အခန်း၂၁
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"ဆရာ...ဒီမှာပါ..."
ရုံးခန်းထဲတွင်ထိုင်နေသော ဦးအဂ္ဂ၏ အရှေ့ခုံပေါ်သို့ ကင်မရာတစ်လုံးကိုလည်ပင်းမှာဆွဲထားသော လူက စာအိတ်တစ်အိတ်ပစ်တင်ပေးလိုက်လေသည်။
ဦးအဂ္ဂလည်း စာအိတ်ကိုလှမ်းယူလိုက်ပြီးနောက်
ခုံပေါ်သို့ သွန်ချလိုက်ရာ ဓာတ်ပုံများစွာထွက်လာသည်။
ဓာတ်ပုံတစ်ခုစီတိုင်းက လူတစ်ယောက်တည်း
၏လှုပ်ရှားမှုပုံရိပ်တွေကိုသာ ရိုက်ကူးထားလေသည်။
တစ်ပုံချင်းဆီကို သေချာကြည့်ပြီးနောက် ဦးအဂ္ဂတစ်ချက်မဲ့လိုက်သည်။
"ဒါဆို...ဒီကောင်က ထက်မြတ်နဲ့တွေ့ပြီးပြီပေါ့..."
"ဟုတ်ပါတယ်..ဆရာ...ပြီးတော့ သူတို့နှစ်ယောက်လုံးက ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနဆီသွားကြတယ်လို့လည်း သတင်းရထားတယ်...."
"ဘာ!!!!...."
ဒီတစ်ခါတော့ ဦးအဂ္ဂထိုင်မနေနိုင်တော့ပဲ အလို
အလျှောက် မတ်တပ်ရပ်မိပြီးသွားဖြစ်သွားသည်။
မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုတွေ တိုးလာလေသည်။
"တောက်!!!ထက်မြတ်...ထက်မြတ်..ဘာမဟုတ်တဲ့ စီးပွားရေးသမားလေးတစ်ယောက်နဲ့ပေါင်းပြီး..
ငါ့စီးပွားရေးကိုဒီကောင် တုတ်နဲ့ထိုးဖို့ကြိုးစားနေတာပဲ...မဖြစ်ဘူး...သုန္နကရိုးမဟာ ခရီးသွားတွေရဲ့မျက်စိကျစရာ နေရာဖြစ်လာလို့မရဘူး..."
"အဲ့တော့...ဆရာကဘာလုပ်စေချင်သလဲ..."
ဦးအဂ္ဂ၏မျက်လုံးများသည် ခုံပေါ်တွင်တင်ထားသော ဓာတ်ပုံထဲမှ ဒေ၀ဆိုသောလူငယ်ဆီသို့ အကြည့်ရောက်သွားသည်။
ဒီကောင်လေးက ဘယ်ကနေဘယ်လို ပေါက်ချလာပြီး ဂန္တ၀င့်ရဲ့အကြွေးတွေအားလုံးကို ဆပ်ပေးလိုက်မှန်းမသိပေမဲ့ သေချာတာတစ်ခုကတော့ ထက်မြတ်နဲ့ပူးပေါင်းမိလိုက်တာဟာ ကျားခံတွင်း၀ကိုခြေဆင်းလိုက်တာပဲ။
"ဒီကောင့်ကို ငါတို့မြို့ကနေပျောက်သွားအောင် အစဖျောက်ပစ်လိုက်ကွာ..."
"ဆရာ...ဒီတစ်ခါတော့ အရင်လိုမလွယ်ကူလောက်ဘူးနော်..."
"ဘာလို့မလွယ်ရမှာလဲ...ဒီကောင်ကဘာကောင်မို့လို့လဲ..."
ဦးအဂ္ဂ မျက်ခုံးတန်းနှစ်ခုလုံး တွန့်ကြုံ့သွားသည်အထိ ဒေါထွက်သွားကာ မင်းထက်ဆိုသူကို အော်ပစ်လိုက်သည်။မင်းထက်သည်လည်း ခုံပေါ်က
ပုံတွေကို လှန်လှောလိုက်ပြီးနောက် ပုံတစ်ပုံကိုယူပြီး ဦးအဂ္ဂကို ပြလိုက်သည်။
"ဆရာသေချာကြည့်ကြည့်ပါ...ဒီပုံထဲမှာ အဲ့လူ၀င်သွားတဲ့စံအိမ်က မြို့တော်၀န် ဦးထွန်းတောက်ရဲ့စံအိမ်ထဲကိုပါ..."
"ဘာ!!!...ထွန်းတောက်စံအိမ်..."
ဦးအဂ္ဂမှာ မယုံကြည်နိုင်ဖြစ်သွားပြီး ပြာပြာသလဲဓာတ်ပုံကို သေချာကြည့်မိတော့ တကယ်ပဲမြို့တော်၀န်ဦးထွန်းတောက်၏ စံအိမ်ဖြစ်နေသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ဒေ၀ဆိုတဲ့ကောင်က ဒီမြို့ကို အခုမှရောက်လာတာမဟုတ်ဘူးလား။?
မြို့တော်၀န်ဆိုသည့်နေရာကို ထွန်းတောက်နဲ့သူ ၀င်အရွေးခံရာမှာ ပုံရိပ်သန့်ပြီး လူအများအမြင်ကြည်တဲ့ ထွန်းတောက်က မြို့တော်၀န်ရာထူးရသွားလေသည်။
ဒါပေမဲ့ အပေါ်ယံမှာသာ ဒီကောင့်ကိုတင်မြှောက်ထားပေမဲ့ ဒီမြို့ကို ဩဇာလွှမ်းမိုးနိုင်မှုမှာတော့ ထွန်းတောက်က သူ့ကိုလုံး၀မမှီပေ။
ဘယ်လိုပဲဖြစ်ဖြစ် မြို့တော်၀န်လိုလူဆီကို ပြေးကပ်ရကောင်းမှန်း အထှာနပ်တဲ့ ဒေ၀ဆိုတဲ့ကောင်က ဘယ်လိုလူမျိုးဖြစ်နိုင်မလဲ။?
"အဖေ...ကျွန်တော့်ကို ဒီစာချုပ်လေးလတ်မှတ်ထိုးပေးပါလား..."
ရုံးခန်းထဲသို့ ထက်အာကာက မပြောမဆို၀င်လာပြီးနောက် အဖေ့ရဲ့စိတ်ညစ်နေသောမျက်နှာကို တွေ့သွားရာ ဘာပြောရမှန်းမသိဖြစ်သွားလေသည်။
ကိုမင်းထက်ရောက်နေပုံရရင် အဖေတစ်ခုခုလျှို့ဝှက်စုံစမ်းခိုင်းထားတဲ့ကိစ္စရှိနေပုံရတာ သေချာသည်။
"အဖေ့...ဒီဓာတ်ပုံတွေက...."
"ငါတို့ရဲ့ ရန်သူနောက်တစ်ယောက်...."
ဦးအဂ္ဂလည်း တုံးတိပဲပြောလိုက်ရင်း ထိုင်ခုံမှာပြန်ထိုင်ချလိုက်သည်။ထက်အာကာဟာ ဓာတ်ပုံတွေကို သေချာလေးကိုင်ကြည့်လိုက်ပြီးနောက်
သူ့ဖုန်းကိုထုတ်လိုက်ပြီး တစ်ခုခုကို ရှာနေမိသည်။
"အဖေ့...ဒီလူ့ကိုကျွန်တော်သိတယ်..."
"သိမှာပေါ့...ဟိုတစ်လောကတင်...ငါတို့မြို့ကိုပြောင်းလာတာ...."
"ဗျာ!!ဒီလူက ကျွန်တော်တို့မြို့ကို ရောက်နေတယ်..ဟုတ်လား..."
"ဟုတ်တယ်လေ..မင်းပဲသိတယ်ဆိုပြီး...အခုမှဘာတွေ လာအံ့ဩနေတာလဲ...."
"ဟာ...တကယ်သာဆိုရင် ပျော်ပြီလေ...
သောမက်စ်ကိုသွားတွေ့ချင်လိုက်တာ...သူ့လိပ်စာအဖေသိလား...."
စိတ်ညစ်ရသည့်အထဲ အပျော်ကြီးပျော်နေသော သားဖြစ်သူကိုကြည့်ကာ ဦးအဂ္ဂမျက်မှောင်ကြုံ့မိပြန်သည်။ဒီကောင်ဘာတွေထဖြစ်နေတာလဲ။
"မင်းခုဏက ပြောလိုက်တာ ဘာမက်စ်..."
"သောမက်စ်လေအဖေရဲ့...ဒီမှာသားပြမယ်...."ဟုဆိုကာ အာကာသည် သူ့ဖုန်းထဲတွင် သိမ်းထားသော
ပုဂ္ဂိုလ်တစ်ယောက်၏ နိုင်ငံခြားသတင်းမီဒီယာမှ အင်တာဗျူးတစ်ခုကို ပြလေသည်။
အင်တာဗျူးဖြေနေသောလူငယ်မှာအနောက်တိုင်း၀တ်စုံကို သေသပ်စွာ၀တ်ဆင်ထားပြီး မျက်နှာသွင်ပြင်ကိုခပ်တည်တည်ဆောင်ကာ
အင်္ဂလိပ်ဘာသာစကားနှင့် ပြန်ဖြေကြားနေလေသည်။တစ်ခါတစ်ခါလည်း ပြင်သစ်ဘာသာစကားကို ညှပ်သုံးပြန်သည်။
"သူ့နာမည်က သောမက်စ်လီယို...မြန်မာ၊ပြင်သစ်ကပြားတဲ့...ဘာသာစကားငါးမျိုးလောက်တောင် ကျွမ်းတယ်...သူ့အဖေက ပြင်သစ်ကအနုပညာ
မေဂျာပါမောက္ခတဲ့...သူ့အမေအကြောင်းကိုတော့ သူကပြောလေ့မရှိဘူး...ကမ္ဘာအနှံ့မှာဟော်တယ်နဲ့ဘဏ်လုပ်ငန်းတွေကို အများကြီးပိုင်ဆိုင်ထား သေးတာ...ဒါတင်မကသေးဘူး..သတင်းထဲမှာ
မဖော်ပြထားတဲ့လူငန်းတွေလည်း အများကြီးရှိသေးတယ်...သူက ကမ္ဘာ့ဩဇာအလွှမ်းမိုးနိုင်ဆုံး
အယောက်တစ်ရာစာရင်းမှာတောင် ပါသေးတယ်အဖေရ...ရုပ်ကလည်း မင်းသားရှုံးအောင်ချောတဲ့အပြင်..စီးပွားရေးအကွက်ကလည်း သိပ်မြင်လို့
...တကယ့်နာမည်ကြီးတွေကအစ သူ့ကိုသဘောကျနေတာတွေအများကြီးပဲ...တွစ်တာမှာသူ့အကြောင်းကို သိပြီးထဲက ကျွန်တော်လည်း အရမ်းသဘောကျသွားတာအဖေရဲ့....အရမ်းမိုက်တဲ့ဘဲကြီးဗျ...
အသက်ကနှစ်ဆယ့်ရှစ်နှစ်တဲ့ကျွန်တော်နဲ့တောင် အသက်တူသေးတယ်..."
သားဖြစ်သူ၏ ချီးမွှမ်းခန်းဖွင့်ခြင်းက ဦးအဂ္ဂကို ပို၍ခေါင်းကိုက်သွားစေသည်။
အစကထင်မိတာဟာ ဒေ၀ဆိုတဲ့ကောင်လေးက သာမာန်စီးပွားရေးသမားတစ်ယောက်လို့ပဲ ထင်ခဲ့မိတာပါ။
လုံး၀ကို ပမွှားလေးပဲဆိုပြီး သဘောထားမိခဲ့တာ။
အခုတော့ သူ့ထက်တောင်အများကြီးချမ်းသာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေသည်။
ဒီလိုမှန်းသာသိရင် အစကတည်းကစောင့်ကြည့်မနေပဲ ထက်မြတ်တို့ထက်အရင် လုပ်ငန်းချင်းပူးပေါင်းဖို့ တွေ့ဆုံခဲ့မိမှာသေချာသည်။
အခုတော့ သူခြေတစ်လှမ်းနောက်ကျသွားရသည့်အပြင် လွယ်လွယ်နဲ့ထိုးနှက်လို့ မရသည့်လူမှန်း နားလည်သွားရသည်။
အသက်နှစ်ဆယ့်ရှစ်နှစ်နဲ့ ဘာကြောင့်ဒီလောက်အထိ ကျော်ကြားနေရတာပါလိမ့်။
အဓိကအချက်ကတော့ ဘာကြောင့်ကမ္ဘာကျော်
စီးပွားရေးသမားတစ်ယောက်က မြန်မာနိုင်ငံလေးကို ပြန်လာရတာလဲ။အမိမြေကို ပြန်ပြီးအကျိုးပြုချင်လို့ပဲလား။
ဒါဆိုရင် ဘာလို့ မြန်မာတစ်နိုင်ငံလုံးမှာမှသုန္နကမြို့ကို ရွေးချယ်ခဲ့ရတာလဲ။?
"ထက်အာကာ...ငါပြောတာနားထောင်...
ရတုမဟာစံအိမ်ဆီကို သွားပြီး မင်းပြောတဲ့
သောမက်စ်ဆိုတဲ့ လူကိုတလေးတစားနဲ့ အိမ်မှာထမင်းစားဖို့ ဖိတ်လာခဲ့လိုက်...သူမအားလည်း အားတဲ့နေ့ကိုမရ ရအောင်ချိန်းခဲ့ကွာ..."
" သောမက်စ်ကအခု ရတုမဟာစံအိမ်မှာ
တည်းနေတာလို့ ပြောချင်တာလား...."
"ဟုတ်တယ်ကွာ...မြန်မြန်သွားစမ်းပါ..."
"သွားတာပေါ့ဗျ...အဲ့ဒီ့ပုဂ္ဂိုလ်ကို ကျွန်တော်လည်း အပြင်မှာ တွေ့ချင်နေတာနဲ့အတော်ပဲ..."
မျက်နှာက မျောက်ငှက်ပျောသီးရသလိုပုံစံနှင့် အပြင်ထွက်သွားသော အာကာ့ကိုလည်း ဦးအဂ္ဂသိပ်မကြည်တော့ပေ။
စိတ်ထဲမှာလည်း အာကာပြောခဲ့သော သောမက်စ်ဆိုသူ၏အကြောင်းကိုပဲတွေးနေမိသည်။
သောမက်စ်ကနေ ဘာကြောင့်ဒေ၀ဆိုပြီး အမည်ပြောင်းထားသလဲဆိုတာကိုလည်း သူအရမ်းသိချင်နေမိသည်။
ဒီလူဟာ သိပ်မရိုးရှင်းဘူးဆိုတာကိုတော့ သူ့စိတ်ထဲမှာ အတတ်သိနေပြန်သည်။
ထမင်းစားဖိတ်တာကို လက်ခံရင်ဒီလူ့ကိုသေချာ အကဲခတ်ကြည့်ရမည်ဟုသာ စိတ်ထဲမှာတွေးထားလိုက်သည်။
🍁🍁🍁🍁🍁🍁🍁
ကားကို ပေါ်တီကိုအောက်တွင်ရပ်လိုက်ပြီးနောက် နက်ကတိုင်မပါပဲ၀တ်ထားသော ရှပ်ကော်လံ၏ ကြယ်သီးသုံးလုံးလောက်ကို ဖြုတ်ပြီး ကားပေါ်မှစိတ်မော၊လူမောစွာ ဆင်းလိုက်သည်။
"ဆရာ...ကျွန်မကို အိတ်ပေးပါ...."
ပုံမှန်ဆိုရင် ဦးလူထိန်ကသာ သူစံအိမ်ထဲသို့ ၀င်လာသည်နှင့် လက်ဆွဲအိတ်သယ်ပေးတာတို့ ဘာတို့လုပ်ပေးလေသည်။ဒီနေ့တော့ သူခိုင်းထားသည့်ကိစ္စကြောင့် အိမ်မှာမရှိပေ။
ဒေါ်နှင်းမြတ်က လက်ဆွဲအိတ်ကိုအသင့်လာယူပြီး အပေါ်ထပ်မှ သူ့အခန်းထဲသို့သွားထားပုံပေါ်လေသည်။
သုန္နကမြို့ကို ရောက်ခါစဆိုတော့ အလုပ်တွေကအချေမကျသေးတာကြောင့် ဒီရက်ထဲမှာ နေ့မနား၊ညမနားအလုပ်လုပ်နေမိတာ အခုတော့ကိုယ့်ခြေထောက်တောင် ကိုယ်မသယ်ချင်ဖြစ်နေသည်။
ပုံမှန်ဆိုရင် အ၀တ်လဲခန်းထဲသို့သွားကာ
ရှူးဖိနပ်စင်အပေါ်မှာ ဖိနပ်ကိုသေချာပြန်တင်ပြီး အိမ်စီးဖိနပ်လဲစီးနေကျပေမဲ့ ဒီနေ့တော့ ရှူးဖိနပ်သံတဂွက်ဂွက်နဲ့ပဲ ကိုယ့်အခန်းသို့ လေးလံစွာသွားနေမိသည်။
"ဆရာ...နေ့လည်က ဦးဂ္ဂရဲ့သားက သူတို့အိမ်ကိုထမင်းစားဖိတ်ဖို့လာခေါ်ပါတယ်...ဆရာမရှိဘူးလို့ပြောလိုက်တော့...ဆရာအားတဲ့အချိန်ဖုန်းပြန်ဆက်ပြီး ရက်ချိန်းလေးပြောပေးပါဆိုပြီး...ဖုန်းနံပါတ်ပေးသွားပါတယ်...ဒီမှာပါ..."
ဒေါ်နှင်းမြတ်က သင်္ဘောသားဂျာစီအင်္ကျီကို၀တ်ထားတာကြောင့် ရှေ့အိတ်ကပ်လေးထဲမှ စာရွက်ခေါက်ကလေးထုတ်ပေးလာပြီး အပြင်ပြန်ထွက်ဖို့လုပ်လေသည်။
"အော်..ဒေါ်နှင်းမြတ်...တစ်ယောက်ယောက်ကို
လိမ္မော်ဖျော်ရည်တစ်ခွက်...လာပို့ခိုင်းလိုက်ပါ
...ကျွန်တော်ခေါင်းထဲမှာ ငြီးစိစိဖြစ်နေလို့...တံခါးလည်း စေ့ပေးသွားပါ..."
"ဟုတ်ကဲ့ပါဆရာ..."
ဒေါ်နှင်းမြတ်သည် တံခါးကိုအသံမကြားအောင် စေ့ပေးသွားလေသည်။
ဒေ၀၏ မျက်၀န်းတွေကတော့ စာရွက်ခေါက်လေးပေါ်မှ ဖုန်းနံပါတ်ကိုကြည့်နေရင်းနဲ့ ပင်ပန်း၍မှေးစင်းနေသော မျက်၀န်းတွေဟာ ရုတ်ချည်းအရောင်ပြောင်းသွားပြီး သူ့အရှေ့မှ ကိုယ်လုံးပေါ်မှန်ထဲသို့ အကြည့်ရောက်သွားသည်။
အိင်္ကျီကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်လိုက်ပြီးနောက် ပေါ်လာသောသူ့ရင်အုံပေါ်မှ အမာရွတ်တွေ။အသားအရည်က အင်မတန်ဖွေးတာကြောင့်
အခုထိ အညိုစင်းချောင်းတွေက အထင်းသားပေါ်နေတုန်းပင်။
ဆယ်ကျော်သက်အရွယ်မှ ကဝိဆိုသောကောင်လေးသည် ပိန်ပါးလွန်းပြီး ရေပုံမှန်မချိုးရသည်ကြောင့်အသားဖြူပေမဲ့ အရောင်အသွေးပေါ်လွင်မှုသိပ်မရှိပေ။ယခု မှန်ထဲတွင်မြင်နေရသော လူလတ်ပိုင်းအရွယ် ဒေ၀ကတော့ ကျစ်လစ်သန်မာသော ခန္ဓာကိုယ် အချိုးအစားကိုပိုင်ဆိုင်ထားပြီး စူးရှထက်မြက်သော ရုပ်ရည်သွင်ပြင်ကိုဆောင်ထားလေသည်။
လူတစ်ယောက်ရဲ့ ပုံသဏ္ဍန်က သူကျင်လည်ရသော ပတ်၀န်းကျင်ကို လိုက်၍ပြောင်းလဲသွားရသည် ထင်ပါရဲ့။အခုနေမှာ အဖေဦးမောင်ကြီးတောင် သူ့ကိုမှတ်မိမည် မထင်ပေ။
အိင်္ကျီတစ်ထည်လုံးကို ချွတ်ပစ်လိုက်စဉ်မှာတော့
လက်ဖျံနှင့် လက်ဒကောက်ကွေးနေရာတွေမှာပါ ပေါ်လာသည့် ဒဏ်ရာဒဏ်ချက်များ၊
လူငါးယောက် ဝိုင်းပြီးရိုက်နှက်ထားစဉ်က ကွဲပြဲသွားတဲ့ အမာရွတ်တွေကို ကုထုံးအမျိုးမျိုးနဲ့သူပျောက်အောင် လုပ်လို့ရသည်။
"ဒါပေမဲ့ ငါမလုပ်ခဲ့ဘူး...အဟင်း...မင်းတို့ကောင်တွေကို အမြဲတမ်းအမှတ်ရနေအောင်ပေါ့..."
စာရွက်ခေါက်ကို လက်ထဲမှာဆုပ်ကိုင်ထားရင်းနဲ့ပဲ မွှေ့ယာပေါ်သို့ ခန္ဓာကိုယ်ကို ပစ်လှဲချလိုက်သည်။
လက်ကို မြှောက်ကာစာရွက်ပေါ်မှ ဖုန်းနံပါတ်ကိုပက်လက်အနေအထားနဲ့ ကြည့်ရင်း သူမဲ့ပြုံးပြုံးလိုက်သည်။
"ထက်အာကာ...နောက်ဆုံးတော့ မင်းတို့သားအဖက...ငါ့ပိုက်ကွန်ထဲကို တိုး၀င်လာရပြီပေါ့..."
သူ့မျက်လုံးကိုမှိတ်ချလိုက်ပြီးနောက် အတိတ်အကြောင်းတွေကို အစပြန်ဖော်နေမိသည်။
မီးတွေ တစ်ဟုန်းဟုန်းတောက်လောင်နေသည့် အဖေနဲ့သူ့ရဲ့အိမ်လေး၊ အိမ်တစ်ခုလုံးမီးလောင်နေတာကို သွေးဖုံးနေသော မျက်၀န်းတွေနဲ့ ကြည့်နေခဲ့ရတဲ့ ကဝိဆိုတဲ့သူကိုယ်တိုင်ရဲ့ပုံရိပ်၊ ပင်ပန်းကြီးစွာ အလုပ်လုပ်နေခဲ့ရတဲ့ အဖေ့ရဲ့ပုံရိပ်တွေ၊
သုန္နကတောင်ခြေမှ အဖေ့ရဲ့ရုပ်အလောင်းကို
မြှုပ်ထားသော မြေပုံလေး၊ အဖေ့ကို သတ်တဲ့လူဟာ ဦးအဂ္ဂဆိုတာကို သိလိုက်ရတဲ့ညကအဖြစ်အပျက်တွေနဲ့အတူ လမ်းကြားတစ်ခုထဲမှာ သူ့ကိုအနိုင်ကျင့် နှိပ်စက်နေကြတဲ့ လူငါးယောက်ရဲ့ ပုံရိပ်တွေဟာ သူ့စိတ်ကိုလာတိုက်ခိုက်နေလေသည်။
အခုချိန်ကနေစပြီး ခင်ဗျားတို့အားလုံးပျော်ရွှင်နေရတဲ့ အချိန်တွေကုန်သွားပြီလို့သာ မှတ်လိုက်တော့။
🍁🍁🍁🍁🍁🍁🍁🍁
"အဖေ့!!!!!"
ညဆယ်နာရီလောက်မှာ ဒေ၀ ချွေးသီးချွေးပေါက်တွေကျပြီး အိပ်ယာမှလန့်နိုးသွားသည်။
အိပ်မက်ထဲမှာ အဖေကသူ့ဆီကနေပြေးထွက်သွားတာကြောင့် သူ့ယောင်ပြီး လှမ်းခေါ်လိုက်မိခြင်းပင်။
"အား...ခေါင်းကိုက်လိုက်တာ..."
ခေါင်းတွေအရမ်းကိုက်လာသည်မို့ နားထင်ကျောတွေကို လက်နဲ့အုပ်ကိုင်လိုက်ပြီး ဘေးသို့ဝေ့ဝဲကြည့်မိတော့ ကုတင်ဘေးမှာ ခွေးခြေ ခုံအပုလေးတစ်ခုရှိနေပြီး လိမ္မော်ရည်ထည့်ထားသော ဖန်ခွက်ကိုခုံပေါ်မှာတင်ထားလေသည်။
"အိပ်နေတုန်းက ထားသွားတာထင်တယ်..."
လိမ္မော်ရည်ခွက်ကို သောက်ဖို့လှမ်းယူမိတော့ ဖန်ခွက်အောက်မှ စာရွက်ခေါက်လေးတစ်ခုကိုပါတွေ့လိုက်ရသည်။သူ့ဖတ်ကြည့်လိုက်မိတော့ လက်ရေးလေးတွေက ဝိုင်းစက်ပြီး သေသပ်လွန်းသည်။
[သမီးလိမ္မော်ဖျော်ရည်ခွက်လာပို့တော့ ဦးအိပ်မက်ဆိုးတွေမက်ပြီး ယောင်နေတာကိုတွေ့တယ်...သမီးတို့ဆယ်တန်းအင်္ဂလိပ်စာထဲမှာဆိုရင်...အိပ်မက်ဆိုးမက်ပြီး လန့်နိုးရင် စာရွက်ပေါ်မှာ ကိုယ်ဖြစ်ချင်တဲ့ပျော်ရွှင်စရာအိပ်မက်ပုံစံလေးကို ရေးလိုက်ပါတဲ့...
အိပ်မက်ဆိုးတွေနေရာမှာ အိပ်မက်လှလှလေးတွေ ပြောင်းသွားနိုင်တယ်တဲ့...ဦးကိုလည်းစမ်းကြည့်စေချင်တယ်...
အားနာပေမဲ့...နောက်တစ်ခုလည်း အကြံပေးချင်တယ်...အိပ်ရင် အိင်္ကျီလေးတော့၀တ်အိပ်ပါနော်...လူမြင်လို့မကောင်းဘူး.. နောက်ပြီးအအေးပတ်ပြီး ဖျားနေမှာဆိုးလို့....ခန္ဓာကိုယ်မှာလည်း အမာရွတ်တွေချည်းပဲ ဆေးလေး ဘာလေးလိမ်းဦး...]
စာကိုဖတ်၍အပြီးမှာတော့ ဒေ၀တစ်ချက်ပြုံးလိုက်မိသည်။သူ့မျက်လုံးတွေကပါ လခြမ်းလိုကွေးတတ်သွားလေသည်။
"ဘယ်လိုကောင်မလေးပါလိမ့်..ငါကသူ့ကိုမျက်မုန်းကျိုးနေတာကို သူကငါ့ကိုစိတ်လာပူပေးနေတာလား...."
အအေးသောက်ထားပေမဲ့ ဗိုက်နည်းနည်းဆာလာတာကြောင့် အောက်ထပ်သို့ဆင်းပြီး မီးဖိုချောင်ဆီသို့ ဦးတည်ပြီးသွားနေမိသည်။ဒီအချိန်အလုပ်သမားတွေလည်း အိပ်နေမည်ဆိုတာ သိတာကြောင့် မနှိုးတော့ဖို့ စိတ်ကူးလိုက်သည်။
"ဟင်....မင်းဘာလုပ်နေတာလဲ...
မီးဖိုချောင်ထဲသို့ရောက်သည်နှင့် စာအုပ်ကိုကိုင်ပြီး ငုတ်တုတ်ကလေးထိုင်နေသော ရွှေစင်ရုပ်လွှာကို တွေ့လိုက်တာကြောင့်သူအံ့ဩသွားသည်။သို့ပေမဲ့ ရေခဲသေတ္တာထဲမှ ပူတင်းတစ်ဗူးကိုယူပြီး ထမင်းစားပွဲမှာ ထိုင်စားဖို့လုပ်လိုက်သည်။
"ဟေ့...ဒါကဘယ်သွားမလို့လဲ...ငါမေးနေတယ်လေ..ညဆယ်နာရီထိုးကြီး ဘာအကြံနဲ့ထမင်းစားခန်းထဲမှာရှိနေတာလဲ..."
အလကားနေ သူ့အိမ်ကပစ္စည်းကိုခိုးတယ်လို့
စွတ်ဆွဲတတ်တဲ့ ဥစ္စာရူးကြီးကို ဖြူလုံးအမြင်ကပ်လာသည်။
"ဒီမှာ...ဦးလေးကို ကျွန်မကြာလေကြည့်မရလေ ဖြစ်လာပြီသိလား...."
"အောင်မယ်..."
ဒေ၀မျက်ခုံးတစ်ဖက်တွန့်သွားမိသည့်နည်းတူ သူမကလည်း မျက်စောင်းတစ်ချက်ထိုးလာသည်။
"အခန်းထဲမှာ စာကျက်ရင် အိပ်နေတဲ့လူတွေနိုးသွားမှာဆိုးလို့ ဒီမှာစာလာကျက်တာရှင့် သိရဲ့လား..."
"မသိဘူး..."
"မသိရင်လည်း မမေးနဲ့လေ..."
"ဘာ!!!"
လူကြီးကိုတစ်ခွန်းမကျန်ပြန်ပြောနေသော ကလေးမကို သူနဲနဲတော့ဒေါပွလာသည်။အခန်းထဲက စာရွက်ခေါက်ကလေးကိစ္စကြောင့် သူမအပေါ်ကိုစိတ်ကြည်ဖို့တွေးမိရုံရှိသေးတယ် အခုတော့စိတ်ကထုံးလိုမွှေ ရေလိုနှောက်လာပြန်သည်။
ကြာလာရင် ကလေးလည်းညှာမိမှာမဟုတ်သည့် သူ့စိတ်ကို သူသိတာကြောင့် ထမင်းစားခန်းထဲကနေပဲ ထထွက်လာလိုက်သည်။
"ဦးလေး...ဒီပူတင်းဗူးကမစားတော့ဘူးလား..."
"ဘာလဲကွာ...ဘာလုပ်ဖို့လဲ...."
ထမင်းစားခန်းအ၀ရောက်မှ စိတ်မရှည်သလိုလေသံနဲ့ သူတစ်ချက်လှည့်ဖြေလိုက်သည်။
"ဦးလေးမစားတော့ဘူးဆိုရင် သမီးစားလိုက်လို့ရလား..စာကျက်တာများပြီး ဗိုက်ကနဲနဲဆာလာလို့..."
အစားနဲ့ပတ်သတ်လာရင် မျက်နှာငယ်နဲ့ပြောလာတတ်သည့်သူမရဲ့ စကားကိုလျစ်လျှူရှုဖို့စဉ်းစားပြီးကာမှ သူမရေးပေးခဲ့တဲ့စာရွက်ခေါက်ကလေးကို သတိရပြီး ရေခဲသေတ္တာဆီသို့ပြန်သွားကာ ပူတင်းတစ်ဗူးနဲ့ ကိုလာတစ်ဗူးကို စားပွဲပေါ်တင်ပေးလိုက်သည်။ပြီးနောက် သူပြန်လှည့်ထွက်ဖို့ကြံတော့...
"ဦးလေး ဒါကဘယ်သူ့အတွက်လည်း..."
"ဒီအခန်းထဲမှာ လူဘယ်နှစ်ယောက်ရှိနေတာမြင်လို့လဲ...."
ထမင်းစားခန်းထဲမှ ထွက်သွားသော ဦးဒေ၀ရဲ့ကျောပြင်ကျယ်ကြီးကို ကြည့်ကာဖြူလုံးနှစ်နှစ်ကာကာပြုံးမိသည်။
"အပြောဆိုးပေမဲ့...ဒီလိုဆိုတော့လည်း စိတ်ကောင်းလေးတော့ရှိသား...သူစားပြီးသားကိုမပေးပဲ...ဗူးအသစ်ထုတ်ပေးသွားတယ်...."
ထိုညမှာတော့ ဖြူလုံးတစ်ယောက်အသံတိတ်ကလေးနဲ့စာကျက်ရင်း ဆာလောင်မှုကိုလည်း ကြက်ဥပူတင်းလေးစားလိုက် ကိုလာလေးသောက်လိုက်နှင့် ဖြည့်ဆည်းပြီးအဆင်ကိုပြေနေလေသည်။
ဦးဒေ၀ကိုလည်း ရင်ထဲမှကောင်းမွန်သောမေတ္တာတွေ တစ်သီကြီးပို့မိလေသည်။
#အခန်း၂၂...ဆက်ရန်>>>>>>
🍁🍁🍁🍁🍁🍁🍁🍁
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း
=========================================================================
အခန်း၂၂
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
အဂ္ဂမဟာစံအိမ်ကြီး၏ တောက်ဘက်စွန်းစွန်းတွင် မှန်ချက်များကာရံထားသော အလွန်လှပသည့်အဆောက်အဦးတစ်ခုတည်ရှိလေသည်။
ထိုအဆောက်အဦးထဲတွင်တော့ ဦးအဂ္ဂနှင့်သူ၏သား ထက်အာကာအပါအ၀င် လူလေး၊ငါးယောက်လောက်က လူတစ်ယောက်၏ အလာကို
မျှော်လင့်ကြီးစွာ စောင့်မျှော်နေကြလေသည်။
"ဆရာ...ဆရာ့...."
မောကြီး၊ပန်းကြီးနှင့်ပြေးလာသူမှာ ဦးအဂ္ဂတို့မျှော်နေသော ဒေ၀မဟုတ်ပဲ ခြံစောင့်ထွန်းရှိန်ဖြစ်နေလေသည်။
"ဆရာ့...ဆရာ့..."
"ဟေ့ကောင်......ဒီလောက်အထိပြေးလာရအောင်
...အနောက်ကနေ ကျားလိုက်နေလို့လား......"
"ကျားလိုက်တာမဟုတ်ပါဘူးဗျာ...ဆရာတို့စောင့်နေတဲ့ ဧည့်သည်ရောက်နေပြီလို့ လာပြောတာပါ..."
"နေပါအုံး...မင်းကိုငါပြောမထားဘူးလား...
ဧည့်သည်လာရင် ဒီကိုခေါ်လာခဲ့ပါဆိုတာ
ဘာလို့ သောက်တစ်လွဲတွေ လုပ်နေတာလဲ...."
ခြံ၀န်းကြီးက အရမ်းကျယ်တာကြောင့် စံအိမ်အရှေ့ကနေ အပန်းဖြေဂေဟာအထိ ပြေးလာရသော ထွန်းရှိန်မှာ မောဟိုက်နေသောရင်ဘတ်ကိုအသာဖိရင်း အားယူကာပြောရသည်။
"ကျွန်တော်ပြောလိုက်ပါတယ်ဆရာ...အဲ့ဒီ့ပုဂ္ဂိုလ်ကိုယ်တိုင်ကိုက ဧည့်ခန်းထဲမှာပဲ ၀င်စောင့်နေပါမယ်တဲ့...ဆရာ့ကိုသာ သွားခေါ်လိုက်ပါတဲ့...."
"အဖေရာ...ထပ်မေးမနေပါနဲ့တော့ သောမက်စ်က
စောင့်ရတာကြာသွားရင် စိတ်မရှည်ပဲဖြစ်နေပါအုံးမယ်...သားတို့သွားကြရအောင်..."
သားဖြစ်သူထက်အာကာ၏ ဆော်ဩမှုကြောင့်
ဦးအဂ္ဂလည်း စိတ်ထဲမှာမကျေမနပ်ဖြစ်သွားပေမဲ့
သောမက်စ်ဆိုသည့်လူကို တွေ့ချင်စိတ်ကပြင်းပြ နေရာ စိတ်ကိုမနည်းလျှော့လိုက်သည်။
သူဟာ ဘယ်သူ့ဆီမှ ခြေအညောင်းခံပြီး
သံတော်ဦးတင်မည့်လူမဟုတ်ပေမဲ့ သောမက်စ်ဆိုသည့် လူ၏အလိုဆန္ဒကို ပထမဦးဆုံးလိုက်နာရတော့ပေမည်။
ဦးအဂ္ဂနှင့် ထက်အာကာအပါအ၀င် လူကြီးငါးယောက်လောက်ဟာ ခြေလှမ်းခပ်သွက်သွက်နှင့်ပင် စံအိမ်ထဲသို့၀င်လိုက်ကြသည်။
ဧည့်ခန်းဆီသို့ ခြေလှမ်းမိလိုက်စဉ်မှာတော့
တစ်စထက်တစ်စ ပီပြင်စွာ မြင်လာရသော လူရိပ်တစ်ခု ကြောင့်အကုန်လုံးတအံ့တဩဖြစ်ကုန်ကြ လေသည်။
သူတို့ထင်ထားသည့် ဥရောပလိုနေရာမျိုးမှာ အောင်မြင်နေတဲ့စီးပွားရေး သမားတစ်ယောက်ဟာ ဟိတ်ဟန်အပြည့်နဲ့ အခြေကြီးအနေကြီးဖြစ်နေလိမ့်မည်ဟု ထင်ကြေးပေးမိခဲ့ကြသည်။
အခုသူတို့အရှေ့တွင် ကော်ဖီသောက်ရင်း သတင်းစာထိုင်ဖတ်နေသော လူငယ်ဟာ
လည်ကတုံးလက်ရှည်မိုးပြာရောင်နှင့် ချည်ချောပုဆိုး အကွက်စိပ်စိပ်အနက်ရောင်ကို တွဲဖက်ပြီး ၀တ်ဆင်ထားလေသည်။
ဒေ၀လည်း သတင်းစာဖတ်နေရင်းနှင့် သူ့စိတ်ထဲမှာ မလုံမလဲဖြစ်လာသလို ခံစားချက်ကြီးကြောင့် ဘေးဘီသို့ဝေ့ဝဲကြည့်လိုက်မိတော့ လူခုနှစ်ယောက်လောက်က သူ့ကိုထူးဆန်းသလို ဝိုင်းကြည့်နေကြမှန်း သိသွားရသည်။
ထိုအထဲတွင် သူမုန်းသောလူနှစ်ဦးက ထိပ်ဆုံးမှ ပါ၀င်နေလေသည်။
"မင်းက သောမက်စ်လီယိုလား..."
ဦးအဂ္ဂ၏ ခပ်မာမာလေသံကြောင့် ဒေ၀၏ မျက်ခုံးတစ်ဖက်ပင့်တက်သွားမိသည်။
ဒီလူတွေက သူ့နာမည်အရင်းကိုပါ သိနေပြီဆိုတော့ သူနဲ့တွေ့ချင်ရသည့် အကြောင်းအရင်းများကိုလည်း သူရိပ်မိလိုက်ရပါပြီ။
တစ်ယောက်ချင်းဆီ၏ မျက်၀န်းတွေဆီမှ အလိုရမ္မက်တွေကိုလည်း သူမြင်နေရလေသည်။
"ကျွန်တော့်ကို ဒေ၀လို့ပဲခေါ်ပါ....အားလုံးကိုတွေ့ရတာ၀မ်းသာပါတယ်..."
"ဦးတို့ကလည်း တွေ့ရတာသိပ်ကို၀မ်းသာပါတယ်
...ထိုင်ပါမောင်ဒေ၀...အေးဆေးစကားပြောကြတာပေါ့..."
နဂိုနေရာမှာပဲ ခြေထောက်ကိုချိတ်ထိုင်လိုက်ကာ
မျက်နှာကတော့ အသက်မပါပေမဲ့ ခပ်ပြုံးပြုံးသာနေလိုက်သည်။
ဒေ၀၏ အပြုံးဟာရန်သူကို လှည့်စားဖို့အကောင်းဆုံးလက်နက်တစ်လက်ဖြစ်နေသည်ကို မည်သူမျှ မသိကြပေ။
"ဦးနာမည်...အဂ္ဂပါ...ဒါကတော့ ဦးရဲ့သား
ထက်အာကာလို့ခေါ်တယ်...သူကတော့
ကိုမြင့်သူ...ဒါကဦးကြည်မင်း..ဒါကကိုစိုးထွန်း...
ကိုဟန်မြင့်နဲ့...သူကတော့ ဦးငွေဟိန်းပါ...ဦးတို့အားလုံးကတော့ ဆယ်စုနှစ်ကြာအောင် လုပ်ငန်းတွေမှာအတူ လက်တွဲလာခဲ့ကြတာပေါ့..မောင်ဒေ၀
သိအောင် ပြောရရင် ဦးတို့ရဲ့သစ်လုပ်ငန်းက မြန်မာနိုင်ငံအထက်ပိုင်းမှာတော့ အတွင်ကျယ်ဆုံးပဲ..."
"အော်....သိပ်ကိုအထင်ကြီးစရာပဲ"ဟုသာ
သူပြောလိုက်ပြီး အံ့ဩသည့်ဟန်ပန်မျိုး လုပ်ပြလိုက်တော့ ဦးအဂ္ဂတို့အဖွဲ့ဟာ အကျေနပ်ကြီး ကျေနပ်သွားကြပုံရသည်။
ခေါင်းတစ်သညိမ့်ညိမ့်နဲ့ ထောက်ခံကြလေသည်။
"ဒါနဲ့ ကိုဒေ၀က ဘာလို့သုန္နကမြို့ကိုမှ လာခဲ့ရတာလဲ...."
သူအရမ်းဖြေချင်သော မေးခွန်းကိုမေးလိုက်သော ထက်အာကာအား ဆူးစိုက်ပြီးပြန်ကြည့်လိုက်သည်။
မင်းတို့ သားအအဖကို ငရဲပြည်ပို့ပေးဖို့ဟု
အမှန်အတိုင်းပြောလိုက်ချင်ပေမဲ့ သူ့စိတ်ကို သူထိန်းထားလိုက်ရင်း ကော်ဖီတစ်ငုံလောက် သောက်လိုက်သည်။
"ဒီလိုပါပဲ...အသစ်အဆန်းလေးတွေကို ဖန်တီးချင်လို့ဆိုပါတော့...နောက်ပြီးမြို့တော်၀န်ကဒီမြို့အကြောင်းကို ခဏခဏပြောနေတော့...
စိတ်၀င်စားပြီး ရောက်လာခဲ့တယ်ဆိုပါတော့ဗျာ...."
"မြို့တော်၀န်"ဆိုသည့်စကားကြောင့် ဒေ၀မှလွှဲ၍ကျန်သည့်လူများဟာ အကြည့်ချင်းဆုံသွားကြသည်။မြို့တော်၀န် ဦးထွန်းတောက်ဟာ အဂ္ဂနဲ့လုံး၀အပေါက်အလမ်းမတည့်သော လူတစ်ယောက်ပင်။ သူတို့ရဲ့ အကြောင်းတွေကိုလည်း နောက်ကွယ်ကနေစုံစမ်းနေပြီး မထင်ရင်မထင်သလို အငိုက်ဖမ်းတတ်သည့်လူဖြစ်သည်။
"မောင်ဒေ၀က မြို့တော်၀န်နဲ့အရမ်းရင်းနှီးတာပဲလား...."
"ဆိုပါတော့ မြို့တော်၀န်က ကျွန်တော့်ရဲ့
အရင်းနှီးဆုံးလူတစ်ယောက်ဆိုလည်း မမှားဘူး..."
"ဘယ်လို...ထွန်းတောက်က မောင်ဒေ၀ရဲ့အရင်းနှီးဆုံးလူ ဟုတ်လား...."
"ကျွန်တော့်ဒယ်ဒီနဲ့ ဦးထွန်းတောက်နဲ့က သူငယ်ချင်းတွေလေ...ဒါကြောင့် ဦးထွန်းတောက်နဲ့က ကျွန်တော်ဆယ်ကျော်သက်အရွယ်တည်းက
သိလာခဲ့တာပါ...
ဦးအဂ္ဂဟာ ဆယ်ကျော်သက်အရွယ်မှာ သူ့ကိုတစ်ခါသာတွေ့ခဲ့ဖူးသည်ကြောင့် ဆယ့်နှနှစ်ဆိုသည့် အချိန်ကာလအကြာမှာ သူ့ကိုဘယ်လိုမှမှတ်မိနိုင်စရာမရှိပေ။
ဒါကြောင့် အလိမ်အညာလေး ရောနှောကာပြောလိုက်ခြင်းပင်။
"အော်...ဒါနဲ့မောင်ဒေ၀...ဒီမြို့မှာ ဘယ်လိုစီးပွားရေးမျိုး လုပ်မယ်စိတ်ကူးထားလဲ...
ဦးတို့လည်း ပါ၀င်လို့ရအောင် သတင်းလေးလည်း ပါးပါအုံး......"
ဦးထက်မြတ်နဲ့ပေါင်းပြီး ခရီးသွားစီမံကိန်းကိုအကောင်အထည်ဖော်နေသည့် ကိစ္စကို ဒီလူတွေ မသိပဲတော့ မနေနိုင်ဘူး။ဒါပေမဲ့ ညှာတာပါတေးနဲ့ စကားနှိုက်ဖို့ ကြိုးစားနေကြတာပဲ။
ဒေ၀ကို အဲ့လောက် အ တယ်ထင်နေကြရင်တော့ သိပ်ကိုမှားသွားမှာပေါ့။
"ဒီလိုပါပဲ....လေ့လာနေတုန်းအဆင့်ပဲရှိပါသေးတယ်..တကယ်အခြေကျပြီး...အကောင်အထည်
စဖော်တော့မယ်ဆိုမှ...အားလုံးကို အသိပေးပါ့မယ်..."
ဦးအဂ္ဂတစ်ချက်မဲ့ပစ်လိုက်သည်။ သိချင်နေတဲ့ကိစ္စကို မသိရတာကြောင့်လည်း ဒေါသထွက်နေမိသည်။
မေးတဲ့ မေးခိုင်းတိုင်းကိုဖြေတဲ့လူက တော်တော်အတဲ့လူပဲဆိုတဲ့အတိုင်း ဒီကောင်ကတော့ မေးတာလေးပဲဖြေပြီး အရေးကြီးအချက်တွေကို လုံး၀မပြောပြဘူး။
"ဒါဆို...ဦးမေးချင်တယ်...မောင်ဒေ၀နဲ့
ကိုထက်မြတ်ရဲ့ ဆက်ဆံရေးကရော ဘယ်လောက်အတိုင်းအတာအထိ ပတ်သတ်ဆက်နွယ်သွားမှာလည်း...ဦးတို့ သိခွင့်ရနိုင်မလား.."
"အဟင်း...ဦးထက်မြတ်နဲ့လား...ဒီအတိုင်းသာမာန်လောက်ပဲ ခင်တာပါ...ဦးအဂ္ဂက ဘာလို့ဒီမေးခွန်းကို မေးရတာလဲ..တစ်ခုခုများ ကြားထားတာရှိနေလို့လား..."
ဒေ၀၏ အရောင်တောက်သော စူးရှရှမျက်၀န်းတွေသည် ဦးအဂ္ဂ၏ အတွေးကိုထိုးဖောက်ပြီး မြင်နေရသလို ဖြစ်နေတာကြောင့် ဦးအဂ္ဂတစ်ချက်တော့ တွန့်သွားသည်။
သို့ပေမဲ့ မျက်နှာအမူအရာကို တစ်ချက်ထိန်းကာ
သူ၏ နှုတ်ခမ်းမွှေးကို ညာလက်နဲ့ပွတ်သပ်လိုက်သည်။
"ကြားထားတာတော့ အနည်းငယ်ရှိပေမဲ့...
မောင်ဒေ၀လို လူတစ်ယောက်က ထက်မြတ်နဲ့ဘယ်လိုလုပ်လက်တွဲမှာလည်း ဟုတ်တယ်မလား.
မင်းသာဆန္ဒရှိရင် ဦးတို့ဘက်ကလည်း ကြိုဆိုဖို့အသင့်ပါပဲ...."
"ဟား...ဟား...ဦးအဂ္ဂမသိသေးတာက
ကျွန်တော်က ဒီမြို့မှာအကြာကြီးနေဖို့ သေချာ
မစဉ်းစားရသေးပါဘူး...ဒါကြောင့်အကြီးကြီးတွေကို သိပ်မစဉ်းစားထားသေးဘူး..."
"ဒါဆိုရင်...ဟိုတယ်နဲ့ ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနဆီကို သွားတဲ့ ကိစ္စကရော..."
"အဖေ့...."
အာကာက ဦးအဂ္ဂ၏ လက်မောင်းကိုတစ်ချက်လှမ်းပုတ်လိုက်ပေမဲ့ အဂ္ဂကတော့ "မင်းအသာနေစမ်းပါ"ဆိုသည့် မျက်နှာရိပ်ပုံစံလုပ်ပြလိုက်သည်။
ပြီးနောက် ဒေ၀၏ ဖြေကြားသံကိုသာ
စိတ်၀င်တစားနှင့် မျှော်လင့်နေလေသည်။
"ဟိုတယ်နဲ့ ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနဆီကို သွားတာက အခြားမဟုတ်ပါဘူး..
ကျွန်တော်က အဲ့ဒီ့အပိုင်းမှာ ကျင်လည်နေတဲ့စီးပွားရေး သမားဆိုတော့...မြန်မာနိုင်ငံမှာဆိုရင် ဘယ်လို အကောင်အထည်ဖော်လုပ်ဆောင်ကြလဲဆိုတဲ့ ကိစ္စကို နည်းနည်းသွားပြီး လေ့လာကြည့်တဲ့သဘောပါ... "
"ဒါဆို ထက်မြတ်နဲ့မှ ဘာလို့အတူသွားရတာလဲ..."
"ကျွန်တော်က ဦးထက်မြတ်နဲ့သွားတာကို ဦးအဂ္ဂက ဘယ်လိုသိနေတာလည်း...မဟုတ်မှ ကျွန်တော့်ကို စောင့်ကြည့်နေတာတော့ မဟုတ်ပါဘူးနော်..."
ဦးအဂ္ဂဟာ မျက်နှာအမူအရာကိုတစ်ချက်ပြန်ပြင်လိုက်ရသည်။သိချင်စိတ်တွေအရမ်းများပြီး
တည့်တိုးမေးလိုက်မိတာကြောင့် ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်နေမိသည်။
ဒီကောင်ကလည်း ခေတဲ့လူမဟုတ်ဘူးဆိုတာကို မေ့သွားခဲ့မိသည်။သူမေးတဲ့ မေးခွန်းတိုင်းကို တိုက်ရိုက်အဖြေမပေးပဲ သူ့ကိုသာပြန်မေးခွန်းထုတ်ထုတ်နေတာက အတော်စိတ်ရှုပ်ရသည်။ကိုယ်က သူ့ကိုမေးနေတာမဟုတ်ပဲ ဒီကောင်က ကိုယ့်ကိုပြန်ပြီး မေးခွန်းထုတ်နေသလို ဖြစ်နေတာက မုန့်လုံးကိုစက္ကူပတ်နေတဲ့ အဖြစ်ရောက်နေသည်။
"ဒီလိုပါ...ဦးတို့က ကိုယ့်မြို့ကို အသစ်ပြောင်းလာတဲ့ လူဆိုတော့ တစ်ခုခုအကူအညီလိုရင် ပေးရအောင်လို့..မောင်ဒေ၀ရဲ့အကြောင်းကို သိထားသင့်တယ်ထင်လို့ပါ...ကဲမောင်ဒေ၀ရေ..နေ့လည်စာလေး စားရင်းနဲ့မှ ဆက်ဆွေးနွေးကြတာပေါ့ဟုတ်လား..."
"သမီးရေ...ငွေပန်းချီ...."
ဦးအဂ္ဂဟာ တစ်ဆက်တည်းမှာပဲ မီးဖိုခန်းထဲတွင် အစားအသောက်တွေ ပြင်ဆင်နေသော သမီးအကြီးကို လှမ်းခေါ်လိုက်ရာ အရပ်ရှည်ရှည်နှင့် မြန်မာ၀တ်စုံအနီပွင့်၀မ်းဆက်လေးကို လှပစွာ၀တ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ဧည့်ခန်းထဲသို့၀င်လာလေသည်။
"တီ..တီ...တီ..."
ဖုန်းမြည်သံကြောင့် ဒေ၀ဖုန်းကိုနားမှာကပ်ပြီး နားထောင်နေလိုက်သည်။ဦးလူထိန်ဆီမှ ခေါ်ခြင်းဖြစ်ပြီး ဦးထက်မြတ်က တွေ့ဆုံဖို့ခေါ်သည်ဟုဆိုသည်။သေချာတာကတော့ ဦးအဂ္ဂနဲ့ လာတွေ့တာကို သိသွားပုံပဲ။ဒီလူတွေဟာ တော်တော် အာရုံနှောက်ဖို့ကောင်းကြတယ်။
"အားလုံးပဲ...ဒီနေ့ကျွန်တော် ဦးတို့နဲ့အတူတူ နေ့လည်စာ စားပေးဖို့ဖြစ်နိုင်တော့မယ်မထင်ဘူး..."
"ဘာဖြစ်လို့လဲ...မောင်ဒေ၀...."
"ဟို...ကိစ္စတစ်ခုပေါ်လာလို့ပါ...အားလုံးကိုအားနာပါတယ်...ကျွန်တော့်ကိုခွင့်ပြုကြပါအုံး..."
"ကောင်းပြီလေ...မောင်ဒေ၀ကအရေးကြီးကိစ္စပေါ်လာတော့လည်း ဘယ်တတ်နိုင်မှာလည်း...
နောက်မှ ထပ်ဆုံကြတာပေါ့..."
"ဟုတ်ကဲ့...ကျွန်တော်တို့ရဲ့ နောက်ထပ်တွေ့ဆုံမှုက ဒီ့ထပ်အများကြီးပိုထူးကဲမှာ သေချာပါတယ်..."
လူကြီးတွေကို လက်ဆွဲနှုတ်ဆက်ခဲ့ကာ ဧည့်ခန်းထဲမှထွက်သွားသော ဒေ၀သည် ငွေပန်းချီ၏ ပုခုံးစွန်းကို တိုက်မိသွားလေသည်။
"ဆောရီး(sorry)..."
ငွေပန်းချီဟာ သူမကိုစကားလေးတစ်ခွန်းသာပြောသွားပြီး နည်းနည်းလေးတောင်မကြည့်သွားသော ဒေ၀၏ ကျောပြင်အား သူမသေချာဆိုက်ကြည့်နေမိသည်။
ဒီမြို့ရဲ့နာမည်ကြီးဆေးရုံမှ အရိုးအထူးကုဆရာ၀န်တစ်ယောက်ဖြစ်သော သူမကိုလူတိုင်းကနှစ်ခါလောက်တော့ လှည့်ကြည့်ကြစမြဲပင် ဒီလူကတော့ သူမရဲ့ပုခုံးကိုတိုက်သွားတာတောင်
ဆောရီးတစ်လုံးထဲပြောသွားသည်။
ဒီနေ့ ဂျူတီနားတာမို့ ဧည့်သည်အတွက်ကိုယ်တိုင်စီမံပေးနေခြင်းပင်။မထင်ထားမိတာက အဖေပြောတဲ့ အရေးကြီးဧည့်သည်ဆိုတာ သူ့ကိုပြောတာပေါ့။
သူ့ကို ကြည့်ရတာ ပန်းချီတို့နဲ့အသက်တူတူလောက်ပင်ရှိလိမ့်မည်။
ဒီလူက ဘယ်လိုလူမျိုးပါလိမ့်။
သူမကို ချည်းကပ်လာသည့် ပိုက်ဆံရှိအသိုင်းအ၀န်းကလူတွေဟာ ဒုနဲ့ဒေးပေမဲ့ သူမရဲ့ပုခုံးကို တိုက်သွားပြီး လှည့်တောင်မကြည့်သွားသော လူ၏ အကြောင်းကို ပထမဆုံးစိတ်၀င်တစားသိချင်မိနေလေသည်။
"ကိုအဂ္ဂ ဒီကောင်လေးကို ကြည့်ရတာ ကျွန်တော်တို့နဲ့ မပူးပေါင်းချင်ဘူးထင်တယ်.."
"ထင်တာမဟုတ်ဘူး...သေချာတာ...ဒီကောင်ကျုပ်တို့ကို ဆန့်ကျင်မဲ့အဖွဲ့ဘက်ကပဲနေမှာကျိန်းသေတယ်..."
"အဲ့ဒါဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ်မလဲအဖေ..သောမက်စ်က အရမ်းတော်တဲ့လူဗျ...
နောက်ပြီး ကမ္ဘာသိပုဂ္ဂိုလ်တစ်ယောက်...."
ဦးအဂ္ဂသည် အင်္ကျီအိတ်ကပ်ထဲမှ စီးကရက်ဘူးကို ထုတ်လိုက်ပြီး မီးညှိုကာ တစ်ချက်မျှဖွာရှိုက်လိုက်သည်။
"အဂ္ဂရဲ့လမ်းမှာ လာရှုပ်တဲ့လူမှန်သမျှက ဘယ်နေရာကို သွားရမလဲဆိုတာ ဒီကောင့်ကိုသိအောင်လုပ်ပြရတာပေါ့...."
ဆေးလိပ်မီးခိုးငွေ့များကို တစ်ထောင်းထောင်းထအောင် ဖွာရှိုက်နေသော အဂ္ဂ၏မျက်၀န်းများသည် ကောက်ကျစ်မှုတွေ အတိုင်းသားထင်ဟပ်နေလေတော့သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁
"ကဲ...ကျောင်းသားတွေအားလုံးပဲ ရီပို့ကဒ်တွေ
ဝေဖို့ နာမည်ခေါ်မယ်နော်..."
"အမာစိန်..." "ရှိ..."
"ခင်မာ၀င်း.." "ရှိ..."
"သန်းသန်း၀င်း..." "ရှိ"
ဆရာမက လပတ်စာမေးပွဲ ရီပို့ကဒ်များကို နာမည်တစ်ယောက်ချင်းဆီခေါ်ပြီး ဝေပေးနေလေသည်။
ဖြူလုံး အကြောက်ဆုံးအချိန်တွေထဲတွင် ရီပို့ကဒ်ရသော အချိန်လည်းပါ၀င်သည်။
ဒီလက သိပ်မဖြေနိုင်မှန်း ကိုယ့်ကိုကိုယ်သိတာကြောင့် စိတ်ထဲမှာဘုရားစာတွေကိုလည်း အကြိမ်တစ်ထောင်လောက်ရွတ်နေမိသည်။
လက်တွေမှာလည်း ချွေးစေးတွေပြန်လာတာကြောင့် စိတ်ကိုမနည်းတင်းထားနေရသည်။
"ဖြူလုံး ငါအင်္ဂလိပ်စာသိပ်မဖြေနိုင်ဘူးဟယ်...
ကျရင်တော့ ဒုက္ခပဲ အမေကရီပို့ကဒ်ကိုမြင်တာနဲ့ ရိုက်မှာဟ..."
"အေးပုရယ်...နင့်ထက်ငါကပိုဆိုးပါတယ်...."
"မနောက်ပါနဲ့ဟာ...နင်ကစာတော်တဲ့ဥစ္စာကို..
အပိုတွေ သိပ်ပြောတာပဲ..."
"ဟဲ့...တကယ်ပြောတာပါဟာ...မယုံရင်ရီပို့ကဒ်ထွက်လာတော့မှ ကြည့်လိုက်...."
မဖြေနိုင်တဲ့ အေးပုနဲ့ဖြူလုံးကတော့ ရီပို့ကဒ်ရမှာကို ကြောက်နေကြပေမဲ့ ရီပို့ကဒ်ရလို့ အမှတ်ကောင်း၊အဆင့်ကောင်းတဲ့လူတွေကတော့ အသံတွေကို ဆာထွက်နေလေသည်။
နင်ကဘယ်လောက်၊ငါကဘယ်လောက်နဲ့ တိုက်တောင် ကြည့်နေကြလေသည်။
စာမေးပွဲကျတဲ့သူတွေကတော့ တစ်ချို့ကလည်း မျက်နှာတွေရှုံ့မဲ့ပြီး ငိုင်နေကြသလို တစ်ချို့ကတော့ ကျမယ်ဆိုတာကို ကြိုသိပြီးသားမို့ အေးအေးသာသာပဲ ဒူးနှံ့နေကြလေသည်။
"ဟယ်...ငါဂုဏ်ထူးသုံးဘာသာတောင်ထွက်တယ်..."
"ဟယ်...ဟုတ်လား...အဆင့်ဘယ်လောက်လဲ..."
"အဆင့်..ငါး..."
"သီတာဆန်း..."
"ရှိပါတယ်..."
"ဖြူလုံး.....အေးအေးပို.....ဆုမြတ်ချယ်..."
"ဟဲ့....ငါတို့နာမည်တွေကို ခေါ်နေပြီ...သွားရအောင်...."
ရီပို့ကဒ်တွေကို မရချင်ပါဘူးဆိုနေမှ ဆရာမကနာမည်ခေါ်လာတာကြောင့် ဖြူလုံးတို့သုံးယောက်သား အတန်းရှေ့သို့သွားကာ ကိုယ့်ရီပို့ကဒ်ကို သွားယူကြရသည်။
စိတ်မသက်၊မသာဖြစ်စွာပဲ ရီပို့ကဒ်လေးကို အသာဖွင့်ကြည့်လိုက်မိတော့ အသံဗြဲကြီးနဲ့တောင် ထငိုချင်စိတ်ပေါက်သွားသည်။
ရီပို့ကဒ်ကို ဘယ်သူမှမမြင်ခင် အသာလေးပြန်ပိတ်လိုက်ပြီး လွယ်အိတ်ထဲသို့ထိုးထည့်လိုက်သည်။
"ဟဲ့...ငါ...တစ်ဘာသာမှမကျဘူးဟဲ့...
အဆင့်က၂၂တောင်ရတယ်....ဆုမြတ်ချယ် နင်ရော..."
"ငါက...အဆင့်တစ်ဆယ်ရတယ်...အိမ်ရောက်ရင် အမေ့ကိုပြန်ကြွားရမယ်...မုန့်ဖိုးရပေါက်တော့ တိုးပြီဟေ့...."
"အေး...နင်...မုန့်ဖိုးရရင် ငါတို့ကိုလည်း မုန့်၀ယ်ကျွေးအုံးနော်....နင်ကအဆင့်၀မ်းတူတန်းတောင်
၀င်တာ..."
"အေးပါဟယ်...."
"ဟဲ့...ဖြူလုံး...နင်ရော...."
ဒီလိုမေးမယ်မှန်း သိလို့စကားမပြောပဲ တိတ်နေပါတယ်ဆိုနေမှ သူငယ်ချင်းမနှစ်ယောက်က မျက်လုံးလေးတွေ အပြူးသားနဲ့လာမေးနေကြပြန်သည်။
အရင်က ဖြူလုံးဟာအဆင့်တစ်ဆယ်အတွင်းတော့ အမြဲတမ်း၀င်ပေမဲ့ ဒီလတော့ နှစ်ဘာသာတောင် ကျနေတာကြောင့် စိတ်တွေလေးပြီး ဘယ်သူ့ကို မှလည်း စကားမပြောချင်ဖြစ်နေသည်။
"မနက်ဖြန်ရောက်ရင် စာမေးပွဲကျတဲ့လူတွေအကုန်လုံး မိဘခေါ်လာခဲ့ရမယ်နော်...."
"ကလင်...ကလင်...ကလင်...ကလင်..."
မိဘခေါ်ရမယ်ဆိုလို့ ၀မ်းနည်းသွားချိန်မှာ ကျောင်းဆင်းခေါင်းလောင်မြည်သံကြောင့် ၀မ်းသာသွားမိသည်။လွယ်အိတ်ကို ချက်ချင်းကောက်လွယ်လိုက်ပြီး...
"ကျောင်းဆင်းပြီ...ငါသွားနှင့်တော့မယ်နော်...."
"ဟဲ့...ဖြူလုံး...နေအုံးလေ...."
ဒီတစ်နေ့တော့ သူငယ်ချင်းတွေနဲ့လည်း စကားပြောချင်စိတ် လုံး၀မရှိပေ။သူငယ်ချင်းတွေက အဆင့်ကောင်းလို့ ၀မ်းသာပေးရမယ်ဆိုပေမဲ့ ကိုယ်ကနှစ်ဘာသာတောင်ကျတာဆိုတော့ ဘယ်လိုမှ စိတ်ထဲတွင် ဖြေမသာနိုင်ပေ။
အတူတူ ကျရင်တော့ အဖော်ရှိသေးတယ်ဟု
ဖြေသိမ့်လို့ရသေးသည်။
ကျောင်းဂိတ်ပေါက်၀သို့ အမောတကောနဲ့ပြေးလာပြီးနောက် လွယ်အိတ်ကလေးကို ကျစ်နေအောင်ကိုင်ရင်းနှင့် ခေါင်းငိုက်ဆိုက်ချကာ လမ်းလျှောက်နေမိသည်။
မနက်ဖြန်ကြရင် မိဘခေါ်ခဲ့ရမည်တဲ့။သေချာတာကတော့ အဖေကလည်း လိုက်ဖို့အားမှာ မဟုတ်သလို ဒေါ်ရွှေရတုကလည်း တကူးတကလိုက်လာပေးမှာ မဟုတ်ပါဘူး။ဒါဆိုရင် ဖြူလုံးဘယ်သူ့ကိုခေါ်သွားရပါ့မလဲ။???
"ဖြူလေး...."
ဖြူလုံးရဲ့ နာမည်ကို တစ်ယောက်ယောက်လှမ်းခေါ်နေသံကြားတာကြောင့် လှည့်ကြည့်လိုက်မိတော့ ဆိုက်ကားသမား ကိုဖိုးအေးဖြစ်နေသည်။
စိတ်ညစ်နေရတဲ့အထဲ သူကလည်း ရည်းစားစကားပြောအုံးမယ် ထင်သည်။
"ဖြူလုံး...ဒီနေ့ဘာဖြစ်နေတာလဲ...မျက်နှာလည်းမကောင်းပါလား..."
"ကျောင်းမှာ စိတ်ညစ်စရာလေး ရှိနေလို့ပါ..."
"ဒါဆို...အစ်ကို့ကိုပြောပြလေ...အစ်ကိုကူညီပေးနိုင်တာရှိရင် ကူညီပေးပါ့မယ်..."
ကိုဖိုးအေးရဲ့ စကားကဖြူလုံးကို အကြံတစ်ခုအဖြစ် လင်းလက်သွားစေသည်။ကိုဖိုးအေးကို ဖြူလုံးရဲ့အစ်ကိုအဖြစ်ခေါ်သွားပြီး ဆရာမနဲ့တွေ့ပေးလိုက်ရင်လည်း ရတာပဲ။ဟုတ်ပြီ။
"ကိုဖိုးအေး...ဖြူလုံးကို အိမ်ပြန်လိုက်ပို့ပေးပါလား...."
"ဟာ...ရတာပေါ့ဗျာ...လာ..ဆိုက်ကားပေါ်တက်..."
အရင်ကဆိုလျှင် ကိုဖိုးအေးကပိုးကြေး၊ပန်းကြေးအဖြစ် ဆိုက်ကားအခမဲ့စီးခိုင်းပေခဲ့ လုံး၀မစီးခဲ့မိအောင် နေလေသည်။ဒီနေ့တော့ ကိုယ့်အကြံနဲ့ကိုယ်မို့ သူ့ဆိုက်ကားပေါ်သို့ တက်ရပေတော့မည်။မိချောင်းမသား ကိုဖိုးအေးက ဘယ်တည်းက စကားမပြောရသည်လည်းမသိပေ။ဖြူလုံးအလှည့်တောင် မရောက်ပဲ သူကချည်းဆွတ်ပြောနေသည်။
"ဒါနဲ့ဖြူလေး...ကိုယ့်ကိုအဖြေပြန်ပေးပါတော့လားကွာ...အစ်ကိုစောင့်ရတာ မောလှပြီကွ..."
"ကိုဖိုးအေးပြောတော့...ဆယ်တန်းပြီးတဲ့အထိတင်မကဘူး...သုံးနှစ် သုံးမိုးဆိုလည်း စောင့်နိုင်တယ်ဆို...."
"ဒါတော့ ဒါပေါ့ဖြူလေးရယ်...အစ်ကိုကစည်းစောင့်ပေမဲ့ ဖြူလေးဘေးနားမှာ ဟိုကောင်လေးက ရစ်သီ၊ရစ်သီနဲ့ဆိုတော့ အစ်ကိုစိတ်မချဘူးကွ...."
ကိုဖိုးအေးပြောနေတာက ဆုမြတ်ချယ်ရဲ့မောင် နှောင်ဇွဲထက်ပဲ ဖြစ်လိမ့်မည်။အရေးထဲမှပဲ ရည်းစားတောင်မဖြစ်သေးဘူး သ၀န်ကလှိမ့်တိုနေပြန်သည်။
"အဲ့ဒါက ဖြူလုံးရဲ့သူငယ်ချင်းပါ..."
"ဟုတ်လို့လား...ဖြူလေးရယ်...."
"ဘာလည်း ကိုဖိုးအေးက...ကျွန်မကိုမယုံလို့လား...ဒါဆိုလည်းဆိုက်ကားပေါ်ကနေ အခုပဲဆင်းလိုက်တော့မယ်..."
"ဟာ...အဲ့လိုတော့ မလုပ်ပါနဲ့ကွာ...အစ်ကိုကဖြူလေးကို ချစ်လွန်းလို့ သ၀န်တိုမိတာပါ..."
"ကိုဖိုးအေးနော်...လူကိုတွေ့ရင် ရည်းစားစကားပဲ လှည့်ပတ်ပြောနေတာပဲ..."
"ဖြူလေးကမှ အစ်ကို့ကို အဖြေပြန်မပေးသေးတာ...ရည်းစားစကားပြောရတော့တာပေါ့...
အဖြေပြန်ပေးပြီးတာနဲ့ စိတ်ချ..."
"ဘာလဲ...ရည်းစားစကားထက်မပြောတော့ဘူးပေါ့..."
"နေ့တိုင်းကို ...ချစ်တယ်...ချစ်တယ်လို့ပြောမှာဗျာ..."
ကိုဖိုးအေး၏ စကားကြောင့်ဖြူလုံးရယ်မိလေသည်။ကိုဖိုးအေးက အသားခပ်ညိုညို အရပ်အရမ်းကြီး မရှည်ပေမဲ့ ခန္ဓာကိုယ်က ယောက်ျားပီသသည့် အသွင်သဏ္ဍန်ရှိသည်။ရုပ်မချောပေမဲ့
ရွက်ကြမ်း ရေကြိုရုပ်ရည်လေးတော့ရှိသည်။
မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသည့် သားလိမ္မာလေးဖြစ်တာကြောင့် အားကိုးချင်စရာကောင်းလှပြန်သည်။
ဖြူလုံးရဲ့ စိတ်ထဲမှာလည်း ကိုဖိုးအေးဟာ ဖြူလုံးကို တကယ်ပဲမေတ္တာစစ်နဲ့ ချစ်မြတ်နိုးသည်ဟု ခံစားရသည်။မဟုတ်ရင် ခြေထောက်အညောင်းခံပြီး ဘယ်သူကများ ဆိုက်ကားကိုအခမဲ့စီးခိုင်းပါ့မလဲ။
ဘာမှ သွေးမတော်တဲ့ ကိုဖိုးအေးဟာ ဖြူလုံးကိုတွေ့သည်နှင့် အမြဲပြုံးပြတတ်ပြီး စကားတွေလည်း ရေပတ်မ၀င်အောင်ပြောတတ်သည်။
ဖြူလုံးရဲ့တစ်သတ်မှာ ဖေဖေတောင် ကိုဖိုးအေးလောက် ဖြူလုံးအပေါ်မှာ မကောင်းဘူးဟု ထင်မြင်မိသည်။ဒါကြောင့် ဖြူလုံးအတွက် ချစ်သူထားမည်ဆိုပါက ကိုဖိုးအေးကအသင့်တော်ဆုံး ဖြစ်နိုင်မည်ဟု သုံးသပ်မိသည်။
"ကိုဖိုးအေး...လိုချင်တဲ့အဖြေကို ကျွန်မပေးရင်...
ကိုဖိုးအေးကရော...ကျွန်မအလိုကို လိုက်မှာလား..."
"ဟာ...ဖြူလေးအတွက်ဆိုရင်လေ...ကြယ်တွေကိုပဲ တက်ခူးပေးရမလား...ကျားဖြူတောင်က ကျားဖြူရဲ့အစွယ်ကိုပဲ လိုချင်သလား...အကုန်ဖြစ်စေရမယ်ကွာ...အစ်ကိုကဖြူလေးကို သိပ်ချစ်တာပါကွာ...ယုံပေးပါနော်..."
"ဟိုး...ဆရာ...ခြံရှေ့ရောက်ပြီ..."
ရတုမဟာစံအိမ်၏ အရှေ့ကိုရောက်တော့ ကိုဖိုးအေးက ဆိုက်ကားကိုရပ်လိုက်သည့်နည်းတူ ဖြူလုံးကလည်း ဆိုက်ကားပေါ်မှဆင်းလိုက်သည်။
ကိုဖိုးအေးမှာ ဖြူလုံးကအဖြေပြန်မပေးဘူးအထင်နှင့် ခေါင်းငိုက်ဆိုက်ချပြီး စိတ်ညစ်သွားဟန်တူသည်။
"စိတ်မညစ်ပါနဲ့တော့ ကိုဖိုးအေးရယ်...ကိုဖိုးအေးရဲ့အချစ်ကို ဖြူလုံးယုံပေးလိုက်တော့မယ်နော်..."
ဖိုးအေးအဖို့ သူရပ်နေသောမြေကြီးတွေကပဲ
ငလျှင်လှိုင်းဖြတ်သန်း၍ ကွဲအပ်တုန်ခါသွားသလိုလို၊ လူဟာလေပေါ်သို့ မြောက်တက်သွားသလိုလို ခံစားလိုက်ရလေသည်။
ဖြူလေးနဲ့ ဖိုးအေးဆိုသည်မှာ အသွေးအရောင်ကအစ မိုးနဲ့မြေလိုကွာခြားလိုက်သည့်ဖြစ်ခြင်း။
သူမက မြေဖြူခဲလေးဆိုရင် သူကမီးသွေးခဲ
အဆင့်သာဖြစ်သည်။
အခုတော့ သူ့မှာနေ့တိုင်း နွားပြာကြီးအောက်သွားမရှိသလို တစ်နေ့တစ်နေ့ သွားကြီးဖြဲပြီး ချစ်ခွင့်ပန်ရပေမဲ့ အဖြေပြန်ရဖို့ကို စိတ်ကူးထဲမှာသာ တွေးခဲ့ဖူးပါသည်။
အခုတော့ တကယ်ပဲချစ်သူဖြစ်ခွင့်ရပြီပေါ့။
သိန်းတစ်ထောင်စုကြီး ပေါက်တာထက်ပင် အဆတစ်ရာလောက်ပျော်မိလေသည်။
"ဖြူလေး...ဒါဆိုဒီနေ့ကစပြီး...အစ်ကိုတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားပြီပေါ့နော်..."
"အင်းပေါ့...."
ဖြူလုံးလည်း ခပ်ရှက်ရှက်နဲ့ပဲ ခေါင်းညိမ့်ပြလိုက်တော့ ကိုဖိုးအေးက ဖြူလုံးရဲ့လက်ဖမိုးလေးကို
ခပ်ဖွဖွလေး လာကိုင်သည်။
"တီ...တီ...တီ...တီ..."
ကားဟွန်းသံကြား၍ ကြည့်လိုက်မိတော့
ဦးဒေ၀မနက်ကစီးသွားသော ကားအနက်ရောင်လေးဖြစ်နေသည်။ကားမှန်ချထားသည်ကြောင့်
ခြံထဲသို့ ကားကိုမောင်း၀င်လိုက်ရင်းနှင့်ပင် ဖြူလုံးနဲ့ ကိုဖိုးအေးကို ဆိုက်ကြည့်သွားသည်ကို မြင်လိုက်ရသည်။
ဖြူလုံး ချက်ချင်းပဲ ကိုဖိုးအေး၏ လက်ကိုဖြုတ်ချလိုက်မိသည်။
"ကိုဖိုးအေး...ပြန်လိုက်တော့နော်...ကျွန်မခြံထဲကို ၀င်တော့မယ်...."
"ဟာ...ဖြူလေး...."
ကိုဖိုးအေးကို နှုတ်ဆက်ခဲ့ကာ ခြံထဲသို့ပြေး၀င်လာလိုက်သည်။ရည်းစားတော့ ထားကြည့်ချင်ပေမဲ့ သူများတွေသိမှာကိုတော့ ဖြူလုံးနည်းနည်းကြောက်နေမိသည်။စံအိမ်ကြီးပေါ်သို့ ခြေလှမ်း
ဖို့ ပြင်ပြီးခါမှ ဖြူလုံးတစ်ခုခုကို သွားသတိရမိသည်။
"သေပြီဆရာပဲ....ဆရာမကိုလိုက်တွေ့ပေးဖို့ကိစ္စ
....ကိုဖိုးအေးကို မပြောလိုက်ရဘူး..."
ခြံပေါက်၀ဆီသို့ အမြန်ပြန်ပြေးပြီး ခြံတံခါးကိုဖွင့်ကာ ခြံပြင်သို့ထွက်လိုက်စဉ်မှာတော့ ကိုဖိုးအေးကထွက်သွားနှင့်လေပြီ။
ကိုဖိုးအေးကို ရည်းစားတော်လိုက်သည့်အဓိက အကြောင်းအရင်းက ဆရာမကို ကိုယ်စားလိုက်တွေ့ဖို့ဆိုပြီး ရည်ရွယ်ထားခဲ့တာပါ။
အခုတော့ ဟိုလူကြီးရဲ့မျက်နှာကြီးကို တွေ့သွားတော့ လန့်ဖြတ်ပြီး ကိုဖိုးအေးကိုပြောဖို့မေ့သွားခဲ့သည်။
ဒီအတိုင်းဆိုရင် အန်တီရွှေကိုပဲ အကူအညီတောင်းရတော့မှာပေါ့။
ဒါပေမဲ့ အန်တီရွှေကို ပြောရင်တော့ အရိုက်ခံရပြီးမှတောင် လိုက်ခဲ့ပါ့မလားမသိဘူး။
"မတတ်နိုင်တော့ဘူး...အရိုက်ခံလည်း ခံရပါစေတော့....အရဲစွန့်ပြီးပြောရတော့မှာပဲ...."
အခန်း၂၃..ဆက်ရန်>>>>>>
🍁🍁🍁🍁🍁🍁🍁🍁🍁
ဒေ၀ကမမှတ်မိခင် ဖြူလုံးတို့ကတော့ ရိုးသားကြိုးစား ဆိုက်ကားသမားလေး ဖိုးသခွားကို
ရည်းစားတော်ပစ်လိုက်ပြီနော်....
ဘယ်လိုဆက်ဖြစ်မှာပါလိမ့်...
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း .
========================================================================
အခန်း၂၃
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"အမယ်လေး...ဖဲကလည်း ဒီနေ့တစ်စက်မှကို
လာဒ်မကောင်းပါလား..."
ဖြူလုံး အခန်းထဲမှာအ၀တ်တွေခေါက်နေတုန်းတွင် အန်တီရွှေကအခန်းထဲသို့ ညီးတွားရင်း၀င်လာလေသည်။အချိန်ကိုကြည့်လိုက်တော့ ညခြောက်နာရီထိုးနေလေပြီ။
အဖေကလည်း အခုရက်ပိုင်းအလုပ်မှာပဲ ညအိပ်တာများသောကြောင့် ဖြူလုံးနဲ့အန်တီရွှေသာ အခန်းထဲတွင် အတူနေရလေသည်။
"ဟဲ့...အဲ့ဒီ့အရေးမပါတဲ့ အ၀တ်တွေကို ချထားလိုက်စမ်းပါ...ငါ့ကိုရေသွားယူပေးစမ်း..."
"ဟုတ်ကဲ့ပါ..."
အလုပ်သမားတွေအတွက် သီးသန့်ထားသော ရေခဲသေတ္တာထဲမှ ရေခဲရေတစ်ဗူးကို အမြန်ပြေးယူလိုက်သည်။
"ဒီမှာပါ...အန်တီရွှေ...."
ဖြူလုံးက ရေဗူးကိုကမ်းပေးတော့ အန်တီရွှေက ဒေါသထွက်သောမျက်၀န်းတွေနဲ့ ကြည့်လာသည်။
"နင်ဒါလေးတောင်အလိုက်မသိဘူးလား...
ရေသောက်ပါမယ်ဆိုမှ ရေခွက်ပါယူလာခဲ့ရမှာကို နင့်ဦးနှောက်က မစဉ်းစားတတ်ဘူးလား..
တုံးအလွန်းတဲ့ နေရာမှာတော့တကယ့်ကို အဖေတူသမီးပါလား..သွား...ရေခွက်သွားယူ...မဟုတ်ရင်ငါရိုက်မိတော့မယ်နော်...လူကစိတ်ညစ်နေရတဲ့ကြားထဲ...သွား!!!မြန်မြန်..."
ဖြူလုံးလည်း လူသားပဲမို့ ဒေါသထွက်မိသည်။
ပြန်ပြောချင်တာလည်း ပါးစပ်တွေကိုယားနေလေသည်။
သို့ပေမဲ့ ကိုယ့်အဖေရဲ့ မိန်းမဖြစ်တာကတစ်ကြောင်း၊အဖေက တစ်ခုခုဆိုရင် အန်တီရွှေရဲ့ဘက်ကနေပဲ လိုက်မှာသေချာတာကြောင့်
အန်တီရွှေနဲ့ဖြူလုံးတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးဖို့ ပြောလာခဲ့ရင် လမ်းဘေးကို ရောက်သွားမည့်လူက ဖြူလုံးဖြစ်မှာသေချာသည်။
ဖြူလုံးကလည်း တွေးထားပြီးသားပါ။ဆယ်တန်းပြီးတာနဲ့ အခြားကိုထွက်သွားဖို့ပေါ့။
ဆယ်တန်းမပြီးသေးမချင်းတော့ လမ်းဘေးမှာ တေလေဂျပိုးလို လွှင့်မနေအောင် ကုပ်ကပ်ပြီး နေရမှာပါပဲ။
"ဟဲ့...ဘာရပ်ပြီးငိုင်နေတာလဲ...သွားစရာရှိတာမသွားဘူး..."
ကိုယ့်အတွေးနဲ့ကိုယ်ငိုင်နေမိစဉ်မှာပဲ အန်တီရွှေ၏ ငှက်ဆိုးထိုးသော အသံကြီးကြောင့် ရေခွက်ကို မီးဖိုခန်းထဲမှာ အမြန်သွားယူပြီး အန်တီရွှေကို ရေသောက်ဖို့ပေးလိုက်သည်။
အန်တီရွှေ ရေသောက်နေစဉ်မှာပဲ လွယ်အိတ်ကလေးထဲမှ ရီပို့ကဒ်အဖြူရောင်လေးကို ထုတ်လိုက်ပြီး အန်တီရွှေ၏ ဘေးမှာ မတ်တပ်ရပ်လိုက်မိသည်။
"နင့်လက်ထဲက ဘာကြီးလဲ..."
"ရီပို့ကဒ်ပါအန်တီ...အဖေ့ကိုယ်စားလတ်မှတ်ထိုးပေးပါလားဟင်...နောက်ပြီးမနက်ဖြန်ဆရာမနဲ့ လိုက်တွေ့ပေးပါလား..."
"နေပါအုံး...ငါကဘာလို့ညည်းတို့ရဲ့ဆရာမနဲ့ လိုက်တွေ့ပေးရမှာလည်း..."
ဖြူလုံး ခေါင်းကိုငုံ့လိုက်ပြီး အသံခပ်တိုးတိုးနဲ့သာ ပြောလိုက်သည်။
"စာမေးပွဲမှာ အင်္ဂလိပ်စာနဲ့ ဘိုင်အိုကျလို့ပါ...
ဆရာမကအိမ်ကလူကြီးကို ခေါ်ခိုင်းလိုက်လို့ပါ...."
"အမယ်လေး...နှစ်ဘာသာတောင်တဲ့...ဒီမှာနင့်မှာ မျက်လုံးမပါဘူးလား...စာကိုဘယ်လိုကျက်သလဲ...တော်တော်အသုံးမကျတဲ့ဟာမပဲ...
သွားသွား...သောက်လုပ်ကိုရှုပ်တယ်...
ဘာလတ်မှတ်မှလည်း မထိုးပေးနိုင်ဘူး...တကယ်ပဲဉာဏ်ရည်တုံးအပုံက မအေတူတွေ..."
"အန်တီရွှေ...ကျွန်မအမေကိုတော့ မပုတ်ခတ်ပါနဲ့...."
ဖြူလုံးကို ကြိုက်သလိုချိုးနှိမ်လို့ရသည်။အသက်ထွက်သွားလောက်အောင်အထိ ရိုက်နှက်ရင်တောင် သည်းခံနိုင်ပေမဲ့ အမေ့ကိုပုတ်ခက်လာရင်တော့ လုံး၀သည်းမခံနိုင်ဘူး။
ဖြူလုံးကပြန်ပြောတော့ အန်တီရွှေက နှုတ်ခမ်းကိုမဲ့ကာရွှဲ့ကာနဲ့ ဖြူလုံး၏မျက်နှာချင်းဆိုင်မှာ လာ၍မတ်တပ်ရပ်သည်။
"ညည်းက ကိုယ့်အမေကိုထိတော့ နာတတ်တယ်ပေါ့...ဘာဖြစ်လဲ.ပြောတော့...ဟဲ့ကောင်မ
ညည်းအချိုးတွေကို ပြင်နော်...ညည်းရဲ့အမေကတကယ်ရော မတုံးလို့လား...သူများလင်ကို လုယူပြီး မရင်ငယ်လုပ်တဲ့ နေရာမှာပဲတော်တာလေ...ကျန်တဲ့နေရာတွေမှာ..."
"အန်တီ...ဆက်မပြောနဲ့...တော်တော့..."
"ပြောတော့ ဘာဖြစ်လဲ...ဘာဖြစ်ချင်လဲ..ညည်းအမေက ပြစ်တန်ဆာအဆင့်လောက်ပဲရှိတဲ့!!!"
"တော်တော့လို့ ပြောနေတယ်လေ..."
အသွေးအသားထဲမှ နာကျင်မှုများဟာ အန်တီရွှေ့ကို ဆောင့်တွန်းဖို့ရာအင်အားဖြစ်သွားလေသည်။
ဖြူလုံးတွန်းလိုက်၍ အနောက်သို့ယိုင်ကျသွားသော အန်တီရွှေ၏ မျက်၀န်းတွေဟာ ငယ်ငယ်က
ဖြူလုံးကို မညှာမတာရိုက်နှက်ခဲ့သော ဟန်ပန်တွေ ပြန်လည်ပေါက်ပေါက်လာသည့် နည်းတူ
ဖြူလုံးဆီသို့ တဟုန်ထိုးပြေး၀င်လာကာ အနှိုင်းမဲ့ရက်စက်မှုတွေကို စတင်ပါတော့သည်။
🍁🍁🍁🍁🍁🍁🍁
"ဆရာ...နေ့လည်က ကိုအဂ္ဂတို့နဲ့ တွေ့တဲ့ကိစ္စ အခြေအနေဘယ်လိုရှိလည်း..."
ဦးလူထိန်က မွှေ့ယာပေါ်မှာမဟုတ်ပဲ အခန်းကျယ်ကြီး၏ ထောင့်နားတွင်ရှိသော ဆိုဖာခုံပေါ်တွင် ထိုင်နေသော ဒေ၀ကို မေးခွန်းထုတ်လိုက်လေသည်။
ဒေ၀သည်လည်း လက်ပ်တော့ကိုနှိပ်နေရာမှ ခဏရပ်တန့်လိုက်ပြီးနောက် ဦးလူထိန်ဘက်သို့
တစ်ချက်မျှသာကြည့်လိုက်သည်။
ပြီးနောက် နှုတ်ခမ်းမှ မဲ့ပြုံးတစ်ခုကိုဖန်ဆင်းလိုက်ကာ လက်ပ်တော့ကိုသာ ဆက်ပြီးတော့နှိပ်နေလိုက်သည်။
"ဦးအဂ္ဂတို့အဖွဲ့က...ကျွန်တော့်အကြောင်းကို
ကျွန်တော့်ထက်ပိုပြီးတော့ စိတ်၀င်စားနေပုံရကြတယ်..တကယ်ဗျာ...အဲ့ဒီ့ခွေးရူးအဖွဲ့က ကျွန်တော်တောင်ဘာမှ မလှုပ်ရှားရသေးဘူး...ကိုက်ဖို့အုပ်စုဖွဲ့ပြီး...ဟန်ပြင်နေကြပြီ...ရှေ့လျှောက် သတိကြီးကြီးတော့ ထားရမယ်..."
ဒေ၀မှာ ခေါင်းကိုအသာယမ်းခါမိရင်း နေ့လည်ကပျက်ယွင်းနေသော ဦးအဂ္ဂ၏ မျက်နှာကိုပြန်တွေးမိတိုင်း ကျေနပ်နေမိသည်။
"ဒုန်း!!!!!"
"ဟ....ဘာသံလဲ...."
ဦးလူထိန်နဲ့ ဒေ၀တို့ နှစ်ယောက်သားအကြည့်ချင်းဆုံးသွားရသည်။
အောက်ထပ်မှ ရန်ဖြစ်သံတွေလိုလိုလည်း ကြားနေရလေသည်။
"အောက်ထပ်မှာ ဘာဖြစ်နေကြသလဲမသိဘူးဆရာ...ကျွန်တော်သွားကြည့်လိုမယ်..."
ဦးလူထိန်၏ ခွင့်တောင်းချက်ကို ဒေ၀သည် ခေါင်းသာငြိမ့်ပြလိုက်ပြီး ကိုယ့်အလုပ်သာကိုယ်ဆက်လုပ်နေလိုက်သည်။
"ဒေါက်!!!!"
အသံကြားရာကိုကြည့်လိုက်တော့ ခုံစောင်းလေးတွင် သူတင်ထားသော ပစ်တိုင်းထောင်အရုပ်ကလေးက လေတိုက်၍ထင်သည် အောက်သို့ပြုတ်ကျသွားလေသည်။
ပစ်တိုင်းထောင်အရုပ်ကလေးကို ကောက်ကိုင်လိုက်ပြီးနောက် သူ့စိတ်ထဲမှာတစ်မျိုးကြီးခံစားလာရသည်။
"ဒုန်း!!!!"
အောက်ထပ်မှ ဆူညံသံတွေက တိတ်မသွားပဲ ပစ္စည်းပစ်ပေါက်သံလိုလို ကြားလာရပြန်သည်။
သူစိတ်တွေတော်တော်ရှုပ်လာသည်မို့ အံကြိတ်လိုက်မိသည်။
"တောက်!!!ဘယ်ကောင်ကလာပြီး သောင်းကျန်းနေတာလဲ..."
အခန်းထဲမှ ချက်ချင်းထွက်လိုက်ပြီး လှေကားမှတစ်ဆင့် အောက်ထပ်သို့ ခပ်သွက်သွက်ဆင်းလာလိုက်သည်။
"ဟဲ့...မရွှေရယ်...တော်ပါတော့..."
"မရဘူး...ဒီကောင်မက လူကြီးကိုလူကြီးမှန်းမသိတဲ့ဟာမ...ရှင်တို့သိလား...ဒီကောင်မက ကျွန်မကို တောက်ပြန်ခေါက်တယ်...အဲ့ဟာမကို ကျွန်မအသေသတ်မယ်..."
အလုပ်သမားတွေနေသော အခန်းဆောင်တစ်ခု၏ အရှေ့တွင် လူတွေဝိုင်းအုံနေကြလေသည်။
ဒေါ်ရွှေရတုကိုလည်း ဝိုင်းဆွဲသူများရှိကြပေမဲ့ ဒေါ် ရွှေရတုဟာအရပ်ထောင်ထောင်
မောင်းမောင်းနှင့် လူကောင်ထွားသည်မို့ မနည်းထိန်းနေရလေသည်။
ထိန်းနေကြသည့် ကြားထဲမှ ဘေးကပစ္စည်းတွေကို ယူယူပြီး ကြမ်းပြင်ပေါ်တွင်ခွေခွေလေး ဖြစ်နေသော ကလေးမလေး၏ ကိုယ်ပေါ်သို့ ပစ္စည်းတွေနှင့် ပစ်ပေါက်လေသည်။
ကောင်မလေးမှာတော့ ကြမ်းပြင်ပေါ်တွင် သတိမေ့နေသည်လား ရှိုက်ငိုနေသည်လား မသိအောင်ပင် မျက်နှာပင်မပေါ်ပဲ ငြိမ်ငြိမ်လေးဖြစ်နေလေသည်။
"ဘာဖြစ်နေကြတာလဲ...ဟမ်!!!!"
"ဆရာ..."
ဒေ၀ ထိုအခန်းထဲသို့ ၀င်လာပြီးမေးလိုက်သည်နှင့် ဦးလူထိန်လည်း ဒေါ်ရွှေရတုကို ဆွဲထားရင်းမှ ဒေ၀၏ အနားသို့ရောက်ချလာသည်။
"ကိုဂန္တ၀င်ရဲ့ မိန်းမသူ့သမီးကိုရိုက်နှက်နေတာဆရာ..."
"ဘာ!!!!!!"
ဒေ၀တောင် အံ့ဩသွားရသည်။ဒေါ်ရွှေရတုကို ကြည့်လိုက်တော့လည်း အမေကြမ်း၀င်စီးသလို ရိုက်မယ်နှပ်မယ် တကဲကဲလုပ်နေလေသည်။
ဒေါ်ရွှေရတုက ရွှေစင်ရုပ်လွှာကို အရမ်းချစ်တာမဟုတ်ဘူးလား။ဘာကြောင့် ဒီလောက်အထိရိုက်နှက်နေရတာလဲ။
"ဦးလူထိန်...ကောင်မလေးကသတိမေ့နေတာလားမသိဘူး...တစ်ခြားအခန်းတစ်ခုခုကို ခေါ်သွားပြီး...ဆရာ၀န်ခေါ်ပြီး ပြထားပေးလိုက်..."
"ဟုတ်ကဲ့...ဆရာ..."
"ဟဲ့...နင်တို့အဲ့ကောင်မကို ဘယ်ကိုခေါ်သွားမလို့လဲ...သေရင်သေပါစေ...ကောင်မစုတ်ကိုလွှတ်လိုက်...."
"ဒီမှာ..ဒေါ်ရွှေရတု...ခင်ဗျားရဲ့ပါးစပ်ကိုပိတ်ထားလိုက်ရင် ကောင်းမယ်...ကျုပ်စိတ်ရှုပ်လာရင်...
ခင်ဗျားတို့ တစ်မိသားစုလုံးကို မောင်းချပစ်လိုက်မယ်...သတိထားနေ..."
ဒေ၀က ပိတ်ဟောက်လိုက်တာကြောင့် ဒေါ်ရွှေရတုလည်း ငြိမ်ကျသွားလေသည်။
ဒေ၀လည်း အခန်းထဲမှအပြင်ပြန်ထွက်ဖို့ ခြေလှမ်းလိုက်သည့်အချိန်တွင် ခြေထောက်အောက်တွင် တစ်ခုခုကိုတက်နင်းလိုက်မိတာကြောင့် ကောက်ကြည့်လိုက်တော့ ရီပို့ကဒ်အဖြူရောင်လေး ဖြစ်နေလေသည်။
ရီပို့ကဒ်လေးကို ဖွင့်ကြည့်လိုက်တော့ စာမေးပွဲရလဒ်တွေက တော်တော်လေးကိုဆိုးနေသည်။
နောက်ပြီး နှစ်ဘာသာတောင် ကျနေပါလား။
"ဒါကြောင့်လည်း သူ့အမေရိုက်တာနေမှာပေါ့ဟု" တွေးလိုက်မိပြီးနောက် ရီပို့ကဒ်ကို ပြန်ပိတ်လိုက်သည်။အခန်းထောင့်နားတွင်လည်း သူမ၏လွယ်အိတ်ကို တွေ့တာကြောင့် ရီပို့ကဒ်ကလေးကို လွယ်အိတ်ထဲသို့ ထည့်လိုက်စဉ်မှာတော့ အပြင်သို့တစ်ပိုင်းတစ်စထွက်နေသော စာအုပ်ကလေးတွင် ရေးထားသည့် နာမည်လေးကို ဖတ်လိုက်မိလေသည်။
"ဖြူလုံး...မြန်မာစာအုပ်..."
အံ့ဩလွန်းပြီး သူ့မျက်လုံးတွေ ပြူးကျယ်သွားရသည့်နည်းတူ လွယ်အိတ်တစ်ခုလုံးကို ကြမ်းပြင်ပေါ်သို့ သွန်မှောက်ကြည့်လိုက်ရာ ရေးစာအုပ်တွေအပြင် ကျောင်းသုံး ဖတ်စာအုပ်တွေ တစ်ခုမကျန်တွင် ထိုးထားသည့်နာမည်လေးက "ဖြူလုံး..."ဆိုသည့်နာမည်းလေးပင်။
"ဟာ...."
စာအုပ်ပေါ်တွင် လက်ရေးဝိုင်းဝိုင်းလေးနှင့် ရေးထားသော ထိုနာမည်လေးကို မျက်တောင်မခတ်စတမ်းဆိုက်ကြည့်နေမိရင်းနှင့် အာမေဋိတ်သံပါထွက်သွားသော သူ့ပါးစပ်ကို လက်နဲ့အုပ်ကာမိလိုက်ရသည်။
အသက်အရွယ် အချိန်အပိုင်းအခြားတစ်ခုအထိ သူတားဆီးထိန်းချုပ်ထားနိုင်သော ခံစားချက်စီးကြောင်းတွေဟာ မျက်ရည်အဖြစ်ပြောင်းလဲလာပြီး ထိုစာအုပ်လေးပေါ်သို့ ကျဆင်းလာသည်။
သူငိုနေတာဟာ ပျော်လွန်းလို့ဖြစ်ပြီး သူ့နှလုံးသားထဲကကို နက်ရှိုင်းစွာပျော်ရွှင်နေမိတာပါ။
တစ်ဆက်တည်းမှာပဲ သူမအပေါ်သို့အားနာမှုတွေ ကြီးစိုးလာရသည်။
အသက်လေးနှစ်အရွယ်နဲ့မလိုက်အောင် ကြင်နာတတ်တဲ့သူမဟာ သူစိမ်းတစ်ယောက်ကို ကိတ်မုန့်လေးတွေလာကြွေးခဲ့သလို သူအထီးကျန်နေတဲ့အချိန်လေးတွေမှာလည်း အဖော်ပြုပေးခဲ့တယ်။
ဒါပေမဲ့ သူကတော့ မိုးရေထဲမှာ သူမကိုစံပယ်ပန်းတွေ ခူးခိုင်းရင်း နှိပ်စက်နေခဲ့သလို သူမဒုက္ခရောက်နေတာကိုလည်း ပျော်ပျော်ကြီးကြည့်နေခဲ့မိတယ်။ သူမကဆာလောင်တို့ ကွတ်ကီးလေး ယူစားမိတာကိုလည်း သူအော်ငေါက်ခဲ့မိတယ်။
ဒေ၀ချက်ချင်းပဲ ထရပ်လိုက်ပြီးနောက် အခန်းထဲကနေ ထွက်ဖို့ပြင်ပြီးမှ ဒေါ်ရွှေရတုဘက်သို့တစ်ချက်လှည့်ကြည့်လိုက်သည်။
"ဖြူလုံးသာ တစ်ခုခုဖြစ်ရင်...ခင်ဗျားကိုအရှင်မထားဘူး..."
ဒေ၀၏ ကြိမ်းမောင်းမှုကြောင့် ဒေါ်ရွှေရတုတစ်ယောက် နားမလည်နိုင်စွာကျန်နေခဲ့လည်း
သူဂရုမစိုက်စွာပဲ အခန်းအပြင်သို့ထွက်လာခဲ့မိသည်။အခုအချိန်မှာ သူ့အတွက်အရေးအကြီးဆုံးက လက်စားချေဖို့လည်း မဟုတ်သလို သူ့ရဲ့အောင်မြင်မှု၊ဂုဏ်သိက္ခာတွေလည်း မဟုတ်ပေ။
သူ့စိတ်ထဲတွင် ရှိသည့် တစ်ခုတည်းသော ဆန္ဒဟာ လုံးလုံးကိုကာကွယ်ပေးနိုင်ဖို့တစ်ခုတည်းသာရှိလေသည်။
🍁🍁🍁🍁🍁🍁🍁
"လူနာက ...အကြောက်လွန်ပြီး ရှောခ်ရသွားတာပါ...မကြာခင်သတိပြန်ရလာပါလိမ့်မယ်...
သွေးပေါင်ချိန်တော့ ကျနေတယ်...နဖူးထိခိုက်သွားတာကိုလည်း ဂရုဆိုက်ပေးပါ...တော်သေးတာက အပေါ်ယံပဲထိတာမို့လို့ပါ...နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဂရုစိုက်ပေးစေချင်ပါတယ်..."
"ဆရာ...အစားအစာတွေက ဘာတွေရှောင်ရမလည်း..."
"အရမ်းတော့ ရှောင်စရာမလိုပါဘူး...လူနာကအားနည်းနေပုံပေါ်တာကြောင့် ကြက်သားဆန်ပြုတ်တို့...စွတ်ပြုတ်တို့နဲ့ အားရှိတဲ့အစားအစာ အကုန်ကျွေးလို့ရပါတယ်...
အဖျားသွေးနဲနဲရှိပေမဲ့...စိတ်မပူရပါဘူး...
ဒါပေမဲ့..ထမင်းတော့မကျွေးစေချင်သေးဘူး..."
"ဟုတ်ကဲ့ဆရာ...ကျေးဇူးအများကြီးတင်ပါတယ်.."
"ရပါတယ်ဗျာ...လိုအပ်တာရှိရင် ကျွန်တော့်ဆေးခန်းကို ဆက်သွယ်လိုက်ပါ...ကျွန်တော့်ကို ခွင့်ပြုပါအုံး..."
"ဟုတ်ကဲ့ပါဆရာ...ဦးလူထိန်..လိုက်ပို့လိုက်ပါဗျာ..."
ဦးလူထိန်နှင့် ဆရာ၀န်တို့ သူ့အခန်းထဲမှထွက်သွားပြီးနောက်တွင်တော့ ခုတင်ပေါ်တွင် တင်ပါးတစ်စောင်းထိုင်လိုက်ပြီး လုံးလုံး၏မျက်နှာလေးကို ငေးကြည့်နေမိသည်။
သူမရဲ့ပါးပြင်နုနုလေးကို သူ့လက်ဖဝါးနဲ့ ခပ်ဖွဖွအုပ်ကိုင်လိုက်ပြီးနောက် နူးညံ့ညင်သာစွာ ပြုံးလိုက်မိသည်။
"ကလေးက ဒီလိုမျိုးလေး အရွယ်ရောက်လာတာပဲ...ကိုကြီးအတော် အခဲ့တာပဲကွာ...ဒီလောက်ဖြူစင်လွန်းနေတည်းက ကိုယ့်ရဲ့ကလေးလေးမှန်း သိခဲ့ရမှာ...ကိုယ်ကြီးသိပ်တုံးလွန်းတယ်...ကလေးကို ကိုကြီးနာကျင်စေခဲ့မိတယ်...ကိုကြီးကိုခွင့်လွှတ်ပါနော်..."
သူကသာ ခွင့်လွှတ်ဖို့တောင်းခံနေပေမဲ့ သူမလေးကတော့ မျက်တောင်လေးတွေမှေးစင်းပြီး လှုပ်ရှားမှုတစ်စုံတစ်ရာတောင်မရှိချေ။
၀မ်းသာ ကြည်နူးမှုနဲ့အတူ ၀မ်းနည်းမှုတွေလှိုက်၀င်လာတာကြောင့် သူ့မျက်နှာညှိုးလျှော်သွားရသည်။
"ကလေးနိုးလာတဲ့အခါ ...ကိုကြီးဟာ ကလေးရဲ့ကဝိကြီးပါလို့ ဘယ်လိုပြောရပါ့မလဲ...ကိုယ်ကြီးရဲ့လက်စားချေမှုတွေမှာ ကလေးကိုပါ၀င်ပတ်သတ်လာစေမှာ မလိုလားဘူး...ဒါပေမဲ့စိတ်ချပါ..
ကိုကြီးအသက်ရှင်နေသ၍...ကလေးကိုဘယ်သူမှမထိရဲစေရဘူး...ကိုကြီးကတိပေးတယ်..."
ငြိမ်သက်နေသော သူမရဲ့နဖူးလေးအထက်ကို ဖြူစင်သော အနမ်းတို့ပွင့်ဖူးစေလိုက်မိသည်။
သူ့စိတ်ထဲမှာ သူမဟာဆယ်ကျော်သက်အရွယ် ဖြူလုံးမဟုတ်ပဲ။စကားတွေ ပလီပလာနှင့် ပြောတတ်လွန်းသော လေးနှစ်အရွယ် ဖြူလုံးလေးလို့သာ မြင်မိလေသည်။
"ကိုကြီး ချစ်တဲ့လူကို ဘယ်သူမှလာမထိစေရဘူး..."
အခန်း၂၄>>>>>ဆက်ရန်
🍁🍁🍁🍁🍁🍁🍁
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
=========================================================================
အခန်း၂၄
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
ဖြူလုံးရဲ့ စိတ်ထဲမှာ ခန္ဓာကိုယ်တစ်ခုလုံးက
ကိုင်အရိုက်ခံထားရသလို နာကျင်လွန်းနေသည်။
တစ်ဖက်မှာလည်း တစ်ခါမျှမခံစားခဲ့ဖူးသည့်နူးညံ့အိစက်သော ခံစားချက်နှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးမှုရှိလွန်းလှသည်။
ထိုခံစားချက်ကလေးကို တစ်ခါမှမရဖူးတာကြောင့် ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ဟိုလူး၊ဒီလှိမ့်လုပ်နေမိသည်။
မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက်မိစဉ်မှာတော့ ပထမဦးဆုံးမြင်လိုက်ရသည်က
မျက်နှာကျက်အမြင့်ကြီးတွင် တပ်ထားသော ရွှေသားရောင် ဖန်မီးဆိုင်းကြီးက လှပစွာခရီးဦးကြိုနေလေသည်။
ဘေးဘီကိုကြည့်လိုက်တော့လည်း ဖြူလုံးတို့သားအဖတွေနေသော အခန်းကျဉ်းကလေးထက် ဆယ်ဆလောက်ကျယ်သော အခန်းကြီးထဲတွင်ဖြစ်နေသည်။
လန့်ပြီး ထထိုင်လိုက်မိတော့ ဂွမ်းစောင်အထူကြီးထဲမှာ နစ်နေပြီး တစ်ယောက်ယောက်က တမင်တကာ စောင်တွေနဲ့ပတ်ခဲ့သလားထင်ရလောက်အောင် ထ၍မရဖြစ်နေသည်။
"ဒါဘယ်သူ့အခန်းလဲ....ငါဘယ်လိုဖြစ်ပြီးဒီကို ရောက်နေရတာလဲ..."
ကုတင်ရဲ့ခြေရင်းဘက်အခြမ်းမှာတော့ တီဗွီအကြီးကြီးတစ်ခုကိုနံရံမှာ ကပ်ထားပြီး အခန်းထဲမှာ ဆိုဖာဆက်တီငါးခုနဲ့ ကျွန်းစားပွဲတစ်ခုရှိသည့်အပြင် ဇိမ်ခံပစ္စည်းမျိုးစုံရှိနေလေသည်။
ရုတ်တရက် ဖြူလုံး၏အကြည့်တွေက အခန်းနံရံမှ အ၀တ်တွေချိတ်ထားသော ဗီဒိုဆီသို့ ရောက်သွားမိသည်။ဗီဒိုထဲတွင် ယောက်ျား၀တ်အင်္ကျီတွေကို ချိတ်ထားလေသည်။
ဒီအခန်းထဲကိုလည်း မနေ့ကဖြူလုံးရောက်ခဲ့ဖူးသလိုပဲ။
ရုတ်တရက် ဦးနှောက်ထဲသို့ မှတ်ဉာဏ်တစ်ခုက ၀င်လာပြီး နောက်မှာတော့ ကိုယ့်ပါးစပ်ကိုယ်လက်နဲ့ပြန်အုပ်မိပြီး အံ့ဩမှုတွေပြည့်လျှံကုန်သည်။
"ဒါ...ဦးဒေ၀ရဲ့ အိပ်ခန်းပဲ..."
"သမီးလေး...နိုးလာပြီလား...."
ရုတ်တရက်အခန်းတံခါးပွင့်လာပြီး
အန်တီနှင်းမြတ်က ဖြူလုံးကိုလေပြေအေးလေးနှင့် မေးခွန်းထုတ်လာသည်။
အန်တီနှင်းမြတ်က သဘောထားဆိုးသူမဟုတ်ပေမဲ့ စံအိမ်နဲ့ပတ်သတ်သမျှကို စီမံခန့်ခွဲရသည့် တာ၀န်ကိုယူထားသည်ကြောင့် မျက်နှာထားကတော့
ခပ်တင်းတင်းပင် ဖြစ်နေတတ်လေသည်။
အခု ဖြူလုံးကိုပြောနေသည့် လေသံကတော့ မနေ့တစ်နေ့ကနှင့် တစ်ခြားစီလိုပါပဲ။
"သမီးလေး...ဒီနေ့ကျောင်း မသွားချင်ရင်...အန်တီဆင်ပေါက်ကို ခွင့်သွားတိုင်ခိုင်းလိုက်မယ်လေ...."
"ရှင်...."
မျက်လုံးလေး အပြူးသားဖြစ်သွားသော ဖြူလုံးကို ဒေါ်နှင်းမြတ်က ပြုံးပြီးပြန်ကြည့်လိုက်ကာ
ဂွမ်းစောင်ကို ခေါက်ပေးလေသည်။
"အန်တီ...ဒါ..ဘယ်သူ့အခန်းလဲဟင်...ဟို..
ဦးဒေ၀ရဲ့ အခန်းတော့မဟုတ်ပါဘူးနော်...."
ဂွမ်းစောင်ကိုခေါက်ပြီး ပြန့်ပြူးအောင် လုပ်ပေးနေသော ဒေါ်နှင်းမြတ်၏မျက်နှာကို ဖြူလုံးမျှော်လင့်တကြီးကြည့်နေမိသည်။
"ဟုတ်တယ်လေ..သမီးရဲ့...သမီးအခုရောက်နေတာ ဆရာ့ရဲ့အခန်းပဲလေ...ဆရာကိုယ်တိုင်သမီးကို ဒီအခန်းထဲမှာခေါ်သိပ်ထားတာ..."
"ရှင်...."
ဒီတစ်ခါမှာတော့ ဖြူလုံးရဲ့နားထင်ကြောတွေထောင်တက်လာရလောက်အောင်အထိ ဖြစ်သွားသည်။ခန္ဓာကိုယ်ထဲမှ သွေးတွေဟာလည်း ပြောင်းပြန်စီးဆင်းသွားသလို ဖြစ်နေသည်။
ဦးဒေ၀က ဘာကြောင့်ဖြူလုံးကို သူ့အခန်းထဲအထိခေါ်သိပ်ရတာလဲ။ဖြူလုံးသိသလောက်တော့ သူကဖြူလုံးကို သိပ်မုန်းနေတဲ့ လူတွေထဲက တစ်ယောက်ဖြစ်နေတယ်ဆိုတာပဲ။
"ဆရာ့ကို တွေ့ချင်လို့လား..."
"ရှင်..."
"ဆရာက...အရေးကြီးအလုပ်ကိစ္စရှိလို့ဆိုပြီး အပြင်ခဏထွက်သွားတယ်...နေ့လည်ဆယ့်တစ်နာရီလောက်ရောက်ရင် ပြန်လာခဲ့ပါမယ်လို့ မှာသွားတယ်...အဲ့ကျမှဆရာနဲ့တွေ့လို့ရမှာ..."
"ဟမ်...သမီးကသူနဲ့ဘာလို့တွေ့ရမှာလဲ...မတွေ့ချင်ပါဘူး..."
နှုတ်ခမ်းလေးဆူကာ အတွေးများနေသော ဖြူလုံး၏ ချစ်စရာပုံစံလေးကိုကြည့်ပြီး ဒေါ်နှင်းမြတ် ပြုံးလိုက်မိသည်။
"သမီး...ကျောင်းမသွားတော့ဘူးမလား..."
"ဟာ...သွားမှာပေါ့...အန်တီရဲ့..."
"မဟုတ်ဘူးလေ...သမီးခေါင်းမှာလည်း ဒဏ်ရာနဲ့ကို..."
အန်တီနှင်းမြတ်ပြောမှပဲ နဖူးတွင်ရှိနေသောဒဏ်ရာကို သွားသတိရမိသည်။
မနေ့ညက အန်တီရွှေဟာ စိတ်ဆိုးမာန်ဆိုးနဲ့ဖြူလုံးကို သနပ်ခါးတုံးနဲ့ကောက်ပေါက်လိုက်ခြင်းပင်။ဖြူလုံးရှောင်လိုက်ပေမဲ့ နဖူးကိုရှပ်ထိသွားခဲ့သည်။ဒါတင်မကသေးပဲ ဆံပင်တွေကိုလည်းဆွဲပြီး ၊
လူကိုတအားထုနှက်ခဲ့တာကြောင့် ဖြူလုံးကြိတ်မှိတ်သည်းခံရင်း သတိလစ်သွားခဲ့သည်။
နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်သလဲ မမှတ်မိဘူးဖြစ်နေသည်။
"အန်တီနှင်းမြတ်.. သမီးကျောင်းသွားဖို့ ပြင်ဆင်တော့မယ်..."
"ဟင်..သမီးလေး...ဘယ်ကိုသွားမှာလဲ...ဒီအခန်းထဲမှာပဲ ရေမိုးချိုးလိုက်လေ...အောက်ထပ်အခန်းကိုသွားရင် သမီးရဲ့အမေက ထပ်ဆူနေပါအုံးမယ်...နောက်ပြီး ဆရာက သမီးအတွက် မနက်စာသေချာပြင်ပေးဖို့လည်း မှာသွားသေးတယ်.."
"ဗုဒ္ဓေါ...အဲ့ဒီ့လူကြီးက ဖြူလုံးအတွက် မနက်စာပြင်ပေးဖို့တောင် မှာသွားခဲ့တယ်ပေါ့...."
ဖြူလုံးက ဘုရားတမိတော့ အန်တီနှင်းမြတ်က ဖြူလုံးရဲ့ခေါင်းလေးကို ပုတ်ပေးပြီး တယုတယရှင်းပြလေသည်။
"သမီးက..ဆရာ့အပေါ်မှာအထင်အမြင်လွဲနေပုံရတယ်..ဆရာကစိတ်သဘောထားပြည့်၀တဲ့လူပါကွယ်...သူ့ဆီမှာအလုပ်လုပ်တဲ့လူမှန်သမျှကိုလည်း...အလုပ်ပင်ပန်းတာနဲ့တန်အောင် လစာကလည်း အခြားအလုပ်ရှင်တွေထက်ကို နှစ်ဆလောက်ပိုပေးတာကွဲ့...အလုပ်သမားတွေအပေါ်ကို ခွဲခြားဆက်ဆံခြင်းမရှိပဲ စာနာတတ်ပေမဲ့...
ပစားတော့မပေးဘူးကွယ်...ဆရာကသမီးလေးအပေါ်မှာသာ နူးညံ့နွေးထွေးမှု အကဲပိုနေတယ်လို့ အန်တီတော့မြင်တာပဲ...ဆရာ၀န်ပြန်သွားတာတောင် သမီးအတွက်အစိုးရိမ်လွန်နေတဲ့ ဆရာ့မျက်နှာကို အန်တီမြတ်ဖြင့် ပထမဆုံးတွေ့ဖူးတာပဲကွယ်...သမီးလေးကိုလည်း သူပဲညအိပ်စောင့်ပေးထားတာ
ကွယ့်...အန်တီတို့ကူစောင့်ပေးပါ့မယ်ဆိုလည်း ပြောမရဘူး...."
ဟိုလူကြီးရဲ့ ဘက်တော်သားလို့မပြောရဘူး။
ပြောသွားလိုက်တာမှ ဖြူလုံးသိသော ဦးဒေ၀ဆိုတာကို ယုံတောင်မယုံနိုင်ဖြစ်သွားရသည်အထိပင်။
သူကတကယ်ပဲ ဖြူလုံးအပေါ်ကို အရမ်းကောင်းပေးနေတာလားလို့လည်း သံသယများစွာ၀င်မိသည်။ဖြူလုံးရဲ့ အဖေအရင်းတောင် ဒီလိုလုပ်ပေးပါ့မလား။အန်တီနှင်းမြတ်ပြောနေတာတွေက
လိမ်နေတာတွေလည်း ပါမှာသေချာသည်။
ဘာပဲ ဖြစ်ဖြစ်ပါ။
မကြာခင် ကျောင်းသွားရတော့မှာဆိုတော့ မိဘခေါ်ဖို့ကိစ္စက ပိုအရေးကြီးနေသည်။
"အန်တီနှင်းမြတ်...သမီးကိုတစ်ခုလောက် ကူညီပေးပါလားဟင်...."
"ဘာလဲကွဲ့..."
ဖြူလုံးလည်း ရီပို့ကဒ်ကိစ္စနှင့် ကျောင်းသားမိဘခေါ်လာရမည့်ကိစ္စကို ပြောပြလိုက်တော့ အန်တီနှင်းမြတ်ကတစ်ခဏမျှတိတ်ဆိတ်သွားသည်။
ဒေါ်နှင်းမြတ်ကို ဆရာဟာအလုပ်မသွားခင်တစ်ခုမှာခဲ့တာရှိလေသည်။
"ဖြူလုံးနိုးလာရင်...ဘာပဲလိုချင်ချင်...အကုန်ဖြစ်အောင်လုပ်ပေးလိုက်ပါ...သူမနဲ့ပတ်သတ်တဲ့ကိစ္စအသေးအမွှားလေးကိုတောင် ကျွန်တော့်ကိုပြန်ပြောရမယ်.." ဟုအမိန့်ချသွားခဲ့လေတော့
ဒေါ်နှင်းမြတ်လည်း ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ချက်မချရဲဖြစ်နေသည်။
"ဒီလိုလုပ်...သမီးရယ် အခုတော့ကျောင်းကိုသွားလိုက်အုံး...နေ့လည်လောက်ရောက်ရင် အန်တီလည်းအားပြီလေ...အဲ့အချိန်လောက်လာခဲ့မယ်...
ဘယ်လိုလဲ..."
"အန်တီမြတ်..တကယ်ပြောတာနော်.."
"တကယ်ပြောတာပေါ့ကွယ်..."
ဖြူလုံးအရမ်း၀မ်းသာသွားပြီး အန်တီနှင်းမြတ်ကိုဖက်ထားလိုက်မိသည်။ဖြူလုံးရဲ့ မိထွေးကတောင် လုံး၀မလိုက်လျောပေးတဲ့ ကိစ္စကို
အန်တီနှင်းမြတ်ကလိုက်လျောပေးတာဟာ အင်မတန်ကိုမှကျေးဇူးတင်စရာကောင်းလွန်းနေသည်။
လောကကြီးမှာ ကောင်းမွန်တဲ့လူတွေလည်း အများကြီး ရှိနေသေးတာကို ဖြူလုံးဖြင့် သိပ်၀မ်းသာတာပဲ။
🍁🍁🍁🍁🍁🍁🍁🍁
"ဟဲ့...ဆုမြတ်..."
"ဘာလဲ..."
"နင်လာအုံး..."
နှောင်ဇွဲထက်ဟာ ဆယ်တန်းဘိုင်အိုအခန်း၏
ပြူတင်းပေါက်အနားမှနေရင်းနှင့် သူ့အစ်မဆုမြတ်ချယ်အား လက်ယက်၍လှမ်းခေါ်လေသည်။
အမွှာမောင်နှမတွေဆိုပေမဲ့ ဘယ်သောအခါမှမတည့်ကြတာကြောင့် ဆုမြတ်ကလည်း နှုတ်ခမ်းကြီးဆူပုပ်ကာ ပြူတင်းပေါက်အနားသို့ ကပ်သွားလိုက်သည်။
"ဘာလဲ...ပြော..."
"မြတ်ချယ်...နင့်ရုပ်ကဘာဖြစ်နေတာလဲ..."
"ဘာဖြစ်ဖြစ်ပေါ့ဟယ်...ပြောစရာရှိတာသာပြော..."
နှောင်ဇွဲထက်လည်း အစ်မဖြစ်သူကို ကြည့်မရပေမဲ့ ကိုယ့်အကြောင်းနှင့်ကိုယ်မို့ ပြောစရာရှိတာတော့ ပြောရပေမည်။
"ရော့...ဒါတွေကို ဖြူလုံးကိုပေးလိုက်...."
"ဟင်...ဘာတွေလည်း...."
"ဟဲ့...အဲ့ဒါနင့်အတွက်မဟုတ်ဘူးနော်...လျှောက်ပြီးဖွင့်ကြည့်မနေနဲ့...."
မုန့်မျိုးစုံကို၀ယ်ထည့်ထားသော အထုပ်ကြီးအား
မွှေနှောက်ကြည့်မိသော အမဖြစ်သူကိုတောင်
မသထှာသည့် နှောင်ဇွဲအား မြတ်ချယ်ကလည်း မျက်စောင်းပိတ်ထိုးပစ်လိုက်သည်။
"နည်းနည်းလေးကြည့်တာတောင် မကြိုက်ရင်လည်း ဘာလို့ဒါတွေကိုလာပေးနေသေးလဲ..."
"နင့်ကိုလည်း အရမ်းပေးချင် နေတယ်များမှတ်နေလား...ဒါတွေအားလုံးကဖြူလုံးအတွက် ၀ယ်ပေးတာ...ဘိုင်အိုကျလို့ ဘိုင်အိုဆရာမက ဖြူလုံးကိုရိုက်တယ်ဆို...ဟုတ်လား..."
"ဟဲ့...အီကိုအတန်းကကောင်...နင်ကဘယ်လိုဖြစ်ပြီး ဒီနေ့ဖြစ်တဲ့ကိစ္စကို နေ့တွင်းချင်းသိသွားရတာလဲ..."
"ငါ့ဘာသာ ဘယ်လိုသိသိပေါ့ဟာ...မေးတာပဲဖြေစမ်းပါ ကျောင်းတက်ခေါင်းလောင်းကတီးတော့မယ်..."
တစ်မအေတည်း၊ တစ်နေ့ထဲမှာမွေးထားပေမဲ့ ဒီကောင့်ကိုတစ်စက်မှကြည့်မရပေ။
တကယ့်ကို မောင်အလိမ္မာလေးပါပဲ။ဘာ၀ယ်၀ယ်ဖြူလုံးအတွက် မပါမဖြစ်ပေမဲ့ အစ်မဆိုရင်တော့ သိပ်ကပ်စေးနည်းတဲ့ကောင်။
ဖွန်ကြောင်ဖို့ဆိုရင် ဘယ်ကပိုက်ဆံတွေထွက်ထွက်လာမှန်းလည်း မသိပေ။ဒီကောင့်ကို အမြင်ကပ်လွန်းလို့ မြတ်ချယ်ကလည်း ဖြူလုံးကိုနှောင်ဇွဲ ကြိုက်နေတာမှန်း သိပေမဲ့ တမင်ကိုအောင်သွယ်မပေးတာ။ဖြူလုံးအရှေ့မှာ ဒီကောင့်မကောင်းကြောင်းတွေကိုနေ့တိုင်း ပြောမှန်းသာသိရင် ဘယ်လောက်တောင် ဒေါပွမလည်း မသိဘူး။
"ဟဲ့...နင်ဘာဖြစ်နေတာလဲ..."
"ဟင်...ဘာမှမဖြစ်ပါဘူး..."
"ဘာမှမဖြစ်ရင်...ငါမေးတာဖြေလေ..."
"အောင်မာ...နင်ကဘာကောင်မို့လို့...ငါက သံတော်ဦးတင်ရမှာလည်း...စိတ်ချနင့်မုန့်တွေကိုလေ...တစ်တန်းလုံးကိုကျွေးပစ်မယ်..."
မဲ့ကာရွဲ့ကာပြောပြီး အခန်းထဲသို့ပြန်၀င်သွားသော မြတ်ချယ်ကို ကြည့်ရင်းနှင့် နှောင်ဇွဲတစ်ယောက်တော့ အင်မတန်ဒေါသထွက်နေရလေသည်။
"ဟဲ့...မြတ်ချယ်မ...နင်လုပ်ရဲလုပ်ကြည့်နော်...
မေမေ့မိတ်ကပ်ဘူးတွေကို နင်ယူသုံးတဲ့ကိစ္စ
ငါပြန်တိုင်လိုက်မှာ...."
"ကလင်..ကလင်...ကလင်..."
အစ်မဖြစ်သူကို မကျေမနပ်ဖြစ်နေမိပေမဲ့ ကျောင်းတက်ခေါင်းလောင်းကလည်း ထိုးနေပြီမို့ အီကိုအဆောင်သို့သာ ဆောင့်ကြီးအောင့်ကြီးနှင့် ပြန်လာခဲ့ရပါလေသည်။
အမှန်တော့ ဖြူလုံးနဲ့သူငယ်ချင်းဖြစ်နေရပေမဲ့
သူဘက်ကတော့ မရိုးသားမှုလေးတွေရှိနေလေသည်။ဖွင့်ပြောချင်ပေမဲ့ သူတို့ရဲ့အသက်အရွယ်က ပညာရေးကိုသာဦးစားပေးရမည့်အရွယ်ဖြစ်တာရယ် ၊ သူဖွင့်ပြောလိုက်လို့ သူမဘက်ကငြင်းလိုက်မှ သူငယ်ချင်းဖြစ်ခွင့်လေးပါ ဆုံးရှုံးလိုက်ရမည်ကို စိုးကြောက်နေမိသည်။
ဒီနေ့လည်း ဘိုင်အိုဆရာမဟာ စာမေးပွဲကျတဲ့လူတွေကို ရိုက်တယ်လို့အသံကြားရာကနေ သူမလည်းပါသည်ဟု သူသိလိုက်ရသည်။သူမ၀မ်းနည်းနေမှာစိုးလို့ သူ့မုန့်ဖိုးနဲ့ မုန့်တွေအများကြီး ၀ယ်ပြီး ပို့ပေးချင်ခဲ့မိလေသည်။
မုန့်ပို့တဲ့အချိန်မှာ ဖြူလုံးကိုမတွေ့ခဲ့ရတာကြောင့် စိတ်က သိပ်မဖြောင့်ဘူးဖြစ်နေသည်။
"ဖြူလုံး..၀မ်းမနည်းပါစေနဲ့..."
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
အချိန်အားဖြင့် နေ့လည်ဆယ့်နှစ်နာရီခွဲနေလေပြီ။
အခုအချိန်က အတန်းပိုင်ဆရာမ၀င်တဲ့အချိန်ဖြစ်တာကြောင့် စာမေးပွဲကျသော ကျောင်းသားတွေ၏ မိဘများကဆရာမကို တစ်ယောက်ပြီးတစ်ယောက် လာတွေ့ပြီး ပြန်သွားကြလေသည်။
ဒါပေမဲ့ အန်တီနှင်းမြတ်ကတော့ ရောက်မလာသေးပေ။
ဖြူလုံးစိတ်ထဲမှာ အန်တီနှင်းမြတ်က ဖြူလုံးကိုလိမ်ပြောလိုက်ပြီလားဟု သံသယ၀င်နေမိသည်။
"ကဲ....အင်္ဂလိပ်ဖတ်စာအုပ်ထုတ်ကြ...ပြီးရင်
ယူနစ် ဆဲဗင်းက Dreams Do Come True ကိုလှန်ထား...ပထမအပိုဒ်ကို ဖတ်...."
ဆရာမ၏ အမိန့်ကြောင့် ကျောင်းသားတွေလည်း
အင်္ဂလိပ်စာအုပ်ကို လှန်လှောကာ စာဖတ်နေကြရတော့သည်။အင်္ဂလိပ်ဆရာမရဲ့နာမည်က
ဒေါ်မြင့်မြင့်ကြည်ဖြစ်ပြီး အသက်သုံးဆယ်ကျော်ပြီဖြစ်ကာ ဖြူလုံးတို့ရဲ့ဘိုင်အို အတန်းအေမှ အတန်းပိုင်ဖြစ်လေသည် ။အရိုက်လည်း ကြမ်းသည်ဟု ရာဇ၀င်ရှိသည့်နည်းတူ မျက်နှာထားကလည်း မျက်လုံးချင်းမဆုံရဲလောက်အောင်တည်သည်။
ဆရာမမြင့်မြင့်ကြည်စာမေးမည်ဆိုသည့်အချိန်ဟာ အတန်းထဲတွင် အတန်းသားများအားလုံး ခေါင်းမော့၊ရင်ကော့နေကြသော အချိန်ဖြစ်လေသည်။ခေါင်းမော့ချင်လို့မော့နေကြခြင်းမဟုတ်ပဲ ဆရာမမြင့်မြင့်ကြည်က ခေါင်းငုံ့နေသူတွေဆိုလျှင် စာမရဘူးဟုထင်ကာ စာအမေးကြမ်းသောကြောင့် ဖြစ်သည်။
ကံဆိုးချင်တော့ အင်္ဂလိပ်စာကျသော ဖြူလုံးတို့တွေကတော့ ဆရာမရဲ့သားကောင်တွေဖြစ်လာရပါတော့မည်။
"ရဲကို....မတ်တပ်ရပ်ပြီး...ဒုတိယအပိုဒ်ကို ဖတ်..."
ဒီလပတ်စာမေးပွဲမှာ အင်္ဂလိပ်ဘာသာကျသော
ရဲကို ဟာ ပထမဆုံးကံစမ်းမဲပေါက်သွားပြီမို့ ဖြူလုံးလည်း ဘုရားတနေရသည်။
ဖိနပ်ကိုမှောက်ခုံထားပြီး ခြေထောက်နဲ့နင်းထားရင် စာအမေးမခံရဘူးဆိုသည့်ကိစ္စက ကျောင်းသားတွေကြားမှာ ခောတ်ထနေတာကြောင့် ဖြူလုံးလည်း မသိမသာလေး ခုံအောက်ကို ကြည့်လိုက်မိတော့ ဖြူလုံးတို့ခုံတန်းမှ လူတွေအကုန်လုံးဟာ သူတို့ရဲ့ဖိနပ်တွေကို မှောက်ထားပြီးသားဖြစ်နေကြသည်။
ကိုယ်တစ်ယောက်ထဲပဲ ရူးတယ်ထင်မိခဲ့တာကို တစ်တန်းလုံးကရူးနေမှန်း သိသွားလေတော့ ရယ်ချင်စိတ်ကိုမနည်းထိန်းယူနေရသည်။
"ရဲကို...ဒါလေးဖတ်တာကို ဘာလို့အထစ်၊အထစ်ဖြစ်နေရတာလဲ...ပြန်ဖတ်စမ်း..."
"ဆရာမ...."
ဩရှရှအသံတစ်ခုကြောင့် ဆရာမရော အတန်းထဲမှ ကျောင်းသားတွေအားလုံး၏ အာရုံဟာ အခန်းအပေါက်၀ဆီသို့ ရောက်သွားလေတော့သည်။
နက်ပြာရောင် ပုဆိုးအကွက်ခပ်စိပ်စိပ်လေးကို
တီရှပ်အစင်းကျားလေးနဲ့ တွဲဖက်၀တ်ဆင်ထားသော အရပ်မြင့်မြင့်၊တောင့်ဖြောင့်သော ခန္ဓာကိုယ်အချိုးအစားနှင့် လူကိုမြင်လိုက်ကြတာကြောင့် အားလုံးသော လူတွေဟာ မျက်လုံးပြူးကုန်ကြသည်။
ထိုအထဲတွင် ဖြူလုံးရဲ့မျက်လုံးကအံ့သြမှုနဲ့အတူ ပို၍ပြူးကျယ်နေလေသည်။
အဘယ်ကြောင့်ဆိုသော အတန်းအပေါက်၀တွင်ရပ်နေရုံလေးတောင် လူအများ၏အာရုံကို ဖမ်းစားနိုင်လွန်းသော လူကြီးမှာ ဦးဒေ၀ဖြစ်နေသောကြောင့်ပင်။
"ဘာကိစ္စရှိလို့လဲရှင်..."
ဆရာမရဲ့မျက်နှာထားဟာ ခုဏက ရဲကိုအား
စာမေးနေသော သူမဟုတ်တော့တဲ့အတိုင်းပါပဲ။
ပြုံးကိုဖြီးနေတော့လေသည်။
အပျိုကြီးတွေများ အချိုးတွေကတစ်မျိုးပြီး တစ်မျိုးပင်။
"ဟိုမှာထိုင်နေတဲ့ ဖြူလုံးရဲ့မိသားစု၀င်ပါခင်ဗျာ..."
ဗုဒ္ဓေါ ဖြူလုံးကိုလက်ညှိုးထိုးပြီး ပြောလာတာကြောင့် ဖြူလုံးကိုယ်တိုင်ကြက်သေသေသွားရသည့်နည်းတူ အတန်းသားအားလုံးကလည်း ဖြူလုံးကိုဝိုင်းကြည့်ကုန်ကြသည်။
မြတ်ချယ်ကပါ ပုခုံးကိုလာတိုက်ပြီ "နင့်အစ်ကိုကလူချောကြီးပါလားဆိုကာ..."လေသံတိုးလေးနဲ့ပြောလာသည်။
ဖြူလုံးလည်း ဇာတ်ရည်မလည်တော့ပဲ ကြောင်တောင်တောင်ဖြစ်နေသည်။
ဆရာမကို လာတွေ့ပေးဖို့ အန်တီနှင်းမြတ်ကိုပဲ ပြောခဲ့တာပါ။ဦးဒေ၀က ဘယ်လိုရောက်ချလာရတာလဲ။?နောက်ပြီး ဒီလူကြီးက ဒီလောက်စိတ်ရင်းစေတနာ ကောင်းလိမ့်မယ်မထင်ဘူး။
ဘာအကြံနဲ့ ရောက်လာရတာပါလိမ့်။
"ဖြူလုံးရေ...နင့်အစ်ကိုကြီးလား...ဦးလေးလား...
ချောလိုက်တာဟယ်..."
"အေးဟဲ့...ယောင်းမရေ...တော်ပစ်လိုက်တော့မယ်နော်..."
"နင်တို့ဘယ်လိုတွေဖြစ်နေကြတာလည်း...ဖြူလုံးရဲ့အစ်ကိုက ငါ့အတွက်ပါနော်...ဟုတ်တယ်မလားယောင်းမလေး..."
အရှေ့အတန်းက ကောင်မတွေကပါ အနောက်ဘက်သို့ လည်လိမ်ပြီး ချီးမွှမ်းခန်းဖွင့်ကုန်ကြသလို ဘေးနားမှမြတ်ချယ်မကပါ အကြောတွေထကြွပြီး တယောင်းမထဲ မနေလေသည်။
ခက်တာက အစ်ကိုကြီးလား၊ဦးလေးလားဆိုတော့ ဘာကြီးမှန်းကို အခုထိမသိသေးသော ဖြူလုံးရယ်ပါ။
"ဖြူလုံးရေ...သမီးရဲ့ဦးလေးက စကားပြောချင်လို့တဲ့ အတန်းအပြင်ကို ခဏလိုက်သွားလိုက်ပါကွယ်..."
ဆရာမနဲ့ဘာတွေဆွေးနွေးလိုက်သလဲတော့ မသိပေမဲ့ ဆရာမပြောတဲ့အတိုင်းလိုက်နာပြီး အတန်းအပြင်သို့ လက်ပိုက်ကာထွက်လာခဲ့လိုက်သည်။
စာသင်ခန်းအပြင်ဘက်ကို ရောက်တော့ ဦးဒေ၀က ခပ်ပြုံးပြုံးကြီးနှင့်ပင် ဖြူလုံးအနားသို့ရောက်လာသည်။
"ကလေး...နောက်တစ်ခါကျောင်းမှာတစ်ခုခုဖြစ်ရင် ကိုကြီးကိုပြောနော်...အခုတော့ဒေါ်နှင်းမြတ်ပြန်ပြောမှ ကိုကြီးသိရတယ်..."
"ဘယ်လို...ဒါဆို..အန်တီနှင်းမြတ်က ဦးလေးကိုပြန်ပြောပြလိုက်တာပေါ့..."
"ဟုတ်တယ်...ကိုကြီးအလုပ်အားတာနဲ့ ဒီကိုတန်းလာလိုက်တာပဲ...ဆရာမနဲ့လည်း ကလေးရဲ့ကိစ္စကိုအများကြီးဆွေးနွေးဖြစ်ခဲ့တယ်...အရင်ကအတန်းထဲမှာ ၀မ်းတူတန်းအမြဲ၀င်တယ်ဆို အခုဘာကြောင့် အဆင့်တွေကျသွားရတာလဲ..."
စာကျက်ချိန်မရှိတာရော စာတွေကိုအသည်းအသန်ကျက်ပြီး အဆင့်ကောင်းတွေရနေလည်းပဲ ချီးကျူးပေးမဲ့လူ၊၀မ်းသာပေးမဲ့ လူက မရှိလေတော့ အဆင့်ကောင်းတွေလည်း
ရချင်စိတ်မရှိတော့ဘူးဖြစ်နေခဲ့တာပါ။
ဆယ်တန်းအောင်ရင်တောင် တက္ကသိုလ်တက်ဖို့ မတတ်နိုင်ဘူးဟု ယူဆမိတာကြောင့် ကြိုးစားချင်စိတ်တွေ ယုတ်လျော့လာခဲ့ကြောင်းကို ပြောပြချင်ပေမဲ့ ဒီလူကြီးကိုတော့ တစ်စက်မှုယုံကြည်မှုရှိမနေဘူး။
"အခုလို...ဆရာမနဲ့လာတွေ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...အတန်းထဲကို၀င်တော့မယ်.."
"နေအုံး.."
ဖြူလုံးရဲ့ လက်ကောက်၀တ်လေးကို ခပ်ဖွဖွလှမ်းကိုင်လိုက်တဲ့ သူ့ကြောင့် ဖြူးလုံးအံ့ဩတကြီးသူ့ကို ကြည့်လိုက်မိတော့ ဖြူလုံးကို သူ့အနားရောက် အောင် ဆွဲခေါ်လေသည်။
သူ့ရဲ့အခြားလက်တစ်ဖက်ကလည်း ဖြူလုံးရဲ့နောက်စေ့နေရာကို လက်ဖဝါးနဲ့အုပ်ကိုင်လိုက်တာကြောင့် သူ့ရဲ့ကြီးမာသော လက်ဖ၀ါးကြီးဟာ ဖြူလုံးရဲ့ လည်ဂုတ်အသားကို လာထိနေလေသည်။
ဖြူလုံး မျက်လုံးလေးပြူးကာ သူ့ကိုပြန်ကြည့်မိတော့ ပြုံးပြလာပြန်သည်။အလွန်းနီးကပ်စွာ မြင်နေရသော အပြုံးတစ်ခုကြောင့် ဖြူလုံးရဲ့ခန္ဓာကိုယ်ကြီးဟာ တောင့်တောင့်ကြီးဖြစ်နေကာ
မျက်လုံးတွေကလည်း မျက်တောင်မခတ်နိုင်ပဲ အဝိုင်းသားဖြစ်နေသည်။
"ညနေ...ကျောင်းဘယ်နှစ်နာရီဆင်းမှာလည်း..."
"လေး...လေးနာရီပါ..."
"ကိုကြီးလာကြိုမယ်...ကျောင်းဂိတ်ပေါက်နားမှာ စောင့်နေနော်...."
ဖြူလုံးဘာစကားတစ်ခွန်းမှ မပြောလိုက်နိုင်ခင်မှာပဲ ဦးဒေ၀ကထွက်ခွာသွားလေသည်။
ဖြူလုံးရဲ့ ကမ္ဘာကြီးပြောင်းပြန်လည်ထွက်သွားသလို ခံစားလိုက်ရပြီး ပါးစပ်အဟောင်းသားကြီးဖြစ်ကျန်ခဲ့ရသည်။
"လာကြိုမယ်တဲ့...ပြီးတော့ပြုံးပြသွားသေးတယ်...သူပဲရူးသွားတာလား...ငါပဲဂေါက်ကြောင်ဖြစ်သွားတာများလား.."
အတန်းထဲမှာ ပြန်၀င်ထိုင်လိုက်ရပေမဲ့ ထိုနေ့တွင်တော့ ဖြူလုံးတစ်ယောက် စိတ်ဂယောက်ဂယက်တွေဖြစ်ကာ အတွေးပေါင်းသောင်းခြောက်ထောင်နှင့် ဗျာများနေလေတော့သည်။
🍁🍁🍁🍁🍁🍁🍁🍁
အခန်း၂၅>>>>>ဆက်ရန်
အချိုတွေပဲ စားထားပါနော်
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

No comments:
Post a Comment