🌿အခန်း ၉ မှ အခန်း ၁၂ 🌿
အခန်း၉
🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
"ဒီလမ်းတည့်တည့်၀င်သွားလိုက်..."
ကျောအနောက်ကနေ အတင်းတွန်းခံလိုက်ရတာကြောင့် ကျွန်တော်နဲနဲယိုင်ကျသွားတယ်။
အခုကျွန်တော် ရောက်နေတဲ့နေရာက ဦးအဂ္ဂပိုင်ဆိုင်တဲ့ ခြံ၀န်းကြီးထဲမှာပါ။ဦးအဂ္ဂဆိုတာ
သုန္နကမြို့ရဲ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးကနေရပ်တည်နေတဲ့လူ။ဒီလိုပုဂ္ဂိုလ်မျိုးက
ကျွန်တော့်လိုဆယ်တန်းကျောင်းသားလေး တစ်ယောက်ကိုတွေ့ချင်တာ ဘာသဘောလဲ။
ဧကန်နသူ့သားကို သွားတိုင်လိုက်တဲ့ကိစ္စများလား။
ခြံ၀န်းကြီးတစ်ခုလုံးက အလှမြက်ခင်းတွေနဲ့စိမ်းလန်းနေပြီး ဦးအဂ္ဂကခြံရဲ့တောင်ဘက်စွန်းစွန်းမှာဆောက်ထားတဲ့ မှန်ချက်တွေအပြည့်ကာရံထားသော အပန်းဖြေစံအိမ်ထဲကနေ ကျွန်တော်လာတာကို ကြည့်နေပုံရတယ်။
ခြေလှမ်းခပ်ကျဲကျဲနဲ့ပဲ ထိုစံအိမ်ထဲသို့၀င်သွားလိုက်ပြီး ကျွန်တော့်ကိုရယ်ပြနေတဲ့ဦးအဂ္ဂရဲ့အရှေ့မှာ ရပ်လိုက်တယ်။
"မင်းနာမည်...ကဝိလား..."
အထူးတလည် မက်တက်တောင်ရပ်ပြီး ကျွန်တော့်နာမည်ကို မေးလာပေမဲ့ ကျွန်တော်ကတော့ ခေါင်းပဲညိမ့်ပြလိုက်တယ်။
"ဦးနာမည် အဂ္ဂပါ....."
လက်ကိုရှေ့ထုတ်လာပြီး နှုတ်ဆက်ဖို့ကမ်းလှမ်းလာပေမဲ့ ...
"ကျွန်တော်သိပြီးသား ကိစ္စတွေကိုမပြောပါနဲ့ အဓိကအကြောင်းအရင်းကိုပဲ ပြောပါ..."
"အိုး..ဟိုး..ကောင်လေး..အေးဆေးပေါ့ကွာ...
ထိုင်ပါအုံး..ကော်ဖီနဲ့ မုန့်တွေကို သုံးဆောင်ပါအုံး..."
ထိုင်ခုံမှာပြန်ထိုင်ပြီး အသင့်ပြင်ဆင်ခင်းကျင်းထားတဲ့ အစားအစာတွေကို မေးငေါ့ပြနေတော့ ကျွန်တော့်စိတ်ထဲမှာ ကသိကအောင့်နိုင်လာတယ်။
ဒီလူနဲ့ကျွန်တော်က တစ်စားပွဲထဲမှာ ကော်ဖီအေးဆေးထိုင်သောက်ရလောက်အောင်အထိ ရင်းနှီးတာမှမဟုတ်ပဲ။
"ဦးအဂ္ဂ...လိုရင်းကိစ္စကိုပဲ ပြောပါ...
ဝေ့လည်ကြောင်ပတ်တွေသိပ်မလုပ်နဲ့...ခင်ဗျားကအဲ့လောက် သဘောမကောင်းဘူးဆိုတာ ကျွန်တော်သိတယ်..."
"အဟင်း...ကောင်းပြီ..ဒါဆိုဦးပြောမယ်...မင်းကဦးရဲ့သားအာကာကို အဖေ့ဆီမှာတိုင်လိုက်တဲ့ကောင်လေးဆိုတာ ဦးသိတယ်..."
"ကျုပ်တိုင်ပြောတာမဟုတ်ဘူး...အမှန်အတိုင်းဖွင့်ပြောပြီး အရေးယူခိုင်းလိုက်တာ...
လုပ်တာမလုပ်တာကတော့ ခင်ဗျားအဖေမြို့တော်၀န်ရဲ့အပိုင်းပဲလေ...ကျုပ်ကဦးတေဇလိုလူကို ခိုင်းစေနိုင်တဲ့အာဏာရှိတာမှမဟုတ်ပဲ..."
ကဝိရဲ့ တစ်ချက်တောင်မတွန့်သွားပဲ ပြတ်သားသောလေယူလေသိမ်းက ဦးအဂ္ဂလိုလူတောင်မျက်ခုံးတွန့်သွားရလေသည်။ဒီကောင်လေး အကြောကတော့မသေးဘူးပဲ။ဒါကြောင့် အဖေကငါ့သားကိုကျာပွတ်နဲ့ မရပ်မနားရိုက်ခဲ့တာပေါ့။
"ငါ..မင်းရဲ့နောက်ကြောင်းကိုစုံစမ်းကြည့်လိုက်တော့ မင်းတို့က သားအဖနှစ်ယောက်ထဲပဲနေတယ်...ပြီးတော့ မိုးတွေအသည်းအသန်ရွာချပြီးနောက်မှာ အပိုင်(၂)ကလူတွေကိုတောင် မင်းတို့က ရေတွေရောင်းခဲ့တယ်ဆို...
ငါကြားရသလောက်တော့ မင်းတို့အိမ်အနောက်မှာ ရေကန်အကြီးကြီးတူးထားတယ်တဲ့...မင်းတို့ကမိုးရွာမှာကိုဘယ်လိုကြိုသိနေတာလဲ...ငါတောင်တစ်ခြားမြို့ကနေရေကို၀ယ်သုံးနေရတာ...နည်းလမ်းလေးများရှိရင်.."
ခြိမ်းခြောက်ချင်တာလား၊တစ်ခုခုကို စကားနှိုက်ချင်တာလားမသိပေမဲ့ ဒီလူကြီးရဲ့လေသံက အေးစက်မှုတွေရောထွေးနေတယ်။
"ဒီမှာ ဦးအဂ္ဂ...ကျုပ်တို့က မိုးရွာမှာကိုကြိုသိနေရအောင် သကြားမင်းနဲ့သူငယ်ချင်းဖွဲ့ထားတာမဟုတ်ဘူး...အဟင်း..ခင်ဗျားကိုကြည့်ရတာ
ဂမ္ဘီရ၀တ္ထုတွေအဖတ်များပြီး နဲနဲလွတ်သွားပြီထင်တယ်..."
ကဝိရဲ့လှောင်ရယ်သံက အမှီးကုတ်ထားချင်ယောင်ဆောင်ထားတဲ့ မြေခွေးကို ပုတ်နှိုးလိုက်သလိုဖြစ်သွားလေသည်။ချက်ချင်းပဲ အဂ္ဂရဲ့မျက်၀န်းတွေက ဒေါသမီးတွေတောက်လောင်လာ တော့တယ်။
"ဒါဆိုမင်းတို့က ဘာလို့ရေကန်ကိုကြိုတူးထားရတာလဲ...မင်းငါ့ကိုညာဖို့တော့မကြိုးစားနဲ့နော်.."
အဂ္ဂရဲ့ဒေါသသံက ကဝိရဲ့မျက်၀န်းတောက်
တောက်တွေကို မှေးကျဉ်းသွားစေပြီး စူးရှ၍
ညှို့ယူသောအသွင်သို့ ပြောင်းလဲသွားစေသည်။
"ဒီမှာ..ဦးအဂ္ဂ..ကိုယ်ပိုင်တဲ့မြေကိုကိုယ်တူးတာ..
ခင်ဗျားအပူတစ်ပြားမှမပါဘူးလို့ထင်တယ်..."
အဂ္ဂမဲ့ပြုံးလေးကို လှလှပပပြုံးလိုက်ပြီးတဲ့နောက်..
"ငါ့အပူပါတယ်ဆိုရင်ရော..."
"ဘာ!!!"
"..အဟင်း..အစကတော့ မင်းကိုချော့ပေါင်းပြီး အလုပ်ကလေးတစ်ခုကို အတူလက်တွဲပြီး လုပ်ချင်လို့ဥစ္စာ..အခုမင်းကို အကြောသိပ်တင်းနေတော့..."
"မလိုပါဘူး...ခင်ဗျားဆီကနေ ဘယ်လိုအခွင့်အရေးမျိုးမှ ကျုပ်မယူဘူး...ယူမိတာနဲ့မတန်အောင် ပြန်ပေးရမယ်ဆိုတာ သိလို့ပဲ.."
က၀ိရဲ့ ယတိပြတ်စကားက ဦးအဂ္ဂရဲ့ မျက်နှာကို ပိုခက်ထန်သွားစေသည်။
"မင်းပိုင်ပါတယ်ဆိုတဲ့မြေက လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်တည်းက မင်းအဖေငါ့ဆီမှာလာပေါင်ထားခဲ့တာ..မနေ့ကပဲ အပေါင်ဆုံးသွားပြီ
..မင်း ခေါင်းသိပ်မာနေတော့လည်း..ဘယ်တတ်
နိုင်မှာလဲ...ကိုမာနခဲလေးရေ..မင်းငါ့သားကို တိုင်ထားတဲ့ကိစ္စ..
အော်..မှားလို့..အရေးယူခိုင်းတဲ့ကိစ္စထဲက ငါမင်းကိုမကျေနပ်တာ..အခုမင်းအိမ်ကလေး ပြာကျနေပြီလား ဆိုတာပြန်ကြည့်လိုက်ပါအုံးကွာ.."
"ဘာပြောတယ်!!ခင်ဗျား...ယုတ်မာလှချည်လား!!"
ဦးအဂ္ဂရဲ့မျက်နှာကို အချက်ပေါင်းများစွာထိုးပစ်လိုက်ချင်ပေမဲ့ အိမ်လေးကိုလည်းစိတ်ပူတာကြောင့် ခြေလှမ်းတွေက နောက်ကြောင်းဆီသို့ပြန်လှည့်ရင်း သုန္နကတောင်ခြေဆီသို့ ဒုန်းဆိုင်းပြေးမိတော့သည်။
ညကမက်ခဲ့တဲ့အိပ်မက်က တကယ်ဖြစ်မလာပါစေနဲ့။ကျွန်တော်တို့သားအဖရဲ့အိမ်လေး ဘာမှမဖြစ်ပါစေနဲ့။အမေခေါင်းချခဲ့တဲ့နေရာလေး၊အဖေနဲ့အတူ လောကဓံကိုကြံ့ကြံ့ခံအတူရင်ဆိုင်ခဲ့ရတဲ့ ဗိမ္မာန်လေးကို ဘယ်သူကမှမဖြတ်စီးပစ်ပါစေနဲ့။
ကျွန်တော့်ရင်ထဲမှာ ဆုတောင်းသံတွေဗလဗွနဲ့ဖြစ်နေပေမဲ့ ဘယ်သူကမှမကြားဘူးထင်ပါတယ်။ကျွန်တော်တို့ရဲ့ ခြံဝိုင်းထဲမှာလူတစ်စုက အိမ်ကိုမီးရှို့ဖြတ်စီးဖို့ဓာတ်ဆီတွေလောင်းနေကြတယ်။
အဖေနဲ့ကျွန်တော့်ရဲ့ပစ္စည်းတွေကလည်း အိမ်အပြင်ဘက်မှာ ဖြစ်သလိုစွန့်ပစ်ထားတဲ့အမှိုက်တွေအလား ပြန့်ကျဲထွက်နေတာပဲ။
"ဟေ့..လူတွေ..ခင်ဗျားတို့အခုချက်ချင်း ဒီခြံဝိုင်းထဲကနေထွက်သွား...ထွက်သွားကြဗျာ!!!"
"ဟာ..ဒီကောင်ဘာကောင်လဲ.."
ဓာတ်ဆီတွေလောင်းချနေတဲ့ လူတစ်ယောက်ကို ဟန့်တားဖို့ ထိုလူ့လက်မောင်းကိုအတင်းဆွဲလှည့်လိုက်တော့ ကျွန်တော့်ပုခုံးကနေ ပြန်အတွန်းခံလိုက်ရတယ်။အင်အားဗလခြင်းမမျှတော့ ဖိနပ်ချွတ်ပေါ်ကနေ မြေကြီးပေါ်ကိုကျွန်တော်လန်ကျသွားတာကြောင့် အောက်ကကျောက်ပြားအစွန်းနဲ့ ကျွန်တော့်ခေါင်းနဲ့ရိုက်မိသွားတယ်။
ထိုတဒင်္ဂမှာ မူးဝေသွားတာရော၊သွေးတွေစိမ့်ထွက်လာတာကြောင့် နာကျင်တာပါ ရောနှောလာပေမဲ့ မြေမှုန့်တွေကိုလက်သီးနဲ့ဆုပ်ပြီး ခုဏကလူရဲ့နောက်ကျောကို ကောက်ပေါက်ပစ်လိုက်တယ်။
"ဟာ...ဒီကောင်တော့ကွာ..."
ပိုဒေါသထွက်သွားတဲ့ ထိုလူကသူတို့မှာအသင့်ပါလာတဲ့ သံတုတ်တစ်ချောင်းကို ပြေးယူပြီးကျွန်တော့ ခေါင်းကိုအရှိန်နဲ့လွှဲရိုက်ချလိုက်တဲ့အချိန်...
"ကျော်ကြီး...မလုပ်ပါနဲ့ကွာ...ကောင်လေးကကျောင်းသားပဲရှိသေးတာ...စိတ်လျှော့ပါကွာ..."
"တောက်!!!မင်းသတိထား!!!"
ကျွန်တော့်ခေါင်းကို သံတုတ်နဲ့မရိုက်လိုက်ရလို့ ကြိမ်းဝါးသွားတဲ့ အဲ့ဒီ့လူရဲ့မျက်နှာက ကျွန်တော့်အာရုံထဲမှာ နောက်ဆုံးမှတ်လိုက်မိတဲ့ မှတ်ဉာဏ်တစ်ခုပါပဲ။ဦးခေါင်းအထက်ကနေ တစ်ဆစ်ဆစ်နာကျင်လာတဲ့ဒဏ်ရာနဲ့အတူ ကျွန်တော့်အမြင်အာရုံတွေ ဝေဝါးလာတယ်။
မြေကြီးပေါ်ကိုပစ်စလက်ခက်ကျွန်တော် လဲကျသွားတဲ့အချိန်မှာ...
"မီးလျှို့လိုက်တော့..."
မီးဆွဲနေပြီဖြစ်တာကြောင့် နားထဲမှာကြားနေရတဲ့ တဖြစ်ဖြစ်မြည်သံတွေ၊လဲကျနေတဲ့ကျွန်တော့်ဗိုက်ကို တစ်ချက်ဆောင့်ကန်ပြီး ထွက်သွားတဲ့ခြေသံတွေကို သတိရှိသေးတဲ့ကျွန်တော့် အကြားအာရုံကနေ ကြားနေရတယ်။
နာကျည်းလွန်းလို့ ကျွန်တော့်မျက်၀န်းမှ မျက်ရည်တွေတစ်ပေါက်ပေါက်ကျဆင်းလာတယ်။သွေးအနည်းငယ်ဖုမ်းလွှမ်းနေတဲ့ ကျွန်တော့်မျက်၀န်းအိမ်ကို အားယူပြီးဖွင့်ကြည့်လိုက်မိချိန်မှာ ရဲရဲနီနေတဲ့မီးတောက်ကြီး၊ကျွန်တော်တို့ သားအဖရဲ့အိမ်လေးကို တစ်စဆီဝါးမျိုနေတယ်။အမေ့ရဲ့နောက်ဆုံးအမှတ်တရဓာတ်ပုံလေး ၊ကျွန်တော့်ရဲ့ပျော်ရွှင်စရာအတိတ်ကာလတွေပါ၀င်သောနေရာလေး သွားပြီ အားလုံးပါသွားပြီ။
ဒီမီးစကို ဘယ်သူတောက်လောင်စေခဲ့တာလဲ။
ဦးအဂ္ဂ ခင်ဗျားရဲ့နာမည်ကို ကျွန်တော့်ရဲ့ရိုးတွင်းခြင်ဆီထဲကနေ မှတ်သားထားလိုက်မယ်။
ဦးအဂ္ဂရဲ့နာမည်ကို ကျွန်တော် အကြိမ်ကြိမ်ရေရွတ်နေမိချိန်မှာပဲ ကျွန်တော့်ရဲ့အသိအာရုံတွေက ပစ္စုပ္ပန်နဲ့ခဏတာ အဆင်ပြတ်သွားခဲ့တယ်။
အိပ်မက်လိုလို အဖြူရောင်အရိပ်ကလေးထဲမှာတော့ ဓနိမိုး၊ထရံကာထားတဲ့ အိမ်ငယ်လေးထဲမှာ ပျော်ပျော်ပါးပါး ထမင်းလက်စုံစားနေကြတဲ့ အဖေနဲ့ကျွန်တော် သိပ်ကိုလှပတဲ့မြင်ကွင်းလေးပါပဲ။
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း
🍁🍁🍁🍁🍁🍁🍁
========================================================================
ဘီလူးနမ်းသော အရိုင်းပန်း
အခန်း၁၀
"မီးလျှို့လိုက်တော့..."
ဒီစကားသံက ကျွန်တော့်ကိုတော်တော်နှိပ်စက်နေတယ်။ ကျွန်တော့်အိမ်လေးကို မီးရှို့ဖြတ်စီးခဲ့ကြတဲ့လူတွေနဲ့ ခိုင်းစေသူ ဦးအဂ္ဂ သူတို့မှာ စာနာတတ်တဲ့နှလုံးသားမရှိကြတော့ဘူးလား။
မီးတွေ၊မီးတွေ ကျွန်တော်တို့ရဲ့အိမ်လေး မီးလောင်နေပြီ။တစ်ယောက်ယောက်ကူညီပေးကြပါ။အဖေ သားတို့ရဲ့အိမ်လေးမီးလောင်နေပြီ။
"အဖေ့!!!! "
"သား!!သားလေး သတိရလာပြီလား...."
ခေါင်းကဒဏ်ရာကြောင့် ကျွန်တော်အနည်းငယ်ညီးတွားမိရင်းနဲ့ မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက် တော့ ကျွန်တော်ဆေးရုံကိုရောက်နေတာပဲ။အဖေ့ရဲ့ စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေတဲ့ မျက်နှာကိုတွေ့လိုက်ရတဲ့အခိုက်မှာ ကျွန်တော့်ရင်ထဲမှာ နာကျည်း၀မ်းနည်းမှုတွေက လှိုက်တက်လာပြီး အဖေ့ကိုအားကိုးတကြီး ဖက်ထားလိုက်မိတယ်။
"အဖေ့...သားတောင်းပန်ပါတယ်...
သားမကာကွယ်နိုင်ခဲ့ဘူး...သားတို့ရဲ့အိမ်လေးကိုသူတို့ဖြတ်စီးပစ်လိုက်ကြပြီ...သားတောင်းပန်ပါတယ်..."
အဖေ့ပုခုံးကို ဆုပ်ကိုင်ထားပြီး အားရအောင်ကျွန်တော်ငိုကြွေးနေမိပါတယ်။
ကျွန်တော့်ကြောင့်ပါအဖေ။ဖိုးထူးရဲ့ နွားသတ်မှုကိစ္စကို ကျွန်တော်၀င်မပါခဲ့ရင် ကျွန်တော်တို့သားအဖရဲ့ဘ၀လည်း ဒီလိုအဆုံးသတ်မျိုးဖြစ်လိမ့်မယ် မထင်ဘူး။
ကျွန်တော့်အဖြစ်က ပျားအုံကို တုတ်နဲ့ထိုးလိုက်မိသလို ဖြစ်သွားခဲ့တာပါ။တန်ပြန်ရရှိလာမဲ့ ပျားတို့ရဲ့အဆိပ်ကို ကျွန်တော်လျှော့တွက်ခဲ့မိတာပါ။
"သားရဲ့အမှားပါ သားကြောင့်ပါ...တောင်းပန်ပါတယ်အဖေ...."
အဖေဟာ ကျွန်တော့်ရဲ့ကျောပြင်ကို ခပ်ဖွဖွပုပ်ပေးပြီး...
"သားရဲ့အမှားမဟုတ်ပါဘူးကွာ...တကယ်တော့ သားဆယ်တန်းနှစ်အစမှာတင် သားရဲ့ကျောင်းစရိတ်အတွက် အဂ္ဂဆီမှာ ဒီခြံကွက်ကို ပေါင်ထားခဲ့တာပါ...အတိုးပေါ်ကို အတိုးထပ်ဆင့်လာတော့ အဖေလည်းပေးဖို့မတတ်နိုင်ဘူးဖြစ်သွားတာပါ သားရယ်...တကယ်ကတော့အဖေ့ကြောင့်ပါ...."
"အဲ့ဒီ့ဦးအဂ္ဂကို သားမကျေနပ်ဘူးအဖေ..."
ဒေါအပူမီးတွေ ထင်ဟပ်နေသော သားလေးကိုကြည့်ပြီး ဦးမောင်ကြီး ခေါင်းခါမိသည်။
"သားကိုအဖေတစ်ခုသတိပေးချင်တယ်...
သူကြွယ်မျိုးရိုးတွေကို ရန်သွားမစပါနဲ့..
အခြေအနေ..အချိန်အခါအရ အင်အားမမျှတဲ့အခါမှာ နစ်နာရတာက အဖေတို့လို ဆင်းရဲတဲ့လူတွေပဲ...သားမှာအာဏာသို့မဟုတ် နောက်ကထောက်ခံပေးမဲ့ အင်အားတစ်ခုခုရှိမှသာ တစ်ဖက်ရန်သူကိုစိန်ခေါ်သင့်တယ်..."
"ဒါပေမဲ့အဖေရယ်...အရာအားလုံးပြည့်စုံဖို့ကိုစောင့်နေရင်းကနေ တစ်ဖက်လူကပိုပိုဖိနှိပ်တာကို ကြိတ်မှိတ်ခံနေရင်လည်း ကျွန်တော်တို့ကအင်အားကြီးမလာပဲ ပိုသေးနုပ်လာတာပဲရှိမှာပေါ့..."
"မဟုတ်ဘူးသား..ငြိမ်ခံနေတိုင်းလည်း အနိုင်မရနိုင်ဘူးလို့မဆိုလိုဘူး...ကြိုးဝိုင်းထဲမှာ ခံစစ်နဲ့ကာကွယ်နေတိုင်းလည်း ရှုံးနိမ့်ဖို့ သေချာနေပြီလို့သွားပြောလို့မရဘူး...လူဆိုတာအချိန်အခါကောင်းကို စောင့်တတ်ရတယ်...သာမန်ကိစ္စလေးတစ်ခုအတွက်နဲ့တုန်လှုပ်မနေသင့်ဘူး...ရှေ့လျှောက်ပိုပြီးဆိုးရွားတဲ့အရာတွေကို အဖေတို့ကြုံလာရအုံးမှာပဲ...အဲ့ဒီ့အခါကြရင်...အခုလိုအဖြစ်အပျက်မျိုးကို ကြုံထားခဲ့တဲ့သားဟာ ပိုပြီးခံနိုင်ရည် ရှိနေပါလိမ့်မယ်...."
အဖေ့စကားတွေက ဆယ်ကျော်သက်အရွယ်မှာ စိတ်အားထက်သန်မှုပြင်းပြလွန်းတဲ့ကျွန်တော့်ကို တွေဝေစေတယ်။
အဖေပြောချင်တာက အခုတော့ဒီအတိုင်းပဲငြိမ်နေ အာဏရှိလာတဲ့အချိန်၊ဒါမှမဟုတ် အခွင့်အရေးကြုံလာတဲ့အချိန်ရောက်မှာ လှုပ်ရှား
လို့ဆိုလိုချင်တာလား။
"..အဖေ..ဦးဂန္တ၀င်တို့အိမ်မှာ ခြံစောင့်အလုပ်ရထားပြီးပြီ...လောလောဆယ်တော့အလုပ်သမားတန်းလျားမှာ နေခွင့်ရတာမို့ အဖေတို့အတွက်
နေဖို့၊စားဖို့က ပူစရာမလိုတော့ဘူးပေါ့ကွာ..."
"ဦးဂန္တ၀င်...အဖေ့...အဲ့ဒါဦးအဂ္ဂရဲ့ညီမဟုတ်လား
...အဖေရာ ဒီလူတွေနဲ့မှထပ်ပြီး ပတ်သတ်ရပြန်ပြီ...."
"အဂ္ဂရဲ့ ညီဆိုပေမဲ့..ဂန္တ၀င်က စိတ်နှလုံးကောင်းရှာပါတယ်...လောလောဆယ်တော့ အဖေတို့အဲ့ဒီ့မှာပဲ နေကြရအောင်...သားဆယ်တန်းအောင် တော့မှပဲ တစ်မျိုးစဉ်းစားကြတာပေါ့ကွာ..နော်..."
ကျွန်တော်အများကြီး ထပ်မပြောချင်တော့တာကြောင့် ခေါင်းပဲငြိမ့်ပြလိုက်မိတယ်။အခုချိန်မှာ အဖေကသာ ကျွန်တော့်ရဲ့အုပ်ထိန်းသူလေ။အဖေစီစဉ်သမျှကို ကျွန်တော်နာခံရမှာပါပဲ။
ဒီလိုနဲ့ ကျွန်တော်တို့သားအဖနှစ်ယောက်
ဦးဂန္တ၀င်တို့နေတဲ့ ရတုမဟာစံအိမ်ကြီးကို ရောက်လာခဲ့ကြတယ်။အလုပ်သမားဆိုတဲ့ သဘောတရားအရ စရောက်တဲ့နေ့မှာပဲ အဖေကဦးဂန္တ၀င်နဲ့အတူ စက်ရုံကိုလိုက်သွားပေးရတယ်။
ကျွန်တော်နားမလည်တာက အဖေဟာခြံစောင့်လည်းပြောသေးတယ် ဘာလို့ဒီလို့စက်ရုံကိစ္စတွေကအစ လိုက်လုပ်ပေးနေရတာလဲ။
အဖေ ကျွန်တော့်ကိုတစ်ခုခုကွယ်ဝှက်ထားတာများ ရှိနေခဲ့တာလား။
"ဟေ့ကောင်လေး...မင်းအဲ့မှာဘာရပ်လုပ်နေတာလဲ...အချောင်ခိုဖို့မစဉ်းစားနဲ့...သွား!!!ပန်းပင်တွေ ရေသွားလောင်း..."
ခြံထဲကိုပတ်ကြည့်နေတဲ့ကျွန်တော့်ကို အဒေါ်ကြီးတစ်ယောက်က အော်ငေါက်လာလေသည်။ကျွန်တော် ဒေါသနည်းနည်းထွက်သွားပေမဲ့ အဆုံးစွန်အထိသည်းခံစိတ်ထားလိုက်ပြီး ပန်းပင်တွေကို ရေလောင်းပေါင်းသင်ပေးနေလိုက်တယ်။
"အာ့..."
တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ကျောကုန်းကို ကျောက်ခဲနဲ့ပေါက်လိုက်တာသေချာတယ်။
ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်တော့ ဘယ်သူ့ကိုမှမတွေ့ရဘူး။ကျွန်တော်ရေပြန်လောင်းဖို့ လုပ်နေတဲ့အချိန်မှာ...
"အာ့!!!!တောက်!!ဘယ်ကောင်လည်း...ငါ့ကိုခဲနဲ့ပေါက်တာ...ထွက်ခဲ့စမ်း..."
"အောင်မာ...ကျွန်ကောင်ကများ...နင်ကဘာကောင်မို့ ငါတို့ကကြောက်ရမှာလည်း..."
သစ်ပင်အကွယ်တစ်ခုကနေ ထွက်ပေါ်လာတာက ဆယ်ကျော်သက်အရွက်ကောင်မလေးနှစ်ယောက်နဲ့ လေး၊ငါးနှစ်အရွယ် ကလေးမလေးတစ်ယောက် ဒီကလေးမလေးက ဟိုတစ်ခါကျွန်တော် အိမ်ကိုပြန်လိုက်ပို့ပေးတဲ့ ဖြူလုံးဆိုတဲ့ ကလေးမလေးပဲ။အခုကျွန်တော် တွေ့နေရတဲ့ ကောင်မလေးကတော့ အရင်တစ်ခါလိုဖြူစင်တဲ့ပုံစံလေးမဟုတ်ပဲ မျက်နှာကျောကခပ်တင်းတင်းနဲ့။
"ဟဲ့...ကျွန်ကောင်...နင်ငါ့ညီမလေးကို ဘာလို့လာဆိုက်ကြည့်နေတာလဲ...အကြည့်တွေကိုပြင်နော်..."
"ဘာလို့ပြင်ရမှာလဲ...ငါ့မျက်လုံးနဲ့ငါကြည့်တာပဲ
နင်တို့မျက်လုံးတွေကို ငှားပြီးကြည့်နေလို့လား...
မလောက်လေး မလောက်စားတွေကများ..."
ထိုစကားပဲပြောပြီး ပန်းပင်တွေကိုသာ ဆက်ပြီးရေလောင်းနေလိုက်တယ်။
"နင်..နင်ဘယ်သူ့ကိုမလောက်လေးမလောက်စားလို့ပြောနေတာလဲ ကျွန်ကောင်ရဲ့..ငါ့နာမည်ကရွှေပန်းချီ..ငါ့အစ်မနာမည်က ငွေပန်းချီ...ငါ့တို့နှစ်ယောက်လုံးက ဦးအဂ္ဂရဲ့အချစ်ဆုံးသမီးတွေဟဲ့...
ကျွန်စုတ်ရဲ့..."
"အဲ့လောက်လဲကြွားလုံးလာမထုတ်နဲ့...နင်တို့အကြောင်းကိုလဲ ဘယ်သူမှလျှာအလေးခံပြီး မေးမနေဘူး..."
သူများကိုကျတော့ ကျွန်ကောင်တဲ့ သူ့ကိုပြန်ပြောလိုက်ပြန်တော့လည်း ရုပ်ကိုက ဒူးရင်းသီးလိုအချွန်အတက်တွေ ထွက်လာတော့မဲ့အတိုင်းပဲ။
"ညီမလေးရယ်...ဒီလိုကောင်မျိုးကိုအဖက်မလုပ်နေပါနဲ့....လာသွားကြမယ်"
"မရဘူး...ဒီလိုအကြောတင်းတဲ့ကောင်ကို ပညာပြရမှကို ဖြစ်မယ်....ရွှေစင်ရေ...ဒီကျွန်ကောင်ကို
ခဲလုံးနဲ့ပေါက်ကြစို့...."
"အာ့....အား!!!မင်းတို့တရားမလွန်လာနဲ့နော်...."
အတိုင်အဖောက်ညီစွာ ဟိုကလေးသေးသေးလေးနဲ့ ရွှေပန်းချီဆိုတဲ့တစ်ယောက်က ကျွန်တော့်မျက်နှာကို ခဲလုံးတွေနဲ့ ကောက်ပေါက်ကြတော့ ကျွန်တော့်နဖူးတွေပါနာလာတယ်။
ကျွန်တော် သည်းမခံနိုင်တော့တဲ့အဆုံး လက်ထဲမှာအသင့်ကိုင်ထားတဲ့ ရေပိုက်ကို ထိုညီအစ်မတွေဘက်သို့ ထိုးချိန်လိုက်တယ်ဆိုရင်....
"အား!!!!ရေတွေစိုကုန်ပြီ...."
"ဟဲ့ကောင်နင်ရပ်နော်..."
"အား!!!!"
"ဟဲ့...ဘာဖြစ်နေကြတာလဲ..."
ဟိုညီအစ်မတွေ ငယ်သံပါအောင်အော်နေကြတဲ့အချိန်မှာ အနောက်မှအဒေါ်ကြီးရဲ့အသံကိုကြားတော့ ကျွန်တော်ချက်ချင်းပဲ ရေပိုက်ကို သွားပိတ်ပစ်လိုက်တယ်။
"ဟယ်...ကြည့်စမ်း...ကြည့်စမ်း...ရေတွေစိုရွဲနေကြတာပဲ..."
"အန်တီမြကြည်...ဒီကျွန်ကောင် သမီးတို့ကိုရေနဲ့ပတ်တယ်..."
"ဟုတ်တယ်...ရွှေစင့်ကိုလည်း ရေနဲ့ပက်တယ်..
ဟမ်း...."
ရွှေစင်ရုပ်လွှာကပါ အသံဗြဲကြီးနဲ့အော်ငိုတော့ ဒေါ်မြကြည်အလွန်ဒေါသထွက်သွားတယ်။ဒီကိစ္စကို ဒေါ်ရွှေရတုပါ သိသွားရင် သူမပါအဆူခံရမှာသေချာတယ်။
"ဟဲ့ကောင်လေး...နင်ကဘာသောက်ဆင့်ရှိလို့ ကလေးတွေကို ရေနဲ့ပက်ရတာလဲ...နင်ဟာဒီကအလုပ်သမားရဲ့သား.. သူတို့သူကြွယ်တွေရဲ့သမီးလေးတွေက နင့်ထက်အစတစ်ရာ၊တစ်ထောင်မက တန်ဖိုးရှိတယ်...နင့်ကိုမြေမှာကျောခင်းခိုင်းပြီး...တက်နင်းရင်တောင် နင့်အဆင့်ကပြုံးပြီးခံရမှာဟဲ့...သိရဲ့လား..."
"ဘာ..ခင်ဗျားဘာပြောလိုက်တယ်.."
ဒီမိန်းမကြီးရဲ့စကားက ကျွန်တော့်နားထဲမှာ ကန့်လန့်ကြီးဖြစ်နေတယ်။ရုပ်ကိုက သခင်အားရပြီး ကျွန်ပါး၀နေမှန်း သိသာလွန်းတယ်။
အဖေ့မျက်နှာကို ထောက်နေလို့သာ ပုံမှန်စိတ်နဲ့ဆိုရင် မိန်းမလည်းနားမလည်ဘူး၊အရိုးတစ်ခြား အသားတစ်ခြားဖြစ်အောင် ကိုင်စောင့်ပစ်လိုက်တယ်။
"နင်အခုချက်ချင်း...မမလေးတို့ကို ဒူးထောက်တောင်းပန်စမ်း..."
"မတောင်းပန်နိုင်ဘူး..."
"ကောင်းပြီလေ..မင်းကဒီလောက်ခေါင်းကြောမာနေမှတော့...ဟေ့မောင်တူးတို့ ဒီကိုလာစမ်း..."
ဒေါ်ရွှေရတုရဲ့ အပါးတော်မြဲ ဒေါ်မြကြည်ဟာ ဒီအိမ်ရဲ့အလုပ်သမားတွေအပေါ်မှာ ဩဇာသက်ရောက်နေတာကြောင့် အလုပ်သမားတွေလည်း သူခိုင်းရင် မငြင်းဆန်ရဲကြပါဘူး။
"ဒီကောင်လေးကို ခြံနောက်ဖက်က သရက်တောထဲမှာ သရက်ပင်နဲ့တွဲပြီး သုံးနာရီတိတိကြိုးချီထားလိုက်...ဘာထမင်းမှလည်းမကျွေးနဲ့...."
"ဟုတ်ကဲ့ပါ...."
"ဟာ...ဟိတ်လူတွေ...ခင်ဗျားတို့ဘာလုပ်ကြတာလဲ...ကျွန်တော့်ကို အခုချက်ချင်းလွှတ်နော်..."
ကျွန်တော်ရုံးကန်အော်ဟစ်နေပေမဲ့ နှစ်ယောက်အားနဲ့တစ်ယောက်အားဆိုတော့ ကျွန်တော်ဘယ်လိုမှ ရုန်းလို့မရဘူးဖြစ်နေတယ်။နောက်ဆုံးမှာတော့ ကျွန်တော့်ကို သရက်ပင်နဲ့တွဲပြီး ကြိုးချီထားခဲ့ကြပါတော့တယ်။နာရီ၀က်လောက်အကြာမှာ ကျွန်တော့်လက်တွေအရမ်းနာလာတယ်။
သစ်ရွက်ပုံပေါ်မှာ ထိုက်လျှက်ဆိုပေမဲ့လက်ပြန်ကြီး ဖြစ်နေတော့ လှုပ်လိုက်တိုင်း သစ်ပင်နဲ့ပွတ်တိုက်မိတာကြောင့် အသားတွေပါစပ်လာတဲ့အထိပဲ။
ရုတ်တရက်ကျွန်တော့်လက်ကို ချည်တုတ်ထားတဲ့ကြိုးစတွေက လှုပ်လာတယ်။ကျွန်တော့်လက်သီးဆုပ်ကို လာထိကိုင်လိုက်တဲ့ လက်သေးသေးလေးကိုလည်း ခံစားမိလိုက်တယ်။
"ကိုကြီး...ခဏလေးနော်...လုံးလုံးပြီးတော့မယ်..."
လုံးလုံးဆိုတာ ကျွန်တော်အိမ်လိုက်ပို့ပေးခဲ့တဲ့ကလေးမလေးရဲ့နာမည်ပဲ။
"ရပြီ...ရပြီ...ကြိုးတွေကိုဖြည်ပြီးသွားပြီ...."
တကယ်ပဲကျွန်တော့်လက်ကကြိုးတွေ ပြေသွားခဲ့ပါတယ်။ခုဏက လုံးလုံးဆိုတဲ့အသံရှင်လေးကို ကျွန်တော်စိတ်၀င်စားနေစဉ်မှာပဲ ထိပ်မှာကြက်တောင်စည်းသေးသေးလေး စုစည်းထားတဲ့ ကလေးလေးက ထိုင်လျှက်ဖြစ်နေတဲ့ ကျွန်တော့်ရှေ့မှာလာရပ်နေတယ်။
"ရော့...ဒီမှာကိုကြီးအတွက်..."
ချစ်စရာအပြုံးချိုချိုလေးနဲ့ ကလေးမလေးဟာလက်ကိုင်ပု၀ါကို သားရည်ကွင်းနဲ့ စည်းထားသော
အထုပ်ကလေးကို ကျွန်တော့်ထံသို့ပေးလာတယ်။
ကျွန်တော်လည်း အယောင်အယောင်အမှားမှားနဲ့ လက်ဖြန့်လိုက်တဲ့အချိန်....
"လုံးလုံးရေ...ဘယ်ရောက်နေတာလဲ..."
"ဟော...ကြီးကြီးမေခေါ်နေပြီ...နောက်နေ့ကျမှပဲ ကိုကြီးဆီကို လာလည်မယ်နော်...."
ကျွန်တော့်လက်ဖဝါးထဲကို အထုပ်ကလေးပစ်ချခဲ့ပြီး ဂါ၀န်လေးကို လက်တစ်ဖက်တစ်ချကမရင်း ပြေးသွားတဲ့ ကလေးမလေးက ခလုတ်တွေတောင်တိုက်နေလေရဲ့။ဗရုတ်သုတ်ခနိုင်နေတဲ့ ကလေးလေး အဝေးကိုရောက်သွားတော့မှ
လက်ကိုင်ပုဝါလေးကို ဖွင့်ကြည့်လိုက်တော့ ချောကလက်ကိတ်မုန့်လေးသုံးတုံးက ကြေခြင်း၊ပဲ့ခြင်းရှိမနေပဲ လက်ကိုင်ပုဝါလေးပေါ်မှာ လှလှပပလေးရှိနေတယ်။
"ဒါဆိုရင်...ခုဏကငါတို့ဖြစ်တဲ့ကိစ္စတွေအားလုံးကို ဒီကလေးချောင်းကြည့်နေခဲ့တာပေါ့..."
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဘီလူးနမ်းသောအရိုင်းပန်း
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
🍰🍰🍰🍰🍰🍰🍰🍰🍰🍰
=======================================================================
ဘီလူးနမ်းသော အရိုင်းပန်း
အခန်း၁၁
"ဟဲ့ရေတွေကို မြန်မြန်သယ်ကြလေ...."
"ဖိုးစိန်...နှေးတိနှေးကွေးနဲ့ဟယ်...ထမင်းစားပြီးကြီးလာတာ မဟုတ်တဲ့အတိုင်းပဲ...."
"အယ်..ကြည့်စမ်း...ရေတွေဖိတ်ကျကုန်ပြီ...
နင်တို့ပထွေး၀ယ်ထားတဲ့ရေမဟုတ်ဘူးဟဲ့...
ရေတစ်စက်ဖိတ်ကျရင် နင်တို့ရဲ့လစာထဲကနေ တစ်ထောင်လျှော့မယ်...လုပ်ကြမြန်မြန်..."
ရတုမဟာစံအိမ်ကြီးထဲမှာ ကျွန်တော့်ရဲ့နေ့ရက်တိုင်းကဒီလိုအသံမျိုးတွေကို နားထောင်ရင်းနဲ့သာရှင်သန်နေရတာပါ။
လူတွေကို ကျွန်တစ်ယောက်လိုပြူမူ ပြောဆိုနေကြတာကို ကျွန်တော်အရမ်းမုန်းတယ်။
တခါတစ်လေမှာကျွန်တော်စိတ်ပျက်တယ်။တစ်ခါတလေမှာထွက်တောင်ပြေးချင်တယ်။
ဒါပေမဲ့ ကျွန်တော့်မှာ အခြားသွားစရာနေရာမှမရှိပဲကို။ဒီတော့ သည်းခံအောင့်အီးပြီးသာ နေရတော့တာပေါ့။
ဒီစံအိမ်ကြီးအတွက် ရေတွေကို အခြားအရပ်ဒေသကနေ တိုင်ကီလိုက်၀ယ်လေ့ရှိတာကြောင့်လစဉ် တိုင်းကားနဲ့ရောက်ရောက်လာတတ်တယ်။
ကွန်တိန်နာထဲကနေ ဖောက်ချလိုက်တဲ့ ရေကို အလုပ်သမားတွေက ပုံးကြီးတွေထဲသို့ထည့်ပြီးတွန်းလှည်းနဲ့သယ်လာကြရတယ်။
ဒါတင်မပြီးသေးပါဘူး။
ခပ်မြင့်မြင့်ဆောက်ထားတဲ့ တာဝါတိုင်ပေါ်မှာရှိတဲ့ တိုင်ကီကြီးထဲကိုလည်း ကြိုးဆိုင်းတွေနဲ့ဆွဲပြီး အပေါ်မှာအသင့်ဆောင့်နေတဲ့ အလုပ်သမားတွေက ထည့်ပေးရတယ်။
ကျွန်တော်တို့ ဒေသကလျှပ်စစ်မီးရပေမဲ့ မြေအောက်ရေတွေကတူးလို့ကို
အဆင်မပြေဘူး ။
တူးလို့ ရပြန်တော့လည်း သံဂျေးနဲ့နနွင်းမှုန့်ရောထားသလို အရောင်မျိုးတွေပဲ ဖြစ်နေတာကြောင့်
ဘယ်သူကမှ မသုံးဆွဲရဲကြဘူး။နေရာဒေသတော်တော်များများမှာ ရေတွင်းတူးရင်တောင်
ရေခမ်းတာပဲ အဖက်တင်ကြပါတယ်။
သူကြွယ်တွေကသာ ရေကိုတကူးတက အခြားအရပ်တွေကနေ ကားတွေနဲ့တိုက်ပြီး၀ယ်ကြတာပါ။
ကျွန်တော်တို့ အပိုင်သုံးကလူတွေဆိုရင်
သုန္နကတောင်နဲ့က နီးတော့ တောနက်ထဲအထိ
သက်စွန့်ဆံဖျားသွားပြီး တောင်ကျရေတွေကို သွားသယ်ကြရတယ်။
တစ်ချို့ဆို ရေတံခွန်ပေါ်ကနေ ပြုတ်ကျပြီး ခြေကျိုး၊လက်ကျိုးဖြစ်သွားတာတို့ ကျောက်တောင်၊ကျောက်စတွေပိတာ ၊အင်းစက်ပိုးမွှားအကိုက်ခံရတာ စသဖြင့်အမျိုးမျိုးပဲပေါ့ဗျာ။
ဒါကြောင့်ပဲ အပိုင်(၃)ကလူတွေဟာ ရေကိုအင်မတန်အလေးထားကြတယ်။ရေရှာရတာ မလွယ်တာကြောင့် နှစ်ရက်၊သုံးရက်နေမှ ရေကိုတစ်ခါလောက်ချိုးကြရတယ်။ကျွန်တော်အပါအ၀င်ပေါ့။
တောင်ခြေမှာလွတ်လပ်စွာ နေခဲ့ရတဲ့ဘ၀ကိုပိုပြီး နှစ်ခြိုက်ပေမဲ့ ပျော်ရာမှာမနေရ၊တော်ရာမှာသာနေရမည်တဲ့။
ဒီစကားလုံးဟာ အလကားသက်သက်ပေါ်ပေါက်လာခဲ့တာမှမဟုတ်ပဲ။ဒီတော့နိမ့်ကျနေတဲ့အချိန်မှာ အတတ်နိုင်ဆုံးကိုယ့်ကိုယ်ကိုနှိမ့်ချပြီးတော့သာနေလိုက်တယ်။
ဒီခြံဝန်းကြီးထဲကိုရောက်ကတည်းက အဖေကလည်းကျွန်တော့်အနားမှာနေပေးတဲ့ အချိန်ကရှားလာတယ်။
ဦးဂန္တဝင်ရဲ့ နောက်လိုက်အဖြစ်နဲ့ပဲတချိန်လုံး အလုပ်ရှုပ်နေခဲ့တယ်။
တစ်ခုသတိထားမိတာက ဦးဂန္တ၀င်နဲ့ အဖေ့ရဲ့ဆက်ဆံရေးဟာ သာမန်မဟုတ်ဘူးလို့ ကျွန်တော့်စိတ်ထဲမှာ အလိုလိုထင်နေမိတယ်။
ဦးဂန္တ၀င်က အဖေ့ကိုအလုပ်သမားလို ဆက်ဆံနေတာမဟုတ်ပဲ ညီအစ်ကိုတစ်ယောက်လို သဘောထားနေတဲ့ပုံတွေ ပေါ်နေတယ်။
ပိုပြီးသိသာတာက အဖေအလုပ်နားတဲ့နေ့တွေဆိုရင် ကျွန်တော့်ကို ဘယ်သူကမှခိုင်းစရာရှိလို့ဆိုပြီး လာ
မခေါ်ရဲကြဘူး။ဒါဟာ ဘာကြောင့်လဲဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း အဖြေရှာမရ ဖြစ်နေတယ်။
ဦးဂန္တ၀င်နဲ့သာ အမြဲတတွဲတွဲ ဖြစ်နေတဲ့အဖေဟာ ကျွန်တော်နဲ့အနေစိမ်းလာသလို ခံစားနေရတာ ဘာကြောင့်များလဲ။?ညအိပ်ချိန်လောက်လေးပဲပြန်တွေ့တာကြောင့် အဖေနဲ့ကျွန်တော့်ကြားမှာစကားတွေတောင်ပြောစရာနဲလာခဲ့ပါတယ်။
ကျွန်တော်နဲ့အများဆုံးစကားပြောဖြစ်တာက ဖြူလုံးဆိုတဲ့ကောင်မလေးပဲ။ကလေးမလေးကအသက် လေးနှစ်ပဲရှိပါသေးတယ်။သူမက ကျွန်တော်တို့သားအဖနေတဲ့ အခန်းနဲ့ကပ်လျက်မှာနေတယ်။
တော်တော်လေးလည်းချစ်စရာကောင်းပြီး စကားလည်းအင်မတန်တတ်တဲ့ကလေးပါ။
ဒီခြံထဲကိုရောက်ပြီးနောက်ပိုင်းမှ ကျွန်တော်ဘယ်သူ့ကိုမှ စကားသိပ်မပြောချင်ခဲ့ဘူး။
ကျွန်တော့်စိတ်ကလည်းမဟုတ်မခံတတ်တဲ့စိတ်ဆိုတော့ ပါးစပ်ကထွက်မိတဲ့စကားလုံးတိုင်းက
ကိုယ်ကိုတိုင်အတွက်အန္တရာယ်ဖြစ်စေတယ်ဆိုတာကိုသိလာခဲ့တာကြောင့်ပါ။
ဒါကြောင့်ပဲကျွန်တော်ဟာ တိတ်ဆိတ်တဲ့လူ
တစ်ယောက်ဖြစ်လာခဲ့တယ်ဆိုပါတော့။
ဒါပေမယ့် ဖြူလုံးနဲ့ဆိုရင် ဘာကြောင့်မှန်းမသိ စကားတွေအများကြီးပြောဖို့ရာ တွန့်ဆုတ်မနေတတ်ဘူး။
"ကိုကြီးက ဆယ်တန်းအောင်ရင် ဘာလုပ်မှာလဲဟင်.."
"အင်း...ဒီကိစ္စကိုအရင်တုန်းကတော့စဉ်းစားဖူးတယ်...ကိုကြီးအထင်တော့ရှေ့နေတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကလေးတစ်ခုရှိတယ်..."
"ရှေ့နေဟုတ်လား..ရှေ့နေဆိုတာဘာကြီးလဲဟင်..
မမရွှေပန်းချီကကြီးလာရင်ဆရာဝန်မကြီးလုပ်မှာတဲ့..မမငွေပန်းချီကတော့ အင်ဂျင်နီယာမကြီးလုပ်မှာတဲ့..မမရွှေစင်ရုပ်လွှာကတော့ မင်းသမီးလုပ်မှာတဲ့..ဘယ်သူကမှ ရှေ့နေလုပ်မယ်လို့
ပြောကြဘူး ကိုကြီးကရောဘာလို့ ရှေ့နေလုပ်ချင်တာလဲ...."
"ဘာဖြစ်လို့လဲဆိုတော့ မတရားမှုတွေကို ပယ်ပျောက်စေချင်လို့ပဲ..ကိုကြီးကိုယ်တိုင်က ဖိနှိပ်ခံနေရတော့ အားနည်းတဲ့သူတွေဘက်ကနေ တက်နိုင်သလောက်ကူညီပေးချင်တယ်...အမှန်တရားရဲ့ဘက်တော်သားတစ်ယောက် ဖြစ်ချင်တယ်..."
"ကိုကြီးပြောနေတာတွေကို သမီး နားမလည်ဘူး..."
"ဟား...ဟား...အဲ့ဒါလဲကောင်းတာပဲ...လုံးလုံးကရော..ကြီးလာရင် ဘာလုပ်မှာလဲ..."
"သမီးကတော့ ဒီအိမ်ကြီးကနေထွက်သွားပြီး
မေမေ့ကိုလိုက်ရှာချင်တယ်...ကြီးကြီးမေပြောတာတော့ မေမေကဟိုး..အဝေးကြီးကို ထွက်သွားတာတဲ့..."
သနားစရာ ကလေးမလေးကိုချိုင်းကနေ မြှောက်ချီလိုက်ပြီး ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။
ဒီကလေးမလေးက သနားဖို့သိပ်ကောင်းတယ်။
အမေကလည်းဆုံးသွားသလို ဖေကလည်း ထောက်ပံ့ပေးနေတာကလွဲပြီး လှည့်တောင်မကြည့်ပါဘူး။
ညီအစ်မချင်းတောင်မှ သူမရဲ့အစ်မဖြစ်သူ ရွှေစင်ရုပ်လွှာဆိုတဲ့ကလေးမလေးကတော့ စံအိမ်ကြီးပေါ်မှာ လိုတရလိုဘဝမျိုးနဲ့ မပူမပင်နေနေရပေမယ့် ဖြူလုံးလေးကတော့ သူမနဲ့ရွယ်တူ ဆော့စရာအဖော်တောင်တစ်ယောက်မှမရှိရှာဘူး။
ဖြူလုံးတစ်ခါကပြောဖူးတယ်....
"ကိုကြီး...ဟိုမှာထွက်လာတဲ့ ခွေးကလေးကိုတွေ့လား..."ဆိုတော့ ကျွန်တော်ကလည်း ခေါင်းပြန်
ညိမ့်ပြလိုက်တယ်။
"အဲ့ ခွေးမလေးနာမည်ကလည်း ဖြူလုံးပဲလေ..
ဒေါ်မြကြည်ပြောတာတော့...ဖြူလုံးရဲ့နာမည်ကို
မစဉ်းစားချင်လို့ အန်တီရွှေက ခွေးနဲ့အတူတူပေးလိုက်တာတဲ့...."ဆိုပြီး မျက်နှာလေးမကောင်းစွာ ကျွန်တော့်ကို ရင်ဖွင့်လာခဲ့တယ်။
ကလေးစိတ်မကောင်းဖြစ်ချင်လည်း ဖြစ်စရာပဲပေါ့။ကြံကြ့ဖန်ဖန် လူကိုခွေးနဲ့နာမည်တူအောင်
မှဲ့ပေးလိုက်ရတယ်လို့။
ဖြူလုံးနဲ့ ကျွန်တော်ကအမိမဲ့ကလေးတွေ ဖြစ်တာခြင်း တူနေတာကြောင့် ဘ၀တူတွေလို့ ပြောလို့ရတာပေါ့လေ။ကျွန်တော်တို့နှစ်ယောက်ဟာမြင်းခြံထဲက မြင်းကြီးငညိုနဲ့လည်း ရင်းနှီးနေပြီဖြစ်သလို ဖြူလုံးလေးကို နို့ချိုနဲ့အသက်ဆက်ပေးခဲ့တဲ့ နွားမကြီးနဲ့လည်း သူငယ်ချင်းဖြစ်နေပါပြီ။
"ကိုကြီး သိလား..ဒီနွားမကြီးကလေ သမီးကိုနို့တိုက်ခဲ့တာတဲ့ ကြီးကြီးမေကပြောတယ်...
ဒါကြောင့် သမီးက ဒီနွားမကြီးမိဖြူကို အမြဲကန်တော့ပြီးမှ အိပ်တာ...."ဟု ပြောလေ့ရှိတဲ့ ဖြူလုံးလေးပါ။
တစ်ခါတစ်လေ ကြီးကြီးမေ မအားတဲ့အခါမျိုးဆိုရင် ညဘက်ကြီးတွေတောင် ကျွန်တော်တို့အခန်းဘက်ကို ကူးလာပြီး
"ကိုကြီး...သမီးနွားမကြီးကို သွားကန်တော့ချင်လို့လိုက်ခဲ့ပါ..သေးပေါက်ချင်လို့ပါ...အီးအီးပါချင်လို့ပါ..."စသဖြင့် ကျွန်တော်ကသူ့အဖေနေရာကို ရောက်သွားတဲ့အတိုင်းကို တာ၀န်တွေပိုလာရတာပါ။
အဖေကတော့ "ကလေးဟာလေးနှစ်ပဲရှိသေးတာ...
လုပ်ပေးလိုက်စမ်းပါ..လိုက်သွားပေးလိုက်စမ်းပါသားရယ်နဲ့..."တိုက်တွန်းတတ်ပါသေးတယ်။
ကျွန်တော်ကလည်း သံယောဇဉ်လေးကတွယ်မိလာတော့ မညီးငြူမိတော့ပဲ ပိုလို့တောင်အသနားပိုရပါသေးတယ်။
ဒီကလေးမလေးအပေါ်ကို ကောင်းပေးတာဆိုလို့ ဒီတစ်အိမ်လုံးမှာကြီးကြီးမေဆိုတဲ့အဒေါ်ကြီးတစ် ယောက်သာရှိပါတယ်။
ကြီးကြီးမေက ကလေးနဲ့ညဘက်လေးလောက်သာ ညအိပ်လာစောင့်ပေးလေ့ရှိတယ်။
မတော်လို့ ကလေးတစ်ခုခုဖြစ်သွားရင်တောင် ၀မ်းနည်းပေးကြမဲ့လူရှိပါ့မလား မသိဘူး။
ကြီးကြီးမေ ညစောင့်လာမအိပ်ပေးတဲ့ နေ့တွေဆိုရင် ဒီဘက်အခန်းကနေ နံရံခြားထားတဲ့ ဟိုဘက်အခန်းကိုပဲ ကျွန်တော့်စိတ်တွေရောက်နေမိတယ်။
ကလေးများ ညဘက်ကြီးထငိုမလား၊အိမ်သာတက်ချင်တာကို မတက်ရဲပဲဖြစ်နေမလား စသဖြင့် ကျွန်တော့်မှာ အသက်ဆယ်ခြောက်နှစ်နဲ့ သားပူ၊သမီးပူမိနေသလိုပဲ။
ကလေးကလည်း လိမ်မာတယ်ဗျာ။တစ်ညမှငိုပြီး
ဂျီကျသံမကြားရဘူး။ကြာတော့ သူ့ဘာသာသူနေတတ်သွားတယ် ထင်ပါရဲ့။ဒီလိုပါပဲ လောကဓံတရားဟာ သူ့ဘာသာသူသင်ပေးသွားတာပါပဲ ။
ကျွန်တော် ဒီကိုမရောက်ခင်တုန်းကဆိုရင်
ဒီကလေးလေးဘယ်လောက်တောင် အထီးကျန်နေလိမ့်မလဲ။
သူမရဲ့အမွှာအစ်မကတောင် ကလေးမလေးကိုနှိမ့်ချဆက်ဆံ နေတာတွေ့ရတော့ ကျွန်တော်ကလေးကို သိပ်အသနားပိုမိတယ်။
တစ်ဖက်မှာလည်း ဒေါ်ရွှေရတုတို့ သွတ်သွင်းပေးထားတဲ့ စိတ်ရိုင်းတွေနဲ့ ရွှေစင်ရုပ်လွှာဆိုတဲ့ ကလေးကိုတော့ ကျွန်တော်တစ်စက်မှကြည့်မရဘူး။
အဲ့အကျင့်ပုပ်တဲ့ကောင်မလေးက ကျွန်တော့်ဘာသာနေရင်တောင် ကျောက်ခဲတွေနဲ့ခဏ၊ခဏလာပေါက်တတ်တယ်။
ကျွန်တော်ကဆူငေါက်လိုက်ရင် အကြောင်းမဲ့ငိုပြရော ပြီးရင်ဒေါ်မြကြည်ကအပစ်ပေးတော့ ကျွန်တော့်ပဲ ခံရတာ။ကျွန်တော်မုန်းတဲ့အထဲမှာ ဖြူလုံးရဲ့အမွှာအစ်မ ရွှေစင်ရုပ်လွှာလည်းပါတယ်။
ဖြူလုံးကကျွန်တော်ကို မုန့်လေးတွေခိုးခိုးကျွေးနေလို့သာတော်တော့တယ်။ မဟုတ်ရင် အဖေမရှိတဲ့အချိန်တိုင်းမှာ ဒေါ်မြကြည်ဆိုတဲ့ ဆုံးမကြီးက နေ့လည်စာကို ခဏခဏအငတ်ခံခိုင်းနေတာနဲ့ပဲ ကျွန်တော်အသက်ထွက်သွားနိုင်တယ်။
🌸🌸🌸🌸🌸🌸🌸🌸🌸
"ဟာ..က၀ိကြီးဟိုမှာကြည့်စမ်း လက်ပံပင်ကနေ
မှို့တွေလွင့်နေတယ်...သမီးတို့မှို့တွေကိုလိုက်ဖမ်းကြရအောင်...."
ကျွန်တော်တို့ထိုင်နေတာက အလုပ်သမားတန်းလျားရဲ့ တံခါးအ၀နားမှာဖြစ်တာကြောင့်
လေအသုတ်မှာလွင့်ပျံသွားတဲ့ မှို့လုံးလေးတွေကို
မြင်နေရလေသည်။
ကလေးက ကျွန်တော့်မျက်နှာကိုမော့ကြည့်ပြီး ပူဆာလာတာကြောင့် ကလေးရဲ့လက်ကလေးကိုဆွဲပြီး အပွင့်နီနီကားကားကြီးတွေနဲ့ အင်မတန်လှပတဲ့လက်ပံပင်တန်း အောက်မှာ လေထဲကနေပျံ့လွင့်လာတဲ့မှို့လုံးလေးတွေကိုရော မြေကြီးပေါ်မှာ ဖွေးဖွေးလှုပ်နေတဲ့မှို့လေးတွေကိုပါ မနားတမ်းလိုက်ကောက်မိတယ်။
""ကဝိကြီး လုံးလုံးဖမ်းလို့မိဘူး..လုံးလုံးကိုချီ...."
ကလေးက ခုန်ဆွ၊ခုန်ဆွနဲ့ လေထဲကမှို့လေးတွေကို လိုက်ဖမ်းနေရင်း မမှီတော့တဲ့အဆုံးမျက်နှာလေးဆူပုပ်လာသည်။
"ကဲဗျာ...ချီဆိုတော့လည်း ချီရမှာပေါ့...."
ကလေးလေးကို ကျွန်တော့်ပုခုံးပေါ်ထမ်းတင်လိုက်တော့ ရယ်လိုက်တာမှတခစ်ခစ်နဲ့ကို မြည်နေတာပဲ။
ပခုံးပေါ်ကနေကျွန်တော့်ရင်ဘတ်ပေါ်ကို ခြေထောက်ကလေးတွဲလောင်းချထားတဲ့ကလေးလေးက လေထဲမှာလွှင့်လာတဲ့မှို့ လေးတွေကို ဖမ်းနေတာများ ကျွန်တော့်ဆီကိုတောင် အပျော်တွေကူးဆက်လာရတယ်။
ကျွန်တော့်ကြောင့်အခြားသူတစ်ယောက်က
သည်လောက်အထိပျော်နေတာမျိုးကို မြင်ဖူးတာ ဒါပထမဆုံးပါပဲ။
"ကိုကြီး ဟိုဘက်မှာ..ဟိုဘက်မှာပိုများတယ်..
ဟာ..သည့်ဘက်သည်ဘက်..ဟာ..အပေါ်ကိုနည်းနည်းမြင့်အုံး...."
"ကဲဗျာ...ဝိုင်းကြီးပတ်ပတ်တူဝေဝေလုပ်ပေးမယ်....."
"ဝိုး...ဟ..ဟ...ထပ်လှည့်အုံး...ထပ်လှည့်အုံး..."
ခန္ဓာကိုယ်ကို နှစ်ပတ်၊သုံးပတ်လောက်လှည့်ပြ
လိုက်တော့ ပျော်နေလိုက်တာများသူ့အသံကြီးပဲ။
ပြုတ်ကျမှာစိုးလို့ ကျွန်တော့်ဆံပင်ကိုလက်သေးသေးလေးနှစ်ဖက်နဲ့ ကိုင်ဆွဲထားပေမဲ့
ကျွန်တော်နာတယ်လို့တောင်မခံစားရဘူး။
ကလေးမလေးကို ရယ်အောင်လုပ်နေရတာကိုက ကျွန်တော့်အတွက် ကျေနပ်စရာကိစ္စရပ်တခုပဲ။
"တင်းတောင်...တင်းတောင်...."
"အော်..ဘယ်ကကလေးတွေလည်း မသိပါဘူး..."
အလုပ်နားနေချိန်လေးမှာ လုံးလုံးနဲ့အတူကစားခဲ့တဲ့ ပျော်စရာလေးတွေကြံဖန်ရှာတွေးနေတဲ့
ကျွန်တော့်အာရုံကို လာနှောင့်ယှက်လိုက်တာကတော့ ဒေါ်မြကြည်ရဲ့အသံဗြဲကြီးပါပဲ။
ကျောင်းစိမ်းဝတ်ထားတဲ့ ကျောင်းသားလေးတစ်ယောက်က လူခေါ်ဘဲလ်ကိုတီးနေတာကြောင့် ပါးစပ်ကနေ ဗြစ်တောက်၊ဗြစ်တောက်နဲ့ပြောရင်း
ဒေါ်မြကြည်တစ်ယောက် ခြံပေါက်ဝသို့ရောက်သွားလေသည်။
"ဟဲ့ ကလေးဘာကိစ္စလည်း..."
"ဟို ဖြူလုံးဆိုတဲ့ ကောင်မလေး ကျောင်းမှာရန်ဖြစ်လို့ပါ အဲ့ဒါအိမ်ကမိဘတစ်ယောက်လောက်လိုက်လာပေးဖို့ ဆရာမကမှာလိုက်ပါတယ်..."
"ဟယ်..သောက်ကလေးကလဲတော်တော်ဂျိုမွှေတယ်..မင်းတို့ဆရာမကိုပြန်ပြောလိုက်စမ်း...
သူမိဘတွေမအားလို့...ဘယ်သူမှလိုက်မလာနိုင်ဘူးလို့..အဲ့လိုသာပြောလိုက်...."
"ဟာဗျာ...ဆရာမကသေချာမှာလိုက်တယ်...
အုပ်ထိန်းသူလာတွေ့ပေးရမယ်တဲ့...သူ့မိဘတွေမအားရင်လည်း...အဒေါ်လိုက်ခဲ့ပေါ့ဗျာ..."
"မအားဘူးဆိုရင်..မအားဘူးပေါ့ဟယ်...ဒီကောင်လေးကလည်း တော်တော်အကြောရှည်တယ်..
နေအုံး..ငါတော့မလိုက်နိုင်ဘူး...
တစ်ယောက်ယောက်ကိုထည့်ပေးလိုက်မယ်...."
ဒေါ်မြကြည်တစ်ယောက် ခြံထဲမှာအနားယူနေကြသော အလုပ်သမားတွေဆီသို့ဝေ့ဝဲကြည့်လိုက်ရာ
ကဝိဆီသို့သာ အာရုံရောက်သွားလေသည်။
ဒီကောင်လေးနဲ့ ဖြူလုံးကလဲ ရင်းနှီးပြီးသားဆိုတော့ ဒီကောင်လေးကိုပဲလွတ်ရမယ်။
"ဟဲ့..ကဝိ..."
"ဗျာ..."
"လာအုံး..."
"ဟုတ်ကဲ့..."
"ဖြူလုံးကျောင်းမှာရန်ဖြစ်လို့တဲ့...အဲဒါနင်လိုက်သွားပေးစမ်း..."
"ဟာ...ဘယ်လိုဖြစ်ပြီး ရန်ဖြစ်ရတာလဲ..."
"အဲ့ဒါတော့ငါလည်းမသိဘူး...လိုက်မှာသာလိုက်သွားစမ်းပါဟယ်...ပြီးရင်အဲ့ကလေးကို နာနာလေးရိုက်ပြီးသာ ခေါ်လာခဲ့လိုက်...ကျောင်းထားပေးတာ...ရန်သွားဖြစ်ခိုင်းတာကျနေတာပဲ....တွေ့မယ်..သခင်မကြီးနဲ့ကိုတိုင်ပြောအုံးမယ်...."
ဒေါ်မြကြည်ကတော့ ကြိမ်းဝါးပြောဆိုပြီး အိမ်ကြီးထဲသို့၀င်သွားလေသည်။ကြည့်ရတာ ဖြူလုံးလေးကို ပျဉ်ပြားကြီးနဲ့ရိုက်ဖို့ သွားတိုင်ပြီထင်ပါတယ်။
တော်တော်ကို စာနာစိတ်ကင်းမဲ့တဲ့မိန်းမကြီး။
အခန်း၁၂...ဆက်ရန်..
🍁🍁🍁🍁🍁🍁🍁
=========================================================================
အခန်း၁၂
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"အစ်ကို ဒီဘက်အခြမ်းမှာပါ...."
ကျွန်တော့်ကို လမ်းပြနေတဲ့ ကျောင်းသားလေးရဲ့နောက်ကနေပဲ ကျွန်တော်တိတ်ဆိတ်စွာ လမ်းလျှောက်နေမိတယ်။
ကျောင်းဘောလုံးကွင်းကြီးရယ် ၊စာကြည့်တိုက်ရယ်နဲ့ ကျောင်း၀န်းထဲမှမြန်မာနိုင်ငံအလံတိုင်တို့ကို ဖြတ်ကျော်ခဲ့ရပေမဲ့ ကျွန်တော့်အတွက်အထူး
တလည် လွမ်းနေမိတယ်လို့မရှိဘူး။
အမြဲတမ်းဖယ်ချန်ထားခံခဲ့ရတဲ့ ကျွန်တော်ဟာ အားကစားနဲ့ပတ်သတ်လို့လည်း ပါ၀င်ဖို့အခွင့်အရေးမရခဲ့သလို ကျောင်းသားဘ၀ဆိုတာကလည်း ကျွန်တော့်အတွက်ထူးခြားပျော်ရွှင်ဖွယ်
နေ့ရက်တွေမှ မဟုတ်ခဲ့ပဲလေ။
တကယ်တမ်းတော့ ဒီကျောင်းတော်ကြီးကို ကျွန်တော်ဘယ်တော့မှပြန်မလာတော့ဘူးလို့ စဉ်းစားထားခဲ့တာပါ။
ဆရာတွေကြောင့်လည်းမဟုတ်သလို၊ကျွန်တော့်ကို အထင်၊အမြင်သေးကြ၊ဖယ်ကျဥ်ခဲ့ကြတဲ့ ကျောင်းသားတွေကြောင့်လဲ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တာလုံးမှာ သူများနှိပ်စက် အနိုင်ကျင့်တိုင်း သည်းခံခဲ့တဲ့ကိုယ့်ကိုကိုယ် မုန်းလွန်းလို့ပါ။
ရှေ့မှာ လျှောက်နေတဲ့ ကောင်လေးကအခန်းတစ်ခုထဲကို ၀င်သွားတာကြောင့် ကျွန်တော့်အတွေးစတွေကို ခဏသိမ်းဆည်းထားပြီး အခန်းထဲသို့ ၀င်ဖို့လုပ်လိုက်သည်။
"ဟဲ့ကောင်မလေး...နင်ငါ့သမီးကိုတောင်းပန်စမ်း...အခုချက်ချင်းဒူးထောက်တောင်းပန်..."
"အဟင့်...တောင်းပန်ဘူး..."
"ကဲဟာ...ကဲဟာ..မတောင်းပန်ချင်အုံး..."
"အဟင့်...ဟင့်...."
ဖြူးလုံးရဲ့လက်မောင်းလေးတွေကို နှစ်ချက်တိတိတဖြန်းဖြန်းရိုက်နေတဲ့ မိန်းမဟာ သုံးချက်မြောက်ရိုက်မဲ့ အချိန်မှာပဲ သူမရဲ့လက်ကောက်၀တ်က နာကျင်ဆူးအောင့်သွားရသည်။
ကဝိဟာ ထိုမိန်းမရဲ့လက်ကောက်၀တ်ကို ဖမ်းဆွဲလိုက်ပြီး လိမ်ချိုးထားသလိုပုံစံလုပ်ပစ်လိုက်ခြင်းကြောင့်ပင်။
"အာ့...နင်...နင်ဘယ်ကကောင်လဲ...လွတ်နော်...
ငါ့လက်နာလာပြီ...အာ့..."
အဲ့ဒီ့မိန်းမဆီကနေ နာကျင်မှုနဲ့အတူ အော်ညီးသံပိုပြီးကျယ်လာလေ ကဝိရဲ့နှုတ်ခမ်းထက်မှမဲ့ပြုံးက ပိုပြီး လှပလာလေပဲ။
"ဟဲ့...အာ့...လွှတ်လို့ပြောနေတယ်လေ..."
" ကျွန်တော့်ညီမလေးကို ရိုက်တုန်းကတော့
ဒီလိုနာလိမ့်မယ်လို့ မစဉ်းစားပေးခဲ့ဘူးမလား..."
"ကောင်လေး...ဆရာမတောင်းပန်ပါတယ်...
သွန်းဆက်ရဲ့အမေကို လွတ်ပေးလိုက်ပါနော်..."
ဆရာမဆိုတဲ့ လူကိုပါ ကျွန်တော်စောင်းမဲမဲနဲ့ ပြန်ကြည့်ပစ်လိုက်ပြီး ထိုမိန်းမရဲ့လက်ကောက်၀တ်ကို ဆောင့်ခါပြီး လွှတ်ပေးလိုက်တော့ မကျေနပ်ချက်တွေနဲ့ ကျွန်တော့်ပါးကို လက်လာရွယ်တယ်။
"ခင်းဗျားရဲ့ လက်တွေရော၊ခြေထောက်တွေရော ဒီအခန်းထဲမှာပဲ ကျိုးပဲ့ချင်နေရင်လည်း ရိုက်လိုက်လေ...ကျုပ်ကဘာကိုမှ ဂရုစိုက်မဲ့ကောင်မဟုတ်ဘူး..."
"တောက်...တော်တော်မိုက်ရိုင်းတဲ့ကောင် လူပါး၀လို့...ဆရာမ...အခုသွန်းဆက်ကို
ဒီကောင်မစုတ်လေး ရိုက်နှက်လိုက်တဲ့ ကိစ္စကိုမြန်မြန်ရှင်းပေးပါ...သူ့အစ်ကိုဆိုတဲ့လူကိုလည်း ကျွန်မမကျေနပ်ဘူး.... ကျက်သရေကိုတုံးတယ်"
"နေပါအုံး...ကျွန်မအမြန်ရှင်းပေးပါ့မယ်..."ဟုဆိုကာ ဆရာမကထရပ်လိုက်လေသည်။ထို့နောက် သွန်းဆက်ဆိုတဲ့ ကလေးမလေးရဲ့လက်ကို ကိုင်ပြီး ....
"သွန်းဆက်...ဆရာမကိုပြောစမ်း...ရန်ဖြစ်တော့ ဘယ်သူကအရင်ရိုက်တာလဲ...ဖြူလုံးလား..
သမီးလား..."
"ဖြူလုံးပါ...ဆရာမ...သူကသမီးကို ခဲတံအချွန်နဲ့ပေါက်တာပါ..."
"ဖြူလုံး...သမီးကသွန်းဆက်လေးကို ခဲတံအချွန်နဲ့ပေါက်တယ်ဆို...အဲ့လိုမလုပ်ရဘူးလေသမီးရယ်..
အတန်းဖော်အချင်းချင်းကို...."
"ဆရာမ...သမီး...ခဲတံနဲ့ပေါက်တာဟုတ်ပါဘူး...
ခဲဖြတ်သေးသေးလေးနဲ့ပေါက်လိုက်တာပါ..."
"ဟော...ပေါ်ပြီတွေ့လား...ခဲတံနဲ့ပဲပေါက်ပေါက်..
ခဲဖြတ်နဲ့ပဲပေါက်ပေါက်...သမီးကအမှားလုပ်လိုက်တာပဲလေ...အဲ့တော့ သူငယ်ချင်းကိုနောက်
မလုပ်တော့ပါဘူးလို့...တောင်းပန်လိုက်နော်..."
"ဟင့်အင်း...သမီးတောင်းပန်ချင်ဘူး...သူကသမီးကို ခုံပေါ်ကနေတွန်းချတာ...သမီးမေ့စေ့နာသွားတာကို
...အဟင့်...ဆရာမ မကောင်းဘူး...ကိုကြီး....အဟင့်
..."
ဖြူလုံးက မျက်ရည်လေးတွေဝိုင်းလာပြီး ကျွန်တော့်လက်ညှိုးထိပ်ကလေးကို အားကိုးတကြီးလာကိုင်တော့ ကျွန်တော်ပိုဒေါသထွက်သွားတယ်။
အထူးသဖြင့် ဆရာမဆိုသူကိုပေါ့။
သူ့အတန်းထဲက ကျောင်းသားချင်းအတူတူကို တန်းတူညီမျှစစ်မမေးပဲ ဖြူလုံးကိုချည်းပဲ တရားခံမဖြစ်ဖြစ်အောင် တစ်ဖက်ပိတ်ပြီး စစ်မေးနေတယ်။
ဘယ်လိုဦးနှောက်နဲ့ ကျောင်းသားတွေကို အုပ်ချုပ်နေသလဲမသိဘူး။
ကျွန်တော့်ဘ၀မှာ ဆရာ၊ဆရာမများစွာနဲ့ ကြုံခဲ့ဖူးပါတယ်။
ဒီဆရာမကတော့ တော်တော်လေးကိုဘက်လိုက်လွန်းနေတယ်။
ကြည့်နေ အဲ့ဆရာမကောင်းကောင်းမနေစေရဘူး။
"လုံးလုံး...ဘယ်နားတွေဒဏ်ရာ ရသွားတာလဲ..
ကိုကြီးကိုပြစမ်း..."
ကျွန်တော်က ဒူးတစ်ဖက်ထောက်ပြီး ကလေးရဲ့မျက်လုံးကို တည့်တည့်ကြည့်ကာမေးတော့ မျက်နှာလေး မော့ပြရှာတယ်။မေးစေ့အောက်နားမှာ တစ်ခုခုနဲ့ပွတ်တိုက်မိလို့ ရတဲ့ ဒဏ်ရာလေး။
ပွမ်းတာများသွားတော့ သွေးတောင်စို့နေလေပြီ။
"ဟာ...ကြည့်စမ်း...မေးစေ့မှာသွေးတောင်စို့နေပြီ...ဒါကဘယ်လိုရတဲ့ဒဏ်ရာလဲ..."
"သွန်းဆက်က သမီးကိုတွန်းချလိုက်တော့ ခုံပေါ်ကနေပြုတ်ကျသွားတာ..မေးစေ့သွေးထွက်သွားရော...နာနာကြီးဖြစ်သွားတာ.."
"ဟုတ်လား...နာနာကြီးကိုပြစမ်းပါအုံး..."
ကျွန်တော်ကပြဖို့ပြောတော့ မေးလေးကိုမော့ရင်းငိုနေရှာတာများ တော်တော်နာနေပုံရတယ်။
"ဟုတ်တယ်...သမီးကလေ..သူ့ကိုခဲဖြတ်နဲ့ပေါက်လိုက်တော့ငိုပြီး ဆရာမကိုသွားပြောတာ...
အဟင့်...ဆရာမကသမီးကိုကြိမ်လုံးနဲ့ရိုက်တယ်..."
"ဘာ!!!!ဘယ်နားကိုရိုက်တာလဲ..."
"ခြေထောက်ကို..."
ခြေသလုံးတွေအထိ ဖုံးနေတဲ့ကျောင်းစိမ်းဂါ၀န်လေးကို မပြီးကြည့်လိုက်တော့ ဟုတ်ပါရဲ့ ကလေးရဲ့ခြေသလုံးနုနုလေးတွေအပေါ်မှာ အနီရောင်အစင်းကြောင်းတွေ။
ဖြူလုံးကို ကျွန်တော့်ရဲ့စိတ်ထဲမှာ၊သမီးလေးလို ညီမရင်းလေးတစ်ယောက်လို တန်ဖိုးထားတာကြောင့် ဖြူလုံးနာရင် ကျွန်တော်ပါနာကျင်လာသလိုပဲ။
မရတော့ဘူး။ကျွန်တော့်ဒေါသက ငယ်ထိပ်ကိုရောက်လာပြီမို့ လုံးလုံးကို လက်ဆွဲပြီး ကျွန်တော်မက်တပ်ထရပ်လိုက်တယ်။
"လုံးလုံး...လာ...ကိုကြီးတို့ကျောင်းအုပ်ကြီးရုံးခန်းကို သွားကြမယ်...ဒီမှာနေရင် မုန့်လုံးကိုစက္ကူပတ်နေတဲ့ဟာတွေကြောင့်..အချိန်ကုန်ရုံပဲ အဖက်တင်မယ်...
ရိုက်တဲ့ဆရာမကိုရော...ခုံပေါ်ကနေတွန်းချတဲ့ကလေးရော...အနိုင်ကျင့်တဲ့ကလေးအမေကိုပါ
မကျန်စေရဘူး...အကုန်လုံးကိုပတ်တိုင်မယ်..."
"ဟဲ့...ဆရာကြီးကိုသွားတိုင်ရအောင်...နင်ကဘာကောင်မို့လို့လဲ..."
ကျွန်တော့်ကို လာအော်တဲ့ဆရာမရဲ့မျက်နှာကို အကြည့်စူးစူးတွေနဲ့ တန်ပြန်ကြည့်ပေးလိုက်ပြီး..
"ကျုပ်ဘာကောင်လဲဆိုတာကို...ခင်ဗျားသိစရာမလိုဘူး...ကျောင်းအုပ်ကြီးသိရင်ရပြီ..."
ထိုစကားတစ်ခွန်းသာပြောခဲ့ကာ ကျောင်းအုပ်ကြီးရုံးခန်းဆီသို့ ကျွန်တော်တို့ရောက်လာခဲ့ကြသည်။ကျောင်းအုပ်ကြီးက ရုံးခန်းထဲမှာကော်ဖီထိုင်သောက်နေရင်းမှ ကျွန်တော့်ကိုတွေ့တော့ ၀မ်းသာသွားလေသည်။
"ဟာ...ကဝိ...မလာစဖူးအလာထူးလို့ လာကွာ...
ထိုင်...ဒီနှစ်အောင်စာရင်းထွက်ရင်တော့ ဆရာတွေက မင်းကိုအတော် မျှော်မှန်းထားကြတယ်ကွ..."
"ဆရာကြီး ကျွန်တော်လာတာက အခြားအကြောင်းကြောင့်ပါ..."
"ဟေ...ဘာအကြောင်းများလဲကွ..."
"ဆရာကြီးဆီမှာ တိုင်ပြောစရာလေးရှိလို့ပါ..."
"ဟေ..."
ကျောင်းအုပ်ကြီးမှာ ထိုင်ခုံပေါ်မှာထိုင်နေရင်းနဲ့မှ မျက်လုံးမှာတပ်ထားတဲ့ မျက်မှန်ကြီးကိုကျော်ကာ
ကဝိ လက်ဆွဲထားသော ကလေးမလေးကိုရော ကဝိကိုပါ အံ့ဩစွာကြည့်မိလေသည်။
ကဝိဟာ စာလည်းအင်မတန်တော်ပြီး အနေအေးလွန်းတဲ့ကောင်လေးပါ။စကားဆိုလည်း မေးနိုင်လွန်းမှဖြေတတ်တဲ့ကောင်လေးက အခုတော့ကျောင်းအုပ်ဆီကို တိုက်ရိုက်လာပြီး တိုင်ရတဲ့အဆင့်အထိဆိုတော့ သူ့အတွက် အင်မတန် အရေးကြီးလို့ပဲနေမယ်။
"ပြောကွာ...ဆရာကြီးနားထောင်ပေးပါ့မယ်..."
ထိုတော့မှ ကဝိကဆရာကြီးရဲ့အရှေ့မှ ထိုင်ခုံတွင်၀င်ထိုင်လိုက်ပြီး ဖြူလုံးကို ပေါင်ပေါ်သို့ တင်ထားကာ ဖြစ်ကြောင်းကုန်စင်တွေကို ပြောပြတော့သည်။
ဆရာကြီးလည်း ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် နားထောင်အပြီးမှာတော့ သူကိုယ်တိုင် သူငယ်တန်းလေးအခန်းသို့ အရောက်သွားကာ ကျွန်တော်တို့အရှေ့မှာတင် ကလေးတစ်ယောက်ပြီးတစ်ယောက်ကို စစ်မေး လေသည်။
သွန်းဆက်ဆိုတဲ့ ကလေးမက ကိုယ့်ခုံမှာမထိုင်ပဲ ဖြူလုံးတို့ထိုင်တဲ့ ခုံကိုနယ်ကျွံလာတာကြောင့် ဖြူလုံးက ဖယ်ပေးဖို့ပြောရာ မရတဲ့အဆုံး လုထိုင်လိုက်တော့ ဟိုကလေးမက ဖြူလုံးကို ခုံပေါ်မှတွန်းချလိုက်ခြင်းပင်။
ဒါကို ဆရာမကသိလျှက်နဲ့ သူမကိုလက်ဆောင်တွေ ခဏခဏကန်တော့်ပွဲဆင်ပေးနေသော သွန်းဆက်ဆိုတဲ့ကျောင်းသူအား ဘက်လိုက်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးမှာတော့ တရားခံအစစ်ကို ဖမ်းမိသွားတာကြောင့် သွန်းဆက်ဆိုတဲ့ ကလေးမကို အတန်းသားအားလုံးအရှေ့မှာပဲ ဖြူလုံးအားတောင်းပန်စေပြီး အဲ့ကလေးမရဲ့ အမေဆိုသူကိုလည်း ကိုယ့်သားသမီးကို ဆုံးမသွန်သင်မှုမှန်အောင်လုပ်ပါဆိုပြီး ဆရာကြီးဟာ မိုးမွှန်နေအောင် ဩဝါဒချပါတော့တယ်။
ဆရာမကိုလည်း ကျောင်းစည်းကမ်းအရ
ပစ်ဒဏ်ပေးမယ်လို့ ပြောတာကြောင့် ကျွန်တော်လည်းအနာတရဖြစ်သွားတဲ့ လုံးလုံးကို ကျောပိုးကာ ကျောင်း၀င်းထဲကနေ ထွက်လာလိုက်တယ်။
"ကြက်ဥခေါက်မုန့်တွေရမယ်...ကြက်ဥခေါက်မုန့်တွေရမယ်..."
အပြန်လမ်းမှာ ကျွန်တော့်ကျောပေါ်ကနေ လှုပ်စိလှုပ်စိနဲ့ လိုက်လာတဲ့ကလေးလေးက ကြက်ဥခေါက်မုန့်အသည်ကိုလည်း တွေ့ရော လည်ပင်လေးကို လိမ်ပြီးလိုက်ကြည့်နေတာများ ကော့ပြန်လန်ထွက်နေတာပဲ။
"ကလေး..ခေါက်မုန့်စားချင်လို့လား..."ဆိုပြီးကျွန်တော် မေးလိုက်တော့ ကျွန်တော့်လည်ပင်းကို တင်းတင်းပြန်ဖက်ပြီး ပုခုံးပေါ်ကိုမေးလေးလာတင်ကာ.."စားချင်တာပေါ့...သမီးမှာပိုက်ဆံရှိဘူးလေ..."
ကျောဘက်မှကလေးရဲ့မျက်နှာကို မမြင်ရပေမဲ့ ဘယ်လောက်သနားဖို့ကောင်းတဲ့ရုပ်ကလေးဖြစ်နေမလဲဆိုတာကို ကျွန်တော်ခန့်မှန်းမိပါတယ်။
ဘောင်းဘီအိတ်ကပ်ထဲကို စမ်းကြည့်လိုက်မိတော့ နှစ်ရာတန်လေးတစ်ရွက်ကိုတွေ့လိုက်တယ်။
မုန့်၀ယ်ကျွေးလို့ ရပြီဆိုတဲ့အတွေးနဲ့ကျွန်တော်သိပ်ပျော်သွားတာပဲ။
"ဦးလေး..ခေါက်မုန့်သည်..."ကလေးကိုတစ်ဖက်က ကုန်းပိုးရင်း တစ်ဖက်ကပိုက်ဆံနှစ်ရာတန်လေးကို ကိုင်ကာ ခေါက်မုန့်သည်ဆီသို့ ပြေးသွားလိုက်တယ်။
"ခေါက်မုန့်..တစ်ထုပ်ဘယ်လောက်လဲဗျ..."
"နှစ်ရာပါ..."
"အဲ့ဒါဆို...တစ်ထုပ်ပေးပါ..."
တစ်ထုပ်မှာမှ တစ်ချပ်သာပါသောကြက်ဥခေါက်မုန့်လေးကို ကျပ်နှစ်ရာပေး၀ယ်ကာ ကျွန်တော်တို့အိမ်ကိုပြန်လာခဲ့ကြတယ်။
"ကိုကြီး...သမီးလမ်းလျှောက်ချင်တယ်.."ဆိုကာပူဆာတော့ ကလေးကိုအောက်ချပေးပြီး ကိုယ့်ဘာသာလမ်းလျှောက်စေလိုက်တယ်။
သစ်ရွက်ဝါတွေ မြေမှာပြန့်ကျဲနေသော လမ်းလေးထပ်မှာ ကျွန်တော့်ရှေ့ကနေ ခုန်ဆွ၊ခုန်ဆွနဲ့
သွားနေတဲ့ ကလေးဟာ ခုဏတုန်းကငိုယိုပြီး အသနားခံနေတဲ့ပုံလေး မဟုတ်တော့ပါဘူး။
ကိုကသာ သနားမိတာ ကလေးတွေရဲ့စိတ်က
အခုတစ်မျိုး၊တော်ကြာတစ်မျိုးနဲ့ တတ်လည်းတတ်နိုင်ကြပါတယ်။
"ကိုကြီး...ရော့..."
ကျွန်တော် အတွေးများနေစဉ်မှာပဲ ခေါင်းလေးမော့ပြီး ကြက်ဥခေါက်မုန့်ကလေးတစ်ခြမ်းကျွေးလာတယ်။
ခေါက်မုန့်ကတစ်ချပ်တည်းဆိုပေမဲ့ နှစ်ခြမ်းဖြစ်တာကြောင့် တစ်ခြမ်းခွဲပြီးကျွန်တော့်ကို ကျွေးရှာတယ်။
ကလေးက အရွယ်ငယ်ပေမဲ့ အရမ်းအလိုက်သိတာပဲ။
"လုံးလုံးပဲစားပါ...တစ်ခြမ်းထဲဆိုရင် ဘယ်၀ပါ့မလဲ..."
"ဟင့်အင်း...သမီးကကိုကြီးကို သနားလို့ ..."
"ကိုကြီးကို သနားတယ်..ဟုတ်လား..."
"အင်း...ကိုကြီးကသမီးကို ၀ယ်ကျွေးပြီး စားမှမစားရတာ သမီးကသနားတာပေါ့..."
ကျွန်တော်တစ်ချက်ပြုံးပြီး ကလေးရဲ့ခေါင်းလေးကို လက်ဝါးနဲ့အုပ်လိုက်သည်။
"လုံးလုံးပဲစားပါကွာ ..ကိုကြီးကဗိုက်မဆာပါဘူး.."
ကျွန်တော်အတင်းငြင်းပေမဲ့ ကလေးမလေးကတော့ ခေါက်မုန့်လေးတစ်ခြမ်းကို ပေးခဲ့ကာ
ရှေ့မှ ခုန်ဆွ၊ခုန်ဆွနဲ့ လမ်းပြန်လျှောက်လေသည်။
တစ်ချက်၊တစ်ချက် ကျွန်တော့်ကိုခိုးခိုးကြည့်ပြီး ပြုံးနေတာ ဘာကြောင့်လဲမသိပေမဲ့ တော်တော်လေးချစ်ဖို့ကောင်းတယ်။
တကယ်ကို ဖြူစင်တဲ့ကလေးလေးပါ အလိုက်လည်းတော်တော်သိရှာတယ်။
ဦးဂန္တ၀င်က လုံးလုံးကိုဘာလို့များ ပစ်ပယ်ထားရ
သလဲဆိုတာကို ကျွန်တော်သိပ်သိချင်မိတာပဲ။
ဒီလောက် လိမ္မာတဲ့ကလေးကို။
ရတုမဟာစံအိမ်ကြီးရဲ့ ခြံ၀န်းထဲကို ၀င်လိုက်တော့ လုံးလုံးကကျွန်တော့်လက်ကိုဆွဲပြီး အလုပ်သမားတန်းလျားသို့ အတင်းပြေးဖို့လုပ်သည်။ ကြည့်ရတာ ဒေါ်မြကြည်မြင်မှာဆိုးလို့ထင်တယ်။
"ဟဲ့...ဘယ်ကိုပြေးမှာလည်း...လာခဲ့စမ်း..."
"အဟင့်...ကိုကြီး သမီးကိုကယ်ပါအုံး..."
ဒေါ်မြကြည်က ကလေးကိုမစာမနာ အတင်းဆွဲခေါ်တော့ ကလေးက ကျွန်တော့်ကိုအားကိုးတကြီးကြည့်လာပြီး ငိုတော့တာပဲ။
"ဒေါ်မြကြည်...လုံးလုံးက၄နှစ်ပဲရှိသေးတာနော်..
ကလေးကို အကြမ်းပတမ်းမလုပ်ပါနဲ့..."
"ဟဲ့...နင်ကဒီအိမ်ကိုရောက်တာမှ မကြာသေးဘူး..ဘာတွေ၀င်စွက်ဖက်နေတာလဲ...စာဥ..
အဲ့ကောင်မလေးကို ဒေါ်ရွှေရတုဆီကိုခေါ်သွားလိုက်...."
"ကိုကြီး...သမီးကိုကယ်ပါအုံး...အန်တီရွှေကသမီးကိုရိုက်တော့မှာ...အဟင့်...ကိုကြီး..."
ကျွန်တော့်ကိုပဲ ပါးစပ်ကနေတပြီး ငယ်သံပါအောင် အော်ဟေ့ငိုယိုနေပေမဲ့ စာဥဆိုတဲ့မိန်းမကတော့ ကလေးကို ဒ ရွတ်မတိုက်ရုံတမယ် ဆွဲ ခေါ်သွားသည်။
"ကိုယ့်အလုပ်ကိုယ်လုပ်နော်..."
"တောက်!!!!"
လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောသွားတဲ့ ဒေါ်မြကြည်ကို ကျွန်တော်တက်ခေါက်ပစ်လိုက်ပြီး ကိုယ့်အခန်းသို့သာပြန်လာခဲ့လိုက်တယ်။
"နောက်တစ်ခါရန်ဖြစ်အုံးမှာလား..." "ဖြန်း!!!"
"အာ့!!!မဖြစ်တော့ပါဘူး..."
"လုံးလုံး...နင်ကငါ့ကိုကြောက်တာမဟုတ်ဘူး..
ပျဉ်ပြားကိုကြောက်တာ....ဖြန်း!!!"
"အီဟီး...ကြောက်ပါပြီ...မရိုက်ပါနဲ့တော့..."
ကိုယ့်အခန်းကို ပြန်နေပေမဲ့ စံအိမ်ကြီးရဲ့ ဟနေတဲ့ပြူတင်းပေါက်တစ်ခုကနေ ကြားနေရတဲ့အသံတွေ ကြောင့် ကျွန်တော့်မျက်လုံးတွေကိုမှိတ်ပစ်လိုက်ပြီး အံကြိတ်ထားမိတဲ့အထိပဲ။
ကျွန်တော် မျက်ရည်တောင်ကျချင်လာတယ် ။
လေးနှစ်အရွယ် ကလေးလေးကို ဒီလောက်တောင်
ရို က်နှ က်နေရသလား။ကလေးက ကြောက် ပါပြီလို့ ဒီလောက်အထိအော်နေတာကို။
ဒါဆုံးမတာမဟုတ်ဘူး။တမင်တကာ နှိ ပ် စ က်နေတာ။
ကျွန်တော့် တစ်သ တ်နဲ့တစ်ကိုယ် ဒီလောက်အထိ
ရို က်နှက်တာမျိုးကို ကိုယ်တိုင်မကြုံခဲ့ရဘူးတော့
ပိုပြီးရင်နာရသလိုပဲ။
အဲ့ဒါတစ်ခုတော့ကောင်းတယ်။
အဖေက ကျွန်တော့်ကိုရို က်ဖို့မပြောနဲ့ လေသံမာပြီးတော့တောင်မဆူဖူးဘူး။ဒါကြောင့်လဲ ကျွန်တော်ကဘယ်အရာကိုမှ မကြောက်တတ်တာပေါ့။
ဖြစ်ရပ်တစ်ခုကိုသေချာမစုံစမ်းပဲ မသိနားမလည်တဲ့ ကလေးကိုဒီလောက်အထိ ရို က်နှက်နေတာ လူမဟုတ်ဘူး။အဲ့ဒါခွေးတွေပဲ။
အခန်း(၁၃) ဆက်ရန်....

No comments:
Post a Comment