🌿အခန်း ၁၃ မှ အခန်း ၁၆ 🌿

 



 အခန်း၁၃

         🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

"ဒေါက်..ဒေါက်..ဒါက်..."

"ဘယ်သူလဲ..."

"ကိုကြီး...သမီးပါ..."

သမီးပါဆိုတည်းက ကျွန်တော်သိလိုက်ပါပြီ။
အချိန်အားဖြင့်ညရှစ်နာရီထိုးနေလေပြီ။ဖေဖေက ဒီညလည်းပြန်မအိပ်တာကြောင့် အခန်းထဲမှာတော့ ကျွန်တော်တစ်ယောက်ထဲပဲပေါ့။

"ကျွီ..."တံခါးလေးကိုဖွင့်လိုက်တာနဲ့ ဖြူလုံးကခြေထောက်ကလေးထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်ကာ ကျွန်‌ တော်ထောင်ထားသော ဇာခြင်ထောင်ထဲသို့ တန်း၀င်ကာ မှောက်လျှက်ကလေး လှဲအိပ်နေလိုက်သည်။

"လုံးလုံး..ဒေါ်ရွှေရတုက ဘယ်နားကိုရိုက်လိုက်တာလဲ..."

"ဖ င်ကိုရို က်လိုက်တာ..အဟင့်..အခုတောင်နာတယ်..."
ကလေးဆိုတော့ တင်ပါးလို့မပြောပဲ ပြောချင်တာတွေပြောချလိုက်ကာ လက်နောက်ပြန်လေးနဲ့တင်ပါးလေးကို အသာပွတ်လေသည်။
အေးပေါ့ ကလေးလေးတော်တော် နာသွားရှာမှာပဲ။

"ဆေးရောလိမ်းပြီးသွားပြီလား.."

"ကြီး‌ကြီးမေ လိမ်းပေးပြီးသွားပြီ..."

"ဒီညကြီးကြီးမေက လာမအိပ်ပေးဘူးလား.."

"ကြီးကြီးမေက ဒီညလာမအိပ်ပေးတော့ဘူးတဲ့..
အဲ့ဒါကြောင့် ကိုကြီးနဲ့လာအိပ်တာလေ..."

ကျွန်တော်လည်း ခြင်ထောင်ထဲကို၀င်လိုက်ပြီး လုံးလုံးရဲ့ဘေးနားမှာ နဖူးပေါ်လက်တင်ကာ လှဲအိပ်လိုက်တော့ ကလေးကဘေးစောင်းလေး
နေကာကျွန်တော့်မျက်နှာကို ကြည့်လာတယ်။
ကျွန်တော် ကလေးရဲ့ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို လက်ဖဝါးနဲ့အုပ်ကိုင်ပြီး တောင်းပန်နေမိသည်။

"ကိုကြီးတောင်းပန်ပါတယ်နော်..."

"ဘာကိုလဲကိုကြီးရဲ့..."

"လုံးလုံးအရိုက်ခံရတော့ ကိုကြီး၀င်မတားပေးနိုင်ခဲ့ပြီး...ကိုကြီး လုံးလုံးကို မကာကွယ်နိုင်ခဲ့ဘူး..."

"အဟင်း...ကိုကြီးကလည်း...သမီးကခဏခဏ
အ ရို က်ခံနေရတဲ့ဥစ္စာ...ကိုကြီးကအန်တီရွှေ့ကိုပြောရင်...ကိုကြီးကိုပါ ရို က်မှာပေါ့..."

အရမ်းကိုသိတတ်လွန်းတဲ့ကလေးမလေးကို ကျွန်တော်အပြုံးတွေမိဝေကာ ပြန်ကြည့်ပြီး
ပါးဖောင်းဖောင်းလေးတွေကို ချစ်စနိုးနဲ့ မွှေးမွှေးပေးလိုက်တယ်။

"ကိုကြီး..သမီးကိုပုံပြင်ပြောပြပါလားဟင်..."

"အင်း...ဘာပုံပြင်ပြောပြရမလဲ..."

"ပြောချင်တဲ့ပုံပြင်ပြောပြ..."

ကလေးကို ပုံပြင်ပြောပြရမယ်ဆိုတော့ ကျွန်တော်ငယ်ငယ်က အဖေပြောပြခဲ့ဖူးတဲ့ ရွှေယုန်နဲ့ရွှေကျားပုံပြင်လေးကို သွားပြီးသတိရမိတယ်။

"ဟိုးရှေးရှေးတုန်းက ရွှေယုန်နဲ့ ရွှေကျားဆိုတာရှိတယ်တဲ့..
တနေ့မှာရွှေယုန်ကရွှေကျားကို သက်ကယ်သွားရိတ်ကျဖို့ အဖော်ခေါ်ပါလေရော..
ရွှေကျားကလည်း အဟုတ်မှတ်ပြီး နောက်နေ့ရောက်တော့...ထမင်းချိုင့်ထဲကို အ သားဟင်းကောင်းကောင်းလေးထည့်..ရွှေယုံကိုသွားခေါ်တာပေါ့...
ရွှေယုန်ကတော့ထမင်းချိုင့်ထဲကို နောက်ချေးနဲ့သဲတွေရောပြီး..ထည့်လာခဲ့တယ်တဲ့...."

"ဟင်..ရွှေယုန်ကအကျင့်လည်းကောင်းဘူး..."

နှုတ်ခမ်းလေးဆူပြီး ယုန်ကိုအပစ်တင်လိုက်တဲ့ကလေးကြောင့် ကျွန်တော်သဘောကျစွာပြုံးလိုက်မိတယ်။

"အဲ့ဒီ့ရွှေယုန်လို မလုပ်ရဘူးနော်..."

"ဟုတ်ကဲ့..သမီးကမလုပ်ပါဘူး..."ဆိုကာ ခေါင်းလေးခါလေသည်။

"ပုံပြင်ဆက်ပြောမယ်...အဲ့ဒီလိုနဲ့သက်ကယ်ရိတ်ကျပြန်တော့လည်း ရွှေယုန်ကအချောင်ခိုပြီး
မရိတ်တဲ့အပြင်...ရွှေကျားရဲ့အ သားဟင်းတွေကိုပါ စား ပစ်လိုက်ပါ‌လေရော...
ရွှေကျားက သ က်ကယ်ရိတ်ရတာ ပင်ပန်းလာတော့ ထမင်းစားမယ်ဆိုပြီးချိုင့်ကိုဖွင့်လိုက်တာ..
နောက်ချေးနဲ့ သဲတွေကိုသာတွေ့တယ်တဲ့..."

"ဟယ်...အဲ့ယုန်ကလေ..အကျင့်ပု ပ်လိုက်တာ..."

"ဟုတ်ပါ့ကွာ..အဲ့ဒါနဲ့..ရွှေယုန်ကဘာပြန်ပြောလည်းဆိုတော့.."ငါ့အထင်..ရှေးပညာရှိတွေပြောတာမှန်တယ်လို့ထင်တယ်ကွ..နောက်ကျရင်နောက်ချေးနဲ့သဲပဲဆိုတော့...မင်းနောက်ကျလို့ မင်းရဲ့ထမင်းတွေ..နောက်ချေးနဲ့သဲဖြစ်သွားပြီ.."ဆိုပြီး လိမ်ပြောလိုက်တယ်..."

"အဲ့တာဟိုယုန်စု တ်လုပ်တာလေ..."

"ဟုတ်တယ်လုံးလုံးရဲ့..လိမ်ပြောတာမကောင်းဘူး..မလိမ်ပြောရဘူးနော်..."

"ဟုတ်ကဲ့..."

အရမ်းလိမ်မာတဲ့ကလေးမို့ ဘာပြောပြော လိုက်နာတတ်တာ တကယ်ကိုချသ်ဖို့ကောင်းပါတယ်။

"အဲ့ဒါနဲ့ အူတူတူ အတတရွှေကျားကလည်းယုံလိုက်တာပေါ့...သက်ကယ်ထမ်းတော့လည်း ရွှေယုန်ကဖျားနေတယ်လို့ လိမ်ပြောပြန်ရော..

ရွှေယုန်ကိုသက်ကယ်ပေါ်တင်ပြီး .ရွှေကျားကထမ်းလာခဲ့တယ်...
ရွှေယုန်ကမီးခြစ်နဲ့ သက်ကယ်ကို မီး ရှို့ပြီး..
ထွက်ပြေးသွားတော့ ရွှေကျားရဲ့ကျောကုန်းမှာ
မီး လောင်ဒဏ် ရာတွေ ဖြစ်ကုန်တာပေါ့...

ရွှေကျားက လမ်းမှာရွှေယုန်ကိုထပ်တွေ့တော့...
သူ့ကိုမီးရှို့လို့ ရန် ရှာပါလေရော..

ရွှေယုန်ကလည်း သူ့မှာရုပ်တူတဲ့ ညီအစ်ကိုတွေအများကြီးရှိတာကြောင့် လူမှားနေတာပါလို့ လိမ်လိုက်ပြန်တယ်..

 ရွှေကျားကလည်း လူမှားသွားလို့အားနာသွားတယ်...
 ရွှေယုန်ကရွှေကျားကို ကျောကုန်းကဒဏ်ရာတွေပျောက်ချင်ရင် သစ်ပင်အခေါက်နဲ့ ကျောနဲ့ပွတ်ရင်ပျောက်‌တယ်လို့ပြောပြီးထွက်ပြေးသွားရော...
 
ရွှေကျားကလည်း ယုံပြီး သစ်ပင်နဲ့ကျောနဲ့ပွတ်လိုက်တော့..အ နာ တွေကပို ပြဲလာခဲ့တာပေါ့..

ဒေါ သထွက်သွားတဲ့ ရွှေကျားကနောက်တစ်ခါယုန်ကိုထပ်တွေ့တော့..ရန် တွေ့ပြန်ရော..

ရွှေယုန်ကပထမနည်းအတိုင်း လူမှားနေတာပါလို့လိမ် ပြန်ရော..ရွှေကျားကလည်း ယုံတာပဲ...

 ဒီတစ်ခါတော့ အ နာတွေပျောက်ချင်ရင် သဲထဲမှာလူးပါလားလို့ရွှေယုန်ကအကြံထပ်ပေးတယ်...
 
 ရွှေကျားက သဲထဲမှာလူးလိုက်တော့ အ နာတွေကတစ်အား စပ်လာတာပေါ့..
 
ဒေါ သထွက်သွားတဲ့ ရွှေကျားက ရွှေယုန်နဲ့ထပ်တွေ့ပြန်ရော..ဒီတစ်ခါလည်းရွှေယုန်ရဲ့အလိမ်စကားတွေကို ယုံပြန်တဲ့အပြင်..ဒဏ် ရာပျောက်ချင်ရင် နတ်ရေကန်ရှိတယ်လိုက်ခဲ့ဆိုပြီး
ရွှေကျားကို ရေတွင်းတစ်ခုဆီကို ခေါ်လာခဲ့တယ်..

ရေတွင်းဆီကိုရောက်တော့ ရွှေကျားကို အနောက်ကနေ တွန်း ချလိုက်တာပေါ့..
 အယုံလွယ်တဲ့ရွှေကျားခမျာ...အ သက် ဆုံး ရှုံးလိုက်ရတာပဲ အဖက်တင်တယ်...."

ကျွန်တော့်ပုံပြင်ရဲ့အဆုံးမှာတော့ အိပ်နေရင်းနဲ့မျက်လုံးလေးပြူးပြီး ကျွန်တော့်ကိုကြည့်လာတဲ့ ကလေးမလေးက...
"ရွှေယုန်ကတော်တော် ဆိုး တယ်နော်..."ဆိုပြီးပြောလာတယ်။

ကျွန်တော်တစ်ချက်ပြုံးလိုက်ပြီး ကလေးရဲ့ဆံစလေးတွေကို သပ် တင်ပေးလိုက်တယ်။

"ရွှေယုန်ကဆိုးတာထက်...ရွှေကျားကိုက
တုံးအလွန်းလို့ခံရတာ လုံးလုံးရဲ့..."

"ဘာမှသေချာမစုံစမ်းပဲ..သူများပြောတိုင်းယုံ..
သူများပြောသမျှလျှောက်လုပ်တော့...သူပဲ
အ သက် သေ သွားရတာလေ...အခုခောတ်လိုမျိုးဆိုရင်...ရောဂါဖြစ်ရင်..ဆရာ၀န်နဲ့သေချာစစ်ဆေးပြရမှာကို...‌သူများပြောတိုင်းဆေးမှီးတိုတွေနဲ့ လျှောက်ကုကြတော့...တည့်ရင်တော်သေး..
မတည့်တော့ဘယ့်နှယ့်လုပ်မလဲ..."

"ဒါကြောင့် ကိုကြီးမှာထားမယ်နော်..လုံးလုံးလည်းမိဘတွေနဲ့ကိုကြီးတို့ ပြောတာကလွဲပြီး ဘယ်သူ့ကိုမှအယုံမလွယ်နဲ့ ..ဘယ်သူကခေါ်ခေါ်မလိုက်ရဘူး...သူများကအနိုင်ကျင့်တိုင်းလည်း ခေါင်းငုံ့ပြီးမခံရဘူးနော်...ကိုယ့်မိဘတွေကို ပြန်ပြောပြရမယ်..."

"ဟင်...ကိုကြီးကလည်း...ဖေဖေကလုံးလုံးနဲ့မှ စကားမပြောတာကို...အန်တီရွှေကမှာထားတယ်...လုံးလုံးရဲ့အဖေကဦးဂန္တ၀င်ဆိုတာကို
..ကျောင်းမှာဘယ်သူ့ကိုမှ ပြောမပြရဘူးတဲ့..."

သနားစရာကလေးလေးကို ကျွန်တော်ထွေးပွေ့ထားလိုက်မိသည်။‌ဒါကြောင့် ဒေါ် ရွှေရတုတို့က ရွှေစင်ရုပ်လွှာကို မြို့ထဲမှာအသစ်ဖွင့်ထားတဲ့ ကျောင်းမှာ သွားထားတာပဲ။ကျောင်းတူနေရင် ညီအစ်မမှန်း သိကြမှာဆိုးလို့နေမယ်။
တော်တော်တရားကြတာပဲ။

"ဒါဆိုရင်...ကျောင်းမှာတစ်ခုခုဖြစ်တာတို့
..သူများတွေအနိုင်ကျင့်တာတို့ဆိုရင်..ကိုကြီးကိုပြန်ပြောပြနော်..."

"အင်း..လုံးလုံးပြန်ပြောပြပါ့မယ်...လုံးလုံးအိပ်ချင်လာပြီ..."

"ဒါဆို...အိပ်တော့လေ..."

ကျွန်တော့်ချိုင်းကြားထဲကို လက်ကလေးထိုးထည့်ပြီး ကျွန်တော့်ဗိုက်ပေါ်ကို ခြေထောက်တစ်ချောင်း တင်ထားရင်းနဲ့ပဲ အိပ်ပျော်သွားရှာတဲ့ ကလေးရဲ့နဖူးလေးကို အသာနမ်းကာ ကျွန်တော်လည်း သိပ်မကြာလိုက်ပဲအိပ်ပျော်သွားပါတော့တယ်။
အိပ်မက်ထဲမှာတော့ ကျွန်တော့်မျက်နှာမှာ ‌ေ သွးတွေရဲရဲတောက်နေတာကြောင့် ကျွန်တော်ထိတ် လ န့်သွားမိတယ်။ကျွန်တော့်ကို ထိုး ကြိတ်နေကြတဲ့ လူတွေက ဘယ်သူတွေလဲ။?

အခန်း၁၄...ဆက်ရန်ရှိသည်။

=========================================================================


အခန်း၁၄
         🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

ဒီနေ့က အောင်စာရင်းထွက်တဲ့နေ့ဆိုတော့ ဆယ်တန်းကျောင်းသား၊ကျောင်းသူများနဲ့မိဘများဟာ ကျောင်း၀န်းထဲမှာ အုတ် အော်သောင်းနင်းဖြစ်နေကြလေသည်။

သူကြွယ်တွေရဲ့ ကားတွေဆိုတာဟာလည်း ကျောင်း၀န်းထဲမှာရော ကျောင်းအပြင်ဘက်မှာရော ပွထနေတာပါပဲ။

ကျွန်တော်ကတော့ အောင်မယ်ဆိုတာသိပြီးသားမို့ အထူးတလည် ရင်ခုန်ပြီးထူပူမနေမိပါဘူး။

"မင်းအောင်လား..."

"အေး...အောင်တယ်.."

"အေးစု..နင်ဂုဏ်ထူးပါလား..."

"မပါပါဘူးဟာ..ရိုးရိုးပဲ..."

"အဖေ..သားဂုဏ်ထူးနှစ်ဘာသာတောင်ပါတယ်.."

"ဟား..ဟား...ဒါမှငါ့သားကွ...အရမ်းတော်တယ်..
ကဲ..သားဘာလိုချင်လဲ..အကုန်ပေးမယ်ကွာ..."

"ကျွန်တော် ရန်ကုန်မှာတက္ကသိုလ်သွားတက်ဖို့ ကားအကောင်းစားကြီး ၀ယ်ပေးရမယ်နော်.."

"ဖြစ်စေရမယ်ကွာ..."

"ဟေး...ဒါမှတို့အဖေကွ..."

ဒီလိုမျိုး သားသမီးစာမေးပွဲအောင်တဲ့အတွက် အကြီးကြီးဂုဏ်ပြုနေကြတဲ့မိဘများလည်းရှိကြသလို စာမေးပွဲကျ ရှုံးလို့ ကျိ န်ဆဲ ဆူ ပူနေတဲ့မိဘတွေလည်း ဒုနဲ့ဒေးပါပဲ။

 ကျိန် ချင်လည်း ကျိ န်စရာပဲကို ချမ်းသာတဲ့လူတွေက သူတို့သားသမီးဆယ်တန်းအောင်ဖို့အရေး ကျူရှင်ထားရတာနဲ့၊အိမ်မှာဂိုက်ဆရာခေါ်သင်ပေးရတာနဲ့ နောက်ဆုံးကိုယ့်ကလေးနဲ့အတူ စာတောင်ထိုင်ကျက်ပေးကြပါသေးတယ်။
 
ဆယ်တန်းကျောင်းသားတော်တော်များများက ညဉ့်နက်တဲ့အထိအိပ်ရပြီး မနက်ကျပြန်တော့လည်း လေး၊ငါးနာရီလောက်တည်းကထကြရတယ်။

ဒီလိုနဲ့တစ်နှစ်ပတ်လုံးကို ကျောင်းသားတွေတင်ပင်ပန်းကြတာ မဟုတ်ပါဘူး။
မိဘတွေကလည်း စာကျက်စောင့်ရတာနဲ့ အိမ်မှုကိစ္စ၊စီးပွားရေးကိုစီမံရတာနဲ့ လုံးလည်ချာလည်လိုက်နေရတော့ ကလေးက စာမေးပွဲကျတယ်ဆိုရင် ဆူပြီပေါ့ဗျာ။

"နင်...အသုံးကိုမကျဘူး..သူများတွေမှာ အောင်လိုက်ကြတာ..ဂုဏ်ထူးတွေတောင်ပါတယ်....
နင်ကတော့ ဒီလောက်လိုလေသေးမရှိဂရုစိုက်ပေးတာတောင် ကျဖြစ်အောင်ကျသေးတယ်...
နင်ဘာ လုပ် စားမဲ့အကောင်လဲ..ပြော...
တောင်း စားမှာလား...ငါခွက်၀ယ်ပေးရမလား.."

အောင်စာရင်းကပ်ထားသော ဘုတ်ပြားကြီးအရှေ့မှာ အောင်စာရင်းတွေကြည့်နေကြသော ကျောင်းသားတွေနဲ့တရုန်းရုန်းဖြစ်နေကြသလို
ပျော်ရွှင်သံ၊ဂုဏ်ဆာသံ၊ဆူငေါက်သံတွေနှင့် သက်ပြင်းချသံတွေကလည်း ကျောင်း၀န်းကြီးတောင် ပေါက်ကွဲထွက်နိုင်လေသည်။

ကျွန်တော်လည်း သူများနည်းတူ အောင်စာရင်းကြည့်ဖို့ အတင်းကိုတိုးနေရတယ်။မိန်းကလေးတွေကအစ ဒီလိုနေရာမှာ သန်မာလိုက်ကြတာ ပြောမနေပါနဲ့။

"ဟေ့ကောင်..မိုးဇော်...ငါအောင်လား..."

"ဟား..ထက်ယံ...မင်းကဂုဏ်ထူးနှစ်ဘာသာတောင် ပါတယ်ကွ...ငါကတော့ တစ်ဘာသာပဲပါတယ်...."

"ဒါဆိုရင်...ဂုဏ်ထူးအများဆုံးက ဘယ်သူလဲ..."

ထက်ယံရဲ့အမေးကို ပြန်ဖြေဖို့ မိုးဇော်မှာသံဇကာကို အတင်းကုပ်ဖက်တက်ထားရင်းမှ ဂုဏ်ထူးအများဆုံးဖြစ်သူရဲ့ ခုံနံပါတ်ကိုကြည့်လိုက်တော့..."

"ဟေ့ကောင်...ကဝိကွ...ငါးဘာသာတောင်ပါတာ..."

"ဟုတ်လို့လားကွာ..."

"ဟုတ်ပါတယ်ထက်ယံရာ...သူ့ခုံနံပါတ်က
ငါ့အရှေ့မှာလေ..."

"ဟို..အပိုင်သုံးက ကဝိလား...."

"အေးလေ...ဒီလိုကြောင် ကြောင် ကျား ကျား နာမည်မျိုး...ဒီကောင့်ဆီမှာပဲ ရှိတဲ့ဥစ္စာ..."

အစကတော့ စိတ်မလှုပ်ရှားပေမဲ့ ဂုဏ်ထူး ငါးဘာသာဆိုတော့ ကျွန်တော်အရမ်းပျော်သွားမိတယ်။

မိုးဇော်က ကျွန်တော့်နာမည်ကိုအော်ပြီး ပြောလိုက်တာကြောင့်  ကျွန်တော်နဲ့အတန်းတူကျောင်းသားတွေက ထူးဆန်းသလို ကျွန်တော့်ကိုဆိုက်ကြည့်လာကြတယ်။

ထိုလူတွေကြားမှ အတင်း‌တိုး၀င်ပြီး ကျွန်တော့်
ခုံနံပါတ်ကို ကြည့်လိုက်တော့ ကျွန်တော်တကယ်ပဲဂုဏ်ထူးငါးဘာသာနဲ့အောင်တာပဲ။

အောင်နိုင်သူတစ်ယောက်လို ကျွန်တော်ပြုံးလိုက်ပြီးနောက် ဦးနှောက်ထဲမှာ အရင်ဆုံးပေါ်လာတာက အဖေ့ပုံရိပ်တွေကိုပဲ။

ကျွန်တော့်ရဲ့ ခြေလှမ်းတွေက ကျောင်းဂိတ်ပေါက်ဆီသို့  ဦးတည်နေမိတယ်။အဖေသိရင်သိပ်ပျော်မှာ သေချာတယ်။

သစ်ရွက်ဝါတွေကြွေကျနေသော လမ်းလေးထက်မှာ ခြေလှမ်း ကြမ်း ကြမ်းတွေနဲ့ ဖြတ်ပြေးမိရင်း လမ်းကွေ့တစ်ခုထဲသို့ အ၀င်မှာ ကျွန်တော့်အာရုံတွေတော်တော် နောက်သွားရတယ်။

"ဟေ့ကောင်တွေ...သကောင့်သားလေးကို ချီးကျူးထောပနာပြုပေးလိုက်ကြပါအုံးကွာ...အဖေကဆရာကြီးကို ဂုဏ်ထူးအများဆုံးကျောင်းသားဘယ်သူလဲ မေးလိုက်တော့ကဝိတဲ့ ..ဟား...ဒီနာမည်ကိုငါကြားချင်းချင်းပဲ သွေးတက်သွားတာကွ...."

"အလကားပါ..အာကာရာ...ခိုးချထားတာနေမှာပေါ့..."

"ဟေ့ကောင်..ထူးလင်း..ခိုးချရင်တောင်..ငါးဘာသာလုံးတော့ ဂုဏ်ထူးမထွက်နိုင်ဘူးထင်တယ်နော်...."

"အော်...မင်းကတစ်မျိုး...."

အရွှန်းဖောက်လာတဲ့ စိုးသူရဲ့ဇာတ်ပိုးကို အာကာပိတ်တီးပစ်လိုက်သည်။

"ဟေ့ကောင်တွေ...ငါမင်းတို့နဲ့ရန်မဖြစ်ချင်ဘူး...
ကိုယ့်လမ်းကိုယ်သွားကြရင်ကောင်းမယ်..."

"ဟား..ကဝိရာ..လူငါးယောက်နဲ့တစ်ယောက်ကိုတောင်...မင်းက လေသံ မာ နိုင်သေးတယ်ပေါ့...
ထူးလင်းနဲ့...စိုးသူ...ဒီကောင့် လက် ကို ချုပ် ထားလိုက်ကြ..."

အာကာ့ရဲ့အချက် ပြမှုအပြီးမှာ ထူးလင်းနဲ့စိုးသူက ကျွန်တော့်ကို တစ်ဖက် တစ်ချက်ဆီ ဝိုင်း ချုပ်ကြသည်။

"အား...မင်းတို့ကောင်တွေ ဘာလုပ်တာလဲ..."

ကျွန်တော် အတင်း ရုန်း တော့ ဇော်မင်းက
ကျွန်တော့် ခြေသလုံးကို ဖြ တ် ကန် ပြီး ဒူးဆစ်နေရာကို အနောက်ကနေ ဆော င့် ကန်လိုက်တာကြောင့် ကျွန်တော် မြေကြီးပေါ်ကို ဒူး ထောက်ကျသွားတယ်။

"သားလေး...ဖေကြီးကို ဦးသုံးကြိမ်ချပြီးထိုင်ကန်တော့စမ်း...အဲ့ဒါဆိုရင် သားလေးကို ဖေကြီး
လွှတ်ပေးလိုက်မယ်..."

"ဟား...ဟား...ကြားတယ်နော်...ဖေကြီးအာကာခိုင်းတဲ့အတိုင်းလုပ်လိုက် မဟုတ်ရင်တော့ ဒီနေရာမှာတင် မင်းရဲ့အု တ် ဂူကို စိုက် ထူလိုက်ရလိမ့်မယ်.."

အာကာဆိုတဲ့ကောင်က ကျွန်တော့်ဆံပင်ကို
ညာလက်နဲ့ ဆွဲ ဆော င့်ထားပြီး မျက်နှာကိုအတင်း မော့စေတယ်။

ဒီကောင့်မျက်လုံးကို ကျွန်တော် စူးစူး ရဲ ရဲကြည့်လိုက်ပြီး ဒီကောင့်မျက်နှာကိုသာ ကျွန်တော် ထိုးနှက် ပစ် ချင်နေတယ်။

ခက်တာက ကျွန်တော့်လက်တွေကို စိုးသူနဲ့ထွန်းလင်းက လိ မ် ချိုး ထားပြီး ကျွန်တော့်ခြေထောက်တွေကိုတော့ ဇော်မင်းနဲ့ ဟိန်းဇေက တက်နင်းထားတယ်။
ဒီတော့ ကျွန်တော့်မှာအားတာဆိုလို့....

"ထွီ!!!‌သေတာတောင် မတောင်းပန်နိုင်ဘူး...
မင်း လို ကောင် မျိုး ကိုထိုင်ကန်တော့လိုက်ရင်
ငါက ကမ္ဘာပေါ်မှာ အညံ့ ဆုံးကောင်ဖြစ်သွားလိမ့်မယ်...."

"အော်...မင်းကဒီလိုလား...."

အာကာ မျက်နှာပေါ်မှာ ပေသွားတဲ့ သ ထွေး တွေကို လက်နဲ့သပ်ချလိုက်ပြီးနောက် အကျဉ်း တန်ဆုံးအပြုံးတစ်ခုကို ဖန်တီးလိုက်သည်။

ပြီးနောက် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ ချိ န် ရွယ်လိုက်တာက ကဝိရဲ့ နှာ နု ရိုးတည့်တည့်ဆီသို့...."

"အာ့...."

"ခေါင်းမာနေတဲ့ ငါးဘာသာဂုဏ်ထူးရှင်ကြီးကို အကြော လေး တွေ လျှော့ပေးလိုက်ကြစို့ကွာ..."

ထက်အာကာအပါအ၀င် လူငါး ယောက်က ကျွန်တော့်ကို ဝိုင်း ချု ပ်ပြီး မျက်နှာကို လ က် သီးတွေနဲ့အ ဆက် မ ပြက် ထိုး ကျတယ်။

ကျွန်တော့်နှာနုရိုးတွေ ကျိုး ကျေ သွားသလို ခံစားချက်ကြီးကြောင့် ရင် ခေါင်းထဲကနေ လှိုက်တက်လာတဲ့ နာ ကျ င် မှုနဲ့အတူ ကျွန်တော်အော်ဟေ့ရုန်းကန်မိတယ်။

တွန်းထိုး ရုန်းကန်နေတဲ့ ကျွန်တော့်လက်တွေကို
လည်းဖြ တ်က န်တယ်။
ကျွန်တော့် ဒူးဆစ်တွေကို ရို က် ချိုးတယ်။

ကျွန်တော် အားတင်းပြီးပြန်ထတော့ ကျွန်တော့်
ရ င် အုံနဲ့ ၀မ်း ဗိုက် နေရာကို အချက်ပေါင်းများစွာ ဆော င့် ကန်တယ်။

ကလီ စာတွေ ပြတ် လုမတတ်ကျွန်တော် အ လူးအလဲ ခံစားနေရလည်း က ယ်မဲ့လူတစ်ယောက်မှ မပေါ်လာတာဘာကြောင့်လဲ။?

ကျွန်တော့်နှာ ခေါ င်းထဲကနေ သွေး‌ တွေယို စိမ့်ကျလာသလို ကျွန်တော့်အာခံတွင်းထဲကနေလည်း သွေး တွေကို ခဏ ခဏအန် ထုတ်မိနေတယ်။

အ သွေး အ သားထဲကနေ တ စိမ့် စိမ့်နာကျင်လာတဲ့ ဝေဒနာကို ခံစားရင်းနဲ့ပဲ ကျွန်တော့်ကို ရို က်
နှ က်နေကြတဲ့ လူတစ်ယောက်ချင်းစီရဲ့ပုံရိပ်တွေကို သွေး ဖုံး နေသောမျက်၀န်းတွေမှတစ်ဆင့် ကျွန်တော့မှတ်ဉာဏ်တွေထဲမှာ တံဆိပ်နှိပ်ထားလိုက်တယ်။

"တော်ပြီ...ဒီလောက်ဆိုရင်...ဒီကောင်နောက်တစ်ခါ...ငါ့အဖိုးနဲ့တိုင်ရဲမှာ မဟုတ်တော့ဘူး...
လာသွားကြမယ်..."

ထွက်ခွာသွားကြတဲ့ အဲ့ဒီ့ ကောင်တွေရဲ့ နောက်ကျောတွေကို နောက်ဆုံးလက်ကျန်
အင် အားတွေနဲ့ ကျွန်တော်ဆိုက်ကြည့်လိုက်တယ်။

ကျွန်တော့်ဆီကကျလာတဲ့ ‌ေ သွး တွေအကွက်လိုက်ဖြစ်နေတဲ့ မြေကြီးကို လက် ထောက်လိုက်ပြီး အံကိုတင်းတင်းကြိတ်ရင်း ကျိ န် ဆိုလိုက်တယ်။

"မင်းတို့ကို ငါမှတ်ထားလိုက်ပြီ...ငါ့အလှည့်ရောက်တဲ့နေ့ကျရင်..မင်းတို့ ခံနိုင်ရည်ရှိနေပါ စေ
တစ်နေ့မင်းတို့လုပ်ခဲ့တဲ့အတိုင် ပြန် ခံစား စေရမယ်..."

ကျိ န်ဆိုမှုရဲ့နောက်မှာတော့ ကျွန်တော့်ခန္ဓာကိုယ်ဟာ ဒ ဏ် ရာအ နာတရများစွာနဲ့ ပစ် လဲကျသွားပါသည်။
ကျွန်တော့်ကမ္ဘာကြီးကလည်း အမှောင်အတိ ဖုံးလွှမ်းသွားပါတော့တယ်။
ကျွန်တော့်အမြင်အာရုံထဲမှာတော့ မပြီးပြတ်နိုင်သေးတဲ့ ကျွန်တော့်ရဲ့ငိုကြွေးသံတွေ ...ပြီးတော့ပြုံးပြနေတဲ့ အဖေ့ရဲ့မျက်နှာ။

အခန်း၁၅...ဆက်ရန်
တနင်္ဂနွေမှလွှဲ၍ နေ့တိုင်းတင်ပေးပါမည်

.=====================================================================

အခန်း၁၅
         🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

"ဆရာမရေလာကြည့်ပေးပါအုံး..လူနာကလက်ချောင်းတွေလှုပ်လာတယ်..."

ကျွန်တော့်ရင်ဘတ်ပေါ်ကို လာထိနေတဲ့ခပ်မာမာအရာတစ်ခု ၊ပြီးတော့ ကျွန်တော့်လက်ထိပ်တွေမှာ ညှစ်ထားသလိုခံစားနေရတဲ့ ခံစားချက်ကြီး။
ဒါဘာတွေလဲ။?

ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲနေပြီး ခပ်တင်းတင်းစည်းနှောင်ခံထားရသလိုဖြစ်နေတယ်။ကျွန်တော့်နားထဲမှာလည်း အသံမျိုးစုံကိုကြားနေရတယ်။

"ခွဲခန်းထဲကိုမ၀င်ခင် ဒီဆေးတွေကိုသွား၀ယ်ထားနော်..."

"အဟင့်..ဟင့်..အမေရေ..အဖြစ်ဆိုးလှချည်လား..
အမေ့သားအလာကိုတောင် မစောင့်နိုင်ရှာတော့ဘူးပေါ့..."

"ဂလွမ်း..."
"ဟဲ့..ခွက်ကိုသေချာမကိုင်ဘူး...တကယ်ပါပဲ..."

"အား..ဆရာမရေ..ကျွန်မကိုကယ်ပါအုံး...
အာ့..အား..."

"ဂွမ်းတွေကိုများများထည့်..အဲ့ဒါမှ သွေး တွေမစိမ့်နိုင်မှာ..." စသဖြင့်အိုး၊ခွက်ကျသံတွေရော လူတွေရဲ့အော်ဟစ်ညီးညူသံတွေကိုပါ ကျွန်တော့်နားနဲ့မဆံ့အောင်ကြားနေရတယ်။

ဒါကဘယ်နေရာလဲ။?ကျွန်တော်ဘယ်ကိုရောက်နေတာလဲ။အဖေကရောဘယ်မှာပါလိမ့်။

မေးခွန်းပေါင်းများစွာနဲ့အတူ ကျွန်တော့်မျက်လုံးကိုတွေစတင်လှုပ်ရှားကြည့်မိတယ်။အလင်းရောင်ကိုထိတွေ့လိုက်မိတဲ့ အချိန်မှာတော့ မခံမရပ်နိုင်ဖြစ်သွားတာကြောင့် မျက်လုံးတွေကိုပြန်မှိတ်လိုက်မိတယ်။

"ကောင်လေး မင်းသတိရလာပြီလား..."

နားထဲမှာကြားလိုက်ရတဲ့အသံက ကျွန်တော်နဲ့အင်မတန်စိမ်းသက်နေတဲ့အသံတစ်ခုပဲ။
အားတင်းပြီးမျက်လုံးတွေကို ဖွင့်ကြည့်လိုက်မိတော့ အရင်ဆုံးမြင်နေရတာက အဖြူရောင်မျက်နှာကျက်ကြီးဖြစ်နေတယ်။
ကျွန်တော်ဒီနေရာကို တစ်ခါရောက်ခဲ့ဖူးပါတယ်။ဒါကဆေးရုံပဲ...။

"အား..."

ထိတ်လန့်မှုနဲ့အတူ ရုတ်တရက်ထထိုင်လိုက်မိမှ သတိထားလိုက်မိတာက ကျွန်တော့်ခြေတွေ၊လက်တွေနဲ့ ဦးခေါင်းအထက်မှာ ပတ်တီးတွေ
ဗလဗွနဲ့ဖြစ်နေတယ်။
တစ်ကိုယ်လုံးကလည်း လှုပ်ရှားလိုက်တိုင်း
တဆစ်ဆစ်နာကျင်နေတယ်။

"ကောင်လေး...မင်းလှဲပြီးအနားယူနေရင်ကောင်းမယ်ထင်တယ်..."

ကျွန်တော့်ဘေးနားမှ အသံဩဇာပြင်းပြင်းနဲ့လူကိုကြည့်လိုက်တော့ အသက်လေးဆယ်အရွယ်လောက်ရှိသည့်လူကြီးတစ်ယောက်ကအနောက်တိုင်း၀တ်စုံအပြည့်၀တ်ထားတယ်။

ကျွန်တော့်ကိုကြည့်နေတဲ့သူ့ရဲ့ ပုံစံကသနားတာ၊စာနာတာ၊အထင်သေးတာမျိုးမဟုတ်ပဲ ရိုးရှင်းစွာကြည့်နေတာမျိုး။

"ဦးလေးက ဘယ်သူလည်း..."

"ငါ့နာမည်ကထွန်းတောက် အပိုင်(၁)ကိုပြောင်းလာတာမကြာသေးဘူး မင်းကိုလမ်းမှာ‌ သွေးအလိမ်းလိမ်းနဲ့လဲနေတာကိုတွေ့ခဲ့လို့ လွန်ခဲ့တဲ့သုံးရက်ကတည်းက ဆေး ရုံတင်ပေးထားတာ...ဒီနေ့ငါအလုပ်အားတာနဲ့ မင်းအဆင်ပြေရဲ့လားဆိုတာ လာကြည့်တာ..."

"နေဦး..ဦးလေးပြောတဲ့အထဲမှာ..လွန်ခဲ့တဲ့သုံးရက်ဆိုတော့..ဘာကိုပြောတာလဲ..."

ဦးထွန်းတောက်က တစ်ခုခုကိုသတိရသွားသလိုပုံစံဖြင့် ခပ်ပြုံးပြုံးလေးနေ‌လိုက်သည်။

"ကောင်လေး..မင်းဆေးရုံမှာသတိမေ့နေတာ သုံးရက်ရှိပြီလေ..."

"ဘာ!!!သုံးရက်..."

ကျွန်တော် သတိမေ့နေခဲ့တာသုံးရက်တောင်ဆိုတော့ ကျွန်တော်ဆယ်တန်းအောင်တဲ့ကိစ္စကိုလည်း အဖေ့မသိရသေးဘူးပေါ့။နောက်ပြီး အဖေသိပ်စိတ်ပူနေမှာ သေချာတယ်။

လက်မှာဆို က်ထားတဲ့ အ ပ်တွေကို နာရင်လည်းနာပါစေတော့ ကျွန်တော်ဆွဲဖြု တ်ပစ်လိုက်တယ်။

"ဟာ..ကောင်လေး..မင်းလာလုပ်တာလဲ..ဆေးတွေလွှတ်ထားတယ်လေကွာ...ဆရာ၀န်ကမင်းကိုဆေးရုံဆင်းခွင့်မပေးသေးဘူးလေ.."

"အဲ့ဒါတွေကို ကျွန်တော်စိတ်မ၀င်စားဘူး ဦးလေး
ကျွန်တော်အဖေ့ဆီကိုပြန်ရမယ်..အဖေကျွန်တော့်ကို စိတ်ပူနေလိမ့်မယ်..."

ကိုယ်ပေါ်မှာ ခြုံပေးထားတဲ့စောင်တွေကိုပါ အကုန်ခွာချလိုက်ပြီး ကုတင်အောက်ကိုခြေထောက်ချလိုက်တော့ ဦးထွန်းတောက်က ပတ် တီးစီးထားသော ကျွန်တော့်ပုခုံးကို အားနဲ့ဖိချလိုက်သည်။

"အာ့...ဦးလေးဘာလုပ်တာလဲ..ကျွန်တော့်ကိုသွားခွင့်ပြုပါ.."

"ကောင်လေး..မင်းကိုဦး နာ အောင်မလုပ်ချင်ဘူး..ဦးစေတနာနဲ့ပြောတာ..မင်းဒီပုံစံနဲ့ လမ်းတောင်လျှောက်နိုင်မှာမဟုတ်ဘူး..."

"ဘာလို့မလျှောက်နိုင်ရမှာလည်း..ကျွန်တော်..
အာ့..အား..."

ပခုံးပေါ်မှ ဦးထွန်းတောက်ရဲ့ လက်ကိုပုတ်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်တော့ ကျွန်တော်ချက်ချင်းယိုင်ကျသွားသည်။ခြေထောက်တွေဆီမှနာကျင်မှုက ပြင်းထန်လွန်းလို့ မျက်ရည်တောင်ဝဲလာရတဲ့အထိပဲ။

"ကောင်လေး...မင်းအဖေကို ငါ့တပည့်ကနေတစ်ဆင့် သွားခေါ်ခိုင်းလိုက်မယ်..ဘယ်လိုလဲ..."

"ဦးလေး..တကယ်ပြောတာလား..."

"တကယ်ပေါ့ကွာ...မင်းအဖေကဘယ်မှာနေတာလဲ ပြော..."

"အပိုင်(၁)မှာရှိတဲ့ ရတုမဟာစံအိမ်က အလုပ်သမားဦးမောင်ကြီးပါ..."

"ဦးမောင်ကြီး...ရတုမဟာစံအိမ်..."

ဦးထွန်းတောက်ဟာ ကျွန်တော်ပြောလိုက်တဲ့စကားကိုပဲ ထပ်ခါထပ်ခါရေရွတ်နေရင်းနဲ့ သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်လာပြီး ကျွန်တော့်ကိုထူးဆန်းစွာကြည့်လာသည်။

သူ့မျက်၀န်းထဲမှာ မယုံနိုင်သလိုပုံရိပ်တွေနဲ့အတူ
သနားစာနာသလိုအကြည့်တွေ။

"ကောင်လေး..မင်းရဲ့အဖေဦးမောင်ကြီးဆိုတာ
...ကိုအဂ္ဂရဲ့ညီ...ကိုဂန္တ၀င်တို့စံအိမ်ကအလုပ်သမားကိုပြောတာလား..."

"ဟား...ဟုတ်တယ်..အဲ့ဒီ့ဦးဂန္တ၀င်ပဲ..."

ကျွန်တော်၀မ်းသာပြီးရယ်သံလေးနှောကာပြောလိုက်ပေမဲ့ ဦးထွန်းတောက်ရဲ့မျက်နှာကတော့ အပြုံးတစ်ခုတောင်ရှိမနေတဲ့အပြင် တစ်ချက်ငိုင်ကျသွားသည်။
ဦးထွန်းတောက်က ကျွန်တော့်ရဲ့လက်မောင်းတွေကို ဆုပ်ကိုင်လိုက်ပြီး...

"ကောင်လေး...ဒီလိုအခြေအနေကြီးမှာ ဦးမပြောချင်ပေမဲ့...မင်းလည်းသိသင့်တာမို့...ပြောမှကိုဖြစ်မယ်..

မျက်ခုံးတွေတွန့်ကြုံ့သွားသည်အထိ ကျွန်တော်နားမလည်နိုင်ဖြစ်သွားရတယ်။ ဒီလူဘာတွေ လာပြောနေတာလဲ။

"မင်းစိတ်ကိုခိုင်ခိုင်ထားပါ...ကောင်လေး...
မင်းအဖေဆုံးသွားပြီ..."

"ဘာ!!!ခင်ဗျားဘာတွေလာပြောနေတာလဲ..."

ဦးထွန်းတောက်ရဲ့ လက်တွေကိုဖယ်ချလိုက်ပြီး ကျွန်တော်အတင်းထရပ်မယ်လုပ်တော့ ကျွန်တော့်လက်မောင်းတွေကို ပိုပြီးတင်းကျပ်စွာ ဆုပ်ကိုင်လာတယ်။

"ကောင်လေး..မင်းစိတ်ကိုအေးအေးထား..မင်းကိုဆေးရုံတင်ထားရတဲ့ညမှာပဲ..သုန္နကတောင်ခြေမှာ လူ သ တ် မှုတစ်ခုဖြစ်သွားခဲ့တယ်..ငါလည်းသိချင်တာကြောင့် အသ တ် ခံရသူအကြောင်းကိုစုံစမ်းကြည့်လိုက်တော့..ဦးဂန္တ၀င်တို့ အိမ်မှာအလုပ်လုပ်တဲ့အလုပ်သမားတဲ့...
နာမည်ကကိုမောင်ကြီးဆိုပြီး သိခဲ့ရတယ်..အခုမင်းအဖေရဲ့အ လောင်းကို တောင်ခြေမှာပဲမြှုပ်ထားကြတယ်...မင်းဆေးရုံကဆင်းရင်...ဦးလိုက်ပြပါ့မယ်..."

ကျွန်တော်မယုံကြည်နိုင်တဲ့ စကားတစ်လုံးချင်းစီအား ပြောနေတဲ့ ဦးထွန်းတောက်ရဲ့မျက်နှာကို ကျွန်တော်မျက်တောင်မခတ်စတမ်းဆိုက်ကြည့်နေမိတယ်။

မျက်ရည်တွေလွင့်စင်သွားလောက်အောင်အထိ ကျွန်တော်ခေါင်းကိုသာ တွင်တွင်ခါနေမိပါတယ်။

"မဖြစ်နိုင်ဘူး..ခင်ဗျားညာနေတာ..ကျွန်တော်သတိမေ့နေတာသုံးရက်..ဒီသုံးရက်လေးအတွင်းမှာ အဖေဆုံးတာလုံး၀မဖြစ်နိုင်ဘူး
...အောင်စာရင်းသွားကြည့်မဲ့မနက်ကတောင် အဖေနဲ့ကျွန်တော် စကားတွေအများကြီးပြောခဲ့သေးတယ်...ခင်ဗျား..ကျုပ်ကိုဘာကြောင့်ညာနေတာလဲ..."

"ဒီမှာကောင်လေး...ငါမင်းကိုညာစရာ ဘာအကြောင်းမှမရှိဘူး..ပြောရရင်မင်းရဲ့နာမည်ကိုတောင် ငါမသိသေးဘူး..ငါကဘာကြောင့် ညာရမှာလည်း...."

ဦးထွန်းတောက်ရဲ့ အိင်္ကျီလည်စကို ကျွန်တော်ဆွဲလိုက်ပြီး မျက်၀န်းနီနီတွေနဲ့ကြည့်လိုက်သည်။

"ခင်ဗျားလူမှားနေတာ...အဲ့ဒါကျွန်တော့်အဖေမဟုတ်ဘူး..."

"ကောင်းပြီ...မင်းငါနဲ့လိုက်ခဲ့..."

ဦးထွန်းတောက်က ပတ်တီးစီးထားတဲ့ ကျွန်တော့်ရဲ့ညာဘက်လက်မောင်းကို ဆွဲထူပြီးခေါ်လေသည်။

"ဟဲ့...လူနာကို ဒီလိုခေါ်သွားလို့မရဘူးလေ..."

"ခဏလေးပါ..ဆရာမ...သေရေးရှင်ရေးမို့ပါ.."
သူနာပြုဆရာမကို ခပ်တိုတိုပဲပြောခဲ့ကာ ကျွန်တော့်ကို သူ့ကားနဲ့သုန္နကတောင်ခြေသို့ ခေါ်လာခဲ့သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဦးမောင်ကြီး...အသက်(၅၀)..."ဆိုတဲ့မြေပုံလေးကို တွေ့လိုက်တာနဲ့ မြေကြီးပေါ်သို့ကျွန်တော် ဒူးထောက်ကျသွားသည်။

ကိုယ့်နှုတ်ခမ်းကိုယ် သွေးထွက်အောင်ကိုက်မိတဲ့အထိ ကျွန်တော့်ရင်ထဲမှာ စို့နင့်လာတယ်။
မွန်းကျပ်လာတယ်။

"အား!!!!...အဖေ့....ဘာကြောင့်လဲဗျာ...အဖေပြောတော့..သားစာမေးပွဲအောင်ရင်..အဖေသိပ်ပျော်မှာဆို...အဖေတို့အဲ့ဒီ့အချိန်လေးအထိပဲစောင့်ရမှာဆို
...အခုအဖေဘာလို့ သားကိုမစောင့်ပေးရတာလဲဗျာ...သည်းခံပါသားရယ်ဆိုလို့ ကျွန်တော်သည်းခံခဲ့တယ်...နှိမ့်ချပြီးနေပါဆိုလည်း...ကျွန်တော့်ခေါင်းကို အမြဲတမ်းငုံ့ပေးထားနိုင်တယ်...
အဖေဘာခိုင်းခိုင်း သားလုပ်ပေးနိုင်တယ်...
အဖေကရော..ဘာလို့လဲ...သားအခုထိမယုံနိုင်သေးဘူးဗျာ...ကျွန်တော့်ကို..ဘာလို့ထားခဲ့ရတာလဲ
...အဖေမရှိရင်...ကျွန်တော့်ဘ၀ကြီးကဘာအဓိပ္ပာယ်ရှိတော့မှာလည်းဗျာ...အဖေ့!!!!....ကျွန်တော့်ဆီပြန်လာပါဗျာ...ကျွန်တော်တောင်းပန်ပါတယ်....."

ကျွန်တော့်မျက်ရည်တွေဟာ မြေပုံလေးထဲသို့ တစိမ့်စိမ့်စီး၀င်သွားလည်းပဲ အဖေဟာပြန်မလာနိုင်တော့ပါဘူး။ကျွန်တော် အဖေ့ကိုတင့်တောင့်တင့်တယ်မထားနိုင်ခဲ့တဲ့အတွက် နောင်တရတယ်။
အဖေ့ကိုတော့ အလုပ်တွေပင်ပင်ပန်းပန်းလုပ်စေခဲ့ပြီး ကျွန်တော်ကတော့ ‌စာသင်ခန်းထဲမှာ အေးဆေးထိုင်နေခဲ့ရတာကိုနောင်တရတယ်ဗျာ။

အဖအစောကြီး ထွက်ခွာသွားရမယ်ဆိုတာသာကြိုသိခဲ့ရင် ကျွန်တော် ဒီစာတွေကိုဘယ်သင်နေခဲ့မှာလဲ။ အဖေ့ကို ကျွန်တော်ပဲအလုပ်အကျွေးပြုခဲ့မှာပေါ့။ အဖေ့အပေါ်မှာ ကျွန်တော်လုံး၀တာ၀န်မကျေခဲ့ဘူး။အဖေ့ကို သားကန်တော့ပြီးတောင်းပန်ပါတယ်။ကျွန်တော့်ဘ၀ကလည်း တော်တော်ဆိုးဝါးတာပဲ။အဖေ့ရဲ့နောက်ဆုံး ရုပ်အ လောင်းကိုတောင် မြင်ခွင့်မရလိုက်ဘူး။

"ကောင်လေး...မင်းအတွက်..မင်းအဖေကခွန်အားတစ်ခုဆိုရင်..အခုသူမရှိတော့တာနဲ့ပဲ...မင်းရဲ့ဘ၀ကြီးကို အလဟသမဖြစ်ပါစေနဲ့ကွာ....
သူစိတ်မပျက်ရပါစေနဲ့ မင်းကြိုးစားပြီးရှင်သန်ပါ..."

ကျွန်တော့်ပုခုံးကိုပုတ်ပေးပြီး အားပေးစကားပြောလာတဲ့ ဦးထွန်းတောက်ကို မျက်ရည်တွေကြားမှ ကျွန်တော်မော့ကြည့်လိုက်သည်။

ဟုတ်တယ်။ကျွန်တော်ဆက်ပြီး ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရမယ်။

အဖေ့ကို သ တ်ခဲ့တဲ့တရားခံကရောဘယ်သူလဲ။ကျွန်တော်သိအောင်ကြိုးစားမယ်။

🍁🍁🍁🍁🍁🍁🍁🍁

ကားလေးက ရတုမဟာစံအိမ်ကြီးရဲ့အရှေ့မှာရပ်လိုက်တယ်ဆိုရင် ချိုင်းထောက်ကိုသုံးပြီး ကျွန်တော်ကားပေါ်မှဆင်းလိုက်သည်။

ဦးထွန်းတောက်ကပါ ကားပေါ်မှဆင်းလိုက်ပြီး ကျွန်တော့်ကိုဖေးကူလာတယ်။
နံရံကပ်လူခေါ်ဘဲလ်ဆီသို့ သွားပြီး ခလုတ်ကိုနှိပ်လိုက်တော့ ခြံ၀န်းကြီးထဲကနေ ကိုဖိုးထူးထွက်လာတယ်။

"ဟာ..ကဝိ..မင်းပုံစံကဘယ်လိုဖြစ်ရတာလည်း..
တကိုယ်လုံးမှာလည်း ပတ်တီးတွေနဲ့.."

ကိုဖိုးထူးကစိတ်မကောင်းစွာနဲ့ ကျွန်တော့်တစ်ကိုယ်လုံးကို ကြည့်ပြီးပြောလာတာကြောင့်
သံဗန်းတံခါးကိုကျွန်တော် ဆုပ်ကိုင်လိုက်တယ်။

"ကိုဖိုးထူး...ကျွန်တော့်ကိုတံခါးဖွင့်ပေးပါဗျာ
...အဖေဆုံးတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဦးဂန္တ၀င်နဲ့ကျွန်တော် စကားပြောချင်တယ်..."

ကိုဖိုးထူးက စံအိမ်ဘက်ဆီသို့ ကြောက်ကြောက်လန့်လန့်နဲ့တစ်ချက်လှည့်ကြည့်လိုက်သည်။တံခါးကိုဖွင့်မပေးတဲ့အပြင် တစ်ခုခုကိုထိတ်လန့်နေတဲ့ ပုံပေါ်နေပါလား။

"ကဝိ..မင်းပြန်ပါကွာ..မင်းပျောက်နေတဲ့သုံးရက်အတွင်းမှာ...ကိစ္စတွေကတော်တော်ရှုပ်ထွေးသွားတယ်...ပြီးတော့ဦးဂန္တ၀င်ကလည်း မင်းပြန်လာခဲ့ရင် တံခါးလုံး၀ ဖွင့်မပေးပါနဲ့လို့ အမိန့်ချထားတယ်...ငါမင်းကိုတံခါးဖွင့်ပေးလိုက်ရင် ငါအလုပ်ပြုတ်လိမ့်မယ်...မင်းပြန်ပါတော့ကွာနော်..."

"ဟာ...ဟေ့လူ..."

ကျွန်တော်အော်ခေါ်နေပေမဲ့ ဖိုးထူးကခြံထဲသို့ ပြန်၀င်ပျောက်ကွယ်သွားလေသည်။
ဘာကြောင့်ကျွန်တော့်ကို ပေးမ၀င်ရတာလဲ။?
အဖေ ‌သေ ဆုံးရတဲ့ကိစ္စမှာ ဦးဂန္တ၀င်လည်း ပါ၀င်နေလို့လား။?
မဟုတ်ရင် ကျွန်တော့်ကိုပေး၀င်ရမှာပေါ့။

"ဦးဂန္တ၀င်...ဟေ့လူ...ခင်ဗျားထွက်ခဲ့စမ်း...
ဦးဂန္တ၀င်...ကျုပ်အဖေရဲ့ကိစ္စကို ခင်ဗျားနဲ့ကျုပ်ရှင်းရမယ်...ခင်ဗျားအခုထွက်ခဲ့စမ်း..."

"ကောင်လေး..ဒါအပိုင်(၁)နော် သူကြွယ်တွေပဲနေကြတဲ့ရပ်ကွက်ကွ...မင်းထောင်ထဲကိုမ၀င်ချင်ရင် လာခဲ့စမ်းပါကွာ...."

သံဗန်းတံခါးတွေကိုပါ ဆောင့် ကန်ပစ်ပြီး ကြုံးဝါးနေတဲ့ ကဝိကို ဦးထွန်းတောက်က အတင်းဆွဲခေါ်ပြီး ကားပေါ်သို့တွန်းတင်လိုက်လေသည်။
ပြီးနောက် ဆေးရုံသို့သာ ပြန်မောင်းလာခဲ့လိုက်တယ်။

🍁🍁🍁🍁🍁🍁

ည(၁၂)နာရီ

"ဒေါင်...ဒေါင်...ဒေါင်..."

သုန္နကမြို့လည်ခေါင်မှ နာရီစင်ကြီးက ညဆယ့်နှစ်နာရီအတိမှာ ထမြည်သည်။ကဝိရဲ့ မျက်လုံးတွေ ရုတ်ချည်းပွင့်လာပြီး ဘေးဘီကို ကြည့်လိုက်သည်။

ဘေးနားမှာ ဦးထွန်းတောက်လွှတ်ပေးထားတဲ့လူနာစောင့်က အိပ်ငိုက်နေသည်။လူနာကုတင်တွေ အားလုံးကလည်း တိတ်ဆိတ်နေပြီး အားလုံးအိပ်မောကျနေကြတယ်။

လက်ခုံ‌‌ပေါ်ကအကြောနေရာမှာ ထိုးထားတဲ့အ ပ်နဲ့ လက်ဒကောက်‌ကွေးနေရာမှ အ ပ်တို့ကို ဆွဲဖြုတ်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်ကုတင်သို့ အကြည့်ရောက်သွားလေသည်။

အိပ်ယာနိုးနေသောအဖွားကြီးတစ်ယောက်က ငုတ်တုတ်ကလေးထိုင်ပြီး စူးစမ်းသလိုကြည့်လာတာကြောင့် ကျွန်တော့်လက်ညှိုးကိုနှုတ်ခမ်းမှာတေ့ပြလိုက်တော့ အဖွားကရယ်ပြသည်။

ကျွန်တော်လည်းတစ်ချက်ပြုံးလိုက်ပြီး ချိုင်းထောက်ကိုတောင် ယူမနေတော့ပဲ ထွက်လာခဲ့လိုက်သည်။ ခွေးတစ်ကောင် လူတစ်ယောက်တောင် မရှိပဲတိတ်ဆိတ်နေသော သုန္နကမြို့ရဲ့ လမ်းမကြီးအထပ်မှာ တရိပ်ရိပ်နဲ့ သွားလာနေတာဆိုလို့ ကျွန်တော်တစ်ယောက်ထဲရယ်ပါ။
ကျွန်တော့်ခြေလှမ်းတွေရဲ့ ဦးတည်ရာကတော့
ရတုမဟာစံအိမ်ကြီးဆီသို့.......


#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=======================================================================


🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
=========================
အခန်း၁၆

=======
ရတုမဟာစံအိမ်....

ရတုမဟာစံအိမ်ကြီးရဲ့ ခြံ၀န်းထဲကို ကျွန်တော်ရောက်နေပေမဲ့ ကျွန်တော်၀င်လာတာက အရှေ့ပေါက်ကမဟုတ်ပဲ ခွေးတိုးပေါက်ကနေပါ။

ခြံ၀န်းကြီးက အင်မတန်ကျယ်ပြီး သစ်ပင်ပန်းမံတွေနဲ့ ပြည့်နေတာကြောင့် ခြံရဲ့မြောက်ဘက်မှာရှိတဲ့ ဒီခွေးတိုးပေါက်ကို ဘယ်သူကမှသတိထားမိမယ်မထင်ဘူး။

တစ်ခြားလူတွေမြင်မှာစိုးလို့ တွေ့ရာသစ်ကိုင်းခြောက်ကိုဆွဲယူလိုက်ပြီး ချိုင်းထောက်အဖြစ်အသုံးပြုလိုက်ပြီး ခပ်မြန်မြန်သွားနေမိသည်။

ကံကောင်းချင်တော့ အလုပ်သမားတန်းလျားက ကျွန်တော်နေခဲ့တဲ့အခန်းလေးဟာ တံခါးပိတ်ထားခြင်းမရှိဘူး။

အခန်းထဲကို အမြန်၀င်ပြီး အဖေနဲ့ပတ်သတ်တဲ့ အမှတ်တရပစ္စည်းလေးတွေရယ် ကျွန်တော့်ပစ္စည်းတစ်ချို့ရယ်ကို အခန်းထောင့်မှာချထားတဲ့ ခရီးဆောင်အိတ်ကလေးထဲသို့ ထည့်လိုက်သည်။

အဖေ့သေတ္တာထဲမှ ပစ္စည်းတွေကိုယူနေတုန်းမှာ ယွန်းဘူးလေးတစ်ခုကို သွားတွေ့တယည်။
ဖွင့်ကြည့်လိုက်တော့ အသဲပုံလော့ကတ်သီးလေးပါတဲ့ ငွေရောင်ဆွဲကြိုးလေးတစ်ကုံးနဲ့  ဒိုင်ယာရီစာအုပ်အနွမ်းလေး။

အသဲပုံလော့ကတ်သီးလေးကို ဖွင့်ကြည့်လိုက်တော့ အတွင်းထဲမှာ ဓာတ်ပုံလေးနှစ်ပုံကို ကပ်ထားလေသည်။

တစ်ပုံက အမေ့ပုံဖြစ်ပြီး တစ်ခြမ်းကပုံဟာ အဖေ့ပုံမဟုတ်ပဲ အနောက်နိုင်ငံသားတစ်ယောက်ရဲ့ ပုံ။
ဒါဘာအဓိပ္ပာယ်လည်း ဒီလူကရော ဘယ်သူလဲ။
ဒီဓာတ်ပုံထဲက လူကကျွန်တော်နဲ့တော်တော်လေးကို ရုပ်တူနေသည်။

ဒိုင်ယာရီစာအုပ်လေးကို အလျှင်အမြန်ဖွင့်ဖတ်ကြည့်လိုက်တော့ အဖေ့ရဲ့လက်ရေးနဲ့ရေးထားတာတွေပဲ။

""ဒီနေ့ ကျွန်တော်တို့စံအိမ်ကို ဧည့်သည်တစ်ယောက် ရောက်လာတယ်။သူ့နာမည်က လီယို..
ဒီလူကအင်မတန်ခင်ဖို့ကောင်းတယ်...သူကပြင်သစ်ကနေ အလည်လာတာဖြစ်ပြီး အဖေက လီယိုကိုမြို့တစ်ပတ်လိုက်ပြခိုင်းတယ်...ကျွန်တော့်ညီတွေဖြစ်ကြတဲ့ အဂ္ဂနဲ့ ဂန္တ၀င်ကတော့ လီယိုနဲ့သိပ်မပတ်သတ်ကြဘူး...လီယိုက အင်မတန်ကြွားလို့တဲ့လေ
...တကယ်တော့ လီယိုကအင်မတန်ဗဟုသုတကြွယ်တဲ့သူ ဖြစ်တာကြောင့် သူ့ရဲ့စကားပြောဆိုမှုတွေက အရမ်းIQမြင့်နေခဲ့တာပါ...ဒါကြောင့် လီယိုနဲ့စကားပြောရင် သူတို့ကလိုက်မမှီဖြစ်ခဲ့တာပါ
...ကျွန်တော်ကတော့ လီယိုပြောလိုက်တဲ့ စကားလေးတစ်ခွန်းကိုကြိုက်တယ်..အမှန်ကိုမကြိုက်တဲ့သူမရှိဘူး..ဒါပေမဲ့ မှန်တာကို မလုပ်တဲ့လူတွေတော့ အများကြီးပေါ့ဗျာတဲ့..."

ဦးအဂ္ဂနဲ့ ဦးဂန္တ၀င်ကအဖေ့ရဲ့ညီတွေဆိုတော့ အဖေက မြို့တော်၀န်ဦးတေဇနဲ့ သားအဖတော်နေတာပေါ့။ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။
စာနောက်တစ်ရွက်ကို ထပ်ဖတ်ကြည့်လိုက်သည်။

"လီယိုက ကျွန်တော်တို့အိမ်ကအိမ်ဖော်မလေး
ယုဝါလွင်ကို သဘောကျနေပုံရတယ်...ကျွန်တော်သိပ်၀မ်းနည်းတယ်...ယုဝါကို ကျွန်တော်လည်းသဘောကျနေပေမဲ့...လီယို့ကိုတော့ ကျွန်တော်
မယှဉ်နိုင်ပါဘူးလေ...ယုဝါစိတ်ချမ်းသာရင် ကျွန်တော်လည်း ကျေနပ်ပါတယ်..."

ယုဝါလွင်ဆိုတာ ကျွန်တော့်အမေရဲ့နာမည်ပဲ။
ဒါဆိုအဖေနဲ့အမေက အရင်ချစ်ခဲ့ကြတာမဟုတ်‌ဘူးပေါ့။
စာရွက်နောက်တစ်ရွက်ကို ထပ်ပြီးလှန်ဖတ်လိုက်တော့...

"ဒီနေ့ ယုဝါကသားလေးမွေးတယ်...လီယိုရေမင်းကတော့ မင်းရဲ့အမိမြေကို ပြန်သွားပေမဲ့...ယုဝါကတော့ မင်းနဲ့ရတဲ့ ကလေးလေးကိုမွှေးနေရပြီကွာ....မင်းပြောတော့ ယုဝါကိုလက်ထပ်ဖို့ပြန်လာခေါ်မယ်ဆို...အခုမင်းရဲ့သားလေးတောင်
လူ့လောကထဲကို ရောက်နေပြီလေကွာ...သူ့နာမည်ကို ကဝိလို့ပေးလိုက်တယ်...မင်းဘာလို့ ပြန်မလာရသေးတာလဲ...မင်းနားလည်လိမ့်မယ်လို့မျှော်လင့်တယ်လီယို ယုဝါရဲ့အရှက်နဲ့သိက္ခာအတွက် ငါသူမကိုလက်ထက်လိုက်ပါပြီ...

အဖေကလည်း အိမ်ဖော်မနဲ့သဘောမတူဘူးဆိုလို့ ကျွန်တော် အိမ်ပေါ်ကနေတစ်ခါတည်း ဆင်းလာလိုက်တယ်...အစတည်းကကျွန်တော်ကမွေးစားသားဆိုတော့...အဂ္ဂနဲ့ ဂန္တ၀င်က အမွေတွေခွဲမပေးရတော့ဘူးဆိုပြီး...အပျော်ကြီးပျော်နေကြတာပေါ့...အပိုင်(၁)ကနေ အပိုင်(၃)ကို ပြောင်းလာပြီးတည်းက အဖေ့ကိုလည်း ကျွန်တော်သွားမတွေ့မိဘူး...ကျွန်တော့်ကို ခွင့်လွှတ်ပါအဖေ....သားလူမိုက်ပါ..."

ဒါဆိုရင်အဖေက ဦးတေဇရဲ့မွေးစားသားပေါ့။
ဒါကြောင့် ဦးဂန္တ၀င်အဖေ့ကို ဆက်ဆံတဲ့ပုံစံက အရမ်းရင်းနှီးလွန်းနေခဲ့တာကို။

ဒါဆို အဖေ့ဘ၀ပျက်စီးရတာက ကဝိဆိုတဲ့
ကျွန်တော့်ကြောင့်ပေါ့။အဖေက အမေနဲ့ကျွန်တော့်အတွက် သူ့ဘ၀ကြီးကိုတောင်ရင်နှီးပေးခဲ့တာပဲ။

"သားတောင်းပန်ပါတယ် အဖေ..အဖေ့ရဲ့ အနစ်နာခံပေးမှုတွေက သားနဲ့မထိုက်တန်ပါဘူးဗျာ..."

"ကိုကြီး...."

အနောက်ဘက်မှအသံလာရာဆီသို့ ကြည့်လိုက်တော့ ဖြူလုံးလေးက တံခါးအ၀မှာ ကျွန်တော့်ကို ကြောင်တောင်တောင်လေးကြည့်နေသည်။

"ကိုကြီးကို ဖြူလုံးသတိရနေတာ...ကိုကြီးကဘယ်သွားနေတာလဲဟင်..."

"ကိုကြီး...အဝေးကြီးကို ထွက်သွားရတော့မယ်ဖြူလုံး...နောက်ဆိုရင်ဖြူလုံးနဲ့ထပ်ပြီး တွေ့နိုင်တော့မယ်မထင်ဘူး..."

"အဲ့ဒါဆိုရင် ကိုကြီးခဏလေးစောင့်နော်..."

ကလေးမလေးက အခန်းထဲမှပြေးထွက်သွားလေသည်။ခဏအကြာမှာ ပြန်ရောက်လာတော့ လက်ထဲမှာ ပစ်တိုင်းထောင်အရုပ်သေးသေးလေးလည်း ပါလာသည်။

"ဒါကိုကြီးအတွက်...ရော့..."

"ဒီအရုပ်က...လုံးလုံးရဲ့အရုပ်ကလေးမလား...ကိုကြီးမယူပါရစေနဲ့...."

"ဟင့်အင်း...ကဝိကြီး ဒီအရုပ်ကလေးကလေ လုံးလုံးမှာရှိတဲ့ တစ်ခုတည်းသောအရုပ်ကလေးပဲ
အခု..ကဝိကြီးကို ပေးလိုက်ပြီနော်...အမြဲတမ်းသိမ်းထားနော်..."

ကျွန်တော် ကလေးကိုဖက်၍နဖူးလေးကို နမ်းခဲ့ကာ အလုပ်သမားတန်းလျားမှထွက်လာခဲ့လိုက်သည်။လက်ပြရင်း ကျန်နေခဲ့တဲ့ ကလေးမလေးကတော့ ငိုနေမှာသေချာပါတယ်။

🍁🍁🍁🍁🍁🍁

"ဆရာ...ဦးအဂ္ဂတို့အဖွဲ့ တောင်ခြေမှာထပ်လှုပ်ရှားနေပြန်ပြီ...."

"ဒီကောင်ဘာဖြစ်ချင်နေတာလဲ..."

ခွေးတိုးပေါက်ကနေ ကျွန်တော်ပြန်ထွက်ဖို့ အသွားမှာ တိုက်အကွယ်မှအသံတွေကို ကြားနေရ၍နားထောင်နေလိုက်သည်။

"ဆရာ့အဖေဒေါသမထွက်ဘူးလား...သူ့သားအ
သ တ်ခံရတဲ့ကိစ္စကို..."

"ဒေါသထွက်တာမှ...အဂ္ဂကိုတောင်အခုထိအတွေ့
မခံတော့ဘူး...အစ်ကိုကြီးကို အဖေကမျက်နှာလွှဲခဲပြစ်လုပ်ထားပေမဲ့...သံယောဇဉ်ကတော့ ရှိခဲ့တာပေါ့ကွာ...ငါလည်းမှားတာပါ...အစ်ကိုကြီးကိုမှ အဂ္ဂဆီကနေ သတင်းသွားနှိုက်ခိုင်းမိတာ...အဂ္ဂအကြောင်းလည်း မင်းသိတယ်မလား...ခြေကြူးရင် ခြေ ဖြတ်တဲ့အကောင်..ငါ့ကိုတောင် ညီအရင်းမို့ချန်ထားတာ...စိတ်ဆိုးနေပေမဲ့ကွာ..တရာခံကသူ့သားဆိုတော့ ဘယ်အပစ်ပေးရက်မှာလဲ..."

"ဆရာ..သူ့သား..ကဝိဆိုတဲ့ကောင်လေးကိုရော ဘာဆက်လုပ်မှာလဲ..."

"နေ့လည်ကတောင် ငါ့ခြံရှေ့မှာလာရမ်းကားနေသေးတယ်...သူ့အဖေသေတာ အဂ္ဂရဲ့လက်ချက်လို့သာသိရင်...ဒီကောင်လေးဘယ်လိုနေမလည်းမသိဘူး...လာကွာ လေကြောရှည်မနေနဲ့တော့ ဂိုထောင်ဘက်ကို သွားစစ်ကြမယ်..."

ခြထဲမှမောင်းထွက်သွားသော ကားနောက်ကျောကိုကြည့်နေရင်းနဲ့ အိတ်ကိုဆွဲထားတဲ့ကျွန်တော့်လက်သီးဆုပ်ကပိုမိုတင်းကြပ်လာသည် ။

ဦးအဂ္ဂ ခင်ဗျားတို့သားအဖက တော်တော်ကိုယုတ်မာကြတာပဲ။

ခင်ဗျားရဲ့သားက ကျွန်တော့်ခြေတွေ၊လက်တွေကို ရိုက်ချိုးတယ်။ခင်ဗျားကတော့ ကျွန်တော်တို့အိမ်လေးကို မီး ရှို့ဖြ တ်စီးခဲ့တဲ့အပြင် အဖေ့ကိုပါသ တ်ခဲ့တယ်။
ဦးအဂ္ဂ၊ဦးဂန္တ၀င်၊ဦးတေဇ ခင်ဗျားတို့သုံးယောက်လုံးဆီကို ကံဆိုးမှုတွေ တစ်နေ့ကျုပ် သယ်ဆောင်လာခဲ့ပေးမယ်။

🍁🍁🍁🍁🍁🍁🍁🍁🍁

ထွန်းတောက်စံအိမ်ကြီးရဲ့ဧည့်ခန်းထဲတွင်တော့ ကဝိနဲ့ဦးထွန်းတောက်ဟာ မျက်နှာချင်းဆိုင်ထိုင်နေကြလေသည်။ကဝိက ဦးမောင်ကြီးရဲ့ဒိုင်ယာရီစာအုပ်လေးမှ နောက်ကျောကိုလှန်လိုက်ပြီး
လိပ်စာတစ်ခုကို လှန်ပြလိုက်သည်။

"ဦးလေး..ကူညီပေးနိုင်ရင် ကျွန်တော့်ကို ရန်ကုန်ကဒီလိပ်စာဆီကို ပို့ပေးပါလားဗျာ..."

ဉီးထွန်းတောက်က စာအုပ်ကိုယူကြည့်လိုက်ပြီး
ကဝိကိုလည်း စူးစမ်းသလိုတစ်ချက်ကြည့်သည်။

"ဘာကြောင့် ဒီလိပ်စာကိုသွားချင်ရတာလဲ..."

"ဒီလိပ်စာကနေတစ်ဆင့် ကျွန်တော် ပြင်သစ်မှာရှိတဲ့ လူတစ်ယောက်နဲ့ဆက်သွယ်ချင်လို့ပါ...
အဖေက ဒီဒိုင်ယာရီထဲမှာ ဒီလိပ်စာကိုပဲ ချန်ထားလို့ ကျွန်တော်စမ်းကြည့်ချင်တာပါ...ကျွန်တော့်အတွက် နောက်ဆုံးအသက်ကယ်ကြိုးတစ်မျှင်မို့လို့ပါ..."

"ကောင်းပြီလေ...ဦးကူညီပေးပါ့မယ်...."

အလွယ်တကူခေါင်းညိမ့်လိုက်တဲ့ ဦးထွန်းတောက်ကို ကျွန်တော်အံ့ဩနေမိသည်။
ဦးထွန်းတောက်က ကျွန်တော်နဲ့တွေ့တာလည်း မကြာသေးပဲနဲ့ ဘာကြောင့်ကျွန်တော့်အပေါ်မှာ အရမ်းကောင်းနေရတာလဲ။

"ကျွန်တော် တစ်ခုလောက်သိခွင့်ရှိမလား..."

"ပြောကြည့်လေ..."

"ဦးလေးက ကျွန်တော့်လိုအပိုင်(၃)ကလူတစ်ယောက်အပေါ်ကို ဘာလို့ ဒီလောက်အထိကောင်း ပေးနေရတာလဲ..."

ဉီးထွန်းတောက်က တစ်ချက်ပြုံးလိုက်ပြီး‌ ကဝိရဲ့စူးရဲသော မျက်၀န်းတွေကိုဆိုက်ကြည့်လိုက်သည်။

"ဘာကြောင့်လဲဆိုတော့...မင်းက ဦးရဲ့မိတ်ဆွေ ပြင်သစ်နိုင်ငံသားတစ်ယောက်နဲ့ သိပ်ကိုတူနေလို့ပဲ...
မင်းရဲ့ စူးရှတဲ့အကြည့်...မင်းရဲ့ရုပ်ရည်..မင်းရဲ့စရိုက်တွေကအစ သူနဲ့တစ်ပုံစံထဲပဲ..ငါ့စိတ်ထဲမှာတော့...မင်းကိုသုန္နကမြို့က သာမန်ဆင်းရဲသားတစ်ယောက်ရဲ့ သားဆိုတာ ယုံကြည်လို့မရသလိုပဲ...
ဒါကြောင့်လဲ မင်းကိုကူညီနေမိတာပေါ့...."

"ဦးရဲ့မိတ်ဆွေနာမည်ကို...ကျွန်တော် သိခွင့်များရှိမလားဗျာ.."

"သိပ်ရတာပေါ့...သူ့နာမည်ကLeo(လီယို)တဲ့...
ပြင်သစ် အနုပညာတက္ကသိုလ်က ပါမောက္ခပေါ့ကွာ...ဒီမြို့ကိုလည်း....သူပြောပါများလွန်းလို့ ဦးပြောင်းလာခဲ့တာပေါ့...."

ဦးထွန်းတောက်ရဲ့ စကားထဲကလီယိုဆိုတဲ့ နာမည်ကြောင့် ကျွန်တော်ငွေဆွဲကြိုးလေးကို ထုတ်လိုက်သည်။အသဲပုံလော့ကတ်လေးကို ခွဲပြီး ဦးထွန်းတောက်ကို ပြလိုက်သည်။

"ဦးလေးပြောတာ...ဒီလူလား...."

ဦးထွန်းတောက် မျက်လုံးတွေပြူးကျယ်သွားပြီး တဒင်္ဂမျှ ငြိမ်ကျသွားသည်။ကဝိရဲ့မျက်နှာကိုလည်း ထူးဆန်းစွားကြည့်လာသည်။

"ဟုတ်တယ်..ဒါလီယိုပဲ...မင်းဆီမှာဘယ်လိုဖြစ်ပြီး လီယိုရဲ့ဓာတ်ပုံရှိနေရတာလဲ...."

"အဲ့ဒီ့လူက ကျွန်တော့်အဖေအရင်းပဲ...."

"ဟေ...."

🍁🍁🍁🍁🍁🍁
ဒီ‌လိုတိုက်ဆိုင်မှုတွေကြောင့်ပဲ ဦးထွန်းတောက်ရဲ့အကူအညီနဲ့ ပြင်သစ်က ကျွန်တော့်အဖေအရင်းဆီကို သွားတွေ့ခွင့်ရခဲ့တယ်။

ဦးထွန်းတောက်ကတောင်"မင်းက လီယိုနဲ့တူတာ
မဆန်းတော့ ပါဘူး.."လို့ပြောပါသေးတယ်။

ဒယ်ဒီဟာ အပြင်မှာတကယ်ပဲ ကျွန်တော်နဲ့အရမ်းတူပါတယ်။စိတ်မကောင်းစရာက ဒယ်ဒီဟာနှစ်တွေနဲ့ ချီအောင်ဝှီးချဲပေါ်မှာထိုင်နေခဲ့ရတာပါပဲ။

ကျွန်တော့်ကို သူ့သားမှန်းသိတော့ ဒယ်ဒီငိုတယ်။
အက်စီးဒန့်တစ်ခုဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့တာကြောင့် အမေ့ဆီကိုသူပြန်မလာခဲ့တာပါတဲ့။

ကျွန်တော့်ကိုလည်း သူတာ၀န်မကျေခဲ့တာတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။

ဒီလိုနဲ့ အင်္ဂလန်ကတက္ကသိုလ်တစ်ခုမှာ Management အဓိကနဲ့ကျွန်တော်ဘွဲ့လွန်အထိတက်ခဲ့သည်။
နှစ်တိုင်းလည်း စကောလားရှစ်ရတာကြောင့် ဆရာတွေကပါ ကျွန်တော့်ကိုအင်မတန်ချီးကျူးကြတယ်။

အခုဆိုရင် ပြင်သစ်နဲ့ အင်္ဂလန်မှာ ကျွန်တော့်ရဲ့ဘဏ်လုပ်ငန်းတွေနဲ့ ဟော်တယ်လုပ်ငန်းတွေက တော်တော်လေးကိုနေရာယူထားနိုင်ခဲ့ပါပြီ။

ဒါပေမဲ့ ကျွန်တော့်ရဲ့အဓိကဦးတည်ချက်က သုန္နကမြို့ကြီးကို ပြန်လာခဲ့ဖို့ပါပဲ။ကျွန်တော့်မှာ အကြွေးတောင်းရမဲ့လူတွေက ရှိနေသေးသည်လေ။

"ဆရာ..ညဉ့်လည်းနက်ပြီဆိုတော့ အိပ်သင့်နေပါပြီ...."

အတိတ်ကနာကျင်စရာအကြောင်းတွေကို တွေးနေသော ကျွန်တော့်အာရုံကို ဦးလူထိန်ကလာနှောက်ယှက်လိုက်လေသည်။

လက်ကြားထဲမှာ ညှပ်ထားသောစီးကရက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ဖနောင့်နဲ့နင်းချေလိုက်သည်။

"ကျွန်တော့်ကို သတိလာပေးလို့ကျေးဇူးပဲ...
မဟုတ်ရင် ဒီနေရာမှာပဲ အတွေးနက်နေတာနဲ့ ရုန်းထွက်မရဖြစ်နေမှာသေချာတယ်..."

ဦးလူထိန်ကို နှုတ်ခမ်းတွန့်ရုံလေးပြုံးပြပြီးနောက် စံအိမ်ထဲကို လှမ်းနေတဲ့ ဒေ၀ရဲ့ခြေလှမ်းတွေရပ်တန့်သွားသည်။
သူ့ကြည့်နေတာက စံအိမ်အနောက်ဘက်မှာရှိတဲ့ မီးတိုင်လေးဘေးမှာ ထိုင်နေတဲ့ကောင်မလေးတစ်ယောက်ဆီသို့ပင်။

"ဦးလူထိန် ဟိုကောင်မလေးက ဒေါ်ရွှေရတုတို့ရဲ့သမီးမလား..."

"ဟာ...ဟုတ်တယ်...ညနေကတောင် စံအိမ်ပေါ်ကိုတက်လာသေးတယ်...သူ့အဖေတွေကိစ္စကို ကောင်မလေးဒီနေ့မှ သိပုံရတယ်...အဲ့ကလေးမလေး စာကျက်နေတာထင်တယ်...အိမ်ထဲမှာမကျက်ပဲ...အပြင်မှာဘာထွက်လုပ်နေသလဲမသိဘူး..."

"မီးပိတ်လိုက်..."

"ဗျာ...."

"ဒီတစ်ခြံလုံးမှာရှိတဲ့ မီးတိုင်တွေအားလုံးကို ပိတ်ပစ်လိုက်..."

"ဒါပေမဲ့ ကောင်မလေးကစာ..ကျက်..."

"ကျုပ်နှစ်ခါမပြောဘူး..."

ဒေါသထွက်နေသော မျက်၀န်းတောက်တောက်တွေကြောင့် ဦးလူထိန်လည်းခေါင်းကို ချက်ချင်းငုံ့လိုက်ရသည်။
ဒေ၀ကတော့ ရှူးဖိနပ်သံတဂွက်ဂွက်နဲ့ စံအိမ်ထဲသို့ ‌၀င်သွားလေသည်။

တစ်ဖက်တွင်တော့ ဖြူလုံးဟာခြံထဲကမီးတိုင်လေးဘေးမှာ အကျအနထိုင်ကာ ဆယ်တန်းစာကျက်နေလေသည်။

သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ ပန်းစကား။

သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည် ခရီးသား။

"ဟင်...မီးပြက်သွားတာလား..."

စာကျက်လို့ကောင်းနေတုန်းမှာပဲ မီးတိုင်ကချက်ချင်း မှောင်ကျသွားသည်။
စံအိမ်ကြီးထဲမှကျ မီးတွေကလင်းနေတာပဲ။
အခန်းထဲမှာ ကျက်တော့လည်း ဒေါ်ရွှေရတုက နားညီးတယ်ဆိုပြီးပြောတယ်။အပြင်ထွက်ကျက်ပြန်တော့လည်း မီးကပျက်တယ်။

"တောက်!!!ဘယ်အကောင်စုတ်ကများ မီးကိုလက်ဆော့လိုက်သလဲမသိဘူး..."

နောက်ဆုံးတော့ ကိုယ့်အခန်းသို့သာ ပြန်လာခဲ့လိုက်ကာ အသံတိတ်နဲ့ပဲ စာကိုရေးကျက်လိုက်ပါတော့တယ်။
ညနေက ဟိုလူကြီးနဲ့ဆုံခဲ့တာကို ပြန်တွေးလိုက်မိတော့ ကြက်သီးမွှေးညှင်းတွေပါ ထအောင်ကြောက်လာတာမို့ စာရတာနဲ့အိပ်ယာတန်း၀င်ပစ်လိုက်သည်။လက်ထဲမှာတော့ ပစ်တိုင်းထောင် စုဘူးလေးကိုပိုက်လျှက်ပေါ့။

အခန်း၁၇...ဆက်ရန်

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...