အခန်း၄၁
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"ရွှေပန်းချီရေ...ဧည့်သည်တစ်ယောက်က မင်းကိုတွေ့ချင်လို့တဲ့...သူဌေးရုံးခန်းထဲကို သွားလိုက်ပါ..."
"ဟုတ်ကဲ့...သွားလိုက်ပါ့မယ်...."
ရွှေစဉ်းစားနေမိတာက ဧည့်သည်က ဘယ်သူမို့လို့ သူဌေးရုံးခန်းမှာ လာစောင့်နေရတာလဲ။
ပုံမှန်ဆိုရင် ဧည့်တွေ့တဲ့ နေရာမှာ လာစောင့်နေရမှာ။
ကြည့်ရတာ ရွှေ့ကိုကြိုက်နေတဲ့ လူတွေထဲကမှ သူဌေးရဲ့ မိတ်ဆွေများလား။
အတွေးပေါင်းစုံတို့နှင့် စိတ်လှုပ်ရှားတာရော စိတ်၀င်စားနေတာပါရောထွေးပြီး ရွှေပန်းချီသူဌေး ရုံးခန်းအရှေ့သို့ ရောက်လာခဲ့သည်။
"ဒေါက်....ဒေါက်..."
"၀င်ခဲ့..."
သူဌေးရဲ့ အသံကိုကြားတာနဲ့ ရုံးခန်းတံခါးကိုဖွင့်ပြီး အခန်းထဲသို့ ၀င်လိုက်သည်။အခန်းထဲမှာ သူဌေးအပြင် အခြားလူတစ်ယောက်ပါ ရှိနေလေသည်။ထိုလူရဲ့ နောက်ကျောဘက်အခြမ်းကို ကြည့်နေရာမှ တဖြည်းဖြည်းနဲ့ မျက်နှာကို မြင်လိုက်ရတော့ ရွှေအရမ်းအံ့ဩသွားမိတယ်။
သူက မိုးသည်းတဲ့နေ့က ရွှေနဲ့ ကိတ်မုန့်ဆိုင်မှာတွေ့ခဲ့တဲ့လူဖြစ်သလို ဆေးရုံမှာဖြူလုံးနဲ့
ပတ်သတ်ပြီး ရန်ရှာခဲ့တဲ့လူ။
ဒါ့အပြင် မမငွေရင်ဖွင့်လို့ ထပ်သိလိုက်ရတာကတော့ သူဟာရွှေနဲ့ အနာဂတ်မှာ ခဲအိုတော်လာနိုင်တဲ့လူပဲ။
"ရွှေပန်းချီ...ဒါကကိုဒေ၀...သူ့ရဲ့ပရောဂျက်အသစ်မှာ ဆရာတို့ကုမ္ပဏီကရှယ်ယာ၀င်ထားတယ်.....ကိုဒေ၀ကို အေးအေးဆေးဆေးစကားလက်ခံ ပြောပေးလိုက်ပါ..."
"ဟုတ်ကဲ့..."
ရွှေလည်း ဘာမှန်းညာမှန်းမသိပဲ ခေါင်းညိတ်လိုက်မိတော့ သူဌေးက ရုံးခန်းထဲကနေ ချက်ချင်းထသွားသည်။ရုံးခန်းထဲမှာ ရွှေတို့နှစ်ယောက်တည်း ဘာကြောင့်ထားခဲ့တာလဲ။ရွှေ့မှာ ကိုယ့်ရင်ခုန်ခဲ့ဖူးသူနှင့်မို့ စိတ်လှုပ်ရှားရလွန်းလို့ သေနိုင်သည်အထိ နှလုံးခုန်နှုန်းတွေမြန်နေသည်။
"မင်းကို ငါမေးစရာရှိလို့ ဒီကိုခေါ်လိုက်တာ...."
"ဟုတ်...ဟုတ်ကဲ့..မေးပါရှင်..."
ကိုဒေ၀က မျက်နှာတည်တည်ကြီးနဲ့ ရွှေ့ကိုဝါးစားတော့မတတ်ပုံစံ ဖြစ်နေတာကြောင့် နည်းနည်းတော့ လန့်နေမိသည်။ပုံမှန်ဆိုရင် ယောက်ျားတွေနဲ့တောင် ရင်ဘောင်တန်းနေတဲ့ ရွှေက ကိုဒေ၀ကိုတော့ ရှိန်နေမိသည်။သူ့ပုံစံကလည်း အရပ်ရှည်ရှည် ဆံပင်ဂုတ်ထောက်လောက်ကို ဂျယ်နဲ့လှန်ဖီးထားပြီး အနောက်တိုင်း၀တ်စုံအနက်ရယ် ရွှေရောင်ကိုင်းနဲ့မျက်မှန်ပါ တပ်ထားလေတော့ အရှိန်အဝါတွေက သိပ်ထွက်နေတာကို။
"မနေ့ညက...ဖြူလုံးကို ရေကန်ထဲ ဆွဲချတဲ့ကောင်က ဘယ်သူလည်း..."
"ရှင်....ကိုဒေ၀ မေးမယ်ဆိုတာ ဒါလား..."
"ငါမေးတာကိုပဲဖြေ မင်းပြန်ပြီး မေးခွန်းထုတ်စရာမလိုဘူး...အဲ့ကောင်ဘယ်သူလဲ...နာမည်နဲ့...
သူ့ရဲ့မကောင်းကြောင်းမှန်သမျှ ငါအကုန်သိချင်တယ်..."
"ကျွန်မကို ဘာလို့ဒါတွေ လာမေးနေတာလဲ...."
"ငါ...မေးတာကိုပဲ ဖြေလို့ပြောထားတာ မမှတ်မိဘူးလား..."
"အို့...ရှင်ကအလုပ်ကိစ္စမေးရင်တော့ ဖြေရမှာပေါ့..အခုကသူများရဲ့ လူမှုရေးကိစ္စကြီး...
နောက်ပြီး အဲ့ဒီလူက ကျွန်မရဲ့ အရင်းနှီးဆုံးသူငယ်ချင်းရှင့် သိရဲ့လား...."
ဒေ၀တစ်ချက်မဲ့ပစ်လိုက်ပြီး မျက်ထောက်နီကြီးနဲ့ ရွှေပန်းချီကို စူးရဲစွာကြည့်ပစ်လိုက်သည်။ရွှေပန်းချီရဲ့ မျက်နှာမှာ ကြောက်ရွံ့သွားသော အရိပ်အယောင်တွေပေါ်ပေါက်လာမှ သူကျေနပ်စွာ ပြုံးလိုက်သည်။
"မင်း...အခုချက်ချင်းအလုပ်ပြုတ်သွားအောင်
...ငါလုပ်ပေးရမလား..."
"ရှင်...ဘာစကားပြောတာလဲ...ရှင့်မှာလုပ်ပိုင့်ခွင့်ရှိတိုင်း အလုပ်သမားတစ်ယောက်ကို အကြောင်းမဲ့ထုတ်ပစ်မယ်ဟုတ်လား...ရှင်ကတော်တော်ယုတ်မာတဲ့လူပဲ..."
"မင်းနားမလည်ဘူးလား...ငါဒီအချိန်အထိ ကြိုးစားလာခဲ့သမျှက ဒီလိုလုပ်ပိုင်ခွင့်တွေရဖို့ပဲ လျှာမရှည်နဲ့ မင်းကိုမေးနေတဲ့ကိစ္စကိုပဲဖြေ..."
"ဒီမှာ ကျွန်မအဖေက မြို့မျက်နှာဖုံး ဦးအဂ္ဂနော်..."
"အဟင်း...မင်းဆက်ပြီး... မေးတာကိုဖြေဖို့
မရွေးချယ်ဘူးဆိုရင်တော့....မင်းအဖေရဲ့
သစ်လုပ်ငန်းထဲမှာပဲ တောထဲအထိသွားပြီးဒီဇိုင်းသွားဆွဲမလား....သုန္နကမြို့မှာရှိတဲ့ ဘယ်အဆောက်အဦးကိုမှ ဒီဇိုင်းလ် ဆွဲခွင့်မရအောင် လုပ်ပေးရမလား...."
"ရှင်!!!!"
ရွှေ့မှာ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်အထိ ရင်ထဲမှာ တစ်နုပ်နုပ်နဲ့ဖြစ်နေသည်။ရွှေ့ဖေဖေဟာ မြို့မျက်နှာဖုံး သူဌေးကြီးပေမဲ့ ရွှေက တော့ ဘွဲ့ရပြီးတာနဲ့အခြားကုမ္ပဏီ တစ်ခုမှာပဲ ကိုယ့်လုပ်အားခနဲ့ကိုယ် ရပ်တည်နေခဲ့တာ။အခုတော့ ဒီကုမ္ပဏီမှာ ငါးနှစ်လောက်ပေးဆပ်ထားခဲ့တာကို အခုအချိန်ခဏလေးနဲ့ ပျောက်ပျက်သွားအောင်လုပ်ပါမယ်တဲ့ ။
မတရားလိုက်တာ။
"...ဒုန်း!!!!" "အမယ်လေး..."
သူဌေးရဲ့ စားပွဲကိုပိတ်ထုလိုက်တာကြောင့် ရွှေ့မှာ လန့်ပြီး သေးတောင်ထွက်ကျချင်သွားသည်။
ဒီလူ ကဒီလောက် ရိုင်းစိုင်းတတ်မှန်းသာ သိခဲ့ရင် ရွှေဖြင့်ကြိုက်ဖို့ စိတ်တောင်မကူးခဲ့ပါဘူး။
"ကျွန်မပြောပြရင် ရှင်သူ့ကိုဘာလုပ်မှာလဲ..."
"အဲ့ဒါ..ငါ့ကိစ္စပါ.. မင်းကိစ္စက ...ငါမေးတာဖြေဖို့ပဲ...."
"ကောင်းပြီ...ကျွန်မဖြေပါ့မယ်...သူ့နာမည်က သုတ...သူ့မိဘတွေက ဆန်ပွဲရုံပိုင်ရှင်တွေ...."
ကမ္ဘာမီးလောင်လို့ သားကောင်ကိုချနင်းတယ်လို့ပဲ ပြောပြော ရွှေကတော့ ရွှေ့ဘ၀ကြီး ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် သူငယ်ချင်းတစ်ယောက်ရဲ့ဘ၀ကို နင်းချေလိုက်မိပါပြီ။
ကိုဒေ၀ဟာ သုတကိုအရမ်းထိခိုင်နစ်နာအောင်
မလုပ်ဖို့ပဲ ဆုတောင်းရပါတော့မည်။
ဒါပေမဲ့ ရွှေ့ဆုတောင်း ပြည့်မယ်မထင်ပါဘူးလေ။ရွှေ့လို မိန်းကလေးတစ်ယောက်ကိုတောင်
ခြိမ်းချောက်မှု ဒီလောက်ပြင်းထန်နေရင် ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့သုတကို သူဘယ်လိုအပြစ်ပေးမလဲ ခန့်မှန်းနိုင်ပါတယ်။
ရွှေဒေါသ ထွက်နေမိတာကတော့ ဖြူလုံးဆိုတဲ့ ကောင်မကိုပဲ။သူသာ နံ့ကြောဆွဲပြီး သုတအနားကို မသွားခဲ့ရင် ဒီလိုတွေဖြစ်လာရမှာမဟုတ်ဘူး။
အခုလည်း သူချွန်လိုက်လို့ပဲ နေမှာ။
ငချွန်မကို မှတ်လောက် သားလောက်အောင်တော့ ပညာပြမှဖြစ်မယ်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ရေသန့်စက်ရုံကြီး အထဲသို့ ကားတစ်စီးဟာ အရှိန်နှင့်မောင်း၀င်လာလေသည်။ကားပေါ်မှ လူနှစ်ယောက် အရင်ဆင်းလာပြီးနောက် နောက်ထပ်နှစ် ယောက်မှာ မျက်လုံးမှာပိတ်စအနက်စည်းထားခြင်းခံရတဲ့အပြင် ထိုး ကြိတ်ခံစားရ၍
မျက်ခုံးနေရာမှ သွေး စီး ကြောင်းထနေသော သုတကို ကားပေါ်မှ ဆွဲချလိုက်ကြသည်။
"ခင်ဗျားတို့...ကျုပ်ကိုဘာလုပ်ကြမလို့လဲ...အခုချက်ချင်းလွှတ်ပေးနော်...အာ့!!!!"
သုတမှာ တင် ပါးကနေစောင့်အ ကန် ခံလိုက်ရသည်မို့ မြေပြင်ပေါ်သို့ ၀မ်းလျှားမှောက်လျှက် သား လဲ ကျသွားသည်။
ဆန်အိတ်တွေအများကြီးမှာတဲ့ အော်ဒါကျလာလို့ အဖေကသူ့ကိုကိုယ်တိုင်သွားပို့ခိုင်းတာမှာ လမ်းမှာ ကားတစ်စီးက ကန့်လန့်ဖြတ်၀င်တားခဲ့သည်။ဆန်တင်တဲ့ကားပေါ်ကနေဆင်းကြည့်လိုက်တော့ တစ်ဖက်ကားမှ လူတွေကဆင်းလာပြီး သူ့ကို
ထိုး နှက်ကြယုံတင်မကပဲ မျက်လုံးကိုပါ အ၀တ်စည်းပြီး ခေါ်လာခဲ့ကြသည်။
"ဟေ့...ဘာကြည့်နေကြတာလဲ...ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူး....ဟေ့ကောင်...မင်းလာခဲ့..."
ရေသန့်စက်ရုံဖွင့်ချိန်ဖြစ်တာကြောင့် အပြင်မှာရှိသည့်အလုပ်သမားတွေလည်း ကြည့်မိယုံနှင့်
အအော်ငေါက်ခံလိုက်ရလေသည်။
ပြီးနောက် သုတကို ပြန်ထူမလိုက်ကြကာ ရေသန့်စက်ရုံကြီး၏ အမှောင်ကျနေသော အခန်းတစ်ခုထဲသို့ ခေါ်လာခဲ့လိုက်သည်။
သုတကတော့ မျက်လုံးကို အစည်းခံထားရတာကြောင့် ဘယ်နေရာမှန်း မခန့်မှန်းတတ်အောင် ဖြစ်နေပါသည်။
"ဆရာ...ဒီကောင့်ကို ခေါ်လာပါပြီ..."
ဒေ၀ကတော့ နှုတ်ခမ်းတွေကို ချက်ချင်းမဲ့ချလိုက်ပြီး ဖွာရှိုက် နေသည့် စီးကရက်ကိုပစ်ချ နင်းချေ ပစ်လိုက်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သုတရှိရာဆီသို့
တဟုန်းထိုးပြေးသွားပြီး မေးရိုးကိုပင့် ထိုးချလိုက်သည်။
"အား...ဘယ်သူလည်း....ဘယ်ကောင်လည်း...
ကျုပ်ကိုဘာရန်ညှိုးရှိလို့ ဒီလိုလုပ်ရတာလဲ...."
"အဟင်း...သိပ်ရှိတာပေါ့...ငါတန်ဖိုးထားတဲ့ ပန်းကလေးတစ်ပွင့်ကို မင်းခြေမွှပစ်ဖို့ ကြိုးစားခဲ့တာက အပြစ်ပဲ....မင်းရဲ့အပြစ်ကို ငါကဆေးကြောပေးတော့မှာ..."
လက်ကို ကြိုးတွေတုပ်ထားသည့်အပြင် မျက်လုံးကို လည်း အ၀တ်စနှင့်စည်းထားသည်ကြောင့် သုတဟာ သူ့ပတ်၀န်းကျင်က လှုပ်ရှားမှုတွေကို သိနိုင်ဖို့ နားနဲ့သာ အလုပ်လုပ်နေရသည်။
သူ့ကိုစကားပြောလိုက်တဲ့ လူရဲ့အသံဟာ အသံတုံးကြည်လင်ပျက်သားပြီး လူငယ်ဆန်သည့်
အသံမပေါက်တာကြောင့် သေချာတယ် အသက်၄၀ကျော်...သုံးဆယ်နီးပါး အရွယ်လောက်ပဲ။
"ခင်ဗျား...ဘာတွေလာပြောနေတာလဲ...ကျုပ်ခင်ဗျားပြောတာတွေ တစ်ခုမှနားမလည်ဘူး.
ကျုပ်ကို အခုလွှတ်ပေး...လွှတ်ပေး!!!!...."
"ဟေ့ကောင်..မင်းကိုငါ ဒီနေရာအထိ ခေါ်လာတာ အလွယ်လေး ပြန်လွှတ်ပေးလိုက်ဖို့လို့ ထင်နေတာလား...စိတ်ချ ငါ့ဆီကနေလွတ်သွားလည်း...မင်းရဲ့အိမ်ကို မပြန်နိုင်စေရဘူး....ငရဲပြည်ကိုတန်းပို့ပေးမယ်..."
"ခွေးကောင်...မင်းဘာစကားပြောတာလဲ...အာ့!!!!
.
လေလို အဟုန်နဲ့မြှောက်တက်လာတဲ့ ကန်ချက်က သုတရဲ့၀မ်းဗိုက်တည့်တည့်သို့ ထိချက်ပြင်းသွားပြီး ချက်ချင်းပက်လက် လန်ကျသွားသည်။
သုတမှာ လက်ကိုနောက်ပြန်ကြိုးတုပ်ခြင်း ခံထားရတာကြောင့် မလူးသာ၊မလွန့်သာ အခြေအနေဖြစ်နေသည်။
"ခင်ဗျား..သရဲဘောကြောင်တဲ့လူ...သတ္တိရှိရင်...ကျုပ်မျက်လုံးကအ၀တ်စကို ဖြည်ပေးလိုက်စမ်းပါ..၀မ်းဘိုင်၀မ်း ချမယ်...ဟမ်!!!!...."
ထိုသို့စ၍စိန်ခေါ်လိုက်တဲ့အချိန်မှာ သုတရဲ့နားထဲ တွင် ပထမဦးဆုံးကြားလိုက်ရသည်က သူ့ဆီသို့ လာနေဟန်ရှိတဲ့ ရှူးဖိနပ်သံ။ဟန်ချက်ညီညီနဲ့ အေးဆေးတည်ငြိမ်စွာ လျှောက်လာနေမှန်းသိသာတယ်။
"အာ့....ခင်ဗျား...."
သူ့ရဲ့အိင်္ကျီလက်ပင်းစကို ဆွဲဆုပ်ခြင်းခံလိုက်ရတာကြောင့် လည်ပင်းအစ်သွားသည့်နည်းတူ
သူ့ရဲ့နားအနားသို့ ကပ်ပြီး ပြောလိုက်တဲ့ စကားတစ်ခွန်း။
"မင်းလိုအဆင့်က ငါနဲ့လက်သီးချင်း ယှဉ်ထိုးရလောက်အောင်..တန်လို့လား....."
"ငါ့ကောင်တို့.....စလိုက်တော့...."
ဒေ၀ရဲ့ အမိန့်ပေးသံအဆုံးမှာ သုတရဲ့လက်နှစ်ဖက်အား ဆောင့်ဆွဲလိုက်ကြပြီး ကြမ်းပြင်မှာ
ဒရွတ်တိုက်လုနီးပါး ဆွဲ ခေါ်လာလိုက်ကြသည်။
ဘားတန်းတစ်ခုမှ အဆင်သင့်တွဲချည်ထားသော ကြိုးကို ဆွဲယူလိုက်ကြပြီးနောက် လူလေးယောက်
လောက်က ရုန်းကန်နေသည့် သုတကိုဝိုင်းချုပ်ထားလိုက်ကြသည်။သုတရဲ့ ခန္ဓာကိုယ်ကို ဇောက် ထိုးအနေအထားအဖြစ်အောင် ကြိုးနဲ့ဆွဲ ထားလိုက်ပြီးနောက် ပါးစပ်ကိုလည်း
အသံမထွက်အောင် အ၀တ်စနဲ့ ဆို့ ထားလိုက်ကြသည်။ရစ်လုံးမှာပတ်ထားတဲ့ ကြိုးတစ်စကို ဆွဲလိုက်တဲ့အခါမှာတော သုတရဲ့ခန္ဓာကိုယ်ဟာ
ရေတွေအသင့်ဖြည့်ထားတဲ့ ကန်ကြီးရဲ့အလည်တည့်တည့်ကို ရောက်သွားတော့သည်။
"အူး....အူး......"
နောက်ဆုံးအော်သံအဆုံးမှာ ကြိုးစကိုဆွဲထားတဲ့လူက လက်ကိုအရှိန်လျှော့ချလိုက်တာကြောင့် သုတရဲ့ဦးခေါင်းက ရေကန်ထဲသို့ ဇောက်ထိုးကြီး ကျသွားတော့သည်။
ဒေ၀ကတော့ ထိုင်ခုံပေါ်မှာ ချေချိတ်ထိုင်နေရင်းနှင့်ပင် ဇိမ်ပြေနပြေ ကြည့်နေလိုက်သည်။အမှန်ဆို ဒီကောင်ရဲ့အခုပုံစံကို ဖြူလုံးကိုမြင်စေချင်တာ။ လုံးလုံးကို အနိုင်ကျင်တဲ့လူမှန်သမျှ ကိုကြီးက ဒီလို အပြစ်ပေးမှာလို့ သူမကိုသိအောင် ပြောပြချင်တယ်။ဒါပေမဲ့ သူမသာဒီဖြစ်ရပ်ကိုတွေ့သွားရင် ကျေးဇူးမတင်တဲ့အပြင် ဒေ၀ဆိုတဲ့ ဒီကောင်ကြီးကို သိပ်ကြောက်သွားမှာ သေချာတယ်။
ငယ်ငယ်က လေးနှစ်အရွယ် ကလေးမလေးကို
ဒေါ်ရွှေရတုတို့ အနိုင်ကျင့်နှိပ်စက်တာတွေ
ပြူတင်းပေါက်နားကနေ ကြားခဲ့ရပေမဲ့ ဘာမှ
မတုံ့ပြန်နိုင်ခဲ့ဘူး။နိမ်ချဆက်ဆံခံရလွန်းတော့ ကလေးမလေးက သိပ်ကိုကြောက်တတ်လာတယ်ထင်ပါရဲ့။သူများ အနိုင်ကျင့်လိုက်တာကို အတင်းဖြစ်ညှစ်မေးတာတောင် ပြန်မဖြေရဲခဲ့ဘူး။
ဒီကောင်မလေးကို သူမှမကာကွယ်ပေးရင်
ဘယ်သူတွေက လာပြီးကာကွယ်ပေးမှာလဲ။
"အူး...အူး...."
ဒေ၀ရဲ့ တပည့်က ကြိုးကိုခပ်တင်းတင်းပြန်ဆွဲလိုက်တာကြောင့် သုတာဟာ ရေပေါ်ကိုပြန်မြှောက်တက်လာသည်။ ပါးစပ်မှလည်း အ၀တ်စဆို့ထားခံရတာကြောင့် တအူးအူးတအားအား အော်ဟစ်ရုန်းကန်နေလေသည်။
နောက်တစ်ကြိမ် ကြိုးကို ထပ်လွှတ်လိုက်ချိန်မှာတော့ လေကို၀အောင် မရှူနိုင်သေးခင်မှာတင် ရေထဲသို့ခေါင်းပြန်ဆိုက်သွားလေသည်။
ခန္ဓာကိုယ်က ရုန်းကန်နေပေမဲ့ အချည်းနည်းပါပဲ။
မျက်လုံးကိုအ၀တ်စနဲ့စည်းခံထားရတဲ့အပြင် ပါးစပ်မှလည်း စကားတစ်ခွန်းတောင် အော်ခွင့်မရှိတဲ့ ဘ၀ဟာ ဘယ်လောက်ခံစားရခက်နေမည်လဲ။လက်တွေ ၊ခြေထောက်တွေကလည်း ကြိုးနဲ့တင်းတင်း စည်းနှောင်ခြင်း ခံထားရတော့ သုတအဖို့ သေရတော့မည့်အချိန်ကို စောင့်ဆိုင်းနေရသလို ဖြစ်နေလေပြီ။အသက်ရှူကျပ်ပြီး သေရတော့မည်ဟု ထင်လိုက်မိသည့်အချိန်တိုင်း လေထဲသို့ ပြန်မြှောက်တက်သွားရပြီး လေကိုအပြင်းအထန်ရှူရှိုက်ဖို့ အားထုတ်နေစဉ်အတွင်းမှာပဲ ရေထဲသို့ ပြန်ရောက်သွားရပြန်သည်။
"အူး..အူး...."
"အ၀တ်စကို ဖယ်လိုက်တော့...."
"အား...ကျုပ်တော်တောင်းပန်ပါတယ်...ကျုပ်ကို အခုချက်ချင်း လွတ်ပေးရင် ခင်ဗျားဖြစ်ချင်တာ...လိုချင်တာမှန်သမျှ အားလုံးပေးပါ့မယ်..ကျုပ်ကို မသတ်ပါနဲ့...ကျုပ်တောင်းပန်းပါတယ်...ခင်ဗျားဘာလိုချင်လည်းသာပြောပါ...ကျုပ်ပေးပါ့မယ်...အခုချက်ချင်းပေးပါ့မယ်...ကျုပ်ကိုလွှတ်ပေးပါ...မသတ်ပါနဲ့ဗျာ...."
ပါးစပ်ပေါက်ကို ဖွင့်ပေးလိုက်တာနဲ့ စကားတွေ
ပလုံစီပြီး ထွက်လာတာကြောင့် ဒေ၀မှာ နားတွေငြီးလာပြီး မျက်ခုံးတစ်ဖက်တွန့်တက်သွားတာ နားထင်ကို လက်ညှိုးပွတ်လိုက်မိသည်။
"စိတ်ချပါ...ကိုယ့်လူရာ...ကိုယ်မင်းကို မသတ်ပါဘူး...ထောင်ထဲကိုပဲ အေးအေးဆေးဆေးလေး ၀င်ခိုင်းမှာ စိတ်ချ...."
"ခ..ခင်ဗျားဘာပြောလိုက်တယ်..."
ဒေ၀က သူ့တပည့်တွေအား အပေါ်မှကြိုးကိုလက်ညှိုးထိုးပြပြီး ဖြည်ခိုင်းလိုက်တာကြောင့် တပည့်တွေကလည်း ချက်ချင်းပဲ ကြိုးကို ရေကန်အပြင်ဘက်သို့ ရောက်အောင်ဆွဲလိုက်ကြသည်။
ကြမ်းပြင်ပေါ်သို့ ခြေထောက်ချမိသည်နှင့် သုတရဲ့ခန္ဓာကိုယ်ဟာ ဖြူဖက်ဖြူလျှော်ဖြစ်နေသည့်အပြင် ချမ်းလွန်း၍ တဆက်ဆက်တုန်ယင်နေလေသည်။
"မင်းရဲ့ သူငယ်ချင်းသုံးယောက်တိတိ အခုဆိုရင်ငါ့လက်ထဲမှာ ရောက်နေကြပြီ...မူး ယစ်ဆေး ဝါးကို ကိုယ်တိုင်သုံးယုံတင်မကပဲ မှောင် ခိုရောင်း၀ယ်တဲ့ ကိစ္စကြောင့်ရောပေါ့...သူတို့က မင်းကိုလည်းချန်မထားပါဘူး...ငါအကုန်အသံဖမ်းထားပြီးပြီ...
မကြာခင်မှာ ထောင်ထဲမှာ ပျော်ပျော်ကြီး စံမြန်းပေတော့...ဟား..ဟား.."
"ခင်ဗျား...ခင်ဗျားတော်တော်ကောက်ကျစ်တဲ့လူပဲ...ခင်ဗျားကို ကျုပ်အားလုံးပေးမယ်လို့ ပြောထားပြီးပြီလေ...အခုချက်ချင်းကျုပ်ကိုလွှတ်ပေး...အာ့...."
အတင်းရုန်းကန်ပြီးပြောနေသည့် သုတကို ဒေ၀ရဲ့တပည့်က ခြေသလုံးကိုဖြတ်ကန်လိုက်တာကြောင့် ဒူးထောက်ကျသွားလေသည်။
ဒါလည်း အရှုံးမပေးသေးပဲ အော်ဟစ်ဆူညံနေပြန်သည်။
"ခင်ဗျားကို ကျုပ်သ တ်မယ်...ကျုပ်ကိုအခုလွှတ်ပေး..အား...လွှတ်ပေး....ခင်ဗျားကြီး ကျုပ်ကိုထောင်ထဲ ပို့ရဲရင်ပို့ကြည့်စမ်းပါ....လွှတ်...."
"ဟေ့ကောင်တွေ...ငါနားညီးလာပြီကွာ...သူ့အကောင် သုံးကောင်နဲ့ပေါင်းပြီး...ရဲစခန်းကိုခေါ်သွားလိုက်တော့...အသံဖိုင်ပါယူသွား...
မြို့တော်၀န် ပို့ခိုင်းလိုက်တာလို့ပြော...."
"ဟုတ်ကဲ့...ဆရာ...."
သူ့တပည့်ကျော်တွေဟာ သုတကိုအခန်းထဲမှ ဆွဲခေါ်သွားပြီးနောက်မှာတော့ သူလည်း ပြိုင်ကားပေါ်သို့တက်လိုက်ပြီး စံအိမ်သို့ ပြန်လာခဲ့လိုက်သည်။
မနက်ဖြန်ဆိုရင် ဟိုတယ်နဲ့ ရီဇော့်တ်ဆောက်နေတဲ့ ရိုးမတောင်းတန်းတွေဆီကို ပြန်သွားရတော့မှာဆိုတော့ ဒီနေ့ ဖြူလုံးရဲ့ အနားလေးမှာ သူရှိနေချင်သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ကားကို ပေါ်တီကိုအောက်မှာ ရပ်လိုက်ပြီးနောက် ကားသော့ကို အိင်္ကျီအတွင်းဘက် အိတ်ကပ်ထဲမှာ ထည့်လိုက်သည်။သူ့ခြေလှမ်းတွေရဲ့ ဦးတည်ရာဟာ ဖြူလုံးတို့သားအဖရှိရာအခန်းဆီသို့ပင်။
အခန်းအရှေ့ကို ရောက်တော့ တံခါးကို အသာဖွင့်ကြည့်လိုက်မိသည်။ဖြူလုံးဟာ မွေ့ယာလေးအပေါ်မှာ ငြိမ်ငြိမ်လေး အိပ်နေသည်။
ဦးဂန္တ၀င်က ကိုယ့်သမီးအပျိုပေါက်စလေးကို
နေမကောင်းနေတဲ့ ဥစ္စာ ဘာလို့တစ်ယောက်တည်းထားခဲ့ရတာပါလိမ့်။
သူ့မှာတော့ တွေးရင်းနဲ့ လုံးလုံးရဲ့အဖေကို ဒေါသထွက်နေမိပေမဲ့ သူမကတော့ အသက်ရှူနှုန်းမှန်မှန်နဲ့ အိပ်ပျော်နေသည်။
"ကိုယ်ဘယ်လိုလုပ်ရမလဲ ဖြူလုံး...မင်းနဲ့ပတ်သတ်ရင်...ကိုယ်ဘယ်လိုမှ သည်းမခံနိုင်ဘူး...
လုံးလုံးကို အနိုင်ကျင့်ခဲ့တဲ့လူကို ဒီနေ့ အပြစ်ပေးခဲ့တယ်..ကျေနပ်ရဲ့လားဟင်..."
သူမကတော့ သူ့စကားတွေကို မကြားပေမဲ့လို့ သူရင်ဖွင့်နေမိသည်။
အမြဲအေးဆေးတည်ငြိမ်စွာပဲ ဘယ်အရာကိုမဆို ဆုံးဖြတ်ချက်ချမှတ်လေးရှိတဲ့ ဒီကောင်ကြီးက အခုတော့ နေ့တွင်းချင်း အစီအစဥ်တွေ
ကောက်ချပြစ်လိုက်မိပြီ။ မင်းနဲ့ ပတ်သတ်ရင် မင်းရဲ့အဖေကိုတောင် ကိုယ်မကြိုက်ဘူး။
မင်းကိုအခြားသူတွေက ကိုယ်အမူအရာနဲ့ပဲဖြစ်ဖြစ် နှုတ်နဲ့ပဲဖြစ်ဖြစ် စော်ကားပြောဆိုရင်လေ အဲ့ဒီလူကိုကိုယ်သိပ် ဒေါသထွက်တာပဲ။
ဘာကြောင့်မှန်းမသိပဲ တောင်ပေါ်မှာ ရောက်နေစဉ်မှာလည်း မင်းကိုပဲလွမ်းနေမိတယ်။
မင်းကိုပဲ တစ်ချိန်လုံးထိုင်ကြည့်ချင်နေတယ်။
မင်းရဲ့အသံလေးကိုပဲ ကိုယ်အမြဲကြားချင်နေမိတယ်။မင်းစိတ်ကောက်ရင် ကိုယ်မနေတတ်သလို မင်းရဲ့မျက်ရည်တွေကိုမြင်ရင် ကိုယ်ဒေါသထွက်လာတတ်တယ်။
မင်းရဲ့ ဟန်ပန်အမူအရာလေးတွေကအစ ကိုယ်မြတ်နိုးနေမိတာဟာ အချစ်တစ်ခုဖြစ်တည်လာတာများလား။
ဒါပေမဲ့ မင်းကို ကိုယ့်စိတ်ထဲမှာ ညီမလေးလိုပဲသဘောထားတာလေ။ကလေးပဲရှိသေးတာကို
ငါဘာတွေစိတ်ကူးယဉ်နေမိတာလဲ။
တစ်ယောက်ထဲ အိပ်နေသူလေးရဲ့ဘေးမှာ ခေါင်းတွေခါလိုက် မျက်နှာကြီးရှုံ့ပြီး ဆံပင်တွေကို သပ်တင်လိုက် လုပ်နေရင်းမှ ....
"အင်း...ကိုကြီး...မသွားပါနဲ့...မထားခဲ့ပါနဲ့..."
သူ့ကို အိပ်မက်ထဲအထိ ထည့်မက်ပြီး ညီးတွားနေသည့် ကောင်မလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးကို မျက်တောင်မခတ်စတမ်း ငေးကြည့်နေမိသည်။
ရုတ်တရက်ဆိုသလို ခုန်ပေါင်ပြေးလွှားမှု အရှိန်မြင့်တက်လာတဲ့ နှလုံးသားရှိရာ ရင်အုံနေရာသို့ လက်နဲ့အုပ်ထားလိုက်မိသည်။
ငါ ဘာလို့နှလုံးသားတွေ အရမ်းခုန်နေရတာလဲ။
နှလုံးရောဂါလည်း မရှိပါဘူး။
ဘယ်လိုပဲ ကိုယ့်ကိုကိုယ် ဖြေသိမ့်နေမိပေမဲ့ နှလုံးသားလေးက မြင်းရိုင်းတစ်ကောင်ကဲ့သို့
ကစုန်ပေါက်နေလေသည်။
စိတ်ကိုတည်ငြိမ်အောင် လေ၀င်လေထွက်ကို တဖြည်းဖြည်းရှူနေလည်း မရဘူး။
ကြည့်ရတာ အသက်သုံးဆယ်နားနီးမှ ပထမဆုံး
ဖြစ်တည်လာမှုကို ဘယ်လိုမှတားလို့ရမည်မထင်တော့ပါဘူး။
သူ့မရဲ့ နှုတ်ခမ်းဖူးဖူးလေးကို အကြည့်ရောက်မိတိုင်းလည်း သူ့အာခေါင်တွေခြောက်သွေးလာပြီး သထွေးတွေသာ အဆက်မပြတ်မျိုချနေမိသည်။
"ကိုယ့်ကို...ခွင့်လွှတ်ပါဖြူလုံး...."
မျက်လုံးတွေကို စုံမှိတ်ချလိုက်ပြီးနောက် သူမရဲ့ မျက်နှာအနားသို့ သူတိုးတပ်သွားလိုက်မိသည်။
"မင်း...ဘာလုပ်နေတာလဲ..."
သူ့ပခုံးကို တစ်စုံတစ်ယောက်က ဆွဲလှည့်လိုက်တာကြောင့် သူ့လည်းလန့်ပြီး ဖင်ထိုင်လျှက် လန်ကျသွားသည်။အပေါ်ကို မော့ကြည့်လိုက်မိတော့
သူ့ကို မျက်ထောင်နီကြီးနဲ့ ဒေါသတကြီး ကြည့်နေသည့် ဦးဂန္တ၀င် ။
"ငါတို့ သားအဖက မင်းအိမ်မှာနေရတယ်ဆိုပြီး သက်သက်အခွင့်ကောင်းယူတာပဲ...မင်းယုတ်မာလှချည်လား...."
"ကျွန်တော်...ယုတ်မာတာမဟုတ်ဘူး..."
"ဒါဆို...ခုဏက မင်းငါ့သမီးကို ဘာလုပ်မလို့လဲ...
ငါမကန်းဘူး..."
"ကျွန်တော်...."
"အခုချက်ချင်း...ဒီအခန်းထဲကနေ ထွက်သွားပေးပါ..မင်းအိမ်မို့လို့ ထွက်မသွားပေးနိုင်ဘူးဆိုလဲ...
ငါ့သမီးလေးကို ချင်ချင်းနှိုးပြီး ထွက်သွားလိုက်မယ်..."
ဒေ၀လည်း ဘာမှထပ်မပြောချင်တော့တာကြောင့် အခန်းထဲမှ ချက်ချင်းထွက်လာလိုက်သည်။အပေါ်ထပ်သို့ တက်နေသည့် လှေကားတစ်ထစ်ချင်းဆီတိုင်းမှာလည်း အတွေးပေါင်းများစွာ
၀င်ရောင်လာလေသည်။
ဟုတ်တယ်။ငါအမှားတစ်ခုကို ကျူးလွန်လိုက်မိပြီ။ဖြူလုံးဆိုတာ အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်။ဒါ့အပြင်အခုမှ ဆယ်ကျော်သက်အရွယ်လေးပဲ ရှိသေးတယ်။ဒီအရွယ်က ပညာရေးကိုပဲ အာရုံဆိုက်ရမဲ့အရွယ်။ အခုငါဘာလုပ်နေမိတာလဲ။ကိုယ်ပျိုးတဲ့ ပန်းလေးကို ကိုယ်တိုင် အညှာအတာမဲ့ ခူးယူသိမ်းထားဖို့ ကြံနေမိတာပါလား။
အခန်းထဲသို့ ရောက်သည်နှင့် မနက်ဖြန်ခရီးအတွက် အသင့်ထုတ်ပိုးထားသည့် ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး အောက်ထပ်သို့ အပြေးလေးပြန်လာလိုက်သည်။
"ဒေါ်နှင်းမြတ်...ဒါရိုင်ဘာကို သွားခေါ်စမ်း..."
"ဟင်...ဆရာ...အခုမှပြန်ရောက်တယ်..
ကျောပိုးအိတ်ကြီးလွယ်ပြီး ဘယ်ကိုသွားမလို့လဲ..."
"ကျုပ်...တောင်ပေါ်ပြန်တက်မလို့..."
"ဟယ်...မနက်ဖြန်မှဆို...."
"လျှာမရှည်စမ်းနဲ့ဗျာ...ဒါရိုက်ဘာကိုသာ သွားခေါ်..."
"ဟုတ်...ဟုတ်ကဲ့ပါ...."
ဒေါ်နှင့်မြတ်ထွက်သွားတာနဲ့ ကားဆီသို့ သွားပြီး ကားပေါ်မှာ တက်ထိုင်နေလိုက်သည်။
မျက်လုံးတွေကို မှိတ်ချလိုက်ပြီး မျက်မှန်ကိုလည်း ချွတ်ပစ်လိုက်သည်။
အဝေးမှာ ရှိနေခြင်းကသာ အရာအားလုံးရဲ့အဖြေပဲလို့ မှတ်ယူလိုက်သည်။
ဖြူလုံးကို အခြားအဓိပ္ပာယ်တစ်ခုနဲ့ ချစ်မိလို့
မဖြစ်ဘူး။
အခန်း၄၂...ဆက်ရန်
🍁🍁🍁🍁🍁🍁🍁🍁
ချစ်မိတာကို ထွက်ပြေးသတဲ့ ဒေ၀ရယ်
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း
=========================================================================
အခန်း၄၂
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"သေချာလို့လားရွှေရယ်..."
"အစ်မ...နင်တော်တော်မွှန်နေတာလားဟာ..မနေ့က ငါကိုယ်တိုင်ကြုံခဲ့ရတဲ့ကိစ္စဟ....နင့်လူကြီးက ..နင့်မျက်နှာကိုမှမထောက်...ငါ့အလုပ်ထိတောင် လာပြီးသောင်းကျန်သွားတာ..တကယ်ကို စိတ်ဓာတ်က အောက်တန်းကျတယ်....အခုလည်း
ငါ့သူငယ်ချင်းလေးယောက်လုံး အချုပ်ထဲရောက်နေပြီ...မူးယစ်ဆေးဝါးအမှုနဲ့ ...ရင်ဆိုင်နေရတယ်...အဲ့ဒါနင်ဘယ်လို ဖြေရှင်းပေးမှာလဲ....ငါ့ဘ၀မှာ ပထမဆုံးအကြိမ် ခြိမ်းခြောက်ခံလိုက်ရခြင်းပဲ...အသဲနာလို့ကို မဆုံးဘူး..."
ဆေးရုံကနေ ဂျူတီအချိန်ပြီးလို့ စောစောပြန်လာမိကာမှ ညီမဖြစ်သူရွှေပန်းချီက ရောက်ရောက်ချင်း အခန်းထဲကို ၀င်လာပြီး တိုင်ချက်ဖွင့်နေသည်။
ကိုကို ဘာလို့ ညီမလေးကို သွားခြိမ်းခြောက်ရတာလဲ။
ကိစ္စတစ်ခုခုဆိုရင် ငွေနဲ့အရင်တိုင်ပင်သင့်တာပေါ့။ငွေက ကိုကို့ချစ်သူမဟုတ်တဲ့အတိုင်းပဲ ညီမလေးရဲ့အလုပ်အထိ ပြဿနာသွားရှာတယ်တဲ့။ဒါ ငွေ့သိက္ခာကို တမင်စော်ကားလိုက်တာပဲ။ငွေ့မိသားစုကို အလေးမထားမှန်း သိပ်ကိုသိသာလွန်းတယ် ကိုကိုရယ်။
"အခုကိစ္စကို....ဖြူလုံးပြောလိုက်လို့...ကိုကိုသိသွားတာလား..."
"အစ်မရယ်...နင်တော်တော်တုံးတာပဲ...အဲ့ကောင်မလေးမပြောလို့ ဘယ်သူကသွားပြောမှာလည်းဟ...ဒါကြောင့်မို့ ဟိုကလှိမ့်တာကို နင်ခံနေရတာ..."
"ရွှေ...နင်ဘာကိုပြောချင်တာလဲ..."
ဒီလောက်ပြောပြနေတာတောင် တုံးအချင်ယောင်ဆောင်နေသည့် အစ်မဖြစ်သူကို ရွှေစိတ်တိုလာသည်။ဖြူလုံးက နင့်အကောင်ကို စနှိုက်ကြော်နေတာဟေ့လို့ ပြောလိုက်ရမကောင်းရှိတော့မယ်။
စာကလွှဲပြီး ကျန်တဲ့နေရာမှာ တွေးခေါ်မှုညံ့ဖျင်းလို့လည်း သူဒီလိုခံနေရတာ။
"အစ်မ...နင်သတိမထားမိဘူးလား...ဖြူလုံးရဲ့အဖေ ဆေးရုံတတက်တဲ့ နေ့တည်းက
ကိုဒေ၀က...ဟိုကောင်မဖြူလုံးကို ဘယ်လောက်အထိ ပစားပေးထားသလဲဆိုတာ..အဲ့ဒီ့နေ့က ဆရာ၀န်ဂျူတီကုဒ် ၀တ်ထားတဲ့နင့်ကို...ဆေးရုံထဲမှာတောင် မရှောင်ပဲ ပြောဆိုလုပ်သွားတာလေ..."
"ဟဲ့...အဲ့ဒါက...ငါတို့ဘက်ကလည်း...မှားခဲ့တာပဲလေဟာ...သူပြောတာကို သွားပြီးအပြစ်ပြောလို့မှမရတာ.."
"ဟဲ့...အဲ့ဒါဆိုရင်...အခုဖြစ်သွားတဲ့ကိစ္စကရော...ဖြူလုံးနဲ့ သူနဲ့က...ငါတို့လိုပဲ ဘာမှသွေးတော် သားစပ်တာလည်းမဟုတ်ဘူး...ပြောရရင်နင်နဲ့ သူနဲ့ကချစ်သူတွေ နင်တို့နှစ်ယောက်က ပိုပြီးရင်းနှီးရမှာမဟုတ်ဘူးလား...နင့်ညီမဖြစ်တဲ့ ငါ့ရဲ့သူငယ်ချင်းတွေကို ဒီကောင်မအတွက်နဲ့...
သူဒီလောက်အထိ လုပ်ဖို့လိုလို့လား...အဟင့်...
အခုတော့ကြည့်စမ်း...ငါ့မှာ သူငယ်ချင်းတွေကိုတောင် လက်ထောက်ချလိုက်မိတဲ့ သစ္စာဖောက်မကြီးကိုဖြစ်လို့....ခံလိုက်ရတဲ့ သုတတို့က မသိပေမဲ့...ငါ့ကိုယ်ငါတော့ ဘယ်လိုမှ စိတ်လုံမနေဘူး....
"ရွှေရယ်...ဒါကတော့ အကြောင်းရှိမှ အကျိုးဖြစ်တာလေဟာ...နင့်သူငယ်ချင်းတွေကလည်း ကောင်းမှ မကောင်းတာ ခံရမှာပေါ့...သူတို့သာမူးယစ်ဆေးဝါးနဲ့ အစောတည်းကကင်းလွတ်ထားရင်....အခုလိုထောင်ကျပါ့မလား....နင်ကိုက
.ပေါင်းစရာလူတော်တော်ရှားလွန်းပါတယ်...၀မ်းနည်းမနေနဲ့...ထောင်ကျအေးရော..."
"အစ်မ!!!!!"
ရွှေ့မှာ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရင်း ထိုင်နေရာမှ ထရပ်လိုက်မိသည်။
ဒီအိမ်မှာ ရွှေ့ကိုဆို အားလုံးကအလိုလိုအပြစ်တင်နေကြတာပဲ။အစ်ကိုဖြစ်သူကြတော့လည်း စီးပွားရေးထဲမှာပဲ ခေါင်းနှစ်နေပြီး ညီမဖြစ်သူရွှေ့ကို လှည့်တောင်မကြည့်ဘူး။အဖေကြတော့
ရွှေ့ကိုဆို ဆူဖို့၊ကြိမ်းဖို့လောက်ပဲ သိတယ် ။
ဘယ်လောက်ပဲ ကြိုးစားပြနေပါစေ အထင်မကြီးပါဘူးတဲ့။ ဒါကြောင့်လဲ ရွှေဟာ ကိုယ့်ကိုပျော်ရွှင်မှုပေးတဲ့ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်မှုပေးတဲ့ အရပ်ဒေသမှာပဲနေမိတာပေါ့။
အဲ့တော့ မိသားစုတင်မကပဲ ပတ်၀န်းကျင်ကပါ အ၀တ်အစား၀တ်တာ ခောတ်ဆန်တယ်၊ အပြောအဆိုရိုင်းတယ်၊ အပေါင်းအသင်းဖြတ်လို့ ပြတ်ပါတယ်ဆိုပြီး ဝေဖန်သံတွေထွက်လာရော။ရွှေဘယ်လိုနေနေတယ်ဆိုတာပဲ မြင်ကြပြီး ရွှေဘာကြောင့်ဒီလိုနေနေသလဲဆိုတာကိုတော့ ဘယ်သူမှ အဖြေ
မထုတ်ကြည့်ကြဘူး။
ဟော အခုတစ်ဦးတည်းသော အစ်မကတောင် သူ့ရည်းစားဘက်ကပဲ ကာပြောပေးနေတယ်။
တရားပါပေတယ်။
"အစ်မ...ငါကလေ...အနည်းဆုံးတော့ ...နင်ဟာ
ငါ့ဘက်ကနေ ရပ်တည်ပြီး ပြောပေးမယ်...ငါ့ကိုနှစ်သိမ့်စကားပြောပေးမယ်လို့ ထင်ခဲ့မိတာ...နင်ဟာတကယ်ကို... သူ့လိုမျက်နှာနှစ်မျိုးနဲ့ လူနဲ့သာထိုက်တန်တယ်...."
ညီမလေးရွှေရဲ့ စကားကြောင့် အိပ်ချင်နေသည့် ငွေ့မျက်လုံးတွေ ပြူးကျယ်သွားမိသည်။
"ရွှေ....နင်ဘာလို့ ကိုကို့ကို ဒီလိုစွပ်စွဲနေရတာလဲဟာ..."
ရွှေတစ်ချက်မဲ့ပစ်လိုက်ပြီးနောက် ငွေပန်းချီရဲ့ စာကြည့်စားပွဲဘေးမှာ ထောင်ထားသည့် ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ စာအုပ်ကို ယူကာ ငွေ့အားထောင်ပြလိုက်သည်။
"မနေ့က...သူ့ရဲ့ဒေါသထွက်နေတဲ့ အကြည့်စူးစူးတွေနဲ့....ကြောက်စရာကောင်းလောက်အောင် ဟိန်းထွက်နေတဲ့ သူ့အသံ...ငါဘယ်လောက်အထိ ကြောက်သွားသလဲဆိုတာ နင်တွေးမိမှာတောင်မဟုတ်ဘူး...နင်သိလား....သူ့ရဲ့အပြင်ပန်းမှာတော့ လူတိုင်းသဘောကျလောက်စရာ...ရုပ်ရည်အသွင်အပြင်ကို ပြထားပြီး...အတွင်းစိတ်ကအင်မတန်ကြောက်စရာကောင်းတဲ့လူ...
သူကဒီစာအုပ်ထဲကလို မျက်နှာနှစ်ဖက်နဲ့ဒဿဂီရိပဲ...သူနူးညံ့တဲ့အချိန်က...မယ်သီတာနဲ့တွေ့တဲ့ တစ်ချိန်ပဲဖြစ်လိမ့်မယ်....အစ်မ..ငါနင့်ကိုမေးမယ်...သူ့ရဲ့နူးညံ့တဲ့ဘက်အခြမ်းမှာရှိတဲ့...အဲ့ဒီ့မယ်သီတာက...နင်ဆိုတာရော...သေချာရဲ့လား...."
ငွေအမြဲတမ်း မတွေးရဲခဲ့တဲ့ မေးခွန်းကို မေးလာတာကြောင့် ရွှေ့ရဲ့မျက်၀န်းတွေကို တန်ပြန်မော့ကြည့်လိုက်မိသည်။ငွေကြောက်နေမိခဲ့တဲ့ ကိစ္စတစ်ရပ်ကို ရွှေကသတိပေးလိုက်သလိုပဲ။
ကိုကိုက ဒဿဂီရိဆိုရင် ငွေကဘီလူးနှစ်သက်တဲ့ ပန်းကလေးတစ်ပွင့် ဖြစ်နိုင်ပါ့မလား။
ဖြူလုံးကို ကိုကိုကြည့်တဲ့ အကြည့်တွေထဲမှာဆိုရင် ငွေမြင်လိုက်မိတဲ့ အရာတွေက နူးညံ့မှု၊စိုးရိမ်ဒေါသတွေနဲ့ ချစ်ခင်ကြင်နာမှုတွေ ပြည့်နေတဲ့မျက်၀န်းတွေ။
နှစ်ပတ်ကျော်ပြီ ။ကိုကို့ဘက်ကနေ လွမ်းလို့ဆိုပြီး တစ်ခါမှဖုန်းမခေါ်သလို စာလည်းမပို့ဘူး။ငွေဖုန်းခေါ်ရင်လည်း တစ်ခါမှမကိုင်ဘူး။
အို...ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာကိုကိုနဲ့ ပေါင်းဖက်ရတဲ့လူက ငွေပဲဖြစ်စေရမယ်။ဖြစ်အောင်လည်း ကြိုးစားမယ်။
"ရွှေ...နင့်အတွက် ကျေနပ်စေနိုင်မဲ့ အဖြေတစ်ခုကို ကိုကို့ဆီကနေ ငါရအောင်ပြန်ယူပေးမယ်...
သူနင့်ကို ပြန်တောင်းပန်စေရမယ်...."
"အစ်မက ဘယ်လိုလုပ်မလို့လဲ......"
"ငါ...ဆေးရုံကနေ ခွင့်ယူပြီး...သူတို့ဆောက်လုပ်ရေးနေရာအထိ လိုက်သွားမလို့...."
"အစ်မ...နင်ရူးနေလား...ဖုန်းဆက်လိုက်ရင်
မရဘူးလား...."
"ငါကိုယ်တိုင်သွားတော့ ပိုလေးနက်တာပေါ့..."
"နင်တစ်ယောက်တည်း မသွားနဲ့ငါပါခွင့်ယူပြီးလိုက်ခဲ့မယ်...သူတောင်းပန်တာကို ငါအမြန်ဆုံးကြားချင်တယ်...."
တင်းမာခပ်ထန်မှုပြည့်နေသည့် ရွှေ့ရဲ့မျက်နှာကို ငေးကြည့်နေမိရင်းနှင့် ငွေ့မှာ သက်ပြင်းမောတွေသာ ချနေမိပါတယ်။တကယ်တော့ ကိုယ်တိုင်လိုက်သွားရခြင်းအကြောင်းက ဖုန်းဆက်ရင်
မကိုင်မှာကို ကြိုသိနေလို့ပါလေ။
🍁🍁🍁🍁🍁🍁🍁🍁
နေရောင်ခြည်နုနုလေးက အအေးဓာတ်ကိုသယ်ဆောင်လာသော လေထုကြီးနှင့် ရောထွေးသွားကာ နွေးထွေးမှုကို ဖြစ်တည်လာစေသည်။
ဆောင်းဟေမန်ရဲ့ နှင်းစက်တို့ဟာ နေချည်နုနုကြောင့် အရေပျော်ပြောက်ကွယ် သွားကြလေသည်။
သို့ပေမဲ့ လေနုအေးကိုတောင် အံမတုနိုင်သည့် ကလေးမနှစ်ယောက်ကတော့ အနွေးထည်လေးတွေကို ၀တ်ဆင်ထားကြလေရဲ့။
ခြံ၀န်းကြီးရဲ့ မျက်ခင်းစိမ်းစိမ်းအပေါ်တွင် ပေါက်ရောက်နေသော အရိပ်ရ သရက်ပင်ကြီးအားအမှီပြု၍ ထိုအပင်ကြီးအောက်တွင် ခုံလေးတွေချကာ မကြာခင်မှာ ရောက်ရှိလာတော့မည် ဆယ်တန်းစာမေးပွဲကြီးအတွက် လေ့ကျင့်နေကြလေသည်။
"ဖြူလုံး....စာမေးပွဲက သုံးလပဲလိုတော့တာနော်...
နင်စာတွေပိုင်သွားပြီလား..."
အင်္ဂလိပ်စာ Read the passagesတွေဖြေကြည့်နေရာမှ မြတ်ချယ်ကို လှမ်းကြည့်လိုက်မိသည်။
ကိုယ့်မှာတော့ နေမကောင်းတာရော စာကိုမအိပ်
မနေဖိလုပ်နေတာတွေပါရောပြီး မျက်နှာတွေချောင်ကျနေရတာ။ မယ်မင်းကြီးမကတော့ ဘယ်လောင်တောင် စားလိုက်၊အိပ်လိုက်လုပ်နေသလဲ မသိဘူး။၀လာလိုက်တာများ မျက်နှာကြီးကို
ပြဲလို့။
"ဖြူလုံး....ငါမေးနေတယ်လေး...ခြောက်ဘာသာလုံး ပိုင်သွားပြီလားလို့..."
"ငါ့ရဲ့ ဂိုက်ဆရာတွေက ကြိုသင်ထားတာဆိုတော့...ငါလည်းအရင်တည်းက ခဏခဏလေ့ကျင့်နေတာ..ပိုင်သွားပြီ...အခုဖြေရင်တောင်
ဂုဏ်ထူးထွက်လောက်တယ်..."
"လုံးလုံးမနော်...သောက်ပိုတွေ..."
နှုတ်ခမ်းကြီးထော်ပြီး ဖြူလုံးကိုမျက်စောင်းထိုးလိုက်တဲ့ မြတ်ချယ်ရဲ့ပုံစံက အခုမှတကယ်ကို ၀က်ကလေးနဲ့ ပိုတူသွားတော့တယ်။
"လုံးလုံးရယ်...ငါလည်းစာတွေတော့ပိုင်နေပါပြီ...မပိုင်သေးတာဆိုလို့ တစ်ခုပဲရှိတယ်..."
"အဲ့လယ် အဆန်းကြီးပါလား...ဘာကိုမပိုင်သေးတာလဲ...ဟောစမ်းပါအုံး..."
"ဟီးဟီး...ကိုကြီးကိုလေ..."
မြတ်ချယ်က ဟာသအနေနဲ့ပြောလိုက်ပေမဲ့လို့ ဖြူလုံးအဖို့တော့ လွမ်းတေးတစ်ခုကို အစပြုမိလိုက်ပြန်ပါပြီ။ကိုကြီး တောင်ပေါ်ကို ပြန်သွားတဲ့နေ့ကလည်း ဖြူလုံးမသိလိုက်ရဘူး။
ဟိုတစ်ခါ ကားပေါ်မှာပြဿနာဖြစ်ပြီးတည်းက
ဖြူလုံးကို စကားလည်း မပြောတော့ဘူး။
အခုလည်းသွားတာတောင် နှုတ်ဆက်မသွားဘူး။အရမ်းစိမ်းကားတာပဲ။ဖြူလုံးမှာတော့ ကိုကြီးကို လွမ်းလိုက်ရတာ။ သိပ်တွေ့ချင်တာပဲ။
"ဟဲ့...မိလုံးလုံး..."
"ဟင်...ဘာ...ဘာဖြစ်လို့လဲ...."
"နင်ဘာဖြစ်နေတာလဲ....ငုတ်တုတ်ကြီးမေ့နေသလိုပဲ...ငါနင့်ကို စကားပြောနေတဲ့ဟာကို
ဘာလဲ...ကိုကြီးကို သတိရသွားတာလား...မှန်မှန်ပြောစမ်း..."
"မဟုတ်ပါဘူးဟာ...နင်ကလည်း...."
ဂုတ်ထောက်နေသော ဆံပင်ဝဲဝဲလေးကိုသာ
ရှုပ်ပွအောင် ကုတ်ထည့်လိုက်ပြီး စာကိုသာ ပြန်လုပ်နေလိုက်သည်။ဒီလိုပါပဲ သူငယ်ချင်းတွေနဲ့စာလုပ်ရင် စကားများနေတာနဲ့တင် ပြီးနေတာ။
"ဖြူလုံး...နင်ဂုဏ်ထူးဘယ်နှစ်ခုမှန်းထားလဲ..."
"အင်း...အနည်းဆုံး သုံးခုပေါ့...."
"အမယ်...နင်ကခြောက်ဘာသာပါထွက်ချင်နေတာလား..."
"ဖြစ်နိုင်ရင်ပေါ့ဟာ.."
"အေးပေါ့လေ...နင်တို့လိုဉာဏ်ကြီးရှင်တွေကတော့ ဂုဏ်ထူးတွေအများကြီးမှန်းထားမှာပေါ့...ငါတို့လို တုံးအသူလေးတွေကတော့...
ဘယ်လိုမှန်းရဲပါ့မလဲ..."
"အမယ်လေး အပိုတွေကသိပ်ပြောတာပဲ...
ကိုယ့်ရုပ်လည်း ကိုယ်မှန်ထဲမှာ ပြန်ကြည့်လိုက်အုံး...စာတွေပိုင်လွန်းလို့ အသေအိပ်ထားတဲ့ရုပ်နဲ့ ပြဲကွဲနေတာပဲ...."
"နင်မသိပါဘူးဖြူလုံးရာ ငါ့မျက်နှာကလေ အိပ်ရေးပျက်လေ ပိုဖောင်းလေပဲ...ဘယ်လိုဖြစ်သလဲ မသိပါဘူး...."
မြတ်ချယ်က စားပွဲရဲ့အလယ်တွင်
အန်တီနှင်းမြတ်ချပေးသွားသော လက်ဖက်သုပ်ကို ခပ်စားရင်းနဲ့ ငြီးတွားနေလေသည်။
"ဒါနဲ့ နှောင်ဇွဲကတော့ ဉာဏ်အရမ်းကောင်းတာမဟုတ်လား...သူရောစာတွေပိုင်သွားပြီတဲ့လား..."
"သူလား..အလကားပါဟာ...စာမေးပွဲနီးတာတောင် အဖေတို့မသိအောင် ဘောလုံးပွဲခိုးကြည့်တုန်း...တကယ့်အာဃပါဟယ်...အဖေတို့ကို ငါသာချွန်လိုက်ရင် အဲ့ကောင်ကျောမှာ အရှိုးရာထပ်နေမှာ သေချာတယ်...."
"ဟုတ်လို့လားဟယ်...သူအရင်ကစာတော်ပါတယ်..."
"ဟုတ်ပါတယ်ဆို နင်ကလည်း ငါ့စကားကိုမယုံဘူးလား...မယုံရင်အိမ်ကိုလိုက်ကြည့်...အခုရာသီက ပရီးမီးယားလိဂ်(Premier League)ဆိုလား ဘာလားဟာ...အဲ့ဒါ ဘောလုံးပွဲတွေကြည့်တာမှဟယ်...သုံးနာရီထိုးလောက်မှ အိပ်တယ်...
သူ့အခန်းနဲ့ငါ့အခန်းကကပ်လျှက်ဆိုတော့ ကြားနေရတာပေါ့..."
"ဟယ်....အဲ့ဒါကို နင်ကမပြောဘူးလားဟယ်...
နေနိုင်လိုက်တာ..."
"ဖြူလုံးရယ်...နင်ကငါ့ချည်းပဲ အပြစ်ဖို့နေတာပဲ...
သူလုပ်တာ သူ့အလုပ်လေဟာ...ကိုယ်ဖြစ်ကိုယ်ခံပဲ...ကိုယ့်သမိုင်းကို ကိုယ့်လက်နဲ့ကိုယ်တိုင်
ရေးရမှာလေ...သူ့သမိုင်းမကောင်းရင် အဲ့ဒါသူညံ့ဖျင်းလို့ပဲ...ခဏတာပျော်ရွှင်မှုလေးအတွက်နဲ့
သူ့ရဲ့အနာဂတ်တွေကို မေ့ပစ်ထားတဲ့ကောင်
ကျရှုံးတော့မှ သိလိမ့်မယ်.."
"ဒါပေမဲ့ဟာ...နင်ကအစ်မတစ်ယောက်အနေနဲ့...ဆုံးမတိုက်တွန်းသင့်တာပေါ့...."
"ဟဲ့...ဆုံးမရအောင်...သူနဲ့ငါကတစ်နေ့ထဲ တစ်ချိန်တည်းမှာ မိနစ်ပဲခြားပြီး မွေးတာလေဟာ...
သူလား...ငါပြောရင်နာခံမှာ....နင်ပြောရင်တော့ .
ရရင်ရမှာပေါ့....နင်ပြောကြည့်ပါလား...."
"ငါက!!!!"
မြတ်ချယ်က ဖြူလုံးကို လက်ညှိုးထိုးလိုက်တာကြောင့် အံ့ဩသွားမိသည်။အစ်မဖြစ်သူကတောင် ဆုံးမလို့အဆင်မပြေတဲ့ ဥစ္စာကို ဖြူလုံးကဘယ်လို ပြောရမှာလဲ။
"ဖြူလုံးရေ...ဖြူလုံး!!!"
"ဟော...ကိုယ်တော်ပြန်လာပါပြီ...."
မြတ်ချယ်နဲ့ ဖြူလုံးတို့နှစ်ယောက်က သစ်ပင်အရိပ်အောက်မှာ စာကျက်ကျန်ခဲ့ပြီး ကိုယ်တော် နှောင်ဇွဲကတော့ ဖြူလုံးမွေးထားတဲ့ မြင်းကြီး
ငညိုကို ကြည့်ချင်တယ်ဆိုကာ စံအိမ်အနောက်ဘက်သို့ သွားပြီး ပြန်လာခြင်းပင်။
"ဖြူလုံးရေ...ဖြူလုံး...ဖြူလုံး..."
"ဟဲ့...ဘယ်လိုဖြစ်ပြီး တဖြူလုံးတည်း ဖြူလုံးနေတာလဲ....ကြည့်လုပ်အုံး...လိပ်ခေါင်းထွက်နေအုံးမယ်...."
"နင်အသာနေစမ်းပါ မြတ်ချယ်မရယ်...ငါဖြူလုံးနဲ့ စကားပြောမလို့...."
သူ့အစ်မကို ကြိုပိတ်လိုက်ပြီး ဖြူလုံးရဲ့အနားမှာချထားသောထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။
"ဖြူလုံး...ငါတို့မနက်ဖြန်ကျရင် အဖေတို့နဲ့အတူ တောင်ပေါ်ကဆောက်လုပ်ရေးနေရာကို အလည်လိုက်သွားမလို့ နင်ပါလိုက်ခဲ့ပါလား....နင့်မြင်းကြီး
ငညိုကိုပါ...ခေါ်သွားမယ်လေ....နင်လည်းလိုက်ခဲ့လေနော်..."
"ဟဲ့အကောင်...ဟုတ်မှလည်း လုပ်ပါဟယ်...နင်ကမြင်းရောစီးတက်လို့လား...."
"မစီးတတ်ပါဘူး...ဒါပေမဲ့ သင်လို့ရတယ်လေ...ဖြူလုံးကိုသင်ခိုင်းမှာပေါ့....ရတယ်မလားဖြူလုံး...."
"ဟဲ့....သူများကို ဒုက္ခမပေးပါနဲ့ဟယ်...နင့်အခန်းထဲက ဂျပိုးတွေကိုပဲ စီးတတ်အောင်အရင်လုပ်စမ်းပါ...ဖြူလုံး နင်သိလား....သူ့အခန်းထဲမှာ ဂျပိုးတွေမှ အများကြီးပဲ...."
"ခွေးမနော်....နင်စကားကိုကြည့်ပြော...."
"ဟား....ဟား....နင်ငါ့ကို ခွေးနဲ့နှိုင်းရင် နင်လည်း ခွေးပဲလေ....နင်နဲ့ငါက တစ်မအေထဲမွေးတာဆိုတော့ ...."
"ဟား...နင်ဘယ်လိုဖြစ်နေတာလဲ...."
"တော်ကြပါတော့ဟယ်.....မြတ်ချယ်လည်း စတာရပ်တော့ နှောင်ဇွဲကိုလည်း ငါကတိတစ်ခုတောင်းချင်တယ်...အဲ့ဒီ့ကတိကို တည်နိုင်ရင် မြင်းစီးနည်းသင်ပေးမယ်...ဘယ်လိုပဲ...
"ကတိတည်ပေးမယ်ဟာ...."
ဘာမှတောင်မပြောရသေးပဲ အရင်ကတိတည်နေတာကြောင့် မြတ်ချယ်ဘက်ကို လှမ်းကြည့်လိုက်မိတော့ မြတ်ချယ်က နှောင်ဇွဲမမြင်အောင် ဖြူလုံးကိုလက်မထောင်ပြပြီး ပြုံးပြလာသည်။
"အေး...အဲ့ဒါဆိုရင်...နင်စာတွေကိုကျေအောင်ကျက်ရမယ် ....ဘောလုံးကန်တာရော၊ဘောလုံးပွဲကြည့်တာရော မလုပ်ရတော့ဘူး...ဘယ်လိုလဲ..."
နှောင်ဇွဲလည်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ဖြူလုံးပြောသမျှဆိုရင် သူဘာပဲဖြစ်ဖြစ်နားထောင်မှာပါ။
မြင်းကို တောထဲအထိ သယ်ဖို့ နှောင်ဇွဲဘယ်လိုစဉ်းစားထားသလဲ မသိပေမဲ့ ဖြူလုံးကတော့ ကတိပေးလိုက်မိလေပြီ။
အဓိက အကြောင်းအရင်းကတော့ ကိုကြီးကိုအရမ်းတွေ့ချင်လို့ပါလေ။
အခန်း၄၃....ဆက်ရန်....
🍁🍁🍁🍁🍁🍁
ကဲအဖွဲ့လိုက်ကြီး တောင်ပေါ်မှာသွားစုံတော့မယ်နော်
ဒီဇာတ်လမ်းကို ဘာကြောင့် #ဘီလူးနမ်းသောအရိုင်းပန်းလို့ ပေးခဲ့သလဲဆိုတာ မကြာခင်သိရပါတော့မယ်နော်
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း
========================================================================
အခန်း၄၃
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
နှင်းမှုန်ဖြူဖြူလေးတွေက ခပ်ဖွဲဖွဲလေး ကျဆင်းကာ မနက်ခင်းကို လှပစွာကြိုဆိုနေ လေသည်။ညတုန်းကတော့ နှင်းဖွဲဖွဲတွေ သည်းခဲ့ပုံပေါ်ပါရဲ့ လမ်းမကြီးတစ်လျှောက်လုံးက အဖြူရောင် လွင်ပြင်အသေးစားလေးလို ဖြစ်နေလေပြီ။
ခပ်စိမ်းစိမ်းလေအေးတွေ တိုက်ခတ်လိုက်တိုင်းမှာ သစ်ကိုင်းတွေလှုပ်ခတ်သွားပြီး နှင်းခဲကြီးတွေက အထွေးလိုက်ပြုတ်ကျလာကြတယ်။
ဒီနေ့က အရင်နေ့တွေထက် ပိုအေးပြီး နှင်းပိုကျပေမဲ့ ဖြူလုံးက နှင်းပွင့်လေးတွေကို ချစ်တတ်သူမို့ ဟေမန်ဆောင်းရဲ့အလှကို အလွန်တစ်ရာမှနှစ်သက်မိတယ်။
ဘယ်လောက်ပဲ အရိုးကွဲအောင်အေးနေပါစေ မနက်ဈေးသည်တွေဖြစ်ကြတဲ့ ပဲပြုတ်သည်နဲ့ ကောက်ညှင်းပေါင်းသည်တွေကတော့ အိင်္ကျီလက်ရှည်ခပ်ပါးပါးလေးတွေကို ၀တ်ဆင်ပြီး ဈေးလည်ရောင်းနေကြရတယ်။
ကားလေးက တောင်ပေါ်သို့ စတင်တက်ဖို့ ပြင်ဆင်နေလေပြီ။လမ်းဘေးကို ဖြူလုံး ကြည့်လိုက်မိတဲ့အချိန်မှာ ထင်ရှူးပင်တန်းကြီးကို
ရှုမဆုံးတွေ့လိုက်ရတော့ အရမ်းကိုအံ့ဩသွားတာပဲ။အပင်တွေကို သေချာလေး ဘောင်ခက်ပြီး ဆိုက်ထားလိုက်တာများ သိပ်လှတာပဲ။
"ဟဲ့....မြတ်ချယ်..."
"ဘာလဲဟ..."
"ဟိုမှာကြည့်စမ်း...ရှဉ့်လေးတွေ သစ်ပင်ပေါ်ကနေ ဆင်းလာနေကြတယ်..."
"ဟာ...ဟုတ်တယ်ဟ..."
ထင်းရှူးအပင်ပေါ်ကနေ ရုတ်တရတ်ဆင်းလာကြတဲ့ ရှဉ့်လေးနှစ်ကောင်ကို လက်ညှိုးထိုးပြလိုက်တော့ မြတ်ချယ်က ကားမှန်ကိုချလိုက်သည်။
"ဟာ....နှင်းပတ်တယ်ဟ...."
ကားတံခါးဖွင့်လိုက်သည်နှင့် မျက်နှာကိုနှင်းမှုန်တွေနဲ့ ပတ်ဖြန်းလိုက်သလို ဖြစ်သွားတာကြောင့် မြတ်ချယ်က ထအော်လေသည်။ဖြူလုံးကတော့ နှင်းမှုန်လေးတွေက မျက်နှာကို လာပြီး
ကလူကျီစားတာကိုပဲ သဘောတွေအကျကြီးကျနေမိသည်။
"ဟဲ့...ငမွှေမ...ချမ်းတယ်ဟ...တံခါးပြန်ပိတ်..."
"အောင်မာ...နင်ကသာ ငါးမြွေထိုး....."
"...နင်ကသာ ...ငါးပူတင်းမ...ဗိုက်ပူ..အောက်ရှူးကြီး...ဟား..ဟား..."
"ဂဏန်းကောင်...နင်ဘာဖြစ်လို့ အမြဲတမ်း ကန့်လန့်လိုက်တိုက်နေတာလဲ..."
"နင်ပဲ...ငါ့ကို ဂဏန်းဆို...ဂဏန်းကဘေးတိုက်ပဲသွားတာလေ...အဲ့တော့မတည့်နိုင်ဘူး...မကျေနပ်ရင် နိုင်အောင်ပြော...ငါးပူတင်း ဆားသိပ်မရဲ့..."
"သေချင်းဆိုး....အစ်မကိုခံပြောလို့ မိုးကြိုးပစ်ပါစေ..."
"ငါ့ကိုမိုးကြိုးပစ်စေချင်ရင်တော့ နင်တော်တော်စောင့်ရလိမ့်မယ် ..ဘာဖြစ်လို့လည်းဆိုတော့...
အခုကဆောင်းရာသီလေ...မိုးကြိုးပစ်စေချင်ရင် ...မိုးရာသီအထိစောင့်...ဟာ..ဟ..."
"သေနာ..."
"ကျွီး..."
ရှေ့ထိုင်ခုံမှာ ထိုင်နေသည့် နှောင်ဇွဲကို မြတ်ချယ်ကလှမ်းရိုက်လိုက်တဲ့အချိန်မှာ ဦးလေးထက်မြတ်ကကားကို ဘရိတ်နင်းပြီးရပ်ချလိုက်သည်။
ပြီးနောက် ဖြူလုံးတို့ရှိနေတဲ့ အနောက်ခုံသို့ လှမ်းကြည့်လာသည်။
"သမီး...မြတ်ချယ်...စကားပြောရင် အဆဲမပါရဘူးလေ...အဲ့ဒါမကောင်းတဲ့အကျင့်ပဲ...ရအောင်ဖျောက် ကြားလား..."
"ဟုတ်ကဲ့ ကြားပါတယ်အဖေ..."
မြတ်ချယ်ဟာ နှောင်ဇွဲထိုင်နေတဲ့ရှေ့ခုံကို
မျက်စောင်းလှမ်းထိုးပြီး ကားပြူတင်းမှန်ဘက်သို့သာ လှည့်နေလိုက်သည်။
"ဟား...ဟား...ကောင်းလိုက်တာ...."
"မင်းက ဘာကောင်းတာလဲ!!!..."
ဦးလေးထက်မြတ်က နှောင်ဇွဲရဲ့နောက်စေ့ကို အသာပုတ်ပစ်လိုက်သည်။
ဖြူလုံးကတော့ ထိုသားအဖကို ကြည့်ပြီး ရယ်ချင်နေမိတယ်။ဖြူလုံးရဲ့ဘယ်ဘက်မှာထိုင်နေတဲ့ မြတ်ချယ်ရဲ့မေမေနဲ့ အကြည့်ချင်းဆုံသွားရာ
အန်တီက ဖြူလုံးကို မျက်ခုံးတွန့်ပြီး ပြုံးပြလေသည်။
"အဖေ့...သားကိုဘာလို့ ရိုက်တာလဲ...."
"ရိုက်မှာပေါ့ကွ...မင်းကအကြီးကို အကြီးမှန်းမှမသိတာ..."
"အဖေကလည်း အစ်မကသားထက် မိနှစ်ပိုင်းလေးပဲ စောမွေးတာပါဗျာ..."
"ဟေ့ကောင်..မိနစ်ပိုင်းမကလို့...စက္ကန့်ပိုင်းပဲစောမွေးမွေး...အစ်မက အစ်မပဲ...နောက်တစ်ခါပေါက်ပန်းလေးဆယ် စကားတွေနဲ့ လျှောက်ပြီးစကားနာမထိုးနဲ့ ကြားလား..."
"ဟုတ်ကဲ့ပါဗျာ..."
သူတို့ရဲ့ အချစ်တော်ဖေဖေကြီးကို ကြောက်ကြပါသော နှစ်ယောက်ကတော့ တစ်ချက်"ဟုတ်ကဲ့..."
ပြီးတာနဲ့ ငြိမ်ကျသွားလေသည်။
"ဆုဝေ...မင်းကလည်း ကလေးတွေရန်ဖြစ်နေတာကို ကြားရဲ့သားနဲ့မတားဘူး...ဒီမှာငါကကားမောင်းနေရတာ သိရဲ့သားနဲ့...."
"အလိုတော်...ကျွန်မပြောတော့ရော...ရတာမှတ်လို့..ရှင့်သားနဲ့သမီးက လူတွေမှမဟုတ်တာ..."
"အမေ့..."
သူတို့ကို လူမဟုတ်ဘူးပြောလိုက်တော့ နှစ်ယောက်သားထအော်လိုက်တာမှအတိုင်အဖောက်
ကို ညီနေကြတာပဲ။ဖြူလုံးမှာတော့ သူတို့မိသားစုလေးရဲ့ အတိုက်အခံစကားပြောနေကြပုံလေးတွေကို ကြည့်ပြီး ကြိတ်ပြုံးနေမိသည်။
"သမီးလေးက ဘာတွေတွေးပြီးပြုံးနေတာလည်းကွဲ့...."
ဖြူလုံးရဲ့အပြုံးကို မြင်သွားတဲ့ အန်တီဆုဝေက ဖြူလုံးရဲ့ လက်အိတ်မစွပ်ထားတာကြောင့် အေးစက်နေသော လက်ဖမိုးလေးကို လာကိုင်လေသည်။
အန်တီဆုဝေရဲ့ လက်အိတ်မှ အနွေးဓာတ်တွေဟာ ဖြူလုံးဆီကို ကူးလူးလာပုံရတယ်။ဖြူလုံးရဲ့ ဘယ်ဘက်လက်အဖျားလေးတွေက နွေးသွားတာပဲ။
"အန်တီတို့မိသားစုလေးကိုကြည့်ပြီး သမီးသဘောကျနေမိလို့ပါ...သမီးကအခုမှသာ ဖေ့ဖေ့ရဲ့ မေတ္တာတွေကိုပြန်ပြီး ခံစားရတာ...ဟိုအရင်တုန်းကဆိုရင် အလုပ်သမားတန်းလျားမှာ တစ်ယောက်ထဲနေခဲ့ရတာ...သမီးကျောင်းကပြန်လာပြီဆိုရင်လည်း...နှုတ်ဆက်ဖို့ ဘယ်သူမှမရှိသလို...သမီးနဲ့စကားပြောပေးဖော်လည်း မရှိခဲ့ဘူး...အရမ်းကိုအထီးကျန်ခဲ့ရတယ်...မြတ်ချယ်တို့ မောင်နှမကို သမီးသိပ်ပြီး အားကျတာပဲ...
သူတို့မှာ သားသမီးကို လမ်းညွှန်ဆုံးမပေးမဲ့...ဖခင်ကောင်းနဲ့...နွေးထွေးကြင်နာတတ်တဲ့ မိခင်ကောင်းကို လက်ဆောင်ရထားလို့လေ...
သူတို့သိပ်ကံကောင်းတာပဲ..."
"အဟင်း..သမီးလေးလည်း ကံကောင်းချင်ရင်...
အန်တီ့ကို ယောက္ခမတော်လိုက်ပေါ့...မဟုတ်ဘူးလား..."
"ဟင်...."
ဖြူလုံးရဲ့ အနားကိုကပ်ပြီး တိုးတိုးလေး ပြောလိုက်တဲ့ အန်တီ့ကြောင့် ဖြူလုံးမှာပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
အန်တီက စနောက်နေမှန်း သိလိုက်တာမို့ ဖြူလုံးကလည်း ပြန်ရယ်ပြလိုက်သည်။
"အန်တီက...တကယ်ရောပေးမှာမို့လို့လား...
သားလေးတစ်ယောက်ပဲ မွေးထားတဲ့ဥစ္စာ...
မနှမျောဘူးလား...."
"အဟင်း...သမီးကလည်း အန်တီ့သမီးလေးပဲလေ..ဘာနှမျောစရာရှိသလဲ...ဒီလို ကလေးလိမ္မာလေးကို ဖိတ်ချင်းဖိတ်...ကိုယ့်အိတ်ထဲပဲ အန်တီကဖိတ်မှာပေါ့...သားကလည်း သမီးကိုကြိတ်ပိုးနေတဲ့ ဥစ္စာ...အရှေ့ခုံကနေ လှမ်းပြီး မျက်စပစ် နေတာများ...အခါတစ်ရာလောက် ရှိတော့မယ်..
ဟော...ဟိုမှာကြည့်ပြန်ပြီ..."
အန်တီက မျက်နှာရိပ်ပြလိုက်တာမို့ ဖြူလုံးလည်း အရှေ့ခုံကို လှည့်ကြည့်လိုက်မိသည်။နှောင်ဇွဲက တကယ်ပဲ ဖြူလုံးကို လှမ်းကြည့်နေလေသည်။အကြည့်ချင်းဆုံသွားတာမို့ သူကလည်း ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာလွှဲသွားသလို ဖြူလုံးလည်း အန်တီ့ဘက်သို့ မျက်နှာ ပြန်လွှဲလိုက်မိသည်။
ဒီလိုမှန်းသိရင် နှောင်ဇွဲခေါ်တုန်းက ဖြူလုံးဒီခရီးကို မလိုက်ဖို့ ငြင်းခဲ့ပါတယ်လေ။အခုတော့ သူ့အမေကြီးကြောင့် သူ့သားကဖြူလုံးကို ကြိုက်နေတယ်ဆိုတာ သိလိုက်ရပြီ။
ရှေ့ဆက် ဘယ်လိုစခန်းသွားရပါ့မလဲ။
"တွေ့လား...ကောင်လေးရှက်သွားပြီ...."
"အဟင်း...အန်တီက ကိုယ့်သားတော်မောင်နဲ့ ပြန်အောင်သွယ်ပေးနေတာလား..."
"ဝါသနာလေ...သမီးရဲ့..."
ဖြူလုံးနဲ့ အန်တီဆုဝေတို့နှစ်ယောက်သား အသံတိတ်ရယ်လိုက်ကြပြီးနောက် ညာဘက်အခြမ်းမှာထိုင်နေသော မြတ်ချယ်ရဲ့ ပခုံးပေါ်သို့ ခေါင်းကို မှေးတင်ပြီး မှီထားလိုက်မိသည်။
မြတ်ချယ်ကလည်း ဖြူလုံးရဲ့ခေါင်းလေးကို အသာလေးပုတ်ပေးပြီး စကားဆိုလေသည်။
"ငါ့အမေစကားကို နင်နားမယောင်နဲ့နော်...သူက
သူ့သားကို ဘယ်နေရာပစ်ပေးရမလဲပဲတွေးနေတာ...အဲ့ကောင်ကို စိတ်တောင်ကူးမပေးနဲ့ တစ်အားညစ်ပတ်တာ..."
ကပ်လျှက်ထိုင်နေတော့ အန်တီဆုဝေပြောတာတွေကို ကြားသွားတယ်ထင်ပါရဲ့။ကိုယ့်မောင်ကိုယ် အမွှန်းတင်လွန်းနေသည့် မြတ်ချယ်ရဲ့ပါးလေးကို မသိမသာလှမ်းပုတ်လိုက်ပြီး ကိုကြီးရှိနေသော တောင်တန်းတစ်နေရာသို့သာ အတွေးနယ်ချဲ့ကာ ခရီးနှင်နေမိပါတော့တယ်။
တောင်တက်လမ်းဖြစ်တာကြောင့် အကွေ့အကောက်တွေကများလှသည်။ဒီနှစ်မိုးရသောကြောင့် တောင်အောက်က ယာခင်းတွေကိုလည်း မြင်နေရပါသည်။ ယာခင်းတွေက နှင်းအုပ်လို့ မစိမ်းပဲဖြူတောင် နေလေပြီ။ယာပြုန်းတော့မှာ သေချာပါတယ်။
တောင်တက်လမ်းတစ်လျှောက် လှပတဲ့ရှုခင်းမျိုးစုံကို မရိုးနိုင်အောင် မြင်နေရပေမဲ့ ဖြူလုံးရဲ့စိတ်ကိုလွှမ်းမိုးနိုင်တာကတော့ ကိုကြီးတစ်ယောက်သာ ရှိတာပါလေ။
ဖြူလုံးကို တွေ့ရင် ကိုကြီးရဲ့ မျက်နှာအမူအရာက ဘယ်လိုများ ဖြစ်သွားမှာပါလိမ့်။သိချင်လိုက်တာ။ဖြူလုံးကို စာမေးပွဲနီးနေတာတောင် ခရီးထွက်လာလို့ ဆူများဆူမလား မတွေးတတ်တော့ပါဘူး။
ကိုကြီးက ဖြူလုံးအပေါ်ကို တစ်ခါတစ်လေမှာ သူများထက် အဆပေါင်းများစွာ နူးညံ့ပေးတတ်ပြီး တစ်ခါတစ်လေမှာ ဆန့်ကျင်ဘက် လူတစ်ယောက်ဖြစ်သွားတတ်တာ
ဘာကြောင့်လဲ ။?
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"ဟေး....ရောက်ပြီကွ...ဟာ...ဟိုမှာ တိမ်ပင်လယ်ကြီးပဲ...."
ဟိုတယ်နဲ့ ရီဇော့်တ်တွေ ဆောက်နေတဲ့နေရာနားမှာပဲ ကားကိုရပ်လိုက်လေသည်။
မြတ်ချယ်ကက တိမ်ပင်လယ်ကို တွေ့တာနဲ့ ကားတံခါးကိုအမြန်ဖွင့်ပြီး ဖြူလုံးရဲ့လက်ကိုပါဆွဲကာ တောင်အစွန်းနားသို့ ပြေးလေသည်။
ဖြူလုံးလည်း ပတ်၀န်းကျင်တစ်ခုလုံးကို လိုက်ကြည့်နေမိရင်းနဲ့ မြတ်ချယ်ဆွဲခေါ်ရာနောက်ကို ကန့်လန့်၊ကန့်လန့်နဲ့ ပါလာရသည်။
"ဖြူလုံးကြည့်စမ်း...တိမ်ပင်လယ်ကြီး...အရမ်းလှတာပဲ..."
"မြတ်ချယ်...ငါတို့ပစ္စည်းတွေချပြီးရင် ဒီမှာနင့်ဖုန်းနဲ့ ဓာတ်ပုံလာရိုက်ရအောင်..."
"အေး...ကောင်းသားပဲ...ဝါး...ငါတို့အရပ်ဒေသမှာ ဒီလောက်လှတဲ့နေရာရှိမယ်လို့ကို မထင်ထားမိတာ..."
"ဟုတ်တယ်...လူတွေက သူများဒေသကိုသာ အထင်ကြီးနေကြတာ...ရန်ကုန်လို လှုရှုပ်ကားရှုပ်နေရာမျိုးကိုတော့...ပါးစပ်ဖျားကနေမချစတမ်းပြောနေပြီး...ငါတို့ဒေသက ဒီလိုလှတဲ့နေရာမျိုးကို ကြတော့လျစ်လှူရှုထားကြတယ်..."
"အမယ်...ဖြူလုံး..ရှင်ကြီးစကားက သိပ်ကြီးနေပါလား...ဘယ်တုန်းကရန်ကုန်ကို သွားလိုက်တာလဲ..."
"ငါလား..မရောက်ဖူးပါဘူးဟယ်...ဖေကြီးပြောပြတာပါ...ရန်ကုန်က သိပ်စည်တယ်တဲ့...ငါတို့မြို့နဲ့ ဆန့်ကျင်ဘက်ပဲတဲ့....ဒါပေမဲ့ ရန်ကုန်ကို လူတွေကသိပ်အထင်ကြီးကြတာလို့ပြောတယ်..."
"ငါတို့ဒေသကအလှတွေကိုလည်း မကြာခင်မှာ နိုင်ငံအရပ်ရပ်ကလူတွေ မြင်တွေ့ကြရတော့မှာပါဟာ..."
မြတ်ချယ်က အသံအကျယ်ကြီးနဲ့ကြွေးကြော်ပစ်လိုက်ပြီးနောက် ဖြူလုံးရဲ့ ညာဘက်လက်ဖျားလေးကို လှမ်းဆွဲလေသည်။
ရာသီဥတုဟာ အပြောင်းအလဲသိပ်မြန်တာပဲ။မနက်တုန်းကတော့ နှင်းကျပြီး အခုနေ့လည်လောက်ရောက်တော့ နေသာနေပြန်သည်။
တိမ်သားတိမ်လိပ်တွေဟာ ရင်ပြင်ကြီးလိုဖြစ်နေပြီး ဖြူလုံးတို့ရပ်နေတဲ့ တောင်စောင်းကိုတောင် လာထိနေလေသည်။
စွန်းဝူခုံးသာ အခုနေဖြစ်ကြည့်ပါလား။တိမ်တွေကိုစီးပြီး နတ်ပြည်အထိ တက်မွှေပစ်လိုက်မှာ။
"နေထွက်ပေမဲ့...အေးနေတုန်းပဲ ဦးထုပ်ဆောင်းထား..."
ဖြူလုံးရဲ့ခေါင်းပေါ်ကို အနောက်ကနေခေါင်းစွပ် စွပ်ချလိုက်တာကြောင့် မော့ကြည့်လိုက်မိလေသည်။နှောင်ဇွဲက သူ့ဂျာကင်အထူကြီးထဲကို လက်ထည့်ထားပြီး ဖြူလုံးကိုပြုံးပြလာသည်။
ပြီးနောက် တိမ်ပင်လယ်ဘက်သို့ အကြည့်လွှဲလိုက်လေသည်။
နေရိပ်ထိုးနေတဲ့ နှောင်ဇွဲရဲ့မျက်နှာဟာ နဂိုကမှ အသားဖြူသူမို့ ၀င်းနေလေသည်။နှောင်ဇွဲဟာ လူချောလေးပါ။ဉာဏ်လည်း ကောင်းတယ်၊ချမ်းသာတာလည်း ဟုတ်တယ်။မဟုတ်တာက ဖြူလုံးသူ့ကို သူငယ်ချင်းလိုပဲ ခင်မင်မိတယ်။
ဒါပေမဲ့ အခု သူ့ရဲ့မရိုးသားမှုကို မြင်လာရတော့ သူငယ်ချင်းလိုတောင် မခင်ချင်တော့ဘူး။
"ဟေ့..ကလေးတွေ...ကိုယ့်နေမဲ့တဲမှာ...အခင်းတွေလာခင်း...ပစ္စည်းတွေ လာထည့်ကြလေ..."
"ဟဲ့...အမေခေါ်နေပြီ...သွားကြမယ်..."
ဖြူလုံးတို့တည်းဖို့ အလုပ်သမားတွေက ရွက်ဖျင်တဲသုံးခုစီစဉ်ပေးထားလေသည်။မြတ်ချယ်တို့မိဘတွေက တစ်ခု၊နှောင်ဇွဲက တစ်ခုသီးသန့်ဖြစ်ပြီး မြတ်ချယ်နဲ့ ဖြူလုံးက တဲတစ်ခုမှာအတူနေရမည်ဖြစ်လေသည်။
"ဟဲ့...ဖြူလုံး...ဟိုမှာ ကားတစ်စီးလာနေတယ်..."
"နင်ကလည်း ကားလာတာများ အဆန်းလုပ်လို့..."
"မဟုတ်ဘူးဟဲ့..ဆန်းတယ်...ကားပေါ်ကနေဆင်းလာတာက မိန်းမနှစ်ယောက်ဟ..."
ညရောက်ရင် လေကြမ်းတိုက်တဲ့အခါ တဲပြိုမှာစိုးလို့ ကြိုးချည်ပြီး သံရိုက်နေရာမှ မြတ်ချယ်ညွှန်ပြသော နေရာကို လိုက်ကြည့်မိလေသည်။
ခပ်လှမ်းလှမ်းက သစ်ပင်အရိပ်အောက်မှာ ကားကိုရပ်လိုက်ပြီး ဟန်ကျကျဆင်းလာတဲ့ သူတို့နှစ်ယောက်။
"ဟင်...မမငွေပန်းချီတို့ ညီအစ်မတွေပဲ..."
"သူတို့က ဘာလာလုပ်တာလဲ မသိဘူးနော်..."
"အဲ့နှစ်ယောက်ထဲက ဆံပင်ကျောလည်လောက်နဲ့ တစ်ယောက်က ကိုကြီးဒေ၀ရဲ့ ချစ်သူလေ..."
"ဘာ!!!!"
"ဟာ...ဖြည်းဖြည်အော်ပါ..ကောင်မရယ်"
မြတ်ချယ်က ရုတ်တရက်ကြီး ထအော်လိုက်တော့ ဖြူလုံးတောင် လန့်သွားပြီး သံရိုက်တာတောင် လက်ချော်ကုန်လေသည်။
"ဘာထဖြစ်တာလဲ...."
"ငါ့အသဲတွေတော့ ကွဲပါပြီဖြူလုံးရယ်...ငါကချိန်ယုံရှိသေးတယ်..ကိုကြီးက ရောင်းထွက်သွားပြီဆိုတော့...မဗဒါ မြေလူးပြီပေါ့ဟယ်..."
"ဟား..ဟား..မြတ်ချယ်ရယ်...ပေါက်ကရသိပ်ပြောတာပဲ...မဗဒါက သားတစ်ယောက်ကစွန်ချီ..နောက်တစ်ယောက်က ရေနစ်လို့ ရူးပြီး မြေလူးတာလေ..."
"နင်က...ဘယ်သူရေနစ်ပြီး...ဘယ်သူ့ကိုစွန်ချီလို့ မြေလူးရမှာလဲ...."
"အေး...နင်ပြောတာလဲ...ဟုတ်သားပဲ...ဟ..ဟ..."
သူငယ်ချင်းနှစ်ရောက် ပြိုင်တူရယ်လိုက်ကြပြီးနောက် မမငွေပန်းချီတို့ဘက်သို့ လှမ်းကြည့်လိုက်မိလေသည်။မမငွေက လူတစ်ယောက်ကို စကားပြောလိုက်ပြီးနောက် ထိုလူက တဲအကြီးကြီးထိုးထားတဲ့ နေရာသို့ လက်ညှိုးညွှန်ပြနေလေသည်။ထိုတဲကြီးမှာ လူ့တစ်ရပ်စာတံခါးပေါက်ရှိပြီး လူလေးငါးယောက်လောက် ဆန့်လောက်သည်။ ကြည့်ရတာ ကိုကြီးက အဲဒီ့ဖျင်တဲမှာ နေပုံရတယ်။
မမရွှေကတော့ တဲအပြင်မှာရပ်စောင့်နေပြီး မမငွေကတော့ တဲထဲကို ၀င်သွားလေသည်။
ဖြူလုံးရဲ့ စိတ်တွေမရိုးမယွဖြစ်လာပြီးနောက်မှာတော့ အလိုလိုမတ်တပ်ရပ်မိပြီးသား ဖြစ်သွားသည်။
"ဖြူလုံး..ဘယ်သွားမလို့လဲ...လာ..နေ့လည်စာ သွားစားကြမယ်...."
ဖြူလုံးရဲ့လက်အား ဆွဲပြီး ထမင်းစားမည့်တဲသို့ခေါ်လာသောမြတ်ချယ်ကို ဒီတစ်ခါတော့ ဖြူလုံးအရမ်းစိတ်ဆိုးတာပဲ။ဖြူလုံးဒီကို လိုက်လာရတဲ့ ရည်ရွယ်ချက်က ကိုကြီးကိုတွေ့ဖို့ပါဆိုနေမှ အခုထိကို မတွေ့ရသေးဘူး။
ကိုကြီးကရော ဖြူလုံးကို တွေ့ချင်ပါ့မလား။?
အခန်း..၄၄ ဆက်ရန်....
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဘီလူးနမ်းသောအရိုင်းပန်းလို့
=========================================================================
အခန်း၄၄
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸
"ဘာ....ငါကမင်းရဲ့ ညီမကို တောင်းပန်ရမယ်...
အဟင်း...သိပ်ရယ်စရာ ကောင်းမနေဘူးလား..."
ကိုကိုက ဘာကြောင့်အရမ်းပြောင်းလဲသွားရတာလဲ။ငွေ့ကိုတောင် ဟာသလုပ်ပြီး မဲ့ပြုံးပြုံးလိုက်သေးတယ်။တကယ်ဆိုရင် ဒီတောင်ပေါ်အထိ မိုက်မဲပြီး လိုက်လာခဲ့မိတဲ့ ငွေ့ကို သူ့အနေနဲ့ဒီလို မကြိုဆိုသင့်ဘူး။ဒါပေမဲ့ ငွေ့ရဲ့စိတ်ကို အတတ်နိုင်ဆုံးနှိမ့်ချထားဖို့သာ ဆုံးဖြတ်လိုက်ပါတယ်။
ငွေက ပိုချစ်ရသူဖြစ်နေတာကို။
"ကိုကို...ငွေမေတ္တာရပ်ခံပါတယ်...ညီမလေးကို တောင်းပန်လိုက်ပါကိုကိုရယ်...အနည်းဆုံးတော့ ငွေ့ရဲ့ မျက်နှာကိုထောက်ထားပြီး...ကိုကို ညီမလေးကို တောင်းပန်လိုက်ပါနော်..."
"ဒုန်း!!!!"
"ကိုကို့...."
ဒေ၀လည်း အလုပ်လုပ်နေတဲ့ နေရာအထိစိတ်ဒုက္ခလာပေးနေသည့် ငွေပန်းချီကိုဒေါသထွက်လာကာ ဒီဇိုင်းစာရွက် တွေ တင်ထားသော ခုံကို လက်သီးနဲ့ ထုပစ်လိုက်သည်။
"ငွေပြောတာ ဘာမှားနေလို့ ကိုကိုကဒေါသထွက်နေရတာလဲ...ကိုကိုလုပ်လိုက်တဲ့ကိစ္စက ဘယ်လောက်တောင် အကျဉ်းတန်သလဲ သိရဲ့လား....ရွှေက ကိုကို့ကြောင့် အရမ်းကိုထိတ်လန့်သွားတာ..ကိုကို့အနေနဲ့ အမှားလုပ်ပြီးရင် တောင်းပန်ရမယ်ဆိုတဲ့ အခြေခံလူ့ကျင့်၀တ်ကို နားလည်ဖို့တော့ ကောင်းပါတယ်...."
ဆရာ၀န်တစ်ယောက်လုပ်နေပြီး တစ်ဖက်ပိတ်အတွေးနဲ့ ဖြစ်ရပ်တစ်ခုကို ပြောင်းပြန်လှန်တွေးနေတဲ့ ငွေပန်းချီကို သူသိပ်အံ့ဩမိလေသည်။
ဦးအဂ္ဂရဲ့ သမီးတွေလို့ မပြောရဘူး။
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတာပဲ။
ဦးယျာဉ်မှူးက အတ္တသမားဆိုတော့ သူပျိုးလိုက်တဲ့ ပန်းတွေကလည်း အတ္တသမားတွေဖြစ်တာ
မဆန်းပါဘူးလေ။
ဒေ၀အဖို့ ဒီမိန်းမကို ကြည့်ပြီး နှုတ်ခမ်းကိုသာ မဲ့ချလိုက်သည်။
"ကိုကို...ဘာလို့မဲ့လိုက်တာလည်း...ငွေ့စကားတွေကို ကလေးကစားစရာလို့ သတ်မှတ်လိုက်တာလား..."
"အဟင်း...ငါအံ့ဩနေတာပါ...မင်းဘာကြောင့် ဆရာ၀န်လိုင်းကို ရွေးလိုက်သလဲဆိုတာ...တကယ်နားမလည်တော့ဘူး...ဘာလည်း သူများအထင်ကြီးတာ လိုချင်လို့လား..."
"ကိုကို..ငွေ့ရဲ့ဂုဏ်သိက္ခာကိုမစော်ကားနဲ့နော်..."
"ဟော...တွေ့လား...အခုပဲဂုဏ်သိက္ခာလို့ မင်းပြောလိုက်ပြီ...မင်းကတော်တော်ဂုဏ်မက်တဲ့မိန်းမပဲ..."
"ငွေဒေါသထွက်လာပြီနော်...ကိုကိုသိထားဖို့က ငွေဒီနေရာအထိ ရောက်လာနိုင်ဖို့အတွက် အပြိုင်အဆိုင် တွေကြားကနေ တစ်ဆင့်ချင်းဆီကြိုးစားခဲ့ရတာ...ဒီလိုတွဲဖက်ပါမောက္ခတစ်ယောက် နေရာကို ရနိုင်ဖို့ ကြိုးစားနေတဲ့လူတွေမှ အများကြီးပဲ ခြေကုန်လက်ပန်းကြိုးစားပြီးမှ ရလာတဲ့ ဒီနေရာအတွက် ငွေကဂုဏ်ယူမနေသင့်ဘူးလား...ဒါဆိုဘာလို့ငွေကဒီလိုကြိုးစားခဲ့ရတာလဲ..."
"မင်းစကားပြောတဲ့အထဲမှာ...ပြည်သူတွေအတွက်...လူနာတွေအတွက်ဆိုတာ တစ်စက်မှ
မပါဘူးနော်...မင်းရဲ့ကြိုးစားမှုက အခြားသူတွေကို အကြိုးပြုပေးဖို့ထက်...မင်းရဲ့အသိုင်းအ၀န်းမှာ မျက်နှာရချင်တာက ပိုအားသာနေတယ်...
ဆရာ၀န်တစ်ယောက်ဆိုတာ လူနာတွေရဲ့ အကျိုးအတွက်ပဲရှင်သန်ရမှာ...ဒါပေမဲ့မင်းကတော့ မင်းရဲ့နာမည်အနောက်မှ ဒီပလိုမာပေါင်းများစွာရှိတယ်ဆိုတဲ့ အမှီးအရှည်ကြီးနဲ့ ဂုဏ်သိက္ခာအတွက်ရှင်သန်နေတာ...အဟင်း...ဆရာ၀န်မပီသတာကို မပြောပါနဲ့ မင်းကလူတောင်မပီသတဲ့ မိန်းမ..."
"ဘာ!!!!"
လူတောင်မပီသတဲ့ မိန်းမဆိုသည့် စကားသံအဆုံးမှာ ငွေ့ခန္ဓာကိုယ်ဟာ ဆက်ခနဲတုန်တက်သွားသည်။ဒါဟာ ဘယ်လိုတောင် စော်ကားလိုက်တဲ့ စကားလဲ။ငွေ့ကို ဘယ်လိုယောက်ျားမျိုးမှဒီလို ရိုင်းစိုင်းတဲ့ စကားကို မပြောခဲ့ဖူးဘူး။
ငွေ့အပေါ်ကို မြင်နေတဲ့ကိုကို့ရဲ့ သဘောထားက ဒီလောက်တောင်ပဲ စပ်ဆုတ်စရာဖြစ်နေတာလား။
"အဲ့ဒီ့နေ့ညက ဖြစ်ဖြစ်ချင်းငါ့ဆီကို မင်းအကြောင်းမကြားခဲ့ဘူး...ဒါ့ထက်ပိုဆိုးတာက ...ဆယ်ကျော်သက်အရွက် မိန်းမငယ်လေးတစ်ယောက် လိင်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရတာကိုတောင် မင်းက ဘာမှမဖြစ်သလိုနဲ့ အိမ်ကို ပြန်လွှတ်လိုက်တယ်..."
"ဒီမှာကိုကို သူကအသက်ငယ်ပေမဲ့ စဉ်းစားတတ်ရမယ်လေ...ဒီလိုပါတီတစ်ခုမှာ အရက်မူးနေတဲ့လူခေါ်တိုင်း သူသွားသင့်သလား...အခုလိုဖြစ်တာ...ငွေ့အမှားကြီးပဲလည်း မဟုတ်ဘူး...သူကိုယ်တိုင်မဆင်ခြင်လို့ဖြစ်တာ..."
"ငွေပန်းချီ!!!မင်းပါးစပ်ကိုပိတ်ထား..."
စိတ်ထဲမှာ ဒေါသမီးတွေ တောက်လောင်လာရလွန်းလို့ ငွေပန်းချီရဲ့ ပခုံးကို ပိတ်တွန်းပစ်လိုက်မိသည်။
"ဒီမှာ...မင်းရဲ့အမှားမဟုတ်ဘူးလို့...မင်းရဲ့ပါးစပ်က ပြောထွက်တယ်နော်...အဲ့ဒီ့နေ့က ဖြူလုံးကိုခေါ်သွားခဲ့တာ ဘယ်သူလဲ...ဖြူလုံးရဲ့အကြောင်းကို ငါမသိဘူးထင်လို့ အရူးကွက်လာနင်းနေတာလား..မင်းကရေနစ်သူကိုဝါးကူထိုးနေတာပဲ...
ဆရာ၀န်တစ်ယောက်အနေနဲ့မဟုတ်ရင်တောင် အမျိုးသမီးတစ်ယောက်အနေနဲ့ အချင်းချင်းရိုင်းပင်းကူညီပေးရမှာ မဟုတ်ဘူးလား...
ဆယ်ကျော်သက်အရွယ်ဆိုတာ စိတ်ထိခိုက်လွယ်၊အမှတ်အသားလွယ်တဲ့အရွယ်ကွ...အခုသူ့စိတ်ထဲမှာ ဒီကိစ္စကြီးက စိတ်ဒဏ်ရာတစ်ခုလို ဖြစ်သွားပြီ..မိန်းကလေးအချင်းချင်း မင်းမှာစာနာစိတ်တစ်စက်မှ မရှိဘူးလား...ဟမ်..."
"ကိုကို ငွေ့ကိုအဲ့လိုမပြောနဲ့....လူတိုင်းကအမှားနဲ့ကင်းကြတာမှ မဟုတ်ပဲ...အရာရာတိုင်းကို ထောင့်စေ့တဲ့အထိ လိုက်တွေးပေးရအောင် ငွေကဘုရားမဟုတ်ဘူး..."
"မင်းပြောတော့ မင်းကဆရာ၀န်ဆို....
ဆရာ၀န်တစ်ယောက်ရဲ့ အတွေးအခေါ်နဲ့....ကိုယ်ချင်းစာတရားက သူများတွေထက် ပိုသာနေတတ်တာမဟုတ်ဘူးလား...
ဖြူလုံးဆိုတာ တစ်ခြားသူမဟုတ်ဘူး...မင်းနဲ့ညီအစ်မ၀မ်းကွဲတော်တယ်....အသက်ကလည်း မင်းနဲ့ ထက်၀က်လောက်ကွာတယ်....ကိုယ့်ညီမတစ်ယောက်လုံး သေမလောက်ဖြစ်ခဲ့တာကိုတောင်...အခြားသူဘက်က နာနေကြတဲ့ မင်းတို့ညီအစ်မနှစ်ယောက်ကို...ငါဆလံသလို့မဆုံးဘူး...
မင်းသာ အဲ့ဒီ့ညက ငါ့ကိုအချိန်မှီအကြောင်းကြားခဲ့မယ်ဆိုရင် မင်းရဲ့ညီမကိုလည်း ငါဘာမှသွားခြိမ်းခြောက်စရာမလိုဘူး...တောင်းပန်ဖို့ စကားတော့ လာမပြောနဲ့...ငါ့မှာ ရာဇ၀င်မရှိဘူး."
"ကိုကို...အဲ့ဒါ..ဘာစကားလည်း...ဟုတ်တယ် ငွေမှားခဲ့တယ်...အဲ့အချိန်မှာ ရုတ်တရက်ကြီးဆိုတော့ ငွေလည်း ဆုံးဖြတ်ချက်ချတာ မှားသွားခဲ့တယ်...
ဖြစ်ဖြစ်ချင်းပဲ ဖြူလုံးသတိရလာတော့ သုတကိုတောင်းပန်းခိုင်းမလို့ပါပဲ...ဖြူလုံးကသုတကို အရမ်းကြောက်ပြီး ထအော်တာလေ...ကိုကို့ဆီကို အသိလှမ်းပေးချင်ပေမဲ့ ဖြူလုံးနဲ့ပတ်သတ်ရင် ကိုကိုကအသဲအသန်လေ...အဲ့တော့...ငွေ့အပေါ်အထင်လွဲမှာစိုးလို့ ဖြူလုံးကိုပြန်မပြောဖို့ တောင်းဆိုခဲ့မိတာပါ..."
"ဘာ...ဒါဆိုရင် ဖြူလုံးငါ့ကို ပြန်မပြောရဲတဲ့ အဓိကအကြောင်းအရင်းက မင်းကြောင့်ပေါ့...
...ငါမင်းကို သိပ်ကိုရွံမုန်းသွားပြီ..."
"ကိုကို ဘယ်လိုပြောလိုက်တာလဲ...ကိုကိုနဲ့ ငွေက ချစ်သူတွေပါ ကိုကိုရယ်...ဖြူလုံးကအပြင်လူပါ..
ငွေကတော့ကိုကို့ကို အရမ်းချစ်ခဲ့တာပါ...
ကိုကိုလည်းငွေ့ကို ချစ်တယ်မဟုတ်လားဟင်...
ဖြေပါ...ကိုကိုရယ်..."
ကိုကို့ရဲ့ လက်မောင်းကို ကိုင်လှုပ်ပြီးမေးလိုက်တော့ ကိုကိုကငွေ့ကို မကြည့်ပဲ မျက်နှာကို လွှဲဖယ်လိုက်သည်။
ကိုကိုက ငွေ့မျက်နှာကို မကြည့်ချင်တော့ဘူး ထင်ပါရဲ့။အစက ညီမလေးကို တောင်းပန်ခိုင်းမလို့ လာခဲ့တာပါ။အခုတော့ ငွေ့အပေါ်ကို အထင်အမြင်သေးပြီး စိတ်ကုန်နေတဲ့ ကိုကို့ရဲ့စိတ်ကို ငွေ့ဆီပြန်လည်လာအောင် အပျော့ဆွဲ
ဆွဲနေရလေသည်။
"ကိုယ်တို့ လမ်းခွဲရအောင်..."
"ဘာ!!!!"
ငွေ အံ့ဩလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ယောက်ျားလေးကနေစပြီး ပြတ်ဆဲဖို့ ပြောရလောက်အောင် ငွေကကိုကိုနဲ့ပတ်သတ်ပြီး ဘာတွေအမှားလုပ်ထားလို့လဲ။
"တတိယလူကြောင့်လား....ဟုတ်တယ်မလား..
ဖြူလုံးကြောင့် ကိုကို..ငွေနဲ့လမ်းခွဲချင်တာမဟုတ်လား..."
"ဒီကိစ္စက ဖြူလုံးနဲ့ဘာမှမဆိုင်ဘူး..."
"ဒါဆိုရင် ဘာလို့ လမ်းခွဲချင်ရတာလဲ..ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေအားလုံးကလည်း ငွေတို့နှစ်ယောက်အကြောင်းကို သိကုန်ကြပြီ...ငွေ့ကို အရှက်ရအောင်မလုပ်ပါနဲ့ ကိုကိုရယ်..."
"ဒီမှာ...ငါအဲ့ဒါတွေကို နားမလည်ဘူး..
သမီးရည်းစားဆက်ဆံရေး တစ်ခုမှာ ရှေ့ဆက်
မလား...ရပ်တန့်မလား...ဒီနှစ်လမ်းပဲရှိတယ်...
ငါ့ကတော့..မင်းနဲ့ရှေ့မဆက်နိုင်လို့ ရပ်တန့်ဖို့ ရွေးချယ်လိုက်ပြီ....."
မင်းကိုငါက အစကတည်းကချစ်မှ မချစ်ခဲ့ပဲ။အချစ်ရဲ့ ဆန့်ကျင်ဘက်အနေနဲ့ မုန်းလို့ကို မင်းကိုရအောင် လိုက်ခဲ့တာ။အခုလို တန်ဖိုးနဲတဲ့မိန်းမမှန်းသိလိုက်ရတော့ စွန့်လွှတ်ဖို့ကို ငါတွေဝေမနေတော့ဘူး။
"ဒါဆိုအချစ်ကရော...ကိုကို့အနေနဲ့ ငွေ့ကိုမချစ်ခဲ့ဘူးလား...လွယ်လွယ်နဲ့ ရပ်တန့်ပစ်လိုက်ရအောင် ငွေက ကစားစရာအရုပ်မဟုတ်ဘူးနော်...
အဟင့်...ဟင့်...ငွေ့အသိုင်းအ၀န်းနဲ့...ငွေ့ဂုဏ်သိက္ခာကို ငဲ့ကွက်ပါအုံး..အဟင့်..
ငွေတောင်းပန်ပါတယ်...ကိုကိုလိုချင်တဲ့ပုံစံအတိုင်း အံ၀င်ခွင်ကျဖြစ်အောင် ငွေနေပါ့မယ်...
ငွေ့ကို အခွင့်အရေးထပ်ပေးပါ...ကိုကိုရယ်..."
ကိုကိုက ဘာစကားတစ်ခွန်းမှထပ်မပြောတော့သလို ငွေ့မှာလည်း ဒီ့ထက်ဦးညွှတ်စရာ စကားမရှိတော့ပါဘူး။
ငွေတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်သွားခဲ့ပါပြီ။နောက်ထပ်ရောက်ရှိလာမဲ့ အရာကတော့ ဆောင်းဥတုနဲ့ ယှဉ်ပြိုင်ပြီး အေးစက်လာမဲ့ ဆက်ဆံရေးတွေပေါ့။
"ဆရာ..ကိုထက်မြတ်က....ဟာ...ဒေါက်တာ
မလေးလည်း ရောက်နေတာလား...ကျွန်တော်မသိလိုက်လို့ပါ..."
"နေဦး...ဘာပြောချင်လို့ လာတာလဲ...."
ဦးလူထိန်လည်း ပြန်ထွက်သွားမလို့ လုပ်ပြီးခါမှ
ခြေလှမ်းတွေကို ရပ်တန့်လိုက်ရသည်။ဒေါက်တာမလေးကလည်း မျက်ရည်တွေနဲ့ဖြစ်နေပြီး ဆရာ့မျက်နှာကလည်း မကြည်ပုံထောက်ရင် ရန်ဖြစ်နေကြတာ ထင်ပါတယ်။
"ကိုထက်မြတ်က ညနေကျရင် ရေတံခွန်ဘက်အခြမ်းမှာ ဆောက်မဲ့ အဆောက်ဦးတွေရဲ့ ပုံစံငယ် အချောကို ကြည့်ချင်ပါတယ်တဲ့...အဲ့ဒါ...
သူ့မိသားစုကို ရေတံခွန်ဘက်လိုက်ပို့ပေးနေလို့
ကျွန်တော် လာပြောတာပါ...သူတို့ရေတံခွန်ကနေ ပြန်ရောက်တဲ့အချိန်လောက်ဆို နေစောင်းလောက်ပြီဆရာ...ဆရာအဆင်ပြေတယ်မဟုတ်လား..."
"ကျွန်တော့်ဘက်ကအဆင်ပြေပါတယ်...အော်...
ဒါနဲ့ ဒေါက်တာတို့အတွက်လည်း ဒီနေ့အတွက်တည်းဖို့ တဲစီစဉ်ပေးလိုက်ပါ...မနက်ဖြန်ရောက်ရင် လိုက်ပို့ဖို့အဖော်တစ်ယောက်ထည့်ပေးလိုက်..."
"ဟုတ်ကဲ့ပါဆရာ...ဒါနဲ့ဆရာ...ဦးထက်မြတ်တို့မိသားစုနဲ့အတူ...ဖြူလုံးလည်းပါလာတယ်...အခုတော့ ရေတံခွန်ဆီကို သူလည်းလိုက်သွားတယ်.."
"ဘာ....ဖြူလုံးလည်းပါလာတယ်...ဒီကလေးမက သူများတွေနဲ့ ဘာလိုက်လုပ်တာလဲ..."
ဖြူလုံးရဲ့ နာမည်ကိုကြားတာနဲ့ အရောင်ပြောင်းသွားတဲ့ ကိုကို့မျက်၀န်းတွေကို ငွေမြင်လိုက်ရပါတယ်။ ငွေချက်ချင်းပဲ နှုတ်ခမ်းကိုမဲ့ ချလိုက်မိသည်။
တတိယလူကြောင့် မဟုတ်ဘူးဆိုတဲ့ကိုကို့ရဲ့စကားတွေကို ငွေယုံမယ်များ မှတ်နေသလား။
"ဒေါက်တာ...ဒီဘက်ကို လိုက်ခဲ့ပါ..."
ငွေပန်းချီနဲ့ ဦးလူထိန်တို့နှစ်ယောက် တဲထဲမှထွက်သွားကြသည်နှင့် ဒေ၀မှာ ရွှေရောင်ကိုင်းနဲ့မျက်မှန်ကို ချွတ်လိုက်ပြီး ခုံပေါ်ကို တင်လိုက်သည်။လူလည်း ခြေပစ်၊လက်ပစ်ပုံစံနှင့် အခန်းထဲမှာ အသင့်ရှိနေတဲ့ တစ်ယောက်အိပ်ကုတင်လေးအပေါ်သို့ လှဲချလိုက်မိသည်။
ဖြူလုံးလည်း လိုက်လာတယ်တဲ့။ခံစားချက်တွေကို ထိန်းချုပ်ဖို့ သူမနဲ့ဝေးတဲ့အရပ်မှာ လာနေပါတယ်ဆိုမှ ကောင်မလေးက ဒီအထိရောက်ချလာတယ်။
သူမကို တွေ့ရင် သူဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ။သူ့ခံစားချက်တွေက မရိုးသားတော့တာကို ဖြူလုံးသိသွားရင် ဘယ်လိုတုန့်ပြန်မှာလဲ။
"ဖြူလုံးရေ...ကိုယ်ကဘယ်သူနဲ့ပဲယှဉ်ယှဉ် ခေါင်းမော့ ရင်ကော့နေနိုင်ပေမဲ့ မင်းနဲ့တွေ့ရမှာကိုတော့ ကြောက်နေမိတယ်....မင်းကတယ်စွမ်းတဲ့မိန်းကလေးပဲ...."
🍁🍁🍁🍁🍁🍁🍁🍁
အချိန်အားဖြင့် မွန်းလွှဲခါနီးဖြစ်နေလေပြီ။နေမင်းကြီးကတော့ တစ်တောတစ်တောင်လုံးကို
ထိန်ညီးနေအောင် အလင်းရောင်ဖြာကျပေးနေပေမဲ့ ရာသီဥတုကတော့ အေးစိမ့်နေတုန်းပါပဲ။တောင်ပေါ် ဒေသဖြစ်နေသည့်အတွက် လေတိုက်နှုန်းကတော့ သိသာစွာ အားကောင်းနေလေသည်။
တဲတစ်ခုထဲတွင်တော့ ရွှေပန်းချီဟာ တငိုငိုဖြစ်နေသော အစ်မဖြစ်သူငွေပန်းချီကို စိတ်ညစ်စွာထိုင်ကြည့်နေလေသည်။
"အစ်မ...နင်ဘာဖြစ်နေတာလဲ ငါ့ကိုပြောစမ်းပါဟာ..."
"အဟင့်...သူ...သူက ငါနဲ့လမ်းခွဲမယ်တဲ့..."
"ဘာ...."
"ဟုတ်တယ်...သူကငါ့ကို ဖြူလုံးရဲ့ကိစ္စနဲ့
ပတ်သတ်ပြီး အရမ်းအထင်သေးသွားတာဟ..."
"အလကားပါဟာ...သူသာနင့်ကိုအစတည်းက တကယ်ချစ်ခဲ့တယ်ဆိုရင် ဒီလောက်အမှားလေးကို ခွင့်လွှတ်ပေးနိုင်ရမှာပေါ့...အခုတော့ ဖြူလုံးဆိုတဲ့ ကောင်မဘက်ကနေပဲ ပိုနာရတယ်ရှိသေး..."
"ဟုတ်တယ်ရွှေ...ငါ့စိတ်ထဲမှာ အလိုလိုသိနေတယ်....ငါတို့လမ်းခွဲရတဲ့ အဓိကအကြောင်းအရင်းက ဖြူလုံးကြောင့်ပဲ...သူကငါတို့ကြားမှာ ခလောက်ဆန်နေတဲ့ တတိယလူပဲ ရွှေ...ငါ့မှာလိုအပ်ချက်တစ်ခုခုရှိလို့ဆိုရင် ခံသာသေးတယ်
...အခုတော့ဘလိုင်းကြီး လမ်းခွဲခံလိုက်ရတာ...
အဟင့်...ငါ့ကိုယ်ငါ ပြန်ပြုပြင်ပါမယ်လို့ ပြောလည်း မရဘူး..."
"ငိုမနေနဲ့ဟာ...ဒီလူက စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ အကောင်းစားလား အညံ့စားလားဆိုတာကိုတောင် မခွဲခြားတတ်ဘူး...
ဘာအရည်အချင်းမှ မရှိတဲ့ဆယ်တန်းကျောင်းသူတစ်ယောက်နဲ့ နင့်လိုဆရာ၀န်ကိုလဲလည်ပစ်နိုင်တာ..သူကန်းနေလို့ပဲ...သူ့ကအဲ့ကောင်မလို...
အဆင့်မျိုးနဲ့ပဲ တန်လို့နေမှာပေါ့... နေအုံး...
မပြန်ခင်..နင်ခံစားရသလို အဲ့ကောင်မခံစားရအောင်ကို လုပ်ပစ်လိုက်အုံးမယ်....ဟိုလူငါ့ကို လာခြိမ်းခြောက်တဲ့ နေတည်းက အဲ့ကောင်မကို ငါမကျေမနပ်ဖြစ်နေတာ..."
"ရွှေ...နင်ကဘာလုပ်မလို့လဲ...
"နင်...စောင့်ကြည့်နေစမ်းပါ...ငါဒီနားဟိုနား...
လှည့်ပတ်ကြည့်လိုက်အုံးမယ်...နင့်ကားကို ခဏယူသွားမယ်နော်..."
ရွှေကတော့ ပြောချင်တာတွေပြောပြီး ကားသော့ကိုယူကာ ထွက်သွားလေသည်။ငွေကတော့
တဲလေးထဲမှာပဲ ငိုလို့ကိုမဆုံးနိုင်ဖြစ်နေလေသည်။
ပထမဦးဆုံးအချစ်ဦးက သူမကိုအကြောင်းမဲ့ လမ်းခွဲလိုက်တာကြောင့် သူမအတွက်တော့ မျက်ရည်တွေ ခမ်းနိုင်တော့မယ်မထင်ပါဘူး။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁
နေမင်းကြီးသည် ပုစွန်ဆီအရောင်သို့ ကူးလူးလာလေသည်။တောင်ပေါ်မှ လှမ်းမြင်နေရတာကြောင့် နေလုံးကြီးသည် ကိုယ့်အနီးတွင်ရှိနေသကဲ့သို့ ထင်ဟပ်မိစေသည်။တဖြည်းဖြည်း တောင်တန်းတွေရဲ့ အနောက်သို့ ပုန်းလျှိုးပျောက်ကွယ်သွားသော သူရိန်နေမင်းကြီးကို ကြည့်ရင်းနှင့်
ဦးထက်မြတ်ကတော့ ကျေနပ်စွာပြုံးလိုက်မိလေသည်။
သူနှင့် မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေသော ဒေ၀ကတော့ ဥတုရာသီရဲ့အလှအပကိုလည်း
မမြင်နိုင်တော့ပေ။လေဘယ်လောက်တိုက်တိုက် သူ့အတွက် ချမ်းဖွယ်ရာဖြစ်မနေပဲ။ဒေါသအပူတွေကသာ အခိုးအငွေ့အဖြစ်လှိုက်တတ်လာပြီး သူ့နှလုံးသားကို မီးလောင်တိုက်သွင်းနေကြလေသည်။
သူ့အမြင်အာရုံတစ်ခုလုံးကို စိုးမိုးထားသူတွေကတော့ ခပ်လှမ်းလှမ်းမှာ မြင်းနှစ်ကောင်နဲ့အလုပ်ရှုပ်နေကြတဲ့ ဖြူလုံးတို့ သူငယ်ချင်းသုံးယောက်ပါပဲ။
"ဖြူလုံး...ဖြည်းဖြည်းလုပ်နော်..."
"အေးပါဟာ..."
မိန်းကလေးဖြစ်ပြီး ယောက်ျားလေးတစ်ယောက်ကို မြင်းစီးသင်ပေးနေရတယ်လို့ မျက်နှာကလည်း ပြုံးဖြီးနေလိုက်ကြတာများ သကြားလုံး တွေ
ဘယ်နှစ်လုံးလောက် မျိုထားပြီးပြီလဲ မသိဘူး။
ဟိုကောင်ကလည်း မြင်းဇာတ်ကြိုးကို လှမ်းကိုင်သလိုလိုနဲ့ သူမရဲ့ လက်ဖျားလေးတွေကို လှမ်းကိုင်ပြီး နှာဘူးထနေတာများ တော်တော်သောက်မြင်ကပ်ဖို့ကောင်းတယ်။
ဦးထက်မြတ်ရဲ့ သားမို့လို့ကြည့်နေတာ အခြားသူဆိုရင်တော့။
"ခင်ဗျားရဲ့ သားမို့လို့နော်..."
"ဟမ်!!!မောင်ဒေ၀ ဦးကိုဘာပြောလိုက်တာလဲ..."
"ဟမ်...ကျွန်တော်က ဘာပြောလိုက်မိလို့လဲ..."
"ခုဏကပဲ...ခင်ဗျားရဲ့ သားမို့လို့နော်ဆိုပြီး ပြောလိုက်သလားလို့...ဦးရဲ့သားက ဘာတွေလုပ်ထားလို့လဲ......"
ဒေ၀မှာ ခပ်ရှက်ရှက်နဲ့ ကိုယ့်နားထင်ကိုယ် လက်ညှိုးနဲ့ အကြောင်းမဲ့သပ်သပ် ပွတ်နေမိသည်။သူနဲ့အသက်အများကြီးကွာတဲ့ ကောင်လေးကိုပါ သ၀န်တိုနေမိတဲ့ ကိုယ့်ကိုကိုယ်လည်း
အံ့ဩနေမိသည်။
"အားမနာပါနဲ့ မောင်ဒေ၀ရယ်...ပြောစရာရှိတာပြောပါ..."
"ဘာမှမဟုတ်ရပါဘူးဗျာ...အော်...ပုံစံငယ်ကို ကြည့်လိုက်ပါအုံး...ဒါကတော့ ကျွန်တော်ကိုယ်တိုင်ထပ်ဆွဲထားတဲ့ ထပ်တိုးဒီဇိုင်းလ်ပါ...
ဦးထက်မြတ်...ဘယ်လိုမြင်သလဲ..."
"အင်း...ဦးကတော့အရမ်းသဘောကျပါတယ်...ဟောဒီ့တိမ်ပင်လယ်ရှိတဲ့နေရာကို ပိုပြီး သဘောကျတယ်... "
"ရေတံခွန်ဘက်က ရှုမျှော်ခင်းတွေကလည်း အရမ်းလှပါတယ်...ဒီပုံစံအတိုင်းသာဆောက်လိုက်နိုင်ရင်...ရေတံခွန်ကို အထက်စီးကနေ အနီးကပ်မြင်နေရမှာ...သိပ်ကိုလှတဲ့နေရာလေးဗျာ...နောက်ပြီး သဘာ၀ကျောက်ဖြစ်ရေကို
ထိတွေ့ခွင့်လည်း ရမယ်...ဘယ်လောက်ကောင်းလိုက်သလဲ..."
"ဟား..ဟား...ဒေ၀ကဒေ၀ပါပဲကွာ...မင်းဟာတော်တော် အကွက်မြင်တာပဲကွ...ဦးအကြံပေးချင်တာကတော့ ဒီဇိုင်းတွေကို သဘာ၀အကျဆုံးပဲ ဆောက်စေချင်တယ်..."
"ကျွန်တော်လည်း အတူတူပါပဲ...သဘာ၀ကျပြီး..လူထုလည်းနှစ်သက်ရမယ်...လေဒဏ်၊မိုးဒဏ်ကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပေါ့..."
"ကောင်းတယ်ကွာ...မောင်ဒေ၀..မင်းနဲ့လက်တွဲခွင့်ရတာဟာ ဦးအတွက် လာဒ်လာဘတစ်ခုပါပဲ..."
"ကျွန်တော်လည်း အတူတူပါပဲ..."
ဦးထက်မြတ်နဲ့ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်မှုကို လောကွပ်ပြုကာ ထပ်မံလုပ်လိုက်ကြပြီးနောက် ဖြူလုံးတို့ဆီသို့ အကြည့်ထပ်ရောက်သွားမိပြန်သည်။
ဒီတစ်ခါမှာတော့ မြင်းစီးနေကြတဲ့ နေရာမှာ ဖြူလုံးကို မတွေ့ရတော့ပဲ ဟိုအမွှာမောင်နှမ
နှစ်ယောက်ကိုသာ တွေ့နေရလေသည်။
"ဦးထက်မြတ်ခဏနော်..."
"အေး...အေးပါကွာ..."
သူ့စိတ်ထဲမှာ စိုးရိမ်မှုအရှိန်အဟုန်တွေ မြင့်တက်လာပြီးနောက် မြင်းစီးနေကြသော နေရာသို့ ခပ်သွက်သွက် သွားနေမိလေသည်။
ဖြူလုံးက ဘယ်ကိုရောက်နေတာလဲ။
ဒီကလေးမကတော့ လူကိုစိတ်ပူအောင်အမြဲလုပ်တယ်။။
"ဟဲ့...ဖြူလုံး...နင်ဘယ်သွားနေတာလဲ..."
"ဘယ်မှ မသွားပါဘူးဟာ.."
"အေး...မနက်ဖြန်ကျရင်...တောပန်းတွေသွားခူးရအောင်နော်...."
"အေး...အေး.."
ကောင်မလေးရဲ့ မျက်နှာကို မြင်လိုက်ရတော့မှသာ စိတ်ချမ်းသာသွားလေသည်။ကလေးမက
သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူနဲ့အကြည့်ချင်းဆုံသွားချိန်မှာ သူ့ခြေလှမ်းတွေကို ရပ်တန့်ပြစ်လိုက်မိသည်။
သူမရဲ့နှုမ်ခမ်းဖူးဖူးလေးတွေက သူ့အားအချိုဆုံးအပြုံးလေးတစ်ပွင့်ကို ပြုံးပြလိုက်သည့်အချိန်မှာတော့ မိုးကျိုးပစ်လိုက်သကဲ့သို့ နှလုံးသားဟာ ဒုန်းဆို ခုန်တက်သွားလေသည်။
သူကိုယ်တိုင်လည်း နှုတ်ခမ်းတွေကွေးတက်သွားအောင်အထိ ပြုံးလိုက်မိသည်။
သူမရဲ့အပြုံးလေးက အရမ်းလှတာပဲ။သူမရဲ့နှုတ်ခမ်းလေးကလည်း လှပတဲ့အပြုံလေးလိုပဲ ချိုမြိန်နေမလား။
ဟာ ငါဘာတွေ တွေးနေမိတာလဲ။
ပူလောင်လာတဲ့ ရင်ဘတ်ကိုသာ အသာဖိရင်း ကိုယ့်တဲဆီသို့သာ ခပ်သွက်သွက် သွားနေမိပါသည်။ထိုအရာကို ပြုံးပြုံးကြီး ကြည့်နေသူကတော့ ဦးထက်မြတ်ပေါ့။
🍁🍁🍁🍁🍁🍁🍁🍁
ည၏အမှောင်ထုဟာ ပဲရစ်သံ၊ညဇီးကွက်တို့ရဲ့အသံတွေနဲ့အတူ ခြောက်ခြားမှု အပြည့်ဖြစ်နေလေသည်။နှင်းမကျပေမဲ့ အအေးဓာတ်ကတော့ အတော်ပြင်းထန်နေလေသည်။
ဂွမ်းစောင်အထူကြီးကို ခြုံအိပ်နေတာတောင် ချမ်းနေတုန်းဟု ထင်မှတ်ရလောက်သည်အထိပင်။
ဖြူလုံးရဲ့ လက်မှာပတ်ထားတဲ့ အနုမျူလက်တံလေးတွေပါသည့် နာရီကို ကြည့်လိုက်မိတော့
ညဆယ့်တစ်နာရီထိုးနေလေပြီ။
ညနေက မြင်းစီးနေတုန်းမှာ မမရွှေက ဖြူလုံးကိုလှမ်းခေါ်ပြီး ကွယ်ရာကိုခေါ်သွားခဲ့တယ်။
ညဘက် လူတွေအိပ်တဲ့အချိန်ကျရင် တဲအပြင်ကို ထွက်ခဲ့ပါတဲ့။ဘာလုပ်မလို့လဲဆိုပြီး မေးတော့လည်း မဖြေဘူး။
ဘာပဲ ဖြစ်ဖြစ် အစ်မဖြစ်သူရဲ့စကားဆိုတော့လည်း ဖြူလုံးကနားထောင်ရမှာပေါ့။
ဘေးနားမှ မြတ်ချယ်မကတော့ အိပ်မောကျနေတာများ ဟောက်တောင်နေလေပြီ ဖျင်တဲရဲ့တံခါးဇစ်ကိုဆွဲချလိုက်ပြီးနောက် တဲအပြင်ကိုထွက်လိုက်လေသည်။ပတ်၀န်းကျင်တစ်ခုလုံးက
ဆိုလာမီးတိုင်လေး ထောင်ထားတာမို့ အရမ်းမှောင်မဲမနေပေ။
ပတ်၀န်းကျင်ကို ဟိုကြည့်၊ဒီကြည့်လုပ်ပြီး မမရွှေကိုလိုက်ရှာနေမိလေသည်။
"ဖြူလုံး..."
"မမရွှေ...သမီးကလိုက်ရှာနေတာ...သမီးကို ဘာပြောမလို့ ဒီအချိန်ကြီးမှာ ခေါ်လိုက်တာလဲဟမ်..."
"ပြောစရာရှိလို့မဟုတ်ဘူး...ပြစရာရှိလို့ လာ..
ငါနဲ့လိုက်ခဲ့...."
"ဟင်...ဘယ်ကိုလဲ..."
"လျှာမရှည်နဲ့ လိုက်ခဲ့စမ်းပါဟာ..."
မမရွှေက ဖြူလုံးရဲ့လက်ကို အတင်းဆွဲတာကြောင့် ဖြူလုံးလည်း လိုက်လာမိလေသည်။
မမရွှေက ဖုန်းမီးကို ထွန်းပြီး အရှေ့ကနေသွားနေလေသည်။ဖြူလုံးမှာတော့ မြွေတွေ၊ကင်းတွေကို ကြောက်နေမိတဲ့အပြင် သရဲပါကြောက်တတ်သူမို့
ချမ်းနေတဲ့အချိန်တောင်မှ လက်ဖဝါးမှာချွေးတွေပြန်လာရလေသည်။
"ကားပေါ်ကို တက်..."
"ဟမ်...သမီးကဘာလုပ်ဖို့တက်ရမှာလဲ...ဒီအချိန်ကြီး မမရွှေကရော ဘယ်သွားမလို့လဲ..."
"တက်ပါဆိုဟာ...ငါနင့်ဆီကနေ အကူအညီတောင်းစရာရှိလို့...တက်ဟာ...မြန်မြန်..."
တဲတွေနဲ့ ခပ်ဝေးဝေးနေရာမှာ ရပ်ထားတဲ့ကားထဲသို့ ဖြူလုံးကိုအတင်းတွန်းထည့်လိုက်လေသည်။
ဖြူလုံးမှာ တဖြည်းဖြည်းဝေးကွာသွားသော
မှိန်ဖျဖျအလင်းရောင်တွေကိုသာ ငေးကြည့်နေမိပါသည်။
"မမရွှေ...ဘယ်ကိုမောင်းမလို့လဲ..."
"ရောက်ရင်သိလိမ့်မယ်ဟာ...စိတ်ချ...နင်နဲ့ငါကညီအစ်မတစ်၀မ်းကွဲတောင် တော်တဲ့ဥစ္စာ...ငါကမဟုတ်တာလုပ်မဲ့လူလား...."
ပတ်၀န်းကျင်တစ်ခုလုံးက မှောင်မဲနေပြီး ကားမီးအလင်းရောင်ကြောင့်သာ လမ်းကိုမြင်နေရခြင်းဖြစ်လေသည်။
ဖြူလုံးရဲ့စိတ်ထဲမှာ အလိုလိုသိနေတာကတော့ ကိုကြီးတို့ရှိနေတဲ့ နေရာနဲ့တော်တော်လေးဝေးလာပြီဆိုတာပါပဲ။
လမ်းက အရမ်းကြီးမပြေပြစ်တာကြောင့် ကား လေးကလှုပ်ခါနေတာများ အသည်းကိုခြောက်ခြားစေလေသည်။
"ကျွီ!!!!!"
"ကားပေါ်ကနေ ဆင်းတော့..."
"ဒါက...ဘယ်နေရာလည်း....မှောင်မဲနေတာပဲ..."
"ဆင်းမှာသာ ဆင်းစမ်းပါဟာ..."
ဒီတစ်ခါလည်း မမရွှေရဲ့အတင်းဆွဲလွဲမှုကြောင့် ဖြူလုံးကားပေါ်မှ ဆင်းလိုက်ရပါသည်။
ကားမီးရောင်ကြောင့် မြင်နေရတာကတော့ ဖြူလုံးတို့ရပ်နေတဲ့ နေရာဟာ ချောက်ကဲ့သို့ မက်စောက်ကြီးမဟုတ်ပေမဲ့ တောင်ကဲ့သို့ ကုန်းဆင်းကြီးဖြစ်နေလေသည်။ကျသွားလိုက်ရရင်တော့
မတွေးရဲစရာပဲ။
"မမရွှေ...သမီးကြောက်တယ်...ပြန်...ပြန်ကြရအောင်နော်..."
"အဟင်း...သူများရည်းစားတစ်ယောက်လုံးကိူတောင် လုယူရဲပြီး ဘာအခုမှကြောက်နေတာလဲ..."
"မမရွှေ...သမီးကိုဘာတွေလာပြောနေတာလဲ..."
မသိချင်ယောင်ဆောင်နိုင်လွန်းသော မိန်းမကို ရွှေ့စိတ်ထဲမှာ ပိုလို့တောင်မြင်ပြင်းကပ်လာသည်။
"ထားလိုက်ပါ...နင့်ကိုငါဒီနေရာအထိ ခေါ်လာတာကလေ ပြစရာရှိလို့...."
"ဟင်...ဘာကိုပြမလို့လဲ မမရယ်...သမီးကြောက်လာပြီ...အရမ်းလည်းချမ်းနေပြီ...ပြစရာရှိတာ မြန်မြန်ပြပါတော့..."
"ကောင်းပြီလေ...နင်ကဒီလောက်အလျှင်လိုနေမှတော့..ငါကလည်းမြန်မြန်အဆုံးသတ်ရတာပေါ့...
ဒီကုန်းဆင်းရဲ့ အောက်ဘက်ကို လှမ်းကြည့်လိုက်စမ်း...."
မမငွေက ကြည့်ဆိုတော့လည်း ဖြူလုံးမှာ လိုက်ကြည့်နေမိပြန်သည်။ဘာမှလည်း မတွေ့ရပါလား။မမရွှေဘက်သို့ မေးခွန်းမေးဖို့ လှည့်လိုက်စဉ်မှာတော့...
"တွေ့လိုက်လား...နင့်အတွက် ငရဲပြည်ကို...."
"အား!!!!"
ဖြူလုံးကို တွန်းချလိုက်ပြီးနောက် ကုန်းအတိုင်းအောက်သို့ လိမ့်ကျသွားသော ပုံစံကိုသေချာကြည့်နေမိလေသည်။
ဖြူလုံးရဲ့ ခန္ဓာကိုယ်ဟာ သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပြီးနောက်မှာ အံကိုကြိတ်ချလိုက်မိသည်။
"ငါလုပ်တာမှန်တယ်...ငါ့အစ်မအတွက် ငါ
ကလဲ့စားချေလိုက်တာပဲ....အဲ့ဒီ့အောက်ခြေမှာပဲ..
နင်တစ်သတ်လုံး နေလိုက်တော့..."
နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာပြီး လက်တွေတုန်တက်လာပေမဲ့ ကားကိုစက်နှိုးလိုက်ကာ
မမငွေရှိသော နေရာသို့သာ ပြန်မောင်းလာခဲ့လိုက်သည်။လူခြေတိတ်တဲ့အချိန်ကို ရွေးလိုက်ခြင်းက နင့်ကို ဒီလိုလုပ်ချင်လို့ပဲ ဖြူလုံး။
နင်က ဒါမျိုးနဲ့ပဲ ထိုက်တန်တယ်။
ကားလေးဟာ မီးရောင်မှိန်ဖျဖျလေးလင်းလက်နေသော နေရာနဲ့နီးစပ်လာစဉ်မှာတော့ ရုတ်တရက်ကြီး ဆောင်းနှင်းစက်တို့ဟာ မိုးကောင်းကင်းယံထက်မှ ဖြာကျလာလေသည်။
အညှာအတာ မဲ့သော နှင်းစက်ဖြူဖြူလေးတွေသည် ဒီတစ်ခါတွင်တော့ နှင်းပွင့်လေးတွေကို နှစ်သက်ပါသည်ဆိုသော ကောင်မလေးတစ်ယောက်ကို ဝါးမျိုသွားကြလေတော့သည်။
ရက်စက်လိုက်တဲ့ ဆောင်းဟေမာန်ပါလေ။
အခန်း၄၅..ဆက်ရန်...
🍁🍁🍁🍁🍁🍁🍁🍁🍁
ဇာတ်လမ်းကို ဘယ်ဘိုဇာတ်သိမ်းမယ်ထင်လည်း ခန့်မှန်းကြည့်
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

No comments:
Post a Comment