွင့်ထားတယ်ဆိုတာ လူရှိလို့မဟုတ်ဘူးလား။
အခုတော့ လူကမရှိပဲတံခါးကပွင့်နေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူမရှိတုန်းတစ်ခုခုကိုအမြန်ရှာပြီး အစ်ကိုကြီးဆီကို ယူသွားပေးရမယ်။
ဒါမှ သမီးလေးနဲ့အတူ ရန်ကုန်မှာ အေးချမ်းတဲ့ဘ၀ကို ထူထောင်လို့ရမှာ။

စိတ်ကိုယတိပြတ်ဆုံးဖြတ်လိုက်ပြီးနောက်မှာ တံခါးကိုအသာတွန်းဖွင့်လိုက်ပြီး‌ အခန်းထဲသို့၀င်လိုက်သည်။အခန်းထဲမှာက အ၀တ်ဗီဒိုတွေတောင်
များများစားစားမထားတာ ဘာကိုရှာရမှာလဲ။
တွေးရင်းနဲ့ ကိုယ့်ဟာကိုယ် ဗျာများ‌နေမိကာ ဇောချွေးတွေပြန်နေမိသည်။

"ဟင်...ဒါကဘာလဲ..."

အံဆွဲတွေ တစ်ခုခုပြီးတစ်ခုလိုက်ဖွင့်ကြည့်လိုက်ပြီး နောက်မှာတော့ လော့ကတ်သီးပါတဲ့ ဆွဲကြိုးတစ်ကုံးနဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ဒိုင်ယာရီစာအုပ်ကို ဖွင့်လိုက်ပြီးစာကြောင်းအနည်းငယ်ကိုဖတ်ကြည့်လိုက်စဉ်မှာတော့။

"ဒါဆိုရင်...‌ဒေ၀က အစ်ကိုမောင်ကြီးရဲ့သားပေါ့...
သူက ဒီကိုကလဲ့စားချေဖို့အတွက် ပြန်လာတာပဲ..."

ဒိုင်ယာရီစာအုပ်ကို ယူလိုက်ပြီး ဗီဒိုအံဆွဲကို သေချာပိတ်လိုက်သည်။အချက်အလက်တစ်ချို့ ထပ်ပြီး
ရလိုရငြား အိပ်ခန်းနှင့်ကပ်လျက်မှာရှိနေတဲ့ စာကြည့်ခန်းတံခါးဆီသို့ သွားလိုက်သည်။
စာကြည့်ခန်းတံခါးကလည်း ဂျက်မချထားတာကြောင့် အနည်းငယ်တွန်းကြည့်လိုက်တော့။

"ဟာ...."

ခန္ဓာကိုယ်ကို နံရံမှာ ချက်ချင်းကပ်ထားလိုက်မိလေသည်။လက်စသတ်တော့ ဒေ၀ကစာကြည့်ခန်းထဲမှာ ရောက်နေတာပဲ။ဒေ၀ရဲ့ ဘေးနားမှာ ကိုလူထိန်ကပါအတူထိုင်နေပြီး လက်ပ်တော့ကိုကြည့်နေကြတယ်။ကိုလူထိန်က ဘယ်အချိန်ကများ တောင်ပေါ်ကနေ ပြန်လာတာပါလိမ့်။
ဆက်နေရင် လူမိဖို့ပဲရှိတော့တာကြောင့် အခန်းထဲမှ အသံမကြားအောင် ခြေလှမ်းကာ အပြင်သို့ထွက်လာလိုက်သည်။

ထိုအရာကို ရိပ်မိနေပြီးသားဖြစ်သည့် ဒေ၀နဲ့
ဦးလူထိန်ကတော့ တစ်ယောက်မျက်နှာကို
တစ်ယောက် အဓိပ္ပာယ်ရှိရှိကြည့်လိုက်ကြလေသည်။အစကတော့ ဖြူလုံးရဲ့အဖေဖြစ်နေလို့
အလျှော့ပေးဖို့ စဉ်းစားခဲ့ပေမဲ့။အခန်းထဲကို တိတ်တဆိတ်၀င်လာပြီး ခိုးကြောင်ခိုးဝှက်လာလုပ်နေတာကို စာကြည့်ခန်းထဲကနေ ထွက်မလို့လုပ်ရင်း တွေ့လိုက်မိတာကြောင့် စာကြည့်ခန်းတံခါးကိုပြန်ပိတ်လိုက်ပြီး မရိပ်မိသလို ဟန်ဆောင်နေခဲ့ကြ‌လေသည်။

"ဦးလူထိန်....ဒီလူ့နောက်ကနေ နောက်ယောင်ခံပြီး လိုက်သွား...သူဘယ်ကိုသွားမှာလဲဆိုတာ ကျုပ်သိချင်တယ်...."

"ဟုတ်ကဲ့ ကျွန်တော်အခုပဲ သွားလိုက်ပါ့မယ်..."

ဦးလူထိန်ထွက်သွားပြီးနောက်မှာတော့ ဒေ၀"တောက်!!"တစ်ချက်ခေါက်လိုက်ပြီး ခုံကိုပိတ်ထုပစ်လိုက်သည်။ဖြူလုံးရဲ့အဖေဖြစ်နေတာရယ် ကလေးမကို၀မ်းနည်းနာကျင်အောင်
မလုပ်ရက်တာရယ်ကြောင့် တမင်လွှတ်ထားပေးတာကို အလိုက်မသိတတ်ရင်တော့ ဒေ၀ဆိုတဲ့သူကလည်း  ရန်သူစာရင်းထဲကို သွင်းပေးရမှာပဲ။

ဦးဂန္တ၀င်ကတော့ ဒိုင်ယာရီစာအုပ်နဲ့ ဆွဲကြိုးကိုကိုင်ကာ ဦးအဂ္ဂ၏စံအိမ်ဆီသို့ စက်ဘီးကိုအားကုန်နင်းလျက်သွားနေလေသည်။
အဂ္ဂမဟာစံအိမ်ဆိုတာကို မြင်သည်နှင့်ခြံ၀န်းထဲသို့ စက်ဘီးကိုနင်းသွားလိုက်‌ပြီး စံအိမ်အရှေ့မှာ စက်ဘီးကိုရပ်ထားခဲ့ကာ အိမ်ကြီးထဲသို့ ပြေး၀င်သွားလိုက်လေသည်။

ထိုအချင်းအရာကို ‌ခြံအ‌ပြင်ခပ်လှမ်းလှမ်းကနေ ကြည့်နေသူကတော့ ဦးလူထိန်ပင်ဖြစ်ပေသည်။
ဦးလူထိန်ဟာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး နောက်ကြောင်းသို့ပြန်လှည့်သွားလေတော့သည်။

အဂ္ဂမဟာစံအိမ်ကြီးထဲတွင်တော့ ဦးဂန္တ၀င်ပြလိုက်သော ဒိုင်ယာရီစာအုပ်ကိုဖတ်နေရင်းနှင့် ဦးအဂ္ဂရဲ့
ဦးနှောက်ဟာ အတိတ်တစ်ချိန်ကို ပြန်‌သွားနေမိ
သည်။

"ဒါဆိုရင်....ဒီကောင်က ‌မောင်ကြီးရဲ့သားပေါ့...
ဟား...ဒီကောင်ငါ့ကိုဘာလို့ တိုက်ခိုက်ချင်နေသလဲဆိုတာ အခုမှပဲသေချာသိလိုက်ရတော့တယ်...."

"ဟုတ်တယ်ကိုကြီး...စာထဲမှာရေးထားတာအတိုင်းဆိုရင် သူကလဲ့စားချေချင်တဲ့အထဲမှာ ကျွန်တော့်နာမည်လည်းပါတယ်...ပြီးတော့အဖေ့နာမည်ရော..."

"အဖေက သာသနာ့ဘောင်အပြီး၀င်သွားပြီဥစ္စာ...ပြီးတော့ဒီကိစ္စကအဖေနဲ့ဘာမှမဆိုင်ဘူး...
ငါ့ကြောင့်ပဲ....အဖေလည်း သူ့မွေးစားသား ဆုံးသွားတဲ့ကိစ္စမှာ ငါ့ကိုအရမ်းဒေါသထွက်တာရော...
ယူကြုံးမရဖြစ်တာပါပေါင်းပြီး သာသနာ့ဘောင်ကို၀င်သွားတာ....အဲ့ဒီ့အချိန်က ငါသာသူ့သားအရင်းမဟုတ်ရင်...သေချာတယ်...အဖေကငါ့ကိုထောင်ထဲ ထည့်ပစ်မှာ...."

"ကျွန်တော်နဲ့ သမီးလေးရန်ကုန်ကို အမြန်သွားရမှဖြစ်မယ် ....အစ်ကိုကြီးကူညီပါဗျာ....ကျွန်တော်ဒီနေ့ပဲ ရန်ကုန်ကိုဆင်းချင်တယ်..ကူညီပါ..."

"ဟာ...နေစမ်းပါအုံးကွာ...."

ဦးဂန္တ၀င်က ဦးအဂ္ဂရဲ့လက်ကိုအတင်းဆွဲပြီး ဒူးထောက်တောင်းပန်နေတာကြောင့် အဂ္ဂလည်းစိတ်ရှုပ်ရသည့်ကြားမှ ညီဖြစ်သူရဲ့အပူကြောင့်အကြပ်ရိုက်နေရသည်။

"ဒီလိုလုပ်...မင်းရဲ့သမီးကိုသွားခေါ်လိုက်...ဒီနေ့ညတော့ မင်းတို့ဒီမှာပဲတည်းကြ...မနက်ဖြန်ရောက်မှ ကားလတ်မှတ်၀ယ်ပြီး ရန်ကုန်ကိုဆင်းကြပေါ့...
ငါစီစဉ်ပေးမယ်...."

"ဟာ..ကျေးဇူးတင်လိုက်တာ ကိုကြီးရာ...
ကျေးဇူးတင်ပါတယ်..."

"ဟာ...အပိုတွေလာမလုပ်နေစမ်းနဲ့ကွာ...သွားတော့..."

အတင်းထိုင်ရှိခိုးနေသည့် ညီဖြစ်သူကို စိတ်မရှည်တော့ပဲ နှင်ထုတ်လိုက်လေသည်။
ဧည့်ခန်းထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တော့မှပဲ ဖြစ်ကြောင်းကုန်စဥ်တွေကို သေချာစဉ်းစားကြည့်နေမိသည်။

ဒေ၀ကို တပည့်တွေကနေတစ်ဆင့် လုပ်ကြံခိုင်းပြီး ကျားဖြူတောင်ကိုပို့ခိုင်းလိုက်တဲ့နေ့က အဲ့ဒီကိစ္စကို သိသွားတဲ့လူတွေဟာ ဘယ်သူတွေဖြစ်မလဲ။
တပည့်တွေပြန်ပြောတာကတော့ ခေါင်းကိုလည်း ရိုက်လိုက်တယ်။လက်တွေ၊ခြေထောက်တွေကိုလည်း ကြိုးနဲ့တုပ်ပြီး ကျားဖြူတောင်မှာ သွားပစ်ချထားခဲ့တာတဲ့။ဒါဆိုရင် ဒီကောင် ဘယ်လိုလုပ်ပြီးအသက်ရှင်လာခဲ့ရတာလဲ။
နောက်ဆုံးမှာတော့ သံသယဖြစ်ဖွယ်ရာလူဟာ တစ်ယောက်သာကျန်နေတော့လေသည်။

"ငရဲ....ဟုတ်တယ်...အဲ့ဒီ့နေ့က ငရဲရောက်လာခဲ့တာပဲ...."

အဲ့ဒီ့နေ့က ငရဲကို အကြံအစည်တွေ အားလုံးပြောလိုက်မိခဲ့တယ်။ငရဲဆိုတာကလည်း အရင်တုန်းက အပိုင်သုံးမှာ နေခဲ့တဲ့ကောင်။ပြီးတော့ လွန်ခဲ့တဲ့ဆယ့်နှနှစ်တုန်းက သားငယ်ထက်အာကာဟာ
သူတို့အိမ်ကို လူခိုင်းပြီး ဖြိုပစ်လို့ ငရဲကိုယ်တိုင်
ဒီအိမ်အထိရောက်လာပြီး သားကိုဆက်မလုပ်ရန်တားပေးဖို့ လာတောင်းပန်ခဲ့ဖူးတယ်။

ထက်အာကာသ တ်လိုက်တဲ့နွားက ငရဲရဲ့နွားဆိုရင်  နွားကိစ္စကို အဖေ့ဆီမှာ သွားတိုင်တာက ကဝိ။
ဒါဆိုရင် ဒီနှစ်ကောင်က အချင်းချင်းသိနေခဲ့တာပေါ့။သွားပြီ။ငရဲက ငါ့ကိုသစ္စာဖောက်သွားပြီ။

"ဟာ ....ချီးပဲကွာ....မယုံသင့်တဲ့ကောင်ကိုမှ ယုံလိုက်မိတယ်...မဖြစ်ဘူး...ဒီကောင့်ကိုအရှင်ထားလို့မရဘူး...ပြဿနာတွေရှုပ်ကုန်လိမ့်မယ်..."

ဦးအဂ္ဂလည်း ဖုန်းကို ကောက်ကိုင်လိုက်ပြီး သစ်တောထဲက ရုံးသို့ဖုန်းလှမ်းဆက်လိုက်သည်။
ဖုန်းကတော်တော်နဲ့ လာကိုင်မဲ့လူမပေါ်တာကြောင့် ဖုန်းကို ပေါက်ခွဲချင်စိတ်တောင်ဖြစ်နေမိလေသည်။

"ဒီမအေပေးတွေကတော့ကွာ...လစာပေးထားတာ...ဘယ်နားသွားပြီးသဝေထိုးနေကြသလဲမသိဘူး......"

"ဟယ်လို....."

ဟိုဘက်က ဖုန်း၀င်ပြီး"ဟယ်လို"ဆိုပြီး ထူးသံကြားလိုက်ရတာကြောင့် ချက်ချင်းပဲအားတက်သွားသည်။

"ဟယ်လို....ဟေ့ကောင်...ငါပြောတာကိုသေချာနားထောင် အခုချက်ချင်း မင်းတို့လူစုပြီး ငရဲကိုဖမ်းချုပ်ထားလိုက်...ရှင်းပြစ်ချင်လဲရတယ်ကွာ...
ဒီကောင့်ကို အဲ့ဒီ့နေရာကနေ ခြေတစ်လှမ်းတောင် ပေးမထွက်နဲ့..."

"ဆရာ...ငရဲက လွန်ခဲ့တဲ့နာရီ၀က်လောက်ကပဲ မြို့ထဲကို  အကြောင်းကိစ္စရှိလို့ ပြန်အုံးမယ်ဆိုပြီးမြို့မှာ သွားပြင်မဲ့ တွဲကားနဲ့လိုက်သွားပြီဆရာ...."

"ဘာ!!!...ဟာကွာ...သောက်ပြဿနာတွေတော့ တက်ကုန်တော့မှာပဲ...နေအုံးအဲ့ကောင် စခန်းမှာဘာတွေ မူပြက်တာလုပ်သေးလဲ....မသင်္ကာစရာတစ်ခုခုပေါ့...."

"ကျန်တာတော့ ဘာမှသိပ်မတွေ့မိဘူးဆရာ...
သစ်တွေခုတ်တဲ့နေရာနဲ့ စခန်းတစ်ဝိုက်ကို ကင်မရာနဲ့လိုက်ရိုက်နေတာတော့ တွေ့မိတယ်...မနေ့ကလည်း သူ့တဲထဲကို အလုပ်သမားလေး၊ငါးယောက်လောက်ကို ခေါ်သွင်းတယ်လို့ သတင်းရတယ်...ကျွန်တော်တို့လည်း ဒီကောင့်ဓာတ်ကိုသိလို့ သိပ်မစပ်စုရဲခဲ့ဘူး....တစ်ခုခုတော့ တစ်ခုခုပဲဆရာ...."

"ခွေးသားရဲ့...အဲ့ဒါတစ်ခုမကဘူး...အခုတစ်ရာကွ....အကုန်လုံးမသာပေါ်မဲ့ကိန်းဆိုက်တော့မှာပဲ...အခုချက်ချင်းလူစုပြီး ဒီကောင့်ကိုမိအောင်လိုက်ဖမ်း..ရှုပ်တယ်ကွာ...ဒီကောင့်ကို အသေဖမ်းနိုင်တဲ့လူကို ငွေငါးသိန်းဆုချမယ်...ကြားလား....
မမိရင်တော့ မင်းတို့အားလုံး အသေပဲ"

"ဟုတ်...ဟုတ်ကဲ့ပါဆရာ...."

အော်ဟေ့ဆဲဆိုကာ ပြောပြီးသွားသည်နှင့် အသက်ကိုမနဲ၀အောင်ရှူပြီး ထိုင်ခုံပေါ်မှာ ထိုင်ချပစ်လိုက်မိသည်။လူက ၀နေတာကြောင့် ဗိုက်ကနဲနဲပူနေတဲ့အပြင် သွေးတိုးရောဂါပါ ရှိနေကာ စိတ်ကိုမနည်းလျှော့နေရတယ်။ပုဆိုးမှာ အမြဲပတ်ထားတတ်သည့်ခါးပတ်ကိုဆွဲချွတ်လိုက်ပြီးနောက်မှာတော့ ဗိုက်ကြောတင်းနေတာတွေက အနည်းငယ်လျော့သွားသည်။

ဒါပေမဲ့ ရင်ထဲကအလုံးကြီးကတော့ အခုထိမကျသေးဘူး။တကယ်လို့ ငရဲသာဒေ၀ဆီကို ရောက်သွားရင် ဘာတွေဆက်ဖြစ်မှာလဲ။‌ဒေ၀ရွေ့မဲ့ ကစားကွက်ကဘာများဖြစ်မလဲ။ဒီနယ်ပယ်မှာ ရှိနေတဲ့ သက်ဆိုင်ရာတာ၀န်ရှိ‌သူတွေကို ကျွေးထားမွေးထားပြီးသားမို့ ဒေ၀ကတိုင်တောလိုက်လည်း ကြောက်စရာမလိုပါဘူး။

ဒါပေမဲ့ နိုင်ငံခြားမှာတောင် စီးပွားရေးလုပ်ငန်းတွေအများကြီးထူထောင်နိုင်နေတဲ့ ဒီကောင့်ရဲ့ဉာဏ်ရည်ကို ငါလိုက်လို့မှီမှာ မဟုတ်တာတော့ သေချာတယ်။နောက်ပြီး ထွန်းတောက်ရဲ့အိမ်မှာ ဒီကောင်ပြောခဲ့တဲ့စကားတွေကို တွက်ဆလိုက်ခြင်းအားဖြင့်
ဒီကောင်ရွှေ့မဲ့အကွက်က တော်တော်လေးကို ပြင်းမှာသေချာတယ်။

"တောက်!!!!မြွေပွေးကို ခါးပိုက်ပိုက်ထားရသလိုပဲ...
ဘယ်အချိန်ထကိုက်မလဲ ပူနေရတယ်...ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီကောင့်လောက် ဘယ်သူမှစိတ်ဒုက္ခမပေးခဲ့ဖူးဘူး...."

တကယ်ပါ ။ဒေ၀ဆိုသည်မှာ သူ့ဘ၀ကို ၀င်မွှေတဲ့ မုန်းတိုင်းအကြီးစားကြီးပါပဲ။
ငယ်ငယ်တည်းက လိုချင်တာမှန်သမျှ အကုန်ရခဲ့တယ်။လုပ်သမျှတိုင်းလည်း အောင်မြင်ခဲ့တယ်။
ဘယ်ကောင်ကမှ လာဒုက္ခမပေးရဲခဲ့ဘူး။

ဒေ၀ကို ဒုက္ခပေးခဲ့ပေါင်းများပေမဲ့ ကိုဇော်ဌေးပြောခဲ့သလို".လူတစ်ယောက်ရဲ့ ဘုန်းကံဆိုတာ...အရမ်းမြင့်မားနေချိန်ရောက်ပြီဆိုရင်လည်း...ရိုက်ချိုးပစ်ဖို့ သိပ်ကိုခက်ခဲတတ်တယ်နော်...ဒေ၀ဆိုတဲ့ကောင်ရဲ့ကံကိုလည်း ခင်ဗျားလျှော့တွက်လို့မရဘူး..."ဆိုတဲ့အတိုင်း ဒီကောင်ကံမြင့်နေတဲ့အချိန်ကို ရောက်နေလို့များလား။ဘယ်လို သ တ်သ တ်ကို မသေနိုင်ဘူး။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဒီနေ့ရာသီဥတုက အတော်အသင့်သာယာနေပြီးအရမ်း‌လည်းမအေးသလို အရမ်းလည်းပူမနေတာကြောင့် နေရထိုင်ရတာ သက်သောင့်သက်သာရှိလွန်းသည်။အခန်းထဲမှာ တစ်ယောက်ထဲဆိုတော့ ပျင်းခြောက်ခြောက်နဲ့ပေမဲ့ တိတ်ဆိတ်တာကြောင့် စာပြန်နွေးနေရတာလည်း အရမ်းအဆင်ပြေတယ်။

ညနေလည်း ဆောင်းနေပြီမို့ စာအုပ်ကိုခဏပိတ်လိုက်သည်။ စာမေးပွဲမှာ အချိန်ဘယ်လောက်အတွင်း ပြီးအောင်ဖြေရမယ်၊ စာစစ်ချိန်ကို ဘယ်လောက်ထားရမယ် စသဖြင့် စိတ်တွက်နဲ့လိုက်တွက်နေမိပြီး ကိုယ့်ဘာသာပြုံးလိုက်မိလေသည်။

သေချာတာကတော့ ဒီနှစ်စာမေးပွဲမှာ အနည်းဆုံးလေးဘာသာတော့ ဂုဏ်ထူးထွက်ရမယ်လို့ တွေးထားလိုက်တယ်။ဂုဏ်ထူးထွက်တာထက် ပိုရင်ခုန်နေမိတာကတော့ စာမေးပွဲပြီးရင် ပြောမယ်ဆိုတဲ့
ကိုကြီးရဲ့ ရင်ဖွင့်စကားတွေကိုပဲ။
ချစ်စကား၊ကြိုက်စကားလာပြောရင်တော့ တစ်ခါထဲလက်ခံပေးလိုက်မယ်။လုံး၀ကို လက်မလွှတ်ဘူး။

"ခစ်...ခစ်!!!!!'

ကိုယ့်ဘာသာတွေးပြီး ကိုယ့်ဘာသာပြန်ရယ်နေမိတာကြောင့် စာလုပ်တဲ့ခုံပေါ်မှာ ခေါင်းကိုဖွက်ထားလိုက်မိပြန်သည်။တစ်ယောက်ထဲ စိတ်ကူးတွေယဉ်နေမိတာ တော်တော်ရှက်ဖို့ ကောင်းတာပဲ။

"ဒုန်း!!!!!!"

"သမီး....အဖေတို့အခုချက်ချင်း ဒီအိမ်ကနေထွက်သွားကြရအောင်...."

အဖေက တံခါးကိုအားနဲ့တွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ အပြေး၀င်လာလေသည်။တစ်ဆက်တည်းမှာပဲ သူ့ရဲ့ပုဆိုးနှစ်ထည်ကို ကြမ်းပြင်ပေါ်မှာ ဖြန့်ချလိုက်ပြီး ဖြူလုံးနဲ့ အဖေ့ရဲ့အိင်္ကျီတွေကို ထုပ်ပိုးနေပြန်သည်။ဖေဖေဘာတွေလုပ်နေတာလဲ။ဖြူလုံးတော့ လုံး၀နားမလည်နိုင်တော့ဘူး။

"အဖေ့....ဘာလို့အ၀တ်အစားတွေကို ထုပ်ပိုးနေရတာလဲ....ဘယ်ကိုသွားမလို့လဲ...."

"အဖေ့ကိုအများကြီးမမေးနဲ့ သမီးရယ်...ဒီအိမ်ကနေအရင်ထွက်သွားနိုင်မှ သမီးကိုအကြောင်းစုံပြောပြမယ်....အခုတော့ အဖေတို့သွားကြရအောင်...."

အဖေက ဖြူလုံးရဲ့လက်မောင်းကနေအတင်းဆွဲထူပြီး ထခိုင်းလေသည်။ထွက်သွားမယ်တဲ့။
ဘယ်ကိုလဲ။ဘာကြောင့်လဲ။
ဖြူလုံးတစ်ခုမှ နားမလည်တော့ဘူး။
နောက်နှစ်လလောက်နေရင် ဆယ်တန်းစာမေးပွဲဖြေရမှာကို ဖြူလုံးကဘယ်ကိုထွက်သွားရမှာလဲ။

"မြန်မြန်လာပါသမီးလေးရယ်...."

ဖြူလုံးရဲ့ လက်ကိုအ‌ဖေကဆောင့်ဆွဲလိုက်တာကြောင့် အရှေ့ကိုငိုက်ကနဲ အရှိန်လွန်သွားပေမဲ့ ချော်မလဲအောင်တော့ ထိန်းလိုက်နိုင်ပါတယ်။
အဖေက အတင်းဆွဲနေပေမဲ့ ဖြူလုံးရဲ့ခြေထောက်တွေကတော့ မရွေ့နိုင်ဘူးဖြစ်နေလေသည်။အနည်းဆုံးတော့ အကြောင်းပြချက်တစ်ခုကို
ဖြူလုံးကြားရမှဖြစ်မယ်။

"ဘာကြောင့် ထွက်သွားရမှာလဲဆိုတဲ့ အကြောင်းပြချက်ကို ခိုင်ခိုင်လုံလုံမပေးနိုင်ရင် သမီးမလိုက်နိုင်ဘူး..."

အဖေဆုပ်ကိုင်ထားတဲ့လက်ကို ခါထုတ်လိုက်မိတော့ အဖေကစိတ်ရှုပ်သွားဟန်ဖြင့် ဖြူလုံးကို ကြည့်လာသည်။ဘာလဲဆိုတာ တပ်အပ်မပြောနိုင်ပေမဲ့ အဖေ့မျက်၀န်းတွေထဲမှာ အကြောက်တရားတွေ အတိုင်းသားထင်ဟပ်နေသည်။အဖေဘာကို ကြောက်နေတာလဲ။ဘယ်သူ့ကိုလဲ။

"အဖေ...အဖေဘယ်သူနဲ့ဘာဖြစ်ခဲ့တာလဲ....သမီးကိုပြောပြစမ်းပါ....အဖေဘာတွေကိုကြောက်နေတာလဲ....ရုတ်တရက်ကြီး ဘာလို့ဒီနေရာကနေထွက်သွားဖို့ လုပ်နေရတာလဲ....သမီးစာမေးပွဲဖြေပြီးတဲ့အထိ စောင့်မပေးနိုင်ဘူးလားအဖေရယ်...."

"ဒီမှာသမီး...စာမေးပွဲကနောက်နှစ်မှပြန်ဖြေလည်းရတယ်....အခုတော့အဖေတို့ဒီအိမ်ကနေ ချက်ချင်းထွက်သွားကြရအောင်လား....အဖေ့စကားကိုနားထောင်ပါသမီးရယ်...."

အဖေကဖြူလုံးရဲ့ ညာဘက်လက်ကို ထပ်မံပြီး ဆုပ်ကိုင်လာပေမဲ့ ဖြူလုံးထပ်ရုန်းမိပြန်ပါသည်။

"အဖေရယ်...နောက်နှစ်မှပြန်ဖြေဆိုတဲ့စကားကြီးက ဘာစကားကြီးလဲ...သမီးကတစ်နှစ်တာလုံး....အပင်ပန်းခံပြီး စာကျက်ထားရတာအဖေရဲ့....အဖေဘာလို့ ထွက်သွားဖို့ကို အလောတကြီးဖြစ်နေရတာလဲအဖေရယ်....သမီးအရမ်းစိတ်ရှုပ်လာပြီ...."

သူ့စကားဆိုရင် တစ်ခါဖူးမျှအထွန့်မတက်ရဲခဲ့တဲ့သမီးဖြစ်သူက အခုကလန်ကဆန်လုပ်လာတာကြောင့် ဦးဂန္တ၀င်လည်း ဒေါသထွက်လာလေသည်။
သမီးရဲ့ခံစားချက်ကိုလည်း စာနာပေမဲ့ အခုအချိန်မှာ ဆုံးဖြတ်ချက်ပြတ်သားနေမှဖြစ်မယ်။
ဒါကြောင့် သမီးရဲ့လက်ကို အကြမ်းပတမ်းဆောင့်ဆွဲလိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။

"ဟာ!!!!!ဒေ၀....."

"ကိုကြီး!!!!!"

တံခါးအ၀မှာ ရပ်နေကြသော ဒေ၀နဲ့ ဦးလူထိန်ကိုတွေ့လိုက်ရသည်နှင့် ဦးဂန္တ၀င်ရဲ့ခြေလှမ်းတွေဟာ အနောက်သို့ တစ်လှမ်းချင်းပြန်ဆုတ်သွားမိလေသည်။

ဒေ၀ရဲ့မျက်၀န်းတွေထဲမှာရှိနေတဲ့ ဒေါ်သ မီးအဟုန်ဟာ ဘယ်လောက်ဒီဂရီအထိ တောက်လောင်ပူပြင်းနေသလဲဆိုတာကို ဦးဂန္တ၀င်သာအသိဆုံးဖြစ်လေသည်။
သမီးလေးရဲ့ လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိရင်းနှင့် ထိတ်လန့်တုန်လှုပ်‌မှုတွေနဲ့အတူ ရင်ထဲမှာမောဟိုက်လာလေသည်။

"ဦးလူထိန်.....ဖြူလုံးကို အပေါ်ထပ်ကကျွန်တော့်ရဲ့ဘေးအခန်းထဲကို ခေါ်သွားလိုက်...တံခါးကိုအပြင်ကနေ သော့ခတ်ထား ဘယ်မှမထွက်စေနဲ့..."

"ဟုတ်ကဲ့ပါ....."

"အား!!!!ဘာလုပ်တာလဲ....."

ဦးလူထိန်ကို အမိန့်ပေးတဲ့လေသံကမာလွန်းနေသလို ဖြူလုံးရဲ့လက်‌မောင်းကိုလည်း လက်ကြမ်းကြီးနဲ့  လှမ်းဆွဲလိုက်တာကြောင့် ကိုကြီးကို
မော့ကြည့်လိုက်မိသည်။ကိုကြီးကတော့ ဖြူလုံးကိုလုံး၀ကြည့်မနေပဲ အဖေ့ကိုသာ ဒေါသမျက်လုံးတွေနဲ့ကြည့်နေလေသည်။

"ငါ့သမီးကို ဘယ်မှခေါ်သွားစရာအကြောင်းမရှိဘူး..အခုချက်ချင်း ငါ့သမီးရဲ့လက်ကိုလွှတ်လိုက်..."

"ခင်ဗျားကသာ လွှတ်ရမှာ...."

"အား....!!!!"

"အဖေ့!!!!!!"

ကိုကြီးက ဖြူလုံးရဲ့ လက်ကိုပြန်ဆွဲထားတဲ့ အဖေ့ရင်ဘတ်ကိုဆောင့်တွန်းလိုက်တာကြောင့် အဖေအနောက်ကို ယိုင်ကျသွားပြီး ပက်လက်လန်ကျသွားလေသည်။

"ဘာလုပ်တာလဲ....အဖေ့ကိုဘာလို့နာအောင်လုပ်ရတာလဲ....သမီးလက်ကိုအခုလွှတ် ပေး!!!!"

"မလွှတ်ပေးနိုင်ဘူး....အခုအချိန်ကနေစပြီး မင်းနဲ့ပတ်သတ်တာမှန်သမျှ ငါဆုံးဖြတ်မယ်...
ငါ့ဆုံးဖြတ်ချက်အတိုင်းပဲ မင်းနာခံရမယ်....
ဦးလူထိန်...ဆွဲခေါ်သွားတော့ဗျာ...."

"အဲ့ဒါဘာစကားလည်း.....ကိုကြီးဘာတွေလျှောက်ပြောနေတာလဲ....အဖေ့ကိုသွားထူပေးမလို့...
ဖယ်....လွှတ်ပေးလို့ပြောနေတာမကြားဘူးလား
...အင့်ဟယ်...အင့်ဟယ်...."

"ဖြူလုံး!!!!!!မင်း!!!!"

"အား!!!!!"

ရုတ်တရက်ပါးနှစ်ဖက်ကို လာဖိညှစ်ထားတဲ့ လက်ကြီးတွေကြောင့် ကိုကြီးရဲ့လက်မောင်းကိုထုရိုက်နေမိရာမှရုတ်ချည်းရပ်တန့်လိုက်မိသည်။ကြောက်စရာကောင်းလိုက်တဲ့ မျက်၀န်းအကြည့်တွေ။ဖြူလုံးကိုမှ ဘာလို့ဒီလိုတွေလုပ်နေရတာလဲ။
မျက်နှာကို ဖိညှစ်ထားတဲ့လက်ကြမ်းကြီးက ပိုတင်းကြပ်လာလေ ဖြူလုံးရဲ့မျက်၀န်းတွေထဲမှာ မျက်ရည်တွေကပိုရစ်သီလာလေပါပဲ။

"အာ့!!!!!"

"ဖြူလုံး...ငါမကြမ်းချင်ဘူးနော်..မင်းသာဦးလူထိန် နောက်ကိုအသာတကြည်လိုက်သွားရင်
ငါမင်းအဖေကို ဘာမှမလုပ်ဘူး....နားလည်လား
....လိုက်သွား!!!!..."

ဟိန်းထွက်သွားတဲ့အသံကြီးနဲ့အတူ ပါးကိုညှစ်ထားတဲ့ လက်ကို ပြန်ရုတ်သိမ်းလိုက်တာကြောင့် ဖြူလုံးရဲ့မျက်နှာလည်း ဘေးလို့လည်သွားမိလေသည်။
မျက်၀န်းမှ မျက်ရည်တွေဟာလည်း လေထဲသို့လွှင့်စင်ကုန်ပါပြီ။
အဖေ့ကိုကြည့်လိုက်တော့ ခါးနာသွားပုံရတယ် တော်တော်နဲ့မထနိုင်ရှာဘူး။ဖြူလုံးကို လှမ်းကြည့်နေတဲ့အဖေ့ရဲ့ မျက်၀န်းတွေကသိပ်ကိုသနားဖို့ကောင်းတာပဲ။

အပေါ်ထပ်အခန်းထဲကို ရောက်ပြီး အခန်းတံခါးပိတ်ခံလိုက်ရတဲ့အထိ ဖြူလုံးအရာရာကိုတွေးတောမိနေတုန်းပဲ။ဘာတွေဖြစ်သွားတာလဲ။
ကိုကြီးနဲ့ အဖေ့ကြားမှာ အစကအရာအားလုံးအဆင်ပြေနေခဲ့တာမဟုတ်ဘူးလား။
အခုကြမှ ဘာလို့ရန်သူ‌တွေလို ကြည့်နေကြတာလဲ။ဖြူလုံးအဖို့ ငိုရခက်၊ရယ်ရခက်တဲ့ အခြေအနေဖြစ်နေတဲ့အပြင်။ကိုယ့်ကိုကိုယ်တောင် ဘယ်ဘ၀ရောက်နေသလဲ ပြန်တွေးယူနေရတယ်။
ဒါ့အပြင် ထင်ထင်ရှားရှားတွေ့လိုက်ရတဲ့ ကိုကြီးရဲ့ ကြောက်စရာကောင်းတဲ့အသွင်သဏ္ဍန်ကြီး။
ဘာကြောင့် ဒီလောက်အထိပြောင်းလဲသွားရတာလဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

နေမင်းကြီးက အနောက်အရပ်သို့ ၀င်လုဆဲဆဲဖြစ်နေလေပြီ။ပတ်၀န်းကျင်တစ်ခုလုံးက အနီရောင်ရင်ပြင်ကြီးကဲ့သို့ ဖြစ်နေပြီး သစ်ပင်တွေက
လေယူသည့်အရပ်သို့ တယိမ်းယိမ်းယမ်းခါနေကြသည်။
သစ်တော့၏ စိမ်းညို့ညို့အုပ်ဆိုင်းမှုက တစ်ချို့အလှ‌တွေကိုတော့ မက်မောဖွယ်ဆွဲညှို့ယူနိုင်ပြီး၊အချို့အရာတွေကိုတော့ ကွယ်ဝှက်ပေးထားလေသည်။

တော၏ မာယာမှာအင်မတန်ဆန်းပြားလှသည်။
ထိုဆန်းပြားသော တောနက်ထဲတွင် လူးလားယှက်သန်းကာ ခြေလိမ်နေကြသူတွေကတော့
ဦးအဂ္ဂ၏ လူများပင်ဖြစ်လေသည်။
တုတ်များ ဓားများကို ကိုင်ဆောင်ထားကြပြီး မျက်ခြေပြတ်သွားသော လူတစ်ယောက်ကို အသဲအသန်ရှာဖွေနေကြလေသည်။

"ဒီကောင် ဘယ်လိုပျောက်သွားတာလဲ မသိဘူး...."

"ငရဲက တောကျွမ်းတဲ့ကောင်လေကွာ....‌ဒီတောကသူအမဲလိုက်နေကြနေရာဆိုတော့....ဒီကောင်အလျှင်အမြန်လှုပ်ရှားနိုင်မှာပဲ....ငါတို့သာ မျက်စိရှင်ရှင်ထားပြီး လှုပ်ရှားကြမယ်...."

"လူခွဲပြီးရှာကြမယ်....မင်းတို့ကဟိုဘက်ကိုသွား....
ငါတို့ကရေတံခွန်ဘက်ကို သွားမယ်.....သတိထားကြနော်.....ဒီဘက်အခြမ်းမှာက တောကောင်ကိုထောင်တဲ့ ထောင်ချောက်တွေ ရှိတယ်...."

ရွံ့အိုင်တစ်ခုအနားမှ လူအုပ်ကြီးထွက်ခွာသွားကြသည်နှင့် ခဏမျှအကြာတွင်ရွံ့နွံတွေထဲမှာ ပုန်းအောင်းနေသော အရာတစ်ခုက တစ်ဖြည်းဖြည်း‌ နွံပြင်ပေါ်မှာ ပေါ်လာလေသည်။
ထိုလူကတော့ သေချာပေါက်ငရဲပါပဲ။

ရွံ့အိုင်ထဲမှာ ခက်ခဲကြီးစွာပုန်းအောင်းနေလိုက်ပြီးနောက် အနည်းငယ်ခေါင်းဖော်ကြည့်လိုက်သည်။
လူတွေမရှိတော့ဘူးဆိုတော့ ဒါအချက်ကောင်းပဲ။
အိုင်ထဲကနေ အပေါ်ကိုပြန်တက်လိုက်ပြီး ခြုံတစ်ခုထဲမှာဝှက်ထားခဲ့သော ကင်မရာနှင့် စာရွက်စာတန်းတွေကို သွားယူဖို့ကြံလိုက်သည်။

ခေါင်းအစ၊ခြေအဆုံး တကိုယ်လုံးမှာ ရွံ့တွေဖုံးနေသည်မို့  သစ်ကတိုးပင်ပေါက်လေးကို မြေကြီးမှဆွဲနှုတ်လိုက်ပြီး မျက်နှာတွေနဲ့ ခန္တာကိုယ်တစ်ခုလုံးကို ပွတ်သပ်ပြစ်လိုက်သည်။အနီးအနားမှရှိနေတဲ့ လက်ထုတ်ကြီးပင်မှ အရွက်ငါးရွက်လောက်ကိုလည်း ဆွဲခူးလိုက်ပြီး စာရွက်စာတန်းတွေနဲ့၊ကင်မရာကို ထုပ်ထားသည့် အိတ်ထုပ်ကို လက်မှရွံ့တွေပေမသွားစေရန် သေချာအုပ်ပြီးကိုင်လိုက်သည်။

အစကတော့ မြို့မှာတက်ပြီး ပြင်မဲ့ကားကြီးနဲ့လိုက်လာမိခဲ့တာမှာ အနောက်ကနေဆိုင်ကယ်လ်တွေနဲ့ လိုက်လာတဲ့ကောင်တွေကို တွေ့တာကြောင့် တွဲကားအနောက်ကနေ အသက်လုပြီး လမ်းဘေးကနီးရာခြုံပုတ်ထဲကို ခုန်ဆင်းချလိုက်မိခဲ့သည်။
 ဟိုကောင်တွေကလည်း ရပ်မသွားပဲဆက်လိုက်လာလေတော့ မိတော့အံ့ဆဲဆဲမှာ ဒီကောင်တွေဘယ်လိုမှမထင်မှတ်ထားတဲ့ နေရာမှာ၀င်ပုန်းလိုက်နိုင်ခဲ့တယ်။

"အခုငါဘာဆက်လုပ်ရမလဲ....ဒီတောထဲကနေ
အရင်ဆုံးရအောင်ထွက်မှရမယ်...."

လူအရိပ်အခြေကို အရင်ကြည့်လိုက်ပြီး ကားလမ်းရှိမဲ့ဘက်အခြမ်းကို မျက်နှာမူကာ လှုပ်ရှားမှုကိုစတင်ပြုလုပ်လိုက်သည်။ဒီကောင်တွေအရမ်းအဝေးကြီးကို မရောက်နိုင်သေးတာမို့ သေချာလေးလှုပ်ရှားမှဖြစ်မယ်။

"ဟာ...ဟိုမှာ....ဟိုမှာငရဲ....."

"လိုက်....လိုက်....အသေ သ တ်ပြစ်ကြကွာ...."

"လိုက်ကြ....."

ကြွေးကြော်သံမျိုးစုံပေးပြီး သူ့အနောက်မှအသေအကြေလိုက်နေကြသော လူတစ်စုကြောင့်
သူလည်း ခြေကုန်လက်ပန်းကျအောင်ပြေးနေမိလေသည်။ပြေးရင်းနဲ့ ဖိနပ်တစ်ဖက်က ဘယ်ကျွတ်ကျန်ခဲ့သလဲမသိတော့အောင်ပါပဲ။တောထဲမှာ ဆိုသည့်အတိုင်း နင်းလိုက်မိတဲ့အရာတွေတိုင်းက သစ်ကိုင်း၊သစ်ရွက်ခြောက်နှင့် ဆူးငြောင့်ခလုတ်တွေသာဖြစ်နေသည်။

ခြေထောက်ကို ငုတ်ဘယ်နှစ်ခုဆူးသွားမှန်းလည်း ကြည့်နေဖို့အချိန်မရှိသလို  သစ်ကိုင်းတွေနဲ့ခြစ်မိ၊
ရှမိလို့ ဘယ်နေရာဒဏ်ရာရနေသလဲဆိုတာလည်း မခန့်မှန်းနိုင်တော့ပေ။
ဆက်ပြေးနေရင်လည်း တောအတွင်းပိုင်းကို ပို၀င်ရရုံသာရှိပြီး လူပန်းရင် အနောက်ကနေလိုက်လို့မှီသွားကြမှာ သေချာတယ်။ဒီတော့ သူလုပ်ဖို့တစ်လမ်းပဲရှိတော့သည်။

"ဟာ....ငရဲ ...ဟိုဘက်အခြမ်းကိုပြေးသွားပြီ....
လိုက်...လိုက်....."

‌အနောက်က အသံတွေကို ကြားရလေ သူ့ခြေလှမ်းတွေကပိုမြန်လေပါပဲ။
လက်ထဲက သစ်ရွက်တွေနဲ့ လုံးထားတဲ့အထုတ်ကို ပြေးရင်းနဲ့ သစ်ပင်တစ်ခုအကွယ်မှ ခြုံပုတ်ထဲကိုပစ်ချခဲ့လိုက်ပြီး တော၏အနောက်ဘက်သို့ ကွေ့ကာ ပြေးနေမိလေသည်။
‌ဒီတောရဲ့ အနောက်ဘက်မှာ ချောက်ကမ်းပါးတစ်ခုရှိပြီး ထိုနေရာမှာပဲ သူ့စွန့်စားမှုကို စတင်ရတော့မည်။

"ဒီကောင်ဘယ်ကို ပြေးနေတာလည်း...."

"ငါလည်းမသိဘူးလေကွာ....လိုက်မှာသာလိုက်...."

အနောက်မှ လိုက်သောလူတွေဟာ ငရဲ၏ပြေးလမ်းအတိုင်းလိုက်နေကြရင်းနှင့် သူတို့တွေ့လိုက်ရသည်က ငရဲဟာ ချောက်ကမ်းပါးအစွန်းကို ပြေးသွားပြီး တုန့်ဆိုင်းခြင်းမရှိပဲ ခုန်ချလိုက်တာကြောင့် အားလုံးအံ့ဩသင့်ကုန်ကြလေသည်။
အကုန်လုံးတစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြပြီးနောက် ချောက်ကမ်းပါးအစွန်းနားသို့ သွားကာငုံ့ကြည့်လိုက်ကြသည်။

"ဟာ....ဒီကောင်ရူးသွားတာလား...."

"သေသွားပြီလားမသိဘူး...."

"ငတုံးရ ဒီအောက်ကိုပြုတ်ကျမှတော့ သေရင်သေ
မသေရင် ကြေပဲ....ငါတို့ဘယ်လိုပြန်ပြောကြမလဲ..."

"သေပြီလို့ ပြောလိုက်မယ်ကွာ...ပိုက်ဆံရဖို့ကအရေးအကြီးတယ်...."

"ဒါပေမဲ့ တကယ်သေတာဟုတ်ပါ့မလားကွာ
....အလောင်းကိုမှ မတွေ့ရပဲနဲ့....ငါတို့
တောင်အောက်ကိုဆင်းပြီး အလောင်းကိုရှာကြ
မလား...."

"ဟ....နင့်မေကြီးတော်...တောင်အောက်ဆင်းရအောင် အချိန်ကိုလည်းကြည့်ကြအုံး...မိုးချုပ်တော့မယ်ကွ...နောက်နေ့မှလာရှာကြမယ်ကွာ...
ဓာတ်မီးတွေလည်း ပါမလာကြပဲနဲ့...."

"အေး....အဲ့ဒါဆိုရင် သွားကြမယ်ကွာ....မိုးချုပ်တော့မယ်...."

တစ်ယောက်နဲ့တစ်ယောက် ပြောဆိုနေကြပြီးနောက် မိနစ်ပိုင်းအတွင်းမှာတင် လူတွေအားလုံးထိုနေရာမှထွက်ခွာသွားကြလေသည်။
ထိုစဉ် နေလုံးနီနီဟာ အနောက်အရပ်သို့ ၀င်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။

ပိုးကောင်ပိုးမွှားသံတွေနှင့် တောင်နံရံကိုတိုက်ခက်နေသော လေတိုးသံတို့ကိုသာ ကြားနိုင်သောအခြေအနေတွင် ချောက်ကမ်းပါးအပေါ်မှ
လျောကျနေသော ‌နွယ်ကြိုးတစ်ခုဟာ စတင်လှုပ်ခက်လာလေသည်။
ချောင်ကမ်းပါးနှင့် ခပ်လှမ်းလှမ်းမှသစ်ပင်ကြီးအပေါ်တွင် အမှောင်ရိပ်ကိုခိုနေကာ အစာရှာထွက်ရန်ပြင်နေသော ညဇီးကွက်တစ်ကောင်၏ မျက်လုံးတွေပါအရောင်တောက်လာပြီး ထိုချောက်ကမ်းပါးသို့ လှမ်းကြည့်လိုက်စဉ်မှာတော့ မြေကြီးပေါ်သို့ ကုပ်ခြစ်လိုက်သော လက်တွေကို အတိုင်းသားမြင်လိုက်ရလေသည်။

အခန်၅၃....ဆက်ရန်

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဘီလူးနမ်းသောအရိုင်းပန်း

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...