🌿အခန်း ၄၅မှ အခန်း ၄၈ 🌿

                                             


 အခန်း၄၅

          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


မနက်ခင်းမှာ နေမင်းကြီးဆီမှပတ်ဖြန်းလိုက်‌ သောရောင်ခြည်နုနုလေးသည် သုန္နကတောင်တန်းကြီးအပေါ်သို့ ဖြာထွက်ကျဆင်းနေလေသည်။တစ်ညလုံးသည်းထားသော နှင်းမိုးကြောင့် ပတ်၀န်းကျင်တစ်ခုလုံးကတော့ ဖြူစွတ်နေ
သဏ္ဍန် ဖြစ်နေလေသည်။

သစ်ရွက်တွေအပေါ်မှာ ခိုနားနေကြသော နှင်းမှုန်လေးတွေဟာလည်း နေရောင်လေးနဲ့ ထိတွေ့မိတဲ့အခါ အရည်ပျော်သွားသည်များလည်း ရှိနေလေသည်။သွားလာ လှုပ်ရှားနေသူအားလုံးဟာ အနွေးထည်နှင့် ဘောင်းဘီအရှည်တွေကို ၀တ်ထားတာတောင် စောင်ကြီးတွေကို အပေါ်မှထပ်၍ပတ်ထားကြသေးသည်။

နှင်းခဲအချို့က အရည်ပျော်စပြုနေကြသည်မို့ လမ်းချော်မကျစေရန် ရော်ဘာဘွတ်ဖိနပ်
အရှည်တွေကို ၀တ်ဆင်ထားကြလေသည်။

မြတ်ချယ်တစ်ယောက်ကတော့ အိပ်နေရင်းမှ ယောင်ပြီး ခြေရင်းကိုကန်ချထားသည့် ဂွမ်း စောင်ကို လှမ်းဆွဲကာ ပြန်အိပ်ရန်ပြင်လေသည်။
ဖျင်တဲဆိုသည့်အတိုင်း အအေးဒဏ်ကို သိပ်မခံနိုင်ပေ။

ဒါ့အပြင် တဲအမိုးမှာလည်း နှင်းတွေ အုံခဲနေသည်မို့ ပို၍ အချမ်းပိုနေလေသည်။
အိပ်ချင်မူးထူးနှင့် ခန္ဓာကိုယ်ကို တစ်ပတ်လှိမ့်လိုက်ကာ ဖြူလုံးရှိသော နေရာကို လက်နဲ့လှမ်းဖက်လိုက်မိသည်။

လူနှစ်ယောက် ကပ်အိပ်နေရင် ပိုနွေးရမှာ မဟုတ်ဘူးလား။အခု ဘယ်လိုမှမနေသလိုပဲ။
အိပ်ယာအခင်းကို ဟိုစမ်း၊ဒီစမ်းလုပ်မိရင်းနှင့် မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက်မိသည်။

"ဟင်...ဖြူလုံး...ဘယ်အချိန်ကထသွားတာလဲ....
ငါ့ကိုတောင် နှိုးမသွားဘူး..."

ဖိအိပ်ထား၍ ငှက်သိုက်လိုဖြစ်နေသည့် ဆံပင်တွေကို အသာသပ်ချလိုက်ပြီး ခဏလောက်ပြန်မှေးဖို့ရန် စောင်ကိုပြန်ခြုံလိုက်သည်။

"မြတ်ချယ်နဲ့ ဖြူလုံး...အိပ်ပုပ်မတွေရေ..ဟဲ့..."

တဲအပြင်ဘက်ကနေ တပူပူလာလုပ်နေသည့် နှောင်ဇွဲကြောင့် မှေးနေသည့် မျက်လုံးတွေက ပြန်ပြူးကျယ်သွားလေသည်။

"မြတ်ချယ်မနဲ့..ဖြူလုံးရေ...ထတော့ဟေ့...နှင်းတွေ အရည်မပျော်ခင် နှင်းလူသားလုပ်ရအောင်...
ထတော့...ထတော့..."

"ဟဲ့အကောင်...နင်ဘာဖြစ်နေတာလဲဟာ...
စောစောစီးစီးအာရုံလာနောက်နေတယ်...အိပ်ကောင်းခြင်း အိပ်ပါရစေဟယ်...နင်ခေါ်ချင်ရင် ဖြူလုံးကိုသာသွားခေါ်.."

"ဘာကို စောစောစီးစီးလည်း နေထွက်နေပြီဟ..
ရှစ်နာရီထိုးတော့မယ်...အပြင်လည်းထွက်ကြည့်လိုက်အုံး..ညတုန်းကနှင်းတွေအရမ်းကျထားတာ အပြင်မှာသိပ်လှတယ်ဟ...နင်တို့နှစ်ယောက်ထွက်လာကြည့်လိုက်စမ်းပါဟာ...."

တဲက တံခါးဇစ်ဆွဲထားလို့သာတော်တော့တယ် ဖွင့်များထားရင် အတင်းလာဆွဲခေါ်မဲ့အကောင်ပဲ။

"လာပြန်ပြီ...နင့်ကိုငါ ဘယ်နှစ်ခါပြောရမလဲ...
ဖြူလုံးက အပြင်မှာရှိတယ်...ဖြူလုံးကိုပဲ သွားခေါ်ပါဆိုနေမှဟာ ...ငါပြန်အိပ်တော့မယ်...ဒါပဲ.."

"မြတ်ချယ်မ...နင်ဘာတွေပြောနေတာလဲ...ငါမနက်ခြောက်နာရီထိုးတည်းက နိုးနေတာ..
ငါ့ကိုလာနှပ်ချမနေနဲ့  ဖြူလုံးအပြင်ကို ထွက်မလာသေးဘူး..."

နှောင်ဇွဲရဲ့ထိုစကားကြောင့် မြတ်ချယ်လည်း ငုတ်တုတ်ထထိုင်လိုက်မိသည်။ဖြူလုံးရဲ့နေရာကို ကြည့်လိုက်တော့ စောင်တွေလည်းခေါက်မထားခဲ့ပဲ ဒီအတိုင်းပွလျှက်သားကြီးဖြစ်နေလေသည်။ပြီးတော့ ခေါင်း‌ဘေးနားက ဓာတ်မီးလေးလည်း မတွေ့ရဘူး။သူဘယ်အချိန်ကထလို့ ဓာတ်မီးတောင် ယူသွားရတာလဲ။
စိတ်ထဲမှာ အတွေ့ပေါင်းစုံ၀င်လာပြီးနောက် ‌ခြုံထားတဲ့ စောင်ကို ဆွဲဖယ်ပစ်လိုက်ပြီး တဲတံခါးမှ ဇစ်ကို ဆွဲချလိုက်သည်။

"အခုမှပဲ အပြင်ထွက်လာတော့တယ်...
 ဖြူလုံးရော တဲထဲမှာလည်း မရှိပါလား..."

ဟသွားတဲ့နေရာမှ အထဲသို့ကြည့်ပြီး နှောင်ဇွဲက ဖြူလုံးကို အတင်းမေးလေသည်။မြတ်ချယ်ကတော့ စဉ်းစားခန်းအမျိုးမျိုး ဖွင့်နေရင်းနှင့်  
နှောင်ဇွဲရဲ့ မျက်နှာကို အံ့ဩသလို ကြည့်လိုက်မိသည်။

"နှောင်ဇွဲ...နင်တကယ်ပဲ မနက်တည်းကဖြူလုံးကို မတွေ့မိတာလား...နင်ငါ့ကိုလိမ်ပြောမယ်တော့
မစဉ်းစားနဲ့နော်..."

"ဟာ...ငါကနင့်ကိုလိမ်စရာလားဟ...တကယ်ကို
မတွေ့မိတာ...ငါမနက်ကခြောက်နာရီတီးမှာ
နိုးတယ်...မျက်နှာသစ်၊သွားတိုက်ပြီး...
ထမင်းချက်ဦးပုတုတို့တဲမှာတောင် မနက်စာသွားစားလိုက်သေးတယ်...ပြီးတော့ ငါ့တဲဆီကိုပြန်လာပြီး..တဲအရှေ့မှာ မီးလှုံနေတာ...ဖြူလုံးထွက်သွားတာလဲ မတွေ့လိုက်သလို...ပြန်၀င်သွားတာလဲ
မတွေ့လိုက်ဘူး...."

မြတ်ချယ်လည်း နှောင်ဇွဲရဲ့ တဲအရှေ့ကို လှမ်းကြည့်လိုက်တော့ တကယ်ပဲမီးဖိုထား ပုံပေါ်သည့်ပြာပုံကိုတွေ့လိုက်ရလေသည်။နှောင်ဇွဲရဲ့ တဲဟာ မြတ်ချယ်တို့တဲနဲ့မျက်နှာချင်းဆိုင်မှာ ဖြစ်နေတာကြောင့် သူသာတကယ်ကြီး ဖြူလုံးရဲ့
အရိပ်ကိုတောင်မတွေ့မိဘူးဆိုရင်...

"နှောင်ဇွဲရေ....ဖြူ....ဖြူလုံးပျောက်နေပြီနဲ့တူတယ်..."

"ဘယ်လို...."

"ငါသေချာတော့ မပြောနိုင်ပေမဲ့...ဖြူလုံးပျောက်နေတယ်ထင်တယ်..."

"ဟာ...နင့်ဟာကလည်း...မဖြစ်နိုင်တာ နင်တို့နှစ်ယောက်ကအတူတူအိပ်နေကြပြီးတော့ သူကပျောက်တယ်ဆိုတော့...နင်တော်တော်အသုံးမကျတာပဲ...ကိုယ့်ဘေးနားကလူ ဘယ်အချိန်ထသွားမှန်းတောင် နင်မသိလိုက်ဘူးလားဟာ..."

"ငါလည်း ညကအရမ်းအိပ်ချင်တာနဲ့ အိပ်ပျော်သွားတာ...ဘယ်လိုသိလိုက်မှာလည်း...နေအုံး...
နင်မနက်တည်းက အိမ်သာမတက်ရသေးဘူးမဟုတ်လား..."

"ဟာ...ဘာတွေလာမေးနေတာလဲဟာ...."

"ငတုံးရဲ့...ဖြူလုံးကအိမ်သာသွားသလားဆိုတာ သိချင်လို့ဟဲ့..."

"အေး...ဟုတ်သားပဲ...စကားရှည်မနေနဲ့ဟာ
...လာ...သွားရှာကြည့်ကြမယ်..."

"အေး...မြန်မြန်သွားကြမယ်..."

မြတ်ချယ်နဲ့ နှောင်ဇွဲလည်း ယာယီဆောက်ထားသည့် အများသုံးအိမ်သာတွေဆီသို့သွားကာ တံခါးတွေတစ်ခုပြီး တစ်ခုလိုက်ဖွင့်လည်းပဲ ဖြူလုံးကိုရှာမတွေ့ကြပေ။‌ဖြူလုံးသွားနိုင်သော
ရေချိုးသည့်‌ နေရာတွေနှင့် ထမင်းစားတဲတွေအထိပါ လိုက်လံရှာဖွေမိလေသည်။

အနီးအနားနေရာတွေအထိ လိုက်ရှာမိကြပေမဲ့ လူမောတာပဲ အဖက်တင်လေသည်။
နှစ်ယောက်လုံးရဲ့ ရင်ထဲမှာလည်း တစ်စထက်တစ်စ စိုးရိမ်မှုက လွန်ကဲလာကြသည်။
ငိုမဲ့မဲ့မျက်နှာတွေနဲ့ပဲ တစ်‌ယောက်မျက်နှာကို
တစ်ယောက် ကြည့်လိုက်ကြပြီးနောက်မှာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြလေသည်။

တစ်ဖက်တွင်တော့ ဒေ၀ဟာ အဆောက်အဦးဆောက်နေသော နေရာတွင် အလှုပ်ရှုပ်နေလေသည်။မနေ့ညက နှင်းတစ်အားကျခဲ့တာကြောင့် ဆောက်လုပ်ရေးအလုပ်သမားတွေအတွက် အဆင်မပြေတာတွေက အရမ်းများနေလေသည်။
ခက်တာက သူတို့ရဲ့ စီမံကိန်းကလည်း ဆောင်းရာသီမှ စမိသလိုဖြစ်နေသည်။အရင်နှစ်တွေကထက် ဒီနှစ်ဆောင်းက တအားပြင်းနေလိမ့်မည်ဟု မထင်ခဲ့မိကြလေသည်။

"ကိုညိုမောင် အဆင်ပြေလား...."

"ပြေတယ်ဆရာ...နဲနဲတော့ ချောနေတာပေါ့ ..
ရေခဲတွေကို ခြစ်ထုတ်လိုက်ရင် ရပါတယ်.."

"ဟုတ်ပြီ...ဘွတ်ဖိနပ်တွေကရော လောက်ရဲ့လား..."

"မလောက်ဘူးဆရာ...တောင်ပေါ်တက်လာမဲ့အဖွဲ့ကို လှမ်းမှာလိုက်ပါလား..."

"ကျွန်တော် ဟိုနေ့တည်းက မှာထားပါတယ်...ဒီနေ့ နေ့လည်လောက်ဆို သူတို့ဒီကိုရောက်လောက်ပြီ..
ဒီလိုလုပ်...ဘွတ်ဖိနပ်မရသေးတဲ့လူတွေကိုတော့ မနက်ပိုင်းနားခိုင်းထားလိုက် နေ့လည်မှ လုပ်ငန်းစခိုင်းပေါ့..."

"အဲ့ဒါတော့ လိုက်နာကြမယ်မထင်ဘူးဆရာ..."

အသားညိုတာထက် မဲတဲ့အဆင့်ဖြစ်နေသော
ကိုညိုမောင်ဟာ ငြမ်းဆင်ထားသော တန်းပေါ်ကနေ လှမ်းငုံ့ကြည့်ပြီး သူ့အားပြုံးစိစိနှင့် ပြန်ဖြေလေသည်။

"ဘာလို့ မလိုက်နာရမှာလဲ..."

"ဆရာအထင်မလွဲပါနဲ့ဗျာ...မနက်တစ်ပိုင်းနားလိုက်ရင် လုပ်ခလျှော့မှာ စိုးကြလို့ပါဆရာရယ်..."

"ဟားဟား...ကျွန်တော့်ထပ် အလုပ်ကြိုးစားတဲ့လူတွေပါလား...ဒီလိုလုပ်..ဘီလပ်မြေဖျော်တဲ့လူတွေကို ဘွတ်မပေးနဲ့...အပေါ်တက်ပြီး အလုပ်လုပ်ရမဲ့လူတွေကိုတော့ ဘွတ်စီးခိုင်းထားလိုက်ဗျာ..."

"စိတ်မပူပါနဲ့ဆရာရယ်...နေကဒီလိုပဲဆက်သာနေအုံးမယ်ဆိုရင် ခဏနေအဆင်ပြေသွားမှာပါ..."

"အင်းခင်ဗျားတို့အဆင်ပြေရင်ပြီးတာပဲ...အပေါ်တက်မဲ့လူတွေကလည်း သေချာတော့ ဂရုစိုက်ကြနော်..ကြိုးဂျိတ်တွေကို အသက်ကယ်အိင်္ကျီမှာ ချိတ်ထားကြနော်...ဦးထုတ်မဆောင်းတဲ့လူတွေ့ရင်လည်း ကျုပ်ကိုလာပြော...."

"စိတ်ချပါဆရာရယ်...ဆရာလည်း ပြောရတာမောရောပေါ့...ကျွန်တော်လည်း အလုပ်လုပ်ရင်း သွေးပူလေ့ကျင့်ခန်းလေး လုပ်လိုက်အုံးမယ်နော့..."

"ကောင်းပြီ..."

"မောင်ဒေ၀ရေ!!!!!!မောင်ဒေ၀...."

သူ့နာမည်ကို အော်ခေါ်သံကြား၍ လှည့်ကြည့်လိုက်မိတော့ ဦးလူထိန်နှင့်အတူဦးထက်မြတ်တို့ မိသားစုက အပြေးလေးလာနေကြတာကိုတွေ့လိုက်ရလေသည်။မျက်နှာတွေက မသာမယာဖြစ်နေကြတာကို ‌ကြည့်ခြင်းအားဖြင့် ကိစ္စက အတော်အရေးကြီးသလားမသိဘူး။
ဒေ၀လည်း လောင်းကုတ်ရဲ့ အိတ်ကပ်ထဲမှာသွင်းထားသော ညာဘက်လက်အား အပြင်ကို ထုတ်လိုက်ပြီး ထိုလူတွေဆီသို့ အမြန်သွားလိုက်လေသည်။

"ဦးထက်မြတ်တို့ မိသားစုလိုက်ကြီး..ဆိုက်ထဲကို လိုက်လာတာ...ဘာများဖြစ်လို့လဲဗျ...."

သူ့ဘေးနားသို့ ရောက်တာနဲ့ ဦးထက်မြတ်က သူ့ပခုံးသို့ လက်နဲ့ အားပြုကာဖိချရင်း အမောဖြေနေလေသည်။

"အားတော့နာတယ်ကွာ...ဦးတို့ကို မင်းရဲ့အလုပ်သမား လေး၊ငါး၊ဆယ်ယောက်လောက် ငှားနိုင်မလား...လူပျောက်ရှာချင်လို့ပါ....အရမ်းအရေးကြီးနေလို့ပါကွာ..."

"ဗျာ....ဆယ်ယောက်တောင်ဟုတ်လား...ဒီမှာလည်း ဆောက်လုပ်ရေးကအရေးကြီးနေတာဗျ
...ဘယ်သူပျောက်သွားလို့လည်း...."

"ဆရာ....ပျောက်သွားတဲ့လူက...အခြားသူမဟုတ်ဘူး....ဟို..."

ဦးလူထိန်ကပါ ရှေ့ထွက်လာပြီး အသံတွေ‌တုန်တုန်ယင်ယင်နဲ့ ပြောနေသည်မို့ သူ့မျက်ခုံးတွေကို တွန့်ကြုံ့လိုက်မိသည်။
ဘေးနားက လူတွေကို တစ်ချက်ပြန်ကြည့်လိုက်မိတော့ ဦးထက်မြတ်နဲ့ သူ့အမျိုးသမီးအပြင် သူ့သားနဲ့ သမီးပါရှိနေကြ‌ လေသည်။
သူ မတွေ့တဲ့ တစ်ဦးတည်းသော လူက ဖြူလုံး။
သူ့မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားပြီး ဦးလူထိန်ကို ဒေါသတကြီး ပြန်ကြည့်လိုက်သည်။

"ဖြူလုံး....ဖြူလုံးကဘယ်မှာလဲ...."

"ဆ..ဆရာ...ဖြူလုံးပျောက်နေတယ်..."

"ဘာ!!!!ခင်‌ဗျားဘာပြောလိုက်တယ်..."

"ဖြူလုံးပျောက်နေတယ်ဆရာ...ဖြစ်နိုင်တာကတော့ ညတည်းကပျောက်နေတာထင်တယ်...
ကျွန်တော်တို့ စခန်းချထားတဲ့နေရာပတ်၀န်းကျင်မှာ နာမည်အော်ခေါ်ပြီး ရှာနေတာလည်း မတွေ့ဘူး...အဲ့ဒါအခြားနေရာအထိရှာဖို့ လူအင်အားလိုနေလို့ပါ..."

"ဟာ!!!!!ဖြူလုံးက မင်းနဲ့အတူအိပ်တာမဟုတ်ဘူးလား....အတူအိပ်နေတဲ့ သူငယ်ချင်းပျောက်သွားတာတောင် မင်းဘာလို့မသိရတာလဲ...."

"အဟင့်...ဟင့်....သမီး...သမီးအမှားပါ..."

ဒေ၀ဟာ မြတ်ချယ်ကိုတည့်တည့်ကြည့်ပြီး အသံကြီးဟိန်းထွက်နေအောင် အော်ငေါက်လိုက်တာကြောင့် မြတ်ချယ်လည်းလန့်သွားတာရော သူငယ်ချင်းဖြစ်သူအတွက် စိတ်မကောင်းဖြစ်တာတွေပါရောပြီး မျက်ရည်ကျကာငိုတော့သည်။
ဦးထက်မြတ်လည်း သမီးဖြစ်သူရဲ့ အရှေ့မှ
မတ်တပ်ရပ်၍ ကာရပ်လိုက်ပြီးနောက် ဒေ၀ကို ဖြောင်းဖျဖို့ ကြိုးစားလေသည်။

"မနေ့က ဦးတို့အားလုံး ရေတံခွန်ကိုသွားပြီးပြန်လာတော့ ခရီးပန်းသွားကြလို့ပါကွာ...သမီးလေးကို အပြစ်မတင်ပါနဲ့ကွာ...ဦးတောင်းပန်ပါတယ်..."

"တောင်းပန်တော့ရော...ဘာအသုံး၀င်မှာလဲဗျာ..."

ဒေ၀အဖို့ ဖြူလုံးကိုစိတ်ပူရလွန်းလို့ ရင်ထဲမှာ
တစ်အားလေးလံနေသည်။လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အံကိုကြိတ်ထားမိသည်။
သူ့ဦးနှောက်ထဲမှာ ဘာကိုမှမစဉ်းစားနိုင်တော့လောက်အောင် ရှုပ်ထွေးနေတယ်။ရင်ဘတ်ထဲက‌‌ နေ အောင့်တက်လာပြီးသူ့အသက်ရှူနှုန်းတွေကလည်း မမှန်ချင်တော့လောက်အောင်အထိ စိုးရိမ်မှုတွေပဲ ကြီးစိုးလာသည်။

"ဦးလူထိန် အခုချက်ချင်း ရှိသမျှ အလုပ်သမားတွေကို ကျွန်တော့်တဲကိုခေါ်လာခဲ့ တစ်ယောက်မှမကျန်စေနဲ့နော်..."

"ဟုတ်ကဲ့...ချက်ချင်းဆောင်ရွက်လိုက်ပါ့မယ်..."

"ဟေ့ကောင်တွေ...မင်းတို့လည်း လိုက်ကူပေးအုံး..."

"ဟုတ်...ဟုတ်ကဲ့...လာသွားကြမယ်..."

ဦးလူထိန်လည်း အလုပ်မလုပ်ပဲ ကြောင်ပြီးငေးကြည့်နေကြသည့် ဆောက်လုပ်ရေးအလုပ်သမားတွေကို တပ်ကူခေါ်ကာ  ထမင်းချက်၀န်ထမ်းတွေပါမချန် အလုပ်သမားတွေအကုန်လုံးကို ဒေ၀၏တဲရှိရာဆီသို့ သိမ်းကြုံး၍ခေါ်ချလာလေသည်။အင်ဂျင်နီယာကိုမျိုးဆွေဆိုရင် ထမင်းစားနေရင်း တန်းလန်းနဲ့ ချက်ချင်းထ၍ လိုက်ခဲ့ရရှာသည်။ဒေ၀၏ အမိန့်ဆိုပါက မည်သူ့တွင်မှငြင်းဆန်ပိုင်ခွင့်မရှိပေ။

"ဆရာ...အလုပ်သမားတွေအားလုံးကို ခေါ်လာပါပြီ....အပြင်မှာ အကုန်လုံးစောင့်နေကြပါတယ်..."

"ကောင်းပြီ...."

ဒေ၀နှင့် ဦးထက်မြတ်တို့မိသားစုလည်း တဲထဲမှထွက်လိုက်ကြလေသည်။အလုပ်သမားအချို့ကအကြောင်းအရင်းမသိကြသူများလည်း ရှိပေမဲ့ ဒေ၀၏ရှေ့တွင်တော့ ဘယ်သူကမှ စကားမဟရဲကြပေ။
အလုပ်သမားအယောက် ခုနှစ်ဆယ်ပြည့်မပြည့်ရေလိုက်ပြီးနောက် ဒေ၀စဉ်းစားနေရပြန်သည်။
အလုပ်သမားတွေလည်း တစ်ယောက်မှမလျော့ဘူး။ဒါဆို  ဖြူလုံးကိုခေါ်သွားတဲ့တရားခံက
ဘယ်သူဖြစ်နိုင်မလဲ။

"ဆံပင်ဂုတ်ထောက်နဲ့ ဒီကလေးမလိုအရွယ်မျိုးပဲ ကောင်မလေးတစ်ယောက် ညကအပြင်ထွက်လာတာများ တွေ့မိတဲ့လူရှိကြသလား...."

"မရှိပါဘူး..."

"မတွေ့မိပါဘူး..."

"ဟို...အဲ့ကလေးမက...ဦးတို့တဲမှာ ထမင်းလာစားတဲ့ ကလေးမဟုတ်လား...."

"ဟုတ်တယ်...ဟုတ်တယ်...ခင်ဗျားတွေ့လိုက်မိလို့လား..."

"မတွေ့လိုက်မိပါဘူး...."

"ဟာ...ဒီလူဗျာ.."

"ဟုတ်ပါ့...သူတွေ့လိုက်သလိုလိုနဲ့...."

ထမင်းချက်ကိုပုတုက သူပဲတွေ့လိုက်သလိုလိုနဲ့ထယောင်တော့ အားလုံးကဝိုင်းထုချင်နေကြလေသည်။ကဝိမှာတော့ မျှော်လင့်ချက်ပျောက်လာရ၍ တဖြည်းဖြည်း ပို၍ စိတ်ပူလာမိသည်။

"ဆရာ...ကောင်မလေးက ညဘက်ယောင်ပြီးလမ်းထလျှောက်တာရော..မဖြစ်နိုင်ဘူးလား..."

"မဖြစ်နိုင်ဘူး...သူ့မှာငယ်ငယ်တည်းကအဲ့လို အကျင့်မရှိဘူး..."

ဒေ၀၏စကားကြောင့်မြတ်ချယ်ရော နှောင်ဇွဲပါ မျက်လုံးတွေအပြူးသားဖြစ်သွားကြပြီး ဒေ၀ကိုအံ့ဩတကြီးဝိုင်းကြည့်လေသည်။ဖြူလုံးပျောက်တယ်လို့ သိသိချင်း ဒေ၀ရဲ့စိုးရိမ်လွန်နေသောပုံစံဟာ ဘာကြောင့်လဲဆိုတာ ဦးထက်မြတ်လည်း အခုမှသဘောပေါက်တော့လေသည်။

သူ့စိတ်ထဲမှာ ဒေ၀ဟာသုန္နကမြို့ကို ရိုးရှင်းတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာတာမဟုတ်မှန်း ခန့်မှန်းမိလိုက်လေသည်။
ဖြူလုံးဆိုတာ ဒီမြို့မှာမွေးတဲ့ သုန္နကမြို့သူစစ်စစ်ပင်။ဒါဆို ဖြူလုံးကိုငယ်ငယ်တည်းကသိခဲ့တဲ့ မောင်ဒေ၀ကရော။

"ဆရာ...ဒါမှမဟုတ်...ကလေးမ‌က ညတရေးနိုးလို့ အပေါ့အပါးသွားဖို့ အပြင်ထွက်လာတုန်း တစ်ယောက်ယောက်လာခေါ်သွားတာရော မဖြစ်နိုင်ဘူးလား....."

အလုပ်သမားတွေထဲက တစ်ယောက်ကထပြောလိုက်သည်မို့ သူတွေဝေသွားမိသည်။တကယ်လို့
တစ်ယောက်ယောက်ခေါ်သွားတာဆိုရင် မသိတဲ့လူခေါ်တာနဲ့ ဖြူလုံးကလိုက်မှာမဟုတ်တာသေချာတယ်။အတင်းဖမ်းခေါ်တာတို့ ဘာတို့ဆိုရင် သူရုန်းမှာပဲ၊အော်မှာပဲ ဒါဆိုရင် တဲတွေကလည်း အရမ်းဝေးနေတာမှမဟုတ်တာ မကြားနိုင်စရာအကြောင်းမရှိဘူး။
ဒါဆို ဖြစ်နိုင်တာက တစ်ခုပဲရှိတော့တယ်။

"ဒီနေရာမှာ လူငယ်ငါးယောက် လူကြီးငါးယောက်နေခဲ့ ကျန်တဲ့အယောက်‌ခြောက်ဆယ်က ‌အရှေ့ဘက်လမ်းကနေ အယောက်နှစ်ဆယ်သွား...တောင်ဘက်ကို နောက်ထပ်နှစ်ဆယ်သွား...မြောက်ဖက်ကို သွားရမဲ့ လူအယောက်နှစ်ဆယ်က ကျုပ်နဲ့လိုက်ခဲ့..."

"မောင်ဒေ၀...ဦးတို့လည်းလိုက်ခဲ့မယ်..."

"ဦးထက်မြတ်တို့ဦးလူထိန်တို့က နေခဲ့ပါ...အသက်တွေလည်း ကြီးပြီ...လူကများပါတယ်...အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်ရမှာပဲ ဒီနေ့ နေ့လည်အထိမှမတွေ့ရင် ရဲကိုအကြောင်းကြားရမှာပေါ့..."

"ကျွန်တော်လည်း အစ်ကိုတို့နဲ့လိုက်ခဲ့မယ်..."

နှောင်ဇွဲက စိတ်အားထက်သန်စွာ အော်ပြောလိုက်တာမို့ ဒေ၀လည်း အရေးကြုံလာတော့ မချစ်ပေမဲ့အောင့်ကာနမ်းဆိုသလို ခေါင်းငြိမ့်ပြလိုက်သည်။

"ဆရာ...သွားကြတော့မလား...."

"နေအုံး...တွေ့စရာလူတွေ ရှိသေးတယ်..."

🍁🍁🍁🍁🍁🍁🍁

"အစ်မ...နင်အမြန်လုပ်စမ်းပါဟယ် ....အရမ်းနှေးတာပဲ...."

"အေးပါဟယ်...နင်ကလည်း အလုပ်ကမနက်ဖြန်မှ ဆင်းရမဲ့ဥစ္စာ ဘာတွေလာလောနေတာလဲ..
တကယ်ပါပဲ...ဆယ်နာရီထိုးမှ ပြန်ပါမယ်ဆိုတဲ့ဥစ္စာ...."

ငွေပန်းချီဟာ အ၀တ်ထုပ်ထဲသို့ အိင်္ကျီတွေကို
စီထည့်နေရင်းမှ အလောတကြီးဆော်ဩနေသော ညီမဖြစ်သူကို အပြစ်တင်နေမိလေသည်။
ကိုးနာရီထိုးဖို့ မိနစ်နှစ်ဆယ်တောင်လိုသေးတယ်။ အခုမှအစောကြီးရှိပါသေးတယ်။
ဒါ့အပြင် အရမ်းချမ်းနေသည်မို့ လူကလှုပ်တောင်မလှုပ်ချင်တဲ့ဥစ္စာ လူကိုစောစော‌ပြန်ဖို့ အတင်းလာပူဆာနေသည်။

"အစ်မရယ်...မိတ်ကပ်ကလိမ်းအုံးမလို့လား..
ကိုယ့်အိမ်ကိုယ်ပြန်မယ့် ဥစ္စာ..နင့်ကိုဘယ်သူက ကြည့်မှာမို့လို့လည်း...."

"ဘယ်သူကြည့်ကြည့်...မကြည့်ကြည့် ငါ့ဘာသာကြိုက်လို့ လိမ်းတာပေါ့ဟယ်...နင့်လိုမျက်နှာပြောင်ကြီးနဲ့တော့ အပြင်မထွင်ချင်ပါဘူး..."

‌မျက်နှာက ဘာမှမလိမ်းထား၍ပြောင်တင်းနေသောရွှေပန်းချီကို မျက်စောင်းလှည့်ထိုးလိုက်ပြီးနောက် သူပြင်စရာရှိတာကို ဆက်ပြင်နေလေသည်။

"အေးဟာ...အဲ့ဒါဆိုလည်း စိမ်ပြေနပြေသာ ပြင်နေလိုက်တော့ ငါအပြင်ကပဲထွက်စောင့်နေတော့မယ်..."

စိတ်မရှည်တဲ့အဆုံး ရွှေဟာတံခါးရွက်ဇစ်ကို ဆွဲချပြီး အပြင်သို့ထွက်သွားလေသည်။
ငွေလည်း နှုတ်ခမ်းနီကို အမြန်ဆိုးလိုက်ပြီးနောက် လက်ဆွဲအိတ်ကို ဆွဲကာတဲအပြင်သို့ ထွက်လိုက်လေသည်။

ငွေအံ့ဩနေမိတာက ရွှေကတုတ်တုတ်မျှ မလှုပ်ပဲ နေနေသလို လူအယောက်နှစ်ဆယ်လောက် ၀န်းရံထားတဲ့ ကိုက်ိုဟာလည်း ရွှေ့ကိုရပ်ကြည့်နေလေသည်။ငွေ့ကိုတွေ့ပြန်တော့လည်း စူးရဲစွာဆိုက်ကြည့်လာပြန်သည်။
ကိုကို မျက်လုံးအကြည့်တွေက ငွေတို့ညီအစ်မကို မယုံသင်္ကာဖြစ်နေသလိုကြီး ဖြစ်နေသည်။

"ရှင် ဘာလာလုပ်တာလဲ...ကျွန်မရဲ့အစ်မကို စိတ်ဒုက္ခပေးလို့ အားမရသေးဘူးလား ဟုတ်လား...
အခုချက်ချင်းထွက်သွားပေးပါ...
လာမမသွားမယ်.."

ရွှေက သူပြောချင်တာတွေ ဇွတ်ပြောပြီးငွေ့လက်ကို လာဆွဲလေသည်။
ရွှေဘာလို့ပြန်ဖို့ကိုဒီလောက် အလျှင်လိုနေလည်းဆိုတာ ငွေနားမလည်နိုင်တော့ဘူး။

"ဘာလို့ ပြန်ဖို့ဒီလောက်လောနေရတာလဲ...
ကုန်တင်ကားတွေက တောင်လမ်းအတိုင်းလာနေကြတယ်....နေ့လည်လောက်မှ ကားတွေ ဒီကိုရောက်မှာဖြစ်လို့ မင်းတို့လည်း နေ့လည်မှပြန်လို့ရမယ်...."

"ဟင်း...စိတ်ပျက်လိုက်တာ...ဒါဆိုလည်း အထဲမှာပြန်၀င်ထိုင်ကြမယ်...မမလာ..."

"နေပါအုံး...ဘာလို့အဲ့လောက် လောနေရတာလဲ
...တစ်ခုခုမဟုတ်တာ လုပ်ထားလို့များလား..."

မမငွေရဲ့ လက်ကိုဆွဲပြီး တဲအထဲသို့ ပြန်၀င်ဖို့လုပ်နေရာမှ ဒေ၀၏စကားကြောင့် ရွှေ့စိတ်ထဲမှာ အင်မတန်ထိတ်လန့်သွားမိသည်။
ဖြူလုံးပျောက်တာကို သိသွားကြပြီနဲ့တူတယ်။
 တရားခံကငါဆို‌တာရော သိသွားပြီလား။
မသိလောက်ဘူးထင်ပါတယ်။တကယ်လို့ အတတ်သိနေရင် သူဒီလိုစကားနာလာထိုးမှာ မဟုတ်ဘူး။
ရွှေ့စိတ်ကို အတည်ငြိမ်ဆုံးထိန်းထားလိုက်ပြီး စိတ်လှုပ်ရှားနေတာကို မျက်နှာမှမပေါ်အောင် အတတ်နိုင်ဆုံးထိန်းလိုက်သည်။

"ရှင်ဘာတွေ လာစွတ်စွဲနေတာလည်း ပြောစရာရှိရင် ဒဲ့ပြော လာပြီးသွယ်ဝှိူက်မနေနဲ့ ..."

"ကောင်းပြီ...ဖြူလုံးမနေ့ညက ပျောက်သွားတဲ့ကိစ္စက မင်းတို့ညီအစ်မနဲ့ပတ်သတ်နေတယ်...
ဖြူလုံးက သူ့ရဲ့သူငယ်ချင်းတွေနဲ့ ညီအစ်ကို‌၊မောင်နှမနောက်ကလွှဲပြီး ဘယ်သူခေါ်တာမှ အသာတကြည်လိုက်မသွားနိုင်ဘူး...အဲ့တော့ တရားခံကမင်းတို့ ညီအစ်မဆိုတာ သေချာတယ်...."

"ကိုကို့...ရွှေတို့ကို ဘာလို့ ဒီလိုလာစွတ်စွဲနေရတာလဲ..ဖြူလုံးရေနစ်တဲ့ကိစ္စမှာ ရွှေတို့အကောင်းဆုံးဖြေရှင်း မပေးနိုင်ခဲ့ဘူးဆိုတာ ဟုတ်တယ်...
ဒါပေမဲ့ အစဖျောက်ပြစ်ရလောက်အောင်အထိတော့ အသိတရားမမဲ့သေးဘူး...မနေ့ကတင်
ရွှေ့ကိုဒဏ်ရာအကြီးကြီးပေးခဲ့ပြီးပါပြီ...ထပ်ပြီး နာကျင်အောင်မလုပ်ပါနဲ့တော့ ကိုကိုရယ်..."

"မမရယ်...နင်ကလည်းငိုဖို့ပဲ တတ်တယ်...အဲ့လူက အသိတရားရှိတဲ့လူမဟုတ်ဘူး...သူ့မျက်လုံးထဲမှာ ဖြူလုံးကိုသာတန်ဖိုးအကြီးဆုံးလို့ သတ်မှတ်ထားတာ သိသာလွန်းတယ်...နင့်က်ိုတန်ဖိုးမထားတဲ့လူအတွက် ငိုမနေစမ်းနဲ့ ...ဒီမှာရှင့်ကြောင့် ကျွန်မအစ်မမျက်ရည်ကျနေရပြီ.
..အခုချက်ချင်း ဒီနေရာကနေ ထွက်သွားပေးပါ..."

အလကားနေ မျက်ရည်ခံထိုးနေတတ်တဲ့မိန်းမတွေကို သူအမုန်းဆုံးပဲ။သူ့စိတ်ထဲမှာ အလိုလိုသိနေတာတစ်ခုက ဖြူလုံးပျောက်သွားတဲ့ကိစ္စက သူတို့နဲ့ပတ်သတ်နေလိမ့်မယ်ဆိုတာပဲ။
ဒါပေမဲ့ သက်သေပြစရာက မရှိဘူးဖြစ်နေတာကြောင့် သူ့စိတ်ကိုသာခဏလျှော့ထားလိုက်ရသည်။

"အေး...အမှန်တရားကို သိတဲ့အချိန်ရောက်ရင်တော့ ဘယ်သူမှပြေးမလွတ်ဘူးမှတ်...ဟေ့ကောင်တွေ  သွားရှာကြမယ်...

ဒေ၀တို့အဖွဲဟာ တောနင်းပြီး ဖြူလုံးရဲ့နာမည်ကိုအော်ခေါ်ကာ ရှာကြလေသည်။ဂူမှန်သမျှကိုလည်း လိုက်၀င်ကြည့်ကြသလို အကြိုအကြားမှ မချန် လိုက်ရှာမိကြသည်။

"..အခြေအနေဘယ်လိုလဲ.."

"မတွေ့ဘူးဆရာ.."

‌မြောက်ဘက်အခြမ်းမှာတင် လူခွဲ၍ရှာကြသော်လည်း ဘယ်လိုမှအစရှာမရဘူးဖြစ်နေသည်။
ဖြူလုံးဟာ တကယ်ပဲ ဒီအနီးအနားမှာ ရှိနေသေးတာမှ ဟုတ်ရဲ့လားဟု သံသယ၀င်မိလေသည်။
သူမဘာကြောင့် ဒီလိုပျောက်နေရတာလဲ။ဟိုညီအစ်မကြောင့်လား။ဒါမှမဟုတ် အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကများ။
စိတ်ထဲ တစ်ယောက်တည်း သောကတွေများပြီး ပူပန်နေရတာ နှလုံးခုန်တောင်ရပ်ချင်နေပါပြီ။
ဖြူလုံးရာ မင်းဘယ်ကိုရောက်နေတာလဲကွာ။

"မင်းတို့ အဲ့ဘက်မှာရော ဘယ်လိုအခြေအနေရှိလည်း..."

"မတွေ့ဘူးဆရာ...အရိပ်အယောင်လေးတောင် မတွေ့မိဘူး...ကလေးမက အရမ်းအဝေးကြီးမှာ ရောက်နေတာရော မဖြစ်နိုင်ဘူးလားဆရာ...ဒီပတ်၀န်းကျင်မှာရော ရှိနေပါ့မလား..."

တောင်ဘက်အခြမ်းမှာ ရှာနေကြတဲ့လူရဲ့အသံကိုစကားပြောစက်ကနေ နားထောင်နေရင်းနဲ့ သူ့ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားလေသည်။ဒီရက်ပိုင်းမှာ အလုပ်တွေကို မအိပ်မနေပလန်ဆွဲနေရတာနဲ့အစောတည်းက လူကပစ်လဲချင်နေတာပါ။အခုစိတ်ဒုက္ခကပါ ၀င်ရောက်လာတော့ သူလုံး၀ခံနိုင်ရည်မရှိတော့ဘူး။ပတ်၀န်းကျင်တစ်ခုလုံးက လည်နေသလိုဖြစ်နေပြီး အမြင်အာရုံတွေကပါ မှုန်၀ါးလာသည်။

"ဟာ..ဆရာ့...ဆရာ့..."

အနောက်ကနေ လူတွေဝိုင်းထိန်းလိုက်ကြတာကို သတိထားလိုက်မိပေမဲ့ သူ့အာရုံကြောတွေက အလုပ်မလုပ်တော့ပဲ။မျက်လုံးတွေကို မှိတ်ချလိုက်စဉ်မှာတော့ သူ့ကမ္ဘာကြီးက အမှောင်ထုကြီးစိုးသွားလေသည်။သူ့ရဲ့ အမြင်အာရုံထဲမှာ မြင်နေရသော လူကတော့ အမှောင်ထုထဲကနေ  သူ့ဆီကိုလာနေတဲ့ အလင်းတန်းလေး။

🍁🍁🍁🍁🍁🍁🍁🍁

"ပွန်...ပွန်...ပွန်….ပွန်...."

"ငထွန်းရေ....နောက်မှာကားဟွန်းတီးနေတယ်ကွ...ဘာဖြစ်သလဲမသိဘူး ဆင်းကြည့်စမ်းကွာ..."

ခေါင်းဆောင်ဦးလှမြိုင်၏အမိန့်ကြောင့် ငထွန်းလည် ကားမောင်းတာကို ရပ်လိုက်ပြီး ကားပေါ်မှ အမြန်ပြေးဆင်းသွားလေသည်။တောင်တက်လမ်းမို့ အရမ်းအန္တရယ်များလေသည်။လမ်းကအကွေ့အကောက်တွေများတော့ ပိုလို့တောင် သတိထားနေရသည်။အခုသူတို့ရောက်နေတဲ့နေရာက ရှေ့မှာဖြတ်ကျော်ခဲ့ရသလို လမ်းဘေးတွေက အရမ်းမက်စောက်ပြီး အန္တရယ်မများတော့ပေမယ့် လမ်းကကျဉ်းနေတော့ ကားဘီးချော်မကျစေရန် အရမ်းသတိထားနေရလေသည်။

"ဆရာ...လှမြိုင်..နောက်ဆုံးထရက်ခ်ကားပေါ်ကနေ သံချောင်းတွေ ပြေကျပြီး ကုန်းလျှောအတိုင်းလိမ့်သွားတာဗျ..."

"ဟာ...အရမ်းများသလား..."

"အရမ်းမများပါဘူး..သုံးစည်းလောက်ပါပဲ..."

"ကဲ...ဒါဆို ပြန်ဆယ်လို့ ရမရသွားကြည့်ရအောင်..."

ဦးလှမြိုင်လည်း သဲကျောက်နဲ့ အုတ်ကားတွေကို ကျော်ပြီး နောက်ဆုံးမှာရှိနေသည့် ကားကြီးဆီသို့ ကူးသွားလိုက်သည်။

"မောင်ကြည်ရေ...အခြေအနေ..."

"အခြေအနေကတော့ မြင်တဲ့အတိုင်းပဲဆရာရေ..
ကုန်းလျှော‌ဖြစ်နေလို့ရယ်...နှင်းတွေခံနေလို့ရယ်ကြောင့် အရမ်းကြီးမလိမ့်ကျသွားဘူး...သစ်ပင်ကို ကြိုးချီလိုက်မယ် လူကအောက်ကိုဆင်းပြီး သံချောင်းတစ်စည်းကို ကြိုးတစ်ပတ်တွဲချီပြီး ဒေါင်လိုက်ဆွဲရင်တော့ ရနိုင်လောက်တော့...."

"လူအင်အား..ဘယ်လောက်လိုမလည်း..."

"ဆယ်ယောက်အနည်းဆုံးလိုမယ် ဆရာ...."

"ကောင်းပြီ...ငထွန်း‌...အခြားကားတွေမှာ ပါလာတဲ့လူတွေထဲက ‌လူငယ်ဆယ်ယောာက်လောက် ခေါ်ခဲ့စမ်းပါကွာ.…"

"ဟုတ်ကဲ့...ဆရာ...."

ငထွန်းလည်း ဆောက်လုပ်ရေးအလုပ်သမား ခြောက်ယောက်နဲ့ ကားမောင်းသမား‌
လေးယောက်လောက်ကို ခေါ်ကာ ဦးလှမြိုင်တို့နေရာသို့ ပြန်ရောက်ချလာလေသည်။
လူအားလုံးစုံသည်နှင့် ကြိုးခွေခပ်ရှည်ရှည်နှစ်ခုကို ထုတ်လိုက်ကာ ပူပြီးချီလိုက်ကြသည်။

ပြီးနောက် ကုန်းပေါ်မှာပေါက်နေသည့် အကြီးဆုံးပင်စည်တစ်ခုကို ရွေးကာကြိုးချည်လိုက်ပြီးနောက် လူသုံးယောက်ကလည်း ထိုသစ်ပင်မှာပဲ
ကြိုး သုံးကြိုးကို အင်္ဂလိပ်အက္ခရာ ရှစ်ပုံသဏ္ဌန်ချီလိုက်ကြကာ ကုန်းဆင်းအတိုင်း လျှောဆင်းသွားကြလေသည်။

သူတို့၏ ရည်ရွယ်ချက်မှာ  ‌ကုန်ဆင်းအတိုင်းလိမ့်ကျသွားသော သံစည်းကို နှစ်ပင်တွဲကြိုးနဲ့ ခိုင်အောင်ချည်ခဲ့ပြီး အပေါ်ပြန်တက်ကာ ပြန်ဆွဲယူဖို့ ဖြစ်လေသည်။

"အဆင်ပြေလား...."

"ပြေတယ်...ချီပြီးသွားပြီ...."

အောက်ကလူတွေက လက်မထောင်ပြလိုက်သည်နှင့် အပေါ်ကလူခုနှစ်ယောက်အပြင် ကားတိုင်းမှ အလုပ်သမားတွေအားလုံးဆင်းလာကြပြီး ကြိုးကိုဝိုင်းဆွဲပေးကြလေသည်။

"ဟေ့ကောင်...နောက်ဆုံးတစ်စည်းက
ဟိုအောက်ခြေနားမှာ ဆင်းလို့ဖြစ်ပါ့မလား..."

"ဖြစ်ပါတယ်ကွာ...ကြိုးကရှည်သားပဲ ဥစ္စာ..
သံစည်းကိုသာ ဆွဲတင်လို့မရမှာ ပူရမှာ...
ပြောနေကြာတယ်ကွယ်...မြန်မြန်ဆင်းကြမယ်..."

ငထွန်းနှင့်မောင်ကြည်အပြင် ကျန်အလုပ်သမားတစ်ယောက်အတူတူ ကုန်းအောက်ခြေအနားထိ ကြိုးနဲ့တွယ်ဆင်းလိုက်ကြလေသည်။

"အား!!!!ဘာ...ဘာကြီးလဲဟ...."

မောင်ကြည်ဟာ ကြိုးကိုလျှော့ချရင်း မြေကြီး‌‌ ပေါ်မှခြေထောက်ကို ခပ်မှန်မှန်လှုပ်ရှားပေးနေရင်းမှ တစ်ခုခုကို ခလှုပ်တိုက်မိသလို ဖြစ်သွားပြီး နောက်ကိုလန်ကျသွားလေသည်။ကြိုးကိုအချိန်မှီပြန်ဆွဲလိုက်မိလို့သာ တော်တော့သည်။
မြေကြီးက ကုန်းလျှောကြီးဖြစ်နေတဲ့အတွက် တစ်အားကြီး ပြုတ်မကျရင်တောင် ကြိုးမပါရင် လိမ့်ကျမှာသေချာသည်။

"ဟေ့ကောင်မောင်ကြည် ဘာဖြစ်သွားတာလဲ..."

"မသိဘူးဟ...ဟိုနားမှာတစ်ခုခုနဲ့ တိုက်မိသွားတာ..ဘာကြီးလည်းမသိဘူး ဟိုနားမှာဖောင်းနေတာ တွေ့လား..."

နှင်းအုပ်နေတာကြောင့် မြေကြီးတွေက အဖြူရောင်နှင်းပြင်တွေဖြစ်နေလေသည်။သို့ပေမဲ့ ခုဏက သူချောလဲလိုက်တဲ့နေရာဟာ သိသိ‌သာသာကိုမို့မောက်နေတာပါ။

"ကျောက်တုံးကြီးများလား..."

"မဖြစ်နိုင်ဘူးကွ...ငါခလုတ်တိုက်လိုက်မိတော့ လှုပ်သွားသလိုပဲ..."

‌"သွားကြည့်လိုက်ကွာ...ဘာလည်း သိရအောင်..."

"အေးကွာ..."

မောင်ကြည်ကလည်း နဂိုတည်းက ကြောက်တတ်သူမဟုတ်လေတော့ ခါးကြိုးကိုပြန်ဆွဲလိုက်ပြီး ထိုနေရာသို့ရောက်ဖို့ သုံးလေးလှမ်းလောက်လှမ်းပြီး ‌ပြန်တက်လာလိုက်သည်။
ပြီးနောက် ဖောင်းနေသော ထိုနေရာမှာ နှင်းခဲတွေအပေါ်သို့ ဒူးထောက်ချသလို ပုံစံနေလိုက်ပြီး ကြိုးကိုလက်တစ်ဖက်က ကိုင်ကာ နှင်းမှု‌န်တွေကို အသာပွတ်သပ်ကြည့်လိုက်မိသည်။
သူပထမဦးဆုံးမြင်လိုက်ရတာက လက်ချောင်းလေးတွေ ။

"ဟေ့ကောင်တွေ...လူ...လူကွ...."

"ဟာ...ဟုတ်လား.."

ကျန်နှစ်ကောင် အမြန်ပြန်တက်လာနေချိန်တွင် မောင်ကြည်ဟာမျက်နှာရှိနိုင်မဲ့ နေရာမှနှင်းတွေကို ခါထုတ်လိုက်ရာ သူတွေ့လိုက်ရတာကတော့
နဂိုအသားဖြူတာထက်ကို နှင်းထဲမှာစိမ်ထားသလို ဖြစ်နေတာကြောင့် စက္ကူဖြူလေးလို ဖြစ်နေတဲ့ကလေးမလေး တစ်ယောက်ဖြစ်နေလေသည်။

🍁🍁🍁🍁🍁🍁

"ဆရာ...သတိရလာပြီလား...."

သူသတိရရချင်းမှာ မြင်လိုက်ရတာကတော့ သူ့ဘေးနားမှာ စိုးရိမ်တကြီးဝိုင်းအုံကြည့်နေသည့်လူတွေကိုပဲ။အပေါ်ကိုမော့ကြည့်လိုက်တော့ သူ့တဲကို သူပြန်ရောက်နေတာပဲ။ဒါဆိုဖြူလုံးကရော။
ကလေးကို ရှာတွေ့သွားပြီလား။

"ဖြူလုံး...ဖြူလုံးကို ရှာတွေ့ပြီလား....ဖြူလုံးကို ရှာတွေ့ပြီလားဗျာ...ကျုပ်ရဲ့ကလေးကို ရှာတွေ့ပြီလား...."

မျက်ရည်တွေစီးကျလာတဲ့အထိ ၀မ်းပန်းတနည်းဖြစ်နေသော ဒေ၀ကိုကြည့်ပြီး ဦးလူထိန်မှာ ခေါင်းခါပြရုံမှလွှဲပြီး ဘာမျှမတတ်နိုင်ပေ။‌
ဒေ၀မှာ ခေါင်းကိုငိုက်ဆိုက်ချမိကာ မျက်နှာကို လက်ဖဝါးနဲ့အုပ်ပြီး ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မဆုံး ဖြစ်နေမိလေသည်။

ဦးထက်မြတ်မှာလည်း ငိုချည်းပဲနေသည့် ဇနီးဆုဝေနဲ့ သမီးဖြစ်သူကို ကြည့်ပြီးမျက်နှာမသာမယာဖြစ်နေလေသည်။နှောင်ဇွဲကတော့ တဲအပြင်သို့ထွက်ကာ ငုတ်တုတ်ထိုင်ချပြီး ငိုနေမိလေသည်။

"ဦးလူထိန်ရေ...ဦးလူထိန်...."

"ဟ...မျိုးဆွေ...ပတ်၀န်းကျင်အခြေအနေလည်း ကြည့်ပါအုံး ဘယ်လိုဖြစ်ပြီး...အော်ကြီးဟစ်ကျယ်လုပ်နေရတာလဲ...."

"အော်ချင်လို့ အော်တာမဟုတ်ဘူးဗျ..သဲ၊ကျောက်လာပို့တဲ့ကားတွေ လမ်းတစ်၀က်ကိုရောက်နေပြီတဲ့...သံစည်းသုံစည်းလိမ့်ကျလို့ သူတို့ကြာနေတာတဲ့.…"

"အဲ့တာဘာဆန်းလည်းဗျာ...လာအနောက်မှာ သွားပြောကြမယ်...."

ဦးလူထိန်က အတင်းဆွဲပြီး တဲအထဲမှထုတ်မယ်လုပ်ပေမဲ့ မျိုးဆွေကအတင်းရုန်းလိုက်လေသည်။

"အဲ့ဒါကမဆန်းဘူး...ဆန်းတာက ကလေးမလေးတစ်ယောက်ကို ကယ်ထားမိလို့ အနောက်ပြန်လှည့်ရင်အချိန်ကြန့်ကြာမှာစိုးလို့ ဒီကိုခေါ်လာလို့ရမလားတဲ့...ကျုပ်လည်းဖြူလုံးရဲ့ပုံစံကို ပြောပြလိုက်တော့ အဲ့ကလေးမနဲ့တစ်ပုံစံတည်းပဲလို့ပြောတယ်...."

"ဟာ...တကယ်လား...."

"တကယ်‌ပေါ့ဦးထက်မြတ်ရ...ဦးလှမြိုင်ကလိမ်မယ်မထင်ဘူး..."

ထိုသတင်းကို ကြားသည်နှင့် ဒေ၀ချက်ချင်းထရပ်လိုက်ပြီးနောက် ကုတ်အိင်္ကျီကိုတောင် ယူမနေတော့ပဲ ကားသော့ကိုသာ ယူပြီးတဲထဲမှထွက်လိုက်‌လေသည်။

"ဆရာ့...ဆရာ့ဘယ်သွားမလို့လဲ..."

"ဖြစ်လုံးကို သွားခေါ်မလို့...."

ဆရာဖြစ်သူကို ကြည့်ပြီး ဦးလူထိန်ကတော့ ခေါင်းတယမ်းယမ်းနဲ့သာ ကျန်ရစ်ခဲ့တော့လေသည်။
အချစ်စစ်နဲ့တွေ့ရင် လူတိုင်းကအရူးဖြစ်သွားတတ်သတဲ့။တယ်မှန်ပါလားနော်။

အခန်း၄၆...ဆက်ရန်...

🍁🍁🍁🍁🍁🍁


#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#စာရေးသူ_ဆောင်း‌ငွေ့ဝေ

=========================================================================

အခန်း၄၆
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


နှင်းမုန်တိုင်းကြီးက ကြောက်စရာကောင်းလောက်အောင် သည်းထန်လွန်းနေသည်။ပတ်၀န်းကျင်တစ်ခုလုံးကလည်း လမ်းကိုပင်မမြင်နိုင်လောက်အောင် အဖြူရောင်အတိဖုန်းလွှမ်းနေလေသည်။

ဖြူလုံးမှာ အနွေးထည်၀တ်မထားတာကြောင့် လက်ကိုပိုက်ထားကာ အံကိုကြိတ်ရင်း နှင်းထုထဲမှ ခြေထောက်ကို အတင်းဖိရုန်းနေရသည်။
မျက်တောင်တွေပေါ်မှာပါ နှင်းမှုန်တွေ ကပ်ငြှိုနေတာကြောင့် မျက်တောင်ခက်လိုက်တိုင်း မျက်လုံးထဲသို့အမှုန်တွေက ၀င်၀င်လာသည်။
အံကိုတင်းတင်းကြိတ်ရင်းနှင့် ရှေ့သို့ ဆက်လျှောက်နေမိပေမဲ့ အားအင်တွေကတဖြည်းဖြည်းယုတ်လျော့လာသည်။

"ဖြူလုံး....သမီးလေး..."

ခေါ်သံကြား၍ အရှေ့ကို ကြည့်လိုက်မိတော့ ဖြာထွက်လာသည့် အလင်းတန်းတစ်ခုကြောင့် မျက်လုံးတွေကို မှိတ်ချပစ်လိုက်မိသည်။
ဘာကြောင့်အလင်းတန်းတွေ ဖြာကျလာသလဲဆိုတာနဲ့ ခေါ်နေတာဟာ ဘယ်သူလဲဆိုတာကို သိချင်စိတ်ပြင်းပြနေမိလေသည်။

"သမီးလေး....မေမေ့ဆီကို လာခဲ့ပါ..."

မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး အလင်းတန်းကိုတန်ပြန်ဆိုက်ကြည့်လိုက်မိတော့ ဘယ်သူမှရှိမနေပဲ အလင်းတန်းကြီးဆီမှ အသံကိုသာ ကြားနေရလေသည်။

"...ဘယ်သူလည်း...."

"သမီးရဲ့မေမေလေ...မေမေ့ဆီကို မလာချင်ဘူးလား...."

"ဘာတွေ ပြောနေတာလဲ...ကျွန်မရဲ့မေမေက ဆုံးသွားတာ ကြာပြီလေ...ရှင်ကကျွန်မရဲ့ အမေ
မဖြစ်နိုင်ဘူး..."

"မေမေက သမီးလေးရဲ့နှလုံးသားထဲမှာ အမြဲရှိနေတာပါကွယ်...မေမေ့ဆီကိုသာ လာခဲ့ပါ...မေမေ့ဘ၀ကြီးထဲကိုသာ ၀င်လာခဲ့ရင် သမီးလေး
ဒုက္ခဆင်းရဲတွေကနေ လွတ်မြောက်ပြီး တစ်သတ်လုံးငြိမ်းအေးသွားမှာပါ...သမီးလေးကို ဘယ်သူကမှဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး...."

"ရှင်...တကယ်ပြောနေတာလား..."

"တကယ်ပေါ့....မေမေ့ဆီကိုသာလာခဲ့ပါ..."

ရုတ်တရက်ဆိုသလို ဖြာထွက်နေသော အလင်းတန်းထဲမှ အမျိုးသမီးတစ်ယောက်ထွက်လာလေသည်။သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ အရောင်အဝါတွေဟာတဖြတ်ဖြတ်ထွက်ပေါ်နေပြီး သူမရဲ့မျက်နှာကလည် အေးချမ်းမှုအတိ
ဖုန်းလွှမ်းနေ‌လေသည်။

"အန်တီက သမီး‌ရဲ့ အမေလား..."

ဖြူလုံးမေးလိုက်သော စကားကိုဘာမျှပြန်မပြောပဲ ခေါင်းသာငြိမ့်ပြလေသည်။ပြီးတော့ ဖြူလုံးကိုပြုံးပြလာသည်။

"ဖြူလုံး...ဖြူလုံး...ကိုကြီးခေါ်နေတာကြားလား..."

ကိုကြီးရဲ့ ခေါ်သံကိုကြားလိုက်ရတဲ့အချိန်မှာ ဖြူလုံးရဲ့ခန္ဓာကိုဟာ ရေခဲထုကြီးထဲမှာ စိမ်နေရသလို အရမ်းအေးစက်လာသည်။
အရမ်းမောလာသလိုခံစားရပြီး တကိုယ်လုံးနာကျင်လာသလိုပဲ။

"ဖြူလုံး....ကိုယ်ခေါ်နေတယ်လေ...ဖြူလုံး...."

ခေါ်သံကိုပဲ ကြားနေရပြီး လူကိုဘာကြောင့်မတွေ့ရတာလဲ ။ကိုကြီးရဲ့ခေါ်သံကို ကြားလိုက်တာနဲ့ ရင်ဘတ်ထဲမှာ တည်ငြိမ်နေတဲ့ နှလုံးခုန်နှုန်းတွေက တစ်အားကို မြင့်တက်လာတယ်။

"သမီးလေး....မေမေ့ဆီကိုသာ လာခဲ့ပါ..."

"ဖြူလုံး....ကိုကြီးခေါ်နေတယ်လေကွာ...ဖြူလုံး
..."

"သမီးလေး..."

"အား..!!!!!!"

ဝေခွဲမရဖြစ်လာတဲ့အဆုံးမှာ ကြားနေရတဲ့အသံတွေကို ရပ်တန့်ပစ်လိုက်ဖို့ နားကို လက်နှစ်ဖက်နဲ့ပိတ်ပြီး နှင်းထုကြီးအ‌ပေါ်မှာပဲ ဒူးထောက်ကာ ထိုင်ချလိုက်မိသည်။ဖြူလုံးငိုချင်နေပေမဲ့ မျက်ရည်ကကျမလာခဲ့ဘူး။

ဖြူလုံးဘယ်နေရာကိုရောက်နေတာလဲ။
ဘာကြောင့် ကိုကြီးရဲ့အသံကိုပဲ ကြားနေရပြီး
လူကိုဘာ‌ကြောင့်မတွေ့ရတာလဲ။ဒါမှမဟုတ် ဖြူလုံးကိုယ်တိုင်ကိုက မြင်ချင်စိတ်မရှိလို့ မမြင်ရတာလား။ကိုကြီးရဲ့အသံက ၀မ်းနည်းနေသလိုပဲ။
အရမ်းကိုတုန်ယင်နေတယ်။အဲ့ဒီ့၀မ်းနည်းမှုတွေက ဖြူလုံးအတွက်လား။

"သမီးလေး ဆုံးဖြတ်ပါ...ကိုယ့်ရဲ့နှလုံးသားဦးတည်ရာက ဘယ်ကိုညွှန်ပြနေသလဲဆိုတာ သမီးအသိဆုံးပါ..."

မှိတ်ထားမိတဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်မိတော့ မေမေကပြုံးပြီး ဖြူလုံးကိုလက်ယက်လှမ်းခေါ်နေသည်။မေမေ့နောက်ကို လိုက်သွားမိရင်
ကိုကြီးက‌ရော။

"သမီး....ကိုကြီးကိုချစ်တယ်...သမီးသူနဲ့မခွဲနိုင်ဘူး...သမီးမေမေ့နောက်ကို မလိုက်ပါရစေနဲ့လား"

ဖြူလုံးရဲ့စကားကို မေမေကစိတ်မဆိုးတဲ့အပြင်
ကြင်နာစွာပြုံးပြလာပြီး နှင်းထုအပေါ်မှာ ဒူးထောက်ထိုင်နေမိသော ဖြူလုံးရဲ့ဆံစလေးတွေကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။

"သမီးလေးပျော်ရင် မေမေကျေနပ်ပါတယ်..."

ဖြူလုံးရဲ့ပါးလေးကို နမ်းလိုက်ပြီးနောက် မေမေ့ရဲ့ခန္ဓာကိုယ်ဟာ အရိပ်သဏ္ဍန်ဖြစ်ကာ ချက်ချင်းပျောက်ကွယ်သွားလေသည်။
ဖြူလုံးရဲ့မျက်၀န်းမှလည်း မျက်ရည်တွေအတိုင်းမသိကျဆင်းလာမိသည်။
လူမှန်းသိတတ်စအရွယ်တည်းက မိခင်မေတ္တာကိုတစ်ခါဖူးမျှမခံစားခဲ့ရတဲ့ ဖြူလုံးဟာ
အခု အခွင့်အရေးရပြန်တော့လည်း မေမေ့နောက်ကို လိုက်ဖို့ ငြင်းဆန်လိုက်မိပြီ။
ဖြူလုံးသိပ်မှားသွားမိပြီလား။

"အမေ...အမေ့!!!!"

"ဖြူလုံး...ဖြူလုံး...သတိရလာပြီလား..."

ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်းအလှုပ်ခံလိုက်ရတာကြောင့် မျက်လုံးတွေကိုအားယူပြီး ဖွင့်ကြည့်လိုက်မိသည်။ပထမဦးဆုံးမြင်လိုက်ရတာက မျက်လုံးထဲမှာ စူးသွားတဲ့နေရောင်ခြည်အလင်းတန်းလေး။နေရောင်ကို မခံနိုင်တာကြောင့် မျက်၀န်းတွေကိုပြန်မှိတ်လိုက်မိသည်။ရုတ်တရက်ဖြူလုံးရဲ့ခန္ဓာကိုယ်ဟာ တစ်ယောက်ယောက်ပွေ့ချီလိုက်တာကြောင့် လေထဲကိုမြောက်တက်သွားသလို ခံစားလိုက်ရလေသည်။

"ဆရာဒေ၀...မြို့ထဲဘက်တော့ ပြန်လို့အဆင်ပြေမှာမဟုတ်ဘူး...လမ်းကကျဉ်းတော့ ကျွန်တော်တို့ကားတွေကလည်း  နောင်ကိုပြန်ဆုတ်လို့မဖြစ် တော့ဘူး...ကလေးမလည်း သတိရနေပြီပဲ ဆရာတို့ တည်းတဲ့နေရာအထိသာခေါ်သွားလိုက်ပါ...ကျွန်တော်တို့အနောက်က လိုက်လာခဲ့မယ် ကားတွေအကုန်သွင်းပြီး ကျောက်တွေ၊သဲတွေအကုန်သွန်ပြီးတော့မှ ကျွန်တော်တို့ကားတွေပြန်ထွက်မှာ အဲ့တော့မှအနောက်က အသာလိုက်ခဲ့ပေါ့..."

"ဟာ...အဲ့ဒါဆိုမိုးချုပ်သွားမှာပေါ့ဗျာ...တောင်လမ်းကကျဉ်းတယ် ခင်ဗျားတို့လညး မနက်ဖြန်မှပြန်ကြပါ...ညဘက်ဆို အန္တရယ်ရှိတယ်
...ပြောနေတာကြာတယ်ဗျာ...အဆင်ပြေသလိုပဲ ကြည့်လုပ်ရမှာပေါ့....ကျုပ်အရင်သွားနှင့်ပြီ...."

နားထဲမှာ ကြားနေတဲ့ကိုကြီးရဲ့စကားသံတွေရယ်နွေးထွေးလွန်းနေတဲ့ ခံစားချက်ရယ်နဲ့အတူ
ဖြူလုံးရဲ့ဘယ်ဘက်ပခုံးနဲ့ထိတွေ့နေတဲ့  
မြန်ဆန်လွန်းနေသော နှလုံးခုန်နှုန်းတွေက ဖြူလုံးရဲ့မျက်၀န်းတွေကို ဖွင့်ဖို့တွန်းအားပေးနေလေသည်။

မျက်၀န်းတွေကို ခပ်မှေးမှေးဖွင့်လိုက်ပြီးနောက် အောက်မေးရိုးမှ မြင်နေရသော ကိုကြီးရဲ့မျက်နှာ၊
ဖြူလုံးကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာ နာကျင်
၀မ်းနည်းနေသော မျက်၀န်းအကြည့်တွေနဲ့ ပြုံးလိုက်တဲ့ နှုတ်ခမ်းတစ်စုံ၊ပြီးတော့ ခပ်မြန်မြန်လေး လမ်းလျှောက်နေတဲ့ ရွေ့ရှားမှုတွေဟာ ဖြူလုံးကိုလည်း ပြုံးမိစေပါတယ်။
တစ်ချက်တစ်ချက် အာရုံကြောတွေဟာ
တုန့်ဆိုင်းသွားပြီး ကိုကြီးရဲ့မျက်နှာကို မြင်ရလိုက်၊မမြင်ရလိုက်ဖြစ်နေလေသည်။

အချိန်အနည်းငယ်အကြာမှာ မျက်၀န်းတွေကို ပြန်ဖွင့်လိုက်မိတဲ့အချိန်မှာ ဖြူလုံးဟာကိုကြီးရဲ့ကားအရှေ့ခန်းမှာရောက်နေလေပြီ။ဖြူလုံးကို ခါးပတ်ပတ်ပေးနေတဲ့ ကိုကြီးရဲ့ပါးပြင်မှရသည့် ရနံ့တစ်မျိုးကိုလည်းအနီးကပ် ရှူရှိုက်လိုက်မိသည်။

"အား....!!!!"

"ဖြူလုံး...ခေါင်းကိုက်လို့လား..."

မျက်စိမဖွင့်နိုင်ပေမဲ့ ဖြူလုံးရဲ့ဦးခေါင်းကို လာထိကိုင်နေတဲ့ လက်တစ်စုံကိုတော့ အာရုံခံစားမိလိုက်သည်။ဖြူလုံးဘာမှမပြောနိုင်သလို့ ပြောဖို့လည်းအားမရှိဘူး။တစ်ကိုယ်လုံးလည်း ကိုက်ခဲနာကျင်နေပြီးလှုပ်တောင် မလှုပ်ချင်တဲ့အထိပဲ။
ကိုယ့်ကိုကိုယ် သတိမလွတ်သွားဖို့တောင် မနည်းထိန်းနေရတယ်။

"ခေါင်းကိုက်ရင်...မှေးနေလိုက်နော်...တဲဆီကို မကြာခင်ပြန်ရောက်တော့မှာပါ..."

ကိုကြီးရဲ့စကားသံအဆုံးမှာ ခံစားနေရသော ဝေဒနာတွေအားလုံးကို အိက်စက်ခြင်းနဲ့သာ ချုပ်ငြိမ်းလိုက်မိလေသည်။ဒီတစ်ခါအိပ်စက်ခြင်းမှာတော့ ဘယ်လိုအိပ်မက်မျိုးမှလည်း ပေါ်ပေါက်မလာတော့သလို ဘယ်လိုအလင်းတန်းမျိုးမှလည်း သာညီးမနေတော့ပေ။အမှောင်ထုကြီးကသာ လွမ်းမိုးသွားလေပြီ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကားလေးတစ်စီးဟာ တောင်ကြားလမ်းလေးအတိုင်း တစ်ဖြည်းဖြည်းမောင်းနှင်လာပြီးနောက်
ကုန်းကိုကျော်တက်ကာ ဟိုတယ်ဆောက်လုပ်ရေးနေရာနှင့် တစ်ဖြေည်းဖြည်းနီးကပ်လာလေသည်။

ဒေ၀က သူ့တဲနဲ့ ခပ်လှမ်းလှမ်းနေရာ၌ ကားကိုရပ်လိုက်တယ်ဆိုရင်ပဲ စိတ်ပူပြီးစောင့်နေကြသူတွေဟာ ထိုကားအနားသို့ ဝိုင်းအုံလာကြလေသည်။
ဦးလူထိန်က ကားတံခါးကို ဆွဲဖွင့်လိုက်ပြီးနောက်မှာ ဒေ၀ကတော့ ယာဉ်မောင်းဘက်အခြမ်းမှ တံခါးကိုဆွဲဖွင့်၍အပြင်ကို ထွက်လိုက်သည်။

"ကျွန်တော် ပွေ့မယ်..."

ဦးလူထိန်ဟာ သတိလစ်နေသောဖြူလုံးအား ခါးပတ်ကြိုးဖြုတ်ပေးလိုက်ပြီးနောက် ပွေ့ချီဖို့လုပ်တော့ ဒေ၀ကအချီမခံပဲ ချက်ချင်းပြေးလာလေသည်။
သတိလစ်မေ့မျောနေသည့်အပြင် သွေးမရှိတော့လောက်အောင် ဖြူဖက်နေတဲ့ ကလေးမလေးကို ဒေ၀လည်း ချက်ချင်းပွေ့ချီလိုက်ပြီး တဲအထဲသို့၀င်လာလိုက်သည်။

ဦးလူထိန်အပြင် ဦးထက်မြတ်တို့မိသားစုနှင့် လူကြီးအချို့ဟာ တဲထဲသို့အတူ လိုက်ပြီး၀င်ကြလေသည်။
တဲအ၀မှနေ၍ စိတ်၀င်တစားကြည့်နေသူတွေကလည်း အများသားပင်။

"သတိမေ့နေတာလား...ဘယ်လိုလုပ်ကြမလဲ...
ဆရာ၀န်ပြရအောင်လည်း အဆင်မပြေဘူး..."

"ဟုတ်တယ်...ကားပေါ်မှာတုန်းက သတိလည်လာသေးတယ်...အခုပြန်ပြီးတော့သတိမေ့သွားတာ...တောင်တက်လမ်းဘေးကုန်းဆင်းကြီးမှာ လိမ့်ကျနေတာတဲ့...နှင်းတွေတောင် ခန္ဓာကိုယ်ပေါ်မှာအုပ်‌နေတယ်ဆိုတော့...လိမ့်ကျတာအတော်ကြာခဲ့မှာသေချာတယ်..."

"ဒီလောက်အဝေးကြီးအထိရောက်လိမ့်မယ်လို့ တကယ်ကိုမထင်ထားခဲ့မိဘူး... ခရီးအဝေးကြီးကို သူတစ်ယောက်တည်းသွားတာတော့မဖြစ်နိုင်ဘူး..
ကားကလည်း ဒီမှာကဆရာ့ကားရယ်..
ဦးထက်မြတ်တို့ကားရယ်....ဒေါက်တာမလေးတို့ကားရယ်ပဲ ရှိတာဆိုတော့...ဆရာ...."

ဦးလူထိန်က ဒေ၀ကိုအဓိပ္ပာယ်ရှိသော အကြည့်တစ်ခုနဲ့ကြည့်လိုက်လေသည်။
ဒေ၀လည်း အဖြေမှန်တစ်ကို သေချာလေးခန့်မှန်းလိုက်မိသည်မို့ အလွန်ဒေါသထွက်သွားလေသည်။သို့ပေမဲ့ ဖြူလုံးကိုသတိရအောင် လုပ်ရမည့်အရေးက ခေါင်းထဲသို့ရောက်လာသည်မို့ ဖြူလုံးဆီသို့သာ အာရုံဆိုက်လိုက်သည်။

"ဖြူလုံး...ဖြူလုံး...."

"ခြေမကိုချိုးကြည့်ပါလား..."

ခြေမကိုချိုးလည်း သတိမလည်လာတာကြောင့်ဒေ၀ဟာ ဖြူလုံးရဲ့ ပါးလေးကိုပုတ်ပြီနှိုးလိုက်‌သည်။
လုံး၀မနိုးလာတာကြောင့် စိတ်ဓာတ်တွေက အလွန်ကျနေမိသည်။

"ဟို...ဖြူလုံးရဲ့အစ်မ..ဆရာ၀န်အစ်မကြီးကိုခေါ်လိုက်ပါလား...သူဆိုရင်တစ်ခုခုလုပ်ပေးနိုင်မှာ သေချာတယ်..."

ထပြောလိုက်သူမှာ မြတ်ချယ်ဖြစ်နေလေသည်။ဒေ၀ရဲ့ မွေ့ယာလေးပေါ်မှာ လဲနေသော သူငယ်ချင်းရဲ့လက်ကလေးကို တစ်ချိန်လုံးကိုင်ထားမိရင်း မဝံ့မရဲနဲ့အကြံပေးမိလေသည်။

"ဟုတ်တယ်...ဆရာ...သူကဆရာ၀န်ဆိုတော့ ပိုသိမှာပေါ့..."

"ဦးလူထိန်...ခင်ဗျားလည်း သူတို့အကြောင်းကိုရိပ်မိနေရက်သားနဲ့ဗျာ...ဖြူလုံးကိုတစ်ခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ ပြန်ကောင်းမလာပဲ
ပိုဆိုးသွားမှ ဒုက္ခရောက်နေမယ်...."

"ဆရာရယ်...သန်းခေါင်ထက်တော့ညဉ့်မနက်တော့ပါဘူး..တကယ်လို့ဒေါက်တာမလေးက
ဒီကိစ္စကို မလုပ်ရင်ရော...ဘာပဲဖြစ်ဖြစ်ဆရာရယ်...ဆရာ၀န်တစ်ယောက်ကတော့ သူကုတဲ့လူနာကို ပြန်မသ တ်လောက်ပါဘူး...
နောက်ဆုံးမဲအနေနဲ့ ကျွန်တော်တို့ဒါကို ဆွဲထုတ်နိုင်မှဖြစ်လိမ့်မယ်...
ဖြူလုံးကို ကယ်နိုင်တာ သူပဲရှိတော့တာ မဟုတ်ဘူးလား...နောက်ပြီးကျွန်တော်တို့လည်း ဘေးမှာရှိနေမှာပဲ သူဘာလုပ်နိုင်မှာလဲ..."

ဒေ၀လည်း ဇောချွေးတွေမျက်နှာမှာ ပြန်လာတာကြောင့် မျက်မှန်ကိုချွတ်လိုက်ပြီး  ချွေးတွေကို လက်ဖဝါးနဲ့အကြိမ်ကြိမ်အခါခါ ပွတ်နေမိသည်။
အာရုံတွေလည်း အရမ်းရှုပ်ထွေးလာပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုး ချရင်ကောင်းမလဲဆိုတာကို တွေးရင်း ချီတုံချတုံဖြစ်နေမိသည်။

နောက်ဆုံးမှာတော့ သူစမ်းကြည့်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။သူချစ်ရတဲ့ မိန်းကလေးအသက်မဆုံးရှုံးရအောင် ရန်သူကို အကူအညီတောင်းရတော့မှာပဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဒေါက်တာ...ဒေါက်တာရေ..."

ဦးလူထိန်ရဲ့ ခေါ်သံကြောင့်  ငွေပန်းချီနဲ့ ရွှေပန်း
ချီတို့ ညီအစ်မ‌တစ်တွေဟာ တဲထဲတွင် အနားယူနေရာမှ တံခါးဇစ်ကို ဆွဲချပြီး အပြင်ထွက်လာကြလေသည်။

"ဦးလူထိန်ပါလား.....ဘာလဲ..ကျွန်မတို့ပြန်လို့ရပြီလား..."

"မဟုတ်ဘူး...ဒေါက်တာရဲ့ ကျွန်တော်တို့လာတာက တစ်ခြားကိစ္စ..."

တစ်ခြားကိစ္စလို့ပြောလိုက်တာကြောင့် အပြစ်လုပ်ထားသော ရွှေဟာ အစ်မဖြစ်သူရဲ့ လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်လေသည်။ငွေကတော့ အရှေ့ကိုခြေတစ်လှမ်းတိုးလိုက်သည်။

"ဘာကိစ္စလည်း ဦလူထိန်ရဲ့ ကျွန်မဆီကိုခုဏကပဲ ဆေးရုံကနေမက်စေ့‌ခ်ျရောက်လာတယ်...ညကျရင် အရေးကြီးခွဲစိတ်ခန်း၀င်ရမှာမို့လို့ အမြန်ပြန်မှဖြစ်မယ်......"

"ဆရာမရဲ့ကိစ္စက ညရောက်မှပဲဥစ္စာ...
အခုလောလောဆယ်ဖြူလုံးကို လိုက်ကြည့်ပေးစမ်းပါဗျာ...သတိလစ်နေလို့ နှိုးလို့လဲမရဘူး...
ညတုန်းကတစ်ညလုံး နှင်းတောထဲမှာ ဖြစ်ခဲ့ပုံရတယ်...
လိုက်ကြည့်ပေးစမ်းပါဗျာ..."

"ဖြူလုံး...ဖြူလုံးကိုပြန်တွေ့တယ်ဟုတ်လား...."

‌"ရွှေ...နင်ကဘာလို့အလန့်တကြားဖြစ်နေရတာလဲ..."

ထအော်လိုက်တဲ့ ရွှေကြောင့် ငွေပန်းချီလည်း လန့်သွားလေသည်။

"ဘာမှမဟုတ်ပါဘူး..ငါ...အရမ်း၀မ်းသာသွားလို့ပါဟာ..."

ရွှေဟာ ရင်ထဲမှာအပူမီးတောက်ကြီးထလာပေမဲ့ အပြုံးတုကိုသာ ပန်ဆင်ထားလိုက်မိလေသည်။
ဖြူလုံးသာသတိရလာရင် တရားခံကရွှေဆိုတာ လူတိုင်းသိသွားကြမှာပဲ။အဲ့ကြရင်ဘယ်လိုလုပ်မလဲ။ရုံးရောက် ၊ဂတ်ရောက်တွေဖြစ်ကုန်ရင် ဖေဖေတော့ ရွှေ့ကိုအရမ်းဒေါသထွက်နေမှာ သေချာတယ်။ဘယ်လိုလုပ်ရမလဲ။မမကိုတိုင်ပင်လိုက်ရင်ရော။

"ဦးလူထိန်တို့သွားနှင့်ပါ...ကျွန်မဆောင်လာတဲ့ဆေးလေးနဲ့ နားကျပ်လေးတော့ပါတယ်...အများကြီးအစားကြီးတော့ ကျွန်မထည့်မလာမိဘူး..."

"ဟုတ်ကဲ့...ကျွန်တော်တို့ဆီမှာလည်း အလုပ်သမားတွေ အနာတရဖြစ်ရင် သုံးဖို့စုထားတဲ့ ဆေးအနည်းငယ်တော့ ရှိပါတယ်...အရေးအကြောင်းဆိုရင် အနီးကပ်ကြည့်ရှု‌ ပေးရအောင်သူနာပြုဆရာမခေါ်ထားမလို့စဉ်းစားနေကြတာပါ...အခုတော့ စောစောစီးစီးဆေးကုဖို့လိုလာပြီး ကျွန်တော်တို့ ဒီကနေပဲစောင့်နေမယ် ရမလား..."

ဦးလူထိန်လည်း ကုပေးချင်အောင် စကားရော၊ဖောရောလိုက်လုပ်မိလေသည်။ဒီနေရာမှာ ဆရာဒေ၀သာဆိုရင် ဒီလိုစိတ်ရှည်ရှည်စကားပြောနေမှာ မဟုတ်လောက်ဘူး။

"ဟုတ်ကဲ့....ရပါတယ်...ခဏနော်"

ငွေပန်းချီဟာ နေရာတိုင်းသူဆောင်သွားတတ်သည့် နားကျပ်နဲ့ဆေးအနည်းငယ်ကို တဲအထဲသို့၀င်ယူနေစဉ်မှာပဲ ရွှေပန်းချီကလည်း သူမနည်းတူ တဲအထဲသို့၀င်လိုက်ကာ အစ်မဖြစ်သူရဲ့ဘေးနားမှာ ကပ်ထိုင်လိုက်လေသည်။

"မမ...နင့်ကိုငါပြောပြစရာရှိတယ်..."

သူမယူရမဲ့အထုပ်ကို ဆွဲထုတ်လိုက်ပြီးနောက် ရွှေ့ဘက်သို့ လှည့်ကြည့်လိုက်တော့ ရွှေ့မျက်နှာက အပြစ်တစ်ခုခုလုပ်ထား၍ ကြောက်ရွံ့နေသည့်ပုံပေါ်လေသည်။

"မမ...နင်ဖြူလုံးကို ကယ်လို့မရဘူး...နင်သူ့ကိုကယ်ရင် ငါဒုက္ခရောက်လိမ့်မယ်..."

ရွှေပန်းချီက အစ်မဖြစ်သူကြားရုံလောက်လေးသာ တိုးကပ်ပြီးပြောလိုက်သည်။နားမလည်နိုင်သည့်ပုံစံနှင့် ငွေကပြန်ကြည့်လိုက်တော့ သူမရဲ့နားအနားသို့ ကပ်ကာ ဦးလူထိန်တို့မကြားအောင် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်လေသည်။
ရွှေ့ရဲ့စကားအဆုံးမှ ငွေ့မျက်လုံးတွေ ပြူးကျယ်သွားရလေသည်။ရွှေ့မျက်နှာကိုလည်း မယုံကြည်နိုင်စွာ ပြန်ကြည့်မိသည်။

"လုပ်ရပ်လိုက်တာရွှေရယ်...ငါနင့်ကိုအဲ့ဒီလိုလုပ်ဖို့ ပြောခဲ့သလားဟယ်...ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့အသက်လေ...နင်ဘာလို့လွယ်လွယ်..."

"တိုးတိုးပြောစမ်းပါဟာ...ဟိုလူကြီးတွေအပြင်မှာရှိတယ်လေ...ကြားကုန်လိမ့်မယ်..."

"ဘာပဲဖြစ်ဖြစ်ရွှေ...နင်လုပ်ထားတဲ့အမှားကို ငါကအနောက်ကနေ မြှောက်ထိုးပင့်ကော်လုပ်မပေးနိုင်ဘူး...ငါဖြူလုံးကိုမရရအောင်ကယ်မယ်...ပြီးတော့ ငါ့နည်းငါ့ဟန်နဲ့ နင့်ကိုအပြစ်လွတ်အောင်လုပ်ပေးကြည့်မယ်...ကျန်တာကတော့ ကံတရားပဲ...နောက်ပြီး ဖြူလုံးကပြောလိုက်ရင်တောင် နင်လုပ်တယ်ဆိုတဲ့ မျက်မြင်သက်သေက မရှိသေးတဲ့အတွက် နင်ခဏတော့လွတ်နိုင်သေးတယ်...ငါတို့ဒီည ဒီကနေ ရအောင်ထွက်ပြီးရင်တော့..ကံတရားကနင့်ဘက်မှာ အလေးသာနေသေးတယ်လို့ ပြောလို့ရတယ်...."

"ဒါပေမဲ့ ငါကြောက်တယ်ဟ...ဖြူလုံးကိုထိန်းချုပ်လို့ရနိုင်ရင်တောင် ကို‌ဒေ၀ကိုတော့ ထိန်းချုပ်လို့ရမဲ့ပုံမပေါ်ဘူး..."

"နင်အစတည်းက ဒါတွေကိုထည့်တွက်သင့်ပါတယ်ရွှေရယ်...ဖြူလုံးကလည်း အခုတစ်ခါတော့ နင့်ကိုခွင့်လွှတ်ပေးနိုင်ပါအုံးမလား...သူ့အသက်သေမလိုဖြစ်ထားတာလေ...ဘယ်သူက ကိုယ့်ကိုလုပ်ကြံတဲ့လူကို ခွင့်လွှတ်ပေးနိုင်ပါ့မလဲ..ငါကိုကမှားတာ သွေးစိုးတဲ့နင့်အရှေ့မှာ
ညီးတွားမိတဲ့...ငါမှားတာပါဟယ်..."

"အစ်မရယ်...နင့်မှာတစ်ခြားနည်းလမ်းတစ်ခုခု
မရှိတော့ဘူးလား...."

ငွေ့မှာခေါင်းခြောက်အောင် စဉ်းစားလိုက်မိပြီးနောက် အကြံတစ်ခုကို‌တွေးလိုက်မိလေသည်။
ကျေးဇူးတရားနဲ့ ချည်နှောင်လိုက်ရင် ဖြူလုံးလို ကလေးတစ်ယောက်က လွယ်လွယ်နဲ့စိတ်ပျော့တတ်မှာသေချာတယ်။အရင်တစ်ခါ ရေကူးကန်ကကိစ္စမှာလည်း ကလေးဆိုတော့ ဘာမှသိပ်
အထွန့်မတတ်ရဲခဲ့ဘူး။လူကြီးက မပြောနဲ့ဆိုပြီး ခြိမ်းခြောက်တော့လည်း ကြောက်သွားတာပဲ မဟုတ်ဘူးလား။နောက်ပြီး ဖြူလုံးရဲ့အဖေက
ငွေတို့နဲ့လည်း ဦးလေးတော်တာပဲ ။

"ဒေါက်တာရေ...မြန်မြန်လေးလုပ်ပါဗျာ...လူနာကအရမ်းအရေးကြီးနေလို့ပါ..."

"အစ်မလုပ်ဦး "

"နင်စိတ်မပူနဲ့ ငါ့မှာနည်းလမ်းရှိတယ်...."

"ဟုတ်ကဲ့လာပါပြီရှင်...."

ညီမဖြစ်သူရွှေကိုလည်း နှစ်သိမ့်စကားကို
ခပ်တိုးတိုးပြောလိုက်ကာ တဲအပြင်သို့အတူထွက်လိုက်ကြလေသည်။
ကိုဒေ၀ရှိရာတဲကို သွားနေစဉ်တစ်လျှောက်လုံးမှာလည်း ငွေ့စိတ်ထဲမှာ အတွေးပေါင်းစုံနဲ့
ရောက်ယှက်ခတ်နေလေသည်။တကယ်လို့ ငွေ့ရဲ့အစီအစဉ်သာ မအောင်မြင်ခဲ့ရင် ညီမလေးဒုက္ခရောက်မှာ သေချာတယ်။ဖြူလုံးကရော လက်ခံပေးနိုင်ပါ့မလား။

အခန်း၄၇>>>ဆက်ရန်

🍁🍁🍁🍁🍁🍁🍁


=========================================================================

အခန်း၄၇
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

နေမင်းကြီးက ထိန်ထိန်သာနေပေမဲ့ တောင်ပေါ်မှာတော့ လေ‌ပြေနုအေးဟာတစ်ဟူးဟူးတိုက်ခတ်လာပြီး အေးချမ်းမှုကို ဖြစ်ထွန်းစေသည်။ဥတုရာသီဟာ ဘယ်လောက်ပဲအေးချမ်းမှု အတိဖုန်းလွှမ်းနေပါစေ ဒေ၀၏တဲထဲတွင် ရှိနေကြသောလူများ၏ စိတ်အစဉ်ကတော့ ပူလောင်မှုနှင့်သာ လောင်မြိုက်နေလေသည်။ ဖြူလုံးဆိုတဲ့ ကလေးမကို မသိသူတွေကတောင် သတိလစ်မေ့မျောနေသော ပုံစံလေးကိုကြည့်ပြီး အသနားပိုမိကြသောကြောင့်ဖြစ်ကြသည်။

အဝါရောင်အဖူးအပွင့်လေး အနည်းငယ်သာကျန်တော့သော ငုဝါပင်ကြီးအထက်မှ နှင်းခဲကြီးတွေဟာ နေခြည်၏အနွေးဓာတ်ကို မခံနိုင်သည့်အဆုံး ရေအဖြစ်ပြောင်းလဲကာ မြေပြင်ပေါ်သို့တစ်စက်စက်ကျနေလေတော့သည်။ငွေပန်းချီနဲ့ ရွှေပန်းချီဟာ မြေပြင်မှာရေစက်ကျ၍ အကွက်လိုက်ကြီးဖြစ်နေသော နေရာကို အမှတ်မထင်တက်နင်းလိုက်မိလေသည်။သူမတို့ရဲ့ ဦးတည်ရာကတော့ ဒေ၀၏တဲရှိရာဆီသို့ ဖြစ်လေသည်။

"ဒေါက်တာလာပြီ..ခဏဘေးဖယ်ပေးကြပါဗျာ..."

"မျိုးဆွေ...မင်းဖယ်လေကွာ..."

"အော်...ဟုတ်သားပဲ..."

အင်ဂျီနီယာ ကိုမျိုးဆွေက မွှေ့ယာအပေါ်မှာ
မေ့မျောနေသော ဖြူလုံးကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေမိရာမှ လူအုပ်တွေအကုန်ဖယ်သွားလည်း ငူငူကြီးရပ်ကျန်နေလေသည်။
ထမင်းချက် ဦးပုတုက ခြေထောက်ကို အသာလှမ်းကန်လိုက်ခါမှ သတိလည်ပြီး လမ်း‌ဖယ်ပေးတော့သည်။

မြတ်ချယ်ကတော့ သူငယ်ချင်းမလေးရဲ့ ဘေးနားမှ တစ်စက်မှမခွာပဲ မွေ့ယာလေးဘေးမှာ ကြုံ့ကြုံ့လေးထိုင်နေမိသလို နှောင်ဇွဲကလည်း မြတ်ချယ်ရဲ့ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ပြီး စိတ်မကောင်းဖြစ်နေလေသည်။
ကဝိကတော့ မတ်တပ်ရပ်နေတာမှာ တုပ်တုပ်မျှ
မလှုပ်ပေ။

ငွေပန်းချီဟာ သူယူလာသည့် အိတ်ထဲမှ နားကျပ်ကိုထုတ်လိုက်ပြီးနောက် လည်ပင်းမှာ ချိတ်လိုက်သည်။ဖြူလုံးရဲ့လက်တွေနဲ့ ခြေသလုံးတွေကို သေချာစစ်ကြည့်လိုက်သည်။ပွန်းပဲ့ထိခိုက်ထားတာတွေရှိနေပေမဲ့ အရမ်းမပြင်းထန်ဘူး။

"ဓာတ်မီး...ဓာတ်မီးရှိလား..."

"ရှိတယ်...ရှိတယ်..သွားယူပေးမယ်..."

"ဒီမှာ..ရော့"

ဓာတ်မီးကို လှမ်းယူလိုက်ပြီးနောက် ပေးတဲ့လူကိုကြည့်လိုက်မိတော့ ကိုဒေ၀ဖြစ်နေလေသည်။
ငွေနဲ့အကြည့်ချင်းဆုံသွားတဲ့အခိုက်မှာ သူ့မျက်၀န်းတွေထဲမှ မယုံသင်္ကာဖြစ်မှုတွေကို ခံစားလိုက်ရသည်။

ငွေ့ရင်ထဲမှာ စိတ်မကောင်းဖြစ်မိသွားပေမဲ့ သူ့ဆီမှ အကြည့်လွှဲလိုက်ပြီး ဖြူလုံးရဲ့မျက်လုံးတွေကို အနည်းငယ်ဖြဲကာ မီးထိုးကြည့်လိုက်သည်။
မီးရောင်ကြောင့် ဖြူလုံးရဲ့မျက်လုံးသူငယ်အိမ်က အနည်းငယ်ရွေ့လျှားသွားလေသည်။
နားကျပ်ကို နားမှာတပ်လိုက်ပြီး ဖြူလုံးရဲ့လက်တံကောက်ကွေးနေရာကို အားနဲ့ဖိထားလိုက်သည်။
သွေးပေါင်ချိန်တိုင်းတဲ့စက်မပါပေမဲ့ သွေခုန်နှုန်းကို အသံနဲ့ခန့်မှန်းကြည့်လိုက်သည်။

"ဘေးတစောင်းအနေအထားနဲ့ ထိန်းပေးထားပါ..."

ဘေးမှာထိုင်နေသည့် မြတ်ချယ်ကိုပြောလိုက်ပေမဲ့ ကုတ်အိင်္ကျီလက်ရှည်ကို၀တ်ထားသော ဒေ၀၏လက်ကအရင်ရောက်လာပြီး ဖြူလုံးကိုဘေးစောင်းပေးထားလာသည်။
ငွေလည်း အတတ်နိုင်ဆုံး စိတ်လှုပ်ရှားမှုကို
လစ်လျှူရှုထားလိုက်ကာ အဆုတ်ရှိသောနေ‌ရာမှာ နားကျပ်ကိုကပ်လိုက်သည်။

"အဆုတ်ကတော်တော် အားနည်းနေတယ်...အမှန်တော့ဒီအခြေအနေမှာ ဆေးရုံတင်တာကပိုကောင်းတယ်...လူနာကဖြူဖက်နေတာဟာ သွေးလည်ပတ်မှုတုန့်ဆိုင်းနေတာပါ..."

"ဒီကြားထဲမှာ သတိပြန်လည်လာသေးလား..."

"နေ့ခင်းကတော့ သုံးခါလောက်သတိပြန်ရလာသေးတယ်..."

ငွေပန်းချီက ဦးလူထိန်ကိုကြည့်ပြီးမေးလိုက်တာပေမဲ့ ဒေ၀ကပြန်ဖြေလာတာကြောင့် ဒေ၀ကိုသာလှည့်ကြည့်လိုက်သည်။

"သတိရတာ အချိန်ကြာလား..."

"သိပ်မကြာဘူး...ဆယ်မိနစ်လောက်ပဲ...အဲ့ဒီနောက်မှာ သတိပြန်မေ့သွားတာအခုထိပဲ...ကြည့်ရတာ... နှင်းထဲမှာအကြာကြီးနေခဲ့ရတာကြောင့်ရော ထိခိုက်ထားတာတွေကြောင့်ပါ လူက အရမ်းနွမ်းသွားတာနေမယ်.."

ဒေ၀ဟာ ငွေပန်းချီကိုတရားခံတစ်ယောက်လို စူးစူးရဲရဲကြည့်ပြီး တစ်လုံးချင်းစီနင့်နေအောင် ပြောလိုက်တာကြောင့် ငွေလည်းမျက်နှာကို ချက်ချင်းလွှဲလိုက်မိသည်။ဖြူလုံးကိုဒီလိုဖြစ်အောင်လုပ်တဲ့ တရားခံကိုငွေလည်း သိနေပေမဲ့ ပြောလို့ မရတဲ့အခြေအနေမှာ ငွေဟာလည်း
တရားခံအားပေးသူ တစ်ယောက်လိုပါပဲ။

"ဒီအတိုင်းထားရင် ကြာရင်ကိုမာ၀င်သွားနိုင်တယ်...ဆေးရုံအမြန်ဆုံးတင်ဖို့ လုပ်ရမယ်..."

"ဒေါက်တာရယ်....ဆေးရုံကိုသွားလို့လွယ်မှတော့ ဒီကိုပြန်ခေါ်လာပါ့မလားဗျာ...တစ်ခုခုလုပ်မပေးနိုင်ဘူးလားဗျာ....."

ဦးလူထိန်ကလေး စိတ်ညစ်လက်ညစ်နဲ့စကားဆိုလာလေသည်။

"ဖြူလုံးကို ရအောင်ကယ်ပေးပါ...ကိုယ်တောင်းဆိုပါတယ်..."

တုန်ယင်နေသော လေသံနှင့်ပြောလိုက်သည့် ကိုဒေ၀ကို ငွေစောင်းငဲ့ကာကြည့်လိုက်မိသည်။
သူ့မျက်၀န်းတွေဟာခုဏကလို မဟုတ်တော့ပဲ  တောင်းပန်တိုးလျှိုးမှုတွေအများကြီးပါနေသည်။‌ ငွေ့ဆီက တစ်ခုခုလုပ်ပေးဖို့ကို သူမျှော်လင့်နေတာလား။တကယ်တော့ ငွေ့မှာလည်း ညီမလေးရွှေအတွက် ဒီနေရာကနေ ထွက်သွားမှကို ဖြစ်မည့်ရည်ရွယ်ချက်လေးကလည်း ရှိနေလေသည်။ငွေဘယ်လို ဆုံးဖြတ်ချက်ချရပါ့မလဲ။

"ကောင်းပြီ...ကျွန်မအတတ်နိုင်ဆုံးကြိုးစားကြည့်မယ်..."

"လူနာကို ထိုင်ခိုင်းထားလိုက်...ပြီးတော့ ဒူးကိုထောင်‌ပေးထားမယ်......."

မြတ်ချယ်ရဲ့အမေဟာ ဖြူလုံးရဲ့ခြေသလုံးတွေကို ထောင်လျှက်အနေအထားနဲ့ မလဲသွားအောင်ကိုင်ပေးထားပြီး နှောင်ဇွဲနဲ့ မြတ်ချယ်ကတော့ အနောက်ကို ပြန်လဲမကျလာအောင် ထိန်းပေးထားကြသည်။ဒေ၀ကတော့ ဖြူလုံးရဲ့မျက်နှာလေးကို ကြည့်ပြီ ဆုံးရှုံးရမည့်ခံစားချက်ကြီးက ၀င်ရောက်‌မွှေနောက်လာသလို ခံစားနေရသည်။

"‌ကိုဒေ၀...ရှင်တို့ဆီမှာ မီးလင်းဖို အရှင်‌တွေဘာ တွေမရှိဘူးလား...ဒါမှမဟုတ်...မီးသွေးမီးဖိုဖြစ်ဖြစ်...မရတဲ့အဆုံးတော့ အပြင်မှာပဲ မီးဖိုလိုက်တော့ လူနာက အအေးထဲမှာ အကြာကြီးနေခဲ့ရတော့ အနွေးဓာတ်ကိုလိုအပ်နေတယ်..
နွေးနွေးထွေးထွေးထားမှဖြစ်မယ်...."

"..အခုချက်ချင်း...ရှာပေးပါ့မယ်..."

"ဆရာ...ကျွန်တော်တို့ဆီမှာ ဟိုတစ်နေ့ကလုပ်ထားတဲ့ မီးလင်းဖိုရှိတယ်....ဒါပေမဲ့ ဆရာ့တဲမှိုင်းတိုက်လိမ့်မယ်နော်..."

"ဘာဖြစ်ဖြစ်ဗျာ....လာ သွားယူကြမယ်..."

"ဟာ...ဆရာနေခဲ့ပါ..ကျွန်တော်တို့ပဲယူလာခဲ့ပါ့မယ်...."

ဆောက်လုပ်ရေးအလုပ်သမားတွေဟာ တဲအကြီးကြီးတစ်ခုထဲမှာ အတူတူစုအိပ်ကြတာဖြစ်လို့ သူတို့ဘာသာ မီးလင်းဖိုလေးတစ်ခုကိုလုပ်ထားကြလေသည်။‌သံပြားနဲ့ အလုံပိတ်ထားခြင်းဖြစ်ပြီး ‌မီးစာထည့်ဖို့ သံဇကာတံခါးလေးလုပ်ထားကြလေသည်။ထိုမီးလင်းဖိုလေးကပဲ သူတို့အတွက် ညဘက်အချမ်းပိုမှုကို အံတုထားပေးနိုင်ခဲ့သည်။အခုတော့ မီးလင်းဖိုလေးဟာ လူ့အသက်တစ်ချောင်းအတွက် အရေးပါလာခဲ့လေပြီ။

"ဆရာ...ဒီမှာ....ယူလာပြီ...."

ဦးပုတုနှင့်အဖွဲဟာ မီးလင်းဖိုကို သယ်လာကြပြီးနောက် ဖြူလုံးရှိသော မွေ့ယာနှင့် အရမ်းမဝေးသောနေရာတွင်ထားလိုက်ကြသည်။

"ဒီမှာ အုတ်နီခဲတွေယူလာပြီ...."

"ဒီမှာ စီထားလိုက်ကြ..."

အုတ်နီခဲ သဲလာသောအဖွဲဟာ မြေကြီးအပေါ်မှာ အုတ်နီခဲတွေကို စီထားလိုက်ကြပြီးနောက် မီးလင်းဖိုကို တင်လိုက်ကြသည်။ ထင်းချောင်းတွေ သယ်လာသည့်အဖွဲ့ကလည်း မီးလင်းဖိုဘေးနား၌ ပုံထားလိုက်ကြလေသည်။

ဦးပုတုကတော့မီးဖိုဆောင်၏ ဖခင်ကြီးပီပီ ဒိုင်ခံပြီး မီးမွှေးနေလေသည်။ တော်သေးသည်က ဒေ၀၏တဲဟာ အတော်အသင့်ကျယ်ပြီး ခေါင်ကလည်း မြင့်သည်မို့ပင်။နို့မဟုတ်ပါက မီးဆွဲမှာသေချာသည်။
ဦးပုတုလည်း မီးမွှေးလို့အဆင်ပြေသည်နှင့် မီးလင်းဖိုထဲမှာပဲ အပူများများရဖို့ထင်းချောင်း‌ငါးချောင်းလောက်ကို ထည့်ပစ်ပြီး သံဇကာတံခါးကိုပိတ်ပစ်လိုက်သည်။

"ဦးလူထိန်...ကျွန်မကို လာခေါ်တုန်းကပြောခဲ့တာလေ...ဆေးတွေ၀ယ်ထားတာရှိတယ်ဆို...အဲ့ဒါရှိတာအကုန်ယူခဲ့ပါ...ဘယ်ဟာသုံးလို့ရလဲ
တစ်ချက်လောက်ကြည့်ချင်တယ်..."

"ဟုတ်ကဲ့....ကျွန်တော်...အခုပဲသွားယူလိုက်ပါ့မယ်...."

"ဟာ...ကလေးမလေးလှုပ်လာပြီ....."

"ဟုတ်တယ်ဟ...ဟုတ်တယ်..."

ဖြူလုံးဟာ ဦးခေါင်းကိုအနည်းငယ်လှုပ်လိုက်ပြီး ငြီးတွားလိုက်တာကြောင့် အကုန်လုံး၀မ်းသာသွားကြသည်။အရှင်းကြီးသတိပြန်လည်လာတာမျိုး မဟုတ်ပေမဲ့ ဒေ၀အတွက်တော့ ရင်ထဲမှာပြုံးလိုက်မိသည်အထိ အားတက်မိလေသည်။
၀မ်းမသာနိုင်သော သူကတော့ ရွှေပန်းချီတစ်ယောက်သာရှိနေလေသည်။

"ဒါအရမ်းကောင်းတဲ့လက္ခဏာပဲ အန်တီတို့ ဖြူလုံးကို ပြန်လှဲပေးလိုက်လို့ရပါပြီ...."

ငွေပန်းချီရဲ့ ခိုင်းစေချက်အရ ဒေါ်ဆုဝေကဖြူလုံးရဲ့ခြေထောက်ကို ပြန်ဆန့်တန်းပေးလိုက်ပြီး မြတ်ချယ်ကလည်း ဖေးမပေးထားရာမှ ဖြူလုံးရဲ့ခန္ဓာကိုယ်ကို လှဲနေစေလိုက်သည်။

"ဒေါက်တာရေ...ဒီမှာဆေးတွေရပါပြီ...."

"ဟာ...ဒီကိုပေး...ဒီကို..."

ငွေပန်းချီလည်း ဦးလူထိန်ရဲ့လက်ထဲမှ ဆေးထည့်ထားသည့်ခြင်းကို ယူလိုက်ပြီး အသုံးလိုမှာလေးတွေကို ရှာကြည့်နေမိသည်။
သူ့ဟာက သောက်ဆေးတွေကများနေပြီး ထိုးဆေးပုလင်းအရည်ကိုလုံး၀မတွေ့ပေ။
လူနာကိုလည်း ထိုးဆေးကိုစွတ်မထိုးပေးချင်ဘူး။ဆေးတွေကို သေချာလှန်ကြည့်လိုက်တော့
ဂလူးကို့စ်အရည်ထုတ်ကို သွားတွေ့သည်။
လူနာက ရေဓာတ်ခမ်းခြောက်နေတာဆိုတော့ လောလောဆယ်ဒါကသာ သုံးလို့အကောင်းဆုံးပဲ။

"ကဲ...အခန်းထဲမှာ ရှိသမျှ ယောက်ျားလေး‌တွေ အားလုံးအပြင်ထွက်ပေးကြပါ...လူနာကို အ၀တ်အစားလဲပေးရမှာမို့....ကျေးဇူးပြုပြီး...အပြင်ထွက်ပေးကြပါ...ဒီတဲကနေ ခပ်ဝေးဝေးနေရာမှာ သွားနေပေးကြပါ...."

"အားလုံးပဲ ထွက်ကြမယ်....ထွက်ကြမယ်..."

ဦးလူထိန်ကဦး ဆောင်ပြီး အမျိုးသားမှန်သမျှကို ခေါ်ထုတ်သွားတာကြောင့် ငွေလည်း ဖြူလုံးရဲ့
အိင်္ကျီကျယ်သီးကိုဖြုတ်ဖို့လုပ်လိုက်သည်။

"ဆရာမ...တစ်ယောက်ကျန်သေးတယ်..."

"ဘယ်သူလဲ..."

"ဟိုမှာ...."

မြတ်ချယ်လက်ညှိုးထိုးပြသော နေရာကိုကြည့်လိုက်မိတော့ ငွေ့ရဲ့အနောက်ခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့တာက သူမဟုတ်သလိုတောင့်တောင့်ကြီးရပ်နေသည့် ဒေ၀။
ခုဏက ယောက်ျားတွေအားလုံး အပြင်ထွက်ပေးလို့ပြောလိုက်တာကို သူမကြားလိုက်တာများလား။

"ကိုဒေ၀...ရှင်အပြင်ကို ဘာလို့မထွက်သေးတာလဲ..."

"ဖြူလုံးကို စိတ်မချဘူး...ပြီးတော့မင်းကိုလည်းစောင့်ကြည့်နေမှဖြစ်မယ်..."

"ဟာ...ရှင့်ဟာကဒဲ့ကြီးပါလား..."

"အစ်မက စေတနာနဲ့ကုပေးနေတာကို ရှင်တော်တော်ရိုင်းတာပဲ...."

ရွှေပန်းချီဟာ သူ့အစ်မကိုထိတော့မှ အသံထွက်လာပြီး ဒေ၀ကိုမျက်နှာချင်းဆိုင်ကာ ပြောပစ်လိုက်သည်။

"..ကျွန်မကဆရာ၀န်တစ်ယောက်ပါ...လူမှုရေးအရပြဿနာရှိရင်တောင် အခုသူကကျွန်မရဲ့လူနာပဲ...ကိုယ့်လူနာကို ကျွန်မဘယ်တော့ပြန်မသတ်ဘူး...ရှင့်အနေနဲ့ စိတ်မချဘူး...နေချင်တယ်ဆိုလည်း....ရတယ်..."

ငွေပန်းချီသည် စိတ်ဆိုးဆိုးနဲ့  သတိမေ့နေသောဖြူလုံးရဲ့အိင်္ကျီကြယ်သီးတစ်လုံးကို စဖြုတ်လိုက်သည်။ဒေ၀လည်း မျက်နှာလွှဲထားမိပေမဲ့ ဒုတိယကြယ်သီးကို ဖြုတ်တော့မည့်အရေးအား မျက်လုံးထောင့်စွန်းလေးမှ မြင်လိုက်ရသည့်အခါမှာတော့။

"ဟိတ်...နေ...နေအုံး.."

"ဘာလဲ...ရှင့်ဘာသာအေးဆေးနေပါ...အချိန်နှောင့်နှေးအောင် မလုပ်ပါနဲ့..."

ငွေပန်းချီဟာ ဒေ၀ကိုဂရုစိုက်မနေတော့ပဲ
အိင်္ကျီရဲ့ဒုတိယမြောက်ကြယ်သီးကို ဖြုတ်လိုက်လေသည်။

"ဟာ...ငါအပြင်ထွက်မှာပါဆိုနေ...."

တဲအပေါက်၀ကို လှစ်ကနဲရောက်ပြီး ပျောက်ကွယ်သွားသော ဒေ၀ကိုကြည့်ကာ မြတ်ချယ်တို့သားအမိဟာ ပြုံးလိုက်မိလေသည်။
ငွေလည်း ကိုဒေ၀ရဲ့ဗရုတ်သုတ်ခဖြစ်သွားတဲ့ အခြေအနေကို ကြည့်ပြီး ပြုံးလိုက်မိသည်။

ငွေနားလည်လိုက်ပါပြီ ဖြူလုံးအပေါ်ကို ရှင့်ရဲ့ခံစားချက်တွေ ဘယ်လောက်လေးနက်သလဲဆိုတာ။တကယ်တော့ ဘ၀လက်တွဲဖော်ဆိုတာ ကိုယ့်အတွက် စစ်မှန်ပြီး မှန်ကန်တဲ့လူပဲဖြစ်ရမှာပေါ့။ဖြူလုံးအတွက်တော့ ရှင့်ရဲ့အချစ်ဟာမှန်ကန်နိုင်ပေမဲ့ ကျွန်မအတွက်တော့ မစစ်မှန်နိုင်မှန်းသိလိုက်ပါပြီ။လောကမှ အလိုရှိတိုင်းဖြစ်တတ်တာမှမဟုတ်ပဲလေ။ကိုယ့်ဆီမှာ မနေချင်တော့တဲ့လူတစ်ယောက်ကို အတင်းဆွဲထားလည်းကိုယ်ပဲစိတ်ပင်ပန်းမှာပါလေ။

ဖြူလုံးကို အ၀တ်အစားဝိုင်းလဲပေးလိုက်ကြပြီး အနွေးဓာတ်ရအောင် မီးလင်းဖိုကိုလည်း အဆက်မပြတ်မီးထိုးပေးကြရသည်။
ဂလူးကို့စ်တစ်လုံးချိတ်ပေးထားလိုက်ပြီးနောက်  
အားလုံးလည်း ဘေးနားမှာ ဝိုင်းထိုင်စောင့်ပေးနေလိုက်ကြ‌သည်။ဖြူလုံးက လန့်လန့်သွားတာလား မသိပေမဲ့ တစ်ချက်တစ်ချက် ထထညီးလေသည်။

အချိန်အားဖြင့်ညနေ လေးနာရီခွဲသို့ရောက်ရှိလာလေပြီ။နေလုံးကြီးဟာလည်း ပုစွန်ဆီရောင်သို့ ပြောင်းလဲစပြုလာကာ အနောက်အရပ်သို့
ရွှေ့လျှားသွားလေသည်။ဒေ၀တို့အဖွဲကတော့ ဖြူလုံးရှိနေသော တဲနဲ့မလှမ်းမကမ်းတောင်စွန်းနံဘေးမှာ နေ၀န်းနီနီကို နောက်ခံထားပြီး လူများဝိုင်းဖွဲ့ထိုင်နေမိကြသည်။

ညနေစောင်းလာသည်နှင့် အချမ်းပိုလာသည်မို့ သစ်‌ကိုင်းခြောက်တွေကိုပုံပြီး မီးဖိုထားလိုက်ကြသည်။သဲ၊‌ကျောက်ကားတွေကလည်း လမ်းမှာ ကားပြတ်ကြတယ်ဆိုကာ လေးနာရီထိုးမှာရောက်လာကြသည်မို့ ခေါင်းဆောင်ဖြစ်သော ဦးလှမြိုင်ကပါ သူတို့အဖွဲ့နဲ့ လာရောနေလေသည်။
အလုပ်သမားအသစ်တွေ ထပ်ခေါ်လာသည်ဆိုပေမဲ့ ဒေ၀အဖို့တော့ဘာကိုမှ သိချင်စိတ်မရှိပေ။

အခြားလူတွေကတော့ ဖြူလုံးဘာကြောင့်တောင်လမ်းကနေပြုတ်ကျတာ သူတစ်ယောက်တည်းဘယ်လိုရောက်သွားရသလဲ စသဖြင့် ဗဟေဌိတစ်ပုဒ်ကဲ့သို့ စဉ်းစားခန်းဖွင့်နေကြလေသည်။

"ဒါနဲ့ ကိုလူထိန်...အခုကျုပ်တို့လည်း‌ ရောက်လာပြီဆိုတော့ ဆေးရုံကို သွားလို့ရပြီလေ...အစကကားဖယ်လို့ မရဘူးထင်တာ..အခုတော့ကားတစ်စီးတော့ အသာလေးလွတ်ပါသေးတယ်...ကျုပ်တို့ကျောက်ကားကို ဘေးကပ်ရပ်ထားတာပဲကို...ဘာလို့ဆေးရုံကိုမခေါ်သွားတော့တာလဲ..."

"မသိပါဘူးဗျာ...အခုကလေးမအခြေအနေက သိပ်မစိုးရိမ်ရတော့လို့နေမှာပေါ့..နောက်ပြီးဒီမှာက မီးလင်းဖိုရှိတော့ အနွေးဓာတ်အပြည့်ရတယ်လေဗျာ..."

"‌ဆရာမကလည်း အမျိုးမျိုးဗျနော်..."

"အော်..သူကပိုသိလို့နေမှာပေါ့..."

"အေးဗျာ...ဒီမှာအဆင်ပြေနေလည်း ရသလောက်ကုပေါ့...ခရီးကအချိန်ကြာရင် ကုသမှုမရှိပဲ ပိုဆိုးနေမှာပေါ့..."

တစ်ဖျစ်တောက်တောက် မြည်ကာ မီးပွင့်လေးတွေအပေါ်ကို တက်လာသည်ကိုကြည့်ပြီး ဒေ၀ကတော့ အနာဂတ်အကြောင်းတွေကိုသာ စဉ်းစားခန်းဖွင့်နေမိသည်။
အနာဂတ်မှာ ဖြူလုံးအတွက် သူဘယ်လိုအစီအစဉ်တွေ ချမှတ်ထားရမလဲဆိုတာကိုပေါ့။

တစ်ဖက်တွင်တော့ ဂလူးကို့စ်ချိတ်ထားတာကို
ပြီး‌အောင်စောင့်နေကြရင်းနှင့် မြတ်ချယ်တို့သားအမိဟာ ဖြူလုံးရဲ့မွေ့ယာဘေးစွန်းလေးကို မှီပြီးငိုက်မြည်းနေကြလေသည်။ရွှေပန်းချီကလည်း ထို့နည်းတူ အိပ်ငိုက်နေသည်မို့ ငွေဟာရွှေ့ပခုံးကို လှုပ်ပြီးနှိုးလိုက်သည်။

"အင်း...ဘာဖြစ်လို့လဲဟာ..."

"ရှူး....တိုးတိုး...လာဒီဘက်ကို...."

ငွေဟာ နှစ်ယောက်ကြားရုံလောက်လေသံနှင့်
တဲ၏ထောင့်တစ်နေရာသို့  ရွှေ့ကိုခေါ်လာလိုက်ပြီး လေသံခပ်တိုးတိုးနဲ့ပြောလိုက်လေသည်။

"နင်...အခုချက်ချင်း ငါတို့တဲကိုပြန်ပြီး အထုပ်အပိုးတွေပြင်ထားလိုက်...ဒီအခြေအနေအတိုင်းဆိုရင် ဖြူလုံးကသိပ်မကြာခင်မှာသတိရလာနိုင်တယ်...ကံကောင်းချင်ရင်တော့ သတိရရချင်း တောင်ပေါ်ကနေပြုတ်ကျတဲ့ကိစ္စကို ပြောမှာမဟုတ်ဘူး..."

"ဒါပေမဲ့ သတိရရခြင်းပြောလိုက်ရင်ရော...."

"ငါ့မှာအကြံတစ်ခုရှိတယ်...အောင်မြင်နိုင်မလား...မအောင်မြင်နိုင်ဘူးလားဆိုတာတော့ ငါတို့ရဲ့ကံ‌ပဲပေါ့...တကယ်လို့ တဲအပြင်မှာ တစ်ယောက်ယောက်က ‌မေးလာရင်လည်း ငါကပစ္စည်းတွေ သွားသိမ်းခိုင်းလိုက်လို့ပြော..မမေးရင်တော့ မပြောနဲ့ပေါ့...သွားတော့..."

ရွှေပန်းချီထွက်သွားသည်‌နှင့် ငွေပန်းချီကလည်း သူမရဲ့အိတ်ထဲမှ မှတ်စုစာအုပ်ကိုထုတ်လိုက်ပြီး
စာရွက်တစ်ရွက်ကို ဖြဲလိုက်သည်။ပြီးနောက် ဘော့ပင်လ်နှင့်စာလုံးအချို့ကို ချရေးလိုက်လေသည်။

"အင်း....ရေ...ရေ...ရေသောက်ချင်တယ်...."

"ဟယ်...ဖြူလုံး...ဖြူလုံးနိုးလာပြီ..."

"ဟယ်...ဟုတ်တယ်...သမီး...သမီးရေယူပေးစမ်းပါ....ရေဆာလို့တဲ့...."

မြတ်ချယ်က ရေဘူးထဲမှ ရေကိုယူလိုက်ပြီးနောက် ဖြူလုံးပါးစပ်နားကို တေ့ပေးလိုက်လေသည်။အာစွတ်ရုံသာ ရေကို‌သောက်လိုက်ပြီးနောက်ဖြူလုံးက ပြန်မှေးနေလေသည်။

"ဆရာမ..."

ငွေ့ကို လှမ်းခေါ်လိုက်သည့် ဒေါ်ဆုဝေကြောင့် ငွေလည်း ဖြူလုံးရဲ့ဘေးနားသို့ သွားလိုက်သည်။

"ဖြူလုံး...သတိရလာပြီလား...."

"အင်း..."

မေးတော့လည်းပြန်ဖြေလာသည်။ဒါပေမဲ့ ပြန်ပြီးအနားယူချင်နေပုံရသည်။ဂလူးကို့စ်လည်း သွင်းထားတော့ ဟုတ်မှာပေါ့။
‌ငွေ့ရဲ့ခေါင်းထဲမှာ အကြံတစ်ခုကထင်ဟပ်လာလေသည်။ဖြူလုံးအတိအလင်းပြန်ပြီး သတိမရလာခင်မှာ ဒီနေရာကနေထွက်သွားရမှဖြစ်မယ်။

ဖြူလုံးရဲ့ လက်ကိုကိုင်သလိုလုပ်ပေးလိုက်ပြီးနောက် အနွေးထည်လည်ရှည်ရဲ့ လက်ကောက်၀တ်နားကို ကိုင်ပြီး အိင်္ကျီလက်အ၀ထဲမှာ စာရွက်လိပ်ကို ထည့်ထားလိုက်သည်။
ပြီးနောက် ဂလူးကို့စ်ဘူးကို ကြည့်လိုက်တော့ ဆေးရည်ကုန်နေပြီမို့ အပ်တွေကိုလည်း ဖြုတ်ပေးခဲ့လိုက်သည်။

"အန်တီတို့ ဖြူလုံးကို စောင့်ကြည့်ပေးထားပါနော်...ကျွန်မ..ကိုဒေ၀ကို အကျိုးအကြောင်းသွားပြောလိုက်အုံးမယ်...."

"ဟုတ်ကဲ့ပါ...ဆရာမလေး..."

ငွေလည်း ဒေါ်ဆုဝေတို့ကို ပြုံးပြခဲ့လိုက်ပြီးနောက် လေးလံသော ခြေလှမ်းတွေနဲ့ တဲအပြင်ဘက်သို့ထွက်လာလိုက်သည်။
မီးလှုံနေကြသော အမျိုးသားအဖွဲ့ကြီးထံသို့ ချည်းကပ်သွားလိုက်ပြီး လူတစ်ယောက်ရဲ့နာမည်ကို အော်ခေါ်ဖို့ရာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

"ကိုဒေ၀...."

ငွေခေါ်လိုက်သည်နှင့် ရွှေရောင်ကိုင်းနဲ့မျက်မှန်၏အနောက်မှ စူးရှသော အကြည့်တွေ။အမှန်အတိုင်းပြောရရင် လုံး၀ကိုရင်မဆိုင်ရဲဘူး။ဒါပေမဲ့ ညီမလေးရွှေအတွက် ငွေသတ္တိရှိမှကို ဖြစ်မယ်။

"ခုဏက ဖြူလုံးသတိပြန်ရလာသေးတယ်...ဒီတစ်ခါတော့ ရေပါတောင်းသောက်သွားတယ်...
....ကျွန်မထင်တာတော့ သူ့ပြန်အိပ်ပျော်သွားတာပဲနေမယ်...ဒီညတော့ သူနိုးလာမှာသေချာတယ်...မနက်ဖြန်‌ကျရင် စောစောမြို့ကိုပြန်ပြီး
သူ့ကိုဆေးရုံမှာ သေချာစစ်ဆေးကြည့်စေချင်ပါတယ်....ဖြူလုံးအတွက်လည်း အားလုံးစိတ်ချရပြီဆိုတော့ ကျွန်မကို... မြို့ကို ပြန်ခွင့်ပြုစေချင်ပါတယ်..."

"ဘာ....မင်းကဘာလို့ မြို့ကိုပြန်မှာလည်း..."

ဒေ၀က မတ်တပ်ထရပ်လိုက်ပြီး အရှေ့ကိုတစ်လှမ်းတိုးလာတာကြောင့် ငွေလည်းဖုန်းကိုထုတ်လိုက်ပြီး ‌မက်ဆေ့ခ်ျပို့ထားသည့် စာကိုပြလိုက်သည်။စိတ်ထဲမှာတော့ အရမ်းစိတ်လှုပ်ရှားနေပေမဲ့ အတတ်နိုင်ဆုံး သတ္တိမွေးထားလိုက်သည်။

"နေ့လည်က ဆရာကြီးဆီကနေ မက်ဆေ့ခ်ျရောက်လာပါတယ်...ကျွန်မခွဲစိတ်‌ပေးရမဲ့လူနာရှိနေလို့ ကျွန်မပြန်မှဖြစ်မယ်...အခုဖြူလုံးကိုအတတ်နိုင်ဆုံးကယ်ပြီးသွားပြီ...အခြားလူနာတစ်ယောက်ကို ကျွန်မလက်မလွှတ်ပါရစေနဲ့...အရိုးခွဲစိတ်ဆရာ၀န်က ဆေးရုံမှာသုံးယောက်ပဲရှိတာမို့လို့ပါ...ကျွန်မကတွဲဖက်ပါမောက္ခဖြစ်တဲ့အတွက် ဒီတာ၀န်ကိုကျွန်မယူမှဖြစ်လိမ့်မယ်...ကျွန်မကို သွားခွင့်ပြုကြပါ...."

"ဟာ...အရေးထဲမှ..."

ဒေ၀ဟာ သူ့အစီအစဉ်ကို ရိုက်ချိုးခံလိုက်ရသလိုဖြစ်နေတာကြောင့် စိတ်ညစ်စွာညီးတွားလိုက်သည်။

"မောင်ဒေ၀ရယ်....ဦးကတော့ခွင့်ပြုလိုက်စေချင်တယ်...ဆရာမလေး ပြောသလိုဆို...
ဖြူလုံးကစိတ်ချရတဲ့အခြေအနေရောက်နေပြီပဲ
မဟုတ်လား....ဟိုဘက်မှာလည်းအရေးကြီးလို့နေမှာပါ..."

"ဟုတ်ပါတယ်...."

"ဟုတ်ပါတယ်ဆရာရယ်...အချိန်အရမ်းနောက်
မကျခင် ဆရာမလေးတို့ကိုသွားခိုင်းလိုက်ရင်ကောင်းမယ်......."

ဘာမှသေချာမသိကြပဲ ဦးထက်မြတ်အပါအ၀င်တစ်ခြားသူတွေကပါ ဝိုင်းတိုက်တွန်းနေတာကြောင့် ဒေ၀တစ်ချက်မဲ့ပြစ်လိုက်သည်။
‌ဒေ၀ အရှေ့ကို တစ်လှမ်းတိုးလိုက်ပြီးနောက် ငွေပန်းချီ၏အနားသို့ ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။

"မင်းတို့ပြန်သွားပေမဲ့ ငါ့လူယုံတွေကို စောင့်ကြည့်ဖို့လွှတ်ထားမှာနော် အကြောင်းမှန်တွေအားလုံးသိရတာနဲ့...ဘာဖြစ်သွားမလဲဆိုတာ မင်းနားလည်မှာပါ...ထွက်ပြေးဖို့စဉ်းစားထားရင်တော့ ဒေ၀ရဲ့လက်ကဘယ်သူမှလွတ်မယ်မထင်နဲ့...မင်းသွားနိုင်ပြီ..."

ငွေ့ကိုခြိမ်းခြောက်ခဲ့ပြီး ကိုဒေ၀ကတဲအထဲသို့၀င်သွားလေသည်။ဘ၀မှာ ဒုတိယအကြိမ်မြောက်ခြိမ်းခြောက်ခံရခြင်းပဲ။နှစ်ကြိမ်စလုံးက
လူတစ်ယောက်တည်းဆီကနေပဲတဲ့ ။
ငွေဘယ်လောက်တောင် မိုက်မဲမိခဲ့တာပါလိမ့်။ ပိုက်ဆံအရမ်းချမ်းသာပြီး ထူးခြားတဲ့ရုပ်‌ရည်
သွင်ပြင်ကြောင့် လူတွေကတော့ ထင်ကြမှာပဲ
ကိုဒေ၀ဟာမင်းသားတစ်ပါးပဲလို့။

တကယ်တော့ သူဟာမင်းသားခေါင်းဆောင်းထားပြီး ဘီလူးတစ်ကောင်လိုအသဲနှလုံးနဲ့လူဆိုတာ သံသယ၀င်စရာမရှိတော့ပါဘူး။
ရွှေပြောခဲ့တာသိပ်မှန်တယ်။
ကိုဒေ၀မှာ မျက်နှာနှစ်ဖက်ရှိတယ်ဆိုတာ။
အစက သူ့ရဲ့လှပတဲ့ဘက်အခြမ်းကိုပဲ ကြည့်မိခဲ့တာ အခုတော့ နောက်ထပ်မတူညီတဲ့ မျက်နှာဖုံးကို သိလိုက်ရပါပြီ။ဒေ၀တဲ့ နာမည်နဲ့လူလိုက်ဖက်ပါပေ့။

🍁🍁🍁🍁🍁🍁🍁🍁🍁

အခိုးတလူလူထွက်နေသည့် မီးခိုးလုံးကြီးဟာ  မှောင်မဲခြင်းအတိဖုန်းလွှမ်းနေသော ကောင်းကင်ပေါ်သို့ လေပြေနဲ့အတူ ရောနှောလိုက်ပါသွားလေသည်။
ထင်းချောင်းတွေကို တမြေ့မြေ့လောင်ကျွမ်းနေသော ခရမ်းရောင်နှင့် အဝါရဲရဲရောနှောနေသည့်မီးတောက်ကြီး ။အခုအချိန်မှာ ဒီမီးတောက်ကြီးနဲ့ သူ့ရဲ့ စိတ်ဟာအလားသဏ္ဍန်တူနေသည်။

သူများကိုတမြေ့မြေ့လှိုက်စားနေပေမဲ့ ကိုယ်တိုင်ကပူလောင်နေရတယ်။ရေနဲ့ ငြိမ်းသတ်ခံလိုက်ရပြန်ရင်လည်း သူကအငွေ့အဖြစ် ပျောက်ကွယ်သွားရမှာ။ဒီတော့ သူကအမြဲပူလောင်နေနိုင်မှသာ
သန်မာနေလိမ့်မယ်။မင်းဟာ အမြဲတမ်းသန်မာနေရမယ်။မင်းဘယ်တော့မှ အားငယ်မနေရဘူး။ပျော့ညံ့မနေရဘူး။
ဒါဟာ ကိုယ့်ကိုယ်ကိုအမြဲပြောနေတဲ့စကားပါပဲ။

သုန္နကမြို့မှာ မွေးတဲ့ကဝိဆိုတာဟာ ဟော့ဒီ့
မီးခိုးငွေ့တွေလိုပဲ။
လွယ်လွယ်လေးနဲ့ ပျောက်ကွယ်သွားခဲ့ပါပြီ။
ဒါပေမဲ့ ဒေ၀ကတော့မတူဘူး။ဒေ၀ဆိုတာ အလွယ်တကူပျောက်ကွယ်သွားရမဲ့ နာမ မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ သူ့မှာငွေကြေး၊ဂုဏ်ဒြပ်၊အာဏာ၊အမြဲအောင်နိုင်ရမည်ဆိုတဲ့ စိတ်စွမ်းအားတွေ ရှိတယ်။

ဒါပေမဲ့ ဒီဘ၀ကြီးကို ကဝိဆိုတဲ့ဘ၀လေးလောက် မမက်မောဘူး။
ကဝိဆိုတဲ့ ဘ၀က ဆင်းရဲတယ်၊အနှိမ်ခံရတယ်၊အားငယ်ခဲ့ရတယ်။ဒါပေမဲ့ အဲ့ဘ၀လေးမှာသာ
တကယ့်ပျော်ရွှင်မှုတွေ ရှိနေခဲ့တာ။စစ်မှန်တဲ့ သူငယ်ချင်း ၊အနွံအတာသိပ်ခံတဲ့ စစ်မှန်တဲ့ဖခင်မေတ္တာ။ပြီးတော့ စစ်မှန်တဲ့နေထိုင်မှုဘ၀။
အခုတော့ မပြုံးချင်လည်း ပြုံးပြတတ်နေရပြီ။

"အော်..လူ့ဘ၀...ရတာမလို...လိုတာမရပါလား..."

သူတဲဘက်အခြမ်းသို့ တစ်ချက်လှမ်းကြည့်လိုက်မိသည်။တိတ်ဆိတ်နေတုန်းပဲ။နာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီခွဲရှိနေလေပြီ။
အစက လူတွေဝိုင်းအုံပြီးထိုင်နေကြတာမှာ
 အခုတော့သူတစ်ယောက်တည်းသာထိုင်နေမိသည်။

အခြားလူတွေကတော့ မနက်ဖြန်လုပ်ငန်းခွင်၀င်ရမှာမို့ အကုန်လုံးအိပ်ယာ၀င်သွားကြလေပြီ။
ဦးလူထိန်နဲ့ ဦးထက်မြတ်ကအတူစောင့်ပေးမယ် ပြောပေမဲ့လို့ အသက်ကြီးတဲ့လူတွေမို့ စောစောသာပြန်အိပ်ခိုင်းလိုက်သည်။
သူ့အဖို့ကတော့ ချစ်ရတဲ့သူလေးနိုးမှသာ သူအိပ်စက်နိုင်လိမ့်မည်။

နာရီလက်တံတွေဟာ တစ်ရစ်ပြီးတစ်ရစ်ကူးလူးသွားလေသည်။ရာသီဥတုက အေးနေသည်ဆိုပေမဲ့ သူ့ကိုယ်ပေါ်မှာပတ်ထားသည့် စောင်၏အနွေးဓာတ်ကြောင့်ရော မီးပုံလေးမှလာသောအပူဓာတ်ကြောင့်ပါ နေရတာအနည်းငယ်သက်သောင့်
 သက်သာရှိနေလေသည်။

တစ်နေကုန် စိတ်ပင်ပန်းထားသလို အရင်ရက်တွေက အလုပ်ပင်ပန်းထားတာတွေပါရောပြီး
လူက အိပ်ငိုက်လာလေသည်။

မျက်လုံးတွေကို ခေတ္တမျှမှိတ်ထားလိုက်စဉ်တွင် သူ့ပါးပေါ်သို့ ထိကပ်လာသည့် အေးစက်နေ‌သောအထိအတွေ့တစ်ခု ၊ပြီးနောက်  နှုတ်ခမ်းတစ်စုံက ပါးပြင်ကိုယှက်တိုက်သွားလေသည်။ထိုနှုတ်ခမ်းလေးဟာ နူးညံ့နေရမည့်အစား ခြောက်သွေ့ကြမ်းတမ်းနေပုံပေါက်နေလသည်။

ဒီ‌အနမ်းကို သူသိပ်သိတာပေါ့။ဇာတ်ပွဲကြည့်စဉ်ညက သူအိပ်ငိုက်နေတုန်း အနမ်းသူခိုးလုပ်သွားသည့် ကောင်မလေးပါပဲ။ ထိုသူခိုးလေးကို အတည်ပြုဖို့အတွက် မျက်လုံးတွေကို ဖွင့်လိုက်စဉ်မှာတော့ လန့်ပြီးအနောက်ကို ဖင်ထိုင်လျှက် လဲကျတော့မည့်ကောင်မလေး။
ဒေ၀လည်းသူ့ကိုယ်သူ မသိလိုက်ခင်မှာ ပထမဦးဆုံးတုန့်ပြန်လိုက်မိသည်က သူမကို သူ့ရင်ခွင်ထဲတွင် နစ်မြှုပ်သွားအောင် ပွေ့ဖက်လိုက်မိတာပါပဲ။သူ့နှုတ်ခမ်းတွေ ညွှန့်တက်နေအောင် ပြုံးလိုက်မိပြီးနောက် ရင်ထဲမှလှိုက်၍ထွက်လာသောစကားလေးကတော့...

"သိပ်ပျော်တာပဲကွာ....ကံကြမ္မာကို သိပ်ကျေးဇူးတင်တယ်..."

အလုပ်နဲ့သာ အရာရာကိုသက်သေပြတတ်သည့် ဒေ၀အတွက်တော့ ပထမဦးဆုံးကံကြမ္မာကို ကျေးဇူးတင်မိခြင်းပါပဲ။

အခန်း..၄၈...ဆက်ရန်...

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

=========================================================================

အခန်း၄၈
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တဲ့အချိန်မှာအပြာရောင်တဲခေါင်မိုးကြီးကိုမြင်လိုက်ရသည်။သေချာတာကတော့ ဒါဖြူလုံးတို့ရဲ့ တဲမဟုတ်ဘူး။ဗိုက်ကလည်း ဆာလာသလို အာခေါင်တွေကလည်း ခြောက်လာတာကြောင့် ‌မွေ့ယာပေါ်မှာအားယူကာထိုင်လိုက်သည်။

ဘေးဘီကို ကြည့်လိုက်မိတော့ ဖြူလုံးရဲ့ခြေရင်းဘက်အခြမ်းမှာ အောက်ကအခင်းပေါ် မွေ့ယာအသေးလေးခင်းပြီး ကြပ်ကြပ်သပ်သပ်အိပ်နေရှာသော မြတ်ချယ်တို့ သားအမိတွေကို မြင်လိုက်ရသည်။

သေချာပြန်တွေးကြည့်လိုက်တော့ ဖြူလုံးကိုလူခြေတိတ်တဲ့အချိန်မှာ မမ‌ရွှေပန်းချီက ကားနဲ့ခေါ်သွားပြီး တောင်လမ်းပေါ်ကနေ တွန်းချခဲ့တာ။

"ဘာကြောင့် ဒီလိုလုပ်ရပ်ရတာလဲ..."

အဲ့ဒီညက တောင်လမ်းကုန်းဆင်းအတိုင်းလိမ့်ကျသွားပြီး မြေပြင်ကနေထိုးထွက်နေတဲ့ ကျောက်တုံးကြီးနဲ့ ခြေထောက်ပစ်ရိုက်လိုက်သလိုဖြစ်ပြီးနောက်မှာ နာတာရောထိတ်လန့်တာတွေပါရောပြီး ဖြူလုံးသတိလစ်သွားခဲ့တယ်။
ပထမဦးဆုံးသတိရတဲ့အချိန်မှာ နှင်းတွေကမျက်လုံးထဲကို ၀င်လာပြီး ဖြူလုံးရဲ့ခန္ဓာကိုယ်ပေါ်မှာ နှင်းတွေအုပ်နေခဲ့တယ်။ ခန္ဓာကိုယ်က ရေခဲတုံးတစ်တုံးလို အေးခဲတဲ့ခံစားချက်ကြီးကို ခံစားလိုက်ရပြီးတဲ့နောက်မှာ လူကထုံကျင်လာပြီး ပြန်ပြီးသတိမေ့သွားခဲ့တယ်။ဒုတိယအကြိမ်အိပ်မက်လိုလို ဘာလိုလိုနဲ့ သတိရလာတော့ ကိုကြီးကဖြူလုံးကိုပွေ့ချီထားခဲ့တယ်။

"ဘာကြီးလဲဟ..."

အိင်္ကျီလက်ကောက်ဝတ်နေရာမှ ခုလုခုလုဖြစ်နေသည့် အရာကို ဆွဲထုတ်လိုက်မိတော့ စာရွက်ခေါက်လေးတစ်ခုဖြစ်နေသည်။‌ဘယ်သူက ဖြူလုံးရဲ့ အိင်္ကျီလက်အ၀ထဲမှာ ဒါကိုထားလိုက်တာလဲ။?အတွေးတွေနဲ့ အတူ စာကိုဖွင့်ပြီးဖတ်ကြည့်လိုက်သည်။

"ညီမလေးဖြူလုံး...ဒီစာကို မမငွေရေးပြီး ထည့်ထားခဲ့တာပါ...အရင်ဆုံးပြောချင်တာက ညီမလေးကို တောင်းပန်ပါတယ်...ဒီစကားကမမတစ်ယောက်ထဲရဲ့စကားမဟုတ်ပဲ...ရွှေပန်းချီရဲ့ တောင်းပန်စကားဆိုလည်းဟုတ်ပါတယ်...
တကယ်တော့ တစ်နေ့က မမနဲ့ ကိုဒေ၀စကားများခဲ့ကြတယ်...ပြီးတော့သူကမမကိုလမ်းခွဲစကားပြောခဲ့တယ်...အကြောင်းအရင်းကတော့ ဖြူလုံးကို...သုတကရေနှစ်ပြီး လုပ်ကြံတဲ့ကိစ္စကြောင့်ပါပဲ...ကိုဒေ၀က သုတကိုမူးယစ်ဆေးဝါးအမှုနဲ့ ထောင်ချပစ်နိုင်ဖို့အတွက် ရွှေ့ကိုခြိမ်းခြောက်ပြီး အစ်မေးခဲ့တယ်လို့...ရွှေကမမကိုပြန်ရင်ဖွင့်ခဲ့တယ်...ဒါကြောင့်‌‌ ရွှေ့ကိုပြန်တောင်းပန်ဖို့ မမတောင်ပေါ်အထိလိုက်လာပြီး တောင်းဆိုမိတာပါ ဖြူလုံးရယ်...ကိုဒေ၀ကရွှေ့ကိုပြန်မတောင်းပန်တဲ့အပြင် မမနဲ့ပါလမ်းခွဲဖို့အထိပြောလာတော့...ရွှေကဖြူလုံးကြောင့်ဖြစ်ရတာလို့ အထင်လွှဲပြီး...အဆင်အခြင်မဲ့စွာ...မလုပ်သင့်တာတွေကို လုပ်ခဲ့ပါတယ်.....ညီမလေး
မြို့ထဲကိုပြန်လာတဲ့နေ့ကြရင် ဒူးထောက်ပြီးတောင် တောင်းပန်ပါ့မယ်လို့ ရွှေကကတိပေးထားပါတယ်...နောက်တစ်ခါဒီလိုထပ်မဖြစ်စေရဘူးလို့ ကျိန်ဆိုပါတယ်ကွယ်....တို့တွေက ညီအစ်မတွေပဲမို့ ထောင်တန်းအထိရောက်အောင် မလုပ်ပါနဲ့လို မမငွေတောင်းပန်ပါရစေ...
အနည်းဆုံးတော့...ဒီနေ့ညီမလေးကို ဆေးကုပေးခဲ့တဲ့မမငွေရဲ့ ‌စေတနာကျေးဇူးကိုတော့ ထောက်ထားပေးစေချင်တယ်ဖြူလုံးရယ်...ကိုယ့်အစ်မ၀မ်းကွဲကို ညီမဖြစ်သူကပြန်တိုင်တောတယ်ဆိုတာလည်း ပတ်၀န်းကျင်အမြင်မှာ ကြားလို့မှ
မကောင်းတဲ့ကိစ္စကြီးပါ...ပြီးတော့ ဖြူလုံးရဲ့အဖေနဲ့ တို့အဖေကြားမှာလည်း အနေစိမ်းခဲ့ရာကနေ...သွေးပါစိမ်းရမဲ့ ရန်သူတွေအဖြစ် မမြင်ပါရစေနဲ့..မမပြောချင်တာတွေကို ဖြူလုံးနားလည်မယ်လို့ ထင်ပါတယ်....တို့တွေကညီအစ်မတွေပါကွာ...ရွှေလည်း နောင်တရနေပါတယ်...ကိုဒေ၀ကိုပြန်မပြောလိုက်ပါနဲ့ကွယ်...တို့တွေရဲ့ကိစ္စကို တို့တွေကြားမှာပဲ နားလည်မှုရယူကြရအောင်..."

စာကိုဖတ်အပြီးမှာတော့ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး  ပါးပြင်ပေါ်ကိုစီးကျလာသည့် မျက်ရည်တွေကိုလည်း လက်ခုံနဲ့သုတ်ပစ်လိုက်သည်။
နားလည်မှုယူကြရအောင်တဲ့။ညီအစ်မ‌တစ်တွေပါတဲ့။အပေါ်ယံ သကာရည်လောင်းတဲ့စကားတွေကိုတော့ တော်တော်လေးပြောတတ်ကြတာပဲ။

တောင်လမ်းပေါ်ကနေ တွန်းမချခင်က ဒီလိုညီအစ်မဆိုတဲ့ သံယောဇဉ်ကိုထောက်ထားခဲ့မယ်ဆိုရင် သူဒီလိုလုပ်ခဲ့မှာမဟုတ်ဘူး။
သူတို့ကိုယ်တိုင်သ တ်ပြီး သူတို့ကိုယ်တိုင်ပြန်ကယ်ချင်ယောင်ဆောင်‌နေကြတာ ဘာများကျေနပ်စရာရှိလို့လဲ။

ညီအစ်မဆိုတဲ့ စိတ်ကို တောင်ပေါ်ကလိမ့်ကျစဉ်တည်းက နာကြဉ်းခဲ့မိပြီးပါပြီ။ဒါပေမဲ့ ဦးအဂ္ဂဟာဘယ်လိုလူလဲ ဖြူလုံးသိပ်သိတယ်။ဖြူလုံးကြောင့် ဖေဖေ့ကိုတော့ ဒုက္ခမရောက်စေရဘူး။
ဒါပေမဲ့ ဒီတစ်ခါတော့ ဖြူလုံးကျေနပ်လောက်တဲ့အခြေအနေအထိ သူတို့တောင်းပန်ရလိမ့်မယ်။

"ရေဆာလိုက်တာ...."

အာခေါင်တွေအရမ်းခြောက်ပြီး ရေအရမ်းဆာနေပေမဲ့ မြတ်ချယ်တို့သားအမိကိုလည်းမနှိုးရက်ဘူး။သူတို့ခမျာ တစ်ချိန်လုံးစောင့်ပေးနေရတာ ပင်ပန်းရောပေါ့။ကျောက်တုံးကြီးနဲ့ စောင့်မိထားတဲ့ ညာဘက်ခြေထောက်က နာနေပေမဲ့ ထော့နဲ့ထော့နဲ့ပုံစံနဲ့ပဲ ရေသန့်ဗူးတင်ထားသော စင်လေးဆီသို့ သွားလိုက်သည်။
ရေခွက်ထဲသို့ ရေထည့်လိုက်ကာ အ၀မော့သောက်ပစ်လိုက်သည်။

"အပြင်မှာ ဘယ်သူရှိနေတာလဲမသိဘူး...."

တဲအပြင်ဘက် မီးဖိုထားသော နေရာဆီမှာ မီးအလင်းရောင်တွေကို တွေ့လိုက်တာကြောင့် တဲအ၀ကနေ တောင်စွန်းနေရာသို့ လှမ်းကြည့်လိုက်မိသည်။လူတစ်ယောက်တည်းကပဲ ထိုနေရာမှာ ထိုင်ပြီးမီးလှုံနေပါလား။ရုတ်တရက်ထိုလူက မျက်နှာကို ဘေးတစ်ခြမ်းစောင်းလိုက်စဉ်မှာတော့...

"ကိုကြီး...."

ခဏလောက် သေချာဆိုက်ကြည့်နေလိုက်ပြီးနောက် စိတ်ထဲမှာ အရမ်း၀မ်းသာသွားမိသည့်နည်းတူ ထိုနေရာသို့  ခြေထောက်ထော့နဲ့ထော့နဲ့လေးနဲ့ပဲ ရောက်အောင်သွားမိသည်။
မီးရောင်တ၀င်း၀င်းထင်ဟပ်နေသော မျက်နှာချောချောကြီးကို အခုမှပဲအ၀ကြည့်ရတော့တယ်။ဒီတောင်ပေါ်ကို ရောက်ပြီး ဒုတိယမြောက်ညမှာမှ ဒီလူကြီးရဲ့မျက်နှာကို သေချာကြည့်ခွင့်ရတယ်။

ကြည့်ပါအုံး မျက်မှန်အနောက်က မျက်၀န်းတွေကို ဖိပိတ်ထားပေမဲ့ ထူထဲပြီးကော့ညွှတ်နေသည့် မိန်းမဆန်သောမျက်တောင်ရှည်ရှည်တွေက မျက်မှန်‌အသားကိုတောင် ထိနေပြီ။
ပြီးတော့ မီးရောင်တလက်လက်ထင်ဟပ်ပြီး တောက်ပလွန်းနေတဲ့ ပါးပြင်ကြီး။
အခုနေနမ်းလိုက်ရင် သူမသိလောက်ဘူးထင်ပါရဲ့။

ဒူးခေါင်းတစ်ဖက်ကနာနေပေမဲ့ ‌ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ၀င်း၀င်းတောက်နေသော
ပါးပြင်ကြီးကို ပြုံးကာနမ်းလိုက်မိသည်။

"ဟင်...."

နမ်းလိုက်ရုံလေးရှိသေးတယ် မျက်လုံးတွေကချက်ချင်းပွင့်လာပြီး ဖြူလုံးကိုအံ့ဩသလို စူးဆိုက်ကြည့်နေလေသည်။အကြည့်ချင်းဆုံသွားတဲ့အခိုက် သူခိုးလူမိသွားသောဖြူလုံးအဖို့ လန့်ဖြန့်ပြီး အနောက်သို့ခြေလှမ်းဆုတ်လိုက်မိရာမှာ
ဖင်ထိုင်လျှက်လဲကျမလိုဖြစ်သွားသည်။

"ဟာ...ဟိတ်...."

အနောက်သို့ လဲကျတော့မည့်ကလေးမရဲ့ ခါးကိုလက်နှစ်ဖက်နဲ့ စိုးရိမ်တကြီးလှမ်းဆွဲလိုက်မိတော့ သူ့ရင်ခွင်ထဲအလိုလိုရောက်လာသည့် ကိုယ်လုံးသေးသေးလေး။

ဒေ၀လည်းသူ့ကိုယ်သူ မသိလိုက်ခင်မှာ ပထမဦးဆုံးတုန့်ပြန်လိုက်မိသည်က သူမကို သူ့ရင်ခွင်ထဲတွင် နစ်မြှုပ်သွားအောင် ပွေ့ဖက်လိုက်မိတာပါပဲ။သူ့နှုတ်ခမ်းတွေ ညွှန့်တက်နေအောင် ပြုံးလိုက်မိပြီးနောက် ရင်ထဲမှလှိုက်၍ထွက်လာသောစကားလေးကတော့...

"သိပ်ပျော်တာပဲကွာ....ကံကြမ္မာကို သိပ်ကျေးဇူးတင်တယ်..."

အလုပ်နဲ့သာ အရာရာကိုသက်သေပြတတ်သည့် ဒေ၀အတွက်တော့ ပထမဦးဆုံးကံကြမ္မာကို ကျေးဇူးတင်မိခြင်းပါပဲ။

"ဂွီ....."

"ဟင်...ဘာအသံလည်း...."

ဖြူလုံးလည်း ကိုကြီးရဲ့ ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီးနောက်  အောက်နှုတ်ခမ်းကို ဖိကြိတ်လိုက်မိကာ ဗိုက်ကို အသာပွတ်လိုက်မိလေသည်။

"ဗိုက်ဆာနေတာလား...."

ကိုကြီးက ဖြူလုံးရဲ့မျက်နှာကို တည့်တည့်ကြည့်ပြီးမေးနေလေတော့ ဖြူလုံးလည်း မဝံ့မရဲလေး
ပြန်မော့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"ဟား...ဟား...ဗိုက်ဆာတာကို ဖြစ်နေတဲ့မျက်နှာလေးက...ဘယ်လိုလဲကွာ...ဒါအားနာစရာလား...
သွား...တဲအထဲမှာ၀င်စောင့်နေ ကိုကြီးထမင်းစားဆောင်ကို သွားပြီး တစ်ခုခုသွားယူလာခဲ့မယ်...
တကယ်လို့မရှိရင်လည်း ကိုယ်တိုင်ချက်လာခဲ့မယ်..."

"ဟင်...ကိုကြီးကဟင်းချက်တတ်လို့လား...ကြည့်လုပ်ပါအုံး..."

"ဘာလဲ...ကိုယ့်ကိုစိတ်ပူလို့လား..."

"ဟင့်အင်း...ဟင်းတူးတူးကြီးတွေစားနေရမှာစိုးလို့..."

"...ဒီကောင်မလေးတော့ကွာ..."

ကိုကြီးက ဖြူလုံးရဲ့ခေါင်းလေးကိုလှမ်းပုတ်လိုက်တာကြောင့် ဖြူလုံးလည်းဇာတ်ကလေးကို ပုလိုက်မိသည်။ဖြူလုံးအဖို့ ဒါဟာပထမဆုံး ကိုယ်ကြီးကို စနှောက်ဖူးခြင်းပဲ။ကိုကြီးကလဲ ဖြူလုံးကိုစိတ်ဆိုးပုံမပေါ်ဘူး။

"စိတ်ချပါကွာ...ကိုကြီးက ဘယ်နေရာမဆို
တော်ပြီးသားပါ...တဲထဲမှာသွားစောင့်နေနော်..."

"ဟင့်အင်း...ဒီနေရာမှာပဲစောင့်နေမှာ..."

"ဒီမှာကအေးတယ်လေ..."

"မအေးပါဘူး...ဒီမှာမီးပုံကြီးလည်း ရှိနေတာပဲဥစ္စာ...."

"ဟုတ်ပါပြီ...ဒါဆို ဒီစောင်လေးကို ခြုံထားလိုက်နော်...."

"ဟုတ်ကဲ့..."

အချစ်၀တ္ထုတွေထဲကလို ကြင်ကြင်နာနာလေး ခြုံပေးမယ်ထင်လို့ ခန္ဓာကိုယ်ကို အရှေ့သို့တိုးပေးလိုက်ပေမဲ့ ခေါင်းပေါ်သို့စောင်ကို အုပ်တင်ပေးသွားသည်။

"ဟာ...ကိုကြီး...."

ခေါင်းပေါ်မှာ အုပ်နေသောစောင်ကို လက်နဲ့မပြီး လှန်ကြည့်လိုက်တော့ ကိုကြီးကခပ်လှမ်းလှမ်းကိုတောင် ရောက်နေလေပြီ။လူ‌ကောင်ကြီးကထွားသလောက် သွားတာကလဲမြန်လိုက်တာ။
နူးညံ့တဲ့ပုံစံလေး တစ်ခါလောက်လုပ်ပြရင်ကောင်းမှာပဲ။အခုတော့ ‌တောင့်တောင့်ကြီးကျန်နေခဲ့ရတယ်။

စောင့်ကို ကိုယ်မှာပတ်ခြုံထားလိုက်ပြီး ခေါင်းလေးသာဖော်ထားလိုက်သည်။ ခုံတန်းလေးအပေါ်မှာထိုင်ရင်း  ထင်းချောင်းတွေတစ်ခုပြီးတစ်ခုကို မီးပုံထဲသို့ ပစ်ထည့်နေရင်းနှင့် ကိုကြီးအလာကိုစောင့်နေမိသည်။

"စားလို့ရပြီ ..."

"ဟင်...မြန်လှချည်လား...."

ကိုယ့်အတွေးနဲ့ကိုယ်မေးထောက်ပြီး မီးပုံကိုကြည့်နေမိရာမှ ကိုကြီး‌ဘယ်အချိန်ကအနားကို ရောက်လာမှန်းတောင်မသိလိုက်ပေ။
လက်ထဲမှာလည်း အငွေ့တထောင်းထောင်ထနေသည့် ပန်းကန်လုံးကို အောက်ကပန်းကန်ပြားလေးခံထားပြီး မလာလေသည်။

"ဘာကြီးလည်း..."

"အဟင်း...ကိုပုတုက မနက်အတွက်ကြက်သားအဖြူသည်ကျော်ထားတာထင်တယ်...အဲ့ဒါသူ့တို့ကြက်သားနဲ့ ဆန်လေးနဲ့ရောပြုတ်လာတာ...
ကြက်သားဆန်ပြုတ်ပေါ့..."

ကိုကြီးက  ပြုံးပြုံးလေးပြောရင်းနှင့် ကြက်သားဆန်ပြုတ်ပန်းကန်လေးကို ကိုင်ကာဖြူလုံးရဲ့ဘေးနားမှာ လာထိုင်သည်။
အပြင်ပုံပန်းသဏ္ဍန်ကတော့ နံနံပင်လေးပါ အုပ်လာပေးတာဆိုတော့ စားလို့ကောင်းမဲ့ပုံလေးပဲ။
တစ်နေ့မှာ ကိုကြီးချက်ပေးတဲ့ ကြက်သားဆန်ပြုတ်ကို စားရလိမ့်မယ်လို့ တကယ်ကိုမထင်ထားခဲ့မိတာပါ။

"အဟင်း...စားကောင်းမဲ့ပုံလေးပဲနော်....ပြောနေတာကြာတယ်...စားလိုက်တော့မယ်နော် .."

"...ကြိုက်သလောက်စား...."

ကိုကြီးရဲ့ ခွင့်ပြုချက်ကို ရသည်နှင့် ဆန်ပြုတ်ပန်းကန်ကို လက်လွှဲယူလိုက်ပြီး ဇွန်းအပြည့်ခပ်သောက်လိုက်လေသည်။
အရသာကတော့ ရေသောက်လိုက်ရသလိုပါပဲ။

"ကိုကြီး...ဆန်ပြုတ်ထဲမှာ ဆားထည့်ဖို့မေ့သွားတာလား..."

"ဟင်....ဘာ...ဘာဖြစ်လို့လဲ...ပေါ့လို့လား...
ဆားတော့ထည့်လိုက်ပါတယ်...ငန်မှာဆိုးလို့ သိပ်မထည့်လိုက်ဘူး...."

"နေပါအုံး....ဆန်ပြုတ်ချက်တုန်းက မြည်းမကြည့်လိုက်ဘူးလား..."

"...ငယ်ငယ်တုန်းကတော့ ဟင်းတွေခဏခဏချက်ခဲ့ဖူးတယ်လေ...မချက်တာဆယ်နှစ်ကျော်နေပေမဲ့ အခုလည်းလက်ရာကောင်းတုန်းပဲဆိုတာ အတတ်သိတယ်လေ...ဘာလဲ...မကောင်းဘူးလား...."

"အယ်မဟုတ်ပါဘူး...ကောင်းပါတယ်...ကောင်းတယ်...."

ကောင်းပါတယ်..စိတ်ပျက်ဖို့‌ဆိုတာကိုတော့ စိတ်ထဲကနေသာ ပြောလိုက်မိပါသည်။သူ့ကိုယ်သူ အားလုံးတော်တဲ့လူကြီးဆိုပြီး ဟင်းကိုတောင်မြည်းမကြည့်ဘူးတဲ့။ယုံကြည်မှုမြင့်မားပုံကတော့ မိုးထိုးလောက်ပါရဲ့။ပြောလိုက်ရင် စိတ်မကောင်းဖြစ်သွားမှာဆိုးလို့ ဆန်ပြုတ်ပေါ့ပေါ့ကြီးကိုသာ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးကာ စားနေမိသည်။

"‌ဖြည်းဖြည်းစားလေ ဖြူလုံးရဲ့...."

ဖြူလုံးရဲ့ ဂုတ်ထောက်နေသော ဆံပင်တွေကို နားသို့ညှပ်တင်ပေးနေသည့် ကိုကြီးရဲ့မျက်နှာကို ဘေးစောင်းကာ ပြန်ကြည့်လိုက်မိသည်။
ကိုကြီးစိတ်ကြည်နေတုန်းမှာ ဖြူလုံးပြောချင်နေတဲ့စကားတွေကို ပြောလိုက်ရမလား။မနက်ဖြန်ဆိုတာ တကယ်ကိုမသေချာတဲ့အချိန်ကာလတစ်ခုပဲ မဟုတ်ပါလား။

"...ကိုယ့်ကိုဘာလို့ အဲ့လောက်ဆိုက်ကြည့်နေရတာလဲ...မျက်နှာမှာတစ်ခုခုပေနေလို့လား...."

"ဟင့်အင်း....ကိုကြီးကအရင်အတိုင်းပဲ အရမ်းချောပါတယ်..."

ဖြူလုံးရဲ့ စကားကြောင့် ပြုံးလိုက်သောကိုကြီးရဲ့မျက်နှာက အရမ်းကြည့်လို့ကောင်းတာပဲ။
ဖြူလုံးမှာသာ မပြုံးနိုင်ပဲ လက်သီးတွေကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။

"ဖြူလုံးပြောချင်တာက လွန်ခဲ့တဲ့ဆယ့်နှနှစ်တုန်းက ကဝိကြီးလိုပဲ သိပ်ချောတယ်လို့..."

ကိုကြီးရဲ့မျက်နှာဟာ ခဏတာလောက် ပြန်တည်သွားပြီးနောက် နှုတ်ခမ်းထောင့်စွန်းလေးတွန့်ယုံသာ ပြန်ပြုံးလိုက်လေသည်။

"ဒါမှမဟုတ်...ကိုကြီးကအစောတည်းက ဖြူလုံးသိနေတယ်ဆိုတာ ရိပ်မိတာလား...."

"အင်း...ကိုကြီး..ဆေးရုံဆင်းတဲ့နေ့က အံဆွဲထဲမှာသေချာထည့်ထားတဲ့ ပစ်တိုင်းထောင်အရုပ်ကလေးကို ဒီသူခိုးမလေးကယူသွားခဲ့တယ်လေ...
အခန်းထဲမှာ ပစ်တိုင်းထောင်အရုပ်လေးပျောက်သွားလို့...ဒေါ်နှင်းမြတ်ကို ‌ဖြူလုံးအခန်းထဲ
၀င်သေးလား...မေးကြည့်တော့ ကိုယ်ဆေးရုံတတ်တဲ့ညက ၀င်တယ်ဆိုတည်းက သိလိုက်တာ
...ဒါပေမဲ့...လုံးလုံးက ကိုယ့်ကိုမသိချင်ယောင်ဆောင်နေတော့ ကိုယ်လည်းဒီအတိုင်းပဲထားလိုက်တာပေါ့..."

"ဒါဆို...သမီးကို ဖြူလုံးမှန်းဘယ်တုန်းကစသိတာလဲ..."

"လုံးလုံးနဲ့...ဒေါ်ရွှေရတု ပြဿနာဖြစ်တဲ့ညက..
စသိတာ...ငလိမ်မလေးက ....ကျောင်းစာအုပ်တွေမှာတော့ ဖြူလုံးဆိုပြီး နာမည်ထိုးထားတယ်လေ..."

ဒေ၀လည်း မျက်လုံးအဝိုင်းသားလေးနဲ့ အံ့ဩ
တကြီးနားထောင်နေသည့် လုံးလုံးကို အသဲယားလာပြီး သူမရဲ့ပါးအိအိလေးတွေကို ဆွဲညှစ်လိုက်မိလေသည်။

"အား...နာတယ်လို့..."

"ဟား..ဟား...."

"ဘာကိုရယ်တာလဲ... အရင်ကြိုသိပြီးဘာလို့
မပြောပဲ လျှို့ဝှက်ထားရတာလဲ..အစကအကျိုးလိုလို့ ညောင်ရည်သွန်တယ်ထင်သွားတာပေါ့...ငရဲကြီးအောင်ကိုလုပ်တယ်...."

"အင်း...အခုအဲ့လိုလုပ်ရင်ကောင်းမလားလို့...."

"ဘယ်လို...."

"အကျိုးလိုချင်လို့ ညောင်ရေသွန်မဲ့ကိစ္စလေ..."

ဖြူလုံးလည်း ကိုကြီးပြောလိုက်တာကို ဘာမှန်း
မသိလိုက်သလို ဖြစ်သွားတာကြောင့် ကိုကြီးကိုပြန်ကြည့်လိုက်မိတော့ ခရမ်းရောင်သန်းနေသော
စူးရှသည့် မျက်၀န်းတွေက ဖြူလုံးကိုညှို့ယူနေသလိုပင်။ကိုကြီးရဲ့ မျက်၀န်းထဲကအဓိပ္ပာယ်တွေကို ဖြူလုံးတစ်ယောက်ယောက်ဆီမှာ မြင်ခဲ့ဖူးတယ်။ကိုဖိုးအေးဆီမှာ။ဟုတ်တယ် ကိုဖိုးအေးက ဖြူလုံးကို ရည်းစားစကားပြောတိုင်း ဒီလိုပဲအမြဲကြည့်နေတတ်တာ။ဒါဆိုကိုကြီးက ဖြူလုံးအပေါ်များ။

"လုံးလုံး..ဆယ်တန်းဖြေပြီးတဲ့နေရောက်ရင်
အရမ်းအရေးကြီးပြီး သိပ်လေးနက်တဲ့စကားကိုပြောချင်တယ်...."

"အခုပြောလို့ မရဘူးလား...."

"ဟင့်အင်း....အခုပြောရင်...မတရားဘူးလို့ ခံစားရလို့...."

ဘာမတရားစရာရှိသလဲလို့ ပြောလိုက်ချင်ပေမဲ့ မိန်းကလေးဆိုတော့လည်း မပြောရဲဘူး။ စောင့်ရမှာပေါ့လေ။ဆယ်တန်းစာမေးပွဲ ဖြေပြီးတဲ့အထိ ။
ရည်းစားစကားလားလို့လဲ မမေးရဲဘူး။တော်ကြာနေ ဆန်ပြုတ်ချက်သလို အများကြီးခန့်မှန်းခဲ့ပြီး ချီးကျူးထောပနာပြုမိခါမှ ဆားမပါတဲ့ အဖြစ်ရောက်နေအုံးမယ်။သူက သိပ်ခန့်မှန်းလို့ရတဲ့
ဦး‌လေးကြီးမဟုတ်ဘူး။

"ဒါနဲ့...မနက်ဖြန်သမီးပြန်ရင် ကိုကြီးလိုက်မပို့နဲ့တော့နော်..."

"ဘာဖြစ်လို့လဲ..."

"ကိုကြီးကို မပင်ပန်းစေချင်လို့ပါ...သမီးလည်းပြန်ကောင်းနေပြီပဲဥစ္စာ ဆေးရုံကိုအန်တီနှင်းမြတ်တို့နဲ့အတူသွားလိုက်ပြီး ဆရာ၀န်နဲ့ပြလိုက်မယ်လေ...."

"ဆရာ၀န်ဆိုမှ လုံးလုံးအခုလိုဖြစ်တာ ဟိုညီအစ်မနှစ်ယောက်ပေါင်းပြီး ကြံစည်တာမဟုတ်လား...."

"အဲ့ဒီ့ကိစ္စကို သမီးဘာသာဖြေရှင်းပါရစေ..."

"ဟ....ဘယ်ဖြစ်မလဲ...ဒါပေါ့သေးသေးကိစ္စမှမဟုတ်တာ....မင်းကအသက်ပိစိတောင့်နဲ့ ဘယ်လိုဖြေရှင်းမှာလဲ...မဟုတ်တာတော်တော်ပြောတာပဲ...လူကြီးစီစဉ်တာပဲမင်းနာခံ..."

"ဟင့်အင်း...ဟင့်အင်း...ဒီတစ်ခါတော့ သမီးဘာသာဆုံးဖြတ်ပါရစေ.....ခွင့်ပြုပေးပါနော်...
နော်လို့...."

ကိုကြီးရဲ့လက်မောင်းကို ကိုင်လှုပ်ပြီး အတင်းတောင်းဆိုနေမိပေမဲ့ အင်းမလှုပ်၊အဲမလှုပ်နဲ့ဖြစ်နေလေသည်။နောက်ဆုံး ကတိအထပ်ထပ်ပေးပြီး အတင်းတောင်းဆိုတော့မှသာ ခေါင်းညိမ့်ပြသည်။ဖြူလုံးလည်း ဆူပုပ်နေသည့် မျက်နှာကြီးကိုမှ စိမ်ပြေနပြေကြည့်ပြီး ဘာကြောင့်ရယ်မသိ ပြုံးလိုက်မိလေသည်။

🍁🍁🍁🍁🍁🍁🍁🍁🍁

ဒီလိုနဲ့ သုန္နကတောင်တန်းကြီးနှင့် ကိုကြီးကိုနှုတ်ဆက်ခဲ့ကာ မြတ်ချယ်တို့မိသားစုနှင့်အတူ မြို့ထဲဘက်သို့ ပြန်လိုက်ခဲ့မိလေသည်။
ကိုကြီးကတော့ ဖြူလုံးကို နောက်နှစ်ရက်နေရင် အလုပ်တွေဖြတ်ပြီး ခဏလာကြည့်မယ်လို့ ကတိပေးခဲ့‌တယ်။ဖြူလုံးမျှော်မှန်းနေမိတာကတော့ ဆယ်တန်းပြီးရင် ပြောမဲ့စကားလေးကိုပါပဲ။

စံအိမ်ကိုပြန်ရောက်တာနဲ့ လိုအပ်တာတွေယူပြီး
မြတ်ချယ်တို့မိသားစုကပဲ ဆေးရုံတက်ဖို့ ပြင်ဆင်ပေးကြလေသည်။အန်တီနှင်းမြတ်ကတော့ ကိုကြီးရဲ့ခဏခဏ ဖုန်းနဲ့လှမ်းဆော်ဩမှုကြောင့် ဖြူလုံးကိုဂရုစိုက်လိုက်တာမှ ပြာနေတာပါပဲ။

ဒူးအရိုးအပ်သွားတာရယ် ထပ်ပြီးတော့အဖျားတက်တာရယ်ကြောင့် ဖြူလုံးဆေးရုံနှစ်ရက်လောက်တက်လိုက်ရသည်။ဒီကိစ္စကိုလည်း ကိုကြီးဆီပြန်မပြောဖို့ အန်တီနှင်းမြတ်ကို ပိတ်ရသေးပြန်သည်။မဟုတ်ရင် ဟိုကဈာန်နဲ့ကြွလာမှာ စိုးရတယ်။

"ဖြူလုံးရေ...."

"မြတ်ချယ်မ....နင်ဒီနေ့ကျောင်းသွားသေးတာလား...."

ဆေးရုံအခန်းထဲသို့ ၀င်လာသောမြတ်ချယ်က ကျောင်းစိမ်းအိင်္ကျီလေးနဲ့ဖြစ်နေတာကြောင့် ကျောင်းကနေ တန်းလာတာသေချာလေသည်။

"ဟုတ်တယ်ဟ...ဒီနေ့ကျောင်းကိုခဏသွားလိုက်သေးတယ်....ဆရာမတွေကိုသွားနှုတ်ဆက်တာလေ....‌"

"ကျောင်းမှာ သရဲရောမခြောက်ဘူးလား...."

"ခြောက်တာပေါ့ဟ....တက်တဲ့လူကငါနဲ့မှ ခြောက်ယောက်ပဲရှိတော့တယ်...နောက်နေ့ကစပြီး ငါလည်းမသွားတော့ပါဘူး...နင်နဲ့အတူစာလာကျက်မှာလေ...."

"နင်နဲ့စာကျက်ရင် စကားပဲ‌များနေတာကိုများ...."

"အောင်မာ...အေးပါ....ကျေးဇူးကိုစော်ကားထားဦးပေါ့..."

မြတ်ချယ်က ပြောပြောဆိုဆို လူနာကုတင်ဘေး၌ရှိသော ကြိမ်ခြင်းထဲကစပျစ်သီးခိုင်ကိုဖြုတ်ပြီးစားလိုက်လေသည်။

"ဒါနဲ့ နင်တစ်ယောက်တည်းရှိနေတာလား...."

"အေး...အန်တီနှင်းမြတ်တို့အဖွဲ့က မနက်ဖြန်
ကိုကြီးပြန်လာမယ်ဆိုလို့ ပြင်ဆင်ဖို့အိမ်ခဏပြန်သွားကြတယ်...ဒါနဲ့နင်ရော တစ်ယောက်တည်းလာတာလား...."

"စဉ်းစားလေ...ဖြူလုံးမရဲ့ ဒီခရီးနဲ့ ဒီခရီးကို...ငါကခြေကျင်လာရင် သေရချည်ရဲ့...ငါ့ဦးလေးလိုက်ပို့တာ..."

"ဘာတွေ သေနေကြတာလဲကွ...."

ပန်းသီးခြင်းကို ကိုင်ပြီးအခန်းထဲသို့ ၀င်လာသူမှာမြတ်ချယ်ရဲ့ဦးလေး ဦးထက်ရှိုင်းဝေဖြစ်နေလေသည်။ဟိုတစ်ခါ ဖေကြီးနေမကောင်းဖြစ်တော့ ဆေးရုံကိုလိုက်ပို့ပေးစဉ်တည်းက နည်းနည်းပိုရင်းနှီးသွားတာကြောင့် ဖြူလုံးလည်း ပြုံးပြပြီး ပြန်နှုတ်ဆက်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး....ဦးလေးရာ...ဒီအတိုင်းနှစ်ကိုယ်ကြားကိစ္စလေးတွေပေါ့..."

မြတ်ချယ်က တမင်သူ့ဦးလေးကို စသလိုလိုနဲ့ဖြူလုံးကို ပြုံးစိစိလုပ်ပြနေလေသည်။

"ညည်းတို့ကြားက အရေးကြီးလျှို့ဝှက်ချက်တွေက ဘာတွေတုန်းဟ...ငါ့လည်းပေးသိကြပါအုံး..."

"ပေးမသိပါဘူး...ဦးလေးကမကြာခင်ပဲ ရန်ကုန်ပြန်ရတော့မဲ့ဥစ္စာကို...."

"ဟင်...ဦးထက်ရိုင်းက ရန်ကုန်ပြန်တော့မလို့လား..."

"ဘာလဲ ညည်းကရန်ကုန်လိုက်မလို့လား...."

ဖြူလုံးကဒီအတိုင်းမေးလိုက်တဲ့ဥစ္စာကို မြတ်ချယ်ရဲ့ဦးလေးလို့ မပြောရဘူး ‌အစအနောက်က
တော်တော်သန်သည်။

"ဒါနဲ့မြတ်ချယ်...နောင်ဇွဲတစ်ယောက်ရော စာကျက်ရဲ့လား...."

"အမယ်လေး...ကျက်လိုက်တာမှ  တစ်အိမ်လုံးသူ့အသံကြီးပဲ စာမေးပွဲနီးမှ ဖင်မှူးတောင်းထောင်နေတဲ့အကောင်လေ...နင့်ကျေးဇူးတွေပေါ့..."

"မဟုတ်ပါဘူးဟာ..."

"ဟုတ်ပါတယ်ဟာ...."

"မဟုတ်ပါဘူးလို့ဆိုနေ..."

"ဟုတ်ပါတယ်လို့ဆိုနေ...."

"ဟ....ညည်းတို့နှစ်ယောက်က ဒီစကားနဲ့တင်တိုင်ပတ်နေကြပါလား..."

"ဦးလေး မသိရင်အသာနေလိုက်ပါနော်..."

"အောင်မာ..."

မြတ်ချယ်က ‌သူ့မောင်ကိုသာ မနိုင်တာ ဦးလေးကြတော့အသေနိုင်ပုံရတယ်။ဦးထက်ရှိုင်းဝေကြီးက သဘောကောင်းလွန်းတာလည်း ပါမယ်ထင်တယ်။

"ဖြူလုံး....မမတို့၀င်လာလို့ရမလား..."

အသံတွေကို ကြားတာနဲ့ဘယ်သူတွေဆိုတာ ခန့်မှန်းလိုက်မိတာကြောင့် ပြုံးနေမိသော နှုတ်ခမ်းတွေကို တည်ပစ်လိုက်သည်။
အခန်းတံခါးအ၀မှာ ညှိုးငယ်သောမျက်နှာတွေနဲ့ ဟန်ရေးလုပ်ပြနေကြပါသော အစ်မတော်နှစ်ယောက်။၀င်ခွင့်ပြုတယ်လို့ မပြောရသေးခင်မှာပဲ မျက်‌နှာပြောင်တိုက်ပြီး ၀င်လာကြတာ တကယ့်ကိုဟာသပဲ။

"ဘယ်သူက ၀င်လာဖို့ပြောလို့၀င်လာရတာလဲ..."

"ဖြူလုံး...နင်ဘယ်လိုပြောလိုက်တာလည်း အဲ့ဒါနင့်ကိုကုပေးခဲ့တဲ့ ဆရာ၀န်နော် ...."

"မြတ်ချယ်...ညည်းအသာနေစမ်း...."

ဦးထက်ရှိုင်းဝေက ဖြူလုံးကိုတရားချနေသော မြတ်ချယ်အား လှမ်းခေါ်လိုက်လေသည်။
ဖြူလုံးလို ကလေးတစ်ယောက်က အကြောင်းမဲ့သက်သက် သူများကိုဒီလိုပြောမှာမဟုတ်ကြောင်းလူကြီးပီပီ သူအတတ်သိနေမိသည်။

"ညီမလေးကို ရွှေကတောင်းပန်ချင်လို့ဆိုပြီး ပြောလာလို့...လာတောင်းပန်တာပါ....ဟို ဒီကအစ်ကိုနဲ့ ညီမလေးတို့ ခဏလောက်အပြင်ကိုထွက်ပေးလို့ရမလား...."

"ဘယ်သူမှ အပြင်ထွက်ပေးစရာမလိုဘူး...
လုပ်ခဲ့တုန်းက မျက်နှာပြောင်တိုက်ပြီး မစာမနာလုပ်ခဲ့တာမဟုတ်ဘူးလား...အခုမှဘာလို သူများသိမှာစိုးရိမ်နေရတာလဲ...."

"နင်...."

"ရွှေ့...."

ရွှေပန်းချီက မျက်နှာထားတင်းလာပြီး ထပြောဖို့ကြံလိုက်တော့ ငွေကလက်ကိုအတင်းဆွဲပြီး ခေါင်းခါပြလေသည်။

"ပြောပါ....ငါ့ညီမလေး ကြိုက်သလောက်သာပြောပါ...တကယ်တော့ ရွှေ..ကျူးလွန်ခဲ့တာက အဲ့ဒါထက်အဆပေါင်းများစွာအပြောခံရသင့်တာပါ..."

ငွေက အရှေ့မှဦးဆုံးပြီး ပြောလိုက်ကာ ရွှေ့ကိုမျက်နှာရိပ်ပြလိုက်လေသည်အရာအားလုံးကို မြင်နေရတဲ့ ဖြူလုံးကတော့ နှုတ်ခမ်းတွေကိုသာ မဲ့ပစ်လိုက်သည်။
မြတ်ချယ်ကတော့ နားကိုမလည်နိုင်တော့တဲ့အထိပါပဲ။

"ဖြူလုံး....ပြောလိုက်ပါ...မမရွှေဘယ်လိုကျေနပ်အောင် တောင်းပန်ရမှာလဲ...မမရွှေကိုကြိုက်သလို အပြစ်ပေးပါကွာ..."

"အဟင်း..ကြိုက်သလို အပြစ်ပေးဆိုရင်တော့ ဟောဟိုမှာ ပြူတင်းပေါက်တွေ့လား...အဲ့ကနေ ဘောင်ပေါ်တက်ပြီး ခုန်ချပစ်လိုက်.…အဲ့ဒါကျွန်မပေးချင်တဲ့ အပြစ်ပဲ...."

ရွှေနဲ့ ငွေဟာ ဖြူလုံးရဲ့စကားကြောင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်မိကြလေသည်။ဖြူလုံးဟာ သူတို့ထင်ထားတာနဲ့
ဘာကြောင့် တစ်ခြားဆီဖြစ်နေရတာလဲ။
သူ့နောက်မှာ ကျောထောက်နောက်ခံရှိနေတဲ့ ကိုဒေ၀ကြောင့်များလား။

"ဘာလဲ....မလုပ်နိုင်တော့ဘူးလား...အဟင်း...တိုက်ပေါ်ကနေ ခုန်ချမပြနိုင်ဘူးဆိုရင်တော့ ကျွန်မ ရှေ့မှာ ဒူးထောက်ပြီးတော့ နောက်တစ်ခါ ကိုယ့်ညီမကို မလုပ်ကြံတော့ပါဘူးလို့ ပါးစပ်ကနေရွတ်ပြရမယ်....ဘယ်လိုလဲ...."

"ဖြူလုံး...ငါတို့ကနင့်ထက်ကြီးတယ်နော်...အငယ်ကအကြီးကို ဒူးထောက်ခိုင်းတာက ဖြစ်သင့်ရဲ့လား...နင်ငရဲကြီးမှာမကြောက်ဘူးလား...ဟမ်..."

"ဟား...ဟား......ကျွန်မက ဘာအမှားလုပ်ထားလို့ ငရဲကိုရောက်ရမှာလဲ....သွားချင်းသွား....ရှင်အရင်သွားရမှာ မဟုတ်ဘူးလား..."

"ဖြူလုံး..နင်...."

"ရွှေ....နင်ဘယ်လိုဖြစ်နေတာလဲ...အခုချက်ချင်းဒူးထောက်ပြီး တောင်းပန်လိုက်ပါ..."

ငွေပန်းချီက အတင်းဖိ‌အားပေးနေ‌တာကြောင့် ရွှေလည်း တစ်သတ်နဲ့တစ်ကိုယ်မလုပ်ဖူးသောအလုပ်တွေကို လုပ်နေရလေသည်။မဟုတ်ရင် ထောင်နန်းစံရမှာပေါ့။‌ထောင်ထဲမှာ နေရမှာထက် ဒူးထောက်လိုက်တဲ့ကိစ္စက ဘာမှမပြောပလောက်ပါဘူး။ရွှေအမျိုးမျိုး စဉ်းစားးလိုက်ပြီးနောက်မှာတော့ မျက်လုံးကိုမှိတ်ပြီး ဒူးခေါင်းကိုကွေးညွှတ်လိုက်မိလေသည်။

"ဘယ်သူကဒီအခန်းထဲမှာ ဒူးထောက်ခိုင်းလို့လည်း..."

"ဟင်...နင်ဘာကိုဆိုလိုချင်တာလဲ..."

ဖြူလုံး လူနာကုတင်အပေါ်မှ ဆင်းသွားလိုက်ပြီး ဆေးရုံရဲ့အထူးခန်းတံခါးအ၀မှာ သွားရပ်နေလိုက်သည်။ဖြူလုံးရဲ့မျက်နှာမှာ မာကြောမှုတွေကတော့ အတိုင်းထက်အလွန်ဖြစ်တည်နေလေသည်။

"ကျွန်မလိုချင်တာက ‌လူအများရှေ့မှာ နောက်တစ်ခါ ကိုယ့်ညီမကို အသက်အန္တရယ်ထိခိုက်အောင်မလုပ်ကြံတော့ပါဘူးလို့ ပြောပြီးတောင်းပန်ခိုင်းနေတာ...အဟင်းဒီအခန်းလေးထဲမှာ လူမသိသူမသိအတောင်းပန်ခံရအောင် ကျွန်မကရူးနေတာမှမဟုတ်ပဲ...."

"ဖြူလုံး...."

"နင်...အသာနေမြတ်ချယ်...အဲ့ဒီ့ညက ငါခံစားခဲ့ရတဲ့ ဝေဒနာတွေကို ငါပဲသိတယ်...ငါကလေ...
ငယ်ငယ်တည်းက ငါ့ရဲ့အစ်မတွေကငါ့ကိုနှိမ်ကြမှန်းသိရက်နဲ့ သူတို့အပေါ် မလိုမုန်းထားခြင်းမရှိခဲ့ဘူး....ဒါပေမဲ့အခုလုပ်ခိုင်းနေတာက ငါခံခဲ့ရတဲ့ တစ်၀က်ကိုတောင် မမှီပါဘူး....အစ်မတို့ရွေးချယ်ပါ....အခုရဲကိုတိုင်ပြီးအရေးယူခိုင်းရမလား...လူတွေအရှေ့မှာ ဒူးထောက်ပြီးတောင်းပန်မလား...
ပြောရရင် သွေးတော်စပ်မှုကြောင့် အရမ်းကိုသက်ညှာပေးထားတာနော်....ကျန်တာတော့ ကြိုက်တဲ့လမ်းကိုရွေး....."

"ငါ...ငါတောင်းပန်ပါ့မယ်....ငါ့ကိုထောင်ထဲရောက်အောင်တော့ မလုပ်ပါနဲ့...."

ဒီတစ်ခါပြောလိုက်သူကတော့ မမရွှေကိုယ်တိုင်ဖြစ်နေလေသည်။

ဖြူလုံးလည်း နှုတ်ခမ်းကိုမဲ့ချပစ်လိုက်ပြီး အခန်းထဲမှခြေထောက်နာနေတာကို အားယူကာတစ်လှမ်းချင်းလှမ်းရင်း အပြင်သို့ထွက်လိုက်သည်။
မြတ်ချယ်တို့ တူ၀ရီးတွေက ဖြူလုံးကိုဖေးကူပေးကြပြီး ရွှေပန်းချီနှင့် ငွေပန်းချီကတော့ မျက်နှာတွေမသာမယာနှင့် အနောက်မှလိုက်လာကြလေသည်။

ဖြူလုံးဟာ ဒီဆေးရုံတွင် လူအများဆုံးနေရာဖြစ်သည့် ကောင်တာနားတွင် မတ်တပ်ရပ်နေလိုက်လေသည်။ပြီးနောက် ရွှေပန်းချီကို မေးငေါ့ပြလိုက်သည်။

ရွှေ့ဘ၀မှာ လူတစ်ယောက်ကို ဒူးထောက်ရမည့်နေ့မရှိဘူးလို့ ထင်ထားခဲ့မိတာပါ။အခုတော့ ဒူးထောက်တောင်းပန်ရမည့်လူက ရွှေ့ရဲ့ညီမ၀မ်းကွဲတဲ့လား။

ခန္ဓာကိုယ်က တစ်ဆက်ဆက်တုန်ယင်လာသည့်နည်းတူ မျက်ရည်ပေါက်ကြီးငယ်တွေကပါ ပါးပြင်မှာဖြတ်သန်းစီးဆင်းလာနေကြလေသည်။
ဒါပေမဲ့ အပြစ်ကကျူးလွန်းထားပြီးသည်မို့ အံကိုကြိတ်လိုက်ပြီး လူပုံအလယ်မှာပဲ ဒူးထောက်လိုက်မိပါသည်။

"နောက်တစ်ခါ ကိုယ့်ညီမကို အသက်အန္တရယ်ထိခိုက်အောင်မလုပ်ကြံတော့ပါဘူး...အစ်မကိုခွင့်လွှတ်ပေးပါ...
နောက်တစ်ခါ ကိုယ့်ညီမကို အသက်အန္တရယ်ထိခိုက်အောင်မလုပ်ကြံတော့ပါဘူး...အစ်မကိုခွင့်လွှတ်ပေးပါ...
နောက်တစ်ခါ ကိုယ့်ညီမကို အသက်အန္တရယ်ထိခိုက်အောင်မလုပ်ကြံတော့ပါဘူး...အစ်မကိုခွင့်လွှတ်ပေးပါ...."

"ဟယ်....ကြည့်စမ်း..အဲ့ဒါဦးအဂ္ဂရဲ့ သမီးမလား...
ကိုယ့်ညီမကိုတောင် ပြန်လုပ်ကြံတယ်တဲ့..."

"ဟုတ်ပါ့ဟယ်..အကျင့်ဆိုးလိုက်တဲ့မိန်းကလေးပါလား..ဒါမျိုးကို ငါတို့ချွေးမမတော်ရဖို့ မျှော်လင့်တယ်....."

"ဟဲ့...အဲ့ဒါ...ဒေါက်တာငွေပန်းချီရဲ့ညီမမဟုတ်လား...အကျင့်မကောင်းလိုက်တာဟယ်..."

"ဟုတ်ပါ့...."

ဝေဖန်သံအမျိုးမျိုးရဲ့အဆုံးသတ်မှာတော့ မျက်ရည်တွေကြားမှ ရွှေဟာဖြူလုံးကို မော့ကြည့်လိုက်မိလေသည်။ဖြူလုံးဟာ ရွှေ့ကိုလှည့်တောင်
မကြည့်ပဲ ထွက်သွားခဲ့လေပြီ။
ခွင့်လွှတ်တယ်လို့တော့ တစ်ခွန်းမှပြောမသွားခဲ့ဘူး။ဒါပေမဲ့ ဒီရလဒ်ကိုသူကျေနပ်မယ်လို့ထင်ပါတယ်။

အခန်း၄၉...ဆက်ရန်....

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...