🌿အခန်း ၅၇မှ အခန်း ၆၁ 🌿

                                         


 အခန်း၅၇         

                    ဘီလူးနမ်းသော အရိုင်းပန်း


မနက်ခင်းလေးမှာ မြူတွေရစ်ဆိုင်းနေသောကြောင့် ပတ်၀န်းကျင်တစ်ခုလုံးက အေးချမ်းမှုအတိဖုံးလွှမ်းနေလေသည်။‌ငှက်ကလေးတွေဟာ အိပ်ယာမှနိုးထလာကြတာကြောင့် အသိုက်ကလေးတွေထဲမှ ထွက်လာကြကာ တကျီကျီတေးသံသီနေကြလေသည်။
စံအိမ်ကြီးရဲ့ အပြင်ဘက်တွင်တော့ သစ်ပင်၊ပန်းပင်များကို ရေလောင်းပေါင်းသင်နေကြသူတွေရှိနေသလို စံအိမ်ကြီး၏ မီးဖိုချောင်ဘက်အခြမ်းတွင်တော့ ဒေါ်နှင်းမြတ်နှင့် အိမ်အကူမိန်းကလေးတွေဟာ ချက်ပြုတ်ရေးလုပ်ငန်းကို စတင်နေကြလေသည်။

ဒေ၀ကတော့ မနက်ခင်းမှာ အိပ်ယာစောစောထနေကြဖြစ်တာကြောင့် ခြောက်နာရီထိုးတာနှင့် မျက်လုံးကအလိုလိုပွင့်နေလေပြီ။ရာသီဥတုက အေးချမ်းနေပြီး အခန်းထဲမှာလည်း ဘာပစ္စည်းမှ သိပ်မထားတာကြောင့်  အမြင်ရှင်းနေပေမဲ့ စိတ်ထဲမှာကတော့ လေးလံနေဆဲပါပဲ။ငရဲပြောခဲ့သလိုပဲ တစ်ယောက်တည်းရှင်သန်ရပ်တည်နေရတာမဟုတ်ပဲ လူအများရဲ့ဘ၀တွေကိုပါ ထမ်းပေးထားရတာမို့ ကိုယ့်စိတ်ကိုအတတ်နိုင်ဆုံး ထိန်းထားနိုင်မှရလိမ့်မယ်။

ကုတင်ပေါ်ကနေချက်ချင်းဆင်းလိုက်ပြီး အ၀တ်အစားတွေချွတ်ကာ ရေချိုးခန်းထဲသို့ ၀င်လိုက်သည်။မျက်နှာသစ်၊သွားတိုက်ပြီး ရေဘားကိုဖွင့်လိုက်တော့ ခေါင်းပေါ်သို့ စီးကျလာသည့် ရေတွေကို မျက်နှာမော့ရဲ့ ခံယူလိုက်သည်။နံရံကို လက်ထောက်ပြီး ခေါင်းကို ရေပန်းနဲ့ လွတ်အောင် ငုံ့ထားလိုက်မိတော့ ဂုတ်ပိုးမှတစ်ဆင့် ရေတွေဟာ ခြေထောက်တစ်လျှောက် စီးကျသွားလေသည်။

သူ့စိတ်ထဲမှာ တွေးနေမိတာကတော့ သုန္နကမြို့က ဟိုတယ်စီမံကိန်းတွေကို ဦးလူထိန်နဲ့ လွှဲထားခဲ့ပြီး ပြင်သစ်ကို ပြန်နားဖို့ပါပဲ။ ဒီမြန်မာနိုင်ငံကို စပြီး
ခြေချမိတည်းက စိတ်ရှုပ်စရာတွေချည်းပဲ ပြည့်နေခဲ့တယ်။ ရှားရှားပါးပါး ပျော်စရာလေးကို လက်၀ယ်ပိုက်ဖို့ တွေးထားမိပြန်တော့လည်း အဲ့ဒီ့ပျော်စရာလေးက ထွက်ပြေးသွားခဲ့ပြန်တယ်။

အခု‌ ဒီမှာဆက်နေရင် ဘာမှထူးမလာမဲ့အပြင် စိတ်ပင်ပန်းရတာတွေပဲ တိုးလာနေမှာ။ ဒီတော့ ဒယ်ဒီ့ကို အဖော်ပြန်ပြုပေးရင်း ပြင်သစ်ကိုခဏ ပြန်နားမှဖြစ်လိမ့်မယ်။
ပြင်သစ်ကနေ ဖြူလုံးရဲ့ သတင်းကိုစောင့်နေလိုက်မှဖြစ်မယ်။ဟိုက အင်္ဂလန်နဲ့ ပြင်သစ်က အလုပ်တွေကို လူယုံတွေနဲ့လွှဲထားခဲ့ရတာ ကြာပြီဆိုတော့ မပြန်လို့ မဖြစ်တဲ့အခြေအနေကို ရောက်နေလေပြီ။

"ဖြူလုံးရေ....ကိုယ်‌တို့တစ်နေ့နေ့မှာ ပြန်ဆုံစည်းချင်တယ်....မင်းဘာအန္တရာယ်မှ မကျရောက်နေပါစေနဲ့..ကိုယ့်ကိုမတွေ့ချင်လို့ တမင်ပုန်းနေခဲ့တယ်ဆိုရင်တောင်....တစ်သတ်လုံးတော့ ပုန်းမနေပါနဲ့ကွာ....ဒီတစ်ခါကိုယ်တို့ပြန်တွေ့ကြရင် မင်းကိုပြန်မလွှတ်ပေးတော့ဘူး....လှောင်အိမ်လေးထဲမှာပဲ ထည့်ပြီး သော့ခတ်ထားလိုက်တော့မယ်..."

ရေချိူးခန်းထဲမှ မှန်ကိုကြည့်ရင်းနဲ့ တစ်ယောက်ထဲ တောင်စဉ်ရေမရလျှောက်ပြောနေမိသည်။
သက်ပြင်းချလိုက်ပြီးနောက် ရေဘားကိုပိတ်ကာ ရေချိုးခန်းထဲမှ ပြန်ထွက်လာလိုက်သည်။

"တီ...တီ....."

ခန္ဓာကိုယ်ကို သပါတ်စနဲ့ ရေသုတ်နေမိရာမှ ဖုန်းမြည်သံကြားလို့ ဖုန်းကိုကိုင်ကြည့်လိုက်တော့ ဦးလူထိန်ဖြစ်နေလေသည်။

"ဟယ်လို....."

"ဆရာ.....ဇော်မင်း...ဖုန်းလှမ်းဆက်တယ်....
ထက်အာကာက သူ့အဖေ ဦးအဂ္ဂကိစ္စကြောင့် သူ့ကုမ္ပဏီက ရှယ်ရာဈေးတွေထိုးကျပြီး....အရှုံးပေါ်နေလို့ ဆရာ့ဆီကပိုက်ဆံထပ်ချေးချင်လို့ပါတဲ့...."

"ဟား....ဒီကောင်က အရင်အကျွေးတောင် ပြန်မဆပ်နိုင်ပဲ....မျက်နှာပြောင်တိုက်ပြီးထပ်လာချေးရဲသေးတယ်....ဇော်မင်း...ဟိန်းဇေနဲ့ ထက်အာကာတို့ကို ဂိုထောင်ဘက်မှာ စုခိုင်းထားလိုက် အဲ့ကိုရောက်ရင် ကျုပ်လူတွေကို စောင့်ကြည့်ခိုင်းထား....
ကျုပ်အခုချက်ချင်းလိုက်လာခဲ့မယ်...."

"ဟုတ်ကဲ့...ဆရာ....ဦးလည်း...တောင်ပေါ်ကိုပြန်တက်တဲ့လမ်းမှာ....အခုချက်ချင်း ပြန်လှည့်လာခဲ့မယ်..."

"ရတယ်...ခင်ဗျား...ဟိုတယ်ကိစ္စဘက်ကိုပဲ အာရုံစိုက်ပါ....ထက်အာကာနဲ့ကိစ္စကို ရှင်းပြီးတာနဲ့ ကျုပ်လည်း ဒီနေ့ညပဲ လေယာဉ်လတ်မှတ်
ဘွတ်ကင်လ်ယူပြီး....အစောဆုံးလေယာဉ်နဲ့ ပြင်သစ်ကို ပြန်တော့မယ်..."

"ဗျာ....ဆရာ....ပြင်သစ်ကိုပြန်တော့မယ် ...."

"တူ....တူ....."

နောက်ထပ်မေးလာမဲ့ စကားလုံးတွေကို ထပ်မဖြေချင်တော့တာကြောင့် ဖုန်းကိုချပစ်လိုက်သည်။
အနှစ်နှစ်အလလ စောင့်စားနေခဲ့ရတဲ့ ရန်သူတော်ကြီးတွေကို ဒီတစ်ခါတော့ ဒဲ့ဆော်ပစ်လိုက်တော့မည်ဟု တွေးလိုက်မိတော့ ကျေနပ်စိတ်ကလေးက လွှမ်းမိုးလာလေသည်။

အ၀တ်လဲခန်းသို့သွားကာ အနက်ရောင် အနောက်တိုင်း၀တ်စုံကို ရွေး၀တ်လိုက်သည်။ ‌
မှန်ပင်ပြန်ကြည့်လို့ရလောက်သည့် ပြောင်ချောနေအောင်တိုက်ထားသော ရှူးဖိနပ် အနက်ရောင်ကို ထုတ်စီးလိုက်ပြီး ကိုလံဘီယာစိန်တွေနဲ့ ပုံဖော်ထားသည့် နာရီကို လက်မှာပတ်လိုက်လေသည်။

အောက်ထပ်သို့ အမြန်ဆင်းခဲ့ကာ ပြိုင်ကားအပြာရောင်ကို ရွေးစီးလိုက်ပြီး ဂိုထောင်ဘက်ဆီသို့ မောင်းထွက်လိုက်သည်။
ဒီနေ့က တနင်္ဂနွေနေ့မို့ ရေသန့်စက်ရုံရဲ့ ဂိုထောင်ဘက်အခြမ်းမှာ လူရှင်းနေလေသည်။ကားပေါ်ကနေ သူ့ရဲ့ပြောင်လက်နေတဲ့ ရှူးဖိနပ်ကို မြေကြီးပေါ်ချလိုက်တယ်ဆိုရင် သူမဲ့ပြုံးပြုံးလိုက်သည်။

မင်းတို့ အလှည့်ကျရင် မနွဲ့ကျနဲ့ပေါ့ကွာ။

ဂိုထောင်ထဲတွင်တော့ ထက်အာကာအပါအ၀င် ဇော်မင်းနဲ့ ဟိန်းဇေဟာ သူ့တို့ကို အပြင်ပေးမထွက်ပဲ ဝိုင်းထားသော လူတွေကြောင့် အင်မတန်ဒေါသထွက်နေကြလေသည်။

"ခင်ဗျားတို့ ဘယ်သူတွေလည်း ကျုပ်တို့ကို ဒီကိုချိန်းတဲ့လူက ရောက်မလာပဲ ခင်ဗျားတို့က ဘာလို့ ဒီကိုရောက်နေကြတာလဲ....."

"စိတ်အေးအေး ထားကြစမ်းပါကွာ....မင်းတို့တွေ့ချင်နေတဲ့ လူကဒီမှာရောက် နေပြီလေ...."

သုံးယောက်သား အသံလာရာကို လှည့်ကြည့်လိုက်တော့ အားလုံးမျက်လုံးပြူးကုန်ကြလေသည်။

"‌ကိုဒေ၀......"

"သောမက်စ်...."

ဒေ၀ဆိုသည်မှာ ဒီမြို့ကို ရောက်တာသိပ်မကြာသေးပေမဲ့ ဒီမြို့မှာ မသိသူမရှိလောက်အောင် စီးပွားရေးလုပ်သည့်နေရာမှာ ကျော်ကြားနေပြီးသားပင်။ဒေ၀က မဲ့ပြုံးပြုံးလိုက်ပေမဲ့ ထက်အာကာကတော့ သူသဘောကျတဲ့ လုပ်ငန်းရှင်ကို တွေ့လိုက်ရသောကြောင့် အရမ်း၀မ်းသာသွားလေသည်။

"သူငယ်ချင်းတို့....ဘာကြည့်နေကြတာလဲကွ....ငါ့နာမည်အရင်းက ဒေ၀လည်းမဟုတ်သလို....
သောမက်စ်လည်းမဟုတ်ဘူး....ငါ့ရဲ့ငယ်နာမည်ကို မင်းတို့သိပ်မှတ်မိကြမှာပါ...ငါ့ရဲ့နာမည်က ကဝိ....
အပိုင်သုံးက ဦးမောင်ကြီးရဲ့သား ကဝိ...."

"မစ္စတာသောမက်စ်....ခင်ဗျားလာမနောက်ပါနဲ့ဗျာ...ကဝိလိုဘာမဟုတ်တဲ့ကောင်ကို ခင်ဗျားလို အဆင့်အတန်းမျိုးနဲ့ ဘာလို့ နှိုင်းယှဉ်နေတာလဲ...."

"ဟား...ဟား...."

ထက်အာကာရဲ့ မေးခွန်းက ကဝိကိုဟာသတစ်ပုဒ်ပြောလိုက်သကဲ့သို့ သိပ်ကိုရယ်စရာကောင်းနေလေသည်။

"ဟေ့ကောင်....ငါကဘာကိစ္စနောက်ရမှာလဲ
....ငါ့မျက်နှာကို သေချာကြည့်ကြစမ်း....တစ်ချိန်က အတန်းထဲမှာ မင်းတို့အမြဲအထင်သေး....
လှောင်ပြောင်ခဲ့တဲ့သူ....မင်းတို့ကျွန်ကောင်လို့ ခေါ်ခဲ့တဲ့လူ...မင်းတို့ရက်ရက်စက်စက် ထိုး ကြိတ်ခဲ့တဲ့ ကဝိနဲ့ တူတယ်လို့ မထင်ဘူးလား.....ဟမ်!!!!!"

ဒေ၀ရဲ့ အော်ဟစ်ပြောဆိုလိုက်သော စကားတွေကြောင့် သုံးယောက်သားတစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြပြီး ‌ကြောက်စိတ်တွေ ဖြစ်ထွန်းလာကြလေသည်။ဂိုထောင်တစ်ခုလုံးမှာက ဒေ၀ရဲ့ လူတွေနဲ့သာ ပြည့်နေတာကြောင့် ထိခိုက်ဒဏ်ရာရအောင် လုပ်ခံရရင်တကယ်မလွယ်ပေ။

"မင်း ဘာရည်ရွယ်ချက်နဲ့ ငါတို့ကို ဒီနေရာရောက်ဖို့ မျှားခေါ်လာရတာလဲ....မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ....."

"ငါ့ရဲ့ ရည်ရွယ်ချက်က...ဟား....သိပ်ကောင်းတဲ့မေးခွန်းပဲကွာ.....ငါ့ရဲ့ရည်ရွယ်ချက်ကတော့ မင်းတို့တွေကို လက်ဆောင်အကြီးကြီးပေးဖို့ပဲ...."
ငါ့ကောင်တို့ ဒီငနဲသုံးကောင်ကို အ၀ကျွေးလိုက်ကြပါကွာ...."

"ဟာ.....ခင်ဗျားတို့ဘာလုပ်ကြတာလဲ...အာ့...."

"အား!!!!!လွှတ်ပေး....အာ့...."

ဂိုထောင်ထဲတွင် ထိုး ကြိတ်သံတွေ၊ အော် ဟေ့ ညီးတွားသံတွေ ဆူ ညံနေပေမဲ့ ဒေ၀ကတော့ ခပ်မိန့်မိန့်သာထိုင်နေရာမှ မျက်လုံးကိုမှိတ်ထားကာ ထိုအသံတွေကို သာယာနာပျော်ဖွယ် စည်းဝါးသံတွေအလား ခပ်ပြုံးပြုံး နားဆင်နေလေသည်။

လွန်ခဲ့တဲ့ ဆယ့်နှနှစ်တုန်းက သုန္နမြို့ရဲ့ လမ်းချိုးတစ်ခုမှာ ဆယ်တန်းကျောင်းသားငါးယောက်က
 သူ့ကို သွေး သံတရဲရဲဖြစ်လောက်အောင်အထိ
နှိပ် စက်ခဲ့ကြတယ်။ကဝိဆိုတဲ့ သူ့အာရုံထဲမှာ ထိုအချိန်ထဲက နာကျင်မှုတွေကို ပွေ့ပိုက်ထားခဲ့ရတာ အခုတော့ လွှတ်ချဖို့အချိန်တန်ပြီပေါ့။
ထွန်းလင်းနဲ့ စိုးသူကတော့ နိုင်ငံခြားရောက်နေလို့ လွတ်သွားပေမဲ့ ကျန်တဲ့ကောင်တွေကတော့ အထိနာပြီပဲ။ဒေ၀ဆိုတာ အကြွေးရှိရင် ဘယ်တော့မှ မမေ့တတ်ဘူး။

"ရပ်လိုက်ကြတော့...."

ခရမ်းရောင် မျက်၀န်းတွေနဲ့ အခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်ပြီး ရွှေရောင်မျက်မှန်ကိုင်းကို လက်ညှိုးနဲ့ ပင့်တင်လိုက်သည်။သကောင့်သားလေး သုံးကောင်ကတော့ ဒဏ်ရာဗလပွနဲ့ အလဲလဲ အကွဲကွဲဖြစ်နေကြရပြီ။

ပက်လက်လှန်လျှက်နှင့် ပြန်မထနိုင်သော ဇော်မင်း၏အနားသို့ သူလျောက်သွားလိုက်သည်။ ပြီးနောက် ဒူးထောင်လျှက်ဖြစ်နေသော ဇော်မင်းရဲ့ ညာဘက်ခြေထောက်ကို အားနဲ့ နင်းချလိုက်သည်။

"အား....အား.....တောင်းပန်ပါတယ်....အား....နာတယ်.….အား...."

ဘယ်လောက်ပဲ နာကျင်နေပါစေ ‌ဒေ၀ကတော့ အချက်ပေါင်းများစွာ လုပ်နေမိတုန်းပါပဲ။
သူ့ပါးစပ်မှလည်း နာကျဥ်းသံတွေ ဟိန်းထွက်လာသည်။

"မှတ်မိသေးလား....မင်းတို့နှစ်ယောက် ငါ့ရဲ့ခြေထောက်တွေကို ဒီလိုလုပ်ခဲ့ကြတာလေ
....ဘယ်လိုလဲ ခံစားရတာတော်တော်မှ ကောင်းရဲ့လား....ဟမ်!!!!!...."

"တောင်းပန်ပါတယ် ကဝိရာ....ငါရှိခိုးပြီးတောင်းပန်ပါ့မယ်....ငါ့ကိုခွင့်လွှတ်ပေးပါ...."

"မတောင်းပန်နဲ့ကွ....ငါဘယ်တော့မှခွင့်လွှတ်ပေးမှာမဟုတ်ဘူး.....ငါဆိုတဲ့ကောင်က ကိုယ့်ကိုတစ်ချက်လာထိရင် ဆယ်ချက်လောက်ပြန်ထိရမှနေသာ ထိုင်သာရှိတာ..."

‌ဇော်မင်းအလှည့်ပြီးတော့ သူ့လူတွေ ချိုင်းမှဆွဲမလိုက်၍ ထိုင်လျှက်အနေအထားဖြစ်နေသည့်
ထက်အာကာရဲ့ ရင်အုံတည့်တည့်ကို ပြေး ကန်ပစ်လိုက်သည်။

"အာ့..…အား!!!!!..…..မလုပ်...မလုပ်ပါနဲ့....."

လဲကျသွားတဲ့  ထက်အာကာ၏ လည်မျိုကို
ရှုးဖိနပ်၀တ်ထားသော ခြေထောက်နဲ့ ထောက်ထားလိုက်တော့ ထက်အာကာဟာ အသက်ရှူတွေကြပ်လာပြီး လူးလွန့်လာလေသည်။ထိုပုံစံကပဲ သူ့ကိုအကျေနပ်ကြီး ကျေနပ်စေပြန်သည်။

"စာသင်ခန်းထဲမှာ ငါ့ထမင်းချိုင်းကို မင်းလွင့်ပစ်ခဲ့တုန်းက မင်းကို ဒီလိုပြန်လုပ်ချင်ခဲ့တာကွ...အခုတော့ ငါ့ဆန္ဒတွေ ပြည့်၀သွားသလိုပဲကွာ.....
ဟား....ဟား....မှတ်ထားမင်းတို့ကို ကြောက်လို့ငြိမ်ခံနေခဲ့တာမဟုတ်ဘူး....ငါပြန်လုပ်ရင် ငါ့အဖေကိုဒုက္ခပေးသလို ဖြစ်မှာစိုးလို့....ငြိမ်ခံခဲ့တာ....
ငါ့ကောင်တို့....ဒီကောင်တွေကို ကောင်းကောင်းဆုံးမပြီးရင်.....ပြန်လွှတ်လိုက်တော့...."

"ဘယ်လောက်အထိ ဆုံးမပေးရမလဲဆရာ...."

"အသက်မ သေရင် ရပြီ...…."

ထိုစကားတစ်ခွန်းသာ ပြောခဲ့လိုက်ပြီး ဂိုထောင်ထဲမှ ထွက်လာခဲ့လိုက်သည်။
ကားပေါ်မှာ တက်ထိုင်လိုက်မိသည်နှင့် သူပထမဦးဆုံး သွားနှုတ်ဆက်ရမည့်လူကို သတိရလိုက်မိလေသည်။ထိုပုဂ္ဂိုလ်ကတော့ သူ့အတွက်မရှိမဖြစ် အရေးပါတဲ့ လူပါပဲ။

သုန္နကတောင်ခြေမှာ ကားကိုရပ်လိုက်ပြီးနောက်
ကားပေါ်မှ အမြန်ဆင်းလိုက်ပြီး တောက်ခြေတွင် မကြာသေးခင်ကမှ အသစ်ပြုလုပ်ပေးထားသော အုတ်ဂူလေးဆီသို့ တစ်လှမ်းချင်း လျှောက်နေမိသည်။

အုတ်ဂူလေးအပေါ်မှာ ဖုန်တွေ၊အမှိုက်တွေမရှိနေအောင် အလုပ်သမားတွေကို ခဏခဏလာရှင်းခိုင်းခဲ့တာကြောင့် အုတ်ဂူလေးက သစ်လွင်နေလေသည်။
သစ်လွင်လှသော အနောက်တိုင်း၀တ်စုံအနက်ရောင်ကို ၀တ်ထားပေမဲ့ မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ပြီး ဦးသုံးကြိမ်ချလိုက်ပါသည်။
နေမင်းက ဒီနေ့တော်တော်လေးတောက်ပနေပေမဲ့ ရာသီဥတုရဲ့ အအေးဒဏ်က ဒေ၀ဆီသို့ ပူလောင်မှုအား သယ်ဆောင်မလာခဲ့ပါချေ။

"အဖေသာအခုချိန်အနားမှာ ရှိနေရင် ကျွန်တော့်ကို ကလဲ့စားမချေဖို့ လက်တုန့်မပြန်ဖို့ ပြောမှာများလား....
ဒါပေမဲ့ လူတွေဟာ သူတို့ပြန်ခံရမှ နာမှန်းသိကြတာ...သူတစ်ပါးရဲ့ အိုးအိမ်ကို ပျက်စီးအောင်လုပ်တဲ့အချိန်မှာ....နစ်နာသူတွေရဲ့ ခံစားချက်ကို သူတို့
မသိကြဘူး....သူတစ်ပါးရဲ့ အသားကိုနာအောင်ပဲ လုပ်တတ်ကြတဲ့လူ‌ တွေဟာ နာကျင်မှုရဲ့အရသာကို သူတို့ကိုယ်တိုင် မခံစားဖူးတော့ အရာရာကိုလွယ်လွယ်လေး ဖြတ်စီးဖို့ တွေးတတ်ကြတယ်...
ဒါကြောင့် ကိုယ့်အသားနာရင်ဘယ်လို....ဘ၀ပျက်ရင်ဘယ်လို ခံစားရသလဲဆိုတာကို သိအောင်လုပ်ပေးလိုက်တာပါ.....ကျွန်တော် အဖေ့အတွက် နှစ်စဉ်နှစ်တိုင်း ဆွမ်းသွတ်ပေးမဲ့ အချိန်ရောက်ရင် ဒီမြို့ကိုပြန်လာခဲ့ပါ့မယ်....အခုလောလောဆယ်တော့ ကျွန်တော် အရမ်းပင်ပန်းနေပြီအဖေ.....ကျွန်တော့်စိတ်ကို အနားပေးမှဖြစ်လိမ့်မယ်..ကျွန်တော် အဖေ့ဆီကို ပြန်လာခဲ့ပါ့မယ်....."

အဖေ့ကို ထပ်မံနှုတ်ဆက်လိုက်ပြီးနောက်
ဦးထွန်းတောက်ကို နှုတ်ဆတ်ဖို့ရန် ကားထဲသို့ ပြန်၀င်ပြီး လာရာလမ်းအတိုင်းပြန်လှည့်မောင်လာခဲ့လိုက်သည်။အဖေ့ရဲ့ အုတ်ဂူဖြူဖြူလေးနဲ့ တောင်တန်းကြီးကတော့ အထီးကျန်စွာ ကျန်ရစ်ခဲ့ကြပြီပေါ့။
ဒီတောင်တန်းကြီးကတော့ ဒီတစ်နေရာထဲမှာပဲ နှစ်ရှည်လပေါင်းများစွာ တည်ရှိနေခဲ့ပေမဲ့  သက်ရှိသတ္တဝါအသီးသီးကတော့ တောင်တန်းကြီးဆီသို့
မဖိတ်ခေါ်ပဲ ရောက်လာတတ်ကြပြီး ခွင့်မပြုပဲ ပြန်လည်ထွက်ခွာသွားကြစမြဲပါပဲ။
လောက နိယာမတရားတွေပါလေ။

"ကျွီ!!!!!!"

ကိုယ့်အတွေးနဲ့ကိုယ် ကားမောင်းနေရာမှ သုန္နကကျောင်းတိုက်အရှေ့မှ ဖြတ်မောင်းလိုက်စဉ် ဘုန်းကြီးကျောင်း၀န်းထဲမှ ပြေးထွက်လာသော ကိုရင်လေးတစ်ပါးကြောင့် ကားကို အစောတလျင် ဘရိတ်အုပ်လိုက်ရလေသည်။ကိုရင်လေးက
လန့်ပြီး  ငုတ်တုတ်ထိုင်လျှက်လေး ဖြစ်နေတာကြောင့် ဒေ၀လည်း ကားပေါ်မှအမြန်ဆင်းပြီး ကိုရင်လေးအနားသို့ ပြေးသွားလိုက်သည်။

"ကိုရင်....ဘာဖြစ်သွားသေးလည်း...."

"ဘာမှမဖြစ်ပါဘူး....ဒကာကြီးရယ်....အလျှင်လိုနေလို့ မြန်မြန်ပြေးမိတာပါ...."

"ကိုရင်က ဘာတွေအလျှင်လိုနေတာလဲ
....တပည့်တော်လိုက်ပို့ပေးမယ်လေ....ဘယ်ကိုသွားမလို့လဲ....."

"ဟို.....ကျောင်းကမိုက်ပျက်နေလို့လေ....မိုက်သွားငှားမလို့....ဆရာတော်ကြီး ပျံလွန်တော်မူတာ အရပ်ထဲကလူတွေ သိအောင် ဆော်ဩမလို့ပါ..."

"ဆရာတော်ကြီး ပျံလွန်တော်မူတယ်.....ဒါဆိုဒီလိုလုပ်ပါလား....တပည့်တော်ရဲ့အိမ်ကနေ မိုက်သွားယူပြီး လာပေးလိုက်မယ်လေ..."

"ဟာ....ဟန်ကျတာပေါ့....ကျေးဇူးတင်ပါတယ်...မိုက်ရရင် ကျောင်းပေါ်ကို တက်လာပြီးပေးပါနော်..."

"တင်ပါ့....."

ကိုရင်လေး ကျောင်းထဲသို့ ပြန်၀င်ပြေးသွားပြီးနောက်တွင် သူလည်း စံအိမ်မှာ မိုက်ပြန်ယူလိုက်သည်။အလုပ်သမားတစ်ယောက်ကို ‌သွားပေးခိုင်းလို့ရပေမဲ့ ကိုယ်တိုင်ပေးချင်တာကြောင့် မိုက်ကိုယူပြီး ကျောင်း၀န်းထဲသို့ ၀င်လိုက်လေသည်။ ကိုယ့်အလုပ်တွေနဲ့ပဲ ကိုယ်ရှုပ်နေခဲ့တော့ တစ်ခုခုလှူချင်ရင် အလုပ်သမားတွေနဲ့ပဲ လှူခိုင်းခဲ့ဖူးတယ်။ကျောင်း၀န်းထဲကို ဒီလိုမလာခဲ့ရဖူးဘူး။

ကျောင်းထဲမှာက တရားရိပ်သာအဆောင်သီးသန့်ထားပြီး ကိုရင်တွေ၊ဦးဇင်းတွေ၊ဘုန်းကြီးတွေ
နေဟန်တူသော အဆောင်တွေလည်းများစွာရှိလေသည်။အဓိကအချက်ကတော့ အေးချမ်းမှုပဲ။ဘုန်းကြီးကျောင်းရဲ့ ဘေးဘက်မှာတည်ထားသောစေတီကြီးမှ ဆည်းလည်းသံလေးတွေနဲ့ ကျောင်းထဲမှ သစ်ရိပ်၊ဝါးရိပ်က စိတ်ကို တော်တော်အေးချမ်းစေသည်။

နှစ်ထပ်ကျောင်းကြီးရဲ့ ဒုတိယထပ်သို့ လှေကားမှတစ်ဆင့်တက်သွားလိုက်တော့ ကျောင်းဆောင်ပေါ်မှာ တိတ်ဆိတ်နေလေသည်။အရှေ့ကို ခြေလှမ်းမိလေလေ လဲလျှောင်းတော်မူနေသော ဘုန်းတော်ကြီး၏ အသွင်က ပိုသဲကွဲလာလေဖြစ်‌နေသည်။
တစ်ချိန်က သုန္နကမြို့ရဲ့ မြို့တော်၀န်ဖြစ်ခဲ့ဖူးသော ဦးတေဇ၊သူ့ရဲ့ မွေးစားသားကို သားအရင်းဖြစ်သူက လုပ်ကြံခဲ့တဲ့အချိန်မှာ ရေငုံနှုတ်ပိတ်နေခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အခုတော့ မျက်လုံးတွေကို မှိတ်ချထားပြီး နှုတ်ခမ်းမှ အပြုံးတော်ကိုဆောင်ကာ
ပျံလွန်တော်မူခဲ့လေပြီ။

"ဒကာကြီး မိုက်လာပေးတာမဟုတ်လား...."

"အော်...ဟုတ်တယ်....ဒီမှာမိုက်ပါ...."

ငွေပန်းချီအပါအ၀င် ဝိုင်းထိုင်နေကြသော လူတစ်စုက ဒေ၀အားလှည့်ကြည့်လာကြတာကြောင့် အားလုံးကို အမြန်ကျောခိုင်းခဲ့ပြီး ကျောင်းကြီးပေါ်မှ ပြန်ဆင်းလာခဲ့လိုက်သည်။ဦးထွန်းတောက်ဆီကိုလည်း မသွားဖြစ်တော့ပဲ စံအိမ်သို့သာ ပြန်လာခဲ့လိုက်ပါသည်။အားလုံးလည်း နိဂုံးချုပ်ခဲ့လေပြီ။

လေယာဉ်လတ်မှတ် ၀ယ်ပြီး နှစ်‌ရက်မြောက်နေ့မှာတော့ ရန်ကုန်လေဆိပ်သို့ ရောက်အောင်သွားရသည်။လေယာဉ်ပေါ်မှာ အထူးတန်း‌တွင် ထိုင်နေရပေမဲ့ သူ့စိတ်ထဲမှာ ထားရစ်ခဲ့ရမဲ့ တစ်ဦးတည်းသော သူလေးကို သတိရနေတုန်းပင်။သူပြန်လာတော့မယ်‌ဆိုတော့ ဒယ်ဒီက ၀မ်းသာကြောင်းပြောခဲ့တယ်။စေ့စပ်ကြောင်းလမ်းပေးချင်တဲ့ ပြင်သစ်မလေးကိုလဲ ရှာထားကြောင်း ပြောလာတော့ ဒယ်ဒီ့ကိုအတင်းငြင်းမိခဲ့တယ်။ကျွန်တော် ချစ်ရတဲ့သူလေးကိုပဲ လက်တွဲဖော်အဖြစ်ရွေးချင်တယ်လို့ ပြောခဲ့ပမဲ့ အခုတော့ တစ်ယောက်ထဲပြန်ရတော့မယ်။

"ကလေးကို ကျွန်မခါးပတ် ပတ်ပေးပါ့မယ်...."

တစ်ဖက်ခုံမှ ကလေးတစ်ယောက်ကို လေယာဉ်မယ်လေးက ထိုင်ခုံခါးပတ်ပတ်ဖို့ ကူညီပေးနေချိန်မှာ ဒေ၀လည်း ကိုယ့်ဘာသာ ခါးပတ်ပတ်ထားလိုက်သည်။
ခဏအကြာမှာ လေယာဉ်ထွက်တော့မည်မို့ ခရီးသည်တွေခါးပတ်ပတ်ထားကြဖို့ သတိပေးသံ ထွက်လာလေသည်။
လေယာဉ်ပြေးလမ်းအတိုင်း စတင်ထွက်ခွာသွားတဲ့အချိန်မှာတော့ လေယာဉ်ကအနဲငယ်တုန်ခါသွားတာမို့ ထိုင်ခုံကို သေချာဆုပ်ကိုင်ထားလိုက်မိသည်။

တဖြည်းဖြည်း ဝေးကွာသွားသော မြန်မာနိုင်ငံကြီးကို လေယာဉ်ပြူတင်းပေါက်မှ ကြည့်လိုက်မိတော့ စိတ်ထဲမှာ လွမ်းသလို၊တစ်ခုခုမေ့ကျန်ခဲ့သလိုလိုနဲ့ ဟာတာတာကြီး ဖြစ်နေရလေသည်။
အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နောက်ဘက်ကို
မှီချကာ မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။
သူ့အာရုံထဲမှာတော့ အသက်ဆယ့်ခုနှနှစ်အရွယ် ကလေးမလေးရဲ့ ပုံရိပ်တွေသာ တရိပ်ရိပ်ပေါ်လာ လေသည်။သူမရဲ့ ဖြူစင်တဲ့မျက်နှာလေး၊အေးချမ်းလွန်းတဲ့အပြုံးလေးနဲ့ သူ့ပါးကိုခိုးနမ်းခဲ့တဲ့ အထိအတွေ့လေး  ဖြစ်နိုင်ရင် အခုချက်ချင်း လေယာဉ်ပေါ်ကနေ ပြန်ခုန်ဆင်းလိုက်ရမလားလို့ တွေးလိုက်မိသည်အထိ ဖြစ်နေရလေသည်။

"ဖြူလုံးရေ..ကံမကုန်သေးရင်တော့ ပြန်တွေ့ကြတာပေါ့ကွာ....ဒီတစ်ခါပြန်တွေ့ရင်တော့ အပိုင်သိမ်းထားလိုက်တော့မယ်...."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

🍁၂ နှစ်ခန့်ကြာပြီးနောက်🍁

      👉ရန်ကုန်👈

နေမင်းကြီးသည် အရှေ့အရပ်မှထွက်ပြူလာသည်နှင့်အမျှ လှည်းတန်းဈေးကြီး၏ အရောင်အဝါသည် ပို၍ အသက်၀င်လာခဲ့လေသည်။
မိုးရာသီဖြစ်သည်နှင့်အတူ မနေ့ညက ခြိမ့်ခြိမ့်သဲသဲ ရွာသွန်းထားသော မိုးကြောင့် လမ်းပေါ်မှာ ရေအိုင်ကွက်ကလေး တစ်ချို့လည်း ရှိနေပြန်သည်။ဈေးလာ၀ယ်ကြသူတွေဟာ ခြေနင်းလိုက်တိုင်း ရွှံ့စပ်တွေ လုံချည်စကို ပြန်စင်တာကြောင့် တစ်ယောက်ထဲဒေါသထွက်နေသူတွေလည်း ရှိပြန်သည်။

တစ်ချို့ကလည်း ဈေးသည်တွေထံမှ မရရတဲ့နည်းနဲ့ ဈေးဆစ်နေကြပြန်သည်။ လှည်းတန်းဈေးကြီး၏
ဈေး၀ယ်သူများနှင့် အစည်ကားဆုံးအချိန်ဖြစ်တာကြောင့် ဖြတ်သွား၊ ဖြတ်လာ နိုင်ငံခြားသားလူဖြူကြီးကတော့ အရောင်အသွေးစုံစွာ ဖြန့်ခင်းထားသည့် ဟင်းသီး၊ဟင်းရွက်တွေကို ဓာတ်ပုံ တစ်ဖြတ်ဖြတ်လှည့်ရိုက်နေလေသည်။

ကင်မရာကို ဟိုချိန်ဒီချိန်လုပ်နေရင်းနှင့် အသားဖြူဖြူ၊ကိုယ်လုံးသွယ်သွယ်နှင့် တင်ပါးအုပ်ခါနီးသော ဆံပင်ကို ဖဲပြားခေါင်းစည်းကြိုးလေးနဲ့ ဖွဖွချည်ထားကာ အညိုရောင် မြန်မာရင်ဖုံးချည်၀မ်းဆက်ကလေး ၀တ်ထားသော မိန်းကလေးကို ကင်မရာလေးနဲ့ မလွတ်တမ်း တဖြတ်ဖြတ်ရိုက်နေလေသည်။

ထိုကောင်မလေးကို ရှာနေကြသော ချစ်ဖူးနှင့် နှင်းခိုင်ကတော့ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး ခေါင်းကုတ်နေကြလေသည်။

"ဟဲ့....ဘယ်မှာကျန်ခဲ့တာလဲ...."

"မသိဘူးလေ...ဒီမိဖြူမက ငေးငေးတွေးတွေးရယ်....လုပ်အုံး....သူ့ကိုဆွဲချင်တဲ့ လူတွေကအများကြီးရယ်...ဆွဲသွားပြီလားမသိဘူး...."

"ဟား...ဟား...ဘယ်သူမှမဆွဲဘူး....မယ်မင်းကြီးမက ဟိုမှာ...."

ချစ်ဖူးကရယ်ပြီး ဖြူလုံးရပ်‌နေသော နေရာကို လက်ညှိုးထိုးပြလိုက်တော့ အစ်မကြီးလိုဖြစ်နေတဲ့ နှင်းခိုင်က အံကိုကြိတ်လိုက်ပြီး ထမီကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ကာ ရွံ့တွေစင်ချင်
စင်ပါစေတော့ ဆိုသည့်အတိုင့် ဆောင့်အောင့်ကာ လမ်းလျှောက်သွားလိုက်လေသည်။

"ဘုန်း!!!!!"

"အာ့!!!!!!မခိုင်ရယ်....ဘာလို့လာရိုက်ရတာတုန်း...."

ကျောကုန်းကို အရိုက်ခံလိုက်ရ၍ ဖြူလုံးကနှုတ်ခမ်းကြီး ဆူပုပ်သွားသလို သူမကိုဓာတ်ပုံလှမ်းရိုက်နေသော နိုင်ငံခြားသားကြီးကလည်း ထရယ်လိုက်ကာ အဝေးသို့ထွက်သွားလေသည်။

"ရိုက်မှာပေါ့....မိဖြူရဲ့...ငါတို့မှာတော့ ညည်းဘယ်မှာများ ကျန်ခဲ့သလဲဆိုပြီး စိတ်တွေပူနေလိုက်ရတာ....ညည်းကတော့ ဒီမှာ သွားကြီးဖြီးပြီး မတ်တပ်ရပ်နေတယ်....ဘာလုပ်နေတာလဲ....ဟမ်...."

"အေးဟယ်....ဖြူကလဲ သိပ်စိတ်ပူအောင်လုပ်တာပဲ...နေပါအုံး ဒီမှာဘာရပ်လုပ်နေတာလဲ...."

"ဖြူဟိုဟာလေးကို ၀ယ်ချင်လို့....ကြည့်နေတာ..."

မျက်လုံးလေး အဝိုင်းသားနဲ့ သနပ်ခါးကွက်ထားသော ပါးလေးခွက်သွားအောင်အထိ ပြုံးလိုက်ကာ သူမလက်ညှိုးထိုးလိုက်တာက ကုန်ခြောက်ဆိုင်တစ်ခုရဲ့ မှန်ဗီဒို ပေါ်မှာ တင်ထားသော ပစ်တိုင်းထောင်အရုပ်ကလေးပင်။

"အစ်မတို့ ဘာ၀ယ်ချင်လို့လဲ ခင်ဗျာ...."

"ဟိုပေါ်က ပစ်တိုင်းထောင်အရုပ်ကလေး လိုချင်လို့ ရောင်းပါလားဟင်...."

ကုန်ခြောက်ဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူဟာ ဖြူလုံးလက်ညှိုးထိုးပြသော ‌အရုပ်ကလေးဆီသို့ ကြည့်လိုက်တော့ ကိုယ့်ခေါင်းကိုယ် ပြန်ကုပ်လိုက်မိလေသည်။ ငါးခြောက်ငခြမ်းတွေရောင်းတဲ့ ဆိုင်မှာ ပစ်တိုင်းထောင်အရုပ်လာ၀ယ်နေတော့ ခက်တော့ခက်နေလေပြီ။

"အစ်မ...အဲ့ဒါကရောင်းဖို့မဟုတ်ဘူးဗျ....အမေက
ပုဂံသွားရင်းနဲ့ ၀ယ်လာခဲ့တာပါ..."

"မောင်လေးရယ်...အစ်မကိုရောင်းပါနော်...အစ်မအဲ့ဒါလေးကို တကယ်လိုချင်နေလို့ပါ....ရောင်းပါနော်..."

ဖြူလုံးရဲ့ မျက်နှာငယ်နဲ့ ပြောလိုက်သော စကားလေးကြောင့် ကောင်လေးလည်း အရမ်းသနားလာပြီး အရုပ်ကလေးကိုယူကာ ဖြူလုံးကိုပေးလိုက်လေသည်။ဖြူလုံးလည်း အရမ်း၀မ်းသာသွားပြီး
ကောင်လေးကို ကျေးဇူးတင်စကားတွေ တစ်၀ကြီးပြောခဲ့ကာ ငါးသေတ္တာငါးခြောက်လေးတွေ
နှစ်ဆယ်သားလောက် အားပေးခဲ့ရင်း သူမရဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ထိုဆိုင်ထဲမှ ပြန်ထွက်သွားလေတော့သည်။

ဖြူလုံးတို့ ကျောခိုင်းသွားရာနောက်ကို ပြုံးပြီး ကြည့်ကျန်နေခဲ့တဲ့ ကောင်လေးကို ဈေးသွား၀ယ်ပြီး ပြန်လာသော သူ့အမေက ဘာဖြစ်တာလဲဆိုကာ ပြန်ကြည့်နေလေသည်။ပြီးနောက်  ဗီဒိုပေါ်သို့ မျက်လုံးအကြည့်ကရောက်သွားလေရာ သူ့ပစ်တိုင်းထောင်အရုပ်ကလေးက မရှိတော့‌ပေ။

"ဟဲ့ကောင်!!!!!"

"ဟာ...ဖြည်းဖြည်းအော်ပါ အမေရဲ့...ငှက်ဆိုးထိုးသံကြီးကြနေတာပဲ....."

"အံမယ် အမေကိုများ ငှက်ဆိုးထိုးသံကြီးတဲ့
.....ဖြည်းဖြည်းလဲ မအော်နိုင်ဘူး....
ငါ့ပစ်တိုင်းထောင်အရုပ်ကလေး ဘယ်ရောက်သွားလဲ....အဲ့ဒီ့အရုပ်ကို ပုဂံသွားတုန်းက လုပ်ငန်းလုပ်ရင် ဘယ်လိုအနေအထားမျိုးဖြစ်ဖြစ် ပြန်ထူမတ်နိုင်အောင် ဗေဒင်ဆရာ ပေးလိုက်တာဟဲ့.....ဘယ်မလဲ ငါ့ပစ်တိုင်းထောင်လေး....."

"အဲ...အဲ့ဒါက ဟိုဟာလေ....ခုဏက ငါးခြောက်လာ၀ယ်တဲ့ အစ်မက လိုချင်တယ်ဆိုတာနဲ့....အမေလည်း ကုသိုလ်ရအောင်လို့....ပေးလိုက်တယ်....."

"ခွေးသူတောင်းစား.....ဆိုင်လေးတစ်ရက်လောက်စောင့်ခိုင်းမိပါတယ်......နှာဘူးကထ ထနိုင်လွန်းတယ်....တဏှာရူး လာခဲ့နင်နဲ့ငါနဲ့ တွေ့မယ်....."

"အာ့....အား....အမေ့....နားရွက်ကိုမဆွဲနဲ့လေ....သားကစေတနာနဲ့....အား...."

ကောင်လေးက ဘယ်လိုပင်ရှင်းပြပါစေ အမေလုပ်သူကတော့ နားရွက်ကို လိမ်ဆွဲပြီး ဆိုင်အတွင်းပိုင်းသို့ ခေါ်သွားကာ သားဖြစ်သူကို အပီအပြင်ဆုံးမနေလေတော့သည်။ဘေးဆိုင်က လူတွေကတော့
တဟားဟား ဝိုင်းရယ်ကြတာပေါ့။
လှည်းတန်းဈေး၏ ရပ်၀န်းလေးတစ်ခုဟာ ဒီလိုစတင်ခဲ့လေသတည်း။

အခန်း..၅၈..ဆက်ရန်....

🍁🍁🍁🍁🍁🍁🍁🍁

နှနှစ်ကြာသွားပြီးနောက်မှာ ဘာတွေဆက်ဖြစ်မလဲ...

=========================================================================

အခန်း၅၈
                      ဘီလူးနမ်းသော အရိုင်းပန်း

ည၏ အမှောင်ထုဟာ တိတ်ဆိတ်ခြင်းကို ဖော်ကြူးနေပေမဲ့ တစ်ချက်တစ်ချက် လင်းလက်သွားသော လျှပ်စီးအလင်းတန်းနှင့် မိုးကြိုးပစ်သံတို့ဟာ ခြောက်ခြားစရာအတိဖြစ်နေလေသည်။
သီကြားမင်းနှင့် အသူရာတို့စစ်ခင်းကြသည့်အခါ ထွက်ပေါ်လာတတ်သော အသံဟု ‌ရှေးဒဏ္ဍာရီ၏ အဆိုကို ယုံမိလျှင်တော့ ဤတိုက်ပွဲက အတော်ပြင်းထန်နေပေလိမ့်မည်။

ဖြူလုံးကတော့ မိုးအေးအေးနဲ့ စောင်ထဲမှာကွေးနေမိတယ်။သို့ပေမဲ့ ငါးနာရီထိုးပြီ ဆိုသည်နှင့် အလိုလိုမျက်လုံးက ပွင့်လာလေသည်။ ဘေးကခြင်ထောင်ထဲကို ကြည့်လိုက်တော့  မခိုင်နဲ့ မချစ်က တစ်ယောက်ကိုတစ်ယောက် ဖက်ပြီးအိပ်နေကြလေသည်။

ဖြူလုံးက စောစောထနေကြဖြစ်လို့ အိပ်ရာထဲကနေ အမြန်ထ ခြင်ထောင်သိမ်းလိုက်ပြီး ဆံပင်ကို ဂျပန်သားရည်ကွင်းလေးနဲ့ စည်းလိုက်ရင်း ရေချိုးခန်းထဲသို့ သွားကာ မျက်နှာသစ်၊သွားတိုက်လိုက်သည်။မိုးရွာတာကြောင့် မီးပျက်နေတဲ့အတွက်
သုံးယောက်သား စုပြီး၀ယ်ထားတဲ့ ဂက်စ်မီးဖိုလေးကို ထုတ်လိုက်ပြီး ထမင်းအိုးကိုဆေး၊ဆန်တစ်လုံးနဲ့ တစ်၀က်ထည့်လိုက်ပြီး ဂက်စ်နဲ့ ထမင်းအိုးတည်ထားလိုက်သည်။

ထမင်းအိုးက ငှဲ့ပေးရမှာမို့ ထိုင်စောင့်နေရင်းနဲ့
ဟိုအရင် ရန်ကုန်ကိုရောက်ခါစက အချိန်တွေကို ပြန်တွေးနေမိသည်။အဲ့အချိန်က ဖြူလုံးဟာအသက်၁၇‌ တောင်မပြည့်သေးဘူး။အခုတော့ အသက်၁၈နှစ်ပြည့်သွားခဲ့ပြီ။

ဦးထက်ရှိုင်းက သူ့ဟိုတယ်မှကလေးမရှိတဲ့
၀န်ထမ်းလင်မယားကို အကူအညီတောင်းပြီး ဖြူလုံးရဲ့နာမည်ကို သူတို့အိမ်ထောင်စုစာရင်းထဲထည့်ပေးခဲ့လို့သာ အခုဆို မှတ်ပုံတင်ပါလုပ်လို့ရခဲ့တယ်။မှတ်ပုံတင်ထဲက နာမည်က ဖြူလုံးဆိုပေမဲ့ အဖေ၊အမေနာမည်ကတော့ ကိုယ့်မိဘအရင်းတွေ ဖြစ်မနေတာကို အရမ်း၀မ်းနည်းမိတာပဲ။

ဦးထက်ရှိုင်းက သူ့ရဲ့ပညာရေးဖောင်ဒေးရှင်းအောက်မှာ ကျောင်းထားပေးတဲ့ ကလေးတွေနဲ့အတူ ဖြူလုံးကို ဆယ်တန်းပြန်ဖြေခိုင်းခဲ့တယ်။ပထမနှစ်က လောက်စိတ်အားထက်သန်မှုမရှိ‌တော့တာ‌ ကြောင့် ဂုဏ်ထူးသုံးဘာသာပဲ ထွက်ခဲ့တယ်။

ဦးထက်ရှိုင်းက ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံခြားဘာသာစကား တက်ဖို့လျှောက်လွှာဖြစ်ဖြစ်၊စီးပွားစီမံဖြစ်ဖြစ် တက်ဖို့တိုက်တွန်းခဲ့ပေမဲ့ ဘယ်သူ့ကိုမှမမှီခိုချင်တော့လို့ ရန်ကုန်အနောက်ပိုင်းကျောင်းမှာ အဝေးသင်တက်ပြီးတော့သာ အလုပ်၀င်ဖို့ဆုံးဖြတ်ခဲ့လိုက်တယ်။

ဖြူလုံးရဲ့ခေါင်းမာမှုကြောင့် ဦးထက်ရှိုင်းလည်း ဘယ်လိုမှထပ်မတိုက်တွန်းတော့ပဲ အလုပ်လုပ်ရင်းကျောင်းတက်မဲ့ဖြူလုံးကို သူ့ရဲ့ Stars Way‌ ဟော်တယ်မှာပဲ အလုပ်၀င်ဖို့ စီစဉ်ပေးခဲ့တယ်။တကယ်တော့ ဦးထက်ရှိုင်းဟာ ဖြူလုံးအပေါ်မှာ အများကြီးကူညီပေးခဲ့တဲ့ ကျေးဇူးရှင်တစ်ယောက်ပါလေ။

ဒါပေမဲ့ လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက ဖြူလုံးကို လက်ထပ်ခွင့်တောင်းလာတဲ့အပေါ်ကို ဖြူလုံးချက်ချင်းငြင်းဆန်မိခဲ့တယ်။
ဒါကြောင့်လည်း သိပ်မကြာသေးခင်က သူနဲ့ဂုဏ်အဆင့်အတန်းချင်းလည်းတူ မိဘချင်းလည်းသဘောတူထားတဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး
  စင်္ကာပူမှာရှိတဲ့ လုပ်ငန်းတွေကို ဦးစီးဖို့ ထွက်သွားခဲ့တယ်။

တစ်ဖက်ကကြည့်ရင်တော့ ဒီလိုလူမျိုးကို ဖြူလုံးငြင်းခဲ့တာ မှားကောင်းမှားနိုင်တယ်။ဒါပေမဲ့ အခုလိုနုံချာနေတဲ့ အနေအထားနဲ့ သူတို့ရဲ့အသိုင်းအ၀န်းထဲကို ၀င်သွားခဲ့ရင်  အနှိမ်ခံရမှာမလွဲဘူး။
အဓိက အကြောင်းအရာကတော့ ဖြူလုံးသူ့ကိုမမေ့နိုင်သေးတာပဲ။

 အချစ်ဉီးဟာ သူဖြစ်ခဲ့သလို နောက်ဆုံးအထိလဲ သူ့ကိုချစ်နေမိအုံးမှာပဲ။ သတင်းစာထဲမှာ
ဦးအဂ္ဂဟာ သစ်မှောင်ခိုမှုရယ်၊ညီအရင်းကိုသ တ်တဲ့အမှုနဲ့ပါ ထောင်ဒဏ်ချမှတ်ခံရတဲ့အကြောင်း
 ဦးထက်ရှိုင်းက ဖြူလုံးကိုပြောပြလာခဲ့တယ်။ဒါပေမဲ့ ဦးဒေ၀ဆီကို ဖြူလုံးပြန်မသွားဖို့ပဲ ဆုံးဖြတ်လိုက်မိတယ်။

‌အဖေ့ကို တုန့်ပြန်ခဲ့တဲ့သူ့လုပ်ရပ်တွေဟာ နာကျဉ်းမှုကြောင့် ဖြစ်လာတာကိုနားလည်ပေမဲ့ ဖြူလုံးကို
နားလည်အောင် မညှိုနှိုင်းပဲ အခန်းထဲမှာပိတ်ပြီး အဖေသေတာကိုတောင် အသိမပေးခဲ့တာကိုတော့ သိပ်စိတ်နာတယ်။သူလည်း သူ့အဖေကို ချစ်သလို၊ဖြူလုံးလည်း ဘယ်လိုခံစားရမလည်းဆိုတာ သူနားလည်ခဲ့သင့်တယ်။ သူကဖြူလုံးကို ချစ်တာထက် အတ္တနဲ့ချုပ်နှောင်ထားခဲ့တာ။

အတွေးနဲ့အတူ ဖြူလုံးတစ်ချက်မဲ့လိုက်မိသည်။
သူလည်း ဦးထက်ရှိုင်းလို ဖြူလုံးအနားမှာမရှိတော့တာနဲ့ အချိန်တန်ရင် သူနဲ့အဆင့်အတန်းတူတဲ့ မိန်းမမျိုးနဲ့ပဲ လက်တွဲသွားမှာသေချာပါတယ်။
ကိုယ့်ဘာသာ တစ်ယောက်ထဲအတွေးနယ်ချဲ့နေမိရင်းနဲ့ ထမင်းအိုးကိုကြည့်လိုက်မိတော့....

"ဟယ်...ထမင်းရည်တွေ ဝေကျနေပြီ....ဂက်စ်အိုးပျက်တော့မှာပဲ....."

ထမင်းအိုးကို အမြန်ချလိုက်ပြီး ထမင်းရေကြည်ငှဲ့လိုက်သည်။အချိန်မှီမြင်လို့ တော်သေးတာပေါ့။မဟုတ်ရင်‌ ထမင်းပျော့လေးတွေစားနေရမှာ။
ပန်းကော်ဖီတစ်ထုပ်ကြော်လိုက်ပြီး ကြက်သားနှပ်လေးကိုချက်လိုက်ပြီးနောက်  ချိုင့်သုံးချိုင့်လုံးကို ဆေးလိုက်သည်။

 ချိုင့်တွေဆေးပြီးတာနဲ့ ရေချိုးခန်းထဲသို့ အမြန်၀င်ပြီးရေချိုးလိုက်သည်။ဖြူလုံး ရေချိုးခန်းထဲကနေထွက်တော့ အချိန်က ခြောက်နာရီထိုးနေပြီ။
 မခိုင်က ထမင်းချိုင့်တွေထဲကို ထမင်း၊ဟင်းတွေခွဲထည့်နေလေသည်။
မချစ်ကတော့  ဖြူလုံးတို့၀တ်ရမဲ့ ယူနီဖောင်းသုံးထည်ကိုမီးပူတိုက်နေလေသည်။

"မချစ်...ဖြူ့အိင်္ကျီကို မီးပူမတိုက်နဲ့တော့ ဖြူဒီနေ့စားပွဲထိုးရတော့မှာ...."

ဖြူလုံးလည်း ထမီရင်ရှားနဲ့မို့ သပါတ်ကိုပခုံးမှာပတ်ပြီး သနပ်ခါးလိမ်းသည့်နေရာမှာ ထိုင်လိုက်သည်။
ဖြူလုံးကသာ ဘေးကနှစ်ယောက်ဘာဖြစ်သွားသလဲ သတိမထားမိပေမဲ့ အစ်မနှစ်ယောက်ကတော့ ဖြူလုံးအနားသို့ ကပ်လာကြလေသည်။

"ဟဲ့ ဖြူလေးက ဘယ်လိုဖြစ်ပြီး စားပွဲထိုးရမှာလဲ....
ဟိုအသစ်ရောက်တဲ့ မန်နေဂျာမလုပ်တာမဟုတ်လား...."

"မခိုင်တို့လည်း သိသားနဲ့  မဟန်နီက ဦးထက်ရှိုင်းမိန်းမရဲ့ ညီမဆိုတာ အရင်တုန်းကလည်း ဦးထက်
ရှိုင်းနဲ့ သူငယ်ချင်းတွေလေ...ဟိုနေ့က
House keeping အဖွဲ့တွေနဲ့အတူ ဖြူလုံးကို အတူခေါ်ပြီး....ငါတို‌ဟော်တယ်က ကြယ်လေးပွင့်
အဆင့်မှာရှိတဲ့ဟိုတယ်ဖြစ်လို့...House keeping
တောင် ဘွဲ့ရမှခေါ်တာတဲ့....ဆယ်တန်းအောင်ပြီးရုံလောက်အဆင့်ဆိုရင်....စာပွဲထိုးပဲတဲ့...ဒါကြောင့် ကိုယ့်ကိုကိုယ် ဘွဲ့ရလား...ဆယ်တန်းအောင်ပြီးတဲ့လူလား...ဆန်းစစ်ပြီး...သွားသင့်တဲ့နေရာကို သွားရမယ်ဆိုပြီးပြောတယ်....ဖြူလုံးလည်းလေ အလုပ်ပြုတ်မှာစိုးလို့သာ တင်းခံနေခဲ့ရတာ.
..သိပ်‌ဒေါသထွက်တာပဲ...."

"အေးဟယ်....အဲ့ဒီ့မိန်းမက အရင်တည်းက သူဌေးကို ကြိတ်ကြိုက်နေတာ...ဖြူလုံးကငြင်းလိုက်တော့ ဟိုကသူ့ကိုမရွေးပဲ သူ့အစ်မကိုရွေးသွားတာ...
ဒါကြောင့်ဘာမှမဆိုင်တဲ့ ဖြူလေးကို ပတ်ရမ်းနေတာပါ....သူ့လိုအကျင့်မကောင်းတဲ့မိန်းမကို ငါများရွံပါတယ်ဟာ..."

"အင်း....မကြီးတို့လို ဘွဲ့လည်းရ...ဘာသာစကားလဲ နှစ်မျိုးလောက်ပြောတတ်ရင် ဖြူလည်း ဧည့်ကြိုကောင်တာမှာ အလုပ်ဆက်လုပ်လို့ ရလောက်တယ်နော်....သူပြောတာလည်းမှန်ပါတယ်လေ....ဖြူလုံးလို အဝေးသင်ပထမနှစ်ကျောင်းသူက ဒီလိုကြယ်လေးပွင့် ဟော်တယ်မျိုးမှာ စားပွဲထိုးလောက်သာ ရနိုင်မှာပေါ့....ဘာပဲဖြစ်ဖြစ် ဖြူစိတ်ဓာတ်မကျပါဘူး....ဘွဲ့ယူပြီးတဲ့အထိ သည်းခံပြီးလုပ်လိုက်မယ်...."

အမှန်တော့ ဘွဲ့ရပြီးလည်း ဖြူလုံးလို ရိုးရိုးအဝေးသင်တက္ကသိုလ်သမားက ဧည့်ကြိုကောင်တာမှာ ထိုင်ရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။
ဧည့်ကြိုကောင်တာမှာ ထိုင်ရဖို့ဆိုတာ ဘာသာစကားအနည်းဆုံး နှစ်ခုလောက်တတ်ထားမှ ရမှာပါ။

ဖြူလုံးက မိသားစုလည်းမရှိပဲကိုယ့်ကိုကိုယ် ပြန်ထောက်ပံ့နေရတော့ အလုပ်နားချိန်လည်းမရှိသလို ၊ဘာသာစကားသင်တန်းတက်ချိန်လဲ ရှိမနေဘူး။ဦးထက်ရှိုင်းရှိတုန်းကတော့ မြန်မာမေဂျာဖြစ်လို့တက္ကသိုလ်အနီးကပ်ဆယ်ရက်ကို သွားတက်ခွင့်ရပေမဲ့။ အခုဦးထက်ရှိုင်းမရှိတော့ အနီးကပ်ဆယ်ရက်သွားတက်ရရင် အလုပ်ပါထုတ်ခံရလောက်တယ်။

ဖြူလုံးသက်ပြင်းသာ ချလိုက်မိပါသည်။
နှောင်ခါလာ နှောင်ခါဈေးပါပဲ။လောလောဆယ်တော့ ရောက်နေတဲ့နေရာမှာ အကောင်းဆုံးကြိုးစားရမှာပဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဟော်တယ်ကြီးရဲ့ အကျယ်ဆုံး ဟောခန်းထဲမှာ တော့ ခမ်းနားထည်ဝါသော စီးပွားရေး သံတမန်တံတားပွဲကြီး ကျင်း‌ပနေသောကြောင့် ရှန်ပိန်ခွက်သံ၊ဝိုင်ခွက်သံနှင့် လူမျိုးစုံ၏ ဘာသာစကားမျိုးစုံထွက်ပေါ်နေလေသည်။

နံပါတ်စဉ်တပ်ထားသော စားပွဲအသီးသီးမှာ ကိုယ့်နေရာကိုယ်ထိုင်နေကြပေမဲ့ ဗွီအိုင်ပီနံပါတ်တစ်စားပွဲနေရာမှာတော့ လူတော်တော်များများက ဝိုင်းဖွဲ့ရပ်နေကြလေသည်။သူတို့လုပ်ချင်သည့် တစ်ခုတည်းသော အရာမှာ ထိုင်ခုံတွင် ‌ ပြုံးယောင်သန်းနေသော နှုတ်ခမ်းတွေအား စေ့ပိတ်ထားပြီး ခပ်မိန့်မိန့်ထိုင်နေသော ပုဂ္ဂိုလ်နှင့် ခွက်ချင်းတိုက်ပြီး စကားစမြည်ပြောခွင့်ရဖို့ပါပဲ။

သို့ပေမဲ့ ထိုပုဂ္ဂိုလ်ရဲ့ ဘေးနားမှာ တောင့်တောင့်ကြီးရပ်နေသော သူ့ရဲ့လက်ထောက် ဂျက်ခ်ဆိုသည့်
လူဖြူကြောင့် လီယို၏အသားကို မထိရဲကြပေမဲ့ တစ်ယောက်တစ်ပေါက်နဲ့ နှုတ်ဆက်စကားပြောနေကြတာတော့ မရပ်တန့်သေးပေ။

လီယိုကတော့ စတိခ်(steak )ကိုသာ ဓားနဲ့ခပ်ပါးပါး လှီးရင်း ကြေညှပ်အောင်ဝါးနေလေသည်။
ထိုစဉ် ခရမ်းရောင်မျက်၀န်းတွေကို ပိုင်ဆိုင်ထားသည့် လီယိုနဲ့ ရုပ်ချင်းဆင်တူသော အသက်၆၀ခန့် လူကြီးတစ်ယောက်ဟာ ခုံနံပါတ်တစ်နဲ့ နီးကပ်‌လှသော စတိတ်စင်ပေါ်သို့ မိုက်ကိုကိုင်၍ တက်သွားလေသည်။

"အားလုံးပဲ သောမက်စ်လီယိုကို အာရုံစိုက်တာခဏလျော့ပြီး....ဟောဒီကအဖိုးကြီးလီယိုကို အာရုံစိုက်ပေးနိုင်မလား....."

"ဟား....ဟား...."

ပြင်သစ်လူမျိုးက အင်္ဂလိပ်စကားနဲ့ဟာသပြောလိုက်တာကြောင့် အကုန်လုံးထရယ်ကြလေသည်။
အဖိုးကြီး လီယိုကလည်း ခပ်ပြုံးပြုံးဖြစ်သွားသောသူ့သားနဲ့ တစ်စားပွဲထဲထိုင်နေသည့် ဆူဇီ့ထံသို့ အကြည့်ရောက်သွားလေသည်။

ထိုစဉ် စားပွဲထိုးမလေးတစ်ယောက်အား ပါတီပွဲ ကြည့်ကြပ်သူ ခေါင်းဆောင်က လှမ်းခေါ်လိုက်လေသည်။

"ကိုအေး...ဘာဖြစ်လို့လဲ...."

"နင်တို့ စားပွဲထိုးတွေကလည်း နှေးလိုက်တာဟာ...
စားပွဲ နံပါတ်ငါးနဲ့ ရှစ်မှာ အချိုပွဲတွေ ချပေးရမှာ မြန်မြန်ယူလာခဲ့စမ်းပါဟာ...စင်မှာ တင်ထားတဲ့ ကိတ်တွေကိုလည်း ထပ်ဖြည့်ပေးထားအုံးနော်....ပြီးတော့ ရှန်ပိန်လိုက်ကမ်းဖို့ ‌စားပွဲထိုးမလှလှလေးတစ်ယောက်လွှတ်လိုက်စမ်းပါဟာ..."

"အောင်မယ်...ရှင်ပြောချင်တာက....ကျွန်မကမလှဘူးပေါ့...."

"ကိုယ့်အကြောင်းကိုယ်မသိဘူးလား...ဘီလူးမရယ်..."

"ကိုအေးနော်...."

"ဟား...ဟား....ငါကစတာပါဟာ...သွားသွား....
အော်...ဒီနေ့အသစ်၀င်တဲ့ ဖြူလုံးဆိုလား အဲ့ကောင်မလေးကို ရှန်ပိန်ကမ်းဖို့ လွှတ်လိုက်ဟာ...သူဆိုရင် အဆင်ပြေမယ်...."

"ဟုတ်ကဲ့ပါရှင်...."

နုရီလည်း ကိုအေးကိုမကျေနပ်ဖြစ်နေပေမဲ့ ဧည့်သည်တွေအကုန်လုံးက  လုပ်ငန်းရှင်တွေဖြစ်နေတာကြောင့် ပွဲအတွက် ၀န်ဆောင်မှုက ပိုအရေးကြီးနေလေသည်။
မီးဖိုခန်းကြီးထဲကို ၀င်လိုက်တော့ အမှာစာတွေအတိုင်း လုပ်နေရတဲ့ စာဖိုးမှူးတွေကလည်း အကုန်အလုပ်ရှုပ်နေလေသည်။ဖြူလုံးကလည်း ဘေစင်မှာ ပန်းကန်တွေ ဆေးနေရတာနဲ့ လက်မလည်နိုင်ဖြစ်နေပုံရလေသည်။

"ဖြူလုံးရေ....အဲ့ဒီပန်းကန်တွေဆေးတာထားလိုက်ပါဟာ ဟိုမှာ ရှန်ပိန်ခွက်တွေထည့်ထားတဲ့
လင်ဗန်းကို မပြီး အပြင်မှာ ရှန်ပိန်လိုက်ကမ်းပေးစမ်းပါဟယ်...."

မနုရည်ရဲ့စကားကြောင့် ပန်းကန်တွေကိုဆေးနေရာမှ ဖြူလုံးကြောင်အသွားလေသည်။
ပန်းကန်တွေက အခုထိဆေးလို့မကုန်သေးတဲ့ဥစ္စာ နောက်တစ်လုပ်ကခိုင်းပြန်ပြီ လူကိုစက်ရုပ်များမှတ်နေကြသလား မသိပါဘူး။

"မနုရည်ရယ်...ဒီမှာပန်းကန်တွေတောင် ဆေးလို့မပြီးသေးဘူးလေ နောက်ပြီးဖြူက ..၀န်ဆောင်မှုပေးတာ အတွေ့အကြုံမရှိသေးဘူးရယ်...အမှားလုပ်မိသွားရင် ဘယ့်နှယ်လုပ်မလဲ...."

"ဘာမှမဖြစ်ဘူး...ရှိန်ပိန်တောင်းတဲ့လူကိုပဲကမ်းဟာ...ဒီပန်းကန်တွေကို ထားလိုက်စမ်းပါ....ဆေးထားတာလည်း များနေပြီပဲဥစ္စာ...ကိုအေးက အခေါ်လွှတ်လိုက်တာနော်...တော်ကြာမန်နေဂျာဆီတင်ပြ
နေမှ အလုပ်ပြုတ်နေအုံးမယ်....သွား..သွား...."

နောက်ဆုံးမှာတော့ ရှန်ပိန်ခွက်တွေစီထားတဲ့ လင်ဗန်းကို မပြီးသာအပြင်ထွက်လာရပါတော့တယ်။
ပွဲထဲကို ရောက်တော့ ပါးစပ်တောင်မပိတ်နိုင်လောက်အောင် အံ့ဩနေမိလေသည်။
အမျိုးသမီးတွေထက် အမျိုးသားတွေကများနေပြီး အနောက်တိုင်း၀တ်စုံတွေပဲ ၀တ်ထားကြတာကြောင့် စိတ်ထဲမှာ နဲနဲရှိန်နေမိလေသည်။
အတွေ့အကြုံလည်း မရှိသေးတော့စိတ်လှုပ်ရှားပြီး လက်တောင်တုန်ချင်တယ်။

"ရှန်ပိန်တစ်ခွက်လောက်....."

"ဟုတ်ကဲ့....ဒီမှာပါရှင်...."

ဦးလေးကြီးတစ်ယောက်က ရှန်ပိန်လာတောင်းတာကြောင့် ပြုံးပြီး ရှန်ပိန်တစ်ခွက်ပေးလိုက်မိလေသည်။ ဖြူလုံးနဲ့ ခပ်လှမ်းလှမ်းတွင် မြင်နေရသော စင်ပေါ်တွင်တော့ နိုင်ငံခြားသားကြီးတစ်ယောက်က
စီမံ‌ကိန်းအကြောင်းတွေ၊စီးပွားရေးအကြောင်းတွေပြောနေလေသည်။သိပ်နားမလည်ပေမဲ့ နည်းနည်းတော့ တီးမိခေါက်မိပါသည်။ဖြူလုံးရဲ့ စိတ်ထဲမှာ ဒီနိုင်ငံခြားသားကြီးကို မြင်ဖူးသလိုလိုရှိနေလေသည်။ဒါပေမဲ့ စဉ်းစားလို့မရဘူးဖြစ်နေတယ်။

"ရှိန်ပိန်တစ်ခွက်လောက်...."

"ဟုတ်ကဲ့....ဒီမှာပါ...."

စားပွဲနံပါတ်တစ်နားမှာ စုရပ်နေသော လူတွေထဲမှ
ရှန်ပိန်တောင်းသူထံသို့ ရှန်ပိန်တစ်ခွက်ကို ကမ်းပေးလိုက်ရလေသည်။တော်သေးတာပေါ့ စားပွဲထိုး၀တ်စုံက စကပ်ဒူးအုပ်ပြီး အိင်္ကျီရင်စေ့ လက်ရှည်ဖြစ်နေလို့ မဟုတ်ရင် လမ်းတောင်ဖြောင့်အောင် လျှောက်နိုင်မယ်မထင်ဘူး။

"Give me one..."
"ငါ့ကို တစ်ခုပေး..."

ထိုလူတွေကြားမှာ အရပ်ရှည်ရှည်နဲ့ ခပ်ဖြောင့်ဖြောင့်လူကြီးက အင်္ဂလိပ်လို တစ်ခုပေးဖို့ပြောပေမဲ့
လင်ဗန်းထဲမှာက တစ်ခွက်‌တောင်မရှိတော့တာကြောင့် ဖြူလုံးလည်း ကိုယ်တတ်သလိုလေး
(Please, just a moment )လို့ ပြောခဲ့ပြီး ကိတ်တွေတင်ထားသော စင်ပေါ်မှာရှိသည့်  ရှန်ပိန်ခွက်ကို သွားယူဖို့ အနောက်ကို ပြန်လှည့်ပြေးလိုက်မိသည်။

သူမအနောက်သို့ လှည့်ပြေးသွားစဉ်မှာ စင်ပေါ်မှအဖိုးကြီးလီယိုက မိုက်နဲ့လှမ်းခေါ်လိုက်တာကြောင့် ဆူဇီနဲ့ သောမက်စ်လီယိုဟာ ဟိတ်ဟန်အပြည့်နဲ့ စင်ပေါ်သို့  တက်သွားကြလေသည်။
ဆူဇီဟာ သောမက်စ်ရဲ့လက်ကို လှမ်းချိတ်လိုက်တာကြောင့် လူအများရှေ့မှာမို့ သောမက်စ်လည်း လက်ခံလိုက်မိလေသည်။

"Suzy and Thomas will be getting engaged soon, so I would like to invite everyone to come to the engagement party...."
"ဆူဇီနဲ့ သောမက်ဟာမကြာခင်စေ့စပ်တော့မှာ
ဖြစ်လို့ စေ့စပ်ပွဲကိုလည်း အကုန်တက်ရောက်ပေးဖို့ ဖိတ်ကြားချင်ပါတယ်....."

"ဒယ်ဒီ....."

ဆူဇီကတော့ ပြုံးပျော်သွားပေမဲ့ သောမက်စ်က‌ တော့ မျက်ခုံးတွေတွန့်ကြုံ့သွားပြီး ဆူဇီလာချိတ်ထားသည့် လက်ကိုတောင် ရုန်းလိုက်မိလေသည်။
ဒယ်ဒီ့ကို မကျေနပ်ဖြစ်မိပြီး စင်အောက်မှ လူအုပ်ဘက်သို့ ကြည့်လိုက်မိတော့ မြင်လိုက်ရသည့်အရာက သူ့မျက်၀န်းတွေကို ပြူးကျယ်သွားစေလေသည်။

လူအုပ်ကြားထဲကနေ ရှန်ပိန်ခွက်ကလေး တစ်ခွက်ကို ကိုင်ပြီး သူ့ကိုမျက်၀န်းဝိုင်းလေးတွေနဲ့ ကြောင်ပြီးကြည့်နေတဲ့ ကောင်မလေးတစ်ယောက် ။
အရင်ကထက် အရပ်ရှည်လာပြီး လူကြီးပုံပေါက်လာပေမဲ့ သေချာတယ်။ဒါဖြူလုံးပဲ။ ရှိန်ပိန်ခွက်ကို ကြမ်းပေါ်ပစ်ချခဲ့ပြီး ထွက်ပြေးဖို့ ပြင်နေတဲ့ သူမနောက်ကို လိုက်ဖို့ ရပ်နေတဲ့ နေရာကနေပဲ စင်အောက်သို့ ခုန်ချပစ်လိုက်သည်။

"အား!!!!!!"

"ဟာ....သောမက်စ်....."

"သူဘာလုပ်နေတာလဲ....."

"သူတစ်ယောက်ယောက်နောက်ကို လိုက်နေတာလား...."

"မသိဘူးလေ...ဟုတ်မယ်ထင်တယ်...‌သောမက်စ်ကိုယ်တိုင် ပြေးလိုက်ရလောက်အောင် ဘယ်လိုလူမျိုးမို့လို့လဲ မသိဘူး..."

အားလုံးတစ်ယောက်တစ်ပေါက်နဲ့ ပြောကျန်ခဲ့သလို အဖိုးကြီးလီယိုကိုယ်တိုင်ဟာလည်း သူ့သားရဲ့လုပ်ရပ်ကို ကိုယ်တိုင်မယုံနိုင်ဖြစ်နေလေသည်။
သောမက်စ်ဟာ အမြဲတမ်းတည်တည်ငြိမ်ငြိမ်နေတတ်ပြီး ဒီလိုသတိလက်လွတ်တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။
သောမက်စ်ကို ဒီလိုအသက်၀င်အောင် လုပ်လိုက်တာဘယ်သူလဲ။???

တစ်ဖက်တွင်တော့ သောမက်စ်ဟာ လူအုပ်ကြားထဲမှ ပြေးထွက်သွားပြီးနောက် ဟောခန်းအပြင်ဘက်သို့ ရောက်တော့ ဖြူလုံးကို အရိပ်တောင် မတွေ့လိုက်ရပေ။ စိတ်ထဲမှာ ကိုယ့်ကိုကိုယ် မကျေနပ်တွေဖြစ်လာပြီး  မျက်မှန်ကိုဆွဲချွတ်လိုက်ကာ တိုစိပ်စိပ်ဆံပင်တွေကို လက်နဲ့ သပ်ချလိုက်မိလေသည်။

"ငါပဲ အမြင်မှားတာလား....မဟုတ်ဘူး...ခုဏက ကြမ်းပေါ်မှာ ပစ်ချခဲ့တဲ့ဖန်ခွက်ကို သေချာတွေ့လိုက်တာပဲ....ဒါဆိုရင် ဖြူလုံးကဒီ‌ဟိုတယ်ထဲမှာ ရှိနေတာပေါ့.....သူမကဒီဟော်တယ်ရဲ့ ၀န်ထမ်း၀တ်စုံကို၀တ်ထားခဲ့တာပဲ"

"ဆရာ.....ဘယ်သူ့ကို တွေ့လိုက်လို့ပါလဲ..."

အနောက်မှ ဂျက်ခ်ရဲ့အသံကို ကြားလိုက်တာကြောင့် သူ့စိတ်ထဲမှာ အကြံတစ်ခုရသွားလေသည်။ထို့ကြောင့် ဘေးပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဂျက်ခ်ကို အမိန့်တစ်ခုခပ်တိုးတိုးပေးလိုက်လေသည်။

"အခုချက်ချင်း စုံစမ်းလိုက်ပါ့မယ်...."

ဂျက်ခ်ရဲ့စကားကို သူအင်းတစ်လုံးသာ ဖြေလိုက်ပါသည်။
သူ့စိတ်ထဲမှာတော့ "ဖြူလုံးရေ....မင်းအဝေးကြီးကို မပြေးနိုင်တော့ပါဘူး...ဘာကြောင့်လဲဆိုတော့ မင်းနဲ့အနီးဆုံးနေရာမှာ ကိုရောက်နေပြီမို့လို့ပဲ...မင်းကို..
ကိုယ်မိအောင်ဖမ်းပြမယ်...မင်းနဲ့စိန်ပြေးတိုင်းဆော့ရင်းပေါ့....." အတွေးနဲ့အတူ သူတစ်ချက်ပြုံးလိုက်မိလေသည်။ ရင်ဘတ်ထဲက နှလုံးသားလေးဟာ ထွက်ပြေးသွားခဲ့တာ နှနှစ်တောင်ရှိခဲ့ပြီမို့ သူတောင်အသက် သုံးဆယ်ပြည့်သွားခဲ့လေပြီ။
နှလုံးသားလေးရယ် ကိုယ့်ရင်ဘတ်ထဲကို ပြန်လာခဲ့ပါ။

....အခန်း၅၉ဆက်ရန်.....

🍁🍁🍁🍁🍁🍁🍁🍁

ဖြူလုံးနဲ့ ဒေ၀တွေ့ကြပါပြီ....


#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၅၉
                      ဘီလူးနမ်းသော အရိုင်းပန်း


"ဟဲ့ဖြူလုံး နင်မသွားသေးဘူးလား....."

"ခဏလေးပါ မခိုင်ရယ်...."

"ခဏလေးမလုပ်နဲ့ တော်ကြာဟိုဟာမကြီးသိသွားလို့ အလုပ်ပြုတ်နေအုံးမယ်နော်...."

မချစ်ပြောလိုက်တော့မှ အပေါက်ဆိုးလှတဲ့ မန်နေဂျာမကို မျက်လုံးထဲမှာ သွားပြီးမြင်ယောင်မိလေသည်။ဦးဒေ၀လိုက်လို့ အသဲအသန် ဓာတ်လှေကားထဲကို ၀င်ပြေးပြီး မြေညီထပ်က ဧည့်ကြိုကောင်တာအနောက်မှာ ၀င်ပုန်းနေခဲ့ရတာ။

လူမှာ မောလွန်းလို့ အမောပါဖောက်ချင်သွားရတယ်။အကြာကြီးပုန်းလို့လည်း မဖြစ်ပြန်ဘူး။
ဒီအလုပ်ကလေးက အဆင်ပြေနေတာ  အလုပ်ပြုတ်သွားရင် အဆောင်ခတောင်မဆိုက်နိုင်ပဲ ဖြစ်သွားရလိမ့်မယ်။တိုက်ခန်းကလည်း သုံးယောက်ပေါင်းပြီးငှားထားရတာ ဘယ်လောက်ပဲညီအစ်မလို ခင်ပါတယ်ပြောပြော ဘယ်သူမှတော့ အလကားတင်ကျွေးထားမှာ မဟုတ်ဘူး။

"ဖြူလုံး....ဒီမှာယောက်ျားလေးတွေလည်း ရှိနေတယ်လေ....အဲ့မှာဘာလို့ပုန်းနေတာလည်း...."

မခိုင်ပြောမှပဲ ကြုံ့ကြုံ့လေးထိုင်နေရင်းမှအပေါ်ကို မော့ကြည့်လိုက်တော့ အစ်ကိုကြီးနှစ်ယောက်ကလည်း ဖြူလုံးကို လှမ်းကြည့်နေလေသည်။
ဧည့်ကြိုကောင်တာမှာက ယောက်ျားလေးနှစ်ယောက် ၊မိန်းကလေးနှစ်ယောက်အတူလုပ်ရတာကိုမေ့သွားခဲ့တယ်။

နည်းနည်းလေး ထလိုက်ပြီး ဒူးကွေးကာ ကောင်တာအ‌ပြင်ဘက်ကို ဝေ့၀ဲကြည့်လိုက်မိသည်။
ဟော်တယ်အ၀င်၊အ၀မှာလဲ လူသိပ်မရှိနေသလို အတွင်းဘက်အခြမ်းကနေလဲ ဘယ်သူမှလိုက်မလာ
ကြဘူး။

ဦးဒေ၀က ဖြူလုံးရဲ့အနောက်ကိုလည်း လိုက်လာပုံမရဘူး။လူရှာနေတဲ့ အရိပ်အယောင်လည်း
တစိုးတစ်စိမှတောင် မရှိတာတော့ တော်တော်ထူးဆန်းနေတယ်။သူတကယ်ပဲ ဖြူလုံးကိုမရှာတာလဲ ဖြစ်နိုင်တာပဲ။ဖြူလုံးကိုတွေ့လို့ အနောက်ကနေဒီအတိုင်းလိုက်ကြည့်တာမျိုးလည်း ဖြစ်နိုင်တယ်။

"ဖြူလုံး....ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား..."

"ကောင်းပါတယ်....ဖြူသွားတော့မယ်နော်..."

"အေး...အေး...မချစ်တို့က သိပ်မကြာခင်အလုပ်ဆင်းတော့မှာ...ဖြူလေးကို စောင့်ပေးရမလား...."

"ရပါတယ်မချစ်ရဲ့...ဖြူတို့က ဒီညအလုပ်များတော့ ကြာအုံးမှာ ...ဖြူ့ဘာသာ  ပြန်လာခဲ့မယ်နော်..."

"ဖြစ်ပါ့မလားဟယ်...မခိုင်စိတ်မချဘူးနော်...."

"မခိုင်ကလည်း ခုနှစ်နာရီအလုပ်ဆင်းမှာပဲဥစ္စာ....
လမ်းပေါ်မှာ လူတွေများပါသေးတယ်...ဖြူသွားတော့မယ်နော်....တော်ကြာအဆူခံနေရမှာစိုးလို့...."

"အေးအေး....ဘာပဲဖြစ်ဖြစ်မခိုင်‌တို့ကတော့ စောင့်နေမှာ‌နော်.....အတူတူပြန်တာအကောင်းဆုံးပဲ..."

"ဟုတ်ကဲ့...."

အစကတော့ ဘယ်သူ့ကိုမှ အသိမပေးတော့ပဲ
ဖျားချင်ယောင်ဆောင်ပြီး မခိုင်တို့ကနေတစ်ဆင့် ခွင့်တိုင်ခဲ့မလို့ပဲ။အခုတော့ ဘယ်သူမှလည်း အနောက်ကလိုက်လာတာမရှိတော့ အရိပ်အခြေကြည့်ရှောင်ပြီး  kitchen ကိုပြန်ဖို့ပဲတွေးလိုက်သည်။
လမ်းတစ်လျှောက်လုံးမှာလဲ နှလုံးခုန်နှုန်းမြန်နေတာကြောင့် ရင်ဘတ်ကိုဖိထားပြီး မနည်းစိတ်ကိုဖြေလျှော့နေရတယ်။

"ငါဘာလို့ ထွက်ပြေးလာခဲ့ရတာလဲ...အမှားလုပ်ထားတဲ့လူက ငါမှမဟုတ်တာ...ဒီလောက်လူတွေအများကြီးထဲမှာ သူကငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ....ဟင်း...ဖြူလုံး...ဖြူလုံး...နှနှစ်ကြီးများတောင် ကြာသွားပြီးလဲ...သူ့ရုပ်ကိုမြင်တာနဲ့...ကြောက်ဒူးတုန်ပြီး ထွက်ပြေးနေရသေးတာပါပဲလား...
သူကရော...နှနှစ်အတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တာပဲ...ခုဏက စင်ပေါ်မှာမိန်းမတစ်ယောက်က သူ့လက်မောင်းကိုကိုင်ထားတာအရဆိုရင်...သူမိန်းမရသွားပြီများလား...ဒါဆို...ငါ့ကိုတွေ့တော့ ဘာလို့ ပြေးလိုက်လာရတာလဲ....ဒါမှမဟုတ်..
သူငါ့ကို သံယောဇဉ်မကုန်သေးလို့များလား...
မဟုတ်လောက်ပါဘူးလေ...ငါ့ကိုယ်ငါသိပ်အထင်ကြီးနေမိပြီထင်ပါတယ်....!!!!"

အတွေးပေါင်း သောင်းခြောက်ထောင်ကို ခေါင်းထဲမှာဖိသိပ်ထည့်ကာ တွေးနေရင်းနှင့် မီးဖိုဆောင်သို့ ရောက်လာလေသည်။မီးဖိုဆောင်ထဲကို ရောက်တော့ မနုရီကပန်းကန်ဆေးနေလေသည်။စားဖိုမှူးခေါင်းဆောင်ကတော့ အမှာစာရွက်ကိုကိုင်ပြီး သူ့ငယ်သားတွေကို တစ်ခုပြီးတစ်ခုညွှန်းကြားနေသည်။

"မနုရီ.....ပန်းကန်တွေကို ဖြူပြန်ဆေးလိုက်မယ်လေ..."

"ဟယ်....နင်ပြန်လာတာနဲ့အတော်ပဲ....အခန်းနံပါတ်
၀၇၉ကို ဟိုလှည်းနဲ့ စားစရာသွားပို့ပေးစမ်းပါဟယ်..."

"၀၇၉က နှစ်ယောက်အိပ်ခန်းတွေမဟုတ်လား...."

"အေးလေ...နင်သိတယ်မဟုတ်လား......"

"ဟုတ်သိပါတယ်..."

"အေး...အဲ့ဒါဆို အမြန်သွားလိုက်..."

ဖြူလုံးလည်း ဘာမှအထွန့်တက်မနေတော့ပဲ ဓာတ်လှေကားနဲ့ ၀၇၉ကိုတက်လာခဲ့လိုက်သည်။
စားစရာ ပန်းကန်တွေ တင်ပြီးအုပ်ထားသော လှည်းကိုအသာတွန်းလာလိုက်ပြီးနောက် အခန်းနံပါတ်တွေကို တစ်ခုပြီးတစ်ခု ရှာလာလိုက်ရတာ နောက်ဆုံးတော့နံပါတ် ၀၇၉အခန်းရှေ့မှာ ရပ်လိုက်သည်။တစ်ခါမှ ဒီလို၀န်ဆောင်မှုမပေးဖူးတော့ စိတ်ထဲမှာ စိုးရိမ်မှုတော့ ရှိနေလေသည်။ အိင်္ကျီကို သပ်ရပ်အောင် ဆွဲချပြီး တံခါးခေါက်ဖို့ လက်ရွယ်လိုက်စဉ်မှာတော့...

"ကျွီ......"

"ဟင်....."

ကိုယ်က တံခါးခေါက်ဖို့အပြင် အခန်းထဲကလူက တံခါးအဖွင့်နဲ့တိုက်ဆိုင်နေတော့ ဖြူလုံးအဖို့ကြောင်တောင်တောင် ဖြစ်သွားရလေသည်။
အခန်း၀မှာ ခပ်တည်တည်နဲ့ရပ်နေသူက ခုဏက ပါတီပွဲထဲမှာ ဖြူလုံးဆီကနေ ရှန်ပိန်တောင်းတဲ့ နိုင်ငံခြားသားကြီးပဲ။

"ဟို....စားစရာမှာထားလို့လာပို့တာပါ...."

"Take it to the room...."
...အခန်းထဲကို ယူသွားလိုက်ပါ..

"ဟုတ်ကဲ့....."

ဖြူလုံးကဗမာလိုပြောတယ် သူကအင်္ဂလိပ်လိုပြန်ပြောတယ် ဟုတ်တော့ဟုတ်နေတာပါပဲ။
လူစိမ်းတစ်‌ယောက်ထဲရှိတဲ့အခန်းထဲကို ၀င်ရမှာနဲနဲလန့်နေမိလေသည်။‌ တွန်းလှည်းကို အခန်းထဲသို့
အမြန်တွန်းသွားလိုက်ပြီး ဆိုဖာဘေးမှာရှိတဲ့ ခုံပေါ်သို့စားစရာတွေကို တစ်ခုချင်းချလိုက်သည်။

"ဒုန်း!!!!!!"

"ဟင်....ဘာဖြစ်တာလဲ!!!!"

ဒင်မ်ဆမ်းပန်းကန်ကြီးကို ကိုင်ပြီးတံခါးဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ တံခါးကပိတ်သွားလေပြီ။ဟိုလူကြီးလည်း မရှိတော့ဘူး။စိတ်ထဲမှာ အရမ်းကြောက်လာတာကြောင့် သထွေးကိုအခြောက်တိုက်မျိုချလိုက်ပြီး တံခါးဆီသို့ ပြေးသွားလိုက်မိသည်။

"ဖြူလုံး!!!!!"

တံခါးဘက်ကို သွားနေမိတဲ့ဖြူလုံးရဲ့ ခြေလှမ်းတွေရပ်တန့်သွားမိသည်။ကြားလိုက်ရတဲ့အသံပိုင်ရှင်ကို ရုပ်မမြင်ရပါပဲ၊နှနှစ်လောက်ကြာသွားသော်လည်း မှတ်မိနေပါသေးတယ်။မျက်လုံးတွေကို မှိတ်ချလိုက်မိသည်။ကိုင်ထားတဲ့ ဒင်မ်ဆမ်းပန်းကန်တောင် တုန်နေလေပြီ။မျက်လုံးတွေကို မှိတ်ထားမိပေမဲ့ လှမ်းလာနေတဲ့ သူ့ခြေလှမ်းတစ်လှမ်းချင်းဆီကို အကြားအာရုံနဲ့ရေတွက်နေမိသည်။

"ဖြူလုံး!!!!!"

အရမ်းကို နီးကပ်လွန်းနေတဲ့ အသံဩဩကြီးကြောင့် မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိတော့ သူ့ရင်အုံကျယ်ကြီးကို စတင်မြင်လိုက်ရသည်။
ဒါပေမဲ့ ဖြူလုံးသူ့မျက်နှာကို မကြည့်ချင်ဘူး။ဒါမှမဟုတ် မကြည့်ရဲတာလား။

"လူကြီးလေးတောင်ဖြစ်နေပြီနော်....ကိုယ်ဖြူလုံးကို..."

"ကျွန်မအပြင်ထွက်ပါရစေ....."

ဖြူလုံးစိတ်ကိုအားတင်းပြီး သူ့ရဲ့ခရမ်းရောင်မျက်၀န်းတွေကို တည့်တည့်ကြည့်ပစ်လိုက်သည်။
သူ့မျက်၀န်းအကြည့်တွေက အရမ်းကိုနူးညံ့လွန်းနေတော့ တွေဝေချင်သလိုတောင်ဖြစ်နေမိသည်။
တကယ်တော့ သူဖြူလုံးကိုညှို့နေတာပါ။
သူ့ရဲ့ အလှပဆုံးမျက်နှာဖုံးကို တပ်ပြီးဖြူလုံးကို ညှို့ငင်နေတာ။

"နှနှစ်.....အချိန်နှနှစ်တောင်ရှိသွားခဲ့ပြီပဲ....ဒီနှနှစ်အတွင်းမှာ ကျွန်မဘ၀ကို ကိုယ့်အားနဲ့ကိုယ် တတ်နိုင်သလောက် ပြန်ပြုပြင်နေထိုင်ခဲ့ပြီးပြီ...
ဦးဒေ၀လည်း ကိုယ့်ဘ၀နဲ့ကိုယ်နေပါတော့.....အဲ့လိုလုပ်ပေးလို့မရဘူးလား...."

"ကိုယ့်ရဲ့ဘ၀က မင်းလေ ဖြူလုံးရဲ့....."

ရီဝေသွားတဲ့ သူ့မျက်၀န်းတွေကို ဖြူလုံးပြန်ကြည့်လိုက်မိသည်။ဖြူလုံးသူ့ကိုသနားရမှာလား။
ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ပြန်သနားရမှာလား။
သူ့လို ပုဂ္ဂိုလ်တစ်ယောက်အတွက် ဖြူလုံးကအဲ့လောက်အထိ အရေးပါနေလေတော့ ရယ်တောင်ရယ်ချင်နေမိတယ်။

"ရှင့်ဘ၀အတွက် ကျွန်မက အဲ့လောက်တောင်အရေးပါနေရင် ဘာလို့ကျွန်မကို ၀မ်းနည်းအောင် နာကျင်အောင် ဆက်တိုက်လုပ်ခဲ့ရတာလဲ...
ရှင့်အလှည့်တုန်းကအတိုင်း ကျွန်မကိုလည်း ကိုယ့်အဖေရဲ့ ရုပ်အလောင်းကို နောက်ဆုံးအနေနဲ့ တွေ့ခွင့်မရအောင် လုပ်ခဲ့တယ်....ရှင်က ဆယ်စုနှစ်တစ်ခုလောက်အထိ ရှင့်အဖေဆီကနေ မေတ္တာတွေ၊ဂရုစိုက်မှုတွေအပြည့်ရခဲ့တယ်....ကျွန်မက....ငယ်ငယ်တည်းက မိခင်မေတ္တာကိုလည်း မခံစားခဲ့ရသလို ဖခင်မေတ္တာကိုလည်း လပိုင်းလောက်ပဲရရှိခဲ့တာ...ဒါကြောင့် ရခဲတဲ့အဲ့ဒီ့အရာလေးကို ကျွန်မတန်ဖိုးထားတယ်...ဒီတော့ ကျွန်မတန်ဖိုးထားတဲ့အရာကို အဝေးရောက်အောင် တွန်းပို့ခဲ့တဲ့ရှင့်ဆီကို ကျွန်မပြန်မလာနိုင်တော့တာ ခွင့်လွှတ်ပါ.....
ကျွန်မကိုသွားခွင့်ပြုပါအုံး....."

"မင်းမသွားရဘူး.....ကိုယ်မင်းကို ဘယ်မှပေးမသွားနိုင်ဘူး......"

"ခွမ်း!!!!!"

ဖြူလုံးရဲ့ လက်မောင်းကနေအတင်းဆွဲလှည့်ပြီး သူ့ရဲ့သန်မာတဲ့ လက်တွေနဲ့ဖက်ထားတာကြောင့် လူကရုန်းလေ နစ်လေဖြစ်နေလေသည်။
လက်ထဲက ဒင်မ်ဆမ်းခွက်လည်း ဘယ်ကိုလွှင့်လို့လွှင့်ထွက်သွားသလဲ မသိပေ။

"ရှင်....ကျွန်မကိုလွတ်ပေး....."

"မလွတ်ပေးနိုင်ဘူး....မင်းဒီတစ်ခါထွက်ပြေးရင် ကိုယ်ဖမ်းလို့မိနိုင်တော့မှာ မဟုတ်ဘူး....ကိုယ်မင်းနဲ့စကားသေချာပြောချင်တယ်.....ကိုယ်မင်းကိုတောင်းပန်ချင်တယ်..."

"မတောင်းပန်နဲ့....အခုချက်ချင်းလွှတ်ပေး....."

"မလွှတ်ပေးနိုင်ဘူး......"

"ဒုန်း!!!!"

"အာ့....."

သူမက လူကြီးလေးဖြစ်လာတော့ အားကလည်းအတော်သန်လာသည်။ညာဘက်လက်ကိုချုပ်ရင် ဘယ်ဘယ်လက်ကရုန်းတယ်။ဘယ်ဘက်ကိုချုပ်ရင် ညာဘက်ကနေရုန်းတယ်။
ဒီကြားထဲ ခြေထောက်ထိပ်ဖျားတွေဆိုတာ သူမတက်နင်းလွန်းလို့ နာလိုက်တာပြောမနေပါနဲ့။
သူမကတွန်း သူကဆွဲနဲ့ မီးအိမ်တင်တဲ့စင်တွေလည်း တိုက်မိပြီး မီးအိမ်တွေလည်း အောက်ကိုပြုတ်ကျကုန်လေသည်။

"အား!!!!!!အာ့!!!!!!"

ရုတ်တရက်ပခုံးကို ကိုက်လိုက်တဲ့ခွေးမလေးကြောင့် အသံအကျယ်ကြီးနဲ့ထအော်မိတဲ့အထိ နာသွားရသည်။

"မင်း.....ကိုယ့်ကိုကိုက်တယ်...."

"ဟုတ်တယ်....ရှင်ကျွန်မကိုအနိုင်ကျင့်လို့ကိုက်တာ..
ကျွန်မကိုလွတ်ပေး....."

"ကလေးမ....ငါမင်းကို တမင်နူးညံ့ပေးနေတာကို မင်းကဒီလိုတုန့်ပြန်တယ်ပေါ့...."

"ရှင်ဘာလုပ်မလို့လဲ....."

သူ့ရဲ့နှုတ်ခမ်းမှ မဲ့ပြုံးတစ်ခုကိုမြင်လိုက်ရပြီးနောက် ခန္ဓာကိုယ်ကို  သူ့ရဲ့လက်တံရှည်တွေနဲ့ ပိုတင်းကြပ်စွာ သိုင်းဖက်ထားရင်း သူ့ရဲ့သွားချွန်ချွန်တွေက ဖြူလုံးရဲ့ ပခုံးပေါ်သို့ရောက်လာလေသည်။အစက တင်းခံနေရင်းမှ လုံး၀မခံနိုင်တဲ့အဆုံးမှာတော့ .....

"အာ့!!!!အား!!!!ရှင်....ရှင်ကိုက်တယ်...."

"ဟုတ်တယ်....ကိုက်တော့ဘာဖြစ်လဲ...."

"ရှင်ယောက်ျားကြီးဖြစ်ပြီး ဘာလို့ပြန်ကိုက်ရတာလဲ..."

"ယောက်ျားလဲ ပါးစပ်ပါတာပဲ....ဘာလဲကိုက်တာကို မကြိုက်ဘူးလား....ဒါမှမဟုတ်!!!!!"

မထီသလို မျက်နှာပေးနဲ့ မျက်နှာချင်းနီးကပ်လာတဲ့
သူ့ရည်ရွယ်ချက်ကို သိလိုက်တာကြောင့် ဖြူလုံးလည်း ချက်ချင်း မျက်နှာလွှဲလိုက်မိလေသည်။

"ရှင်တော်တော် အကျင့်ယုတ်တဲ့လူကြီးပဲ...ရှင်ပြောစရာရှိတာကို ပြော....ကျွန်မနားထောင်ပေးမယ်...နားထောင်ပြီးရင်တော့ ကျွန်မကို သွားခွင့်ပြုရမယ်......"

"ကိုယ်မင်းကို သွားခွင့်ပြုလိုက်ရင် မင်းဒီမြို့ကနေထပ်ပြီး ထွက်ပြေးသွားမှာပေါ့...."

"‌မပြေးဘူးစိတ်ချ.....ရှင်ရှိတဲ့နေရာတိုင်းကနေ ခဏခဏထွက်ပြေးနေရအောင် ရှင်ကကျွန်မရဲ့အကြွေးရှင်မဟုတ်ဘူး...."

သူမရဲ့စကားကြောင့် ဒေ၀ပြုံးလိုက်မိလေသည်။
ဒီကလေးက အများကြီးလူကြီးဆန်လာပြီး ပိုရဲရင့်လာခဲ့တာပဲ။သူမ ဒီအတောအတွင်း ဘယ်လိုတွေရုန်းကန်ခဲ့ရသလဲ သူသိပ်သိချင်နေမိတယ်။သူမကို မြင့်မားတဲ့နေရာတစ်ခုမှာ လှလှပပလေး ရပ်နေစေချင်ခဲ့မိတဲ့ သူ့အဖို့ ဒီလိုစားပွဲထိုးလုပ်နေရတာကိုမြင်တော့ စိတ်ထဲမှာ မချိတင်ကဲဖြစ်လာရတယ်။

"အခုဘယ်မှာ နေနေတာလဲ...."

"...လှည်းတန်းဘက်မှာ.....တိုက်ခန်းငှားပြီးနေတယ်...."

သူ့မေးခွန်းကို ပြန်ဖြေဖော်ရသေးတာကြောင့် နည်းနည်းတော့ စိတ်သက်သာရာရသွားမိသည်။

"တစ်ယောက်ထဲနေတာလား...."

"မဟုတ်ဘူး...ဧည့်ကြိုက အစ်မနှစ်ယောက်နဲ့အတူနေတာ....."

"သုန္နကမြို့ကနေ ရန်ကုန်ကိုဘယ်လိုဖြစ်ပြီး ရောက်‌လာခဲ့ရတာလဲ..."

ဖြူလုံးသူ့ကိုကို မျက်စောင်းလှည့်ထိုးလိုက်မိသည်။
သူ့ကိုယ်သူ အဖေမှတ်နေသလားမသိဘူး။အကုန်လိုက်မေးနေတော့တာပဲ။ဘာပဲ ဖြစ်ဖြစ်အခန်းထဲကနေ အမြန်အပြင်ရောက်ဖို့  မေးတာတွေအကုန်ဖြေမှဖြစ်မယ်။

"ဒီဟော်တယ်ပိုင်ရှင်....ဦးထက်ရှိုင်းဝေက ရန်ကုန်ကိုပြန်မှာနဲ့ တိုက်ဆိုင်ပြီး လိုက်လာခဲ့တာ...ဒီကိုရောက်တော့ သူ့ရဲ့ပညာရေးဖောင်ဒေးရှင်းကနေ စာသင်ပေးထားတဲ့ကလေးတွေနဲ့အတူ ကျောင်းပြန်ထားပေးလို့ အခုအဝေးသင် ပထမနှစ်ကိုရောက်နေပြီ...."

"ဂုဏ်ထူးမပါဘူးလား....."

"ပါတယ်သုံးဘာသာ...ကိုယ့်ဘာသာအလုပ်လုပ်ရင်းနဲ့ကျောင်းတက်ဖို့ အဝေးသင်ယူလိုက်တာ....
နေပါအုံး....နောက်ထပ်မေးဖို့ မေးခွန်းတွေအများကြီးရှိနေသေးရင် နောက်နေ့မှ အကုန်ဖြေပေးလို့မရဘူးလား....အခုအလုပ်ရှိသေးတယ်ရှင့် မန်နေဂျာသိသွားရင်အလုပ်ပြုတ်လိမ့်မယ်..."

"ထွက်လိုက်လေ....ပြီးရင်ကိုယ်နဲ့ပြင်သစ်ကိုလိုက်ဖို့လုပ်ပေါ့...ဟိုမှာကျောင်းဆက်ထားပေးမယ်...."

ဖြူလုံးသူ့ကို မျက်စောင်းထပ်ထိုးလိုက်မိပြန်သည်။
မျက်နှာက တည်တည်ကြီးနဲ့ သူပြောချင်တာတွေ စွတ်ပြောနေတယ်။ဘယ်သူက သူနဲ့လိုက်မယ်ပြောနေလို့လဲ မသိဘူး။တံခါးမဖွင့်ပေးမှာဆိုးလို့ စကားအကောင်းပြောပေးနေတာကို အဟုတ်ကြီးမှတ်နေတယ်။

"ဒီမှာ ဉီးလေး အလုပ်တော့လုပ်ပါရစေရှင်....ဘယ်မှလည်း ထွက်မပြေးပါဘူး ကျေးဇူးပြုပြီး  သွားပါရစေတော့နော်....

လက်အုပ်ချီထားတဲ့ သူမရဲ့အမူအရာလေးကြောင့် ဒေ၀တစ်ချက်ပြုံးလိုက်မိပြန်ပါသည်။သူမနဲ့ ပတ်သတ်တာမှန်သမျှကို အကုန်သိချင်နေတာကတော့ သူမလွန်ဘူးဟုသတ်မှတ်လိုက်သည်။မွေ့ယာပေါ်မှာ တင်ထားတဲ့ အိုင်ဖုန်းကိုသွားယူလိုက်ပြီး သူမဆီသို့ ကမ်းပေးလိုက်သည်။

"ဒါက ဘာလုပ်ဖို့ပေးတာလဲ....."

"ကိုယ်အလုပ်အားတဲ့တစ်ချိန်လောက် တွေ့ဖို့ချိန်းလိုက်မယ်....မအားလည်းအားအောင်လုပ်ထားပါ...
ကိုယ်ဖုန်းခေါ်တဲ့အချိန်မှာ ဖုန်းကိုချက်ချင်းကိုင်ရမယ်....မဟုတ်ရင်....သုန္နကမြို့မှာလို အခန်းထဲမှာ ပိတ်ထားမိမလားမပြောတတ်ဘူး.....ကိုယ်အမြဲမင်းကိုစောင့်ကြည့်နေမှာနော်..."

"ဦးဒေ၀....ရှင်ကလေ ဘယ်လောက်ကြာကြာ အကျင့်ကမပျောက်သွားဘူး....အဲ့တာကြောင့် မုန်းဖို့ကောင်းနေတာ...."

ဒေ၀ရဲ့ နှုတ်ခမ်းတစ်ဖက်ကွေးညွှတ်တက်သွားလေသည်။တံခါးဆီသို့ သွားလိုက်ပြီး ဖွင့်ပေးလိုက်တော့ ချက်ချင်းပဲ ‌အပြင်ကိုပြေးထွက်ဖို့ ပြင်နေတဲ့သူမရဲ့ လက်ကို လှမ်းဆွဲလိုက်သည်။

"ဘာလုပ်တာလဲ....ကျွန်မကိုသွားခွင့်ပြုပါတော့..."

"နေပါအုန်း....ခွင့်ပြုစေချင်ရင် အဲ့ဒီ့ရှင်တွေ၊ကျွန်မတွေနဲ့ စကားပြောတာကိုပြင်လိုက်...အရမ်းရိုင်းတယ်...."

"အော်...ဟုတ်ကဲ့ပါ...ဒါဆိုဘယ်လိုခေါ်ရပါမလဲရှင်..."

"ကိုကြီးလို့ ပြန်ခေါ်ပေး....."

"ဘာ!!!!!"

ဖြူလုံးရဲ့ မျက်ခုံးတန်းတွေဟာ တွန့်ကြုံ့သွားပေမဲ့ သူကတော့ ပြုံးဖြီးနေလေသည်။သူက ဒီလိုနူးညံ့တဲ့ အသုံးအနှုန်းတွေကို တော်တော်ခုံမင်တဲ့လူပဲ။

"ဘယ်လိုလဲ ခေါ်မှာလား...."

"သေတောင်မခေါ်ဘူး....အင့်ဟယ်....."

"အား!!!!!"

သူ့ခြေထောက်ကို ဖနောင့်နဲ့တက်ကြိတ်ခဲ့တဲ့ ထွက်ပြေးသွားတဲ့ သူမကြောင့် နာကျင်သွားပေမဲ့ သူအသံထွက်အောင်ရယ်လိုက်မိလေသည်။သူ့ရဲ့ ဝဲဘက်ရင်အုံကိုလဲ ပြန်စမ်းကြည့်လိုက်မိသည်။သူ့ရဲ့ နှလုံးသားလေးဟာ နေရာမှန်ကို ပြန်ရောက်လာခဲ့ပါပြီ။ဒါပေမဲ့ မင်းကိုတော့ ကိုယ့်လူတွေနဲ့ စောင့်ကြည့်ခိုင်းထားရမှာပဲ  ။

ဒေ၀ရဲ့ အပြုံးကို ခပ်လှမ်းလှမ်းမှ ကြည့်နေမိသော ဂျက်ခ်ဟာလည်း ပြုံးလိုက်မိပါသည်။
သူ့နှုတ်မှလည်း စကားတစ်ခွန်းထွက်ကျလာလေသည်။

"တန်ဖိုးထားတဲ့အရာတစ်ခုကို ပြန်တွေ့တော့
 စစ်မှန်တဲ့အပြုံးတွေ ပြန်ထွက်ပေါ်လာပြီပေါ့
...အဖိုးကြီးလီယိုကို ပြန်ပြောပြရမယ်....."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

🍁🍁🍁🍁🍁🍁🍁🍁

========================================================================

အခန်း၆၀
                      ဘီလူးနမ်းသော အရိုင်းပန်း


ကောင်ကင်တစ်ခွင်လုံးဟာ ညို့မှိုင်းမှိုင်းရင်ပြင်ကြီးလို ဖြစ်နေလေသည် ။တက္ကသိုလ်၀င်းတစ်ခုလုံးအား မိုးစက်တို့က အားနှင့်မာန်နှင့် ပက်ဖြန်းရွာသွန်းနေလေသည်။မိုး‌က အားသွန်ခွန်ဆိုက် ရွာသွန်းနေလေ‌တော့ ရူပဗေဒအဆောင်ဘက်က ချစ်သူလမ်းကြားလေး၌ တစ်တီတူး ချစ်ကြည်နူးကြမည့် အတွဲတွေလည်း မရှိကြတော့ပေ။

ဓာတုဗေဒအဆောင်ဘက်တွင်ရှိသော ခရေပင်တန်းမှ အုံ့ဆိုင်းနေသော ခရေပင်အကိုင်းအခက်များသည် လေကြမ်းကြမ်းတစ်ချက်ဝေ့လိုက်တိုင်း တဖြတ်ဖြတ်လှုပ်ခါသွားကြပြီး အုတ်ခုံလေးများ အပေါ်တွင် ခရေပွင့်လေးတွေဟာ မိုးရေကိုသောက်သုံးနေကြသကဲ့သို့ ဖွေးဖွေးလှုပ်နေလေသည်။

အချို့ကျောင်းသူလေးများဟာ ထီးလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရေမစိုစေရန် လက်တစ်ဖက်က လုံချည်စကို အသာမကာ
ရွှေပေး၍မရသည့် အိန္ဒြေကိုလည်း မှုမနေနိုင်တော့ပဲ မိန်းဆောင်ကြီးသို့သာ ပြေးသွားနေကြလေသည်။

နေ့သင်တန်း တက္ကသိုလ်ကျောင်းသားတွေ
ကျောင်းပိတ်နေသည့်အချိန်ဖြစ်တာကြောင့် အဝေးသင်တက်မည့်ကျောင်းသားတွေကသာ ကျောင်းရိပ်ကိုခိုနေကြရလေသည်။
သို့ပေမဲ့ မိန်းဆောင်တွင်တော့ ကျောင်းအပ်ရန်အတွက် ဝိဇ္ဇာတန်းမှအဝေးသင်ကျောင်းသားတွေနှင့် စည်ကားနေလေသည်။

"ဟဲ့ ဖြူလုံး...နင်ဒီနေရာမှာ ဘယ်လိုဖြည့်လိုက်လဲ..."

"ဒီမှာလေဟာ....နင်ကလည်း မြန်မြန်လုပ်စမ်းပါဟာ..."

"ဟုတ်သားပဲ မိုးသဲရယ်...နင့်ကိုစောင့်နေရတာနဲ့ တော်တော်ကြာနေပြီ...."

"နင်တို့ကလည်းဟာ ခဏလေးပါ ပြီးတော့ပါမယ်...."

ဦးထက်ရှိုင်းရဲ့ ဖောင်ဒေးရှင်းမှာ အတူနေခဲ့တာကြောင့် မိုးသဲနဲ့ဖူးဝေက ဖြူလုံးနဲ့ သူငယ်ချင်းတွေ ဖြစ်နေလေပြီ။ သူတို့နှစ်ယောက်လုံးက ဧရာ၀တီတိုင်းဘက်ကဖြစ်ပြီး မိဘတွေက ဦးထက်ရှိုင်းရဲ့ ဟော်တယ်မှာအလုပ်လုပ်ကြတော့ ဦးထက်ရှိုင်းက သူတို့မိဘတွေကနေတစ်ဆင့် ကလေးတွေရဲ့ ပညာရေးအခြေအနေကို သိပြီးရန်ကုန်မှာ ကျောင်းထားပေးခဲ့တာပါ။

ဖူးဝေက ဂုဏ်ထူးတစ်ဘာသာ ပါပေမဲ့ အမှတ်ပေါင်းနည်းပြီး မိုးသဲကတော့ ဉာဏ်ထုံတာကြောင့် စာတွေကိုသိပ်မကျက်နိုင်ခဲ့ဘူး။၁၀တန်းအောင်တာပဲ တော်တယ်လို့ပြောရပါမယ်။

သူတို့နှစ်ယောက်ကတော့ ဦးထက်ရှိုင်းပေးထားတဲ့ အရင်အဆောင်မှာနေကြပေမဲ့ ဖြူလုံးကတော့
ဦးထက်ရှိုင်းအား လက်ထပ်ခွင့်ငြင်းခဲ့မိတာကြောင့် သူ့ဟော်တယ်မှာ အလုပ်ဆက်လုပ်နေပေမဲ့  ဧည့်ကြိုက မချစ်တို့ မခိုင်တို့နဲ့ပေါင်းပြီး တိုက်ခန်းငှားနေခဲ့တယ်။

ဒီနေ့က ကျောင်းအပ်ရမှာ ဖြစ်လို့ အလုပ်ကနေ ခွင့်ယူပြီး လာခဲ့ရတယ်။စိတ်ပူနေတာကတော့ ကျောင်းတက်ရတော့မယ်ဆိုရင် ဦးထက်ရှိုင်းရှိတုန်းကလို မန်နေဂျာအစ်မကြီးက ရက်ရှည်ခွင့်မပေးမှာ စိုးရတယ်။

ဖြူလုံးအတွက်က ထောက်ပံ့မဲ့မိသားစုမရှိတော့ အလုပ်မရှိရင် နေမှု၊ထိုင်မှု၊စားမှုအတွက် အရမ်းကိုခက်ခဲလွန်းတယ်။ ကျောင်းကို ပစ်ထားလိုက်မယ်ဆိုရင်လည်း ဘွဲ့မရရင် အလုပ်မှာ အမြဲအနှိမ်ခံရပြန်ရော။ဘွဲ့ရပြီးလည်း နိုင်ငံခြားဘာသာစကား သင်ဖို့က လိုအပ်သေးတယ်။

ကျောင်းမတက်တဲ့အချိန် အလုပ်ပိတ်ရက်တွေမှာဆင်‌ရေတွင်းနားက အင်္ဂလိပ်သင်တန်းကိုသွားတက်ပေမဲ့ တစ်ပတ်မှ တစ်ရက်လောက်ဆိုတော့ သူများထက်အတတ်နှေးနေခဲ့တယ်။အဆောင်လခ၊ စားစရိတ် နဲ့တင်မကာမိတော့ ဖုန်းတောင် မကိုင်နိုင်ခဲ့ဘူး။

ဒါပေမဲ့ မနေ့က ဦးဒေ၀ဆီကနေ အိုင်ဖုန်းရခဲ့တယ်။ ကိုယ်လည်း သိပ်မသုံးတတ်သည့်နည်းတူ သူငယ်ချင်းတွေအရှေ့မှာလည်း မထုတ်ပြရဲဘူး။တော်ကြာ ဘယ်ကနေခိုးလာသလဲ မေးခွန်းထုတ်နေကြမှ မေးခွန်းတွေက ရှည်နေကြအုံးမယ်။

ဖုန်းတွေမသုံးဖူးပေမဲ့ အိုင်ဖုန်းကအရမ်းနာမည်ကြီးပြီး၊ဈေးခေါင်ခိုက်နေတာကိုတော့ သိသင့်သလောက်သိပါတယ်။ကိုယ့်ဘာသာ အရာရာစီမံနေရတဲ့ဘ၀ကိုရောက်နေတော့ ဦးဒေ၀ဟာ တော်တော်အသုံးအဖြုန်းမတတ်တာပါလားလို့မှတ်ချက်ပေးမိတယ်။ဒီလောက်ဈေးကြီးတဲ့ဖုန်းကို သူမို့၀ယ်ထားတယ်။

နောက်တစ်ခါ ပြန်တွေ့ပြီးရင်လည်း ပြန်ပေးဖို့ စဉ်းစားထားပြီးသားပါ။သူများဆီမှာ အကြွေး
တစ်ရာ ရှိနေရင်တောင် နောင်ဘ၀မှာ အဲ့လူရဲ့ အိမ်စောင့်ခွေးဖြစ်တတ်တယ်တဲ့။
အခု ဒီလောက်တန်ဖိုးကြီးတဲ့ အရာကြီးကိုသာ ပြန်‌မပေးမိရင် ဘယ်နှစ်ဘ၀လောက် ဦးဒေ၀ရဲ့အိမ်ကို ခွေးအဖြစ်နဲ့ သွားစောင့်ပေးရမလဲမသိဘူး။

"ပြီးပြီဟေ့....သွားတန်းစီကြရအောင်....."

"ဟဲ့ ဖြူလုံးမရေ ဘာတွေ တွေးနေတာတုန်း...."

မိုးသဲက ဖြူလုံးရဲ့ ကျောကိုပုတ်လိုက်တော့မှ ခွေးဖြစ်တော့မည့် အတွေးနွံထဲကနေ ရုန်းထွက်မိတော့လေသည်။

"အဆင်ပြေရဲ့လားဖြူလုံး....ဘာတွေတွေးနေတာလဲ..."

"ပြေ...ပြေပါတယ်ဟာ...ဟို...မိုးခြိမ်းသံကြားလိုက်လို့ အတွေးလွန်သွားတာပါ...."

"ဟင်...."

အရှေ့မှ ထွက်သွားသော ဖြူလုံးကိုကြည့်ပြီး မိုးသဲနဲ့ ဖူးဝေခမျာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးကြောင်အ   ကုန်လေသည်။

"နင်မိုးခြိမ်းသံကို ကြားလိုက်သေးလား ငါတော့မကြားလိုက်ပါဘူး....."

"ငါလည်း မကြားမိပါဘူး...ဖြူလုံးမဂေါက်သွားတာများလား...."

"ဟား...ဟား.....ဖြစ်နိုင်တယ်...မိုးရွာရင် မိုးခြိမ်းမယ်ဆိုတာ သူကြိုသိနေလို့ နေမှာပေါ့...."

"ဟယ်....ပုတ်သင်ညိုမကလည်းဘာတွေပြောနေမှန်းမသိဘူး...."

"အေးပါ....ဖားပြုတ်မရယ်...ဟိုမှာမိဖြူက ပြေစာတောင် ရတော့မယ်...."

"အယ်...ဟုတ်တယ်ဟေ့ လာသွားတန်းစီကြမယ်...."

ကံဆိုးချင်တော့ ထိုနေ့တွင် ကျောင်းလခငွေသွင်းဖို့ အရေးဖြူလုံးတို့မှာ ခြေထောက်တွေတောင့်နေအောင် မတ်တပ်ရပ်ရင်း တန်းစီလိုက်ရလေသည်။အဝေးသင်သမားတွေဟာ အလုပ်တစ်ဖက်နဲ့ကျောင်းအပ်ကြသူတွေများတော့ ဒီလိုနေ့မျိုးဆိုရင် ကျောင်းအပ်တဲ့ ကျောင်းသားတွေပိုများကြတယ်။

ကံကောင်းချင်တော့ ကျောင်းအပ်လက်ခံ စာရွက်
ရတာနဲ့ မိုးကတိတ်နေနှင့်လေပြီ။သူငယ်ချင်းသုံးယောက်သား ရေကွက်တွေ တင်ကျန်နေခဲ့သော ကျောင်းလမ်းမကြီးအထက်မှာ ခပ်မြန်မြန်ပဲမြန်မာ‌ မေဂျာဌာနကို အပြေးအလွှားသွားကြရလေသည်။
ပထမဦးဆုံး အကြိမ်စာအုပ်ထုတ်ဖူးတာဖြစ်လို့ စိတ်ထဲမှာ ကိုယ့်နာမည်ကျော်သွားပြီလားဆိုပြီး ဘုရားတနေရတယ်။တက္ကသိုလ်ဆရာမတွေကလည်း မျက်နှာတည်ကြီးတွေနဲ့ဆိုတော့ ပထမနှစ်ကျောင်းသားတစ်ယောက်အနေနဲ့ အလွဲအချော်ဖြစ်သွားခဲ့ရင် ဆူမှာလည်း ကြောက်နေရတယ်။

"ဟဲ့....စုံရဲ့လား...."

"စုံတယ်...နင်တို့လည်း စာအုပ်တွေ ပြန်စစ်ကြည့်အုံး...."

ဖြူလုံးတို့လည်း ၀ရံတာဘောင်လေးပေါ်မှာ စာအုပ်တွေ တင်ပြီးစစ်ကြည့်နေမိကြလေသည်။
ပြီးနောက် အစောင်ကနေအသင့်ယူလာသည့်
လက်ဆွဲအိတ်ထဲသို့ ထည့်လိုက်သည်။

"ဟဲ့...ငါတို့အိမ်ပြန်ကြမလား...ကန်တင်းကို သွားကြမလား...."

"ချစ်သဲရယ်...လာခါနီးတုန်းကလည်း စားလာသေးတဲ့ဥစ္စာ....ကန်တင်းကိုတော့ မသွားဘူး ပိုက်ဆံကုန်လိမ့်မယ်....ငါကတော့ ပိုက်ဆံလည်း အကုန်သက်သာပြီး အေးအေးချမ်းချမ်းနေလို့ရတဲ့ နေရာကို‌ရွေးထားတယ်...."

"ဟင်....ဘယ်နေရာလဲ...."

ဖူးဝေပြောတဲ့နေရာကို စိတ်၀င်စားလာတာကြောင့် ဖြူလုံးရော ချစ်သဲပါ မျှော်လင့်တကြီးနဲ့ စောင့်စားနေမိကြလေသည်။ဖူးဝေရဲ့ မျက်နှာကြီးဟာ ပြုံးဖြီး
လာပြီး ပြောလိုက်သည်က....

"စံရိပ်ငြိမ်က ဂမုန်းပွင့်စူပါမားကတ်လေဟာ....အထဲမှာ အဲယားကွန်းလွှတ်ထားတာများ အေးစိမ့်နေတာပဲ....ဒုတိယထပ်မှာ ထိုင်ခုံလေးတွေလည်း ရှိတော့ ထိုင်လို့ရတယ်လေဟာ...အ၀တ်အစားတွေ၊မိတ်ကပ်ပစ္စည်းတွေကိုလည်း မျက်စိအစာကျွေးရင်း
သားရည်ယိုလို့ရတာပေါ့...."

"အော်....ငါက အကောင်းမှတ်လို့...."

"ဘာလဲ မသွားဘူးလား...."

"သွားမယ်လို့.....လာဖြူလုံး....."

ချစ်သဲက ဖြူလုံးရဲ့လက်ကို အတင်းလာဆွဲတာကြောင့် ဖြူလုံးလည်း ငြင်းမနေတော့ပဲ လိုက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ဒီနေ့ တစ်နေ့လေးပဲ နားရက်ရတာဆိုတော့ အိမ်မှာကြီးပဲနေရင် ပြင်းဖို့ကောင်းသည်ဟု တွေးလိုက်မိသည်။

ကျောင်းရှေ့ကားဂိတ်မှ YBS ၉၇ယာဉ်လိုင်းလေး စတင်ထွက်ခွာပြီးသိပ်မကြာခင်မှာပဲ။ ကျောပိုးအိတ်လေးထဲက ပိုက်ဆံအိတ်အမဲလေးကို ထုတ်ပြီး ပိုက်ဆံတွေ ရေတွက်နေမိလေသည်။

ကျောင်းလခ ပိုက်ဆံသွင်းလိုက်ရတော့ အဆောင်ဖိုးနဲ့ စားစရိတ်တွေအတွက် ချန်ရပေအုံးမည်။
ဒီလအတွက် သင်တန်းလခ ပေးဖို့တောင် ပိုက်ဆံကမလောက်တော့ပေ။ထိုင်ခုံကို ကျောမှီချလိုက်ရင်းနဲ့ ဖြူလုံးသက်ပြင်းချလိုက်မိသည်။
ဘ၀ကြီးက ဘာကြောင့်ဒီလောက် ခက်ခဲနေရတာလဲ။

အခုအချိန်မှာ ချစ်သဲတို့၊ဖူးဝေတို့လို ‌ထောက်ပံ့ပေးမဲ့ မိဘတွေရှိနေရင် အနည်းနဲ့ အများတော့ စိတ်ပူပန်မှုတွေ လျော့နိုင်လောက်ပါရဲ့။ဒါပေမဲ့ အဖေ့ဆီက မေတ္တာကို မရခင် ၊ကိုကြီးဒေ၀ရောက်မလာခင်က ငါ့ဘ၀ဟာ ဒီ့ထက်တောင်ဆိုးရွားခဲ့တာ မဟုတ်လား။ဒါတောင် ငါဘာလို့ ညီးတွားနေရတာပါလိမ့်။

ငါ့လိုဘ၀မျိုးနဲ့ ရှင်သန်နေရသူတွေ၊ငါ့ထက်ဆိုးရွားတဲ့ ဘ၀တွေကို ဖြတ်သန်းနေရသူတွေ ကမ္ဘာပေါ်မှာ မြောက်များစွာရှိနေမှာပဲ။တစ်ချို့ဆို ဘ၀ကိုတောင် ရင်းပြီး မိသားစုကိုထောက်ပံ့နေကြရပါသေးတယ်။

ဒါဆို ငါဘာလို့စိတ်ဓာတ်ကျနေရမှာလဲ။
ဟုတ်တယ် ပစ်တိုင်းထောင်ဆိုတာ  ဘယ်လိုနေရာမျိုးမှာမဆို ပြိုလဲသွားတယ်ဆိုတာမရှိဘူး။
ကယ်တင်ရှင်အစစ်ဟာ ကိုယ်တိုင်ဖြစ်လို့ ဘယ်သူ့ကိုမှ မှီခိုဖို့တွေးစရာမလိုဘူး။

"ဟဲ့...ဖြူလုံး... မှတ်တိုင်ရောက်တော့မယ်လေ ..."

"ဟင်...အဲ...ဟုတ်သားပဲ...ငါအတွေးလွန်သွားတာ.."

ဆင်ရေတွင်း မှတ်တိုင်‌ကိုရောက်တော့ ကားတံခါးဆီသို့ သွားပြီး တစ်မှတ်တိုင်ကြို၍ မတ်တပ်ရပ်ရလေသည်။စံရိပ်ငြိမ်မှတ်တိုင်မှာ ဖြူလုံးတို့သုံးယောက်သား ‌ကားပေါ်ကနေဆင်းလိုက်ကြပြီး ကားလမ်းကူးလိုက်တော့ ဂမုန်းပွင့်စူပါမားကတ်အရှေ့ကို ရောက်ကြရလေသည်။

ဂမုန်းပွင့်နဲ့ လှည်းတန်းစင်တာဆိုတာ ဖြူလုံးတို့
နောကြေနေတဲ့ နေရာတွေပါပဲ။ပစ္စည်းတွေ ၀င်၀ယ်လွန်းလို့တော့ မဟုတ်ပါဘူး။အဆောင်မှာ ပိတ်ရက်အိုက်‌လွန်း၊ပူလွန်းရင်လည်း အကြောင်းမရှိ အကြောင်းရှာပြီး စူပါမားကတ်ထဲမှာ လှည့်ပတ်နေကြမို့လို့ပါ။

"Every night in my dreams..."
"I see you, I feel you "
"...That's how I know you go on..."
"..Far across the distance.."
"...And spaces between us..."

"ဟဲ့...ဘာသံလဲဟ...."

"အင်း ဘာအသံလဲ မသိဘူး....ငါ့ကျောပိုးအိတ်ထဲကပဲ...."

ကျောပိုးအိတ်ကို အမြန်ဖွင့်ပြီး ကြည့်လိုက်မိတော့ ဖုန်းလာနေခြင်း ဖြစ်လေသည်။ဖြူလုံးလည်း ဖုန်းကိုအမြန်ဆွဲထုတ်လိုက်ပြီး အစိမ်းနေရာလေးကို နှိပ်လိုက်တော့ ဟိုဘက်ကအသံကြီးဟာ ထင်ထားတဲ့အတိုင်း သူပါပဲ။

"ဟယ်လို ဖြူလုံး....မင်းအခုဘယ်မှာလဲ...ဒီနေ့အလုပ်မဆင်းဘူးဆို...."

"ဟုတ်တယ်...ဒီနေ့ ကျောင်းသွားအပ်တာ....ဘာကိစ္စရှိလို့လဲ...."

ဖြူလုံးလည်း စကားတွေ ရှည်မနေချင်တော့တာကြောင့် တိုတိုပြတ်ပြတ်ပဲ ပြောပစ်လိုက်သည်။
သေချာတာကတော့ ဒီလိုပြောရင် သူဒေါသထွက်သွားမှာပဲ။

"မင်းအခု ကျောင်းမှာပဲလား...."

"မဟုတ်ဘူး...စံရိပ်ငြိမ်က ဂမုန်းပွင့်စင်တာကို ၀င်မလို့...."

"အဖော်ပါလား...."

"သူငယ်ချင်းနှစ်ယောက်ပါတယ်...."

"ယောက်ျားလေးလား...မိန်းကလေးလား...."

ဖြူလုံးအံကိုကြိတ်ထားလိုက်မိသည်။ကျားဖြစ်ဖြစ်၊မဖြစ်ဖြစ် ရှင့်အပူပါလားလို့ ပြောရင်လည်း ရိုင်းရာကျအုံးမယ်။တကယ်ကို စပ်စုနိုင်လွန်းတဲ့ လူကြီးပါလား။စိတ်ထဲမှာ ဘ၀င်မကျပေမဲ့ အတတ်နိုင်ဆုံး စိတ်ကိုထိန်းထားလိုက်သည်။

"မိန်းကလေး သူငယ်ချင်းတွေနဲ့ပါရှင်...."

"ကောင်းပြီ....အဲ့နေရာမှာ စောင့်နေပေးပါ....လာခေါ်ခိုင်းလိုက်မယ်...."

"ဘယ်လို...လာခေါ်မယ်...."

"တူ...တူ...."

"ဟာ...ဘယ်လိုလူလဲဟ...."

ဖြူလုံးရဲ့ စကားတောင်မဆုံးသေးပဲ ဖုန်းချပစ်လိုက်တာကြောင့် လူကနဲနဲတော့ စိတ်ကသိကအောင့် ဖြစ်သွားမိသည်။ဖြူလုံးသူ့ကို မကြိုက်တဲ့အဓိက အချက်က တဇွတ်ထိုးဆန်တဲ့စိတ်နဲ့၊ ‌ဒေါသ၊အတ္တကို ရှေ့တန်းတင်တတ်တာကိုပဲ။
တကယ်ဆိုရင် တစ်ဖက်လူက တွေ့ချင်ရဲ့လားဆိုတာကို အရင်မေးသင့်တာ မဟုတ်ပါလား။

နှုတ်ခမ်းကြီး စူပုတ်နေတဲ့ ဖြူလုံးကိုကြည့်ပြီး
ချစ်သဲနဲ့ ဖူးဝေကတော့ တအံ့တဩဖြစ်နေကြလေသည်။

"ဖြူလုံး....နင့်ရုပ်ကဘာဖြစ်နေတာလဲ ပြီးတော့ ဒီဖုန်းကရော....ဘယ်ကရတာလဲ...မှန်မှန်ပြောစမ်း...
ကောင်လေးရနေပြီမဟုတ်လား....ကောင်လေးက အမ်းလိုက်တာများလား ဘောစိမရဲ့..."

"နင်တို့ကလည်း ဘာမှဘောမစိဘူး.....ဒီဖုန်းက သူများခဏလာအပ်ထားတာ ပြန်အမ်းရမှာသိရဲ့လား....လာ...အပေါ်တက်ကြမယ်..."

သူငယ်ချင်းတွေကို ဆင်ဝေ့ရန်ရှောင်ဖြေလိုက်ပြီး
ဂမုန်းပွင့် စင်တာထဲသို့ ၀င်ခဲ့လိုက်သည်။ကံဆိုးချင်တော့ ဦးဒေ၀ဟာ တကယ်ပဲ သူအလုပ်မအားလို့ သူ့တပည့်ကို လာခေါ်ခိုင်းခဲ့တယ်။အစကတော့ ဖုန်းကိစ္စ ဖြေရှင်းလိုက်တာကို ချစ်သဲတို့က ယုံပေးလိုက်ကြပေမဲ့ ကားနဲ့လာကြိုခံလိုက်ရတော့ သူတို့က ဖြူလုံးကို မေးခွန်းတစ်ခုမေးလာလေသည်။
"ဖြူလုံး...နင့်ကောင်လေးက တော်တော်ချမ်းသာမှာပဲနော်တဲ့ ..."

🍁🍁🍁🍁🍁🍁🍁🍁

ရုံးခန်းကြီး တစ်ခုထဲတွင်တော့ ဒေ၀ဟာ ဖုန်းကို ကိုင်ပြီး ဖုန်းရဲ့ဖန်သားပြင်ပေါ်တွင် ပေါ်လာသည့် ဆောင်းပါးကို ကြည့်နေမိလေသည်။
Twitter ပေါ်မှာ တင်ထားတဲ့ အင်္ဂလန်နိုင်ငံသား ဓာတ်ပုံဆရာ တစ်ယောက်ရဲ့ ဆောင်းပါးဖြစ်ပြီး
မြန်မာနိုင်ငံ အကြောင်းရေးထားလို့ ဖတ်ကြည့်လိုက်ရာမှာ မထင်မှတ်ပဲ ကလေးမရဲ့ ဓာတ်ပုံလေးကိုပါ တွေ့လိုက်ရတယ်။

‌ဆိုင်တစ်ခုရဲ့ အရှေ့မှာ မတ်တပ်ရပ်နေတဲ့ ပုံလေးဖြစ်ပြီး ခါးထိရှည်နေတဲ့ ဆံနွယ်လေးတွေက သူမကို ပိုယဉ်စေတယ်လို့ ထင်မိတယ်။
မြန်မာ၀တ်စုံ ၀မ်းဆက်လေးကို ၀တ်ထားပြီး ပါးမှာ သနပ်ခါးလေး လိမ်းထားတာကို တွေ့ရတော့ အဲ့ဒီ့နေ့က ဓာတ်ပုံရိုက်လိုက်တဲ့ လူဟာ ဘာလို့ကိုယ်မဖြစ်ရသလဲ ဆိုပြီး ၀န်တိုမှုလေးတော့ ဖြစ်သွားမိတယ်။

နှနှစ်လောက် ကြာသွားခဲ့ပေမဲ့ သူမဟာ အပြုအမူလေးတွေ ပိုလူကြီးဆန်လာတာကလွဲလို့ ပြောင်းလဲမှု ကြီးကြီးမားမားမရှိတာကိုက နှစ်သက်စရာကောင်းလွန်းနေပါပြီ။

သူ့စိတ်ထဲမှာ တိုင်တည်လိုက်တဲ့ ကတိစကားတစ်ခွန်းကတော့ "ကိုယ်မင်းကိုပဲ လက်ထပ်မယ်...မင်းကို စပြီး မချစ်မိခင်က သူစိမ်းမိန်းက‌လေးတွေနဲ့
ကိုယ့်ကြားမှာအချစ်ဆိုတာ မလိုအပ်ဖူးလို့ ကိုယ်တွေးခဲ့တယ်။

လူတစ်ယာက် အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို ကိုယ့်ဘေးနားမှာ တစ်သက်လုံးထားချင်ရင် ငွေကြေးပိုင်းနဲ့ လိုလေသေးမရှိအောင်ထားလိုက်မယ်...ကိုယ့်ရဲ့ စည်းစိမ်တွေနဲ့ဆိုရင်
တော်ကောက်တဲ့အချိန် မိန်းမလှလေးတွေ တန်းစီနေမှာပဲ ။အဲ့အထဲကမှ အဖြစ်သင့်ဆုံး မိန်းကလေးကို ရွေးလိုက်မယ်ပေါ့။

ဒါပေမဲ့ မင်းကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာထည့်လိုက်မိတည်းက ကိုယ်သိလိုက်တာဟာ စစ်မှန်တဲ့ ချစ်ခြင်းတရားကို ငွေနဲ့ပေး၀ယ်လို့ မရဘူးဆိုတာပဲ။ငွေနဲ့ ပေး၀ယ်လိုက်လို့ အလွယ်တကူရလာတဲ့ ဆက်ဆံရေးတစ်ခုကလည်း စစ်မှန်ခြင်း ရှိမှာမဟုတ်ဘူး။

ကိုယ်မင်းကို စွဲလန်းနေမိတဲ့ အဓိကအချက်ကတော့ မင်းဟာ ကိုယ့်ပတ်၀န်းကျင်က တွေ့ဖူးတဲ့မိန်းကလေးတွေနဲ့ လုံး၀မတူဘူး။ကိုယ့်ရဲ့ စည်းစိမ်တွေ ၊မေတ္တာတွေ အားလုံးကို ယူပါဆိုပြီး အလကားပေးနေတာတောင် ကိုယ်နဲ့ဝေးရာကို ထွက်သွားခဲ့တယ်။ မင်းအမှန်တကယ် လိုချင်နေတာက ဘာလဲဖြူလုံးရယ်။

"ဆရာ....အစည်းအဝေးလုပ်ဖို့ လူစုံနေပါပြီ....ပြီးတော့ မနက်ဖြန်ပြင်သစ်ကို သွားဖို့လည်း အားလုံးအဆင်ပြေသွားပါပြီ..."

အတွေးလွန်နေတာနဲ့  အတွင်းရေးမှူးရောက်လာတာတောင် သတိမထားလိုက်မိပေ။နာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီ ထိုးနေလေပြီ။

"အေး....အကုန်လုံး ရုံးခန်းထဲကို လာခိုင်းလိုက်...
အော်....ခဏနေကြရင် ဂျက်ခ်က ဖြူလုံးဆိုတဲ့မိန်းကလေးတစ်ယောက်ကို ခေါ်လာလိမ့်မယ်...ငါအစည်းအဝေးမပြီးလည်း  ကလေးမကို ရုံးခန်းထဲကို သွင်းလိုက်ပါ..."

"ဟုတ်ကဲ့ပါ ဆရာ...."

အတွင်းရေးမှူးလည်း တအံ့တဩဖြစ်သွားသည့် မျက်နှာ အမူအရာနဲ့ ရုံးခန်းထဲမှ ထွက်သွားလေတော့သည်။ CEO သောမက်စ်ဆိုသည်မှာ အလုပ်နဲ့ပတ်သတ်ရင် အရမ်းကိုဆန်းဆန်းတင့် သည့်လူမဟုတ်ပါလား။

ကုမ္ပဏီကို တည်ထောင်ထားတာ တစ်နှစ်ပြည့်တော့မည်ဆိုပေမဲ့ လူယုံတွေနဲ့သာ လွှဲထားပြီး ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကသာ ပြင်သစ်ကနေ ပြန်လာခဲ့တာ။သူပြန်လာတည်းက  အစည်းအဝေးတွေ နေ့တိုင်းနီးပါးထိုင်၊မြန်မာနိုင်ငံက ဖက်ဆက်ရှယ်ရာရှင်တွေနဲ့ စီမံကိန်းတွေ ရေးဆွဲနဲ့လုပ်နေခဲ့တာ။

သူ့ရုံးခန်းကို  အကျယ်ကြီးဆောက်ထားပြီး အစည်းအဝေးတွေကိုလည်း ရုံးခန်းထဲမှာပဲ လုပ်တတ်သူရယ်ပါ။ဒါကြောင့် အစည်းအဝေးလုပ်နေချိန်တိုင်း ရုံးခန်းထဲကို လူ၀င်လာတာလည်း
တစ်စက်မှမကြိုက်သူက အခုတော့ မိန်းကလေးတစ်ယောက်ကို ခေါ်သွင်းပါမည်တဲ့ ။ကမ္ဘာ့ အံ့ဖွယ်ပါလား။

ရုံးခန်းထဲသို့ ရှယ်ယာရှင်များ ၀င်သွားပြီးကြသည်နှင့် အတွင်းရေးမှူး နောက်တစ်ယောက်အား လက်တို့၍  စကားခေါ်လေသည်။သူမတို့ဟာ ငွေကြေးစီမံခန့်ခွဲသည့် ဌာနမှဖြစ်ကြပြီး
သောမက်စ် မြန်မာကို လာစဉ်ကမှ ခဏတာခန့်ထားသော ယာယီအတွင်းရေးမှူးတွေ ဖြစ်ကြတာကြောင့် ပါးစပ်ကတော့ ဖွာကြလေသည်။

"ဟဲ့........သံစဉ်ရေ....သတင်းထူးဟေ့....သတင်းထူး...."

"ဟဲ့...ဘာကို သတင်းထူးတုန်း..."

"ခုဏက ငါသူဌေးကို အစည်းအဝေးလုပ်ဖို့ လူတွေစုံနေတဲ့ အကြောင်းသွားပြောလိုက်တာလေ...အဲ့ဒါ
စီအီးအိုက ဘာပြန်ပြောတယ်လို့ ထင်လဲ..."

"ဘာလဲ...နင့်ကိုကြိုက်တယ်လို့ပြောလိုက်တာလား..."

"ဟယ်...ကြံကြီးစီရာ...ငါ့ကိုကြိုက်တယ်လို့များပြောလိုက်ရင်...ရုံးခန်းထဲကနေရိုးရိုးထွက်လာမှာတောင်မဟုတ်ဘူး....မျောက်က ကပြီးတော့ကိုထွက်လာမှာ..."

"ဟား...ဟား...ဟား...."

"ဟဲ့...ဘယ်လို ရယ်နေတာတုန်း..."

ချူးနွယ်၍ စကားကြောင့် သံစဉ်လည်း ရယ်မိသွားလေသည်။သို့ပေမဲ့ ရယ်သံလေးက ကျယ်သွားတာကြောင့် အစည်းအဝေးကို အနှောက်အယှက်ဖြစ်မှာ စိုးပြီး ပါးစပ်ကိုအတင်းအုပ်လိုက်ရလေသည်။

"ဥက္ကဌက ဖြူလုံးဆိုတဲ့ မိန်းကလေးလာရင် အစည်းအဝေးလုပ်နေလဲ ရုံးခန်းထဲကို ခေါ်လာခဲ့ပါတဲ့...."

"ဟယ်...တကယ်ကြီးလား...ဒါနဲ့ ဟို ရှယ်ရာရှင်တစ်ယောက်ရဲ့ သမီး ဆူဇီဆိုလားဟာ သူနဲ့ တို့ဥက္ကဌရဲ့ အဖေက သဘောတူတာဆို....နင်ဟိုတစ်နေ့က ဟော်တယ်ကို သွားသေးတယ်မဟုတ်လား..."

"နင်ဘာသိလို့လဲ...အဲ့နေ့က ဥက္ကဌရဲ့အဖေကိုယ်တိုင် မကြာခင်စေ့‌စပ်ပေးတော့မယ်လို့ ကြေငြာရုံရှိသေးတယ်...ငါတို့ဥက္ကဌကြီးက စင်အောက်ကို ပြေးဆင်းသွားတာတော့် ..ဟော်တယ်၀န်ထမ်းကောင်မလေးတစ်ယောက်နောက်ကို ပြေးလိုက်တာလို့ သေချာတွေ့လိုက်တဲ့ လူတွေကလည်း ပြောကြတယ်...
အဲ့တော့...စေ့စပ်တဲ့ကိစ္စလည်း ဥက္ကဌဘက်ကနေ
စပြီး ငြင်းလိုက်သလို ဖြစ်သွားတာပေါ့...."

"ဟုတ်လို့လားဟယ်....ဥက္ကဌကြီးလိုလူတစ်ယောက်က ဟော်တယ်၀န်ထမ်းလေးနောက်ကို ဘာကိစ္စ လိုက်စရာလိုမလဲ...နင်ချီးစားပြောတာတောင် ငါမယုံဘူး..."

"အောင်မယ်....နင်မေးလို့လဲ ငါဖြေရသေးတယ်...
ဒီမယ်....စင်ပေါ်ကနေ ပြေးဆင်းသွားတာတော့
 ငါကိုယ်တိုင် မြင်လိုက်တာပါဟယ်....ချီးစားတာကို
မပြောနဲ့...အခုချက်ချင်း မိုးကြိုးအတောင့်လိုက်ပစ်ပါစေလို့တောင် ကျိန်ပြအုံးမယ်...."

"နင့်ပါးစပ်ပေါက်ကို ပိတ်ထားစမ်းပါဟယ်....
တကယ်မိုးကြိုးပစ်လိုက်လို့ ကုမ္ပဏီကြီးပြာကျသွားရင် နင့်ကြောင့်ပဲနော်....."

"ဟယ်....နင်နော်....."

"အစ်မတို့....."

နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး စစ်ပွဲအသေးလေး ဆင်နွှဲနေမိရာမှ အသံလာရာကို ကြည့်လိုက်မိတော့ အသားအရည်က ဖြူ၀င်းပြီး ဆံပင်ရှည်ရှည်လေးနဲ့ နုနုငယ်ငယ်ကလေးမလေး ဖြစ်နေလေသည်။

"ညီမလေးက ဘယ်ဌာနကလဲ....."

"သမီးရဲ့နာမည်က ဖြူလုံးပါ....မစ္စတာဂျက်ခ်က ဓာတ်လှေကားနဲ့ နှစ်လွှာကို တက်သွားဆိုပြီးပြောလိုက်လို့ပါ....."

"ဖြူလုံးဟုတ်လား....ညီမလေးရဲ့ နာမည်ကဖြူလုံးလား...."

"ရှင်....ဟုတ်...ဟုတ်ပါတယ်...."

ဖြူလုံးဆိုတဲ့ နာမည်ကြောင့် သံစဉ်နဲ့ ချူးနွယ်လည်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြလေသည်။ပြီးနောက် မျက်နှာတွေကို အစွမ်းကုန်ပြုံးလိုက်ကြပြီး....

"လာ....ညီမလေး...လာ...ဥက္ကဌကြီးက ရုံးခန်းထဲမှာရှိတယ်နော်....."

ဖြူလုံးကို သံစဉ်က လက်ဆွဲပြီးခေါ်လိုက်သလို
ချူးနွယ်ကလည်း ရုံးခန်းတံခါးကို ဖွင့်ပေးလိုက်လေသည်။ဖြူလုံးက အတူလိုက်မ၀င်ပေးဘူးလား မေးလိုက်ပေမဲ့ ဥက္ကဌကြီးကို ကြောက်တဲ့နှစ်ယောက်ကတော့ ခေါင်းလေးတွေယမ်းပြီး ဖြူလုံးကို အစည်းအဝေးအခန်းထဲသို့ ၀င်ခိုင်းပြီး တံခါးပိတ်လိုက်ကြလေတော့သည်။

"ဟဲ့....ကောင်မလေးက ငယ်ငယ်လေးနဲ့ ချစ်စရာလေးနော်...."

"တို့ဥက္ကဌကြီးက ငယ်တာကို ကြိုက်တာနေမယ်..."

"ဒါဆိုရင် နင်လစ်လိုက်တော့....နင်ကသေခါနီးနေပြီ..."

"ဟား...ဟား...အဲ့လိုပဲ ရယ်လိုက်တော့မယ်...နင်လည်းဘာထူးလဲ အဖွားကြီးရဲ့....."

"ကဲ....ဆံဖြူသွားကျိုးကြီးရယ်....ဥက္ကဌကို လတ်မှတ်ထိုးခိုင်းဖို့ ဖိုင်လ်တွေ အမြန်သွားစစ်ရအောင်..
ထမင်းစားချိန်ရောက်မှ နင်နဲ့ ပြန်ဖိုက်မယ်..."

နှစ်ယောက်သား ပြောလည်းပြော ရယ်လည်း ရယ်ရင်းနှင့် လုပ်လက်စအလုပ်တွေကို ပြန်လုပ်နေလိုက်ကြလေတော့သည်။ရုံးခန်းထဲတွင်တော့ တစ်ယောက်သောသူဟာ မျက်စိသူငယ်၊နားသူငယ် ဖြစ်နေရရှာလေသည်။

🍁🍁🍁🍁🍁🍁🍁🍁🍁


#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#စာရေးသူ_ဆောင်း‌ငွေ့ဝေ


=======================================================================

အခန်း၆၁
                      ဘီလူးနမ်းသော အရိုင်းပန်း


"အစ်မတို့.....အဲ့လို့မလုပ်နဲ့လေ....သမီးတစ်ယောက်ထဲ....."

"ဒုန်း!!!!!!"

"မင်းဘယ်သူလဲ....ဘာလို့ အစည်းအဝေးလုပ်နေတာကို ခွင့်ပြုချက်မရှိပဲ ၀င်လာရဲရတာလဲ...."

"အေးလေ...ဥက္ကဌရုံးခန်းထဲကို ၀င်ချင်တိုင်း၀င်လို့ရမယ်များ ထင်နေသလားမသိဘူး...."

ဟိန်းထွက်လာတဲ့ အသံတွေကြောင့် ဖြူလုံးလည်း တံခါးကို မျက်နှာမူထားရာမှ ထိုလူတွေဘက်သို့ လှည့်ကြည့်လိုက်မိလေသည်။ခရမ်းရောင်မျက်၀န်းတောက်တောက်တွေကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောလူကတော့ စုံလည်ဆိုဖာကုလားထိုင်ပေါ်မှာ လက်ပိုက်ကာထိုင်နေပြီး
ဖြူလုံးကို ကြည့်နေလေသည်။

  အခြားထိုင်ခုံတွေတွင်လည်း အသက်၄၀
  လောက်ရှိသော လူတွေထိုင်နေကြလေသည်။ဖြူလုံးကို အော်လိုက်တဲ့လူကလည်း ထိုလူတွေထဲကဖြစ်ပြီး အကုန်လုံးရဲ့ မျက်၀န်းတွေက ဖြူလုံးကို ထူးဆန်းသည့် သတ္တဝါတစ်ကောင်လို့ ထင်မှတ်နေပုံ ရလေသည်။

"ဟိတ်....မင်းမသွားသေးဘူးလား..."

"ရှင်...ဟုတ်..သွား....သွားပါ့မယ်..."

အော်ခံလိုက်ရတော့ ခန္ဓာကိုယ်တောင် တုန်တက်သွားလေသည်။ဟိုလူကြီးကို ကြည့်လိုက်တော့
မဲ့သလို ပြုံးသလိုရုပ်နဲ့ ထိုင်ရာမှ ထမလာသေးပေ။

ဖြူလုံး ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ကိုက်လိုက်ပြီး အနောက်ကို ပြန်လှည့်လိုက်ကာ တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်စဉ်မှာ အနောက်ဘက်မှ ‌ခပ်ပြင်းပြင်းနင်းလာသည့် ခြေသံကိုကြားလိုက်မိသည်။ ဖြူလုံးရဲ့ အနားကို ရောက်လာတဲ့ သူက၊အရင်လို မျက်မှန်မတပ်ထားတာကြောင့် ကြည်လင်လွန်းနေတဲ့ သူ့မျက်၀န်းတွေ။
အနီးကပ်လွန်းတာကြောင့် မွေးပျံ့လွန်းတဲ့ ကိုယ်သင်းရနံ့။

သူ့ခန္ဓာကိုယ်က မွှေးနေတော့ တန်းစီ၊တိုးကြိတ်ပြီး ချွေးအလုံးလုံးနဲ့  ကျောင်းလခပေးခဲ့ရတာကို သွားသတိရမိပြန်တယ်။ဒါကြောင့် ကိုယ့်ဘာသာ စိတ်မလုံပဲ ခန္ဓာကိုယ်ကို ကြုံ့လိုက်မိတယ်။

"ကိုယ်က အပြင်ထွက်ခိုင်းလို့လား...လာ...."

တံခါးလက်ကိုင်ကို ကိုင်ထားမိတဲ့ ဖြူလုံးရဲ့လက်ကို သူကတစ်ဆင့်ပြန်ကိုင်ပြီး ရုံခန်းရဲ့ အလည်နားလောက်မှာ ရှိသည့် ဆိုဖာဆီသို့ ဆွဲခေါ်လာကာထိုင်ခိုင်းလေသည်။

"အစည်းအဝေးပြီးတော့မှ စကားပြောရအောင်...."

"အစည်းအဝေးကကြာအုံးမှာလား...."

"အင်း..နည်းနည်းပေါ့...ဘာဖြစ်လို့လဲ...."

ဖြူလုံးက ထိုင်နေပြီး သူ့အရပ်အရှည်ကြီးနဲ့ သန့်သန့်ပြန့်ပြန့်၀တ်ထားတာမှ အားမနာ
အရှေ့မှာ ဒူးလာထောက်နေတော့ ပြောရမဲ့စကားက ပါးစပ်ထဲကနေ မထွက်ဘူးဖြစ်နေပြန်သည်။
မပြောလို့ကလဲ မဖြစ်တာကြောင့် အခြားလူတွေ
မကြားအောင် တိုးတိုးလေးကပ်ပြောလိုက်လေသည်။

"ဗိုက်ဆာလို့....တစ်ခုခု၀ယ်ကြွေးပါလား..."

"အဟက်...ဟား....ဟား...."

"ဟင်...ဘာရယ်တာလဲ....သူများတွေ ကြည့်နေတယ်လေ...."

သူ့စားပွဲနေရာမှာ ထိုင်နေတဲ့လူကြီးတွေကပါ ထူးဆန်းသလို လှည့်ကြည့်လာကြတာကြောင့်
ပြောမိတာတောင် မှားပြီဟု တွေးလိုက်မိသည်။
ဗိုက်ဆာတယ်ပြောတာကို ဟာသပြောတယ်ထင်နေသလားမသိဘူး။

"နှုတ်ခမ်းကြီးစူမသွားပါနဲ့ကွာ....မင်းကမာနခဲလေးမို့လို့....ဗိုက်ဆာတာကို ပြောမယ်မထင်ထားလို့ပါ ကိုယ်ဖုန်းနဲ့ အောက်ထပ်ကန်တင်းကို ထမင်းဘူးလာပို့‌ခိုင်းဖို့ မှာလိုက်မယ်..ဟုတ်ပြီလား....."

ဖြူလုံးကို အပြုံးလက်ဆောင်ပေးခဲ့တဲ့အပြင် ခေါင်းကိုပါပုတ်သွားတာကြောင့် ကြက်သီးတွေ တဖြန်းဖြန်းထပြီး လူကအတောင့်လိုက်ကြီးဖြစ်ကျန်နေခဲ့လေသည်။

အလုပ်သမားတစ်ယောက်က ထမင်းဘူးလာပို့တော့  ကတ်ထူအိတ်လေးနဲ့ ပါဆယ်ထုတ်လေးပါလာတာကြောင့် ထုတ်ကြည့်လိုက်မိသည်။ အထဲမှာရှိနေတာက ကြက်ဥပူတင်းတစ်ဗူးနဲ့ ကိုကာကိုလာတစ်‌ဗူး။

ဖြူလုံး မှတ်မိပါသေးတယ်။
ရတုမဟာ စံအိမ်မှာတုန်းက ညဘက်ကြီး မီးဖိုခန်းထဲမှာ စာကျက်နေတုန်း သူရောက်လာတဲ့အချိန် ဖြူလုံးလည်း ဗိုက်အရမ်း ဆာလွန်းလို့ သူစားလို့
မကုန်တဲ့အချိုရည်လေးကို တောင်းသောက်ဖို့လုပ်ခဲ့မိတယ်။အဲ့ဒီ့နေ့က သူသောက်ပြီးသားဟာကို မပေးခဲ့ပဲ ကြက်ဥပူတင်းနဲ့ ကိုကာကိုလာဗူးအသစ်ကို ထုတ်ပေးခဲ့တယ်။အခုရော အဲ့ဒီ့တုန်းက ကိစ္စကို သတိရပြီး ပူတင်းနဲ့ ကိုလာ မှာပေးတာများလား။

ထမင်းစားရင်းနဲ့ ဖြူလုံး သူ့ကိုလှမ်းကြည့်လိုက်တော့ သူက အခြားသူတွေနဲ့ လုပ်ငန်းကိစ္စတွေကို အပြန်အလှန်ဆွေးနွေးနေလေသည်။သူ့ပုံစံက အရင်ကဦးဒေ၀နဲ့ သိပ်မတူတော့သလိုပဲ။အရင်က ဦးဒေ၀ဟာ ရွှေရောင်ကိုင်းနဲ့မျက်မှန်ကိုတပ်ထားပြီး ဂုတ်ထောက်နေတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားခဲ့တယ်။

အခုဦးဒေ၀ကတော့ မျက်မှန်မရှိတော့ပုံထောက်ရင် မျက်ကပ်မှန်တပ်ထားတာများလား။ဆံပင်တွေကလည်း အရင်လိုဂုတ်မထောက်တော့ပဲ ခပ်တိုတိုညှပ်ပြီး ဂျယ်လ်နဲ့သေချာ ‌ပုံသွင်းထားတာမို့ အရမ်းကိုသပ်ရက်ပြီး ကြည့်ရတာ လူကြီးလူကောင်းဆန်တဲ့ပုံ ပိုပေါက်လာတယ်။

"ဟိတ်!!!!ဘာတွေငေးနေတာလဲ...ကိုယ်ရုပ်ချောမှန်း အခုမှသိတာလား...."

"ဟာ....ဘာတွေလာပြောနေတာလဲ...."

ဖြူလုံးလည်း သူ့ကို‌သတိလက်လွတ်ငေးကြည့်မိသွားတာကြောင့် ရှက်ရှက်နဲ့မျက်နှာလွှဲလိုက်ရသည်။ကိုယ့်မျက်နှာလည်း ကိုယ်ပြန်စမ်းကြည့်ရသေး‌တယ် နီနေပြီလားလို့။အစည်းအဝေးခန်းထဲကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတာကြောင့် နှစ်ယောက်ထဲကျန်ရှိနေတာက ဖြူလုံးကို အနည်းငယ်ထိတ်လန့်စေတယ်။

"ဦး‌ဒေ၀...ဘာမှပြောစရာမရှိတော့ဘူးဆိုရင်လည်း...ပြန်တော့မယ်...."

"နေပါအုံး....အိမ်မှာဘယ်သူကျန်နေခဲ့လို့လဲ...နှနှစ်တောင် ကွဲသွားတာကို...ကိုယ့်ကိုလွမ်းမနေဘူးလား...ကိုယ်ကတော့ ပြန်တွေ့ရင် လက်ထပ်ခွင့်တောင်းပြီး....‌မင်းနဲ့အတူနွေးထွေးတဲ့မိသားစုဘ၀လေး ဖန်တီးဖို့တောင် တွေးထားခဲ့တာ..."

"ဘယ်လို..."

ဘေးကပ်လျှက်ထိုင်နေတာ‌ကြောင့် သူ့ဘက်ကို လှည့်ကြည့်လိုက်တော့ သူကလည်းဖြူလုံးကိုပြန်ကြည့်လာတယ်။ရိုးရှင်းမနေတဲ့ အပြုံးတစ်ခုနဲ့ပေါ့။
ဖြူလုံးလည်း သူ့ကိုပြန်ပြုံး ပြလိုက်ပါတယ်။
မကြည်ပြုံးပေါ့။

"ဦးဒေ၀....ရှင့်ကိုကျွန်မအနေနဲ့ ဘယ်တော့မှလက်ထပ်နိုင်မှာမဟုတ်ဘူး....အဲ့ဒါလေးတစ်ခုတော့ သိထားစေချင်တယ်..."

"ဖြူလုံး...မင်းဘယ်လိုပြောလိုက်တာလဲ!!!!

ဖြူလုံးရဲ့ ပခုံးနှစ်ဖက်ကို လက်ကြမ်းကြီးနဲ့ ဖိညှစ်ပြီး သူ့ဘက်သို့ဆွဲလှည့်လိုက်တာကြောင့် အရမ်းစိတ်တိုသွားမိတယ်။ ဒါကြောင့်ပဲ သူ့ကိုရန်လိုတဲ့မျက်လုံးတွေနဲ့ပဲ ကြည့်ပစ်လိုက်တယ်။

"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်....မင်းလိုချင်တာ ဘာလဲ ကိုယ့်ကိုပြော...ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလား...
မင်းအတွက်ဆိုရင် ကိုယ့်ဘ၀တစ်ခုလုံးကိုတောင်ပေးဖို့ ဆန္ဒရှိတယ်...စိတ်ချမ်းသာမှုလား...
ကိုယ်မင်းကို  တစ်ချက်မငြိုငြင်ရအောင်ကို ဂရုစိုက်ပေးမယ်...."

"စိတ်ချမ်းသာအောင်...ဟား...အဲ့ဒီ့စကားတစ်ခွန်းနဲ့တင် ရှင်ကျွန်မကိုလိမ်နေမှန်း သိသာသွားစေတယ်....ကျွန်မရဲ့စိတ်ချမ်းသာမှုကို ရှင်ဂရုစိုက်ခဲ့တယ်ဆိုရင် အဖေ့ကိုဘာလို့မောင်းထုတ်ခဲ့တာလဲ...အဖေ့ရဲ့အလောင်းကို မီးသင်္ဂြိုလ်တဲ့ ကိစ္စကိုတောင် ကျွန်မကိုဘာလို့မပြောခဲ့လဲ...အဲ့ဒါလား ကျွန်မကို စိတ်ချမ်းသာစေချင်တာ...."

သူ့လက်ထဲကနေရုန်းပြီး မတ်တပ်ထရပ်လိုက်တော့ သူ့ကဖြူလုံးရဲ့ ညာဘက်လက်ကောက်၀တ်ကို လှမ်းဆွဲတယ်။သူ့မျက်၀န်းထဲမှာ အပြစ်ရှိစိတ်တွေကို တွေ့နေရပေမဲ့ အဖေ့ကိစ္စနဲ့ပတ်သတ်ပြီး သူဘယ်တော့မှတောင်းပန်မှာ မဟုတ်လောက်ဘူး။

"ကိုယ်မပြောခဲ့တာက ဖြူလုံး၀မ်းနည်းသွားမှာ စိုးရိမ်ခဲ့မိလို့ပါ..."

"၀မ်းနည်းမှာ စိုးတယ်ဟုတ်လား....ရှင့်လုပ်ရပ်က ကျွန်မကို ၀မ်းနည်းတာထက် ယူကြုံးမရဖြစ်စေခဲ့တာ သိရဲ့လား....ဒါတွေထားလိုက်ပါတော့ ပြီးခဲ့တာတွေကို ကျွန်မဆက်မပြောချင်တော့ဘူး....
အခုလက်ရှိအခြေအနေကိုပဲ ကျွန်မပြောတော့မယ်....ကျွန်မရှင့်ကိုလက်မထပ်နိုင်ဘူး...ဘာကြောင့်လဲလို့ မေးရင်...ရှင်နဲ့ကျွန်မက လုံး၀မလိုက်ဖက်တဲ့ လူနှစ်ယောက်ဖြစ်လို့ပဲ....ကျွန်မကိုသွားခွင့်ပြုပါအုံး....."

"ဖြူလုံး....မင်းမသွားရဘူး....."

တံခါးဆီကို ခြေလှမ်းနေတုန်းမှာ အနောက်ကနေ ခန္ဓာကိုယ်ကို သိမ်းအဖက်ခံလိုက်ရတာကြောင့် လူကရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေလေသည်။ရုန်းကန်မိရင်လည်း ဒီလူကြီးက ဒီ့ထက်ဆိုးတဲ့ အခြေအနေကိုဖန်တီးလာမှာ သေချာတယ်။

"ဦးဒေ၀...ကျွန်မရှင့်ကို ဘာကြောင့်ငြင်းရတာလဲသိလား....ကျွန်မလိုချင်တာ ရှင့်ဆီကငွေကြေးဥစ္စာလည်းမဟုတ်သလို...ဘုရင်မလို ထားပေးဖို့ကို
လည်း လိုချင်တာမဟုတ်ဘူး....ရှင်ကအရမ်းဒေါသကြီးတယ်...အဲ့ဒီဒေါသတွေကို ကျွန်မသိပ်ကြောက်တယ်....ကျွန်မငယ်ငယ်လေးတည်းက အခြားလူတွေရဲ့ ‌ဒေါသတကြီးဆက်ဆံကြတာကို
ခံခဲ့ရတဲ့အတွက်...ကျွန်မရှင့်ကိုလည်း ကြောက်နေမိတယ်...ရှင်က ကျွန်မထက်အသက်အများကြီးကြီးတယ်....အသိပညာပိုကြွယ်တယ်...ရာထူးအဆင့်အတန်းပိုမြင့်တယ်...ဒီ့အတွက် ရှင်နဲ့ကျွန်မရဲ့ဆက်ဆံရေးတိုင်းမှာ ကျွန်မဟာ အမြဲတမ်းခေါင်းငုံ့နာခံနေရမှာကို ကျွန်မကြိုသိနေတယ်....
ဦးထက်ရှိုင်းဝေကို လက်ထက်ခွင့် ငြင်းဆန်လိုက်တာတောင် မန်နေဂျာမက ကျွန်မကို ဧည့်ကြိုကနေ စားပွဲထိုးအဆင့်ကိုပို့လိုက်တယ်...
ရှင့်လိုကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ဘေးမှာသာ အရဲစွန့်ပြီး ထိုင်မိရင်...ကျွန်မလို သာမန်မိန်းကလေးတစ်ယောက်က နေ့ရက်တိုင်းကို ဘယ်လိုစိတ်တွေနဲ့ ဖြတ်သန်းရမှာလဲ...ရှင့်လက်ကိုတွဲဖို့ ကျွန်မသတ္တိမရှိဘူး...ဒါကြောင့် ရှင့်ဘ၀ထဲကို ၀င်ဖို့ကျွန်မလို မိန်းကလေးကို မရွေးချယ်ပါနဲ့....ကျွန်မကိုလွှတ်ပေးလိုက်ပါတော့...ရှင့်အတွက်လည်း အကောင်းမွန်ဆုံး...အသင့်တော်ဆုံး မိန်းကလေးတစ်ယောက်ကို ထပ်ရှာရတာ ခက်ခဲမဲ့အလုပ်မဟုတ်လောက်ပါဘူး...."

သူမကို အနောက်မှသိုင်းဖက်ထားရင်းနဲ့ ဒေ၀တစ်ချက်ပြုံးလိုက်မိတယ်။တကယ်တော့ သူမက သူ့ကို မချစ်တာမှမဟုတ်ပဲ။သူ့ပတ်၀န်းကျင်ကို ကြောက်နေတာပဲ။သူမကို သိုင်းဖက်ထားတဲ့ လက်တွေကို ဖြေလျှော့ပစ်လိုက်ပြီး သူမကိုပွေ့ချီပစ်လိုက်တယ်။

"အား!!!!ဦးဒေ၀....ရှင်ဘာလုပ်တာလဲ...."

သူမက သူ့ရင်ဘက်ကိုတွန်းပြီး ရုန်းကန်နေပေမဲ့ ပုရွက်ဆိတ်က ဆင်ကို ဘယ်လိုတွန်းလှန်နိုင်မှာတဲ့လဲ။သူမကို ဆိုဖာခုံအပေါ်မှာပဲ ချပေးထားလိုက်ပြီး သူကတော့ သူ့မရဲ့အရှေ့မှာ ဒူးထောက်ချလိုက်ရင်း သူ့မရဲ့မျက်၀န်းတွေကို သေချာဆူးစိုက်ပြီး ကြည့်လိုက်တယ်။

"ဦးဒေ၀...ရှင်ဘာလို့ဒူးထောက်နေတာလဲ....အခုချက်ချင်းပြန်ထပါ...."

သူ့ကို ပြန်ထခိုင်းဖို့ကမ်းလာတဲ့သူမရဲ့ လက်တွေကို ဖမ်းဆုပ်ကိုင်လိုက်ပြီး ဖြူဖွေးပြီး သေးသွယ်လွန်းသည့်လက်ချောင်းလေးတွေကို စုကိုင်ကာနမ်းရှိုက်လိုက်မိတယ်။သူမကို မော့ကြည့်လိုက်တော့ သူ့ရဲ့လုပ်ရပ်ကို အံ့ဩနေတဲ့မျက်၀န်းဝိုင်းလေးတွေနဲ့  သူ့ကိုကြောင်ပြီး ကြည့်နေရှာတယ်။
သူကျေနပ်စွာ ထပ်ပြုံးလိုက်ပြီး ဖားလျားချထားတာကြောင့် သူမရဲ့ပါးပေါ်မှာ ဖုံးအုပ်နေတဲ့ ဆံစလေးတွေကို လက်နဲ့သပ်တင်ပေးလိုက်တယ်။

"ဦးဒေ၀...."

"ရှူး!!!!"

ဖြူလုံးရဲ့ နှုတ်ခမ်းပေါ်ကို လာထိနေတဲ့ သူ့လက်ညှိုးကြောင့် လူကအနည်းငယ်တောင် ကြက်သီးထသွားမိတယ်။သူ့အပြုအမူတွေက လွန်ခဲ့တဲ့နှနှစ်ဆိုတဲ့ ကာလနဲ့ အနည်းငယ်ကွဲပြားသွားသလိုပဲ။ပိုနူးညံ့တတ်သွားတာလား။ဒါမှမဟုတ် ပိုမာယာများတတ်သွားတာလား။
ဖြူလုံး သူ့ကိုယုံကြည်လို့ ရမနေဘူး။

"ကိုယ့်မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်စမ်းပါ......မိန်းကလေးတစ်ယောက်ရဲ့အရှေ့မှာ ဒူးထောက်ဖူးတာ ဒါပထမဦးဆုံးပဲ...‌ကုန်ကုန်‌ ပြောရရင် ဖြူလုံးတစ်ယောက်ထဲအတွက်ပဲ ကိုယ်ဒူးထောက်တာပါ....ဖြူလုံးက ကိုယ့်ရဲ့စည်းစိမ်ဥစ္စာတွေကို မမက်မောသလိုပဲ...ကိုယ်ကလည်း ဖြူလုံးဆီကနေ ရလာမဲ့ချစ်ခြင်းမေတ္တာကလွဲလို့ ကျန်တာတွေ ဘာတစ်ခုမှမမက်မောဘူး...
ဆယ့်နှနှစ်တာလောက် ဝေးကွာသွားကြပြီးတာတောင် မြန်မာနိုင်ငံကို ပြန်လာပြီး မင်းကိုမှချစ်မိသွားခဲ့တယ်...ဒါဘာကြောင့်လဲ...ဒါဟာကိုယ့်အတွက် ကံကြမ္မာက ဖန်ဆင်းပေးလိုက်တဲ့ အခွင့်အရေးတစ်ခုပဲ...ဒီမှာတွေ့လား..."

ဦးဒေ၀ဟာ သူ့ရဲ့ကုဒ်အင်္ကျီအတွင်းဘက်ကို လက်နှိုက်လိုက်ပြီးနောက် ဆွဲထုတ်လိုက်တဲ့ အရာလေးက အခြားမဟုတ်ပဲ ပစ်တိုင်းထောင် အရုပ်သေးသေးလေး ဖြစ်နေလေသည်။

"ဒီပစ်တိုင်းထောင်အရုပ်လေးကို လွန်ခဲ့တဲ့
ဆယ့်နှနှစ်... သုန္နကမြို့ကနေထွက်သွားခဲ့တုန်းက ဖြူလုံးပေးခဲ့တာလေ...အခုအချိန်အထိ ကိုယ့်ရဲ့ နှလုံးသားနဲ့အနီးဆုံးနေရာမှာ ထားထားတုန်းပဲ...ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန်...အားငယ်တဲ့အချိန်...မြန်မာနိုင်ငံကိုလွမ်းတဲ့အချိန်...ပြီးတော့မင်းကို သတိရမိတဲ့အချိန်တိုင်း....အမြဲထုတ်ကြည့်ဖြစ်တယ်...ဖြူလုံးရယ်...ဒီလောက်ဆိုရင် မင်းဟာ ကိုယ့်အပေါ်ကို ဘယ်လောက်လွှမ်းမိုးထားနိုင်သလဲဆိုတာ နားလည်လောက်မှာပါ...ဟုတ်တယ်မဟုတ်လား...."

ဖြူလုံး ခေါင်းကိုသာငုံ့ထားလိုက်မိပါတော့တယ်။
အတန်တန်ငြင်းနေပေမဲ့ သူ့ဘက်က လက်မလျှော့ပေးဘူး။ဖြူလုံးလိုချင်တဲ့ အဖြေကိုလည်း သူမပေးဘူး။ဒါပေမဲ့ တစ်ခုသေချာတာကတော့ သူ့ခံစားချက်တွေက အစစ်အမှန်တွေလားဆိုတဲ့ မေးခွန်းပဲ။

သူ့လို  လူတစ်ယောက်က ဖြူလုံးကို မိန်းကလေးမျိုးကို ခခယယ ပြောနေရမဲ့ အဆင့်မှမဟုတ်ပဲ။
ဒါဆိုရင် ဖြူလုံးကရော ဘာကိုဆုံးဖြတ်မှာလဲ။
ဖြူလုံး ချက်ချင်းပဲမျက်လုံးတွေကို မှိတ်ချလိုက်မိသည်။

"ဘွဲ့ရပြီးတဲ့အထိ မတွေ့ပဲနေကြရအောင်...ရှင်နဲ့ကျွန်မ မတွေ့ကြရတဲ့အချိန်တွေမှာ ကျွန်မရော၊ဦး‌ ဒေ၀ရော တစ်ယောက်အပေါ်တစ်‌ယောက်ခံစားချက်တွေမကုန်သေးရင် ဒါမှမဟုတ် ခံစားချက်တွေနက်ရှိုင်းနေသေးတယ်ဆိုရင်.....ရှင့်ဘ၀ထဲကို ကျွန်မ၀င်လာခဲ့မယ်....ဒါပေမဲ့ အဲ့ဒီ့အချိန်ရောက်လို့ ဦးဒေ၀ရော၊ကျွန်မရော တစ်ယောက်ယောက်က ဘာခံစားချက်မှရှိမနေတော့ဘူးဆိုရင်တော့...ဒီဇာတ်လမ်းလေးက ဒီမျှပဲပေါ့...ကျွန်မကို သွားခွင့်ပြုပါဦး...."

ဖြူလုံးလည်း ဆိုဖာပေါ်ကနေ ချက်ချင်းပဲထလာလိုက်ပြီး ရုံခန်းတံခါးဆီသို့ အမြန်သွားကာ တံခါးကိုဖွင့်ဖို့စတင်လိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်....မင်းအဖေနဲ့ပတ်သတ်ပြီး မင်းကိုနာကျင်စေခဲ့မိလို့ ‌ကိုယ်တောင်းပန်ပါ‌တယ်...အဲ့ဒီ့ညက မင်းအပေါ်ကို ကြမ်းတမ်းစွာ ပြုမူမိခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်...ကိုယ်နောက်ဆိုအဲ့လို ဘယ်တော့မှ မလုပ်တော့ပါဘူး...."

သူ့ဘက်ကို ပြန်လှည့်မကြည့်ပေမဲ့ ဖြူလုံးပြုံးလိုက်မိပါသည်။မျက်၀န်းမှာ မျက်ရည်တွေခိုတွဲလာပေမဲ့ မကျအောင်လို့ ထိန်းထားလိုက်မိတယ်။
ပြီးနောက် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အိမ်ကို လိုက်မပို့တော့ဘူးလား...."

"ကိုယ့်ကို ပြောတာလား...."

ဖြူလုံးခေါင်းငြိမ့်လိုက်တော့ သူအရမ်းပျော်သွားတဲ့ ပုံစံက တည်ကြည်ခန့်ညားလွန်းတဲ့
ဦးဒေ၀မဟုတ်တော့သလိုပဲ။သူဖြူလုံးကို အဲ့‌သလောက်ပဲ ချစ်တာလား။???

....................


#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဘီလူးနမ်းသောအရိုင်းပန်း

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...